မင်းရဲကျော်



“မိုးကျော်ရေ. . . တောမလည်ရသေးဘူး၊ တောထဲရောက်တာနဲ့ တောက ခြောက်နေပြီကွ”

“အေးလေကွာ၊ သူ ခြောက်တော့ကော တို့က ကြောက်ရမှာလားလို့”

“မကြောက်တတ်သူကို ခြောက်တော့ တို့က သူ့ကို ပြန်ခြောက်ရုံပဲရှိတာပေါ့။ တစ်ချက်လောက် ဆော်လိုက်မယ် ဆရာကျော်”

“တင်မြတ်တို့ကတော့ လက်ယားနေပြီထင်တယ်။ ကိုယ့်ရည်ရွယ်ချက် မပျက်စေနဲ့။ တောကောင်ရှာဖို့ပဲ မဟုတ်လား၊ ဆက်သာတက်ကွာ”

မြို့သစ်ကြိုးတံတားအနောက်ဘက်ရှိ ကျောက်တောင်ကြီးပေါ်သို့အရောက် ကျောက်တောင်နှင့် တောအစပ်မှ လျှိုလိုလို မြောင်လိုလို နေရာသို့အဝင် ကျောက်တောင်ကြီးပေါ်နှင့် တောအစပ်ဘက်မှ လေသံတွေက တဝှီဝှီ တိုက်ခတ်နေသည့်အပြင် တောကြီးကအော်၊ တောင်ကြီးက ဟိန်းဟောက်နေကြသည်မို့ တောခြောက်နေပြီဆိုသည်ကို ကျွန်တော်တို့သုံး ယောက်စလုံး သိလိုက်ကြသည်။

တောအသွယ်သွယ် တောင်အထပ်ထပ် လျှိုမြောင်စိမ့်စမ်းမှအစ နှံ့နှံ့စပ်စပ် ရောက်ခဲ့ တောလည်ခဲ့ဖူးသော ကျွန်တော်တို့သုံးယောက် တောကြီးတွေ၏ ခြောက်လှန့်မှု၊ တောင်ကြီးတွေ၏ တန်ပြန်ပဲ့တင်ဟိန်းဟောက်မှုတွေက ရိုးနေပါပြီ။

သို့သော်လည်း တောမကြိုက်သည့် အလုပ်မျိုးနှင့် ကျင်ကြီးကျင်ငယ်စွန့်သည်မှအစ တံတွေးထွေးသည်အထိ ကျွန်တော်တို့ ဂရုတစိုက် သတိရှိရှိ လုပ်ဆောင်ကြပါ၏။

အချို့သော အပင်ကြီးများအောက်တွင် ကျင်ကြီးကျင်ငယ် စွန့်ပါက အစောင့်မကြိုက်၍ အခိုက်အတန့် သို့မဟုတ် အတိုက်အခိုက်နှင့် ကြုံတတ်သည်ကို ကြားဖူးသည့်အပြင် တံတွေးထွေးရာမှာလည်း အပင်ကြီးနှင့် တောင်ပို့များအပေါ် မထွေးမိရန်လည်း လိုအပ်ပါသည်။

“ဆရာကျော်”

“ဟေ…”

“တောက ခြောက်ပေမယ့် အသံပဲရှိတယ်။ နောက်တစ်ခုက တောမုဆိုးသံလဲ လုံးဝမကြားဘူးဗျ”

“အေး. . . ဟုတ်တယ်”

“တင်မြတ်ရာ … တောက တို့ကို လှန့်ရုံလောက်ပါပဲကွာ။ ကြောက်အောင် မခြောက်ပါဘူး။ တို့ကလည်း ဆရာကျော်ပြောသလို တောပစ်ဖို့အတွက်ပဲ ဦးတည်ထားတာဆိုတာ သူတို့ သိနေကြမှာပါကွာ”

ကျွန်တော်တို့ လူသွားလမ်းကလေးတစ်ခုပေါ်သို့ တောတိုးရင်း ရောက်ခဲ့သည့် လမ်းကလေးက လူသွားလာမှု ရှိသလို တောကောင်တွေလည်း သွားလာထားသည့်လမ်း ဖြစ်ပါ၏။

“ဆရာကျော်. . . ဒါ ကျွဲခြေရာတွေဖြစ်မယ်”

