July 30, 2025
Uncategorized

ချုံကွယ်မှာ ကြုံလေငြားသော်လည်း

သန်းမြင့်သန်း(ကွမ်းခြံကုန်း)
ချုံကွယ်မှာ ကြုံလေငြားသော်လည်း

ပြာသိုဆောင်းညကို ချမ်းလှသည်ဟုပင် ဩဘာ မထင်။ နေဝင်သည်နှင့် ဆီးနှင်းများ အုံ့ဆိုင်းကျဆင်းနေ၍သာ အအေးကဲနေခြင်းဖြစ်၏။ ညရေတက်ချိန် စောင့်ရဦးမည်။

ဆောင်းလေပြည်လေညင်းသည် သခွတ်ပင်မြစ်ရိုးတစ်လျှောက် ထွေထွေလေး သုတ်ဖြူးလျက်ရှိ၏။ အချိန်စောပါသေးလျက် ဟန်တပြင်ပြင်လုပ်နေသော ဩဘာကို လိပ်ပုက မြင်ပြင်းကတ်လျက် ရှိသည်။

ပင်လယ်ဒီရေသည် ဝါးလုံးထိုး စီးတက်လာ၏။ လိပ်ပုသည် လှေပဲ့ချောင်၌ ခေါင်းစိုက်မှေးနေရာမှ နိုးလာပြီး မျက်လုံးအစုံကို လက်နှင့်ပွတ်သပ်လိုက်၏။ ဒီရေ အရှိန်ပြင်းစွာ တက်လာပြီဖြစ်၍ မြစ်ဝနှင့် မလှမ်းမကမ်းရှိ သောင်ခုံပေါ်၌ ထိုးစိုက်ထားသည့် ထိုးဝါးလေးမှာ သွက်သွက်ခါ လှုပ်ယမ်းနေ၏။ ထိုးဝါးတွင် ချည်နှောင်ထားသော လှေဦးကြိုးမှာ တင်းမာလျက်ရှိနေသည်။ နှင်းကြွင်းများ အကြားမှ ဩဘာ ငုတ်တုတ်ထိုင်နေသည်ကို မြင်နေရ၏။

အိပ်မှုန်စုံမွှားနှင့် လိပ်ပုသည် ထိုးဝါးကို ဆွဲနုတ်လိုက်၏။ သဲကိုက်နေသော ထိုးဝါးမှာ အလွယ်တကူ နုတ်မရချေ။ အားနှင့်နုတ်ထုတ်လိုက်မှ ထိုးဝါးကျွတ်သွားပြီး လှေမှာ ရေစီးနှင့်အတူ အထက်သို့ မျောပါသွားတော့သည်။

တက်ရေနှင့် အထက်သို့စုန်လိုက်သွားရသဖြင့် သက်သာလှသည်။ ညရေတက်ဖြစ်၍လည်းကောင်းညချမ်းလေကြောင့်လည်းကောင်း ပင်ပန်းနွမ်းနယ်မှုမရှိခြင်းဖြစ်သည်။ လှေကို လိုရာပိုက်ချက်သို့ အလိုက်သင့်လှော်သွားလိုက်သည်။

“မင်းအိပ်ချင်ရင် တစ်ရေးလောက် မှေးလိုက်ပါလား”

စောစောက အိပ်ထားခဲ့သော လိပ်ပုသည် ဩဘာကို လှမ်းပြောလိုက်၏။ တစ်ညတာလုံး အလုပ်လုပ်ကြရမည်ဖြစ်သောကြောင့် အချင်းချင်း ရိုင်းပင်းလိုက်ခြင်းဖြစ်သည်။ ဂွေးပင်ဆိပ်ချောင်း အထက်နားရောက်သည်အထိ ဩဘာက ဘာမျှပြန်မပြောချေ။ ဩဘာမအိပ်ချင်ပါ။ အိပ်လိုစိတ်လည်း မရှိပါ။ ဆန္ဒစောနေသဖြင့် လှေကို လိပ်ပုလှော်နေသည်ပင် အားမရနိုင်ချေ။ မိမိကိုယ်တိုင် ထပြီး လှော်လိုက်ချင်တော့သည်။

