ညိုမြင့်(ဇေယျဝတီ)
တကယ်တမ်း ထွက်ကြမည်ဆိုတော့လည်း ပြင် ဆင်စရာက အများသား။ ပထမဆုံး ဘက်ထရီအားဖြည့်ရသည်။ မီးသီး စသည်ကို စစ်ဆေးရသည်။
ဝါယာနှင့် ညှပ်တို့ကို ခိုင်အောင် ကျပ်ရသည်။သည်လုပ်ငန်းတွင် ဘက်ထရီမီးက အဓိက။
သားကောင်ရှာရာတွင် လက်နှိပ်ဓာတ်မီးက အရာမရောက်။ လမ်းမြင်ရုံသာ ကောင်းသည်။ ညရေး ညတာ ဆူးတော ခလုတ်တော သွားရမည်ဆိုတော့ ထိမိခိုက်မိလျှင် ကုဖို့သဖို့ အရက်ပြန်၊ တင်ချာ၊ အိုင်အိုဒင်း၊ ဂွမ်းလိပ်၊ ပတ်တီးကိုပါ ကျောပိုးအိတ်ထဲ ထည့်လိုက်သည်။
နောက်ပြီး လောက်စာနှင့် လေးခွ။
ဆရာတင်ကို ပြင်ဆင်ရသမျှ ဤမျှသာ။ ကျန်လက်နက်ကိရိယာများကိုအဖွဲ့ဝင်တို့ကိုယ်စီ ယူကြလိမ့်မည်။
အဖွဲ့ဝင်ဆို၍ သူတို့အကြောင်း အနည်းငယ်စီ တင်ပြရဦးမည်။
ပထမဆုံး ဆရာတင်ကို ဆိုသော ကိုယ့်အကြောင်း။
ကိုယ်ကတော့ သည် မချစ်စုရွာကလေးသို့ တာဝန်လာထမ်းရွက်ရသည့် ကျောင်းဆရာ။ လုပ်ငန်း သဘောအရ လူကြီး လူငယ် လူလတ် အားလုံးနှင့် သင့်အောင် ပေါင်းရသည်။ နောက်ပြီး လူငယ်ဘာဝ သည်လိုကိစ္စကလေးများ ဝါသနာပါတတ်တော့လည်း သည်ရွာနှင့် ပိုပြီး အဆင်ပြေနေသည်။
နောက်တဦးက ဦးဖိုးခွေး။ အသက် ခြောက်ဆယ်ကျော်။ သွားက တချောင်းမျှမရှိ။ အရက်နှင့် သားငါး အလွန်မက်မောသည်။အသားကြော်ကလေးကို အရက်ဖြင့် မြုံ့နေရလျှင် မယားတောင် မေ့တတ်သည့် ပုဂ္ဂိုလ်။ သူက မုဆိုးလုပ်ငန်း မကျွမ်းကျင်။ သို့သော် သူ့တွင် ယုန်လိုက်၊ ကြောင်လိုက် အလွန်ကောင်းသော ခွေးရှိသည်။ သည်တော့ သူက အဖွဲ့ဝင်။
နောက်တယောက်က ကိုပွ။ မုဆိုးလုပ်ငန်း တီးမိ ခေါက်မိသည်။ အမဲလိုက်ခွေးလည်း မွေးသည်။ ခွေးကို မယားထက်ချစ်သည်ဟု ဆိုရမည့်သူ။ သည်လုပ်ငန်းတွင် ဝါသနာကြီးမှုကြောင့် မယားသုံးဆက်ပြောင်းပြီး အခု လွတ်လပ်နေသော မယားပစ် လူပြိုကြီး။ လူပျိုမဟုတ်။
နောက်တယောက်ကလည်း မယားပစ် လူပြိုကြီးပင် ဖြစ်သည်။ သူက ကိုပန်းမောင်။ ကလေးတယောက်နှင့်။ ဘယ်နေရာမဆို ကလေးကတွဲလဲ။ ယခုလိုအမဲလည်ထွက်မည်ဆိုတော့ ကလေးကို သူ့အမေကြီး၊ ဘကြီးများအိမ် ပို့ထားရသည်။ ကိုပန်းက တောလည်ရာတွင် မီးထိုး အလွန်ကောင်းသူဟု သည်နယ်တွင် ကျော်သည်။
နောက်ဆုံးတယောက်က ဦးမောင်မောင်။ သူက သည်ရွာ၏ ကောင်စီလူကြီး။ သူကလည်း အသက် ကလေးရလာသည်နှင့်အမျှ ကြေညက်ခဲသည့် အဖ တ် မစားတော်မူပဲ ဦးဖိုးခွေးလို အရည်လေးပဲ သောက်ဖို့ စိတ်ကူးနေသူ။ တောလည်လုပ်ငန်းတွင် ဝါသနာကြီးသည်။ တွေ့သမျှခွေးများကို တောင်းပြီး မွေးထားသည်မှာ အိမ်တွင် အကောင်နှစ်ဆယ်ခန့် ရှိသည်။ သို့သော် တကောင်မျှ တောလည်မစွံ။ တောမကောင်း။
