ခင်မောင်အေး (မန္တလေး)


အရှေ့ဘက် မင်းဝံတောင်တန်းဆီမှ နေဝန်းနီနီကြီး ထွက်ပေါ် လာသည့်အခါ ပတ်ဝန်းကျင်တစ်ခွင်လုံး နွေးထွေးသွားသည်။

ဝါးဖြူတောင်ရွာသည် လှပသောအရုဏ်ဦးတွင် ငြိမ်သက်တိတ်ဆိတ်နေဆဲပင် ဖြစ်သည်။ သည်မျှလှပသော နံနက်ခင်းသည် ရုတ်ခြည်းပင် အကျည်းတန် အရုပ်ဆိုးသွားတော့သည်။ ကျေးငှက်သာရကာတို့၏ သာယာသော တေးသံအစား ချောက်ချား ဖွယ်ရာ အာခေါင်ကိုခြစ်၍ ဟိန်းလိုက်သောအသံ ကျယ်လောင်စွာ ပေါ်ထွက်လာသည်။

အသံသည် ကျားတစ်ကောင်၏ ဒေါမာန်တကြီး ဝမ်းခေါင်းသံဖြင့် ဟိန်းလိုက်သံ ဖြစ်သည်။ မကျေမနပ်ဒေါသတကြီး နာကြည်းစွာ အော်ဟစ်လိုက်ခြင်း ဖြစ်သည်။ လိပ်ပြာလွင့်စဉ်သွားခမန်း၊ နှလုံးသည်းခြေပျက်ခမန်း ရှိသည်။ ငှက်ကလေးများ၏ အသံပင် ရုတ်ခြည်း တိတ်ဆိတ်သွားပြီ။

‘ဝေါင်းခနဲ ဝေါင်းခနဲ’ ဆက်တိုက်ဟိန်းနေသံက အဆက်မပြတ် ပေါ်ထွက်နေသည်ဖြစ်၏။

ဝါးဖြူတောင်တစ်ရွာလုံး လှုပ်လှုပ်ရှားရှား အုန်းအုန်းကျွတ်ကျွတ်ဖြစ်သွားသည်။ ခွေးသံ၊ ကလေးသံ၊ ကျွဲ၊ နွားတို့၏ ဆူသံ အော်သံများ ညံညံစီသွားသည်။

သည်အသံများကြောင့် သူ အိပ်ပျော်နေရာမှ ကမန်ကတန်း ထထိုင်လိုက်မိသည်။ ကျယ်လောင် စွာ ကြားနေရသော သည်အသံသည် ဒေါသထန်၍ မာန်သွင်းကာ ဟိန်းလိုက်သော ကျားတစ်ကောင်၏ အသံမဟုတ်လား။

“ဟာ . . . ဟင်းကောင် မိနေပြီထင်တယ်။ ဒုက္ခပါပဲ”

စိန်သိန်းသည် စိတ်ပျက် လက်ပျက် ညည်းညူလျက် အိပ်ရာမှ ကမန်းကတန်းထထိုင်လိုက်သည်။ လုံချည်ကို တင်းတင်းဝတ်ရင်း မျက်နှာပင် မသစ်အားဘဲ ဓားမတိုတစ်ချောင်းဆွဲ၍ အိမ်ထဲမှ ခပ်သုတ်သုတ် ပြေးထွက်လာရသည်။

ဦးတည်ရာက ဝါးဖြူတောင်ထိပ် ကားလမ်းဆုံ၏ လက်ယာဘက် သူ့လယ်တောသို့ ဖြစ်၏။ မန္တလေး ဝါးဖြူတောင်ထိပ် ကားလမ်းဆုံ၏ လက်ယာဘက် သူ့လယ်တောသို့ဖြစ်၏။

မန္တလေး ဝါးဖြူတောင်၊ သပိတ်ကျင်း-မိုးကုတ်ကားလမ်းဆုံ၏ လက်ယာဘက်ကပ်လျက်ရှိသည့်လယ်တောမှာ သူ့ လယ်တောဖြစ်ပြီး ဝက်တွေနှိပ်စက်လွန်းသည်။

တောင်သူများအဖို့ ကောက်ပဲသီးနှံ စိုက်ပျိုးလုပ်ကိုင်ကြရာတွင် လူက တစ်ဝက်၊ တိရစ္ဆာန်ကတစ် ဝက်စားရသည်။ အင်မတိ အင်မတန် ကုသိုလ်ကောင်းလွန်ပါမှ လူက သုံးပုံ နှစ်ပုံ၊ တိရစ္ဆာန်က သုံးပုံ တစ်ပုံအချိုးဖြင့် စားရသည်။

