• June 22, 2025
  • admin
  • 0

ခေါင်းဖြူ ခေါင်းမည်း

ကျောက်ဆောင်များသည် ပင်လယ်ပြင်အတွင်းဝယ်အစွယ်ငေါငေါ မာန်ဟုန်မူးမူးဖြင့် ဘီလူးများသဖွယ်ထင်မှတ်ရ၏။

လှေ၊ သမ္ဗန်၊ သင်္ဘောများဖြင့် သွားလာသူတိုင်းက ယင်းကျောက်ဆောင်များအား “ဘီလူးပါးစပ်”များအဖြစ် အမည်ပေးထားကြလေသည်။

မှန်သည်။ လှေ၊ သမ္ဗန်၊ သင်္ဘောများအတွက် အန္တရာယ်ကောင် ကျောက်ဆောင်များပင် မဟုတ်ပါလား။

“ဖြန်း – ဖြန်း – ဖြန်း”

ပင်လယ်လှိုင်းတံပိုးများကကျောက် ဆောင်နက်ကြီးများအား အင်အားအပြည့်ဖြင့် ရိုက်ခတ်လိုက်သည်။

သို့သော် လှိုင်းတံပိုးများမှာ အစိပ်စိပ်ပြိုကွဲကာသွားရ၏။ဖြူဖွေးသော ပုလဲစက်ကလေးများသဖွယ် မျက်ရည်ပေါက် ကြီးငယ်အသွယ်သွယ်နှင့် ဖြစ်ကြရ၏။

ကျောက်ဆောင် ကျောက်ဘီလူးများသည်လည်းကြာသော် ကွဲပျက်လာရ၏။ မျက်နှာပြင်တို့သည် ကျောက်ပေါက်ခွက်များကဲ့သို့ “ခုပ်ကွင်း” ဖြစ်လာ ရသည်။

“ခုပ်ကွင်း”ဆိုသည်မှာရေတိုက်စားဖန်များသောကြောင့် ကျောက်ထရံ ကျောက်ဆောင်ကြီးများပင် လိုဏ်ခေါင်းဖြစ်သွားခြင်းကို ဆိုလိုပါသည်။

ကျွန်ုပ်သည် မော်တင်စွန်း (နဂရေ အငူ)မှတစ်ဆင့် ဆီးချိုင်ရွာကလေးသို့ မုဆိုးကြီး ဦးဖဝေးနှင့် ရောက်ရှိနေပြီး နံနက်စောစော အကျော်ကြီးကျောက် ဆောင်တန်းသို့ ရောက်လာခဲ့ခြင်းဖြစ်၏။

ထို ဆီးချိုင်ရွာမှ မြွေတောင်ဘုရားသည် ထင်ရှားကာ မြတ်မော်တင်ဘုရားဖူးသူတိုင်းဘမြွေတောင်ဘုရားသို့ ရောက်ရှိကြသည်က များပါ၏။

ယခုကဲ့သို့ ရောက်လာခြင်းမှာ ဟိုင်းကြီးကျွန်းနှင့် ခမောက်မော် စသည့် ရေလုပ်သားများကိုဒုက္ခပေးနေသည့် ခေါင်းဖြူ ခေါင်းမည်းခေါ် မိကျောင်းနှစ်ကောင်အား လိုက်ရန်အတွက် လာခဲ့ခြင်းဖြစ်ပါ သည်။

ကျွန်ုပ်တို့နှင့်အတူ ခမောက်မော်ရွာသား မိကျောင်းလိုက် တံငါမုဆိုး စောသာဝ၊ စောပေါလောတို့လည်း ပါရှိလာကြသည်။

သူတို့ကားမိကျောင်းထိုးသလွတ် သို့မဟုတ် သဒွတ်ခေါ် မိကျောင်းထိုးမှိန်းကြီး ပါရှိလာလေသည်။

မိကျောင်းညီနောင်နှစ်ကောင်သည် ဟိုင်းကြီးကျွန်းမှရေလုပ်သားတစ်ဦးနှင့် ဆီးချိုင်၊ ခမောက်မော်ရွာမှကျောက်ပန်းခူးနေသောအမျိုးသမီးနှစ်ဦးအား ဆွဲ၍ ယူသွားရာ မည်သို့မျှ အစအနပင် မရတော့ပါချေ။

