တွင်းကြီးသားတင်ဝင်းဦး
ထက်ကောင်းကင်သည် ပြာပြာမှိုင်းမှိုင်း။
ပါးလွှာသော တိမ်ပါးတို့သည် ပြေးလွှားနေရာမှ ထက်အာကာကို လွှမ်းခြုံထားလိုက်ကြချေပြီ။
တောင်လေက ခပ်ညင်းညင်းတိုက်နေသည်။
မိုးရနံ့က မနေ့ကအတိုင်း မွှေးမြမြ။
နေမင်းသည် တိမ်ယံတို့အကြား ကွယ်ပုန်းနေပြီ။
ရိုးပြတ်ချောင်း၏ သည်ဘက်ရှိ ရိုးပြတ်ကွင်းထဲတွင် ထွန်ယက်နေကြချေပြီ။
မနေ့က မိုးရွာခဲ့သည်။ နှစ်နာရီကျော်ကြာ ရွာခဲ့သောမိုးက အနှစ်ပါသည်။ ရွာပေါ် မှာရော ရိုးပြတ်ကွင်းမှာပါ ရေတွေအပြည့်။ ရိုးပြတ်ကွင်း ရေပြည့်ပြီဆိုသောအခါ နွေအခါ လယ်ရိတ်အပြီး ကျန်ရစ်မင်းမူခဲ့သော ရိုးပြတ်များကို ရေလွှမ်းသွားခဲ့ချေပြီ။
ထိုအခါ တစ်ရွာလုံး အလုပ်ရှုပ်ကြပြီ။
ရိုးပြတ်တွေကို ထွန်ပစ်ရမည်။ တမန်းနှိုးရမည်ကိုး။
ယခု မနေ့က အငြိုးနှင့်ရွာခဲ့သော မိုးရေကြောင့် တမန်းနှိုးထွန်ပွဲ ဆင်နွှဲနေကြပြီ။
နွားပြာ နွားဝါတို့၏ ခွာသံ၊ တောင်သူများ၏ တောက်ခေါက်မောင်းနှင်သံက ဝန်းကျင်ကို ဖုံးလွှမ်းနေသည်။
သီချင်းဆိုသံက အတိုင်းသား … ။
“သာသနာတစ်ဝက် …. ရာဇာတစ်ဆက် … တည်တံ့ခိုင်မြဲရှည်ကြာစေ သော် … ကျွတ်ထိုက်သူများ ဝေနေယျာ … ကျွတ်တမ်းလွတ်တမ်း ဝင်စေသော် … တိုင်းသားပြည်သူ . . ကြည်ဖြူအများ … ကြည်သာရွှင်ပျရှိစေသော် …
ကိုအုံးမောင် အသံက ဝန်းကျင်ကို ပျံ့လွင့်နေချေပြီ။
အခြားသူများ၏ အသံများကလည်း ကိုအုံးမောင်အသံနှင့်အပြိုင်။
ခွာညိုက ကန်သင်းပေါ်လျှောက်လာရင်းနှင့် ခေါင်းထက်က ထမင်းတောင်းကို ဟန်ချက်မပျက် ရွက်ထားသည်။ လက်ထဲက ရေနွေးကရားကို ဆွဲလာရသေးသည်မို့ လက်တစ်ဖက်က ထမင်းတောင်းကိုထိန်းရင်း လာနေသည်။
သီချင်းသံ၊ ဖားမြည်သံက ရင်ထဲမှာ ကြည်နူးစရာအပြည့်။
ခွာညိုက လယ်ကန်သင်း သနပ်ပင်ခြေမှာ ထမင်းတောင်းချလိုက်သည်။ သည်ကနေ့ အဖေနှင့် အစ်ကိုကြီးတို့ ထွန်နှစ်ရှဉ်းနှင့် တမန်းနှိုးနေကြချေပြီ။ အဖေက ခွာညိုလာတာကို မြင်ပုံရသည်။
“သမီးရေ… ထမင်းတောင်းထားပြီး ပြန်ချင်ပြန်တော့လေ”
“ဟုတ်ကဲ့”
“အမေ့ကို ကူညီညာလုပ်ပေးအုံး၊ ကြားလား”
