• June 25, 2025
  • admin
  • 0

နေခြည်(ကြီးနီ)
ကြွက်တူးသမား

ကြည့်လေရာ လက်ညှိုးထိုးမလွဲ မြေပဲခင်းစိမ်းစိမ်း တွေချည်း။ အပင်တွေ ကောင်းလိုက်တာကလည်း မပြောနှင့်။ သည်တစ်နှစ်တော့ သေချာပေါက် ရကြမည်ဟု အားခဲထားကြသည်။

ဦးတောကျော်လည်း မြေပဲခင်းတွေကိုကြည့်ပြီး ဝမ်းသာနေခဲ့ရသည်။ ကိုယ်ပိုင်မြေပဲခင်းရှိလားဆိုတော့လည်း မရှိပါဟုသာ ဖြေရမည်။ သို့သော် တောင်သူကြီးများထက်ပင် ပို၍ ပျော်နေရသည်။

အဘယ်ကြောင့်ဆိုသော် မြေပဲခင်းကောင်းလေ ဦးတောကျော်က မြေပဲရလေမို့ ဖြစ်ပါသည်။

လုပ်အားခလား၊ နွားလှည်းခလား တစ်ခုမှမဟုတ်ပါ။ မည်သည့် မြေပဲခင်းကိုမှ အငှားလိုက်၍ အခကြေးငွေယူလေ့မရှိ။ သာမန် မုဆိုးအငယ်စားလေးဟုသာ ပြော၍ ရပါသည်။

မုဆိုးအလုပ်နှင့် တောင်သူတွေပိုင်သော မြေပဲခင်း မည်သို့ သက်ဆိုင်သနည်း မေးချင်ကြပေလိမ့်မည်။ ဆိုင်ပါသည်ဟုသာ ဖြေရပါမည်။

ထွန်ရှင်းခ၊ ပေါင်းသင်ခ၊ ကြောင်းဆွဲခ၊ မြေပဲနုတ်ခ၊ ပဲထွေးစုခ၊ မြေပဲဆွတ်ခ စသည်. . . စသည် ဖြင့် အမျိုးမျိုးသော နေ့စားခများ ကုန်ပါမှ တောင်သူကြီးတို့သည် မြေပဲတင်းအထွက်ကို ပိုင်ဆိုင်ကြသည်။

မြေပဲမရလျှင် မရသလို အရင်းတန်သည်၊ အရှုံး ကျန်သည်ဖြင့် ခေါင်းမီးတောက်ကြရသည်။ ပူပင်
ကြရသေးသည်။

တောင်သူဆိုသည်က အရင်းကို အဆုံးခံတွေးထားပြီးမှ မိုးမျှော်ကာ ဆုတောင်းနေရသည့်ဘဝ။ ရာသီဖျက်လျှင် ဖျက်သလို စီးပွားပျက်ကြရသူတွေ။

မပြေလည်သည့်နှစ် အတိုးနှင့် ချေးငှားထားသမျှ ပြေလည်သောနှစ်ကျမှ ထိုးဆပ်ကာ ရပ်တည်နေကြရသူတွေ။

တောအလုပ် တောကိုင်မှလွဲ၍ မည်သည့်အလုပ်မှပြောင်းမလုပ်ချင်ကြ။ မိရိုးဖလာ တောင်သူအလုပ်ကိုသာ ကြိုးစားလုပ်ကိုင်ချင်သူတွေ ဖြစ်သည်။

ဦးတောကျော် သည်နေ့ထွက်လာသည်က ဦးကျော်ဟန်၏ မြေပဲခင်းကိုဖြစ်သည်။ အပြင်ထွက်လျှင် လိုက်ပါမြဲဖြစ်သော မတင်ရွှေကလေး နောက်ကပါသည်။ မြေပဲနုတ်အပြတ်ခေါ်တဲ့ဆီ သွားရန်တော့ မဟုတ်။ ပဲထွေးစုလည်း မပါပါ။ ကြွက်တွင်းတူးရန်သာ ဖြစ်သည်။