လွန်ခဲ့သောနှစ်ရက်က ဆီးချိုင်ရွာသား စံရွှေ၏ဇနီး မိလုံးအား ခေါင်းဖြူ ခေါင်းမည်း ဆွဲသွားသဖြင့် လူစု၍ လိုက်ကြရာ အကျော်ကြီး ကျောက်ဆောင်တစ်ဆောင်တွင် မိလုံးအလောင်းအား စားသောက်နေသော မိကျောင်းနှစ်ကောင်အား တွေ့သဖြင့် လူအုပ်စုကာ လှေများဖြင့် ညှပ်ကာ ခြောက်လှန့်လိုက်ရာ ခြေ တစ်ဖက် လက်တစ်ဖက်မပါသော မိလုံးအလောင်းကို ပြန်လည်ရလိုက်သော်လည်း မိကျောင်းကမူ ထွက်ပြေးသွားခဲ့ပြီ ဖြစ်၏။

စံရွှေနှင့် ရေမုဆိုးအချို့သည် မိကျောင်းအား သတ်ဖြတ်နိုင်ရန် လိုက်ခဲ့သည်။

ဘဲကို နံ့သာလိမ်း ပန်းပန်၍ ငါးမျှားချိတ်တပ်ကာ လွတ်သော်လည်း မိကျောင်းများက လားလားမျှပင် ပေါ်မလာကြပါ။

(ဤသည်ကို ငန်းလိုက်ခြင်းဟု ခေါ်ပါသည်။)

သို့နှင့် ကျွန်ုပ်နှင့် ဦးဖဝေးတို့အပြင် ရေမုဆိုး စောသာဝနှင့် စောပေါလောတို့ပါ နံနက်စောစော အကျော်ကြီး ကျောက်ဆောင်သို့ ခရီးထွက်ခဲ့ကြခြင်းတည်း။

ကျွန်ုပ်တွင် ကိုင်နေကျဖြစ်သော စပရင်းဖီး(လ်)ရိုင်ဖယ် မပါခဲ့ပါ။

ယခုအခါတွင် ဒသမ ၂၂ (Long Rifle) ရိုင်ဖယ်ရှည်ပါလာကာ ယမ်းအား ဂရိမ် (၄ဝ)နှင့် ပြောင်းထွက်ကန်အား ၁၃၃၅ ရှိသဖြင့် ကိုက်တစ်ရာအကွာရှိ ကျားကဲ့သို့ သားကောင်များအား ပစ်ကွင်းထိရောက်အောင်ပစ်ခတ်နိုင်ပါက တုံးခနဲ လဲကျသေသွားနိုင်ပါသည်။

တစ်ဖန် ဝင်ချက်စတာကုမ္ပဏီမှ ထုတ်လုပ်သော (Lever Motive Action) အမျိုးဖြစ်၍ ကျည်ထိုးကျည်ထုတ် မြန်ဆန်သော ရိုင်ဖယ်ဖြစ်ပါသည်။

မုဆိုးကြီး ဦးဖဝေးနှင့် စောသာဝ၊ စောပါလောတို့က ကျောက်ဆောင်ကြီးအောက်သို့ဆင်းကာ လေ့လာနေစဉ်တွင် ကျွန်ုပ်သည် ကျောက်ဆောင်ကြီး တစ်ဆောင်ပေါ်သို့ တက်ပြီး ထိုင်ကာ လှပသောရှုခင်းများကို ကြည့်နေမိပါသည်။

သဲပြင်စပ်တွင် သဲကဏန်းကလေးများက သဲတွင်းပေါက်မှ ဝင်ချည်ထွက်ချည် ရှိနေသကဲ့သို့ သဲကဏန်းအချို့သည် ကျောက်ဆောင်များအပေါ်သို့ တက်လာရာမှ ပင်လယ်ရေလှိုင်း ရိုက်လိုက်သဖြင့် လွင့်စဉ်ထွက်သွားချေသည်။

မိုးဆွေငှက်ကလေးအချို့မှာ ကျောက်ဆောင်ခုပ်တွင်းများမှ ပျံလိုက် ဝပ်ချလိုက်နှင့် ရှိနေကြပါလေသည်။