အဖေက နွားပြာတစ်ရှဉ်းကို နှင်တံနှင့် တို့ကာ ထိကာ မောင်းရင်း ခွာညိုထံ အော်ပြောဆဲ။
အစ်ကိုကြီးကတော့ ဘာမျှမပြော။ ကွမ်းဝါးရင်း နွားငေါက်ရင်းနှင့် ရိုးပြတ်တွေ ကျွတ်သွားအောင်၊ ရေထဲလဲသွားအောင် ထွန်ဆဲရှိသည်။
“ဒါဖြင့် သမီး ပြန်မယ်နော် အဖေ။ အစ်ကိုကြီး … ကွမ်းရွက်လာပို့ရအုံးမလား”
“ဟေ့အေး … မပို့နဲ့ ညီမလေး။ ကျန်သေးတယ်”
အစ်ကိုကြီးက လှမ်းပြောသည်။
ခွာညို ကန်သင်းပေါင်အတိုင်း ရွာဆီပြန်ခဲ့သည်။ ရွာနှင့် ရိုးပြတ်ကွင်းက တစ်မိုင်ခန့်ဝေးသည်။ လယ်ကွင်းပြင်မို့ ရွာကို မြင်နေရသည်။
နွားငေါက်သံတွေ၊ လေချွန်သံတွေ၊ သီချင်းသံတွေက ရိုးပြတ်ကွင်း၏ အလှကျက်သရေကို ဆောင်ဆဲ။
လှပသည့်ဝန်းကျင်ကို ကြည့်ရင်း ရွာကိုပြန်ခဲ့သည်။ ခွာညိုတစ်ယောက် ရွာနားရောက်ခဲ့ချေပြီ။
“ဟော… ခွာညိုပါလား”
လယ်ကွင်းတွေဆီမှတစ်ဆင့် ရွာလမ်းအတိုင်းလာခဲ့ရာ နောက်မှ ခေါ်သံကြောင့် လှည့်ကြည့်မိသူက ခွာညို။ ထင်ထားသည့်အတိုင်း ကံညွန့်မှ ကံညွန့်။
“လယ်ထဲက ထမင်းထုပ်ပို့ ပြန်လာတာလားဟင်”
“ဟုတ်တယ်”
ကံညွန့်အမေးကို ခပ်ပြတ်ပြတ်ဖြေသည်။ ဖြေရင်းနှင့် ကံညွန့်ကို အသေအချာ ကြည့်လိုက်တော့ ပိုက်ကြီးတစ်ခုကို ထမ်းလာတာ တွေ့ရသည်။ ကံညွန့်မှာ ပခုံးပေါ်က ပိုက်ကို အခြားပခုံးပေါ် ပြောင်းထမ်းလိုက်ရင်း တမင်ကြိုးစားသော အပြုံးနှင့် ခွာညိုကို စူးစိုက်ပြီး ကြည့်နေသည်။
ခွာညိုက ကံညွန့် အကြည့်များကို ရင်မဆိုင်ဘဲ မိုးရေဖွေးသော လယ်ကွင်းများဆီကြည့်ရင်း ရွာဆီပြန်ခဲ့၏။
ခွာညိုက ရှေ့မှ၊ ကံညွန့်က နောက်မှ။
“ကံညွန့် … နင် အဲဒီပိုက်က ဘာလုပ်မလို့လဲ”
မသိချင်၊ မပြောချင်သော်လည်း မေးဖြစ်သွားသော ခွာညို့အသံများက တုန်ခါနေသည်။ ကံညွန့်က ခွာညို၏အမေးကို ရယ်ကျဲကျဲလုပ်ရင်း ဖြေသည်။
“လုပ်စရာရှိလို့ပေါ့ဟာ … နင်ကလဲ”
ခွာညို ဘာမျှမမေးတော့။ မေးလည်း မမေးချင်။ အိမ်ကိုရောက်လိုဇောနှင့် လှည်းလမ်း လူလမ်းပေါ်ရှိ ပြည့်နေသော မိုးရေထဲတွင် ခပ်သွက်သွက်လျှောက်နေသည်။
မကြာပါ။ ရွာထဲဝင်ခဲ့သည်။