ယခု စိန်သိန်း စိုက်ပျိုးလုပ်ကိုင်ထားသော လယ်တောမှ မှည့်ဝင်းစ စပါးများကို တောင်ပေါ်မှ ဝက်အုပ်ဆင်း၍ နှိပ်စက်နေသည်။

ဝက်ဆိုသော သတ္တဝါမျိုးက စားရုံသာစားသည် မဟုတ်။ အဆန်ကို စားသည်။ အနှံကို ကိုက်ဖြတ်သည်။ အမြစ်ကို တူးဆွ၍ မြေလှန်ပစ်သည်။ အလွန်တရာ ဖျက်ဆီးတတ်သော သတ္တဝါမျိုး။

ထို့ကြောင့်ပင် သည်အယုတ်တမာကောင်တွေကို မကျေနပ်၍ ကွင်းလျောထောင်ထားခဲ့ခြင်း ဖြစ်သည်။ လက်သုံးလုံးခန့် ကြေးနန်းကြိုးတစ်ချောင်းကို အမီနာ့ယောက်ျား ကာဆင်ထံက ဝယ်လာ သည်။ ကာဆင်ဘယ်ကရသည်ကိုတော့ သူ မစပ်စု။

သည်ကြေးနန်းကြိုးကို ကွင်းလျောလုပ်၍ ကိုင်းစပ်နှင့်ကပ်လျက် လယ်တောအဝင် ဆူးခတ်စည်းရိုးကို ခပ်ဟဟဖွင့်ကာ မြရာပင်စည်တွင် လေးငါးဆယ်ပတ် လိမ်ပြီး ထောင်ထားခဲ့ခြင်းဖြစ်သည်။

ယခု ကွင်းလျောတွင် သားကောင် မိနေချေပြီ။ စပါးခင်းကို ဖျက်ဆီးစားသောက်သော တောဝက်ကို ထောင်ပါမှ ကျားကိုပါမိနေသည်လား မဆိုနိုင်ပါ။

ဝါးဖြူတောင် ရွာသူ ရွာသားတွေအားလုံး ကလေး လူကြီး မကျန် ကျားဟိန်းသံကြားရာ သူ့လယ်တောဘက်သို့ ဦးတည်ပြေးလွှားသွားနေကြသည်။

“ဝေါင်းခနဲ … ဝေါင်းခနဲ” ဟိန်းနေသံက လယ်တော ရှိရာ လမ်းဆုံဘက်က ထွက်ပေါ်နေ၍ ဖြစ်၏။ လူအုပ်နှင့်ရော၍ ပြေးလာရင်းက သူ့လယ်တောအစသို့ ရောက်သည်နှင့် ချောက်ချားဖွယ်ရာ မြင်ကွင်းတစ်ရပ် စိန်သိန်းကို ဆီးကြိုလျက်ရှိသည်။

ရွာသူ ရွာသားများလည်း သည်မြင်ကွင်းကိုကြည့်ရင်း ကျွတ်စီ ကျွတ်စီ ဖြစ်သွားကြသည်။ “ဟာ” ကနဲ
“ဟယ်”ကနဲ ဆူညံသွားသည်။

စိန်သိန်းက ဝက်ကို ရည်ရွယ်ပြီး ကြေးနန်းကြိုးကို ကွင်းလျောလုပ်ကာ လယ်စည်းရိုးတွင် ထောင်ထားခဲ့သော ကွင်းလျောတွင် ဧရာမကျားကြီးတစ်ကောင် မိနေသည်။

ယုံတမ်းစကား မဟုတ်။ မျက်စိနဲ့ တပ်အပ်သေချာမြင်နေရသည်။ ကွင်းလျောက ကျားကို စလွယ်သိုင်းမိထားသည်။ လှုပ်လေ မြှုပ်လေဖြစ်နေသည်က အသေအချာဖြစ်သည်။

ကျားသည် ရွာသားတစ်အုပ်ကြီး တွေ့ရသဖြင့် ထိတ်လန့်တကြားဖြစ်ကာ အတင်းရုန်းလေ ကြေးနန်းကြိုးက အသားထဲသို့ နက်နက် ရှိုင်းရှိုင်း တင်းတင်းကျပ်ကျပ် ဝင်သွားလေဖြစ်နေသည်။ ကျားသည် ရုန်းလေ နာလေဖြစ်နေသဖြင့် အလွန့်အလွန် ဒေါသတကြီး ဖြစ်နေသည်။

