July 30, 2025
Uncategorized

ခါတည်သမား

တွင်းကြီးဝမ်းမောင်
ခါတည်သမား

(၁)

ယဉ်မရိုင်း
အင်တိုင်းရယ်တဲ့ ခပ်ဆန်ဆန်။
လူမရောက်
ဂူကျောက်ချောင် တောင်ကတုံးမှာ
စုရုံးကာ သူတို့ အပေါက်ရှာကြ
အညှောက် ကြူကြူမွှေးရှာဘု
အခေါက်ဖြူဖြူလေးရယ်နှင့်
ကျေးငှက်ပျော်စံ။
ဇလပ်ဝါ ခတ္တာခပါတဲ့
သာတန်ဆောင် ဝါခေါင်လတွင်မှ
ပွင့်ဖူးကြ အချိန်မှန်
ဝသန္တ လေချိုဖြန်း။
ယဉ်မဆုံးနိုင်ဘု
ပင်လုံးကုန် ခိုင်ညှာတံမတော့
နံ့သာကျံ ဝါဖန်နှောပါလို့
လောကဓာတ်ခန်းမှာလ
ပြောစမှတ် ဆန်းပေရဲ့
တောဒဟတ်ပန်း။

(ဦးကြော့)

ဒဟတ်ပန်းတို့ စတင်ငုံဖူးသည်မှာ ဝါဆိုနှောင်း။

ဝါဆိုနှောင်းမှာ ခေါင်းပြူ ငုံဖူးခဲ့သော ဒဟတ်ပန်းတို့သည် ဝါခေါင်ဦး ရောက်သောအခါ မြရိုးမြညှာမှာ နံ့သာနုဝါ ပြည်ပြည်လိမ်းခြယ်သလျက် အဆုပ်လိုက် အခိုင်လိုက် ဖူးကြ ပွင့်ကြ မြိုင်မြိုင် ဆိုင်ဆိုင်။

စာဆိုတော် ဆရာကြီးဦးကြော့သည် အညှောက်ကြူကြူမွှေးရှာဘု၊ အခေါက်ဖြူဖြူလေးရယ်နှင့် ကျေးငှက်ပျော်စံဟု ဖွဲ့ဆိုခဲ့သည်။

မှန်လှပေသည်။

ဒဟတ်ပန်းသည် အငုံအဖူးဘဝ၌ ပိတောက်ကဲ့သို့ မမွှေး။ ဇွန်၊ စံပယ်ကဲ့သို့ ရနံ့မပြေး။ ပွင့်လာသော အချိန်မှာသာ ခပ်ယဉ်ယဉ်ရနံ့လေး သင်းပျံ့သည်ဆိုရုံ သင်းပျံ့သော လှပသည့်ပန်း။

ရှုလေရာ ဝန်းကျင်တွင် ရာသီပန်း၏ ဆန်းသစ်ဂုဏ်ဖြင့် ဝံ့ထည်မြူးကြွ ယဉ်ယဉ်စစ။

ဒဟတ်တောဝန်းကျင်တွင် တိုက်ခတ်လာသော လေပြေ၌ တောအနှံ့၊ တောင်အနှံ့၊ ကုန်းအနှံ့၊ ရိုးအနှံ့ဆီမှ အပြိုင်အဆိုင် တုတ်သည့် ခါတုတ်သံက ပါလာ၏။

ဒဟတ်ပန်း ပွင့်ဖူးချိန်သည် ခါမြူးချိန်၊ ခါထချိန်၊ ခါဆူချိန်။

ခါငှက်တို့သည် ဒဟတ်ပန်းခိုင် ပန်းဆိုင်များကြားမှ တုတ်သံပေးလိုက်၊ ရှားတော၊ သန်းတော၊ ဆီးတော၊ ဆီးခလောက်တော၊ လိန်တော၊ ထိန်တောများဆီမှ တုတ်သံပေးလိုက်နှင့် မရပ်မနား။

ဒဟတ်ပန်းပွင့်ဖူးချိန် ဝါခေါင်လသည် ငတောတို့အဖို့ ခါတည်ရသောလ၊ ခါတည်ရသော ရာသီ၊ သည်အချိန်က ခါငှက်တို့ အများအပြား ဖမ်းဆီးရမိသော အချိန်။

မိုးနံ့ ရေနံ့ မြေနံ့ တောနံ့ တောင်နံ့ မှန်သမျှသည် စိမ်းစိုသစ်လွင်သော ရနံ့ အပြည့်အဝ။ စိမ်းစိုလဲ့ရွှန်းလျက် မြကမ္ဗလာ ဖြန့်ကြက်ထားသကဲ့သို့ တောပန်းအလှတို့ ပွင့်ဖူးကြ မြိုင်မြိုင်ဆိုင်ဆိုင်။ သည်အချိန်သည် ခါငှက်တို့အဖို့ အစာပေါ မိုးပေါ ရေပေါသောကြောင့် ဝဝ ဖြိုးဖြိုး ဆူဆူ။

ခါငှက်တို့ ဆူဆူဖြိုးဖြိုး ဝဝလင်လင် ဖြစ်လာသော အချိန်၌ တောရေးကလည်းသာ၊ တောင်ရေးကလည်းကောင်း၊ လွမ်းမောကြည်နူး ဆွတ်ပျံ့စဖွယ်ဖြစ်ရာ ခါငှက်တို့ မြူးထူးကြ၊ ပျံသန်းကြ၊ တုတ်သံပေးကြသည်က အခြားအချိန်များထက် အဆများစွာသာသည်။

ဒဟတ်ပန်းပင်များပေါ်၌လည်း ခါငှက်တို့ တုတ်သံပေးလိုက်၊ အပေါ် ထောင်ပျံတက်လိုက်၊ ပြန်နားလိုက်၊ ထပ်မံပျံလိုက်၊ ပြန်နားလိုက်နှင့် မနေ့မနား။

အခြားပင်များပေါ်၌လည်း ထို့အတူပင်။

ဝှီးခနဲ … ဝှီးခနဲနေအောင်ပျံ၊ တက်တက် တူ ခါခါသံ မစဲအောင် ထပ်ဆင့် ထပ်ဆင့် တွန်သံပေးနှင့် မြူးထူးနေသည်ကို ခါတည်သမားကသာမက အခြားလူများပါ သတိပြုမိသည်အထိ ထူးခြား၏။

တစ်ကောင်သာ မြူးခြင်း၊ တစ်တောသာ မြူးခြင်း၊ တစ်ကုန်းတစ်တောင်သာ မြူးခြင်း မဟုတ်။ ရှိရှိသမျှသော အရွယ်ရောက်သည့် ခါငှက်တို့ တုတ်သံက တောမှန်သမျှ တောင်မှန်သမျှ ကုန်းမှန်သမျှ ဖုံးလွှမ်း၏။

ခါတို့ မြူးထူးချိန်၌ ခါတည်ပါက အခြားအချိန်ထက် ခါပိုရသည်။

ဒဟတ်ပန်း ဖူးချိန်၊ ခါ မြူးချိန်။
သည်အချိန်ကို ခါတည်သမားက စောင့်ခဲ့ရ၏။
ယခုအချိန်၌ ဒဟတ်ပန်းတို့ ဝေဝေဆာဆာ။
ခါတုတ်သံတို့ ညံညံစာစာ။

ခါတွန်၊ ခါမြည်ခြင်းကို ခါတည်သမားက ခါတုတ်သည်ဟု ခေါ်၏။

ဓားလှံရိုးကို ထမ်းပိုးသဖွယ်ထမ်း၍ ရှေ့၌ ခါတည်အိမ်နှင့် ခါတည်ပိုက်များကိုချိတ်၊ နောက်၌ ဘူးခါးသီးခြောက်ရေဘူးကို စွပ်ထမ်းလာသူက ငတော။

လွယ်အိတ်ကြီးလွယ်ကာ လက်မှ ငှက်ကြီးတောင်ဓား ကိုင်လာသူက ငလုံး။

ငတောနှင့် ငလုံးတို့သည် တောင်ဦးတောသို့ ခါတည်ရန် ယနေ့ လာရောက်ခဲ့သည်။ မြူးထူးပျော်ပါး ခုန်ပေါက်ပျံသန်းနေသော ခါတို့၏ တုတ်သံက တောင်ဦးတောသို့ ဝင်ရောက်လာသည့် ငတောနှင့် ငလုံးတို့ကို ကြိုဆိုနှုတ်ခွန်းဆက်သနေသည့်သဖွယ် ရှိ၏။

“တက် … တက် … တူ … ခါ … ခါ”

“တက် … တက် … တူ … ခါ … ခါ”

“တက် … တက် … တူ … ခါ … ခါ”