ကံညွန့်က နှုတ်ဆက်ပြီး သူတို့လမ်းထဲ ဝင်သွား သည်။ ခွာညိုက ဆက်ပြီးလာခဲ့သည်။
မကြာပါ။ ရွာလယ်လမ်းရှိ ခွာညိုတို့အိမ်ကို ရောက်ခဲ့၏။ အမေက မီးဖိုချောင်ထဲထိုင်ရင်း ထမင်းချက်ဆဲ။
“အမေ နားတော့။ သမီးချက်မယ်”
ပြောရင်းနှင့် အမေ့ကို နားခိုင်းသည်။
ထမင်းချက်နေရပေမယ့် ခွာညို့စိတ်များ မကြည်လင်ချင်။ ထိုင်းမှိုင်းဆဲ။
ကံညွန့်မျက်နှာ၊ ပြီးတော့ ကံညွန့်ယူလာသည့် ပိုက်။ ကံညွန့်ကို မြင်လိုက်၊ ပိုက်ကို မြင်ယောင်လိုက်၊ ပြက်ပြက်ထင်ထက်မြင်လိုက်၊ ရေးရေးမှိန်မှိန်ကွယ်သွားလိုက်။
ထိုအခါ အေးဆောင်ကို သတိရမိ သလိုလို။
ကံညွန့် နှင့် အေးဆောင်။
သူတို့နှစ်ယောက်ကို ပူးတွဲမြင်မိရင်းနှင့်ရှိစဉ် အလုပ်ကို ဆက်လုပ်နေမိသည်။
မိုးက ချုန်းလာချေပြန်ပြီ။ လျှပ်က တဝင်းဝင်း။ ဖားသံက တအင်အင်။
ညအိပ်ရာဝင်သည်အထိ သူတို့နှစ်ယောက်နှင့် ငယ်ဘဝအကြောင်းက ရင်ထဲမှာ မနေ့ကလိုလို ယနေ့လိုလို… ။
xxx xxx xxx
“ဒီကောင် မနေ့က ဟိုဘက်ရွာကိုသွားပြီး ငါးဖမ်းပိုက်တစ်လုံး ယူလာတာ တွေ့ရတယ်လေ။ အဲဒါ အိမ်ကိုဝင်လာပြီး ပိုက်ကို ပြသေးတယ်။ ဘာပြုလို့ ပိုက်ငှားလာတယ်ဆိုတာ မေးလို့မရဘူး ခွာညိုရဲ့။ ဒီကောင် အကြံတစ်ခုခုတော့ ရှိမယ်”
အေးဆောင်က ပြောရင်းနှင့် ကန်သင်းတစ်နေရာမှာနားပြီး ခွာညို့အနီး ဝင်ထိုင်သည်။ ခွာညိုက အေးဆောင်ကို စေ့စေ့ကြည့်ရင်း သက်ပြင်းချသည်။
အေးဆောင်က လယ်ကွင်းတွေဆီ ဝေ့ကြည့်ရင်းရှိ၏။ အဓိပ္ပာယ်ဖော်ဆောင်မရသော အတွေးများနှင့် အတူ သူငယ်ချင်း ကံညွန့်အတွက် အပူတွေးတွေနှင့် ရင်လေးမိသလိုလို။
ထက်ကောင်းကင်မှ မိုးစက်များက တဖွားဖွားကျနေပြီ။
“ခွာညို့အထင်တော့ ရိုးပြတ်ချောင်းထဲမှာ ငါးများဖမ်းမလို့လားပဲ”
ခွာညိုက ပြောသည်။ အေးဆောင် တွေးဆဲ။
သည်ကနေ့ တမန်းနှိုးပြီး လယ်ကွက်ကို အေးဆောင်ကန်သင်းတင်နေခြင်းပင်။
လယ်က ခွာညိုတို့၏လယ်။ ခွာညိုတို့၏မြေ။
အေးဆောင်က လူငှား။ သို့ကြောင့် ခွာညိုက အေးဆောင်နားလျှင် စားရန် ထမင်းဟင်းနှင့် ရေနွေးအိုးလာပို့ခြင်းပင်။ အလုပ်ရှင်နှင့် အလုပ်သမားတို့၏ အပေးအယူ မျှတခြင်းပင်။
