ကိုပိုက်
ကြောက်စရာ့ စိတ်အလျင်

သူလျှောက်ခဲ့သောခရီးသည် ဝေးလှသည်မဆိုသာငြား ရရှိထားသော ဒဏ်ရာကြာင့် ထိုခရီးတိုလေးသည် သူ့အတွက် အားသွန်ခွန်စိုက်လာခဲ့ရခြင်းကြောင့် လွန်စွာမျှပင်ပမ်းလှသည်ဟု ထင်မိ၏။ ရရှိထားသော ဒဏ်ရာသည် ပေါင်လယ်တွင်ဖြစ်သည်ကြောင့် နောက်ထပ်ကျရောက်လာမည့် အန္တရာယ်ဆိုးမှ ရှောင်တိမ်းရန်အလို့ငှာ အားတင်းကာ ဆက်လျှောက်ရပေဦးမည်။ နားနေလို့ကတော့ ကျားရှေ့မှောက်လျက်လဲသူလို ဖြစ်ချေတော့မည်။

အငြိမ်းစားအရာရှိကြီးတစ်ယောက်ဖြစ်သည့် သူသည် အမဲလိုက်ခြင်းကို ဝါသနာပါ၍တော့ မဟုတ်။ အသားရလိုမှုကြောင့် ထိုမုဆိုးနှင့် အမဲပစ်လိုက်ခဲ့ရာမှ အစပြု၍ သူသည် မျှော်လင့်မထားသော အန္တရာယ်ဆိုးနှင့် ပက်ပင်းတိုးခဲ့ရခြင်းဖြစ်၏။ ထိုသည်ကလည်း ဘယ်သူမပြု မိမိမှုကြောင့်ပင်ဖြစ်သည်။ ခုတော့ သူသားကောင်ဘဝ ရောက်ခဲ့ချေပြီ။

သူ့ရန်သူသည် သူလို လူသားတစ်ယောက်။ ဤတောဤတောင်ကို ကျွမ်းဝင်သူဖြစ်သည့်ပြင် မုဆိုးကောင်းတစ်ယောက်လည်း ဖြစ်သည်ကြောင့် သူသည် သတိကြီးစွာဖြင့် ရှောင်တိမ်းသွားလာနေရခြင်းဖြစ်၏။

သူ့ရန်သူသည် သူ့နောက်သို့ သဲကြီးမဲကြီး လိုက်နေမှာသေချာ၏။

ဘယ့်တွက်မူ ….

ပဲခူးရိုးမတောင်ရှိ ‘ကုန်းမီးနင်း’ ရွာကလေးတွင် နာမည်ကျော်မုဆိုးတစ်ယောက် ရှိ၏။ ကုန်းမီးနင်းရွာ အနီးပတ်ဝန်းကျင်ရွာများသို့ ရောက်ရှိလာသည့် အသားဟင်းလျာမှန်သမျှ ထိုမုဆိုးပစ်ခတ်ရောင်းချသည့် သားကောင်သားများသာ ဖြစ်၏။

ထိုမုဆိုးကို သူသည် သားဖြစ်သူနှင့် ပတ်သက်၍ သိကျွမ်းခဲ့ရခြင်းဖြစ်၏။

သူ၏သားသည် တချိန်က လွန်စွာမျှတော်သော မုဆိုးတစ်ယောက် ဖြစ်ခဲ့၏။ သို့ငြား ထိုမုဆိုးသည် သားဖြစ်သူထက် နာမည်ကျော်၏၊ တော်၏။ သားဖြစ်သူက အမဲ မလိုက်သည်မှာလည်း ကြာပြီကိုး။

မည်သို့ပင်ဖြစ်ချေ သားဖြစ်သူကို ထိုမုဆိုးက ခင်မင်သည်ဖြစ်၍ ပစ်ခတ်ရရှိသော သားကောင်သားများကို အမြဲလိုလို လာရောက်ပေးကမ်းတတ်၏။ သည်တော့ သူသည် ထိုမုဆိုးကို လိုက်လျောညီထွေစွာ ဆက်ဆံပေါင်းသင်းလေတော့၏။

သူနေသည်မှာ “ဒရယ်လူးရွာ” တွင် ဖြစ်၏။ ကုန်းမီးနင်းရွာနှင့် ဆိုပါလျင် နှစ်မိုင်လောက်ပင် မရှိတတ်ချေ။

ထိုမုဆိုးသည် နားနေရက်များတွင် သူ့သားထံတွင် ရောက်လာတတ်၏။ သားဖြစ်သူနှင့် လွန်စွာခင်မင်ကြသည်ဖြစ်၍ စားအိမ်သောက်အိမ်လို ဖြစ်နေတော့သည်။ သူရောက်လာပြီဆိုလျှင် လက်ချည်းသက်သက် လာသည်မဟုတ်။ အသားစိုများ၊ အသားခြောက်များ အမြဲပါလာတတ်၏။