ထိုအလုပ်သည်သာ ဦးတောကျော်နှင့် သက်ဆိုင်လေသည်။

မြေပဲခင်း မဖော်ရမချင်း ကြွက်တွင်းတူးခြင်းကို အခင်းရှင်တွေက ခွင့်မပြုကြပါ။ မြေပဲဆွတ်မည့်သူနှင့် မြေပဲနုတ်လိုက်ပေးသည့်သူတွေသာ ပဲကောက်ခွင့်ရကြသည်။

မြေပဲဆိုသည်က မြေကြီးအတွင်း ကြွင်းကျန်သည်က များလေရာ ပဲကောက်ခွင့်ရရေး မြေပဲနုတ်၊ မြေပဲဆွတ် လိုက်ကြရသည်။

မြေပဲ တစ်တင်းဆွတ်၍ ရပါမှ ငါးရာ။ ခါးကကိုက်၊ ခြေသလုံးတွေထုံကျဉ်သည်အထိ ထိုင်ရလေသည်။ သို့သော် မြေပဲကောက်ခွင့်ရပါက ကောက်တတ်လျှင် ကောက်တတ်သလို တစ်စိတ်သားမှ နှစ်စိတ်အထိ ရတတ်ကြသည်ဖြစ်၍ လိုက်ကြရလေသည်။

ဤသို့ရှိသည်သော်မှ လူများလျှင် များသလို မြေပဲရရန် လုကောက်ကြရလေသည်။ ကောက်ရသည်ကလည်း မြေပဲခင်းပိုင်ရှင်က ဦးစွာကောက်၍ အားရမှ လွှတ်သည်ဟုဆိုကာ လွတ်လွတ်လပ်လပ် ကောက်ခွင့်ရကြခြင်း ဖြစ်လေသည်။

ဦးတောကျော်အနေဖြင့်လည်း မြေပဲနုတ်ပြီးပြီ ဆိုသည်နှင့် ကြွက်တွင်းတူးခွင့်ရှိပြီ ဖြစ်လေသည်။ မြေပဲနုတ်လိုက်သူများလို မြေပဲကောက်ခွင့်တော့ မရှိ။ သို့သော်ငြားလည်း မြေပဲကောက်သူများထက်ပင် ပို၍ မြေပဲရတတ်ပါသည်။

အဘယ်ကြောင့်ဆိုသော် ကြွက်ရစေရန် ကြွက်တွင်းတူးခြင်း ဆိုသော်လည်း ကြွက်တွင်းထဲမှ မြေပဲအမြောက်အမြား ရတတ်သောကြောင့်ပင် ဖြစ်လေသည်။

ဦးတောကျော်က ကြွက်မုဆိုး။ ကြွက်ရပြီဆိုသည် နှင့် မြို့မှ အရက်ဆိုင်တွေကို ဖောက်သည်သွင်းသည်။

ခါ၊ ချိုး၊ ငုံး၊ လိပ်၊ ဖွတ်၊ ပုတတ်၊ ယုန်က အစပြု၍ ဖြစ်သည်။

ကြွက်ကိုတော့ ဝမ်းဗိုက်ဖြူသော ကြွက်ဝမ်းဖြူများကို မလိုက်ပေ။ အဆီအသားနည်း၍ အရက်နှင့် မြည်းသူများ မနှစ်သက်ကြ၊ မကြိုက်ကြသောကြောင့် ဖြစ်လေသည်။

မြေကြွက် အကြီးစားတွေကိုသာ လိုက်သည်။ မြေပဲခင်း၊ ကုလားပဲခင်း၊ ပဲကြီးခင်းများတွင် နေသော ကြွက်ကြီးများနှင့် ပြောင်းဖူးခင်းများအတွင်း၌သာ ကျက်စားသော ကြွက်ကြီးအမျိုးအစားများ ဖြစ်သည်။

မြေကြွက်ကြီးတစ်ကောင်မှာ အစိတ်သားမှ သုံးဆယ့်ငါးကျပ်သားအထိ ရှိသည်။ ထိုကြွက်ကြီးများသည် သစ်ပင်မတက်နိုင်ကြသလို မိမိတွင်းထဲ၌ ရိက္ခာကို အလုံအလောက် စုဆောင်းထားတတ်ကြသော ကြွက်များ ဖြစ်လေသည်။ မြေတွင်းအောင်း၍ သာနေကြသည်။ ညအခါ၌သာ အစာရှာထွက်လေ့ရှိသည်။ နံနက်စောစောအချိန်သည် သူတို့ ပျော်မြူး သည့် အချိန်များဖြစ်သည်။

