———————–

ကြားလိုက်ရသည့်စကားက ညို့ နားထဲသံရေပူလောင်းချသလိုဗလောင်ဆူသွားသည်။နုတ်ခမ်းအစုံတို့သည် တဆတ်ဆတ်တုန်ယင်ကာ ရှေ့ဆက်ပြောရမည့်စကားများက ထွက်မလာပဲ လည်ချောင်းထဲတွင်သစ်နေသည်။စကားသံတွေအစား မျက်၀န်းကအိမ်ကမျက်ရည်တို့က စောစီးစွာလျှံကျလာသည်။

မောင်ကတော့ ညို့ကိုတစ်ချက်လေးတောင် မကြည့်။လက်အစုံကို ဘောင်းဘီအိပ်ကပ်ထဲထည့်ပြီး ညို့ကိုကျောခိုင်း လျက် အဝေးတနေရာကိုတွေတွေလေးငေးကြည့်နေသည်။မောင်မျက်နှာက ဘာခံစားချက်မှမရှိသလိုဖြစ်၏။ညို့ ကိုလည်း ၆ နှစ်ကျော်ပေါင်းဖက်လာသည့် ဇနှီးမယားတစ်ယောက်မဟုတ်သလို ခပ်တည်တည်နဲ့။မောင့်စိတ်ထဲမှာ ဘယ်လိုရှိနေလဲ ညို မခန့်မှန်းတတ်တော့။

မောင်ပျော်နေသလား။ ဒါမှမဟုတ်၀မ်းနည်းနေလား။ စိတ်တွေလှုပ်ရှားနေသလား။
သူလုပ်ဆောင်မယ့်လုပ် ရပ်အတွက်၊ ဆုံးဖြတ်ခဲ့တဲ့ဆုံးဖြတ်ချက်အတွက် အမှန်တရားဘက်တော်သားလို့များ မောင်တွေးနေရော့လားမသိ။

တည်တည်ငြိမ်ငြိမ်ကြီး နဲ့ တွေးအေးနေလိုက်တာမောင်ရယ်…။

ခုတလော မောင် အိမ်ကိုပြန်မလာတာ တစ်လကျော်လောက်ရှိခဲ့ပြီ။မောင့်အလုပ်က ထုံးစံအတိုင်း မန္တလေးရုံးခွဲမှာ ရှိတာမို့ မန္တလေးမှာပဲအနေများသည်။တခါတခါ ညို လိုက်သွားပေမဲ့ သားလေရဲ့ကျောင်းကိစ္စနဲ့အလုပ်များနေတာမို့ ညိုလိုက်မသွားဖြစ်။အစက တစ်ပတ် တစ်ခါလောက်အိမ်ကို အရောက်ပြန်လာနေကြဆိုပေမဲ့ အခုနောက်ဆုံးအခေါက်တော့ မောင်ပြန်မလာတာ တော်တော်လေး ကြာသွားပြီ။

ညို ကတော့အားတဲ့အခါတိုင်း မောင်ကို တစ်နာရီခြားတစ်ခါလောက်ဖုန်းဆက်ဖြစ်သည။် သို့ပေမဲ့ မောင်က ဖုန်းသိပ်မကိုင်လိုပါ။အလုပ်များနေသလို လုပ်ပြီး မောင် ဖုန်းချုချု ပစ်တာ ခဏခဏဖြစ်သည်။သို့သော်.. ညို မောင့်အပေါ်သံသယ သေးသေးလေးတောင် မ၀င်ခဲ့ဖူးပါ။

မောင်အလုပ်များနေလို့ ၊ ပင်ပန်းနေလို့ဆိုပြီး ညို့ အရာအားလုံးနားလည်ပေးခဲ့သည်။ညို့ အတွက်တော့ အမြဲတမ်းမောင်က အပြစ်တင်ရက်စရာမရှိသည့် ယောကျာင်္းကောင်းတစ်ယောက်သာဖြစ်၏။

တခါတလေတော့ လည်း မောင့်ကိုလွမ်းလွန်းလို့ ဖုန်းဆက်ပြီးငိုမိသည်။ စည်းစိမ်ဥစ္စာ ပြည့်စုံနေပေမဲ့ မိသားစုအတူ မနေထိုင်ရတဲ့ ညို့ဘ၀က တခါတလေတော့လည်း ခါးလွန်းလှသည်။ မောင့်ကိုနား၀င်အောင်ပြော ပြပြီး မန္တလေးကို လိုက်ခဲ့မည်ပြောတော့ မောင်လက်မခံခဲ့။ သိပ်မကြာခင် ရန်ကုန်ကိုအပြီးပြောင်းခဲ့မယ်ပြောပြီး အချိန်တွေ ဆွဲဆန့်လာခဲ့သည်မှာ ယခုဆို နှစ်နှစ်ကျော်လောက်တောင်ရှိရော့မည်။

ညို ဖုန်းဆက်ပြီး အလွမ်းသည်သည့်အခါတိုင်းလည်း မောင်ထံကြားရသည့်စကားက တစ်မျိုးတည်းသာဖြစ်သည်။

“အလုပ်ပင်ပန်းရတဲ့အထဲ နားပူနားဆာ မလုပ်ပါနဲ့ညိုရယ်…။ မောင်တို့က ညားခါစတွေမဟုတ်ဘူး။ သားလေးတောင် သုံးနှစ်ကျော်ရှိနေပြီ။သားလေးကိုပဲဂရုစိုက်ပါ။အချိန်တန်တော့ပြန်လာမှာပေါ့ …။ ဒါပဲညိုရယ်…။ အလုပ်တွေပင်ပန်းလို့နားတော့ မယ် ။ ဂွတ်နိုက်…။’’

မောင်ဖုန်းချသွားတော့ ညို့ တစ်ယောက်တည်း တောင်တောင်အီအီတွေးရင်း အိပ်ရေးပျက်ခဲ့တဲ့ညတွေ မောင် မသိလေရော့သလား။မောင် ညို့ ကိုစိတ်ကုန်နေလေပြီလားမသိ။ တွေးရင်း ညိုစိတ်တွေပူမိသည်။

“ညို… နင့်ယောကျာင်္းကို အဝေးမှာတစ်ယောက်တည်း ဒီအတိုင်းလွှတ်မထားနဲ့နော်…။ယောကျာင်္းတွေက ယုံရတာမဟုတ်ဘူး။ရှေ့တစ်မျိုး ကွယ်ရာတစ်မျိုးရယ်..။နင်လည်းသားတစ်ယောက်နဲ့ လုံးလည်ချာလည်လိုက်မနေနဲ့ ။ ကိုယ့်ယောကျာင်္း အကြောင်း နည်းနည်းပါးပါးစုံစမ်းဦး။’’

