• July 4, 2025
  • admin
  • 0

မိုးသဲအောင်(ပန်းမြေ)
ကြားဖြတ်မုဆိုး

လွတ်လပ်ရေးရပြီးကာစ၊ ဖဆပလ အစိုးရတက်လာပြီး ရောင်စုံသူပုန်များ ထကြွသောင်းကျန်းနေချိန်၊ ခိုးမှု၊ သတ်မှု၊ ဓားပြမှု အစဉ်မပြတ်ကြားနေရပြီး အစိုးရအသစ်ဝယ် ဖွဲ့စည်းပုံက နေရာမကျသေးသဖြင့် ဒေသအာဏာစက်မှာ မခိုင်မြဲသေးဘဲ တောကြောင်များ အကြိုက်တွေ့နေ၏။

နယ်မြေခံ စစ်တပ်၏ အစီအမံဖြင့် ကိုယ့်ကျေးရွာ ကိုယ့်ဒေသ လုံခြုံရေးအတွက် ပြည်သူ့စစ်များဖွဲ့စည်းကာ လက်နက်တပ်ဆင်ပေးထား၏။

ကျေးရွာများတွင် သူ့ရွာနှင့် သူ့အုပ်စု၊ အုပ်စုခေါင်းဆောင်စုမှူးများ ခန့်ထားပေးပြီး ကျွန်တော်သည် ဆယ်အုပ်စုခေါင်းဆောင်ရသော ခွဲမှူးတာဝန် ယူခဲ့ရပေသည်။

ပြည်သူ့စစ်ဆိုသော်လည်း တူကိုင်သောလက်၊ တံစဉ် ကိုင်သောလက်အား ချက်ချင်း သေ နတ်ပေး၍ ကိုင်ခိုင်းခြင်းမဟုတ်။ အ. ထက်အောက် အပြန်အလှန် ရိုသေ

လေးစားမှု၊ အမိန့်နာခံတတ်မှု၊ စစ်၏ အခြေခံ သဘာဝတရား၊ လက်နက် များ ကိုင်တွယ်အသုံးပြုမှု စသဖြင့် စစ် သားများနည်းတူ အခြေခံသင်တန်းများ တက်ရောက်ခဲ့ရပေ၏။

ဤသင်တန်းများတက်ရင်းပင် စလူဝိုင်းရွာသား ဖိုးချင်းနှင့် ကျွန်တော် ခင်မင်ခဲ့ရ၏။ ခင်မင်သည်ဆိုသော် လည်း ဖိုးချင်းနှင့်ကျွန်တော်သည် သက်တူရွယ်တူမဟုတ်။ ကျွန်တော့်ထက် အသက်ဆယ်နှစ်ကျော် ငယ်သူ ဖြစ်၏။ မိမိက သူ့အား ညီတစ်ယောက်လို တူတစ်ယောက်လို ခင်မင်ခြင်းဖြစ်ပြီး၊ သူက ကျွန်တော့်အား ဆရာသမား တစ်ယောက်လို ခင်မင်ခြင်းဖြစ်၏။

ခင်မင်ရခြင်းအကြောင်းရင်းမှာလည်း ဝါသနာတူ၍ ဆိုလျှင် ပိုမှန်ပေမည်။

ဖိုးချင်းသည်လည်း ကျွန်တော့်နည်းတူ တောလည်ခြင်း ဝါသနာထုံသည့် နယ်မြေခံမုဆိုးတစ်ယောက်ပင် ဖြစ်လေ၏။

လည်တိုးကွင်း၊ ခြေနင်းကိုင်းထောင်၍တစ်သွယ်၊ သွားလမ်း လာလမ်း ရှာ၍ ညောင့်ကွင်းချ၍တစ်မျိုး ရသည့်နည်းမျိုးဖြင့် ကျင်လည်သည့် ဓားထမ်း၊ လှံထမ်း မုဆိုးဖြစ်လေ၏။

သားရဲကြီးများနှင့် ရင်ဆိုင်ခြင်းအတွေ့အကြုံ မိမိလောက် မရှိသော်လည်း တောတွင်းဗဟုသုတ အတော်များပြီး ခေတ်ပညာ အထိုက်အလျောက် သင်ကြားတတ်မြောက်ထားသည့် လူတော်ကလေးတစ်ဦးပင် ဖြစ်လေ၏။

ထိုခင်မင်မှုအား အကြောင်းပြု၍ ကျွန်တော်သည် စလူဝိုင်းရွာသို့ နှစ်စဉ် အလည်ရောက်လေ့ရှိ၏။ ရောက်သည့်အခါတိုင်းလည်း တောလည်ဖြစ်တော့၏။

