ခုံတော် မောင်ဂျိုက်သိုး (ဝတ္ထတို) ခင်ခင်ထူး
(၁)
ကျွန်မတို့က ကိုကြီးဂျိုက်သိုးလို့ ခေါ်ကြတဲ့ အစ်ကို တစ်ယောက်က ရွာလူကြီးပါ။ အဖေ့တူ ဆိုတော့ ကျွန်မတို့ ဆွေမျိုးတွေထဲမှာ စားမနာ နှိုက်မနာ ရှိတဲ့ အိမ်ကိုး။ ကျွန်မတို့ ငယ်ငယ်ကတည်းက ရွာလယ်ဝိုင်း တိုက်ထဲက ကိုကြီးဂျိုက်သိုးတို့ အိမ်ကို မရောက်ရတဲ့နေ့ မရှိဘူး။
ကျွန်မအဖေ့ နှမဝမ်းကွဲ ဒွေးလေးသောင်းက မွေးတဲ့ မွေးချင်းတွေထဲမှာ ကိုကြီးဂျိုက်သိုး တစ်ယောက်ပဲ ရွာမှာ ကျန်တာပါ။ ကျန်တဲ့ နှမတွေ ညီတွေက ချောင်းဆင်း၊ ရေပုလဲ၊ နှဲမှုတ်ရွာ၊ မြေတော်၊ မီးလောင်ကျွန်း စသဖြင့် တခြားရွာတွေမှာ အခြေကျကြပါပြီ။
ကိုကြီးဂျိုက်သိုးကတော့ မွေးကတည်းက ရွာက ခွါတယ် မရှိဘူး။ ဘယ်ကိုမှလည်း မသွားလေ့ဘူး။ မသွားတော့ မရောက်ရဘူးပေါ့။ မရောက်ရလည်း ကိစ္စမရှိပေါင်ကွာ ဆိုတဲ့လူမျိုး ဆိုတော့ မြို့ရယ်လို့ နီးနီးနားနား မြင်းခြံကိုတောင် ရောက်ဖူးရုံ ရှိတာပါ။ မြင်းခြံမြို့ပေါ် ရောက်နေကြတဲ့ ဆွေထဲမျိုးထဲက သာမှုနာမှုလို ကိစ္စတွေမှာလည်း များသောအားဖြင့် ကိုယ်တိုင် သွားလေ့မရှိဘူး။ သူ့မိန်းမ မဆွမ်းအုပ်ကို လွှတ်တာ များတယ်။
”တော်မသွားလို့ ကောင်းပါ့မလား … တော့်အမျိုး အရင်း ခေါက်ခေါက်ကြီး ဟာကို … ရွာက ဆွေဝေး မျိုးဝေးတွေတောင် သွားကြသာ … မသွားရင် ခွေးဖြစ်ဖို့ ရှိမှာပဲ”
မဆွမ်းအုပ်က တော့်အမျိုး အရင်း ခေါက်ခေါက်ကြီး လို့သာ ပြောတာပါ။ တကယ်တော့ မြင်းခြံ အလှူက မဆွမ်းအုပ်နဲ့လည်း အမျိုး မကင်းဘူး။ ကျွန်မတို့က မမအုပ် ခေါ်ကြတဲ့ မဆွမ်းအုပ်က လှီလှီကလေးရယ်။ အိမ်အလုပ်၊ အခင်းအလုပ်၊ ကျွဲနွားအလုပ်များ ဗျန်းဗျန်းကွဲ လုပ်နေရသူ ဆိုတော့ မဆွမ်းအုပ်က အကြောင်းကြီးငယ်တိုင်း စိတ်ရောက်လို့ ကိုယ်မပါနိုင်ဘူး။ လင်ကို လူမှုရေးရယ်လို့ မျက်နှာပြ သွားစေချင်ပေသိလို့ ကိုကြီးဂျိုက်သိုးက မလှုပ်ပေါင်။ နင် သွားနိုင်ရင်သွား၊ မသွားနိုင်လို့ မျက်နှာနာစရာ ရှိရင်လည်း နင်သာ နာတော့၊ ငါကဖြင့် ဒေဝဒဟဘက် အမှိုက်တောင် မလွင့်စေရဘူး ဆိုတဲ့ မျက်နှာနဲ့ ဆေးလိပ်ကြီး ငေါ့နေတော့တာပါ။
”မိအုပ်ရယ် … နင်သွားလည်း ဖြစ်သဟာကို ငါသွားမှလား …. ငါ့မယ် အမှုတွေက တန်းလန်း … ရပ်ရေးရွာရေး ဆိုသာ ပြောဖြစ်သာ မှုတ်ဘူး … မီးရေးထင်းရေး ဆိုသာ ရှိသေး …. သွားပါဟာ ကူလိုက်ပေါ့ နှစ်ထောင်လောက်”
”နှစ်ထောင် မလှပါဘူးတော် … မမသိန်းရှင်က မွေးတဲ့ ကလေးတွေ လှူသဲ့ဟာ … ငါးထောင်တော့ ကူမှပေါ့ … တော်မသွား ကျုပ်သွားပေါ့ … တော် အိမ်မှာသာနေ … မီးလောင်ငုတ်တို မှတ်ပြီး ပျားမှမစွဲ သယ်တော … တော်နဲ့ ကျုပ် နေရာချင်း လဲလိုက်ချင်ပါ့”
ဘယ်လိုပြောပြော ကိုကြီးဂျိုက်သိုးက နာတယ် ရယ်လို့လည်း မရှိဘူး၊ နာအောင် ပြောသကော ရယ်လို့ မျက်စောင်းတစ်ချက် လှည့်မထိုးဘူး။ တစ်ခြမ်း လှိုက်စားထားတဲ့ ဆေးလိပ်ကြီး ဖွာနေတော့တာပဲ။ ကိုကြီးဂျိုက်သိုးတို့ လင်မယားက ဆေးလိပ်များတော့ ကျားကန် သောက်ကြသူတွေပါ။ မမအုပ်က စိတ်ကလေး ရှိလို့၊ အားအားယားယား ရှိလို့ကတော့ ပြောင်းဖူးဖက်လိပ် အိမ်မှာတင် လိပ်နေကျပါ။ မအားတာ များသူဆိုတော့ သူလည်း ကြုံရာသောက်၊ ကိုကြီးဂျိုက်သိုးလည်း ကြုံရာ ဖွာတော့ပဲ။
ကိုကြီးဂျိုက်သိုးတို့ အိမ်က နှစ်ထပ်အိမ်ပါ။ ရေဝင်ရွာ ဆိုတော့ မြှင့်ဆောက်ထားရုံမက အောက်ထပ် တစ်ထပ်လုံး မြေဖို့ထားတော့ ဝိုင်းမြေထက် တစ်တောင်လောက် မြင့်တယ်။ နွားတွေက အိမ်အရှေ့ဘက် ဆီးချဉ်ပင်ကြီးအောက် ထားတယ်။ လှည်းနဲ့ နွားနဲ့ သစ်ခင်းနဲ့ ဆိုတော့ ရွာအလို တောင့်တောင့်တင်းတင်း ရှိသူတွေပါ။ အိမ်အောက်ထပ် လေးဘက်စလုံး အကာမရှိဘူး။ တိုးလျှိုပေါက် ဖွင့်ထားတော့ ကြုံသူက ကြုံတဲ့ဘက်က ဝင်တာပဲ။ ရှေးစားပွဲ ညိုညစ်ညစ်ကြီး တစ်လုံး တန်းလျားရှည် နှစ်လုံးက ကိုကြီးဂျိုက်သိုးရဲ့ ရုံးစားပွဲနဲ့ ကုလားထိုင်ပဲ။ စားပွဲပေါ်မှာ ဓာတ်ဘူးဟောင်း တစ်လုံး အမြဲရှိတယ်။ ဓာတ်ဘူးက နှုတ်ခမ်းဆွေး ဖင်ဆွေး လိုက်နေပါပြီ။ ရေနွေးတော့ လုံတယ် ထင်ပါရဲ့၊ ရေနွေး ပြတ်တယ် မရှိဘူး။ အတောင်ဖြန့်ထားတဲ့ က, ဒေါင်းပုံ စဉ့်ဆေးလိပ်ခွက်ကြီးကြီး တစ်ခွက်လည်း ရှိတယ်။ ဆေးလိပ် ဖင်စီခံတွေ၊ ပြာတွေနဲ့ နင့်နေတဲ့ ဆေးလိပ်ခွက်ပါ။ သွန်တယ် ပြုတယ် မရှိတော့ ပေပွလို့။