လေးလံခန့်အရှည် ကြေးနန်းကြိုးကြောင့် သည်မှဟိုး … ဟိုမှ သည် ပြေးလွှားလူးလှိမ့်နေသည်။ လက်လှမ်းမီရာ သစ်ကိုင်း သစ်ပင် သစ်မြစ်များအား ဒေါသတကြီး ကိုက်ခဲကုတ်ခြစ်သည်။

မုန်တိုင်း တိုက်ခတ်ထားသည့်အလား ဖြစ်သည်။ သစ်ပင်သစ်ကိုင်းများ စုတ်ပြတ်ကြေမွနေသည်။

မြေပြင်မှ ဒေါသတကြီး လှမ်း၍ ခုန်လိုက်သည့်အခါ ကြိုးစက တုတ်ဆွဲလိုက်သလိုဖြစ်ပြီး ဘုန်းကနဲ ပစ်ကျသွားသည်။ လှုပ်လေ မြုပ်လေ၊ ရုန်းလေ နာလေနှင့် ကျားသည် နာကျင်လွန်းသဖြင့် မာန်သွင်းကာ ဟိန်းသည်။

ဝါးဖြူတောင် တစ်ရွာလုံး သိမ့်သိမ့်တုန် သွားသည်။

“အနားသိပ်မကပ်ကြပါနဲ့၊ လူတွေများများမြင်လေ ကျားက ဒေါသကြီးလေ ဖြစ်နေတယ်။ နောက် ဆုတ်ကြဗျာ။ ခပ်ဝေးဝေး မမြင်ကွယ်ရာက ကြည့်နေကြပါဗျ”

စိန်သိန်းက သူ့ရွာသားများကို တောင်းတောင်းပန်ပန် စကား ဆိုသည်။

“ဟုတ်တယ်… ဟုတ်တယ်၊ ဝေးဝေးက ကွယ်ပြီးကြည့်ကြ။ ကျားက သိပ်ရုန်းရင် ကြိုးပြတ်သွားနိုင်တယ်”

တစ်ယောက်က ဝင်ပြောသည်။ ကြိုးပြတ်သွားနိုင်တယ်ဆိုတာနှင့် ရွာသားတွေ ထိတ်လန့်တကြား နောက်သို့ ရှဲခနဲ ဆုတ်လာကြသည်။

“လှံနဲ့ ဝင်ထိုးမလား ဓားနဲ့ ဝိုင်းခုတ်မလား။ မင်းကောင်ကြီးကို ဘယ်လိုလုပ်မှာလဲ စိန်သိန်းရ”

ဝါးဖြူတောင်ကျေးရွာဥက္ကဋ္ဌ ကိုကျော်မြင့်က စိန်သိန်းကို လှမ်းမေးသည်။

“စိန်သိန်းဆိုတဲ့ ကောင်ကတော့ တောထဲက ဟင်းမျိုးကို ကွင်းလျောထောင်တယ်လို့ကွာ။ တော်တော့ကို ဉာဏ်များတဲ့ကောင် ကော်ရောဟေ့”

ဦးမြင့်ဆွေက ချုံကွယ်ကနေ မှတ်ချက်ပြုသည်။ ကွင်းလျောမိနေသော ကျား၏မျက်လုံးအစုံသည် မီးဝင်းဝင်းတောက်နေသည့်နှယ် ထင်ရသည်။

ကြီးမားသော တင်းတောင်းတမျှ ဦးခေါင်းကြီးကို ခါယမ်းလျက် ဖြူဖွေးသော အစွယ်ကြီးများဖြင့် ပါးစောင်းကို ဖြဲ၍ ဟင်းခနဲ .. ဟင်းခနဲ မာန်သွင်းရင်း လူအုပ်ကို ရန်လိုစွာ ကြည့်နေသည်။

ရှေ့လက်တစ်ဖက်ဖြင့် မြေကို ဘုန်းကနဲ ဘုန်းကနဲ ပုတ်ပစ်လိုက်သည်။ စိန်သိန်း၏ ဝင်းမှည့်စ စပါးခင်းသည် တလင်းနယ်ထားသည့်အလားပင်။

(နှစ်)

