ခေါင်မလုံတဲ့အိမ်(စ/ဆုံး)
————————
“အမေ ကျုပ်ကိုနှစ်ထောင်ပေး”
“ဘာရယ်နှစ်ထောင်ဟုတ်လား နေစမ်းပါဦး ညည်းကငွေနှစ်ထောင်တောင်း ရအောင် ညည်းအပ်တဲ့ငွေလေးနဲ့ ညည်းပြန်တောင်းတဲ့ပိုက်ဆံ တွက်ကြည့်စမ်းပါအုံးအေ ပြန်တောင်းတာကများနေသေးတယ်”
“ဟာမသိဘူး ပေးဆိုပေး
ကျုပ်သူငယ်ချင်းတွေနဲ့ မုန့်သွားစားမလို့”
“မရှိဘူး လိုချင်သပဆို ငါ့ထဘီသာချွတ်ယူသွား”
“အမေနော် မပလီနဲ့ အမေ့ဖဲဖိုးကြတော့ ဘယ်အခေါင်းက ထွက်လာတာတုန်း၊ကျုပ်တောင်းတဲ့ ငွေလေးနှစ်ထောင်ကြတော့ မရှိဘူးလေး ဘာလေးနဲ့ တကယ်ပဲ အိမ်မှာနေရတာ စိတ်ပျက်တယ်သိလား”
“အေး အိမ်မှာနေရတာစိတ်ပျက်ရင် လင်သာယူသွားကြ ဒါမှညည်းတို့ဝဋ် ကငါကျွတ်မှာ”
“ယူမယ့်လင်သာရှိရင် ယူပြီးတာကြာပေါ့ မရှိလို့မယူသေးတာ အခုနေများ သူဌေးသားတစ်ယောက်ကများ လာကြိုက်ရင်ဆွဲစိပစ်တာကြာပြီ သိရဲ့လား သွားပြီ”
“ကြွကြွ ပြန်ကိုမလာနဲ့ ”
“အမေ့ ကျုပ်ကိုကျောင်းမုန့်ဖိုးပေး”
“လာပြန်ပြီတစ်ယောက် ခုနလေးတင်ကပဲ ဟိုသေနာမက ပိုက်ဆံတောင်းလို့ရန်ဖြစ်ထားတာ မကြာသေးဘူး။ အခုလည်းဒီတစ်ယောက်က မုန့်ဖိုးလာတောင်းနေတယ် မရှိဘူးဟေ့ မရှိဘူး စာသွားသင်တာ ဘာမုန့်ဖိုးမှမလိုဘူး စာပဲသင်ခဲ့”
“မပေးနေပေါ့ဗျာ ကျုပ်ကမုန့်ဆိုင်ကိုအကြွေးသွားယူစားမှာ၊ပြီးမှအမေ့ဟာအမေ ပေးလိုက်။
“သတ္တိရှိ ယူစားကြည့်စမ်း မိစန်းတဲ့တစ်စန်းပဲရှိတယ် ဘာမှတ်နေသလဲ ငါ့ကို”
“ဟိုဘက်အိမ်ကလည်း စောစောစီးစီးဆူညံပွက်နေတာပဲ ပတ်ဝန်းကျင်လည်းအားမနာကြဘူး”
“မပြောနဲ့ငါ့သမီး ကြားသွားလို့ရှိရင် အလကားနေကော်တုတ်ခံနေရမယ်”
“သူတို့မိသားစုကိုကြည့်ပြီး သမီးတော့စိတ်ပျက်တယ်သိလား”
“ဘာလို့လဲ သမီးရဲ့”
“ကြည့်ပါလား အကြီးမမိထက်ကလည်း လှချင်ပချင် ယောကျာ်းလေးတွေနဲ့ တရုန်းရုန်းနဲ့၊ပြီးတော့ဆန်မရှိသောက်စားကြီးဆိုသလိုသုံးချင်ဖြုန်းချင်တဲ့စိတ်ကများ အငယ်ကောင်ဖိုးအောင်ကြတော့လည်း ကျောင်းသားသာဖြစ်တာ ရိုင်းလိုက်တာကလည်း သူ့အပြင်နှစ်ယောက်မရှိဘူး။
ဘယ်နေရာမှာရန်ဖြစ်လို့ဆို သွားမကြည့်နဲ့သူပဲ၊ကျောင်းမတက်ခင် လက်ကြားထဲမှာဆေးလိပ်က ညှပ်ထားသေးတာ တေလေဂျပိုးစတိုင်လ်နဲ့ ။ မအေဖြစ်တဲ့မမိစန်းကြတော့လည်း တနေကုန်ဖဲလေးရိုက်လိုက် လက်ဖက်ရည်ဆိုင်ထိုင်လိုက်နဲ့ မအေဖြစ်ပြီးရှေ့ဆုံးကပေါ့ပြနေတာ အဲဒီတော့သားသမီးတွေက ဖြစ်ချင်တိုင်းဖြစ်နေတာကြည့်ပြီး စိတ်ပျက်မိတာလေ”
“အင်း,သမီးပြောတာဟုတ်ပါတယ် ခေါင်ကမှမလုံတာ ဘယ်လိုလုပ်မိုးကလုံပါ့မလဲ။ သမီးလည်းသူများကိုချည်းပဲကြည့်ပြီး ဝေဖန်မနေနဲ့ ကိုယ်ကိုတိုင်က အဲသလိုမဖြစ်အောင် သတိလေးအသိလေးနဲ့ဆင်ခြင် ဟုတ်ပြီလား”
“ဟုတ်အမေ သမီးဆင်ခြင်ပါ့မယ်”
အိမ်ချင်းကပ်လျက်မှာနေသော အိမ်နီးချင်းများကမစန်းတို့မိသားစုကို ကြည့်ကာပြောဆိုနေကြခြင်း ဖြစ်သည်။
