ကြမ္မာဆိုးတွေ ဝေးပါစေ (ဝတ္ထုတို) ထက်မြက်ကိုကို
အခန်း(၁)
ထင်းချောင်းနှင့် လှမ်းပစ်လိုက်သော အသံကြောင့် ပတ်ဝန်းကျင်မှာ အော်သံတစ်ခုက ဟိန်းထွက်သွား သည်။ ထိုအသံသည် မိန်းကလေးတစ်ယောက်၏အသံ။
“ငါ့ကို သေအောင်သတ်၊ သတ်စမ်း၊ အကိုကြီး နင်ငါ့ကို မသတ်ပေးနိုင်ဘူးလား၊ ငါသေချင်တယ် အကိုလေးတို့ရယ်”
အရမ်းကို သေချင်နေပုံရရှာသော သုံးဆယ့်ငါးနှစ်အရွယ်ထင်ရသည့် အမျိုးသမီးတစ်ဦးဟာ အရူး မီးဝိုင်းသလို ဖြစ်နေသည်။ ပတ်ဝန်းကျင်ကတော့ သူတို့မိသားစုအကြောင်းကို ကောင်းကောင်းကြီးသိသည်။ လမ်းသွား လမ်းလာတို့အဖို့ ထိုမိန်းကလေးကို ယောကျာ်းရင့်မာကြီးဖြစ်သော အစ်ကိုဖြစ်သူတွေက နှိပ်စက်နေသည်ဟု ထင်ရသည်။
“ငတိုး သားရေ တော်တော့ကွာ လွန်ပါဦးမယ်”
သားသမီးချင်းဆိုပေမဲ့ ကြီးသူဖြစ်သော သားကြီးငတိုးကို ဖခင်ဖြစ်သူက နှီးဖြာနေရာမှ လှမ်းတားလိုက်သည်။ သူတို့မိသားစုအဖြစ်ကြီးကတော့ ထိတ်လန့်စရာကောင်းအောင် အခုချိန်ထိ ပြောစမှတ်တွင်နေဆဲဖြစ်သည်။
****************
အခန်း (၂)
ဦးကျော်မင်းတို့မိသားစုက ပြေပြေလည်လည်ရှိကြသော လယ်ပိုင်ယာပိုင် မိသားစုပင်ဖြစ်ပြီး အိမ်ကြီး အိမ်ကောင်းမှ နှစ်အိမ်တောင် ပိုင်ဆိုင်ကြသည်။ ရွာထဲက အိမ်ကြီးကတော့ ချောင်ကျကျတစ်နေရာမှာ ခြေတံရှည်ပျဉ်ကာအိမ်ကြီးဖြစ်ပြီး အိမ်အောက်က လူတစ်ရပ်မြင့်သည်။ ရေနံချေးတွေသုတ်ထားသည်မှာ မှောင်ပိန်းနေသည်။ ခြံကြီးသည်ပင် အတော်ကျယ်လှသည်။ ခြံကြီးထဲတွင် နေစရာခက်ခဲသော ဒေါ်မြသိန်းဆိုသော အဒေါ်ကြီးတစ်ယောက်ကို အလကားနေစေသည်။ ဒေါ်မြသိန်းကလည်း ခြံအကျယ်ကြီးရဲ့ ထောင့်တစ်နေရာမှာသာနေ၍ ဦးကျော်မင်းတို့အိမ်ကြီးဖက်ကို သိပ်မသွားဖြစ်ပေ။ အိမ်ကမွေးထားတဲ့ ဝက်လွတ်သွားတဲ့အခါမှ ထိုအိမ်ကြီးဖက်တွင်ရှိလေမလားဟု တစ်ခါတစ်ရံသွားရှာမိသည့်အခါမှသာ ရောက်ဖြစ်သည်။
နောက်တစ်အိမ်မှာ ရွာနှစ်ရွာကြား ကွင်းထီးထီးကြီးမှာဖြစ်ပြီး ထိုအိမ်ကြီးရှိရာသည် သူတို့ပိုင်ဆိုင်သော လယ်မကြီးကို ခြံဝိုင်းပြုလုပ်ကာ သားကြီး ငတိုးငယ်စဉ်ထဲက ဆောက်လုပ်ထားခြင်းဖြစ်သည်။ ကွင်းပြင်က အိမ်ကြီးကလည်း နှစ်ထပ်ပျဉ်ကာအိမ်ကြီးဖြစ်ပြီး အဝေးကလှမ်းကြည့်လျှင် ဟီးလွင့်နေအောင် လှမ်းမြင်ရသည်။ ခြေတံရှည်ဖြစ်ပြီး ရေနံချေးကတော့ ပိန်းပိတ်နေအောင်သုတ်ထားသည်။ နှစ်ထပ်ဖြစ်လို့ ပစ္စည်းပစ္စယများထားသိုလို့ရအောင် လူတစ်ရပ်မြင့်သော အောက်ထပ်ကို ဘေးနားကကာရံပြီး အိမ်အောက်မှာ ကွတ်ပစ်ထပ်ရိုက်၍ နေဖြစ်ကြသည်။
မိသားစုအားလုံး ငါးယောက်နေဖြစ်ကြသည်။ ကွင်းထဲမှာပဲ ယာနဲ့ကိုင်းနဲ့ မိုးဆိုစပါး၊ နွေဆို ပဲနဲ့ ခရမ်းချဉ် အလျင်းသင့်သလို စိုက်ပျိုးလည်ပတ်ရင်း ရွာထဲကအိမ်ကို ပြန်နေရသည်မရှိချေ။ ကွင်းထဲမှာပဲ နေဖြစ်သည်များ၍ ရွာထဲကအိမ်ဟာ ခြောက်သွေ့ပြီး လူမနေဖြစ်တော့သည်မို့ ရေနံချေးပင်မသုတ်ပဲ ပစ်ထားတာ နှစ်အတော်ကြာပြီ။ ချောင်ကျကျတစ်နေရာမှာရှိနေပြီး လူသွားအလာကတော့ သူတို့အိမ်ရှင်ပင် တစ်လနေလို့ တစ်ခါမရောက်ဖြစ်တာ လူစိမ်းကတော့ ပိုလို့ပင် သိပ်မကပ်ပေဘူး။ အသွားအလာဆိုလို့ ဒေါ်မြသိန်းတို့အိမ်ကို တော့ တစ်ခါတစ်လေ လူအရောက်ပေါက်သွားလာ ရှိတတ်သည်။