ထိုမုဆိုးနှင့် ပတ်သက်၍ စိတ်မချမ်းမြေ့စရာ သတင်းတစ်ခုကို မမျှော်လင့်သော တစ်နေ့တွင် ကြားလိုက်ရ၏။ ရင်ထဲတွင်လည်း မကောင်း ဖြစ်ခဲ့ ရ၏။

ထိုမုဆိုး အမဲလိုက်ရင်း တောဝက်ကို ပစ်ခတ်ရာမှ အခန့်မသင့် ပြင်းထန်သောဒဏ်ရာ ရရှိခဲ့သည့်ပြင် အမဲလိုက်သေနတ်သည်လည်း အသုံးပြု မရလောက်အောင် ပျက်စီးခဲ့ရသည်ဟု သိရ၏။

ထိုမုဆိုးသည် ရရှိသော ဒဏ်ရာကြောင့် နှစ်လ သုံးလခန့် ဆေးဝါးကုသနေရသည် ဖြစ်၏။ သူတို့ထံသို့လည်း အသားဟင်းလျာများ ရောက်မလာတော့ချေ။ အခြားမုဆိုးများထံမှ ဝယ်ယူစားနေရတော့၏။

ထိုမုဆိုးသည် ဒဏ်ရာများ အရှင်းပျောက်ကင်းသွားသော်ငြား ဆူးကိုင်းနှင့် ခိုက်မိသည့် မျက်လုံးတစ်ဖက်သည် လုံးဝ ပျက်စီးသွားခဲ့တော့၏။ သို့ငြား အမဲလိုက်ခြင်းအလုပ်ကိုတော့ဖြင့် ထိုမုဆိုး ဆက်လုပ်နေသေးတော့၏။

“အဖေ … ကျွန်တော့်သူငယ်ချင်း အမဲပြန်လိုက်မလို့တဲ့။ အဲဒါ သူ့မယ် သေနတ်မရှိတော့လို့ အဖေ့သေနတ် သူ့ကို ငှားထားပါလား”

သားဖြစ်သူက တစ်နေ့ပြောလာ၏။

“ဖြစ်ပါ့မလား သားရဲ့”

လို့သာ ပြောရပေမင့် သူသည် ထိုမုဆိုးကို သေနတ်ငှားထားခြင်းအားဖြင့် အရှုံးမရှိနိုင် ဆိုသည်ကိုမူ တွက်ဆထားပြီး ဖြစ်၏။

“အဖေ့ဆီက သူ အလကားယူမှာမှ မဟုတ်တာ။ သူပစ်လို့ရတဲ့ သားကောင်မှန်သမျှ ကြီးကြီးသေးသေး တစ်ခြမ်းပေးမယ်လို့ ပြောတယ်”

သူ လွန်မင်းစွာ သဘောကျသွား၏။ သူ့တွင် သေနတ်ကောင်းတစ်လက်ရှိတာပဲ။ ထိုမုဆိုးကို ငှားထားလျှင်ဖြင့် အိမ်စားဖို့ပင် မဟုတ်၊ ရွာထဲတွင် လှည့်ရောင်းလို့ပင် ရပေမည်။ သို့ဖြစ်၍ သူ သဘောတူလိုက်သည်။

“ပေးလိုက်သား … ပေးလိုက်။ အေး … မင့်မိတ်ဆွေကိုတော့ သေသေချာချာ ပြောထား။ သားကောင်ရတိုင်း မှန်မှန်လာပို့ပါလို့ … ဟုတ်လား”

“စိတ်ချပါ အဖေရာ။ ကျုပ်မိတ်ဆွေက ကတိတည်ပြီး ကျေးဇူးသိတတ်သူပါ။ လိမ်ညာတတ်တဲ့ လူမျိုး မဟုတ်ပါဘူး၊ အဖေလဲ သိနေတာပဲကိုဗျာ”

ထိုမုဆိုးသည် ပြောထားသည့် ကတိစကားအတိုင်းပင် ပစ်ခတ်ရရှိသော သားကောင်မှန်သမျှ တစ်ခြမ်းပိုင်းကာ မှန်မှန်လာပေးလေတော့၏။

သူ လွန်မင်းစွာ သဘောကျနေ၏။ အိမ်စားဖို့ပင် မဟုတ်၊ အိမ်စရိတ်ပါ ခုမိလေပြီ ဖြစ်သည်။

သည်သို့ဖြင့် လတွေအလီလီ ပြောင်းခဲ့၏။ သို့ဆိုသလို သူ့စိတ်သည်လဲ ထိုမုဆိုးအပေါ် ပြောင်းလဲခဲ့တော့၏။

တစ်ချိန်က ထိုမုဆိုးကို သူအထင်ကြီးလေးစားခဲ့၏။ ယခုမူ ထိုမုဆိုးသည် သူ၏သေနတ်ကို ငှားရမ်း၍ ထားသည်ကြောင့် …