ဂွေးပင်ဆိပ်ချောင်း ပိုက်ချက်တွင် ပိုက်ဆွဲရန် ကြိုတင်သတ်မှတ်ထားသည်။ ဩဘာသည် ထိုပိုက်ချက်အား လွှတ်ထားသည်မှာ ကြာပြီ။ ဂွေးပင်ဆိပ်ချောင်းကဲ့သို့ နေရာကောင်းပိုက်ချက်များအား ပိုက်ဗဝန်းသမားကြီးများက လေလံဆွဲထားသဖြင့် ဆင်းရဲသားတံငါများ အနားသို့ပင် မကပ်နိုင်ခဲ့ကြချေ။

သဘာဝ ရေမြေချောင်းမြောင်းအများစုမှာ တစ်ဝမ်းတစ်ခါးလုပ်ကိုင်စားသောက်နေရသော ဩဘာတို့အတွက် တစ်နေ့တခြား ဝမ်းရေးစားကျက် ကျဉ်းမြောင်းလာသည်။ ပိုက်ဗဝန်းသမားများ ပိုက်သိမ်းသွားလေမှ ဩသတို့မှာ ဝင်ရောက်ပိုက်ဆွဲကြရသည်။

ကမ်းခြေလတာပြင်သို့ ရေပြင်းတက်လာသဖြင့် လမုငုတ်များ ရေမြုပ်သွားကြ၏။ ရေမြှုပ်များ ရေပြင်ထက်၌ ဗလုံစီလျက် အစုလိုက်မျောလာရာ ငါးဖျံများ၊ နုန်းကဏန်းများက ရေငုပ်ပြေးကြ၊ ထွက်ပေါက်ပိတ်ကြနှင့် ဗျာများနေကြသည်။

ငါးနုပ် ငါးဖွဲ လေးများလို စောင့်ဖမ်းစားသောက်နေသော ငဟစ်ငှက်ကြီးတစ်ကောင်မှာ မှောင်ရိပ်တွင် လှေကိုမြင်သည်နှင့် နီးရာသစ်ပင်ထပ်သို့ အသံပေးပျံတက်သွားတော့သည်။

ဩဘာ စိတ်စောနေ၍သာ ဖြစ်၏။ ရေဝက်တန်းလောက်ထွက်ခဲ့သော်မှ အချိန်များစွာရသေးသည်။ ဂွေးပင်ဆိပ်ချောင်း ပိုက်ချက်တွင် ပိုက်ဆွဲရန်အတွက်ဘာတစ်ခုမျှ ကြိုတင်မလေ့လာရသေးချေ။

လိပ်ပုသဘောမှာ အရိပ်အခြည်ကို စောင့်ကြည့် အကဲခတ်လိုသေးသည်။

ညရေမှာ စနည်းနာထားပြီး ကမ်းစောင့်ချထားခြင်းမရှိသည်မှာ သေချာပြီဆိုမှ မနက်ရေတက်တွင် ပိုက်ဆွဲစေချင်သည်။

ဩဘာကို ပြောဆိုဖို့ကလည်း ခက်လှ၏။ ဩဘာမှာ သားနှင့် မယားနှင့်။ လုပ်လူမှာ ဩဘာတစ်ယောက်တည်း။ စားမည့်ပါးစပ်ပေါက်မှာ လေးငါးပေါက်ရှိသည်။ တာဝန်တစ်အုံတစ်မနှင့်ဖြစ်၍ ဩဘာခမျာ အရာရာကို လောဘစိတ်နှင့် လုပ်နေရရှာသည်။ သူတစ်ယောက် မလုပ်ကျွေးနိုင်လျှင် နောက်က တသီကြီး ဒုက္ခရောက်ဖို့သာရှိသည်။

လိပ်ပုမှာမူ အပူအပင် ရှိသူမဟုတ်။ တစ်ကိုယ်ရေ တစ်ကာယသမား။ ငိုစားရယ်စားမည့်သူ မရှိသည့် တစ်ကောင်ကြွက်။