ကိုကြီးဂျိုက်သိုးက တန်းလျားပေါ် ထိုင်နေကျ။ ဘယ်တုန်းကမှ ဖင်ချထိုင်တယ် မရှိဘူး။ ကျွန်မတို့ သိတတ်တဲ့ အရွယ်လောက် ကတည်းက ဒူးနှစ်လုံးထောင်ပြီး ငုတ်တုတ် ဆေးလိပ်ထိုင်သောက် နေတာချည်းပဲ၊ အဲသလိုများ ထိုင်နေရင် ဖွာနေတဲ့ ဆေးလိပ်ထဲမှာပဲ စိတ်ရှိတယ်။ ဆေးလိပ်က မီးပွားတွေ ဖွာခနဲ ကျလို့ ပုဆိုး ထခါတာလောက်၊ ဆေးလိပ်မီးနား မညီလို့ လက်ညှိုး တံတွေးဆွတ်ပြီး ညှိလို့ လူလှုပ်တာက လွဲရင် ငူငူကြီး ထိုင်နေတာပဲ။
ကိုကြီးဂျိုက်သိုးကို ကျွန်မတို့ ကလေးတွေက အင်မတန် ချစ်ကြတယ်။ အဆိပ်မရှိသူ ဆိုတော့ ကျောခွ နေလို့လည်း ဟဲ့ တစ်ချက် မဆိုဘူး။ ကလေးတွေ ဆော့လို့ အကြမ်းပန်းကန်ရယ်၊ ကြွေပန်းကန်ရယ် ကျကွဲလို့လည်း ဖြစ်ရလေဟာ မရှိဘူး။
ကျွန်မတို့က ဗျောက်သီးတွေ ခူးလာပြီး ကိုကြီးဂျိုက်သိုးတို့ နွားရေတိုက်တဲ့ အင်ဗျက်ကျယ်ကြီးထဲ ထည့်ကစားကြတယ်။ ဗျောက်သီးခြောက်တွေက ရေနဲ့ထိတော့ လန့်ကွဲကြတာကိုး။ ဖျောက်ခနဲ ဖျောက်ခနဲ ကွဲတာကို ကျွန်မတို့ အချင်းချင်း ပြိုင်ကြတာပါ။ ဗျောက်သီးခြောက် ရှည်ရှည်ကလေး တွေကို ရေထဲ တစ်ဖက် ငါးခုစီ ချလို့ အရင်ဆုံး လန့်ကွဲတဲ့ဘက်က အနိုင်။ တစ်ခါတလေ သူနိုင်ကိုယ်နိုင် ငြင်းရင်းက အော်ကြ ဟစ်ကြရင်လည်း ကိုကြီးဂျိုက်သိုးက လှည့်မကြည့်ဘူး။ အချင်းချင်း ငြင်းခုန်ရာက လုံးသတ်တော့လည်း ထမဆွဲဘူး။ နောက်ဆုံး အင်ဗျက်ကျယ်ကြီး ကွဲတာတောင် ကျောပေးထားတာပါ။ မမအုပ် ကတော့ ကျွန်မတို့ကလေးတွေ သူ့ဝိုင်းထဲ ဝင်ဆော့တဲ့ အထိ သည်းခံရှာပါတယ်။ ဗျောက်သီးတွေ ရေထဲ ထည့်ကစားရင်တော့ ငေါက်ကရော။
”ညည်းတို့ ဗျောက်သီးတွေကို နွားရေထဲ ထည့်မကစားကြနဲ့ … နွားရေသောက်တော့ အာထောက်တတ်သယ် … မကြံကြီး မစည်ရာတော် … ဗျောက်သီးပဲ … ပါးစပ်ထဲ တံတွေးစိုအောင် စွတ်ပြီး လက်ဖဝါးပေါ် တင်သာနဲ့ လန့်ကွဲသာပါအေ”
ဒါမျိုး ကြားရင်တော့ ကိုကြီးဂျိုက်သိုးက သူ့မိန်းမကို ထငေါက်တော့တာပဲ။
”ဟဲ့, မိအုပ်ရာ … ဗျောက်သီးခြောက်တောင် နွားဝါးသေးသာ … ရေနူးနေတဲ့ အသီး အာထောက်ပါ့မလား နင့်နှယ် … ကလေးတွေ ကစားကြစမ်းပါစီ”
”သူတော်ကောင်းကြီးရဲ့ … နရေသောက်သဲ့ ဖျဉ်းအိုး ဝယ်ရသာ နှစ်လုံးရှိပြီ ကွဲသာ … တော့်နှမ မထူး အကဲဆုံး”
”ကွဲစမ်းပါစီဟာ … အိုးဆိုသာ ကွဲမျိုးဟာကို ညည်းနှယ် … မထူးတော့ မပြောနဲ့ … နင့်ညီမက ယောက်ျား မိန်းမရယ် … သစ်ပင်တောင် တက်သာ …”
ကိုကြီးဂျိုက်သိုးက ဆွေထဲမျိုးထဲက နီးနီးဝေးဝေး ဘယ်ကလေးကိုမဆို သည်းညည်းခံ ရှာတာလည်း မှန်ပါရဲ့။ ကျွန်မကိုတော့ ပိုသည်းခံတယ်၊ ပိုချစ်တယ်၊ နှမဝမ်းကွဲကလည်း ဖြစ်ပြန်၊ မိန်းကလေးကလည်း ဖြစ်ပြန် ဆိုတော့ ကျွန်မကို ပိုသည်းတယ်။ ကိုကြီးဂျိုက်သိုးက အမှုမဲ့ အမှတ်မဲ့ ငူငူစူစူကြီး နေလို့ ဘာမှ မသိဘူးလို့တော့ မထင်နဲ့။ ကျွန်မ အိမ်ထောင်ကျလို့ ရွာပြန်တော့ ငယ်ငယ်က ကျွန်မ ဆိုးတာ ကဲတာ၊ ကျွန်မကြောင့် ပန်းကန်ကွဲတာ အိုးကွဲတာက အစ အကုန် ပြန်ပြောနိုင်တယ်။
အင်္ကျီချွတ်ထားလို့ မည်းပြောင်နေတဲ့ အညာသား ကျောကုန်းကြီးနဲ့ ဆေးလိပ်ဖွာရင်းက ကျွန်မအိမ်သားကို တစ်လုံးမကျန် ပြောနေတော့တာပါ။ ကျွန်မအိမ်သားကို ကျွန်မ ခေါ်သလို ဆရာပဲ ခေါ်ရှာပေမယ့် ဘာဆရာမှန်း ကောင်းကောင်း သိတာ မဟုတ်ဘူး။
”ရော် … ဆရာ့နှယ် … မထူး ငယ်ငယ်က အင်မတန် ဆော့သာကိုး … တရုတ်မန်ကျည်းပင် ဆူးပြောက် ထိုးနေသာတောင် ရအောင်တက်သာ … သူခူးထားတဲ့ အသီး ပြုတ်ကျလို့ သူများ ကောက်ပြေးရင် မြစ်ထဲ ခုန်ချသာတောင် မလွတ်ဘူး … လိုက်သာ … နရိုင်း (နွားရိုင်း) စီးလို့ ခါချသာများ ခရိုး (ခါးရိုး) ကျိုးကရော မှတ်သာ ဘိုးဥာဏ်အိမ်က ပိန္နဲသီးနုနုကလေးတွေ တုတ်နဲ့ ရိုက်ချလို့ ဘိုးဥာဏ်ခမျာ ငိုလိုက်သာများ”
ကိုကြီးဂျိုက်သိုးက ရွာမှာ သူစစ်ရတဲ့ အမှုတွေ အကြောင်းများ ပြောရင် ထမင်း မစားတော့ဘူး။ စာရယ်လို့ ပတ်တီးချားလည် ကောင်းကောင်း မတတ်ပေသိ အကြားအမြင် များလို့ ပြောနိုင် ဆိုနိုင်တော့ ရှိရှာသူပါ။ အထူးသဖြင့် မြို့က လာတဲ့လူတွေ ဆိုတဲ့စိတ်နဲ့ သူလည်း ခေသူ မဟုတ်တဲ့ အကြောင်း ဂိုက် ထုတ်ချင်တာက ပိုပိုပါ။
”ဆရာ့နှယ် … ကျုပ်စစ်သဲ့ အမှုတွေက ရွာမှုရပ်မှု ဆိုသော်လည်းပဲ မဟော်သဓာ ပညာရှိ သားတရား စီရင်သာတို့၊ လည်ဆွဲတရား စီရင်သာ တို့ထက် ဦးနှောက် ခြောက်ရသယ် … မဟော်သဓာက ဘုရားလောင်း ဆိုတော့ ဥာဏ်ပါရမီက ပါပြီးသား ဟာကိုဗျ … ကျုပ်က ဥာဏ်ပါရမီ ဘာရှိမှာတုန်း သို့သော် ကျုပ်ခံတွင်းက နတ်စောင့် သာ … မယုံမရှိနဲ့ … တစ်ခါများ … ”