“အေး. . . ဟုတ်တယ်။ တင်မြတ်နဲ့ မိုးကျော် ဒီလိုဆိုရင် ရွာနဲ့ နီးနိုင်တယ်ကွ၊ ရွာရှိရမယ်။ အေး . . . ပစ်ခတ်မှုအတွက်တော့ ပိုဂရုစိုက်ရမယ်”

“ဟုတ်တယ် တင်မြတ် ၊ အရမ်းမပစ်နဲ့”

“အေးပါ မိုးကျော်ရ … ငါသိပါတယ်”

“အေး … မင်းက လျှပ်တစ်ပြက် ပစ်ခတ်မှု ပါရဂူကြီးမို့”

“ဟား … ဟား … ဟား”

ကျွန်တော်တို့ လူသွားလမ်းလေးပေါ်တွင် တွေ့ရသော ကျွဲလေးငါးကောင် တောင်ပေါ်သို့ တက်သွားသည့် ခြေရာများက လတ်လတ်ဆတ်ဆတ် တွေ့ရသော်လည်း အသံက လုံ၏။ ခြေသံလည်း မကြားရ။

တစ်ကောင်နှင့် တစ်ကောင် ဆော့သံ အော်သံနှင့် လမ်းဝဲယာအပင်များအား ဦးချိုနှင့် ထိခိုက်သံများပင် မကြားရ။ တောကျွဲတော့ မဖြစ်နိုင်။ အိမ်ကျွဲများသည် တောကျွဲကဲ့သို့ ခပ်ရိုင်းရိုင်း ဖြစ်နေကြဟန်ရှိ၏။

ဖြစ်ရသည့်အကြောင်းရင်းမှာလည်း တောထဲသို့ လွှတ်ထားတတ်သည့် ရွာသူရွာသားများကြောင့် ကျွဲရိုင်းများသဖွယ် ဖြစ်နေကြသည်။

ကျွဲခြေရာများနောက်မှ ကျွန်တော်တို့လိုက်သွားသည်မှာ ကျွဲနှင့် မကွာပါလျက် အသံပါပျောက်နေ၏။ သို့သော် ခြေရာက တွေ့နေဆဲ လတ်လတ်ဆတ်ဆတ် ခြေရာ။ ခြေရာလည်းပျောက် လည်းနောက် မဟုတ်ပါ။ အသံပျောက်၍ ခြေရာတော့ ကောက်လို့ ရပါသည်။

“မိုးကျော်ရေ ခြေရာပျောက်ပြီ” “အေး.. ဟုတ်တယ်၊ အပေါ်လား အောက်လား မသိဘူး”

“အပေါ်ဘက်တက်တဲ့ ခြေရာမရှိဘူးကွဟော. . ဟောဒီအောက် ဘက်ဆင်းသွားတာကွ”

“ကဲပါ တင်မြတ်ရာတို့ ရှေ့ဆက်ပြီး သွားရင်း တောကောင်စောင့် ဖို့ နေရာရှာကြရအောင်” “ဟုတ်ကဲ့ ကဲ.. ဆက် ထွက်မယ်”

ကျွန်တော်တို့ ရှေ့ဆက်ခဲ့ကြပြီး တောကောင်ချောင်းရန်အတွက် နေရာရှာရင်းတောကောင်ခြေရာခံရင်း ဆက်ထွက်ခဲ့သည်မှာ နာရီဝက် ခန့်လောက်သာ ကြာမည်ထင်ရချိန်မှာပင် ကျွန်တော်တို့အထက် တောင် ပေါ်ဘက်မှ အရှိန်နှင့်ပြေးဆင်းလာသော ကျွဲကြီးလေးကောင်။

“ဝုန်း… ဝုန်း… ဝုန်း”

“ညွှ … ညွှ … ညွှ”

” ရှူး … ရှူး … ရှူး”

“ဝုန်း… ဝုန်း… ဝုန်း”

“ဟာ. . . တောကျွဲတွေ. . . ကျွဲတွေ”

“ဆရာကျော် … အပင်ဘေးမှာ ကပ်နေ … ကပ်နေ”

“မိုးကျော်. . . နေရာယူလေ. . . ဟေ့ကောင်”

