ကျော်စိုးဗိုလ်

သေနတ်ဝါသနာရှင်၊ မုဆိုးဝါသနာရှင် လူငယ်များက ကျွန်ုပ်ထံသို့ လူကိုယ်တိုင်သော်လည်းကောင်း၊ Facebook မှ လည်းကောင်း၊ စာဖြင့်လည်းကောင်း၊ တယ်လီဖုန်းဖြင့် လည်းကောင်း သူတို့သိချင်သည့် ကိစ္စ၊ မရှင်းလင်းသည့် ကိစ္စများကို မကြာခဏ မေးလာတတ်ကြပေသည်။

ထိုသို့ မေးရာတွင် ပွိုင့်တူးတူးကဲ့သို့ သေနတ်ငယ် ကလေးဖြင့် ဆတ်ကဲ့သို့ အချိန် ၆ဝ၊ ၇ဝ၊ ၈ဝ ပိဿာ အသားထွက်ရှိ သားကောင်များ ပစ်နိုင် မပစ်နိုင်၊ ပွိုင့်တူးတူးသရီး (.223) ရီမင်တန်ရိုင်ဖယ်ဖြင့် ပြောင်၊ စိုင်၊ တောဝက် စသည့် သားကောင်ကြီးများကို ပစ်နိုင် မပစ်နိုင်၊ သားကောင်ကြီးများကို မည်သို့သော အမဲပစ်ရိုင်ဖယ်မျိုးဖြင့် ပစ်ရမည်ဆိုသည့် မေးခွန်းမျိုး မေးလာတတ်ကြရာ ကျွန်ုပ်က သိသမျှ ဖြေကြားပေးခဲ့ရပေသည်။

ထိုသို့ ဖြေကြားရာတွင် ပြည့်စုံသည်ဟုတော့ မဆိုနိုင်ပါ။

ကျွန်ုပ်မှာ ငယ်စဉ်ကပင် သေနတ်ဝါသနာ၊ အမဲပစ် ဝါသနာ ထုံခဲ့ရာ သေနတ်အကြောင်း၊ တောတိရစ္ဆာန်အကြောင်းကို လေ့လာမှတ်သားခဲ့သဖြင့် ကျွန်ုပ် သိသမျှကိုသာ ဖြေကြားနိုင်ပြီး ကျွန်ုပ် မသိသေးသည်များကို Internet မှ လည်းကောင်း၊ စာအုပ်စာတမ်း၊ ဗီဒီယိုမှတ်တမ်း၊ ရုပ်ရှင်တို့မှလည်းကောင်း အလျဉ်းသင့်သလို လေ့လာသင်ယူနေရဆဲပင် ဖြစ်ပါသည်။

အလျဉ်းသင့်၍ ပြောလိုသည်မှာ တောပစ်၊ အမဲပစ်ဝါသနာပါသူ ဖြစ်ပါက GUN EDUCATION ကိုတော့ မဖြစ်မနေ လေ့လာထားသင့်ပါသည်။ သို့မှသာ မိမိကိုင်တွယ်ပစ်ခတ်ရမည့် သေနတ်၏ အခြေခံသဘောတရားများကို သိထားကာ မည်သို့သော သားကောင်ကို မည်သည့်နေရာ ပစ်ရမည်ကို ဆုံးဖြတ်နိုင်ပေမည်။

ယခုလက်ရှိ မြန်မာနိုင်ငံတွင် သေနတ်လိုင်စင်အသစ်ကို အခြေအနေအရ ချထားပေးခြင်း မရှိသေးစေကာမူ “၁၉၇၇ ခုနှစ်၊ လက်နက်ကိုင်ဆောင်ရေးမူသစ်” ဥပဒေမှာ ထိုစဉ်က ပြည်သူ့လွှတ်တော်မှ အတည်ပြုပြဋ္ဌာန်းပေးခဲ့လေရာ ယခုအချိန်အထိ အတည်ဖြစ်ဆဲ ရှိနေပါသည်။

ထို့ကြောင့် တစ်ချိန်ချိန်တွင် ထိုဥပဒေနှင့်အညီ လက်နက်ကို လိုင်စင်ဖြင့် ကိုင်ဆောင်ခွင့် ပြန်လည်ရရှိနိုင်ပေသည်။

ထိုအခါမျိုးတွင် အမဲပစ်၊ ငှက်ပစ်ဝါသနာပါသူများကလည်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေများကို လိုက်နာကာ စည်းကမ်းတကျ ပစ်ခတ်ရပေမည်။

ဖွံ့ဖြိုးတိုးတက်နေသော နိုင်ငံများတွင် အမဲနှင့် ငှက်ကို မပစ်ရဟူသော တားမြစ်သည့်ဥပဒေ မရှိပါ။ သတ်မှတ်ချက်နှင့်အညီ လက်နက်ကိုင်ဆောင်၍ သတ်မှတ်ထားသည့် ပစ်ခွင့်ရရာသီ (OPEN SEASON) တွင် ပစ်နိုင်ပါသည်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းသည့် ဥပဒေများကလည်း ထိုသို့ ပစ်ခွင့်ရရာသီတွင် ပစ်နိုင်ရန် ပြဋ္ဌာန်းထားပါသည်။ တစ်ဖက်သတ် ပိတ်ပင်ထားခြင်းမျိုး မရှိပါ။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းသူများကလည်း ပါးစပ်ဖြင့် ထိန်းသိမ်းခြင်းမျိုး မဟုတ်ပဲ GAME WARDEN အမဲစောင့်များ နယ်အလိုက်ခန့်အပ်တာဝန်ပေး၍ ထိန်းသိမ်းခြင်း၊ စောင့်ရှောက်ခြင်း၊ အရေးယူခြင်းတို့ ပြုလုပ်ကြပါသည်။

မြန်မာနိုင်ငံတွင်လည်း ယခင်အင်္ဂလိပ်အစိုးရလက်ထက်မှ ပါလီမန် ဒီမိုကရေစီခေတ်၊ ဆိုရှယ်လစ်ခေတ်အထိ အခြားဖွံ့ဖြိုးပြီး နိုင်ငံများကဲ့သို့ပင် ဆောင်ရွက်ခဲ့ကြသည်ကို စာတွေ့ကော လက်တွေ့ပါ တွေ့ကြုံခဲ့ရပါသည်။

မြန်မာပြည်တွင်လည်း ရှိပြီးဥပဒေများကို အကောင်အထည်ဖော်၍ ဆောင်ရွက်မှသာ ကမ္ဘာနှင့် ရင်ပေါင်ထမ်းနိုင်ပေမည်။

မြန်မာနိုင်ငံတွင် အင်္ဂလိပ်ခေတ်မှ ၁၉၆၂- ခုနှစ်၊ တော်လှန်ရေးကောင်စီတက်သည့်အချိန်အထိ တရားဝင် Import လုပ်၍ လိုင်စင်ဖြင့် ဖွင့်သည့် သေနတ်ဆိုင် (၄) ဆိုင် ရှိခဲ့ဖူးရာ။

(၁) Role com.Ltd (ရိုးကုမ္ပဏီ)
ယခု မဟာဗန္ဓုလလမ်းနှင့် မဟာဗန္ဓုလပန်းခြံလမ်းထောင့်

(၂) Y.E MORDAN & BROS.Ltd (ဝိုင်အီးမော်ဒန်)
ယခုပန်းဆိုးတန်း ကျောက်တံတား စာတိုက်ရှေ့