အဖွဲ့ဝင်များစုံပြီ။ အားလုံး ငါးဦး။ ကိုပွနှင့် ကိုပန်းက အဆင့်တစ်။ ဦးမောင်မောင်က အဆင့်နှစ်။ ဦးဖိုးခွေးက အဆင့်သုံး။ ကျွန်တော်ဆိုသော ဆရာတင်ကိုက ယောင်ခြောက်ဆယ်။
xxx xxx xxx
ရိုးမထိပ်ဖျားတွင် နေမင်းကြီး မေးတင်သည်နှင့် ကိုပန်း ဘိ” တွင် လူစုလိုက်ကြသည်။ ကိုပန်း ဘိ ဆိုသည် မှာ ကိုပန်းမောင်တို့ သားအဖနေသော တဲကလေးဖြစ် သည်။ တဲကလေးက အညာထန်းတဲပုံစံမျိုး။ တဲခေါင်းရင်းမလှမ်းမကမ်းတွင် စေတီအိုတဆူနှင့် ထန်းပင်တပင် ရှိသည်။ အရိပ်အာဝါသနှင့် နေချင့်စဖွယ်။ စာသင်ကျောင်းနှင့်လည်း ကပ်နေသည်မို့ ဆရာတင်ကို ကျောင်းအားတိုင်း ကိုပန်း ဘိ တွင်သာ အနေများသည်။
“ကျောင်းဆရာ ဖန်သီးအပို ပါရဲ့လား”
ဦးမောင်မောင်က ဆရာတင်ကို ကို သတိပေးသည်။
“ပါ ပါတယ်ဗျာ။ ခြောက်ဆထိုး ၂-လုံး အပိုယူ လာပါတယ်””
“ကဲ ဒီလိုဆို ဘယ်ကိုလှည့်မလဲ ပြောပါအုံး ငပွရ”
ဦးဖိုးခွေးက လုပ်ငန်းအစီအစဉ်ကို မေးသည်။
‘ဒီလိုလေ ဦးဖိုးခွေးရ၊ ကျွန်တော်တို့ ဦးကြည်စုနဲ့ ကရင်ကုန်းကြားကနေ လေးအိမ်စုရွာ မြောက်ဘက်ကို ပတ်ထွက်မယ်။ နောက် တောင်ချောင်းအတိုင်း တောင်ခြေကို နှင်တာပေါ့”
“အေး တောင်ချောင်းအတိုင်း ကိုတင့်ရိုးဖျားအထိ သွားယင် ကြောင်ကတော့ သေချာပါတယ်”
“ကဲထွက်ကြမလား””
“ထွက်လေ”
“ဒါဆို အဘကို သွားနှုတ်ဆက်ကြက္ခာ”
အဘ ဆိုသည်က အသက် ၇ဝ-ကျော် ဦးပေဆိုသော အဘိုးကြီး။ ဦးပေသည် သည်နယ်တခွင်တွင် အလွန်နာမည်ကြီးသည့် ဝါရင့်မုဆိုးကြီး။ နောက်ပေါက် မုဆိုးတိုင်း သူ၏ အသွန်အသင်နှင့် မကင်း။ သူ့ထံမှ ပညာယူရသည်။ ယခုတော့ အဘပေသည် အနားယူပြီ။ မုဆိုးငယ်တို့ သားကောင်ရတိုင်း ဟင်းစားကျွေးစား ပို့ကြသည်။ အမဲလည်ထွက်ကြတိုင်း အဘကို သွားနှုတ်ဆက်သော အလေ့သည် သည်ရွာတွင် မြဲနေပြီ။ အဘကို နှုတ်ဆက်ပြီးသွားလျှင် သားကောင် ပေါပေါများများ ရတတ်သည် ဟုလည်း ယူဆကြသည်။
“ကဲ သွားကြစို့”
ကိုပန်းမောင်က ဓားရှည်ကို တဲ့တိုင်တွင် ဆောင့်လိုက်သည်နှင့် အမဲခွေးများက ရွှင်မြူးစွာ အော်ဟစ်ပြီး တဲအောက်မှ အမြီးတနှန့်နှန့်နှင့် ထွက်လာကြသည်။ခွေးများ ရွှင်မြူးစွာ ထွက်လာသည်ကို ကြည့်ပြီး အားလုံး ဝမ်းသာကြသည်။
သားကောင်ရမည့် နိမိတ်။ ခွေး ပျင်းရိစွာထွက်လာလျှင် သို့မဟုတ် တကြော်ကြော်ခေါ် နေရလျှင် သားကောင်မရတတ်။
xxx xxx xxx
