တက္ကသိုလ်ဘုန်းနိုင်
{မဂ္ဂဇင်း ဝတ္ထုတို}
(ပထမပိုင်း)
ချစ်ဇနီး နုက ဘုရားခန်းတွင် တိုးတိုးလေး ဘုရားရှိခိုးနေသည်။
နု သည် အသံကျယ်ကျယ်နှင့် ဘယ်တော့မှ ဘုရားရှိ မခိုး။
သူ့အသံသူ ပြန်ကြားရုံလောက်သာ အသံထွက်ပြီး ရှိခိုးတတ်သည်။
ဪ… နု သည် စကားကိုပင် သိပ်ကျယ်ကျယ်
ပြောတတ်သူမဟုတ်။ မိမိက တော့ ဘုရားရှိခိုးလျှင်
အသံကျယ်ကျယ်နှင့် ရှိခိုးလေ့ရှိသည်။
အထူးသဖြင့် သုတ်တော်များကိုရွတ်လျှင် အသံကို ထင်ရှားစေချင်သည်။
နု ဘုရားရှိခိုးနေစဉ် ကိုသန့်စင်က ဧည့်ခန်းတွင် လမ်းဖြည်းဖြည်းလျှောက်ရင်း ပုတီးစိပ်သည်။
မျက်လုံးတွေ ဖွင့်ထားသဖြင့် ဟိုအရာ သည်အရာ တွေက မထင်မဟုတ် ထင်သည်။
သို့ရာတွင် မနောအာရုံအဖြစ် ဝင်းပ သော မြတ်စွာဘုရား၏ သဏ္ဍာန်တော်ကိုလည်း မြင်နေရ သည်။ ထို့ကြောင့် ပုံတော်၌ ဂုဏ်တော် ထင်လေသောကြောင့် ကိုသန့်စင် စိတ် ချမ်းသာသည်။
အဓိဋ္ဌာန် ပုတီးအပြီးတွင် ပြတင်းဝ၌ ကိုသန့်စင် အသာရပ်သည်။ အောက်ရှိ ခြံတွင်းမြေဆီ လ ရောင်သည် ထိန်ထိန်ကြီးမဟုတ်သော်လည်း အတန်လင်းလင်းလေး ကျရောက်နေသည်။
ကိုသန့်စင်က ကောင်းကင်ဆီ မော့ ငေးကြည့်သည်။ ကောင်းကင်ကြီးက သန့်စင်သည်ဟု မပြာနိုင်သေး။ တိမ်ဖြူဖြူတွေလည်းရှိသည်။
မြူပမာ မှုန်ရီသော အလွှာတွေလည်းရှိသည်။ သည် မှုန်ရီသော အလွှာတွင်းမှာ လမင်း သာ နေသည်။
ဟိုတကွက် သည်တကွက် ပေါ်နေသော ကောင်းကင်သား
ပြာပြာများတွင်တော့ ကြယ်တို့ ပေါ်နေကြသည်။
” မပြီးဆုံးသေးသောလုပ်ငန်း” ဤသို့ တွေးမိပြီးမှ ကိုသန့်စင် ပြုံးမိသည်။ ဤစကားကို မကြိုက်။
” ပျိုးစ အနုပညာ လက်ရာဦး” သည်စကားကိုတော့ ကြိုက်သည်။ သီတင်းကျွတ် ဟူသော သဘာဝ ဗိသုကာ အနုပညာ ရှင်ကြီးလည်း ကျေနပ်လိမ့်မည် ထင်သည်။
အကြောင်းက စာဆိုတော်ကြီး ဦးမင်းက
သီတင်းကျွတ်လ ဘွဲ့လေးချိုးကြီးတွင်
‘ စိန်ဗိတာန် ပုံသစ်မတဲ့ ရွှေရစ်ဆင်”ဟု စပ်ခဲ့သည်။ ကောင်းကင်ကြီးက ဗိတာန်ကြီးပါ။ ဗိတာန် ဆိုသော
စကားက ဝိတာန ဆိုသော ပါဠိစကားမှ ဆင်းသက်လာသည်။
မျက်နှာကြက် ဟု အဓိပ္ပါယ် ရှိသကဲ့သို့ “ဖျင် ထည်”(awning)ဟုလည်း အဓိပ္ပါယ်ရှိသည်။ ရှေးက မျက်နှာကြက်ကို ” ဖျင်ထည်”ဖြင့်ပြုလုပ်ကြ သည်။