(၃) BURMA ARMS com.Ltd (ဘားမားအမ်းစ်)
ယခုပန်းဆိုးတန်း၊ ဟိန္ဒူဘုရားကျောင်းရှေ့

(၄) KHIN com.Ltd (ခင်ကုမ္ပဏီ)
ယခု ဗိုလ်မြတ်ထွန်းလမ်း အလယ်ဘလောက်

တို့ ဖြစ်ပြီး စာရေးသူငယ်စဉ်က ဖခင်ဖြစ်သူနှင့် ဘကြီးဖြစ်သူတို့နှင့် လာရောက်ဝယ်ယူရာတွင် အတူရောက်ရှိ တွေ့မြင်ခဲ့ဖူးပါသည်။

ထို့အပြင် “ပီအောထွန်းရင်” ဆိုသူကလည်း သေနတ်ဝယ်လိုသူ၊ ဝယ်ခွင့်ရသူ (Purchase Permit) ကိုအင်္ဂလန်သို့ မှာပေးသည်ကိုလည်း သိရှိခဲ့ရပါသည်။

ထိုအချိန်က ဝယ်ယူခွင့်ပါမစ်ကို D.C ခေါ် ခရိုင်ဝန်ကလည်းကောင်း၊ D.S.P ခေါ် ခရိုင်ရဲဝန်ကလည်းကောင်း ပေးခွင့်ရှိလေရာ ထိုသူတို့က မြို့နယ်လူကြီးလူကောင်းများ၊ အမြတ်ခွန်မှန်မှန်ဆောင်သည့် စီးပွားရေးသမားများကို ထုတ်ပေးလေ့ပေးထ ရှိပါသည်။

ဤသို့ဖြင့် အဆင့်ဆင့် ကိုင်ဆောင်ခဲ့ကြရပြီး လိုင်စင်ရှိသူများအနေဖြင့် သတ်မှတ်သားကောင်များကို သတ်မှတ်အချိန်များတွင် ပစ်ခွင့်ရခဲ့ပေသည်။

ထိုသို့ ပစ်ရာတွင် ၁၉၄၁ ခုနှစ်၊ လက်နက်ကိုင်ဆောင်ရေးနည်းဥပဒေကို လိုက်နာကြရ၏။ ဤသို့ဖြင့် ၁၉၇၇ ခုနှစ်၊ လက်နက်ကိုင်ဆောင်ရေးမူသစ်ဥပဒေ ထပ်မံထွက်ပေါ်လာပေရာ ထိုဥပဒေတွင် “လက်နက်လိုင်စင်ဖြင့် ကိုင်ဆောင်ခွင့်ပြုထားသူတစ်ဦးအား နိုင်ငံတော်ကာကွယ်ရန်အတွက် လိုအပ်သည့်အချိန်တွင် ဆင့်ခေါ်သောအခါ လက်နက်နှင့်အတူ အချိန်မရွေး ထမ်းဆောင်ရမည်”ဟူသောအချက်လည်း ပါရှိလေ၏။
ထို့ကြောင့် လက်နက်ကိုင်ခွင့်ရသူသည် အခွင့်အရေးသာမက တာဝန်လည်းရှိကြောင်း သိနိုင်သဖြင့် ယနေ့အထိ ခေတ်မီလျက် ရှိနေပါသည်။

သေနတ်ကိုင်ဆောင်ခွင့်ရသူတစ်ဦးသည် မိမိကိုင်ဆောင်ရသော သေနတ်ကို နားလည်ကျွမ်းကျင်ရမည်။

၎င်း၏ ပြင်းအားထိရောက်မှု၊ အကွာအဝေးမှန်းဆချက်၊ ပစ်ခတ်ရမည့် ပစ်မှတ်တို့ကို သိရှိရန် လေ့လာထားဖို့ လိုအပ်လေရာ အရေးကြုံပါက မည်သည့်နေရာကို ရွေးချယ်ပစ်ခတ်ရမည်ဆိုသည့် Fatal ချက်ကောင်း သေကွင်းကို ရွေးချယ်နိုင်ပေသည်။

ထိုအချက်မှာ အမဲပစ်မုဆိုးအဖို့လည်း လွန်စွာအရေးကြီး၍ အကျဉ်းအကြပ်ထဲတွင် မိမိအသက်ကိုလည်းကောင်း၊ မိမိနှင့်အတူ ပါလာသူ၏ အသက်ကိုလည်းကောင်း ကယ်တင်နိုင်ပေမည်။

ကျွန်ုပ်၏ အတွေ့အကြုံအရ ထိုသို့ ရွေးချယ်နိုင်မူက ကျွန်ုပ်၏အသက်ကို မိမိကိုယ်တိုင် ကယ်တင်နိုင်မှုမျိုး ရှိခဲ့လေရာ ထိုအထဲမှ ဖြစ်ရပ်မှန်တစ်ခုကို တင်ပြလိုက်ပါသည်။

xxx xxx xxx xxx

ကျွန်ုပ်နှင့် တပည့်ဖြစ်သူ ဝင်းမြင့် လိုက်ပါလာသော ကယားပူး(KAYA POOL) ကယားပြည်နယ်ငြိမ်းချမ်းရေးအဖွဲ့မှ ထူထောင်ထားသော သစ်ထုတ်လုပ်ရေးအဖွဲ့၏ (၁၂)ဘီးကားကြီးက တောင်အထပ်ထပ်၊ မြောင်အသွယ်သွယ်၊ ချောင်းအဆင့်ဆင့်ကိုဖြတ်ကာ တောင်ဇာမဏီသစ်ထုတ်လမ်းအတိုင်း မောင်းလာခဲ့ရာ ကုလားစခန်း၊ ဘိုးရှုပ်တဲစခန်း၊ လျှော်ထုံးကြီး၊ ဆင်စွယ်၊ ထားဝယ်စခန်းများကို ကျော်လာသောအခါ နေ့လယ် (၁၂)နာရီခန့် ရှိခဲ့ပြီ။

နံနက်(၈)နာရီခန့်က ပျဉ်ပုံကြီး ဗိုလ်တဲလေးဆိပ် သစ် စခန်းမှ ထွက်ခဲ့ခြင်းဖြစ်ပြီး (၄)နာရီကြာမျှပင် ကားပေါ်တွင် တလိမ့်လိမ့်ဖြင့် ခေါင်းခန်းတွင် လိုက်ပါခဲ့ရ၍ အတော်ပင် ညောင်းညာခဲ့လေပြီ။ ထို့ကြောင့် ခါးကို မတ်မတ်ပြင်ထိုင်ရင်း ကားကြီးဒရိုင်ဘာ ကိုအဲလ်ဘတ် (ကယားလူမျိုး)အား စကားစလိုက်ရ၏။

“ကိုအဲလ်ဘတ်ရေ … ဦးလှဟန် သစ်စခန်းကိုရောက်ဖို့ နောက်ထပ်(၂)နာရီလောက် မောင်းရဦးမယ် ထင်တယ်နော်”

ထိုအခါ သူက ကားမောင်းရင်းမှ –

“မောင်းရမယ် ဆရာ။ ကားက အတက်လမ်းလည်းဖြစ်၊ ဝိတ်ကလည်းမပါတော့ ကားက သိပ်ခုန်နေပြီ။ ထိန်းမောင်းရတယ်။ ခရီးမတွင်ဘူး”

“အင်း … တော်သေးတယ်။ ဆင်စွယ်စခန်းမှာ ထမင်းစားခဲ့လို့”