“ငါ့သေနတ်သာ သူ့ကို ငှားမထားလျှင်ဖြင့် ၊ ထိုမုဆိုး ငတ်ချေပြီ။ သို့ကြောင့် ထိုမုဆိုးကို ငါ မျက်နှာလုပ်၍ မျက်နှာချိုသွေးစရာ မလိုတော့ပြီ။ အမှန်စင်စစ်မူ ငါသည် သူ၏ ကျေးဇူးရှင်ပင် ဖြစ်နေချေပြီ”

ဟု တွက်ကာ ထိုမုဆိုးကို အထက်စီးမှ ဆက်ဆံလေတော့၏။

“သား … မင်းမိတ်ဆွေကို ပြောလိုက်ကွာ။ ငါ့သေနတ် ပြန်လိုချင်ပြီလို့”

တကယ်ယူလို၍ မဟုတ်ပါ။ သက်သက်ခြိမ်းခြောက်ခြင်း ဖြစ်၏။

“မင်းကွာ …ပစ်ခတ်ရရှိတဲ့ အသားတွေကို နင်းကန်စားမပစ်ဘဲ ကိုယ်က လျော့စားပြီး ငွေရအောင် ရောင်းပေါ့။ ပြီးတော့ ငွေစု၊ သေနတ်တစ်လက် ပြန်ဝယ်လေ”

စေတနာသံလိုလို ပြောတတ်သေး၏။

သူသိတာပဲ။ ထိုမုဆိုးက အရင်ကလို မဟုတ်။ မျက်စိတစ်ဖက်ကလည်း မရှိတော့၊ ဘယ်လက်ကလည်း သန်သန်စွမ်းစွမ်းမဟုတ်လေတော့၊ အရင်ကလို သားကောင်တွေဖောဖော သီသီရနိုင်ခြင်းမရှိ။

သေနတ်ငှားခ ပေးနိုင်ရန် သားကောင်ကိုပင် မနည်းကျိုးစားရုန်းကန်နေရသည်ကို သိလျက်နှင့် ပြောခြင်းဖြစ်၏။

ထိုမုဆိုး ရသမျှ သူက တစ်ခြမ်းရနေသည်။

မည်သို့ပင်ဆိုစေ ထိုမုဆိုးသည် သေနတ်ငှားရမ်းခကိုတော့ဖြင့် မဖြစ်မနေ ရှာဖွေပစ်ခတ်ပေးနေနိုင်သေး၏။

တစ်ခါတစ်ရံ ရရှိသောသားကောင် ငယ်နေလျင်မူ –

“မင်းကလဲကွာ … ဟုတ်ကော ဟုတ်ရဲ့လား။ တခြားသားကောင် တကယ်မရပေဘူးလား။ မင်း အကောင်လေးက သေးသေးရယ်၊ ငါ ဘယ်လိုစားရမှာတုန်း”

သည်သို့နှယ် သားကောင်သေးလျင် ဂျီကျလိုက်သေး၏။

‘ပြောင်’လို အကောင်မျိုး ပစ်ခတ်ရလျင်ဖြင့် ဆိတ်ဆိတ်နေကာ ပြုံးဖြီးပြီးသာလျင် လုပ်နေတော့၏။

ရံခါဖျားနာ၍ အမဲလိုက်မထွက်ဖြစ်ခဲ့သော ထိုမုဆိုးကို …

“မင်း အမဲလိုက်မထွက်တော့ ငါ့တွက်ဘယ်လိုခွဲတမ်းရတော့မှာတုန်း။ အိမ်မှာချည်း ကုပ်မနေနဲ့လေ။ အမဲလေးဘာလေး ထွက်ရှာပါဦးကွာ။ ငါ့မှာ ဒီသေနတ်ကလေးနဲ့ လုပ်ကိုင်စားနေရတာ။ ခုလို မင်းကငှားထားပြီး အလုပ်မလုပ်ဘဲနေတော့ ငါ့တွက် နစ်နာတာပေါ့။ မင်း မလိုချင်တော့လဲ ပြန်ပေးလေကွာ။ ‘သာယာကုန်း’ ရွာက မုဆိုးတစ်ယောက် ငါ့မှာ သေနတ်လာငှားနေတယ်”

သို့ဆိုသလို လွန်ခဲ့သောရက်ပိုင်းကမှ ပစ်ခတ်ရရှိပေးထားသည့် ပြောင်ကြီးတစ်ခြမ်းလုံးကိုပင် သူမမြင်တော့။ နေ့စဉ်လိုလို အသားရလိုလောဘ တက်လာချေပြီ ဖြစ်၏။

မည်သို့ပင်ဆိုငြား ထိုမုဆိုးသည် သူ့သေနတ်အား ပြန်ပေးလိုပေပြီ။ သို့ပေမင့် သူ့တွက် သေနတ်တစ်လက်တော့ဖြင့် ရှိထားမှဖြစ်သည်ကိုး။ ပြန်လည်းမဝယ်နိုင်သေးသဖြင့် သည်းညည်းခံအောက်ကျို့၍ –