=================
“မိထက်ဘာစားမလဲ မှာလေ”
“မမှာတော့ပါဘူး သူငယ်ချင်းရယ် လက်ထဲမှာရေကြောင်းကြပ်နေလို့ ဘာမှမမှာနိုင်သေးဘူး။
“ညီမလေး မှာချင်သာမှာစားပါ အစ်ကိုရှင်းပါ့မယ်”
“ဟင်,အစ်ကိုထွန်းက မျက်နှာလိုက်တယ် ကျွန်မကြတော့မကျွေးဘူး”
“ကျွေးပါတယ်ဗျာ ကျွေးပါတယ် စားချင်တာသာ မှာစားပါ”
“ဟဲ့မိထက်”
“ဘာလဲ ခင်မာ”
“အစ်ကိုထွန်းက နင့်ကိုစိတ်ဝင်စားနေတဲ့ပုံပဲအေ့”
“အေးငါလည်းသူ့အကြည့်တွေကို သတိထားမိတယ်အေ့”
“ဒါဖြင့်ရင် နင့်ဘက်က ရေလာမြောင်းပေးလေး လုပ်ကြည့် ပါလား”
“အေး ငါ့အကွက်တွေထုတ်ပြရသေးတာပေါ့”
“ဟောဒီက ညီမလေးမိထက်က အသက်ဘယ်လောက်ရှိပြီလဲ”
“အွန်,အစ်ကိုထွန်းမှန်းကြည့်ပါလား”
“အစ်ကိုထွန်းအထင်တော့၂၁လောက် တော့ရှိမယ်ထင်တယ်”
“ဘယ်ဆိုးလို့လဲ အစ်ကိုထွန်းက ခန့်မှန်းတတ်သားပဲနော်”
“အစ်ကိုထွန်းက မိန်းကလေးတွေကို ခန့်မှန်းတဲ့နေရာမှာ ဆရာကြီးအေ့”
“အဲလောက်လည်းမဟုတ်ပါဘူးဗျာ ဒီအတိုင်းပဲပြောကြည့်လိုက်တာပါ တိုက်ဆိုင်သွားလို့ဖြစ်ပါလိမ့်မယ်။ ဒါနဲ့ညီမလေးမိထက်က ချစ်သူတွေ ဘာတွေရှိလား”
“နိုးပါ,ချစ်သူမပြောနဲ့ ယင်ဖိုတောင်မသန်းရသေးဘူးရှင့်”
“ဒါဖြင့်အတော်ပဲပေါ့ဗျာ”
“ရှင် ဘာကိုတော်တာလဲ အစ်ကိုထွန်းနော် စကားကို”
“ညီမလေးမိထက်ရဲ့ ရှက်သွားတဲ့ပုံစံလေးကလည်း အသည်းယားစရာလေးပဲနော်”
“ဟာအစ်ကိုထွန်းကြီးကလုပ်ပြီ တကယ်မနေတတ်တော့ဘူးကွာ”
“ကဲကဲ အကြည်စိုက်တာလေးတွေလျှော့ စားစရာရှိတာစားကြဦးနော် နှစ်ယောက်”
“ဟုတ်ပါပြီဗျာ မိထက်ညီမလေးစားနော် အားမနာနဲ့ ခင်မာလည်းစား လိုတာရှိရင်ထပ်မှာ”
“မလိုတော့ပါဘူးရှင် အားလုံးပြည့်စုံနေပါပြီ”
“အခုလိုထက်တို့သူငယ်ချင်း နှစ်ယောက်ကိုမုန့်ကျွေးလို့ ကျေးဇူးတင်ပါတယ်နော် အခါအခွင့်သင့်ရင်ပြန်ကျွေးချင်ပါ သေးတယ် အစ်ကိုထွန်း”
“ရပါတယ်ဗျာ ကြုံတဲ့အခါပေါ့”
===================
“ဟေ့ကောင် ဖိုးအောင် မုန့်စားကျောင်းဆင်းနေပြီကွ ဆရာမမသိအောင်ဆေးလိပ်သွား သောက်မယ်လေကွာ”
“ငါမလိုက်တော့ဘူးကွာ”
“ဘာဖြစ်လို့လဲ”
“ငါပိုက်ဆံမပါလို့ ဆေးလိပ်မဝယ်ခဲ့ရဘူးကွ”
“ငါ့ဆီကတစ်လိပ်ယူသောက်လေ ပြီးမှပြန်ပေးပေါ့”
“အေးလေ ဟုတ်သားပဲ အချင်းချင်းတွေပဲကွာ လာစမ်းပါ”
“ဒါနဲ့မင်းတို့ကောင်တွေသိလား ဟိုကောင်စည်သူဒီရက်ပိုင်း ငွေရွှင်နေတယ်ကွ၊ဘယ်အချိန်ကြည့် ကြည့်သူ့လက်ထဲမှာ ၅၀၀၀ ၁၀၀၀၀ အမြဲမြင်နေရတယ်”
“အေးအဲဒါတော့ ဟုတ်တယ်ကွ ငါလည်းသတိထားကြည့်နေတာ ဒီကောင်တော်တော်သုံးနိုင်နေတာ”
“လာကွာသူမရှိတုန်း သူ့လွယ်အိတ်ထဲစစ်ကြည့်ရအောင် တကယ်လို့ပိုက်ဆံတွေတွေ့ရင် ယူပြီး နည်းနည်းပါးပါး ကစ်ကြတာပေါ့”
“အေး ဟုတ်တယ် မင်းပြောသလိုလုပ်ကြတာပေါ့”
“မင်းတို့ဘယ်သူ့မှလျှောက်မပြောနဲ့နော်
“ပြောစရာလားကွာ အချင်းချင်းတွေပဲ ”