“ဟုတ်တယ် ဆရာ။ နို့မို့ … ဆရာတို့ ဗိုက်ဆာနေမှာ။ ဆရာက မနက်ဖြန်ကျမှ တောလည်မှာမို့လား။ ဒီနေ့တော့ စခန်းရောက်ရင် အချိန်သိပ်ရမှာ မဟုတ်ဘူး”

“အင်း … တင်လှကိုတော့ မနက်ဖြန် ချိန်းထားတာပဲ။ သူက ‘သဲတော်’ စခန်းမှာ မဟုတ်လား”

(တင်လှမှာ ကျွန်ုပ်၏ အမဲကြီးလမ်းပြဖြစ်ပြီး ကျွန်ုပ်စခန်းချမည့်နေရာမှ (၅)မိုင်ခန့်ဝေးရာစခန်းမှဖြစ်၏)

“ဟုတ်တယ် ဆရာ။ သူတို့မိသားစု အဲဒီ့မှာ လက်ဖက်ရည်ဆိုင်လေးဖွင့်ပြီး သစ်ကားအတက်အဆင်းအတွက် ရောင်းနေတယ်”

“ဒါနဲ့ အဲလ်ဘတ်ရေ- သစ်ကားက တစ်နေ့ ဘယ်နှစင်းလောက် သစ်နဲ့ ဆင်းသလဲ”

“အခုလမှ သစ်က စထုတ်တာဆိုတော့ တစ်ရက်မှ (၂)စင်းပဲ ဆင်းတယ်။ ဘာဖြစ်လို့လဲ ဆရာ။ ဆရာအပြန်ကျရင် ဘာမှမပူနဲ့။ ကျွန်တော်ဆင်းတဲ့အခေါက်နဲ့ ပြန်လိုက်လေ ဆရာ”

“အင်း … အဲဒါကြောင့် မေးထားတာ။ ကျွန်တော်က (၄ ၊ ၅) ရက်တော့ ကြာမယ်။ အကောင်ကြီးလိုက်မှာဆိုတော့”

“ကောင်းတယ် ဆရာ။ ရောက်တုန်း အေးအေးဆေးဆေးပေါ့ ဆရာ။ သားကောင်ကြီးရမှ ကျွန်တော်တို့လည်း အသားကောင်းကောင်း စားရမှာလေ”

“နေဦး … လမ်းအားလုံး မပေါက်သေးတော့ ဒိုဇာ(ဘူဒိုဇာ)ကားကြီး ရှိသေးလား။ ဘယ်သူမောင်းသလဲ”

“အာ … ဆရာကလည်း၊ ခါတိုင်းလိုပဲ ဦးသန်းမောင် (ကရင်)ဖထီးကြီးပဲပေါ့ ဆရာ”

“အင်း … သူရှိတာ ကောင်းတယ်။ သူက မျောက်သားကြိုက်တယ်။ ကျွန်တော်လာတိုင်း ပွိုင့်တူးတူးငှားပြီး သွားသွားပစ်တယ်။ ဒါပေမဲ့ ဒီတစ်ခါတော့ ပွိုင့်တူးတူး ယူမလာခဲ့ဘူး။ အဘလည်း မပါ၊ကျွန်တော်တို့ ဆရာတပည့်နှစ်ယောက်တည်းမို့ .30-06 ရိုင်ဖယ်ပဲ ပါခဲ့တယ်”

ပြောရင်းမှ အကွက်(၄၅)ရှိရာ သစ်ကွက်လမ်းသို့ ချိုးဝင်ခဲ့ပြီးနောက် (၁၅)မိနစ်ခန့် မောင်းပြီးသောအခါ ဦးလှဟန်၏ တဲကြီးသို့ ရောက်ရှိခဲ့လေ၏။ အချိန်မှာ နေ့လယ် (၂)နာရီ ထိုးလုပေပြီ။

စခန်းရှေ့ကားရပ်၍ ကျွန်ုပ်နှင့် တပည့် ကားခေါင်းခန်းမှ ဆင်းလိုက်သောအခါ သစ်ကွက်ပိုင်ရှင် ဦးလှဟန်အား တဲပေါ်တွင် အဆင်သင့် တွေ့ရလေရာ သူကပင် စ၍-

“ရှေ့နေကြီးတို့ ဆရာတပည့်ပါလား။ ဒီတစ်နှစ် စောစောစီးစီး တောတက်လာတာကိုး”

ဟု နှုတ်ဆက်လေရာ-

“ဟုတ်တယ် ဦးလှဟန်။ ဘုရားကြီးက ခင်ဗျားအိမ်ကို ဝင်ခဲ့သေးတယ်။ ဒါကြောင့် ခင်ဗျားတောထဲရောက်နေပြီဆိုတာ သိရတယ်။ အဆင်သင့်ပဲ။ အဲလ်ဘတ် ကားကလည်း တက်ခါနီးဆိုတော့ ကျွန်တော့်ကားကို ခင်ဗျားအိမ်မှာ ထားခဲ့ပြီး တစ်ခါ တည်း လိုက်လာခဲ့တာ”

“ဟုတ်လား … အဆင်ပြေတာပေါ့ဗျာ။ လာ လာ … ရေနွေးသောက်ဦး”

ဟု ဆိုကာ ဓာတ်ဘူးချပေးပြီး သူ၏ တပည့်တစ်ဦးအား ငါးခြောက်ဖုတ်ခိုင်းလေ၏။ ကျွန်ုပ်ကလည်း ဝင်းမြင့်အား ပါလာသည့် ရိက္ခာထဲမှာ Lemon cream ဘီစကွတ်တစ်ထုပ် ဖောက်ခိုင်းကာ ထိုင်ရင်း စကားပြောရလေ၏။

“ဒါထက် ဦးလှဟန်၊ သစ်ထုတ်လုပ်လမ်းတွေက စုံပြီလား”

“မစုံသေးဘူး ဆရာ။ ကျွန်တော့်အကွက်ထဲကနေ အတွင်းလမ်း သဲတော်ဘက်ကို ဖောက်နေတယ်”

“ဖိုးသန်းမောင်ကြီးပဲလား”

“ဟုတ်တယ် ဆရာ။ သူပဲ ကြောဆက်လမ်းတွေ သိတာ”
“ဒါဆိုရင် အဲဒီ့ဘက်ကို ဒီညနေ လျှောက်ရရင် ကောင်းမလား။ ချေကလေး ဘာလေးပစ်ရအောင်။ ကျွန်တော်လည်း (၆)နာရီလောက် ကားစီးလာရတာ ညောင်းနေလို့၊ အညောင်းပြေပေါ့”

“နားပါဦး ဆရာရယ်။ ဒါပေမဲ့ ဆရာအညောင်းပြေသွားချင်ရင်တော့ အဲဒီဘက်ကို မသွားနဲ့။ စက်ကြီးသံက ဆူတော့ သားကောင်ထွက်မှာ မဟုတ်ဘူး။

ဒီကနေ မြောက်ဘက် (၄)ဖာလုံလောက်သွားရင် အရှေ့ဘက်ကိုသွားတဲ့ ဒိုဇာလမ်းဟောင်း တွေ့လိမ့်မယ်။ အဲ့ဒီ့ဘက်ကို သွား။ ဒါပေမဲ့ ထားဝယ်ချောင်းအထိက (၇)မိုင်၊ (၈)မိုင် လောက် ဝေးတယ်။