ဦးတောကျော်က ပေါက်ပြားကို ပခုံးပေါ် ထမ်းလာကာ လေကလေး တချွန်ချွန်ဖြင့် လျှောက်သည်။ သမီးဖြစ်သူ မတင်ရွှေကလေးက ဆာလာအိတ် ခေါက်ထားသည်ကို လက်တစ်ဖက်မှ ကိုင်လာသလို ငန်းပြားတစ်လက်ကို ပခုံးပေါ်တင်ရင်း လိုက်ပါလာသည်။ ထိုပုံစံသည် ကြွက်တွင်းတူးကြမည့် အဖေနှင့် သမီး၏ဟန်။

ပြန်လျှင် ကြွက်သာမက မြေပဲကပါ ရလာဦးမည်။

ဦးတောကျော်က မြေပဲခင်းအတွင်း ကြွက်တွင်း လိုက်ရှာရလေသည်။ ယက်စာပုံစို၍ အောက်စိုက်တွင်း ဖြစ်စေရန် လေ့လာရသည်။ အဘယ်ကြောင့်ဆိုရသော် တွင်းများ ဗရပွဖောက်ထားပြီး အပေါ်ယံပြေးနေသော တွင်းများသည် ကြွက်ဝမ်းဖြူများ၏ တွင်းများဖြစ်သောကြောင့်ပင်။

မြေကြွက်ကြီးများနေသော တွင်းသည်ကား မြေအောက်ထိ လူ့ခါးတစ်ရပ်ကျော်ကျော်မျှ နက်လေ သည်။

ကြွက်ဝမ်းဖြူများသည် မိသားစုလိုက် နေသော်လည်း မြေကြွက်ကြီးများသည် တစ်ကောင်တည်းနေ တတ်သည်က များသည်။ ထို့ကြောင့် ယက်စာပုံကို ကြည့်၍ ခွဲခြားရလေသည်။ တောင်ပို့သဏ္ဌာန် ယက်စာပုံကြီးများ နှစ်ခု၊ သုံးခု ဆင့်နေပါမှ မြေကြွက်ကြီးများ၏ တွင်းဖြစ်ဖို့ သေချာလေသည်။

အဟောင်းယက်စာပုံထက်တွင် အသစ်ထိုးတင်ထား သော ယက်စာပုံအသစ် ရှိ၊ မရှိ ကြည့်ရသည်။ ထိုသည်ကိုမှ တွင်းဟောင်း၊ တွင်းသစ် ခွဲရန် ယက်စာပုံသစ်လွင်၍ မြေသားစိုနေရမည်။ ယက်ဖောက်ဆဲတွင်းဖြစ်စေရန် လိုလေသည်။ ထိုသို့မှ အစာရှာဖွေစုဆောင်းထားသော တွင်းဖြစ်ပေမည်။

“လာဟေ့ သမီး၊ တွေ့ပြီ”

အစုန့်ထိုးထားသော ယက်စာပုံအသစ်တင်ထား သည့်တွင်းကို တွေ့လိုက်ရ၍ ဦးတောကျော်က သမီး ဖြစ်သူ မတင်ရွှေကလေးကို ဝမ်းသာအားရခေါ်ပြ သည်။ မတင်ရွှေကလေးသည် အဖေဖြစ်သူနှင့် တောလည်ထွက်တိုင်း လိုက်နေကျဖြစ်၍ တောနေအကောင်တို့၏ အလေ့အထတော်တော်များများပင် သိနေလေပြီ။

“ဟာ အဖေ့ကြွက်က စုန့်ထိုးထားတာ။ သေချာပေါက် ပွပြီ”

မြေပဲများ ဥအောင်သည်မှ အစပြု၍ သယ်ယူကာ စုဆောင်းထားတတ်သော မြေကြွက်ကြီးများ၏
အလေ့အထကို သိ၍ ပြောခြင်းဖြစ်သည်။