ဖိုးအောင် ဦးဆောင်ကာ စည်သူရဲ့လွယ်အိတ်အားနှိုက်ပြီး ရှာကြည့်ကြသည်။
“တွေ့ပြီကွ တွေ့ပြီ ၅၀၀၀တန်သုံးရွက် ငါတို့တစ်ယောက်တစ်ရွက်ဆီ ယူပြီးသိမ်းထားကြမယ် ညနေကျောင်းဆင်းတဲ့အချိန်ကြရင် ဘီယာဝယ်ပြီးသောက်ကြမယ် မကောင်းဘူးလား”
“ကောင်းတယ် ကောင်းတယ် ဒါပေမယ့် ပိုက်ဆံကိုလုံခြုံအောင် ဘယ်လိုသိမ်းမလဲ၊တော်ကြာ ဆရာမ စစ်လို့မိသွားရင် ဒုက္ခ”
“အဲ့ဒါအတွက် ဘာမှမပူနဲ့ ငါ့အောက်ခံဘောင်းဘီထဲထည့်ဖွက် ထားလိုက်ရင် ဆရာမလည်း စစ်မှာမဟုတ်တော့ဘူး”
“ကောင်းလိုက်တဲ့အကြံ ဒါမျိုးဆိုဦးနောက်ကချီးသုပ်ထားရမယ်”
“ရွှေချမယ်လုပ်စမ်းပါကွာ”
“ဟရွှေမှ မရှိတာ ရှိတဲ့ချီးသုပ်ရမှာပေါ့ကွ ”
“ကဲကဲ အချိန်မရှိဘူး သွားကြမယ်”
ဖိုးအောင်တို့သူငယ်ချင်းသုံးယောက် ကုတ်ချောင်းကုတ်ချောင်းဖြင့် ကျောင်းခန်းထဲမှထွက်သွားကြ တော့သည်။ သို့ပေမယ့်ဖိုးအောင်တို့အုပ်စု မသိလိုက်သည်မှာ သူတို့လုပ်သမျှ အလုံးစုံအားမြင်သွားသော လူတစ်ယောက်ရှိနေခဲ့လေသည်။
မုန့်စားကျောင်းမတက်ခင် ကျောင်းအပြင်ထွက်ကာဆေးလိပ် ထိုင်သောက်နေလိုက်ကြသည်။
ကျောင်းတက်ခေါင်းလောင်းထိုးသံ ကြားမှကျောင်းထဲသို့ကမန်းကတန်း ပြေးဝင်လာခဲ့ကြတော့သည်။ ကျောင်းပြန်တက်တော့ အတန်းပိုင်ဆရာမကသင်လက်စ သင်ခန်းစာအားဆက်လက်သင်ပြ ပေးလေသည်။
ဖိုးအောင်တို့သူငယ်ချင်း၃ယောက်က စာထဲစိတ်မဝင်စားနိုင်ပဲ အာရုံက စည်သူထံသို့သာရောက်နေကြသည်။ စည်သူကကျောင်းကွန်ပါဘူးကို ဖွင့်နေလေသည်။
ဖိုးအောင်တို့သုံးယောက်လည်း တစ်ယောက်မျက်နှာတစ်ယောက် ကြည့်ပြီးမျက်စပစ်နေကြသည်။
ထိုစဥ် စည်သူထံမှ အသံထွက်လာပြီး
“ဆရာမ ဆရာမကို ပြောစရာလေးရှိလို့”
“ဘာများလဲ စည်သူရဲ့”
“ကျွန်တော့်ကွန်ပါဘူးထဲမှာ သိမ်းထားတဲ့ပိုက်ဆံ၁၅၀၀၀ ပျောက်သွားလို့ဆရာမ အဲဒီပိုက်ဆံတွေကညနေကြရင် ကျူရှင်လခပေးဖို့သိမ်းထားတာ အခုမရှိတော့ဘူးဆရာမ”
“ဟေဟုတ်ရဲ့လားသားရယ် သားများအထားမှားသလားမှ မသိတာ သေချာရှာကြည့်ပါအုံး”
“ကျွန်တော်သေချာရှာပြီးပြီဆရာမ ပိုက်ဆံမရှိတော့ဘူးဆရာမ”
“ကဲ,သားတို့သမီးတို့ကို ဆရာမမေးမယ် စည်သူရဲ့ပိုက်ဆံကို ဘယ်သူတွေ့မိကြသေးလဲ။ ဘယ်သူကောက်ရကြသေးလဲ တကယ်လို့တွေ့ထားရင် ကောက်ရထားရင်စည်သူကို ပြန်ပေးလိုက်ပါလို့ဆရာမ မေတ္တာရပ်ခံချင်တယ်ကွယ်။ အကယ်၍ဘယ်သူကမှ မတွေ့ဘူးကောက်မရဘူးဆိုရင် ထုံးစံအတိုင်းကျောင်းသားတစ်ဦးချင်းရဲ့ခန္ဓာကိုယ်နဲ့လွတ်အိတ်တွေကို ဆရာမစစ်ကြည့်ရလိမ့်မယ် ဘယ်လိုလဲ အခုကတည်းက ကိုယ်ယူထားတာကိုဝန်ခံမလား ဆရာမလိုက်စစ်တာကိုခံမလား ဒါပဲပြော”
“ကောက်မရထားပါဘူးဆရာမ သမီးတို့ကိုကြိုက်သလိုစစ်လို့ ရပါတယ်ဆရာမ”
“ကဲမိန်းကလေးတန်းဘက်ကတော့ ကြိုက်သလိုစစ်ခွင့်ပေးနေပြီ မင်းတို့ယောကျာ်းလေးတွေရဲ့ အတန်းကရော ဘယ်လိုလဲဟေ့”
“ကြိုက်သလိုစစ်ခွင့်ပြုပါတယ် ဆရာမ ကျွန်တော်တို့မယူတာ ကျိန်ရဲပါတယ်”