နေစောင်းရင် ဆရာ ပြန်လှည့်ခဲ့ပေါ့။ ကျွန်တော် ညနေစာ စီစဉ်ထားလိုက်မယ်”

“ရပါတယ် ဦးလှဟန်။ ကျွန်တော့်တပည့်လည်း ပါတော့ ခင်ဗျားရဲ့အိုးသူကြီးနဲ့ တွဲခိုင်းထားခဲ့မယ်။ သူ စီစဉ်ပါလိမ့်မယ်”

ဟု ပြောကာ ဝင်းမြင့်အား ကျွန်ုပ်၏ .30-06 ရိုင်ဖယ်နှင့် ယမ်းတောင့်အား အိတ်အတွင်းမှ ထုတ်ယူခဲ့ရန် ပြောရ၏။

သေနတ်ရောက်လာသောအခါ ဝင်းမြင့်က –

“ဦး … ယမ်းတောင့် ဘယ်လောက် ယူသွားမလဲ”

“၄ တောင့်ပဲ ပေး”

“ဟာ … မနည်းဘူးလား”

“မနည်းပါဘူးကွာ။ ငါက ဒီနားတင် သွားပြီး ညနေခင်းထွက်မည့် ချေကလေးလောက် ပစ်မှာ။ အကောင်ကြီးလည်တာမှ မဟုတ်ပဲ။ ပေး …. ပေး ၊ ငါ ယမ်းတောင့်ရွေးယူမယ်”

ဟု ဆိုကာ ယမ်းတောင့်အိတ်အတွင်းမှ ၁၄၇ဂရိမ် ကျည် (၄) တောင့်ကို ထုတ်ယူ၏။

.30-06 ကျည်မှာ ယမ်းဂရိမ်ကွာခြားမှုဖြင့် (၁၂)မျိုးခန့်အထိ ရှိပေရာ ကျွန်ုပ်ယူသော ၁၄၇ ဂရိမ်မှာ ဒုတိယမြောက် အသေးဆုံးဖြစ်၏။

အကြီးဆုံးမှာ (၂၂ဝ) ဂရိမ် ရှိ၏။ ထိုအကြီးဆုံးနှင့် (၂ဝဝ)ဂရိမ်ကျည်တို့မှာ ပြောင်နှင့် စိုင်အတွက် ကောင်းလှပေသည်။

ယခု ကျွန်ုပ်ကမူ ချေနှင့် ဆတ်ပစ်ရန်အတွက်လောက်သာကောင်းသော ၁၄၇ ဂရိမ်၊ (၄)တောင့်သာယူ၍ သေနတ်မဂ္ဂဇင်းထဲသို့ ထည့်လိုက်၏။ ထို့နောက် တောဆောင်းဦးထုပ်ကိုဆောင်း၊ တောစီးဖိနပ် ကြိုးကိုတင်းကာ ထွက်မည်အပြု …

“ဦး … ယမ်းတောင့်အပို မယူတော့ဘူးလား”

“မယူတော့ပါဘူးကွာ”

“ကျွန်တော် လိုက်ခဲ့မယ်လေ”

“မလိုက်ပါနဲ့။ ညနေစာအတွက်သာ စီစဉ်ထား။ ငါက ဟိုနားဒီနားတင်ပါ၊ ကိစ္စမရှိပါဘူး”

တပည့် ဝင်းမြင့်က ကျွန်ုပ်တစ်ယောက်တည်း သွားမည်ကို စိုးရိမ်ဟန်ဖြင့် မေးလာရာ ကျွန်ုပ်က တစ်ယောက်တည်းသာ သွားမည်ပြောပြီး ထွက်ရန်ပြင်ရ၏။ ထိုအခါ ဦးလှဟန်က …

“ဆရာစိုးက ဒီတောကို ကျွမ်းပါတယ်ကွာ။ မင်းဆရာကို မစိုးရိမ်ပါနဲ့။ သူလည်း အဝေးကြီးသွားမှာ မဟုတ်ပါဘူး”

ဟု နှစ်သိမ့်ထားလေ၏။

ထို့နောက် ကျွန်ုပ်က သေနတ်ကို လွယ်ကြိုးမှလွယ်ကာ ထွက်ခဲ့တော့၏။

အချိန်မှာ နေ့ (၂း၃ဝ)ခန့် ရှိပေပြီ။

ဦးလှဟန်၏ စခန်းမှာ တောင်ကြားအတွင်းရှိပြီး ကျောက်တုံးကျောက်ခဲ ထူထပ်သော ချောင်းကလေးနံဘေးတွင်ဖြစ်ရာ သာယာလှပေသည်။ သူ၏တပည့် ဌေးဦးမှာ အလုပ်အတော်လုပ်သူ ဖြစ်ပြီး သပ်သပ်ရပ်ရပ် လုပ်တတ်၏။

မိုးတွင်းလည်း စခန်းစောင့်လေရာ စခန်းအနီးတွင် ပဲ၊ ငရုတ်၊ ဘူး၊ ဖရုံပင်များ စိုက်ထားပြီး ကြက်နှင့် ဘဲကို လည်း အတော်အသင့် မွေးထား၏။ သစ်ထုတ်ချိန် ရိက္ခာအထောက်အကူ ဖြစ်စေ၏။

သူ၏ ဆောင်ရွက်ထားမှုက စခန်းကို သာယာစေလေသည်။

ထို့အပြင် သူက သတ္တိလည်း ခေသူမဟုတ်။ ထားဝယ်ချောင်းဖျားတွင် ကျွန်ုပ်နှင့် တောပစ်လိုက်ဖူးလေရာ ဆင်အုပ်နှင့် တိုးဖူးပြီး မနည်းအသက်လုရှောင်ပြေးခဲ့ရ၏။

ထိုသို့ ပြေးရင်းမှ မိုးချုပ်စတွင် ကျွန်ုပ်တို့ (၂)ဦး စိုင်အုပ်ဖြင့် ထပ်မံတိုးလေရာ ပြေးရင်းလွှားရင်းမှ စိုင်ပေါက်တစ်ကောင် ကျွန်ုပ် ပစ်ခတ်ရရှိခဲ့ဖူး၏။

(ဤအကြောင်း ဖြစ်ရပ်မှန်ကို သီးခြားတစ်ပုဒ် ရေးသားရန် ဆန္ဒရှိပါသည်။)

ကျွန်ုပ် ထွက်လာသောအခါက ဒီဇင်ဘာလ၏ ညနေပိုင်းဖြစ်လေရာ အတော်ပင် အေး၍လာခဲ့ပြီ။ သို့သော် နံနက်ကပင် ဝတ်ထားသည့် တောလိုက်ဂျာကင်က ကောင်းစွာနွေးထွေးစေ၏။

တောစို၊ တောထူ၊ တောင်ကြား၊ မြောင်ကြားမို့ ဒိုဇာလမ်းဟောင်းက အမြင်ရှုပ်လျက်ပင် ရှိ၏။

(၁၅)မိနစ်ခန့် လျှောက်ခဲ့သောအခါ လမ်းဟောင်းကို တွေ့ရပြီး အရှေ့ဘက်သို့ ဦးတည်သည်သာမက ကုန်းမြင့်များကို တက်ခဲ့ရ၏။

