ငတော ငလုံး ဝတ္ထုတိုများ – တွင်းကြီးဝမ်းမောင်
၆။ ချိုးရိုက်သမား
(၁)
“ရော့…ရော့… ငွေထုပ်ကြီး၊ ငွေထုပ်ကြီး ငါ တောထဲသွားရင်း ရုက္ခစိုးကြီးနဲ့ တွေ့လို့ ပေးလိုက်တဲ့ ငွေထုပ်ကြီး ဆန်ထမင်းတွေ ချက်စားစမ်း၊ ဆီတွေ ဝယ်ခတ်စမ်း”
ငတောသည် ပက်လက်ကလေး ကျောကျလဲနေရာမှ ပြောမိပြောရာကို ကယောင်ချောက်များ ပြောနေသည်။
မိဂျမ်းသည် သူ့ယောက်ျား ကုသ၍မှ ရပါဦးမည်လောဟု တွေးတော ပူပန်မိကာ စိုးရိမ်စိတ်တဝေဝေ။
ငတော၏ သားနှစ်ယောက်ဖြစ်သော ငလုံးနှင့် ငမုံးတို့သည် သူတို့အဖေ ခြေထောက်ကို တစ်ယောက် တစ်ဖက်စီ ထိန်းကိုင်ရင်း ဘာပြောရမှန်း မသိဘဲ ကြောင်အအ ယောင်တောင်တောင်။
“ထမင်းချက်ချိန် ရောက်တိုင်း၊ ရင်ခုန် နှလုံးတုန်နေတယ်ဆိုတဲ့ မိဂျမ်း နင့်သား ငလုံးဆီ တောင်းစမ်း၊ ရုက္ခစိုး ပေးတဲ ငွေ အများကြီး ကြိုက်တာ ဝယ်ချက်ဟာ၊ ကျောင်းလခ စိတ်ပူနေတဲ့ နင့်သား ငမုံးကို ပေးလိုက်၊ တစ်နှစ်လုံးအတွက် ပေးလိုက်စမ်း ပေးလိုက်စမ်း”
ငတောသည် သူ့ပါးစပ်ထဲ တွေ့ရာ ဦးတည်ပြောနေ၏။ သူ့အဖေ စကားထဲ၌ သူ့နာမည် ပါလာသောအခါ တွဲဖက် အထက်တန်းကျောင်းတွင် နဝမတန်းပညာ သင်ကြားနေသည့် ငမုံး ရင်ထဲ ထိခိုက် နာကျင်မိသည်။ ငတော အဖျားတက်ပြီး ငန်းဝင်နေပြီ။
ငန်းဝင်နေသူတို့ ဓမ္မတာအတိုင်း သူ့စိတ်ထဲမှာ ပေါ်လာသည်တို့ကို အထိန်းချုပ်မဲ့ ပြောသည်မှာ မရပ်မနား။
ငတောသည် မျိုးသိပ်ကြိတ်မှိတ် ခံစားနိုင်လွန်းသူ။
သူ ကျန်းမာရေး ကောင်းစဉ်က သူ့မိသားစုကို သုံးလွန်းတင် ထမင်း မျှသာ သူ ရှာဖွေ ကျွေးမွေးနိုင်ခဲ့၍ သူ့ကိုယ်သူ မကျေနပ်။
ထမင်း ချက်ပြုတ်ချိန် ရောက်တိုင်း ပြည့်စုံသည့် နေ့က ရှားပါးလှပြီး ရှာဟယ်ဖွေဟယ်နှင့် ဂျင်ဂျာလည်နေသူ သူ့ဇနီး မိဂျမ်းအဖြစ်ကို မြင်ရတိုင်း မချိတင်ကဲ ခံစားရပြီး အုံ့ပုန်းပူ လူမသိ ဖြစ်ခဲ့ရ၏။
ငတော၏သား ငမုံးသည် တွဲဖက်အထက်တန်း ကျောင်းသား နဝမတန်း သိပ္ပံမှာ ယခုနှစ် ပညာ သင်ကြားနေသူ။
တွဲဖက် အထက ဟူသည် ကျောင်းသား ကျောင်းသူ ထံမှ ရသော ကျောင်းလခကို အမာခံ အရင်းတည်၍ ဖွင့်ရသော ကျောင်းဖြစ်သည်။ မည်မျှ ဆင်းရဲသော ကျောင်းသား ကျောင်းသူပင်ဖြစ်စေ ကျောင်းလခ လွတ်ငြိမ်းခွင့် ပြုသည့် ထုံးတမ်းစဉ်လာ မရှိ။ စုပေါင်း အင်အားဖြင့် ကိုယ်ထူကိုယ်ထ ငွေ ထည့်ဝင်ကာ ဖွင့်ရသော ကျောင်းဖြစ်ရာ ငမုံ ကျောင်းလခ ပေးရသည်။ ငမုံး ဆင်းရဲမှန်း သိသည့်တိုင် လွတ်ငြိမ်းခွင့် မပေးသာကြ။
ငမုံးသည် ငတော သားသမီးများထဲ၌ ပညာရေး ထူးချွန်သူ၊ ရှစ်တန်းကို ဂုဏ်ထူး သုံးဘာသာဖြင့် အောင်သူ။ ပညာ ကြိုးစားသည်။ ဉာဏ်ကောင်းသည်။
အလိုက်သိသည်။ ဘဝကို နားလည်သည်။ တစ်မိပေါက် တစ်ယောက်ထွန်း ဖြစ်စေလိုသော မိဘ စေတနာကြောင့် ငမုံးကို ငတောတို့ ကျောင်းမထုတ်ရက်၊ အစ်ကိုဖြစ်သူ ငလုံးကလည်း သူ့ညီကို ညှာသည်။ လုပ်စရာ ရှိသမျှ ငမိုး အတွက်ပါ သူ လုပ်နိုင်သမျှ ကြိုးစား၍ ပိုလုပ်ပါမည်။ ကျောင်းဆက်ထားပါဟု အားပေးသည်။
သည်တော့ တောသမား ဖြစ်သည့်တိုင် ငမုံး တွဲဖက် ကျောင်းသား ဖြစ်ခဲ့ရ၏။ ငမုံး အနေဖြင့် ဘဝ နာကာ အသိရှိ၍ စာကို သဲသဲမဲမဲ ကြိုးစားသူ ဖြစ်ရာ သင်ကြားရေး၊ ကျက်မှတ်ရေး၊ တွက်ချက်ရေး၌ ဘာမှ မဲတင်းစရာ မလို၊ မဲတင်းစရာ လိုသည်က လစဉ် ကျောင်းလခ။
ကျောင်းလခပေးချိန် နီးလာလျှင် ငမုံး သူ့ကိုယ်သူ အလိုအလျောက် အားငယ်လာသည်။ တိတ်တခိုး ပင့်သက် ချမိသည်။ ငယ်ရာမှ ကြီးလာသော သားသမီးကို ကြေးမုံပြင်လို နေ့စဉ် ကြည့်ရှု အကဲခတ်လာသော ငတောက ငမုံးအခက်အခဲကို နားလည် စာနာသည်။
သူ့မိသားစု၏ အထွေထွေသော လူမှုဒုက္ခ၊ စီးပွားဒုက္ခကို မျက်ခြည် အပြတ် မခံသော ငတော အနေဖြင့် အားလုံး အားလုံး မျက်မြင် ကိုယ်တွေ့ တွေ့၏။ စိတ်ထဲသိ သိ၏။ သိ၊ မြင်၊ ကြား သည့်တိုင် ငတော တစ်ချက် မျက်နှာမညှိုး။ အမူအရာ တစ်စက်မျှ မပျက်။
သူသည် အိမ်ထောင်ဦးစီး၊ ရင်ဆိုင် ဖြေရှင်းရမည့်သူ၊ ဦးဆောင် ကျော် လွှားရမည့်သူ၊ တာဝန် အရှိဆုံးလူ။
သည်အသိကြောင့် သောက ဟူသမျှကို သားသမီးများထံ အကူးအစက် မခံ။ သူသာလျှင် ကြိတ်မှိတ်၍ တစ်ကိုယ်တည်း ခံစား၏။ သူ့ ရင်ထဲက အပူ ကို မိသားစု မသိစေရန် မရိပ်မိစေရန် ကြိတ်မှိတ် မျိုသိပ်ကာ၊ ဖုံးကာဖိကာ လျှို့ဝှက်ကာ နေထိုင်ခဲ့၏။ ဤလျှို့ဝှက်မှုကြီးသည် ရက်၊ လ၊ နှစ်ကြာသည်နှင့်မျှ ငတော နှလုံးသား တစ်ရာ၌ အစိုင်အခဲလို ထုနှင့်ထည်နှင့် စုစည်းမိ၏။
သာမန်အချိန်၌ သတိဖြင့် ငတော ထိန်းချုပ်နိုင်သည်။ ယခုကဲ့သို့ သူ့ စိတ်အလျဉ်ကို မထိန်းချုပ်နိုင်လောက်အောင် အထိ အပြင်းအထန် နာဖျားကာ ငန်းဝင်နေသော အချိန်၌ မျိုသိပ်ထားခဲ့ရသော ခံစားရသည့် ဝေဒနာများ တစ်စွန်းတစ်စ စွန်းထင်းလာသည်။
ငတော စကား၌ ဘာတရားပါ၍ ဘာကို ဆိုလိုနေကြောင်း နှစ်ပေါင်း များစွာ ပေါင်းဖော်လာသူ မိဂျမ်း ကွက်တိ ခန့်မှန်း သိရှိသည်။ သူ့ လင်သား၏ စေတနာ မေတ္တာကို သိရှိနားလည်ပြီး မိဂျမ်း မျက်ရည် ရစ်ဝဲလာသည်။
ခြင်ထောင်ကို ခပ်ဖွဖွ ထိန်းပေးရင်း အဖေဖြစ်သူ ငတောကို ငလုံး ငေးမော ကြည့်နေမိ၏။ ငေးမော ကြည့်နေမိရာမှ သူ့ အဖေကဲ့သို့သော ရုပ်ဆင်း သဏ္ဌာန်မျိုးကို အခြားနေရာမှာ အခြားသူထံမှာ မြင်ဖူးလာသလိုလို ဖြစ်လာ၍ ဘယ်မှာ မြင်ဖူးပါလိမ့်။ ဘယ်သူ့တုန်းကပါလိမ့်ဟု စဉ်းစားကြည့်သည်။ စဉ်းစားကြည့်လေလေ ဖော်မရလေလေ ငလုံး ဖြစ်ရ၏။
=
သူ့အဖေ အသားသည် နနွင်းရောင်ပမာ ဝါဝါထိန်ထိန်။
မျက်လုံး တစ်စုံမှာ မျက်လုံးအိမ်ထဲ ချောက်ကျနေသလို ဖြစ်လျက်ရှိပြီး အရောင် ခပ်မှိန်မှိန်။
ငေါထွက်နေသော မေးရိုး။ ချိုင့်ခွက်နေသော နားထင် နားရင်း။ ကျူရိုးလိုသာ ကျန်တော့သော လည်ချောင်း။
ကြက်ပိန်ရင်အုပ်ပမာ အရိုးက ကြွက်သားထက် ပေါ်လွင်နေသော ရင်အုပ်။
သည် ဥပဓိရုပ်၊ သည် ရုပ်ဆင်း သဏ္ဌာန်မျိုးကို လုံး မြင်ဖူးသည်။ ဘယ်မှာ မြင်ဖူးပါလိမ့်ဟု အားတင်း စဉ်းစားရာ စဉ်းစား မရ။
သူ့အဖေ၏ အရိုးဂေါက်ဂက် ဖြစ်နေသော ခြေသလုံးကို အသာအယာ ဆုပ်နယ်ပေးရာမှ ငလုံး ဖျတ်ခနဲ သတိရသည်။
ဘကြီး ပေသီး၊ ဘကြီး ပေသီး။
ဘကြီး ပေသီး မသေခင် သုံးလေးရက် အလိုက ဘကြီး ပေသီးဘေး ငလုံး ရောက်သွားသည်။
ငလုံးကို ဆုပ်ကိုင်သော ဘကြီးပေသီး လက်မှာ ယခု သူ မြင်နေရသော သူ့အဖေ ငတောလက်လို အကြောပြိုင်းပြိုင်း ထနေသည့် လက်ပါ၊ ဥပဓိ ရုပ်ဆင်းသဏ္ဌာန်ကလည်း သူ့အဖေ ငတော ဥပဓိရုပ်မျိုးပါ။
သည်သို့သော ဥပဓိရုပ် ဖြစ်ပေါ်ပြီး သုံးရက်ခန့် အကြာ၌ ဘကြီးပေသီး ကွယ်လွန်ခဲ့၏။ သေရုပ်ဆိုတာ ဒါပဲထင်ရဲ့ ဟု ထိုစဉ်က တွေးမိ၏။
ယခု သူ့အဖေ ဥပဓိရုပ်သည် ထိုကဲ့သို့ ဖြစ်နေသည်ဆိုတော့…
ဆောင်းရာသီစစ်စစ် ဖြစ်ပါလျက် သဲကန္တာရ ထဲ၌ နွေအခါ နေပူ ခေါင်ခေါင်၌ ရောက်ရှိနေသူ ခံစားရသည့် ပူပြင်းမှု ဒဏ်မျိုး ခံစားရပြီး ချွေးသီး၊ ချွေးပေါက်များ ယိုစီးကျလာသည် အထိ သူ့အဖေအတွက် ငလုံး ပူပင်မိ၏။
အဖေသည် ဝေဒနာကို ခုခံ တွန်းလှန် ကျော်လွှားနိုင်ပါ့မလား။
အဖေသာ ဖွဟဲ မပြောကောင်း မဆိုကောင်း၊ နမိတ်မရှိ နမာမရှိ လွဲချော် တိမ်းစောင်းပြီး ကွယ်လွန်သွားပါက….