အချို့သောကျောင်းသားများက သူတို့မယူသည့်အကြောင်း ရဲရဲကြီးအာမခံကာစစ်ဆေးခွင့် ပြုနေကြလေသည်။ သို့ပေမယ့်ဖိုးအောင်တို့အုပ်စုကတော့ ပါးစပ်လှုပ်ယုံတမယ်သာ ပြောနေကြလေသည်။
“ကဲ,မိန်းကလေးတန်းဘက်ကို စပြီးဆရာမစစ်ကြည့်မယ် ဟုတ်ပြီလား အားလုံးမတ်တပ်ရပ်ထားကြပါ။ လက်တွေကိုမြှောက်ထားပါ”
အတန်းပိုင်ဆရာမကြီးက ကျောင်းသူများရဲ့လွယ်အိတ်တို့နဲ့အတူ အဝတ်အစားအိပ်ကပ်ထဲထိအောင် နှိုက်ပြီးစစ်ကြည့်လေသည်။
“မိန်းကလေးတန်းဘက်ကတော့ ယူထားခြင်းမရှိကြောင်းဆရာမ သိလိုက်ရပြီ။ အခုတော့ယောကျာ်းလေးတွေအလှည့်ပဲ,
အတန်းပိုင်ဆရာမက ကျောင်းသားတိုင်း၏လွယ်အိတ်များ ထဲသို့စစ်ဆေးကြည့်ရှုလေသည်။ ထို့နောက်အင်္ကျီအိပ်ကပ်များထဲသို့ ထပ်မံစစ်ဆေးကြည့်လေသည် ပြီးနောက်လုံချည်အားဖြန့်ဝတ်စေသည်။
တဖြည်းဖြည်းနှင့်ဖိုးအောင် အလှည့်သို့ရောက်ရှိလာတော့သည်။
“ကဲ,ဖိုးအောင် မင်းလွယ်အိတ်ထဲကို ဆရာမစစ်ကြည့်မယ်နော်”
“ဟုတ် ဆရာမ”
ဆရာမကြီးကဖိုးအောင်လွယ်အိတ်ထဲသို့ လက်နှိုက်ပြီးရှာကြည့်လေသည်။ ထို့နောက်စာအုပ်တစ်အုပ်ချင်းစီအား မွှေနောက်ရှာပြန်သည်။ မတွေ့သည့်နောက်ဆုံးဖိုးအောင်၏ အင်္ကျီအိပ်ကပ်ထဲသို့ရှာကြည့်သည်။
“ကဲသားဖိုးအောင် စိတ်တော့မရှိပါနဲ့ကွယ် မင်းရဲ့လုံချည်ကိုအများနည်းတူ ဖြန့်ပြီးဝတ်ပြပါ”
“ခင်ဗျာ ”
“ကိုယ်မဟုတ်တာလုပ်မထားရင် ဘာမှရှက်ရွံ့နေဖို့်လိုပါဘူးကွယ် သားဖြန့်ဝတ်ပြလိုက်ပါ”
“ဟုတ် ဆရာမ”
ဖိုးအောင်ရဲ့လက်များက ကျောင်းစိမ်းလုံချည်ပေါ်သို့ တဖြည်းဖြည်းရောက်ရှိလာသည်။ ဖိုးအောင်နဲ့အပေါင်းအပါ သူငယ်ချင်းနှစ်ယောက်သည်လည်း ဘာဆက်ဖြစ််မည်လဲဟူသော အတွေးကိုယ်စီဖြင့်ဖိုးအောင်အား ကြည့်နေကြသည်။
ဖိုးအောင်လည်းကျောင်းစိမ်းပုဆိုးအား အများမြင်သာအောင်ဖြန့်ပြီးဝတ်ပြ လိုက်လေသည်။
“အင်း သားဆီမှာလည်းမတွေ့ရဘူး ဆိုတော့ ဒီပိုက်ဆံ၁၅၀၀၀ဟာ တကယ်ရောပါလာခဲ့ရဲ့လား စည်သူရဲ့”
“တကယ်ပါလာခဲ့ပါတယ်ဆရာမရဲ့ ကျွန်တော်မလိမ်ပါဘူးဆရာမ”
“အေးကွယ် မင်းလည်းသံသယကင်းအောင် အများမြင်သာအောင်တစ်ယောက် ချင်းစီကိုလိုက်ပြီးစစ်ကြည့်ပြီးပြီ လေကွယ်။ ဘယ်သူကမှခိုးယူထားခြင်းမှမရှိတာ ဆရာမတို့ဘယ်လုပ်လုပ်ကြမလဲ သားကျောင်းဝန်းထဲမှာကျရင်ကျ မဟုတ်ရင်လမ်းမှကျခဲ့လို့ပဲ ဖြစ်မယ်။
ဒီအတန်းဒီအခန်းမှာပျောက်ခဲ့ရင် ဆရာမတို့စစ်ကြည့်လိုက်တဲ့အခါ တွေ့ရမှာပေါ့သားရဲ့ အခုစစ်ကြည့်တော့ဘယ်သူကမှ ယူထားခြင်းမရှိတဲ့အတွက် ဒီအခန်းထဲကကျောင်းသူကျောင်းသား တွေဟာအပြစ်ကင်းပါတယ်ကွယ် ဒီလိုလုပ်ပါလားသားရယ် သားရဲ့ပိုက်ဆံ၁၅၀၀၀ကို ဆရာမစိုက်ပြီးလျော်ပေးမယ်လေ ဟုတ်ပြီလား”
“အဲလိုမလုပ်ပါနဲ့ဆရာမရယ် ကျွန်တော်မယူရက်ပါဘူးဗျာ မတွေ့လည်းနေပါစေတော့ တစ်နေရာရာမှာကျကျန်ခဲ့လို့ပဲ ဖြစ်ပါလိမ့်မယ်”