ကုန်းမြင့်ထိပ်တွင် တောရစ်တစ်အုပ်ကို တွေ့ရလေရာ ခေါင်းဆောင် ရစ်ဖကြီးက ကျွန်ုပ်အား မြင်သဖြင့် အတောင်ဖြန့်ကာ တဒီးဒီးလုပ်ရင်း ထွက်ပြေးသဖြင့် ကျန်အမများမှ ထွက်ပြေးသည်ကို ကျွန်ုပ်က ကြည့်နေမိ၏။ ရစ်များမှာ တောင်မြင့်ရာ၊ ဝါးတောများတွင်သာ တွေ့ရတတ်ပြီး လူအနီးအနားတွင် မတွေ့ရတတ်ပေ။

တောင်ကြောနှစ်ကြောကို တက်ခဲ့ပြီးနောက် သက်ကယ်ကျင်းပြန့်ကလေးကို ဆင်းခဲ့သောအခါ လမ်းမှာ အတော်ကလေးရှင်းနေသဖြင့် တစ်ဖက်တောင်ကြောကို လှမ်းမြင်ရ၏။

သဲချောင်းကလေးက ထိုတောင်ကြောအရင်းတွင် စီးဆင်းနေလေရာ ကျွန်ုပ်က ထိုသဲချောင်းကလေးတွင် မျက်နှာသစ်ဦးမည်ဟု စိတ်ကူးပေါ်လာသဖြင့် သဲချောင်းကလေးဆီ ဦးတည်လိုက်၏။

ခြေလှမ်း တစ်လှမ်း နှစ်လှမ်းမျှ လှမ်းရရုံပင် ရှိသေးသည်။

“ကွီ … ဝုန်းဝုန်း … အုန်း … ဗျောင်း”
အသံများ ထွက်ပေါ်လာလေရာ ကျွန်ုပ်က သေနတ်ကို လွယ်ကြိုးမှဖြုတ်၍ အသံလာရာဆီသို့ ထိုးချိန်လိုက်၏။ ကျွန်ုပ် ချိန်လိုက်သည့် အသံလာရာဆိုသည်မှာ သဲချောင်းကလေး၏အထက် တစ်ဖက်တောင်ကြောဆီသို့ ဖြစ်လေရာ အသေအချာကြည့်လိုက်သောအခါ ညနေရေသောက်ဆင်းလာသော မျောက်ညိုမျက်ကွင်းဖြူအုပ်ဖြစ်နေပြီး ကွီး ဟု ကျွန်ုပ်အား တွေ့၍ မျောက်ထီးခေါင်းက အချက်ပေးမှုကြောင့် မျောက်အုပ်က တောင်ကြောအပင်ကြီးများရှိရာသို့ ခုန်တက်ကာ တစ်ကိုင်းမှ တစ်ကိုင်း ပြေးလွှားသွားကြခြင်း ဖြစ်ပေသည်။

ကျွန်ုပ်က အဖြေမှန်ကို သိသောအခါ သေနတ်ကို မောင်းလျှော့၍ ပြန်လွယ်လိုက်ရ၏။ ဤသေနတ်ဖြင့် မျောက်ပစ်၍ မဖြစ်သကဲ့သို့ ကျွန်ုပ်ကိုယ်တိုင်ကလည်း မျောက်ကို မပစ်ခဲ့သည်မှာ ကြာခဲ့ပါပြီ။ (မပစ်ခဲ့သည့် အကြောင်းရင်းလည်း ရှိခဲ့ပေသကိုး)

တောကြီးအတွင်း ပေါက်ရောက်နေသော ယမနေ၊ မဒမ၊ ဘင်ဂ၊ သံသတ်၊ ကျွန်း၊ ပျဉ်းကတိုး စသည့်အပင်ကြီးများ အုံ့ဆိုင်းနေရာ တောင်ကြောကြီးအတွင်း မှောင်မိုက်၍နေသဖြင့် အသံကြားပြီး မကြာမီမှာပင် မျောက်အုပ်မှာ ပျောက်ကွယ်သွားကြပြီးနောက် တောမှာ တစ်ဖန် တိတ်ဆိတ်သွားတော့၏။

တောတိတ်ဆိတ်နေလျှင် နားအာရုံကို ဂရုစိုက်ရသည့် အတွေ့အကြုံအရ ကျွန်ုပ်က အာရုံစိုက်ရင်း သေနတ်ကို လွယ်ကြိုးဖြင့် မလွယ်တော့ပဲ မောင်းထက်ဝက်ထိုးကာ ဗို့ကို လက်မဖြင့် ထိန်းထားရင်း သေနတ်ကို ယာပခုံးတွင် အပြားလိုက် ပြောင်း၍ ထမ်းလိုက်၏။

ဤလို သားကောင်ကြီးပေါင်းစုံရှိသော ရိုးမကြီးပေါ်တွင် အန္တရာယ်ဆိုသည်က မဖိတ်ခေါ်ပဲ ချက်ချင်း ရောက်လာနိုင်၏။

ထို့အပြင် တစ်ယောက်တည်း ထွက်ခဲ့မှုက မုဆိုးစကားနှင့်ဆိုလျှင် “သေလူ” ဟု ရှေးက မုဆိုးကြီးများပင် သတ်မှတ်ထားခဲ့လေရာ ကျွန်ုပ်အနေဖြင့် သတိလက်လွတ်ဖြင့် နေ၍ မရနိုင်ပါ။

ပဲခူးရိုးမအလယ် တောင်ဇာမဏီတောကြီးက အတွေ့အကြုံမရှိသူအဖို့ ကျောချမ်းစရာပင် မဟုတ်ပါလား။

အချိန်ကိုသိရန် လက်ပတ်နာရီအား ကြည့်လိုက်သောအခါ ညနေ(၄) နာရီ ထိုးရန် (၅)မိနစ်ခန့်သာ လိုတော့သည်။

ကျွန်ုပ် ထွက်လာသည်က တစ်နာရီမျှပင် ရှိ၏။ တောကြီးအတွင်း မကြာမီ အမှောင်စိုးမိုးလာနိုင်ပေပြီး ဆောင်းရာသီက နေဝင်စောလေရာ နောက် (၁)နာရီမျှဆိုလျှင် တောင်ရိပ် တောရိပ်ကြောင့် အမှောင်ဘက်လုမည်က ဧကန်ပေ။

သို့သော် ဤလိုအချိန်မျိုးတွင် ချေလိုသတ္တဝါမျိုးကလမ်းဟောင်းနံဘေး ထိကရုန်းပင်ပေါက်များကို ထွက်စားတတ်လေရာ ဤတောင်ကြောပေါ်သို့တက်၍ ကြည့်ချင်စိတ်က ဖြစ်ပေါ် လာ၏။

ထို့ကြောင့် ကျွန်ုပ်က သတိထားကာ တောင်ကြောကို စ၍ တက်ခဲ့လေပြီ။

(၁ဝ) မိနစ်မျှ တက်ပြီး၍ တောင်ကြောထိပ်ရောက်ရန် ကိုက်(၂ဝ)ခန့်သာ အလိုသို့ရောက်လာသောအခါ ကျွန်ုပ်၏ ဝဲဘက် (မြောက်အရပ်)တွင် ကြသောင်းဝါးတောကြီးက ဟည်းထနေသဖြင့် ဝါးရွက်များကြောင့် ဝါးပင်အောက်ခြေများတွင် အလင်းရောင်က နည်းခဲ့လေပြီ။

ထိုစဉ်မှာပင် …

“ဗျောင်း”