“ကျုပ် လှံနဲ့ထိုးမယ်ဗျာ၊ ဓားနဲ့တော့ ဝင်မခုတ်ရဲဘူး။ လှံသုံးလေးချောင်းနဲ့ ဝိုင်းထိုးရင် ဒင်း မခံနိုင်ပါဘူး။ ကြိုးက ရှည်နေတော့ ကျားက လှမ်းခုန်အုပ်ရင် ကားခနဲ နေမှာဗျ။ ဝေးဝေးက လှမ်းထိုးမှ။ ဘယ်သူ ကျုပ်နဲ့အတူ ဝင်ထိုးမလဲ”

စိန်သိန်းက ကိုမြင့်ဆွေကို လှမ်းမေးလိုက်သည်။ ဥက္ကဋ္ဌ ကိုကျော်မြင့်ကိုလည်း အကြံဉာဏ် တောင်းသလို လှမ်းကြည့်သည်။

“အေး မင်းအကြံ မဆိုးဘူး။ လှံနဲ့ ဝိုင်းထိုးမယ်။ ဟေ့ ထွန်းအေးတို့၊ မောင်မျိုးတို့ မင်းတို့ လှံတွေ မှိန်းတွေ ရသလောက် ပြေးယူကြ။ ရွာလယ်ပိုင်းက သာထွန်း တို့ ညီအစ်ကိုလဲ ဝင်ခေါ်ခဲ့။ ဟင်းမျိုးကို လှံနဲ့ ဝိုင်းထိုးမယ်လို့”

ဥက္ကဋ္ဌက လှမ်းပြောလိုက်သည်။

ကျားသည် ဒေါသတကြီး ရုန်းကန်ထားရ၍ မောနေပုံရသည်။ မလှုပ်တော့ဘဲ ငြိမ်နေသည်။ ဝါးဖြူတောင်ရွာသားများအား ရန်မူချင်သလို စောင်၍ ကြည့်နေသည်။ တင်းတောင်းတမျှ ဦးခေါင်းကြီးကို မြေပြင်သို့နှိမ့်၍ တစ်ချက်ဟိန်းလိုက်သည်။

“ဝေါင်း”

စိန်သိန်း ခေါင်းဆောင်လျက် ထွန်းအေး၊ မျိုးမင်းတင်နှင့် သာထွန်းတို့တစ်သိုက် လှံများ မှိန်းများဖြင့် ကျားကို ဝိုင်းပစ် ဝိုင်းထိုးကြသည်။

“ရွှစ်ကနဲ … ဝှီကနဲ” လှံများ မှိန်းများက ကျား၏ ကြီးမားသော ကိုယ်ထည်ကြီးသို့ တည့်တည့်မတ် မတ် ဝင်သွားကြသည့်တိုင် “ဝေါင်းခနဲ … ဝေါင်းခနဲ” မြည်ဟိန်းလျက် လူးလွန့်ခုန်ပျံတိမ်းရှောင်လိုက်သည့် ကျားကိုယ်ထည်တွင် တစ်ချောင်းမှ စူးဝင်သွားခြင်း မရှိ။

“မဖြစ်ဘူးဟေ့… မဖြစ်ဘူး၊ ကျားကို ပိုပြီး ဒေါသကြီးအောင် ဆွပေးသလိုဖြစ်နေတယ်။ ဒီကောင်ကြီး တအားရုန်းရင် ကြိုးပြတ်သွားလိမ့်မယ်။ နေကြဦး”

စိန်သိန်းက မောကြီးပန်းကြီးဖြင့် ရွာသားများအား တားလိုက်ရသည်။

“တောက် ဟင်းမျိုးနှယ် ပါးလိုက်တာကွာ။ သေနတ်နဲ့ ပစ်လိုက်ရရင် . . . “

ရွာသားတစ်ဦးက “တောက်” ခေါက်ရင်း အမှတ်မထင် ညည်းညူလိုက်၏။

“အေး … ဟုတ်တယ် ဟေ့။ ဟင်းမျိုး သေနတ်နဲ့ဆော်ရအောင်။ စိန်သိန်း သပိတ်ကျင်းကိုသွား။ ရဲကို အကြောင်းကြားကွာ။ စခန်းမှူးကို သွားသတင်းပို့ကွာ။ သွား … သွား”

ဥက္ကဋ္ဌက သေနတ်ကိစ္စ ညွန်ကြားစီစဉ်သည်။

“ကောင်းတယ်ဟေ့၊ စိန်သိန်း စက်ဘီးနဲ့သွားကွာ။ ကာဆင် … ကာဆင်ကော မင်းစက်ဘီး စိန်သိန်းကို ခဏငှားလိုက်စမ်းကွာ”

