ခက်နွယ်
ကြိမ်ခုတ်ချိန်
မြန်မာနိုင်ငံ၏ နယ်နိမိတ်တံတိုင်းကြီးဟု ခေါ်ဆိုရလောက်သော အရှေ့ရိုးမတောင်တန်းများတွင် တစ်ခု အပါအဝင်ဖြစ်သည့် တနင်္သာရီတောင်တန်းကြီးသည် တောင်နှင့်မြောက် မိုင်ငါးရာကျော် ရှည်လျားသော်လည်း အရှေ့နှင့် အနောက်မူ မိုင်ငါးဆယ်မျှသာ ကျယ်ဝန်းတည်ရှိသဖြင့် ရှည်လျားကျဉ်းမြောင်းသော တနင်္သာရီကမ်းမြောင်ဒေသ၏ သတ်မှတ်ချက် ဖြစ်နေလေသည်။
အမှန်စင်စစ် တနင်္သာရီကမ်းမြောင်ဒေသတစ်လျှောက်ရှိ တောင်များတွင် ဒေါနတောင်တန်း၊ တောင်ညိုတောင်တန်း၊ တနင်္သာရီတောင်တန်းဟူ၍ ထင်ရှားသော တောင်ကြီးသုံးသွယ် ပါဝင်ပြီး ထိုတောင်တန်းကြီးများကြားမှ သောင်းရင်းမြစ်၊ ဟောင်သရောမြစ်၊ ဂျိုင်းမြစ်၊ အတ္ထရံမြစ်၊ ထားဝယ်မြစ်နှင့် တနင်္သာရီမြစ်ဟူ၍ မြစ်ငယ်ခြောက်စင်း ထိုးဖောက်လျက် ပင်လယ်အတွင်းသို့ ဝင်ရောက်စီးဆင်းနေကြပါသည်။
မြစ်များအားလုံး၏ အထက်ပိုင်းတိုင်းတွင် ထူထပ်သော သစ်တောကြီးများ ဖုံးလွှမ်းနေသောကြောင့် ကျွန်းနှင့် သစ်မာများအပြင် ဝါးပင် ကြိမ်ပင်များ အပါအဝင် အခြား ချုံနွယ်သစ်ပေါင်းများ မျိုးစုံအောင် ပေါက်ရောက်နေလေသည်။
မိုးမပြတ် ရွာသွန်းသည့် ဒေသမို့လည်း အခြားသော နေရာဒေသ၏ သစ်တောတွေထက် ပို၍ သစ်ပင်ထူထပ်ကာ ထာဝရစိမ်းစိုနေလေသည်။
သည်တော သည်တောင်တွေ၏အတွင်းသို့ ဦးကြီးရွှေမိုးနှင့် ကျွန်တော် သင့်သလို မပြတ် ရောက်ရှိတတ်ကြသည်။
ယခုလည်း ကျွန်တော်တို့ ကြိမ်များ ခုတ်ယူရန် ထားဝယ်မြစ်မှ ဆန်တက်၍ မြစ်ဖျားဒေသရှိ တောကြီးအတွင်းသို့ ဝင်ရောက်ခဲ့ကြရပြန်ပါသည်။
“မောင်ခက်ရေ ပစ္စည်းတွေကို ဒီဘက်ယူခဲ့ဟေ့။ တို့ ဒီနေ့ ဒီနေရာမှာပဲ စခန်းချမယ်”
ဦးကြီးရွှေမိုးသည် ရှေ့ကသွားနှင့်ရင်း ကြီးမားအုပ်ဆိုင်းလျက်ရှိနေသော လမွတ်ပင်ကြီးတစ်ပင်၏ အောက်သို့ ဝင်ရောက်ကာ ကျွန်တော့်ကို လှမ်းခေါ်သည်။