သူငယ်ချင်းတွေ သတိပေးတုန်းက ညိုပေါ့ပေါ့တန်တန်တွေးခဲ့မိသည်။တွေးမိသည်ဆိုသည်ထက် မောင့် ကို ညိုအကြွင်းမဲ့ ယုံကြည်ခဲ့သည်လေ။တခါတလေ ညို တို့လိုမိန်းမသားတွေက ယောကျာင်္းတွေထက်စာရင် အတွေးတွေ နိမ့်နေတတ်တယ်။ အချစ်ကိုကိုးကွယ်တတ်ကြတယ်။ ကိုယ့်ချစ်သူကိုလည်း အကြွင်းမဲ့ယုံကြည်မိတတ်တယ် မဟုတ်လား။

အခုလည်းမောင့်ကို ညိုယုံကြည်သည်။ ၆ နှစ်ကျော်တည်ဆောက်လာတဲ့အိမ်ထောင်ရေးမှာ မောင့်ဘက်က လင့်၀တ္တရားပျက်ကွက်ခဲ့တာတစ်ခုမှမရှိသလို၊ ညိုလည်း မယား၀တ္တရားမပျက်ခဲ့ဖူးပါ။ညိုတို့အိမ်ထောင်ရေးက နားလည် မူတွေနဲ့တည်ဆောက်ပြီးအရမ်းသာယာခဲ့သည်ဟုညိုထင်သည်။

ပြီးတော့ မိဘ သဘောတူလို့လက်ထပ်ခဲ့ကြတာဆိုပေမဲ့ မောင် ညို့အပေါ်ကြင်နာသလို ညိုလည်းမောင်းကို ချစ်ခဲ့တာပဲ။ သားလေးတောင် ၃ ကျော်အရွယ်ရှိပြီ ။ ညို တိ့ုဒါတွေပြောနေစရာမလိုဘူဆိုးပြီး ပေါ့ပေါ့တန်တန်တွေးခဲ့မိတာ ညို မှားသွားသည်။

ယခုမှ မောင့်ဆီက ခရီးရောက်မဆိုက်ကြားလိုက်ရသည့် စကားက လမ်းခွဲစကားဖြစ်နေသည်။ရုတ်တရက်ကြားလိုက်ရသည့်အခါ ညို့ နားကိုပင် ညိုမယုံနိုင်။ ညို့ကို စ နောက်နေသည့်အထင်နဲ့ မောင့်ကို ဖက်လှဲတတင်း လုပ်တော့ မောင် ညို့လက်တွေကို အတင်ဖယ်ချသည်။ ထိုအခါမှ ညို့ကိုမောင်အတည်ပြောနေသည်ဆိုတာညိုသိခဲ့ရသည်။ ညို မောင့်အပေါ်ကို ရာနုန်းပြည့်ယုံကြည်ခဲ့တာ ညိုအမှားကြီးမှားသွားခဲ့ပြီ။

တဆတ်ဆတ်တုန်ယင်နေတဲ့ ညို့ နုတ်ခမ်းတွေ ရုတ်တရက်ပွင့်ထွက်သွားခဲ့တာ တစ်ခွန်းတည်း။

” မောင်…”

တုန်တုန်ယင်ယင်ထွက်သွားသည့်အသံက အတော်လေး ကျယ်သွားသည်ကို ညိုသတိထားမိသည်။ မောင်ကတော့ အဝေးကို ငေးကြည့်နေဆဲ။ တသွင်သွင်စီးကျနေတဲ့ ညို့ မျက်ရည်တွေကို ကျောခိုင်းနိုင်နေပြီလားမောင်ရယ်…။

တအိအိရှိုက်သံတွေနဲ့ ညို့ နုတ်ခမ်းက စကားသံထပ်မံထွက်မလာတော့။ ရင်ထဲတွင်း စူးနစ်အောင့်သက်အောင် ခံစားနေရပြီး လောကကြီးတစ်လုံးဗြောင်းဆန်နေသည်။ ခဏကြာတော့ မတိုးမကျယ်တဲ့ မောင့်အသံ ထပ်မံထွက်ပေါ်လာသည်။

“မောင်တောင်းပန်ပါတယ်ညို။ မောင့်ကို နားလည်ပေးပါ။ မောင်ဆက်ပြီးတော့ ဟန်မဆောင်ချင်တော့ဘူး။ ညို့ ရှေ့မှာလည်း မောင် ဟန်ဆောင်နေရတာ လိပ်ပြာမသန့်တော့ဘူး။ တကယ်တော့ မောင့်မှာချစ်သူရှိတယ်ညို။ အကြောင်းကြောင်းကြောင့် မောင်ညို နဲ့ လက်ထပ်ခဲ့ရပေမဲ့ မောင်သူ့ကိုခုထိချစ်နေဆဲပဲ..။မောင့်ကို နားလည်ပေးပါညို ရယ်…။’’

“နားလည်ပေးရမယ် ဟုတ်လားမောင်…။ လင်ယောကျာင်္းတစ်ယောက်လုံး အိမ်ထောင်ရေးဖောင်ပြန်မူကို ညိုက ဘယ်လို စိတ်မျိုးနဲ့နားလည်ပေးရမှာလဲ။ အဲလောက်ထိလည်းညိုသဘောထားမကြီးနိုင်ဘူးမောင်…။ဒီအချိန်မှာ မောင်က အိမ်ထောင်သည် ဖြစ်နေပြီ။ အိမ်ထောင်သည်ဆိုတာထက် မောင်က ကလေးအဖေဖြစ်နေပြီ။မောင့်ဆန္ဒကိုဦးစားပေးလို့မရဘူး။ ဖြစ်သင့်တာကို မောင်လုပ်ရမယ်မောင်..။

……စဉ်းစားကြည့်ပါမောင်ရယ်…။ အိမ်ထောင်တစ်ခုပြိုကွဲတယ်ဆိုတာ မောင်ထင်သလောက်မလွယ်ပါဘူး။ ပြီးတော့ ၆ နှစ်ကျော် ပေါင်းသင်းလာတဲ့မောင်နဲ့ ညို့ ကြားမှာ မောင်တာ၀န်ကျေခဲ့သလို ညိုလည်း မယား၀တ္တရားပျက်ကွက်ခဲ့တာ ဘာများ ရှိလိုလဲမောင်။ ညို့ ကိုထည့်မတွက်ရင်တောင် သားလေးကို မောင်ထည့်စဉ်းစားသင့်ပါတယ်။တောင်းပန်ပါတယ်မောင်ရယ်…။ သာယာနေတဲ့ ညိုတို့အိမ်ထောင်ရေးကို ဘယ်လိုနည်းနဲ့မှ ညို အပြိုလှဲမခံနိုင်ဘူးမောင်…။’’