မိုးတွင်းအခါများက ကောင်းကင် ဟူသော ဗိတာန် ကြီးက မကြည်လင်လှ ပေ။
သီတင်းကျွတ် ဟူသော သဘာဝ ဗိသုကာကြီးက ကြယ်တွေနှင့် တန်ဆာဆင်ထားသည့် ကောင်းကင် ပြာ ဗိတာန်ကြီးကို ဖန်တီးပေးလိုသည်။
သို့အတွက် ဖျင်ထည်သစ် ရက်လုပ်ရန် ချည် အတွက် ရစ်ဆင်လေပြီ။
သီတင်းကျွတ် ဗိသုကာကြီး၏ အနုပညာ ပြီးမြောက်ချိန်၌ ရောက်လာမည့် တန်ဆောင်မုန်းကျလျှင် ပြာလွင် သော စိန်ဗိတာန်ကြီးက လှ ချင်တိုင်း လှ နေရော့ မည်။
ဦးမင်း၏ အံ့ဖွယ်သော ပုံရိပ်ကဗျာ စကားလှ ကို
ကြည်နူး အောက်မေ့ရင်း သီတင်းကျွတ်လ
မိုးကောင်းကင်၏ ဖွဲ့စည်းစ အနုပညာ အလှသစ်ကို ကိုသန့်စင် ငေးကြည့်နေသည်။
မိမိအိမ်က တောင်ဘက်သို့ မျက်နှာမူထားသည်။ အဲသည်ဘက်မှာက သစ်ပင်မြင့်ကြီးများက ကောင်းကင်၏ အောက်ပိုင်းကို ကွယ်ထားသည်။ တောင်ဘက် အဝေးဆီမှ မီးပုံးပျံ လွှတ်တင်ကြ သည်။
မနေ့က မီးပုံးပျံများ စ တက်သည်ကို သတိပြု
မိသည်။
ကွယ်နေသော သစ်ပင်စုတန်း ထိပ်သို့ ကျော်ပြီး တည့်တည့် တက်လာသည်။ အမြင့်ရောက်
သောအခါ
တဖြည်းဖြည်းနှင့် မိမိအိမ်ရှိရာဘက်သို့ ရွေ့လာကြသည်။ မိမိအိမ် ခေါင်မိုးအထက်ရှိ ကောင်းကင်အတိုင်း မြောက်ဘက်သို့ ခရီးသွားကြသည်။
ယခုလည်း မီးပုံးပျံများ တက်လာဦးမည်လော ဟု ကိုသန့်စင်က ကြည့်နေသည်။
စိတ် လှည့်စားသည်လေ…။ တောစုတန်း သစ်ရွက်
သစ်ကိုင်း တွေကြား၌ ရိပ်ရိပ် ဝင်းခနဲ လက်သည်ကို တွေ့ရ သည်။
ကိုသန့်စင်က တောစုတန်း ထိပ်ကို မျှော်ကြည့်
နေသည်။
ဘာမီးပုံးပျံမျှ တက်မလာ။ ပြတင်းမှ ကိုသန့်စင် ခွာမည် အလုပ်၌ တောစုတန်း၏ အရှေ့ဘက်အစွန်း၌ ဝင်းခနဲ လက်ပြီး မီးပုံးပျံတစ်လုံး ပေါ်လာသည်။ မီးပုံးပျံက နိမ့်နိမ့် ပျံသောကြောင့် တောစုတန်းထိပ် ကျော်တက်မလာ။ တောစုတန်း အဆုံးကျခါမှ သူ ပေါ်ပေါက်လာခြင်း ဖြစ်လေသည်။
မီးပုံးပျံက အရှေ့ဘက်ဆီသို့ ရွေ့နေသည်။ ရွေ့ရင်း က လည်း အထက်သို့ တစ်ဖြည်းဖြည်း တက်နေ သည်။
အတန်ကြာသော် အရှေ့ဘက် ကောင်းကင် တစ် နေရာ၌ ရပ်သယောင် ဖြစ်နေသည်။ မြင့်နေပြီ ဖြစ် သောကြောင့် မီးပုံးပျံ သဏ္ဍာန်မပေါ်။ အဝါရောင် ကြယ်ကြီးတစ်လုံးနှင့် တူနေသည်။
မီးပုံးပျံ ကြယ်ဝါက ဘာကြောင့် ရပ်နေရသနည်း။ အဖြေမသိသော်လည်း ရပ်နေသော မီးပုံးပျံကို ကို သန့်စင် စိတ်ဝင်စားစွာ ဆက်ကြည့်နေသည်။
