July 30, 2025
Uncategorized

ချေချေး မုဆိုးလန့်

မင်းရဲကျော်
ချေချေး မုဆိုးလန့်

ကချင်ပြည်နယ် မံစီကျေးရွာ (ယခုမံစီမြို့နယ်)၏ အရှေ့တောင်ဘက်တွင် လယ်ကွက်များရှိ၏။ ထိုလယ်ကွက်များသည် မုရင်းစပါးလယ်များသာဖြစ်၏။ မံစီကျေးရွာကြီးမှာ ဗန်းမော်နှင့် နန်းခမ်းသွား ကားလမ်းကြီးပေါ်၌ တည်ရှိသည်။

“ဆရာကျော်”

“အေး”

“ကျွန်တော်တို့ နမ့်မော်လွင်ချောင်းဘေးမှာ ဟင်းလျာ
ရှာရအောင်”

“ဟုတ်တယ် ဆရာကျော်၊ မိုးကျော် ပြောသလို ဟင်းငတ်နေတယ်”

“ဒါဆိုလည်း ငါ ဆရာကြီး ပြောမယ်လေ”

သို့နှင့် ကျွန်တော်သည် ဆရာကြီးမောင်မောင်နှင့် ဗိုလ်ကြီးခင်မောင်ယဉ်တို့ကို တင်ပြရင်း မနက်စောစော တောစပ်တွင် ချေချောင်းရန် ခွင့်ပြုချက်ရသည်နှင့် မနက်လေးနာရီတွင် စခန်းမှ ထွက်ခဲ့ပါသည်။

ခါတိုင်းလိုပင် တင်မြတ်က ရှေ့ဆုံး၊ ကျွန်တော်ကအလယ်၊ မိုးကျော်အောင်မှာ နောက်ဆုံး ဖြစ်ပါသည်။

ရွာမှထွက်သည်နှင့် ဝင်းမှည့်နေသော မုရင်းစပါးလယ်ကွက်အလယ်ရှိ ကန်သင်းရိုးဖြတ်ကာ တောစပ်သို့ စတင်တိုးခဲ့ပါ၏။

ဆောင်းသမယ၏ နှင်းအလှတွေက အေးမြလွန်းပါဘိ။ ထိုဆီးနှင်းလေးတွေကြည့်ပြီး အမျိုးမျိုး စိတ်ကူးကဗျာတွေ သီခဲ့ဖူးသည်မှာ ဤကချင်ပြည်နယ်ရောက်ခါမှ ဝါသနာပါခဲ့သည်။ ငယ်ငယ်က ပန်းချီရေးဆွဲမှု၊ ယခုတော့ ကဗျာအတွေးနဲ့ ဝတ္ထုတိုလေး တွေရေး၏။ ကဗျာဖွဲ့လို့ ပျော်ခဲ့၏။

အနုပညာ ရင်မှာရှိထား၍လားမသိ၊ ပိုမိုခံစားတတ်သော အတွေးတွေနှင့် ကဗျာကလေးတွေ သီဖွဲ့စုဆောင်းရင်း ဝတ္ထုတိုလေးတွေလည်း ရေးသားခဲ့ပါ၏။

ယခုလည်း နှင်းတောနှင့် ရွှေဝါရောင်လယ်ကွင်းဖြတ်အတိုး စိမ်းမြမြမောင်းနေသည့် တောင်တန်းကြီး ကား မမြင်တစ်ဝက် မြင်တစ်ဝက်။ နှင်းခိုးနှင့် မြူခိုးတွေက ကွယ်ဝှက်ထားသလိုလို။

“ဆရာကျော်”

“ဟင်… အေး”

“အပေါ်တက်ပြီးမှ တောတန်းပတ်ကြမယ်လေ”

“အပေါ် သိပ်မတက်နဲ့။ လယ်အစပ်မှာ ချေ၊ ဒရယ် ဆင်းတယ်။ တောဝက်လည်း သတိထား”

“တောဝက်တော့ သိပ်မပစ်ချင်ဘူး”

“ဟုတ်တယ် ဆရာကျော်ရေ။ တင်မြတ် ရုပ်တောင် ကြက် ဝက်ရုပ်ပေါက်နေပြီ။ ဟား… ဟား… ဟား”