ငတောတို့ ကြားချင်သော ခါတုတ်သံများက ရပ်ရှစ်ခွင် ပိတ်ဖုံး၊ တောလုံးရယ်ညံ၊ သံကုန်ရယ် ဟစ်ကြွေးနေ၏။

လောဘတကြီး ထပ်တလဲလဲ တွန်သောအခါ “”တက် … တက် … တူ … ခါ … ခါ” သံ မထွက်တော့။ တက်… တက်တူ … ဂဲဂဲ၊ တက်တက် တူ … ဂဲဂဲ” ဟု ဖြစ်ဖြစ်သွား​၏။

တောလုံးလျှံအောင် အဖန်ဖန် တလဲလဲ တုတ်သံပေးနေသောအခါ တုတ်သံများကို ကြားရဖန်များသောအခါ ငတောထမ်းလာသည့် တည်အိမ်ထဲမှ ခါက တုတ်လိုဟန် ပြလာ၏။ တည်အိမ်ကို အဝတ်စုတ် ပတ်ဖုံးကာကွယ်ထားသည့်တိုင် တည်ခါက တည်အိမ်ထဲက အငြိမ်မနေ။ လျှောက်သွားအားယူနေသောကြောင့် တည်အိမ် မငြိမ်မသက်။

ဒဟတ်ပင်ရိပ်၌ နားနေရင်း ငတောက တောခါများ အခြေအနေကို အကဲခတ်သည်။

ပင်လုံးကျွတ် ပွင့်ဖူးဆင့်နေသော ဒဟတ်ပန်းတို့က တော၏ အလှတန်ဆာ၊ အဆက်မပြတ် တုတ်သံပေးနေသော ခါတုတ်သံတို့က တော၏ ဂီတပမာ လိုက်ဖက်တင့်မောဖွယ် ဖြစ်၏။

သည်မျှမြူးထူး၊ သည်မျှအားသစ်ဝင်၊ သည်မျှပျော်ရွှင်နေသော ခါတို့က တည်ရာ၌ ရာသီဆိုးဝါး အစာရှား ရေဝေးချိန်ကဲ့သို့ ယောင်တောင်တောင် ကြောင်တက်တက် အားပျက်အင်ပျက်အခါလို ထုံပိုင်း ထုံပိုင်း တုံ့နှေး တုံ့နှေး လေးလေးလံလံ ရှိမည်မဟုတ်။ ဟောဟောဒိုင်းဒိုင်း လျင်လျင်မြန်မြန် ချက်ချင်းလက်ငင်း အားကောင်းမောင်းသံ အမြန်ခွပ်ပေလိမ့်မည်။

“မြူးလိုက်သော ခါ,တွေကွာ။ ဒဟတ်ဖူးချိန် ခါမြူးချိန်ဆိုတာ သိပ်မှန်တာပဲ။ တည်ရင်တော့ ရမှာ သေချာပေါက်ပဲဟေ့။ ဒဟတ်ပန်းပွင့်ချိန်မှ ကြွေးကြီးဆပ်ဆိုတဲ့ ရှေးခါသမားကြီးတွေ ဒါကြောင့် ပြောခဲ့တာနေမှာဟ။ ကိုင်း ခါစတည်စို့၊ ဒဟတ်ပင်မှာ ခါ,တည်အိမ် ချိတ်မယ်”

ငတောက ဒဟတ်ပန်းကိုင်းကို ရွေးချယ်စူးစမ်းကြည့်သည်။ တည်ခါကို ချိုး၊ သိမ်း၊ စွန်၊ လင်းယုန် မကုပ်စေရန် အုံ့ဆိုင်းနေသော ဒဟတ်ကိုင်း၊ အကွယ်ရှိသည့် အလယ်မှကိုင်းကို ရွေးလိုက်သည်။

ဟုတ်သည်၊ ခါတည် ချိုးတည်ရာ၌ တည်အိမ်နေရာရွေးမှန်မှ အနှောင့်အယှက် ကင်းသည်။ ချိုး၊ သိမ်း၊ စွန်၊ လင်းယုန် မြင်သာသည့် ကုပ်သာသည့် နေရာ၌ သွားချိတ်မိပါက တည်ခါမှာ အန္တရာယ်မကင်း။ အကုပ်ခံရ အပုတ်ခံရသည်။

ထိုအခါ ခါ တောလန့်တတ်သည်။ ခါ တောလန့်သည်ဆိုခြင်းမှာ ထိုနေ့ထိုရက်၌ တည်ခါကို မည်မျှ ရွှေ့တည်တည် မတုတ်ဝံ့တော့။

တောလန့်သွားသော ခါကို အိမ်ပြန်ယူလာပြီး လူအနီး ထားပေးရသည်။

ဤသို့ မဖြစ်စေရန် တည်ခါကို အထက်ပိုင်းမှ ဒဟတ် ကိုင်း အုပ်ဆိုင်းနေသည့် နေရာကို ရွေးချိတ်သည်။

ခါတည်အိမ်ကို ဒဟတ်ပင်ကိုင်း၌ ချိတ်ပြီးသောအချိန်တွင် ခါပြေးလမ်းကို မှန်းဆရသည်။ ခါသည် ချုံတန်းရှည်ရှိက ချုံတန်းရှည်အလိုက်သာ ပြေးလေ့ရှိသည်။ ချုံတန်းတို ဖြစ်ပါကလည်း ချုံတန်းတို့ မဆုံးမချင်း ပြေးလာတတ်သည်။

ချုံပုတ်များအကြား ဖြစ်ခဲ့လျှင် ချုံပုတ်ကို ပတ်ပြီးမှ ချုံနှစ်ချုံကြားက ပြေးလာလေ့ရှိသည်။ ရှားရှားပါးပါး ရှိချိန်၌ တည်တည်၊ ပေါပေါများများ ရှိသောအချိန်၌ တည်တည်၊ ခါတည်က ထိုသို့ ပြေးလမ်းမှန်းဆကာ ပိုက်ထောင်ရသည်။

ဒဟတ်ပင်ပေါ်၌ ချိတ်ထားသော တည်ခါရှိရာဆီသို့ တောခါ လာနိုင်သော လမ်းမှာ ချုံကြီးများကြားရှိ နေရာလပ်တို့မှသာ ဖြစ်နိုင်ကြောင်း ငတော သတိပြုမိသည်။

နဘူးချုံ၊ မိုးနှံချုံ၊ ပနီသန်လျှက်ချုံများကြားမှ ပြေးလာနိုင်သော ခါကို ထောင်ရန် ငတော ထောင်ကွင်း ရွေးသည်။ ချုံနှစ်ချုံကြား လစ်လပ်နေသော နေရာများကို နီးစပ်ရာ ချုံများမှ မိုးနှံပင်၊ သဂျမ်းလေးပင်၊ နဘူးပင်မှ ကိုင်းများကို ခုတ်ကာသည်။ စည်းသဖွယ် တားသည်။

ခါတစ်ကောင်စာသာ ဝင်နိုင်သော နေရာများ ဖြစ်စေရန် သားဖနှစ်ယောက် ပြုပြင်ပေးကြသည်။ ပြုပြင်၍ အားရမှ ခါထောင်ရန် ပိုက်များကို စုစည်းချည်နှောင်ထားရာမှ ပိုက်တစ်ဖောင်ချင်း ရွေးချယ်ကာ ရှင်းကြသည်။

ခါပိုက်တစ်ဖောင်ဟုခေါ်သော ပိုက်တစ်ထည်လျှင် လက်သုံးသစ်အကျယ် အကွက်ဆယ့်နှစ်ကွက် ဆယ့်လေးကွက် ဆယ့်ခြောက်ကွက် ထိုးလေ့ရှိသည်။ နိုင်လွန်ချည်နှင့် ခါပိုက်ကို ထိုးထားရာ မည်မျှတိုးတိုး ရုန်းရုန်း လွတ်ရိုးထုံးစံမရှိ။

ခါပိုက်မှာ မထောင်မီက ပစောက်ပုံသဏ္ဌာန်၊ ထောင်လိုက်သောအခါ ဂငယ်ပုံသဏ္ဌာန်။

တစ်ထောင့်ထွာခန့် ကျယ်ပြီး ဝဲယာအဆုံး၌ ဖဲထီးသံချောင်းအဟောင်း အချွန်များဖြင့် မြေပေါ်စိုက်ထိုးလိုက်သည့်အခါ ဂငယ်ပုံစံ ဖြစ်သွားသည်။

ပိုက်ကို ခါလာနိုင်သည့်ဘက်သို့ မျက်နှာလှည့်ထောင်ပြီး ခါမိက ပိုက်ပါမသွားစေရန် ပိုကြိုးကို ထောင်ထားသော ပိုက်ကွေးဖဲထီးသံကိုင်း၏ ဝဲယာ၌ ချည်ထားသည်။