ကြည့်နေစဉ်အတွင်း မီးပုံးပျံက စ ရွေ့သည်။ သည်တစ်ခါတော့ တက်လာသောလမ်းနှင့် ပြောင်းပြန်နီးပါးပြုပြီး အနောက်တောင်ဆီ သွား သည်။
သွားရင်းကလည်း မြင့်မြင့်တက်နေသည်။ မကြာ ခင် အနောက်တောင် ကောင်းကင်တွင် ကြယ်ဝါဝါ တစ်ခုပမာ သေးငယ်သွားသည်။
နောက်ထပ် တစ်လုံးပြီးတစ်လုံး မီးပုံးများ တက်
လာကြသည်။
ပထမ ဆုံးတစ်လုံးနည်းတူ အားလုံးသည် ရှေးဦးစွာ အရှေ့ဘက်ဆီ သွားသည်။ အမြင့်၌ ခေတ္တ ရပ် ငြိမ် နေသည်။ထို့နောက် မြင့်မြင့်သွားပြီး အနောက်တောင်ဆီ အားလုံး သွားကြသည်။
ထိုစဉ် မေးသံ ကြားရသည်။
” မောင် ဘာငေးကြည့်နေတာလဲ”
‘ အာ….အင်း.ဆောင်းလေလာပြီ” ။
“ဘယ်လို”
နု မျက်နှာလေးက ဖြူစင် ကြည်လင်နေသည်။ ပြတင်းမှ ဝင်လာသော လ ရောင်ကြောင့် နု ၏ အသားလေးများက လဲ့လဲ့ လှနေသည်။
ဪ… လ ရောင်၌ လဲ့လဲ့ လှ သော ချစ် ဇနီး၏ မျက်နှာလေးကို မတွေ့မိသည်မှာ ကြာပြီ။ လ ရောင်၌ ကြည်နူးကြရသော ရက်များ ကုန်လွန်ခဲ့ သည်မှာ ကြာပြီကိုး။
။ ဆောင်းလေ လာပြီလေ မနေ့က အထိ မီးပုံးပျံတွေ
တောင်က နေ မြောက်ကို ပျံကြတယ်။ ဒီနေ့ အရှေ့ ဘက်ကို ပျံပြီးမှ အမြင့် ရောက်တော့ ခဏ တန့်နေကြတယ်။ လေကြောင်းနှစ်ခု အားမျှတဲ့နေရာနဲ့တူတယ်။ ဒီထက် အမြင့်ရောက်တော့မှ အနောက်တောင်ဆီကို ပျံ သွားကြတယ်။ အမြင့်မှာ အရှေ့မြောက် လေ ရှိနေပြီ”
” ဟုတ်ပါရဲ့၊ ဒီည အေးတယ်။ ဟိုဒင်း နူးနူးညံ့ညံ့ လေး အေးတယ်။
ကိုသန့်စင်လည်း ယခုမှ သတိပြုမိသည်။ အခါတိုင်း
ည များက မိုးမရွာလျှင် အိုက်စပ်စပ် နိုင်သည်။ ယနေ့ည တော့ နု ပြောသကဲ့သို့ နူးနူးညံ့ညံ့လေး အေးသည်။
” အင်း ဆောင်းဝင် စောမယ် ထင်တယ်။
“ ထူးမစောပါဘူး။မနက်ဖြန်ဆို သီတင်းကျွတ်လပြ ည့်ပြီ”
” သီတင်းကျွတ်လ ပြည့်ပြီ”
” ဘာဖြစ်တာလဲ။ ဒီနေ့ အဖိတ်နေ့လေ”
ကိုသန့်စင် မိမိကိုယ်ကို မိမိ အံ့ဩသွားသည်။ ငယ်စဉ်တုန်းကမူ သီတင်းကျွတ်ကို နေ့စဉ် လက်ချိုး ရေတွက် စောင့်မျှော်ပြီး ရင်ခုန်သည်။
ယခု… သီတင်းကျွတ်လတွင်း ရောက်နေပြီကိုတော့ သိသည်။ စာရေးရန် ဝန်တွေ ပိနေသောကြောင့် ရက် ကို သတိ မထားမိ။