ဖိုးချင်းနှင့်ကျွန်တော် တောလည်စဉ်ကာလအတွင်း တစ်ခုသောနှစ်တွင် ရင်ဆိုင်ကြုံတွေ့ခဲ့ရသော ရင်တုန်စရာ အဖြစ်အပျက်တချို့ကား…..။

xxx xxx xxx

မုတ်သုန်လေစတင်ဝင်ရောက်၍ မိုးတစ်ပြိုက်နှစ်ပြိုက်ရွာပြီး ရွက်သစ်များ ထွက်လာသော တောကင်ပွန်းရွက်နုအား ချေ၊ ဒရယ်၊ ဆတ်ပေါက်ကြီးများ အထူးနှစ်ခြိုက်၏။

ပဲခူးရိုးမတောင်စွယ် ဒရယ်လူးစမ်းဖျားသည် တောကင်ပွန်းချုံများ အုံနှင့်ကျင်းနှင့် ပေါက်တတ်သော စားကျက်ကောင်းတစ်ခု ဖြစ်၏။ လင့်စီး၍သော်လည်းကောင်း၊ ချုံခို၍သော်လည်းကောင်း သားကောင်များအား အနီးကပ်ပစ်ခတ်နိုင်သည့် အခင်းအကျင်းမို့ စစ်ရေးအမြင်အရဆိုရသော် ဗျူဟာမြောက် သတ်ကွင်းဟု ဆိုရပေမည်။

ဤအချိန် ဤရာသီရောက်လေတိုင်း ဖိုးချင်းနှင့် ကျွန်တော် ဤနေရာသို့ ရောက်မြဲဖြစ်၏။ လင့်စီး၍တစ်သွယ် ဝပ်ကျင်းချ၍တစ်မျိုး ဆတ်ပေါက်ကြီး နှစ်စဉ်ရတတ်၏။

တစ်ခါတစ်ရံတွင် သင်းကွဲပြောင်ကြီးများပင် ရတတ်၏။

ဖိုးချင်းကား မုဆိုးဇွဲနပဲ ကြီးလှ၏။ တောကင်ပွန်းများ အရွက်ဟောင်းချသည့်အချိန် တစ်လအကြိုကပင် သားကောင်များ အလာစိပ်သည့် စားကျင်းအနီး ဘန့်ပွေးပင်ကြီးအထက်ဝယ် လင့်ကို အခိုင်အမာထိုးထား၏။

သူ၏တွက်ချက်မှုသည်လည်း မှန်ပေသည်။ ယခု ဝါးခုတ်၊ ယခု လင့်ထိုးမည်ဆိုလျှင် တော၏မြေပြင် အခင်းအကျင်းပျက်၍ စူးရှသော ဝါးစိမ်းနံ့ကြောင့် သတ္တဝါများ ရှောင်ကွင်းသွားတတ်၏။

လင့်ထိုး၍ သားကောင်ပစ်ခြင်းသည် ကရိကထများလှသော်လည်း လုံခြုံရေးအရ စိတ်ချရသည့် အစီအမံတစ်ခု ဖြစ်၏။

လင့်ထိုးရာဝယ် ဆင်အား မဖြုံ၊ ကျားတစ်ခုန်၊ လေစုန်တည်လတ်၊ လင့်ကောင်းမှတ် ဟူ၍ စာချိုးနှင့်အညီ တည်ရ၏။

ဆိုလိုသည်မှာ ဆင်ဦးကင်းဖြင့် တွန်းလှဲလျှင် မလဲနိုင်သည့်အပင် ဖြစ်ရမည်။

ရိုးမအတွင်း သားစားကျား ကြီးများသည် အလွန်ပရိယာယ်များ၍ သန်မာလှ၏။ တစ်နည်းဆိုရသော် ထိုသတ္တဝါများသည်လည်း တောလိုက်မုဆိုးများပင် ဖြစ်လေ၏။ တစ်ခါတစ်ရံ တောတွင်းမုဆိုးနှင့် လူသားမုဆိုး ရင်ဆိုင်တိုးသည့်အခါ လင့်အထက် ရောက်နေသူက အသာစီးရမြဲဖြစ်၏။

ထိုးထားသောလင့်သည် အင်္ဂါရပ်နှင့် မညီသော် ဘေးတွေ့တတ်ပေ၏။

ကျားသတ္တဝါများသည် စိတ်နှင့်မာန်နှင့် အားထည့်၍ခုန်လေလျှင် ပေ ၂ဝ အမြင့်ရှိသော လင့်ပေါ်သို့ ရောက်လာတတ်၏။ ထို့ကြောင့် လင့်ထိုးလျှင် ၂၅ ပေအောက် မလျော့ဘဲ ကျားတစ်ခုန် အလွတ်ထိုးသင့်သည်။