ငလုံး မတွေးရဲ၍ အတွေးစကို ဖြတ်လိုက်သည်။ အတွေးစကို ဖြတ်လိုက်ပါမှ ကြောက်လေ ခြောက်လေ ဖြစ်လာ၏။
သူ့အဖေ ငတောသည် အဖေဆိုလည်း ဟုတ်၏။ ဆရာ ဆိုလည်း ဟုတ်၏။ မှီခိုအားထားရာ မေရု ရွှေမြင့်မိုရ်ပမာဆိုလည်း ဟုတ်၏။ လုပ်ဖော် ကိုင်ဖက် ဆိုလျှင်လည်း ဟုတ်၏။ စားဝတ်နေရေး ပြဿနာ၊ လူမှုရေး ပြဿနာ အရပ်ရပ်ကို ဒိုင်ခံ ဖြေရှင်းပေးနေသော ကျေးဇူးရှင်ကြီး ဆိုလျှင်လည်း ဟုတ်၏။
သူ့အဖေသည် သူတို့မိသားစု စားဝတ်နေရေးအတွက် အဓိက အသက် မွေး ဝမ်းကျောင်းလုပ်ငန်းအဖြစ် တော သားကောင် ငါးကောင်၊ ဖားကောင် ရှာဖွေ၏။ ထို့ကြောင့် သူ့အဖေကို တောသမားဟု ချိုင့်ကြီး တစ်ရွာလုံးက ခေါ်ကြ၏။
ချိုးတည် ချိုးရိုက်၊ ငုံးတည် ငုံးခြောက်၊ ခါတည်၊ ကြက်တည်၊ သမင် လိုက်၊ ယုန်လိုက်၊ ပတတ်လိုက်၊ ဖွတ်လိုက်၊ ကိုင်းထောင်၊ ခိုဖမ်း၊ ဖမ်းယက်၊ ပွေးထိုး၊ မီးထိုးလိုက်၊ ကြွက်ထောင် ကြွက်တူး၊ ခွေးအ,လိုက်၊ ပျားရှာ၊ တော ဝက်ကျင်းထောင်၊ လှံကိုင်လိုက်၊ မြွေဖမ်း၊ ငါးပက်၊ ငါးများ အစရှိသော လုပ်ငန်း အစုံစုံကို သူ့အဖေသည် လုပ်ကိုင်၍ မိသားစုဘ၀၀မ်းစာ ဖြည့်တင်းခဲ့ကြောင်း ငလုံး သိပါ၏။
တောလုပ်ငန်း မလုပ်ရသည့် အချိန်၌လည်း အအားမနေ။
ပျံကျ အလုပ်ကို ရာသီအလိုက် ရရာ ကြုံရာကို အကုန် အားကုန် ဇယ်စက်သလို ကုန်းရုန်း လုပ်၏။
လွှဆွဲ၊ လွှတိုက်၊ အိတ်ပိုး အိတ်တင်၊ အိမ်သာကျင်းတူး မြေဖို့ မြောင်း၊ ထင်းပေါက်၊ သစ်ပင်လှဲ သစ်ပင်ချိုင်၊ ပြောင်းရိတ်၊ နှမ်းရိတ်၊ ပဲစဉ်းငုံခုတ်၊ ပဲစဉ်းငုံပုတ်၊ ဂျုံနုတ်၊ ပဲနုတ်မှအစ ဒေသခံ လုပ်ငန်း အဝဝကို ငှားသူ ရှိလျှင် ရှိသလို သူ့ကိုယ်သူ မညှာတာဘဲ အလုပ် လုပ်သည်။ ရွာမှာ အလုပ် မရှိက နီးရာရွာမှာ၊ နီးရာရွာ အလုပ်မရှိက အလုပ်ရှိရာ ဝေးရာ ရွာအထိ သွားရောက် လုပ်သည်။ အလုပ် လုပ်ရမည်ဆိုလျှင် ပင်ပန်းရမှန်း ညည်းညူ ရမှန်း မသိ။
အခိုအကပ် မရှိ အတွက် မရှိ၊ အစီးအပိုး မရှိ၊ သူ့ကို အခစား လုပ်ကိုင် ရန် ငှားရမ်းလာပါက သူလည်း လုပ်ခရ၊ ငှားသူလည်း ကျေနပ် အားရသည့် အထိ စေတနာထားလျက် အကောင်းဆုံး ဖြစ်အောင် လုပ်ပေးခဲ့သည်။ သူ့ကို စီးပိုး၍ ခိုင်းမှန်း သိသည့်တိုင် ကျေကျေနပ်နပ်ပင် သိလျက်နှင့် လုပ်ပေးခဲ့သည်။ ထိုသဘောထားကြောင့် သူ့အဖေ ငတောဆိုလျှင် ငတောလားဟ အားရင်
ဘာ လာလုပ်ပေးစမ်း၊ ညာ လာလုပ်ပေးစမ်းဟု အလကား ခိုင်းရသလို ထင်မှတ် လာပြီး ပေးရသည့် ငှားရမ်းခ အဖိုးမများဟု ထင်သူ အနန္တပင်။
အလုပ် ရသမျှ တွေ့မရှောင် လုပ်ခဲ့သော သူ့အဖေ။
လုပ်ခဲ့ရသော အလုပ် မှန်သမျှကလည်း နူးညံ့သော အလုပ် တစ်ခုမှ မပါ။ အရိပ်ထဲ လုပ်ရသော အလုပ် တစ်ခုမှ မပါ။
လာလေဆို မိုးထဲရေထဲ နေထဲနှင်းထဲ ဗွက်ထဲရွှံ့ထဲ။ လုပ်ရပြီဆို ခွန်နှင့်အားနှင့် မီးကုန်ယမ်းကုန်။ လုပ်ရသည့် ရာသီကလည်း ဆယ့်နှစ်ရာသီ။ အလုပ် ပေါ်လာချိန်သည် သူ့အဖေ အလုပ်ချိန်။ အကန့်အသတ် မရှိ။ အတိုင်းအဆ မရှိ။ သူ့အဖေ ဉာဉ်ကလည်း တစ်မျိုး။ မဖြစ်မနေမှသာ သူ့သား သူ့ဇနီး အကူအညီ ယူသည်။ ဖြစ်နိုင်သမျှ ပင်ပန်း၍ လဲကျသွားပါစေ။ သူသာ အပင်ပန်းခံသည်။ သူသာ အဆင်းရဲခံသည်။
သူ့ဘဝ တစ်ခုလုံးကို မိသားစုအတွက် မြှုပ်နှံ စတေးကာ အားကြိုး မာန်တက် အလုပ် လုပ်သည်။
ထိုကဲ့သို့ သူ့ဘဝကို မိသားစုအတွက် စတေး မြှုပ်နှံကာ အလုပ်ကို ကြုံရုန်း လုပ်ကိုင်ခဲ့သော ငလုံး၏ အဖေ ငတောသည် သံမဏိ မဟုတ်၊ ကျောက်ဆစ်ကျောက်သား မဟုတ်။
အသွေးနှင့်လူ အသားနှင့်လူ ဖြစ်ရာ ထိုဒဏ်တို့ ပိပြီ။ ယခု ကျန်းမာရေး ယိုယွင်းရပြီ။ ကျန်းမာရေး ယိုယွင်းသည်မှာလည်း အာဂန္တ အဖျားအနာ မဟုတ်။
အပေါ်ယံ ခေါင်းခဲ၊ ဝမ်းနာ၊ ကိုယ်ပူနှာစေး မဟုတ်။ ဖြစ်လိုက်သည်မှ သေကောင်ပေါင်းလဲ။ ဖြစ်နိုင်သည်က ရေတိမ်နစ်နိုင်သည့် အဖြစ်။ ကုသနေရသည်မှာ လှေကွဲစီး အခြေအနေ။ သည်ရောဂါကို အဖေ ကျော်လွှား နိုင်ပါ့မလား။
ငလုံးသည် တွေးရင်း တွေးရင်း ထိတ်လန့်သည်ထက် ထိတ်လန့်လာသည်။ တုန်လှုပ်ချောက်ချားသည်ထက် တုန်လှုပ်ချောက်ချား လာသည်။ သူ့ အဖေကို ကြည့်ရာ ယခု အခြေအနေမှာ အားရစရာ တစ်ကွက်မျှမမြင်။
ရောဂါကို သမားက နိုင်မှ နိုင်ပါ့မလား။
ရောဂါက သမားကို ပျက်ရယ်ပြု၍ ဝေဒနာရှင်ကို အနိုင်အထက် ပြုကျင့်ကာ ညှဉ်းပန်း နှိပ်စက် အားရမှ ဘဝတစ်ပါး တွန်းပို့မည်လား။
ထန်းသီးဘုတ် ကျေးလက်ကျန်းမာရေး ဆေးခန်းမှ ကျန်းမာရေးမှူး ဦးဆင့် ဆေးကုသရန် ရောက်လာမှ မိဂျမ်းရော ငလုံးပါ အားတက်သွားသည်။
ကျန်းမာရေးမှူးလေးက အပြန်ပြန် အလှန်လှန်ပင် စမ်းသပ် စစ်ဆေး ဆေးထိုးပြီးမှ ဆေးပြားများ ပေးသည်။ သောက်ရမည့် အချိန်နှင့် ဆေးပြားများ ကို ညွှန်ပြ ပြောဆိုသည်။ ပြီးမှ မိဂျမ်းနှင့် ငလုံးတို့ကို ငတောနှင့် ဝေးရာ တဲအပြင် ခေါ်ထုတ် သွားသည်။ ဆေးမှူးလေးက ညင်ညင်သာသာဖြင့် ခပ်တိုးတိုး ပြောသည်။
“အတတ်နိုင်ဆုံး အားတင်းကြပါ။ ခု အဆင့်ကတော့ သေမင်းနဲ့ သမားကြား အကြီးအကျယ် လွန်ဆွဲနေရတဲ့ အချိန်ပါ၊ ခုလို ဖြစ်ရတာကလည်း ရောဂါဖြစ်ကတည်းက မကုသဘဲ နောက်ကျမှ ကုသရတဲ့ အကြောင်းကြောင့် မရောက်သင့်ဘဲ ဒီအခြေအနေကို ရောက်ရတာပါ။ ဒီက အစ်မကြီးတို့ ညီလေး တို့ကို ကျွန်တော်က နောက်ကျမှ ပင့်ရကောင်းလားလို့ ကုရကောင်းလားလို့ အပြစ်တင်နေတာ မဟုတ်ဘူးနော်။ စောစော ကုရင် ခုလို မဲတင်းရမှာ မဟုတ်ဘူး ဆိုတာ ထင်ရှားအောင် ပြောတာပါ။ အစ်မကြီးတို့ ဘဝ ညီလေးတို့ ဘဝကို အခက်အခဲတွေ ကြားမှာ တည်ဆောက် နေရကြောင်း ကျွန်တော် နားလည် ခံစားရပါတယ်”
ကျန်းမာရေးမှူး ဆရာလေး၏ အသံသည် အဝေးမှ လာနေသလို ထင်၏။ မိဂျမ်းရောငလုံးပါ ပါးစပ်ဟ၍ ယောင်ငေးငေး ။
“တခြား ဆရာဆိုရင် လူနာကို ပစ်ချင်တိုင်း ပစ်ထား၊ နောက်ကျမှ လာပင့်တယ်လို့ အပြစ် ပြောကောင်း ပြောပါ့မယ်၊ လိုက်မကုဘဲ နေကောင်း နေပါလိမ့်မယ်။ လှေကွဲစီး ကုရမှာကြီး အချောင် နာမည် အပျက် မခံနိုင်ဘူး ဖြစ်ချင် ဖြစ်ပါမယ်။ ဒါဖြင့် ကျွန်တော်က ဖိုးကုချင် မောင်ကုချင်မို့ လိုက်လာတာ လားလို့ မေးစရာပေါ့။ ကျွန်တော် ကိုယ်ချင်းစာ လိုက်လာပြီး အားတက်သရော ကုပေး နေတာပါ”
ဆရာလေး၏ အသံသည် ခပ်အေးအေး ခပ်ညင်ညင်။
“ကျွန်တော့် မိဘက အစ်မကြီး ခင်ပွန်းလို အညာ အကောင် ပလောင် တွေ ဖမ်းတဲ့ တောမုဆိုးတော့ မဟုတ်ပါဘူး။ ရေထဲက သားငါး ပုစွန်တွေ ဖမ်းတဲ့ ရေမုဆိုး တံငါတွေပါ။ ကျွန်တော်ဟာ ရေမုဆိုး တံငါသည်ရဲ့ သားပါ။ ဆရာ ကြယ်နီတို့ ဆရာလင်းယုန်သစ်လွင်တို့၊ ဆရာမောင်သိက္ခာတို့ စေတနာ ထား ရေးသား တင်ပြလို့ လူအများ စိတ်ဝင်စား စာနာ နားလည် တတ်လာတဲ့ ဓနုဖြူတို့၊ ညောင်တုန်းတို့ဆီက အောက်ပြည် အောက်သား တံငါသည်
တစ်ယောက်ရဲ့ သား ကျွန်တော်ဟာ ရရစားစား ဆင်းရဲသား ဘဝကို လူမှန်း သိတတ်ကတည်းက နားလည် ခဲ့ပါတယ်။ ဆေးတစ်လုံး ထိုးလိုက်ရရင် ဆန် တစ်ပြည်ဖိုး ပဲ့ထွက်သွားမှာ ဆေးတစ်ချီ ကောင်းကောင်း ကုလိုက်ရရင် ပိုက်ပေါင် ကွန်ပေါင် ဖြစ်ရတော့မယ်ဆိုပြီး ဝေဒနာကို ကြိတ်မှိတ်ခံတာ ဆေးမြီးတိုလိုလို မြစ်ချင်းပြီး ဆေးလိုလိုနဲ့ ပျောက်နိုး ပျောက်နိုးနဲ့ မျှော်ကိုး နေကြတာ ကျွန်တော့် ကိုယ်တွေ့ပါ။ အလွန့် အလွန် မလွဲသာ မရှောင်သာ ဖြစ်လာမှ ကုသကြရတာပါ။ ဒီကြားထဲမှာ လူဖြစ်လာတဲ့ ကျွန်တော်ဟာ ကိုယ်ချင်းစာလို့ လိုက်လာပြီး အားတက်သရော ကုပေးနေတာပါလို့ စောစော က ဒါကြောင့် ပြောခဲ့တာပါ”
ဆရာလေးက စကားကို ခေတ္တမျှ နား၏။ ပြီးမှ…
“ကျွန်တော်ဟာ ကျန်းမာရေးမှူးဖြစ်သလို စာလည်း ရေးနေတဲ့ စာရေး ဆရာ တစ်ဦးပါ၊ ချိုင့်ကြီးသား စာရေးဆရာကြီး ချိုင့်ကြီးယဉ်မောင်နဲ့ သောက်ရင်း စားရင်း စာအကြောင်း ပေအကြောင်း ပြောရင်း စကားစပ်မိတော့ အစ်မကြီးတို့၊ ညီလေးတို့ ဘဝကို သူက အပြည့်အစုံ ပြောပြလို့ ကျွန်တော် သိခဲ့ရပါတယ်။ ဒီလို သိလိုက်ရလို့လည်း တတ်အားသမျှ စေတနာထား ကုသ ပေးနေပါတယ်။ ဒါကြောင့် ခြေကြွခဆိုတာဝေး တစ်ပြား တစ်ချပ်မှ အစ်မကြီး တို့ ဆီက မယူဘဲ ဆေးပုလင်း ဝယ်ခိုင်းပြီး ကျွန်တော် လာထိုးပေး ကုသပေး နေတာပါ။ ပေးသမျှ ဆေးပြား မှန်သမျှဟာ ဆေးခန်းဆေး မဟုတ်ပါဘူး။ ကျွန်တော့် ကိုယ်ပိုင် ငွေနဲ့ ဝယ်ထားတဲ့ ပြင်ပဆေးတွေပါ။ ကျွန်တော့် ဒါနပါ။ လူနာ အခြေအနေက ကနေ့ စထိုးတဲ့ဆေး သုံးရက်ထိုးလို့ ရောဂါ တန့်ပြေးရင် ကျွန်တော်တို့ မျှော်လင့်နိုင်ပါသေးတယ်”
မိဂျမ်းရော ငလုံးပါ သည်စကားကြောင့် မျက်နှာ ရုတ်တရက် ဝင်းဝင်း ထိန်ထိန်။
“ဒီတော့ လူမသေ ငွေမရှား၊ စားစရာမရှိ ပျော်စရာရှိ ဆိုသလို နောက် ဆေးဆက်လိုက်ဖို့ လိုပါ့မယ်။ နောက် ဆေးထိုးဖို့လိုတဲ့ ဆေးစာရင်းကို ကျွန်တော် စာရေး ပေးထားခဲ့ပါ့မယ်။ အစ်မကြီးတို့ ရွာနဲ့ လေးမိုင်ဝေးတဲ့ ကြံယစ်ဖေရွာ ဆေးဆိုင် သွားပြီး ဝယ်ဖြစ်အောင် ဝယ်ပါ။ ဒီဆေးတွေဟာ ဒီဝေဒနာ ပျောက် ကင်းရေးအတွက် မရမနေ ရတဲ့ဆီက ရှာဝယ်ရမယ့် ဆေးတွေပါ။ ဆင်ကောင် ကြီး အမြီးကျမှတစ် မဖြစ်အောင် ကြိတ်မှိတ် ရှာဖွေ ဝယ်စေချင်ပါတယ်။ နှစ်မိုင် ဝေးတဲ့ခရီးက ကျွန်တော် လာကုပေးရပေမဲ့ ပင်ပန်းတယ်လို့ မယူဆ ပါဘူး။ အစ်မကြီးတို့ကသာ ကျွန်တော် ညွှန်တဲ့ဆေးတွေ မဖြစ်မနေ ဝယ်ပေးပါ။ ကြံယစ်ဖေရွာမှာ သေချာပေါက် အဲဒီဆေး ရှိပါတယ်”
မိဂျမ်း နှုတ်မနှေး ချက်ချင်းမေးသည်။ “ဆေးဖိုးက ဘယ်လောက် ကျနိုင်ပါသလဲ”
“လွန်ရော ကျွံရော ရှစ်ရာ ပတ်ဝန်းကျင်ပါ။ အစ်မကြီးတို့ကို မနေ့က ဝယ်ခိုင်းတဲ့ ဆေးတွေက ကနေ့ရယ်၊ မနက်ဖြန်နဲ့ သန်ဘက်ခါရယ်၊ သုံးရက်စာ ထိုးဖို့ပါ၊ ကျွန်တော်ခု ညွှန်တဲ့ ဆေးက ဖိန်းနွဲ့ခါမှ စ,ထိုးမယ့် ဆေးတွေပါ။ အဲဒီနေ့ အမီတော့ မဖြစ်မနေ ရအောင် ဝယ်ထားပေးဖို့ လိုပါတယ်။ အသက် တစ်ချောင်း ဆက်လက် ရှင်သန်ဖို့ရာ ကုသရမယ့် ပွဲမှာ သမားရဲ့ ပညာနဲ့ စေတနာ သာမက လူနာရဲ့ ခန္ဓာကိုယ်အင်အား၊ စိတ်ဓာတ်အင်အား၊ လူနာရှင်ရဲ့ ကုန်ကျရမယ့် ငွေကို ကုန်ကျ ခံနိုင်တဲ့ အင်အား အချိုးညီဖို့ လိုအပ်ပါတယ်။ ခုလို သုံးရက် ကြို ပြောရတာက အစ်မကြီးတို့ ကြိုတင် ရှာနိုင်ဖွေနိုင်ဖို့ ငွေရှာ ချိန် ဆေးရှာချိန် ရှိအောင်လို့ပါ”
ကျန်းမာရေးမှူး ရေးပေးသော ဝယ်ရမည့် ဆေးစာရင်း ပါသည့် စာရွက် လေးကို လှမ်းယူရင်း မိဂျမ်းလက် တဆတ်ဆတ် တုန်နေသည်။