ဧည့်သည်တွေ လာတိုင်းလည်း သည်အိမ်ကြီးအကြောင်းကိုပဲ စပ်စုဖြစ်ကြသည်။
“ဒီအိမ်ကြီးက လူမနေဘူးလား၊ ကြာပြီထင်တယ်၊ သစ်တွေ၊ ပျဉ်တွေတော့ နှမြောစရာကြီး လူမနေ တော့ ဆွေးကုန်တော့မှာပဲ”
ဧည့်သည်တွေ စပ်စုတိုင်းလည်း ဒေါ်မြသိန်းပြောပြဖြစ်သည်။
“လူတော့မနေပါဘူးအေ၊ ဒီလိုပါပဲ ညကြီးသန်းခေါင်း အဲ့ဒီအိမ်ကြီးပေါ်က ကြွက်တွေဆိုတာ ဂလုန်းဂလုန်း နဲ့ အသံကြားရင် ကျုပ်တော့ အဲ့ဒီည ဆက်အိပ်မပျော်တော့ဘူးတော်”
*******************
အခန်း (၃)
နယ်သူနယ်သားတို့အဖို့ အယူဝါဒတွေကို ယုံကြည်လာသည်မှာ ပဝေသနီခေတ်ထဲကပြောရမည်လား။ ဓာတ်၊ နတ်၊ သိုက် အစုံလင်နဲ့ အလှူရက်ရွေးတာတောင် ကောင်းသောရက်မြတ်ကို လူကြီးသူမတို့နဲ့ တိုင်ပင် ပြီး နှီးနှောလေ့ရှိကြသည်။
တစ်ခါတစ်လေ လူကြီးသူမတို့ဆုံပြီး အကြမ်းဝိုင်း ဝိုင်းကြပြီဆိုလျှင် သူတို့ငယ်ဘဝအကြောင်း ဖြစ်ပျက်သမျှကို ပြောပြပြီး တဝါးဝါးတဟားဟားနဲ့ ရှိကြသည်။ သူတို့စကားဝိုင်းက စကားတွေက မှတ်သားစရာတွေ ပါသလို ရယ်စရာအပြင် မောစရာတွေကလည်း တလှေကြီးပါလေသည်။
လသာရက်မဟုတ်လည်း အငြိမ်းစားဆရာကြီး ဦးမြသောင်တို့အိမ်ရှေ့ မန်ကျည်းပင်ကြီးအောက်က ကွတ်ပစ်မှာ ဆရာကြီးရယ်၊ ဘကြီးစိန်လှနဲ့ လူငယ်တစ်သိုက်က ညတိုင်းနီးပါးဆုံဖြစ်ပြီး သက်ကြီးစကား နာကြားတတ်ကြသည်။ ဆရာကြီးဆို ဘိသိက်သမား စာတတ်ပေတတ် ကျောင်းဆရာလည်းဖြစ်တော့ အပြောက သိပ်ကျသူမို့ နားထောင်နေကြသော လူငယ်ဟာ အိပ်ငိုက်ချင်စိတ်ပင်ပျောက်လုခမန်းရှိကြသည်။
“ဟေ့ ဒီမှာ မင်းတို့မှတ်ထားကွ၊ အိမ်ဆောက်တဲ့အခါ လက်သမားတွေ ပန်းရံတွေနဲ့ သင့်အောင်တည့် အောင်ပေါင်းကွ၊ သူတို့ကို အငြိုငြင်မခံစေနဲ့”
“ဘာလို့လဲ ဆရာကြီးရ”
“အို မင်းတို့မသိတဲ့ လောကဓာတ်တွေအပုံကြီးရှိတယ်ကွ၊ ကဝေမျိုး(၉၉)မျိုး၊ စုန်းမျိုး၊ ပြိတ္တာ၊ အောက်လမ်း၊ သဘက်၊ ဖနောင့်ပေါက်၊ မျက်စောင်းထိုး၊ ခြေရာကောက်၊ အသံဖမ်း၊ ရုပ်ဖမ်း၊ ရုပ်ထား၊ နာမ်ထား၊ ရုပ်တိုက်၊ နာမ်တိုက်၊ အပင်းထည့်၊ သပ်ရိုက် အများကြီးပဲ ကိုယ်တွေမသိနိုင်တဲ့ အရာတွေကတော့၊ တိုက်ပြီဆိုလည်း လူရဲ့(၃၂)ကောဌာသကို တိုက်တာများပါတယ်။ ဆိုပါတော့ လက်သမားက အိမ်ရှင်နဲ့ တည့်သည်ဖြစ်စေ မတည့်သည်ဖြစ်စေ တည့်လို့ပဲလက်ကမြင်းမြင်း မတည့်လို့ပဲ တမင်လက်ကမြင်းမြင်း အိမ်တိုင်တွေ လှေကားတွေ ထုပ်၊ ယောက်တွေမှာ ဘီလူးပုံတွေလိုမျိုး ရိုက်ထွင်းသွားရင် အိမ်ရှင်ခိုက်တယ်ကွ၊ ဒါမျိုးဆိုတာ အိမ်တစ်ရာမှာ တစ်အိမ်ဖြစ်ခဲပါတယ်ကွာ၊ တို့ငယ်ငယ်ကတော့ အရပ်ထဲရော ရွာနီးခြောက်စပ်မှာ ခဏခဏ ဒီလိုဖြစ်တာကို ကြားရတယ်ကွ၊ ဒါကြောင့် လက်သမားတွေနဲ့ တည့်အောင်ပေါင်းလို့ပြောတာ ခုခေတ်လူတွေ က အယုံအကြည်နည်းပါတယ်ကွာ၊ နည်းလို့မရဘူးမောင် တကယ်ဖြစ်ရင် ကိုယ်ပဲခံရတာ”
“ပန်းရံတွေကြတော့ရော ဆရာကြီးရ”
“ပန်းရံတွေလည်း တူတူပါပဲကွာ သိမ်ပဏ္ဍပ်တွေ လှေကားခုံ အုပ်ရိုးထဲ မြုပ်ခဲ့မယ်ဆိုရင် အိမ်ရှင်တွေ သေရင်သေ မသေရင် ရူးကြတာပါပဲ၊ သေပြီဆိုလည်း ဆက်တိုက်ပဲ ဟောတစ်လောင်း ဟောတစ်လောင်းပဲ”