ညိုပြောရင်းမျက်ရည်တွေတသွင်သွင်းစည်းကျလာသည်။မောင် ကို ညို အထင်ကြီးခဲ့မိသည်။မောင်ဟာလူတော်။မောင်ဟာ လူကောင်း။ မောင်က သစ္စာရှိတဲ့ယောကျာင်္းကောင်း၊ပြီးတော့ ညို့ကို အရမ်းချစ်တဲ့ခင်ပွန်းသည်လို့ ညို ယုံကြည်ခဲ့မိသည်။ အိမ်ထောင်သက် ၆ နှစ်လုံးလုံး ညို့အပေါ်စိတ်မပါပဲမောင်ပေါင်းသင်းခဲ့လေသလား။ ညို့ အထင်တွေ သက်သက်စင်အောင် မှားသွားခဲ့ပြီ။

“မောင်ကိုကွာရှင်းပေးလိုက်လို့ မင်း မနစ်နာစေရပါဘူးညို။ မင်းတို့သားအမိ တစ်သက်စာလုံး အေးအေးချမ်းချမ်း နေထိုင် စားသောက်လို့ရအောင် ငါလုပ်ပေးနိုင်ပါတယ်။’’

“”တော်တော့ မောင်…။ ညို မကြားချင်ဘူး။ ညို လိုချင်တာ အဲဒီငွေတွေ ပြည့်စုံမူတွေမဟုတ်ဘူး။ ညိုလိုချင်တာ သာယာတဲ့မိသားစုလေး။ ဒါလည်း မောင်အတင်းဖန်တီးနေစရာမလိုဘူး။ ညို တို့မှာဒါတွေအားလုံးရှိပြီးသား ။ ဆက်ထိန်းသိမ်းဖို့ပဲလိုတာ…။ နေပါဦးမောင်ရယ်…။သူက ဘာတွေကောင်းနေလို့လဲ။မောင့်အပေါ်ဘယ်လိုတွေ မြူဆွယ်နေလို့ မောင်က အဲဒီလောက်ထိသာယာနေတာလဲ။ အိမ်ထောင်တစ်ခု ကို လွယ်လွယ် အပြိုလဲ ခံနိုင်လောက်ထိ မောင်မအ ဘူလို့ ညိုထင်ခဲ့တာ…ခုတော့ ညိုထင်ထားတာတွေ လေးစားထားတာတွေ အထင်ကြီးထားတာတွေ အလကားပဲ..။ အရာအားလုံးကို မောင်ရိုက်ချိုးပြစ်တယ်။”

“တော်တော့ ညိုသက်လွင်…။ ငါ မင်းကိုမညာချင်လို့ ငါ့စိတ်ထဲရှိတဲ့အတိုင်း။ဖြစ်ပေါ်လာတဲ့ ဆန္ဒအတိုင်း ငါမင်းကိုဝန်ခံတာ။ ကျန်တာမင်းအပိုင်းပဲ။”
မောင်ကပြောပြောဆိုဆို နေရာကနေချာခနဲ လှည့်ထွက်သွားပြီး ကားပေါ်တက်လို့ သူ့ကားကို ဝေါခနဲ့ တရကြမ်းမောင်းထွက်သွာသည်။ ညို့မျက်ဝန်းအိမ်မှာ မျက်ရည်တွေ တရစပ်ကျနေဆဲ။ လင်ယောကျာင်္းတစ်ယောက်ရဲ့ လမ်းခွဲစကားအပြောခံရသည့်မိန်းမ တစ်ယောက်ရဲ့ရင်ထဲကအပူက ဘာနဲ့ မှနှိုင်းပြလို့မရအောင်ပင်။

ရင်ထဲတွင်ဖြစ်ပေါ်နေသည့် ဝမ်းနည်းခြင်း အံသြခြင်း စိတ်တိုခြင်း မခံရပ်နိုင်ခြင်းတို့က ဘယ်အရာက အနိုင်ယူလို့ ယူနေမှန်းမသိ။
နောက်ဆုံးတော့ ခပ်သွက်သွက်မောင်းထွက်သွားသည့် မောင့်ကားလေးကိုကြည့်ပြီး ညို အသားကုန် အော်ပစ်လိုက်သည်။

“မောင်……”

***

“မေမေကတော့ သမီးကို မောင်၀သုန်ဦးနဲ့သဘောတူတယ်သမီး။မေမေ နှင့် မောင်၀သုန်ဦးရဲ့ အမေ ဒေါ်ခင်မေဦးတို့ ကငယ်ငယ်ကတည်းကကျောင်းနေဘက်သူငယ်ချင်းတွေ။ပြီးတော့ ၀သုန်ဦးအကြောင်းလည်းမေမေသိတယ်။ သမီးတို့ချင်း ခုမှဆုံဖူးကြပေမဲ့ မေမေက တော့ ဒီကောင်လေးငယ်ကတည်းက မြင်ဖူးနေကြ။ ကောင်လေးက အနေအေးသလို တော်လည်း တော်တယ်သမီး။

…… မေမေတို့မှာဒီသမီးလေးတစ်ယောက်တည်းရှိတာ။မတော်တာတွေနဲ့ တွေ့သွားမှာအရမ်းကြောက်တာပဲကွယ်..။ သမီး ၀သုန်ဦးကို လက်ထပ်ဖို့စဉ်းစားပါ။သမီးတို့နှစ်ယောက်သဘောတူခေါင်းငြိမ့်ပြီဆိုတာနဲ့ မေမေတို့တော့ အမြန်ဆုံးစီစဉ်ချင်တယ် ။ သမီးလည်း အရွယ်ရောက်နေပြီပဲ။ စဉ်းစာပါ။’’

မထင်မှတ်ထားသည့်စကားကိုကြားလိုက်ရသည့်အတွက် ညို အလိုလိုရှက်သွေးဖြာသွားသည်။မောင့်ကို လက်ထပ် ရမယ်တဲ့လား။ ကမ္ဘာပေါ်မှာ ညိုလောက်ကံကောင်းသူရှိတော့မည်မထင်။ မောင့်ကို စတွေ့ကတည်းက တိတ်တခိုးစွဲလန်း နေခဲ့တာ ဘယ်သူမှမသိခဲ့ပဲ။မိန်းကလေးမို့ ချစ်တဲ့ သူကိုချစ်တယ်လို့ ပြောခွင့်မရှိလို့သာ ညို တိတ်တခိုးဘ၀နဲ့ တစ်ယောက်တည်း စိတ်ကူးတွေယဉ်ခဲ့သည်။

ခုတော့ ညို့စိတ်ကူးတွေ လက်တွေ့ဖြစ်လာတော့မည်။ မေမေသူငယ်ချင်း ဒေါ်ခင်မေဦးအိမ် အလည်သွားရင်း မေမေ မိတ်ဆက်ပေးမူကြောင့်မောင့်ကို ညို ပထမဆုံး စတွေ့တွေ့ချင်းမှာပဲ ရင်တွေခုန်ခဲ့သည်။နှာတံချွန်ချွန်၊ မျက်ခုံးကောင်းကောင်း နဲ့တည်ငြိမ်လွန်းတဲ့မောင့်ပုံစံ က ညို့ကို မြင်မြင်ချင်းရင်ခုန်အောင်လုပ်နိုင်ခဲ့သည်။ညို ယခုလို သူစိမ်းယောကျာင်္းလေးတစ် ယောက်ကို တစ်ခါမှ ရင်မခုန်ခဲ့ဖူးပါ။ဒါက အချစ်လို့ပဲခေါ်လေမလား။