လင့်စင်သည် တောတွင်းသတ္တဝါများလာမည့် စား ကျင်း၏ လေတင်ဘက်တွင် မဖြစ်ရ။ လေစုန်ရာဘက်တွင် တည်ရ၏။

တောတွင်းသတ္တဝါအများစုသည် အနံ့ခံအာရုံ စူးရှထက်မြက်ကြ၏။ ထူးခြားသော အန္တရာယ် အငွေ့အနံ့အသက် တစ်စုံတစ်ရာရသွားလျှင် မလာတော့ဘဲ ရှောင်ကွင်းသွားတော့၏။

လင့်ပေါ်ရောက်လျှင် ဆေးလိပ် မသောက်ရ၊ ကွမ်းမစားရ။ ဆေးလိပ်အငွေ့နှင့် ဆေးရွက်ကြီးအနံ့သည် လေထဲဝယ် အငွေ့မပြယ်ဘဲအတော်ဝေးသည့်နေရာအထိ စီးမျောသွားတတ်၏။

လင့်ပေါ်ဝယ် တစ်ညလုံး အပေါ့မသွားဘဲ နေနိုင်ရန် အထူးလေ့ကျင့်ထားရ၏။ ကျင်ငယ်ရေနံ့သည်လည်း အထူးပင် ဆိုးဝါးလှ၏။

ပစ်ခတ်ရသော သေနတ်များမှာ BA−၆၃ မောင်းပြန်ရိုင်ဖယ်ကြီးများဖြစ်သောကြောင့် သားကောင်ကြီးများအား အဓိကထား ပစ်ရ၏။ ဂျီ၊ ဒရယ်ကဲ့သို့ အကောင်ငယ်များဆိုပါက BA-၆၃ ကျည် မွှေနှောက်ခြင်းဒဏ် မခံနိုင်ဘဲ တစ်ခြမ်းသာသာ စားရပေ၏။

xxx xxx xxx

ဖိုးချင်းနှင့် ကျွန်တော် ညနေ (၃)နာရီက စထွက် လာသောခရီး ရိုးခြေရှိ တောင်ယာများအား တစ်ကွက်ပြီးတစ်ကွက် ကျော်ဖြတ်လာရခဲ့ရာ တောင်ကြောနှစ်ခုကို ဖြတ်သန်းပြီးချိန်ဝယ် အသူရိန်နေမင်း သည်လည်း ရိုးမတောင်စွယ်အောက် ငုံ့လျှိုးသွားလေပြီ။

နေရောင်ပျောက်၍ လရောင်မရောက်ခင် စပ်ကြားဝယ် တောရိပ်တောင်ရိပ်က ကြီးစိုး၍ အမှောင်ထုက လွှမ်းသွားလေ၏။

နှစ်ဦးသား ခေတ္တနား အပေါ့အပါးရှင်းလိုက်ကြပြီး ခေါင်းစီးမီးတပ်၍ ခရီးဆက်လေ၏။ နှစ်ဦးသား အချိန်လု၍ ခပ်လောလောလှမ်းနေသော ခြေသံခပ်ကြမ်းကြမ်းကြောင့် အိပ်တန်းဝင်စ ရစ်နှင့် မြေဝပ်ငှက်များ အလန့်တကြားထပျံသွားကြ၏။

တောင် နှာမောင်းအတိုင်း ရစ်သီဆင်းလာပြီး လင့်ရှိရာသို့အကူး စမ်းချောင်းလေး ခံနေသဖြင့် ရှေ့မှ ဦးဆောင်သွားနေသူ ဖိုးချင်းက ခုန်ကူးလိုက်ရာ –

“အား … ကျွတ် … ကျွတ်၊ အာစရိရေ … ကျုပ်ကို မကျီးပေါက်ဆူး ထိသွားပြီဗျို့ …”

မကျီးပေါက်ဆူး ဆိုသည်မှာ ဥသျှစ်ဆူးကဲ့သို့ ဆူးကြမ်းကြီးတစ်မျိုးဖြစ်၏။ ပြောပြောဆိုဆိုပင် ဖင်ထိုင်ချလိုက်ပြီး ခြေထောက်အား မြှောက်ပြ၏။ ထိုအခါမှ သူစီးထားသော ဖိနပ်ကို ကျွန်တော် သတိထားကြည့်မိ၏။

“မင်းနှယ် … မိုက်ပါ့ကွာ။ ဒီလောက် ကြမ်းတဲ့တောလမ်းခရီးကို ကင်းဘတ် စီးလာရတယ်လို့”