လိပ်ပုသည် လှေကိုလှော်ရင်း ဩဘာအကြောင်းတွေးလာခဲ့၏။ ကောင်းကင်၌ နှင်းမှုန်များအုံ့ဆိုင်းနေသော်လည်း ကြယ်အချို့ကို မှုန်ဝါးဝါး မြင်တွေ့ နေရသေး၏။

ရေပြည့်ချိန်နီးလာသဖြင့် ရေရှိန်မပြင်းတော့ချေ။ ရေရှိန်သတ်ပြီးနောက် ညရေတက် ရေပြန်အကျမှာ ပိုက်ဆွဲရမည်ဖြစ်၍ အချိန်အနည်းငယ် စောနေသေးသည်။ အိပ်တတ်လျှင် တစ်ရေးတစ်မော မှေးနိုင်သေးသည်။

သို့သော် ဩဘာမှာ လှေဦးတွင် ဆေးလိပ်မီးတရဲရဲနှင့် လိုက်ပါလာသည်။ အိပ်ချင်စိတ်လုံးဝမရှိ။ လှေလှော်နေသော လိပ်ပုကို တစ်ချက်ငဲ့ကြည့်လိုက်မိသည်။ ဆောင်းတွင်းကာလ နတ်တော် ပြာသို တပို့တွဲလပုစွန်ရေမှာ ပိုက်ဆွဲ၍ရသမျှ လိပ်ပုအဖို့ သပိတ်ဝင် အိတ်ဝင်ဖြစ်သည်။

“အင်း. . . ငါ့မှာက တစ်မြုံတစ်မကြီး။ သူ့လိုတော့ ဘယ်မှာ စမတ်ကျနိုင်ပါ့မလဲ။ ဒါပေမဲ့ သင်းလည်း သင်းအပူနဲ့ သင်းပါ၊ မသိတာမှတ်လို့။ ငယ်ပေါင်းတွေပဲ။ သင်းလည်း ဘာသားနဲ့ ထုထားတာမှတ်လို့။ အလွန်ဆုံးနေလှ ဒီတစ်နွေပေါ့။ သဲ့သဲ့ကြားတယ်။ တောင်ပိုင်းက ဝိုင်းစိန်နဲ့ ဘာလိုလို သဲ့သဲ့ကြားတယ်။ ရွာတပေါင်းပွဲ မရောက်ခင် သင်းမှာ အစီအစဉ်ရှိရဲ့။ ဥဒဟိုသွားနေတဲ့ကောင်က အခု ပုစွန်မ,ရေကို အမီလိုက်ခဲ့တာသာကြည့်။ သင်းအကြောင်းတော့ အပ်ကျမပ်ကျ သိပြီးသား။ ခါတိုင်းဆိုလျှင် သည်အချိန်မှာ သင်းကို ဖမ်းရအခက်သားလား။ အိမ်ကမိန်းမကလည်း ပြောဖူးတယ်။ လိပ်ပု မခေတော့ဘူးတဲ့။ ကောင်းပါတယ်လေ။ သည်ကောင် သည်အတိုင်း နေသွားလို့လည်း မဖြစ်သေးဘူး။ လုပ်ရသမျှ စားစားသောက်သောက်နဲ့ဆို မဖြစ်ဘူး။ ဖအေမရှိ၊ မအေမရှိ၊ ဆွေမရှိ၊ မျိုးမရှိနဲ့။ သားမယားနဲ့မှ အထိန်းအကွပ် ဖြစ်လာမှာ။ နောင်ရေးက ရှိသေးတယ်မဟုတ်လား”

xxx xxx xxx

‘ဆွဲပိုက်’ ကို လှေပေါ်မှ အလိုက်သင့်ဆွဲချလိုက်သည်။ နှစ်ယောက်သား ရေပြင်သို့ ဆင်းကြသည်။ ဆောင်းညရေမှာ ခိုက်ခိုက်တုန်အောင် ချမ်းလွန်းလှ၏။ ရေနှင့် ထိတွေ့စတွင် အေးစိမ့်နေ၏။ ရေထဲတွင်နစ်နေသော ခါးဆစ်အောက်ခန္ဓာကိုယ်မှာမူ နွေးနေ၏။ အပေါ်ပိုင်းမှာကား အေးလိုက်သည့်ဖြစ်ခြင်း။