“ခွေးကောင်”

ကျွန်တော်တို့ ဟင်းငတ်သည်ဆိုရာဝယ် ချေ၊ ဒရယ်၊ ဆတ်သား ငတ်၏။ တောဝက်သား မငတ်။

တစ်ဖန် အိမ်ဝက်တွေမှာလည်း ထို ၁၉၆၃ ခုနှစ်ခန့်တွင် ကချင်ဝက်တွေသာ ရှိ၏။ ထို ကချင်ဝက်သည် တောဝက်နှင့် လုံးဝမခြား။ အဆီများ မရှိ၊ အသားတွေသာ ရှိ၏။

သို့သော် ကချင်ဝက်သည် ရေမြေတောတောင် သဘာဝလိုက်၍ မသိလျှင် တောဝက်ပင် ဖြစ်ပါ၏။

ထို ကချင်ဝက်အပြင် မံစီဈေး၌ တောဝက်သား မကြာမကြာ ရောင်းချသည့်အတွက် စားရပါ၏။

ချေ၊ ဒရယ်၊ ဆတ်ကတော့ တစ်ခါတစ်ခါမှ ရောင်းသူရှိသော်လည်း ဝယ်သူများ၍ ပေါများသည် သိပ်မရှိပါ။ သို့အတွက်ကြောင့် တောစပ်တွင် ချေ၊ ဒရယ်နှင့် ရနိုင်ရင်တော့ ဆတ်ပါပစ်ရန် ထွက်ခဲ့ခြင်းပင်။

“ဆရာကြီး ကျော်မင်း”

“ဟုတ်ကဲ့ ဗိုလ်ကြီး”

“တောနက်ထဲလည်း မဝင်နဲ့။ ဘာအန္တရာယ်မှလည်း မဖြစ်စေနဲ့ဗျာ။ ဒီပတ်ဝန်းကျင်က စိတ်ချရလို့သာ ခွင့်ပြုတာ”

“ဟုတ်ကဲ့ပါ။ ကျွန်တော်တို့သုံးယောက် မုဆိုးအဖြစ်နဲ့ အန္တရာယ်ကို ကောင်းကောင်းရှောင်ရှားမှာပါ”

“ကျော်မင်း”

“ဟုတ်ကဲ့ ဆရာကြီး’”

“ဆတ်သားစားချင်တယ်”

“အဟီး”

“ဘာလဲ တင်မြတ်”

“အဟီး… ဆရာကြီးနဲ့ ကျွန်တော် အကြိုက်တူနေလို့”

ကျွန်တော် တောတိုးရင်း မနေ့ညပိုင်းက ဆရာကြီးမောင်မောင်၊ ဗိုလ်ကြီးခင်မောင်ယဉ်တို့နှင့် စကားပြောစဉ်က တင်မြတ် ရယ်ခဲ့သည်ကို ပြန်သတိရမိသည်။

တင်မြတ် “အဟီး”ဆိုသော ရယ်ပုံမှာ တစ်ခါက အဖြစ်အပျက်ကလေး ရှိခဲ့ပါသည်။ ထိုအဖြစ်အပျက်သည် တင်မြတ် ဖန်တီးသော အဖြစ်အပျက်တော့ မဟုတ်ပါ။ သို့သော်လည်း တင်မြတ်အား ရွာသားတွေက ဝိုင်း၍ ရယ်မောနောက်ပြောင်ကြသည့် အဖြစ်ကလေးတစ်ခု။

တင်မြတ်အား ရွာသားအောင်အေး၏ ‘အဟီး’ ကို ပြန်သတိရမိ၏။

xxx xxx xxx

တင်မြတ် တာဝန်ကျသည့် သိန်းလုံရွာသည် လယ်နှင့် မြေပဲ အဓိကလုပ်ကိုင်ကြသည့် ရှမ်းတောင်သူ ရှမ်း-ဗမာတွေ၏ အိမ်ခြေ ရှစ်ဆယ်ခန့်ရှိသော ကျေးရွာကြီးတစ်ရွာ။