အခြေအနေနှင့် အချိန်အခါအရ အပြစ်ပြောနေရန်လည်း မသင့်သည်မို့ ခေါင်းစီးမီးဖြင့် အသေအချာကြည့်၍ ဆူးအား နှုတ်ပေးလိုက်၏။ ဆူးမှာ အောက်ခံပါးလွှာသော ကင်းဘတ်ဖိနပ်အား ဖောက်၍ ဖနှောင့်သားအတွင်း တစ်လက်မနီးနီး နစ်ဝင်နေသည်မို့ မနည်း နှုတ်လိုက်ရ၏။ ဆူးထွက်သွားသည်နှင့် အနာပေါက်မှ သွေးများ ဒလဟော ထိုးထွက်ကျလာသည်မို့ အတော်စိတ်ပူသွားမိ၏။ တစ်ညတာခရီးမို့ ဆေးဝါးပတ်တီး ဆောင်မလာခဲ့။

အောက်စွပ်ကျယ်ကို ချွတ်ခါ ပတ်တီးအဖြစ် ခပ်တင်းတင်းစည်းလိုက်ပြီး ဖိနပ် ပြန်စီးခိုင်းလိုက်၏။

“ဘယ့်နှယ်လဲ … အခြေအနေ ကောင်းပါ့မလား”

“ရတယ်အာစရိ … ဒီလောက်ကတော့ အပျော့ပါ၊ မပူနဲ့”

ဖိုးချင်းသည် မုဆိုးပီပီ လူပေတစ်ယောက်ပင်။ တော်ရုံတန်ရုံဒဏ်ရာ ဂရုစိုက်ပုံမပေါ်။

xxx xxx xxx

လင့်ပေါ်ရောက်သည်နှင့် နာရီကြည့်လိုက်ရာ အနုမြူပါသော လက်တံက (၇)နာရီသို့ ပြချေ၏။

နေဝင်သွားပြီးနောက် ညဉ့်ဦးယံပိုင်းဝယ် တောတွင်းသတ္တဝါငယ်များ အစာရှာ လှုပ်ရှားသံ ကြားလာရ၏။ ကြွက်၊ တောကြောင်၊ မြွေပါ စသည့် သတ္တဝါငယ်များသည် ညဉ့်အမှောင်အားကိုးဖြင့် ကျင်လည်သော သတ္တဝါများ ဖြစ်၏။ ခပ်လှမ်းလှမ်း တောင်ကြောတစ်ခုပေါ်မှ ချေဖိုတစ်ကောင်၏ ဟောက် သံက တိတ်ဆိတ်လွန်းသော ညခင်းဝယ် ကျယ်လောင်စွာ မင်းမူနေ၏။

တစ်တီတူးနှင့် ဒီးဒုတ် ညငှက်များ တဂဲဂဲဖြင့် လျှိုအနီး စမ်းချောင်းအတွင်း ကျောက်ပုစွန်လုံးနှင့် ငါးကုတ်ရန် စုန်ခြည်ဆန်ခြည် ပျံသန်းနေကြမြဲ။

လရိပ်သည် တဖြည်းဖြည်း မြင့်တက်လာ၏။ စားပင်များပေါက်နေရာ စားကျက်လွင်ပြင်သည် လရောင်ဝင်လာသည်နှင့် ထင်ထင်လင်းလင်း ရှိလာ၏။

ကြွက်ဗိုက်ဖြူများ ခုန်ပေါက်မြူးတူး၍ နွယ်တန်းတစ်လျှောက် တောင်မြောက်ကူးနေ၏။

တော၏ ညအခင်းအား လင့်စင်ပေါ်မှ စိတ်ဝင်စားခြင်းအကြည့်ဖြင့် ကြည့်၍နစ်နေစဉ် ဖိုးချင်းက လက်ကုတ်လိုက်ပြီး –

“ဆရာတွေ့လား … ချေပေါက်တစ်ကောင် စားကျင်းဝင်လာပြီဗျ”

မှန်ပေသည်။

လင့်၏တစ်ဖက် တူရှု မြယာပင်ကြားမှ ပုထွားထွား ချိုကားကားဖြင့် ချေဖိုတစ်ကောင် ချွတ်နင်းဝင် လာ၏။ စောစောက တောင်ကြောပေါ် ဝယ် ဖိုသံပေး မခေါ်နေသည့် ချေဖိုပင် ဖြစ်မည်။

သူတို့၏ ဘာသာဘာဝဖြင့် စားကျင်းဝယ်ဆုံမည်ဟု အချိန်းအချက် ပြုလိုက်သည်လော။

မကြာမီ ချေပျိုမတစ်ကောင် စားကျင်းထပ်ဝင်လာ၏။ ပတ်ဝန်းကျင်အနေအထား သတိထား၍ မရဲတရဲ စားနေရာမှ ရဲတင်းလာပြီး ခပ်ကြမ်းကြမ်း စားတော့၏။