“လိပ်ပု တစ်လားလောက် ဆွဲလိုက်ကြရအောင်”

လက်နားနှစ်ဖက်ပါသော ဆွဲပိုက်တစ်ထည်ကို လက်ကိုင် တစ်ဖက်တစ်ချက်ဆီမှကိုင်လျက် တဖြည်းဖြည်းချင်း ဆွဲလာကြသည်။ ရေဆန်ကိုလှန်၍ ဆွဲရသဖြင့် အားစိုက်ရ၏။

အလျား ဆယ်တောင်၊ အနံ ငါးထောင်ရှိသော ပိုက်နှင့် ကမ်းရိုးတစ်လျှောက် ပြိုင်တူဆွဲရသဖြင့် နှစ်ယောက်သား စကားပင်မပြောနိုင်တော့ချေ။

ခဲတစ်ပစ်သာသာအကွာအဝေးထိ ပိုက်ဆွဲအပြီး၌ ပိုက်ထဲတွင် ပုစွန်ထုပ်များ တဆတ်ဆတ်ခုန်ပေါက်သံကို ကြားနေရမှ အချမ်းပြေ အမောပြေ ဖြစ်သွားကြသည်။

ပိုက်ချေးအိတ်တွင် ပုစွန်များများရလေမှ ပိုက်ဖော်ကြမည်ဖြစ်သည်။ ပုစွန်တွေ့သော ပိုက်ချက်ဖြစ်၍ ရေမှတ်တိုင်ချောင်းအထိ ဆက်ဆွဲခဲ့ကြသည်။

ညအမှောင်ရိပ်မှာ သိပ်သည်းစပြုလာ၏။ ခုနစ်စဉ်ကြယ်ပင် ထွက်ပေါ်စပြုပြီ။

ကွမ်းတစ်ညက်ခန့်အကြာတွင် ပိုက်ဖော်လိုက်ကြသည်။

လိပ်ပုနှင့် ဩဘာ ဝမ်းသာသွားကြသည်။ ဆွဲပိုက်တစ်လားတည်းနှင့် ပုစွန်မများ၊ လက်မကားပုစွန်တုပ်ကြီးများ သုံးပိဿာခန့် ရလိုက်ကြသည်။

ပုစွန်များကို လှေကပ်ထဲသို့ ခပ်ထည့်လိုက်ကြ သည်။ တွက်ခြေကိုက်ပြီဖြစ်ကြောင်း ဩဘာက မျက်ရိပ်ပြလိုက်သည်။ လိပ်ပုကလည်း ငါးခူပြုံးလေးပြုံးပြလိုက်သည်။

ညဉ့်နက်လေ အအေးက ပိုလာလေဖြစ်၏။ သည်လို ပုစွန်ရပုံမျိုးနှင့်ဆိုပါက အအေးဒဏ်ကို တင်းခံနိုင်ကြပြီ။ ဩဘာသည် အချမ်းပြေ ဆေးပေါ့လိပ်ပင် မဖွာဘဲနေလိုက်သည်။ မနက်ရေပြန်မတက်မီအထိ တစ်ညလုံး ပိုက်ဆက်ဆွဲရန် ဆုံးဖြတ်လိုက်ကြသည်။

xxx xxx xxx

မတတ်သာလွန်း၍သာ ချောင်းထဲသို့ ဆင်းလာခဲ့ရသည်။ စိတ်က နောက်ဆံတတင်းတင်းဖြစ်၏။

ကျွန်တော် ဓားပြချောင်းဝသို့ရောက်စဉ် မှောင်စပျိုးရုံပင်ရှိသေး၏။ သို့နှင့် လုပ်စရာရှိသည်များကို အေးအေးဆေးဆေးပင် လုပ်နေလိုက်သည်။ တော်တန်ရုံကိစ္စနှင့်ဆိုက ချောင်းထဲဆင်းလာဖြစ်မည် မဟုတ်ပါ။ ဒေါ်လေးတင်အိနှင့် အမေက ပြန်မှာလိုက်သည့်အတွက် မဖြစ်မနေ ချောင်းသို့ ဆင်းလာရခြင်းဖြစ်သည်။

