ကြောင်စုန်းဒေဝီ(စ/ဆုံး)

ကြောင်စုန်းဒေဝီ(စ/ဆုံး)

———————–

“ဝုန်း……ချလွှမ်း…”

“ဟဲ့….သား…..ထင်လင်း…ထစမ်း..ဓာတ်မီးယူပြီးထကြည့်စမ်း”
အိမ်နောက်ဖေးမှထွက်လာသည့်အသံဆူဆူညံညံကြောင့်အမေကလှမ်းနှိုးပြီးပြောသည်။နာရီကြည့်တော့မနက်နှစ်နာရီ။အိပ်လို့ကောင်းနေသည့်အချိန်။ထင်လင်းတစ်ယောက်အိပ်ချင်မူးတူးဖြင့်အိပ်ယာမှထကာ ဘေးတွင်အသင့်ရှိသောဓာတ်မီးကိုဆွဲ၍ထွက်သွားသည်။ခဏအကြာ
“ဟာ…အမေရေ…အမေ…လာပါအုံးဗျ”သားတော်မောင်၏ထိတ်လန့်တကြားအော်သံကြောင့် ထင်လင်အမေ ဒေါ်ငွေခက်ပါဓာတ်မီးဆွဲ၍အိမ်နောက်ဖေးကိုထွက်လာသည်။

“ဟဲ့…သား..ဘာဖြစ်တာလဲ..အလန့်တကြားနဲ့””အမေ့….ဟိုနေ့ကမွေးတဲ့ကြောင်ပေါက်လေးတွေမရှိတော့ဖူးဗျ…သေကုန်ပြီ..လည်ပင်းမှာလဲ
အစွယ်ရာတွေနဲ့””ဟင်”သားတော်မောင်ထင်လင်းပြောမှ ဒေါ်ငွေခက်ကြောင်လေးရှိရာအိမ်နောက်ဖေးချောင်လေးကိုဓာတ်မီးထိုးကြည့်လိုက်သည်။မြင်လိုက်ရသည့်မြင်ကွင်းကစိတ်မချမ်းမြေ့စရာ။

ကြောင်ပေါက်ကလေးသုံးကောင်အနက်နှစ်ကောင်မှာလည်ပင်းအပေါက်လေးမှဒဏ်ရာနှင့်သေနေပြီး တကောင်ကိုကြည့်လိုက်တော့သေနေသည့်အပြင်ခန္ဓာကိုယ်တစ်ပိုင်းကိုတစ်စုံတစ်ခုကစားထားသည့်နှယ့် အူများထွက်ကာသွေးချင်းချင်းနီလျှက်။

ဒေါ်ငွေခက်မျက်ရည်များပင်ကျလာသည်။သူကတိစ္ဆာန်လေးတွေကိုအရမ်းချစ်သူတစ်ယောက်ပင်မဟုတ်ပါလား။ပေပင်ရွာလေးသည်လွန်စွာသာယာလှသောသဘာဝရှုခင်းများနှင့်ပြည့်နှက်နေသောရွာကြီး
တစ်ရွာ။လွန်ခဲ့သောတစ်ပတ်ခန့်မှစ၍ထိုရွာတွင်တစ်ခါမှမကြုံဖူးသောတစ်ကြိမ်မှမဖြစ်ပျက်ဖူးသောအဖြစ်အပျက်များကြုံတွေ့နေရသည်။ပထမဦးဆုံးစတင်ကြုံတွေခဲ့ရသောအဖြစ်အပျက်မှာဒေါ်ငွေခက်တို့အိမ်မှကြောင်သားပေါက်လေးများထူးဆန်းစွားသေဆုံးခြင်းမှစတင်သည်။ဒေါ်ငွေတို့မှာအမေတစ်ခုသားတစ်ခုသာရှိသောမိသားစုလေး။သူ့တွင်အသက်၂၀ခန့်သားမောင်ထင်လင်းတစ်ဦးသာရှိသည်။ယောက်ျားဖြစ်သူဦးမောင်ကြီးမှာလွန်ခဲ့သောတစ်နှစ်ခန့်ကပင်ဆုံးပါးသွားခဲ့သည်။လင်သားဆုံးပါးသွားသော်လည်းဒေါ်ငွေခက်တို့သားအမိမှာပူပင်ကြောင့်ကြစရာမရှိ။
ပိုင်ဆိုင်သောစပါးခင်းဧကတော်တော်များများနှင့်ပြည့်စုံသူဖြစ်သည်။
သားတော်မောင်ကလည်းလွန်စွာမှလိမ္မာရေးခြားရှိသူဖြစ်သည်။
ဒေါ်ငွေခက်မှာ တိရစ္ဆာန်ငယ်လေးများကိုလွန်စွာချစ်တတ်သည်။ထို့ကြောင့်ပင် သူ့အိမ်တွင်ကြောင်လေးများကိုမွေးထားခြင်းဖြစ်သည်။
သို့သော် သိပ်မကြာခင်ကမှသူ၏အိမ်တွင်ထိတ်လန့်ဖွယ်ဖြစ်ရပ်တစ်ခု သူမွေးထားသောကြောင်လေးမှစ၍ဖြစ်ပျက်ခဲ့ရသည်။