ထို သိန်းလုံရွာမှာ ရန်ဟူ၍ သူခိုးသူဝှက်ပင် မရှိ။ အလွန်အေးဆေးသော မိရိုးဖလာ တောင်ယာလယ်လုပ် ဓားမခုတ်ဖြင့် ရှင်သန်နေသည့် ရိုးသားသော ကျေးရွာသားတွေ နေထိုင်ကြလေသည်။

ထိုရွာမှာ သူခိုးသူဝှက် အန္တရာယ်ပေးမည့်သူ မရှိသော်လည်း သူတို့ရွာအား ခြိမ်းခြောက်နေသည့် ကျားဆိုးကြီးတစ်ကောင်၏ အန္တရာယ်ကား မသေးပါ။

လူတွေအားလုံး အခြောက်အလှန့် ခံရသည့်အပြင် ကျွဲငယ်သုံးကောင်၊ နွားလေးကောင်၊ အိမ်မွေးခွေး၊ ဝက်တွေလည်း မကြာခဏ အစားခံနေရ၏။

ထိုကျားဆိုးကြီးသည်ကား အခင်းတဲတွေတော့ မဝင်။ ရွာပတ်ဝန်းကျင် တောစပ်နားမှာတော့ ဟိန်းဟောက်၍ ခြောက်လှန့် အယောင်ပြကာ ပြေးလွှားပုံ၊ ဝက်နောက်၊ နွားငယ်နောက် ပြေးလိုက်သည်များ၊ လိုက်ဆွဲသွားသည်များ မကြာခဏ ကြုံရသည်ကို တင်မြတ်တို့ ရောက်သွားမှ ရွာသားတွေ ပြောပြသည်တွင်…

“ဒါဆို တော်တော်သောင်းကျန်းနေတာပေါ့”

“ဟုတ်ပါ့၊ ကြောက်နေရတာပအေး”

“ကောင်းပြီ … အဲဒီ ကျားကြီး ဘယ်အချိန် လာတတ်လဲ။ နောက်ပြီးတော့ သူ အများဆုံးဆင်းတဲ့ နေရာ။ ဆင်းတဲ့နေရာဆိုတာ တောင်ပေါ်ကဆင်းတဲ့နေရာ၊ အကောင်နောက်လိုက်တာတွေမြင်ရင် ပြောပါလား”

“ရော် … အရှေ့ကြောက ဆင်းတာပ။ တက်လည်း အဲဒီဘက် အများဆုံး ပြန်တက်သွားတာပ”

“အချိန်ကရော”

“အချိန်၊ ရော် … ဟုတ်တာပ။ ညနေ မိုးချုပ်ရင် ရောက်လာတာပ။ မနက်ဆိုလည်း အစောကြီး ရောက်တတ်တာပအေး”

“ကောင်းပြီ … ကျွန်တော် စီစဉ်မယ်။ ဒါပေမယ့် ရွာသားတစ်ယောက်တော့ လိုတယ်”

“ရော် … ဆရာနဲ့ဆို ကျွန်တော် လိုက်မှာပ။ ကျွန်တော့် ကျွဲမတမ်းမ ကျားလိုက်ခံရတာပ”

“ကျွဲ ပြန်ရလား”

“ရတော့ ရတာပ၊ တစ်ဝက်နည်းကျန်နေတာ။ အသား ကောင်းသမျှ စားထားတာပ”

“ကောင်းပြီ၊ ကျွန်တော်နဲ့ ညနေသုံးနာရီလောက် တောစပ်မှာ အခြေအနေကြည့်မယ်။ ခင်ဗျားလာခဲ့”

“ဟုတ် … ဟုတ်”

သို့နှင့် တင်မြတ်သည် ရွာသား ကျောက်ရွဲ့ ဆိုသူအား မှာထားလိုက်၏။ ကျားပစ်ရန်အတွက် သတိတော့ထားရမည်။ သို့သော် ထိုကျားကြီးသည်ကား အတင့်ရဲနေ၏။ ရွာသားတွေက အလွန် ကြောက်ရွံ့ပြီး ကျားအား မည်သို့မျှ ပြန်လည်မခုခံသောအခါ ကျားသည် လူကိုပင် အလေးမထားတော့ကြောင်း ရွာသားတွေထံမှ သိထားရလေသည်။