အတွင်းရေးမှူး လှဆိုင်က ကာဆင့်ကို အကူအညီတောင်းပေးသည်။

နေက ထန်းတဖျားသို့ ရောက်လာနေသည်။ ကွင်းလျောမိထားသော ကျားကို အချိန်အကြာကြီးဆွဲထား၍ မဖြစ်တော့။ အမြန်ဆုံး သုတ်သင်ပစ်ဖို့ လိုနေပြီ။ မတော်တဆ ကြေးနန်းကြိုးများ ပြတ်ထွက် သွားလျှင် မခက်ပါလား။ ဟင်းမျိုး လွတ်သွားသည့် ကျားနာသည် ဒေါသတကြီးနှင့် တစ်ရွာလုံး ဒုက္ခ လှလှကြီးပေးလို့များကတော့ တွေးဝံ့စရာမရှိ။

“ကိုင်… ကျုပ် သပိတ်ကျင်းကို အမြန်ဆုံးသွားလိုက်မယ်။ ခြောက်မိုင်ပဲရှိတာ ခဏနဲ့ ပြန်ရောက်မှာ။ စခန်းမှူးကို သတင်းပို့ပြီး ရဲသားတစ်ယောက်နဲ့ သေနတ်တစ်လက် မပါပါအောင် ခေါ်လာခဲ့မယ်။ ဒီမှာ ကိုကျော်မြင့် ကျားနားကို လူတွေ သိပ်မကပ်စေနဲ့ဗျာ။ လူမြင်တိုင်း ကျားက ရုန်းနေရင် ကြိုးပြတ်လိမ့်မယ်။ သတိထားဗျို့”

စိန်သိန်းသည် ကာဆင့် စက်ဘီးကို တက်ခွစီးရင်းက လှမ်းမှာသွားသည်။

“စိတ်ချပါကွာ မင်းသာ မြန်မြန်နင်းသွား။ မကြာစေနဲ့။ ငါ ဒီမှာစောင့်ပြီး စီစဉ်ထားလိုက်မယ်။ စိတ်ချလက်ချသာသွား”

(သုံး)

ဝါးဖြူတောင် ဥက္ကဋ္ဌ ကိုကျော်မြင့်သည် စိန်သိန်းကို စိတ်ချလက်ချသာသွားဟု မှာကြားလိုက်ပါသည်။

သို့ပင်ဖြစ်စေကာမူ ပတ္တမြားမန်းခရီးသည်တင် မှန်လုံကားကြီးသည် မိုးကုတ်မှ ကားလမ်းအတိုင်း ဝါးဖြူတောင်သို့ တဝေါဝေါ မောင်းနှင်လာသည်။ လမ်းကွေ့များတွင် သတိပေးဟွန်းကို ပွမ်းကနဲ ပွမ်းကနဲ တီးလိုက်သေးသည်။

မှန်လုံကားသည် လမ်းဆုံတွင် ချိုးကွေ့၍ စားသောက်ဆိုင်တန်းများရှေ့တွင် ရပ်နားလိုက်သည်။ ရွှေပုဏ္ဏမီ စားရိပ်မွန်မှ ဧည့်ကြိုကလေးမလေးများက ခရီးသည်များကိုဘကြိုဆိုသည်။ ကားတွင်းမှ ခရီးသည်များ တစ်ယောက်ပြီး တစ်ယောက် ဆင်းလာသည်။ မိုးကုတ်မှ မန္တလေးသို့ ဆင်းလာကြသည့် ခရီးသည်များဖြစ်သည်။

“ဘာ သုံးဆောင်ကြမလဲရှင်၊ အထဲကိုကြွပါ။ အအေးစုံ ရှိပါတယ်။ နန်းကြီး၊ ခေါက်ဆွဲ၊ ကော်ဖီ၊ လက်ဖက်ရည် အလိုရှိရာသုံးဆောင်နိုင်ပါတယ်ရှင်”

ကားပေါ်မှဆင်းလာသော ခရီးသည်များက ကားအောက်သို့ ရောက်သည်နှင့် အညောင်းဆန့်သူက ဆန့်၊ ဖုန်ခါသူက ခါ၊ အပေါ့အပါး သွားသူက သွား။

“ဝေါင်း … ဝေါင်း”

စိန်သိန်း၏ လယ်ကွက်ထဲမှာ ကွင်းလျောမိထားသော ကျားက တစ်ရွာလုံး သိမ့်သိမ့်တုန်သွား လောက်အောင် ဟိန်းလိုက်သည်။

“ဗုဒ္ဓေါ မြတ်စွာဘုရား”