“အမေ…ရွာတောင်ပိုင်းကဒေါ်ဖွားတင်တို့အိမ်မှာလဲသားတို့အိမ်ကလိုဖြစ်သွားတယ်တဲ့ညက”မနက်စောအိပ်ယာမှထကာလက်ဖက်ရည်ဆိုင်ထွက်သွားသောထင်လင်းကအိမ်ပြန်ရောက်ရောက်ချင်းပြောသည်။
“ဟေ..ဟုတ်လား..ဘယ်လိုဖြစ်တာတဲ့လဲ””ညကဒေါ်ဖွားတို့အိမ်ကကြောင်နှစ်ကောင်လဲလည်ပင်းမှာအပေါက်တွေနဲ့သေနေတာမနက်လင်းတော့တွေ့တာတဲ့…တစ်ကောင်ကောင်ကကြောင်တွေလည်ပင်းကိုကိုက်ဖောက်ပြီးသွေးစုပ်ထားသလိုပဲတဲ့””ဟင်…ဘုရား..ဘုရား…သေဆုံးသွားတဲ့ကြောင်လေးတွေကောင်းရာဘုံဘဝရောက်ပါစေ”ဘာသာတရားကိုင်းရှိုင်းသူပီပီဒေါ်ငွေခက်ဆုတောင်းစကားဆိုသည်။

“ဟေ့ကောင်…ညီညီ….ငါတော့ဒီကိစ္စကိုသွေးရိုးသားရိုးမထင်ဘူး”
“ဟာကွာ..မင်းကလဲ…သရဲစာအုပ်တွေဖတ်ပြီးလျှောက်တွေးနေပြန်ပြီ…အဲ့ဒီစာအုပ်တွေကစာရေးဆရာတွေစိတ်ကူးယဉ်ရေးတာကွ..အပြင်မှာမရှိပါဘူး.ထင်လင်းရာ”ညီညီကထင်လင်းစကားကိုလက်မခံပေ။သူက
ပရလောက တစ္ဆေသရဲဆိုတာအယုံအကြည်မရှိ။”ဟာ အဲ့လိုတော့မပြောနဲ့ အခုကိစ္စကတစ်ခါနှစ်ခါမဟုတ်ဘူးကွ…ကြောင်လေးတွေသားပေါက်တာနဲ့ အဲ့ဒီသားပေါက်တဲ့အိမ်တိုင်းဖြစ်နေတာ “ထင်လင်းကဘုတောသည်။”ကဲ အဲ့တာဆိုလဲကွာ ငါ့အိမ်မှာလဲကြောင်သားပေါက်လေးနှစ်ကောင်ရှိတာပဲအခုထိဘာမှမဖြစ်ဘူး အကောင်းကြီး”ညီညီကသက်သေနှင့်ပြန်ချေသည်။

“မထင်ဖူးငါကတော့ အခုကိစ္စကပုံမှန်တော့မဟုတ်ဘူး”