“ကောင်းပါပြီသားရယ် ကဲအားလုံးစာကိုဆက်သင်ကြမယ်”
“နေပါအုံး ဆရာမရှင့် စည်သူပိုက်ဆံဘယ်သူခိုးသလဲဆိုတာ သမီးသိပါတယ်ဆရာမ”
“ဟင်” “ဟာ” “ဟာ”
ဖိုးအောင်နှင့်ကျောင်းခန်းတစ်ခုလုံး ဟာကနဲဟင်ကနဲဖြစ်သွားကြလေသည်။
“သမီးနီလာ တကယ်ပြောတာလား သမီးမှာသက်သေရှိလို့လား”
“သမီးတကယ်ပြောတာပါဆရာမ သမီးအားလုံးမြင်သလို အားလုံးလည်း ကြားထားပါတယ်ဆရာမ။
“စည်သူပိုက်ဆံကိုခိုးသွားတဲ့သူဟာ ဘယ်သူလဲ ”
“ဖိုးအောင်ရယ်၊ခန့်ဖြိုးရယ်၊စိုးသူတို့ပါ ဆရာမ”
“ဟိတ်နီလာ နင်မဟုတ်တာလျှောက်မပြောနဲ့ ငါတို့အားလုံးကိုဆရာမစစ်ပြီးပြီ ဘယ်မှာတွေ့လို့လဲ”
“ဒီမယ် ဖိုးအောင် နင်စည်သူပိုက်ဆံကိုခိုးပြီး နင့်အောက်ခံ ဘောင်းဘီထဲထည့်ဖွက်ထားတာ ငါမသိဘူးများထင်သလား”
“ဟမ်” “ဟာ”
“ဟာသွားပြီ သွားပြီ သေနာမနီလာတော့ လုပ်ချလိုက်ပြီ”
ဖိုးအောင်တို့၃ယောက် ချောင်ပိတ်ရိုက်
ခံရသလို ပြေးပေါက််မရှိ ပဲဖြစ်နေကြသည်။
“ဆရာမ သမီးပြောတာဟုတ်မဟုတ် ဖိုးအောင်ကိုစစ်ကြည့်ပါဆရာမ”
“အေးအေး အေးပါကွယ် သား စည်သူ မင်းပဲစစ်လိုက်ပါကွယ် မိန်းကလေးတွေ တခြားဘက်ကို ခဏလှည့်နေပါ။
“ဟုတ်ကဲ့ဆရာမ”
ကျောင်းသူများကို တစ်ဖက်သို့ လှည့်ခိုင်းပြီးစည်သူကဖိုးအောင်၏ အတွင်းခံအားစစ်ကြည့်ရာ တင်ပါး၏နောက်ဘက်တွင် ၅၀၀၀တန်၃ရွက်အားမြင်လိုက်ရ သည်။
“တွေ့ပြီဆရာမ တွေ့ပြီ ဖိုးအောင်ယူထားတာဆရာမ”
“သား ဖိုးအောင်ရယ် မင်းမိုက်လိုက်တာသားရယ် ဘာလို့ဒီလိုလုပ်ရတာလဲကွဲ့။ ကျောင်းအုပ်ကြီးသိရင်မင်းကို ကျောင်းထုပ်ပစ်မှဟုတ်ပေ့ဖြစ်နေမယ် ကဲ ကဲ အားလုံးပဲ တစ်ဖက်သားကို ငဲ့ညှာသောအားဖြင့် ဒီကိစ္စကို ဘယ်သူ့ကိုမှမပြောပဲ ရေငုံနှုတ်ပိတ်နေကြရလိမ့်မယ် ဟုတ်ပြီလား။
“ဟုတ်ကဲ့ဆရာမ”
“ဖိုးအောင်၊ခန့်ဖြိုး၊စိုးသူ မင်းတို့သုံးယောက်နောက်နောင် ဒါမျိုးမလုပ်ပါဘူးလို့ ဆရာမကို ကတိပေးနိုင်မလား”
“ပေး ပေးနိုင်ပါတယ်ဆရာမ”
“ဆရာမလည်းစိတ်မကောင်းပါဘူးကွယ် မင်းတို့ကိုသက်ညှာသောအားဖြင့် ဒီကိစ္စကိုကျောင်းအုပ်ကြီးဆီ တင်မပြတော့ပါဘူး။ ဆရာမရဲ့စေတနာကိုနားလည်တယ် လက်ခံတယ်ဆိုရင် နောက်နောင် ဒါမျိုးမဖြစ်စေနဲ့ တကယ်လို့ နောက်တစ်ခါဒါမျိုးထပ်လုပ်ရင် မင်းတို့ကိုကျောင်းအုပ်ကြီးလက်ထဲ ထည့်ရလိမ့်မယ်။
အဲဒီအခါကြမှ မင်းတို့မိဘတွေရော မင်းတို့ပါအရှက်ကွဲရလိမ့်မယ် နားလည်ကြလား”
“နားလည်ပါပြီဆရာမ”
ဖိုးအောင်လည်းရှက်သည့်စိတ်ကြောင့် ခေါင်းမဖော်ဝံ့ပဲမျက်ရည်ပေါက်တို့ တစ်ပေါက်ပေါက်စီးကျနေလေသည်။
=================
“ဟဲ့,ဖိုးအောင် မင်းကျောင်းမသွားဘူးလား”
“မသွားတော့ဘူး ကျုပ်ကျောင်းမလိုက်ချင်တော့ဘူး”
“မင်းကဘာလို့ကျောင်း မလိုက်ချင်ရတာတုန်း”
“မလိုက်ချင်လို့ပေါ့ အမေရာ”