စုန့်ထိုးထားသည် ဆိုခြင်းက မြေကြွက်ကြီးသည် လူ သားတို့ ပဲခင်းဖော်နေကြပြီကိုသိ၍ ယက်စာကို တွင်းဝသို့ပို့ကာ ပိတ်ထားခြင်းဖြစ်လေသည်။ တွင်းဝတွင် ယက်စာပုံမို့မို့ကလေး ပိတ်ဆို့နေခြင်းကို စုန့်သည်ဟုခေါ်ခြင်းဖြစ်သည်။

မြေကြွက်ကြီးသည် ထိုသို့ တွင်းဝကို ပိတ်ထား သည်ဖြစ်၍ သေချာပေါက် တွင်းထဲ၌ ရှိလေပြီ။ တွင်းဝကို ပိတ်ဆို့ထားခြင်းဖြစ်၍လည်း မြွေပါးကင်းပါးရန်က မကြောက်ရတော့ပေ။

တချို့ကြွက်တွင်းများတွင် ကြွက်မျိုထားသော မြွေများကို တွေ့ရတတ်လေသည်။ မြွေသည် ကြွက်တွင်းထဲ၌ ကြွက်ကိုမျိုပြီး တစ်လကိုးသီတင်း ခိုအောင်းနေတတ်ကြသည်။ ထို့ကြောင့် ကြွက်တွင်းအဝတွင် စုန့်ထားသည်ကို မြင်လိုက်၍ မတင်ရွှေကလေးက အန္တရာယ်ကင်းကင်းဖြင့် တူးနိုင်ပြီဖြစ်၍ ပြောခြင်းပင်။

ဦးစွာ ပထမ ပေါက်ပြားဖြင့် ပေါက်ချရသည်။ မြေ ကြွက်ကြီးများ၏ တွင်းသည် မြေပဲများ သိုလှောင်ထားရာ တွင်းအလယ်၌ အောက်သို့ ထိုးစိုက်နေတတ်သည်။ သို့ဖြစ်၍ စ၍တူးစဉ်ကတည်းက အတော်များများချဲ့ကာ တူးထားရလေသည်။ သို့မှသာ တွင်းနက်လာသည့်အခါ လူတစ်ကိုယ်စာ ဖင်ထိုင်နိုင်၍ ယက်ထုတ်နိုင်မည် ဖြစ်လေသည်။

ပေါက်ပြားပေါက်၍ အဆင်မပြေသည့်အခါမှသာ ငန်းပြားဖြင့် တူးဆွရသည်။ စိတ်ချလုံခြုံပြီဟု ထင်ရသည်အထိ တွင်းနက်နက်တူးကာ ရိက္ခာစုဆောင်းထားသော မြေကြွက်ကြီးများသည် မိမိတွင်းကို လူသားတို့က လာရောက်တူးဖော်ဖျက်ဆီးနေသည်
ကို သိသည့်အခါ ဒေါသတကြီး ဖြစ်တတ်ကြလေသည်။ ခန္ဓာကိုယ်တဆတ်ဆတ်တုန်၍ တွင်းထဲမှ ဒေါသတကြီး တခွီးခွီး ဖြစ်နေသံကို တွင်းတစ်ဝက်ခန့်ရောက်လျှင် ကြားရလေသည်။

လူ့ရင်ဘတ်ပေါ်သို့ ကြောင်တစ်ကောင်တက်အိပ်လျှင် ထွက်ပေါ်လာတတ်သော အသံမျိုးဖြစ်သည်။

“ဟေ့… မုဆိုးသားအဖ၊ ကြွက်ရပြီလားဟ”

နေပူကျဲကျဲတွင် ပုဆိုးအစုတ်ကလေးများ ခေါင်း ပေါင်းထားသော မြေပဲကောက်နေသူတွေက လှမ်း မေးကြသည်။

“နီးပါပြီကွာ၊ ပဲကျန်များရဲ့လား”

“မဆိုးပါဘူးကွာ၊ နေကုန်အောင်ကောက်ရင် တစ်စိတ်သားကျော်ကျော်တော့ ရပါတယ်။ လင်မယားနှစ်ယောက်ကောက်ရင် နှစ်ရက် တစ်တင်းတော့ ရတန် ကောင်းပါရဲ့”