ဦးကြီးရွှေမိုး ရှိရာကို ကျွန်တော် သွားလိုက်သည်။ ပါလာသည့် ပစ္စည်းအိတ်တွေ ကို လမွတ်ပင်ကြီး၏ အကိုင်းကြီးကြီးများတွင် ဖြစ်သလို ချိတ်ထားလိုက်ရ၏။
“နားနားနေနေ တို့ ဒီမှာပဲညအိပ်မယ်။ ပြီးတော့မှ လုပ်ငန်းအတွက် စဉ်းစားကြရင်း ကြိမ်တောတွေကိုပါ ရှာကြတာပေါ့”
“ ဟုတ်ကဲ့”
ပြောပြောဆိုဆိုဖြင့် လမွတ်ပင်ကြီး၏အောက်ခြေတစ်ဝိုက်ကို ညအိပ်သည့်အခါ အန္တရာယ်ရှိနိုင် မရှိနိုင် လေ့လာကြရ၏။ စိတ်ချရလောက်တော့မှ ရှုပ်ထွေးနေသည့် မြက်ပင်၊ သစ်ရွက်ခြောက်နှင့် အကိုင်းအစ အဆွေးတို့ကို ရှင်းလင်းလိုက်ကြရပါတော့သည်။
X X X X
အောက်အီးအီးအွတ်….။
အဝေးဆီမှ တောကြက်ဖတွန်သံများ ပျံ့လွင့်လာသည်နှင့်အတူ ကျွန်တော် အိပ်ရာမှနိုးသည်။
“မောင်ခက်… မောင်ခက်”
ဦးကြီးရွှေမိုးက ထပ်ဆင့်နှိုး၏။ အိပ်ရာက ကျွန်တော် ထလိုက်ရသည်။
ပတ်ဝန်းကျင်သည် လုံးဝ အလင်းရောင်မရှိသေး။ ပိန်းပိတ်အောင် မှောင်မည်းနေဆဲ။ အရှေ့ဘက် ကောင်းကင်ဆီမှာတော့ အရုဏ်ဦး၏ အလင်းတန်းကလေးများ အပိုင်းပိုင်း အစစ လင်းလက်နေချေပြီ။
ကျွန်တော့်အရင် အိပ်ရာမှထပြီးသော ဦးကြီးရွှေမိုးသည် တောသရက်မျိုးရင်းဝင်ဖြစ်သည့် လမွတ်ပင်ကြီး၏ အမြစ်ခွကြား၌ ရေနွေးအိုးကျိုရန် မီးမွှေးနေသည်။
ချက်ချင်းပင် ဝါးကျည်တောက်နှစ်လုံးကိုဆွဲကာ မနီးမဝေးရှိ စမ်းအိုင်သို့ ရေခပ်ရန် ကျွန်တော် ထွက်လိုက်သည်။ ရေစမ်းအိုင်ဆီမှ ရေကြက်မခေါ် ကလူတွက်ငှက်၏ အော်မြည်သံသည် ကျွန်တော်ကို ‘လာပါ… လာပါ’ ဟု ဖိတ်ခေါ်နေသည့်နှယ် ရှိတော့သည်။
ရေတစ်ခေါက်ဆွဲအပြီးတွင် ဦးကြီးရွှေမိုးသည် ရေနွေးအိုး ဆူနေပြီဖြစ်၍ ကျည်တောက်တွင်းထည့်လျက် လက်ဖက်ခြောက်ခပ်နေသည်။ ပြီးတော့ မနက်စာအတွက် ချက်ပြုတ်ရန် ဝါးကျည်တောက် တစ်လုံးကို ဆက်ပြန်သည်။
ကြိမ်ခုတ်ဓားများကို သွေးနေရင်း ဦးကြီးရွှေမိုးကို အကဲခတ်ကြည့်လိုက်မိ၏။ ကျည်တောက်ထိုးဟင်းချက်တော့မည်။ ကျည်တောက်ထိုးဟင်းသည် တောင်ပေါ်ကရင်များ၏ အသည်းစွဲ ဟင်းလျာတစ်မျိုး ဖြစ်၏။ တောင်ပေါ် ကရင်များနှင့်အတူ နေထိုင် လုပ်ကိုင်ခဲ့ဖူးသော ဦးကြီးရွှေမိုးသည်လည်း တောင်ပေါ် ကရင်များနည်းတူ ကျည်တောက်ထိုးဟင်းကို အသည်းစွဲနေခဲ့ပေပြီ။