အနောက်ရိုးမတွင် နေလုံးကွယ်သည်နှင့် လမိုက်ည ၏ အမှောင်ထုက လောကတခွင်အား အလျင်အမြန် ဝါးမျိုလိုက်သည်။ ဆရာတင်ကိုတို့ ကြောင်လိုက် မုဆိုးအဖွဲ့လည်း အနောက်တောင်ခြေဆီသို့ ခွေးတအုပ်နှင့် နှင်နေပြီ။ ကိုပန်း ဘက်ထရီမီးကလည်း ကွင်းတပြင်လုံး တဝဲဝဲလည် ထိုးရှာနေသည်။
ဦးကြည်စုနှင့် ကရင်ကုန်း လွန်လာသည့်တိုင် ဘာမျှ မတွေ့ရသေး။ တဖြည်းဖြည်းနှင့် လေးအိမ်စုရွာ နောက်ဖျားသို့ ရောက်ပြီ။ ကိုပန်းလက်မှ ထိုးထွက်သွား ဘက်ထရီမီးတန်းသည် ကိုကြီးရိုးထိပ်တွင် တန့်သွားသည်။ အနည်းငယ် မီးကစားလိုက်သည်နှင့် သားကောင်၏ မျက်စိအစုံကို ဝင်းကနဲ မြင်လိုက်ရသည်။
“ရွှီ”
သားကောင် တွေ့နေပြီဆိုသော ကိုပန်းထံမှ လေချွန်သံခပ်အုပ်အုပ်အဆုံးတွင် ကိုပွက ကိုပန်းနှင့် ရင် ပေါင်တန်း နေရာယူလိုက်သည်။ ဦးဖိုးခွေးနှင့် ဦးမောင်မောင်က ဘယ်ညာ ခွဲထွက်လိုက်ကြသည်။ ဆရာတင်ကို က သူတို့နောက်က။
ကိုပန်းက သားကောင်ကို မီးဖြင့် မပြတ်ထိုးထား ယင်း ပြေးသည်။ ကိုပွကလည်း ကိုပန်းနှင့် ရင်ပေါင် တန်း ပြေးလိုက်သည်။ ဦးဖိုးခွေးနှင့် ဦးမောင်မောင်တို့လည်း အမှောင်ထုတွင်း ပြေးဝင်ပျောက်ကွယ်သွားကြပြီ။ ဆရာတင်ကိုက ကိုပန်းတို့ မီးအဖွဲ့ကို မီအောင်လိုက်ရသည်။ သူတို့ကိုမီအောင် အမှောင်ထဲ စမ်းလိုက်ရသည်က မလွယ်။ ခလုတ်ကန်သင်း ဘာမျှ မတွေ့ရ။
သားကောင်လည်း လှည့်ကြည့်လှည့်ကြည့်နှင့် တော စပ်သို့ အရောက်နှင်နေသည်။ သည်အတိုင်း ပြေးလိုက်နေရလျှင် သားကောင် တောဝင်ပြီး ပျောက်တော့မည်။
ကိုပန်း မီးပညာသုံးပြီ။ ပြေးနှုန်းကိုလျှော့ပြီး မီးကို ဝိုက်၍ ဝိုက်၍ ကစားလိုက်သည်။ အထက် အောက် ရိုက်၍ ရိုက်၍ချသည်။ သားကောင်သည် ရုတ်ခြည်းလှည့်ကြည့်ပြီး မီးတန်းကိုငေးနေပြီ။ သားကောင်၏ မျက်လုံးကို မီးရစ်ပြီး စူးသွားသည်နှင့် ရန်သူဟူသောအသိ သားကောင်တွင် ပျောက်ကွယ်ပြီး တဖြည်းဖြည်း ဝပ်စင်းသွားသည်။
ကိုပွနှင့် ကိုပန်းတို့ သားကောင်နှင့် မှိန်းတလှမ်း အကွာသို့ ရောက်သည်နှင့် ကိုပွလက်မှ တလုံးစူးသည် မီးရောင်တန်းအတိုင်း ပြေးထွက်သွားသည်။ စူးကို မြင်သည်နှင့် သားကောင်ကလည်း မြေတွင် ပြားနေအောင် ဝပ်ပစ်သည်။ မှိန်းစူးသည် သားကောင်၏ ကျောပေါ် မှ ကပ်ထွက်ပြီး မြေတွင် ဒုတ်ကနဲ စူးဝင်သွားသည်နှင့် သားကောင်လည်း သတိပြန်ဝင်ပြီး ထပြေးသည်။
“ကျမင်းကွ … ကျမင်း။ ဟာ ကျားဘို လိုက်ဟ … ကိုက်ဟ”