တချို့ရွာသားများသည် ကျွဲတဲတွေနား ညဉ့်ဘက်လူစု၍ နှစ်ယောက်တစ်ဖွဲ့၊ သုံးယောက်တစ်ဖွဲ့ စောင့်ကြ၏။ တကယ်တမ်း ကျားဟိန်းသံ ကြားပါက စောင့်ရာမှ အိမ်သို့ပြေးကြ၏။

တစ်ဖန် ကျွဲနွားဝင်ဆွဲပါက အိမ်ပေါ်မှ ဟစ်အော်ခြောက်လှန့်သည်သာ။ (တော်တော် သတ္တိကောင်းကြသူတွေပင်)

သုံးနာရီမထိုးမီ အသက်အစိတ်ခန့်ရှိရွာသား ကျောက်ရွဲ့ ဆိုသူ လူလတ်ပိုင်းတစ်ဦးသည် ဓားလွယ်၍ ရောက်လာသည်တွင် တင်မြတ်သည် ထို ကျောက်ရွဲ့နှင့်အတူ ထွက်ခဲ့၏။

“ကိုကျောက်ရွဲ့ … ဘာမှ မကြောက်နဲ့”

“ရော် … ဆရာရှိတာပ၊ မကြောက်ပအေး”

“ကောင်းပြီ၊ ကျွန်တော်တို့မှာ သုံးယောက်ရှိတယ်။ မုဆိုးပေါ့ဗျာ။ ကျွန်တော်တို့ဆရာ ဆရာကြီးကျော်မင်းရယ်၊ ကျွန်တော့်ရဲ့သူငယ်ချင်း မိုးကျော်အောင်ရယ်ဗျ။ သုံးယောက်စလုံး အတွဲညီတယ်”

“ရော် … ဒါဆို ကျား ပစ်ဖူးမှာပနော့”

“ပစ်ဖူးတာပေါ့။ ကျား၊ ကျားသစ်၊ ဝက်ဝံ၊ ချေ၊ ဒရယ်၊ ဆတ်၊ ပြောင် စုံပါတယ်ဗျာ။ တော်တော်များများ ကြုံခဲ့ဖူးပါတယ်”

သို့နှင့် နှစ်ယောက်သား တောစပ်နှင့် ရွာပတ်ဝန်းကျင်အား အခြေအနေ လိုက်ကြည့်၏။ ထိုကျားဆိုးကြီးမှာ ညခုနစ်နာရီကျော်ကျော်ဆိုလျှင် သူတို့ပြောသည့် အရှေ့ဘက်ဆိုသည့် တောင်ဆောင်းမှ ဆင်းသည့် အနေအထား လေ့လာပြီး ပြန်ခဲ့၏။

တင်မြတ် နေရာရွေးပြီးပါပြီ။ သူစိတ်ကြိုက်နေရာကား ရွာလယ်တောင်ကုန်းရှိ လက်ပံပင်ကြီး နှစ်ပင်အောက်ဝယ် ချုံငယ်လည်းရှိ၏။

တစ်ဖန် ရွာသားတွေ၏ ကျွဲတဲနှစ်လုံးနှင့်လည်း ကပ်နေသည့်အတွက် ကျားကြီး ကျိန်းသေလာနိုင်မည်ဟု တွေးကာ နေရာသတ်မှတ်ခဲ့သည်ကို ကိုကျောက်ရွဲ့တော့ မသိပါ။ အသိလည်း မပေး။

“ကိုကျောက်ရွဲ့ရေ၊ ညနေခြောက်နာရီခွဲလောက် အရောက်လာနော်”

“စိတ်ချပအေး၊ လာခဲ့မှာပ”

xxx xxx xxx

တင်မြတ်နှင့် ကိုကျောက်ရွဲ့သည် သတ်မှတ်ထားသည့် လက်ပံပင်အောက်ရှိ ချုံထဲတွင် နေရာယူလိုက်၏။