တင်မြတ်အော်သံနှင့် ကျွဲတွေ၏ ပြေးလွှားဆင်းသက်လာသံများ လုံးထွေးနေပါသည်။

မိုးကျော်အောင်မှာ ခေတ္တ ကြောင်တောင်တောင်ဖြစ်သွားသော်လည်း တင်မြတ်၏ အော်သံ၊ ကျွန်တော်မှ လက်ကို ဆောင့်လိုက်မှ သတိရပြီး… “ဟာ… ” ဆိုကာ အနီးရှိ အင်ပင်ကြီးတစ်ပင်ဘေးသို့ ပြေးကပ်လိုက်၏။

ကျွန်တော်နှင့် တင်မြတ်လည်း အနီးရှိ အပင်ကြီးများအား အကာအကွယ်ယူပြီး အခြေအနေစောင့်ကြည့်နေစဉ် တင်မြတ်က ကျွဲတွေအား ပစ်ခတ်ရန် ချိန်ရွယ်နေသည့်အတွက် . . .

“တင်မြတ်. . . တင်မြတ်. . . မပစ်နဲ့ . . . မပစ်နဲ့”

ကျွန်တော် အားရပါးရ ဟစ်အော်ပြောလိုက်စဉ်မှာပင် ကျွန်တော် နေရာယူထားသည့် အင်ပင်ကြီးနှင့် ကျွဲကြီးတစ်ကောင်မှ တအား တိုက်မိလိုက်သောအသံကြီးက . . .

“ဒုန်း”

“ဗုန်း”

တိုက်မိသည့်အသံနှင့်အတူ လဲကျသွားသည့်အသံကြီးက ဗုန်းဟု ကြားလိုက်ရပြီး တလိမ့်ကောက်ကွေး လိမ့်ကျသွားရာမှ တစ်ဖန် လူးလဲထပါသော်လည်း တုန်တုန်ယင်ယင်ဖြစ်ပြီး ပြန်၍လဲကာ တစ်ပတ်ပင် လိမ့်သွားပြန်သည်။

ကျန်ရှိသော ကျွဲများမှာ လဲပြိုသံများ၊ သစ်ပင်ချုံနွယ်များနှင့် လုံးထွေးထိခိုက်သံများ ဆူညံလျက် အောက်ဘက်သို့ အလျှိုလျှို ကျသွားကြသည်။

ကျွန်တော်၏အပင်နှင့် ဆောင့်မိသော ကျွဲကြီးမှာ ကျွဲသိုးကြီးပင် ဖြစ်ပြီး ဦးချိုတစ်ချောင်းပင် ကျိုးလျက် သွေးသံရဲရဲ၊ လူးလဲထပါသော်လည်း မထနိုင်တော့။

ထိုကျွဲကြီး၏ အကြည့်မှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် မျက်လုံးကြီးများရဲလျက် နှာမှုတ်သံကလည်း တရှူးရှူး။ ပါးစပ်မှာလည်း ခွေးရူးများသဖွယ် အမြှုပ်များက စီးကျနေပြီး နှာခေါင်းထဲမှလည်းသွေးများ ယိုစီးနေသည်ကိုကြည့်ပြီး ကျွန်တော် စိတ်ထဲဝယ် မသိုးမသန့် ဖြစ်လာသည်။

ထိုအချိန်မှာပင် အရှေ့ဘက်မှ ရှမ်းအဘိုးကြီးတစ်ဦးလက်ထဲမှာ ဓားကြီးကိုင်၍ ကျွန်တော်တို့အနီးသို့ ပြေးဝင်လာသည်။ ကျွဲကြီးလဲနေသော လမ်း၏အောက်ဘက်သို့ တစ်ချက်ကြည့်ပြီး ပတ်ဝန်းကျင်အား အကဲခတ်လိုက်စဉ်မှာပင်. . .

“ဗျို့. . . အဘ. . . အဘကြီး၊ အဘက ဘယ်ကလဲ”

ရှမ်းအဘိုးကြီးသည် တင်မြတ်အား မြင်သွားပြီး လက်ထဲမှ ဓားကြီးကိုင်လျက် ဒေါသထွက်နေသည့်အသွင်ကြောင့် ကျွန်တော်နှင့် မိုးကျော်ပါ အပင်ဘေးမှထွက်၍ ရုပ်ပြလိုက်သောအခါ ရှမ်းအဘိုးကြီးသည်…

“ရော်… မင်းတို့… မင်းတို့ ဘာလုပ်ကြတာပ”