“ဟ … ဘာသံကြီးလဲ”

“ဟဲ့ … လုပျကွပါဦး။ ဘာလဲ … ဘာလဲ”

“ဝါး … ဝါး အမေရေ”

အသံဗလံမျိုးစုံ ပေါ်လာသည်။ မျက်လုံးများ ပါးစပ် များ ပြူးခနဲ ပြဲခနဲ ပွင့်သွားသည်။

“ဘာလဲဗျ… ဘာလဲ၊ ကျားဟိန်းသံ မဟုတ်လား။ ဟုတ်လား ဟင်”

ခရီးသည် တစ်ယောက်က အမောတကော မေးမြန်းသည်။

“ကျား … ကျားက ဘယ်မှာလဲ၊ ရွာထဲကို ဝင်နေလို့လား၊ ပြောကြပါဦး”

“မကြောက်ကြပါနဲ့ဗျာ။ ဟင်းမျိုးပါ။ ကွင်းလျောမိ ထားတာပါ။ မပြေးနိုင်တော့ပါဘူး။ ဟင်းမျိုးကို ပစ်သတ်ဖို့ သေနတ်သမား သွားခေါ်နေပါတယ်။ ဘာမှ မစိုးရိမ်ကြပါနဲ့”

ရွှေပုဏ္ဏမီဆိုင်ရှင် ဦးခင်မောင်က ခရီးသည်များကို သတင်းပေးလိုက်သည်။ မကြောက်ကြပါနဲ့ ဆိုတော့ ခရီးသည်တစ်အုပ်တစ်မကြီး ကျားဟိန်းသံကြားရာ အလုအယက် ပြေးလွှားသွားကြသည်။

“ဟော•• ကျားကြီးဟေ့၊ ဧရာမ အကောင်ကြီးပဲ”

“အမယ်လေး .. နည်းတဲ့ အကောင်ကြီး မဟုတ်ဘူး။ အနားကပ်ကြည့်ရအောင်။ လာကြ … လာကြ”

“ဟဲ့ … ဘာဖြစ်လို့ ဒါ လောက်တိုးနေရတာလဲ၊ ဒီမှာညပ်နေပြီ”

“သောက်ပလုပ်တုပ်၊ သေပါပြီတော်။ ဘယ်နှယ့် ဖိနပ်နဲ့ နင်းထားရတာလဲရှင့်။ မျက်စိမပါဘူးလား။ တကတည်းမှပဲ”

အသွေးစုံ၊ အရောင်စုံ၊ အဆင်စုံ၊ အသံစုံများ၊ တောဘုရင် ဟင်းမျိုးကျား တောတွင်းသားမို့ ချောက်ချား ထိတ်လန့်ဖွယ် ကောင်းလှသည်။ ခန္ဓာကိုယ်ကြီးမှာ စလွယ်သိုင်းဖိထားသော ကြေးနန်းကြိုးက အရေခွံကိုခွဲ၍ အသားထဲသို့တိုင် မြှုပ်ဝင်လုမတတ် ရှိနေပြီ။ အပြင်းအထန် ရုန်းကန်ထား၍ အလွန်တရာ နာကျင်နေသည်။

ကျားသည် ဒေါသဟူးဟူး ထန်နေသည်။ အာခေါင်ကိုခြစ်၍ ဟင်းခနဲ … ဟင်းခနဲ မာန်သွင်း၍ အော်ညည်းနေရာက လူအုပ်ကြီးဆီသို့ “ဝေါင်း” ခနဲ ဟိန်းလျက် ခုန်အုပ်လိုက်သည်။ သို့စေကာမူ ခန္ဓာကိုယ်မှာ ` စလွယ်သိုင်းမိထားသော ကွင်းလျောက တုတ်ဆွဲလိုက်သဖြင့် ဘုတ်ကနဲ မြေကြီးပေါ်သို့ ပစ်ကျသွားသည်။ လူအုပ်သည် ကျားက လွှားခနဲခုန်အုပ်လာခြင်း ကြောင့် ကြောက်လန့်တကြား ပြေးလွှားသွားကြသည်။ တစ်ယောက်ကို တစ်ယောက် နင်းကျော်တိုးဝှေ့သွားသဖြင့် အလဲလဲ အကွဲကွဲ ဖြစ်သွားသည်။

သို့သော် ကွင်းလျောကြောင့် ကျားကြီးက သူတို့ထံပါးသို့ ရောက်မလာနိုင်မှန်း သိသွားသည့်အခါမူ အရဲကိုးသွားကြပြီး မကြောက်မရွံ့ သူ့ထက်ငါဦးအောင် ရှေ့သို့တိုး၍ ကျားအနားသို့ တိုးကပ်သွားကြသည်။