ကျယ်လောင်လှသည့် ဝါးချိုးသံတစ်ခုက တောင်ကြောထိပ်၏ တစ်ဖက် ကျွန်ုပ်သွားမည့် လမ်းဟောင်းအထက်မှ စတင်ကြားလိုက်ရလေရာ ကျွန်ုပ်မှာ ချက်ချင်းပင် ထိုအသံကို ဝေခွဲရန် စဉ်းစားရပေပြီ။

xxx xxx xxx xxx

“အဲဒီတော့ ဘာကောင်လို့ အန်ကယ် ထင်တာလဲဟင်”

ဖျာပုံသား ကိုအောင်ထက်က ကျွန်ုပ်အား မေးလာလေ၏။

တစ်ခုသော တနင်္ဂနွေနေ့တွင် ကိုအောင်ထက်မှာ ရန်ကုန်သို့ Hand Phone နှင့် ပတ်သက်သည့်ပစ္စည်း ဝယ်ရန်လာရင်း မပြန်မီ ကျွန်ုပ်ထံသို့ ဝင်လာခြင်းဖြစ်ပြီး စကားစပ်ရင်း ကျွန်ုပ်က ပြောပြနေခြင်းဖြစ်၏။ စကားစပ်ရာတွင် ကျွန်ုပ် ပစ်ခတ်ခဲ့ဖူးသော သားကောင်များ၏သေကွင်း Fatal ချက်ကောင်းကို ရွေးပစ်ရခြင်းအကြောင်းကို မေးရာမှ ပြောပြမိခြင်းဖြစ်လေရာ။

“အန်ကယ်က ဝါးချိုးသံကြားတော့ ဆင်နဲ့တိုးပြီထင်ခဲ့တာ”

“တကယ်တော့ ဆင် မဟုတ်ဘူးလား”

“ဆင် ဟုတ်တယ်လို့ အန်ကယ်ထင်တာကြောင့် ရှေ့ကို ဆက်မသွားဘဲ နောက်ပြန်လှည့်ဖို့ စိတ်ကူးခဲ့တယ်။ ဆင်ဆိုရင် ပစ်ခွင့်မရှိတာကြောင့် ဘာပဲဖြစ်ဖြစ် နောက်ပြန်လှည့်ပြီး တိတ်တိတ်ကလေး ဆုတ်ရမှာကိုး”

“ဒီတော့ ပြန်ဆုတ်ခဲ့သလား အန်ကယ်။ ကြောက်ကော မကြောက်ဘူးလား”

“အန်ကယ်က ဝက်ဝံတို့၊ စိုင်တို့၊ ပြောင်တို့ကိုသာ ကြောက်ချင် ကြောက်မယ်။ ဆင်ကိုတော့ လုံးဝမကြောက်ဘူး။ ဆင်ကို ဘယ်လိုရှောင်ရမယ်ဆိုတာ အန်ကယ်သိတယ်။ ဒါကြောင့် အန်ကယ်က လေဘယ်ကတိုက်နေသလဲ အရင်လေ့လာတယ်။

လေကမြောက်ကတိုက်နေပြီး ဆင်က အရှေ့ဘက်၊ အန်ကယ်က အနောက်ဘက်က ဆိုတော့ အန်ကယ်ရဲ့အနံ့ကို မရနိုင်ဘူး။ ပြီးတော့ ဆင်က အမြင်အာရုံမကောင်းဘူး။ ဒါ့ကြောင့် မကြောက်တာ”

“အန်ကယ်က ဒါဖြင့် ပြန်မလှည့်ဘူးပေါ့”

“ဟုတ်တယ် … ပြန်မလှည့်ဖြစ်ဘူး။ မလှည့်ဖြစ်တဲ့အကြောင်းက နောက်ထပ် အသံတစ်သံကို ထပ်ကြားလိုက်ရလို့ပဲ”

“ဘာသံ ထပ်ကြားတာလဲ အန်ကယ်”

xxx xxx xxx xxx

“ဖုန်း … ရွှီး”

ကျွန်ုပ်က ပြန်လှည့်မည်ဟု စိတ်ကူးခဲ့သော်လည်း ဆင်ကို မကြောက်သည့်စိတ်က ဘာကောင်လဲဆိုသည့် အဖြေကို သိချင်နေမိရာမှ ထိုအသံကို ထပ်မံကြားလိုက်ရသောအခါ ကျွန်ုပ်၏ စိတ်တွင် အဖြေပေါ်လာ၏။

ကျွန်ုပ် အသံကြားရသည့်အကောင်မှာ ဆင်မဟုတ်တာ သေချာသွားပြီ။ သို့ဆိုလျှင် ဘာကောင်လဲ။ နာမှုတ်သည့် အကောင်၊ ပြောင်ကြီးတစ်ကောင်သာ ဖြစ်ရပေမည်။
ကျွန်ုပ် ပထမကြားရသည့် “ဖြောင်း”ဆိုသည့် အသံမှာ ဆင်ဝါးချိုးသံ မဟုတ်၊ ပြောင်က ဦးချိုဖြင့် ဝါးခြောက်ကို တိုက်၍ ကျိုးသွားသံသာ ဖြစ်မည်။

ထို့နောက်မှ နှာမှုတ်သည့်အသံ၊ ဒေါသထွက်နေသည့် ပြောင်တစ်ကောင်၏ နှာမှုတ်သံပင် ဖြစ်ရပေမည်။ ထို့ကြောင့် ကျွန်ုပ်က ပြန်မဆုတ်ဖြစ်။

သို့သော် ကျွန်ုပ်သေနတ်အတွင်း ထည့်ထားသည့် .30-06 ကျည်က ၁၄၇ ဂရိမ်သာ ရှိသောကျည်သာ။ ထိုကျည်က ပြောင်လို အသားထွက်အချိန် (၃ဝဝ)မျှ ရှိနိုင်သော သားကောင်ကြီးကို လှဲမသိပ်နိုင်ပါ။

ယခုကြားရသည့်အသံမှာ တစ်ကောင်ထီးထီးနေတတ်သော ပြောင်ထီးပိုးကြီးတစ်ကောင်သာ ဖြစ်ရပေမည်ဟု ဆုံးဖြတ်မည်အပြုမှာပင် –

“ဖောင်း … ရှူး ရှူး … ဝရော … ဝရော”

နောက်ထပ် နှာမှုတ်သံနှင့် တောတိုးသံကို ထပ်မံကြားလိုက်ရပေရာ ထိုအသံက ကျွန်ုပ် မမြင်ရသည့် တောင်ထိပ်ဘက်မှ ကျွန်ုပ်သွားမည့် ဖုန်းဆိုးထနေသော လမ်းဟောင်းသို့ တောတိုးဆင်းလာသံ။

ထို့ကြောင့် ကျွန်ုပ် ထင်မြင်ချက် သေချာသွားသည်နှင့် တစ်ပြိုင်နက် သေနတ်ကို ပခုံးမှချရင်း မောင်းပြည့်တင်လိုက်ကာ အနီးတွင် ပုန်းရန် ရှာရ၏။ မတော် ပြောင်က လမ်းဟောင်းကို ဆင်းလာပြီး ကျွန်ုပ်ဘက်သို့ လာလျှင် မျက်နှာချင်းဆိုင် တိုးပေမည်ဆိုလျှင် ကျွန်ုပ်က အန္တရာယ်နှင့် လုံးဝ ရင်ဆိုင်ရပေတော့ မည်။