ချုံများနှင့် လာနိုင်သော အနေအထားကို မှန်းဆကာ ငတောက ပိုက် ဆယ့်သုံးဖောင် ထောင်သည်။

ပိုက်ဆယ့်သုံးဖောင်စလုံး ထောင်ပြီးသောအချိန်၌ ဒဟတ်ပင်တွင် ချိတ်ထားသော ခါတည်အိမ်ရှိရာသို့ ငတော သွားသည်။

ခါတည်အိမ်ဘေး၌ ပတ်ထားသော အဝတ်စုတ်များကို ဖြုတ်ပေးလိုက်ပြီး သူ၏ တည်ခါကို လက်ဖျောက်တီးပြသည်။ မင်း တုတ်သံပေးပေတော့ဟု နှုတ်မှ မပြောသော်လည်း နှုတ်မှပြောသကဲ့သို့ အဓိပ္ပာယ်ရှိကြောင်း တည်ခါက သိသည်။

တည်ခါသည် မူလက အဝတ်စုတ်ဖြင့် တည်အိမ်ကို လုံခြုံစွာ ဖုံးအုပ်ထားရာ တောကို မြင်တွေ့ခွင့် မရှိ။ အဝတ်စုတ် ဖွင့်ပေးလိုက်သောအခါ တောကို မြင်တွေ့ခွင့် ရရှိသွားသည်။ တောနံ့ တောင်နံ့ကို ရှူရှိုက်ရသကဲ့သို့ တောရေး တောင်ရေးကို မြင်တွေ့ခွင့် ရရှိသွားသော တည်ခါသည် ဇက်တစောင်းစောင်း ခေါင်းတခါခါ လည်တဝံ့ဝံ့ ဟန်တကြွကြွ ဖြစ်လာ၏။

“တို့ခါက စတုတ်တော့မယ်ဟေ့။ ဟော့ဟို ဒဟတ်ပင်ပေါက်နေတဲ့ လေး ငါးချုံ အကျော်မှာရှိတဲ့ ချင်းရဲချုံဆီ သွားရအောင်။ အဲဒီကနေပြီး တောခါအလာကို စောင့်ကြည့်ကြတာပေါ့။ ခါတည်တယ်ဆိုတာ စိတ်ရှည်ရ၊ စောင့်ကြည့်ရတာပါပဲကွာ။ မြန်တဲ့အခါမြန်၊ ကြာတဲ့အခါကြာပေါ့။ ခါလိုက်သလိုတော့ မဟုတ်ဘူးဟေ့”

ငတောက ပြောပြောဆိုဆိုဖြင့် ချင်းရဲချုံဆီ ခြေဦးတည့် လှမ်းသည်။ သူ့အဖေသွားရာနောက်သို့ ရေဘူးနှင့် ဓားရှည်ကိုင်ကာ ငလုံးက လိုက်သည်။

ခါလိုက်ခြင်း၊ ခါထောင်ခြင်း၊ ခါတည်ခြင်း ဟူ၍ ခါကို ဖမ်းဆီးရာ၌ နည်းသုံးနည်း ရှိသည်။

ရာသီဥတုက ပူပြင်းသော ရာသီဥတုဖြစ်ရမည်။ အချိန်က အပူပြင်းဆုံး အချိန် ဖြစ်ရမည်။ အညာ လေပွေလေရူးကလည်း တဟူးဟူးမြည်အောင် တိုက်ရမည်။ သည်သို့သော အချိန်မှ ခါကို လိုက်ရခြင်းဖြစ်ရာ လူလျှာထွက် ခွေးလျှာထွက်၊ ခါဝပ်နေမှ ခါရလေ့ရှိသည်။

အညာဒေသ၏ အပူပြင်းဆုံးလမှာ တန်ခူးလနှင့် ကဆုန်လ။ အပူပြင်ဆုံး အချိန်မှာ နေ့မွန်းတည့်ချိန်။ လေရူးလေပွေ အထူးတိုက်သည်မှာလည်း နေ့လယ်အချိန်။

ခါလိုက်ပါက တန်ခူးနေ ကဆုန်နေ၏ အပူပြင်းဆုံး အချိန်ဖြစ်သည့် မွန်းတည့်ချိန်၌ စတင်လိုက်ကြသည်။

တွန်နေသော ခါ၏ အသံကို နားထောင်ပြီး တောနည်းပါး၊ မြေပြင်မြေသားပေါများသည့် လေဆန်ဘက်ကို ရွေးရသည်။ လေဆန်ကို ပျံသန်းနေသည် မှန်သော်လည်း တောကထူထပ်၊ ချုံပုတ် ချုံနွယ် ထူထပ်နေပါက ခါကိုရအောင် မလိုက်နိုင်။ တောလည်းပါး မြေသားလည်းများ ချုံပုတ် ချုံနွယ်လည်း ရှာစာဖွေစာသည့် အဆင့်အထိ ရှိနေမှ ခါကိုလိုက်ရသည်။

ပူပြင်းသော နေရောင်ကြောင့် တံလျှပ်တထောင်းထောင်း ထနေသည့် နေရာသို့ ခါကို ပစ်ခတ်ချောက်လှန့်ထုတ်ချိန်၌ လူက လေအထက်မှ အသံပေး ထားရသည်။

လေတင် လေအထက်မှ လူက အသံပေးနေသောကြောင့် ခါသည် လူရှိရာ လေထက် လေစုန်သို့ မပျံတော့။ လူလွတ်ကင်းရာ လေဆန်ဘက်သို့သာ ပျံသည်။

ခါသည် တစ်တုံ ပျံသန်းရာ၌ အလွန် အပျံသန်သည်။ ခါတစ်တုံပြန်ကို လူက အမီ မလိုက်နိုင်။ နောက်ယောင်ခံ၍သာ လူအုပ်၊ ခွေးအုပ်ဖြင့် ညာသံပေး လိုက်ရသည်။

ခါကို မျက်ခြည်ပြတ်သွားပါက တွေ့ရာသစ်ပင်ချုံပုတ်ချုံနွယ် များကို ပေါက်ကြ၊ ပစ်ကြ၊ ခတ်ကြ၊ ညာသံပေး ဝိုင်းကြရာ ပုန်းနေသောခါ အငြိမ်နေမရတော့။ ပုန်းကွယ်ရာမှ ထွက်ကာ ထပ်မံပျံသန်းသည်။ ပျံသန်းသော်လည်း ဝေးဝေး မပျံနိုင်တော့။ ဝေးဝေး မပျံနိုင်လေလေ လူနှင့်နီးလေ၊ လူနှင့်နီးလေ ထပ်မံပျံလေ၊ မပျံသန်းနိုင်လေဖြစ်ကာ ခါ၏ ဓလေ့စရိုက်အတိုင်း မြေပြင်ပေါ် ဆင်းပြေးတော့သည်။

နေကလည်း အစွမ်းကုန်ပူ၊ လေကလည်း ပြင်းပြင်းတိုက်၊ လူက လိုက်ထားသဖြင့် အားလည်းကုန်နေသောအခါသည် ချုံပုတ်တွေ့က ချုံပုတ်ထဲ ပုန်းပြန်သည်။ ထူးချိုင့်ကလိုင်၊ ရေပေါက်တွေ့က ထိုအထဲ ဝင်ပုန်းသည်။

လူအုပ်ရောက်လာ ခွေးရောက်လာသောအခါ ခါကို ထပ်ပြန်တလဲလဲ ရှာသည်။ ပုတ်ကြ ခတ်ကြ ပစ်ကြထိုးကြ ဆွကြသောအခါ ပုန်းနေသော ခါသည် အကြောက်လွန်ကာ ထပြေးပြန်သည်။

လူက ဖမ်းလျှင် ဖမ်း၊ ခွေးက ကိုက်လျှင် ကိုက်၊ အဝေးမှ ပစ်သည့်အခါ၊ ပစ်သောအခါ ခါ မလွတ်တော့။ ဤ ခါလိုက်ခြင်းကို နွေဦးရာသီ လေရူးထန်ချိန် နေပူချိန် ပြုလုပ်ရ၏။

ခါကို ထောင်ရာ၌ ချုံပုတ် ချုံနွယ်များထဲ၌လည်း ထောင်သည်။ စိုက်ခင်း ပျိုးခင်းဖြစ်သော နှမ်းခင်း ပဲတီခင်း၌လည်း ထောင်သည်။