ထိုစဉ် …

“ဖူးဖူး … ဖူးဖူး”

သတ္တဝါကြီးတစ်ကောင်၏ နှာမှုတ်သံ။

ထိုအသံကိုကြားလျှင် ချေငယ်နှစ်ကောင် တစ်ဖက်လျှိုအတွင်းသို့ ဝေါခနဲ ထိုးဆင်းသွား၏။ ထိုအခြေအနေသည်ကား သတ္တလောက၏ အားပြိုင်မှု ပြယုဂ်တစ်ခု။ တစ်နည်းဆိုသော် ရန်မူစိန်ခေါ်ခြင်းဖြစ်သည်။

“ငါလာပြီ … ယှဉ်နိုင်ရင်ယှဉ်၊ မယှဉ်နိုင်ရင်ရှောင် ဟူသည့် သဘော”

တုန့်ပြန်သံ တစ်စုံတစ်ရာ မကြားရလျှင် ဆတ်ပေါက်ကြီးသည် စားကျက်အတွင်း ရဲရဲတင်းတင်း ဝင်လာပြီး ပတတ်ရပ်၍ ရှေ့လက်နှစ်ချောင်းဖြင့် တောကင်ပွန်းချုံအား ဖိချလိုက်ပြီး စားရန် ဟန်ပြင်လိုက်၏။

ခန္ဓာကိုယ်အား အလျားလိုက် ဆန့်ထုတ်လိုက်သည်တွင် လင့်ပေါ်မှ ချိန်သားကိုက် ပစ်ကွင်းကောင်းလှသည်မို့ ညာဘက်လက်ပြင်အား အမိအရ ချိန်၍ မောင်းညှစ်ရန် ဆဲဆဲတွင်

“ဘုန်း … ဂီးဂီး … ခွီးခွီး … ဖူးဖူး … ဝေါ … ဝရော … ဘောင်းဘောင်း”

“ဟိုက် … ကျားသစ်”

ကြားဖြတ်မုဆိုး။ နည်းနည်းနောနော အကောင်ကြီးမဟုတ်။ ကျားပေါက်ကြီး နီးပါးဖြစ်၏။

ထိုဖြစ်စဉ်ကား မြင်ရခဲသော အနေအထားဖြစ်၏။

ကျားသစ်သည် လျှပ်တစ်ပြက် ချုံခိုနေရာမှ ဟဲခနဲမာန်သွင်းပြီး ဆတ်ပေါက်ကြီးနောက်ပိုင်းအား လှမ်းပုတ်လိုက်၏။

ထိုသားရဲမျိုးသည် သားကောင်အား ဟန်ချက်ပျက်အောင် တွန်းလှဲပြီး လဲသွားမှ လည်မျိုအား ကိုက်ခဲခြင်းဖြစ်၏။

ယခုအခါ ထိုသတ္တဝါ၏ တိုက်ကွက်သည် ထင်သလိုဖြစ်မလာ။

ဆတ်ပေါက်ကြီးသည် လန့်၍ နဂါးပျံပတ်ခါ ပန်းစုံ ချိုကြီးဖြင့် ပြန်ခတ်လိုက်ရာ အထိနာ၍ ကျန်ခဲ့၏။ ဆတ်ပေါက်ကြီးမှာ ကြောက်အားလန့်အားဖြင့် လျှိုအတွင်း ဆင်းပြေးရာ လက်မောင်းလုံးခန့်ရှိသော နဘူးနွယ်များ တဘောင်းဘောင်းပင် ပြတ်ထွက်ကုန်၍ တစ်တောလုံးပင် ညံထွက်သွား၏။

ကျားသစ်အမျိုးအစား လေးမျိုးရှိသည်တွင် ဥရောပဝယ် ကျက်စားသည့် ဂျက်ဂွါများသည် အကြီးဆုံးဖြစ်၏။ ဖီလာစေ ကျားသစ်မျိုးများသည် ကျားပေါက်နီးပါး ကြီး၏။

အိန္ဒိယ၊ မလေး၊ ဂျာဗား၊ ထိုင်း၊ မြန်မာ အာရှဒေသတွင် ကျက်စားသော အပူပိုင်းကျားသစ်များသည် ဂျက်ဂွါထက်စာလျှင် အကောင်ငယ်သော်လည်း ကြံ့ခိုင်မှု ပိုလေ၏။ အဝါရောင်ပေါ်တွင် အနက်ရောင်အမွေးများ အစုလိုက်ဆင့်၍ နှင်းဆီပွင့်ပမာ တစ်ကွက်နှင့်တစ်ကွက် ဆက်ထားသည်မို့ အတော်လှသည့် သတ္တဝါပင်။