“အေးကွာ၊ ရောင်းလို့ပိုတာလေး ဆီကြိတ်ထားပေါ့”

ဦးတောကျော်က ပဲကောက်သည့်သူတွေကို စကားလှမ်းအပြောမပြတ်။ လက်ကလည်း ကြွက်တွင်းကို အတူးမပြတ်ပါပေ။

မြေပဲများ သိုလှောင်ထားသော အောက်စိုက်တွင်းသို့ရောက်ရန် အတော်တူးယူရလေသည်။ ယခုပင် ခါးတစ်ဝက်ကျော်ကျော် ရှိလေပြီ။

တွင်းထဲက မြေကြွက်ကြီး၏ ဒေါသတကြီး တခွီးခွီး ရန်လုပ်နေသံက ပိုကျယ်လာသည်။

နားမည့်အရေး မနားတော့။ ထိုအသံနီးလာသည်နှင့်အမျှ ကြွက်ကို တွေ့ရတော့မည်။ စုဆောင်းထားသော မြေပဲများကို ရတော့မည်ဖြစ်လေသည်။

ဦးတောကျော် ထင်သည့်အတိုင်း မြေကြွက်ကြီးသည် မြေပဲခွံများပေါ်စပြုလာသည်နှင့် ပြေးထွက်လာကာ ဇွတ်အတင်းဝင်၍ လက်ကို ကိုက်ခဲတော့သည်။

ကြွက်တွင်းတူးနေကျဖြစ်သော ဦးတောကျော်ကလည်း လျင်သည်။ ခုန်ထွက်လိုက်ကာ ငန်းပြားဖြင့် ဖိထိုးသည်။ ဖိရိုက်သည်။

နောက်ဆုံး ဒေါသကြီးနေသော မြေကြွက်ကြီးသည် ငန်းပြားစာမိ၍ သွေးအလူးလူးဖြင့် သေဆုံးသွားရလေသည်။

ကြွက်ကိုက်ခံရပါက မလွယ်ပါ။ ရောဂါပိုးဝင် တတ်သလို ကြွက်ဆိပ်တက်လျှင်လည်း လွယ်လွယ်ဖြင့် မပျောက်ကင်းတတ်ပေ။ ထို့ကြောင့် ကြွက်ကိုက်မခံရစေရန် အထူးသတိထားရလေသည်။

“အဖေ့. . . နည်းတဲ့အကောင်ကြီး မဟုတ်ဘူးနော်၊ ငါးဆယ်သားလောက်များ ရှိမလား”

“ကဲ … သမီး အဲဒါ နောက်မှထား။ တစ်လှည့် ကူတူးပါအုံး”

“ဟုတ်ကဲ့. . . အဖေ”

ယောက်ျားလျာလေးတစ်ယောက်လို ဖြစ်နေသော မတင်ရွှေကလေးသည် ယောက်ျားသားတစ်ယောက် လိုပင် အားကိုးရလေသည်။

နေပူမကြောက်၊ ဆူးမကြောက်၊ အဖေသွားရာ တကောက်ကောက် ပါနေတတ်သည်။ သားဖြစ်သူက အားမကိုးရသော်လည်း သမီးဖြစ်သူက အားကိုးရ၍ တော်သေးသည်။ ယခုလို ပင်ပင်ပန်းပန်းလုပ်မှရသောအခါမျိုးတွင် ကူဖော်လောင်ဖက် ရသည်မဟုတ်ပါလော။

“ဟာ. . . အဖေ့၊ မြေပဲတွေက အခွံတွေချည်းပဲ”

မြေကြွက်ကြီးစားထားသော မြေပဲခွံများကိုသာ တွေ့ရ၍ မတင်ရွှေကလေး စိတ်ပျက်စွာပြောနေသည်။

““မဟုတ်ဘူးသမီး. . . .. ဆက်တူး၊ အောက်စိုက် သွားတဲ့အခါ တွေ့လိမ့်မယ်”

