ဒီနေ့ …ဆိုက်သိမ်းတဲ့နေ့မို့ နွယ်မာ အိမ်ကိုစောစောပြန်ရတယ်။ ဒါပေမဲ့လည်း မိုးဝင်းဆိုင်ကယ်နောက်ကလမ်းကြုံလိုက်ရတာမို့ အမြဲတန်းမှောင်ရီပျိုးမှပဲ အိမ်ရောက်တာ။
နွယ်မာအမြဲလမ်းကြုံလိုက်တဲ့ မိုးဝင်းရဲ့ဆိုင်ကယ်ကအနက်အရောင်တောင်မပေါ်တော့တဲ့ ပေစုတ်စုတ်125
လော်ဂျားဆိုင်ကယ်၊ဘက်မှန်လည်းမပါ၊နံပါတ်လည်းမပါ။ဆိုင်ကယ်က ဝစ်သ်သောက်၊လူကလည်း ယာဥ်မောင်းလိုင်စင်မရှိ ဝစ်သ်သောက်။ဒီကြားထဲ ဆိုင်ကယ်ဦးထုပ်က မဆောင်းသေး။မပြည့်စုံမှုတွေလာစုနေတာမို့ အလုပ်သွားအလုပ်ပြန် မော်တော်ပီကယ် ရှောင်ပတ်နေရတာနဲ့ အလုပ်သွားလည်းအစောထ အလုပ်ပြန်လည်း နောက်ကျရတာ။
ဒီကြားထဲ မိုးဝင်းက ဆိုင်ကယ်မောင်းရင် ရှေ့လည်းမ
ကြည့်၊နောက်လည်းမကြည့်ဘူး။လမ်းချိုးလမ်းကွေ့ရောက်ရင်တောင် စွတ်ခနဲကွေ့၊စွတ်ခနဲဖြတ်တတ်တာ။ အဲ့ဒီအခါ နွယ်မာ ပြောတတ်တဲ့စကားရှိတယ်။
“မိုးဝင်း
အသက်အပိုမပါဘူးနော်။နင်သေရဲရင်တောင် ငါမသေနိုင်သေးဘူး။ငါ့မိသားစုအတွက် ငါရှင်သန်ရအုံးမှာ၊ကောင်းကောင်းမောင်း´´
အဲ့လိုပြောရင် မိုးဝင်းက အသံပြဲကြီးနဲ့အော်ရယ်တတ်တယ်။ပြီးရင်တော့ ….
“ကြောက်တတ်လိုက်တာ မိနွယ်ရာ၊နင့်လိုပဲ ငါလည်းသေလို့ မဖြစ်သေးဘူးဟ။ငါ့ညီမလေးတစ်ယောက်တည်း မချန်ခဲ့နိုင်သေးဘူး´´လို့
မိုးဝင်းက သူပြောနေကျစကားလေးကိုလေသံလည်းလျှော့ရင်း ဆိုင်ကယ် အရှိန်ကိုလည်း မဆိုသလောက်လေး လျှော့ပေးတတ်ရှာပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် အိမ်ကိုရောက်မှပဲ နွယ်မာသက်ပြင်းချနိုင်တာပါ။နွယ်မာတို့နေတဲ့နေရာက တန်ဖိုးနည်းအိမ်ယာတွေကို ကျော်ပြီးမှ ရောက်တဲ့ ရွာရှည်ဆိုတဲ့ ရွာလေးထဲမှာပါ။ သပြေခြံကို အစိတ်စိတ်ပိုင်းပြီးရောင်းထားတဲ့ထဲက အပိုင်းတစ်ခုကို နွယ်မာတို့ ဝယ်ထားတာ။
မြို့ထဲမှာအိမ်ငှားခပေးနေရတာထက်စာရင် အိမ်ပိုင်လေးရသေးတယ်ဆိုတဲ့အသိနဲ့ ရှိစုမဲ့စုတွေအပြင် ငွေတိုးပါယူပြီး ဝယ်ခဲ့တာ။ ခုထိ လစဥ် အမေ့မှာ အတိုးသတ်နေရတုန်း။