“ဟင် ဆရာကြီးတို့ခေတ်ကလူတွေ ကြောက်စရာကောင်းတယ်ဆိုတာထက် စိတ်ဓာတ်တွေက အောက် တန်းကျလိုက်တာ သူများမိသားစုကို ကိုယ်ထိလက်ရောက်မပြောနဲ့ သေတဲ့အထိတော့ မလုပ်ဝံ့ပေါင်ဗျာ”
အနားတွင်ရှိသော လူငယ်လေးက စကားဝိုင်းမသိမ်းချင်၊ စကားစမဖြတ်ချင်ပုံရသည်။ ဆရာကြီး စကားရပ်မည်အပြုနဲ့ သူကချည်းစကားစဖော်ဖော်ပေးတတ်လို့ စကားဝိုင်းက ညည့်နက်သည်အထိ ရောက်ရောက်သွားတတ်ကြသည်။
“အရင်က ဘာမဟုတ်တဲ့စိုက်ခင်း ဆိတ်ဝင်စား၊ နွားဝင်စားတဲ့အခါတွေဆိုရင်လည်း မကျေနပ်တဲ့သူက ရွာတော်ရှင်မြေနဲ့ သုဿန်မြေကို ဆတူရောပြီး ခပ်လှမ်းလှမ်းကနေ မကျေနပ်တဲ့ အိမ်ခြံဝန်းထဲပစ်ထည့်လိုက်တာပဲ၊ အိမ်ရှင်ခံရတာပေါ့၊ နောက်မှ အထက်လမ်းဆရာတွေပင့်ပြီး မေးမြန်းကြည့်ကာမှ အောက်လမ်းတိုက်ထားတယ်ဆိုတာ သိရတာ၊ သိရတယ်ဆိုတာလည်း အချိန်မလွန်ခင်ပဲကောင်းပါတယ်ကွာ တစ်ချိန် အချိန်လွန် မှသိရလို့ ပညာတွေလွန်ကုန်တာထင်ပါရဲ့ လူတွေသေကြ ရူးကြနဲ့၊ သူတို့တိုက်တဲ့ အောက်လမ်းပညာကလည်း ငါကြုံဘူးတဲ့တစ်ယောက်ကတော့ စိတ်မမှန်တာနဲ့မှန်တာ တစ်လှည့်စီဆိုတော့ ကာယကံရှင်တွေက လည်း ကောင်းနိုးနိုးနဲ့စောင့်ရင်းပဲ အဲ့ဒီကောင်လေးဆို နောက်ဆုံး အရိုးပေါ်အရေတင်နဲ့ သေရှာရတာပါပဲ”
ဘကြီးဖိုးစိန်လှရဲ့ အပြောအဟောကလည်း ကြောက်စရာလိုလို လန့်စရာလိုလိုနဲ့ နားထောင်လို့ပင် ကောင်းနေပြန်သည်။
လပြည့်ကျော်ရက်ထဲဖြစ်လို့ လကသည်နေ့ ကိုးနာရီလောက်မှ ထွက်လာသည်။ လထွက်လာတော့ ထွန်း ညှိထားတဲ့ မှန်အိမ်မီးလေးကို ငြိမ်းဖြစ်လိုက်ကြသည်။ လပြည့်ကျော်ရက် လရောင်သည် မှန်အိမ်ထက်ပင် ပိုလင်းနေသည်ဟု ထင်ရသည်။
စကားဝိုင်းကတော့ ကောင်းမြဲကောင်းဆဲနှင့် ဘကြီးဖိုးစိန်လှ စကားဝိုင်း နားချင်နေပုံပေါက်သည်။
“မင်းတို့လည်း အိပ်တော့ မနက်လယ်ထဲဆင်းရအုံးမယ်မလား”
ဆရာကြီးက အရိပ်အကဲကိုသိလို့ စကားကြောင်းကာ ဆိုလိုက်သည်။
“အို ဆရာကြီးကလည်း နေ့လည်ခင်း ထမင်းစားနား စားသောက်ပြီး ခဏနားရင် ရပါတယ်”
ဘကြီးဖိုးစိန်လှ ပြုံးမိလိုက်သည်။ “ဒီဖက်ခေတ်မှာ လူကြီးသူမစကားဝိုင်းကို မပျင်းမရိ နားထောင်တာ သာမောင် မင်းတစ်ယောက်ပဲရှိပါလား” ဆိုတဲ့ အပြုံးကို လရောင်ထဲတွင် စကားဝိုင်းကလူတွေ အားလုံးပင် မြင်ကြလောက်သည်။
စကားစမပြတ်မပြတ်နဲ့ သန်းခေါင်ကျော်လို့ တစ်နာရီနီးနီးမှ စားလက်စ လက်ဖက်ပွဲနဲ့ ရေနွေးအိုးကြမ်းက ကုန်လို့ နားဖြစ်ကြသည်ထင်ပါ၏။ ဘကြီးဖိုးစိန်လှနဲ့ ဆရာကြီးတို့ ထပြန်သွားတာတောင် ဓာတ်မီးပင် မလိုအောင် လ၏အလင်းရောင်က ကူညီပို့ဆောင်ပေးဖြစ်သည်။ လရောင်သည် ပို၍ပင် လင်းလာသည်ဟု ထင်ရသည်။
*************
အခန်း (၄)
