—————-
“မိန်းမရေ တစ်ခုလောက်ပြောချင်လို့”
“ပြောကြည့်လေ”
“အညာက အစ်မကွယ် … ဒီကို ခေါ်ထားမှ ဖြစ်တော့မယ်”
“ဘာဖြစ်လို့လဲ … သူဘာသာသူ နေတာကို”
“ခု သူ့ဘာသာသူ နေစရာကို မရှိတော့တာ။ အဲဒါ ငါမှ မခေါ်ထားရင် နေစရာလည်း မရှိတော့ဘူး”
“အေးပါလေ အားလုံး ဒုက္ခရောက်နေချိန်မှာ ရှိတာလေးနဲ့ မျှစားနိုင်ကြရင်တော့ ခေါ်ပေါ့”
ဤသို့ဖြင့် ဒေါ်ရွှေမြိုင်တစ်ယောက် ရန်ကုန်ကို ရောက်လာသည်။
မောင်ဖြစ်သူကလည်း တက္ကစီမောင်း၊ တိုက်ခန်းကလည်း ငှားနေရ၊ လင်မယားနှစ်ယောက်တည်း ရှိသည် ဆိုသော်လည်း တက္ကစီက ဆွဲမကောင်း၊ တိုက်ခန်းဈေးတွေကတက်၊ ကုန်ဈေးနှုန်းက သုံးဆ လေးဆတက် ရန်ကုန်က အညာကို ပြန်ပြောင်းမလား စဉ်းစားနေစဉ်မှာပင် ဟိုမှာကလည်း အခြေအနေမကောင်း၊ ဟိုကတောင် ပြောင်းလာဦးမယ်ဟု ဆိုပြန်သည်။
ဒေါ်ရွှေမြိုင်ကို မောင်ဖြစ်သူ ကိုကျော်လှိုင်က အဝေးပြေးဂိတ်တွင် သွားကြိုလာရသည်။
အစ်မဒေါ်ရွှေမြိုင်မှာ အသက်က ၇၀ ကျော်၊ အပျိုကြီးဖြစ်သည်။ ရွာတွင် ကျန်ခဲ့သော ဘိုးဘွားပိုင် မှန်သမျှ ကလည်း မျှော်လင့်စရာ အကြောင်းမရှိ။ သူ့မှာ ကျွန်းသေတ္တာကြီးတစ်လုံးသာ ပါလာနိုင်တော့သည်။
ဒေါ်ရွှေမြိုင်ရောက်လာသဖြင့် ကိုကျော်လှိုင်ဇနီး မအေးချစ်က အပိုဝင်ငွေရရန် ဈေးထဲက ကုန်ခြောက်ဆိုင်တွင် အလုပ်သွားလုပ်သည်။ ဒေါ်ရွှေမြိုင်က အိမ်စောင့် အဖြစ်ကျန်သည်။
အိမ်ရှိလူကုန် မရှာ၍လည်း မဖြစ်။ ဒေါ်ရွှေမြိုင်က မကျန်းမာသောကြောင့် ဆေးကုရသည့်အတွက် ငွေကလည်း ပိုကုန်သေးသည်။
“ကိုကျော်လှိုင်”
“ဘာလဲကွယ်”
“ကျွန်မ ဟိုတစ်လောကမှ ဝယ်ထားတဲ့ ဆန် ၃ ပြည်လေ … အဲဒါ ရှင်ယူသေးလား”
“ငါက ဆန်ကို ဘာယူလုပ်ရမှာလဲကွာ”
“ဘာမှတောင် မစားရသေးဘူး … ကုန်တာမြန်လွန်းလို့မေးကြည့်တာ”
“မင်းကွာ စားလို့ ကုန်တာပေါ့ … ဘယ်သူက ကစားမှာလဲ”
နောက်တစ်ပတ်ခန့်အကြာ
“ကိုကျော်လှိုင်”
“ဟေ”
“ကျွန်မတို့ ခွဲတမ်းရထားတဲ့ စားအုန်းဆီ ငါးဆယ်သားလေ … ဒီမှာ ဖင်ကပ်ပဲ ရှိတော့တယ်။ ရှင် ယူသေးလား”
“မင်း ဘယ်လို ဖြစ်နေတာလဲ … တစ်ခုခုဆိုရင် ငါယူသလား … ငါယူသလားနဲ့ … ငါက ဘယ်မယားငယ်ကို ပေးရမှာလဲ”
“သိဘူးလေတော် … ပျောက်နေလို့ မေးကြည့်တာ”
နောက်တစ်ပတ်ခန့်အကြာတွင်
“ကိုကျော်လှိုင်”
“ဘာလဲ”
“ဒီတစ်ခါတော့ ရှင့်အစ်မကို မေးမှ ဖြစ်တော့မယ်”
“ဘာမေးမှာလဲ”
“ကျွန်မ ဝယ်ထားတဲ့ ငါးမြွေထိုးခြောက်တွေ ပျောက်နေပြန်ပြီ”
“မင်း ငါးခြောက် ပျောက်တာနဲ့ ဘာဖြစ်လို့ ငါ့အစ်မကို မေးမှာလဲ … ဘာလဲ မင်းက သူခိုးတယ်လို့ စွပ်စွဲ လိုက်တာလား”