သို့သော် ပကတိရူပသဘောနှင့် အတွင်းအဇ္ဈတ္တစိတ်သည် လားလားကြီးဆန့်ကျင်လျက် ကျားထက်ပင် ကောက်ကျစ်စဉ်းလဲမှုပိုကာ အလွန်ကြောက်စရာကောင်းသော သတ္တဝါဖြစ်၏။

ဆတ်ပေါက်ကြီးက မထင်မှတ်ဘဲ ချိုကြီးဖြင့် ပြန်ပက်လိုက်သည်တွင် နှာနုပိုင်းအမွှန်အား ဖြတ်ရိုက်လိုက်သကဲ့သို့ ဖြစ်သွားပြီး တွေခနဲဖြစ်သွားကာ ယိုင်၍ ကျန်ခဲ့လေ၏။

ဖိုးချင်းက လေသံဖြင့် –

“လက်မှာ ကြိုးတန်းလန်းနဲ့ဗျ၊ ကိုင်းမိထားတဲ့ သစ်နာဖြစ်မယ်”

ထိုအခါမှ လရောင်မှုန်ပြပြအောက်ဝယ် ကြိုးစား၍ အသေအချာကြည့်လိုက်သည်တွင် ညာဘက်လက် ဝယ် တစ်တောင်ခန့် တွဲလောင်းပါနေသည့် နိုင်လွန်ကြိုးပြတ်အား တွေ့လိုက်ရ၏။

သစ်နာ ကျားနာဟူသည် တောတောင်အတွင်း လှည့်လည်ကျက်စားသည့် လူသားများအဖို့ အင်မတန် အန္တရာယ်ကြီးသော သတ္တဝါဖြစ်သည်။ နာကျဉ်းချက်ဖြင့် မဲမဲမြင်ရာ တိုက်ခိုက်တတ်ပြီး အမြဲပင် သွေးဆာနေသော သတ္တဝါ။

တခဏအတွင်း တောတွင်းအခြေအနေသည် ငြိမ်သက်သွားပြီးကာမှ …

“ဖြောက် … ဖြောက် … ဖြောက်”

လင့်စင်အောက်တည့်တည့်မှ ကြားနေရသော အသံဖြစ်၏။

သစ်နာသည် ထိုအသံအား စိတ်ဝင်စားသွားလျက် အပင်အောက်နား ချဉ်းကပ်ရန် ပြင်၏။ အသံမှာ သစ်ရွက်ခြောက်များပေါ်သို့ မိုးရေ(သို့) နှင်းရေကြည်ဥတို့ တွဲစု၍ လျောကျသက်ရောက်သံ ဖြစ်၏။

မုဆိုး မုဆိုးချင်း သူ့လမ်းသူသွား၊ ကိုယ့်လမ်းကိုယ်သွား နရီစည်းချက်ကတော့ ပျက်လေပြီ။

ပစ်မည်ဟု ဆုံးဖြတ်လိုက်ပြီး BA-၆၃ ပြောင်းဝအား အသေအချာ ချိန်သီးကိုက်ချိန်၍ –

“မီးထိုး”

ဖိုးချင်းက အလိုက်သိစွာ ဖျတ်ခနဲ မီးထိုးလိုက်သည်တွင် သတ္တဝါ၏ တုံ့ပြန်မှုသည်ကား ကျွန်တော်တွက်ထားသည်နှင့် ဆန့်ကျင်၍သွားလေ၏။

ပစ်ကွင်းမှာ ငြိမ်သက်နေသော အနေအထားမှ စတင်လှုပ်ရှားလာပြီမို့ မီးကြောင်၍ ငြိမ်သွားစေရန် မီးထိုးလိုက်သည်တွင် သစ်နာက မီးလန့်သွားပြီး ဖတ်ခနဲရုတ်ကာ နောက်သို့ဆုတ်၍ မြင်ကွင်းမှ ပျောက်သွားတော့၏။

ထို တဒင်္ဂက ဆုံးဖြတ်ချက်အမှားသည် နောက်ဆက်တွဲ ချောက်ချားစရာအဖြစ်သို့ ပြောင်းလဲသွားတော့၏။

မိမိတို့နှစ်ဦး လင့်ပေါ်ဝယ် ရှိနေသည်ကို ထိုသတ္တဝါ ရိပ်စားမိသွားလေပြီ။ အလွန်အန္တရာယ်ကြီးသော အနေအထားပင်တည်း။

လင့်အောက်က တဖြောက်ဖြောက်အသံ ကြားနေရဆဲ။ ပေ ၂ဝ အထက် ထိုးထားသော လင့်ပေါ်ဝယ် ရောက်နေ၍သာ တော်သေး၏။