အလုပ်ရှင်က အေးဆောင်တို့လို လူငှားကို ငှားပြီဆိုလျှင် အဖန်ရည်နှင့် စားစရာ ထမင်း ဟင်း ပို့ကြရ၏။ ဒါ ရွာ၏ထုံးစံ။ တောင်သူတွေ၏ ထုံးစံ။
ခွာညိုတို့က တောင်သူလူချမ်းသာ။ အေးဆောင်တို့က လူဆင်းရဲ သူရင်းငှား။ တစ်ရက်လုပ် တစ်နပ်စားဘဝ။
“အင်း… ခွာညိုပြောတာ မဖြစ်နိုင်ဘူး ခွာညို”
လေးတွဲ့စွာပြောလာသူက အေးဆောင်။ ခွာညိုက နားမလည်စွာနှင့် ငဲ့စောင်းကြည့်ရင်း အဖြေရှာသည့် မျက်ဝန်းများက အရောင်တလက်လက်။
“အေးဆောင်က… ဘယ်လိုထင်လဲဟင်၊ ကံညွန့်အပေါ်ကို…”
“ငါ့အထင်တော့ ဒီကောင် ဒီနှစ်မိုးမှာ ရိုးပြတ်ချောင်းမှာ ဖားကျရင်…”
အေးဆောင် စကားမဆက်။ တွေးရင်းနှင့် ပေါက်ပြားနှင့် လယ်ကန်သင်းများကို ပေါက်ချနေသည်။ ပေါက်ပြီး မြေသားရွှံ့စေးများကို ဂေါ်ပြားနှင့် ကန်သင်းပေါ် ပြန်ဆင့်တင်နေသည်။ အေးဆောင်လိုပင် ကန်သင်းပြင်နေသူတွေ ဝန်းကျင်မှာ အများအပြား။
အေးဆောင်က စကားမဆက်ဘဲ လုပ်ငန်းလုပ်နေ၍ ခွာညိုက အားမရဟန်နှင့် အေးဆောင်ဘေးရပ်ကာ မေးလာပြန်သည်။
“ပြောလေ အေးဆောင်ရယ်။ ရိုးပြတ်ချောင်း ဖားကျရင် ကံညွန့် ဘာလုပ်မှာလဲ”
“ဟင်း… ဒီကောင် လောဘဇောတိုက်တော့မယ် ထင်တယ်”
အေးဆောင်က လေးတွဲ့စွာဖြေသည်။
ခွာညိုက အတော်ကြာအောင်တွေးရင်း စဉ်းစားဟန်ပြုသည်။
“ဒါ… ဒါဆိုရင်၊ ကံ… ကံညွန့် ဖားကျရင် ပိုက်နဲ့တိုက်မယ်ဆိုတဲ့ သဘောလား”
ခွာညို၏အတွေးထဲက ထင်ဟပ်လာသော အပြောစကားကြောင့် ခေါင်းညိတ်ပြမိသူက အေးဆောင်။
xxx xxx xxx
ခွာညိုတို့လယ်ကို လေးရက်ခန့် ကန်သင်းပြန်တင်အပြီး နောက်ရက် အခြားသူ လယ်ကို ကန်သင်းပြင်ရသည်။
မိုးရွာပြီဆိုရင် ရိုးပြတ်တွေ ထွန်ကြ၊ ကန်သင်းတွေ ပြင်ကြ ဆင်ကြရသည်က အမြဲ။ နှစ်တိုင်း။ ပြီးမှ စပါးကြဲကြ၊ ပက်ကြသည်။
ပျိုးကြဲလယ်ထောင်ပြီးမှ နုတ်ရက်ရောက်အပြီး နုတ်ပြီးမှ လယ်ကိုစိုက်ကြသည်။
မကြာပါ။ ပျိုးကြဲ၊ လယ်ထဲကို စပါးကြဲကြပြီ။
မိုးက နှစ်ရက်ဆက်တိုက် ရွာခဲ့၏။ ပျိုးကြဲမိုး ရွာပေးအပြီး မရွာတော့။ တိမ်ကတော့ အုံ့အုံ့ဆိုင်းဆိုင်း။ လျှပ်က တဝင်းဝင်း၊ မိုးချုန်းသံက တဝေါဝေါ။ အဲ… မိုးစက်ကတော့ မဆင်းခဲ့သေး။