ထို့ကြောင့် ကျွန်ုပ်၏ လက်ျာဘက်တွင် တွေ့ရသော နှစ်ဟောင်းသစ်ထုတ်၍ ဆွေးမြည့်နေသော လူတစ်ဖက်သာသာခန့်ရှိ နှစ်တောင့်ထွာမျှ အမြင့်ရှိမည့် ကျွန်း ငုတ်ဆွေးကြီးဆီသို့ ပြေးကပ်၍ မုဆိုးဒူးထောက်ထိုင်လိုက်ကာ သေနတ်ကိုပစ်ရန် ကျွန်းငုတ်ပေါ်တွင် တင်၍ထားလိုက်၏။

ထိုသို့ နေရာယူထားခြင်းမှာ သူ့အား ပစ်လို၍ မဟုတ်။ အရေးဆို အကာအကွယ်ရရန်သာ ဖြစ်ပေသည်။ အဘယ့်ကြောင့်ဆိုသော် ကျွန်ုပ်တွင် ပြောင် သေစေနိုင်သော ကျည်က မပါ။ ကျည်သေး (၄)တောင့်မှလွဲ၍ အပိုလည်းမပါ။ ထို့ကြောင့် မပစ်လို။

သို့သော် မိမိကိုယ်ကို အန္တရာယ်မှ ကာကွယ်ရန်တော့ လိုအပ်လျှင် ပစ်ရပေမည်။

ကျွန်ုပ်က နေရာယူပြီးချိန်မှာပင်။

“ဖျော … ဖျော”

ဆိုသည့် အသံ ထပ်မံကြားရပြီးနောက်-

“ဂလုပ်”

ဤအသံမှာ တောတိုးရာမှ လမ်းဟောင်းပေါ်သို့ အမြင့်မှ ခုန်ချလိုက်သံဟု ထင်သည်။ ပြောင်ကိုတော့ မမြင်ရ။

လမ်းဟောင်းမှာ ကျွန်ုပ်၏ အရှေ့ပေ (၂ဝ) လောက် အကွာတွင် တောင်စောင်းကို တံတောင်ဆစ်ချိုးကွေ့သွားသဖြင့် ပြောင်က တစ်ဖက်လမ်းပေါ်သို့ ခုန်ချသံ သာ ကြားရခြင်းဖြစ်၏။

ကျွန်ုပ်က ဒီပြောင် ငါ့ဘက် ဆင်းမလာပါစေနဲ့ဟုသာ ဆုတောင်းမိ၏။ အကယ်၍ ကျွန်ုပ်ဘက် ဆင်းလာပါက မလွှဲမရှောင်သာ ပစ်ရတော့မည်။

သို့သော် (၄)ချက် ပစ်သည့်တိုင် ဤပြောင်က လဲရန် မသေချာ။ အကယ်၍ ပစ်ရမည် ဆိုငြားအံ့ တစ်ချက်နှင့် တစ်ချက် ဒုတိယချက် မပစ်ဖြစ်မီ ကျွန်ုပ်အား ပြေးတိုက်ပေမည်။ ထိုသို့တိုက်ပါက ကျွန်ုပ် အကာအကွယ်ယူထားသည့် ကျွန်းငုတ်ဆွေးကြီးမှာ ခံနိုင်မည်မဟုတ်။

ကျွန်းငုတ်နောက်တွင် ရှိသော ကျွန်ုပ်မှာလည်း ကျွန်းငုတ်နှင့်အတူ လွင့်စဉ်သွားမည့်အပြင် လက်ယာဘက်ရှိ ချောက်အတွင်းသို့ပါ ပြုတ်ကျသွားပေမည်။

ဤသည်မှာ ကျွန်ုပ်အတွက် အန္တရာယ်အရှိဆုံးအချိန် ဖြစ်လေသည်။

ပြောင်တစ်ကောင်မှာ ပေါင် (၂ဝဝဝ) ခန့် ဝိတ်ရှိလေရာ သူပြေးတိုက်ပါက ကျွန်ုပ် စဉ်းစားသည်ထက်ပင် ဆိုးပေမည်။

ကျွန်ုပ် တွေးနေစဉ်မှာပင် –

“ဖောင်း … ရွှီး … ရွှီး”

ပြောင်၏ နှာမှုတ်သံက ကျွန်ုပ်ဘက်သို့ တန်းတန်းမတ်မတ် လာနေသံကြားရပေပြီ။ သို့သော် အကောင်ကိုတော့ မမြင်ခဲ့ရနိုင်သေး။

(၄-၅)စက္ကန့်မျှ အကြာတွင်မှာတော့ တံတောင်ဆစ်ကွေးလမ်းပေါ်မှ ပြောင်ကြီးတစ်ကောင်က ပေါ်ထွက်လာခဲ့ပေပြီ။

အရပ်(၆)ပေမျှရှိ၍ နက်မှောင်နေသည့် အရေပြား၊ ခြေ(၄)ဖက်ဒူးဆစ်အောက်တွင် ဝါညစ်ညစ်အရောင်၊ ဦးချိုဖျားနက်မှောင်၍ ဦးချိုရင်း ဝါကျင်ကျင်ဖြင့် တုံး၍နေပြီဖြစ်သော ဦးချိုဖျားက လက်သီးဆုပ်ပမာ ဖြစ်နေသည့်အပြင် ဖွာ၍ပင် နေပေပြီ။

စူးရှသော မျက်လုံးက အရှေ့တူရူသို့ ကြည့်၍ လျှောက်လာရာ ကျွန်ုပ်ရှိရာသို့ တူရူလာနေပေပြီ။

ထိုအချိန်မှာ ကျွန်ုပ်အတွက် ဆုံးဖြတ်ရမည့်အချိန် နောက်ဆုံးစက္ကန့်သို့ ချဉ်းကပ်ခဲ့ပေပြီ။

ပြောင်ကြီးမှာ လမ်းအတိုင်း တံတောင်ဆစ်ကွေးမှ ပေါ်လာပြီးလာနေရာ သူနှင့် ကျွန်ုပ်မှာ (၁၅)ပေထက်ပင် ပို၍မဝေးတော့။

ထိုအချိန်တွင် ကျွန်ုပ်က သူ့အား တွေ့သကဲ့သို့ သူက ကျွန်ုပ်အား တွေ့သွားခဲ့လေရာ ကျွန်ုပ်နှင့် ကျွန်းငုတ်ကို ပြေးတိုက်ရန် ပြင်လိုက်လေပြီ။

သို့သော် ကျွန်ုပ်၏ ရှေ့(၁ဝ)ပေခန့် အကွာတွင် မိုးတွင်းက တောင်ပေါ်ရေစီးချောင်းတစ်ခုက ရှိနေသည်။ ထိုရေစီးချောင်းမှာ ချောက်ငယ်တစ်ခု ဖြစ်နေပြီး လူတစ်ခုန်စာမျှ ကျယ်လေသည်။ ထိုချောက်က လမ်းဟောင်းကို ဖြတ်ထားသကဲ့သို့ ရှိ၏။

“ဖောင်း”

ပြောင်ကြီးမှာ နှာကို တစ်ချက်မှုတ်လိုက်ပြီး ထိုချောက်ငယ်ကို ခုန်ကူးရန် အားယူလိုက်ချိန် ကျွန်ုပ်၏ နောက်ဆုံးစက္ကန့် ဆုံးဖြတ်ချက်က ဦး၍ သွားခဲ့လေသည်။

“ဒိုင်း”

.30-06 ကျည်က အငြင်းအဆန်မရှိ ထွက်သွားခဲ့လေရာ ပြောင်ကြီးမှာ နောက်သို့ အနည်းငယ်တုံ့ကာ ယမ်းထွက်သွားပြီးနောက် နောက်သို့ ပြန်လှည့်၍ ပြေးသွားပြီးနောက်