ငလုံး နားထဲ၌ ငွေရှစ်ရာ ပတ်ဝန်းကျင်ဟူသော အသံက ပေါက်ကွဲသံလို ကျယ်လောင် မြည်ဟည်းကာ ပဲ့တင်ထပ်ထပ် ပေါ်လာ၏။
ငွေရှစ်ရာ ဝန်းကျင်။ မိဂျမ်း ခင်ပွန်း ငတော၏ အသက်ကို ကယ်ထုတ်ရန် လိုအပ်သောငွေ။
ငလုံး၏အဖေ ငတော တစ်ယောက် လူ့ဘဝ၌ ဆက်လက် ရပ်တည် နိုင်ရေးကို ဆောင်ကြဉ်းပေးမည့် ဆေးများကို ဝယ်ရန် မဖြစ်မနေ ရှာရမည့်ငွေ။
တွဲဖက်ကျောင်းသား ငမုံး၏အဖေ ငတော၌ တည်ရှိနေသေးသော အသက်လေး တစ်ချောင်း လွင့်စဉ် ထွက်မသွားစေရန် အချိန်မီ အသုံးချဖို့ မရအရ ကြံရဖန်ရ ရှာရတော့မည့် ငွေ။
မိဂျမ်းတို့ ငတောတို့လို ဆင်းရဲသား ရရစားစား ဝါးဝါးမျိုမျို အတန်း အစားများ အဖို့ ငွေသည် အရှာရ အဖွေရ ခက်လှ၏။ ငွေကို ငွေနှင့် ရှာဖွေ နိုင်ခြင်း၊ ငွေကို ဥစ္စာဓန အရင်းအနှီး လယ်ယာချောင်းမြောင်း အရင်းအနှီးဖြင့် ရှာဖွေနိုင်ခြင်း မရှိဘဲ လုပ်အားသက်သက်ဖြင့် ရှာဖွေရသောအခါ ငွေ တစ်ကျပ် တစ်ပြား ရဖို့အရေး သေကောင် ပေါင်းလဲ လုပ်ကြကိုင်ကြ၏။
လုပ်အားဖြင့် ရှာဖွေရာ ခက်ခဲလှသော ငွေ။
ခက်ခက်ခဲခဲ ရှာဖွေရသည့်တိုင် ပူအောင်ပင်လျှင် လက်ထဲ ကိုင်မထားရ သော ငွေ။ ဧည့်သည်ပမာ ခေတ္တမျှသာ လူဆင်းရဲထံ လာရောက်တတ်သော ငွေ။ ထိုငွေကို လိုသော အချိန်၌ လိုသလောက် ရရှိရန် ရှာဖွေနိုင်ရန်မှာ ခက်ခဲ လှကြောင်း မိဂျမ်းရော ငလုံးနှင့် ငမုံးပါ နားလည်၏။
နားလည်ပင် နားလည်သော်ငြား သည်အချိန်၌ လက်ကုတ် ခေါင်းကုတ် နောက်ဆုတ်နေ၍ မဖြစ်။ သေရေးရှင်ရေး အဆုံးအဖြတ်ပွဲ ပီပီ သည်နေရာမှာ ခေါင်းရှောင်နေ၍ မရ။
ငတော ရောဂါ သည်းထန်စကလည်း သည်သို့ အခက်ကြုံခဲ့၏။
ငတော ရောဂါစဖြစ်သည်မှာ ကိုင်း လေး,ငါးညထောင် အပြီး၌ဖြစ်၏။ ကိုင်း မထောင်မီက ငတော ပြောင်းရိတ်ခဲ့သည်။
ငတောတို့ စားနိုင်သော သုံးလွန်းတင် ထမင်းမှာ စပါးဆန်၊ ပြောင်း ဆန်နှင့် ပဲပိစပ် ရောချက်ရသည်။ ပြောင်းဆန်ဆိုသည်မှာ ငတော ရိတ်သော ပြောင်းပင်မှ ရသည်။ ပြောင်းဆန် အလုံးကို မောင်းနှင့် သုံးကြိမ်သုံးခါ ဖွပ်က ပြောင်းဆန် ရသည်။ ပြောင်းလုံး တစ်တင်း ဖွပ်က အိုးဝင် ပြောင်းဆန် ဆယ့်နှစ်ပြည် အသားတင် ရသည်။
ငတောဒေသထုံးစံအရ ပြောင်းရိတ်ကို ပြောင်းပေးသည်။ တစ်ကန့်လျှင် ပြောင်းရိတ်ခ တစ်တင်း။ တစ်ဧကမှာ တစ်ကန့်ခွဲ ရှိ၍ ပြောင်းရိတ်ခ တစ်တင်းခွဲ။ ပြောင်းဆန်ကို မဝယ်ရဘဲ လုပ်အားခ ရအောင် ငတော
တွက်ဖြင့် ပြောင်း ပုတ်ပြတ် ရိတ်ခဲ့သည်မှာ သဲသဲမဲမဲ။ ပုတ်ပြတ်ဟူသည် နေ့တွက်ဖြင့်မရှင်းဘဲ အကွက်ပြတ် ရိတ်ခြင်း ဖြစ်သည်။ ကိုယ်ရိတ်လျှင်ရိတ်နိုင်သလောက် အကျိုးရှိမည်မို့ ငတောရော ငလုံးပါ အားကြိုးမာန်တက် ရိတ်သည်။
ပင်တိုင်ရိတ်က ငတောနှင့် ငလုံး။ ထမင်းလာပို့ရင်း ကူရိတ်သူက မိဂျမ်း။ လေးခင်မက အိမ်စောင့်။
ငမုံးသည် ကျောင်းသား ဖြစ်သော်လည်း မနက်လင်း ကတည်းက ပြောင်းခင်းရိတ်ရာ ရေနွေးကြမ်း လာပို့ရင်း ရောက်လာပြီး ကူရိတ်သည်။
ကျောင်းတက်ခါနီးမှ ပြန်သွားပြီး ညနေ ကျောင်းဆင်းချိန်၌ တစ်ခေါက် ထပ်လာကာ နေဝင်အထိ ငတောတို့နှင့် အတူ ဒိုးတူပေါင်ဖက် လုပ်ကိုင်သည့် ပြောင်းရိတ်သမား။ စနေ တနင်္ဂနွေ၌ ငမုံး အချိန်ပြည့်။
မိမိ ရိတ်သော ပြောင်းခင်း မှန်သမျှ ပြောင်းနှံ့ထပ်၍ မပြီးမချင်း ပြောင်းရိတ်သူက စောင့်အိပ်ပေးရစမြဲ ဖြစ်ရာ ပြာသိုလ ချမ်းချမ်းစီးစီးကြီးထဲမှာ ပြောင်းရိုးစည်း သုံးလေးစည်းကို အုံသဖွယ် ခေါင်းချင်းဆိုင် ထောင်၍ ငတော စောင့်အိပ် ပေးရသည်။
ငတော အနေဖြင့် ငလုံးနှင့် ငမုံးကို ပြောင်းခင်း စောင့်အိပ်မခံ။ သူသာလျှင် ရိတ်သမျှ ပြောင်းခင်း မှန်သမျှကို လူမလဲဘဲ စောင့်အိပ်သည်။
နှင်းက မလုံ ဆောင်းလေကြမ်းက တိုက်၊ မြေကြီးပေါ် ဖျာစုတ်လေး ခင်း၍ ငတော အိပ်ရသည်မှာ ပြောင်းခင်းအားလုံး ပြီးသည့် အထိပင်။
မည်မျှ အလုပ် ပင်ပန်း ပင်ပန်း၊ မည်မျှ ဆင်းရဲ ဆင်းရဲ ငတော ပျော်သည်။ ငတော မိသားစုအားလုံး ပျော်သည်။ ပြောင်းရက စားစရာ ဆန် ရရှိခြင်းဟု နားလည်ထားသော မိသားစုပီပီ လက်ချညီညီ လက်ချီမျှမျှ တက်ကြွ ဖျတ်လတ် ပေါ့ပါးစွာ ကြိုးစား ရိတ်ကြ၏။ ပြောင်း ဆယ်ကန့် (ခုနစ်ဧကခန့်) ကျော် ရိတ်လိုက်နိုင်ရာ ပြောင်း တင်းတစ်ဆယ် ရဖို့ သေချာပြီ ဖြစ်သဖြင့် တစ်မိသားစုလုံး ပြုံးပန်းတဝေဝေ။
သို့ရာတွင် ပြောင်းဟူသည် ခုရိတ်ပြီး ခုပြောင်းရသည် မဟုတ်။
ပြောင်းနှံကို ထစ်ရသည်။ နေလှန်းရသည်။ နွားနယ်ရသည်။ လေဖြင့် လှေ့စင်ပစ်ရသည်။
ပြောင်းလုံးရမှ ယာခင်းရှင်က သူတို့ကို ခေါ်ယူ၍ ပြောင်း ရိတ်ခ ပေးလေ့ ရှိသည်။ ဤသည်မှာ ဒေသထုံးစံ ဖြစ်၏။
ပြောင်းရိတ်ရသော်လည်း ပြောင်းရိတ်ခက ချက်ချင်း မရသေး။ ပြောင်းရိတ် နေစဉ်မှာ လိုသော စရိတ်စက မှန်သမျှ ကိုယ့် ဘာသာ
ရှာရ၏။
ပြောင်းလုံး မရခင် လိုသော စရိတ် မှန်သမျှ ကိုယ့်ဘာသာ ရှာရ၏။
ပြောင်းလုံး မရမချင်း လိုအပ်သော စားစရိတ် အထွေထွေ စရိတ်အတွက် အိမ်ထောင်ဦးစီး ငတော မညည်းမညူဘဲ ပြောင်းရိတ်ပြီးလျှင် ပြီးချင်း ကိုင်း ဆက်ထောင်သည်။
ကိုင်းသမားဟူသည် ညလူ။ တဲနှင့် အုံနှင့် အိပ်ရသည် မဟုတ်။ စိတ်ချ လက်ချ အိပ်ရသည် မဟုတ်။ စောင်နှင့် ခေါင်းအုံးနှင့် လေကာနှင့် အိပ်ရသူ မဟုတ်။ ကိုင်းထောင်သော ညတိုင်း တောမှာ ဖြစ်သလို အိပ်ရ၏။
နှင်းတွေ ဝေနေအောင် ကျကျ လေတွေ ဝီးခနဲ ဝီးခနဲ နေအောင် တိုက်၍ အရိုးခိုက်အောင် မည်မျှ အေးအေး
နှင်းငွေ့ မြေငွေ့ ရိုက်ခတ်၍ မြေမည်မျှစိုစို သင့်တော်ရာ သီးနှံခင်းထဲ ထိုးအိပ်တန် အိပ်ရ၏။ အိပ်သည် ဆိုသော်လည်း နှစ်နှစ်ခြိုက်ခြိုက် မဟုတ်။ သစ်ပင်ကောင်းက သစ်ပင်အောက်၊ ချုံရိပ်ကောင်းက ချုံရိပ်အောက်၊ ယာခင်းထဲ ကောင်းက ယာခင်း စိုက်ပျိုးပင်အောက် အိပ်ရ၏။ ဘယ်မှာ အိပ်ရ အိပ်ရ မြေကြီးပေါ်မှာ ဖြစ်၏။ ချမ်း၍ဆိုကာ မီး မလှုံဝံ့။ မီးရောင်ကို မြင်၍ ထောင် ထားသော သားကောင် လန့်သွားမှာ စိုးရိမ်၍ ကြိတ်မှိတ် ခံရ၏။
ပြောင်းရိတ်ထား၍ ပင်ပန်း နွမ်းနယ်မှု ဒဏ်နှင့် ရာသီဥတုဒဏ်တို့ကို ခံစားရ၍ ကိုယ်ခံစွမ်းအား နည်းပါးနေသော ငတောသည် ရောဂါနှင့် တွေ့သော အခါ အလူးအလဲ ခံစားရသည်။ ဖြစ်ကတည်းက အရပ်ကူပါ လူဝိုင်းပါ ဘဝ ရောက်ခဲ့၏။
ခါတိုင်းဆိုလျှင် တိုင်းရင်းမြန်မာ သမားတော်ကြီး ဦးစံပင်ကို ဖြစ်လျှင် ဖြစ်ချင်း ပြေးပင့်လျှင် ရ၏။
ယခုမူ ဆရာကြီး ဦးစံပင်သည် အောက်ပြည်အောက်ရွာသို့ ဘုရားဖူး သွားရာ ငတောတို့ အားကိုး မရှိတော့။
ကွမ်းရွက်မျက်စဉ်းခတ်၊ ဆေးမြီးတိုလေးသောက်၊ တောက်တိုမယ်ရ ဟိုလူပြော သည်လူပြော ဆေးလေး ဝယ်တိုက်နှင့်သာ လုပ်နိုင်သည်။ ရောဂါက တိုက်သမျှ ဆေးမြီးတိုလေးများကို ပြက်ရယ်ပြုကာ သူ အစွမ်းပြသောအခါ ငတော သေကောင်ပေါင်းလဲ ခံစားရသည်။
ခါတိုင်းကဲ့သို့ အာဂန္တု အဖျား ထင်၍ ခပ်အေးအေး ရှိခဲ့သော မိဂျမ်းတို့ မျက်လုံးပြူးခဲ့ရသည်။ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်လာခဲ့ရသည်။
ငလုံးတုန်းက အတွေ့အကြုံ၊ မိဂျမ်း ရှိခဲ့သည်။
ငလုံး ရွှေကျင် သွားရာက ရွှေ ရမလာဘဲ ငှက်ဖျားရောဂါ ရလာသည်။ သေလုသေလုနှင့် ဖုတ်လှိုက် ဖုတ်လှိုက် ဖြစ်နေရာမှ ကျန်းမာရေးမှူးကို ပြေးပင့် ပြီး မရှိ ရှိတာ ရောင်းချပေါင်နှံပြီး ကုသခဲ့ရာ ငွေတော့ ကုန်သည်။ ငလုံး အသက် အမြတ် ရလိုက်သည်။
ယခုလည်း ငတောသည် ငလုံးကဲ့သို့ သေလုမြောပါး ခံစားနေရပြီ။ အချိန် ဆွဲ၍ ဆွဲ၍လာရာ လူနာ အခြေအနေ ဆိုးဝါးသည်ထက် ဆိုးဝါးလာပြီ။ ထို့ကြောင့် ကျန်းမာရေးမှူးကို ပင့်ကာ သဲသဲမဲမဲ ကုသမှ ရတော့မည်ဟု မိဂျမ်း သဘော ပေါက်သည်။
ကျန်းမာရေးမှူး ပင့်မှာကတော့ ဟုတ်ပြီ။ ဆေးဖိုးဝါးခ ကုန်တော့မည်။ ဘယ်မှာလဲ ငွေ၊ ငွေ ဘယ်က ရမလဲ။
သူနှင့် ငလုံး ခေါင်းချင်းဆိုင်၍ တိုင်ပင်ရသည်မှာ ခေါင်းပွင့်ထွက် မတတ်ပင်။ မိဂျမ်းမှာ သင်ခန်းစာ တစ်ပြုံ တစ်ခေါင်းကြီး ရခဲ့ဖူးသူ ဖြစ်သည်။ ငလုံး သေရေးရှင်ရေး ဖြစ်စဉ်က နှစ်ဖက် ဆွေမျိုးများကို အားကိုးတကြီးဖြင့် သူနှင့် ငတော ငွေချေးငှားခဲ့ ဖူးသည်။ ငွေတော့ မရ။ အပြစ်တင် ခံရသည်။ လက်ချည်း ဗလာသာ ပြန်ခဲ့ရ၏။
ယခု ငတော ဆေးကုရန် ငွေရှာဖို့ ကြံဆ,ရာ၌ သူ လက်တွေ့ အတွေ့ အကြုံအရ ဆွေမျိုးများ ထံမှ ချေးငှားရေး ဆိုသော ငလုံး အဆိုကို မိဂျမ်း ခါးခါးသီးသီး ငြင်းသည်။
ပေါင်စရာ ပစ္စည်းကို စိစစ်၍ စာရင်း လုပ်ကြည့်၏။ ဆေးဖိုးဝါးခ ထင်ကြေး ခန့်မှန်း၏။ သုံးပုံ တစ်ပုံပင်လျှင် ပေါင်ကြေးရဖို့ တွက်ခြေ မရ။
နောက်ဆုံး၌ သူတို့ အိမ်ဝင်း အနောက်ဘက်မှ အိမ်မှာ ငွေကြေး ချောင် လည်သော အိမ်ဖြစ်ရာ အလျင်က မိဂျမ်းတို့ ဝင်း တစ်တောင်လျှင် ကျပ်သုံးရာ ဖြင့် သူတို့ကို ပိုင်းရောင်းပါဟု ခဏခဏ ဝယ်ဖူးသည်။
မိဂျမ်းတို့ရွာ၌ ဆက်စပ်လျက်ရှိသော ဝင်းကို အတောင်ရေဖြင့် ပိုင်း ရောင်းကြ ၀ယ်ကြသည်။ ငွေချေပြီး ဝင်းထရံ ရွှေ့ လိုက်လျှင် စာချုပ်စရာ မလိုဘဲ အရောင်းအဝယ် ပြီးသွားသည်။ ထို့ကြောင့် ဝယ်သူက ခပ်လွယ်လွယ် ဝယ်သလို ရောင်းသူကလည်း ကိုယ်ငွေလိုသမျှကို အတောင် ရေတွက်ချက်ပြီး ပိုင်းရောင်းသည်။ ရောင်းသူက ငွေယူပြီး ဝင်းထရံ ရွှေ့စိုက်ခံရလျှင် ကိစ္စ ပြီးသည်။
သူတို့ အနောက်ဘက် အိမ်က ဝယ်တိုင်း ဝယ်တိုင်း ငတော ပြင်းပြင်းထန်ထန် ငြင်းသည်။ ကျုပ်သားတွေ သမီးတွေ နောင်မှာ အနေကျပ် သွားပါ လိမ့်မယ်ဗျာဟု ဆိုကာ ဘယ်လို ဝယ်ဝယ် မရောင်း၊ ချော့ချော့ ခြောက်ခြောက် မြှောက်မြှောက် ငတော ဘူးဆို ဖရုံမသီး။
ယခုမူ ရှေ့မတိုးသာ နောက်မဆုတ်သာ ဘဝ ရောက်နေပြီ။ ငတောအတွက် မိဂျမ်းတို့ ဝင်း ပိုင်းရောင်းမှ ဖြစ်တော့မည်။
မိဂျမ်း ငလုံးနှင့် ငမုံးတို့ ဝင်းကို အတောင်ရေဖြင့် ပိုင်းရောင်းရန် တိုင်ပင်ရာ၌ ကျောင်းသား ငမုံးက မျက်မှောင် ကျုတ်ပြီး ပြောသည်။
“အမေရာ မဖြစ်မနေ ဆိုရင်တော့ ဝင်းပိုင်း အတောင်ရေနဲ့ ရောင်းတန် ရောင်းပေါ့ဗျာ။ ခုကိုယ့်မှာ အဖေတို့ ကျုပ်တို့ ရိတ်ထားတဲ့ ပြောင်းရမှာ တင်းတစ် ဆယ်လောက် ရှိသားနဲ့ အဲဒါ အကုန်လုံး ရောင်းပစ်လိုက်ပါလား၊ နောက်ငွေလိုမှ တစ်မျိုး စဉ်းစားကြတာပေါ့”
“ငါလည်း ဒါကို သတိရတယ် ငခုံး၊ ဒါပေမဲ့ တို့လက်ထဲမှာ ပြောင်းက မရောက်သေးဘဲ၊ ဘယ့်နှယ် လုပ်မလဲ”