မောင်နဲ့တွေ့ပြီးနေ့ကတည်းက မောင့်အိမ်အလည်သွားဖို့ အမေခေါ်လာမည့်အချိန်ကိုတိတ်တခိုးတောင်းတနေမိသည်။ မောင့်အိမ်ရောက်တိုင်းလည်း ဧည့်ခန်းမှာချိတ်ထားသည့်မောင့်ဓါတ်ပုံတွေကို ညို အားပါးတရကြည့်မိသည်။ မောင်နဲ့ တွေ့ဆုံ ခွင့်ရအောင် ဖန်တီးပေးသည့် မေမေ့ကိုလည်း ညို စိတ်ထဲက အထပ်ထပ်အခါခါ ကျေးဇူးတင်မိသည်။
ယခုတော့ မေမေက တွေ့ဆုံခွင့်ပေးခဲ့ရုံတင်မကပဲ ပေါင်းစည်းခွင့်ပါပေးတော့မည်။

ညိုက မောင့်သဘောထားကိုသိချင်သည်ဟုပြောလိုက်သည့်အခါ သိပ်ပင်မကြာလိုက် မောင့် ဘက်ကလည်း ညို နဲ့လက်ထပ်ဖို့ ခေါင်းညိမ့်သည်။
ဒီလိုနဲ့ အပြင်မှာ သုံးခါလောက်သာဆုံဖူးသေးသည့်မောင်နဲ့ ညို လက်ထပ်ဖြစ်ခဲ့ကြသည်။ ပထမဆုံးအချစ်က ညို့အတွက် လက်တွဲဖော်ဖြစ်ခဲ့သည့်အတွက်ညိုပျော်သည်။ ကိုယ်ချစ်တဲ့သူနဲ့အတူနေခွင့်ရသည့်သူတိုင်း ကံကောင်းသည့် သူတွေမို့ ညိုလည်း ကံကောင်းသည့်အထဲက တစ်ယောက်ဟုကိုယ့်ကိုယ်ကို ခံယူပြစ်သည်။

မောင့်အကြောင်း၊ မောင့်အကျင့် ၊မောင့်စိတ်တွေကို ဘာတစ်ခုမှမသိပေမဲ့ ညို အချစ်တစ်ခုတည်းနဲ့ မောင့်ကို ယုံယုံကြည်ကြည်လက်တွဲခဲ့သည်။
မောင်နဲ့လက်ထပ်ပြီးအတူနေချိန်ထိ မောင့်အပေါ်ထူးခြားသည့်အပြုမူတစ်ခုမှ မတွေ့ရ။ မောင်က စကားနည်းသည်။ အနေအေးသည်။ ညို့အပေါ်တီတီတာတာသိပ်တော့မရှိ။ ဒါကလည်း မောင့်ပုံစံပဲဖြစ်သည်မို့ ညို ခွင့်လွှတ်ပေးသည်။ မောင်က ညို့ အထင်ထက်တော်သည်။ အနေလည်းတည်သည်။ အလုပ်လည်းကြိုးစားသလို လင့်၀တ္တရားကျေပွန်သည်လို့ ညို ထင်သည်။

ဒီလိုနဲ့ သားလေးမွေးလာပြီး အိမ်ထောင်သက် ၆ နှစ်ကျော်အထိ ညိုတို့ ဘာပြသနာမှမဖြစ်ခဲ့ပါ။ ညို့ အတွက်တော့ ညိုတို့မိသားစုလေး ဟာ ညို့ ရဲ့ ကမ္ဘာငယ်လေးတစ်ခုဖြစ်သည်။ညို ချစ်တဲ့မောင်ရယ် ၊ သားလေးရယ် ညို့ဘေးနားမှာ ရှိနေသရွေ့ညိုဘာမှမလိုအပ်ပါ။ ဒီမိသားစုလေးဟာ ညို့အတွက်တော့ လောကကြီးက ပေးတဲ့အခမ်းနားလက်ဆောင်မွန် သာဖြစ်သည်။

မောင် မန္တလေးရုံးခွဲကိုပြောင်းမည်ပြောတော့ မိသားစုနဲ့ ခွဲနေရမည့်မောင့်ကို ညိုသနားမိသည်။ ညို လိုက်ခဲ့မည်ပြောသည့်အခါ မောင်လက်မခံ။ သားလေးကို ရန်ကုန်က ကျောင်းမှာပဲထားချင်သည်ကို အကြောင်းပြပြီး ညို နဲ့သားလေးကို ရန်ကုန်က အိမ်လေးတွင်မောင်ထားခဲ့သည်။

တစ်ခါတစ်ခါ တစ်လလောက်မှ တစ်ခါ အိမ်ပြန်လာတတ်သည်။ညို့ရင်ထဲမကောင်း။သားလေးအနားမှာ ရှိနေလို့ ဖြေသာပေမဲ့ တခါတခါတော့လည်း ညို မောင့်ကို တောင်းတလွန်းသည်။ သားလေးမွေးပြီးကတည်းက မောင်နဲ့ ညို အလိုလို ဝေးသွားသလိုညိုခံစားရသည်။ အိမ်ပြန်လာသည့်အချိန်တွင်လည်းမောင်က သားလေးနဲ့သာအချိန်ကုန်နေတတ် သည်။

သို့ပေမဲ့ ညို မောင့်အပေါ်စိတ်မကွက်ခဲ့ပါ။
အချစ်မပါသည့်အိမ်ထောင်ရေးဟုလည်း ညို့ အိမ်ထောင်ရေးကို ညိုတစ်ခါမှ မတွေးဖူး။မောင့်ကိုညိုယုံသည်။ မောင်က ညို့အပေါ်ဘယ်တော့မှ သစ္စာဖောက်မယ့်ယောကျာင်္းတစ်ယောက်မဟုတ်ဟု ညို ရာနုန်းပြည့်ယုံကြည်ခဲ့သည်။