ဪ. သီတင်းကျွတ်ပြီ။ ငယ်ငယ်တုန်းက လို မီးပုံးကလေးတွေ မလုပ်မိ။ မီးပွဲ လျှောက်ကြည့်ရန် လည်း သတိမရ တော့။
* ပုတီးစိပ်ပြီးပြီလား”
“ပြီးပြီ”
“သမီးလည်း ကမ္မဋ္ဌာန်းထိုင် ပြီးကာနီးပြီ။ သူ ပြီးရင် တီဗွီ ထ ဖွင့်မှာ။ ဒီည ခိုင်ဖုန်း တရားရုံးက ကောင်းခန်း ရောက်နေပြီ။ အနားနီးမှ လဖက်ရည် ကြမ်းအိုး ချ ပေးဦး။ ဆေးလိပ်ခွက် ဘယ်ရောက်နေလဲ မလုပ်နဲ့။
အိမ်မှာက သားအမိ သားအဖ သုံးယောက်သာ ရှိ
သည်။
ည ဦး ထမင်းစားပြီးလျှင် ဘုရားကိစ္စ ကိုယ်စီ လုပ်
ကြသည်။
နောက်ပိုင်းမှာတော့ ရုပ်မြင်သံကြား ကြည့်ကြသည် ပေါင်ချိန်တို့ ကျန်ကျောင်းတို့ကို စွဲနေကြသည်။
‘ အင်းပါ… အင်းပါ။ ။
နု က အနားမှ ခွာသွားသည်။ ကိုသန့်စင်က မူ
ပြတင်း၌ရပ်ရင်း လ ရောင်၌ လှ နေသော ည ကို ငေးကြည့် ကျန်ရစ်သည်။
ဪ… မိမိသည် ရှေးနှင့် မတူတော့ ဟု ထင်သည်။ သို့ရာတွင် လှပ သော လ ရောင်နှင့် ည ကို ချစ်ခင်ဆဲပါကလား။ ဟိုပွဲ သည်ပွဲ မသွားတော့သော်လည်း ရုပ်မြင်သံကြားတော့ ကြည့်ဆဲပါက လား။
မိမိကိုယ်ကို တရားရှင်ကြီးပါ ဟု မညာလိုပါ။ လှပ သော အာရုံတရားလေးတွေကို နှစ်ခြိုက်ဆဲပါ။
သည်ကြားထဲက ကိုသန့်စင် မျက်မှောင်ကြုတ် စဉ်းစားနေခိုက် နှာခေါင်းများက လှပ သော အာရုံ တရား တစ်ခုကို သိလိုက်၏။
ရနံ့။ သင်းပျံ့သော ရနံ့။ စံပယ်နံ့။
သီတင်းကျွတ် ဟူသည်က ကြာ ငါးမည် ကြိုင်သင်း သောလ။
ကြာရနံ့တွေ ကြိုင်သင်းသည့် မီးရောင်စုံနှင့် လှပ
သော သီတင်းကျွတ်လ ကို နောက်ခံပြီး ရင်ခုန်ဖွယ် ဝတ္ထုလေး အများကို မိမိ ရေးခဲ့ဖူးသည်။
ယခုတော့ ကြာရနံ့လေးတွေကို သတိမရ။ မိမိ နေရာ၌လည်း ကြာပန်း လှလှတွေ ပွင့်သည့်ရေကန် တွေမရှိ။
ကြံကြံဖန်ဖန် ယခု ဤ သီတင်းကျွတ်ညတွင် စံပယ်ပန်း ရနံ့ကို ရသည်။
စံပယ်တွေ ပွင့်နေပြီလော။ သီတင်းကျွတ်လ ကြီးထဲ မှာ စံပယ်တွေ ကြိုင်အောင် လှိုင်အောင် ပွင့်နေပြီလော။
ကိုသန့်စင် ရင်ခုန်လာ၏။
*******************
(ဒုတိယပိုင်း)
ထိုနေ့က မိုးအပြတ်သွားမှာ နေသာနေသည်။
ကီလိုမာလကာသီးကြီးတွေက ရွှေရောင်ဘက် လုသော
အစိမ်းရောင်နှင့် ကောင်းကောင်းပွ နေပြီ။
အစိမ်းနုရောင်တွင်း ရွှေရောင်ပေါ်သစ်စ ကျွဲကောသီးကြီးများက လည်း အကိုင်းတွေညွတ်အောင် အားရပါးရ သီးနေကြသည်။