“ကဲ မင်းအဲ့လောက်မှမယုံမကြည်ဖြစ်နေလဲ ဒီညငါ့အိမ်လာအိပ် အဲ့ကြောင်တွေကိုတညလုံးစောင့်ကြည့် ညကဖြစ်တာတော့ငါ့အိမ်အနောက်ဖက်အိမ်ကကြောင်တွေသေတဲ့အသံတော့ကြားတယ် ဒီညဘာမှမဖြစ်ရင် မင်းငါ့ကိုလက်ဖက်ရည်တစ်ဝိုင်းတိုက်ရမယ် လောင်းမလား”
ညီညီကစိမ်ခေါ်စကားဆိုသည်။”အိုခေလေ ဒီညမင်းအိမ်လာအိပ်မယ် ညကမင်းအိမ်အနောက်ဖက်ကအိမ်ဆိုတော့ဒီညမင်းအိမ်ဖြစ်ဖို့များတယ် ကြည့်ထား ကြောင်လေးတွေကိုသွေးစုပ်ပြီးသတ်တာဘာကောင်လဲငါ.. မိအောင်ဖမ်းပြမယ်”

ည…..။ညကတော့ညပီသစွာပင်တိတ်ဆိတ်လျှက်။ပုရစ်သံတစီစီနှင့်ဟိုးအဝေးကခွေးအူသံတစ်ချတစ်ချက်ကညကိုပိုမိုအသက်ဝင်စေသည်။
နာရီကြည့်တော့၁၂ထိုးရန်ငါးမိနစ်အလို။ထင်လင်းကတော့မအိပ်နိုင်သေး။ပိုပြီးစိတ်ချရအောင်ကြောင်လေးတွေကိုသူတို့အိပ်သောအခန်းထောင့်လေးတွင်ခေါ်သိပ်ထားသည်လေ။ခြင်ထောင်ထဲမှာမအိပ်သေးသော်လည်းအသာလဲလျောင်းရင်းအတွေးဖြန့်ကျက်နေမိသည်။လက်နှိပ်ဓာတ်မီးကိုခေါင်းအုံးဘေးတွင်အသင့်ချထားလိုက်သည်။အချိန်ဘယ်လောက်ကြာသွားသည်မသိ။ထင်လင်းမှေးခနဲအိပ်ပျော်သွားသည်။
သို့သော် တစ်ချွတ်ချွတ်အသံကြောင့်ဆတ်ခနဲလန့်နိုးလာသည်။

ဟုတ်တယ်….။အသံက…ခြေရင်းဖက်ကြောင်ထားရာထောင့်က။
ခေါင်းကိုအသာစောင်းငဲ့ရင်းမျက်စိကိုခပ်ဖွဖွလေးဖွင့်ကြည့်လိုက်သည်။

“ဟင်….ငါများမျက်စိမှားတာလား.”ထင်လင်းရုတ်တရက်တွေဝေသွားသည်။သူမြင်လိုက်ရသည်ကဆံပင်ဖားလျားချထားသောမိန်းမတစ်ဦး။
ဖွင့်ထားသောပြတင်းပေါက်မှဝင်လာတော့ဝိုးတဝါးလရောင်အောက်မှာထင်ထင်ရှားရှားမရှိသော်လည်းမိန်းမပျိုတစ်ဦးဖြစ်ကြောင်းတော့သဲကွဲသည်။ထိုမိန်းမကတော့ပတ်ဝန်းကျင်ကိုဂရုမထား။တစ်စုံတစ်ခုကိုလက်မှကိုင်ရင်းအားရပါးရစားသောက်နေသည်။ထင်လင်းခေါင်းအုံးဘေးကဓာတ်မီးကိုအသာလှမ်းယူပြီး ရုတ်တရက်အခန်းထောင့်ကိုမီးထိုးကြည့်လိုက်သည်။”ဟာ…..”ဓာတ်မီးယူပြီးဖွင့်ကြည့်ရန်အထ သူ့ဆီမှအသံထွက်လိုက်သည်နှင့် အခန်းထောင့်ရှိ မိန်းမပျိုမှာ ပြောင်းလဲသွားသည်။