”ဘာနတ်တုန်း ကိုကြီးသိုးရဲ့ … ”
”မိဆိုင်ဖဆိုင် နတ်လည်း ပါသယ် … ဆွေနတ် မျိုးနတ်လည်း ပါတယ်”
”ဆွေနတ် မျိုးနတ် ဆိုတာက… ”
”ကျုပ်တို့ အမေကြီး မဒေါင်းစိမ်း ဆိုသာ ကျုပ်တို့ငယ်ငယ် ကတည်းက သေသေချင်း နတ်ဖြစ်သာ ဆရာရဲ့ … အမေကြီးက မကျွတ်ဘူး … သူ နတ်ဖြစ်နေပြီ အိပ်မက်ပေးလို့ ဝိုင်းထဲ နတ်ကွန်း ထဆောက် ပေးရသာ … တစ်ခါတလေ နောက်ဖေးမှာ ငုတ်တုတ် ထိုင်နေသာ မြင်ရသယ်”
”ဒါကြောင့် တရား နတ်စောင့်တယ် ပြောတာနေမှာ”
”အစစ်ပေါ့”
သည်တစ်ခေါက် ရွာပြန်တော့ ကိုကြီးဂျိုက်သိုး အိုရှာပါပြီ။ တောသူတောင်သား ဆိုတော့ သန်သန်မာမာတော့ ရှိရှာတုန်းပါ။ အင်္ကျီကတော့ ဝတ်တယ် မရှိဘူး။ ခါးကုန်းကုန်း ဝမ်းဗိုက် ရှပ်ရှပ်ကြီးနဲ့ တန်းလျားခုံပေါ် ငုတ်တုတ် ထိုင်လျက်ပါပဲ။ ကိုကြီးဂျိုက်သိုးက အဖေ့တူ ဆိုပေ့သိ အမေ့အမျိုးလို့လည်း ပြောရင် ဖြစ်ပါရဲ့။ ကိုကြီးဂျိုက်သိုး အမေ ဒွေးလေးသောင်းနဲ့ ကျွန်မအဖေနဲ့က မောင်နှမ တော်သလို ကိုကြီးဂျိုက်သိုး အမေကြီးနဲ့ ကျွန်မအမေဘက်က အဘ (ဘိုးကံသာ) နဲ့က မောင်နှမ ဝမ်းကွဲ။ ကျွန်မတို့က နှစ်ဖက်တော်ပေါ့။
ကိုကြီးဂျိုက်သိုးနဲ့ သူ့အမှုတွေ အကြောင်းကလည်း ရွာမှာတော့ စီရင်ထုံးပေါ့။
(၂)
”အစ်ကို, မမအုပ် … ကျုပ်တော့ သေသာ သေချင်တော့သာပဲ … အိမ်က အကြီးကောင် အောင်သန်း သိ သမှုတ်လား … တောင်ရွာ ဖျောက်ဆိပ်ပင်မှာ လူရိုက်ခံရလို့တဲ့ … ရိုက်တဲ့ကောင်က လှဝင်းသမက် မြမောင်သဲ့ … ”
”ဘယ် လှဝင်းတုံး”
”ဖိုးတုတ်ညီ ငရှောင်နဲ့ ရသဲ့ ကောင်မလေ”
”ဘယ် ဖိုးတုတ်တုံး”
”ဟော်တော် အစ်ကိုကလည်း ကိုကြက်တောတို့ လှေလိုက်တဲ့ ဖိုးတုတ်လေ”
”ဘယ် ကြက်တောတုံး”
”ဇဂျူးရွာက မအုန်းစိန်ဟာကော အစ်ကိုရဲ့”
”ဇဂျူးက အုန်းစိန် … ဘယ်သူ့အဆက်ထဲများပါလိမ့်”
”မမအုပ်သိပါသယ် မမအုပ်တို့ ကျုပ်တို့ ဇဂျူးအလှူ သွားတုန်းက ကျုပ်တို့ အပြန် ပဲ နှစ်ပြည်သားစီ ပေးလိုက်သဲ့ မိန်းမဟာကော မောင်နှမ နှစ်ယောက် ရှိသာ မောင်က ကြက်တော အစ်မက အုန်းစိန် … မောင်နှမချင်း မတည့်ကြဘူး။ ကြက်တောက လှေတစ်စင်း ဝယ်ပြီး ညောင်တိုဘက် သွားနေသာ ကြာပြီ … ညောင်တိုသား ဖိုးတုတ်ကို လှေပေါ်တင်သာ”
”အေးလေ … အခုက နင့်သားကိုဖိုးတုတ်က ရိုက်လွှတ်တာလား”
”ခက်ပေါ့ကော … ဖိုးတုတ်က ရိုက်သာမှုတ်ဘူး အစ်ကိုရဲ့ … ဖိုးတုတ်ညီ ငရှောင်နဲ့ ရသဲ့ လှဝင်းသမက် မြမောင်က ရိုက်သာ”
”ဪ အေး … အရိုက်ခံရသာက အောင်သန်း”
”ကျုပ်သားလေ … အကြီးကောင် အောင်သန်း”
”ငါသိပြီ … ဘယ်လို ဖြစ်ကြသာတုံး … ရိုက်သာက ဘယ်မှာ …”
”တောင်ရွာက ဖျောက်ဆိပ်ပင် အောက်မှာ ရိုက်သာတဲ့ … ချိုစောင်းမှာ ဟက်တက် ကွဲကရောတဲ့ ကျုပ်အိမ်က တက်တိုးတော့ လိုက်သွားလေရဲ့ … နှစ်ယောက် သုံးယောက်လည်း ပါသွားကြသယ် … မိညှက်မ ယောက်ျား ဘယ်သူတဲ့ … ငအေး … နောက်နှစ်ယောက်က တက်တိုးတူ နှစ်ယောက် မိဖုရားရွာက လာနေကြသာ … သူတို့လည်း ပါသွားကြသယ် … တုတ်တွေနဲ့ လိုက်သွားကြသာ … ရိုက်နှက် ကုန်ကြပြီလားတောင် မသိဘူး … အစ်ကို လိုက်ပါဦး”
”တက်တိုး တူနှစ်ယောက် မိဖုရားရွာက နင်တို့အိမ် တည်းနေသာ ဧည့်စာရင်းလည်း လာမတိုင်ပါလား”
”အစ်ကိုနဲ့ကျုပ် မောင်နှမ တော်သဲ့ဟာ ကျုပ်အိမ် ဧည့်ဝင်သာ တိုင်ရဦးမှာလား … ကိုင်းပါ … အခု အစ်ကို လိုက်ခဲ့ပါ … ကျုပ်တော့ သေချင်သာပဲ”
”မိအုပ် … နင်လိုက်သွားစမ်း”
အမှုက လိုရင်း မရောက်ဘူး။ အမှုတိုင်သူနဲ့ တိုင်ချက်မှာ လူများများ ပါလာလေ နဂိုအမှုက ဘေးရောက်လေ ဖြစ်ရတာလည်း ကိုကြီးဂျိုက်သိုး စစ်ချက်ယူတိုင်း ဖြစ်နေကျပါ။ ကျွန်မအဖေက သူ့တူအကြောင်း ပြောရင် မပြောခင်က ရယ်နှင့်တာပါ။ သူ့တူ ရိုးလွန်းတာ၊ စိတ်ရှည်တာ၊ သည်းခံတာ၊ ဘယ်သူက ဘာပြောပြော ဘာတိုင်တိုင် ထောက်ခံတာ၊ မူလအမှုက နှစ်ဖက် ကျေအေး နိုင်ပါလျက်ကနဲ့ သူ့တူ ဝင်စစ်မှ အမှုပိုကြီးတာတွေ စကားရောက်တိုင်း ပြောတတ်တယ်။
”ငသိုးက လူကြီးသာ လုပ်နေသာ အိမ်က ထချင်သဲ့ကောင် မှုတ်ဘူး … တစ်ခါတော့ ညဘက်ကြီး တို့ရွာအရှေ့ ဇလပ်ကုန်း ရွာဘက်က သေနတ်သံ ကြားလို့တဲ့ … အိပ်နေတဲ့ သူမယား ဆွမ်းအုပ်ကို ဇလပ်ကုန်းဘက် သွားမေးစမ်း ညဘက် သေနတ်သံ ကြားသာ မဟုတ်မှ လွဲရော ဓါးပြတိုက်သာ နေမှာတဲ့၊ မနက်ကျ ဆွမ်းအုပ်က အဖေ့ လာတိုင်သယ် … ဘကြီးတူ ဆုံးမဦးတဲ့ ကျုပ်ကို ညကြီးမှောင်မှောင် တစ်တိုင်လောက် ဝေးတဲ့ ဇလပ်ကုန်းဘက် ဇွတ်လွှတ်နေသာတဲ့ ဒါနဲ့ အဖေက သွားငေါက်တော့ ငသိုးက အေးအေးပဲ”