မိမိတို့ သားအမိ သားအဖ သုံးယောက်လုံးက မာလကာသီးမှည့်ကို မကြိုက်ကြ။ မာလကာသီးပွပွ ကိုသာ ကြိုက်ကြသည်။
မာလကာသီးပေါ်ချိန်တွင် ဘိုးအေ၏ ခြံဆီ လာရခြင်းကြောင့် အလွန်ပျော်သူ ရန်ကုန်မှ မြေး ” ပြည့်ပြည့်”ကလည်း မာလကာသီး ပွပွ ကိုသာ ကြိုက်သည်။
သည်နေ့ သား ချွေးမ နှင့် မြေးတို့လာမည်။
နု က ဘယ်အသီးခူးရမည်ဟု ညွှန်ကြားပေးသည်။
ပေါများတော့ ချေးများသည်ဟု ဆိုရမည်။
မာလကာသီး တော်တော်များများက စား၍ရနေပြီ။
သို့ရာတွင် နု က သူစိတ်တိုင်းကျ အပွဆုံးကိုသာ ရွေးခူးခိုင်းသည်။
” ဟို အသီးကြီးနှစ်လုံး ခူးလိုက်တော့ မောင်”
“တမင်ချန်ထားတာ”
” ပွ နေပြီ။ မှည့်သွားဦးမယ်”
” မောင့် မြေးလာမှ ခူးပါစေ။ ကလေးဆိုတာ ကိုယ်တိုင်ခူးစားရတာကို ပျော်တယ်လေ”
နုက မကန့်ကွက်တော့။
ကိုသန့်စင်က သာ ဆက်စဉ်းစားသည်။ ကလေးသဘာဝ က ခူးပြီးသား သစ်သီးကို စားရသည်ထက် ကိုယ်တိုင်ခူးယူစားရသည်ကို ပိုပျော်သည်။
မိမိက လည်း မြေးကို သပျစ်သီး၊ ပန်းသီး ဝယ်ကျွေးရသည်ထက် ကိုယ်တိုင် စိုက်ထားသောအပင်မှ အသီးကို ကျွေးရခြင်းကို ပိုပျော်သည်။
အဲသည်ဟာထက် မြေး ပျော်ခြင်းကြောင့် မိမိ ပိုပျော်သည်။
အင်း… အင်း… သံယောဇဉ် မှ လာသော ပျော်ရွှင်ခြင်းများ။
ကိုသန့်စင်နှင့် နု တို့က ကျွဲကောသီး ဆက်ခူးကြသည်။
သည်မှာတွင် စားကြဖို့က တစ်လုံး။ ရန်ကုန်သယ်ယူသွားကြဖို့က တစ်လုံး။ ကျွဲကောသီးကြီးကြီးကို ပလတ်စတစ်အိတ်အတွင်းထည့်ပြီး မနိုင်မနင်းနှင့် မြေးဖြစ်သူ သယ်ဟန်ကို ကိုသန့်စင်က သဘောအလွန်ကျသည်။
ကျွဲကောသီးခူးပြီးနောက် သံပယိုသီးတွေ ဆက်ခူးကြပြန်သည်။
အားလုံးပြီးမှ ကိုသန့်စင်က ဥယျာဉ် ပစ္စည်းခန်းမှ ပေါက်တူးနှင့် တူရွင်းကို ထုတ်ယူသည်။
” မောင် ဘာလုပ်ဦးမလို့လဲ”
” အိတ်(စ်) ပဲရီးမင့်(တ်)တစ်ခု”
ခြံတွင်းမှာ ကိုသန့်စင်က ဟိုစမ်းလုပ်၊သည်စမ်းလုပ် လုပ်တတ်သည်။
” စာတွေရေးစရာ ရှိသေးတယ် မဟုတ်လား”
” အင်းပါ။ လူလဲညောင်း၊ စိတ်လဲ ညောင်းလို့ပါ။
” စိတ်က ညောင်းရုံညောင်းနော်၊အိုမသွားနဲ့။
” ဘယ်လို”
” မောင် ဝတ္ထုလှလှ လေးတွေ မရေးတာ ကြာပြီ”
” အာ… အင်း”
ပြုံးချိုချိုနှင့် နု အိမ်တွင်း ဝင်သွားသောအခါ ကိုသန့်စင်