“အန်ကယ်ရာ … ကျွန်တော်ဖျားနေလို့ပါ။ ဒါကြောင့် အမဲလိုက်မထွက် ဖြစ်တာပါ။ နေကောင်းတာနဲ့ အမဲထွက်ရှာပေးပါ့မယ်။ တောင်းပန်ပါတယ် အန်ကယ်”

ရယ်လို့ ထိုမုဆိုးက မျက်နှာချိုသွေးနေငြား၊ သူ့လေသံသည် ခပ်မာမာဖြစ်ရုံမက နှိမ့်ချလိုသည့် စကားများပင် ပြောလာချေတော့၏။

“မင်း အဲဒီလောက် ပျော့ညံ့မှန်း ညံ့ဖျင်းမှန်း ခုမှသိရတယ်ကွာ။ စောစောကသိလျှင်ဖြင့် သေနတ်ငှားမထားပါဘူး။ ငါ့သားနဲ့ မင်းက မိတ်ဆွေတွေမို့လို သားမျက်နှာနဲ့ ငှားထားရတာ။ တကယ်ဆိုရင် ငါက သေနတ်ငှားစားတဲ့သူ မဟုတ်ဘူးကွ။ သားမျက်နှာနဲ့ မင့်ကိုကူညီထားတာ”

သို့စကားမျိုးပင် ပြောလာချေပြီဖြစ်သည်။

သူ မည်သို့ပင်ပြောငြား ထိုမုဆိုးသည် သည်းညည်းခံဆက်ဆံခဲ့၏။ ကျေနပ်မှုတော့ သိပ်မရှိလေတော့။ မဖြစ်နိုင်လွန်း၍သာ အောင့်အီးနေရခြင်းဖြစ်၏။ သူ့သေနတ်ကိုလဲ ပြန်ပေးချင်ပြီဖြစ်၏။

ထိုမုဆိုးသည် ကျန်းမာရေးကလည်း ချို့ယွင်းလာသည်ဖြစ်၍ ယခင်ကလို အမဲကြီးကို ပစ်ခတ်နိုင်စွမ်းရည် သိပ်မရှိတော့ချေ။

သည်တွင် သူသည် –

“မင်းကွာ … ဘယ်လိုလုပ်နေတာလဲ၊ ငါ့ကို လိမ်နေတာလား။ ငါ့တွက် အတော်နစ်နာနေပြီကွ။ တောကြောင်လေးလောက်နဲ့ ကျေနပ်ရတော့မှာလား”

“အန်ကယ်ရာ … ကျွန်တော် တကယ်အလုပ်မဖြစ်လို့ပါ။ တောကြောင်လေးမို့ ထုံးစံအတိုင်း တစ်ခြမ်းမဟုတ်ဘဲ တစ်ကောင်လုံးတောင် ပေးထားတာပဲ။ ကျွန်တော့်အိမ်မှာတောင် အသားဟင်းမစားရဘူး။ တောထဲက ခုတ်လာတဲ့ တောင်ထမ်းဖူးလေး၊ တောင်အုန်းဖူးလေးပဲ ချက်စားတာ”

သို့ ရှင်းပြလာပြန်တော့လည်း –

“အေးကွာ … ငါကလဲ ငါပဲ။ မင်းဟာ အိုနာကျိုးကန်းဆိုတာ ငါခုမှ သိတယ်”

“ဗျာ”

ထိုမုဆိုး အတော်ကြီး တုန်လှုပ်သွား၏။ သူ၏ အားနည်းချက်ကို ယခုလို ထုတ်ပြောနှိမ့်ချလာသည်ကြောင့် ဒေါသလည်း ထွက်သွားတော့၏။

သို့ငြား သူ့စိတ်ကို သူ ပြန်ထိမ်းကာ ပြေပြေလည်လည်ဖြစ်ရန် တိုးလျှိုးတောင်းပန်လို့ချည်း နေတော့၏။

“ဒီတစ်ခါ အမဲပစ်သွားရင် ငါကိုယ်တိုင် လိုက်ခဲ့မယ်”

ရယ်လို့ ပြောစကားနှင့် အဆုံးသတ်သွားတော့၏။

သို့ဖြစ်၍ သူနှင့် ထိုမုဆိုး အမဲလိုက်ထွက်ခဲ့ကြခြင်းဖြစ်၏။

လမ်းတစ်လျှောက် သူသည် ထိုမုဆိုးအား နိုင်ထက်စီးနင်း ပြောဆိုလာ၏။ ဗျစ်တောက် ဗျစ်တောက်နှင့်လည်း မာန်မဲလေ၏။