***

ဦးနှောက်နဲ့ နှလုံးသား ယှဉ်လာလျှင် မိန်းကလေးအများစုတို့သည် နှလုံးသာကိုဦးစားပေးတတ်သည်ဟု ညို စာအုပ် တွေထဲတွင်ဖတ်ဖူးသည်။ ထိုအထဲတွင်လည်း မိမိအပါအ၀င်ဖြစ်သည်ဟုလည်း ညို့ ကိုယ်ညို ခံယူရပေမည်။မောင်နဲ့ပတ်သက်သမျှ ညို နှလုံးသားကို ဦးစားပေးခဲ့သည်။ သားလေး ရသည်အထိ ညို မောင့်အပေါ် အချစ်မပျက်ခဲ့။ညို့ အချစ်တွေမောင့်အပေါ်ရိုးအီသွားခြင်းမရှိပါ။ ညို့ အတွေက်တော့ မောင်က အခမ်းနားဆုံးယောကျာင်္းတစ်ယောက်ဖြစ်သည်။ မောင်ရှိနေလျှင် ညို့ ဘ၀အလိုလိုပြီးပြည့်စုံနေတတ်သည်။

ညို့အထင်တွေ အိမ်ထောင်သက် ၆ နှစ်ကျော်လုံးလုံးမှားခဲ့သည်ကို ညိုမသိခဲ့။ ခုတော့ အချစ်ကို ကိုးကွယ်ခဲ့သည် ညို ၊ ၆ နှစ်လုံးလုံးမောင့်ကို အရိပ်တကြည့်ကြည့်နဲ့ချစ်ခဲ့မိသည်ညို။ ရရှိခဲ့တာ ကွာရှင်းခွင့်…။အရမ်းချစ်ရသည့်မောင့် နုတ်က ထွက်လာသည့် စကားတစ်ခွန်းက ညို့နှလုံးသားကို ပြာကျစေခဲ့သည်။

စားပွဲပေါ်တင်ထားသည့် ကွာရှင်းစာချုပ်ကိုကြည့်ရင်း ညို ပြောစရာစကားတွေဆွံ့အ နေသည်။၀မ်းနည်းစိတ်တို့ ကြောင့် ရင်အစုန်က စုန်ချည်ဆန်ချည်ဖြစ်လို့။ တသွင်သွင်စည်းကျနေသည့် မျက်ရည်များကြောင့် အမြင်တစ်ခုလုံးဝေ ၀ါးလျက်ရှိသည်။ထိုထိတိုင်အောင် ညို စိတ်က မပြတ်နိုင်သေး။ မိမိအား စိတ်ကုန်၍ကွာရှင်းခွင့်တောင်းနေသည့် ယောကျာင်္း တစ်ယောက်ရှေ့တွင် ညို မျက်ရည်တွေနဲ့ အရှုံးပေးနေဆဲဖြစ်သည်။

အချစ်သည် ညို့ ကိုအရာရာအနိုင်ယူနေ၏။ယခုထိ ညို မောင့်ကိုချစ်နေဆဲ။မောင်နဲ့ လမ်းခွဲပြီးနေဖို့ ေ၇ှ့ရေးကို ညို ဆက်မတွေးရဲ။မောင်မရှိပဲ ညို့နေရက်တွေကို မဖြတ်ကျော်ချင်။မောင်က ညို့ကိုတစ်ချက်မှမကြည့် ။ စားပွဲပေါ်တင်ထားသည့် ကွာရှင်းစာချုပ်ကိုသာမောင် သဲကြီးမဲကြီးစိုက်ကြည့်နေသည်။

“မောင်….။ စဉ်းစားပါဦးမောင်ရယ်။ ညို့ ကိုမရက်စက်ပါနဲ့။ သားလေးကိုလည်းသနားပါမောင်။ ညိုလေ…. မောင့်ကို ချစ်တယ်။ညို မောင်နဲ့မခွဲနိုင်ဘူးမောင်ရယ်။’’

“ငါစဉ်းစားပြီးပြီ ညိုသက်လွင်..။ ဆုံးလည်းဆုံးဖြတ်ပြီးပြီ။ ငါ့ဆုံးဖြတ်ချက်ကို လည်းပြန်မပြင်နိုင်ဘူး။ အစကတည်းက ငါ့ဘ၀မှာ သဲလေးပဲရှိတာ…။’’

မောင့်ရဲ့ ရုတ်တရက်သုံးလိုက်သည့်နာမ်စားနာမည်တစ်ခုကြောင့် ညို မောင့်မျက်နှာ ဆတ်ခနဲကြည့်လိုက်မိသည်။ မောင်က သုံးနေကြနာမ်စားအား သတိမမူမိခင်ရုတ် တရက်ထွက်သွားသောကြောင့် မျက်နှာတစ်ခုံလုံးနီမြန်းသွားပြီး ရှေ့ဆက်မည့်စကားများ အစီစဉ်မကျ ကမောက်ကမ ဖြစ်သား ဟန်တူ၏။

“ဘာတဲ့…။ သဲလေး တဲ့လား…။ တော်တော်ဖြစ်နေကြတာပဲ…။”

ညိုမျက်နှာမဲ့ကာ ခနဲ့ပြုံးပြုံးလိုက်မိသည်။ ညို့ အပြုံးတွေကို မောင်တွေ့သွားဟန်တူ၏။ ရုတ်တရက်မျက်နှာလွှဲကာ ကြမ်းပြင်ကိုဦးတည်ရာမဲ့ငေးကြည့်နေသည်။

“သြော်….။ မယားရှေ့မှာ တောင် သဲလေး နဲ့မခွဲနိုင်ဘူးဆိုပြီး အသည်းအသန်တွေ ရိုချင်နေကြပါလား ကို၀သုန်ဦး ရယ်…။ ရှင်လေ…။ ရှက်တတ်ရင် သေလို့ရတယ်သိလား။ကျွန်မ အရမ်းယုံကြည်အားကိုခဲ့တဲ့ ယောကျာင်္းတစ်ယောက်က ဒီလောက်ထိ သိက္ခာမဲ့ပြီး အဆင့်အတန်းမရှိတဲ့သူဖြစ်နေလိမ့်မယ်လို့ ကျွန်မယောင်လို့တောင်မတွေးထားမိဘူး။”

ပြောရင်းညိုမျက်ရည်တွေကျလာသည်။ တခါမှ နာမည်တပ်ခေါ်ပြီးမပြော ဖူးသည့် လင်ယောကျာင်္းကို အခုလို ပြောရသည့် အတွက် ညို ၀မ်းနည်းနေတာလား…။မဟုတ်ဘူး။ ခုချိန်မှာ ၀မ်းနည်းခြင်းထက် ဒေါသ စိတ်တွေက ပိုမယ်ထင်တယ်။ ကိုယ်ချစ်ရတဲ့ ယောကျာင်္းတစ်ယောက်က တခြားကိုယ်မဟုတ်တဲ့မိန်းမတစ်ယောက်ကို အသည်းအသန်ဖြစ်ပြနေတဲ့အချိန် ညို ဘာလို့၀မ်းနည်းနေရမှာလဲ…။ မောင်သုံးလိုက်တဲ့ နာမ်စားတစ်ခုက ညို့ စိတ်တွေကို အကြီးမားဆုံးပြောင်းလဲပစ်ခဲ့ပြီ။