တိတ်ဆိတ်သောတော၏ ညအခင်းဝယ် လင့်အောက်က အသံကား တစ်စထက်တစ်စ ပိုကျယ်လာသည်ဟု ထင်ရ၏။ မယုံသင်္ကာရှိလှသည်မို့ ခပ်ကျဲကျဲခင်းထားသော ကြမ်းခင်းဝါးလုံးကြားမှ ခေါင်းစီးမီး ဖတ်ခနဲဖွင့်၍ ကြည့်လိုက်သည်တွင် –

“ဟိုက် … ဘုရား … ဘုရား၊ ဒုက္ခတော့ များပြီ”

ဖိုးချင်း မကြားအောင် စိတ်တွင်း ရေရွတ်လိုက်၏။

“ဘာတွေလဲဆရာ”

“နှံကောင်ပုရစ်တွေပါကွာ”

အမှန်မှာ ဖိုးချင်း၏ ဖနှောင့်ဆူးဒဏ်ရာမှ သွေးများသည် တစိမ့်စိမ့်ထွက်၍ လည်တိုကင်းဘတ်ကိုလျှံကာ တစ်ပေါက်ပေါက် ကျနေခြင်းဖြစ်၏။ မုဆိုးဇွဲနပဲ ကြီးလှသော ဖိုးချင်းသည် မိမိဒဏ်ရာကိုပင် သတိထားမိပုံ မပေါက်။ သားကောင်များဆီကိုသာ အာရုံရောက်နေပုံရ၏။ ဤအနေအထားတွင် သူ့အား အသိပေးလိုက်ပါက လန့်သွားပြီး အခြေအနေတစ်မျိုးဖြစ်သွားကာ ကျိန်းသေပင် အပတစ်ခုခု ဝင်သွားနိုင်၏။

“ဒီသတ္တဝါ ကျိန်းသေ ပြန်လာမှာကွ၊ မျက်စိဖွင့် နားစွင့်ထားပေတော့”

လက်မှနာရီ ကြည့်လိုက်ရာ လက်တံက (၂)နာရီသို့ပြ၏။ တကယ့်အချိန်ကောင်းကြီး။ ဒဏ်ရာကြောင့် သားကောင်မရဘဲ အသားမစားရ၊ သွေးမသောက်ရဖြစ်နေသော သတ္တဝါသည် အဘယ်နည်းနှင့်မျှ ဤအခွင့်အရေးကို လက်လွှတ်ပေးမည်မထင်။

လင့်စင်အောက်က သွေးညှီနံ့သည်ကား သတ္တဝါအတွက် အာသာငန်းငန်း ဖြစ်စေသည့် ဆွဲဆောင်ချက်ပင် ဖြစ်နေတော့၏။

ညဥ့်နက်လာသည်နှင့်အမျှ ကောင်းကင်ပြင်သည် ပို၍ကြည်လင်လာပြီး တောမြင်ကွင်းများ ပို၍ရှင်းလာ၏။

ညဉ့်ဦးပိုင်းတွင် ကြားနေရသော ပုရစ်အော်သံ၊ နှံကောင်အော်သံများ တိတ်ဆိတ်သွား၏။ လေပြည်လေညင်း အစသည် မုန်တိုင်းလာတော့မည့် သဘောပင်လော။

အမှောင်အတွင်း ကျင့်သားရနေသော မျက်လုံးနှစ်စုံဖြင့် အရပ်ရှစ်မျက်နှာ သတိထားကြည့်နေစဉ်ဝယ် –

“ဖျတ်… ဖျတ်… ဖျတ်’”

လင့်၏ နောက်ကျောဘက်ဆီမှ ကြားရသော အသံဖြစ်၏။ ကြောင်များ ကြွက်ချောင်းသည့်အခါ ခြေကိုဖွ၍ ရွရွလေး ချဉ်းကပ်လာသည့်နည်းဖြင့် တရွေ့ရွေ့လာနေသည်ကို အကင်းပါးလှသော မုဆိုးအသိဖြင့် ကြားလိုက်ရ၏။ အသံကြားရာသို့ သေနတ်ပြောင်းဝအား ချိန်ထားလိုက်သော်လည်း အပေါ်ပေါင်း ထူနေသည်မို့ မြင်ကွင်းက မရှင်း။

သတ္တဝါသည် တဖြည်းဖြည်းနှင့် လင့်အောက်ခြေသို့ပင် ရောက်လာလေပြီ။

မုဆိုး မုဆိုးချင်း အပေါ်စီးအနေအထားမှပင် ဆုံးဖြတ်ချက်အမှားကြောင့် ချက်ချင်း အချောင်းခံအနေအထားသို့ မိမိတို့ရောက်သွားလေပြီ။

“ပလပ် … ပလပ် … ပလပ်”