ကိုပန်းတို့နောက်မှ ကပ်လိုက်လာသော ခွေးတအုပ် က ကြောင်ကိုဝင်လုံးသည်။ ကြောင်ကြီးလည်း တချက်သာ ပြန်ခံပြီး အနောက်သို့ ပြေးသည်။ သည်တွင် ဘယ် ညာမှ ပန်းတက်ထားနှင့်သော ဦးဖိုးခွေးနှင့် ဦးမောင်မောင်တို့ထံမှ မီးများဆိုင်ထိုးပြီး ငြာသံပေးလိုက်သဖြင့် အရှေ့သို့ ပြန်ပြေးလာပြန်သည်။ မီးတန်းများအောက်တွင် ခွေးနှင့်ကြောင်သည် လုံးလားထွေးလား ပြေးနေကြသည်။
“သစ်ပင်တက်လိမ့်မယ်ဟေ့ ၊ သစ်ပင်ကို အရမောင်း”
ကွင်းစပ်ရှိ ညောင်ပင်ရှိရာ အရမောင်းသည်။ ကြောင်သည် ညောင်ပင်နားရောက်ခါနီးမှ ဆရာတင်ကို ရှိရာ အရှေ့တောင်ဘက်သို့ ဖောက်ဝင်ပြေးထွက် သွားသည်။ ဆရာတင်ကို သူ့အနားမှ ဖြတ်ပြေးသွား သောကြောင်ကို ဘာမျှ မလုပ်လိုက်နိုင်။ သူ့ကိုက် မသွားအောင်ပင် မနည်းရှောင်ပေးလိုက်ရသည်။
“ဟာ ဖောက်သွားပြီ ၊ ကျောင်းဆရာဘက်က ဖောက်သွားပြီ”
“ကျောင်းဆရာက အသံမှ မပေးပဲ၊ တိုးမသွားတာ ကံကောင်း၊ ငြာသံပေးရတယ် ကျောင်းဆရာရဲ့”
တယောက်တပေါက် ဆရာတင်ကို ကို လှမ်းအော် ကြသည်။ ဝင်ကိုက်သွားမှာစိုး၍ အသံမပေးပဲ ငြိမ်နေလိုက်သည်ကိုမူ သူတို့မသိ။
“ဟား ကျားဘို လိုက်ဟ၊ ကျားဘို လိုက်ဟ”
ကျားဘိုကြီးက ကြောင်ကို အပြတ်မခံ။ ထက်ကြပ်မကွာ ပြေးလိုက်သွားသည်။ ကိုပန်း မီးကလည်း ကြောင်နှင့် ခွေးများကို အပြတ်မခံ။ ထက်ကြပ်မကွာပြေးလိုက်သွားသည်။
“ချောင်းကူးသွားပြီဟေ့ … ချောင်းကူးသွားပြီ”
တောင်ဘက်တွင် မြို့ချောင်းရှိသည်။ ယင်းချောင်းကို ကြောင်ကူးသွားပြီ။ ခွေးများလည်း ပါသွား သည်။ ကိုပန်းတို့အုပ်စုလည်း ဆင်းပြီး ပြေးလိုက် သွားသည်။ အမှောင်ထဲတွင် စမ်းတဝါးဝါးဖြင့် ဆရာတင်ကို ကျန်ရစ်သည်။ သူတို့မီးကို မှန်းပြီး ပြေးလိုက်နေရသည်မှာ ခလုတ်များ၊ ငုတ်များကြားတွင် အလဲလဲ အပြိုပြိုဖြစ်နေသည်။
“တက်ပြီဟေ့ … သရက်ပင်ပေါ် တက်ပြီ”
ခွေးများသည် သစ်ပင်ခြေရင်းတွင် ပတတ်ရပ်ပြီး တအားအိုင်နေကြသည်။ ဆရာတင်ကိုလည်း ချောင်းကမ်းပါးသို့ ရောက်ပြီ။ သူတို့ဆီမှ ဖြာထွက်လာသော မီးရောင်ဖြင့် ချောင်းလမ်းဆင်းကို ကြည့်သည် ။ မတွေ့။ ကမ်းပါးစောက်ကြီးသာ သူရောက်နေသည့်နေရာသည် ဖြစ်နေသည်။
“လမ်းဆင်းဘယ်မှာလဲဗျို့၊ မီးထိုးပြကြပါအုံး”
မီးရောင်တချက် ဖြာကနဲ လက်လာသည်။
“ဟ ကျောင်းဆရာရ မိန်းမရွာ အလည်သွားတာမှ မဟုတ်၊ လမ်းရွေးနေသလား၊ ခုန်ချ … ခုန်ချ”
ဟိုက် ချောက်ကမ်းပါးက ဝါးတရိုက်ခန့် မြင့်သည်။ အောက်ခြေတွင် သဲသောင်ကြီး မြင်နေရသော်လည်း အကျမတော်လျှင် ခြေသပွတ်တိုင် လည်သွားနိုင်သည်။ ဟိုမှာလည်း သားကောင်နှင့် နင်လား ငါလား အရေးကြီးနေချိန်။ မတတ်နိုင်တော့။ ဆရာတင်ကို မျက်စိမှိတ်ပြီး ခုန်ချလိုက်သည်။