ထိုမုဆိုးသည်ကား ဘာမျှ ပြန်မပြော။ ရင်တွင်းမတော့ ဗလောင်ဆူနေချေပြီကို သူ မသိပါချေ။

သို့ နှစ်ယောက်သား လျှောက်ခဲ့ကြရင်း စနုံးတောလေးတစ်ခုနား အရောက်တွင် ဒရယ်တစ်ကောင်ကိုတွေ့လိုက်သည်ဖြစ်၍ …

“ပစ် … ပစ်လေကွာ၊ ဘာကြည့်နေတာလဲ။ ဟိုမယ် ပြေးတော့မယ်”

သူ ဘယ်သို့ပင် ပြောနေငြား ထိုမုဆိုးသည် စနုံးတောစပ်မှ ဒရယ်ကိုသာ ငေးမောကြည့်နေရင်း ခေါင်းကိုခါယမ်းနေ၏။

ထိုအချိန်တွင်းမှာပင် ဒရယ်ကောင်သည် သူတို့ဘက် တစ်ချက်လှည့်ကြည့်ပြီး လျှင်မြန်သောအဟုန်ဖြင့် ထွက်ပြေးသွားတော့၏။

“တောက် … မိုက်ရိုင်းလိုက်တာကွာ။ ဒရယ်ကောင်မြင်လျက်နဲ့ မပစ်ဘူးဆိုတော့ ဘာသဘောလဲ။ ငါ့ကို သေနတ်ငှားရမ်းခ ပေးရမှာစိုးလို့လား။

ဟုတ်ပါပြီ … ဟိုနေ့တွေက မင်း ငါ့ကို အကောင်လေးတွေပဲ ပေးတယ်။ အကောင်ကြီးတွေကို မင်းပဲ ယူထားတာ မဟုတ်လား။ ခု ငါကိုယ်တိုင်ပါတော့ မင်းရဲ့ကလိမ်ကကျစ်စိတ်ဓါတ်ကို သိရပြီပေါ့”

ရယ်လို့ သူက ဒေါသတကြီး ပြောလာသဖြင့် ထိုမုဆိုးသည် –
“မဟုတ်ဘူး အန်ကယ်။ ကျွန်တော် မှန်မှန်ကန်ကန် ဆက်ဆံနေတာပဲဗျာ။ ခု ဒီဒရယ်က ဇီးနဲ့မို့ မပစ်တာ။ မုဆိုးကောင်းမည်သည် စည်းထားရတယ်ဗျ”

“ဟာကွာ … မင်းကိုယ်မင်း မုဆိုးကောင်းတဲ့လား၊ ဟား … ဟား ရယ်ရသကွ။ လက်ကလဲ မသန်၊ မျက်လုံးတစ်ဖက်ကလဲ ပျက်နေ၊ ဒါ မုဆိုးကောင်းတဲ့လား။ ရယ်ရသေးကွာ။

ကလိမ်ကကျစ်ကလဲ ကျသေး၊ အကုသိုလ်အလုပ်နဲ့ အသက်မွေးဝမ်းကြောင်းပြုနေတဲ့ မင်းလို မုဆိုးရိုင်းမှာ ကြင်နာစာနာစိတ် ရှိတယ်ဆိုတာ၊ စည်းကမ်းရှိတယ်ဆိုတာ ငါ နားရှိလို့သာ ကြားရတာလား။

ဟား … ဟား … ဟား … ဟား … ဒီမှာ ငါပြောမယ်။ နောက်တစ်ကြိမ် ဘာသားကောင်တွေ့တွေ့ ပစ်ကို ပစ်ရမယ်ကွာ။ ဇီးရှိတာတွေ ကလေးရှိတာတွေ ငါမလိုချင်ဘူး။ ငါလိုချင်တာ ငါ့သေနတ်ငှားရမ်းခအတွက် သားကောင်ကြီးကြီး လိုချင်တယ် … ဒါပဲ”

သူ၏ မောက်မာစကားလှောင်ပြောင်စကားကြောင့် ထိုမုဆိုး ရင်တွင်းခံစားချက် ပေါက်ကွဲထွက်လာတော့၏။

“ဘာဗျ … ဘာပြောတယ်၊ ကနေ့ထိ ကျုပ် ခင်ဗျားကိုမှန်မှန်ကန်ကန် ဆက်ဆံလာတာ။ ကျန်းမာရေးမကောင်းတဲ့ အခိုက်အတန့်လေးမှာ နည်းနည်းသည်းညည်းခံပေးဖို့ တောင်ပန်းတိုးလျှိုးနေတဲ့ကြားက ရောင့်တက်လွန်းပြီဗျာ။ ကျုပ် သည်းမခံနိုင်တော့ဘူး။ ကဲ … ရော့ ဒါဟာ ခင်ဗျားရသင့်တဲ့ သေနတ်ငှားရမ်းခပဲပေါ့”

ဆိုကာ သူ၏မျက်နှာကို သေနတ်ဒင်ဖြင့် ပင့်ရိုက်လိုက်လေတော့၏။

“ခွပ်”