“ကိုယ့်လုပ်အားခ ရမယ့် ပြောင်းခင်းရှင်တွေကို မယုံရင်မေးကြည့်ပါလို့ ခိုင်းပေါ့ဗျာ။ အလွန့်အလွန် မယုံကြည်ရင် ပြောင်းခင်းရှင်တွေကို ခေါ်ပြီး အာမခံ ပေးခိုင်းပါ့မယ် ပြောပေါ့။ တစ်ရွာထဲ သားတွေပဲ ပွဲစားရော ယာခင်းရှင် တွေရာ ဒီလောက် မရိုင်းတန်ရာ ပါဘူး အမေရာ”
ဒုက္ခရောက်လျှင် လူအားလုံးက ကိုယ်ချင်းစာနာ၍ ကူညီလိမ့်မည်ဟု လောကသစ္စာ၊ လူ့သစ္စာကို ရိုးသားစွာဖြင့် ယုံယုံကြည်ကြည် ပြောလာသော ငမုံး။ ကမ္ဘာမီးလောင် သားကောင်ချနင်းရတော့မည့် မိဂျမ်း။
ဝမ်းစာပြောင်းဟု ရည်ရွယ်၍ စိတ်ကူးယဉ်ခဲ့သော ပြောင်းဆယ်တင်း။ သူတို့အိမ်သို့ ခေတ္တမျှပင် အလည်လာခွင့် မရှိတော့။ မရောက်မီက ကုန်နှင့်တော့မည်မို့ သူ ရောင်းရတော့မည်။
လူ့ အသက်တစ်ချောင်းထက် ဝမ်းစာပြောင်းကို မခင်တွယ်နိုင်တော့။ နောင်ခါလာ နောင်ခါဈေး ဖြစ်သလို ဝယ်စားရတော့မည်။
ပြောင်းဝယ်သော ပြောင်းပွဲစား ဦးအေးကို အဆင်သင့် တွေ့လိုက်ရ၍ မိဂျမ်း ဝမ်းသာမဆုံး မိဂျမ်းက ပြောင်း ရောင်းလိုကြောင်း တင်းတစ်ဆယ် ရောင်းမည့် အကြောင်း ပြောပြရာ ဦးအေး ဝမ်းမြောက် ၀မ်းသာဖြင့် ငွေတက်ယူသည်။
ဦးအေးက ပြောင်းတစ်တင်း ယခု နှစ်ရာ ဝယ်သည်တဲ့။ ပေါက်ဈေးက ပြောင်းတစ်တင်း နှစ်ရာကျပ်။ ပြောင်းတင်း တစ်ဆယ်ဆိုတော့ ငွေနှစ်ထောင်။ မိဂျမ်း ခေါင်းထဲ၌ ပြေးဝင်လာသော ကိန်းဂဏန်းများ။
ဦးအေး နှစ်ရာတန်အုပ်ကို တဖျပ်ဖျပ် ရေတွက်ပြီး ဆယ်ရွက်အပြည့်၌ အုပ်မှ ဖြုတ်လိုက်သည်။ ထပ်၍ ငွေရေးပြီး ပေးခါနီးမှ မိဂျမ်းကို မေးသည်။
“နင့်ပြောင်းကို ဘယ်သူ့ တလင်းတွေ တလင်းတွေက ငါ ခြင်တွယ် သိမ်းဆည်းရမလဲ၊ တလင်းရှင် နာမည်တွေ ပြောထားခဲ့လေ။ ငါက လှည်းစီးလုံး ငှားရတော့ တင်းနှစ်ဆယ်ပြည့်မှ တစ်စီး အံကိုက်မှာ နင့် ဆီက ပြောင်း တင်းတစ်ဆယ် ညနေငါ ခြင်တွယ် သိမ်းဆည်းပြီးရင် ပွဲရုံပို့ရပြီ”
“ဟင် ပြောင်း ပြောင်းက ညနေ သိမ်းမှာ”
“ဟုတ်တယ် မိဂျမ်းရ ဘာဖြစ်လို့လဲ၊ ပြောင်းလှည်းတစ်စီး၊ တင်းနှစ်ဆယ် တင်ရတာ လှည်းမပြည့်လို့ ရောင်းမယ့်လူ မျှော်နေတုန်း နင် ရောက်လာတာနဲ့ အတော်ပဲ။ နင် လူ မလိုက်အားလို့လား၊ ငါ ခြင်တွယ် ယူရမယ့် လူတွေ နာမည် ပြောထားခဲ့ရင် ငါ့ လူငှားတွေ လွှတ်လိုက်ရုံပဲ”
“မဟုတ်ဘူး ဦးလေး အေး မဟုတ်ဘူး” မိဂျမ်း ပြောလာသည်မှာ ပျာသလဲ။
“ဟ ဘာမဟုတ်တာလဲ မိဂျမ်းရ” ဦးအေး မေးသည်မှာ အံ့အားသင့်သလိုလို။
“ကျုပ်တို့ ရိတ်ခရမယ့် ပြောင်းခင်းရှင်တွေက ခုမှ နေလှန်းတုန်း၊ နယ်ကြတုန်း၊ ပြောင်းလုံး မရသေးဘူး”
“ဟေ”
ပွဲစား ဦးအေး ဟေဟု တစ်လုံးပြောကာ ဆွဲထုတ်ထားသော နှစ်ရာတန် ဆယ်ရွက်ကို အုပ်ထဲ မသိမသာ ပြန်ရောလိုက်သည်။
“ဒါဆို ဘယ်ဖြစ်မလဲ မိဂျမ်း၊ ငါက လက်ငင်းရောင်း မှတ်လို့၊ ပေါက်ဈေး နှစ်ရာ ပြောတာ၊ လက်တွေ့ ပြောင်းမပေးနိုင်ရင် ငွေ ဘယ်ပေးနိုင်ပါ့မလဲ”
“ကျုပ်ယောက်ျား ဆေးကုချင်လို့ပါတော်၊ နောက် လေး ငါးရက်နေရင် ပြောင်းရွှေ့ပြီး ပေးပါမယ်လို့ ရိတ်ပေးရမယ့် သူတွေက အာမခံပါတယ်”
“ခု ကုန်မသိမ်းရရင် ကြိုရောင်းပဲဟ၊ နင် ငွေ အရေးပေါ် လိုလို့ ရောင်းချင်ရင် ကြိုရောင်း။ ကြိုရောင်းဈေးနဲ့ ငါဝယ်လိုက်မယ်”
ကုန်လက်ငင်းက တစ်ဈေး။
ကြိုရောင်းက တစ်ဈေး ဖြစ်ကြောင်း မိဂျမ်း ကြားဖူးသော်လည်း ဘယ်ဈေးဟု ကွဲကွဲပြားပြား မသိ။
“ကျုပ်ယောက်ျား ဆေးကုချင်လွန်းလို့ပါ ဦးလေးရယ်၊ ဖြစ်တဲ့နည်းနဲ့ ဝယ်ပါတော်၊ ကျုပ်တို့ ပြောင်းရိတ်ခ ဆယ်တင်းရမှာ ဘုရားပေးပေး ကျမ်း ပေးပေးပါ”
ဦးအေးက ခေါင်းယမ်းသည်။
“တစ်ရွာတည်းနေတာပဲ ဘယ်သူ ပြောင်းရိတ်ခ ဘယ်လောက် ရမယ် ဆိုတာ ငါ စနည်းနာပြီးသားပါဟာ ယုံပါတယ်။ ခက်တာက နင့်ကုန်က ခု သိမ်း မရတာဘဲ၊ ကဲ ငါလည်း သွားစရာ ရှိတယ်။ ဒီလိုလုပ် နင့် ပြောင်းကို ကြို ရောင်းသွား”
ကြို ရောင်းတဲ့ ယဉ်ကျေးအောင် ခေတ်စကားအရ ပြောကြသည်။ အမှန် က လှမ်းပေး၊ လှမ်းယူဟု ဆိုလိုခြင်း ဖြစ်သည်။ စပါးပေး၊ နှမ်းပေး၊ ပဲပေးလို ငွေ ကြိုယူခြင်းမျှသာ။
“ကြိုရောင်းတော့ ဘယ်လိုလဲ ဦးလေးအေး”
“ကြို ရောင်း ထုံးစံက ပြောင်းတစ်တင်းကို တစ်ရာ့ငါးဆယ်လေ၊ တချို့ များ ပြောင်းရိတ်မယ် ဆိုကတည်းက ငါ့ဆီ လာယူကြတာ။ နင် သဘောကျရင် ရောင်း”
လက်ငင်း ပေါက်ဈေးက ပြောင်းတစ်တင်း နှစ်ရာကျပ်။ ကြိုပေး တစ်ရာ့ငါးဆယ်။
လေးငါးဆယ်ရက် စောင့်ရမှာလေးဖြင့် ပြောင်းတစ်တင်း ငွေငါးဆယ် ကွာရာ ဆယ်တင်းဆိုလျှင် ငွေငါးရာကျပ် နှစ်နာမည်။
“ဈေးက ကွာလိုက်တာတော်”
“မိဂျမ်းရာ နင်လို ရိတ်ခရတာလေး ရောင်းတဲ့လူက ညည်း မနေပါနဲ့ တောင်သူ အချို့ဆိုရင် ဒီဈေးနဲ့ လှည်းတစ်စီးစာ တင်းနှစ်ဆယ်၊ တင်းနှစ်ဆယ် ရောင်းကြတာပါ၊ နင့်စိတ် နင်နိုင်မှ လုပ်လေ၊ နာတယ်ထင်ရင် နင့်သဘောပေါ့”
ဦးအေး ပြောတာ ရှင်းရှင်းလေးပါ။ မြတ်၍ သူ ကြို ဝယ်သည်။ ငွေ အရေးတကြီးလိုက အနစ်နာခံ ရောင်းပါ။ နေနိုင်က နေပါ။ မနေနိုင်က ရောင်းပါ။ ကိုယ့်အခြေအနေ ကိုယ်သိပါဟု အဓိပ္ပာယ် သက်ရောက်၏။
“ဦးလေးအေးရယ်၊ ဒီထက် တစ်ဆယ်စွန်း၊ ငါးကျပ်စွန်း မပိုနိုင်ဘူးလား”
“နင့်အလျင် ကမ္ဘာ့ကမ္ဘာက တည်နေတဲ့ ဈေးပဲ မိဂျမ်း၊ တို့ရွာမှာ တင်ကြို ရောင်းကြတာ တင်းထောင့်သုံးရာ ကျော်ခဲ့ပြီ။ နင့်ကျမှ ဒီစျေးမဟုတ် ပါဘူး။ ဒီဈေးကို နင် မကြိုက်ရင် တစ်ရွာလုံး ဈေးပိုပေးမယ့်လူ လှည့်ရှာ။ ။ ဈေး ပိုရတဲ့ဆီ ရောင်း၊ ငါနင့်အပေါ် မတရား မလုပ်ပါဘူး။ ထုံးစံပါ”
တစ်ရွာလုံး ဦးအေး ကိုယ်စားလှယ်များဖြစ်ရာ ဘယ်သွားသွား မိဂျမ်း အာပေါက်၊ ခြေထောက်ညောင်းသာ အဖတ်တင်မည်။
ပွဲစားသက် ရှည်ကြာသမျှ လူတစ်ယောက် အကဲခတ်ရာ၌ လူက်ခတ် ကျွမ်းကျင်ပြီးသော ဦးအေးသည် မိဂျမ်း မစောင့်နိုင်ကြောင်း၊ မရောင်းဘဲ မနေနိုင်ကြောင်း ဝင်လာကတည်းက မြင်သည် သိသည်။
မိဂျမ်းကို ပြောင်းရိတ်ခ ပေးမည့် ယာခင်းရှင် နှစ်ဦးပင်လျှင် အရေးပေါ် ငွေလို၍ မိဂျမ်းရှေ့က ကြို ရောင်း ရောင်းသွား သေးသည်။ သည်ကတည်းက မိဂျမ်း ပြောင်းမရှိဘဲ လာရောင်းခြင်း ဖြစ်ကြောင်း သူ ကြိုသိသည်။
သိသည့်တိုင် မသိသလို ဟန်ဇာတ်ပြု၍ လက်ငင်းဈေးဖြင့် ငွေချေတော့ မလိုပြုပြီးမှ ပြောင်းကို ဘယ် ခြင်တွယ်ရမလဲဟု မေးသည်။
ပြောင်း မပေးနိုင်သေး၍ ငွေ အပြည့်မရဘဲ ငါးဆယ်ကွာခြင်းဟု မိဂျမ်း သဘောပေါက်စေရန် ကျွမ်းကျင်ဝါရင့် ပွဲစားကြီး ဦးအေးက တစ်စတစ်စဖြင့် ပညာပေးမှန်း မိဂျမ်း မသိ။
နစ်နာမှန်း၊ ဈေးကွာမှန်း သိသော်လည်း မရှောင်လွှဲနိုင် သဘာဝကို ရောက်နေရပြီမို့ မိဂျမ်း လုပ်မိလုပ်ရာ လုပ်ရသည်။
ပြောင်း တင်းတစ်ဆယ်ကို ကြို ရောင်း ရောင်းပြီး ငွေတစ်ထောင့်ငါးရာ ဆုပ်ကိုင်ကာ မိဂျမ်း ပြန်ခဲ့ရသည်။
ထိုငွေ ထောင့်ငါးရာသည် ကျန်းမာရေးမှူးပင့်၊ ဆေးဝယ် ထိုး၊ သည် အတွင်း ဘာမှ မလုပ်နိုင်သဖြင့် စားသည့် အထဲ ထည့်နှင့် လုပ်လိုက်သောအခါ ပြိုက်ခနဲ ကုန်သွားသည်။
ယခု ဆေးဖိုးငွေ ရှစ်ရာခန့် ထပ်မံ လိုပြန်ပြီ။ မည်သို့ လုပ်၍ ငွေရှာမည်နည်း။ ငွေကလည်း နှစ်ရက်သုံးရက် အတွင်း ရမှ ဖြစ်မည်။ မိဂျမ်းစိတ်၌ ငတောနှင့်သူ လူစားသာ လဲလိုက်ချင်သည်။ ဖြစ်စရာ ရောဂါရှိသမျှ သူ့ကိုသာ ဖြစ်ပါစေတော့။
စားဝတ်နေရေး ပူရ၊ ဆေးကုသဖို့ ပူရ၊ သေမလား ရှင်မလား ပူရနှင့် မိဂျမ်း လူ့ အထက်မီး အောက်မီးဖြစ်ကာ အပူကပ်သင့်နေသည်။
ရှာဟယ် ဖွေဟယ် လုပ်ဟယ် ကိုင်ဟယ်ဖြင့် လုပ်ကိုင်ပေးသော အိမ်ထောင်ဦးစီး ငတော၏ တာဝန် ကြီးမားကြောင်း ယခင်ကလည်း မိဂျမ်း သဘောပေါက်ပါ၏။ ယခုအခါ သဘော ပေါက်ရုံမျှမက အံ့သြ ချီးကျူးမကုန် ဖြစ်လာ၏။ အပြောကျယ်သော လောကနယ်တွင် ရှာရ ဖွေရ လုပ်ရ ကိုင်ရ စီမံရ ချိန်ဆရသော အိမ်ထောင်ဦးစီး၏ တာဝန် ကျေပွန်ရမှာ အလွန် ခက်ခဲ သော အလုပ်ပါတကားဟု မိဂျမ်း ရင်သပ်ရှုမော ထပ်ကာ ထပ်ကာ ဖြစ်ရ၏။
ရင်သပ်ရှုမော ထပ်ကာ ထပ်ကာ ဖြစ်ရုံမျှဖြင့် ကိစ္စ မပြီး။ ငွေရှစ်ရာကို အချိန်မီ ရှာရမည်။
ဝင်းကို အတောင်ရေဖြင့် ပိုင်းရောင်းဖို့က လွဲ၍ ဘာမှ မိဂျမ်း စဉ်းစား မရ။ ငလုံးနှင့် ငမုံးကို တိုင်ပင်ရာ အမေ့ သဘောပဲဗျာ။ ကျုပ်တို့ သဘော တူပါတယ်ဟု ဆန္ဒပြု သည်။
ဝင်းကို အတောင်ရေဖြင့် ပိုင်းရောင်းတော့မည်ဟု လက် တွေ့ ခြေလှမ်း သောအခါ မိဂျမ်း မျက်ရည်ဝဲမိ၏။
သူ့ ဝင်း,ကို ငတော နှမြောသလို သူလည်း နှမြောသည်။ နှမြော လွန်းသောကြောင့် သူတို့အနောက်ဘက် အိမ်က မည်မျှဝယ်ဝယ် ငတောရော သူပါ ထမင်း ဆားဖြူးစားတန် စားမည် မရောင်းနိုင်ဟု ငြင်းခဲ့ကြ၏။
ယခု ဘေးကျပ်နံကျပ် ဖြစ်၍ မရောင်းရ မနေနိုင်သော ဘဝ ဆိုက် ရောက်ခဲ့ရပြီ။ မျက်စိမှိတ် ဇွတ်ရောင်းရတော့မည်။
ဝင်း မဝယ်မှာတော့ ပူစရာ မလို။
အနောက်ဘက် အိမ်က လိုချင်ကြောင်း ခဏခဏ ပြော။ ခဏခဏ ဝယ်၊ ခဏခဏ နားပူနားဆာ လုပ်လေ့ရှိ၍ ဝင်း ပိုင်းရောင်းရာ အခက်အခဲ မတွေ့နိုင်။
တဘက်လေး ခေါင်းပေါ်တင်၍ အနောက်ဘက် အိမ်သို့ မိဂျမ်း ကူးသွားပြီး ဝင်းကို အတောင်ရေဖြင့် ပိုင်းဝယ်ပါရန် ပြောရတော့သည်။
မိဂျမ်း အပြန်၌ ငွေတော့ မပါ။
ရင်နာခြင်း၊ ယူကျုံးမရဖြစ်ခြင်း၊ ဝမ်းနည်းကြေကွဲခြင်း အနန္တ ခံစားပြီး မိဂျမ်း ပြန်ခဲ့ရ၏။
အနောက်ဘက် အိမ်က ဝင်းကို မဝယ်ချင်ဟု မငြင်း။ ဝယ်ပါမည်။ သို့ရာတွင် မိဂျမ်းတို့ တစ်ဝင်းလုံး ရောင်းရမည်။
တစ်ဝင်းလုံး အတောင်ရေကို တိုင်း၍ တစ်တောင်ကို သုံးရာကျပ်နှုန်း ထား၍ ဈေးသင့်ပေးမည်။
မိဂျမ်းတို့က ရွာအစွန်၌ သူတို့ အပို ဝယ်ထားသော ဝင်းကွက်ကို တန်ကြေး ငါးထောင်ထား၍ ဝင်းကို လက်ခံရမည်။
ငါးထောင်က ပိုသော ငွေကို မိဂျမ်းတို့ ကနေ့ အိမ်ဖျက်က ငွေချေပါမည်။ အိမ် မဖျက်ဘဲ ငွေမပေးနိုင်ဟု ဆိုသည်။
မိဂျမ်း မျက်လုံးတွေ ပြာ၍ နှလုံးက တဆတ်ဆတ် တုန်ရသည်။ ရင်ထဲက တလှပ်လှပ် ခံစားရသည်။ အိမ်နီးချင်းသည် အကောင်းဆုံး ဆွေမျိုးဟု ဆိုကြ၏။ အိမ်နီးချင်းသည် သေဖော်ရှင်ဖက်ဟု ဆိုကြ၏။
အိမ်နီးချင်းသည် ဆွေမျိုး၊ သေဖော်ရှင်ဖက်မျှသာမက အနီးကပ်ဆုံး ရန်သူလည်း ဖြစ်တတ်ကြောင်း မိဂျမ်း အထိတ်တလန့် သိလိုက်ရ၏။
ဘယ်တုန်းကများ ဘာကြောင့်များ၊ သူ့အိမ်နီးချင်းက သူ့ကို အလဲထိုးရန် အချိန်ကောင်း စောင့်နေပါလိမ့်ဟု မိဂျမ်း သူ့ကိုယ်သူ မေးခွန်းထုတ်မိ၏။ အဖြေကို ရှာမရလေခဲ့။