“နင့်အဖေရောဂါက အစာအိမ်ဆိုပဲ။ အဲ့ဒါ ဆေးရုံတင်ထားရတယ်။ ငါသတင်းသွားမေးလို့ နင့်အမေက မှာလိုက်တယ်။ သိပ်ပြီး စိုးရိမ်စရာတော့မရှိပါဘူးတဲ့။ ဆရာဝန်ကို ကန်တော့ဖို့ မကြည် တဲက ဘဲဥငါးဆယ်နဲ့ ပုစွန်တုပ် တစ်ပိဿာလောက် ပို့ပေးပါတဲ့”

ကျွန်တော်သည် ညနေကတည်းက သမန်း၊ လမု၊ သမှဲ့ကိုင်းဖျားများကို အတိုအရှည်ညီညီ အနေတော်ခုတ်ယူခဲ့သည်။

ဓားပြချောင်းဝ လတာပြင်၌ သစ်ကိုင်းများဖြင့် ချုံချအုံဖွဲ့ရသည်။ ပုစွန်တုပ်များ အကပ်အနေကောင်းရန် သပ်သပ်ရပ်ရပ် လုပ်ရသည်။ အဖေ့အတွက် ပုစွန်ပို့ပေးနိုင်ရန် လောလောဆယ် သည်နည်းမှတစ်ပါး အခြားမရှိပြီ။ ချုံဝိုင်းပြီးသွားသည်နှင့် အဆင်သင့်လုပ်ခဲ့သော ဖွဲနုထမင်းဆုပ်များကို ချုံအတွင်းနေရာအနှံ့ ဖြန့်ချထားပေးရသည်။ ပုစွန်ဝင်လမ်းကိုလည်း ရေကြောနှင့်အနေတော် ဖန်တီးပေးထားရသည်။

ကျွန်တော့်အဖို့ရာ လွန်စွာချမ်းခိုက်လှ၏။ ဝေဒနာခံစားနေရရှာသော အဖေ့မျက်နှာကို မြင်ယောင်မိပြန်တော့လည်း ချမ်းအေးမှုကို ဂရုမပြုနိုင်တော့ပါ။

သည်ညမှ နှင်းပိုကျလေသလားဟုပင် အောက်မေ့ရသည်။ လမိုက်ညဖြစ်သောကြောင့်လည်း မှောင်စပျိုးသည်နှင့် ပတ်ဝန်းကျင်ကို သဲသဲကွဲကွဲ မမြင်ရချေ။

ကိစ္စဝိစ္စပြီးစီး၍ ကမ်းစပ်လမုပင်ခြေရင်းတွင် ထိုင်ကာ ပုစွန်ခပ်ရန် အချိန်စောင့်ရင်း ခေတ္တနားနေလိုက်၏။

ကံကောင်းထောက်မပြီး ပုစွန်များများရပါစေဟု ဆုတောင်းနေမိ၏။ ပုစွန်ရလျှင် မနက်ဖြန် ဒေါ်လေးတင်အိ ဈေးအတက်နှင့် ဆေးရုံသို့ လူကြုံပါးလိုက်ရမည် ဖြစ်သည်။

ချုံတွင် ပုစွန်ကပ်ချိန်မှာ ရေပြည့်ချိန်ဖြစ်၍ ပုစွန်ခပ်ဖို့ စိတ်ရှည်ရှည် စောင့်ရခြင်းဖြစ်သည်။ ရေအီရေငြိမ်ပြီဆိုမှ ဖွဲနုစာများ စားရန် ပုစွန်များ ကပ်လေ့ရှိသည်။

မကြာခင် ပုစွန်ခပ်ဖို့ နီးကပ်လာပြီဖြစ်၏။ ဒိုင်းဝန်းကိုအသင့်ကိုင်ရင်း ကမ်းစပ်သို့ ဆင်းမည်အပြုတွင် ရေမှတ်တိုင်ချောင်းမှ ရေသံကြားလိုက်ရ၏။