“မင်းကျောင်းလိုက်တာ မလိုက်တာ အရေးမကြီးဘူး၊ကျောင်းမလိုက် ရင်လည်းအလုပ်လေးဘာလေးတော့ ဝင်လုပ်အုံး။ အလကားထိုင်စားနေလို့တော့မရဘူးဟေ့”
“ကျုပ်သိပါတယ်အမေရာ”
“အေးအေး သိပြီးရော နောက်မှငါ့အဆိုးမဆိုနဲ့”
“အမေဘာချက်လဲ”
“လာပါပြီတော် ပေါ်တော်မူမ ဘယ်ကသဝေထိုးပြီးပြန်လာတာလဲ”
“သမီးရည်းစားနဲ့သွားချိန်းပြီး ပြန်လာတာလေအမေရဲ့”
“အေးအေး ယောကျာ်းတွေနဲ့ ကြပ်ကြပ်တပူးပူးတတွဲတွဲလုပ် ဟိုကလုပ်ထားခဲ့လို့ ဗိုက်တစ်လုံးနဲ့ ကျန်နေမှအမေကယ်ပါလာမလုပ်နဲ့ ပါးကြီးစီးရိုက်ပစ်မယ် သိလား”
“ဟာအမေရာ ဘာချက်လဲပြောစမ်းပါ”
“ထမင်းပဲချက်ထားတယ် ဘာမှမချက်ဘူး ချက်ဖို့လည်း ပိုက်ဆံမရှိဘူး
မနက်ကဝိုင်းကောင်းလို့ဝင်ဆော့လိုက်တာပြောင်ရော မရှိတော့ဘူး ညနေဝိုင်းကစားဖို့တောင် ဘယ်လိုရှာရမလဲမသိလို့စိတ်ညစ် နေတာ”
“ဖဲဒိုင်ခံတဲ့ကိုညိုကြီးကိုယူလိုက်ပါလား ဒါဆိုအမေ ငွေမရှာရတော့ဘူး”
“ဟဲ့ဟိုကငါ့မကြိုက်လို့ပေါ့အေ့ ကြိုက်ရင်ငါကယူသေးရာ” –
———————
“အမေ ဟိုဘက်အိမ်က မစန်းတို့မိသားစုစကားပြောတာတွေက ပေါ့ပျက်ပျက်နိုင်လိုက်တာ။ ဘာပြောလို့ဘာဖြစ်မှန်းသိပုံမရဘူး”
“ဒါသူတို့မိသားစုရဲ့ ပုံမှန်စရိုက်ပဲလေ သမီးကဘာတွေဖြစ်နေတာလဲ ကိုယ့်အလုပ်ကိုလုပ်စမ်းပါအေ”
“ဟုတ် လုပ်ပါတယ်အမေရဲ့”
မစန်းတို့မိသားစု စကားပြောဆိုပုံအား အိမ်နီချင်းသားအမိကဝေဖန်ပြောဆို နေခြင်းဖြစ်သည်။
“အစ်ကိုထွန်း ညီမကိုတွေ့ချင်လို့ဆို ဘာပြောစရာရှိလို့လဲ”
“ပြောစရာရှိတယ်ဆိုတာထက် ညီမကိုပေးစရာရှိလို့ပါ”
“ဘာပေးမလို့လဲအစ်ကိုက”
“ဒီမှာလေ ”
“ဟယ်,နာရီလေးလှလိုက်တာ ဒါညီမအတွက်လားဟင်”
“အင်းပေါ့ ဒီနာရီလေးက ညီမလေးဖို့အစ်ကိုဝယ်လာတာ အချိန်တိုင်းညီမကိုပဲ ချစ်နေမယ် ဆိုတဲ့သဘောမျိုးပေါ့ကွာ”
“ဟွန့် သူတော်တော်စကားတတ်”
“စကားပဲတတ်တာမဟုတ်ပါဘူး ဟောဒီလိုလည်းချစ်တတ်တယ်”
“ဟာအစ်ကိုထွန်း ကြီးကလည်းကွာ”
လူမမြင်ကွယ်ရာနေရာလေး၌ ချစ်တင်းနှောနေကြသည့် ကိုထွန်းနဲ့ မိထက်တို့နှစ်ယောက်၏ ရှိုက်ငင်သံတို့ကပတ်ဝန်းကျင်သို့ လွင့်ပျံနေပါတော့သည်။
=================
“ဟယ်မိထက် နင့်လက်ကနာရီလေးက လှလိုက်တာ ဘယ်လောက်ပေးရလဲ”
“ဘယ်လောက်ပေးရလဲဆိုတော့ ဘဝတစ်ခုလုံးပေးရတာပေါ့ဟဲ့”
“ဟင် ညည်းဟာကဘာစကားကြီးလဲ”
“စတာပါ ခင်မာရဲ့ ဒီနာရီလေးက အစ်ကိုထွန်းက လက်ဆောင်ပေးထားတာလေ။ အချိန်တိုင်းမှာငါ့ကိုချစ်နေပါ့မယ်တဲ့ လေ”
“အံမယ်လေးRoလိုက်ကြတာနော် ကြည့်စမ်း”
“နင်လည်းငါ့ကိုအားကျနေပြီမလား”
“အားမကျပါဘူးတော် တော်ကြာပေးတာနည်းနည်း ပြန်ယူတာခပ်များများဖြစ်နေမှဖြင့်”
“ယူစမ်းပါစေဟယ် သူ့အတွက်ဆိုငါဘာပဲပေးရပေးရ ပေးဆပ်ပြီးချစ်ဖို့အသင့်ပဲ”
“တော်ပါတော့်အေ ညည်းရဲ့ဒိုင်ယာလော့တွေ ငါနားမထောင်ပါရစေနဲ့တော့။ ဒါပဲနော်ငါပြောထားမယ်မိထက် နင်ယောကျာ်းတွေပေးတိုင်းမယူနဲ့ အဲဒါကိုယ့်အတွက် အန္တရာယ်ရှိတယ်အေ့”