မုဆိုးကြီးဦးဖဝေးတွင်ဒသမ၁၂ဗို့ နှစ်လုံးပြူးသေနတ်ကြီးတစ်လက်နှင့် SG ကျည် LG ကျည်မာကျည်ဆန် ငါးဆယ်ပါရှိလာပါသည်။

ဦးဖဝေးနှင့် ရေမုဆိုးကြီးနှစ်ဦးတို့သည် ကျောက်ဆောင်ကြီးတစ်ဆောင်ပေါ်မှ အခြားကျောက်ဆောင်များသို့ ကူးသွားကြ၏။

ခေါင်းဖြူခေါင်းမည်းလူသားစား မိကျောင်းနှစ်ကောင်သည် အခြားချောင်းဝများတွင် တက်ရောက်ကာ အသိုက်ကိုကိုက်၍နေလေပြီလောဟူ၍ ကျွန်ုပ်က စဉ်းစားမိပါလေသည်။ ထိုအချိန်တွင် –

“ဟူး – ဖြန်း – ဖြန်း – ဖြန်း”

ကျောက်ဆောင်ကြီးနှစ်ဆောင်ကြားမှ လင်းနို့ကြီးအချို့ရုတ်တရက် ပျံထွက်လာသည်ကို ကျွန်တော် တွေ့လိုက်ရပါသည်။

ခေါင်းဆောင်လင်းဆွဲကြီး၏ အတောင်ပံတစ်ဖက်သည်ပင် သုံးပေခန့် ရှိပြီး သူ၏ဦးခေါင်းမှာ သုံးလသား ခွေးတစ်ကောင်၏ ဦးခေါင်းလောက် ကြီးမားနေသည်ကိုတွေ့လိုက်ရပါ၏။ ထိုစဉ်-

“ဖြောင်း”

“ဝုန်း”

အသံနှင့်အတူ ကျွန်ုပ်၏ခါးပိုင်းဆီသို့ အရာဝတ္ထုတစ်ခု တအားကုန် ရိုက်ခတ်လိုက်ခြင်း ခံလိုက်ရ၏။

သို့သော်ရုတ်တရက်လေတိုးသော အရှိန်ကြောင့် ကျွန်ုပ်မှာ လေထက်သို့ ခုန်တက်လိုက်တာ အခြားကျောက် ဆောင်ပေါ်သို့ကူးလိုက်နိုင်သောကြောင့် သီသီကလေး လွတ်သွားချေသည်။

“ဝေါ”

ကြည့်လိုက်ရာ ဘောက်တူအရွယ် ဦးခေါင်းဖြူဖြူ မိကျောင်းကြီးတစ်ကောင်သည် ကျောက်ဆောင်အောက်သို့ ငုပ်လျှိုးပျောက်ကွယ်သွားပါတော့၏။

ကျွန်ုပ် အရှောင်ကောင်းသဖြင့်သာ သက်သာရာရသွားခြင်း ဖြစ်ပါသည်။

မည်သို့ဖြစ်စေ ကျွန်ုပ်အသက်ဘေးမှ လွတ်မြောက်သွားခြင်းအတွက် ဝမ်းသာရသလို၊ ခေါင်းဖြူမိကျောင်းအား အချိန်မီ သေနတ်ဖြင့် မပစ်ခတ်လိုက်ရ သောကြောင့် မကျေမနပ်ဖြစ်မိတော့သည်။

ကျွန်ုပ်သတိထားမိသည်မှာ လင်းနို့ ကြီးများ ပျံထွက်လာသောအကြောင်းပင်။

“ဖထီးရေ …”

ကျွန်ုပ်က အသံပြုလိုက်စဉ်မှာပင်

ဦးဖဝေးနှင့် စောသာဝတို့လည်း ကျောက်ဆောင်ကြီးတစ်ဆောင်ကြားမှ ပေါ်ထွက်လာကြပါလေသည်။

ခေါင်းဖြူကြီးက ကျွန်ုပ်အား အမြီးနှင့် လှမ်းရိုက်သွားခဲ့ကြောင်းကို ပြောလိုက်သဖြင့် အားလုံးကပင် အံ့အားသင့်သွားကြပြီ။ ဦးဖဝေးက –