အေးကနဲ ခံစားလိုက်ရပြီး ကြိုးတန်းတခုက ပေါင်ခွ ကြားထဲ ဝင်ဆောင့်သည်။ ချက်ချင်းကျချိန် ရပ်သွားပြီး လေထဲတွင် တက်လိုက် ကျလိုက် ဖြစ်နေသည်။ နွယ်တန်းပေါ် ခုန်ချမိရက်သားဖြစ်နေခြင်း။အထက်မတင် အောက်မကျ။
“ဟာ လုပ်ကြပါအုံးဗျို့၊ ကျုပ် နွယ်နဲ့ ငြိနေပြီဗျ”
မီးရောင်တန်းများ ဖြာထွက်လာပြန်သည်။
“ဟာ ကျောင်းဆရာ တန်းလန်းကြီးဖြစ်နေပြီ။ လုပ်လိုက်ကြစမ်းပါအုံး”
ထိုစဉ် တယောက်ကပြေးလာပြီး နွယ်ကြိုးတဘက်စွန်းကို ဓားဖြင့် ဖြတ်လိုက်ရာ ဆရာတင်ကိုလည်း သဲပြင်ပေါ် သို့ ကျွမ်းပြန်ကျသွားတော့သည်။
ကြောင်တက်သွားရာ သရက်ပင်နားရောက်တော့ ကိုပွက သစ်ပင်ပေါ်တက်ပြီး ကြောင်ကို စူးနှင့်ထိုးထား ပြီ။ သစ်ပင်နှင့် ညှပ်ထိုးထားသဖြင့် ကြောင်ကြီးလည်း ယက်ကန်ယက်ကန်ဖြင့် မှိန်းရိုးကို တခွမ်းခွမ်းပြန်ကိုက်နေသည်။
မကြာလိုက်ပါ။ ဦးမောင်မောင် ထပ်တက်သွားပြီး ဓားနှောင့်နှင့် ထုမှ ကြောင်ကြီး ငြိမ်ကျသွားတော့ သည်။ အသက်ငင်နေပြီဖြစ်သော ကြောင်ကြီးကို သစ်ပင်ပေါ်က ပစ်ချလိုက်တော့ ကျားဘိုတို့အုပ်က အတင်းဝင်ကိုက်ကြသည်။
“နည်းတဲ့ကောင်ကြီးမဟုတ်ဘူး ၊ လေးပိဿာတော့အောက်ထစ်ပဲ”
ဦးဖိုးခွေးက ခွေးများကြားမှ ကြောင်ကို ဆွဲထုတ်ယင်း ခန့်မှန်းသည်။ ကြောင်ကြီးမှာ အဝါတွင် အနက် စက်ကြီးများနှင့် ကြောက်စရာပင်ကောင်းသည်။
“ဒါ ဘာကြောင်လဲ ကိုပွ”
“ကျမင်းခေါ်တယ် ကျောင်းဆရာရဲ့၊ ဒါငယ်သေး တယ်၊ ဒီထက်ကြီးတဲ့အကောင်ကျတော့ ခွေးမတိုးရဲဘူး”
လူလည်းမောပြီ၊ ခွေးလည်းမောပြီမို့ ချောင်းထိပ် တွင် ခေတ္တအပန်းဖြေကြသည်။ ဆေးလိပ် သောက်ကြသည်။ အတန်ကြာမှ ထလိုက်ကြသည်။ ဆရာတင်ကိုက ကြောင်ကြီး၏ ခြေနှင့်လက်အကြောများကို စူးတချောင်းဖြင့် ဖောက်ပြီးလျှိုထမ်းသည်။
“ကဲ အထက်ကို တက်ကြစို့”
ကြောင်မုဆိုးအဖွဲ့ တရွေ့ရွေ့ဖြင့် ခရီးဆက်ကြပြန်သည်။
“ရော့ တုတ်မီးတလက်ယူထား ကျောင်းဆရာ။ ကျွန်တော်တို့ သားကောင်နောက်လိုက်ယင် ပြေးမလိုက် ခဲ့တော့နဲ့။ မျက်ခြည်မပြတ်အောင်သာ နောက်က မီးထိုး လိုက်ခဲ့ပေတော့”
မကြာလိုက်ပါချေ၊ ကိုပန်း မီးက တနေရာတွင် တန့်သွားပြန်ပြီ။ပါးစပ်မှလည်း လေချွန်သံတချက် ထွက်လာသည်။ ကိုပွက ကိုပန်းနှင့် ရင်ပေါင်တန်းလိုက်သည်။ ဦးဖိုးခွေးနှင့် ဦးမောင်မောင်တို့က ဘယ်ညာခွဲ၍ အမှောင်ထုထဲ ပျောက်သွားပြီ။
မကြာမီ ခွေးသံနှင့် လူသံများ ဆူညံသွားသည်။
“ကွင်းထွက်လိမ့်မယ်ဟေ့ ၊ ကြောင်ဖားကြီးကွ”
“သစ်ပင်တက်မှာ မဟုတ်ဘူး””
“ကိုက်ဟ ကျားဘို… ကိုက်ဟ”