တစ်သက်နဲ့တစ်ကိုယ် ကိုယ့်ကို ချစ်တယ်လို့တစ်ခါမှ မပြောခဲ့ဖူးတဲ့ ခင်ပွန်းသည်တစ်ယောက်က ကိုယ့်ရှေ့မှာ တခြားမိန်းကလေးတစ်ယောက်ကိုနာမ်စားသုံးလိုက်တာ သဲလေးတဲ့လား..။ ဒီစကားတစ်ခွန်းနဲ့တင် သူတို့တွေ ဘယ်လို ပတ်သက်နေမယ်ဆိုတာ ညို ရိပ်စားမိသည်။

တကယ်ဆို ဘယ်လိုဖြစ်ဖြစ် ညိုက စင်ပေါ်ကဖြစ်သည်။ ညို့က လူကြီးစုံရာတွေ့ရှေ့မှာ လက်ထပ်ခဲ့တဲ့ တရား၀င်ဇနှီးမယား။ မောင့်ရှေ့မှာ ၀ပ်တွား ခယနေခြင်းက မယားငယ်မကို တွယ်ဝိုက်တဲ့နည်းနဲ့ အရှုံးပေးရာ ရောက်နေတာ။ ညို့ဘက်က ကွာရှင်းမပေးသရွေ့ မောင်တို့ဘာလုပ်လို့ရမှာလဲ…။ မျက်ရည်တွေနဲ့အရှုံးပေးပြီး အချစ်မှာ ဒူးထောက်ကျရှုံးခံ မယ့် မိန်းမတစ်ယောက်တော့ ညိုဘယ်တော့မှ အဖြစ်မခံဘူး။

တွေးရင်းညို မျက်ရည်တွေသုတ်ပစ်သည်။
ထို့နောက် စားပွဲပေါ်တင်ထားသည့် ကွာရှင်းစာချုပ်အား လှမ်းယူလိုက်၏။မောင်က ညို့ ကိုဆတ်ခနဲလှည့်ကြည့်သည်။ မောင့်အကြည့်တွေမှာ မျှော်လင့်ခြင်းတွေ ကပ်ပါနေသည်။ ညို ကွာရှင်းစာချုပ်ကို အလွယ်တကူ လက်မှတ်ထိုးပေးလိုက်မည်ဟု မောင်ထင်ကောင်းထင်နေလိမ့်မည်။

ညိုတဆတ်ဆတ်တုန်ယင်နေတဲ့လက်အစုံက ကွာရှင်းစာချုပ်ကို ထက်ခြမ်းဖြဲပစ်ခဲ့သည်။ ရုတ်တရက်တွေ့လိုက်ရသည့် မြင်ကွင်းကြောင့်မောင့်မျက်နှာပျက်စီးချို့ယွင်းသွားသည်။ပြီး ညို့လက်ထဲက စာချုပ်အား ရုတ်တရက် လာလုသည့်အခါ ညို မောင့်ကို ဆောင့်တွန်းပစ်လိုက်သည်။ မောင်ခုံပေါ် လှဲကျသွားသည့်အခါ ကျန်နေသေးသည့် စာချုပ်ကို အစိုက်စိုက်အမွှာမွှာဖြစ်အောင်ဖြဲကာ လုံးချေပြီး မောင့်မျက်နှာပေါ်ကို ပစ်ပေါက်လိုက်သည်။

“ကျွန်မ ကွာရှင်းမပေးနိုင်ဘူးကို၀သုန်ဦး…။ ကျွန်မရှင့်ကိုချစ်ခဲ့တာ ၊ အထင်ကြီးလေးစားခဲ့တာ မှန်ပေမဲ့ အခုတော့ ဒါတွေက အလကားပဲဆိုတာ ကျွန်မ သိလိုက်ပြီ။ ရှင်ကျွန်မကို လွယ်လွယ်နဲ့လက်ထပ်ပြီး လွယ်လွယ်နဲ့ကွာရှင်းလို့မရဘူး။ အိမ်ထောင်ရေးဖောက်ပြန်သူတစ်ယောက်ရဲ့ ပစ်ဒဏ် ကို ရှင်ကောင်းကောင်းကြီး ခံစားရဖို့လိုသေးတယ်။ ကျွန်မသားလေးကိုတော့ ဘယ်တော့မှ အဖဲ့မဲ့သားအဖြစ်မခံနိုင်ဘူး။ ရှင် ကိုတစ်လအချိန်ပေးလိုက်မယ်…။ တစ်လအတွင်းအပြီးဖြတ်ပါ။ ပြီးရင်ရှင့်ကိုအရင်လို ကျွန်မပြန်လက်ခံမယ်။ နုနယ်သေးတဲ့ ကျွန်မသားလေးရဲ့စိတ်ကို ကျွန်မ ဘယ်လိုနည်းနဲ့မှ အစွန်းထင်းမခံနိုင်ဘူး။

……တစ်လကျော်သည်အထိ ရှင်တို့ဆက်တွဲနေရင် ကျွန်မကိုယ်တိုင်ရှင်တို့နှစ်ယောက်စလုံးကိုသတ်ပစ်မှာ။ ကျွန်မ တကယ်ပြောနေတာနော် ကို၀သုန်ဦး…။ ကျွန်မ မလုပ်ဘူးမထင်နဲ့။’’

ညို ဒေါသစိတ်တို့ကြောင့်အသားတွေတဆတ်ဆတ်တုန်နေသည်။ရင်အစုံ တို့သည်အစိုင်ခဲကြီးစွာ စုန်ချည်ဆန်ချည်ဖြစ်နေသည်။
မောင်ကတော့ ညို့ကို မျက်ထောင့်နီကြီးနဲ့ကြီးပြီး နေရာမှ ထလို့ တံခါးကို ဂျိန်းခနဲမြည်အောင်ပိတ်ပြီး အပြင်ကိုထွက်သွားခဲ့သည်။

***

နေ့ခင်းနှစ်နာရီကျော်ကျော်သာရှိသေးပေမဲ့ ညို သားလေးကိုကြိုဖို့ ကျောင်းကိုထွက်ခဲ့မိသည်။ ခါတိုင်းနေ့များက သားလေးကို ကျောင်းကားနဲ့အကြိုလွှတ်ပေမဲ့ ခုတလောကြားနေရသည့် ကလေးပျောက်သည့်သတင်းများကြောင့် ညို စိတ်မချ ဖြစ်ပြီး သားလေးကို ကိုယ်တိုင်လာကြိုခြင်းဖြစ်သည်။ သားလေးတစ်ခုခုဖြစ်မှာကို ညို သေမလောက်ကြောက်မိသည်။ သားလေး ကြောင့်သာ ညို လောကကြီးအလယ်မှာ တစ်ခုလတ်မ ဘ၀နဲ့ ရဲရဲ ဝံ့ဝံ့ကြီးရင်ဆိုင်နေထိုင်နိုင်သည်မဟုတ်လား။