“ဘာအန္တရာယ်ရှိရမှာလဲ သူလည်းငါ့ကိုချစ်တယ် ငါလည်းသူ့ကိုချစ်တယ် ဘာလိုသေးလဲ။ နင်အလကားနေရင်း မနာလို ဖြစ်မနေစမ်းပါနဲ့”
“ငါကနင့်အတွက်စေတနာနဲ့ပြောတာ နင်မကြိုက်လည်းနေပေါ့”
“မကြိုက်ဘူးအေ မပြောနဲ့”
“စိတ်ချမပြောတော့ဘူး ငါသွားပြီ”
“ကြွကြွ စိတ်ပျက်ဖို့ကောင်းတယ်”
“ဘာတွေစိတ်ပျက်နေတာလဲ ထက်ရဲ့”
“သြော် အစ်ကိုထွန်းလာပြီလား”
“လာပြီ ထက်ရဲ့ ဒါနဲ့ ခင်မာနဲ့ ဘာဖြစ်ကြတာလဲ”
“ဘာမှမဟုတ်ပါဘူး အလကားပါ မနာလိုစိတ်ကြီးတဲ့ကောင်မ”
“ထက်အတွက် ကိုယ်လက်ဆောင်တစ်ခုဝယ်လာတယ်”
“မနေ့ကမှနာရီပေးထားတာလေ ဒီနေ့ဘာတွေထပ်ပေးဦးမှာလဲကိုရဲ့”
“ဒီမှာလေ အင်္ကျီလေး မလှဘူးလား”
“ဟယ်လှလိုက်တာ ဒါထက်အတွက်လား”
“သိပ်ဟုတ်တာပေါ့”
“ကြည့်စမ်း အစ်ကိုကသိပ်ချစ်ဖို့ ကောင်းတာပဲကွာ”
“ကိုယ့်ကိုချစ်ရင် ကိုယ်ခေါ်ရာနောက်ကို ထက်လိုက်ခဲ့မလား”
“ဘယ်နေရာလဲ အစ်ကို”
“ထက်နဲ့ကိုယ့်ရဲ့ ချစ်ဗိမ္မာန်လေးဆီကိုပေါ့ကွာ”
“ကိုခေါ်ရင်ထက်လိုက်ရဲပါတယ်”
“ဒီလိုမှပေါ့ထက်ရယ်” =
===================
ကိုထွန်းပေးသည့်လက်ဆောင်များကို တစ်ခုပြီးတစ်ခုယူလိုက်၊ကိုထွန်းအကြိုက်လိုက်လိုက်နှင့် မိထက်တစ်ယောက်ပျော်ရွှင်နေခဲ့သည်။
ထိုပျော်ရွှင်မှုတွေက သူ့အတွက် အဆိပ်တွေဆိုတာမိထက်တစ်ယောက် သိချိန်တန်လာသည့်နေ့ကိုရောက်လာ ခဲ့ရလေသည်။
“ဟာဟိုမှာ လာနေပြီ မင်းပြောတဲ့ စော်မလား”
“ဟုတ်တယ်လေကွာ Videoထဲကနဲ့အပြင်နဲ့မတူဘူးနော် အပြင်မှာကပိုပြီးမိတယ်ကွ”
“ငါ့ကိုလည်းအဲဒီVideoကူးပေးအုံးနော် သားကြီး”
“ငါတောင်မန်ဘာကြေးပေးပြီး ဝင်ထားရတာကွ၊မင်းကအလကား ကူးချင်နေတယ် တကယ်ပဲ”
“မင်းကလည်း အချင်းချင်းတွေပဲ လုပ်ပါကွာ ကူးပေးစမ်းပါ”
“ကူးပေးမယ် ကူးပေးမယ် အခုတော့ ငါသူ့ကိုနည်းနည်းပါးပါး တီးခေါက်ကြည့်လိုက်အုံးမယ် အဆင်ပြေရင် ဟဲဟဲဟဲ”
“လုပ်ကွာကြာသလားလို့”
“ဒီမှာ ဒီမှာ ညီမလေး”
“ဘာလဲ”
“Videoတစ်ပုဒ်ကို ဘယ်လောက်ယူလဲ”
“ဘာVideoလဲ ဘာတွေလာပြောနေတာလဲ”
“အခုမှမသိချင်ယောင်ဆောင်မနေပါနဲ့ ညီမလေးရယ်၊မင်းအကောင်တစ်ကောင်နဲ့ ရိုက်ထားတဲ့Video အခုတယ်လီဂရမ် မှာတော်တော်ပေါက်နေတယ်ကွ။
“ဘာရှင့် ဘာ ဘာဗွီဒီယိုလဲ ကျွန်မမသိရပါလား”
“သားကြီး ပြလိုက်စမ်းကွာ”
“ဒီမှာလေ ”
“ဟင်.ကို ကိုထွန်းနဲ့ငါနဲ့ အတူနေထားတဲ့ဟာတွေပါလား ဘယ်လိုလုပ်ပြီး ဘယ်လို”
မိထက်တစ်ယောက်ရှက်လွန်း၍ မျက်ရည်များကျလာသည်။ လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်ပြီးအခဲမကျေဖြစ်နေရလေသည်။
“ဒီVideoက ဘယ်သူရိုက်တာလဲ ဘယ်သူကလိုင်းပေါ်တင်တာလဲ’
“မင်းကြည့်ရတာ ဒီလိုရိုက်ထားတာကို သိပုံမရဘူး၊ငါ့အထင်တော့ မင်းဘဲကြီး ကိုယ်တိုင်ချောင်းရိုက်ထားတာပဲဖြစ်ရ မယ်။ ပြီးတော့မှမန်ဘာကြေးခေါ်ပြီး ရောင်းစားတဲ့သူပဲဖြစ်မယ်”
“ရှင်…..”