ကျွန်တော်သည် အသံကို ဂရုတစိုက်နားစွင့်လိုက်မိ၏။ ခပ်လှမ်းလှမ်းမှ ပိုက်ဆွဲလာသော လှေတစ်စင်းကို အမှောင်ရိပ်တွင် တွေ့လိုက်ရသည်။ စကားသံသဲ့သဲ့ကို မသဲမကွဲကြားနေရ၏။

အနီးကပ်ရောက်လာမှ ဆွဲပိုက်လှေတစ်စင်းမှန်း သိလိုက်ရ၏။ လူနှစ်ယောက် ပိုက်ဆွဲလာကြသည်ကို စောင့်ကြည့်နေလိုက်မိ၏။

ကျွန်တော်ဖန်တီးထားသော ချုံထဲတွင် ပုစွန်များ တဖြောက်ဖြောက်နှင့် ခုန်ပေါက်သံကို အတိုင်းသားကြားနေရသည်။ ကျွန်တော်ရှိရာ လမုပင်နားသို့ပင် ရောက်လာကြသည်

“ဟေ့ကောင် လိပ်ပု၊ ရှေ့မှာ ချုံချထားတာတွေ့လား”

လူတစ်ယောက်၏ စကားသံကို မကြားတစ်ချက် ကြားတစ်ချက် ကြားနေရသည်။

“အေးကွ၊ ဒီအချိန်ဆိုရင်တော့ တို့ပိုက်နဲ့ ဝိုင်းလိုက်ရရင် တစ်ခါတည်းနဲ့ အကွက်ဆိုက်ရောပဲ”

လူနှစ်ယောက် အပြန်အလှန်စကားပြောသံကို ကြားရသည်မှာ တွေးရခက်စရာကောင်းလှသည်။ ဒေါသထွက်စရာလည်း ကောင်း၏။

ခက်နေပြီ။ သည်လူတွေ ရိုးရိုးသားသားရှိပုံမရချေ။ ကျွန်တော့်လက်ထဲမှ ဓနိခုတ်ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိလိုက်၏။ အခြေအနေကို အချိန်မီတားဆီးမှ ဖြစ်တော့မည်။ တားမရလျှင်ကား ရင်ဆိုင်ရတော့မည် ဖြစ်သည်။

ကျွန်တော်သည် သတိနှင့် အသင့်ပြင်ဆင်ပြီးဖြစ်၏။

ကျွန်တော် အပင်ပန်းခံလုပ်ထားသောချုံမှ ပုစွန်များကို မတရားသဖြင့် သူတို့ဆွဲပိုက်နှင့် ဝိုင်းကြတော့မည်ဖြစ်၍ မခံချင်စိတ်က နိုးထလာသည်။ ကျွန်တော်သည် တစ်စုံတစ်ရာ တုံ့ပြန်ရန် အရိပ်အကဲကို စိတ်မာန်တင်းလျက် စောင့်ကြည့်နေလိုက်သည်။

“အဟမ်း. . . အဟမ်း. . . “

ရုတ်တရတ်မှာပင် ချောင်းဟန့်သံပေးလျက် ဓားပြချောင်းဝမှ လှေတစ်စင်း လှော်ထွက်လာသည်။ လှေပေါ်တွင် လူတစ်စုကို တွေ့လိုက်ရ၏။ ထိုလှေသည် ဆွဲပိုက်လှေရှိရာသို့ ခပ်သွက်သွက် လှော်လာနေသည်ကို တွေ့လိုက်ရ၏။ ကျွန်တော်သည် သစ်ပင်ရိပ် မှပင် ငြိမ်လျက်စောင့်ကြည့်အကဲခတ်နေမိ၏။

“ကဲ. . . ငါ့ညီတို့နှစ်ယောက်၊ စိတ်တော့မရှိကြနဲ့ကွာ။ မင်းတို့လှေထဲက ပုစွန်တုပ်တွေကို တို့များအတွက် ကူညီလိုက်ပါ”

ပြောပြောဆိုဆို လှေပေါ်မှ လူတစ်ယောက်က လှေချင်းယှဉ်ကပ်၍ ပုစွန်တုပ်များကို ကောက်ယူတော့သည်။ ပြီးနောက် လှေကို အလျင်စလို လှော်ထွက်သွားကြရာ မှောင်ရိပ်မှာပင် ပျောက်ကွယ်သွားကြသည်။