ဦးကျော်မင်းတို့ ကွင်းပြင်မှာရှိတဲ့ အိမ်ကြီးမှာပဲ နေဖြစ်ကြပြီး ရွာထဲမှာရှိတဲ့အိမ်ကို မနေဖြစ်တော့သည်မို့ ဖျက်သိမ်းဖို့ စီစဉ်မိကြသည်။ ဖျက်မည်ဖျက်မည်နဲ့ အတော်ပင် ကြာလေပြီ။ မီးဖိုချောင်ဖက်ခြမ်းသာဖျက်ပြီး အိမ်မကြီးကိုတော့ အလုံးအထည်နဲ့ မဖျက်ဖြစ်ခဲ့ကြတော့ဘဲ အိမ်မအလုံးထည်ကြီးကပင် နှစ်နဲ့ချီ ဖျက်ဖို့ ပြန်ပြီးကြန့်ကြာလျက်ရှိသည်။ အိမ်မကြီးကတော့ လုံးစွတ်ထီးထီးကြီးပင်ဖြစ်သည်။ အိမ်တံခါးကြီးတွေ လည်းမရှိတော့ပြီ။ ပြတင်းတံခါးတွေကလည်း ပွင့်လျက်သားတွေဖြစ်ပြီး ညကြီးမင်းကြီး လေအသင့်နဲ့ ဝှေ့ဝှေ့ တိုက်ခက်လိုက်ရင် တံခါးရွက်တွေက ဝုန်းခနဲ ပြန်ရိုက်ခက်သံက အတော်အတန်ဝေးတဲ့ ခပ်လှမ်းလှမ်းက အိမ်တွေကပင် ကြားရတယ်လို့ မနက်မနက် ပြန်ပြန်ပြောသံကြားရလေသည်။ အနီးနားမှာနေသော ဒေါ်မြသိန်း ကတော့ ကြားရဖန်များတော့လည်း ရိုးနေလို့ ကြောက်စိတ်ပင် မရှိကြောင်းပြောပြဖူးလေသည်။
ကွင်းထဲကအိမ်ကြီးမဆောက်ခင် ဦးကျော်မင်း၏ မိဘတွေလက်ထက်ကတည်းက အုံ့မှိုင်းနေပြီး အခတ်အလက်ဝေဖြာနေတဲ့ ကုက္ကိုပင်ကြီးက ခေါင်းရင်းမှာ ပေါက်နေခြင်း ဖြစ်လိမ့်မည်ထင်သည်။ အဝေးကလှမ်းကြည့်ရင် အိမ်ကြီးတောင် ပျောက်နေသည် ထင်ရသည်။ သစ်ပင်ကြီးက ထီးထီးကြီး အရင်မြင်ရပြီး သေချာစေ့စေ့စိုက်ကြည့်မှရေနံချေးဝနေတဲ့အိမ်မကြီးကို တွေ့ရတတ်သည်။ အိမ်ရှေ့မှာလည်း သောက်ရေလုပ်၍ ရလောက်သော ရေကန်ကြီးကလည်း အကျယ်ကြီးပင်ဖြစ်သည်။ ကန်ဘောင်ပေါ်မှာ သရက်ပင်တွေက လူတစ်ဖက်စာအပင်ကြီးတွေဖြစ်လို့ တစ်ပင်နဲ့တစ်ပင် ယှက်သန်းနေတာက နေပျောက်ပင် တိုးမပေါက်နိုင်ပဲ ရှိသည်။
သည်အိမ်ကြီးမှာ ဦးကျော်မင်းတို့လင်မယားနှစ်ယောက်ရယ်၊ သားလတ် စောရွှေလင်မယားရယ်၊ သမီး အငယ်မ မအေးကြည်ရယ်နေဖြစ်ကြသည်။ အရင်ကတော့ မိသားစုလေးယောက်ပေမဲ့ စောရွှေအိမ်ထောင်ကျတော့ ငါးယောက်နေဖြစ်သည်။
တနေ့တော့ မအေးကြည်ခမျာ ဗိုက်နာသလိုလိုနဲ့ အိမ်သာသွားတော့လည်း မသွားချင်ပဲ ပြန်လာသည်။ တစ်ညသား သူအိပ်ရာ အိမ်ခန်းထဲမှာ ရယ်နေသံ သဲ့သဲ့ ကြားလိုက်ရသည် ထင်ရသည်။ မအေးကြည်ကိုတော့ ယောက်မဖြစ်သူ မမိုးဝါစောင့်ပြီး သတိထားဖြစ်နေတာကြာလေပြီ။ ကိုယ့်အိမ်ကိုယ့်ယာပေါ်မှာ ဖြစ်ရိုးဖြစ်စဉ် မဟုတ်ပဲ ထူးခြားနေသည်ကို ဘယ်သူမှ သတိမထားမိတာလည်း မမိုးဝါ အံ့ဩဖြစ်သည်။ နောက်တော့ အိမ်ကြီးရဲ့ အပေါ်ထပ် ခေါင်းရင်းဘုရားစင်နဲ့ အိမ်တွင်းစင်ရဲ့ကြားမှာ ပြတင်းပေါက်တစ်ခုရှိသည်။ ဒီအပေါက်မှာ ညနေဆို မအေးကြည်တစ်ယောက် ငူငူကြီးနှင့် ခေါင်းရင်းက ကုက္ကိုပင်ကြီးပေါ်ကိုပဲ ငေးကြည့်ဖြစ် နေသည်ကို မမိုးဝါ သတိထားကြည့်ဖြစ်နေခဲ့သည်။ ကြည့်နေရင်းပဲ ငိုတဲ့အခါငိုပြီး ရယ်တဲ့အခါလည်း ဟက်ဟက်ပက်ပက်ကြီး အော်ရယ်ပုံကြီးက ထူးခြားပြီး ကြောက်စရာကောင်းလှသည်။
“ဘုရားရေ မအေးကြည် ယောက်မ ဘာဖြစ်နေတာလဲ.. မအေးကြည်”
မမိုးဝါ နောက်ကနေ သတိပေးစကားပြောတော့လည်း မမိုးဝါကို ရှိနေသည်ပင်မထင်ရပဲ အဖတ်မလုပ် ပဲရှိနေသည်။ နောက်တော့ စောရွှေရောက်လာတော့မှ မမိုးဝါ ထိုမူမမှန်ဖြစ်နေတဲ့အကြောင်းကို ပြောဖြစ်သည်။ မအေးကြည်ခမျာလည်း ကောင်းနေရင် လနဲ့ချီပြီး မူမှန်စိတ်နဲ့ နေဖြစ်သော်လည်း မကောင်းတဲ့အချိန်ဆို လနဲ့ချီ အရူးတပိုင်းနယ် ဖြစ်သည်။
အခုတော့ သူ့ကို တစ်အိမ်လုံးက စောင့်ကြည့်ရမည့်အချိန်ရောက်မှန်း သိလိုက် ကြသည်။