“ဗျော … ဘုန်း … စွပ်”

တံတောင်ဆစ်ကွေးက ကွယ်သွားကာ ထိုအသံများကို ကြားလိုက်ရပေတော့​၏။
ကျွန်ုပ်မှာ ရှေ့မှ ချောက်ကလေးက ကယ်သည်ဟုပြောရမည် ဖြစ်သကဲ့သို့ ကျွန်ုပ် ပစ်လိုက်သည့် ချက်ကောင်း ပစ်ချက်ကလည်း ကျွန်ုပ်ကို အန္တရာယ်မှ ကယ်ခဲ့ခြင်း ဖြစ်ပါသည်။

ကျွန်ုပ် မည်သည့်နေရာသို့ ပစ်ခဲ့သည်ထင်ပါသနည်း။ ဖြေကြည့်ပါ။

ပြောင်တစ်ကောင်ကို အသက်လု ပစ်ခတ်ရတော့မည်ဆိုလျှင် မည်သည့်နေရာကို ရှေ့တည့်တည့်မှ ပစ်မည်နည်း။

နိုင်ငံခြားဗွီဒီယို၊ ရုပ်ရှင်များမှာကဲ့သို့ Broad side ကန့်လန့်အနေအထားရမှ ပစ်မည်ဆိုပါက မပစ်မီ ပြောင်က မုဆိုးအသက်ကို ယူသွားပေမည်။

ကျွန်ုပ် ပစ်ခဲ့ရသည်မှာ ပြောင်ကြီး၏ ရှေ့တည့်တည့်မှ ဖြစ်လေရာ ပြောင်က ချောက်ကလေးကို ခုန်ကူးရန် အားအယူတွင် ပြောင်၏ ရှေ့လက်(၂)ခုကြား ရင်ဘတ်နေရာမှ တံတောင်ခန့်အမြင့်ရှိ သူ၏အသက်ကိုဖြတ်ချွေနိုင်မည့် နှလုံးသား၏နေရာကို မှန်း၍ ပစ်ခဲ့ခြင်း ဖြစ်ပါသည်။

ထို့ကြောင့် ပြောင်ကြီးမှာ နောက်သို့လန်သွားကာ ပြိုလဲသံကို ကြားလိုက်ရခြင်း ဖြစ်ပေသည်။

ကျွန်ုပ်က (၁ဝ)မိနစ်ခန့် ထိုင်ရင်း ကျည်တစ်တောင့် ထပ်ထိုးပြီးမှ လမ်းအတိုင်း မဟုတ်ပဲ တောတိုး၍ တောင်ထိပ်သို့ တက်ခဲ့၏။ ထို့နောက် ဝါးတောကိုဖြတ်ကာ တံတောင်ဆစ်ချိုးလမ်းကို မြင်ရနိုင်သော အပေါ်ဆီးမှ ကြည့်လိုက်ရာ ပြောင်ကြီးမှာ ဒိုဇာလမ်းဟောင်းပေါ်တွင် လက်ျာဘက်သို့ စောင်း၍လဲနေပေပြီ။

ကျွန်ုပ်က တောင်ကုန်းမှ ဖြည်းဖြည်းဆင်းကာ ပြောင်ကြီး၏ အမြီးဘက်မှ သေနတ်ကို အဆင်သင့်လုပ်ရင်း ချဉ်းကပ်ခဲ့၏။

ပြောင်ကြီးမှာ တုတ်တုတ်မျှ မလှုပ်သည့်အပြင် မျက်လုံးပွင့်၍ အသက်ထွက်နေပေပြီ။ လဲသည့်အရှိန်ကြောင့် ယာဘက်ချိုမှာ မြေကြီးတွင် တစ်ထွာမျှလည်း စိုက်ဝင်လျက် ရှိတော့၏။

ပြောင်၏ ရင်ဘတ်မှာတော့ သွေးများ အိုင်ထွန်းလျက်။

ကျွန်ုပ်က နာရီကိုကြည့်မိသောအခါ (၄း၁၅)နာရီသာ ရှိသေးသည်။ (၁၅)မိနစ်ခန့်အတွင်း ကျွန်ုပ်မှာ အန္တရာယ်နှင့် ရင်ဆိုင်ခဲ့ရသည် ဆိုငြားအံ့။ စာရှုသူတို့မည်သို့သုံးသပ်မည်နည်း။

ပြောင်ကို မသေစေနိုင်သော (၁၄၇)ဂရိန်ကျည်သေးက ပြောင်ကို တစ်ချက်တည်းဖြင့် သေစေခဲ့သည် ဆို လျှင်တော့ မည်သို့ သုံးသပ်မည်နည်း။

ကျွန်ုပ်အဖို့မှာမူ ချက်ကောင်း သေကွင်း (Fatal) ကို ပစ်နိုင်ခဲ့၍သာ အန္တရာယ်မှ လွတ်မြောက်နိုင်ခဲ့သကဲ့သို့ တောသို့ ရောက်ရောက်ချင်းနေ့မှာပင် အလွယ်တကူ ပြောင်ကြီးတစ်ကောင်ကို ပစ်ခတ်ရရှိခဲ့မူက ကျွန်ုပ်အဖို့ အန္တရာယ်လည်း ကြုံ၊ အလွယ်လည်း ပြောင်ကြီးတစ်ကောင် ရရှိခဲ့ခြင်း ဖြစ်ပါတော့သည်။

စာကြွင်း ။ ။ ထိုပြောင်ကြီးအား စခန်းသို့ သယ်ယူပြီး ဖျက်ခဲ့ရာ အသားချိန် ပိဿာ (၃ဝဝ)ကျော်မျှပင် ထွက်ပါသည်။ ကျွန်ုပ်၏ (၁၄၇)ဂရိမ်ယမ်းတောင့်ထိပ်ဖူး ကလေးက မည်သည့်နေရာသို့ ထိခဲ့သည်ထင်ပါသနည်း။ ချက်ကောင်းဖြစ်သော ပြောင်ကြီး၏ နှလုံးသား အလယ်တည့်တည့်ကို ဖောက်ထွင်းသွားခြင်း ဖြစ်ပါသည်။

ထိုပြောင်ကြီး၏ ဦးချိုဖျားမှာ လက်သီးဆုပ်ကြီးကဲ့သို့ရှိလေရာ ကျွန်ုပ်၏တူ Peter က လိုချင်၍ တောင်းသည်ကိုပင် မပေးခဲ့ပါ။

သို့သော် ကျွန်ုပ်အား နိုင်သော၊ ကျွန်ုပ် အားနာရသောလူကြီးတစ်ဦးက တောင်းသဖြင့် ပေးလိုက်ရပါသည်။

Peterကိုတော့ စိုင်ချိုတစ်ချောင်းပေးကာ ကျေနပ်စေခဲ့ရပါသည်။

(သည်းထိတ်ရင်ဖိုမဂ္ဂဇင်း)

(ဆရာကျော်စိုးဗိုလ်​၏ မေတ္တာရပ်ခံချက်အရ ယခုဇာတ်လမ်းအား ပြန်လည်ကူးယူဖော်ပြခြင်း မပြုလုပ်ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ လွတ်လပ်စွာ Share လို့ရပါတယ်)

– ပြီး –

စာရေးသူ – ကျော်စိုးဗိုလ်
စာစီစာရိုက် – မုဆိုး တံငါ စာပေများ 2.0