ပိုက်ဆွဲသမားနှစ်ယောက် အံ့အားသင့်လျက် ကျန်ရစ်ခဲ့ကြသည်။ မတတ်သာသည့်အဆုံး နှစ်ယောက် စလုံးမှာ လှေပေါ်တွင် စိတ်ပျက်စွာကျန်ရစ်ခဲ့ကြသည်။ နားမလည် နိုင်အောင်လည်း ဖြစ်သွားကြသည်။

“ဘယ်လိုဖြစ်ကြတာလဲ ကိုယ့်လူတို့”

ကျွန်တော်အသံပေးလိုက်သဖြင့် နှစ်ယောက်သား ကျွန်တော့်ကို ပြိုင်တူလှည့်ကြည့်လိုက်ကြသည်။ ငူငိုင်စွာမှင်တက်လျက်နှင့် စကားတစ်ခွန်းမျှ ပြန်မပြောနိုင်ဘဲဖြစ်နေကြသည်။ သည်တော့မှ ကျွန်တော်ကပင် စကားစတင်ပြောလိုက်သည်။

“အင်း. . . အဖြစ်အပျက်ကို မြင်ရတော့လည်း စိတ်မကောင်းစရာပဲ။ ကျုပ်လည်း ဘာမှ မတတ်သာဘူး။ သူတို့က လူများတယ်။ လှေထဲမှာ ဘာပါမှန်းလည်း မသိဘူး။ ကောင်းရာကောင်းကြောင်း လုပ်စားတဲ့သူတွေတော့ မဖြစ်တန်ဘူး။ ခင်ဗျားတို့ကို ကျုပ် ကူညီချင်ပေမယ့် မကူညီနိုင်ဘူးလေ။

နောက်ပြီး ကိုယ့်လူတို့ကလည်း လောဘကြီးကြသကိုး။ ဒီလောက် ပုစွန်တွေရထားပြီး ကျုပ်ချထားတဲ့ချုံကလေးကိုမှ ဝင်မွှေချင်ကြသေးတာကိုး။ မရှိလို့ အကုသိုလ်အလုပ် လုပ်ရတယ်၊ အကုသိုလ်ထပ်တက်အောင် မလုပ်သင့်ကြဘူးပေါ့ဗျာ။ ကျုပ်မှာက မနက်ကျရင် ဆေးရုံတင်ထားတဲ့ အဖေ့ဆီကို ပို့ပေးဖို့ အသည်းအသန် လာလုပ်ရတာဗျ။ ကိုယ့်လူတို့လို ဆွဲပိုက်တောင်မှမရှိလို့ ချုံချရတာသာ ကြည့်တော့”

ဆွဲပိုက်သမားနှစ်ယောက် ကျွန်တော့်အနီးမှ ခပ်သုတ်သုတ် လှော်ထွက်သွားကြသည်။ သူတို့နှစ်ယောက် မည်သို့ခံစားသွားကြသည်ကို မသိ။ သူတို့၏ မတော်လောဘအတွက် နောင်တကောင်းစွာ ရသွားမည်မှာ မုချပင်ဖြစ်သည်။ သူတို့လှေကလေးမှာ ဆောင်းနှင်းမှုန်အ မှောင်ရိပ်ဝိုးတဝါးကြားမှာပင် တဖြည်းဖြည်း ဝေး၍ ဝေး၍ ပျောက်ကွယ်သွားတော့၏။

ကျွန်တော်သည် ခါးတွင်ချိတ်ဆွဲထားသော အသေးစား “ဒိုင်းဝန်း” ကလေးကိုဖြုတ်ကာ ချုံထဲမှပုစွန်တုပ်များကို တဖွားဖွား ခပ်ယူလျက်နှင့်သာ. . . .။

– ပြီး –

စာရေးသူ – သန်းမြင့်သန်း(ကွမ်းခြံကုန်း)

Leave a Reply

Your email address will not be published. Required fields are marked *