စိတ်မှန်ပြီး ကောင်းနေချိန်ကနေ စိတ်မမှန်ချိန်ကူးတဲ့အချိန်ဆိုလျှင် ကန့်လန့်တိုက် ပြောမရဆိုမရဖြစ်သည်ဆိုကာ စောရွှေက ရိုက်နှက်သည်အထိ လုပ်သော်လည်း အိမ်ကြီးထဲမှာပဲ ရိပ်ရိပ်စားစားရှိလှ သည့် မမိုးဝါကတော့ လင်သားဖြစ်သူ မမိုးဝါကို တားဖြစ်သည်။
“ရိုက်ရိုက် သေအောင်ရိုက် ငါကသေလူပါ၊ ငါသေချင်တာကြာပြီ နင်တို့မသတ်ရင် ငါအိမ်ပေါ်က ခုန်ချမှာနော်၊ မဟုတ်ရင် ငါကန်ထဲသွားခုန်ချပလိုက်မှာ”
“ရှင်တော်တော့ ကိုစောရွှေ၊ မအေးကြည်ဟာ လုပ်ချင်တိုင်းလုပ် ရမ်းချင်တိုင်းရမ်းနေတာ မဟုတ်ဘူး၊ အကြောင်းတော့ရှိနေပြီ၊ ဒါကို အဖြေရှာရမှာ ရမ်းချင်တိုင်းရမ်းနေတာကမှ ရှင် သိလား”
ယောကျာ်းဖြစ်သူက ဒီတော့မှ သဘောပေါက်သည်။ စောရွှေ ဘယ်လောက် ကြမ်းရမ်းနေပါစေ မအေးကြည်ဟာ ပါးစပ်ကသာအငြိမ်မနေတာ ခန္ဓာကိုယ်ကတော့ ငြိမ်လျက်သားပဲခံနေရှာသည်။
အိမ်ထောင်ခွဲ အကိုကြီးဖြစ်သူ ငတိုးလာလည်း မအေးကြည် အရိုက်ခံရမြဲဖြစ်သည်။ အရိုက်ခံရတိုင်း သူသေချင်ကြောင်းနဲ့ သူ့ကိုသတ်ပေးဖို့သာ မအေးကြည်တောင်းဆိုဖြစ်သည်။ ရိုက်နှက်နေ သည်မှာလည်း နွားထုံနွားအကို ကြိမ်နဲ့အချက်ပေါင်းများစွာ ရိုက်နှက်နေတာကမှ သက်သာရာ ရပေအုံးမည်။ ရိုက်ပြီးတိုင်းလည်း မမိုးဝါပဲ ဒဏ်ရာတွေကို ဆားနဲ့နနွင်းရေနဲ့စပ်ဖျော်ကာ လူးပေးဖြစ်သည်။ လူးပေးချိန်ဆိုလည်း သွေးစိမ်းထွက်နေသော ဒဏ်ရာကို ပွတ်လူးတာတောင် နာတယ်လို့ တစ်ချက်မတွန့်ရှာဘူး။ မမိုးဝါပင် ကြည့်၍ အံ့ဩရရှာသည်။ အချို့ ဒဏ်ရာတွေက သွေးစိမ်းတွေပင် စက်လက်ကျနေသည်။ မအေးကြည်က ထိုသွေးတွေကိုပင် လက်ညိုးနဲ့တို့ကာ ကြမ်းခင်းမှာ စာရေးသလို ရေးခြစ်ရှာနေသေးသည်။
သည်အိမ်ကြီးပေါ်က အဖြစ်ပျက်ဟာ တစ်နေ့နဲ့တစ်နေ့ ထူးဆန်းလာပြီး သည်သတင်းဟာ အနောက် ဖက်က ဒေးပေါက်ရွာမကြီးဘက်အထိ ပြန့်လွင့်လာလေသည်။
အရပ်ထဲသွားမိလျှင်ဖြစ်စေ ဈေးသွားဈေးဝယ်ဖြစ်စေ သည်အိမ်ကြီးရဲ့ သတင်းကိုသာ ကြားရမြဲဖြစ်သည်။
*************
အခန်း (၅)
တစ်နေ့ထက်တစ်နေ့ မအေးကြည်က ဆိုးသည်ထက်ပိ၍ ဆိုးလာချေပြီ။
ဦးကျော်မင်းက သားကြီး သားငယ်တွေအားလုံးကိုခေါ်ကာ တိုင်ပင်ဖြစ်တော့သည်။ တဲတန်းမှာနေတဲ့ ဦးကြီးဘဒွေးတွေကိုလည်းလှမ်းခေါ်သေးသည်။ အနောက်ဖက်က ဒေးပေါက်ကျောင်းကြီးမှာ ရဟန်းဝတ်နေ သော ဦးလေးဖြစ်သူကိုလည်း တိုင်ပင်ရန်လှမ်းပင့်ရသေးသည်။
လူစုံတတ်စုံနဲ့ မအေးကြည်ကို ခေတ်ပညာဆေးဝါးကတော့ မနိုင်တော့ပြီ။ အရပ်ထဲက တိုင်းရင်ဆေးဆရာ ဦးလေးသန်းလည်း လက်လျှော့လိုက်ရပြီ။ ဒါဆို တစ်နည်းတစ်လမ်းသာလျှင်ရှိတော့သော အထက်လမ်းဆရာနဲ့သာ ကုရန်ရှိတော့သည်။ အထက်လမ်းဆိုတော့မှ ဆွေးနွေးဖို့ လှမ်းခေါ်လိုက်သည့် ဦးလေးကိုကြည်ဝင်းက သူ့ရဲ့ အသိတွေထဲမှာ ပယောဂဖြစ်တုန်းက ကုတဲ့ အထက်လမ်းဆရာတော်တော်ကောင်းတယ်ဟု လမ်းညွှန် ပေးသည်။ အားလုံးကလည်း ကြည်ကြည်ဖြူဖြူရှိလှပြီး အထက်လမ်းဆရာကြီးကို ပင့်ဖြစ်ကြသည်။
တစ်နေ့ အထက်လမ်းဆရာကြီးက ဦးကျော်မင်းတို့ တဲခြံဝိုင်းကြီးကို ရောက်ရောက်ခြင်းပဲ အကဲခက်ဖို့ လှည့်ပတ်ကြည့်ရှုသည်။ တဲ့ရှေ့က ကန်ကြီးပေါ်ကို အရှေ့အနောက် ခေါက်တုံ့ခေါက်ပြန်လျှောက်သေးသည်။ အိမ်ပေါ်လည်း တတ်ပြီး ဘေးဘယ်ညာ ခြေရင်းခေါင်းရင်းအနှံ့ကို ကြည့်ဖြစ်သည်။