မောင့်ကို တစ်လအချိန်ပေးပြီး မောင့်ဘက်က ဘယ်လိုမှပြောမရသည့်အဆုံးတွင် ညို မောင့်ကိုလွတ်လပ်ခွင့်ပေး လိုက်မိသည်။အစက မောင့်ကို တရားစွဲဆိုပြီး အရှက်ကွဲအောင်လုပ်လိုက်မည်ဟုစိတ်ကူးထားပေမဲ့ ညိုမလုပ်ဖြစ်။ သံသရာ ရှည်သည်ဟုတွေးမိသည်က တစ်ကြောင်း ၊ လူ့လောကအလယ်မှာ အချိန်အကြာကြီး လူလုပ်ရဦးမယ့် သားလေးရဲ့ အနာဂါတ်ကို မထိခိုက်စေလိုသည့်စိတ်ကတစ်ကြောင်းတို့ကြောင့် ညို ကြည်ကြည်ဖြူဖြူ ကွာရှင်းပေးခဲ့သည်။

ပြီး ညို့မှာ မောင်နဲ့ပတ်သက်သမျှတစ်ခုမှမကျန်စေလိုသောကြောင့် မောင်၀ယ်ပေးထားသည့် တိုက်ခန်းနဲ့ ကားကို မောင့်နာမည်နဲ့ပြန်လွှဲပေးခဲ့သည်။ ညို့မှာရှိသည့် ငွေလေးနဲ့ တန်ဖိုးနည်း တိုက်ခန်းတစ်ခန်း၀ယ်ပြီး တနိုင်တပိုင် အထည်ဆိုင်လေးဖွင့်လို့ ညို ဘ၀ရပ်တည်နေထိုင်နိုင်အောင်ကြိုးစားခဲ့သည်။အများတကာအမြင်တွင် ညို့ ကိုခပ်အအ မိန်းမတစ်ယောက်ဟု ထင်ကောင်းထင်ကြနိုင်၏။

ရှိပါစေတော့..။ လူတစ်ယောက်နဲ့တစ်ယောက်က ဘ၀ခံယူချက်တွေမတူတတ်ဘူးမဟုတ်လား။ ပတ်၀န်းကျင် နဲ့ သဟဇာတမျှတအောင်နေတတ်ပေမဲ့ ပတ်၀န်းကျင်ကလူတွေရဲ့ စိတ်အလိုကျတော့ ညို မနေတတ်ပါဘူး။ ယခုတော့ ဘာပြောပြောညို့ ဘ၀ အေးချမ်းခဲ့ပြီ။ညို့ ဘ၀ထဲက မောင့်ကို ထုတ်ပစ်နိုင်ခဲ့တဲ့နေ့ကတည်းက ညိုနေ့ရက်တိုင်း ယုံကြည်မူ တွေနဲ့ ရဲရဲကြီးလျှောက်လှမ်းနိုင်ခဲ့ပြီ။ တချိန်က ဘ၀ မှာ မောင်မရှိရင်မဖြစ်ဘူးလို့ထင်ထားတဲ့အရာတွေက ခုတော့ ဟာသတစ်ခုထက်မပိုတော့။

ရင်နှင့်အမျှချစ်ရတဲ့သားလေးရှိနေရုံနဲ့တင်ညို့ဘ၀လုံးလောက်ပါပြီ။
ဘတ်စ်ကားမှတ်တိုင်မှ ဆင်းပြီး သားလေးကျောင်းဆီ ဦးတည်လျှောက်ရင်းကျောင်းရှေ့ရောက်တော့ သုံးနာရီတောင် မထိုးသေး။ယခုတိုင်းဆို နာရီ၀က်လောက်သားလေးကျောင်းဆင်းချိန်ကို စောင့်ရဦးမည်။သားလေးကြိုက်တတ်သည့် လိမ္မော် ရည်အအေးဘူးကို အအေးမလျော့အောင် သတင်းစာရွက်နဲ့ အသေအချာထုပ်ပြီး အိတ်ထဲအတွင်းကျကျ ထည့်လိုက်သည်။ ပြီး ကျောင်းရှေ့အပင်ရိပ်အောက်က အုတ်ခုံလေးပေါ်ထိုင်ရင်း သားလေးကျောင်းအဆင်းကို စောင့်နေလိုက် မိသည်။

ဘေးမှာတော့ ညို့ကဲ့သို့ကျောင်းလာစောင့်သည့်မိဘ သုံးလေးယောက်ရောက်နေကြလေပြီ။အားလုံးကိုယ်စီ ဖုန်းလေး ကို ကြည့်ပြီး အချိန်ဖြုန်းနေကြ၏။ သို့ပါ၍ညိုလည်း အိတ်ထဲက ဖုန်းကိုထုတ်ပြီး မဖွင့်တာကြာပြီဖြစ်သည့် ဖေ့ဘုတ်အကောင့် လေးကို အပျင်းပြေဖွင့်ကြည့်လိုက်သည်။အကောင့်လေးကို Out ထားတာ ခန့်မှန်းခြေ သုံးလလောက်တောင် ရှိရောပေါ့။

Password မှတ်မိနေလို့သာတော်သေးသည်။ ဖွင့်ကြည့်လိုက်သည်နဲ့ Notification ရော Massenger ပါ ပြည့်နေသည်။ အကောင့်ထဲက New feed လေးကိုဆွဲကြည့်လိုက်သည့်အခါ တွေ့လိုက်ရသည့်သတင်းတစ်ပုဒ်ကြောင့် ညို မျက်လုံးများပြာရီသွားသည်။ အိမ်ထောင်ရှိအမျိုးသမီနှင့် ဖောက်ပြန်နေသည့် …………ကုမ္ပဏီမန်နေဂျာ ကို၀သုန်ဦးအား အမူဖွင့် ဆိုသည့်သတင်းခေါင်းစီး နှင်အတူ မောင့်ပုံတွေ နာမည်ကြီးPage တိုင်းလိုလိုမှာ ပလူပျံလို့။

ဘုရား…။ ဘုရား..။ မောင်ဖောက်ပြန်ခဲ့တဲ့သူက အိမ်ထောင်ရှင်အမျိုးသမီးကိုး။

ညို တကိုယ်လုံးဘာရယ်မသိထုံကျဉ် သွားသည်။ နှလုံးတွေတဆတ်ဆတ်တုန်ပြီး မျက်၀န်းအိမ်ကမျက်ရည်တွေရစ်သိမ်းလာတော့ ညိုသတိထားမိသွားသည်။

အို……။ မျက်ရည်တွေက ဘာလို့ကျချင်နေရတာလဲ…။ ခုချိန်မှာ မောင်နဲ့ငါက ဘာဆိုင်လို့လဲ။ ညိုမျက်ရည်ကိုသုတ်ပြီး သတင်းထဲ ၀င်ကြည့်လိုက်တော့ video file တစ်ခု..။ အမျိုးသမီးရဲ့ယောကျာင်္းဖြစ်သူက ဟိုတည်ခန်းထဲမှာ မောင့်ကို ရိုက်နှက်နေတဲ့ video ဖိုင်။