သား ငလုံးနှင့် ငမုံးကို စကားကုန် ပြောရသောအခါ မိဂျမ်း ထိန်းသည့် ကြားမှပင် မျက်ရည် ပိုးပိုးပေါက်ပေါက် ကျသည်။
ငလုံးရော ငမုံးပါ ငိုင်တွေတွေဖြင့် ငူငူကြီးသာ ဖြစ်နေသည်။ သူတို့ မျက်လုံးများ၌ ကြေကွဲရိပ်သန်းလျက် ရီဝေ ရီဝေ။
“ကျုပ်တို့ဖြင့် အမေ ပြောလို့သာ ယုံလိုက်ရတယ်ဗျာ၊ အတော် ပက်စက် တဲ့ လူတွေ၊ ရက်စက်တဲ့ လူတွေ၊ ဒီလောက် သေလုမြောပါး ဖြစ်နေတဲ့ လူမမာ ကြီးနဲ့ အိမ်ဖျက် ရွှေ့ပေးမှ ငွေချေမယ်ဆိုတာ သူတို့မို့သာ ပြောရက်တယ်။ ကျုပ်တို့ လူမှန်း သိကတည်းက ကျုပ်တို့ တစ်အိမ်လုံး အရေးရယ်၊ အကြောင်း ရယ်ဆိုရင် ဘာအခကြေးငွေမှ မမြော်မြင်ဘဲ စေတနာ့ ဝန်ထမ်း လုပ်ပေးခဲ့တာ တွေ အများကြီးပါဗျာ၊ သူတို့ကိုလည်း ကျုပ်တို့ တစ်အိမ်လုံးက ရိုရိုသေသေ ဆက်ဆံခဲ့တာပါဗျာ၊ ဒါမှ မထောက်ဘူး” ‘
ငလုံး ပြောသည်က ကြေကြေကွဲကွဲ။
“လူတစ်ဖက်သား အခက်အခဲ အကျပ်အတည်း အကြီးအကျယ် တွေ့ တုန်းမှာ ဘယ်လို ဆက်ဆံသလဲဆိုတာ ကြည့်ရင် အဲဒီလူရဲ့ စိတ်ဓာတ်အမှန်ကို သိရတာပဲ ငါ့သား၊ လူတွေဟာ တစ်ဖက်လူက မလှုပ်နိုင်၊ မလှန်နိုင်တော့ ဘူးလို့ ယူဆရင် သူတို့ စိတ်ရင်းစိတ်ဓာတ် အမှန်ကို ဖော်ပြတတ်တယ်။ ကိုယ့် အခက်အခဲလို ကျော်လွန်နိုင်မယ့် နည်းသာ တို့ ဝိုင်းဝန်း စဉ်းစားရအောင်၊ ငါ့ သားတွေကလည်း စဉ်းစားရသလောက် စဉ်းစား၊ လုပ်ကိုင် ရသလောက် လုပ်ကြ၊ အမေလည်း စဉ်းစား ရလောက် စဉ်းစားပြီး ရှာဖွေ နိုင်သလောက် `ရှာဖွေမယ်။ ဒီ သေလုမြောပါး လူမမာကြီး ထည့်မတွက်ဘဲ သူတို့ ခိုင်းတဲ့ အတိုင်း အိမ်ဖျက် ရွှေ့ဟယ်၊ ပြောင်းဟယ် လုပ်လိုက်ရင် လူမမာကို အမေတို့ ငါ့သားတို့ ဝိုင်းသတ်သလို ဖြစ်မှာ၊ လူမမာ ရောဂါက တစ်ဖက်၊ စိတ် ထိခိုက်မှုက တစ်ဖက်ဆိုရင် ချက်ချင်း အသက်ထွက်မှာ”
မိဂျမ်း မျက်ရည်သုတ်၍ အံကြိတ်သည်။
ငတော ငလုံး ဝတ္ထုတိုများ – တွင်းကြီးဝမ်းမောင်
၆။ ချိုးရိုက်သမား
(ဇာတ်သိမ်း)
ငလုံး ခေါင်းငိုက်စိုက် ချ၍ ထွက်ပေါက်ရှာသည်။ ငမုံး သက်ပြင်း ချသည်။
ငလုံး ခေါင်းငိုက်စိုက် ချရာမှ သူတို့ တဲကို ကြည့်လိုက်သည်။ သူ့တဲဘေးမှ လိပ်ထားသော ချိုးရိုက်ပိုက်ကို ငလုံး မြင်သည်။
အစ်မကြီး အမိအရာ။ အစ်ကိုကြီး အဖအရာ။
အစ်ကို အကြီးဆုံး ဖြစ်သောသူသည် ခေါင်းငိုက်စိုက် ချနေ၍ သည်ဆေးဖိုးဝါးခ အလိုအလျောက် ရလာမည် မဟုတ်။
အခက်အခဲကို ဖြေရှင်းရန် သူ ကြိုးစားရမည်။ ဘယ်လို ဖြေရှင်းမည် နည်း။
ချိုးရိုက်ပိုက်က မင်းသိပါတယ်ဟု လှမ်းပြော နေသလိုလို။
(၂)
ငလုံးနှင့် ငမုံး ထွက်လာတော့ သူငယ်အိပ်ဆိတ် ကြက်တွန်ပြီ။
သူတို့အဖေ ငတော အခြေအနေကို ကြည့်၍ အဖေဖြစ်သူ အိပ်သွားမှ ညီအစ်ကို နှစ်ယောက် တစ်ယောက်ကို တစ်ယောက် မေးငေါ့ကာ အချက် ပြသည်။
ငလုံး ထမ်းလာသည်က ချိုးရိုက်ပိုက်၊ ရိုက်ဝါးလုံး၊ ဓားလှံ။
ငမုံး လွယ်လာသည်က တောလိုက် ဘက်ထရီမီးနှင့် ချိုး ထည့်မည့် လွယ်အိတ်ကြီးကြီး တစ်လုံး။ ထို လွယ်အိတ်ကြီး ထဲမှာ အရန် သုံးခဲထိုး တုတ်မီး(လက်နှိပ်မီး) ပါသည်။ တောလိုက် မီးသီး ကျွမ်းသွားပါက အရေးပေါ် အသစ် လဲရန် ဖန်သီးအပိုတို့ ပါသည်။ ငခုံးလက်၌ တောလိုက် ဓားရှည် တစ်ချောင်း ကိုင်ထားသည်။
ညက လဆုတ် ဆယ့်နှစ်ရက်ညပီပီ လ မရှိ။
မဟူရာ ကောင်းကင်တွင် ငွေကြယ်ပွင့်တို့ ဖြန့်ကြဲ ထားသလို ပြန့်ကြဲ နေသည်။ တချို့ ငွေကြယ်ပွင့်တို့က ကြီးကြီးမားမား။ အရောင် တလက်လက်။ တချို့ ငွေကြယ်ပွင့်က သေးသေးငယ်ငယ်။ တချို့ ငွေကြယ်ပွင့်က သီးခြား ရပ်တည်၍ ဝံ့ဝံ့ကြွားကြွား။ တချို့ ငွေကြယ်ပွင့်က အုပ်စုလိုက် စုပေါင်းလျက် ပြိုးပြိုးပြက်ပြက်။ မြောက်မှသည် တောင်သို့ သွယ်ဆင်းနေသော ဘော်ကြယ် ဖောက်ထားသလို ငွေကြယ်ပွင့်လေးများက မှိတ်တုတ် မှိတ်တုတ်။
ငလုံးရော ငမုံးပါ သူတို့ရွာမှ သည်အချိန်ထက် စောထွက်သင့်ကြောင်း သိသော်လည်း အခြေအနေအရ မထွက်နိုင်။
သူတို့အဖေ ငတော၏ အရိပ်အခြည် အခြေအနေကို အကဲခတ်၍ ကနေ့ည အဖို့ မသေနိုင်လောက်ဟု စိတ်ချသည် ထင်ရမှ ထွက်ခဲ့ကြသည်။
နေ့ခင်းက ငလုံး ချိုးရိုက်ရန် လွန်းထိုးသလို ပြေးလွှား၍ တောများကို လျှောက်လေ့လာစဉ် သူ့အဖေ အမော ဖောက်သေးသည်။ ထို့ကြောင့် ငလုံး အိမ်ပြန်ရောက်လျှင်ရောက်ချင်း မျက်လုံးပြူးသွားသည်။ ဆေးမှူးကို စက်ဘီး အလျင်အမြန် နင်းပြီး ပြေးပင့်ခိုင်းရသည်။ ဆေးမှူး ရောက်လာပြီး ဆေးထိုး ဆေးတိုက်လိုက်မှ သူ့အဖေ ရပ်တည်ရာ ရသည်။
ဆေးမှူး ပြောသော ကြယ်နီတို့ လင်းယုန်သစ်လွင်တို့ မောင်သိက္ခာတို့ကို ငလုံး မသိပါ။ ငလုံး သိသည်က ထိုလူကြီးများ အကြောင်းကို ပြောလေ့ အမြဲ ရှိသော သူ့အဖေ ကုသသည့် ဆေးမှူးလေးသည် စိတ်ရင်းစိတ်ဓာတ် ကောင်းမွန် ပြီး ကိုချင်းစာနာ တတ်သည်။ ကရုဏာ ထားတတ်သည်။ သူ့ အကျိုးအမြတ် မကြည့်ဘဲ လူနာရောဂါ သက်သာပျောက်ကင်းရေးသာ ရှေးရှုတတ်သည်။ နှစ်မိုင် ဝေးသော ငလုံးတို့ ရွာသို့ ခြေတစ်လှမ်း နှစ်လမ်း လှမ်းသော နေရာလို သဘောထားကာ လွယ်လွယ်ကူကူ လိုက်သည်။ ကနေ့သွားပင့်ရာ ထမင်းပွဲမှ လက်ဆေးပြီး စက်ဘီးနင်းကာ ပင့်သောသူနောက် တောက်လျှောက် ထလိုက် ခဲ့သည်။
သူတို့ ကြုံရသော ပွဲစား ဦးအေး စိတ်ဓာတ်မျိုး၊ သူတို့ အနောက်ဘက် အိမ်က စိတ်ဓာတ်မျိုးချည်းသာ လူတိုင်း ရှိနေပါက လူ့လောကကြီးသည် ခင်တွယ်စရာ ကောင်းမည်ဟု ငလုံး မထင်။
လူတိုင်းလူတိုင်း ထိုလူတို့လို လူစားချည်း မဟုတ်။ နားလည်ကြ၊ စာနာ ကြ၊ ထောက်ထားကြ၊ ငဲ့ညှာကြ၊ ကိုယ်ချင်းစာကြသော လူသားတွေလည်း ရှိနေသေး၍ လူ့လောကကြီးသည် မလှတချို့၊ လှတချို့၊ မချိုတချို့ ၊ ချိုတချို့၊ မဖြူတချို့၊ ဖြူတချို့ဖြင့် ဖွဲ့စည်းထားသည်။ ခင်တွယ်စရာ လောကကြီးပါ လားဟု ငလုံး ထင်၏။
ဟုတ်သည်။
ရက်စက်မှု၊ စိမ်းကားမှု၊ ချိုးနှိမ်မှု၊ စော်ကားမှု၊ ရိုင်းပျမှု၊ မထီမဲ့မြင် ပြုမှုကို အရသာ တစ်ခုလို ခံစား၍ အရေးကြုံလာက နိမ့်ကျသူများအပေါ် ထုတ်သုံးပြလိုသော လူများ ရှိကြောင်း ငလုံးတို့ သူ့အဖေကိစ္စနှင့် ပတ်သက်ပြီး နဖူးတွေ့၊ ဒူးတွေ့ တွေ့ရ၏။ စက်ဆုပ် ရွံရှာ အော့နှလုံးနာ ခံစားခဲ့ရ၏။
ကြင်နာမှု၊ သံယောဇဉ်ရှိမှု၊ ဖေးမမှု၊ လေးစား အသိအမှတ် ပြုမှု၊ ဖော်ရွေပျူငှာမှု၊ လှိုက်လှိုက်လှဲလှဲ နှုတ်အားဖြင့် ကူညီစောင်မမှု၊ သစ်သီးလေး တစ်လုံး၊ မုန့်လေးတစ်ထုပ်၊ ဆေးလိပ်လေး တစ်စည်းဖြင့် ကိုယ်ထိလက်ရောက် လာပို့ပေးကာ အားပေးမှုတို့ကို သူ့အဖေ မမာသောအခါ ငလုံးတို့ ကြည်နူး ဝမ်းသာစရာ တွေ့ရ၏။
ဘာပဲဖြစ်ဖြစ် လောကကြီးကို နားလည်မှု အမြတ် ငလုံးတို့ ရလိုက် သည်။ ရလိုက်သော သင်ခန်းစာကလည်း ရင်နှင့်အမျှ ဖြစ်သည်။ တစ်ချီတည်း နှင့် လူအကြောင်း လောကကြီးအကြောင်း ကကြီး ခခွေးကို သိသွားသည်။ ကိုယ့်အားကိုယ်ကိုး၍ ကိုယ့်ထွက်ပေါက် ကိုယ်ရှာရမည် ဖြစ်ကြောင်း ငလုံး ဖျတ်ခနဲ နားလည်လိုက်သည်။
ထိုင်နေ၍ ပြဿနာက အလိုအလျောက် မပြီး ထွက်ပေါက် ရှာမှ ပြီးမည် ဖြစ်ကြောင်း ငလုံး သိလာသဖြင့် သူ့ ထွက်ပေါက်ကို သူတတ်သော ချိုးရိုက် ပညာဖြင့် ရှာဖွေရန် ရုတ်တရက် ဆုံးဖြတ်လိုက်သည်။ ဆုံးဖြတ်ပြီး အချိန်ရွှေ့ မနေ။ ချက်ချင်းပင် ချိုးရိုက်ရမည့် ရိုက်ကွင်း ရိုက်ကွက် ရွေးချယ်ရန် အရေးတကြီးပင် သူ လျှောက်ကြည့်သည်။ ရိုက်ရန် ရိုက်ကွင်း ရိုက်ကွက်ကို အရေးပေါ် ရှာဖွေပြီး ချိန်ဆ သုံးသပ်ကာ လက်တွေ့ ယခု ချိုးရိုက်တော့မည်။
ငလုံးတို့ ချိုင့်ကြီးဒေသမှာ ချိုးရိုက်သမား အဆင့် သုံးဆင့် ရှိသည်။
ကျွမ်းကျင် ဝါရင့် ချိုးရိုက်သမား။ နောက်လိုက် ဝါရင့် ချိုးရိုက်သမား။ လက်သင် ချိုးရိုက်သမားဟူ၍ သုံးဆင့် ရှိရာတွင် ကျွမ်းကျင် ဝါရင့် ချိုးရိုက်သမား ရှားသည်။
ကျွမ်းကျင် ဝါရင့် ချိုးရိုက်သမားသည် ချိုးရိုက်ရာတွင် ပိုက်ခတ်ရသူ ဖြစ်သလို အဆုံးအဖြတ် ပြုရသူလည်း ဖြစ်သည်။
ချိုး နေသောတော၊ ရိုက်ရမည့် အပင်၊ ရိုက်ရမည့် အချိန်၊ ရိုက်ကွင်း ရိုက်ကွက်ကို မှန်ကန်သော အဆုံးအဖြတ် အချိန်အဆ ပေးနိုင်ရသည်။ ချိုး၏ သဘာဝ သိသလို တောရေး တောရာ နှံ့စပ်ပြီး ရိုက်ချက် မှန်ကန်စေရေးကို ကျွမ်းကျင် ဝါရင့် ချိုးရိုက်သမားတိုင်း သိတတ်ကြရသည်။ အတွေ့အကြုံ ရင့်ကျက် ကြသည်။ ထိုလူကို ခေါင်းဆောင်ဟုလည်း ခေါ်သည်။
နောက်လိုက် ဝါရင့် ချိုးရိုက်သမားက ကျွမ်းကျင် ဝါရင့် ချိုးရိုက်သမား နောက်သို့ လိုက်၍ ဝါးရိုက်ပေးရသူ ဖြစ်သည်။ ဝါးရိုက်ပေးရသော နောက်လိုက် ခေါင်းဆောင်နှင့် တွဲ၍ ချိုးရိုက်ရင်း ရိုက်ရင်း ချိုးအကြောင်းကိုလည်း သင်ကြား မှတ်သား စေ့ငှရသည်။ ရိုက်နည်း ရိုက်ဟန် ရိုက်ချက် ရွေးပုံကိုလည်း လက်တွေ့ရော ဆရာဖြစ်သူ ခေါင်းဆောင် ရှင်းလင်းပြသမှုကိုရော နားထောင် ကြည့်ရှုကာ ပညာ သင်ယူရသည်။ သည်အဆင့် ရောက်ဖို့က တစ်ပွဲတိုး လုပ်မရ။ ပွဲပေါင်း များစွာကို နှစ်ရှည်လများ လေ့လာနိုင်မှ သည်ပညာ ရသည်။ သည် ပညာ ရသော နောက်လိုက် ဝါရင့် ချိုးရိုက်သမားသည် ခေါင်းဆောင်အဖြစ် ကိုယ်တိုင်လည်း လုပ်နိုင်သည်။ ကျွမ်းကျင်ဝါရင့် ဖြစ်ဖို့ကတော့ အတွေ့အကြုံ များဖို့ တစ်စထက်တစ်စ ကိုယ်ပိုင် ဆုံးဖြတ်နိုင်မှု စွမ်းရည်များဖို့ အချိန်ယူရ သည်။ အတွေ့အကြုံ များ၍ ကျွမ်းကျင်လာမှ ပထမတန်း ကျွမ်းကျင် ဝါရင့် ချိုးရိုက်သမား ဖြစ်နိုင်သည်။
လက်သင် ချိုးရိုက်သမားမှာ ဝါးရိုက်သမားသက်သက် ဖြစ်သည်။ ချိုး အကြောင်း၊ ရိုက်ကွင်း ရိုက်ကွက် ရွေးချယ်ပုံ အကြောင်းကို အစမှစကာ သင်ရ သည်။ လူသစ်တန်းဟု သတ်မှတ်သည်။ လူသစ်တန်း ကျော်မှ နောက်လိုက် ဝါရင့် ချိုးရိုက်သမား ဖြစ်သည်။
ငလုံးသည် နောက်လိုက် ဝါရင့် ချိုးရိုက်သမားပီပီ ဆရာလည်းဖြစ် အဖေလည်း ဖြစ်သော ငတော သင်ကြားပြသမှု ငတောနှင့် လက်တွေ့တွဲ၍ လုပ်ကိုင်လာရာ နှစ်ပေါင်းများစွာ ကြာရှည်ခဲ့မှုကြောင့် ယခုကဲ့သို့ သူ့အဖေ တောမထွက်ချိန်၌ ချိုးရိုက် ခေါင်းဆောင်အဖြစ် စမ်းသပ် ထွက်လာခဲ့ခြင်း ဖြစ်သည်။
သည်ပွဲမှာ ငလုံးသည် ချိုးရိုက်ခေါင်းဆောင်၊ ပိုက်ခတ်မည့်သူ။ ငမုံးသည် ဝါးရိုက်မည့်သူ။ လက်သင် ချိုးရိုက်သမား။
သူ့အဖေ သင်ကြားပြသမှု၊ သူ့အဖေနှင့် တွဲကာ အလုပ် လုပ်ခဲ့ရမှု ကြောင့် ချိုးရိုက်သမားတို့ သိရမည့် လုပ်ရမည့် ယေဘုယျ အချက်အလက် များကို ငလုံး သိခဲ့ တတ်ခဲ့။