အထက်လမ်းဆရာကြီးသည် ဟိန္ဒူလူမျိုးကြီးဖြစ်သည်။ အသက်အားဖြင့် ငါးဆယ်ဝန်းကျင်ရှိလိမ့်မည်။ အရပ်ကပုပြတ်ပြတ်နဲ့ ကွမ်းကတော့ အမြဲငုံပြီး တမြုံ့မြုံ့စားလေ့ရှိသည်။
အထက်လမ်းဆရာကြီးက ဘုရားကိုဦးတိုက်ကာ ဆယ်မိနစ်ခန့် ဘုရားရှိခိုးနေပြီး ခဏငြိမ်ချက်သား ကောင်းသွားသည်။ ဘေးဝဲယာမှာရှိတဲ့ အိမ်သားနဲ့ မိတ်ဆွေတွေက ဆရာကြီးကို ဝိုင်းကြည့်နေကြသည်။
“ဒီညဒီအိမ်ကြီးမှာ ငါအိပ်ပြီး အခြေအနေစောင့်ကြည့်မယ်၊ ကာယကံရှင် ဘာမှမဖြစ်စေရဘူး၊ ငါတာဝန်ယူတယ်၊ ဘုရားစင်မှာ ဖယောင်းတိုင်မီး မပျက်စေနဲ့ ဆက်တိုက်ထွန်းထား၊ ဒီည ဒီအိမ်မှာ အိပ်မဲ့သူတွေ စောစီးခြံထဲဝင်နေ၊ မှောင်ရီပျိုးစအချိန်ကစလို့ ခြံထဲကို တစ်ယောက်မှ မဝင်နဲ့၊ ခြံအပြင်လည်း ဘယ်သူမှ မထွက်ကြနဲ့”
ဆရာကြီးရဲ့အမှာကို ဂရုတစိုက်ရှိကြပါသည်။ ထိုနေ့ညတစ်ညလုံး မအေးကြည် အကောင်းပကတိ ရှိလေသည်။ ငိုခြင်း၊ရယ်ခြင်းလည်း ကင်းသည်။
နောက်နေ့ မနက်ခင်းရောက်တော့ ဆရာကြီးက အသင့်ဖြစ်နေပြီ။ မအေးကြည်ကတော့ အူကြောင် ကြောင်နဲ့ သူတို့အိမ်မှာ ဘာဖြစ်နေသလဲဟု ငူငူကြီး လိုက်ကြည့်နေတတ်သည်။
“ကာယကံရှင်မိန်းကလေးကို ဘုရားရှေ့မှာ အာရုံပြုခိုင်းထားစမ်း၊ ကိုးနာရီဆယ့်ကိုးမိနစ်မှာ စမယ်၊ ငါကုနေချိန်မှာ ဘာဖြစ်ဖြစ် မိန်းကလေးကို မထိတ်မလန့်စေနဲ့ ၊ မှာတာကို သေချာနားထောင် သူ့ကို ငါဒီနေ့ အပြတ်ကုမယ်၊ ငါဟန္ဒုမာန်နတ်ဝင်လို့ ငါရှာတွေ့သမျှ ထူးထူးဆန်းဆန်းတွေ့ရင် ရှင်းရှင်းပြောရရင် အင်းပြား တွေ့ခဲ့ရင် ငါ့လက်ထဲက ဝိုင်းလုကြကြားလား၊ ဝင်တဲ့နတ်က အင်းပြားရတာနဲ့ ပါးစပ်ထဲထည့်မြိုချလိမ့်မယ်၊ ဝမ်းထဲမြိုချမိရင်တော့ ကာယကံရှင်မိန်းကလေးအတွက် မကောင်းပေဘူး၊ မကြောက်ကြနဲ့ ယောကျာ်းသား တွေ ငါ့အနားမှာနေ”
အထက်လမ်းဆရာကြီးက ပြောပြောဆိုဆိုနဲ့ ဘုရားရှိခိုးရင်း ပါးစပ်ကလည်း ရွတ်လိုက်တာ သိပ်မကြာ သေးခင်မှာပဲ ဟန္ဒုမာန်ဆိုတာများဝင်လေးသလား ထင်ရသည်။ ဝုန်းခနဲ ထခုန်လိုက်တာ မအေးကြည်ပင် လန့်သွားမိသည်။ မအေးကြည်မလန့်အောင် အကိုကြီးငတိုးက ဖက်ထားကာ နှစ်သိမ့်ရသေးသည်။
အထက်လမ်းဆရာကြီးက ခုန်စွခုန်စွနဲ့။
ဘုရားစင်ရှေ့ကနေ တစ်ချက်တည်းခုန်လိုက်တာ အိမ်တွင်းနတ်နန်းစင်အောက်ကို ရောက်သည်။ ဘေးနားကလူတွေလည်း ဘာလုပ်ရမှန်းမသိ ပြာထွက်သွားသည်။ အိမ်တွင်စင်ဘေးနားမှာ အလတ်ကောင် စောရွှေမင်္ဂလာဆောင်တုန်းက အိပ်ယာခန်းဝင်ဗီရိုလေးခန်းတွဲကြီးရှိသည်။ ထိုကြားထဲကနေ ဘယ်လိုဘယ်ပုံ နှိုက်ထုတ်လာသည် မသိရ။ ထဘီစုတ်နဲ့ထုတ်ထားတာတဲ့ အထုတ်တစ်ထုတ်ကို အထက်လမ်းဆရာကြီးရဲ့ လက်ထဲမှာတွေ့ ကြရသည်။ အထက်လမ်းဆရာကြီးမှာထားတဲ့စကားခံကို အနားနေသူတွေ အားလုံးသတိရ ကြသည်။
“လုဟေ့ လုဟ လုထား”
အထုတ်ကို လူလေးယောက်ဝိုင်းလုလိုက်တာ ရလိုက်ကြသည်။
ခဏကြာတော့ ဆရာကြီး နတ်ဝင်တာ ထွက်လိုက်သည်။ ခုနက ဘာရလဲ၊ ဘာတွေ့လဲမေးတော့ ထဘီ အစုတ်တစ်ထုတ်တွေ့တယ် ပြောပြဖြစ်သည်။