“မောင်ခက် လာလေကွာ … လက်ဖက်ရည်ကြမ်း သောက်ကြဦးစို့။ ပြီးတော့မှ လုပ်စရာရှိတာ ဆက်လုပ်”
ဦးကြီးရွှေမိုး၏ အပြောအဆုံးတွင် အနီးသို့ ကျွန်တော် ဝင်ထိုင်လိုက်မိသည်။ မိုးလင်းစပြုပြီဖြစ်၍ အလင်းရောင်သည် အမှောင်ထုကို မောင်းထုတ်ကာ တဖြည်းဖြည်း နေရာလု လွှမ်းမိုးအနိုင်ယူလာနေ၏။
ဗျိုင်းနှင့် ဆင်ဆင်တူသော ခြည်ခင်စွတ်ငှက်များကိုပင် ဝမ်းစာအလို့ငှာ ရေအိုင်ရေကွက်များရှိရာသို့ အုပ်ဖွဲ့ ပျံသန်းသွားလာနေကြလေပြီ။
လက်ဖက်ရည်ကြမ်းတစ်ခွက်ကို ကျွန်တော် ယူသောက်လိုက်မိစဉ်မှာပင် ဦးကြီးရွှေမိုးသည် ပြင်ဆင်ထားပြီးသော ချက်ပြုတ်မည့်ဟင်းလျာ ကျည်တောက်ကို မီးဖိုခွင်ပေါ်တည့်တည့်ရှိ သစ်ကိုင်း၌ ဆွဲချိတ်တည်လိုက်သည်။
ကျည်တောက်ထိုးဟင်းဆိုသည်မှာ တောထဲတောင်ထဲ၌ ရနိုင်သော ကြက်သောင်းဝါးကို တစ်ဖက်က အဆစ်ဖက်က အပေါက်ထားရှိလျက် အတွင်းသို့ အရိုးမပါသော အသားခြောက်များနှင့် ဂမုန်းကဲ့သို့သော ဝက်ကြက်ဘိုးပင် အရိုးအရွက်များ၊ ပဲသီး၊ ရွှေဖရုံရွက်နု၊ မျှစ်၊ ခရမ်းကစော့၊ ငရုတ်သီးစိမ်းတို့ကို ထု၍ သင်၍ ထည့်၊ နောက် ငါးပိစိမ်းစားတို့တွင် ရေသင့်သလို ရောထည့်ပြီး မီးဖိုခွင်ပေါ်၌ ခပ်စောင်းစောင်း ချိတ်ဆွဲပေးထားရခြင်း ဖြစ်သည်။
ပြီးမှ မီးဖိုမီး၏ အပူရှိန်ကြောင့် ဆူပွက်လာသည့်အခါ အတွင်းကို တုတ်ကလေးတစ်ချောင်းဖြင့် သင့်သလို ထိုးဆွမွှေနှောက်ပေးရခြင်းပင်။
လက်ဖက်ရည်ကြမ်း တစ်ကျည်တောက်ကုန်ချိန်တွင် တည်ထားသော ဟင်းကျည်တောက်အတွင်းမှ အသား အရွက်နှင့် အဆာများ သမပြီးသွားပြီဖြစ်၍ ကျည်တောက်ဝါးဘေးအကာ အမွှေးများနှင့် ရောလျက် အပြင်သို့ အနံ့တသင်းသင်း ပျံ့လွင့်လာနေလေတော့သည်။