ထိုသို့ နေရာယူထားရာမှာ ကျွဲတဲနှင့် ဆယ့်ငါးပေမျှသာ ကွာသော်လည်း ကျွဲတွေလည်း မမြင်ကြ။ ကျွဲတွေမှာ လူနှင့် ယဉ်ပါး၍ လူနံ့ရသော်လည်း အရေးမထား။

ကျွဲကား နှစ်ကောင်တည်း။

တင်မြတ်တို့ စောင့်နေသည်မှာ ခုနစ်နာရီခန့်မှ စတင်စောင့်နေသည်။ ယခု ကိုးနာရီထိုးပါပြီ။

“ကိုးနာရီထိုးပြီ … ကျားလည်း မလာပ”

“ဟုတ်ပနော၊ အိပ်ကြစို့”

“အင်း … ဒီည ခုချိန်ထိ မကြားရ”

တင်မြတ်နှင့် ကိုကျောက်ရွဲ့တို့သည် သူတို့နောက်မှ စကားသံ ကြားရ၏။

ကြည့်လိုက်တော့ ကျွဲနှစ်ကောင်က စားမြုံ့ပြန်လေ၏။ နှစ်ကောင်လုံးက မတ်တတ်ရပ်နေဆဲမို့ ကိုကျောက်ရွဲ့သည် အလွန်တိုးသော စကားကို ဆိုလိုက်သည်။

“ရော် ဆရာပ၊ ကျွဲနှစ်ကောင် စကားပြောတာပအေး”

“ဟုတ်ပါ့မလား”

“ဟုတ်တာပအေး”

“ကဲ … အိပ်မယ်ဆို”

“ဟော … ကြားလား၊ အိပ်မယ်လို့ ပြောနေတယ်”

“ဟုတ်တယ်ဗျ။ ကျွဲနှစ်ကောင် စကားပြောနေပါလား”

“အိပ်တာပနော့”

ထိုအသံအဆုံး၌ ကျွဲနှစ်ကောင်သည် တစ်ကောင်ပြီးတစ်ကောင် လှဲအိပ်လိုက်ကြသည်။

တင်မြတ်နှင့် ကိုကျောက်ရွဲ့တို့ မအံ့သြဘဲ မနေနိုင်တော့။ ကျွဲနှစ်ကောင်သည် အမှန်ပင် မတ်တတ်ရပ်နေရာမှ ခြေလက်တွေခွေကာ တုံးလုံးလှဲနေသော်လည်း ခေါင်းကတော့ ထောင်နေဆဲပင်။

တင်မြတ် ကျောချမ်းလာသည်။ တစ်ခါမှ မကြုံဖူးသေးပါ။ ကျွဲနှစ်ကောင် စကားပြောပုံမှာ နယ်မြေလိုက်ပြီး ရှမ်းသံဝဲဝဲ ဖြစ်နေသည့်အတွက် ခက်တော့ခက်ရလေပြီဟု တွေးနေခိုက်မှာပင် သူတို့ဦးတည် ခန့်မှန်းထားသည့် တောင်စောင်းဘက်မှ တောမုဆိုး ကျားကြီး ဆင်းလာလေပြီ။

“ဝေါင်း … ဝေါင်း … ဝေါင်း”

“ရော် … ဆရာပအေး”

“အသာနေ”

တင်မြတ်သည် တောမုဆိုးကျားကြီးအား အတွဲလိုက် ပစ်ခတ်ရန်နှင့် အနီးကပ်ရရှိစေရန် အသက်ပင် ရဲရဲမရှူရဲ၊ သတိထား စောင့်နေရာသို့ တောမုဆိုးကျားကြီး ဆင်းလာသည်ကို လရောင်ဖြင့် ကောင်းကောင်း မြင်နေရသည်။

သူတို့နှင့် ကျား အလွန်ဆုံး ကွာမှ ပေတစ်ရာမျှ ရှိမည်ပင် မထင်။

လှည်းလမ်းအတိုင်း တောမုဆိုးကြီးသည် သူတို့ထံသို့ တည့်တည့်မတ်မတ် ဆင်းလာသည့်အတွက် အသေအချာ ချိန်ရွယ်ထားခိုက် …

“ဟာ့ … ဘာတွေလဲ”

“ရော် … ဟုတ်တာပအေး၊ သေးစော်နံတာပ”