”အဖေ့ကို ဘာပြောလိုက်တုံး”
”ဟာ, ဘကြီးရာ … ကျုပ်က လူကြီးဖြစ်ပြီး သူများပြောမှ ကြားရသာ ဆိုရင် ဘယ်ကောင်း နိုင်ပါ့မတုံးဗျ၊ ဒါကြောင့် မိအုပ်ကို နှိုးလွှတ်သာ … မိန်းမ မသွားပေါင်တဲ့ဗျာ … မင်းက ဘာဖြစ်လို့ မသွားသာတုံး ဆိုတော့ … ဟာ ကျုပ်လိုက်သွားတော့ သေနတ်မှန်မှာပေါ့တဲ့ဗျာ”
ကျွန်မတို့ မောင်နှမ တစ်တွေက ရယ်ကြတော့ ဒါတင် ဘယ်ကလိမ့်မလဲတဲ့။ အဖေက ပြောတော့ အမေကလည်း သတိရတာ ဖြည့်ပြန်ရော။ မိဘတွေ ပြောဖန်များလို့ ကျွန်မတို့ ဘယ်အချိန် သွားသွား ရွာလူကြီး ကိုကြီးဂျိုက်သိုးကို သွားတွေ့နေကျ။ မြို့က ပါလာတဲ့ မုန့်တွေဘာတွေ လက်ဆောင်ရယ်လို့ သွားပေးရင် ဆွေမျိုးမို့ ပေးတယ် အောက်မေ့တာက နည်းနည်း၊ ရွာလူကြီးမို့ မျက်နှာ လာလုပ်တယ် ဆိုတဲ့ပုံက များများပါ။ မမအုပ်ကတော့ မက်ရှာပါရဲ့။ ကိုကြီးဂျိုက်သိုးက မြို့မုန့်တွေ ရိုးနေပေါ့ ဆိုတဲ့ မျက်နှာနဲ့ တို့ချင်မှ တို့တာ။ ကျွန်မတို့က သူ့အကြောင်း သိလို့ စားပါဦး ကိုကြီးဂျိုက်သိုးရဲ့ ဆိုတော့ တစ်ဖဲ့လောက် ယူစားပြီး နင်တို့အစ်မ ကျွေးပါဟာ လုပ်တော့တာလေ။ မမအုပ်က တောသူ ဆိုတော့ ဘွင်းဘွင်းပဲ။
”တော့်ဖို့ရာ ရယ်လို့ ဘယ်မြို့က ဘယ်အမျိုးက မုန့်တွေ ဖာနဲ့ ထည့်ထမ်းလာလို့တုံး … မနှစ်က ရွာဘုန်းကြီး လာကန်တော့ကြတဲ့ ညည်းတို့ မန်းလေးက ကိုသန်းဝင်းတို့ ကိတ်မုန့် ပေးသွားသာကို တစ်သက်လုံး စားရ သလိုလို လုပ်နေသာ … တော်မစား ကျုပ်စားသတော်”
ကျွန်မက စကားလမ်းကြောင်း လွှဲရတယ်။ ကိုကြီးဂျိုက်သိုးလည်း ပိန်လိုက်တာ၊ အစားမမှန် အသောက်မမှန် ဖြစ်နေပုံ ပေါ်ပါရဲ့ အမှုစစ်တာလည်း စစ်တာပေါ့ ဆိုတာမျိုးနဲ့ အမှုသင်းကဲ များသလိုလို စကားထည့်ရင် ချက်ချင်း ဝင်လာတာပဲ။ ဒေါင်းဆေးလိပ်ခွက်ထဲက ပြောင်းဖူးဖက်တိုကို ကောက်ယူပြီး မီးခတ်နဲ့ ညှိတယ်။ အောက်နှုတ်ခမ်းကြီး ထော်ပြီး ငေါ်ငေါ်ကြီး ဖွာတော့တာပါ။
”အမှုက မရှိဘူးဆိုရင် တစ်နေ့ သုံးမှုတော့ အောက်ထစ် ရှင်းရသာပေါ့ ငါ့နှမရာ … နခိုးမှု … ငွေတိုး ကြေးတိုးမှု၊ အခင်းပေါင် အခင်းရွေးမှု၊ သစ်ခင်းထဲ နွားဝင်မှု၊ စုံလို့ပါဟာ … ဖဲဝိုင်း ကြက်ဝိုင်းများ ဖမ်းရသာ ရှိသေး … လင်ကွာ မယားကွာကလည်း ငါဝင်မှ … ချေးတုန်းက ပဲနဲ့ ပြန်ဆပ်သဲ့ ပဲ မတူသာလည်း ငါပဲ ရှင်းရသယ်”
ချေးတုန်းက ပဲနဲ့ ပြန်ဆပ်တဲ့ ပဲ မတူတဲ့ အမှုကတော့ အမှုတကာမှာ ရှားရှားပါးပါး ဆိုတော့ ကျွန်မက သေချာအောင် အမှုဖြစ်ပွားပုံက အစ မေးရတယ်။ ကိုကြီးဂျိုက်သိုးက သူ့ ဓာတ်ဘူးဟောင်းထဲက ရေနွေးတစ်ခွက် ကျွန်မအတွက် ငှဲ့ပေးပြီး ထန်းလျက်ပန်းကန် ရှေ့တိုးပေးတော့ တာပါ။ မပြန်နဲ့ဦး သည်အမှုက တော်တော် ပြောရမယ့်အမှု ဆိုတဲ့ သဘောပါ။
ကိုကြီးဂျိုက်သိုး ပြောသလောက် ဆိုရင် နှစ်ဖက် ပြဿနာ ဖြစ်သူတွေ၊ ကိုကြီးဂျိုက်သိုး ရုံးကို ရောက်နေကြ သူတွေဟာ ကျွန်မအစ်မ နှစ်ယောက်ဖြစ်တဲ့ မပေါများနဲ့ မဗွေးတဲ့။ မပေါများက အဖေ့အမျိုး၊ မဗွေးက အမေ့အမျိုး။
”ခက်သဟာ … ငါက သူစိမ်းအမှု ကိုင်လိုက်ချင်သေးသယ် … ဆွေမှုမျိုးမှု မကိုင်ချင်ဘူး … ပေါများက နင့်အဖေအမျိုး ဆိုတော့ ငါ့အမျိုးကိုးဟ … မိဗွေးကလည်း နင့်အစ်မ မိအုပ်အမျိုး … အဖိုးမတန်သာနဲ့ ဖြစ်ကြသာပါဟာ … ထိပ်ပေါက်ခေါင်းကွဲ ဖြစ်ကြမလို့ … ငါဝင်လို့”
”အစ်ကိုက မှန်တဲ့ဘက် လိုက်ရုံပေါ့ … ကိုယ်လူကြီးပဲဟာ”
”နင်ပြောတော့ လွယ်တယ် … အမှုက နှစ်ဖက်စလုံးက မှန်သာကိုး ငါ့နှမရဲ့”
”နှစ်ဖက်စလုံး မှန်မှတော့ အမှုက ဖြစ်စရာ ရှိပါဦးမလား အစ်ကိုရဲ့”
”လိုသာပေါ့ ငါ့နှမရ … ဒါမျိုး သာပြီး ဆုံးဖြတ်ရခက်သေး”
ဖြစ်ပုံက ကျွန်မအစ်မနှစ်ယောက် အပေးအယူ အချေးအငှား ရှိကြရာက စတဲ့ ပြဿနာပါ။ ညီအစ်မဝမ်းကွဲ နှစ်ယောက် မြင်းခြံပွဲရုံတွေကို ပဲ သွားရောင်းတော့ မော်တော် တစ်စီးတည်း အတူတူ စီးကြတယ်။ မြစ်ဆိပ်က မော်တော်ဝမ်းထဲ ပဲအိတ်တွေ ရွက်ချတော့လည်း သူ့အိတ် ကိုယ့်အိတ် မခွဲဘူး။ တစ်ယောက် တစ်လက် ရွက်တင်ကြတဲ့ အထိလည်း အကောင်း။ မြင်းခြံမြစ်ဆိပ်က ပွဲရုံအထိ လှည်းငှား သွားတော့လည်း အတူတူပါပဲ။ ပွဲရုံက ပဲချင်ကြတော့ မပေါများ ယူလာတဲ့ ပဲက တစ်တောင်းပြည့်ဖို့ နည်းနည်းလိုတော့ မဗွေး ပဲထဲက နှစ်လက်ခုပ် သုံးလက်ခုပ် ယူဖြည့်တယ်။