“အိမ်မှာ သုံးယောက်ပဲရှိတာ … နှစ်ယောက်မယူဘူးဆိုရင် တစ်ယောက်ကို မေးရမှာပဲ။ ခုဟာက သိသိသာသာ ကြီးကို ပျောက်နေတာ”
“မိန်းမရယ် … သူ့မှာ အားကိုးလည်းမရှိ၊ ကျန်းမာရေးကလည်းမကောင်း၊ ငါတို့ကို အားကိုး နေရတာ။ သွားပြီး မမေးပါနဲ့ကွာ။ လိုရင်ငါ့ကို ပြောပါ။ ငါဝယ်ပေးပါ့မယ်”
နောက် သုံးလအကြာတွင် ဒေါ်ရွှေမြိုင် ဆေးရုံတင်ရသည်။ ကျန်းမာရေးအခြေအနေမကောင်းသဖြင့် ဆေးရုံတင် ရခြင်းဖြစ်သည်။ သူ့ကို ဆေးရုံတွင် ပြုစုရန် မအေးချစ်က အလုပ်မဆင်းရတော့။
အခြေအနေက ဆိုးလာသဖြင့် ဆေးရုံတင်ပြီး သုံးရက်အကြာတွင် ဒေါ်ရွှေမြိုင်ဆုံးသည်။
သူကွယ်လွန်မှ သူ့လည်ပင်းတွင် ဆွဲထားသည့် သေတ္တာသော့ကို မအေးချစ်က ဖြုတ်ယူထားလိုက်နိုင်ခဲ့သည်။ ထိုသော့ကို လည်ပင်းတွင် ဆွဲထားသဖြင့် သူမျက်စောင်းထိုးနေတာကြာပြီ။ ယခုမှ ရတော့သည်။
အလောင်းကို ရေခဲတိုက်ပို့ပြီး သူတို့ လင်မယား အိမ်ကို ပြန်လာကြသည်။
ထိုညတွင်
“ကိုကျော်လှိုင်”
“ဟေ”
“ရှင့် အစ်မ သေတ္တာကြီးကို ဖွင့်ကြည့်ရအောင်”
“ဖွင့်မနေပါနဲ့ကွာ … ဘာမှလည်း ရှိမှာ မဟုတ်ပါဘူး”
“ရှင့် အစ်မက မသေခင် တဖွဖွပြောနေတာဘာလဲ သိလား”
“ငါမှ အနားမှာမရှိတာ ငါဘယ်သိမှာလဲ”
“ငါ့ သတ်ေတာ … ငါ့ သတ်ေတာတဲ့”
“အေးလေ သူ့မှာ ဒီတစ်မျိုးပဲ ပါလာတာဆိုတော့ စိတ်စွဲမှာပေါ့”
“လာပါ ဖွင့်ကြည့်ရအောင်”
လင်မယားနှစ်ယောက် သေတ္တာကို ဖွင့်ကြည့်ကြသည်။
သေတ္တာထဲတွင် ဘာတွေကို တွေ့မည် ထင်ပါသနည်း။
ဆီပုလင်းလေးတွေကို ခွဲထည့်ထားသည်က ငါးပုလင်း။ ဆန်တွေကို အထုပ်လေးတွေ ထုပ်ထားသည်က လေးထုပ်၊ ထို့ပြင် မှိုတက်နေသော ပေါင်မုန့်များ၊ မုန့်ခြောက်များ၊ ကုလားပဲနှင့် ထမင်းခြောက်နှင့် ငါးခြောက် တွေကိုသာ တွေ့ရသည်။
မအေးချစ်က သူ့ယောကျ်ားကို
“ကဲ ဘယ်လိုလဲ” ဆိုသည့် မျက်နှာပေးနှင့် ကြည့်သည်။
ကိုကျော်လှိုင်က မျက်ရည်ကျသည်။
“သူ့မှာကွယ် ငတ်ပြတ်ပြီး ဒုက္ခရောက်တဲ့နေရာက လာရတော့ … နောက်ထပ် ဒုက္ခဖြစ်မှာ ကြောက်လို့နဲ့ တူပါတယ် … စုဆောင်းသိမ်းဆည်းထားတာပါ … မင်း နားလည်ပေးပါကွယ်”
“ကျွန်မလည်း အဲဒါပြောမလို့ပါပဲရှင်။ ကျွန်မတို့က ဒုက္ခတွေနဲ့ မတွေ့ဘူး ရင်မဆိုင်ဘူးတော့ သူလို့ အတွေးမျိုး ခံစားချက်မျိုးတွေ ဘယ်ရှိနိုင်ပါ့မလဲနော်။ မငတ်ဘူး … ဒုက္ခမှ မရောက်ဘူးတာပဲရှင်”
“အေးပါကွာ ငါစိတ်မကောင်းလိုက်တာ”
“ကျွန်မလည်း စိတ်မကောင်းပါဘူးရှင်”
(တက္ကစီဆရာ ကိုကျော်လှိုင်ပြောပြချက်ကို ပြန်လည်ရေးသားဖော်ပြခြင်း ဖြစ်ပါသည်)
တင်ညွန့်
၃.၁၁.၂၀၂၄