အေးဆောင်တစ်ယောက် ပျိုးကြဲအငှားလိုက်ပြီးတော့ မြက်နုတ်ရောင်းသည်။ ပြီးတော့ ရိုးဘေးမှာ ငါးဖမ်းသည်။ ဖားရှာသည်။ ဒါ အေးဆောင်၏ အလုပ်။ အေးဆောင် ဝါသနာ။
မိသားစုဝမ်းဝရေးက အေးဆောင်ကို အားကိုးကြရသည် မဟုတ်လား။ အဖေရယ်၊ အမေရယ်၊ ညီမလေးနှစ်ယောက်ရယ် ဝမ်းရေးက အစ်ကိုဖြစ်သူ အေးဆောင်အပေါ်မှာ ရာနှုန်းပြည့် ရပ်တည်မြဲ။
သည်ကနေ့ အေးဆောင်တစ်ယောက် ရရှိလာသည့် ငါးနှင့် ဖားအချို့ကို ပလိုင်းထဲထည့်လာရင်းနှင့် ချောင်းရိုးကနေ ရွာထဲအပြန် ကံညွန့်နှင့် အပေါက်ဝမှာ ဆုံနေခဲ့ပြီ။
“မင်း ပြန်လာပြီလား”
ကံညွန့်က မေးတော့ အေးဆောင် ခေါင်းညိတ်ပြရင်းနှင့် နှစ်ယောက် ယှဉ်ပြီး ရပ်မိသည်။ ကံညွန့်ကို ကြည့်ရင်းနှင့် မေးလိုသော အကြောင်းတွေက ရင်ထဲမှာ တင်းတင်းကျပ်ကျပ်။
“ကံညွန့် … မင်း ဟိုရက်က ငါးဖမ်းပိုက် ဘယ်ကငှားလာတာလဲ။ ဘာလုပ်ဖို့လဲဟင်”
မေးမိသည့်အသံက မာသွားပုံရသည်။ အမေးသံအဆုံး ကံညွန့်က မရယ်ချင်ဘဲ ရယ်၊ မပြုံးချင်ဘဲ ပြုံးနေသည်က အနှစ်မပါ၊ အသက်မပါခဲ့။ အေးဆောင် သိပါသည်။
“နောက်ထပ်မိုးရွာရင် ရိုးပြတ်ချောင်းမှာ ဖားကျတော့မယ်လေ။ အဲဒါ … ဟဲ … ဟဲ … ဟဲ … မင်းလည်း သိရဲ့သားနဲ့ကွာ။ မင်းကလည်း…”
ပခုံးကိုလာပုတ်ရင်းပြောလာသည့် ကံညွန့်လက်ကို ဖယ်ချရင်း စူးရဲစွာ ကြည့်နေမိသော အေးဆောင် မျက်လုံးတွေက ရဲရဲမှည့်မှည့်။
“မင်း တကယ်ပဲ ဖားကျရင် အဲသလို လုပ်ချင်သလား”
“ဟ … လုပ်မလို့ ပိုက်တောင် ယူလာပြီလေကွာ”
“မင်း စဉ်းစားအုံးကွာ။ စဉ်းစားပါ ဆိုတာလောက်ပဲ ငါပြောချင်တယ် ကံညွန့်”
ပြောရင်း ပလိုင်းကိုလွယ်၍ ကျောခိုင်းခဲ့သည့် အေးဆောင်၏ ကျောပြင်ကို ကံညွန့်က သမင်လည်ပြန်ကြည့်ရင်း ကျန်ရစ်သည်။ ပြီးသော် မကျေနပ်မှုတွေ၊ နားမလည်မှုတွေနှင့် ငေးရင်း ကျန်ရစ်ခဲ့သည်။
အေးဆောင်မှာ ရွာတံခါးမှဝင်ခဲ့ပြီ။ အိမ်ဆီလာခဲ့သည်အထိ ခြေလှမ်းတွေက လေးလံနေသည်။