မနက်ဖြန် ဥပုသ်နေ့မို့ တစ်ပတ်စာ လုပ်အားခရလာတဲ့ တစ်သောင်းတန် အထပ်ပါးလေးထည့်ထားတဲ့ ပိုက်ဆံအိတ်လေးကို နွယ်မာ ကျစ်ကျစ်ပါအောင် ဆုပ်ထားမိတယ်။ အဲ့ပိုက်ဆံအိတ်လေးက နွယ်မာတို့ ပန်းရံဆရာကတော် ရွှေလက်ကောက်ဝယ်တုန်းက ရွှေဆိုင်ကလက်ဆောင်ပေးလိုက်တဲ့အိတ်လေးပေါ့။ နွယ်မာ တောင်းထားတာ။
အဲ့အိတ်လေးစကိုင်ကိုင်ချင်းတုန်းက ဆိုက်မှာနွယ်မာနဲ့အလုပ်တူဆင်းတဲ့ ထွေးထွေးက နွယ်မာ့ကို အားကျတဲ့မျက်လုံးတွေနဲ့ကြည့်နေတာသိပါ့။နွယ်မာကို ရွှေဝယ်ထားတယ်လို့ ထင်နေသလား မသိပါဘူး။သူကနှုတ်ကထုတ်မမေးသလို နွယ်မာကလည်းခပ်တည်တည်ရယ်။ အထင်ကြီးခံရလဲ နည်းသလား။ အင်း..နွယ်မာ့တို့ဘဝ
တွေက မရှိဟန်ပြဘဝနဲ့ပဲ ဖြေနေရတာပါ။
နွယ်မာတို့နဲ့အရွယ်တူလေးတွေ ယူနီဖောင်းဝတ် သန့်သန့်လေးနဲ့တွေ့ရင် နွယ်မာငေးမိတယ်။ ရုန်းကန်ရတဲ့ ဘဝတွေမတူနိုင်ရတာ နောက်ခံအသိုက်အဝန်းကွာတာလည်းပါမယ်။ မိဘတွေရဲ့ ပံ့ပိုးမှုနဲ့လည်းဆိုင်မှာပေါ့။
အဲ့လိုပြောပြန်တော့ နွယ်မာက မိဘကျေးဇူးစော်ကားသလိုများ ဖြစ်သွားမလား။ နွယ်မာက အဲ့လိုပြောချင်တာမဟုတ်ပါဘူး။နွယ်မာ့မိဘတို့လည်း သားသမီးတွေအပေါ်ကောင်းပါတယ်။ အဖေဆို ခုချိန်ထိ ကုန်ထမ်းတုန်း။အမေကတော့ အိမ်ထောင်မှုတစ်ဖက်နဲ့ ရွာထဲက သပြေခြံတစ်ခုမှာ အချိန်ပိုင်းနဲ့ ပန်းစီးတဲ့အလုပ်လုပ်တယ်။
နွယ်မာတို့မှာမွေးချင်း ငါးယောက်တောင်ရှိပေမဲ့ ငွေရှာနိုင်တဲ့အရွယ်ဆိုလို့ နွယ်မာနဲ့ နွယ်မာ့အစ်ကိုပဲရှိတာ။ဒါပေမဲ့ အစ်ကိုက အဖေ့ရွာကဘုန်းကြီးကျောင်းမှာ သင်္ကြန်တွင်းဒုလ္လဘဝတ်ရင်းကနေ လူမထွက်တော့ဘူး။ကျန်တဲ့သုံးယောက်က လူမမယ်ကလေးတွေ။အဲ့ထဲ
မှာ အငယ်ဆုံးကလေးက သွားငုတ်တုပ် လူငုတ်တုပ်အရွယ်တောင်ပါသေး။အ‌မေ့အစ်မကြီးကတော့ အမေ့နာမည်ကိုတောင် ရှင်မွေးလွန်းလို့ ပြောင်းခေါ်ပြီး အမေတို့ဆင်းရဲရခြင်းက ကလေးတွေအများကြီးမွေးလို့တဲ့။
အဒေါ်ကြီးစကားကြားတိုင်း နွယ်မာ အတွေးတစ်ခုဝင်တယ်သိလား။နွယ်မာ အိမ်ထောင်ပြုရင် အမေ့လို သားသမီးတွေအများကြီးမယူဘူးလို့။ ဆင်းရဲတဲ့ဘဝကို နွယ်မာ ထပ်မလိုချင်ဘူး။ အဲ့အကြောင်းတွေတွေးမိရင် မုန့်ဆီကြော်ဖြင့်ဘယ်မလဲ နှုတ်ခမ်းနာနဲ့တည့်ပါ့မလားဆိုတာ နွယ်မာ့ အဖြစ် ထင်ပါရဲ့။အိုး…နွယ်မာအတွေးတွေ ဘယ်ရောက်ကုန်ပါလိမ့်။
ကိုယ့်ဖာသာ အတွေးနဲ့ ထူပူလာခိုက် ….