ဦးကြီးရွှေမိုးသည် ကျည်တောက်အတွင်းမှ အရည် အနည်းငယ်ကို ဝါးဆစ်ခွက်ငယ်ဖြင့် ခပ်ယူကာ မြည်းစမ်းကြည့်သည်။ ကျွန်တော်ကိုလည်း အပေါ့အငန် တည့် မတည့်ဟူ၍ လက်ဆင့်ကမ်းပေးသည်။ ကျွန်တော် ယူ၍ သောက်ကြည့်လိုက်သည်။ ချိုချိုလေးလေး, မွှေးမွှေးကြိုင်ကြိုင်တွင် အစပ်ကလေးပါ ရောဖက်နေသဖြင့် အရသာရှိလှသည်။
“ကောင်းပါတယ် ဦးကြီးရဲ့၊ ဘာမှ မလိုပါ ဘူး၊ အစပ်အဟပ် အကုန်တည့်တယ်”
X X X X
တောဝင်စဉ်က ယူဆောင်လာခဲ့သည့် စားအိုး စားခွက်နှင့် ရိက္ခာများ၊ အဝတ်အထည်နှင့် ခြုံစောင်များတို့ကို လပွတ်ပင်ကြီး၏ အမြင့်ကိုင်းများပေါ်တွင် လုံလုံလဲလဲ ချိတ်ထားပစ်ခဲ့ပြီး ဓားတစ်ချောင်းစီနှင့်အတူ ထမင်းထုပ်၊ ရေကျည်တောက်တို့ကိုယူကာ ကြိမ်ပင် ကြိမ်တောများ ရှာဖွေရန် ထွက်ခွာခဲ့ကြပါသည်။
ကြိမ်ခုတ်သမားတို့သည် မည်သည့်အခါမှ နေထိုင် ခိုနားဖို့ တဲဆောက်လေ့ဆောက်ထ မရှိဘဲ ကြီးမားသော သစ်ပင်ကြီးကြီး / အုပ်အုပ်ဆိုင်းဆိုင်းကြီးများတို့ကိုသာ သင့်သလို မှီခိုရွှေ့ပြောင်း စခန်းချသွား ကြသူများ ဖြစ်သည်။
ကြိမ်ရာသီသည် မိုးကုန်စမှ မိုးဦးစပိုင်းသို့အထိ ဖြစ်သောကြောင့် မိုးရေနှင့် ကြုံကြိုက်ဖို့ အကြောင်းမရှိဘဲ အ ရိပ်ကောင်းကောင်း သစ်ပင်ကြီးများ ရှိလျှင်ပင် ပြီးနိုင်ပါသည်။
“မောင်ခက်’”
“ခင်ဗျာ….”
“မင်း အရှေ့ဘက်ထွက် ဟုတ်လား၊ ဦးကြီး တောင်ဘက်တစ်လျောက်ကို ရှာမယ်”
“ ဟုတ်ကဲ့”
ဦးကြီးရွှေမိုးသည် ကြိမ်ပင်များ ပေါက်ရောက်ရာ အစုတောများကို လူခွဲရှာဖွေရန် ကျွန်တော့်ကိုပြောသည်။ ကျွန်တော် အလွယ်တကူပင် ဟုတ်ကဲ့လိုက်ကာ အရှေ့စူးစူးဘက်သို့ ထွက်ခွာလိုက်ပါသည်။
တွေ့ရသည့် တောင်ကုန်း၊ တောင်ထိပ်၊ တောင်စောင်း ၊ ကမ်းပါးများတစ်လျှောက်တွင် သစ်ပင် အရွယ်ရွယ် အစားစား၊ နွယ်ပင်အမျိုးမျိုး၊ ချုံမြက်ရိုင်းတို့ ထူထပ်စွာ ရှိနေပြီး စိမ်းစိမ်းစိုနေလေသည်။