ယူဖြည့်လိုက်တုန်းက နှစ်လက်ခုပ် သုံးလက်ခုပ်ရယ်လို့ ဖြည့်လိုက်တာပဲ။ ပဲထဲ စိတ်ရောက် နေကြတော့ တစ်ပြည်ရယ် နှစ်ပြည်ရယ် မတွက်ခဲ့ကြဘူး။ ရွာပြန်ရောက်တော့ မဗွေးက ပဲကြွေး တောင်းရော။ တောင်းတော့ မပေါများက ပဲကို လက်ခုပ်နဲ့ မှန်းပြီး ချင်တယ်။ သွားဆပ်တယ်။ သည်တော့ မဗွေးက သူ့ဆီက ယူလိုက်တာ သည်လောက် မကဘူး ဖြစ်ကရော။ ဒါတင်မကဘူး။ မဗွေးက သူ့ဆီက ပဲ လုံးစင်လုံးသန့် ချေးပြီး ပြန်ဆပ်တော့ ကောက်သင်းကောက်ပဲ ပဲဖျင်းပဲညံ့ ဆပ်တယ် လုပ်ပြန်တယ်။ မပေါများက ငါဆပ်သလောက် မကဘူး ဆိုရင် ဘယ်လောက်လဲ ပြောပါ ဆိုတော့လည်း မဗွေးက မပြောနိုင်ဘူး။ ညည်းပဲက ဘာတွေ ကောင်းလို့ ငါ့ပဲက ဘာတွေ ညံ့တာလဲ ပြောပါ ဆိုတော့လည်း မဗွေးက မပြောနိုင်ဘူး။
သည်မှာတင် ညီအစ်မဝမ်းကွဲ နှစ်ယောက် ငြင်းကြခုန်ကြရာက နပမ်းထလုံး လိုက်တာ ဘယ်သူမှ ဖျင်လို့ မရဘူးတဲ့။ နောက်တော့ လူကြီးတွေ ဖျင်လို့ လူချင်း ကွဲတာတောင် တစ်ယောက် တစ်ယောက် ငယ်ကျိုး ငယ်နာတွေ ပြောပြီး စောင်ကြသတဲ့။ ကိုကြီးဂျိုက်သိုးဆီ ရောက်တော့ ပြေလည်အောင် ဖြေရှင်း ပေးလိုက်ရတယ်လို့ ဆိုတယ်။
”အစ်ကိုက ဘယ်လို ဖြေရှင်းပေး လိုက်တာလဲ”
”လွယ်ပါ့ဟာ … မိဗွေးကို ပေါများ ဆပ်သဲ့ ပဲထုပ်က ငါ့အိမ် ပါလာသာကိုးဟ … အဲသာကို ငါ ယူထားလိုက်သယ် … ငါ့အခင်းက ထွက်သဲ့ ပဲစင်စင်သား ပေါများ နင် ကြိုက်သလောက် ချင်ယူသွားလို့ ပြောလိုက်သယ် … ပေါများက နှစ်ပြည်သား ချင်ယူသွားသယ်လေ။ နှစ်ဦးနှစ်ဝ ကျေနပ်သွားကြပါ့ဗျာ”
ကိုကြီးဂျိုက်သိုးက သူရှင်းလိုက်တာကို ဂုဏ်ယူ ပြောနေသခိုက် ကျွန်မအစ်မ မမအုပ်က သူ့ယောက်ျားကို မျက်စောင်း လှမ်းထိုးလေရဲ့။ ရေနွေး လာဖြည့်ရင်းက ကျွန်မကို မကျေမချမ်း ပြောနေသေးတာ။
”ညည်းအစ်ကို ခုံတော်မောင်ဂျိုက်သိုး … ဒါမျိုး ခဏခဏ လုပ်ရလို့ အိမ်က ပါလှပေါ့အေ … အမှုစစ်ခ တစ်မူးတစ်ပဲ မရသာထား … အိမ်က ပါသွားတာ နွားတစ်ကောင်ဖိုး မကတော့ဘူး … သည်တစ်ခါ အဲသလို အမှုတွေ လာရင် ကျုပ်အိမ်ပေါ်က အဆင်းပဲလို့ ကြိမ်ထားသယ်”
ကိုကြီးဂျိုက်သိုးက သူ့ပြောတယ် မအောက်မေ့ပါဘူး။ သူ့ကို ခုံတော်မောင်ဂျိုက်သိုး ခေါ်လို့ ကျေနပ် နေသေးတာပါ။ ကျွန်မလည်း လင်မယား နှစ်ယောက်ရှေ့ မရယ်ဝံ့ဘူး။
(၃)
ကျွန်မ ရွာရောက်ရင် တည်းနေကျ ကြီးတော်တို့အိမ် ရောက်တော့ ကျွန်မ ကြားခဲ့တာ ပြောပြဖြစ်တယ်။ ကြီးတော်က ရယ်တော့တာပါ။ ညည်းအစ်ကိုက လူကြီး လုပ်ချင်သာ ရှိသာပါ။ ရပ်ရွာကို ညှာရှာ သူပါအေတဲ့။ စကားက ရောက်နေပြီ ဆိုတော့ ကျွန်မအစ်မတွေရော၊ ညီမတွေရော၊ ကျွန်မတို့ ရွာရောက်နေလို့ မျက်နှာပြ လာကြတဲ့ ရွာခံတွေရောက ကိုကြီးဂျိုက်သိုး အကြောင်း တစ်ယောက် တစ်ပေါက် ပြောလိုက် ကြတာများ၊ ကွယ်ရာမှာ မကောင်းပြော နေကြတာပေမယ့် ချစ်လို့ ပြောနေကြတာမှန်း ကျွန်မ သိပါရဲ့။
တစ်ခါက ဆိတ်ပြဿနာ ပေါ်ဖူးသတဲ့။ ကျွန်မတို့ရွာက ကိုဖိုးတိုးနဲ့ ကိုပေါက်တို့ နှစ်ယောက် အရှေ့ ကြည်းတော သိမ်ရွာ အလှူကို သွားကြတာက စတာပါ။ ကိုဖိုးတိုးက လက်လှော် လှေကလေးနဲ့ မြစ်ထဲ ငါးရှာတဲ့ သူပါ။ ကိုပေါက်က တောင်သူ။ မနက်ခင်း အလှူမီအောင် စောစော ထသွားပြီး နာရီပြန် တစ်ချက်လောက် နေပူခေါင်ခေါင်ကြီး ပြန်လာခဲ့ကြသတဲ့။
ကျွန်မတို့ရွာနဲ့ ကြည်းတောရွာတွေက နည်းနည်းလှမ်းတော့ သစ်ရိပ်ခိုလိုက်၊ နေပူပြန်တော့ ဆိတ်စာကိုင်း တစ်ကိုင်းစီ ချိုးပြီး ခေါင်းဆောင်း လာလိုက်နဲ့ ပြန်ခဲ့ကြတာပါ။ လမ်းမှာ ဆိတ်တစ်ကောင်နဲ့ တွေ့ကြတယ်။ ဆိတ်က တစ်ကောင်တည်း၊ ဆိတ်အုပ်ထဲက ကျန်ခဲ့တာလား၊ အနားရွာက ဆိတ်လားတော့ မပြောတတ်ဘူး။ ဆိတ်က သူတို့နှစ်ယောက်နောက် တကောက်ကောက် လိုက်လာပါရော၊ သူငယ်ချင်း နှစ်ယောက် စကားတပြောပြောနဲ့ လာလိုက်ကြတာ ရွာခြေဝင်တော့ ဆိတ်က ပါလာတုန်းပဲ။ သည်တော့ နှစ်ယောက်သား ခေါင်းဆောင်းလာတဲ့ ဆိတ်စာကိုင်း ပြပြီး ဆိတ်ကို ရွာထဲ ခေါ်လာကြတယ်။
”ဖိုးတိုးတို့က ခိုးလာသာလည်း မဟုတ်ဘူး … ရွာခြေအထိ တကောက်ကောက် လိုက်လာလို့သာ ပါလာတာကိုး … ဆိတ်ကို မောင်းထုတ်လို့လည်း မဖြစ်တော့ ဖိုးတိုးအိမ်မှာ ကြိုးချည်ထားသယ် … ဆိတ်က သူစိမ်းအိမ် ရောက်နေမှန်း သိတော့ တပဲပဲ အော်လိုက်သာ နားမခံသာဘူး … ဒါနဲ့ ငပေါက်အိမ် တစ်လှည့် ပို့လိုက်သယ် … ငပေါက်မယား မိတင်ပုက လက်မခံဘူး … ကျုပ်တို့အိမ် ထားရင် ကျုပ်တို့ ဆိတ်ပဲ ဖြစ်ကရော … သည်တော့ ဖိုးတိုးမယား သန်းကြည်က ကိုယ့်အိမ်ထားလို့ ကိုယ်ယူကြေး ဆိုရင် ငါယူသအေပေါ့”