“အဘ. . . ကျွန်တော်တို့က တောပစ်မလို့။ အဲဒါ အဲဒီကျွဲတွေ ကျွန်တော်တို့ကို ရန်မူတာဗျ”

“ရော်. . . အဲဒါ . . . အဲဒါ နတ်ကြီးပိုင်တဲ့ ကျွဲလေးကောင်။ နတ်ကြီးကို အပ်ထားတဲ့ ကျွဲလေးကောင်ကို မင်းတို့ပစ်ရင် မင်းတို့သေကုန်မှာပ”

“ဗျာ …”

“ရော်. . . မင်းတို့ သေသွားမှာပ”

“နေပါဦး အဘရဲ့။ ကျွန်တော်တို့က ကျွဲလည်းမပစ်၊ နွားလဲ မပစ်ဘူးဗျ။ ပစ်မှာက ချေ၊ ဒရယ်၊ ဆတ်၊ တောဝက် ပစ်မှာ”

“ရော်. . ဘာပဲဖြစ်ဖြစ် ဒီမှာ လာမပစ်နဲ့။ တောမကြိုက်ဘူး။ နတ်ကြီးတွေလဲ မကြိုက်ပ”

“အဘရယ် … ကျွန်တော်တို့က တောထဲမှာ ဟင်းစားရှာတာဗျ။ တောထဲက ဟင်းစားဆိုတာ ကျွန်တော် စောစောကပြောတဲ့ အကောင်တွေပဲ။ ကျွန်တော်တို့ ကျွဲတွေ နွားတွေ ရှောင်ပေမယ့် တောကောင်တွေ့ရင်တော့ ပစ်မှာပဲ။ အဘ တားစရာမလိုဘူး”

ကျွန်တော် ဒေါသဖြစ်သလို မိုးကျော်အောင်နှင့် တင်မြတ်တို့မှာလည်း ရှမ်းအဘိုးကြီးအား တော်တော်ပင် မကျေမနပ် ဖြစ်နေကြ၏။

ရှမ်းအဘိုးကြီး၏ မျက်နှာမှာလည်း ဒေါသအိုးပေါက်ကွဲလျက် ကျွန်တော်တို့သုံးယောက်အား လုံးဝ ဂရုမစိုက်သလို သူ့ဓားအား ကျစ်ကျစ်ပါဆုပ်ကိုင်ပြီး ခုန်အုပ်တော့မည့် ကျားရဲအသွင် မုန်ယိုနေသော ဆင်ကြီးပမာ ဖြစ်နေသည်။

ကျွန်တော်တို့သုံးယောက်နှင့် သေနတ်သုံးလက် ကိုင်ထားပါသော်လည်း သူမမှုသည့်ပမာ ဟန်ရေးပြနေသည်။

“ဝေါင်း…”

“ဝေါင်း…”

“ဝုန်း”

“ဖြောက်. . . ဖြောက်. . . ဖြောက်”

စောစောက ကျွဲသုံးကောင် အောက်သို့ ကျသွားသည့် ဘက်မှပင် တောမုဆိုး ကျားကြီးတစ်ကောင်၏ ဟိန်းဟောက်သံနှင့်အတူ ကျွန်တော်တို့ဘက်သို့ ထွက်ပြေးလာသော နီရဲနေသည့် ဒရယ်ပေါက်တစ်ကောင်၏ နောက်မှ လိုက်နေသည့်အသံနှင့်အတူ တင်မြတ်သည် ရရှိသော အခွင့်အရေးအား အဆုံးအရှုံးမခံ လျှပ်တစ်ပြက် လျင်လျင်မြန်မြန်ပစ်လိုက်၏။

“ဒိုင်း …”

“ဒိုင်း …”

“ဝေါင်း …”

“ဖြောက်. . . ဖြောက်. . . ဖြောက်. . . ဗုန်း”

ရှမ်းအဘိုးကြီးနှင့် မနီးမဝေးမှ ပေါ်ပေါက်လာသည့် ဒရယ်အား တင်မြတ်က ပစ်လိုက်သကဲ့သို့ မိုးကျော်အောင်ကပါ ပစ်လိုက်ရာ သေနတ်သံနှစ်ချက် ဆင့်ကဲထွက်လာပြီး တောမုဆိုးကျားကြီးမှာ လန့်ပြီး ဟိန်းဟောက်လျက် အောက်ဘက်သို့ ပြန်လှည့်ပြေးသွားပုံရပါသော်လည်း ပြေးတက်လာသည့် ဒရယ်မှာ နှစ်ချက်သော ကျည်ဆန်ကြောင့် နှစ်ချက် သုံးချက်ခန့်သာ ခုန်လိုက်ပြီး လဲကျသွားပါသည်။