မကြာခင် မိုးကျတော့မည်။ ထိုမိုးကျလျှင် ဖားကျမည်။ ဖားကျလျှင် ရွာကလူတွေ ကောက်ကြမည်။ လောဘမထား၊ လောဘမကြီးဘဲနှင့် ကောက်ကြရမည်။
စားချင်သူက တစ်အိုးစာ တစ်နပ်စာသဘောနှင့် ကောက်ကြပြီး ရောင်းစားသူကတော့ တစ်တောင်း၊ နှစ်တောင်း အထိ တောင်းပြည့် အိတ်ပြည့် ကောက်လို့ရသည်။
သဘာဝကပေးသည့် စားစရာဖားကို လွတ်လပ်စွာ ကောက်ပိုင်ခွင့်ရှိ၏။ သို့သော် လိုတာထက်ပိုလာမည့် လောဘတရားကိုတော့ သဘာဝက ကြောက်သည်၊ ရွံ့သည်။
ဟော… ယခု ကံညွန့်က လောဘဇောနှင့် ကြိုတင်ကြံစည်ခဲ့ပြီ။ ဖားကျရင် ပိုက်နှင့်တိုက်မည်တဲ့လေ။
အိမ်ရောက်တော့ ရသည့်ငါးနှင့် ဖားများကို အဖေ့ထံပေးသည်။ အိမ်အတွက် ဟင်းစားချန်ပြီး အမေက ရွာထဲလိုက်ရောင်းခဲ့ပြီ။
အဲ. . . အေးဆောင်ကတော့ ကံညွန့်အကြောင်တွေးရင်းနှင့် ငယ်ဘဝကို သတိရမိပြန်သည်။
တကယ်တော့ ကံညွန့် ရယ်၊ အေးဆောင်ရယ်၊ ခွာညိုရယ်က သက်တူရွယ်တူ၊ အတန်းတူတွေ။
ပထမတန်းမှ လေးတန်းအထိ ရွာကျောင်းမှာနေပြီး ရွာနှင့် နှစ်မိုင်ခန့်ဝေးသော လယ်ကွင်းရွာကိုသွားပြီး ကျောင်းတက်ရသည်။
ရွာမှာက မူလတန်းအထိသာရှိသည်။
နွေခါတစ်ခုသာ လမ်းကောင်းပြီး မိုးခါကာလဆိုရင် ဖိနပ်ပင် မစီးနိုင်ကြ။ ဖိနပ်ကိုချွတ်၊ အပြေးတစ်ပိုင်းနှင့် သွားရသည်က အရသာရှိလှသည်။
ဆောင်းခါဆိုလျှင်လည်း ချမ်းချမ်းစီးစီးနှင့် သွားရသည်က တစ်မျိုး နှစ်သက်စရာ ကောင်းပါဘိ တော့။
သုံးဦးသား ရှစ်တန်းအထိ နေလာကြပြီး အားလုံးကျောင်းထွက်ခဲ့ရသည်။
ခွာညိုက လူချမ်းသာစာရင်းထဲပါသည့် မိန်းကလေး။ ရွာပေါ်မှာတော့ ငွေရှိစာရင်းဝင်။
အဲ… အေးဆောင်နှင့် ကံညွန့်ကတော့ ဆင်းရဲသည်။
အေးဆောင်မိဘများမှာ လယ်ထွန်လိုက်ရ၊ ပျိုးကြဲလိုက်ရ၊ ပျိုးနုတ်လိုက်ရ၊ စပါးရိတ်လိုက်ရနှင့် ဘဝကို လှပအောင် စွမ်းဆောင်နေရသလို တောနားရက်ဆိုရင် ငါးဖမ်း၊ ဖားဖမ်း အလုပ်ကိုလည်း လုပ်ခဲ့ရသေးသည်။ ကြုံရာကျပန်းသဘောမျိုး အလုပ်တွေနှင့် ဝမ်းဝအောင် မနည်းရှာဖွေခဲ့ရသည်။
အဲ… ကံညွန့်မိဘတွေကလည်း မြေမဲ့ယာမဲ့ဘဝ။ အေးဆောင်မိဘတွေလို အဆင့်မျိုး။