တီ…တီ…တီ…တီ
ခပ်ကျယ်ကျယ် ဟွန်းသံကအနားမှ ကပ်ပေါ်လာလို့ နွယ်မာ လန့်ဖျတ်သွားရတယ်။မိုးဝင်းတော့လုပ်ပြီ။ လမ်းအကွေ့မှာ လက်သင်္ကေတမပြဘဲနဲ့ အရမ်းကာရောဖြတ်ကူးပြန်ပြီ။(မိုးဝင်းရဲ့ဆိုင်ကယ်က စစ်ကနယ်မီးမရပါဘူး။)
“အရော်လိုချင်လို့လား´´
ကားဆရာက မေတ္တာပို့သံအပြင် အဆဲနဲ့ပါအဆစ်ပေးသွားပါတယ်။အိမ်ကိုရောက်ချင်တဲ့သူချင်းလေ။ အဲ့လိုမျိုးတော့ မပြောသင့်ပါဘူး။နွယ်မာစိတ်တော့တိုမိသွားတယ်။ဒီထဲမိုးဝင်းက
“နင်လက်ပြထားတယ် ထင်နေတာ၊ နင့်ကိုယုံမိတာ မသာပေါ်တော့မလို့။မိနွယ် နင်ဘာတွေ စိတ်ကူးယဉ်လာတာတုန်း၊မှန်းစမ်း ငါ့အကြောင်း တွေးလာတာလား´´တဲ့။
မိုးဝင်းစကားက ပိုပြီးစိတ်တိုချင်စရာကောင်းသွား တယ်။နွယ်မာ မိုးဝင်းကျောကို ဖြန်းခနဲ တစ်ချက်ရိုက်ရင်း
“ကောင်စုတ်၊နင့်အကြောင်းတွေးစရာလား။ လမ်းဖြတ်ကူးရင်လည်း ခြေအနေလေး ကြည့်ရမှာ နင် လေ။ တော်ပြီ ပေါက်ကရတွေ ပြောမနေနဲ့။ ဂရုစိုက်မောင်း”
နွယ်မာ လေသံကိုနည်းနည်းမာလိုက်တယ်။ မိုးဝင်း ငြိမ် သွားတယ်။ နွယ်မာတို့ရွာရှည်ပြောင်းလာဖြစ်တာ မိုးဝင်း အဒေါ်ပွဲစားကြောင့်။ မိုးဝင်း အဒေါ်အဆွယ်ကောင်းလို့ အဲ့ဝိုင်းကိုဝယ်ဖြစ်ခဲ့တာ။ ဝယ်တုန်းက လူ့ခါးအမြင့် သပြေပင်တွေပါတယ်။ဘုရားပန်းထိုးဖို့ ခြံထောင့်သပြေ ပင်ကလွဲရင် ကျန်အပင်တွေကို အိမ်ဆောက်ဖို့နေရာ ရအောင် ခုတ်ရှင်းရတာ။အဲ့သပြေပင်တွေရှင်းတဲ့အထဲမှာ မိုးဝင်းပါလာတယ်။အဲ့ကနေစပြီး မိုးဝင်းနဲ့သိခဲဲ့တာ။
မိုးဝင်းက နွယ်မာ့ကို ကြိတ် ကြွေနေတာ တဲ့။တလောက မိုးဝင်းညီမနဲ့ဈေးအတူသွား ဖြစ်ရာက မိုးဝင်းညီမက အောင်သွယ်တော်လုပ်နေသေး တယ်။ နွယ်မာရဲ့ စိတ်ကူးယဉ်ထဲမှာ မိုးဝင်းဘယ်တော့မှ မပါပါဘူး။
မိုးဝင်းနဲ့စကားပြောရရင် စိတ်လှုပ်ရှားရသလိုဖြစ်ပေမဲ့ ဘဝလက်တွဲဖော်အဖြစ် နွယ်မာ မရွေးချယ်ချင်ဘူး။မိုးဝင်းက လူတော်တစ်ယောက်တဲ့။နွယ်မာတို့ကို အလုပ်ပေးထားတဲ့ ပန်းရံဆရာက ချီးမွမ်းပြောဆိုတာကြားပါ့။မိုးဝင်းက သံလက်ကိုင်လည်းရတယ်။ချီကွေးလည်းလုပ်တတ်တယ်။အင်္ဂတေဖျော်တဲ့နေရာမှာလည်း ဆရာကြီးတဲ့။ပန်းရံဆရာရဲ့ လက်ထောက်လိုမျိုး။ ဒါ့‌ကြောင့်လုပ်အားခလည်း ဈေးကောင်းရတယ်။ဒါပေမဲ့ နွယ်မာမှာရော မိုးဝင်းမှာရော မှီထားတဲ့သူတွေရှိကြတယ်။
