—————————-
ဖုန်းသံကြားလိုက်ရသည်။ အိပ်ရာထဲက အိပ်ချင်မူးတူးဖြင့် ဖုန်းကို ကိုင်လိုက်သည်။

“ဖေဖေ … ဘာဖြစ်လို့လဲ … ပြော”

“ဂျပန်မှာ ဘယ်အချိန်ရှိပြီလဲ”

“ခုမှ မနက် ၂ နာရီ ခွဲပဲရှိသေးတယ် ဖေဖေရယ်”

“ဆောရီးကွာ … ဖေဖေ မပြောမဖြစ်လို့ ပြောရတော့မယ် … ဖေဖေ အိပ်မရတော့တာနဲ့ သားဆီကို ဆက်လိုက်တာ”

“ဘာများလဲဖေဖေရယ်”

“မင်း အမေနဲ့ငါ ကွာရှင်းတော့မယ်”

“ဟင် … ဘယ်လိုဖြစ်တာလဲ ဖေဖေရယ် … ဒီအရွယ်ကြီးတွေကျမှ”

“အေး … မင်း အမေကို ငါသည်းခံလာခဲ့တာ ၄၆ နှစ်တောင်ရှိနေပြီ … ခုတော့ သည်းမခံနိုင်တော့ဘူး”

“ဖေဖေ … မေမေက ဘာဖြစ်လို့လဲ … အဲသည်လို မလုပ်ပါနဲ့ … မေမေက ဒီအရွယ်ကျမှ ဖေဖေကွာရှင်း လိုက်ရင် ဒုက္ခရောက်မှာပေါ့”

“ငါတို့ဆုံးဖြတ်ပြီးပြီ … သူကလည်း သဘောတူတယ် … အဲဒါ မင်းကို ပထမဆုံး သတိပေးတာ … မင်း ညီမလေးကို သွားမပြောလိုက်နဲ့ … သူစိတ်မကောင်းဖြစ်နေလိမ့်မယ် … ဒါပဲ”

ဖခင်ဖြစ်သူက ဖုန်းချသွားသည်။ သူမနေနိုင် မထိုင်နိုင်ဖြစ်ကျန်ခဲ့သည်။

ထို့ကြောင့် အမေရိကမှ ညီမဖြစ်သူကို ဖုန်းဆက်သည်။

“ကိုကို … ပြော”

“ဖေဖေနဲ့ မေမေ ကွာရှင်းတော့မယ်တဲ့”

“ဘယ်သူပြောလဲ”

“ဖေဖေကိုယ်တိုင် ခုပဲ ငါ့ဆီကို ဖုန်းဆက်တာ … နင့်ကို မပြောနဲ့တဲ့ … ဒါပေမဲ့ နင်သိထားသင့်တယ် ထင်လို့”

“အို ဘယ်ဖြစ်မှာလဲ … မေမေဒုက္ခရောက်မှာပေါ့ … ဖေဖေက ဘယ်လို လုပ်လိုက်တာလဲ။ သူနောက် အိမ်ထောင် ပြုချင်လို့များလား … ဒီလိုတော့မရဘူး … ညီမလေး ဖေဖေ့ဆီကို ဖုန်းဆက်မယ်”

“ကလင် … ကလင် … ကလင်”

“ဘယ်သူလဲ”

“ဖေဖေလား … ဖေဖေ … သမီးလေ … သမီး”

“ဟေ … ဘာဖြစ်လဲ”

“ဖေဖေ … မေမေ့ကို ကွာရှင်းတော့မလို့ဆို”

“ဘယ်သူပြောလဲ”

“ကိုကို ခုပဲဖုန်းဆက်တယ်”

“ဟုတ်တယ်”

“ဘယ်လိုဖြစ်လို့လဲ ဖေဖေ”

“မင်း အမေကို ဖေဖေသည်းခံပေါင်းသင်းလာခဲ့တာ ၄၆ နှစ် ရှိနေပြီ … ခုတော့ ဘယ်လိုမှ ဆက်ပြီး သည်းခံလို့ မဖြစ်တော့ဘူး”

“မေမေက ဘာတွေ လုပ်နေလို့လဲ”

“မင်းတို့ အမေ ဘာလုပ်နေသလဲဆိုတာ မင်းတို့ သိချင်တယ်ပေါ့ … ဟုတ်လား … အေး … ရှင်းရှင်း ပြောမယ် ရှေ့ဆိုရင် သူဘာလုပ်လုပ် ငါစိတ်မဝင်စားတော့ဘူး။ စိတ်ဝင်စားစရာလည်း မလိုတော့ဘူး … မင်းတို့ အမေကို စိတ်ဝင်စားဖို့က ငါ့အလုပ် မဟုတ်တော့ဘူး”

“ဖေဖေ … ဖေဖေ … အဲသည်လို တစ်ဖက်သတ်မပြောပါနဲ့ … မကွာရှင်းလိုက်ပါနဲ့ဦး … သမီးနဲ့ ကိုကို တစ်ပတ် အတွင်း ရောက်အောင်ပြန်လာကြမယ်။ ဖေဖေ တစ်ပတ်အတွင်း ဘာမှ မလုပ်ပါနဲ့ဦး … သမီးတို့လာမှ ပြောကြ မယ် … ကိုကို့ကိုလည်း ခေါ်မယ် … ကြားတယ်နော်ဖေဖေ”

ဖခင်ဖြစ်သူက ဖုန်းကို ပိတ်လိုက်ပြီး အိပ်ခန်းထဲ ဝင်လိုက်သည်။ ကုတင်ပေါ်တွင် အဘွားအိုက ပြုံးနေသည်။

“ဘယ်လိုလဲ”

“မင်း သားနဲ့ မင်းသမီး တစ်ပတ်အတွင်း ရောက်လာလိမ့်မယ် … စိတ်ချ”

“ကိုမောင်ရယ် သူတို့ ပြန်မလာတာ ဘယ်လောက်ကြာသွားပြီလဲ”

“၁၂ နှစ်”

“နေနိုင်လိုက်တာနော်”

“ခုတော့ သူတို့ မနေနိုင်လောက်ဘူး”

“ကိုမောင်က ဘယ်လိုပြောပြီး ခေါ်လိုက်သလဲ”

“မင်းနဲ့ ကွာရှင်းတော့မယ်လို့”

“တကယ်ကြီးလား”

အဘိုးအိုက အဘွားအို လက်ကလေးကို ဆုပ်လိုက်ပြီး

“တစ်ညတာဝေးရင်တောင် ရက်ပေါင်းတစ်ရာလို့ထင်တဲ့ ခေတ်သစ် ကိန္နရီ ကိန္နရာတွေပါကွယ်”

“သွား … ပြောတတ်တယ် … ဒီအပြောလေးတွေနဲ့”

“ဘာပြောပြော မင်းရဲ့ ၇၅ နှစ်မြောက် မွေးနေ့အတွက် သားနဲ့ သမီး ရောက်လာတော့မယ်”

“ပျော်လိုက်တာ ကိုမောင်ရယ်”

(Divorce)

Photo: (Times of Israel)