သူတို့ ချိုင့်ကြီးဒေသမှာ ချိုးသုံးမျိုး ရှိသည်။
တည်အိမ်ဖြင့် တည်ရသော ချိုးနှစ်မျိုးက ချိုးလင်းပြာနှင့် ချိုးလည်ပြောက်။ သူတို့ ဒေသမှာ ချိုးလင်းပြာက အရွယ်အစား အကြီးဆုံးချိုး၊ အလေးချိန်မှာ သုံးဆယ်သားမှ သုံးဆယ့်ငါးကျပ်သားခန့် ရှိသည်။ ချိုးလည်ပြောက်မှာ ဒုတိယ အကြီးဆုံးဖြစ်၍ နှစ်ဆယ်သားမှ နှစ်ဆယ့်ငါးကျပ်သားခန့် ရှိသည်။ နောက် ချိုးတစ်မျိုးက ချိုးနီပုခေါ် ချိုးသင်ထန်း။
ချိုးနီပုခေါ် ချိုးသင်ထန်းမှာ အငယ်ဆုံးချိုးဖြစ်သည်။ တစ်ဆယ်သားမှ ဆယ့်နှစ်ကျပ်ခွဲသားခန့်သာ အလေးချိန် ရှိသည်။
ချိုးတည်သမားက ချိုးလင်းပြာနှင့် လည်ပြောက်ကို မက်မောသည်။ သူတို့ ရှာလျှင် လင်းပြာနှင့် လည်ပြောက် တွေ့ပါစေဟု ဆန္ဒပြုကြသည်။ လင်းပြာနှင့် လည်ပြောက်က ပုံမှန်အားဖြင့် အရွယ်ရောက် လာပါက နှစ်ကောင်သာ တွဲနေတတ်သည်။ နွေရာသီ ရောက်ပါက အုပ်ဖွဲ့ တတ်သည်။ သားသမီးများ နှင့် တွဲနေချိန်မှာလည်း သာမန် အချိန်၌ပင် ဖြစ်စေကာမူ အုပ်ဖွဲ့ သလို ဖြစ်နေ တတ်သည်။ သည်ချိုးနှစ်မျိုးက ချိုးတည်အိမ်ဖြင့် တည်ရ၍ ချိုးတည်သမားတို့ မက်မောကြခြင်း ဖြစ်သည်။
ချိုးနီပုက ခိုလို အုပ်ဖွဲ့၍ အကောင်ရေများများနှင့် နေလေ့ရှိသောချိုး ချိုးတည်အိမ်ဖြင့်လည်း တည်မရ။ လူလည်း အကပ်မခံ။ အစာ ရှာလျှင်လည်း အုပ်ကြီး အုပ်လိုက် အစုအသင်းဖြင့် အစာ ရှာသည်။ နေတော့လည်း အကောင် ရေ များစွာ အုပ်ဖွဲ့နေသည်။ ရိုင်းသည်။
ချိုးနီပုကို ချိုးရိုက်သမားက မက်မက်မောမော ရှိသည်။ ချိုးတစ်ချီ ရိုက်ထဲ၊ ချိုးတစ်ဝင်ရိုက်ထဲနှင့် ကောင်ရေ သုံးလေးဆယ်အထိ ရတတ်လေ့ ရှိသော ချိုးမှာ ချိုးနီပုဖြစ်သည်။ သည်အတွက် ချိုးရိုက်သမားက ချိုးနီပုကို မက်မောသည်။
ငလုံးတို့ ချိုးရိုက်လာရာ နှုတ်မှ ဖွင့်မပြောသော်လည်း ကောင်ရေ များသော ချိုးနီပုအုပ်နှင့် တွေ့ပါစေဟု ကျိတ်၍ ဆုတောင်းမိ၏။ ငလုံးနှင့် , ငမုံးတို့သည် ညီအစ်ကို နှစ်ဦး အတူ လာသည်တိုင် စကား မပြောဖြစ်သေး။
ငလုံးက သူ ရည်မှန်းထားရာ ချိုးရိုက်မည့် အပင်ကို ရောက်စေရေးအတွက် ရှေ့မှ သုတ်ခြေတင် နေသည်။ ငလုံး ရှေ့မှ သုတ်ခြေတင်နေသည်ကို မီအောင် လိုက်နေသူက ငမုံး။
ဆောင်းရာသီ၏ မိတ်ဆွေ ငွေနှင်းဝတ်ရည်တို့က မြူခိုး ဝေသလို ဝေနေ ၏။ ငွေနှင်းဝတ်ရည်တို့ကြား ဖြတ်သန်း ပြေးလာသော ဆောင်းညလေသည် တောပန်း မြိုင်ပန်း ရနံ့များကို သယ်ဆောင်၍ မွှေးခနဲ ပျံ့ခနဲ ရှိနေသည့်တိုင် အရိုးစိမ့်အောင် အေးစေ၏။ တောပန်း၊ မြိုင်ပန်းရနံ့၊ တောရနံ့၊ ဆောင်းရနံ့တို့ သည် ငလုံး ငမုံးတို့ သွားလေရာ တောတစ်ဝန်းလုံး ဖုံးလွှမ်းလျက် ကြိုင်လှိုင် သင်းပျံ့နေ၏။
ငလုံးသည် ချိုးရိုက်ပိုက်ကို ဘယ်ဘက်မှ ထမ်းလာရာက ပခုံး ပူလာ၍ ညာဘက်သို့ ပြောင်းထမ်းလိုက်သည်။
ချိုးရိုက်ပိုက်။
ချိုးရိုက်ပိုက်သည် အကွက်စိပ်စိပ် ထိုးထားသော နိုင်လွန်ပိုက်၊ ဝါးလုံး နှစ်လုံးကို အရင်း၌ ဝက်အူဖြင့် စုပ်ထားကာ ချိုးရိုက်ရန် ဖြန့်လိုက်က လက်ချောင်းနှစ်ခု ချဲ့လိုက်သကဲ့သို့ ဖြစ်သွားပြီး၊ ချိုးရိုက်ပြီးက လိပ်ထား၍ ရသည်။ ပိုက်အမြင့်မှာ ဆယ့်နှစ်တောင်ခန့် ဖြစ်ပြီး၊ ပိုက်အရှည်မှာ ဆယ့်ငါး တောင် ရှည်သည်။ ပိုက်အောက်ခြေ၌ ပိုက်ဖြင့် ခတ်၍ ကျလာသော ချိုးများကို ဆီးခံထားရန် အိတ်ပါသည်။
သည်ချိုးရိုက်ပိုက်ဖြင့် ငလုံးက ချိုးကို ခတ်မည်။ ပိုက်ဆီ ချိုးလာစေရန် ငမုံးက ဝါးရိုက် ခြောက်ပေးသည်။
ညီအစ်ကို နှစ်ယောက်သည် နှင်းမှုန်စိန်ပွင့်တို့ ဖုံးလွှမ်းနေသော ဝန်းကျင်ထဲမှ ညဘော်ငွေကြယ်ပွင့်တို့ကို အားပြုပြီး၊ ရိုက်ကွင်းဆီ အရောက် သွားရေးသာ စိတ်အားထက်သန်နေ၏။
သူတို့ ရိုက်ရမှု မရမှုသည် သူတို့ အဖေဖြစ်သူ ငတော ဆေးကုသရန် ဆေးဖိုးရရေး၊ မရရေးနှင့် ဆက်စပ်နေသည်။
သူတို့အဖေ ဆေးကုသရန် သူတို့ ငွေအရေးတကြီး လိုအပ်နေပါ၏။ သည်ငွေ မရ၍ မဖြစ်။ မရ ရအောင် ရှာရမည်။ ချိုးများများ ရပါစေ။
အဖေ့ ဆေးဖိုးပြည့်ပါစေဟူသော ဆုတောင်းကို ညီအစ်ကို နှစ်ယောက် ကျိတ်၍ ဆုတောင်းရသည်မှာခဏခဏ။
ရှေ့မှသွားနေသူ ငလုံး ခြေလှမ်း မြန်နှုန်း လျှော့ချပြီး သစ်ပင်ကြီး တစ်ပင် အနီး အရောက်၌ ရပ်လိုက်သည်။ နောက်မှ လိုက်လာသူ ငမုံးက သူ့အစ်ကို အခြေအနေကို အကဲခတ်သည်။
ငလုံး ကြည့်ရာသို့ ငမုံး လိုက်ကြည့်သည်။
မဟူရာည၌ ဘော်ကြယ်ပွင့်တို့ပမာ လင်းလက်နေသော ကြယ်ရောင် မှုန်မွှားမွှား အောက်တွင် တဖွဲဖွဲ ကျဆင်းလျက် ရှိသည့် ငွေနှင်းပွင့်များ။
နှင်းမှုန်ငွေပွင့် အောက်၌ မည်းမည်းကြီး ရပ်တည်နေသော ဟင်းခွတ် ပင်။
ဟင်းခွတ်ပင်ကို ကြည့်ရင်း ငလုံး ရင်တဖိုဖို။ သည်အပင်မှာ ချိုး စရိုက်မည်။ သူသည် အလျင်ကလို နောက်လိုက်၊ ဝါးရိုက် မဟုတ်။ အဆုံးအဖြတ် ပေးရမည့် ခေါင်းဆောင်၊ ပိုက်ခတ်။ သူ့ အဆုံးအဖြတ် မှန်ပါမည်လား။ အဖေ ဆေးဖိုး ရမှ ရပါ့မလား။ ငလုံး စိတ်၌ တထင့်ထင့်။
၃
“ငမူး”
“ဗျာ အစ်ကို”
“မင်းက မြောက်ဘက်ကနေ ဝါးရိုက်” “ဟုတ်”
“စရိုက်တဲ့အခါ လေးလေးရိုက်၊ ပြီးမှ ပုံမှန်ရိုက်၊ သဘောပေါက်လား”
“ဟုတ်”
“ဒါဖြင့် စမယ်၊ ရိုက်ရမယ့် အချိန်ကို ငါ လေချွန် အချက် ပေးမယ်”
ငလုံးက ပိုက်ကို ဖြန့်ရန် ပြင်ဆင်သလို ငမုံးကလည်း ရိုက်ရမည့် ဝါးလုံးကို ယူသည်။
သည်ရာသီက ဆောင်းရာသီ။
ဆောင်းရာသီမှာ မြောက်လေတိုက်သည်။ နှင်းပွင့်ငွေ့တို့ကို မြောက်လေ က သယ်ဆောင် ပြေးရာတွင် သစ်ပင် တစ်ပင်၏ မြောက်အခြမ်း၊ မြောက်ကိုင်း သည် မြောက်လေဒဏ်ကို ခံရသည်။ သည်ဒဏ်မှ လွတ်စေရန် တောကြက် တောငှက် မှန်သမျှ ဘဝပေး အသိအရ သူတို့အိပ်သော သစ်ပင်တိုင်း သစ်ပင် တိုင်း၌ တောင်ဘက်ကိုင်းများမှာသာ အိပ်ကြသည်။
နွေရာသီမှာ အညာဒေသ၌ တောင်လေနီကြမ်း တိုက်ခတ်လေ့ ရှိသည်။ တောင်လေဒဏ်ကို မခံရစေရန် တောကြက် တောငှက် မှန်သမျှ တောင်ကိုင်း၌ မအိပ်၊ မြောက်ကိုင်း၌သာ အိပ်ကြသည်။
မိုးရာသီမှာ အညာဒေသ၌ တောင်က စရွာရွာ၊ မြောက်က စရွာရွာ ပက်မိုး ပါလေ့ ရှိသောကြောင့် တောကြက် တောငှက် မှန်သမျှ အလယ်ကိုင်း များ၌ စုအိပ်လေ့ ရှိသည်။ မိုးရာသီမှာ တောင်ကိုင်းရော မြောက်ကိုင်းပါ အိပ်လေ့ မရှိ။
တောကြက် တောငှက် အနွယ်ဝင် ချိုးသည်လည်း သည်နိယာမအတိုင်း သူတို့ သဘာဝ အသိဖြင့် သိသောကြောင့် ရာသီအလိုက် ကိုင်းပြောင်း အိပ်လေ့ ရှိသည်။
ချိုးရိုက်သမားက ချိုး ဓလေ့ စရိုက် သဘာဝကို သဘောပေါက်ပြီး ရိုက်ရသည်။ ဆောင်းရာသီ ဖြစ်သောကြောင့် ချိုးသည် တောင်ကိုင်းများ၌ အိပ်မည်။ ရိုက်သည့် ဝါးကိုင်းက မြောက်ဘက်မှ ရိုက်ခြောက် ပေးရမည်။
မည်သည့် ရာသီ ရိုက်ရိုက် ချိုးရိုက်သမား မှန်သမျှ သူတို့ ပိုက်ကို သုံးဖက်စလုံး ကာသည်။ ရိုက်မည့် တစ်ဖက်ကိုသာ ဖွင့်ပေးထားလေ့ ရှိသည်။
ငလုံးက ချိုးရိုက်ပိုက်ကို သုံးဖက် ပတ်ရံကာ ကာဆီးပြီး အဆင်သင့် ဖြစ်သောအခါ ငမုံး ရိုက်တော့ဟူသော သဘောဖြင့် လေချွန်ကာ အချက်ပေး လိုက်သည်။
ငမူး ဝါးရိုက်သံကို နားထောင်ရင်း ငလုံး သတိ ဆွဲလိုက်သည်။ ချိုးရိုက် ရာ၌ ဖြည်းဖြည်းမှန်မှန် လေးလေးသာ ရိုက်ဟူသော သူ့အစ်ကို ငလုံး မှာစကား ကို ငမုံး မမေ့။
ငလုံးတို့ အဓိကထား ရိုက်ရသော ချိုးနီပု ဓလေ့ စရိုက်မှာ အုပ်နှင့် အိပ်ရာ၌ ကင်းသမား ချိုးနီပု နှစ်ကောင် အမြဲ ထားသည်။
မည်မျှ အန္တရာယ်တွေ့တွေ့ ကင်းသမား စမပျံက ကျန်ချိုးများ မပျံ။ ကင်းသမား ပျံ၍ ချောချောမောမော လွတ်ထွက်သွားမှ ထိုပျံသန်းရာဘက်ကို နောက်ချိုးများက လိုက်ပျံသည်။
ကင်းသမား ချိုးနှစ်ကောင် ပျံသန်းသံက ပုံမှန်ပျံသန်းသံ မဟုတ်ဘဲ အန္တရာယ် တစ်ခုခုဖြင့် ကြုံတွေ့ရသော အသံ ဖြစ်နိုင်က ထိုဘက်သို့ နောက် ချိုးများက ပျံမထွက်တော့။ ဝါးနှင့် ရိုက် နေသည့်ဘက် ပြန်အန်ထွက်ပြီး ပျံ တတ်သည်။ အထက် ထောင်တက်ကာ ပျံတတ်သည်။
သည် ဓလေ့ စရိုက် သိသော ချိုးရိုက်သမားက အကင်းပါးဖို့ လိုသည်။ ကင်းသမားကို လောဘကြီး၍ သွားခတ်သဖြင့် ချိုး တစ်အုပ်လုံး ဆုံးရှုံးခဲ့ဖူး ကြောင်း သူ့အဖေ ငတောနှင့် ချိုးရိုက် လိုက်စဉ်က ငလုံး တွေ့ခဲ့ဖူးသည်။ တစ်ခါ ဆုံးရှုံးထားဖူး၍ ငလုံး တစ်သက်တာ သတိမေ့မရပြီ။
ခုပွဲက တစ်ကောင်တစ်မြီးမှ အဆုံးအရှုံး မခံနိုင်သည့် ပွဲ။ အလွဲအချော် မခံနိုင်သည့် ပွဲ။ အဖေ့အတွက် အရေးတကြီး လိုအပ်နေသော ငွေ ရှစ်ရာ မရ ရအောင် ရှာဖွေ ပေးရမည့် ပွဲ။ ပြောရလျှင် သေရေးရှင်ရေး အရေးကြီးနေသည့် ပွဲ။
သည်အသိဖြင့် ကင်းသမား ချိုး နှစ်ကောင်ကို လွှတ်ပေး၍ ကျန် ချိုး လာသမျှကို လက်မလွှတ်တမ်း ခတ်ရန် အားစိုက်နေသော ငလုံး။
ငလုံး အချက် ပေးလာ၍ ဝါး စရိုက်သော ငမုံး။
တိတ်ဆိတ်သောည၊ မှောင်လွန်းသောည၊ သည်ညမှာ ထွက်ပေါ် လာသော ငမူး ဝါးရိုက်သံမှာ ဖြောင်းခနဲ ဖြောင်းခနဲ။
ရိုက်သံ ကြားကတည်းက မဲတင်းနေသော ငလုံး။
အစ်ကိုဖြစ်သူ မတားသေးသမျှ မတော်ဟူသော သဘောဖြင့် ဆက်တိုက် စဉ်တိုက် ရိုက်နေသော ငမုံး။
ကြာသင့်သည့် အချိန်ထက် ကြာသွား၏။ ချိုးပျံသံ ကြားရဖို့ ဝေးလေစွ။
ရိုက်သံအပြင် ဟင်းခွတ်ကိုင်းများ ပြတ်သတ်ကျသံသာ ကြားရ၏။ ချိုးမပြောနှင့် ဘာငှက် ပျံသန်းသံမှ မကြားရ။
လူသစ်တန်းဝင် ငမုံးက တဖြောင်းဖြောင်း ရိုက်ဆဲ။ စမ်းသပ်ခေါင်းဆောင် ငလုံး။ ပိုက်ကြီးကိုင်၍ အဖြေ ရှာဆဲ။
ခဏအကြာမှ ငမုံးကို ငလုံး လှမ်းထားသည်။ ရပ်တော့ဟု အချက်ပေး သည်။ မျက်လုံးလေး ကလယ်ကလယ် ဖြစ်နေသော ငမုံး။ အဖြေကို သိလို၍ ပိုက်ဆီ ပြေးကြည့်သည်။
ဘာကောင်မှ မမိသော ပိုက်ကြီးသည် ငမုံးအား ပြောင်လှောင် နေ သယောင်။ ငလုံး မျက်နှာတစ်ခုလုံး ပူထူလာကာ ရှက်သွေးရောင် ပြည့်လျှမ်း လာသည်။ ပိုက်ကို ရုပ်ပြီး တောလိုက် ဘက်ထရီမီး ဖွင့်ကာ ဟင်းခွတ်ပင် အောက်သို့ ငလုံး စေ့စပ် သေချာစွာ မီးထိုးကြည့်၏။
အဖြေ တွေ့သည်။
ငလုံး ချိုးရိုက်ရာတွင် လေ့လာချိန် မရမှုမှ ထွက်ပေါ်လာသော အမှား။ သူ့အဖေ အတွက် ကြံရာမရ ဖြစ်ရာမှ တက်သုတ်ရိုက်ကာ အလျင်အမြန် လျှောက်ကြည့်ပြီး အလောသုံးဆယ် လောဆော် လုပ်ရမှုကြောင့် ပေါ်ထွက်လာသော အမှား။
ငလုံး တွေ့သော ယိုထားသော ချေးမှာ ချိုးချေး မှန်ပါ၏။ သို့ရာတွင် ချိုးချေးသည် အသစ်စက်စက်။