“ဝေ့ … ကောင်ရေ ဒါဆို ခေါင်းဖြူနဲ့ ခေါင်းမည်းဟာ ဒီကျောက်ဆောင်တွေအနီးမှာပဲ ရှိရမှာပဲကွ”

“ဟုတ်ပါတယ်။ ဒီတော့ ကျွန်တော် ဒီကစောင့်နေမယ်။ ဘောက်တူလှေနှစ်စင်း သွားယူခဲ့ပါ။ ဒီကျောက် ဆောင်အောက်ကို ဝင်ကြရအောင်”

ဤတွင် စောသာဝက –

“ဟိုဘက် အနောက်တောင်ဘက်ကို အနီရောင်တွေသန်းပြီး အတန်းကြီး ဖြစ်လာတယ်။ ဒါ မုန်တိုင်းကျလာမယ့် သဘောပဲ။ ကျုပ်တို့ မုန်တိုင်းမကျခင် ဆီးချိုင် ပြန်ကြရအောင်”

ကျွန်ုပ်တို့လည်း စောသာဝစကားကြောင့် သဘောတူလိုက်ကာ ဆီးချိုင့် ရွာသို့အသော့ပြန်နှင်ခဲ့ရပါတော့သည်။

လေမုန်တိုင်းမဟုတ်ပါ။ လေနီကြမ်း၊ လေဆင်နှာမောင်းသည် ပင်လယ်ပြင်တွင် မင်းမူစပြုပါလေပြီ။

ဆီးချိုင့်ရွာသို့ရောက်သည်နှင့် တဝေါဝေါ လေပွေသံနှင့် တဝုန်းဝုန်း မာန်ဖီသောင်းကျန်းလာသည့် ပင်လယ်လှိုင်းလုံးများအား တွေ့မြင်ရပါသည်။ ထိုအခါ မိုးကလည်း ကောင်းကင်ပြင်တွင်လည်း သည်းသည်းမည်းမည်း လျှပ်စီးလက်လက်နှင့် မိုးကြိုးခွင်းသံများ နားမဆန့်အောင် ကြားလာရချေ၏။

လေနီကြမ်းများသည် ပင်လယ်ပြင်တွင် မိုးနှောင်းဆောင်းဝင်ကာလများတွင် မကြာခဏ ဖြစ်လေ့ဖြစ်ထရှိသဖြင့် ရေလုပ်သားများအတွက် အထူးသတိ ထားရပါလေသည်။

လေဆင်နှာမောင်းကြောင့် အုန်းပင်တွေ အိမ်ခေါင်မိုးတွေ ပြုတ်ထွက်လွင့်ပါးသွားကြလေသည်။

ညနေသုံးနာရီလောက်မှ လေမှာ ငြိမ်သက်သွားကာ ကောင်းကင်ပြင်မှာ ကြည်လင်လာလေတော့သည်။

သို့သော် ပင်လယ်ပြင်တွင် လှိုင်းလုံးများ မငြိမ်သက်သေးပါ။ ဤအချိန်တွင် ခေါင်းဖြူခေါင်းမည်းတို့အား လိုက်ရန် အချိန်ကောင်းဖြစ်ပါသည်။

လေကြမ်း ရေကြမ်းကြောင့် ကျောက်ဆောင်ဂူများအတွင်း ပုန်းအောင်းနေမည်မှာ သေချာလှပါသည်။

ထို့ကြောင့်ဘောက်တူလှေနှစ်စင်းဖြင့် ပြန်လည်ကာ ထွက်လာကြပါသည်။ ယခုတစ်ကြိမ်တွင် ဦးဖဝေးအား ဒသမ၄ဝ၅ အမဲကြီးပစ်ရိုင်ဖယ်ကို ယူစေပြီးစောသာဝအား ဒသမ၁၂ဗို့ SG-LG ကျည်ဆန်မာများဖြင့် ပစ်ခတ်ရသော နှစ်လုံးပြူးသေနတ်ကို ယူစေခဲ့ပါ၏။