သည်မှာတင် ဆိတ်တစ်ကောင် အဝေမတည့် ကြရာက မိန်းမချင်း ရန်ဖြစ်ကြတယ်။ မတင်ပုက အာကျယ်၊ မသန်းကြည် ကလည်း ခုနစ်တိုင်ကြား။
ရွာထဲနှစ်ဘက် ဆဲကြ ဆိုကြဆိုတော့ အမှုက ကိုကြီးဂျိုက်သိုးဆီ ရောက်လာတယ်။ ကိုကြီးဂျိုက်သိုးအိမ် ဆ်ိတ်ကြီး ဆွဲလာတော့လည်း ဆိတ်ကြီးက အော်တုန်း။ ဆိတ်က ခိုးလာတာလည်း မဟုတ်တော့ အပြစ်တင်ဖို့ရာလည်း ခက်တယ်။ ဆိတ်ရောင်းပြီး ပိုက်ဆံ ခွဲယူကြပါလား ဆိုတော့လည်း ဘာမှန်းမသိတဲ့ ဆိတ်ဆိုတော့ ဝယ်မယ့်သူက မရှိဘူး။
သည်တော့ ပြသနာပြီးအောင် ကိုကြီးဂျိုက်သိုးက သူ့အိမ်မှာ မွေးထားမယ်၊ နောက်မှ စာရင်း ရှင်းတာပေါ့ ဆိုပြီး အိမ်တိုင်မှာ ချည်ထားလိုက်တယ်။ ကိုဖိုးတိုး လင်မယားရော၊ ကိုပေါက် လင်မယားရော ကျေနပ်ကြပါတယ်။ ကြားက လူကြီး အပ်ထားရင် ပြီးတာပဲပေါ့။
”အဲသည်ဆိတ်က ဂျိုက်သိုးအိမ်မှာ နှစ်လကြာသယ် … အော်လိုက်သာလည်း ရွာက မအိပ်ရဘူး … ဂျိုက်သိုးမယား ညည်းယောင်းမ မိဆွမ်းအုပ်က နေ့တိုင်း သစ်ကိုင်းချိုင်ပြီး ဆိတ်စာ ကျွေးရသာ မသက်သာပေါင်အေ … ဆိတ်ကလည်း စားလိုက်သာ စက်နဲ့ကြိတ်သာ ကျလို့”
”နောက်တော့ ဘယ်လို ပြီးသွားတုန်း ကြီးတော်ရဲ့”
”ပိုင်ရှင် ပေါ်လာသာပေါ့အေ … သိမ်ရွာက ပိုင်ရှင် လိုက်လာတော့ ဟုတ်နေသာကိုး … ချည်တိုင်က ဖြုတ်ပေး လိုက်ရသာလေ … ဆိတ်က ပိုင်ရှင်တွေ့တော့ ငေါက်ခနဲ ထလိုက်သာ … မိဆွမ်းအုပ်က ဆိတ်စာ နှစ်လ ကျွေးထားရသာကော ဆိုတော့ ဆိတ်နို့ နှစ်ပုလင်း ပေးသွားသယ် … သူ့ခမျာလည်း အဖက်မွေးသဲ့ ဆိတ်မို့ပါတဲ့ … ဆိတ်ရှင်က အလျော် တောင်းနေတုန်း သတင်းကြားနဲ့ လိုက်လာသာပါ ဆိုတော့ ဘာရမှာတုံး”
”ဖြစ်ရလေ …”
”မဖြစ်နဲ့ … ညည်းအစ်ကို ကြက်ပြဿသနာတက်သာ ရှိသေးတယ်”
(၄)
တစ်ရက်တော့ ရွာတောင်ဖျားက ကိုညိုအေး ကြက်တစ်ကောင် ပိုက်ပြီး ကိုကြီးဂျိုက်သိုး ဝိုင်းထဲ ဝင်လာတော့ ကိုကြီးဂျိုက်သိုးတောင် အိပ်ရာက မနိုးသေးဘူး။ မမအုပ်ကတော့ ဝိုင်းထဲ တံမြက်လှည်း ပြီးပြီ။ ဆွမ်းကပ် ပြီးပြီ။ နွားစာကျွေး နွားရေတိုက် ပြီးပြီ။ ကိုကြီးဂျိုက်သိုး နိုရင်စားဖို့ ထမင်းကြမ်းကို ဒယ်အိုး ဆီပွတ်ပြီး အိုးကင်းပူတိုက် ပြီးပြီ။ တစ်အောင့်တစ်ဖြုတ် နားပြီး တောထဲ (စိုက်ခင်းထဲ) သွားဖို့ ရှိတော့တာပါ။
ကြက်သမား ကိုညိုအေး ရောက်လာတော့ လင်ကို နှိုးရပြီ။ ကိုကြီးဂျိုက်သိုးက မျက်နှာ ကပျာကယာ သစ်ပြီး အင်္ကျီချွတ်ကြီးနဲ့ တန်းလျားပေါ်မှာ ငုတ်တုတ်ထိုင်တယ်။
”ဘာတုန်းကွ ညိုအေးရ … မင်းကြက် သွေးတွေနဲ့လားလို့”
”သွေးတွေနဲ့ပေါ့ဗျ … ခင်ဗျားတူ မောင်မှတ် လက်ချက်ပေါ့ … သူ့နံနံခင်း ကျုပ် ကြက်ယက်လို့သဲ့ ထင်းချောင်းနဲ့ ကောက်ပစ်လိုက်သာ ခြေကျိုးကရော … သည်မှာ ခေါင်းလည်း ကျေသွား ထင်ပါရဲ့”
”ဟာ ငမှတ် … တိရစ္ဆာန်နဲ့ တုမိုက်သဲ့ကောင် … မိအုပ် ငမှတ် ပြေးခေါ်စမ်း”
”ကျုပ် အခင်းထဲ သွားရဦးမှာ … လူက နောက်မှခေါ်ပါတော် … အကျိုးအကြောင်း အရင် မေးစမ်းပါဦး … ကတည်း”
မမအုပ်က လူခေါ်တွေ ပါလာတော့မှာ သိတော့ တဘက်ဟောင်း ခေါင်းပေါ်တင်ပြီး အခင်းဘက် ထသွားတော့တာပါ။ ကိုကြီးဂျိုက်သိုးက စားပွဲပေါ် တင်ထားတဲ့ ထမင်းကြမ်း အိုးကင်းပူတိုက်ကို စိတ်မဝင်စားဘူး။ ကိုညိုအေး ကြက်ကိစ္စ စိတ်ဝင်စားတာပါ။ ညိုအေး ပြောစမ်း … တဲ့။ မောင်မှတ်က ကိုယ့်တူ ဆိုပေမယ့် တရားဥပဒေ အတိုင်း ဖြစ်စေရမယ် ဆိုတာလည်း ပါရဲ့။
”ကြက်ရာဇဝင် ပြောစမ်းကွာ ညိုအေး … သည်ကြက် မင်း ကြက်လား”
”ကျုပ်ကြက်ပေါ့ဗျာ အကျိုးပေး လိုက်သာမှ ပွဲတိုင်းအောင် ကြက်ဗျ … ကျုပ်ကြက်ကို ထင်းချောင်းနဲ့ ပစ်လွှတ်လိုက်သာ ကျုပ်က ကျေနပ်မှတ်လို့ … မောင်မှတ် ဝင်ရိုက်မလို့ဘဲ … ဒါပေသိ စိတ်ကို မနည်းလျှော့ပြီး ခင်ဗျား လာတိုင်သာပဲ … ကျုပ်ကြက် အလျော် လိုချင်သယ် ဒါပဲ”
”အေးပေါ့ကွ … တိုက်ကြက် ခြေထောက်ကျိုးမှတော့ ရီးဖြစ်ကရောပေါ့ … နေပါဦး … မင်းကြက်တိုက်သာ ဘယ်ရွာ သွားတိုက်သာတုံး … ရွာထဲ ကြက်တိုက်သာ လက်မခံဘူးနော်”
”ချောင်းတစ်ဖက် သွားတိုက်သာပါဗျာ … ရွာနဲ့ အလွတ်ကြီးပါ … ခင်ဗျား အပိုင်ထဲ မဟုတ်ပါဘူး”