သူ့မျက်နှာ ထူပူသွားကာ တောင်ကျောလေးမှ လိမ့်ကျသွားတော့၏။

သတိကောင်းသည်ဖြစ်၍ ကမန်းကတန်း ကုန်းထကာ ထိုမုဆိုးကို မော့ကြည့်လိုက်သည်။

“ဟာ … မလုပ်နဲ့ … မလုပ်နဲ့”

ထိုမုဆိုးက သေနတ်ဖြင့် သူ့ကို ချိန်ရွယ်ထားပြီးဖြစ်သည်။ ထိုမုဆိုး၏ မျက်နှာသည် လွန်မင်းစွာနာကျည်းနေပုံဖြစ်၍ သူ အတော်ထိတ်လန့်သွားမိသည်။

ထိုမုဆိုးက ခေါင်းကိုခါယမ်းလိုက်ပြီး အံကြိတ်လိုက်သည်ကြောင့် သူသည် ဤနေရာမှ ထွက်ပြေးလေမှ လွတ်ချေတော့မည်။ တောင်းပန်နေ၍ အချည်းနှီးသာ ဖြစ်လိမ့်မည်ကို တွက်လိုက်မိသည်နှင့် တောင်ကျောအောက် ရေကျမြောင်လေးအတိုင်း ပြေးထွက်ခဲ့တော့၏။

“ဒိန်း”

သူ၏ နားထင်နားမှ ကျည်တစ်တောင့် ပွတ်ကာသီကာ ထွက်သွားသည့် လေတိုးသံကို ကြားလိုက်၏။

ထိတ်လန့်တုန်လှုပ်ကာ ရင်တွေတဆတ်ဆတ်တုန်နေသည့်ကြား တုန်ယင်နေသည့် ခြေနှစ်ချောင်းကို အရသယ်၍ ပြေးထွက်ခဲ့သည့်ကြားမှ “ဒိန်း” ရယ်လို့ ဒုတိယမြောက် သေနတ်သံကြားလိုက်သည်နှင့် သူ့ပေါင်တွင် ပူကနဲတစ်ချက် ဖြစ်သွားကာ သွေးတို့ ဒလဟောစီးကျလာတော့၏။

နာကျင်လွန်း၍ မျက်ရည်များပင် ကျလာတော့၏။ နာကျင်မှုကြားကပင် အားယူပြေးခဲ့ရပြန်၏။ သို့မဟုတ်ပါမူ သူ့အသက် ပေးလိုက်ရပေလိမ့်မည်။

သည်သို့နှယ် သူ ဆက်ပြေးနေ၍လည်း ဖြစ်မည်မဟုတ်ကို သတိရလိုက်၏။ ဘယ်တွက်မူ သူ့ပေါင်မှ ယိုစီးကျနေသည့် သွေးစက်တို့က သူ ဘယ်မှာရှိသည်ကို ထိုမုဆိုးအား သတင်းပေးသလို ဖြစ်ချေရော့မည်။

သို့ကြောင့် သူသည် ကမူပြောင်ပြောင်လေးတစ်ခုတွင် ထိုင်ချလိုက်ပြီး ဝတ်ထားသည့် အင်္ကျီကို ချွတ်၍ ဖြဲလိုက်ကာ ဒဏ်ရာပေါ်မှ တင်းကြပ်စွာ တုပ်နှောင်ချည်လိုက်၏။ နာလိုက်သည့် ဖြစ်ခြင်း။ သူ့ပေါင်လည်တွင် ရှိနေသည့် ကျည်ဖူးကို ဖိသွင်းလိုက်သလို ဖြစ်သွားသည်ကိုး။

ဘယ်တတ်နိုင်ပါလိမ့်မည်နည်း။ အရေးကြီးတာက သွေးတိတ်ဖို့ပင်ဖြစ်၍ သို့မှသာ သွေးခြေရာခံလိုက်နိုင်တော့မည် မဟုတ်ပါကလား။

ကိစ္စများမြောင် လုပ်ဆောင်ပြီးသည်နှင့် အိုကေ ဆိုကာ ထိုနေရာလေးမှ ထ၍ ခရီးဆက်မည်ရယ်လို့ ကြံလိုက်ဆဲမှာပင် –

“ခင်ဗျား ဘယ်မှ ဆက်သွားစရာ မလိုတော့ဘူး။ ဒီနေရာလေးမှာပဲ ရာသက်ပန် နားပေရော့ဗျို့”

သူ၏ညာဘက် ဒလွယ်ခုတ်ရှိ ကျွန်းပင်ကြီးနောက်ကွယ်မှ ထိုမုဆိုး ထွက်လာချေပြီ။ သူ့ရင်ဝသို့လည်း သေနတ်ပြောင်းကို ချိန်ရွယ်ထား၏။ သူ ခေါင်းကို ခါယမ်းလိုက်၏။ တိုးလျှိုးတောင်းပန်၍လည်း ရမည်မဟုတ်မှန်း ထိုမုဆိုး၏ မျက်နှာပြင်အနေအထားကို ကြည့်ကာ တွက်ထားပြီးဖြစ်သည်။