ကျွန်တော်က သားကောင် ဒရယ်အား သိပ်အလေးမထားပါ။ ကျွန်တော့်ကောင်တွေ၏ လက်အကြောင်းကို ကောင်းကောင်းသိပြီးသားဖြစ်ပြီး ရှမ်းအဘိုးကြီး၏ လှုပ်ရှားမှုကိုသာ ဂရုတစိုက် ကြည့်နေခြင်း ဖြစ်ပါ၏။

တင်မြတ်နှင့် မိုးကျော်အောင် ပစ်လိုက်သည့် သေနတ်သံကြောင့် ရှမ်းအဘိုးကြီးမှာ မြေပေါ်သို့ ဝမ်းလျားမှောက်ချလိုက်ပြီးနောက် ဒရယ် လဲသွားသည်ကိုလည်း မြင်လိုက်သောအခါမှာပင် လျင်လျင်မြန်မြန် ထ၍ စောစောက သူလာခဲ့သည့်နောက်ကြောင်းဘက်သို့ လှည့်ပြေးပါတော့သည်။

ရှမ်းအဘိုးကြီး၏လှုပ်ရှားမှုသည် လျင်မြန်စွာ ဝပ်လိုက်ပုံ။ နောက် လျင်လျင်မြန်မြန်ပင် ထ၍ ပြေးသွားပုံမှာ လူငယ်လူရွယ်တစ်ယောက်ပမာ အံ့ဩစရာပင်။ စက္ကန့်ပိုင်းအတွင်း ပျောက်ကွယ်သွားခြင်းမှာလည်း ပို၍ အံ့ဩရပြန်ပါသည်။

“ကဲ . . . မိုးကျော်နဲ့ တင်မြတ်ရေ။ ဒရယ်ကြီးတော့ အစိတ်တဲ့။ ကဲ အချိန်အစိတ်ဆိုတော့ တို့အတွက် တော်ပါပြီကွာ . . . ပြန်ကြပါစို့”

“တောက်. . . ကျွန်တော်တို့ကို ရန်သူလို ဆက်ဆံတဲ့ အဘိုးကြီး ပြေးလိုက်တာ တန်းနေတာပဲ။ ဟား… ဟား… ဟား”

တင်မြတ်က စိတ်ဆိုးရာမှ တဟားဟား ရယ်မောနေသော်လည်း မိုးကျော်အောင် အတွေးတစ်ခုဝယ် နစ်မျောနေပုံရပြီး နက်နက်နဲနဲကိုပင် စဉ်းစားနေပုံရ၏။ ကျွန်တော် မိုးကျော်အောင်အား စိုက်ကြည့်လိုက်သည်ကို မိုးကျော်အောင်က ပြန်ကြည့်ရင်းမှ စကားစမည်အပြု. . .

“မိုးကျော်အောင် မင်း တစ်ခုခု တွေးနေတာ မဟုတ်လား”

ကျွန်တော်က ကြိုတင်သိနှင့်နေပြီး မိုးကျော်အောင် အပြောမခံဘဲ ကျွန်တော်က မေးလိုက်သောအခါ မိုးကျော်အောင် ပြုံးလျက်. . .

“ဟုတ်တယ် ဆရာကျော်၊ အဘိုးကြီး ပြေးပုံ ဆန်းသလို သူ့မျက်နှာမှာလဲ တစ်ခုခု ဖြစ်နေပုံရတယ်”

“အေး . . . ဆန်းတာပေါ့ကွာ။ အဘိုးကြီးကိုတွေ့တော့ အသက်ခုနစ်ဆယ်လောက် ရှိပုံရတယ်။ ပြေးသွားပုံက အသက်နှစ်ဆယ် လူငယ်တစ်ယောက်ထက်တောင် မြန်တယ်ကွ။ နောက်ပြီး စက္ကန့်ပိုင်းအတွင်းမှာ ပျောက်သွားပြန်တယ်လေ”