“ကဲ ဒါဆို မီးသွေးရှိလားဟေ့ မီးသွေးကို လင်ဗန်းထဲထည့်ပြီး အလယ်မှာ စတီးရေခွက်နဲ့ ရေတစ် ခွက်တည်ထားစမ်း ရရင်ငါ့ကိုပြော”
ခဏအကြာမှာ မီးပြင်းသော မီးသွေးလင်ဗန်းတစ်ချက်အလယ်မှာ စတီးရေခွက်နဲ့ ရေတည်ထားတာကို ဆရာကြီးရှေ့ကို ယူလာကြသည်။
“ကဲ ငါဒီအထုတ်ကိုဖြည်မယ်၊ မင်းတို့ စိတ်ခိုင်မှကြည့်”
ဆရာကြီးက ထဘီအထုတ်ကို ဆွဲဖြည်လိုက်သည်။ အထဲမှာ လူရိုးနှစ်ချောင်း၊ ငါးအရိုးတွေရယ် အရုပ်မလေးသေးသေးလေးတစ်ခု တွေ့ရသည်။ အောက်နားကို ဖယ်ကြည့်လိုက်တော့ ရွှေရောင်အင်းပြားလေး တစ်ခုကိုလည်း ထပ်တွေ့ကြသည်။ အင်းပြားကိုယူကာ ဆရာကြီးက မီးသွေးဗန်းအလယ်က ရေခွက်ထဲ ထည့်ထားလိုက်သည်။ ခဏနေတော့ ဆယ်ယူကာ အင်းပြားကိုဖြန့်ကြည့်လိုက်တော့ အထဲမှာ သံဆူးနဲ့ခြစ်ရေးထားတဲ့ စာတွေရယ် အညိုရောင်အမှုန့်လေးတွေရယ်ကို တွေ့ရသည်။
“အောင်ပြီ အောင်ပြီ အောင်ပြီ”
ဆရာကြီးက အောင်ပြီဟု သုံးကြိမ်အော်လိုက်တော့ ဝမ်းသာစပြုရပြီဟု ဦးကျော်မင်းပင် ထင်လိုက် သေးသည်။
“ ကျန်သေးတယ်၊ ကြိုးရှည်ရှည်ရှာစမ်း”
တောသူတောင်သားတို့အဖို့ နွားတွေ ချည်ကျောင်းနေရသမို့ ကြိုးအရှည်က ခပ်ပေါပေါပင်ဖြစ်သည်။ ကြိုးကိုရတော့ ဆရာကြီးက အိမ်ရှေ့ကန်ဘောင်ပေါ်တတ်သွားသည်။ ကန်ဘောင်ပေါ်ရောက်တော့ ဆရာကြီး က သူ့ခါးကို ချည်လိုက်သည်။ မှာစရာရှိတာမှာပြီး ကန်ထဲကို ဒိုင်ဗင်ထိုးဆင်းသွားသည်။ ခဏအကြာမှာ ကြိုးလှုပ်နေပြီ ဆရာကြီး အချက်ပေးနေသည့်အနေထားကိုရိပ်မိသည်နှင့် ဆွဲတင်ကြသည်။ အပေါ်ကိုရောက်တော့ ဆရာကြီးလက်ထဲမှာ နုန်းမြေတွေနဲ့ ရောဆုပ်လာသော ညာဖက်လက်ကို ဝိုင်းဖြန့်ကြရာ မြေကြီးတွေနဲ့ ရောနေသော အင်းပြားတစ်လိပ်ကို ထပ်တွေ့ရသည်။ ငတိုးကိုယ်တိုင်ပင် မီးသွေးဗန်းအလယ်ကရေခွက်ထဲ ပစ်ထည့်လိုက်လေသည်။
“ကဲ ငတိုးဟုတ်လား၊ အဲ့ဒီ အင်းပြား မင်းဖွင့်စမ်းကွာ အောင်လား မအောင်လား ငါကြည့်မယ်”
ငတိုးဖွင့်လိုက်တော့ ပထမအချပ်အင်းလိုပဲ အောင်တာကို ထပ်တွေ့ရလေသည်။
“ကဲ ကုန်ပြီ ဒီတဲဝိုင်းတော့ ကုန်ပြီ ဘာအင်းမှမရှိတော့ဘူး၊ ရွာအိမ်ကိုသွားမယ် ငါ့ကို အမွေးတိုင်ငါးတိုင် ပေးစမ်း”
ဆရာကြီးက သူလွယ်အိတ်ကိုယူပြီး အမွှေးတိုင်ကိုင်ကာ ထွက်လာပြီး ခြံဝရောက်တော့ ပါးစပ်က မန်းမှုတ်ရင် အမွေးတိုင်ငါးတိုင်ကို ခြံဝမှာပဲ ထိုးစိုက်ခဲ့လေသည်။
နေ့လည်ဖက်မှာပဲရွာက အိမ်ကြီးဆီကို ရောက်ကြသည်။ အိမ်က အိမ်လုံးကြီးပဲကျန်နေလို့ ဝါးလှေကား ငှားပြီး အိမ်ကြီးပေါ်ကို တတ်ကြရသည်။ အိမ်ကြီးက မဆွေးမြေ့သေးပေ။ အလွန်ပင် ခိုင်ခန့်နေပေသေးသည်။ ဆရာကြီးကရောက်ရောက်ခြင်းပဲ သူ့ခါးကို ကြိုးနဲ့သိုင်းကာ အရင်လိုပဲ ဘာရရလုကြဖို့ပဲမှာသည်။ ရွာထဲမှာလည်း ထူးထူးဆန်းဆန်းဆို လူတွေက စိတ်ဝင်စားသည်ထက်ရသည်။ ဦးကျော်မင်းတို့ရဲ့ အိမ်ကြီးနားမှာ လူတွေ ကြိတ်ကြိတ်ခဲ တိုးမရအောင်စည်ကားလှသည်။