စံပယ်ပင်တွေအနီး၌ ငိုင် ကျန်ရစ်သည်။
မိမိက ဝတ္ထုရေးဆရာပါ။ ဝတ္ထု ရေးရသည်ကို အပျော်ဆုံး။
သို့ရာတွင် ယခု ဆောင်းပါးတွေ အရေးများနေသည်။
သုတ ဘက်နွယ်သော ဆောင်းပါးများ။
မိမိ ဘာဖြစ်သွားသနည်း။ ရင်ခုန်ဖွယ် ဝတ္ထုလေးတွေ
မရေးဖြစ်တော့သည်မှာ မိမိ၏ စိတ် အိုသွားလေ၍လား။
ခေါင်းခါပြီး ကိုသန့်စင်က အတွေးကို မောင်းထုတ်ပစ်သည်။
စိတ် အညောင်းပြေချင်မှ အတွေးတွေက ဘာကြောင့်
ရောက်လာရသနည်း။
စံပယ်ပင်တစ်ပင်၏ ပတ်လည်တွင် ကိုသန့်စင်က မြေတူးဆွ၏။
လူအညောင်းပြေ၊ စိတ်အညောင်းပြေဟု ခြံတွင်းမှာ ကိုသန့်စင်က သစ်ပင်စိုက်တတ်သည်။
ကျွဲကောပင်၊ သံပုရာပင်၊ သံပရိုပင်၊ မာလကာပင်၊ သရက်ပင်၊ မရန်းချိုပင်၊ စောင်းလျားချိုပင်၊ ဒန့်သလွန်ပင်၊ သင်္ဘောပင်။
စားပင်တွေချည်း…။ စားပင်တွေက သီးတော့ ပျော်သည်။
သည်တော့ စားပင်တွေဆက် စိုက်သည်။
ကျွဲကောနှင့် မာလကာပင်ကို ကိုင်း ကူးထားသည်။
မော်လမြိုင် သားကြီးထံ ကြက်မောက်မျိုးပင် မှာထားသေးသည်။
မော်လမြိုင်မှာ အောင်မြင်သော အပင်မှန်သမျှ။
သည် သန်လျင်မြေမှာ အောင်မြင်သည်။ ဟိုး ခြံထောင့်တွင် မှိုတဲလေး ထိုးပြီး မှို စမ်းစိုက်မည် စိတ်ကူးထားသည်။
စာရေးဆရာခြံဆိုပြီး ဘာကြောင့် ပန်းပင်တွေ မစိုက်မိသနည်း။
ပန်းပင်က ပို ” ကဗျာဆန်”သည် မဟုတ်လော။
ပန်းပင်ဆို၍ စံပယ်ပင် သုံးလေးပင်သာ ရှိသည်။
ဤ စံပယ်ပင်တွေပင်လျှင် သမီးယူလာခဲ့၍ဖြစ်သည်။
မိမိက တော့ စားပင်တွေကိုသာ စိတ်ဝင်စားနေသည်။
အဲ… စံပယ်တွေ ပွင့်လျှင်တော့ အပျော်သား။
စံပယ်နံ့လေးတွေ သင်းနေလျှင် အကြည်နူးသား။
ခက်သည်က စံပယ်တွေက မိုး စောလျှင် ကဆုန်လ ကတည်းက စ ပွင့်သည်။ နယုန်လ တွင်း ဆိုလျှင်တော့ လှိုင်လှိုင်ပွင့်ကြပြီ။
သြော်…နယုန်လ က သူ့ရာသီ မဟုတ်လော။
မဟာအတုလ မင်းကြီးက ဆယ့်နှစ်ရာသီဘွဲ့ လွမ်းချင်းတွင် နယုန်လ ဘွဲ့၌
” ပိဋကတ်မှာ၊ မပြတ်ကယ်ထွက်စံ၊
စာညီလာခံသောခါ၊
ဗိုလ်ခြံတဲ့ ရွှေလယ်မှာ၊
ငွေစံပယ်ဖြူ မုလေးက၊
မွှေးလှတယ်လေး” ဟု စပ်ခဲ့သည်။
ဉာဏ်ဝန်ကြီး ဦးဖြေက လည်း သူ့ နယုန်လ ဘွဲ့ လေးချိုးကြီးတွင်…
” တော တောင်တို့မှာ၊
ရှုလေရာငယ်၊
ရေညှာစမ္ပယ်၊
ငုံချင်းလှယ်လို့၊