သည်အပင်များတို့ထဲ၌ အစုလိုက် အပြုံလိုက် ပေါက်ရောက်လျက် ရှိနေမည့် ကြိမ်ပင်တောကြီးများကို ဂရုတစိုက် ရှာဖွေနေကြရခြင်း ဖြစ်ပါသည်။
သည်တော သည်တောင်တစ်ဝိုက်၌ မြန်မာနိုင်ငံအထက်ပိုင်းတွင် အသုံးများတတ်သော ရေကြိမ်၊ ကြိမ်နီ၊ ရမထာကြိမ်၊ တောင်ကြိမ်၊ ကြက်ဥကြိမ်၊ ဝက်ချေး ကြိမ်တို့နှင့် အခေါ် အဝေါ်သာ ကွဲလိမ့်မည်ထင်ရသော ကပေါင်းကြိမ်၊ ကြိမ်ခါး၊ ဝါးဘိုးကြိမ်၊ သိုင်းကြိမ်တို့အပြင် ထားဝယ်ဒေသကို အစွဲပြုသည့် ထားဝယ်ကြိမ်များလည်း ပေါက်လေ့ရှိပါသည်။
မည်သည့် ကြိမ်မျိုးကိုမဆို မြန်မာနိုင်ငံအရပ်ရပ်ရှိ လူနေအိမ်များ၊ လူ့အသုံးအဆောင်များအတွက် အသုံးပြုနိုင်သည်ချည်းဖြစ်၍ ကျွန်တော်တို့ ခုတ် ယူကြမည်သာ ဖြစ်ပါသည်။
X X X X
ကြိမ်ခုတ်ရက် ဆယ်ရက် ဖြစ်သွားပြီမို့ ကျွန်တော်တို့တွင် ကြိမ်များ အတော်အသင့် ရရှိနေကြပါပြီ။ ရရှိထားပြီးသား ကြိမ်များကို သင့်တော်သလို အကြီးအသေး အမျိုးအစားအလိုက် အလုံးတစ်ရာစီ စည်းနှောင်လျက် ထားဝယ်မြစ်မှ မျှောယူ၍ ရေဖြူမြို့နှင့် ထားဝယ်မြို့များရှိ ကြိမ်ကုန်သည်ကြီးများထံ ပေးသွင်းရောင်းချရမည်။ သူတို့ထံမှတစ်ဆင့် မြန်မာနိုင်ငံ အရပ်ရပ်သို့ ပျံ့နှံ့အောင် ဖြန့်ချိ ရောင်းချကြပေလိမ့်မည်။
“မောင်ခက်”
ဦးကြီးရွှေမိုး ခေါ်သံကြောင့် ကျွန်တော် လှမ်းကြည့်လိုက်သည်။ ဦးကြီးရွှေမိုးသည် ကြိမ်စည်းများကို ထားဝယ်မြစ်သို့ သယ်ယူရာတွင် ချောချော မွေ့မွေ့ ဖြစ်စေရန် လမ်းကြောင်း ခုတ်ထွင်နေရင်းက ကျွန်တော့်ကို လှမ်းပြော၏။
“ကျန်သေးတဲ့ ခုတ်ပြီးသားကြိမ်တွေကို မနက်ဖြန် တို့ အပြီးသယ်ကြမယ်ကွ။ ရက်လဲ ကြာလှနေပြီ “
“ဟုတ်ကဲ့”
မှန်ပါသည်။ တချို့ကြိမ်တောများသည် ခက်ခဲသော မြောင်းကျပ် လျှိုငယ်ကလေးတွေကြားတွင်ရှိသည်။ သယ်ယူရန် လောလောဆယ် မလွယ်ကူသေးသဖြင့် နောက်ဆုံးကျမှ သယ်မည်ဟု ထားခဲ့ကြရသည်။ ယခု အပြီး လက်စသတ်တော့မည်မို့ သယ်ယူကြရန် ဦးကြီးရွှေမိုးက ပြောခြင်းပင်။