ခင်ဗျား အပိုင်ထဲ မဟုတ်ပါဘူး ဆိုတာကို ကိုကြီးဂျိုက်သိုးက သိပ်သဘောကျတယ်။ ရပ်ရွာကို သူ ထိန်းထားနိုင်တယ် ဆိုတဲ့ သဘော ပါတာကိုး။ ပါးတွေ နှုတ်ခမ်းတွေ တွန့်သွားအောင် ကျေနပ်နေတာပါ။ မျက်နှာပိုးသပ်လို့ မရတော့ ဒေါင်းဆေးလိပ်ခွက်ထဲက ပြောင်းဖူးဖက် လှမ်းယူ မီးညှိတယ်။ ကိုညိုအေးကို မျက်လုံး လှန်ကြည့်တယ်။ ဆက်ပြောစမ်းပေါ့။
”ကျုပ်ကြက်က အရောင်က ဥပန်း … ဖောင်းဘက်လုသာ ဆိုတော့ ရှားသယ်ဗျ … အမြီးကျတော့ မဂိုစပ်ပုံ ရသယ် … တချို့ကလည်း သတ္တိကျ ရစ်ဘက် လုသတဲ့”
”ကြက်ကောင်းကွ … ဒဏ်ရာတွေနဲ့တောင် ထောင်နေသာ ကြည့်ပါလား”
”ခင်ဗျား သိမှာပေါ့ ကန်တော်က သံချောင်း … သူ့အဘ ဘိုးသိန်းဆိုသာ ကြက်ဝိဇ္ဇာကြီး … ဘိုးသိန်းက လှည်းသမား ငထွန်းနဲ့ တစ်ရက် ကျုပ်ကို မှာတော့ ကျုပ်က ကျုပ်ယောက်ဖ ကျောက်ဒိုးနဲ့ ထလိုက်သွားသာ … ဟိုကျတော့ ကြည်ရွာသား ငအေးနဲ့ တွေ့ကရော … ဘိုးသိန်းက ကျုပ်တို့ နှစ်ယောက်စလုံး ကြက်ကောင်း ကြိုက်မှန်းသိလို့ တေ့ပေးသာကိုးဗျ … ဒါမှ သူက ဈေးကောင်း ရမှာကိုး”
”မလုပ်ကောင်းသာကွာ … ”
”ငအေးက ရှစ်သောင်းဗျာတဲ့ … ကျုပ်က တစ်သိန်းဗျာလို့ ချလိုက်ရော … ရှုံးရင် ရွာပါ သိက္ခာကျမှာ ကိုးဗျ … ”
”ငါပါ သိက္ခာ ကျသာပေါ့ ညိုအေးရ … မင်းလုပ်သာ သဘောကျသကွာ”
”အစစ်ပေါ့ဗျာ … ကြက်ဖိုးကို သူတိုး ကိုယ်တိုးနဲ့ တစ်သိန်းသုံးသောင်းခွဲနဲ့ ကျုပ်ရလာသာ … ဟုတ်သဗျို့ … ကြက်က သံခြေထောက် ပါသာကျလို့ … ကျုပ်ဖြင့် ပွဲတိုင်းနိုင်သာပဲ”
”မင်း စောစောက ပြောသဲ့ ကောင်တွေပါ ခေါ်ရမယ် … လူပါးဝလို့ကွာ”
”မဆိုင်ဘူးလေဗျာ … အဲသာ ကျုပ်ကြက်ဝယ်တုန်းက ကိစ္စဗျ … အခု ထင်းချောင်းနဲ့ ပစ်လိုက်သာက ခင်ဗျားတူ ငမှတ်က ပစ်လိုက်သာ”
”ကိုင်း ငါ သဘောပေါက်ပြီ … မင်းပြန်ဦး … ငါ ငမှတ် ခေါ်စစ်မယ် … မင်းကြက်ဘိုးက သုံးသောင်းခွဲ ဟုတ်လား”
”ဟာ … လုပ်ပြန်ပြီ … တစ်သိန်းသုံးသောင်းခွဲဗျ … လျော်ချင်လျော် မလျော်ရင် ကျုပ်က ကျူပင်ခုတ် ကျူငုတ်မကျန်ပဲ”
”မှန်သာဖြစ်ရမှာပေါ့ကွ… မင်းမှန်သယ် ညိုအေး… ကိုင်းပြန်ချေတော့”
ကျူပင်ခုတ် ကျူငုတ်မကျန်ထဲမှာ သူပါ ပါနေတာကို သဘောမပေါက်ဘူး။ အေးပေါ့ကွ … လုပ်ရမှာပေါ့တဲ့။
ဒါနဲ့ ကိုညိုအေး ပြန်တော့ သူ့တူ ငမှတ်ကို ခေါ်စစ်တယ်။ ငမှတ်က သူ့ခေါ်မယ် ဆိုတာသိတော့ မြေကြီးနဲ့ ရောနေတဲ့ နံနံပင် အကျိုးအကြေတွေ ဆန်ကောထဲ ထည့်လာတယ်။ သက်သေခံ ပစ္စည်းပေါ့။ ကိုကြီးဂျိုက်သိုးက နံနံပင်ကျိုးတွေကို လက်နဲ့ ဖြဲကြည့်တယ်။
”လူပါးဝလို့ ဘကြီးရာ … သူက လူမိုက်လိုလို ဘာလိုလိုနဲ့ ကျုပ်ကို ကြိမ်းသေးသာ … ကျုပ်က ဘကြီးသွေးပဲဗျ ဘာကြောက်လိမ့်မတုံး … စိတ်ထဲ ဖျင်းခနဲ ဖြစ်လာရင် ရိုက်လွှတ်လိုက်ရမှ …”
”ဒါပေါ့ကွ … တို့အမျိုးက သွေးသောက်ကြီး လေးယောက်က ဆင်းလာသာ … အာဂမှတ်လို့”
”သူ့ကြက်က တစ်ရက်လည်း မဟုတ် နှစ်ရက်လည်း မဟုတ် … ကျုပ်ကြဲထားသဲ့ အခင်းထဲ ဝင်ဝင်ပြီး သစ်ပင်တွေ ယက်ယက် ပစ်သာဗျ … ကျုပ် သည်းခံသာ သုံးခါရှိပြီ”
”သုံးခါဆိုရင် မင်းမှန်သယ် … ငါဆိုရင် နှစ်ခါနဲ့ လုပ်ပစ်မိမှာ … အခုက ညိုအေးက မင်းကို အလျော် တောင်းချင်ပုံ ရသယ် … သူ့စကား ကောက်ရသာလေ”
”မလျော်နိုင်ပါဘူးဗျာ… သူ့ကြက်ကလည်း ကျူးသေး အခင်းလည်း ပျက်သေး”
”မလျော်နဲ့… မင်းမှန်သယ်… ငါ့တူ သွားတော့ ငါရှင်းမယ်”
ကျွန်မက သည်တိုက်ကြက်ကိစ္စ ဘယ်လိုရှင်းကြတုန်းဆိုတော့မှ ပြဿနာပြီးရပုံကို ပြောပြကြတယ်။
ကိုကြီးဂျိုက်သိုးက နှစ်ဖက်စလုံးမှန်တယ်ချည်း လုပ်နေတော့ နှစ်ဖက်စလုံးက အမှုနိုင်မယ် တွက် ထားကြတာပါ။ ကိုညိုအေးရှေ့ကျတော့ လျော်စေတဲ့၊ ငမှတ်ရှေ့ကျတော့ ယောင်လို့တောင် မလျော်နဲ့တဲ့။
ဆုံရှင်းကြတဲ့နေ့ကျတော့ ကိုညိုအေးအမျိုးတွေနဲ့ ငမှတ်အမျိုးတွေ ဝိုင်းတိုက်ထဲ ပြည့် လို့တဲ့။
”လူတွေ များလာတော့ ညည်းအစ်ကို ချွေးတွေပြန်လို့ပါအေ… နောက်တော့ ကြက်က ကျုးတဲ့ အတွက် ကြက်ရှင်က ကြက်ဖိုးအပြည့်မယူနဲ့… ငမှတ်ကလည်း နံနံခင်းပျက်စီးသာဆိုတော့ ကြားချပြီး ကြက်ဘိုး တစ်ဝက်လျော်စေပေါ့အေ… ငမှတ်က မလျော်နိုင်ဘူး။ ပိုက်ဆံမရှိဘူးနဲ့ဆိုတော့ ညည်း အစ်ကို က ကိုင်း, သဟာဖြင့်ရင် ငါ ပိုက်ဆံထုတ်ချေးမကွာဆိုပြီး ငွေငါးသောင်းနဲ့ ဖြတ်လိုက်ကရော”
”ကိုညိုအေး က ကျေနပ်သလား”
“သူကလည်း နဂိုကတည်းက ကြက်ဖိုး ပိုပြောထားသာဆိုတော့ ကျေနပ်သာပေါ့…. ကြက်ကျိုး ကိုမောင်မှတ်က ယူရလိုက်ရသယ်….ညည်းအစ်ကိုက ကြားကနေ အတိုးမပါဘဲ ငွေချေးရတာ ထား… ဖြစ်ချင်တော့….”