“ကဲ … အခွင့်အရေးတစ်ခု ပေးမယ်။ မသေခင် သုံးမိနစ်လောက် ခင်ဗျား ပြုခဲ့ဖူးတဲ့ ဒါန၊ ကုသိုလ်တွေကို ပြန်စဉ်းစားလိုက်ဗျာ၊ အသေဖြောင့်အောင်ပေါ့။ ဟဲ … ဟဲ … ဟဲ … ရှိလိမ့်မယ်လဲ မထင်ပါဘူး”

ဘယ့်နှယ်သူစဉ်းစားနိုင်မည်နည်း။ ကြောက်ရွံ့လွန်း၍ ချွေးသီးချွေး ပေါက်ကြားမှ မျက်နှာငယ်လေးဖြင့် ထိုမုဆိုးကိုကြည့်နေရင်း ဘုရားတနေ တော့၏။ သူ့နှလုံးသားဆီသို့ လျင်မြန်သော အဟုန်ဖြင့် မြည်ဟီးရောက်ရှိ လာမည့် ခဲသီးလေးကို ဘယ်သို့နှယ်ရှောင်တိမ်း၍ ရပါလိမ့်မည်နည်း၊ မည်သို့ကာကွယ်နိုင်လိမ့်မည်နည်း။ သို့ကြောင့် သူသည် မျက်စိကိုမှိတ် အံကြိတ်ကာထားလိုက်တော့၏။ စက္ကန့်ပိုင်းအတွင်းခံစားလိုက်ရတော့မည် ဝေဒနာသစ်ကိုသူမျှော်နေဆဲမှာပင်

“ဒိန်း”

ပြင်းထန်သော ယမ်းအားပေါက်ကွဲသံကို သူကြားလိုက်ပေမင့် နာကျင်သောဝေဒနာကို သူ မခံစားရသည်ကြောင့် မျက်လုံးအစုံကို အံ့ဩတကြီး ဖွင့်ကြည့်လိုက်သည်။

ထိုမုဆိုးသည် သေနတ်ကို မိုးပေါ်ထောင်ပစ်လိုက်ခြင်း ဖြစ်၏။ ဘယ့်တွက် သူ့နှလုံးသားဆီ မပစ်ခဲ့ပါသနည်း။

ထိုမုဆိုးသည် သူ့အား စိမ်းစိမ်းကြီးကြည့်ကာ –

“ရော့ … ခင်ဗျားသေနတ် ပြန်ယူချေတော့။ ကျုပ်လဲ ဒီကနေ့ကစလို့ အမဲလိုက်တဲ့အလုပ်ကို စွန့်လိုက်ပြီ”

ဆိုကာ သူ့ရှေ့သို့ သေနတ်ကို ပစ်ချပေးကာ ထိုနေရာမှ လှည့်ထွက်သွားတော့၏။
သူ ဝမ်းသာသွား၏။ သူ့ရှေ့ရှိ သေနတ်ကို ကမန်းကတန်း ကောက်ယူကာ ထိုမုဆိုး ကျောပြင်သို့ ထိုးချိန် လိုက်ပြီး-

“ဟိတ်ကောင် … အဲဒီနေရာမှာပဲ ရပ်နေလိုက်ပါ။ ဒီတစ်ခါ ငါ့အလှည့် ရောက်ပြီလေ။ မင်း ငါ့ကို မသတ်ပေမင့် ငါ မင်းကို သတ်ရလိမ့်မယ်။ ဘာလို့ လဲဆိုတော့ ငါ့ပေါင်မှာ မင်းပေးထားတဲ့ သေနတ်ငှားရမ်းခ ကျည်ဖူးရှိတယ်လေ။

ငါလိုချင်တာ အသားကွ၊ ကျည်မဟုတ်ဘူး။ ဒါကြောင့် သားကောင်သား မရလဲ မင်းရဲ့အသားကို လှီးပြီး ယူသွားရမှာပဲ။ ကဲ … ငါကတော့ မင်းလို အခွင့်အရေးမပေးနိုင်ဘူး။ မင်းလဲ ဘုရားတရားရှိမယ့်လူမှ မဟုတ်တာ။ အရိုင်းအစိုင်း မုဆိုးတစ်ယောက်ပဲ။ ကဲ … ကြာပါတယ်ကွာ”

ဟု ပြောကာ သေနတ်မောင်းကို တင်လိုက်၏။

“ချောက်”

သူ့အား ပစ်သတ်တော့မည်ကို သိလျက် ထိုမုဆိုးသည် နောက်သို့ ပြန်လှည့်လိုက်၏။ ထိုအချိန်ကလေးမှာပင် –