ခါသည် ပဲတီကို မက်မက်မောမော ကြိုက်နှစ်သက်သည်။

ချောမွေ့နေအောင် သပ်ထားသော နှစ်တောင်ခန့်ရှိသည့် ဝါးခြမ်းကို နိုင်လွန်ကြိုးဖြင့် ချည်၊ ကျင်းတူးပြီး ဝါးခြမ်းစိုက်၊ ဝါးခြမ်းကို ကွေးညွတ်လာအောင် ကြိုးကိုဆွဲ၊ မြေပြင်ဝဲယာ၌ ဝါးငုတ်နှစ်ငုတ်ရိုက်၊ ဝါးငုတ်နှစ်ခုကြား၌ လျှာတံဖြင့် ကန့်လန့်၊ ကြိုးဆုံးကို ကွင်းလျှောလုပ်ပြီး ချထား၊ ခါက ခလုတ်ဝင် တိုးသောကြောင့် ခလုတ်ပြုတ်သွားလျှင် ကိုင်းရိုက်စန့်ပြေးလျက် ကြိုးဖြင့် တုပ်သကဲ့သို့ မိလေ့ရှိသည်။

ထိုနည်းက ခါထောင်နည်း ဖြစ်သည်။ ပြုလုပ်လေ့ရှိသော အချိန်မှာ စိုက်ခင်းပျိုးခင်းများ၊ သီးနှံရင့်မှည့်သော ဆောင်းရာသီ၌ ပြုလုပ်၏။

ခါတည်ရာ၌ တည်ခါလိုသည်။ တည်ခါကို လာခွပ်သည့် တောခါကို မိစေရန် ထောင်ဖမ်းသည့် ပိုက်လည်းလိုသည်။ ထိုသို့ ခါကိုတည်၍ ဖမ်းသောသူအား ခါတည်သမားဟု ခေါ်သည်။

ငတောတို့သည် ခါတည်သမား။ ခါတည်သမားပီပီ တည်ခါကိုလည်း ဒဟတ်ပင်ကြီး၌ ချိတ်ခဲ့ပြီးပြီ။ ပြေးလာသည့် တောခါကိုလည်း မိစေရန် ပိုက်ထောင်ပြီးပြီ။ စောင့်ကြည့်ကာ မိလာသောအချိန်မှ ဖြုတ်ဖမ်းရန်သာ လိုတော့သည်။

အောက်ခြေ၌ ချင်းရဲချုံများ ပေါက်ရောက်နေသော ဒဟတ်ပင်ကြီး၏ အရိပ်တွင် ငတောတို့ ဝင်ရောက် ထိုင်ကြသည်။

ငတောတို့ တည်ခါသည် တုတ်…ခါခါ၊ တုတ်…ခါခါကို ဆက်တိုက်စဉ်တိုက် တွန်ရာ အရှိန်ရလာသည့် အခါ တုတ်…ဂေါဂေါ၊ တုတ်… ဂေါဂေါဟု မြည်သလို ထင်ရ၏။

ခေတ္တနားပြီး ပြန်တုတ်ချိန်မှာသာ တက်… တက်… တူ… ခါခါ၊ တက်… တက်… တူ… ခါခါ ဖြစ်လာသည်။ မြန်မြန်တုတ်ချိန်၌မူ တက်…တက်…တူ…ဂဲဂဲ။ တက်တက်တူဂဲဂဲ ဟု ဖြစ်ဖြစ်သွားသည်။

တည်ခါသည် ဤကဲ့သို့ အဆင့်ဆင့် မြည့်လေ့ရှိသည်။

ဒဟတ်ပင်ကြီးအရိပ်၌ ကွမ်းထုတ်ကို ဖြေကာ ငတော ကွမ်းယာဝါးသည်။ ငလုံးက ခါတွန်သံ ခါတုတ်သံ အဆင့်ဆင့်ကို စိတ်မှတ် မှတ်လျက် စိတ်ဝင်စားနေ၏။

“တို့ဝင်လာခါစက လူရိပ်လူယောင်မြင်လို့ ရှောင်တိမ်းသွားခဲ့တဲ့ တောခါဟာ ခုချိန်ထိ ပြန်တုတ်သံ မပေးသေးဘူးကွ။ တို့ခါကသာ ဆက်တိုက် စဉ်တိုက် တုတ်နေရတာ။ လူရိပ်လူယောင် မမြင်တာ အတော်လေးကြာမှ တောခါက ပြန်တုတ်သံပေးမှာ။ ဒီတောက တစ်ကောင်သာ ရမှာပါကွာ”

ငလုံးက သူ့အဖေကို မော့ကြည့်၏။

“အဖေ ဘယ်လိုသိလဲဗျ”

“ခါဆိုတာ တစ်တောတစ်ဖ တွန်ကွ၊ နိုင်တဲ့ကောင်ကသာ တောအပိုင်စားသဘောနဲ့ ဗိုလ်လုပ်ရတာ။ တုတ်တော့လည်း သူပဲတုတ်တာ”

“ခါက ဘယ်နှကောင်လောက် ပေါက်သလဲဗျ၊ နည်းလား များလား။ တစ်တော တစ်ဖတွန် ဆိုတော့ ခါထီးတွေ သိပ်များနေရင် တောအများကြီး ခွဲတဲ့ သဘောလား၊ အဲလိုလားဟင်”

“ဟုတ်တယ်ကွ ၊ ငါ ငယ်ငယ်တုန်းကလည်း ငါ့ထက် တောရင့် ဝါရင့် သဘာရင့်တွေကို မင်းမေးသလို မေးဖူးတယ်။ ခါဆိုတာ ဘယ်နှဥ ဥလေ့ ရှိသလဲ၊ ခါဘယ်နှကောင် ပေါက်လေ့ရှိသလဲနဲ့ စကားစပ်မိတိုင်း မေးမိတယ်။ ခါဘယ်နှဥ ဆိုတာမပြောနိုင်ကြဘူး။ခါဘယ်နှကောင်ပေါက်သလဲဆိုတာ တိတိကျကျ မပြောနိုင်ကြဘူး။ တောအတွေ့အကြုံဆိုတာ တမင် ဖန်တီးယူလို့ မရဘူး။ တိုက်ဆိုင်မှ တွေ့တတ်တာပဲ။ မတိုက်ဆိုင်ရင် အနှစ် သုံးလေးဆယ်လောက် တောလိုက်နေလည်း တေ့လွဲလွဲ၊ ဝေးဝေးလွဲ၊ လွဲတတ်တာပဲ။

တချို့ တောသမားကြီးတွေက ခါဟာ သုံးဥ ဥတယ်၊ သုံးကောင် ပေါက်တယ်။ နှစ်ဥ ဥတယ်၊ နှစ်ကောင်ပေါက်တယ်၊ တချို့ကတော့ သုံးလေးကောင်ပေါက်တယ် ထင်တာပဲလို့ ပြောကြတယ်။ အမျိုးမျိုးပဲ”

ငတောက စကားဖြတ်ကာ တောခါ ပြန်တုတ် မတုတ် နားစွင့်၏။ တောခါက အသံစမ်းရန် စတင် တွန်စမ်း စမ်းသည်။ သဘောက သူ တွန်လိုက်သောကြောင့် ဘေးအန္တရာယ် ကျရောက်လာပါက လစ်ပျံမည်။ ဘေးကင်းရန်ကင်းဖြစ်မှ ဆက်တွန်မည်ဟု ဝန်းကျင်အား စမ်းသပ်ခြင်းပင်။

သည်အဆင့်မှ လာခွပ်သည့်အထိ ရောက်ဖို့ အချိန်များစွာ အဆင့်များစွာ ကျော်ဖြတ်ရဦးမည်။ ကြာဦးမည်။ ထို့ကြောင့် စကားဆက်၏။

“ကိုယ်တိုင်တွေ့ဖူးမှ ခါဟာ ဘယ်လိုဥတယ်ဆိုတာ သိရတယ်ကွ။ အဖေ တွေ့ဖူးတာက လူတွေ ထင်းခုတ်ရာမှာ ကိုင်းဖျားကိုင်းနား ပယ်ထားခဲ့တဲ့ သန်းခက်တွေအောက်မှာ တွေ့ဖူးတာ။ ခါဥခြောက်လုံးကွ၊ အရွယ်အစားက ကြက်တိန်ညင် မဒန်းဥ ငယ်ငယ် အရွယ်။

ခါက အစိတ်သား သုံးဆယ်သားဝန်းကျင်ဆိုတော့ ဥက ဒီလောက်ကြီးမှာပဲ။ ဥပုံစံက ဖင်ဝိုင်း အဖျားချွန်၊ ဥအရောင်က ဥစား ကြက်ဥနီ အခွံလို အနီရောင်။ အဲဒီအရောင်မျိုး။ ခြောက်ဥနဲ့ ရပ်မယ့်သဘော မရှိဘူး၊ ဆက်အုဦးမဲ့ သဘော။ ဘာကြောင့် ပြောနိုင်လဲဆိုတော့ ခါမ မဝပ်သေးလို့ဘဲ။ မအုတော့ရင် ဝပ်တော့မှာကိုးကွ”

“ဘယ်နှဥလောက်အထိ ထပ်အုသေးလဲဗျ အဖေရ။ အဖေထပ်ပြီး သွားကြည့်သေးလား”