“ဟုတ်တယ် လမ်းကလဲ နည်းနည်းကွေ့ပေမယ့် မြင်နေရတယ်။ ဟိုဘက်ရောက်သွားတာ မမြင်လိုက်ရတော့ဘူးကွ”

“ဟုတ်တယ်… ဟုတ်တယ် မိုးကျော်၊ ငါလဲ မြင်လိုက်တယ်ကွ။ အံ့ဩစရာပဲ။ ဒါ့ထက် အံ့ဖို့ကောင်းတာက မင်းပဲ မိုးကျော်။ ကျွဲတွေကြည့်ပြီး ကြောင်နေတာလေ”

“အေး… ဟုတ်တယ်ကွ။ ငါ ဘာဖြစ်မှန်း လုံးဝမသိဘဲ အိပ်ပျော်သွားသလိုပဲကွ”

“ထူးဆန်းတာတွေကတော့ ကျွဲတွေရဲ့ခြေရာက အောက်ဆင်းတဲ့ ခြေရာ၊ ကျွဲလေးကောင်လုံးဖြစ်မယ်။ နောက် တောင်ပေါ်ကနေပြီး တို့ကို ရန်မူတိုက်ခိုက်တဲ့ ကျွဲကလဲ လေးကောင်ပဲ။ အောက်ကနေ အပေါ်ကို ဘယ်လိုက ဘယ်လို ရောက်သွားသလဲ။ ပြေးတယ်ပဲထား … အသံကြားရမယ်။

နောက်ပြီး လျင်လျင်မြန်မြန် ပြေးတက်ပေမယ့်လဲ အချိန်တိုတိုအတွင်း အပေါ်ကို ဘယ်လိုမှ မရောက်နိုင်ဘူးကွ။ မိနစ်ပိုင်းအတွင်းမှာ တောင်ခြေ အောက်ဘက်ကနေ အပေါ်ကို ဘယ်လိုမှ မရောက်နိုင်ဘူး”

“ဟုတ်တယ်… ဟုတ်တယ်… ဟို ရှမ်းအဘိုးကြီးက နတ်ကြီးတွေ အပ်ထားတဲ့ ကျွဲလေးကောင်လို့ ပြောတယ်မဟုတ်လား ဆရာကျော်”

“အေး. . . ဟုတ်တယ်၊ ကဲပါကွာ ရှည်ရှည်ဝေးဝေး စဉ်းစားမနေကြပါနဲ့တော့။ ဒရယ်ကောက်ပြီး ပြန်ကြပါစို့”

“ဟုတ်”

ကျွန်တော်တို့ သုံးယောက်က ဒရယ်အား ထမ်း၍ ပြန်လမ်းအတိုင်း ကြိုးတံတားဘက် လှည့်ထွက်ခဲ့ရာ ဆယ့်ငါးလှမ်းခန့်အရောက် စောစောက ချိုကျိုးပြီး လဲနေသော ကျွဲကြီးက ထရပ်ပြီး

“ရှူး … ရှူး … ရှူး … ရှူး”

ကျွန်တော်တို့ကို ရန်မူနေသည်။ နောက်က ပြေးလိုက်ပြီး တိုက်ခိုက်တော့မည့် အသွင်။

သို့သော် သူ၏ အသားတွေက တဆတ်ဆတ်တုန်လှုပ်နေလျက် သူ၏ဦးချိုမှ သွေးတွေကလည်း ခေါင်းတစ်ခေါင်းလုံး နီနီရွှဲရွှဲစိုနေပါ၏။

“ဟာ. . . ဆရာကျော်”

မိုးကျော်အောင်က ကျွန်တော့်အား ခေါ်ရင်း ကျွဲကြီးအားလှမ်းကြည့်ပြီး လက်ညှိုးထိုးပြနေသည့်အတွက် ကျွန်တော် ကြည့်လိုက်မိ၏။

“ကဲ မိုးကျော်နဲ့ တင်မြတ်၊ ဒရယ်ကို တစ်ယောက်တည်းထမ်း။ တစ်ယောက်က ရှေ့ကထွက်။ ငါ နောက်ကလိုက်မယ်”