အမှန်စင်စစ် ကြိမ်ခုတ်သမား သို့မဟုတ် ကြိမ်ခုတ်လုပ်သားတို့၏ဘဝသည် များစွာဆင်းရဲကြပါသည်။ အချို့ကြိမ်လုပ်သားတို့သည် ကြိမ်ကုန်သည်ကြီးများထံမှ ကြိမ်ပေးငွေယူ၍ စောစောကတည်းက ကြိုတင်သုံးထားတတ်ကြသည်။ အချိန်တန်တော့ ကြိမ်ကုန်သည်ကြီးများ၏ မတန်တဆ ဈေးနှိမ်တတ်ခြင်းကို သိလျက်နှင့် ခေါင်းငုံ့ယူကြရသည်က များသည်။
ကျွန်တော်တို့ကတော့ အစကတည်းက ကြိမ်ပေးငွေမယူဘဲ အချိန်ကျမှ ကြိုက်ဈေးနှင့် ရောင်းမည်။ မျိုးမျိုးမျက်မျက်ကလေးတော့ ရနိုင်ပါလိမ့်မည်။
ကြိမ်တို့သည် အပင်အတိုင်းဆိုမူ အစိမ်းရောင်ပင်ဖြစ်သော်လည်း ရက်ကြာလာသည်နှင့်အမျှ အဝါရောင် အညိုရောင်များအဖြစ် ပြောင်းလဲသွားတတ်ကြသည်။ မည်သည့်အရောင်နှင့် ကြိမ်မျိုးပင်ဆိုဆို ကွေးညွှတ်ပျော့ပျောင်းခြင်းနှင့် ခိုင်ခန့်ခြင်းတို့တွင် အတူတူသာဖြစ်ပါသည်။
X X X X
လက်ကျန်ကြိမ်များကို ဦးကြီးရွှေမိုးနှင့် ကျွန်တော် ခက်ခက်ခဲခဲ သယ်လာခဲ့ကြပြီး မြောင်ကျပ်ကလေးမှ ကျော်ကာ တောင်ကုန်းကလေးပေါ်သို့ တက်လိုက်သည်။
“ရှူး”
နှာမှုတ်သံလိုလို ကြားလိုက်မိသဖြင့် အသံလာရာဆီသို့ ပြိုင်တူ ကြည်လိုက်ကြသည်။ ဆီးဖြူပင်အုပ်များကြားမှ ကျွန်တော်တို့ကို စူးစူးစိုက်စိုက် ကြည့် နေသော ကြီးမားတုတ်ခိုင်သည့် သတ္တဝါကြီးတစ်ကောင်။
“မောင်ခက်ရေ… သတိထား၊ ပြောင်ကြီးကွ”
ဦးကြီးရွှေမိုး လှမ်းသတိပေး၏။
အသံပင် မဆုံးသေး၊ ပြောင်ကြီးသည် ဦးချိုကြီးတွေကို တအားယမ်းလျက် ကျွန်တော်တို့ဆီကို အတင်း ပြေးလာလေတော့သည်။
ကျွန်တော် ဘာမှ မတတ်နိုင်၊ မည်သို့မှလည်း မလုပ်တတ်။ ပြေးလည်း မပြေးသာ။
အနီးအရောက်တွင် ပြောင်ကြီးသည် ဘာကိုမှ မကြည့်ဘဲ ကျွန်တော့်ကို တအားဝှေ့ခတ်ချလိုက်သည်။
“အောင်မယ်လေး”
ကျွန်တော့် ခန္ဓာကိုယ်သည် ပြောင်ကြီး၏ ဦးချိုနှင့် မထိမီ မြေပြင်ပေါ်သို့ မှောက်လျက်အနေအထားသို့ပုံကျသွားလေ၏။ တစ်ပြိုင်တည်းပင် ပြောင်ကြီးသည်လည်း ကျွန်တော့်ကိုယ်ပေါ် မှ အရှိန်ပြင်းစွာနှင့် အောက်ဖက်သို့ ထိုးကျသွားပါတော့သည်။