ထင်လင်းဓာတ်မီးအောက်တွင်မြင်လိုက်ရသည်က ကြောင်အသေလေးတကောင်ကိုစားသောက်နေသော ကြောင်မကြီးတစ်ကောင်။
အကောင်ကနည်းတာကြီးမဟုတ်ကြောင်ဟုသာဆိုသည် ကျားပေါက်တစ်ကောင်ခန့်ရှိသည်။မီးရောင်နှင့်ထိုးအကြည့်လှည့်ကြည့်သောမျက်လုံးအစုံမှာနီရဲပြောင်လက်နေသည်။သူ့အားတစ်ချက်ကြည့်ပြီးပြတင်းပေါက်မှခုန်ချသွားသည်။ထင်လင်းလဲ အိပ်ယာမှထာကာ ဘေးတွင်လိုလိုမယ်မယ်ယူလာသောဖင်ဖြစ်သူမသေခင်ကကိုင်သည့်ဒူးလေးအားဆွဲကာ ပြတင်းပေါက်မှလှမ်းပစ်လိုက်သည်။

ထိတော့ထိသည်။ကြောင်တစ်ကောင်ဆိုလျှင်နေရာတွင်လဲကျသွားရမည်ဖြစ်သော်လည်းထိုကြောင်နက်ကြီးမှာမူမြှားတန်းလန်းဖြင့်ထွက်ပြေးသွားလေသည်။ထင်လင်းဆက်မလိုက်တော့။အခန်းထောင့်မှာသေဆုံးနေသောကြောင်တစ်ကောင်နှင့်အစားခံထားရ၍အူထွက်ကာတစ်ပိုင်းတစ်စဖြစ်နေသောကြောင်ကိုကြည့်ကာညီညီအားနှိုးလိုက်သည်။”ညီညီ ထ ဟေ့ကောင်…ကြောင်တွေကိုထကြည့်အုံး”ထင်လင်းအတင်းလှုပ်နှိုးမှ ကာလနဂါးသေဝင်စားသောညီညီအိပ်ချင်မူတူးဖြင့်ထလာသည်။
“ဘာဖြစ်လို့လဲ ထင်လင်း””ဘာဖြစ်လို့လဲမေးမနေနဲ့ ဒီကိုကြည့်အုံး”
ထင်လင်းအခန်းထောင့်ကိုမီးထိုးပြလိုက်သည်။”ဟာ…ငါ့ကြောင်လေးတွေ …ဘယ်အကောင်ကငါ့ကြောင်တွေကိုသတ်သွားတာလဲ မင်းမိလားထင်လင်း””ဟင့်အင်း…မိတော့မမိဘူး…ဒါပေမယ့်ထူးဆန်းတယ်ကွ”ထင်လင်းညီညီ့ကိုဖြစ်ကြောင်အကုန်အစင်ပြောပြလိုက်သည်။”ဟာ…မင်းကမြှားမှနိသွားတာကိုဆက်မလိုက်ဖူးလားဟ”ညီညီကဒေါသောသည်။”ဟင့်အင်း..လိုက်စရာမလိုဖူးကွ အဲ့ဒီမြှားတံမှာအဆိပ်သုတ်ထားတယ်..ငါမလိုက်လဲသေမှာပဲ…အဲ့ဒီအဆိပ်က၃နာရီပဲခံတာကွ..ဒါပေမယ့်ငါစမြင်တုန်းကလူကွ မီးထိုးကြည့်မှကြောင်ဖြစ်သွားတာ””မင်းကလဲကွာ အိပ်မှုန်စုံဖွားနဲ့မြင်ချင်ရာမြင်တာဖြစ်မှာပေါ့…ဒါနဲ့မင်းပစ်တဲ့မြှားကဘယ်နေရာမှန်သွားလဲ”