အမှီခိုခံဘဝအခြေအနေ‌တွေ‌ ပေါင်းစပ်လည်း ဘာမှပြောင်းလဲမလာတဲ့အတူ နွယ်မာကတော့ စိတ်အလိုဘယ်တော့မှမလိုက်ဘူး။ဒါ့ကြောင့် မိုးဝင်းဘက်က ဘယ်လိုပဲရေလာမြောင်းပေးလုပ်လုပ် နွယ်မာ့ဘက်ကတော့ ရေလာမြောင်းပိတ်ပဲ။ စကားကို အစမခံဘူး။
နွယ်မာတို့အိမ်ရှေ့ မိုးဝင်းဆိုင်ကယ်ရပ်လိုက်တဲ့အချိန်
အိမ်ထဲက ကလေးသုံးယောက်ထွက်လာတယ်။နွယ်မာ့အောက်ကအသက်ရှစ်နှစ်သာရှိသေးတဲ့ ညီမလေးကအငယ်ဆုံးလေးကို ခါးထစ်ခွင်ချီလျက် နို့ညှာမကို လက်ကဆွဲလို့။
“အမနွယ်မာ …အမေက ပန်းသွားစီးပြီ။
အဖေပြန်လာရင် ထမင်းခူးကျွေးလိုက်အုံး´´တဲ့။
နွယ်မာအိမ်ထဲဝင်ဝင်ချင်း‌ ပြောလာတဲ့ အငယ်မကို
“အေး..အေး”လို့ပြောရင်း နှုတ်ဆက်ပြန်သွားတဲ့ မိုးဝင်းကိုလည်းခေါင်းညိတ်ပြလိုက်တယ်။
“အစ်မနွယ်မာ.. သမီးအတွက်ဘာမုန့်ပါလဲ”
နွယ်မာ့ ထဘီကိုဆွဲပြီး မေးလာတဲ့နို့ညှာမကို နှစ်ဆင့်ချိုင့်ရဲ့အပေါ်ဆုံးအဆင့်မှာထည့်ထားတဲ့ အေဝမ်းလမုန့်ထုပ်လေးနှစ်ထုပ်ကို ထုတ်ပေးလိုက်တယ်။
နွယ်မာတို့အလုပ်ဆိုက်မှာ မနက်၁၀နာရီတစ်ကြိမ် ၊နေ့လယ် ၃နာရီတစ်ကြိမ် tea time ဆိုပြီးနာရီဝက်လောက်နားရတယ်။အဲ့အချိန် လက်ဖက်ရည်သောက်ချင်တဲ့သူကို လက်ဖက်ရည်တိုက်ပြီး လက်ဖက်ရည် မသောက်တဲ့သူတွေကို မုန့်ကျွေးတယ်။နွယ်မာနဲ့ မိုးဝေကတော့ လက်ဖက်ရည် ဘယ်တော့မှ မသောက်ဘူး။ခွဲတမ်းရတဲ့ မုန့်လေးတွေကို အငယ်တွေအတွက်ယူလာဖြစ်တယ်။
အပြင်စာဆိုတာ နွယ်မာတို့အတွက် အပိုအစာပဲလေ။အဖြုန်းထက် အသုံးအတွက်တောင် မနည်းရှာရတာမို့
အငယ်တွေကို မုန့်ဖိုးပေးတယ်ဆိုတာ ဆယ်ခါရံမှတစ်ခါသာ။ဒီတော့ ကလေးသဘာဝ မုန့်မျှော်တတ်တာပေါ့။နွယ်မာ အလုပ်ကပြန်လာတိုင်း နို့ညှာမက အဲ့လိုပဲ မုန့်တောင်းနေကြလေ။
“အစ်မနွယ်မာ…
ဒီနေ့ အမေကြက်ဥချက်ထားတယ်။ တစ်ယောက်တစ်ခြမ်းတဲ့။ သမီးနဲ့နို့ညှာမက အမေနဲ့အတူစားပြီးသွားပြီ။အဲဒါ အစ်မတစ်ခြမ်းစားပြီး အဖေ့အတွက်တော့ တစ်လုံးချန်ထားလိုက်တဲ့။ အမေမှာတာ ပြောပြီးပြီနော်။
သမီးတို့ အရှေ့ဘက်အိမ်ကိုသွားပြီး TV ကြည့်လိုက်အုံးမယ်”
အငယ်မကပြောပြီးတာနဲ့ လူအရိပ်အယောင်ပါပျောက်သွားတယ်။နွယ်မာ အိမ်ကြမ်းပြင်က ထမင်းစားပွဲဝိုင်းဆီ တစ်ချက်လှမ်းကြည့်‌ပြီး သက်ပြင်းချလိုက်မိတယ်။ ခုချိန်ထိ ကြက်ဥတစ်ခြမ်း၊ ဒါမှမဟုတ် ဟင်းတစ်တုံးစားရတဲ့ဘဝက နွယ်မာတို့ မလွတ်နိုင်သေးပါဘူးနော်။
ခင်ဦး