အထက်လမ်းဆရာကြီး ဟန္ဒုမာန်မျောက်ဝင်နေသည်ဆိုရမည်။ အိမ်ပေါ်မှာ ခုန်ပေါက်တဲ့ အသံတွေက အဝေးမှပင်ကြားရသည်။ ပြတင်းပေါက်နားဆီကို ခိုတွယ်ကာ ဇောက်ထိုးကြီးဆင်းလေတော့ ခါးကြိုးကိုင် ထားတဲ့ ယောကျာ်းသားလေးငါးဦးဟာ ကြိုးကို တောင့်ထားရသည်။ ဦးကျော်မင်းတို့အိမ်ကြီးဟာ ပျဉ်ကာ သွပ်မိုးအိမ်ကြီးမို့ အထက်လမ်းဆရာကြီးက ဇောက်ထိုးကြီးနဲ့ ပျဉ်ကြားကနေ အင်းကို နှိုက်ထုတ်လာသည်။ ‘အင်းရပြီးဟေ့’ဆိုတာနဲ့ ကြိုးနဲ့ဆွဲတင်ကာ ဝိုင်းလုဖြစ်ကြသည်။ ထုံးစံအတိုင်းရေခွက် ထဲထည့်ထားသည်။
ဘုရားကျောင်းဆောင်ကတော့ အဆောင်လေးနဲ့ သီးသန့်ထုတ်ထားဖြစ်သည်။ ဆရာကြီး နောက်တစ်ကြော့ နတ်ဝင်တော့ ဘုရားကျောင်းဆောင်အောက်က နှိုက်ထုတ်လာသည်။ သည်တစ်ခုလည်း ရေခွက်ထဲပဲ ထည့်ထားလိုက်ပြန်သည်။
အားလုံးအိမ်အောက်ဆင်းလာပြီး အရောက်မှာ ဆရာကြီးက သူ့ခါးကကြိုးကို ဖြုတ်လိုက်ပြီး အိမ်တွင်း ထောင့်တိုင်အောက် အိမ်ရဲ့တိုင်ခြေကို တူးစွစေသည်။ တူးလိုက်တော့ နောက်အင်းတစ်ပြား ထပ်ရပြန်လေ သည်။
“ကဲ ငတိုး အဲ့ဒီ အင်းသုံးပြားထပ်ဖွင့်စမ်းကွာ” ဟု ဆရာကြီးက အမိန့်ပေးလိုက်သည်။
ဟုတ်ပေသားပဲ။ ငတိုးဖွင့်လိုက်တော့ အင်းအောင်ပြန်သည်။ အင်းအောင်တော့ အားလုံး ဝမ်းသာဖြစ်ကြသည်။
“အင်းကတော့ ကုန်ပြီ၊ ဒီအင်းမှာရေးထားတဲ့စာတွေက မင်းတို့ညီမကို တိုက်ထားတာပဲ၊ ဘာအငြိုး လည်းတော့ ငါလည်းမပြောနိုင်ဘူး၊ စာတွေဖတ်ကြည့်ရင် သိမှာပေါ့၊ စာဖတ်လည်း အလကားပဲ သိလို့လည်း အလကားပဲ၊ မကောင်းအောင်လုပ်ထားပါတယ်ဆိုမှ အခုတော့ အားလုံးအဆင်ပြေပြီ ကာယကံ ရှင်သမီးလေးလည်း ကျန်းမာပါတော့မယ် ဒီနေ့ကအစ အားလုံးဘေးကင်းရန်ကင်း အန္တရာယ်အဖျက်အမှောင့်များကနေ လွတ်ကင်းကြပါစေ”
ဆုတောင်းသံနဲ့အတူ ဆရာကြီးအိမ်ခြံထဲကနေထွက်ခွာသွားသည်။ လူအုပ်ကြီးလည်း တစ်ဖြည်းဖြည်းနဲ့ တိမ်သားတိမ်စိုင်းတွေ ရောင်နီပေါ်လာလို့ လွင့်ပြယ်သလို ပြယ်ခဲ့ကြရပြီ။ နောက်ဆုံးတော့လည်း အိမ်ကြီးတစ် လုံးသာ တိတ်တဆိတ်ကျန်ခဲ့ရရှာသည်။
ထိုနေ့ကစလို့ မအေးကြည်ဟာ လူကောင်းပကတိနဲ့ ကျန်းကျန်းမာမာနဲ့ပဲ ဖြတ်သန်းဖြစ်တော့သည်။
***************
အခန်း (၆)
လွန်ခဲ့တဲ့နှစ်အချို့မှာတော့ မအေးကြည်ဟာ ကတုံးကြီးနဲ့တဲ့ ကျန်းမာရေးက ချူချာနေတယ် ဆိုကြသည်။ စုန်းတိုက်၊ နတ်တိုက်တော့ မဟုတ်ပေမယ့် အသက်အရွယ် အပိုင်းခြားအရ ငါးဆယ်ကျော်အရွယ်ထဲမို့ ချူချာသည်ထင်ရသည်။
မိုးဦးကျလောက်က နယ်ကိုရောက်ဖြစ်တော့ မအေးကြည်တစ်ယောက် ဆုံးရှာပြီဆိုတာကို သိလိုက် ရသည်မို့ စိတ်မကောင်းဖြစ်ခဲ့ရသေးသည်။
“ဘယ်ဘဝ ဘယ်ဘုံရောက်ရောက် ကြမ္မာဆိုးတွေနဲ့ ဝေးပြီးရင်း ဝေးပါစေ၊ ဘယ်လို၀ဋ်ကြွေးတွေ ကြောင့်များလဲ မအေးကြည်ရယ်၊ အမျှ မအေးကြည်ရေ”
သွေးမတော်သားမစပ်နဲ့ ကြားရတဲ့သတင်းကြောင့်ပဲ မအေးကြည်အတွက် စိတ်ထဲကအမျှဝေ ဖြစ်လိုက်သည်။ ဒါကိုတော့ မအေးကြည် သိနိုင်မည်မထင်ပေ။
ရွာခြေကနေ မအေးကြည်တို့ တဲဝိုင်းကြီးကိုလှမ်းကြည့်တော့ အရင်ကအုံ့မှိုင်းနေသော သူတို့အိမ်ခေါင်းရင်းက ကုက္ကိုပင်ကြီးပဲမြင်ရသည်။ နှစ်ချို့အပင်ကြီးလည်း အခုတော့ နွေအပူဒဏ်ကြောင့်လား၊ မအေးကြည် မရှိတော့လို့လားမသိ ရိုးတံအပြိုင်းပြိုင်းနဲ့…။
အတွဲ(၂၄)၊ အမှတ်(၇)၊ ဇူလိုင်လ၊ ၂၀၂၄။
သူရဇ္ဇမဂ္ဂဇင်း
ထက်မြက်ကိုကို
(၂၄-၃-၂၃) ည(၁၁:၃၁)