“ရှူး …”

တင်မြတ်နှင့် ကိုကျောက်ရွဲ့တို့မှာ စကားမပြောရဲတော့။

တောမုဆိုးကျားကြီးမှာ ကျွဲနံ့ရ၍လား သို့မဟုတ် လူနံ့ကြောင့်လားမသိ။ အပြေးကလေး ဆင်းအလာ သူတို့အပေါ်သို့ မိုးရေတွေလား၊ သေးတွေလားမသိ ကျလာသည်ကို ဂရုမစိုက်တော့ဘဲ …

“ဒိုင်း … ဒိုင်း … ဒိုင်း”

“ဝေါင်း… ဝုန်း.. ဝေါင်း”

“အောင်မယ်လေးဗျ”

“ရော် … သေပါပြီ”

“ဟာ… ဘာ … ဘာတွေလဲ ကိုကျောက်ရွဲ့”

“ရော် လူသံပအေး၊ ဘာသေတာပ”

တင်မြတ်သည် သူတို့အနားရှိ အနောက်ဘက် လက်ပံပင်ကြီးဘေး ကျွဲတဲမှ ကျွဲနှစ်ကောင်၏ အော်ဟစ်သံတွေအား ဂရုမစိုက်နိုင်။

တောမုဆိုးကြီးအား ဂရုစိုက်နေစဉ် တောမုဆိုးကျားကြီးမှာ ပထမတစ်ချက်မှန်၍ ထခုန်၏။ ထိုသို့ခုန်ပျံနေသည်ကို တင်မြတ်က လျှပ်တစ်ပြက် ဒုတိယတစ်ချက် ပစ်ပြီးနောက် ကျားကြီးသည် ဒယီးဒယိုင်ဖြင့် မြေပေါ်ပြန်အကျ တတိယအချက်ကြောင့် လုံးဝ ထမပြေးနိုင်တော့ဘဲ သုံးလေးပတ်ခန့် လိမ့်သွားပြီးနောက် ငြိမ်ကျသွားပါပြီ။

xxx xxx xxx

“ကိုကျောက်ရွဲ့”

“ဟုတ်… ဟုတ်”

“ခင်ဗျားတို့ ရွာသားတွေ တော်တော်ဆိုးတဲ့ လူတွေပဲဗျ”

“ဟုတ်တာပနော့။ ကျွန်တော်က ကျွဲတွေ စကားပြောတာလို့ ထင်တာပအေး”

“အေးလေ၊ ကျားစောင့်လူနှစ်ယောက်ကလည်း တော်တော် သတ္တိကောင်းတယ်ဗျာ”

“အောင်အေးနဲ့ ငပု ပအေး”

“ရော်… တို့ မသိတာပအေး။ ဆရာကြီးတို့ ဒီလက်ပံချုံမှာ ကျားစောင့်တာ မသိတာပ။ ကြောက်ကြောက်နဲ့ ကျားမလာပါစေနဲ့လို့ ဆုတောင်းရင်း ကျားသံလည်းမကြားလို့ အိမ်ပေါ်ပြန်အိပ်ရအောင် ငပုကိုပြောတာပ။ ငပုကလည်း အိပ်ကြစို့ပြောတာပ။ ခုချိန် ထိမလာလို့ စောပြီးပြန်မလို့ပအေး။

ဒါပေမယ့် ကျွန်တော်တို့အလှည့် လက်ပံချုံထဲဘက်က ကျွဲနှစ်ကောင် စကားပြောနေပါလားလို့ လူသံ ကြားတာပ။ ဒါနဲ့ သရဲခြောက်တာလို့ထင်ပြီး အဟီ … သေးနဲ့ လက်ပံချုံ ပန်းမိတာပအေး။ တောင်းပန်တာပနော။ အဟီး … တောင်းပန်တာပ”

xxx xxx xxx

ကျွန်တော် တင်မြတ်၏ အဖြစ်အား ပြန်တွေးခိုက်မှာပင် တင်မြတ်တစ်ယောက် မှောက်လျက်လဲသည်လား မသိ၊ ဝမ်းလျားမှောက်လိုက်သဖြင့် ကျွန်တော် ထောက်ကြံ့ပင်ကြီးဘေး ကပ်လိုက်ပြီး အခြေအနေ ကြည့်လိုက်စဉ်မှာပင် …