“ဒီမှာ ခရီးသည်များ ခင်ဗျာ။ အနားသိပ်မကပ်ကြပါနဲ့။ ကွင်းလျောက သိပ်ခိုင်တာမဟုတ်ဘူး။ တစ်မနက်လုံး ရုန်းထားတာ ကြိုးပြတ်သွားနိုင်တယ်ဗျ”

ဥက္ကဋ္ဌ ကိုကျော်မြင့်က လူအုပ်ကိုတားရင်း မေတ္တာရပ်ခံ တောင်းပန်သည်။

သို့သော် လူအများက ကိုကျော်မြင့်၏ စကားကို လုံးဝ အရေးမထားကြ။ တောတွင်းမှာ ကျင်လည် ကျက်စားသည့် တောဘုရင်ဟင်းမျိုး ကျားကို အနီးကပ် အသေအချာ ကြည့်မြင်လိုကြသည်။ ကြုံတောင့် ကြုံခဲ ထူးထူးဆန်းဆန်း မဟုတ်ပါလား။

တစ်သက်နဲ့တစ်ကိုယ် သည်လို ကြီးမားကြံခိုင်သော ကျားကြီးကို တစ်ရံတစ်ဆစ်မျှ မမြင်စဖူး။ တိုက်ဆိုင်ကြုံကြိုက်၍သာ တွေ့ရမြင်ရခြင်းဖြစ်သည်။ နီးနီးကပ်ကပ် မတွေ့လိုက်ရ မမြင်လိုက်ရ မဖြစ်ရ လေအောင် ကိုကျော်မြင့် ရှေ့က တားနေသည်ကို တိုးဝှေ့လျက် ကြပ်ညပ်နေအောင် ဖိ၍ဖိ၍ တိုးလာ ကြသည်။

ကျားသည် လူအုပ်ကြီးက အပါးသို့ တိုးလာသည်နှင့် ဒေါသတကြီးဖြစ်ကာ ကြိုးကိုဖိရုန်းသည်။ ကြေးနန်းကြိုးက အသားကို ခွဲထားပြီ။ အသားများ ကွဲထွက်နေသော ဒဏ်ရာမှ သွေးများ ချင်းချင်းနီအောင် ထွက်နေသည်။

“နောင်ကြီးတို့ အနားကို သိပ်မကပ်ကြပါနဲ့။ တောင်းပန်ပါတယ်။ ကြိုးပြတ်သွားနိုင်တယ်။ ကျားက တအားရုန်းနေပြီဗျ”

ကိုကျော်မြင့်က အသံကုန် အော်၍ မေတ္တာရပ်ခံသည်။

သို့သော်လည်း သူ့အသံသည် ကျယ်လောင်သော ကျားဟိန်းသံအောက်တွင် နစ်မြုပ်ပျောက်ကွယ် သွားတော့သည်။

“ဝုန်းခနဲ … ဝုန်းခနဲ” ခုန်၍ ခုန်၍ ကျားက ရုန်းနေသည်။ မြင်ကွင်းသည် ထိတ်လန့်စဖွယ်ဖြစ်သည်။ သည်းထိတ်ရင်ဖိုဖွယ်ရာ ကောင်းလှသည်။ အသည်း တယားယား ချောက်ချားနေကြသည်။

ကျားက မြေပြင်တွင် ခုန်လွှားလူးလိမ့်ကုပ်ခြစ်နေ၍ ဖုန်တထောင်းထောင်း ထနေသည်။ စပါးနှံများ ပြတ်သတ်လွင့်စဉ်သွားသည်။ မြေစိုင်မြေခဲများ ဖွားခနဲ ဖွားခနဲဖြစ်နေသည်။

သည့်နောက် ကျား၏ လည်တိုင်တစ်ဖက်မှ ညာဘက်လက်နောက်အထိ စလွယ်သိုင်းကွင်း ကွင်းလျောမိထားသော ကြေးနန်းကြိုးသည် မြရာပင် ပင်စည်ကို လိမ်၍ချည်နှောင်ထားရာ အရင်းမှ ကပ်၍ ထောင်းခနဲ ပြတ်ထွက်သွားသည်။