“မောင်ခက် ထထ၊ တောင်ရဲ့ ဘေးဘက်ကို ပြေး ပြေး”
ဦးကြီးရွှေမိုးသည် ပြောလည်းပြော ကျွန်တော်ကိုလည်း အတင်းဆွဲခေါ် လမ်းပြရင်း သူက ရှေ့ကပြေးသည်။ ကျွန်တော် ပြေးလိုက်ရသည်။
ပြောင်ကြီး မျက်ခြည်ပြတ် သွားပုံရ၏။ ဘယ်မှ အစ အန မမြင်တော့။ ကျွန်တော်တို့သည်လည်း မောဟိုက်လွန်းသဖြင့် ဇောချွေးများ ပြန်ထွက်နေ၏။ အသက်ရှူပင် မမှန်ချင်တော့သဖြင့် သတိထားရှူရှိုက်နေရသည်။
ဟန်ဆောင်၍ပင် မနေနိုင်၍ မြေပြင်မှာပင် ထိုးလှဲချလိုက်ကြရပါတော့သည်။ ခဏကြာတော့ အမော နည်းနည်း သက်သာသွားသည့် ဦးကြီး ရွှေမိုးက ပြော၏။
“ပြောင်ထီးကောင်ကွဲကြီးကွ၊ အုပ်ထဲက ခွဲထွက်ပြီး ဘာဆိုဘာမှမကြောက်တော့ဘဲ မြင်မြင်သမျှ သက်ရှိသတ္တဝါဟူသမျှ ခတ်တဲ့အကောင်မျိုးကြီးပေါ့။ ဒါပေမယ့် ဒီအချိန်ဟာ သူတို့လည်ပင်းကြီး အဆမတန်ကြီးနေတဲ့အချိန်ဖြစ်လို့ အောက်ကို ဘယ်လိုမှ ငုံ့မရနိုင်တော့ဘူး။ ဒါကြောင့် မင်းခန္ဓာကိုယ်ကို မြေပြင်ပေါ် လဲကျသွားတဲ့အထိ ငါလှဲချပစ်လိုက်တာ”
ဦးကြီးရွှေမိုး ပြောပါမှ ပြောင်ထီးကောင်ကွဲကြီး၏ အသွင်အပြင်ကို တရေးရေး ပြန်လည်မြင်ယောင်လာနေမိသည်။ ပြီးတော့ ကြက်သီးများလည်း တဖြန်းဖြန်း ထနေမိတော့သည်။
ကျွန်တော်တို့ ပြောဆိုနေကြခိုက် အနောက်ဘက် တောင်ကျောဆီမှ လေတစ်သုတ် ညှင်းညှင်းနွဲ့နွဲ့ တိုက်ခတ်လာ၏။ လေကို ကျွန်တော် ရှူရှိုက်လိုက်မိသည်။ ကျွန်တော်ကဲ့သို့ပင် ဦးကြီးရွှေမိုးသည်လည်း ရှူသည်။
ရှူနေလျက်က ဘယ်လိုသဘောပေါက်သွားလေသည် မသိ၊ လေလာရာဘက်ကို စူးစူးစိုက်စိုက် ကြည့်သည်။ ပြီးတော့ ဘာမပြော ညာမပြောနှင့် အတင်းထပြေးသွားတော့သည်။
ဦးကြီးရွှေမိုး ပြုလုပ်ပုံကို ကျွန်တော် ဘာမှ နားမလည် သဘောမပေါက်။ သို့သော်လည်း သူ့နောက်ကတော့ ပြေးလိုက်သွားရသည်။
ဦးကြီးရွှေမိုး ရပ်သည့်နေရာတွင် ကျွန်တော်လည်း ရပ်လိုက်သည်။