အသစ်စက်စက် ချိုးချေးအပြင် ကပ်လျက်ချပ်လျက် တွေ့ရမည့် ချိုးချေး အဟောင်း မတွေ့။
အမြဲတမ်း အိပ်သော ချိုးအုပ်ရှိက ချိုးချေး နှစ်မျိုး ရောလျက် တွေ့ရ သည်။ တစ်မျိုးက ချိုးချေး အသစ်စက်စက်။ တစ်မျိုးက ရက်ကြာပြီဖြစ်သော ချိုးချေးဟောင်း။ သည်နှစ်မျိုးက ရောယှက်လိမ်နေမှ သည်အပင်၌ ချိုးတို့ အမြဲတမ်း အိပ်သည်ဟု ယူဆရသည်။
တစ်စုံတစ်ခုသော အကြောင်းကြောင့် ဖြစ်မည်။ ငလုံး ကြည့်သော အချိန်က ချိုးချေး အသစ်သာ ယိုချသွားပြီး ခေတ္တ နားသွားသည့် ဧည့်ချိုးအုပ် သည် ယနေ့ည၌မူ သူ့မူလ အပင်၌ ပြန်အိပ်ဟန် ရှိသည်။
ငလုံးက ငမုံးကို ကြည့်သည်။ ငမုံးက ငလုံးကို ကြည့်သည်။ သူတို့ နှစ်ဦး အကြည့်မှာ ရှေ့ ဘာဆက်လုပ်မလဲ ဟူသော အကြည့်။ ဘာ ဆက်လုပ်ရ မလဲ ဟူသော အဖြေမှာ လွယ်လွယ်ရှင်းရှင်း ဖြစ်ပါ၏။
သန်းခေါင်ကို နေ့မှတ်ပါလို့ အရပ်ကလေးမှ အားမနာဟု ဆိုချင်သာ ဆိုကြပေရော့။ သူတို့ အဖေအတွက် ဆက်လက်၍ ချိုးရိုက်ရမည်သာ ဖြစ်သည်။
ကောင်းကင်ကို လုံး မော့ကြည့်လိုက်သည်။
ကြယ်ညီလာခံသည် ညဉ့်နက်လာကြောင်း ညွှန်ပြသည့် သဘောဖြင့် ရွာမှ ထွက်လာစက သူတို့ မမြင်ရသော ကြယ်များပင် ပေါ်ထွက်လာပြီး ကြယ်ပေါင်းစုံ အရောင် တောက်တောက်ပပ ရွှန်းရွှန်းလက်လက်။
အဝေးဆီမှ ကြက်တွန်သံက ဆောင်းလေအေး အဝှေ့မှာ လွင့်မျောပါ လာ၏
သူတို့ရွာမှ ထွက်စက သူငယ်အိပ်ဆိတ် ကြက်တွန်ချိန်။ ယခု ကြက်သွန်သံ ကြားရ ပြန်သည်။ သက်ကြီးခေါင်းချ ကြက်။
(၄)
“အစ်ကို
“ပြော ငမုံး”
“ဘာဖြစ်လို့ တစ်ကောင်မှ မရတာလဲဗျ”
“ချိုးအိပ်မအိပ် ကြည့်တုန်းက အဲဒီ အပင်ကို ငါ ကြည့်တော့ သတိထား နည်းသွားတယ်။ တစ်ပင်ပြီး တစ်ပင် တွေ့ချင်ဇောနဲ့ တက်သုတ်ရိုက် လုပ်တဲ့ အမှားပေါ့ကွာ။ စေ့စပ်သေချာမှု မရှိတာပေါ့။ ငါ့ လစ်ဟင်းချက် ငါ့ အပြစ်ပေါ့”
ငမုံးသည် သာမန် နလပိန်တုံး မဟုတ်။ ခေတ်ကျောင်းသားပီပီ အကင်း ပါးသည်၊ အကွက် မြင်သည်၊ ဆင်ခြင် စဉ်းစားတတ်သည်။ အဖြေကို ရှာရာ၌ တောအတွေ့အကြုံ မရှိသေး၍ အဖြေ ရသည်အထိ မသုံးသပ်နိုင်သည့်တိုင် သူ့အစ်ကို ငလုံး အနေဖြင့် တစ်စုံတစ်ခုသော မှားယွင်းမှု အနေအထား ရှိပြီ ဟု အတပ်သိသည်။
ငမုံးတို့ တောများစွာ သစ်ပင်ကြီးများစွာ ကျော်ဖြတ် တက်ခဲ့ရပါ၏။ သူ့အစ်ကိုသည် သစ်ပင် မည်းမည်းမြင်တိုင်း တွေ့ကရာ လျှောက်ရိုက်သည် မဟုတ်။ သူ ချိုးရမည် ထင်သော သစ်ပင်မှသာ ရိုက်သည်။
ရွေးချယ် ရိုက်ပါလျက်နှင့် ချိုးတစ်ကောင်မျှ မတွေ့ဟု ဖြစ်ရခြင်းမှာ တစ်စုံတစ်ခုသော အကြောင်း ရှိရမည်။
သူ၏ ချွတ်ယွင်းချက်ကို အမှန်အတိုင်း ငလုံး ဖွင့်ဟ ဝန်ခံသည်။ ချိုး အိပ်သော အပင် ဟုတ် မဟုတ်ကို ဆုံးဖြတ်ပုံ အသေးစိတ် ပြောပြသည်။ ချိုး အိပ်သော အပင် ဟုတ် မဟုတ် စဉ်းစားရာ၌ ထည့်သွင်းရမည့် အချက်အလက် များကို အသေးစိတ် ငမုံး သိသောအခါ သူတို့ ချိုး မရခြင်းကို သဘောပေါက် လာသည်။
“ကဲ မီးဖွင့်ကွာ၊ ထိန်ပင် ဆီ သွားမယ်။ ထန်းပင်ကြီး နှစ်ပင် သူ့ဘေးမှာ ပေါက်နေတဲ့ ထိန်ပင်ပုလေ အဲဒီ ထိန်ပင်ပုမှာ တွေ့တဲ့ ချိုးချေးကတော့ အသစ် ရော အဟောင်းရော အများကြီး တွေ့ခဲ့တာပါ။ မနေ့ညက ယိုတဲ့ ချိုးချေးတောင် အသစ်စက်စက် တွေ့ခဲ့သော ချိုးအိပ်ဆဲပဲ ဆိုတာကိုလည်း စိတ်ချရတယ်။ တခြား ချိုးရိုက်သမားတွေ မတွေ့သေးတာလည်း သေချာတယ်။ အဲဒီ ထိန်ပင်ပု ကို သွားမယ်။ သူ့ဘေးမှာ ထန်းပင်ကြီးနှစ် ပင်ပေါက်နေတာဆိုတော့ မျက်မှန်း သွားရတာ လွယ်တာပေါ့”
တောလိုက် ဘက်ထရီမီးကို ဖွင့်၍ ငလုံးတို့ ထိန်ပင်ပုဆီ မှန်းကာ တောလမ်းအတိုင်း ခရီးဆက်ခဲ့၏။
ထိန်ပင်ပု ရောက်တော့မည့်အကြောင်း ခပ်လှမ်းလှမ်းမှ မြင်နေရသော ထန်းပင် မတ်မတ်ကြီး နှစ်ပင်က ညွှန်ပြနေ၏။
ငလုံးက ငမုံးကို ဘက်ထရီမီး ပိတ်ခိုင်းပြီး ထိန်ပင်ပုဆီ ချဉ်းကပ်ခဲ့သည်။ ချိုးသည် မီးရောင်ကို သတိပြုမိသော အကောင်ဖြစ်၏။
မီးရောင်လည်း မြင်မည်။ ခြေသံလည်း ကြားမည်ဆိုလျှင် သူ့ အပင် အနီး လူရောက်လာသည်နှင့် တစ်ပြိုင်နက် ပျံပြေးတတ်သည်။
သည် ဓလေ့ စရိုက်ကြောင့် လသာညများ၌ ချိုး ရိုက်မရ။ လမိုက်ညများ မှာသာ ချိုးရိုက်ရသည်။ လမိုက်ည ဖြစ်သည့်တိုင် ချိုးရိုက်ရာတွင် လထွက်ချိန်ကို ချိန်ဆရသည်။ လထွက်ချိန် မရောက်မီ မိမိ ရိုက်မည့် ရိုက်ကွင်း ရိုက်ကွက်ကို ပြီးစီးအောင် ရိုက်ရသည်။ လရောင်လေး ကြည်လာ၍ လူရိပ် ရိပ်ခနဲ မြင်လိုက် လျှင် ချိုးကို ရိုက်မရတော့။ ယခုည အခြေအနေ တစ်ပန်းသာသည်မှာ လဆုတ် ဆယ့်နှစ်ရက်ညဖြစ်ရာ ရောင်နီလာမှ လထွက်မည်။ လကွေးကွေးလေး အရှေ့ ထွက်လာက လင်းစပြုမည်။ လထွက်ပြီး မိုးသောက်ရောင်ခြည် သန်းတတ်ကြောင်း ငလုံး အမှတ်သညာ ထားခဲ့၏။ သည်လို ညမျိုးမှာ ချိုးရိုက်ချိန် ကြာရှည် ကြာမော ဖြစ်မည်မို့၊ ငလုံး ဝမ်းသာရသည်။
တောင်ဘေး ကန်သင်းရိုး၌ ပေါက်နေသော ထန်းနှစ်ပင်။
ထန်းနှစ်ပင်နှင့် ယှဉ်လျက် ပေါက်နေသည်က ထိန်ပင်။ ထိန်ပင်မှာ ပုပျပ်ပျပ်ဖြစ်၍ တောသမားတို့က ထိန်ပင်ပု ဟု သည်အပင်ကို ခေါ်သည်။ ထိန်ပင်ပုကို ချိုးရမည်ဟု ငလုံး သိပ်ထင်သည်။ ချိုး ရိုက်ကွင်း ရိုက်ကွက် လာကြည့်စဉ်ကပင် ချိုးချေးတို့မှာ များပြား၍ အကောင်တွေလည်း များလိမ့်မည် ဟု ထင်သည်။
ထိန်ပင်ပုကို တောင်ဘေးမှ ငလုံးက နေရာယူပြီး ပိုက်ခတ်ရန် ဟန်ပြင် ၍ ဝါးရိုက်သမား ငခုံးကို လေချွန် အချက် ပေးလိုက်သည်။
လေချွန် အချက်ပေးသံ စလျှင်စချင်း ငမုံးက လျင်မြန် သွက်လက်စွာ တဖြောင်းဖြောင်း မြည်အောင် စတင် ရိုက်သည်။
သူ နားကြားများ လွဲသလား။ အနေအထားများ မှားသလား။ ငလုံး အခြေအနေကို ရုတ်တရက် သဘောမပေါက်။
ထိန်ပင်ပုဆီမှ ချိုးပျံသံ ထွက်လာမှ ပုံမှန်ဖြစ်မည်။ ယခု-သူ့ကျောဘက် ထန်းပင် နှစ်ပင် ပေါ်မှ ပျံသန်း ထွက်ပေါ်လာသည်။ ထွက်ပေါ်လာသော ပျံသံသည် ချိုးပျံသံ မဟုတ်။
ချိုးသည် အတောင်ကို အားယူခတ်၍ ဝှီးခနဲ၊ ဝှီးခနဲ မြည်အောင် ပျံသန်းတတ်ပါသည်။
ယခု ပျံသန်းသံက ချိုးထက် အတောင်ပံ ခတ်သံ ပြင်းထန်သည်။ ရင်အုံကို လေတိုးသံအထိ ပါနေသည်။ အုပ်လိုက် ပျံသံ မဟုတ်။ ရှေ့ဆင့် နောက်ဆင့် ပျံသံသာ ဖြစ်ရာ နှစ်ကောင် ပျံသံဟု ငလုံး နားလည်မိသည်။
နားရည်ဝ စူးရှ ထက်မြက်သော တောသမား နားစောင့် ရှိသည့် ငလုံး ပင်လျှင် ဘာကောင်ပါလိမ့်ဟု ချက်ချင်း ဝေခွဲမရ။ ချိုးပျံသံ မဟုတ်မှန်း ထိန်ပင်ဆီမှ မဟုတ်မှန်းသာ သူသိလိုက်သည်။ ရိုက်ချက် မှန်မှန်ဖြင့် ရိုက်နေသော ငမုံး။
ဘာကောင်မှ ထွက်မလာသဖြင့် တစ်ချက်မျှ ပိုက်မခတ်ရသော ငလုံး။
ငမုံးက မျှော်လင့်ချက် ကြီးမားစွာဖြင့် ရိုက်နေဆဲ။ ငလုံးက အခြေအနေ ရှုပ်ထွေးလှ၍ သံသယ ဝင်နေဆဲ။
“ဆက်ရိုက်ရဦးမလား အစ်ကို”
ငမိုး မေးလာသော အသံ။
“တော်ဟေ့၊ ဒီကိုလာခဲ့”
ငလုံး လှမ်းခေါ်သံ၊ ငမုံးက မျှော်လင့်ကြီးစွာဖြင့် ငလုံး ပိုက်ဆီလာသည်။ ပိုက်က ဖော်ပြသော အခြေအနေကို ကြည့်ရင်း ငမုံးရင်ထဲ ဟာသွားသည်။
“မီးဖွင့်ကွာ၊ အပင်အောက် လှည့်ထိုးပြစမ်း”
ငမုံး ထိုးပြသော မီးရောင်အောက်၌ ရှိနေသော ချိုးချေး အဟောင်း အသစ်များက ငလုံး မမှားပါဟု သက်သေခံ နေသလို ရှိပါ၏။
ငလုံး အတွေးရ ခက်သည်။ သူ့ နောက်ကျောမှ ပျံသန်း သွားသော ထန်းပင်ပေါ်က အသံ နှစ်သံကို ငလုံး မသင်္ကာ။
“ထန်းပင် နှစ်ပင် အခြေကို မီးထိုးစမ်း ငမိုး”
ထန်းပင် နှစ်ပင်၏ အခြေ မြေပြင်များကို မီးလျှောက်ထိုးမှ ငလုံးရော ငမိုးပါ မမျှော်လင့်သော အရာတို့အား တွေ့ရသည်။
ချိုးနီပု ခေါင်းပြတ် တစ်ခုက တစ်နေရာ အဝေးမှာ။
ချိုးနီပု အမြီးမွှေးများက မြေပြင်ပေါ်မှာ။
“တောက်။ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာဆိုတာ တို့ အဖြစ်ဟ ငမုံး”
“ဘာလဲ အစ်ကိုရ”
“ဒါ ချိုးနီပု အိပ်တဲ့အပင် ဟုတ်သားပဲကွာ၊ အိပ်တန်းဝင် ချိုးနီပု အုပ်ကို တိုက်သိမ်းက တိုက်ခိုက် သတ်ဖြတ်ပြီး စားတာပဲကွ။ စွန်ဆိုရင် ကုတ်ချီ သွားမယ်။ တိုက်သိမ်းဆိုတာ သူ့ ရင်အုံနဲ့ ပစ်တိုက်ပြီး ခေါင်းပြတ်၊ ဇက်ပြတ် အောင် လုပ်တာမျိုးပါလား၊ ချိုးနီပုအုပ်ကို တိုက်သိမ်းက တိုက်လို့၊ ချိုးနီပုတွေ လန့်ပြီး ဒီအပင် မအိပ်ရဲတာကွ။ အပင်ပြောင်းတာ။ ငါ့နောက်မှာ ရှိတဲ့ ထန်းပင် ပေါ်က ပျံသန်းတာ ကြားတာ ဒီတိုက်သိမ်း နှစ်ကောင် ဖြစ်မယ်။ ဒါကြောင့် သူတို့ စားသောက်ထားတဲ့ ချိုးနီပုသေရဲ့ ခေါင်း၊ အတောင်အမြီးတွေ တို့ တွေ့တာ”
“ကျုပ်တို့ တောသွားတဲ့အခါ တစ်ခါတလေ ကောင်းကင်မှာ လေထဲက ကနေတဲ့ သိမ်းငှက်လား အစ်ကို”
“မဟုတ်ဘူးကွ၊ အဲဒီသိမ်းကို က,သိမ်းလို့ ခေါ်တယ်။ မင်း မြင်တဲ့ သိမ်းက နှုတ်သီးကောက်ကောက်၊ မျက်နှာ အဖြူနဲ့သိမ်း၊ နှုတ်သီးဘေးမှာ အဖြူလေးတွေ ပါတယ်။ လေထဲမှာ ပျံသန်းရာ ထရပ်ပြီး အတောင်တဖျပ်ဖျပ်နဲ့ က,သလို နေတတ်တာမို့ သူ့ကို က,သိမ်းလို့ ခေါ်တာ။ ချိုး၊ ခို၊ ခါ၊ ငုံးလို အကောင်တွေကို ရင်အုံနဲ့ တိုက်ပြီး ခေါင်းတွေ လည်တွေ ပြတ်အောင် တိုက်ခိုက် သတ်တဲ့ သိမ်းကို တိုက်သိမ်းလို့ ခေါ်တယ်။ အရောင်က အညိုနဲ့ အနက် မွေးကွာ၊ သူ့ ရင်ဘတ်ဟောင်းမှာ တခြား တစ်ကောင်ကို တိုက်သတ်ဖို့ သဘာဝ ကိုက အမျှောင်ကြီးလို၊ ဇောင်းကြီးလို ချိုးနီပုအုပ် လစ်ပျံ ထွက်ပြေးတာ နေမယ်”
“နောက်ရက်မှများ တိုက်ပါတော့ အစ်ကိုရာ၊ ကျုပ်တို့ ဘယ်လို လုပ်မလဲ”
“ဟ ဘယ် နောက်ဆုတ် ပြန်လှည့်ဖြစ်မလဲ။ ချိုးဆက်ရိုက်မယ်။ ရှေ့ မလှမ်းမကမ်းမှာ ရှိတဲ့ သမုံးပင်ကို သွားကွာ၊ သိပ်မဝေးဘူး၊ နေ့ခင်းမှာဆိုရင် လှမ်းတောင် မြင်နေရတယ်။ ချိုးမရတာတော့ ဘယ်တတ်နိုင်မလဲ။ တောသမား ဆိုတာ စိတ်ရှည်ရတယ်၊ ကဲသွားရအောင် မီးဖွင့်”
ငလုံးအဖို့ အတွေ့အကြုံ ရှိနေ၍ စိတ်မပျက်။ ငမုံးလို လူသစ်တန်းအဖို့ စိတ်ပျက်ချင်သလို ဖြစ်လာသည်။
ချိုးရိုက်သွားသည်ကို လွယ်သည်ဟု ထင်ခဲ့သော ငမုံး။ သစ်ပင်ဆီသွား ပိုက်ကာ၊ ဝါးနှင့် ရိုက်၊ ချိုးရ ပြန်လာဟု ထင်ခဲ့သော ငမုံး။
သူ့အဖေနှင့် သူ့အစ်ကိုတို့သည် သူ့ကို ကျောင်းသားဆို၍ ညှာသည်။ ညဘက်ဖြစ်ဖြစ် နေ့ဘက်ဖြစ်ဖြစ် တောလိုက်ရာတွင် သူ့ကို မခေါ်၊ သူတို့ နှစ်ဦးသာ အပင်ပန်း၊ အဆင်းရဲခံ သွားသည်။ ပြန်လာလျှင် လက်ချည်းဗလာ ဘယ်တော့မှ မဖြစ်။ တစ်ခုမဟုတ် တစ်ခု ပါလာလေ့ရှိသည်။ ပါလာသော အရာတို့ကို အခက်အခဲ ပေါင်းစုံ ကြားက ရယူခဲ့ရမှန်း ငမုံး ခုမှ နားလည် သည်။