တစ်သွယ် ပန်းမြိုင်၊
တင်းကျမ်းပဲ လှိုင်တော့တယ်”ဟု စပ်ခဲ့သည်။
ဆယ့်နှစ်ရာသီဘွဲ့ ကဗျာတိုင်းတွင် နယုန်လ ကို
စံပယ်၏လ ဟု ဆိုကြသည်။
မိမိခြံတွင်းမှ စံပယ်ပင်တွေကလည်း ကဆုန်နှင့် နယုန်မှာတော့ လှိုင်လှိုင် ပွင့်ပါ၏။
နောက်ပိုင်းတော့ ရပ်သွားသည်။ ပွင့်လျှင်လည်း တစ်ပွင့် နှစ်ပွင့်။
ဤသည်ကို ကိုသန့်စင် မကျေနပ်။ နယုန်လ ၌ သူ အလှိုင်ဆုံး ပွင့်သည်ထား။ စံပယ် ဟူသည်က တစ်နှစ်လုံး ပွင့်တတ်သည်။
ရန်ကုန်ကဲ့သို့ မြို့ကြီးများတွင် စံပယ်ပန်း အမြဲရောင်းနေကြသည်ကို သတိပြုမိသည်။
ဘာကြောင့် မိမိ၏ ခြံတွင်းမှ စံပယ်တွေက နယုန်ကျော်လျှင် မပွင့်တော့ဘဲ ရပ်သွားကြသနည်း။
ပွင့်ပြန်လျှင်လည်း ဘာ့ကြောင့် တစ်ပွင့် နှစ်ပွင့်လေး သာပွင့်သနည်း။
ကိုသန့်စင်က စမ်းကြည့်ချင်သည်။ ထို့ကြောင့် စံပယ်ပင် ပတ်လည်မှ မြေတို့ကို တူးဆွ သည်။ သန်လျင်မြေက ဂဝံမြေ ဖြစ်သောကြောင့် ကျစ်ပြီးစေးသည်။
ကိုသန့်စင်၌ ပြုပြင်ထားသော မြေဆွေးမွမွ တွေရှိသည်။
အမှန်က စားပင်များကို ကျွေးရန် ပင်ပင်ပန်းပန်း လုပ်ထားရသည်မို့ နှမြောတော့ နှမြောသား။ တတ်နိုင်ဘူး။စံပယ်လည်း ပွင့်စေချင်သည်ကိုး။
ကိုသန့်စင်က မြေကျစ် မြေစေးများ နေရာတွင် မြေဆွေးမွမွ တွေ လိုက်ထည့်သည်။
မြေဆွ စဉ်က အမြစ်များဆုံးရာကိုလည်း မှတ်ထားသည်။
အဲသည် အမြစ်များဆုံးရာ ပတ်လည်တွင် တီဆူပါ
ဓာတ်မြေသြဇာ နည်းနည်း လိုက်ဖြူးသည်။
ပြီးတော့မှ မြေသား ထပ်ဖုံးပေးသည်။ ဓာတ်မြေသြဇာ ထည့်ရသည်ကို အကြောက်သား။ သို့ရာတွင် မိမိ၌ အတွေ့အကြုံ ရှိနေပြီဟု ကိုသန့်စင် ယုံသည်။
အားလုံးပြီးမှ ရေချိုးပြီး ကိုသန့်စင် စာရေးစားပွဲ၌ ထိုင်သည်
ဘာရေးရ မည်နည်း။ အင်း… ဆောင်းပါး။
မပြီးပြတ်နိုင်သေးသော အခန်းဆက် ဆောင်းပါးရှည်။
(အပိုင်း ၃ )
{ဇာတ်သိမ်းပိုင်း}
သီတင်းကျွတ် လပြည့်နေ့။
နံနက်စောစောထပြီး စံပယ်ပင်တွေအနီး ကိုသန့်စင် ရပ်နေသည်။
ည တုန်းက ထက်ပင် စံပယ်နံ့တွေက ကြိုင်နေသည်။
အပင်မှာ စံပယ်ပွင့်တွေလည်း ဖွေးဖွေးဖြူဖြူ ပွင့်နေကြသည်။
ကြယ်ပွင့်တွေအလား။
ဟင့်အင်း……
နု ရဲ့မျက်နှာလေးပါတကား။
ကဗျာလေး တစ်ပိုဒ်က လည်း နှုတ်မှာ ပေါ်လာသည်။