ကွင်းထဲတွင် ခွေးနှင့် ကြောင်နှင့် မီးတွေနှင့် ရှုပ်ယှက် ခတ်နေသည်။
မကြာမီ မီးရောင်ကြောင့် ဝပ်သွားသော ကြောင်ကြီးကို ကိုပန်းက ခြေထောက်ဖြင့်ပြေးနင်းသည်။
“မှိန်းမထိုးနဲ့ … မှိန်းမထိုးနဲ.၊ ငါ့ခြေထောက်ထိုးမိမယ်။ အလာလာ .. ဟခွေး … ဟခွေး”
ကြောင်ကိုဝင်လုံးသော ခွေးသည် ကိုပန်းကိုပါ ရော ကိုက်ပြီ။
“ကိုပန်း ဖယ်ဖယ်၊ ငါထိုးမယ် … ငါထိုးမယ်”
“ဟာ မထိုးနဲ့… မထိုးနဲ့ ။ ငါ့ထိုးမိမယ်”
ခွေးသံ ကြောင်သံနှင့် လူသံများ အဝီစိပွက်သလို သောသောညံသွားသည်။
“အလာ မတိုးပါနဲ့ဆိုကွာ၊ ငါ့ထိုးမိသွားပြီ ကိုပွရ”
မှိန်းစူးသည် ကိုပန်းခြေထောက်ကို ရှပ်ထိပြီး ကြောင် ကြီး၏လည်မျိုတွင်း နစ်ဝင်သွားသည်။ ထုသံ ရိုက်သံနှင့်အတူ ကြောင်ကြီးလည်း ဇီဝိန်ချုပ်သွားရပြီ။ ကိုပန်း ခြေထောက်လည်း မှိန်းဒဏ်ရာ ရသွားပြီ။
“မထိုးပါနဲ့ဆို ကိုပွရာ”
“ဟ မထိုးယင် ခွေးရော ကြောင်ရော ဝိုင်းကိုက်လို့ မင်းထမ်းပြန်ရတော့မှာ။မင်းခြေထောက်ကိုလွတ်အောင် စွန့်ထိုးရတာကွ။ မင်းမိုက်ပါ့ကွာ၊ ခြေ ထောက်နဲ့ပဲ တက်နင်းရတယ်လို့။ အသည်းငယ်တဲ့ ယုန်တောင် ကျဉ်းကြားကျယင် ပြန်ကိုက်သေးတာကွာ”
နာတဲ့လူ နာကုန်ပြီ။ ဆရာတင်ကိုကတော့ ကြောင် နှစ်ကောင်ရပြီမို့ ပျော်နေသည်။ သည်ကြောင်ဖားကြီးကလည်း သုံးပိဿာကျော်သည် မဟုတ်လော။
“အိုင်-အိုင်-အိုင်-ဝေါင်း-ဝေါင်း”
“ဟ ခွေးဘာတွေ့ပြန်ပြီလဲ မသိဘူးဟေ့”
သည်တခါခွေးအိုင်သံက ထူးသည်။တိုးဟောင်လိုက်
ပြန်ပြေးလာလိုက်ဖြစ်နေသည်။
“ခွေးအိုင်တာ တမျိုးပဲဟေ့။ မင်းတို့မှိန်းတွေ အဆင်သင့်လုပ်ထားစမ်း။ ကိုပန်း မီးထိုးကွာ”
ကိုပန်းမီးက ဖြာထွက်သွားသည်။ လူအားပေးပြီဆိုတော့ ခွေးများ အားတက်ပြီး စားမတတ် ဝါးမတတ် ပြေးဟောင်ပြန်သည်။
“ကိုတင့်ရိုးထိပ်ကပဲကွ၊ ဟာ ဟိုးမှာ … ဟိုးမှာ”
မီးရောင်တန်းအောက်တွင် ရဲရဲတောက်နေသော မျက်စိအစုံက လှုပ်ရှား နေသည်။ မျက်စိက သေး ငယ်ပြီး မျက်စိနှစ်လုံးကြားက မကျယ်လှ။
သည်လိုဆိုလျှင် အကောင်ငယ်ထဲကပဲ ဖြစ်မည်။ သို့သော် မျက်စိက လူတရပ်အမြင့်က ဖြစ်နေတော့ ဘာကောင်ရယ် ဝေခွဲ၍မရ။
“ကျားဘို ကိုက်ဟ …. ကိုက်ဟ”
ကိုပန်းနှင့် ကိုပွ ခွေးကို အားပေးယင်း လိုက်သွား သည်။
“ဖူး…. “
“ဟာ-မှုတ်တယ်၊ ဦးဖိုးခွေးရေ ငန်း … ငန်းကြီးဗျ။ အကြီးကြီးပဲ၊ ဘယ်လိုလုပ်မလဲ့””
“ဟာ ခွေးတွေခေါ် … ခွေးတွေခေါ် ၊ သေကုန်လိမ့် မယ်”
“ဟေ。ပစ္စည်းတွေ သယ် … သယ်၊ လိုက်လိမ့်မယ်”