ထို့အပြင် ငါးတောင့်ထိုး အဲဗားရယ်ဒီလက်နှိပ်ဓာတ်မီး နှစ်လက်နှင့် ကြိုးခွေများ၊ သလွှတ်မှိန်းများ၊ သံချိတ်နှင့် ကြိုးများ၊ ဆေးဝါးများပါ ယူခဲ့ကြ၏။

ကျွန်တော်တို့သည် ဘောက်တူလှေနှစ်စင်းဖြင့်မြောက်ဘက်ရှိ အကျော်ကြီးကျောက်ဆောင်ဆီသို့ ရွက်တိုက်လာခဲ့ကြသည်။ လေကတဟူးဟူး။ လှိုင်း ပေါ်တွင်လှေနှစ်စင်းက ပြေးနေ၏။

မည်းနက်ပြီး မိုးပြင်သို့ လွင့်မျောကာ ထိုးတက်နေသည့် အကျော်ကြီးကျောက်ဆောင်နှင့် သန္တာကျောက်တန်းများ။

ကျောက်ဆောင်ကြီးအောက်တွင် ကျောက်ဆောင်ငယ်ကလေးများက များပြားလှ၏။ ကျောက်ဆောင် ကျောက်တန်းတို့သည် သွားဖြဲထားသော ငမန်း ကျားပါးစပ်ကဲ့သို့ တူလှ၏။

မကြာမီ လမ်းပြမုဆိုးကြီးစောသာဝ ခေါင်းဆောင်ကာ ကျောက်ဆောင်များအတွင်းသို့ ဘေးမသီ ရန်မခပဲ ရောက်လာပါသည်။ ကျောက်ဆောင်ကြီးအချို့မှာ ရေလှိုင်းကြောင့် တိုးလျှိုပေါက်ကြီး ဖြစ်လျက်ရှိသည်။

မကြာမီ ကျောက်ဆောင်ကြီး၏ ဂူပေါက်ကြီးတစ်ပေါက်ကို တွေ့လိုက်ရ၏။ ရေက ကျောက်ဂူရှေ့ကြမ်းခင်းတွင် တဖြန်းဖြန်းရိုက်ခတ်နေ၏။

လှေများကိုဆိုက်ကပ်လိုက်ပြီး ကျောက်ချလိုက်သည်။

ကျောက်ဂူကြီးအတွင်းမှ လင်းနို့ချေးနံ့များ တထောင်းထောင်းထနေသဖြင့် ရှူရှိုက်နေရ၏။

ထို့နောက် လက်နှိပ်ဓာတ်မီးထိုးကာ ထိုဂူကြီးအတွင်းသို့ ဝင်ခဲ့စဉ် လင်းနို့ငယ်အချို့ဟူးခနဲ ပျံထွက်သွားကြလေသည်။

တဖြည်းဖြည်း ကျောက်ဆောင်ဂူကြီးသည် ကျယ်လာကာ ကျောက်ပန်းဆိုင်းများ၊ ကျောက်တိုင်များက သဘာဝအလျောက် ဖြစ်ပေါ်နေသည်ကို တွေ့ရပါလေသည်။

ဂူကြီး၏အမိုးတွင်ကြီးမားလှသော လင်းဆွဲကြီးတစ်ကောင်က မျက်လုံးစိမ်းကြီးဖြင့် ကျွန်တော်တို့အား စောင့်ကြည့်လျက်ရှိ၏။ သူ၏ဦးခေါင်းသည် ခွေးတစ်ကောင်၏ ဦးခေါင်းနီးပါးမျှ ကြီးလှ၏။

“ဒါဟာ ခေါင်းဆောင်လင်းဆွဲကြီးတွေပေါ့”

စောသာဝကပြောလိုက်ပါ၏။

အတွင်းတွင် ဂူပေါက်တွေ မြင်နေရ၏။ လင်းနို့ချေးများကလည်း များပြားလှသလို တိုင်းပြည်အတွက် အဖိုးတန်ပစ္စည်းများပင် မဟုတ်ပါလား။

“ဂူး … ဂူး”