အမောပြေသည်နှင့် ဦးတောကျော်ကိုယ်တိုင် ဝင်တူးသည်။ နေကလည်း မြင့်သည်ထက် မြင့်လာပြီဖြစ်၍ ဝတ်ထားသော စွပ်ကျယ်ကိုပင် ချွတ်ကာ တူးရသည်။

ချွေးတလုံးလုံးဖြင့် ကြွက်တွင်းတူးနေသော အဖေလုပ်သူဘေးက မတင်ရွှေကလေးသည် ကူ၍ ယက်ဖော်ပေးနေလေသည်။

မြေနီသားလုံးလုံးကလေးများကပ်လျက် အလွန်အောင်သည့် မြေပဲအတောင့်ကြီးများ စတွေ့ပါပြီ။

“ရော့. . . သမီး၊ သွက်သွက်လက်လက် ထည့်စမ်း”

“ဟာ. . . နည်းတာမဟုတ်ဘူး အဖေ့”

အောင်ပေ့၊ ကောင်းပေ့ဆိုသော မြေပဲတောင့်များကိုသာ မြေကြွက်ကြီးသည် သိုလှောင်ထားခဲ့သည်ဖြစ်၍ ဝမ်းသာ၍ မဆုံးကြ။

ကောက်ပဲနှင့် ဆွတ်ပဲကမှ အလေတောင့်၊ ဗရွတ်ရွှတ်တ ပါသေးသည်။ မြေကြွက်ကြီး သိုလှောင်ထားခဲ့သည်ကား ကောင်းပေ့၊ ညွန့်ပေ့ဆိုသော မြေပဲတောင့်ကြီးများသာ။

အဖေနှင့်သမီး တက်ညီလက်ညီ တူးလိုက်ရကာ နေပူသည်ကိုလည်း မသိ၊ ပင်ပန်းသည်ဟုလည်း စိတ်ကမထင်။ မြင်နေသည်က မြေပဲတောင့် အဆန်အောင်အောင်ကြီးများရရေး။

တွင်းသည် ပြေးချင်သရွေ့ပြေး၊ မြေပဲတောင့်များတွေ့နေသရွေ့ တူးနေမိကြလေသည်။

“ကုန်ပြီ အဖေ”

ကြွက်တွင်းထဲက မြေပဲတောင့်များ ကုန်သွားမှ မောရမှန်းပန်းရမှန်း သိကြတော့သည်။ မရပါဟု ဆိုလျှင်တောင် အနည်းဆုံး သုံးစိတ်ခန့်အထိ ရလိုက် ကြလေသည်။ ပင်ပန်းရကျိုး နပ်လေပြီ။

“ကဲ… ပြန်ကြစို့ သမီး”

“အဖေ ပေါက်ပြားနဲ့ ငန်းပြားသာ ယူခဲ့။ ပဲအိတ် သမီးထမ်းခဲ့မယ်”

ပင်ပန်းနေပြီဖြစ်သော အဖေကို အမောတွေပြေပျောက်စေနိုင်သော သမီး စကား။

ဦးတောကျော်က ထန်းပင်က နှီးဆုပ်၍ မြေကြွက်ကြီး၏ ဦးခေါင်းမှ ချည်ကာ ပေါက်ပြားရိုးတွင် ဆွဲထားလိုက်သည်။ သမီးဖြစ်သူ မတင်ရွှေကလေးက မြေပဲအိတ်ကို ထမ်းလေသည်။

တစ်နေကုန် နေပူပူထဲတွင် ယက်ဖော်ကာ ပဲကောက်ပါမှ နှစ်စိတ်ထက်မပို။ အချိန်သုံးနာရီခန့်ကြာရုံဖြင့် ကြွက်တွင်းတူးပြီးအပြန် သုံးစိတ်ခန့် ရှိသော မြေပဲအိတ်ကို ထမ်းသွားသော ဦးတောကျော်တို့ကိုကြည့်၍ မြေပဲကောက်သူများကား ပါးစပ်တွေ အဟောင်းသား… ။

ငွေတာရီမဂ္ဂဇင်း

– ပြီး –

စာရေးသူ – နေခြည်(ကြီးနီ)
စာစီစာရိုက် – မုဆိုး တံငါ စာပေများ

Leave a Reply

Your email address will not be published. Required fields are marked *