မီးရောင်အောက်တွင် ငန်းမြွေကြီးက ပါးပျဉ်းတယမ်းယမ်းနှင့် မှုတ်ယင်း လိုက်လာသည်။ တောကြီးမြွေဟောက်ခေါ် ငန်းပုပ်မျိုးသည် ကိုက်မိယင် သူ့တပြန်တောင် မလှမ်းနိုင်။ အလွန်အဆိပ်ပြင်းလှသည်။
ကြောင်မုဆိုးအဖွဲ့ ဝဋ်လည်ပြီ။ မုဆိုးဘဝမှ သား ကောင်ပြန်ဖြစ်ရပြီ။ ခြေထောက်ကြိမ်းသဖြင့် ချွတ်ထားသော ဖိနပ်ကို ဆရာတင်ကို မကောက်နိုင်။ ကြောင်ကို ထမ်းပြီး လစ်ရပြီ။ ကိုပွနှင့် ကိုပန်းက မီးထိုးခြောက်လှန့်ယင်း နောက်ဆုတ်ပြေးနေသည်။
ကျန်အဖွဲ့သားများက နောက်ကြောင်း အရပြေးသည်။ ခွေးများဝင်ဟန့်နေသဖြင့် ငန်းမြွေကြီး အတင်းမလိုက်နိုင်သည်မှာ အလွန်ကံကောင်းလှပေ သည်။ ချောင်းကူးပြီးသည်နှင့် အဖွဲ့တော်သားများ သေပြေး ရှင်ပြေး ပြေးခဲ့ရပါ၏။
xxx xxx xxx
“ကျောင်းဆရာ ညက အမဲလည်တာ ငန်းလိုက်လို့ဆို”
အဘပေက စောစောစီးစီး လာမေးသည်။
“အဘရေ ပြောမနေနဲ့တော့။ သေပြေးရှင်ပြေးကို ပြေးခဲ့ရတာ”
“မုဆိုးတွေလုပ်နေပြီး အရှင်ဖမ်းခဲ့ရောပေါ့ဗျာ”
“ဟာ အဘက ကျွန်တော့်ကို လူ့ပြည်မှာ မမြင် ချင်တော့ဘူးထင်တယ်”
“ဟား … ဟား အကောင်းပြောတာပါ၊ ကျောင်းဆရာဖိနပ်လဲ ကျန်နေခဲ့ဆို။ အဲဒါလဲ ပြန်ယူယင်း ကျောင်း ဆရာအကောင်ကြီး ဖမ်းခဲ့ရအောင်လေ … ငပွတို့ကိုကြက်ထည့်တဲ့ခြင်းကြီးကြီး ယူခဲ့ခိုင်း”
“ဖြစ်ပါ့မလား အဘရာ”
ဖြစ်ပါ့မလားအဘရာဆိုသော်လည်း ကြောင်မုဆိုး အဖွဲ့က ပြင်ပြီးဆင်ပြီးပြီ။ သူတို့အဘကို သူတို့ယုံသည်။ သူတို့အဘ၏ အစွမ်းကို မျက်ဝါးထင်ထင် တွေ့ရဦးမည်မို့ ကြိတ်ပြီး ပီတိဖြစ်နေကြသည်။
အဘသည် မုဆိုးလက်နက်ဆို၍ ဓားမတိုတချောင်းပင် မကိုင်ခဲ့။ သူခြုံနေကျ စောင်ကျားကြီးသာ ခြုံပြီး လိုက်လာသည်။ ဆရာတင်ကိုကတော့ ဒုတိယမ္ပိ ပြေးရပြန်ဦးတော့မည်ဟုသာ တွေးယင်း ပါလာသည်။
ရောက်ပြန်ပြီ ဦးတင့်ရိုးထိပ်။
“ခွေးတွေသွင်းကွာ၊ သင်းကို တို့ရှာမနေနိုင်ဘူး၊ တို့ဆီကိုပဲ ခေါ်ရလိမ့်မယ်”
အဘစကားကြောင့် ဆရာတင်ကို ဆံပင်မွှေးထောင် ထသွားသည်။ ပြေးလမ်းကိုတော့ အရကြည့်ထားရပြီ။
“ဟ ကျားဘို … ကိုက်ဟ”
ကိုပွက ရိုးထဲ ခဲပေါက်ပြီး ခွေးတွေသွင်းလိုက်သည်။ ခွေးဟောင်သံများနှင့်အတူ ရွှီကနဲ မြွေမှုတ်သံ ကြား လိုက်ရသည်။
“ခွေးတွေ ပြန်ခေါ်လိုက်တော့။ သူ လိုက်လာလိမ့်မယ်”
ကိုပွ ခွေးများပြန်ခေါ်လိုက်သည်။ ခွေးများ ပြန်ပြေး လာသည်နှင့် ခွေးတောထဲမှ ငန်းကြီး မဲကနဲ ပေါ်လာ သည်။ ကိုပန်းနှင့် ကိုပွတို့ ကြောက်ရွှံ့စိတ်ဖြင့် တယောက်ကို တယောက် ကြည့်လိုက်ကြသည်။ ဆရာတင်ကိုတော့ ခပ်လှမ်းလှမ်းသို့ ရောက်နေပြီ။