“သားကလည်းကွာ တိုက်ဆိုင်မှ တွေ့တတ်တာ တောသဘာဝပါလို့ အဖေပြောခဲ့သားပဲ။ တိုက်ဆိုင်လို့သာ အဖေကြည့်ခဲ့ရတာ။ သုတေသနလုပ်သလို နောက်ရက် ဘယ်ပြန်ကြည့်နိုင်မှာလဲ။

တစ်ခါကလည်း ခါမကြီးနဲ့ ခါလေးတွေကို သားမခွဲခင် အဖေ တွေ့ဖူးတယ်။ ခါလေးတွေ ခုနစ်ကောင်၊ သူတို့အရွယ်က ငုံးကြီးကြီး အရွယ်”

“အဖေ မဖမ်းဘူးလားဗျ၊ ဖမ်းမရဘူးလား”

“ပြောရဦးမယ်ကွ၊ ငါကသာ သူတို့ကိုမြင်တာ။ သူတို့က ငါ့မမြင်ဘူး။ ဘယ်မြင်မလဲ၊ အစာဇောကပ်နေရှာကြတာကိုး။ ခါမကြီးနဲ့ ခါလေးတွေ ဘယ်နှကောင်ရှိလဲ၊ ဘယ်လို အစာရှာကျွေးလဲ၊ ငါ သိချင်တာနဲ့ တိတ်တိတ်လေး စောင့်ကြည့်နေတာ။

ကြက်သားအုပ်မကြီးက ကြက်ကလေးတွေကို ထိန်းသလို ခါမကြီးက ခါလေး ခုနစ်ကောင်ကို ထိန်းတာ၊ ကြက်မကြီး ယက်ကျွေးသလို ကျွေးတာ။ အစာတွေ့ရင် နှုတ်သီးနဲ့ ချည်ချည်ပြပြီး တတွတ်တွတ်ခေါ်တယ်။ ခါလေးတွေက သူဦး ကိုယ်ဦး လုကြတယ်။ အမှိုက်နဲ့ မြက်ခြောက်တွေကြားက မြက်သီးရှာကျွေးနေတာ။ ငါယောင်ပြီး ချောင်းဟန့်မိတော့ ခါမကြီးက ဘာလုပ်တယ်မှတ်သလဲ”

“လာခွပ်သလား၊ ထွက်ပြေးသလား အဖေ”

“မပြေးဘူးကွ၊ ခါမကြီးက သူ့တောင်ပံနဲ့ မြေကြီးကို တဘုန်းဘုန်း တဗြုန်းဗြုန်း ပုတ်တယ်။ နှုတ်ကလည်း တကွတ်ကွတ်နဲ့ အော်တယ်။ အဲလို အတောင်ကို မြေပေါ်မှာ ဖြန့်ဖြန့်ပုတ်၊ နှုတ်က တကွတ်ကွတ်လည်း အော်လိုက်ရော၊ မြန်လိုက်တာကွာ ငုံးကြီးကြီးလောက်ရှိတဲ့ ခါလေးတွေဟာ ချုံတွေထဲ ပြေးပုန်းတာ လှစ်ခနဲ လှစ်ခနဲပဲ။ သူ့ကလေးတွေ ပုန်းပြီးမှ ခါမကြီးက ပျံပြေးတယ်။ နဘူးချုံနဲ့ ခံချုံတွေကြားထဲ တိုးဝင်သွားတာ ငါမြင်လိုက်လို့ ရှာပေမဲ့ တစ်ကောင်မှ ရှာမရဘူး။ အဲလောက် လျင်တာ ကျွမ်းကျင်တာ။ ဒါ ခါသားမခွဲခင် အရွယ်နော်”

“သားခွဲလို့ အရွယ်ရောက်ရင်ကော အဖေ”

“ဒါတော့ အများသိကြ အများတွေ့ဖူးကြတဲ့ အတိုင်းပါပဲကွာ။ အရွယ်ရောက်လာရင် ခါမတွေအဖို့ ပြဿနာ မဟုတ်ဘူး။ ခါထီးတွေအဖို့ အတူတူ ဆက်နေဖို့ ခက်ခဲကုန်ကြပြီ။ ကျောကုန်းက အမွှေးထက် ဗိုက်က အမွှေး ပိုစို တောက်ပပြီး ပါးပေါ် အနက်စင်းကြောင်းနဲ့ ခါဟာ အတက်ထွက်ဖို့ ပြောင်းဖူးစေ့လိုဟာလေး ခြေထောက်နှစ်ဖက်မှာ ထွက်လာပါပြီ။

အဲဒီအကောင်က ခါထီး။ တွန်စ ပြုလာတာကို ခါတုတ်တယ်ခေါ်တာပဲ။ “တက်… တက်… တူ… ခါ… ခါ” မတွန်ဝံ့သေးဘူး မတွန်တတ်သေးဘူး။ “တုတ်ခါခါ… တုတ်ခါခါ… တုတ်ခါခါ” ကစပြီး တွန်တက်တာ။

ခါကြီးတွေလည်း တုတ်ခါခါလို့ ကြီးတဲ့အထိ တွန်တာပဲ။ ဒါပေမဲ့ သူက အရှိန်ရလာရင် “တက်… တက်… တူ… ခါ… ခါ” အထိ ကူးသွားတာ။

တွန်တတ်စ ခါကတော့ “တုတ်ခါခါ… တုတ်ခါခါ” ဒါပဲ တွန်တက်သေးတယ်။ အဲလို ကွာတယ်။

ခါတွန်သံကို လိုက်ပြီး ရှေးခါသမားကြီးက ခါအမျိုးအစား ခွဲခြားကြတယ်”

“ခါကို ဘယ်လို အမျိုးအစားခွဲသလဲဗျ အဖေရ။ စိတ်ဝင်စားစရာကြီး”

“တက်… တက်… တူ… ခါ… ခါ အဲလိုတွန်တဲ့ ခါက ရိုးရိုးခါတဲ့။ ‘ပြဿဒါး ခါခါ … ပြဿဒါး ခါ ခါ’ အဲဒီလို တွန်တဲ့ ခါက ပြဿဒါးခါတဲ့။ ‘တက် တက် တူ ခါ ခရား၊ တက် တက် တူ ခါခရား’ အဲလို တွန်တဲ့ခါက ခါခရားတဲ့။ ပြဿဒါးခါက မီးကွင်းတယ်၊ ခါခရားက ဖမ်းမမိဘူးလို့ ရှေးရှေးသော ခါသမားကြီးများက အဆိုရှိတယ်”

“ဟင် ပြဿဒါး ခါက မီးကွင်းတယ်၊ ခါခရားက ဖမ်းမမိဘူး၊ ဟုတ်ကြပါ့မလား အဖေရ။ တွေ့ကရာ ယုံတမ်းစကားများ လျှောက်ပြောသွားကြသလား။ အဖေ တွေ့ဖူးလား”

“ပြဿဒါး ခါပါလို့ တွန်တဲ့ခါနဲ့ တက်တက်တူ ခါခရားလို့ တွန်တဲ့ ခါရဲ့ တုတ်သံကိုတော့ တို့ရွာမှာကိုပဲ ကြားဖူးတဲ့ ခါသမားတွေ အများကြီးကွ။ အဲဒီထဲမှာ အဖေလည်းပါတယ်။

ညောင်ပင်ကန်တောကြီးက ခါခရားကြီးတစ်ကောင်ကို ဘယ်လိုဖမ်းဖမ်း၊ ဖမ်းမရဘူးလို့ ဘကြီးစံမြတို့ လက်ထက်တုန်းကတော့ ပြောကြတာပဲကွ။ ခါဆိုတာ သိပ်အကင်းပါးလွန်းရင် တည်မရ၊ ထောင်မရတဲ့ ခါလည်း အများအပြားပဲ။ ပြဿဒါး ခါက မီးကွင်း မကွင်း၊ ခါခရားက ဖမ်းရ မရကို ကြားဖူးတယ်လို့တော့ မှတ်ထားပေါ့ကွာ။ ဟုတ် မဟုတ်၊ ယုံ မယုံ၊ ဖြစ်နိုင် မဖြစ်နိုင်တော့ ကိုယ်ပိုင်ဉာဏ်နဲ့ ချင့်ချိန်ပေ့ါ။

ပြဿဒါးခါ ဖြစ်ဖြစ်၊ ခါခရား ဖြစ်ဖြစ်၊ ရိုးရိုးခါ ဖြစ်ဖြစ် အရွယ်ရောက်လာရင် အနိုင်ဆုံး ခါကြီးက ခွပ်ထုတ်တယ်၊ နယ်လွှင့်တယ်၊ နယ်လွှင့်ခံရတဲ့ ခါထီးဟာ တောခွဲရတယ်။ တောခွဲတယ်ဆိုတာကလည်း တွန်သံတစ်ကွာဝေးပါကွာ။ အဲဒီတောမှာ သူကဗိုလ်ဖြစ်ရော။ တခြားခါက လာတွန်ရင် ခွပ်ရော။