“ဒိုင်း”

“ဒိုင်း”

တင်မြတ်ပစ်လိုက်သော ချေတစ်ကောင်သည် ကြောက်လန့်ပြီး ခုန်အပြေး၊ ချေးပြေးသည်မှာ တင်မြတ်လည်း မမြင်၊ ကျွန်တော်တို့လည်း မတွေ့။

မည်သည့် သားကောင်မဆို သေနတ်သံ ကြားကြား၊ သေနတ်ပဲ မှန်မှန် သူ၏ ဦးခေါင်းနှင့် ရှေ့ခြေဦးတည့်ရာသို့ ခုန်အပြေး၊ တင်မြတ် နောက်တစ်ချက် ထပ်ပစ်လိုက်သည်။

တင်မြတ်၏ စိတ်ကြိုက် ဒုတိယအချက်မှာ တောစပ်တွင် ပက်လက်လှန်၍ သူ့အပေါ် ကျော်ပြေးသည့် ချေ၏ ဝမ်းဗိုက်သို့ လျှပ်တစ်ပြက် ပစ်ခတ်လိုက်သည်တွင်

“ဗွမ်း”

ချေသည် ကျွန်တော်၏ ရှေ့သုံးလေးတောင်လောက်ခန့်တွင် လေထဲမှ ပြုတ်ကျကာ သေသွားပါပြီ။

ကျွန်တော် တင်မြတ်အား လှမ်းကြည့်လိုက်တော့

“ဝေါ့ … ဖူး … ထွီ”

“တင်မြတ် … ဘာဖြစ်တာလဲ”

“ချေတွေ့လို့ နေရာယူတာ ကျွဲချေးပုံပေါ်ကို မှောက်လျက် လဲတာပေါ့ ဆရာကျော်။ မတတ်နိုင်ဘူး၊ ပစ်လိုက်ခါမှ ဒီချေက ကျွန်တော့်ပေါ် ကျော်လိုက်တယ်။ ဒါကြောင့် ထပ်ပစ်ရတာပေါ့။ ထပ်ပစ်ခါမှ ချေကောင်စုတ်က ချေးရော သေးပါ ရောထွက်လိုက်တာ
မြင်တဲ့အတိုင်းပဲ။ ထွီ … ဝေါ့ … ဝေါ့”

“ဟား… ဟား… ဟား… ဟား”

“ဟေ့ကောင် မိုးကျော်၊ ရယ်ပါ … ရယ်ပါ … ခွေးကောင်”

တင်မြတ် တစ်ယောက် တောစပ်မှ ပြန်လှည့်ကာ လယ်ကန်သင်းဘေးရှိ ရေနှင့် ဆေးနေ၏။ ရင်ဘတ်က ကျွဲချေး၊ မျက်နှာနှင့် ဦးခေါင်းမှာက ချေချေးတွေကို ဆေးနေရ၏။

“တင်မြတ်ရေ အဲဒါပေါ့ကွ၊ ချေအီး ချေလန့် မဟုတ်၊ ချေချေး မုဆိုးလန့်။ ဟား… ဟား…ဟား”

“ခွေးကောင်”

“အင်း … မိုးကျော်ရေ၊ ထက်မြက်က ချေချေးခါး သိပ်ကြိုက်တာကွ။ ဟား … ဟား … ဟား”

“ဆရာကျော်ရေ၊ ချေချေးခါး အစိမ်းစားလိုက်ရတယ်။ ထွီ… ဟား… ဟား… ဟား”

တင်မြတ်တစ်ယောက် သူ့ဘာသာသူပြောရင်း သဘောကျနေ၏။

သူရဇ္ဇမဂ္ဂဇင်း ၂ဝဝ၆ ခုနှစ် မေလ

(နောက်ပိုင်း Facebook က စာတင်လို့မရတော့လျှင် စာဆက်ဖတ်နိုင်ဖို့အတွက် အောက်က Telegram ကို Joint ထားကြပါဗျ)

Leave a Reply

Your email address will not be published. Required fields are marked *