ကြားလိုက်ရသည့်စကားကြောင့် အသားများတဆက်ဆက်တုန်ကာ ကိုထွန်းအားသတ်ချင်စိတ်ပေါက် လာတော့သည်။
မိမိဘက်ကအမှန်တကယ် ချစ်၍ခန္ဓာကိုယ်ကိုပုံပြီးချစ်ခဲ့ပေမယ့် သူ့ဘက်ကတော့ အကျိုးစီးပွားအဖြစ် အသုံးချခဲ့လေသည်။
မိထက်တစ်ယောက်နောင်တကြီးစွာရကာအိမ်သို့ပြန်လာခဲ့တော့သည်။
အိမ်ပြန်လာသည့်လမ်းတစ်လျောက် တဏှာမွှန်နေသောအမျိုးသားထု၏ အကြည့်များအားခံခဲ့ရလေသည်။ အိမ်သို့ရောက်ရောက်ခြင်း မိမိအားစားမတတ်ဝါးမတတ် စိုက်ကြည့်နေသည့်မောင်ဖြစ်သူ ဖိုးအောင်အားမြင်လိုက်ရသည်။
“မမိထက် နင်ဘာတွေလုပ်နေတာလဲ နင့်ကိုအခုတစ်ရပ်ကွပ်လုံးကရော တစ်မြို့လုံးကရောဘာတွေ ပြောနေပြီလဲဆိုတာ နင်သိလားဟမ် နင်အဲ့သလောက်ရွရသလား ငါ့သူငယ်ချင်းတွေလာပြလို့ ငါသိလိုက်ရတာ ငါငါ့ကောင်တွေကြားမှာ ငါဘယ်လို စောက်ခွက်နဲ့မျက်နှာပြရမလဲဟာ။
နင့်ကိုတော်တော်လွယ်တဲ့မိန်းမလို့ အားလုံးကပြောနေကြပြီ အဲ့ဒါနင်သိလား ဘယ်မလဲနင့်အကောင် အဲဒီကောင်ကိုငါသတ်မယ် နှမချင်းကိုယ်ချင်းမစာတဲ့ကောင်”
“မိထက် မိထက် အမိုက်မကြီး မအေ့မျက်နှာကိုအိုးမည်းသုတ် လိုက်တာလား မိထက် ပြောပါအုံး နင့်သတင်းကိုဖဲဝိုင်းမှာကြားလို့ ငါသိခဲ့ရတာ နင်တော်တော်ရွပါလား မိထက်ရဲ့ဟမ် နင့်မှာဦးနောက်မရှိဘူးလား။
ဟိုအကောင်ကိုငါရှာပြီးပြီ ဘယ်မှရှာလို့မတွေ့တော့ဘူး ဘယ်မျိုးရိုးမှမရှိ၊ဘယ်ဥကပေါက်သလဲ မသိတဲ့အကောင်ကို ညည်းမို့လို့ ကုတင်ပေါ်ထိတက်ရတယ်လို့အေ အခုပတ်ဝန်းကျင်မှာ ငါတို့ဘယ်လိုနေရတော့မလဲ မိထက် ညည်းပြောစမ်းပါအုံး။
ငါ့မှာသားသမီး၂ယောက်ရှိပါတစ်ယောက်ကသူများပိုက်ဆံခိုးလို့
ကျောင်းထွက်လိုက်ရတဲ့သူနဲ
တစ်ယောက်ကခန္ဓာကိုယ်ကို ပုံအောပြီးကိုယ်ကျိုးရှာခံရတဲ့သူနဲ့ ငါ့မျက်နှာငါဓါးနဲ့လှီးလိုက်တယ်အေ”
“အမေလည်းဘာထူးလဲ အမေကရောဘာတွေများ ရှေ့ဆောင်လမ်းပြနိုင်လို့လဲ မနက်လင်းကတည်းကဖဲဝိုင်းတကာ လျှောက်လိုက်ပြီးဖဲရိုက်နေတာ ဘာတွေများကောင်းကျိုးပြုနေလို့လဲ ခေါင်မလုံမှတော့မိုးကယိုပြီပေါ့”
“ဖြန်း”
“ညည်းကများမအေကို ပြန်ပြောနေသေးတယ်”
“ရိုက်ပါ ရိုက်ပါ သမီးကို သေအောင်သာရိုက်လိုက်ပါတော့ အီး ဟီးဟီး”
မိထက်ရဲ့လုပ်ရက်ကြောင့် မစန်းတို့သားအမိ၃ယောက်လည်း ရက်ကွပ်ထဲမှာ
မျက်နှာမပြဝံ့သဖြင့် ထိုရပ်ကွက်ထဲမှအပြီးပြောင်းပြေး သွားကြလေသည်။
ရှေ့ဆောင်လမ်းပြမကောင်း၍ သားသမီးများဖြစ်ချင်တိုင်းဖြစ်ရသည်ဟုရပ်ထဲ၌ပြောစမှတ်တွင်ခဲ့ရလေသည်။ အများသူငှာဆင်ခြင်နိုင်စေဖို့ ဇာတ်လမ်းလေးကိုရှယ်ပေးပါနော်။
လိုအပ်ချက်များနားလည်ပေးပါ
#အောင်ဓူဝံ