ခါဟာ ဒေါသလည်းကြီးတယ်၊ အတက်လည်း ပါတော့ တစ်ကောင်နဲ့ တစ်ကောင် ခွပ်ရာမှ ကန်း အောင်လည်း ခွပ်တယ်၊ မပြေးရင် သေအောင် ခွပ်တယ်။ ခါတည်တယ်ဆိုတာ ဒီသဘောကို သိထားတဲ့ လူသားက တောခါရဲ့ ပိုင်နက်ထဲကို အိမ်ခါထီးနဲ့ ဝင်တည်ပြီး ပိုက်နဲ့ ထောင်ဖမ်းတာကို ခါတည်တယ်ခေါ်တာပဲ မဟုတ်လား”

“ဒါဖြင့် ခါကို တစ်ကောင်မက ရဖို့လိုချင်ရင်”

“တောပြောင်းတည်လေ”

“တည်ခါထီးကို တောခါထီးကပဲ ခွပ်သလား၊ တောခါမက မခွပ်ဘူးလား”

“တစ်ချိန်ပဲ ခွပ်လေ့ရှိတယ်၊ အဲဒါက…”

ငတော စကားဖြတ်လျက် ငလုံးကို ငြိမ်ဟူသော သဘောမျိုးဖြင့် မျက်ရိပ်ပြထားသည်။ တည်ခါနှင့် တောခါတို့သည် ‘တက်တက်တူဂဲဂဲ’ ဖြစ်သည်အထိ အပြိုင်အဆိုင် တွန်ရာမှ တောခါက ဒေါသပိုကြီးလာသည်။

ဒဟတ်ပင်ကြီး တစ်ပင်ပေါ်၌ တွန်နေရာက ချုံတန်း ရှိရာဆီသို့ ပျံချလိုက်သည်။ အောက်သို့ ရောက်သောအခါ တည်ခါအိမ် ချိတ်ထားသည့် ဒဟတ်ပင်ကြီးဆီ ရောက်ရန် ပြေးလာ၏။

ခါတည်ခြင်းနှင့် ချိုးတည်ခြင်း ပြုလုပ်ရာတွင် မိပုံချင်း မတူညီ၊ ခြားနားသည်။ ခြားနားရခြင်းမှာလည်း ဓလေ့စရိုက် မတူညီ၍ ဖြစ်သည်။

တူညီသော အချက်မှာ ခါတည်တည်၊ ချိုးတည်တည် တည်အိမ်ကို သစ်ပင်ပေါ် ချိတ်ရသည်။ နေရာ ရွေးရာ၌လည်း ခါလည်း ချိုးလို၊ ချိုးလည်း ခါလို သဘောထားလျက် လုံခြုံရာ ရွေးရသည်။ သည်အချက်တူသည်။

ပိုက်ထောင်ရာ၌ မတူတော့၊ မိရာ၌ မတူတော့။

ချိုးတည်အိမ်ဘေး၌ ပိုက်က ယှဉ်တွဲရှိသည်။ ချိုးကလည်း သစ်ပင်ပေါ် တက်ခွပ်သည်။ ချိုးချိုးချင်း ခွပ်ရာ၌ သစ်ပင်ပေါ် ခွပ်သော ဓလေ့စရိုက် ရှိသည်။ မိလျှင်လည်း တည်အိမ်ဘေးရှိ ပိုက်၌ မိသည်။

ခါမိသည့်ပိုက်က ခါတည်အိမ်ဘေး ယှဉ်လျက် မရှိ။ ခါတည်အိမ်က သစ်ပင်ပေါ်မှာ ရှိ၏။ ပိုက်က မြေပြင်မှာရှိ၏။ ခါ ခါချင်း ချိုးကဲ့သို့ သစ်ပင်ပေါ် တက်မခွပ်။ ခါဓလေ့စရိုက်မှာ မြေပြင်ပေါ်၌သာ ခွပ်သည်။

တောခါသည် တည်ခါသံ ကြားက တုတ်သံ ပြန်ပေးမည်။ တုတ်ရာမှ ဒေါသကြီးလာက သူ နားနေသည့် သစ်ပင်ထက်မှ အောက်သို့ ပျံချဆင်းလိုက်သည်။ ပျံချ ဆင်းလာပြီးမှ မြေပြင်ပေါ်က အပြေးလာသည်။ ရင်ဆိုင်တွေ့မှ ကြက်ခွပ်သကဲ့သို့ ခွပ်သည်။ ထိုဓလေ့စရိုက်အရ မည်မျှဝေးဝေး၊ မည်မျှနီးနီး ပြေးပျံလာရာက မြေအောက်သို့ ပြန်ဆင်းစမြဲ ဖြစ်သည်။

ယခု တောခါသည်လည်း တည်အိမ်ချိတ်ထားသော ဒဟတ်ပင်ကြီးဆီသို့သာ မြေပြင်ပေါ်မှ ရိပ်ရိပ်ရိပ်ရိပ်ဖြင့် ပြေးလာသည်။ ထိုသို့ ပြေးလာသော်လည်း ဒဟတ်ပင်ကြီးဆီ မရောက်။ ချုံကြီးဘေးရှိ ခါပိုက်ထဲ ဝင်တိုးမိပြီး လုံးထွေးလုံးထွေး ယက်ကန်ယက်ကန် လွတ်မြောက်လို လွတ်မြောက်ငြား အားရှိ သမျှ ရုန်းသော်လည်း ပိုကြိုးက ထိန်းထားရာ မည်မျှရုန်းရုန်း ရုန်းမရ ကန်မရ။ ရုန်းလေ ပိုက်သားတို့ ပိုရှုပ်ထွေးပြီး ငြိလေလေပင်။

(၂)

စမ်းရေယဉ်ငယ်
သွင်သွင်လျှောကျ
တောဝန ပြောကမကုန်
ခေါင်ရွှေဖိုးငယ်နှင့်
ငှက်မျိုးသာ စုံတော့
ရဂုံကြော့ သည်မြိုင်ငူမှာ
တက်တက်တူ ရွှေခါပြောက်တွေက
ဖော်မစုံ ပင်မြုံအောက်မှာ
တိုင်းလျှောက်တယ်လေး။
(ရှေးရေး)

ငတောတို့သည် တောင်ဦးတောမှ ထွက်ပြီး ခံချုံတော၌ ခါဆက်တည်သည်။ ခါတည်အိမ်ကို ဖောင်းဝပင်၌ ချိတ်၍ ပိုက်ထောင်ပြီးသည်မှာ မကြာလှသေး။

တည်ခါသံ လေးငါး ခြောက်ခါမျှ တုတ်ရုံမျှဖြင့်ပင်လျှင် တောခါက မြင်းလန့်ပြေးသလို အမြန်ပြေးဝင်လာသည်။

အတွေ့အကြုံနည်းသော ငလုံးအဖို့ တအံ့တသြ။ ငတောပင်လျှင် ဘောင်မှည့်ချုံရိပ် မထိုင်ရသေး။ သန်းပင်နှင့် ခံချုံအကြား၌ ထောင်ထားသော ပိုက်ထဲ၌ ခါမိနေပြီ။

သားအဖနှစ်ယောက် အလျင်အမြန် သွားရောက်ပြီး ပိုက်ထဲ၌ မိနေသော ခါကိုဖြုတ်၍ ထုတ်ရာ ခါက အလန့်တကြား အော်သည်။ အော်သောအသံမှာ “ကွား၊ ကွား၊ ကွား၊ ကွား၊ ကွား၊ ကွား”

ခါကို အလျင်အမြန် ဖြုတ်ရင်း ငတောက ငလုံးကို ပြောသည်။

“ဒီနေရာကို ဒီပိုက်ပဲ ပြန်ထောင်ဟေ့”

“ဘာလို့လဲဗျ”

“ဒို့ နောက်ထပ်တစ်ကောင် ဒီတောက ရဦးမှာဟ”

“အဖေ စောစောက ပြောတော့ တစ်တောမှ ခါထီး တစ်ကောင်ရမှာဆို”

“အေးလကွာ … ခုမိတဲ့ခါက ဘယ်လိုအော်လဲ။ ‘ကွား၊ ကွား၊ ကွား၊ ကွား’ တဲ့။ သူ့ကိုကြည့်။ မင်သက်က မှိန်တယ်၊ ခေါင်းက ရှုးတယ်၊ အမွေးက ခပ်ဖျော့ဖျော့၊အတက် မပါဘူး။ ဒါ ခါမပေါ့ကွ။