ကျွန်တော်တို့ အံ့ဩရသည်မှာ တခြားမဟုတ်ပါ။

လဲနေသော ကျွဲ ကြီးက ရပ်နေပြီး၊ ထိုကျွဲကြီး၏ဘေးဝယ် စောစောက ဓားကြီးကိုင်ထား သည့် ရှမ်းအဘိုးကြီး။

ထိုရှမ်းအဘိုးကြီးသည် ကျွဲကြီး၏ကျောပြင်အား ပွတ်သပ်လျက် ဒေါပွနေပုံဖြင့် ကျွန်တော်တို့အား စားတော့ဝါးတော့မည့် အသွင်။

“ဆရာကျော်. . . ဆန်းတော့ ဆန်းတယ်။ ကျွန်တော်တို့ ပြန်လှည့်ပြီး အခြေအနေ ကြည့်ရအောင်ဗျာ”

“မိုးကျော်နဲ့ တင်မြတ်၊ ဒရယ်ကို ကြိုးချည်ကွာ”

မိုးကျော်အောင်နှင့် တင်မြတ်သည် ဒရယ်၏ခြေထောက်များအား ချည်နှောင်ပြီးနောက် လမ်းဘေးသို့ အသာချကာ၊ အပင်တစ်ပင်ဖြင့် ချည်နှောင်ပြီးသည်နှင့် ကျွန်တော်တို့သုံးယောက် ကျွဲကြီးနှင့် အဘိုးကြီးရှိရာသို့ ပြန်လှည့်သွားသည့်အခါဝယ် ကျွဲကြီးက ပြန်လဲပြီး တရှူးရှူးနှင့် သေတော့မည် ထင်ရပါ၏။

အသေအချာကြည့်သောအခါ ဦးချိုကျိုးရုံမက ဦးချိုနှစ်ချောင်း၏ အလယ်တည့်တည့်ရှိ ဘုလေးသဖွယ် ကျွဲ၏ငယ်ထိပ်မှာလည်း ကြီးမားစွာကွဲနေပါပြီ။ ဒီကျွဲကြီး ဘယ်လို ထနိုင်မှာလဲ၊ မသေဘဲ မနေတော့၊ သေရတော့မည်သာ။

“ဆရာကျော်… ရှမ်းအဘိုးကြီးလဲ မရှိတော့ဘူး။ ဒီမှာ ဒီနားကနေ ကြည့်ရင် ကျွဲကြီး ထရပ်နေသလို၊ ကျွဲကြီးဘေးက ရှမ်းအဘိုးကြီးလိုလို မြင်ရမယ်။ ဟောဒီ ကျွန်းရွက်တွေက တရားခံဖြစ်တယ်၊ လှုပ်နေတာပဲ ဖြစ်မယ်”

“အေး. . . ဟုတ်ပါတယ်၊ ဒါပေမယ့် တောခြောက်တယ်၊ တောလဲ မှောက်နေတယ်ပေါ့ကွာ”

“ဆရာကျော်. . . ဆရာကျော်. . .”

“ဒိုင်း”

တင်မြတ်က ကျွန်တော့်ခေါ်ရင်း သူ့လက်ထဲက သေနတ်ဖြင့် စောစောက သူတို့နှစ်ယောက် ချည်နှောင်ထားခဲ့သော ဒရယ်အသေအား တောမုဆိုး ကျားကြီးတစ်ကောင်က လာဆွဲနေသည့်အတွက် ခြောက်လှန့်ပစ်လိုက်ခြင်း ဖြစ်ပါ၏။

“ဝေါင်း. . . ဝေါင်း. . . ဝေါင်း”

“ကဲ. . . တောမုဆိုးကြီးရေ၊ ကျွဲသေပဲ စားတော့နော်။ ဒရယ်က တို့အတွက်မို့ ဆက်ရန်မရှာနဲ့။ ထူးဆန်းတဲ့ ရှမ်းအဘိုးအိုကိုလဲ နှုတ်ဆက်ခဲ့ပါတယ်”

မိုးကျော်အောင်က ဒေါသဖြစ်ဖြစ်နှင့် တောမုဆိုးကြီးဟိန်းဟောက်နေသည့်ဘက်သို့ အော်ပြောလိုက်ပြီး ဒရယ်အား ကောက်ထမ်း၍ ပြန်ခဲ့ပါတော့သည်။

– ပြီး –

စာရေးသူ – မင်းရဲကျော်
စာစီစာရိုက် – မုဆိုး တံငါ စာပေများ