အနှောင်အဖွဲ့မှ လွတ် မြောက်သွားပြီဖြစ်သော ကျားသည် အရောင်စုံ၊ အသံစုံထွက်ပေါ်နေရာမှ မဲမဲအုပ်အုပ် ရုတ်ရုတ်သဲသဲ လှုပ်လှုပ်ရှားရှား ဖြစ်နေသည့် လူစုဆီသို့ ဝုန်းခနဲ ဝင်တိုးလိုက်သည်။

ပြီးတော့ ရှေ့တူရူဦးတည်မိရာ ကုတ်ခြစ်ရိုက်ပုတ်ကိုက်ခဲလျက် စိမ်းစိုညိုမှောင်နေသော တောတွင်းသို့ ပြေးလွှားဝင်ရောက် ပျောက်ကွယ်သွားလေသည်။

(လေး)

ရိုင်ဖယ်တစ်လက်ကို ကိုင်လာသည့် ရဲတပ်သားကိုစက်ဘီးဘားတန်းပေါ်တွင် တင်လျက် ချွေးသံတရွဲရွဲယိုစီးကာ စက်ဘီးကို အားကုန် ကြိုးစားနင်းလာခဲ့ရသော စိန်သိန်းသည် ရွှေပုဏ္ဏမီစားရိမ်မွန်ရှေ့သို့ မောကြီး ပန်းကြီး ရောက်လာသည်။ တိုက်တိုက် ဆိုင်ဆိုင် ကွင်းလျောမိထားရာမှ လွတ်မြောက်သွားသော ကျားရန်ကို ကြောက်၍ တရကြမ်းပြေးလာကြသည့် လူအုပ်နှင့် ပက်ပင်းတိုးမိပြီး စက်ဘီးတခြား၊ ရဲတပ်သားတခြား၊ သေနတ်တခြား၊ သူပါ တခြားလွင့်စဉ်သွားသည်။

ဆီးရွက်လောက် မျက်နှာလေးနှင့် ဥက္ကဋ္ဌကိုကျော်မြင့်ကို လူအုပ်နောက်မှာ စိန်သိန်းက မြင်တွေ့လိုက်သည့်အခါ၌မူ အခြေအနေအရပ်ရပ်ကို သေသေချာချာ နားလည်သွားသည်။

ခွေးခွေးချင်း ကိုက်တာကိုပင် အထူးအဆန်းလုပ်၍ ဝိုင်းကြည့်ချင်သော လူစု။

အန္တရာယ်ရှိလို ရှိမှန်း မသိ။ မတွေးတော မဆင်ခြင် ဆင်ကန်းတောတိုး ဇွတ်တရွတ်နိုင်လှသော တားမနိုင် ဆီးမနိုင် လူအုပ်ထဲမှ လေး ငါးယောက်လောက် ကျားက တက်နင်းသွားသည်။

လက်နှင့် ပုတ်၍ ကုတ်ခြစ်သွားသဖြင့် သုံးလေးယောက် အပြင်းအထန် ဒဏ်ရာရပြီး သတိလစ် မေ့မျောသွားသည်။

တစ်ဦးက ညာဘက် တင်ပါးတစ်ခြမ်း၊ တစ်ယောက်က လက်ဝဲဘက် လက်တစ်ချောင်း၊ ကျားက ဝါးသွားသည်။ အသေအကြေ ကုတ်ဖြဲ ကိုက်ဆွဲမသွားတာ အလွန် ကံကောင်းလှပါသည်။

စိန်သိန်းအဖို့ ခဲလေသမျှ သဲရေကျ ဖြစ်ရပြီ။

ကျားသားရေတစ်ချပ်တည်း ခွာရောင်းလျှင်ပင် သိန်းဂဏန်းလောက်တန်သည်။ အရိုး၊ အသား၊ ခြေသည်း၊ လက်သည်း စသည်ဖြင့် …

ကျားတစ်ကောင်လုံး ပဉ္စငါးပါး ထုတ်ရောင်းဦးတော့ ရလိုက်မည့်ငွေတွေ မနည်းလှပေ။

ယခုတော့မူ … စိန်သိန်း ခမြာ ခြောက်မိုင်ခရီးကို လျှာထွက်အောင်နင်းပြီး ဖက်တီးမ ဇနီးမယား မထွေးအတွက် ဆွဲကြိုးတစ်ကုံးလောက် ဝယ်ပေးမဟဲ့လို့ အားခဲထားသည်များ သဲထဲရေသွန် ဖြစ်ခဲ့ ရပြီကော။

– ပြီး –

စာရေးသူ – ခင်မောင်အေး(မန္တလေး)
စာစီစာရိုက် – မုဆိုး တံငါ စာပေများ