မင်းကို ငါပြောတာ မှတ်မိလား။ တောခါမက တည်ခါထီးကို ခွပ်တာ တစ်ချိန်ပဲ ရှိတယ်ဆိုတာလေ။ အဲဒါ ခုချိန်ပဲ။

ဒဟတ်ပန်းပွင့်ဖူးချိန် ခါမြူးချိန်လေ၊ ခါမိတ်လိုက်ချိန်လေ၊ မိတ်လိုက်ချိန်မို့ ခါမက ပြေးလာတာ။ ကျန်တဲ့အချိန်ဆို ငိုနေ၊ ခါမ မရဘူး။ ဒါမျိုးဟာ ခါ မိတ်လိုက်ချိန်နဲ့ တိုက်ဆိုင်လွန်းလို့သာ ခါမ ရတာ။

ခါမ ပျောက်သွားတာ တခြား ခါထီး ရောက်လာတာကြောင့် တောခါထီးဟာ တို့လူရိပ်လူယောင် ကွယ်လိုက်တဲ့အချိန်မှ လာပါလိမ့်မယ်။ ဟောဟို တည်ပင်ကြီးက ကိုင်းပေါ် လှမ်းကြည့်လိုက်။ ဒီကကို မြင်နေရတာ မြင်လား။

အဲဒီ ခါ ဇာတ်ပွဲတွေထဲမှာ မင်းသားဆိုဆိုနေတဲ့ သီချင်းလိုပေါ့။ တက်တက်တူ ရွှေခါပျောက်တွေက ဖော်မစုံ သိုက်မြုံအောက်မှာ (အိုခင်ရဲ့) ကိုင်းလျှောက်တယ်လေးလို့ ဆိုသလို ဖော်မစုံတော့တဲ့ခါ၊ ကိုင်းလျှောက်နေတဲ့ ခါ၊ အဲဒီ ခါထီးဟာ အဖေတို့ ခု လူရိပ်ပျောက်၊ နောက် ချက်ချင်းလာမှာ”

ငတောတို့ ထိုင်ပြီး ပုန်းကွယ်နေသည်မှာ ဘာမှမကြာ။ ခါထီးကို မိလာရာ ငလုံး တအံ့တသြ။

တောအတွေ့အကြုံ ရင့်ကျက်သူ သူ့အဖေကို လေးစားသည်ထက် ပိုလေးစား၊ အထင်ကြီးသည်ထက် ပိုအထင်ကြီးမိ၏။

xxx xxx xxx xxx

“ချောက်ထုတ်လိုက်မယ် အဖေ။ ဒီခါက အတည်ခက်လိုက်တာ။ သူတစ်ကောင်ထဲ တည်ရတာ နှစ်နာရီ မကလောက်တော့ဘူး။ ချောက်လိုက်ရမလား”

ငလုံးက လူငယ်ပီပီ အလိုမပြည့်ဝသောကြောင့် စိတ်မရှည်။ ငတောက လူကြီးဖြစ်၍ စိတ်ထိန်းနိုင်သည်။ သူလည်း အကြံခပ်အိုက်အိုက်။

ငတောနှင့် ငလုံးတို့ ခါထီးနှင့် ခါမ ရခဲ့ပြီးသော တောမှ တောပြောင်းလာခဲ့ရာ ယခု ဟင်းကွတ်တောသို့ ရောက်ခဲ့၏။ ဟင်းကွတ်တော ကဇာဘေး ပိုက်ထောင်ရစဉ် ကထဲက ကဇာအခြေအနေကို ငတော မကြိုက်လှ။

ကဇာရိုးတန်းက နယုန်ဝါဆိုလမှ ထင်းဖျင်၊ ထင်းခုတ်သူက ခုတ်ထားရာ အတက်နုပေါက် သန်စွမ်းစသာသာ။ မိုးနှံပင်နှင့် နဘူးပင်တို့မှာ အမြင့် တစ်ထွာကျော်ကျော်၊ တောင်ဆုပ်မရှိ တရှိမျှသာ မြင့်သေးသည်။ အခြား ကဇာများနှင့် နှိုင်းစာက အဆမတန် နိမ့်နေရာ အားမရ။ အားမရသဖြင့် ဆူးထပ်ဆင့် ရအောင် ခြုံထပ်ဆင့်ရအောင်ကလည်း ကဇာတို မဟုတ်။ ရှည်လျားသော ကဇာ။ ကဇာတို ဖြစ်ဦးအနီးမှာ သူ့ချုံ သူ့ဆူးက လွဲပြီး ခုတ်စရာ မရှိ။

သည်လောက် အမြင့်တော့ ခါသည် မခုန်တန်ရာဟု အားတင်းပြီး ငတောတို့ ပိုက်ထောင်ခဲ့သည်။ ထိုသို့ ပိုက်ထောင်စဉ်တွင် ယခုခါနှင့် လာတွေ့၏။

ခါတည်အိမ် ချိတ်သော သစ်ပင်မှာ နှောပင်။ နှောပင်သည် ကဇာမြောက်ဘက်၌ ရှိသည်။ ကဇာချုံတန်းက နှောပင် တောင်ဘက်၌ ရှိသည်။

ခါကို ထောင်ရာ၌ နှောပင်ဆီလာမည့် အပေါက်များမှာ တောင်ဘက်က ဖြစ်သည်။ တောင်ဘက်မှ အပေါက်များကို ဆီးတန်ဆီး၊ ဆို့တန်ဆို့၊ ပိတ်တန် ပိတ်လျက်၊ ငတောတို့ ပိုက်ဆယ့်ရှစ်ဖောင်အထိ ထောင်ခဲ့သည်။

ငတောတို့ တည်ခါက တုတ်သံပေးသောအခါ တောခါသည် ဒေါသတကြီးဖြင့် သန်းပင်ပေါ်မှ အောက်သို့ ပြန်ချပြီး ကဇာရိုးအလိုက် ပြေးလာသည်။

ငတောတို့ တည်ခါက အကြိမ်ကြိမ်ပင် ထပ်မံ တုတ်သံပေးရာ ဝန်းကျင်တစ်ခုလုံး ခါတုတ်သံ ဖုံးလွှမ်းနေ၏။ တောခါ မြင်လေ တည်ခါက ဒေါသကြီးလေ၊ တုက်သံ ကျယ်လေလေပင်။

တည်ခါက ပိုမိုကျယ်လောင်စွာ အဆက်မပြတ် တုတ်သံပေးလာသောကြောင့် တောခါမှာလည်း ဒေါသအမျက်ခြောင်းခြောင်းထွက်ကာ ဒုန်းပြေးလာသည်။ ဒုန်းပြေးလာသော တောခါမြင်လာမှ တည်ခါက ပိုမိုဒေါသကြီးကာ သံကုန် တုတ်သံပေးသည်။

သံကုန် တုတ်သံပေးလာသော တည်ခါထက် ဒေါသပိုသော တောခါသည် ဒုန်းပြေးလာသည်ကိုပင်လျှင် အားမရ၊ နိမ့်သော ကဇာချုံတစ်နေရာကို လွှားခနဲ ခုန်ကျော်ဝင်ကာ တည်ခါရှိရာ နှောပင်ဆီ အားကုန် ပြေးသည်။

တည်ခါအိမ်အောက်သို့ တောခါ ရောက်ရသော ထုံးစံ မရှိ။ ထို့ကြောင့် ငတောတို့က မတ်တတ်ရပ်ကာ တောခါ ပျံသန်းရေးအတွက် လူယောင်ပြရသည်။

နောက်တစ်ချီတွင် ပိုက်ရှိရာ ဝင်တိုးလိမ့်မည်ဟု ငတော ယုံကြည်သည်။

တောခါက လူရိပ်လူယောင် မြင်သောကြောင့် ပျံတော့ပျံ၏။ တည်ခါက တုတ်နေသဖြင့် ဝေးဝေးမပျံ။

ဒုတိယ အချီတွင်လည်း တောခါသည် ကဇာရိုးနိမ့်သော နေရာမှ အလွယ်တကူ ခုန်ကျော် ဝင်လာပြန်သည်။ တည်ခါကလည်း ဒေါသကြီး၊ တောခါကလည်း ဒေါသကြီးဖြင့် အပြိုင်အဆိုင် တုတ်သံပေးနေသည်မှာ တောလုံး ဆူဆူညံညံ။

ငတောရော ငလုံးပါ ဘာဆက်လုပ်ရမည်မသိ။ လူယောင် ထပ်မံပြရပြန်သည်။

လူယောင်ပြသောအခါ တောခါက တုတ်ရာမှ ရပ်ကာ ပျံပြန်သည်။ ဝေးဝေးမပျံဘဲ မျက်စိအောက်ရှိ နပဲပင်ပေါ်၌သာ နားပြီး တုတ်သံပေးနေသည်။

“အဖေ”

“ဟေ”