“ပြောပါဦး….”
“မောင်မှတ်လက်ထဲရောက်မှ ကြက်ကျိုးက ခြေပြန်ကောင်းပြီး ပိုတောင်မာသွားသာကိုး….ဟော သည်နားက ရွာတွေမှာ ရှိသမျှတိုက်ကြက်တွေ မောင်မှတ်ကြက်နဲ့တွေ့ရင် ရှုံးသာချည်းပဲ….မောင်မှတ်ကလည်း ရလိုက်သဲ့ လောင်းကြေး….ဂျိုက်သိုးပိုက်ဆံတော့ မနည်းပြန်တောင်းရသယ်…. ဆွမ်းအုပ်က ရန်တွေ့ တောင်းလို့သာ လေ”
“ဟောတော်…”
“မပြီးသေးဘူး….သည်ကြက်ကျိုး က ခွပ်လက်ကောင်းမှန်း သိတော့ ညိုအေးက သူ့ကြက် ပြန်လို ချင်ပါသယ် ဖြစ်ပြန်ရော… မောင်မှတ်က ဘယ်ပေးမှာတုန်း… သူကလျော်ပြီး သားဟာကိုး”
“ဟုတ်တယ်လေ…”
“နှစ်ဖက်ပြဿသနာဖြစ်တော့ ဂျိုက်သိုးဆီ ပြန်ရောက်ကြပြန်ရော…. ဂျိုက်သိုးက ညိုအေး မင်းကြက် မင်း ပြန်ရစေ့မယ်တဲ့… မင်းက ဥစ္စာရင်းတဲ့… သူ့တူမောင်မှတ် ကျတော့ မပေးနဲ့တဲ့…. မင်းက ဥစ္စာပွားတဲ့”
ကျွန်မလည်း ရင်မောလာလို့ ဆက်မမေးဖြစ်တော့ပါဘူး။ ဘယ်လိုပြီးသွားကြတယ် မသိရပေမယ့် ရှိပါစေတော့လို့ပဲ သဘောထား လိုက်ရတော့တယ်။
စိတ်ကောင်းရှိပေမယ့် ရိုးလွန်း အ’လွန်းတဲ့ အစ်ကို့ကို ကျွန်မ သနားမိတယ်။ မမအုပ်က ပိုတောင် သနားစရာကောင်းသေး။ အိမ်မှာ ဘာမှ မလုပ်တဲ့ လင်ကို တန်းလျားပေါ် ငုတ်တုတ်ထိုင်ခိုင်းပြီး သူကချည်း လုပ်ကျွေးနေရတာမဟုတ်လား။
အမှုတကာထဲ အိမ်က ပဲမနေရ၊ နှမ်းမနေရ၊ ငွေမနေရ စိုက်ထည့်ပေးနေရတာက ပိုသေးကိုး။
ကိုကြီးဂျိုက်သိုး အကြောင်းက ရေးရင်မကုန်နိုင်ပါဘူး။
(၅)
ကျွန်မ ရွာမရောက်တာ သုံလေးနှစ် ရှိပါပြီ။
သည်နှစ်ထဲ ဂျဒိုင်းလေးရွာဘက် စာပေဟောပြောပွဲ ရောက်ရလို့ ရွာဘက် ခဏ ကူးခဲ့တယ်။ ညဘက် ဟောပြောရဦးမှာ ဆိုတော့ ရောက်ပြန်ပါပဲ။ ကျွန်မက ကြီးတော်ကြီးနဲ့ ကိုကြီးဂျိုက်သိုးတို့အိမ် ဝင်ပြီး ငွေ ကန်တော့ခဲ့တယ်။
ကိုကြီးဂျိုက်သိုးက ခါးကိုင်းရှာပြီ။ လေးကိုင်းကွေး ကျောကုန်းကြီးနဲ့ အင်္ကျီမပါဘဲ တန်းလျားပေါ် ငုတ်တုတ်ထိုင်လျက်က ဆုတွေ ပေးနေရှာရဲ့။ ရပ်ရွာ အုပ်ချုပ်ရေးကလည်း ပြောင်းလေတော့ ရွာလူကြီးလည်း မဟုတ်ရှာတော့ပါဘူး။
မမဆွမ်းအုပ်ကတော့ ဝမ်းသာရှာသတဲ့။ သူ့ယောက်ျား အေးအေးလူလူ နေစေချင်ရှာသတဲ့။ မမအုပ်ကလည်း အခင်းထဲ မဆင်းတော့ ပါဘူး။ သူရင်းငှားနဲ့ ထားတာ ကြာပြီတဲ့။ ဟုတ်ရှာကြမှာပေါ့။ အသက်တွေမှ မငယ်ကြတော့ဘဲ။
“ငါကတော့ လူကြီးကြေးကလေးနဲ့ နေရသာပေါ့ဟာ … လာကြပါသယ် … ဆွေထဲမျိုးထဲက ရှင်းမရသာ ငါရှင်းပေး နေရသာပဲ မထူးရဲ့ … နင်တို့ ဘေးကြီးက တလုပ်ကိုးမြို့ဝန် ခုံမင်းကြီး ဦးရွှေလုံး ဆိုသာ မင်းတုန်းမင်း ခေတ်က ဒင်္ဂမော်ပေါ့ဟာ … သူ့သွေးက ငါ့ကျမှ လာပါသာ ငါ့နှမရဲ့”
လူကြီးကြေး ဆိုတာက သက်ကြီးဝါကြီးမို့ ဆွေတွေမျိုးတွေက လက်ရောက် ကန်တော့တာ စားနေရတယ် ဆိုတဲ့သဘော ဖြစ်နိုင်သလို ရှင်းရတဲ့ ပြဿနာရှိရင် အမှုရှင်းကြေး ရတုန်းပဲ ဆိုတာလည်း ဖြစ်နိုင်တာပါပဲ။
မမဆွမ်းအုပ်က ကျွန်မလက်တွေကို ဆုပ်ရင်း ”ညည်းအမေ ကြီးတော်မြတင်ကို ပြောလိုက်ပါအေ … ကြီးတော်တူ ခုံတော်မောင်ဂျိုက်သိုးတော့ နားရှာပါပြီလို့” ဆိုတော့ ကိုကြီးဂျိုက်သိုးက သူ့မယားကို မျက်စောင်းထိုးသေးတာပါ။
“မနားပေါင်ဗျာ … ကနေ့တောင် ခွေးကိုက်မှု လာကြဦးမတဲ့ …တရားဆိုသာ မစောင်းရဘူး ငါ့နှမရဲ့”
ကျွန်မ ပြန်မယ်ဆိုတော့ ရွာလယ် လမ်းမပေါ်က စောင့်နေတဲ့ လှည်းအထိ လိုက်ပို့ရှာတယ်။ မျက်ရည် တွေဝဲလို့ …။
ခင်ခင်ထူး
ကလျာ၊ စက်တင်ဘာ၊ ၂၀၁၁