” စံပယ်ရဲ့ဖြူဖြူ
ကြယ်ဖြူသို့တနှုန်း။
ပန်တော့ပန်ချင်လှ
ဆံပင်ကို ဘယ်ပုံသ လို့
ဆင်ရ မတုန်း။
စံပယ်ရဲ့ဖြူဖြူ
ကြယ်ဖြူနှင့်မခြား။
ပန်တော့ပန်ချင်က
ဆံပင်ကို နန်းဟန်သ လို့
ဆင်ပါ့လေလား။
စံပယ်ရဲ့ဖြူဖြူ
ကြယ်ဖြူနှင့်မခြား။
ပန်တော့ပန်ချင်လို့
ဆံပင်ကို နန်းဟန်သ တော့
မီပါ့မည်လား။”
ကိုယ့်ဘာသာကိုယ်မေး၊ ကိုယ့်ဘာသာကိုယ်ဖြေ၊
ကိုယ့်ဘာသာကိုယ် ကြောင့်ကြ။
သည်ကဗျာကို ဘယ်သူစပ်၊ မိမိစပ်သည်။
ဘယ်တုန်းက၊ နု နှင့် တွေ့စ က။
သြော်… နု ဆယ်ကျော်သက်က။
ချစ်ခြင်းဘဝ အစ က အလှ အပ တွေ၊ မျှော်လင့်ချက်တွေ၊ စိုးရိမ်စိတ်တွေ။ ရင်ခုန်ရသည်များ။
မြတ်စွာဘုရား။ယခုလည်း ရင်ခုန်နေပါကလား။
မိမိ ရင်က ခုန်တတ်သေးပါတကား။
နု က မီးဖိုခန်းထဲတွင် နံနက်စောစော စားဖို့ အလုပ်များနေသည်။
အိမ်ရှေ့လှေကားမှ တိတ်တိတ် တက်ခဲ့ပြီး စာရေးစားပွဲတွင် ကိုသန့်စင် ထိုင်သည်။
စားသောက်ရန် ခေါ်ဖို့ နု တက်လာတော့ ကိုသန့်စင် စာ စ ရေးနေပြီ။
” ကြည့်စမ်း စာတောင်ရေးနေပြီ။ သြော်… မောင်သိလား။ စံပယ်တွေ ပွင့်နေပြီ။ ဟိုဒင်း…အများကြီး ပွင့်နေပြီ။ ဒီမှာလဲ ကြည့်လေ။
နု က သူ့ ခေါင်းထက်မှစံပယ် တစ်ပွင့်ကို ပြ သည်။
နု ခေါင်းထက်မှ စံပယ်ပွင့်လေးက နု အသားလေးကဲ့သို့ပင် ဖြူသည်။ အညှာထိုး ပန်ထားသည်မို့ စံပယ်ရွက်လေး နှစ်ရွက်လည်းပါသည်။ စံပယ်ရွက်လေးတွေက နု ပါးပြင်မှ အကြောလေးတွေ ကဲ့သို့ပင် စိမ်းသည်။
” ဘာ ငိုင်နေတာလဲ။လာ… ခေါက်ဆွဲ သုပ်ထားတယ်”
” မောင် စာရေးနေတာ”
” အဲဒါ ဆန်းသလား”
” ဟိုဒင်း… ဝတ္ထု ရေးနေတာ”
“ဝတ်ထု”
” အင်း… နု ရေ။ မောင့် စိတ်က ညောင်းတော့ညောင်းတယ်။ ဒါပေမယ့်…”
” ဒါပေမယ့် ဘာဖြစ်လဲ”
ကိုသန့်စင်က လေးနက်စွာ ပြောသည်။
” မောင့် စိတ်က ညောင်းတော့ ညောင်းတယ်။ ဒါပေမယ့်
မအိုသေးဘူး။ဘယ်တော့မှ စိတ် အိုမသွားပါစေနဲ့ လို့
မောင် ဆုတောင်းတယ်”
စကားအဆုံးတွင် ကိုသန့်စင်က ပြုံးသည်။ဤ အပြုံးက
နုပျိုနေမည်ဟု ထင်သည်။ အနည်းဆုံး နု အတွက် နုပျိုနေမည်ဟု ယုံကြည်သည်။ ဖြစ်နိုင်လျှင်တော့ အားလုံးအတွက်လည်း နုပျိုချင်ပါသည်။
တက္ကသိုလ်ဘုန်းနိုင်
ကလျာမဂ္ဂဇင်း ၁/၂၀၀၀
ကြိုင်ပါလေဦးရော့ ကိုယ့်ပန်းစံပယ်။