ညီအစ်ကို နှစ်ယောက် ထိန်ပင်ပုမှ ခွာကာ သမုံးပင်ဆီ သွားခဲ့သည်။ သမုံးပင် ရောက်ခါနီး၌ မီးကိုမှိတ်ပြီး ခြေသံ ဖော့နင်းကာ သမုံးပင်ဆီ ချဉ်းကပ် ခဲ့သည်။
ငလုံးက ပိုက်ကာပြီးသောအခါ ငမုံးကို အချက်ပေး လေချွန်ပြသည်။ အချက်ပေး လေချွန်ပြ ပြီးနောက် ဝါးရိုက်သံ ဖြောင်းခနဲ ဖြောင်းခနဲ ပေါ်ထွက် လာသည်။
ဝါး ရိုက်သံနောက် ဦးခနဲ ဝှီးခနဲ ပျံထွက်လာသော ချိုးနီပု နှစ်ကောင်။ သည်နှစ်ကောင်သည် လွှတ်ပေးရမည့် ကင်းသမား ချိုးနှစ်ကောင်။
ငလုံး သူစိတ်ကို သူ သတိဆွဲကာ ဗွေဆော်ဦး ထွက်သွားသော ချိုးကို လွှတ်ပြီး ပိုက်ခတ်ရန် ဟန်ပြင်လိုက်သည်။
ရှေ့မှ ပျံသန်းသွားသော ချိုးက၊ အတားအဆီး မရှိသော ပျံသံမှန်း သူတို့ ဗီဇသိဖြင့် သိနေသည့် နီပုတို့ ကုပ်၍ မနေတော့။ ပိုက်ရှိရာဆီသို့ အလုအယက် တိုးဝှေ့ပျံသန်းသည်။
ပျံသန်းလာသမျှ ချိုးများကို ငလုံးက မရပ်မနားဘဲ ဆက်တိုက် စဉ်တိုက် ခတ်သည်။ ချိုးများမှာ ဘယ်ဘက်မှရော ညာဘက်မှရော စွပ်တိုးလာသလို အလည်တည့်တည့်မှလည်း စွပ်ပျံလာသည်။ ပျံလာသမျှကို လက်မောင်းပြုတ် မတတ် ညောင်းညာအောင် ငလုံး ဆီးခတ်သည်။ ချိုးတို့ အောက်ခြေရှိ ပိုက်အိတ်ထဲ ကျသွားသံ၊ ပိုက်ကို တိုးသံ၊ ပိုက်ခတ်သံတို့က မှန်မှန် ထွက်ပေါ် လာသည့် ရိုက်ဝါးသံနှင့် အပြိုင် ဖြစ်သည်။ ကြာကြာ ခတ်လာရသောအခါ ဆောင်းရာသီ ဖြစ်သည့်တိုင် ငလုံး ချွေးပြန်လာသည်။
ရိုက်ဝါးက မှန်မှန် ရိုက်ဆဲ။ ချိုးကို ခတ်သူက ပိုက်ဖြင့် မှန်မှန်ခတ်ဆဲ။
ငြိမ်ဆိတ်သော ပတ်ဝန်းကျင်၌ သည်အသံသာ ဖုံးလွှမ်းနေ၏။ ရိုက်ဝါး ဖြင့် တရစပ် ရိုက်ပြီး ညောင်းညာမှန်း သတိထားမိမှ ငမုံး ရပ်လိုက်သည်။ သူ့အစ်ကို ထံမှ ဆက်ရိုက်ဟု အသံ မကြားရ၍ ပိုက်ခတ်နေသော သူ့အစ်ကို ငလုံး ရှိရာ ငမုံးပြေး သွားသည်။
“ဟာ ချိုး ချိုးတွေ ချိုးတွေ ချိုးတွေ အများကြီး”
ချိုးရှိရာသို့ ရောက်ရောက်ကြည့်ကြည့် အော်သော ငမုံး။
မှို ရှာရာသို့ အစမ်း လိုက်ပါလာသော မှိုရှာလက်သင် တစ်ယောက်က မှိုကျင်း တွေ့ပြီး မှို အများအပြား ပေါက်နေသည်ကို တစ်ခါမှ မမြင်ဖူး၍ ရင်သပ်ရှုမော အော်ပြောသလို ငမုံးအော်ပြောသည်။ အောက်ခြေရှိ ပိုက်အိတ်ထဲ၌ ချိုး အများအပြား။
ငလုံး ချွေးစို့သည့်တိုင် ပင်ပန်းသည်ဟု မယူဆနိုင်။ ခန့်မှန်းထားသည်ထက် များပြားနေသော ချိုးများကို ကြည့်၍ ပီတိတဝေဝေ။
ငမုံးက အောက်ခြေရှိ ပိုက်အိတ်ထဲမှ ချိုးများကို တစ်ကောင်ပြီး တစ်ကောင် ဖမ်းသည်။
အားလုံး ဖမ်းပြီးမှ ချိုးကောင်ရေ ရေတွက်ကြည့်သည်။ ချိုးနီပု သုံးဆယ့်လေးကောင်။
ဟုတ်သည်။ သည်တစ်ပင်ထဲမှ ချိုးနီပု သုံးဆယ့်လေးကောင် အထိ ငလုံးနှင့် ငမုံး ရသည်။ ဘက်ထရီမီး ဖွင့်၍ သူတို့ ရသော ချိုးများကို ညီအစ်ကို နှစ်ယောက် ရွှင်လန်း အားရစွာ ကြည့်ရာမှ ချိုးနီပု တစ်ကောင်ကို ထုတ်ပြီး ငလုံးက ငမုံအား ပြသည်။
ငလုံး ပြသော ချိုးနီပု၏ လည်ပင်းမှာ ဒဏ်ရာ ဒဏ်ချက် လတ်လတ် ဆတ်ဆတ်။ ယိုစီးကျနေသော သွေးစီးတို့ ယခုထိ ရှိနေဆဲပင်။
“ဒါ တိုက်သိမ်း အတိုက်ခံရပြီး သေဘေးက ပွတ်ကာ သီကာ လွတ်သွား တဲ့ ချိုးကွ၊ ကြည့်ပါလား လည်ပင်းမှာ ဒဏ်ရာနဲ့ သွေးစသွေးနနဲ့၊ အဲဒီက လန့်ပျံလာရာက အနီးဆုံးဖြစ်တဲ့ ဒီအပင်ကို သူတို့ ပင်စင် အိပ်နေကျလည်း မဟုတ်ဘဲ အိပ်နေကျ အမြဲတမ်းအုပ်နဲ့ အဲဒီ ထိန်ပင်က အုပ်နဲ့ ပေါင်းအိပ်တာ ဖြစ်မယ်”
ငမုံးသည် သူ့အစ်ကိုကို အထင်တကြီး မော့ကြည့်လိုက်၏။ သူ့ အတွေ့အကြုံ၊ ပညာနှင့် သူ ကျွမ်းကျင်ကြောင်း ငမုံး သဘောပေါက်မိ၏။
“တို့ သဂျမ်းပင်ဆီ သွားမယ်”
“ဟုတ် ဟုတ်”
ငလုံးရော ငမုံးပါ ခြေလှမ်းသွက်ပြီး ခန္ဓာကိုယ် ပေါ့ပေါ့ပါးပါး။
သူတို့ရင်၌ သူတို့အေဖအတွက် သူတို့ ကြိုးစား လုပ်ကိုင်ရာ ချိုးများ ရလာ၍ ကြည်နူးဝမ်းသာ အားတက်နေကြ၏။
(၅)
လာဘ်များ တိုက်ပြီးလျှင် တောက်လျှောက် တိုက်ဓာတ်လေသလား ဟု ငမုံး ထင်သည်။
ဟင်းခွတ်ပင်နှင့် ထိန်ပင်ပုမှ တစ်ကောင်မျှ မရ၊
သမုံးပင်မှ စ၍ သုံးဆယ့်လေးကောင် ရသည်။
သဂျမ်းပင်မှ ဆယ့်ခြောက်ကောင် ရသည်။ သန်းပင်မှ ဆယ့်တစ်ကောင် ရသည်။
ငမုံးရော ငလုံးပါ ဝမ်းသာလွန်း၍ မျက်ရည်များ လည်ခမန်း ဖြစ်လာ သည်။ ချိုးတစ်ကောင်လျှင် ဖောက်သည်ဈေး ဆယ့်သုံးကျပ် ရောင်းရမှန်း သူတို့ သိသဖြင့် ကျွမ်းပစ်ထိုးချင်စိတ် ပေါက်လာသည်။ သူတို့အဖေ လိုသော ဆေးဖိုးကို သူတို့ ရရှိလေပြီဟူသော အသိ ပေါ်လာတိုင်း ကြက်သီးတွေ တဖြန်းဖြန်း ထထလာကာ သွေးလည်ပတ်မှုတွေပင် မြန်ဆန်လာသည်။
အဖေ ဆေးဖိုးအတွက် သောက ရောက်နေရှာသော အမေ။
ဘာမှ မသိတော့ဘဲ ကျန်ရစ်သူ မိသားစု ပြုသမျှ နုရတော့မည့် ဘဝ ရောက်မှန်း မသိ ရောက်နေရသော အဖေ။
အမေ စိတ်ချမ်းသာမှ အဖေ စိတ်ချမ်းသာမည်။
အဖေ စိတ်ချမ်းသာ အမေ စိတ်ချမ်းသာကြမှ သူတို့ သားသမီးများ စိတ်ချမ်းသာမည်ဟု ဆက်နွယ် နေသော သမုဒယကြိုးမျှင်ကို မြင်စပြု နေသည့် သားဖြစ်သူ ငလုံးနှင့် ငမုံးတို့ ရင်၌ အဖေလည်း ရွှင်လန်း၍ အမေလည်း ဝမ်းမြောက် ကြည်နူးကာ သူတို့ လည်း ပြုံးပျော်နိုင်တော့မည်မို့ လူ့ဘဝ ရကတည်းက တစ်ခါမျှ မခံစားဖူးသော ချမ်းမြေ့ကြည်နူးမှုကို သူတို့ ခံစားနေရ၏။
“လထွက်အထိ ဆက်ရိုက်ရအောင်လား အစ်ကို”
“တော်စို့ကွာ တို့ ပတ်ပြီး ပြန်လှည့်ရအောင် ထိန်ပင်ပုဆီ ပြန်တဲ့လမ်းမှာ ဦးပန်း ကန် ဆိုတာ ရှိတယ်။ အဲဒီ ကန်နဲ့ ထိန်ပင်ပုနဲ့ မျက်စောင်းထိုး ရှိတာပဲ။ ကန်ပေါင်ပေါ်မှာ ချုံတွေနဲ့ မြင့်မြင့်မားမား အပင်ဆိုလို့ ညောင်ချဉ်ပင်လေးသာ ရှိတာ။ အဲဒီကို လှည့်ရိုက်ရင်း ပြန်ရအောင်”
“လာဘ်တိုက်နေတုန်း ဆက်ရိုက်လိုက်ရင် ပိုမကောင်းဘူးလား”
“ရောင်းချိန်ကွ ငါ့ညီရ၊ ရောင်းချိန်မီမှ၊ အဖေနဲ့ ငါ တောလိုက်ညထွက် ရင် မင်းနဲ့ငါ ခုပြောသလို ပြောရတာပဲ။ အဖေက ရောင်းချိန်မီ ပြန်ချင်ရှာတာ၊ ငါက လာဘ်တိုက်တုန်း တအား ဆက်လုပ်ချင်တာ။ လက်တွေ့ကျတော့ အဖေ ပြောတာက သဘာဝကျလို့ ရောင်းချိန်မီ အရောက်ပြန်တာက မှန်တယ်”
သူတို့ အပြန်တွင် ထိန်ပင်ပုနှင့် မျက်စောင်းထိုးရှိ ဦးပန်း ကန်ပေါ်မှ တစ်ပင်တည်း ရှိနေသော ညောင်ချဉ်ပင်ဆီ ညီအစ်ကိုနှစ်ယောက် သွားကြသည်။
“နောက်ဆုံးပိတ် အိတ်နဲ့လွယ် မနိုင်အောင် ရပါစေလို့ ဆုတောင်းလော့၊ တို့ဒီအပင် ချိုးရိုက်ပြီးရင် အိမ်တန်းပြန်မယ်”
“ရသလောက် အဖေ့ဆေးဖိုးမို့ အဖေ ကျေးဇူးတော် အနန္တကို ပြန်ဆပ် နိုင်ဖို့ ကောင်ရေ သိန်းသန်း ကုဋေ မရတောင် ဆေးဖိုးအပြင် ဓာတ်စာဖိုးလေး ရပါစေဗျာ”
ငမုံး ဆုတောင်းသံက ပျော်ရွှင်မှု စီးဝင်နေသော အသံ။
ငမုံး ရိုက်ဝါးသံ၊ ငလုံး ပိုက်ခတ်သံတို့ ထွက်ပေါ်လာသည်ကို နားထောင်က သည်ညောင်ချဉ်ပင်မှာလည်း ငလုံးတို့ ချိုးအုပ်နှင့် တွေ့ပြန်ပြီဟု သိသည်။ ပိုက်အိတ်ထဲရှိ ချိုးများကို ဖမ်းဆီးရန် ပြေးလာပြီး ချိုးများကို ဖမ်းရင်း ငမုံးက အော်သည်။
“ဟာ အစ်ကိုရေ အစ်ကို လာဦးဗျ၊ သိမ်း သိမ်း”
“ဟင်၊ သိမ်းငှက်ပါလာတယ်၊ အေး အေး ငါလာမယ်”
ညီအစ်ကို နှစ်ယောက် သိမ်းငှက် နှစ်ကောင်ကို ဝိုင်းဖမ်းပြီး အောက်ခြေ ရှိ ပိုက်အိတ်ထဲမှ အပြင် ထုတ်လိုက်သည်။
ငမုံး သဘော မပေါက်သော်လည်း ငလုံး သဘောပေါက်သည်။
ညမှာ လန့်ပျံသော နေ့ငှက်သည် ညဉ့်ငှက်ကဲ့သို့ ည၌ မကျင်လည်။ ညမှာ ကျင်လည်ကျက်စားသော ညဉ့်ငှက်ကသာ ညမျက်စိ ရှင်၍ သူတို့ လိုလားရာ ပျံသန်းနိုင်သည်။ နားနိုင်သည်။
လန့်ပျံသော နေ့ငှက်သည် စိတ်ကြိုက်နေရာ ရောက်အောင် ရွေးချယ် မပျံသန်းတတ်ဘဲ တွေ့ရာ အမြင့်ဆုံး အပင်မှာသာ ရုတ်တရက် ဝင်နားတတ် သည်။
တိုက်သိမ်း နှစ်ကောင်သည် မူလက ဘေးကင်းရန်ကင်း ယူဆ၍ သူတို့ အိပ်နေကျ ထန်းပင် အထက်မှ လန့်ပျံရင်း ညောင်ချဉ်ပင်ဆီ ဦးတည်ပျံမိရာမှ ဝင်နားခို အိပ်စက်ဟန် ရှိသည်။ ညဘက် ဖြစ်သောကြောင့် သူတို့ ရောက်လာကြောင်း သိရှိပြီး လန့်ကြောက်ကာ ချိုးငှက်တို့ ထွက်မပြေး။ အမှောင် ကန့်လန့်ကာက ချိုးတို့ မကြောက်လန့်စေရန် သဘာဝ ကန့်လန့်ကာ အဖြစ် ကာပေး ထားရာ ရောက်နေ၏။ ငမုံးက ဆက်ဖမ်းရင်း အော်သည်။
“အစ်ကိုရေ ပုစဉ်းထိုးငှက်လည်း ပါသဗျ၊ ငှက်ပြာရော ပါတယ်”
“ပါတတ်ပါတယ်ကွာ၊ ချိုး ဘယ်နှကောင် ရလဲ ရေတွက် ကြည့်စမ်း”
“ချိုး သီးသန့်က ဆယ့်လေးကောင် အစ်ကို၊ တိုက်သိမ်းက နှစ်၊ ပုစဉ်းထိုးက သုံး၊ ငှက်ပြာက တစ်၊ အဲဒါ အကုန်ပဲ”
“ချိုးတစ်ကောင် ဖောက်သည်ဈေး ဆယ့်သုံးကျပ် အပ်ရတော့ အကောင် ခုနစ်ဆယ်လောက် ရောင်းရင် အဖေ့ဆေးဖိုး ရပါပြီကွာ၊ ကျန်အကောင်ရေ အတွက် ရတဲ့ပိုငွေကို နောင်မှာ ဆေးဖိုးလိုရင် ရအောင်တို့ သိမ်းထားကြမယ်။ ဒါမှ နောင်လိုရင် အခက်အခဲ မတွေ့မှာ”
“ဟုတ်တယ် အစ်ကို၊ သိမ်းဆည်းထားတော့ လိုတဲ့အချိန် မရှာရတာ ပေါ့။ တိုက်သိမ်းနဲ့ ပုစဉ်းထိုးတွေရယ်၊ ငှက်ပြာလေးရယ်ကိုကော ဘာလုပ်မလဲ”
“အဖေ့ကို စေတနာထားပြီး ငွေ တစ်ပြားတစ်ချပ်မှ မယူဘဲ မေတ္တာရှိ၊ စေတနာသက်သက်နဲ့ ကုသပေးနေတဲ့ ကျန်းမာရေးမှူးလေးကို တိုက်သိမ်း နှစ်ကောင် ကန်တော့ရမယ်။ ကျန်တဲ့ ပုစဉ်းထိုးနဲ့ ငှက်ပြာကိုတော့ တို့ ချက်စား တာ ပေါ့ကွာ။
ရွာဆီ အပြန်လမ်း ရှိရာသို့ ညီအစ်ကို နှစ်ယောက် လှမ်းခဲ့ကြသည်။
အရှေ့ဆီမှ ရောင်နီ ပတ္တမြားတို့ စီးလည်ယှက်ဖြာတော့မည့်အကြောင်း ရှေ့တော်ပြေး အနီရောင်တို့ ရောင်ပြန်ဟပ်လာသည်။
တောသည် ငြိမ်ငြိမ်ဆိတ်ဆိတ်။ ငွေနှင်းကမ္ဗလာတို့က ရှုလေရာ ပိတ်ဖုံးထား၏။
တောပန်း မြိုင်ပန်းတို့ သင်းပျံ့ကြိုင်လှိုင်၍ မွှေးရနံ့စုံ ထုံသင်းနေ၏။ ညီအစ်ကို နှစ်ယောက် ရွာဆီ ရောက်ခါနီးမှ လ ထွက်လာသည်။ အရှေ့မှ ပေါ်ထွက်လာသော ငွေလခြမ်းလေး။
ငွေလခြမ်းလေးနှင့် ခပ်ယွန်းယွန်း နေရာ၌ လင်းထိန်စူးရှပြီး အရောင် တဖိတ်ဖိတ် လက်နေသော ကြယ်နီ။
ထိုအထိမ်းအမှတ်သည် နံနက်မိုးသောက် အလင်း ရောက်တော့မည့် အထိမ်းအမှတ်။
မိုးမသောက် မှောင်မိုက်ရိပ် မပြေးမီ ဖောက်သည်ကို အပ်နိုင်ရေးအတွက် ညီအစ်ကို နှစ်ယောက်၏ ခြေလှမ်းတို့မှာ ပို၍ပို၍ လျင်လျင်မြန်မြန် သွက်သွက် လက်လက်။
မိုးမသောက် မှောင်မိုက်အရိပ်မပြေးမီ အချိန်မီလာကြဟု နှိုးဆော် သလို ရွာဘက်ဆီမှ ကြက်သွန်သံကြားရ၏။
လင်းကြက်ဆော်လေပြီ။
စာစီ – မီးမီး