ရုတ်တရက် သတ္တဝါတစ်ကောင်၏ ဟိန်းသံနှင့်အတူဂူပေါက်ကြီးတစ်ပေါက်မှ ပေါင်လုံးခန့် စပါးကြီးမြွေတစ်ကောင်သည် သတ္တဝါတစ်ကောင်အား အမြီးဖြင့် ရစ်ငင်ဆွဲယူလိုက်ကာ အခြားဂူပေါက်တစ်ပေါက်ထဲသို့ တိုးဝင်သွားသည်ကို တွေ့ရလေ၏။

မြင်ရသည်မှာ တောင်ရိုးကျားသစ်ပေါက်ကြီးတစ်ကောင်မှာ အကျော်ကြီးကျောက်ဆောင်သို့ ရောက်လာရာမှ စပါးကြီးမြွေနှင့်တွေ့သွားကာ အဖမ်းခံ လိုက်ရပုံ ရပါလေသည်။ ထိုစဉ်-

“ဝေါ”

ရုတ်တရက်အသံကြီးများမြည်၍ ဂူပေါက်တစ်ပေါက်မှ ပေါ်ထွက်လာသော မိကျောင်းကြီးနှစ်ကောင်တည်း။

ဂူပေါက်မှာ ကျွန်ုပ်တို့ရောက်နေသော အခန်းကြီး၏ ဝဲဘက်ဂူပေါက်ဖြစ်ကာ လူတစ်ရပ်စာမြင့်လှသည်။

“ဝေါ”

ရုတ်တရက်ပင်နှစ်ကောင်စလုံးခုန် ဆင်းလာကာ ရှေ့ဆုံးမှ စောပေါလောအား ခုန်၍ဟပ်လိုက်၏။

အနီးကပ်ဖြစ်နေသောကြောင့် စောပေါလောမှာခုန်၍ရှောင်လိုက်သော်လည်း အနည်းငယ်နောက်ကျကာ လက်တစ်ဖက်မှာ ခေါင်းဖြူ၏ပါးစပ်ထဲ ရောက် သွားခဲ့၏။

“ဒိုင်း”

“ဒိုင်း”

ကျွန်ုပ်နှင့် ဦးဖဝေးတို့သည် အနီးကပ်ခေါင်းဖြူ၏ လက်ပြင်နှင့် ခေါင်းပိုင်းကို ရိုင်ဖယ်ဖြင့် ပစ်ခတ်လိုက်ရ၏။ တစ်ပြိုင်တည်းမှာပင် ခေါင်းမည်းအား ပစ်ခတ်လိုက်ကြပြန်သည်။

သို့သော် ခေါင်းမည်းသည် ဂူပေါက်တစ်ပေါက်ထဲသို့ ပြေးဝင်သွား၍ လွတ်သွားပါသည်။

စောပေါလောမှာ မိကျောင်းခေါင်းဖြူပါးစပ်ထဲမှ သွေးရဲနေသော သူ့လက်ကို ထုတ်ယူနိုင်ခဲ့ပါသည်။

ခေါင်းဖြူကား ရိုင်ဖယ်ကျည်ဆန်ဒဏ်မခံနိုင်ပဲ ကိစ္စတုံးသွားချေပြီ။

ယခု ကျွန်ုပ်တို့ ခေါင်းမည်းနောက်သို့ လိုက်ကြရသည်။ ထိုဂူပေါက်သို့ မီးထိုးဝင်ရောက်ရသော်လည်း လင်းနို့ကြီးများ တဝုန်းဝုန်းပျံထွက်နေသဖြင့် အခက် အခဲ ကြုံနေရပါသည်။

ကျွန်ုပ်တို့ ထိုဂူပေါက်မှ တိုးဝင်လိုက်ပြီး အခန်းကြီးတစ်ခန်းထဲသို့ ရောက်သည်နှင့် ကျောက်တုံးကြီးတစ် တုံးအကွယ်မှ သတ္တဝါကြီးတစ်ကောင်

ဝေါခနဲထိုးထွက်ကာ ကျွန်ုပ်နှင့် စောသာဝအား ပါးစပ်ကြီးဖြဲ၍ ကိုက်လိုက်ပါသည်။

“ဟာ”