“ပေါင်ကိုမှန်တာကွ ဒါပေမယ့်အဲ့ကြောင်ကဆက်ပြေးနိုင်သေးတယ်”
“ကဲ ထားပါကွာ ခုမနက်၅နာရီထိုးပြီ ကြောင်လေးတွေကိုသေချာမြှုပ်ပေးပြီး မျက်နှာသစ် မနက်စာစားမယ် ပြီးရင်လက်ဖက်ရည်ဆိုင်သွားမယ်”
နှစ်ယောက်သားအိပ်ယာမှထကာကြောင်လေးတွေကိုမြှုပ်နှံသဂြိုဟ်ပြီး ထင်လင်းတယောက်ထဲအိမ်ပြန်လာခဲ့သည်။လူကသာလမ်းလျှောက်နေသော်လည်းသူမြင်ခဲ့သောမြင်ကွင်းကအခုထိမျက်စိထဲမှမထွက်သေး။ဇဝေဇဝါနဲ့ မသဲမကွဲ။
ရွာရဲ့မနက်ခင်းလေးကတော့တဖြည်းဖြည်းစိုပြည်လာနေပြီ။ထင်လင်းမနက်စာစားကာ ညီညီ့ကိုခေါ်ပြီးလက်ဖက်ရည်ဆိုင်ရောက်တော့သတင်းတစ်ခုကကြိုနေလေသည်။ရွာမြောက်ပိုင်းကဒေါ်နွဲ့တင်ကြီးဆုံးပြီတဲ့။
မနေ့ကတောင်အကောင်းကြီးပါ။ဘယ်လိုဖြစ်တာပါလိမ့်။လူတိုင်းကလဲ အဖြေရှာနေကြသည်။ထင်လင်းနဲ့ညီညီလဲအသုဘအတွက်ကူညီလုပ်ကိုင်ပေးရန် အသုဘအိမ်သို့လူကြီးများနှင့်အတူလိုက်လာခဲ့သည်။
ရွာဓလေ့က ဘယ်အိမ်မှာပဲသာရေးရှိရှိ၊ဘယ်အိမ်မှာပဲနာရေးရှိရှိ အားလုံးလူပျိုပေါက်အရွယ်မှစကာလူကြီးအထိဝေယျဝစ္စအကုန်လုပ်ပေးကြသည်။အခုလဲ ထင်လင်းတို့အသုဘအိမ်ရောက်တော့ မသာကိုရေချိုးရန်ပင်ပြင်ဆင်နေကြပြီ။ထိုအခါမှရေချိုးပေးရန်ပြင်ဆင်နေသောလူကြီးများထံမှအသံတစ်ချို့ကြားကာဝိုင်းဝန့်ကြည့်ရှုကြသည်။ထင်လင်းတို့နှစ်ယောက်လဲပါသည်။သူတို့မြင်လိုက်ရသည်က ပေါင်တွင်မြှားတစ်ချောင်းစိုက်ဝင်ထားသောဒဏ်ရာအပေါက်တစ်ပေါက်။ဒေါ်နွဲ့တင်၏မျက်လုံးများမှာလဲ လုံးဝအပိတ်မဟုတ်ပေ။ထင်လင်းမျက်လုံးကိုကြည့်တော့ နီရီပြောင်လက်နေသောမျက်လုံးအစုံ။

ဒါဆိုလျှင် သူညကမြင်ခဲ့သောပုံရိပ်များတစ်ဖျတ်ဖျတ်ပေါ်လာသည်။
မသာပါးစပ်အတွင်းသို့ကူးတို့ခထည့်သောအခါမှာလည်း ကြောင်မွှေးတစ်ချို့ကသွားတွင်ကပ်လျှက်။…….။

ထင်လင်းတစ်ယောက်မသာအိမ်တွင်ပင်ဆက်မနေရဲတော့။အိမ်သို့အပြေးပြန်လာခဲ့သည်။သူ၏မျက်လုံးထဲမှာတော့ညကပုံရိပ်များ၊ဒေါ်နွဲ့တင်၏မျက်နှာတို့ကတစ်ဖျတ်ဖျတ်ပေါ်လျှက်။နှုတ်မှရေရွတ်မိသည်ကတော့
“ကြောင်စုန်း…..ကြောင်စုန်းမကြီး”

credit:သိင်္ဂသူ(စေတနကျုပ်မယားသူ့ဇနီး(စ/ဆုံး)