အမွှေးနံ့သင်းသင်းသည် စောစောက မထင်မမှတ် မိသော်လည်း ယခု ထင်ထင်ရှားရှား သိသိသာသာ မွှေးပျံ့လွန်းနေသည်။ သည်မှာ ဦးကြီးရွှေမိုးက
“မောင်ခက် ရေ… တို့တော့ အဆိုးထဲက အကောင်း ပေါ်တာပဲကွ”
“ဘာဖြစ်လို့လဲ ဦးကြီးရဲ့”
“ဘာဖြစ်ရမလဲကွ … ဟိုမှာ ကြည့်လိုက်စမ်း”
ဦးကြီးရွှေမိုး ပြသည့်အရာကို ကျွန်တော် ကြည့်လိုက်သည်။ ဆွေးမြည့်နေသော သစ်ပင်ပင်စည်ကြီး တစ်ခု။ မြေပြင်မှာ ဝပ်စင်းလျက် တုံးလုံး။
“အဲ့ဒါ ကရမက်ပေါ့ကွ၊ အင်မတန် ရှာမှ ဖွေမှ တွေ့တယ်။ တချို့ ရှာဖွေရင်တောင် တွေ့နိုင်ခဲသေးတယ်”
ဦးကြီးရွှေမိုး၏ မျက်နှာကို ကျွန်တော် ကြည့်လိုက်မိသည်။ ဦးကြီးရွှေမိုး ဆက်ပြောပြန်၏။
“ကရမက်ဆိုတာ နံ့သာဖြူ၊ နံ့သာနီ၊ အကျော်၊ စမ္ပာတို့နဲ့ နံ့သာငါးပါးမှာ ပါဝင်တဲ့ အမွှေးပင်တစ်မျိုးပေါ့။ မြန်မာနိုင်ငံတစ်ဝန်းမှာရှိတဲ့ တောတွေ တောင်တွေအနက် ဒီတော ဒီတောင်မှာမှ ရှားရှား ပါးပါး အလေ့ကျ ပေါက်တဲ့အပင်မျိုးကွ။
ပြီးတော့ အပင်ကို တွေ့တိုင်းလဲ ခုတ်ဖြတ်ယူလို့ မရပြန်ဘူး။ သဘာဝအတိုင်း အပင်သေပြီး နှစ်နှစ်ကြာ လွန်မြောက် အသားတွေ ဆွေးလာမှ ရေချိုးခံအောင်မွှေးတဲ့ အနံ့တွေ ထွက်တယ်။ အနံမွှေးမှလဲ ဈေးကောင်းကောင်းပေးပြီး ဝယ်ကြတယ်”
ဦးကြီးရွှေမိုးသည် ပြောလျက်က အားရဝမ်းသာစွာ ကရမက်ပင်စည်ကြီးကို ခုတ်ပိုင်းယူရန် ပြင်ဆင်လိုက်ပါသည်။ ကျွန်တော်သည်လည်း ဦးကြီးရွှေမိုးကို ကူရပေမည်။
နှစ်ယောက်စလုံး၏ ရင်ထဲမှာတော့ စောစောက ပြေးလွှားထားရသဖြင့် မောပန်းလွန်းနေသည်တို့ကော၊ နေ့စဉ်ရက်ဆက် ကြိမ်ခုတ် ကြိမ်ထမ်း နေရသဖြင့် ပင်ပန်းနွမ်းနယ်နေသည်တို့ပါ ပျောက်ကွယ်ကာ ဝမ်း သာကြည်နူးခြင်းနှင့် ပျော်ရွှင်ခြင်းတို့ ဖြစ်ပေါ် နေသည်မှာ ပြောပြစရာပင် လိုတော့မည်မထင်။
စံပယ်ဦးမြန်မာဝတ္ထုတိုမဂ္ဂဇင်း
အမှတ် ၇၄ ၊ မတ်လ ၊ ၁၉၉၁
– ပြီး –
စာရေးသူ – ခက်နွယ်
စာစီစာရိုက် – မုဆိုး တံငါ စာပေများ