“နှစ်ခါ ရှိသွားပြီ၊ ဘယ်လို ဆက်လုပ်မလဲ”

“ပိုက်ထောင်ထားတဲ့ နေရာနဲ့ သူဝင်တာနဲ့ မတိုက်ဆိုင်သေးလို့ပါကွာ။ ကဇာရိုး နိမ့်တာလည်း တမှောင့်”

“ပိုက်ထက်တော့ ကဇာရိုးက မြင့်ပါတယ်ဗျ။ သူ ခုန်ချင်လို့ ခုန်ဝင်တာပါ”

“အေးပေါ့ဟာ၊ အရင်တောတွေမှာ ပိုက်ထောင်တဲ့ အခါ ချုံတွေကအမြင့်၊ ပိုက်အနိမ့်ဆိုတော့ နိမ့်တဲ့ဆီပြေးလာရာက ပိုက်ထဲ တန်းတိုးတော့ မိရာမှာ လွယ်တာပေါ့။ ခုဟာက ပိုက်နဲ့ ချုံက မတိမ်းမယိမ်း။ ပိုက်ထောင်ထားရာဆီက မဝင်ဘဲ ကဇာချုံ အတက်ပေါက် သူခုန်ကောင်းရုံနေရာကို ကြက်ကန်း ဆန်အိုးတိုး ကျော်ဝင်မိရာကနေ လမ်းစတွေ့သွားတော့ သူ့ကို သင်ပေးသလို ဖြစ်တာပေါ့။ ခုန်ဝင်ကျင့် ပါသွားတာပေါ့။ စောင့်ကြည့်ရမှာပဲကွာ”

တတိယ အကြိမ်မြောက်၌လည်း ခုန်ဝင်ရာ ပိုက်ဆီ မရောက်။

စတုတ္ထ၊ ပဉ္စမ၊ ဆဋ္ဌမ၊ သတ္တမ၊ အဋ္ဌမ၊ နဝမ။

ကိုးကြိမ်မြောက် ခုန်ဝင်အပြီး၌ ငလုံးက ချောက်ထုတ်ချင်ကြောင်း ယခုကဲ့သို့ ပြောလာသည်။ ငတောလည်း ဘာဆက်လုပ်ရမည်ကို ခေါင်းပူအောင် စဉ်းစားနေသည်။

တောခါ ခွပ်ပါလျက်နှင့် မိအောင် မဖမ်းနိုင်ခြင်းမှာ တောသမား ညံ့ရာရောက်နေသည်။

ကဇာဟူသည် လူက ကြိုတင်ပြုပြင် စီမံထားနိုင်သော ချုံပုတ် ချုံနွယ်မဟုတ်။ ယခုကဲ့သို့ ကြုံတွေ့လာက မည်သို့လုပ်ရမည်ဟူသော အတွေ့ အကြုံ ရအောင် တောသမားက ရှာဖွေကြံဆထားမှ သင့်လိမ့်မည်။ လက်လျှော့ပြန်က အမြတ်ကျန်မည် မဟုတ်။

ခုန်ဝင်သောခါ တွေ့လာက မည်သို့ ထောင်မှ ရသည်ဟု လက်တွေ့ အဖြေရရန် ငတော စမ်းသပ်ဖို့ ဆုံးဖြတ်သည်။

“ငလုံး”

“ဗျာ အဖေ”

“ထောင်ထားတဲ့ ပိုက်တွေ အကုန်ဖြုတ်ကွာ၊ အဖေက ခါတည်အိမ်ချမယ်”

“ပြန်တော့မှာလား အဖေ။ ကောင်းတယ် …ကောင်းတယ်၊ ဒီခါတစ်ကောင် မဲနေရင် ကျန်ခါတွေတောင် ထောင်ချိန်ရှိမှာမဟုတ်ဘူး”

“ဖြုတ်သာ ဖြုတ်ခဲ့ပါ ငလုံးရာ။ ဖြုတ်ပြီး ငါ့ဆီယူခဲ့”

နှောပင်တွင် ချိတ်ထားသော ခါတည်အိမ်ကို ငတောက တက်ဖြုတ်သည်။ မူလ လာစဉ်က ထမ်းပိုးသဖွယ် စွပ်ထားလာခဲ့သည့် ဓားလှံရိုးကို နှောပင်ရှေ့ လက်လေးငါးလံ အဝေးရှိ မြေပြင်ပေါ်စိုက်သည်။

နဘူးခက်များကို ချိုးကာ ခါတည်အိမ်ကို လုံလုံခြုံခြုံ ဖြစ်သည်အထိ ပတ်ပေးသည်။ ဝင်ရောက် တိုက်ခိုက်နိုင်သည့် ချိုးသိမ်း၊ စွန် အစရှိသည့် ရန်သူများဘေးမှ ကင်းဝေးလောက်ပြီ ထင်ချိန်၌ ဓားလှံရိုးတွင် ခါတည်အိမ် ချိတ်သည်။

ငလုံး ဖြုတ်လာသော ပိုက်အားလုံးကို တောခါ ခုန်ဝင်ရာမှ ကျလောက်သော နေရာကို မှန်းဆထောင်သည်။

သည်တစ်ခါ နင် လွတ်နိုင်ရိုးလားဟု စိတ်ထဲမှ ငတော ကြိမ်းဝါးကာ မူလ ထိုင်နေရာ နေရာက ပြန်စောင့်သည်။

လာချင်လျှင် တောခါ လာခဲ့ပေရော့။ လွတ်နိုင်ရိုးလား။

လွတ်ပါသည်။

ချုံကို တစ်ခါခုန်၊ ပိုက်ကို တစ်ခါခုန်လျက် နှစ်ဆင့်ကျော် ခုန်ဝင်ကာ ခါတည်အိမ်ချိတ်ထားရာ ဓားလှံရိုးအထိ တောခါ ရောက်သည်။

လူယောင်ပြသောကြောင့် ပျံသည် ပြောရုံသာ ပျံပြီး အနီးရှိ သစ်ပင်ပေါ် တက်နားကာ တောခါက တုတ်သံ ပေးနေပြန်၏။

ငတောရော ငလုံးပါ မခံချင်စိတ်ကြောင့် တုန်တုန် ယင်ယင်။

“အဖေ”

“ပြန်ချင်ပလားကွ ငလုံး၊ အစွမ်းကုန် ကြံသေးတာပေါ့ကွာ”

“မပြန်ချင်တော့ဘူးဗျာ၊ ဒီခါကို မရ ရအောင် သာထောင်။ ကနေ့မရ မနက်ဖြန်ထိ ဆက်သာထောင်”

“ခါတည်အိမ်ကို မြေကြီးပေါ် ချကွာ။ ခုထောင်ထားတဲ့ ပိုက်ရှိသမျှ အကုန်ဖြုတ်ခဲ့။ မြေကြီးပေါ် ချထားတဲ့ ခါတည်အိမ်ကို ပိုက်ချင်းထိအောင် ဆက်ထောင်၊ အကွာအဝေးက ခါတစ်ကောင် ဆန့်တိုးစာရုံသာထား။ ခါတည်အိမ်ကို ခါမိလို့ ဆန့်တိုးရင် မမီတမီ ဖြစ်အောင်ထား။ သူကျော်ပျံလို့ ပြန်ခွပ်လည်း မိလောက်တဲ့ အနေအထားပေါ့။ ဘယ်ဘက်က ခွပ်ခွပ် မိရမယ်ဆိုတဲ့ အနေအထားမှာ ရောက်အောင်ထောင်။ ဒါမှ မမိရင် ခါထောင်သလို ခလုတ်ဆင်ပြီး ကွင်းလျှောထပ် ထောင်မယ်”

ခါတည်အိမ်ကို မြေကြီးပေါ်ချ၊ လေးဖက်လေးတန်မှ ပိုက်များကို ထိစပ်ထောင်လျက် တောခါ ထပ်မံပြန်လာပြီး ခွပ်မည့်အချိန်ကို ငတောတို့ စောင့်သည်။

တောခါက ခါတိုင်းကဲ့သို့ပင် ကဇာရိုးကို ခုန်ကျော် ဝင်သည်။ တည်ခါကို ခွပ်ရန် တည်အိမ်ဆီသို့ ဒေါသတကြီးဖြင့် ပြေးလာရာ ပတ်ပတ်လည် ကာဆီးထားသော ခါတည်ပိုက် တစ်ခုအတွင်းသို့ အားလွန် ကျွံဝင်သွားရာ ပိုက်ထဲ၌ လုံးထွေး လုံးထွေး။

တောခါ လွတ်မထွက်စေရန် ပိုကြိုးက ထိန်းထား၏။

– ပြီး –

စာရေးသူ – တွင်းကြီးဝမ်းမောင်

Leave a Reply

Your email address will not be published. Required fields are marked *