လင့်အောက်ခြေ ဘန့်ပွေးရွက်ခြောက်များပေါ်မှ သွေးကွက်အား လျှာဖြင့်လျက်နေခြင်းဖြစ်၏။ ဒီတစ်ခါ ပစ်မည်ဆိုလျှင် မီးမသုံးတော့ဘဲ လရောင်အားကိုးဖြင့် ပစ်ရန် ဖိုးချင်းအား မှာထားပြီးဖြစ်၏။

သစ်နာသည် မရဲတရဲ လျက်နေသည့် အနေအထားမှ ရှေ့တစ်လှမ်း တက်လိုက်သည်တွင် နှင်းဆီပွင့်အနက်ကြားကြီးများမှာ လရောင်အောက် လင်းခနဲ ထွက်လာ၏။

လက်ရှိအခြေ အနေအရ လင့်၏ ညာဘက်အဖျားပိုင်းဝယ် နေရာယူထားသော ဖိုးချင်းဘက် က ပစ်ကွင်းပို၍သာလေ၏။

ဖိုးချင်းသည် BA-၆၃ သေနတ်ပြောင်းဝအား ကြမ်းခင်းဝါးနှစ်လုံးကြားမှ အရှေ့ အနောက် စုန်ချီဆန်ချီရွေး၍ချိန်ကာ နေလေ၏။

အပေါ်နှင့်အောက် ပစ်ကွင်းကား ကိုးရို့ကားယားနိုင်လှ၏။ အလျားလိုက် ပစ်ကွင်းမဟုတ်။ ဒေါင်လိုက်ပစ်ကွင်းမို့ မြင်ကွင်းကား ကျဉ်းလှ၏။ ထိုအခြေ အနေမှပင် ဖိုးချင်းသည် အတတ်နိုင်ဆုံး ကြိုးစားလိုက်ပုံရ၏။ သေချာပြီထင်လျှင် –

“ဒိုင်း”

“ ဂီး … ဂီး … ခွီး”

BA-၆၃ ကျည်ပေါက်ကွဲသံသည် တိတ်ဆိတ်သောတောအတွင်း ဖြိုခွင်းလိုက်၏။

ကျည်ဖူးသည် ဒဏ်ရာရထားသော လက်ပျဉ်နှင့် ဆန့်ကျင်ဘက် တစ်ဖက်သော ရှေ့လက်ရင်းသားအသားစိုင်ကို ဖြတ်ထွက်သွားပုံရ၏။ ရှေ့လက်တစ်ချောင်းတည်းသာ အားထည့်ထောက်ထားသော အနေအထားမှ ကျည်ဖူး၏ မွှေနှောက်သွားသောဒဏ်ရာကြောင့် နှစ်ချောင်းစလုံး ဒဏ်ရာရသွားကာ ရှေ့သို့ ငိုက်ခနဲ ကျသွား၏။

တစ်ဖန် ဒေါသကြီးကာ ဟဲခနဲ မာန်သွင်း၍ ထခုန်လိုက်သည်တွင် လင့်ရှေ့ ကွပ်ပြစ်သို့ ရုတ်ခနဲ ကျသွားတော့၏။

ရှေ့လက်နှစ်ချောင်းစလုံး ဒဏ်ရာရထားသည်မို့ သတ္တဝါသည် စိတ်သွားတိုင်း ကိုယ်မပါတော့။ ပြန်အကျတွင် ကြောင်ကျမကျတော့ဘဲ ဟန်ချက်ပျက်ကာ ကိုးယို့ကားယား ကျသွား၏။

ကျွန်တော် ထိုအခွင့်အရေးကို လက်လွှတ်မခံ။ ဟဲခနဲ မာန်သွင်း၍ ပြန်ထရန် ပြင်ပြီး လင့်ပေါ်မော့အကြည့်ဝယ် –

“ဒိုင်း”

BA-၆၃ ကျည်ဖူးသည် ညာဘက်လည်တိုင်ရင်းမှ လည်မျိုကိုဖြတ်ကာ ဘယ်ဘက်နားသို့ ထွက်သွားပုံရ၏။

ဟဲခနဲတစ်ချက် မာန်ဖီပြီးလျှင် ငြိမ်ကျသွားတော့၏။

ထိုအခါမှသာ နှစ်ယောက်သား ပြိုင်တူ ‘ဟင်း’ ချနိုင် တော့၏။

အရှေ့ဆီမှ အရုဏ်ဦးရောင်ခြည်သည်လည်း ပျို့အန်၍ လာချေပြီတည်း။

စုံထောက်မဂ္ဂဇင်း

– ပြီး –

စာရေးသူ – မိုးသဲအောင်(ပန်းမြေ)

Leave a Reply

Your email address will not be published. Required fields are marked *