“ဝှီး … ဒုတ်”

သူ့ရင်ဝတွင်း စူးကနဲဖြစ်သွားကာ နောက်သို့ ယိုင်လဲကျသွားသော သူ့ကို ထိုမုဆိုးသည် ပြုံးပြုံးကြီးကြည့်ကာ နေလေတော့၏။

“ခင်ဗျားကိုယ်တိုင် သွားချင်လို့ တောင်းဆိုလာတော့လဲ ကူညီလိုက်ရတာပေါ့ဗျာ”

ရယ်လို့ ပြောရင်း သူ့ရင်ဝတွင် စူးနစ်ဝင်နေသော ဓါးမြောင်ကို လာရောက်ဆွဲနှုတ်ယူလိုက်တော့၏။

ထိုသည်ကား သူ နောက်ဆုံး သိလိုက်သော အသံ ပင် ဖြစ်ချေတော့၏။

“ကျွန်တော်တို့ နောက်ကျသွားပြီ ကိုလင်း”

ပက်လက်လန်ကာ ခြေကားယား လက်ကားယားဖြင့် အသက်ဝိညာဉ် ကင်းမဲ့နေပြီဖြစ်သည့် ဦးမောင်ဇင်၏ ရုပ်အလောင်းနားတွင် ငြိမ်သက်စွာ ရပ်လျှက် အဝေးသို့ ငေးမျှော်နေသည့် မုဆိုးဝင်းအောင်ကို ကြည့်ရင်း ကျွန်တော်က လင်းမြင့်လှိုင်ကို ပြောလိုက်သည်။

“တကယ်ဆိုရင် ဦးမောင်ဇင်လို လူမျိုးက သေသင့်ပါတယ်ဗျာ။ သူကြီး ဦးသောင်းတင်ပြောလို့ ကျွန်တော်တို့ သူတို့နှစ်ယောက်အကြောင်း သိတာနဲ့တင် အဲဒီလူကြီးကို မုန်းနေမိတာဗျ။ ဝင်းအောင်ဘက်က မှန်နေတာပဲ၊ မှန်မှန်ကန်ကန် ဆက်ဆံနေတာပဲဗျာ။ ဦးမောင်ဇင်က လောဘတက်ပြီး မောက်မာလွန်းလှပါတယ်”

လင်းမြင့်လှိုင်က မုဆိုးဝင်းအောင်ဘက်မှ လိုက်ပါပြောနေတော့၏။

ကျွန်တော်သည်လည်း သူ့နှယ်ပင် ဆုံးဖြတ်မိခဲ့သော်လည်း အသေသတ်လောက်သည့်တိုင် နာကျည်းခံပြင်းသွားသည့် မုဆိုးဝင်းအောင်အတွင် စိတ်မကောင်းဖြစ်မိခြင်းသာပင်။ ထိုအပြစ်ဒဏ်ကို သူ ခံရပေတော့မည်။

ဦးမောင်ဇင် သေဆုံးသွား၍ စိတ်မကောင်းခြင်း မဖြစ်။ သူလိုလူမျိုး လောကကြီးထဲတွင် မရှိသင့်တာ မှန်သော်ငြား မုဆိုးဝင်းအောင်လို လူကောင်း တစ်ယောက်၊ အကျဉ်းထောင်အတွင်းသို့ သူ့ဘဝသက်တမ်း အချိန်တော်တော်များများ ဖြုန်းပစ်ရတော့မည်ကို နှမြောတသ၍ ဖြစ်ပေတော့၏။

သို့ကြောင့်လည်း ကျွန်တော်နှင့် လင်းမြင့်လှိုင် အမဲကြီးပစ်ရန် ‘ကုန်းမီးနင်း’ ကျေးရွာသို့ ရောက်ခဲ့ကြသည်တွင် ရွာလူကြီးဦးသောင်းတင်က သူတို့နှစ်ယောက်အကြောင်းကို ဂဃနဏသိထားသဖြင့် အတူတွဲ အမဲပစ်သွားသည်ကို စိတ်မချသည်ကြောင့် ကျွန်တော်တို့နှစ်ယောက်အား အကူအညီတောင်း၍ လိုက်လံထိမ်းထိမ်းသိမ်းသိမ်းပြုလုပ်ပေးရန် ပြောလာသဖြင့် ကျွန်တော်တို့သည် အားခြင်းထွက်ခဲ့ကြသော်ငြား သူတို့နှစ်ယောက်နှင့် ဆုံမိသည်တွင် နောက်ကျခဲ့ရချေပြီဖြစ်သည်။

(ရုပ်ရှင်အောင်လံမဂ္ဂဇင်း
ဩဂုတ်လ ၊ ၂၀၀၁ ခုနှစ်)

– ပြီး –

စာရေးသူ – ကိုပိုက်
စာစီစာရိုက် – မုဆိုးတံငါစာပေများ 2.0