လူများကို မြင်သည်နှင့် ငန်းမြွေကြီးသည် ပိုမိုဒေါသဖြစ်ကာ တဖူးဖူး မာန်သွင်းပြီး ပါးပျဉ်းထောင်နေသည်။ တောင်ဆုပ်နီးပါး ကျယ်ပြန့်ပြီး လူတရပ်ခန့် မြင့်သော မြွေပါးပျဉ်းကြီးသည် ယိမ်းထိုးနေသည်မှာ ကြောက်မက်ဖွယ် ကောင်းလှပေသည်။
အဘသည် မြွေကြီးကိုစိုက်ကြည့်ပြီး ခြုံထားသော စောင်ကြီးကို ခွာလိုက်သည်။ စောင်ကြီး ဖြန့်လိုက်သည်နှင့် မြွေကြီးမှာ ပိုမိုဒေါသထွက်လာပြီး ထိုးလိုက် လိုက် ပြန်ဆုတ်လိုက် လုပ်နေသည်။ အဘက စောင်ကြီး ဖြန့်ပြီး လှုပ်ပြလေ ပိုဒေါသဖြစ်လေဖြင့် ရှေ့တိုးလာသည်။
အဘကလည်း နောက်မဆုတ်၊ ရှေ့တိုး သွားသည်။ အဘနှင့် မြွေကြီး ဝါးတရိုက်ခန့်သာ ကွာဝေးတော့သည်။ အဘက စောင်ကြီး ယမ်းပြလေ မြွေကြီး ဒေါသကြီးလေနှင့် နောက်ဆုံး မြွေကြီး၏ ဒေါသ ဒီဂရီ အမြင့်ဆုံးတွင် မြွေကြီးက ထိုးအကိုက် အဘ ကလည်း စောင်ကြီးဖြင့် လှမ်းအပေါက်၊ ချိန်ကိုက်ဖြစ်ပြီး မြွေကြီးသည် စောင်ကျားကြီးနှင့် လုံးထွေးနေတော့သည်။
“ဟေ့ ငပွကြက်ခြင်း ယူခဲ့လကွာ။ မြွေထည့်ရအောင်”
ကိုပွနှင့် ကိုပန်း ရှေ့မတိုးရဲ။
“လာကြပါကွ၊ ငါက ခေါင်းက ကိုင်ထည့်ပါ့မယ်၊ မင်းတို့က ငါ့နည်းနည်းပါးပါး ကူကြပါ”
အဘက ပြောယင်းဆိုယင်း မြွေကြီးဦးခေါင်းကို အနားမှ တုတ်တချောင်းဖြင့် ဖိပြီး ဖမ်းနေသည်။ မြွေ ခေါင်းကို အဘဖမ်းကိုင်ထားတော့မှ လိမ်တွန့်ပြီးအဘလက်ကို ပတ်နေသော မြွေကိုယ်လုံးကြီးကို ကိုပွနှင့် ကိုပန်းက ဆွဲဖမ်းကြသည်။
“ကဲ သင်းကိုမိပြီ၊ မင်းတို့ အမြီးပိုင်းက ခြင်းထဲ အယင်ထည့်။ ပြီးရင် သစ်သားခွလေး တခု ခုတ်ကွာ”
အဘက ပြောယင်း ဆိုယင်း ကျန်လက်တဘက်ဖြင့် မြွေစွယ်တွင် ငြိနေသော စောင်ကြီးကို ဆွဲဖြုတ်လိုက် သည်။
ဖွေးကနဲ ပေါ်လာသော အစွယ်တို့ကို ကိုပန်းထံမှ ဓားတောင်းပြီး ဆတ်ချိုးလိုက်သည်။ နောက် ကိုပွ ပေးသော သစ်သားခွဖြင့် ကြက်ခြင်းထဲ မြွေခေါင်းထည့် ပြီး ဖိထားလိုက်သည်။ ပြီးမှ လက်ကိုဆွဲနုတ်လိုက်သည်။ ကြက်ခြင်းဝကို ပိတ်လိုက်တော့ ငန်းမြွေကြီးသည် ကြက်ခြင်းထဲတွင် အခွေလိုက် ငြိမ်သက်နေပြီ။
“ကဲ ထမ်းကြတော့၊ ကျောင်းဆရာက ဒီကောင်ကြီးကို တိရစ္ဆာန်ရုံပို့ဖို့ စီစဉ်ပေါ့လကွာ”
ဪ အဘနှင့်ကျတော့လည်း ငန်းမြွေကို အရှင် ဖမ်းရသည်မှာ လွယ်လှပါလား။ မုဆိုးပညာပြည့်ရန် အများကြီး ကြိုးစားရဦးမည်ဟု ဆရာတင်ကို တွေးနေမိတော့သည်။
မြဝတီမဂ္ဂဇင်း ၊ ၁၉၈၄ ၊ ဧပြီလ
– ပြီး –
စာရေးသူ – ညိုမြင့် (ဇေယျဝတီ)
စာစီစာရိုက် – မုဆိုး တံငါ စာပေများ