စောသာဝအံ့အားသင့်နေစဉ်မှာပင် ကျွန်ုပ်က ကျည်ဆန်တစ်တောင့်အား ခေါင်းမည်း၏ အာခေါင်ထဲသို့ ပစ်သွင်းလိုက်သလို ဦးဖဝေးကလည်း ခေါင်းမည်းကြီး၏ လက်ပြင်ကို ဒသမ ၄ဝ၄ ရိုင်ဖယ် ကျည်ဆန်ဖြင့် ပစ်ခတ်လိုက်ပါသည်။

ထိုစဉ်-

“ဖြန်း – ဖြန်း – ဖြန်း”

“ဝှီး – ဝှီး – ဝှီး”

ကျွန်ုပ်တို့အဖို့ အပေါ်ရော အောက်ပါ ရန်သူနှင့် တိုးနေရချေ၏။

“ဒိုင်း”

ကျွန်ုပ်သည် ခေါင်းမည်းကြီးအား ကျည်တစ်တောင့် ပစ်သွင်းလိုက်စဉ်မှာပင် ဧရာမလင်းဆွဲကြီးသည် တဖြန်းဖြန်းနှင့်ဝဲကာ ပါးစပ်ကိုဖြဲ၍ တိုက်ခိုက်ရစ်ဝဲ နေပါတော့၏။

ခေါင်းမည်းသည်ကျွန်ုပ်တို့ပစ်ခတ် လိုက်သောကျည်ဆန်ဖြင့် မသေသေးပါ။

သူသည် ကျွန်ုပ်တို့အား လှည့်၍ အမြီးဖြင့် ရိုက်ပါသေး၏။

“ဖြောင်း”

“ဝုန်း

ကျောက်မှုန့်များ ထောင်းခနဲ ပျံတက်သွားလေသည်။

ဦးဖဝေး၏အနီးမှ စောပေါလောသည် သလွှတ်ကြီးနှင့် ခေါင်းမည်း၏ လက်ပြင်ကို ထိုးထည့်လိုက်သည်။

“ခွပ်”

“ဝုန်း”

ခေါင်းမည်းသည် လိမ့်ထွက်သွားပြီး ကျောက်ရေအိုင်ထဲသို့ ကျသွားလေသည်။

သို့သော် သလွှတ်ကြိုးတို့က သူ့အား တုပ်ချည်ထားပြီး ဖြစ်လေသည်။

စောသာဝက –

“ဟား- ဟား-ဟား- ဟား လူသားစားသတ္တဝါတွေ ခုမှပဲ မျိုးပြုတ်တော့တယ်”

စောသာဝက ပြောလိုက်စဉ်မှာပင် လင်းဆွဲကြီးသည် တဖြန်းဖြန်းနှင့် ပျံဝဲနေ၏။ မျက်လုံးများက တဝင်းဝင်းလင်း နေ၏။

ကျွန်ုပ်တို့သည် ခေါင်းမည်းကို ကျောက်ရေအိုင်ထဲမှ ဆွဲထုတ်ကာ တစ်ဖက်ကျောက်ဂူအခန်းထဲသို့ ယူလာ ကြပြီးလျှင် ခေါင်းဖြူနှင့် ခေါင်းမည်းအား ဘောက်တူလှေနှစ်စင်းဖြင့် ပူးတွဲကာ အမြန်ဆုံးအကျော်ကြီးကျောက်ဆောင်မှ ပြန်ထွက်ခဲ့ရပါလေသည်။

ပင်လယ်တွင် လှိုင်းများ ငြိမ်သက်စပြုနေကာ ဗျိုင်းဖြူတစ်အုပ် ဝဲပျံလာကြ၏။

နေဝန်းသည်ပင်လယ်တွင်းသို့ ရေသောက်ဆင်းနေကာ နေခြည်များက အရှေ့မိုးကုပ်စက်ဝိုင်း တိမ်လှိုင်းများတွင် လှပစွာ ဖြာဆင်းလျက်ရှိပါသည်။

ရေလုပ်သားများ၏ လှေများသည် ဝမ်းသာအားရဖြင့် ကျွန်ုပ်တို့ဘောက်တူလှေနှစ်စင်းအား ခြံရံကာ လိုက်ပါလာကြပါသတည်း။

– ပြီး –

စာရေးသူ – မြဝဇီ
စာစီစာရိုက် – မုဆိုး တံငါ စာပေများ

Leave a Reply

Your email address will not be published. Required fields are marked *