ညို ဆက်မကြည့်တော့…။ ကြည့်နိုင်စွမ်းလည်းညို့မှာ မရှိတော့။မျက်ရည်တွေ၀၀ါးလာပြီး ခေါင်းတွေလည်း ချာချာ လှည်အောင်မူးနှောက်လာသည်။ညို့စိတ်တွေလည်း ၀မ်းသာနေသည်လား ၊ ၀မ်းနည်းနေသည်လားညိုမသိတော့။ နောက်ဆုံး တော့လည်းညို အရင်က မောင့်ကိုလုပ်ဖို့စိတ်ကူးထားတဲ့အရာတွေက ညို ကိုယ်တိုင် မလုပ်ရပဲ အလိုလိုဖြစ်ကုန်ပြီ။အိမ်ထောင်ရေးဖောက်ပြန်သူတစ်ယောက်ရဲ့ နိဂုံးက ဒီလိုတော့ဖြစ်သင့်ပါတယ်လေ..။လို့တွေးရင်း ညို လေပူတစ်ချို့ကိုမုတ်ထုတ်လိုက်မိသည်။

ထို့နောက် မက်ဆင်ဂျာကိုဖွင့်ကြည့်လိုက်သည့်အချိန် ပထမဦးဆုံး conversion မှာ မောင့်စာတွေက နေရာယူလို့နေသည်။ ကိုယ်တောင်းပန်ပါတယ်ညို ဆိုသည့်စာလေးက ဖွင့်ကြည့်စရာမလိုပဲ အလိုလိုတွေ့နေရသည်။ နောက်ထပ်စာတွေဘယ်လောက်များ မောင်ရေးထားဦးမည်မသိ။ မောင်နဲ့ပြတ်စဲပြီးကတည်းက မောင့်ပတ်၀န်းကျင်ရော ၊ မောင်နဲ့ပတ်သက်သမျှအရာတွေအားလုံးနဲ့ ဖုန်းနံပါတ်တွေကိုပါ ညို ပြောင်းပြစ်ခဲ့သည်။ ညို တို့သားအမိကို အဆက်သွယ်မရသည့်နောက်ဆုံး ညို့အကောင့်လေးကို မောင်စာတွေပို့ထားဟန်တူပါသည်။

သို့သော်…။ မောင့်အတွက် နောင်တသည်အခါနှောင်းသွားခဲ့ပြီ။ နောက်ထပ်ဒဏ်ရာတွေကိုညိုထပ်မရချင် တော့၍ ဒဏ်ရာတွေပေးသူနဲ့ ဝေးအောင် ညို တသက်လုံးရှောင်ပုန်းနေဖို့ဆုံးဖြတ်ခဲ့ပြီ။ မောင့်စာကို ဖွင့်မဖတ်ပဲ ညို အကောင့်လေးကို log out ချလိုက်မိသည်။ ပြီးတော့ ညိုဆုံးဖြတ်ချက်ချလိုက်သည်။ ဒီအကောင့်ကို ညို တသက်လုံးပြန်မဖွင့်တော့သလို… မောင် ဆိုသည့် အရင်ကရူးခါနေအောင်ချစ်ခဲ့ရသည့်ယောကျာင်္းတစ်ယောက်၏ရင်ခွင်ကို ညိုဘယ်တော့မှ ပြန်မခိုလှုံတော့..။

မောင့်အကြောင်းကိုလည်း ဒီထက်ပိုသိအောင်ညိုစုံစမ်းတော့မည်မဟုတ်ပါ။ နောက်ဆုံးမောင့်စာလေးမှာ တွေ့လိုက်ရသည့် တောင်းပန်ပါတယ် ဆိုသည့်စကားတစ်ခွန်းနဲ့တင် ညို ဘ၀အတွက်အရာရာလုံးလောက်သွားပြီ။ တောင်းပန်သည် ဟု မောင့်ဘက်က ဆိုလာခဲ့ခြင်းကြောင့် ညို မမှားခဲ့တာကိုမောင်သိခဲ့သလို မောင်မှားခဲ့တာကိုလည်း မောင်သိပေလိမ့်မည်။

ဒီနောင်တတွေနှင့်သာ မောင့်ရဲ့နေ့ရက်တွေကိုအသက်ဆက်ပါတော့မောင်ရယ်….။ညို လိုချစ်မယ့်မိန်းကလေးမျိုး မောင့်ဘ၀မှာ ထပ်မရှိနိုင်တော့ဘူးဆိုတာ ညို ယုံသလို ၊ ဘယ်လိုအကြောင်းကြောင်း ကြောင့် မှ ညို မောင်နဲ့မပတ်သက်တော့ဘူးဆိုတာလည်း မောင် ထာ၀ရ ယုံကြည်လိုက်ပါတော့….။
မောင်နဲ့ပတ်သက်သမျှ အချစ်ဆိုသည့်စာမျက်နှာကပြီးခဲ့ပြီ…။အချစ်စာမျက်နှာ၏ နောက်တစ်မျက်နှာမှာ တော့ ညို့ ဘ၀ အေးချမ်းသာယာခွင့်ရခဲ့ပြီ။

“တောင်…တောင်…။’’

ကျောင်းဆင်းခေါင်းလောင်းသံကြားတော့ ညို ဝဲနေတဲ့မျက်ရည်တွေကို တရကြမ်းသုပ်ရင်း သားလေးရဲ့ အခန်းကို လှမ်းကြည့် လိုက်မိသည်။အဖြူအစိမ်းကျောင်း၀တ်စုံလေးနဲ့ ပြေးထွက်လာသည့်သားလေးကိုမြင်တော့ ညိုလက်ကလေး ပြကာ သားလေး ကိုလှမ်းခေါ်လိုက်သည်။ အနားရောက်လာသည့်သားလေးကို ရင်ခွင်ထဲ ထွေးပွေ့ပြီး ဖောင်းဖောင်းအိအိ သားလေးရဲ့ ပါးပြင် နုနုလေးကို ညိုအားပါးတရနမ်းရှိုက်လိုက်မိသည်။

စောစောက ပူလောင်နေတဲ့ ညို့ ရင်တစ်ခုလုံး ခုတော့အေးချမ်းလို့…။ ပျော်ရွှင်လို့…။
ညို့ ဘဝ​ကြီး သာယာလို့ပါ..။

(စာရေးသူ၏စိတ်ကူးမျှသာဖြစ်ပြီး တိုက်ဆိုင်မူများရှိပါက နားလည်ပေးစေလိုပါသည်။)

ညီလေးငယ်

၂၀၂၀ ခုနှစ်၊ မတ်လ၊
လျှို့ဝှက်ဆန်းကြယ်မဂ္ဂဇင်း။