အေးဆောင်က ကံညွန့်ထက် နှာတစ်ဖျားသာသည်။ ဘာကြောင့်နည်း။ အေးဆောင်မှာ မိဘအစုံရှိသည်။ ကံညွန့်မှာတော့ အဖေမဲ့။ ကံညွန့် အဖေက ကံညွန့် ငါးတန်းနှစ်အရောက်တွင် ဆုံးပါးခဲ့သည်။
ဘာကြောင့် ကံညွန့်အဖေ ဆုံးခဲ့ရသနည်း။
တွေးရင်း အေးဆောင် ခေါင်းခါသည်။ ဝင်လာသော အတိတ်က ဖြစ်ရပ်သည် ထိုအပိုင်းကို မတွေးချင်ပြီ။ ဆက်ပြီးတွေးသည်က သူတို့သုံးယောက်အကြောင်း။
ကျောင်းထွက်ကြရတာကလည်း စီးပွားရေးအခြေအနေအရ ပါဝင်ခဲ့သည်။ ကျောင်းထွက်ပြီး မိဘကို လုပ်ကျွေးဖို့။ ညီမလေးတွေဘဝ လူတန်းစေ့ နေနိုင်ဖို့။
သို့ကြောင့် ထွန်တတ်၊ ထယ်ထိုးတတ်အောင် သင်၊ ပျိုးကြဲတတ်အောင်၊ ပျိုးနုတ်တတ်အောင်၊ ရာသီသိအောင် အဖေ့ဆီ သင်ယူရသူက အေးဆောင်။ ပြီးတော့ ငါးရှာပုံရှာနည်း၊ ဖားရှာပုံရှာနည်းက အစ။
အေးဆောင်ဘဝလိုပင် တောင်ပံတစ်ဖက်ကျိုးဘဝနှင့် ကံညွန့်ဘဝကလည်း စုတ်ချက်မညီခဲ့၊ ဆေးမပီခဲ့၊ ခြေလှမ်းမမှန်ခဲ့၊ အသက်ရှူမမှန်ခဲ့ ပိုပြီး ဖြစ်ခဲ့ရသည်။
အဖေကဆုံး၊ အမေက ကျန်းမာရေးချူချာ။ သည်တော့ ညီနှစ်ယောက်နှင့် ညီမတစ်ယောက်၏ ပါးစပ်တွေအတွက် ကံညွန့် လုပ်အားပေါ်မှာ မူတည်ခဲ့ရှာသည်။
သည်တော့ ကျောင်းထွက်ခဲ့ရ၏။ ခွာညိုကတော့ အိမ်အလုပ်ကြောင့် အဖေရော အစ်ကိုရော ရှိခဲ့ပေမယ့် အမေ့ကိုကူရန် သဘောနှင့်…။
ကျောင်းထွက်၊ ကိုယ့်ဘဝကိုယ် လှမ်းမြဲလှမ်းနေခဲ့ပေမယ့် အရောင်ဆိုးခံအသိ၊ အရောင်ဆိုးခံစိတ်တို့က ပြောင်းလဲလာသည်။ ဘာတွေ ဘယ်လိုအကြောင်းကို အခြေခံပြီး ပြောင်းလဲခဲ့သနည်း။
ခွာညိုနှင့် အေးဆောင်။
အေးဆောင်က ခွာညိုကို ချစ်သည်ဟု လယ်ထဲမှာ ပျိုးနုတ်ရင်း ပြောခဲ့သည်။
“ဟုတ်တယ် ခွာညို။ နင့် … နင့်ကို … ငါ … ငါလေ ကျောင်းနေကတည်းက သံယောဇဉ်ရှိနေတာ”
“ခွာညို သိသားပဲ”
“ဟင် … နင် … နင် သိတယ်”
အေးဆောင်ကို မဲ့ပြုံးတစ်ချက်ပြုံးပြရင်း ခွာညိုက ရယ်သည်။ ပြီးမှ …
“နင့်မျက်လုံးတွေ နင့်ရင်ထဲက လှိုက်ဖိုမှုတွေကြောင့်လေ။ ပြီးတော့ ဘေးဝန်းကျင်ကလည်း ငါ့ကို ပြောကြတယ်။ အေးဆောင်က နင့်ကို ချစ်နေတာတဲ့ ခွာညိုရဲ့။ အဲဒီလို ပြောကြတယ်လေ”
အေးဆောင်မှာ မှိုရသည့်မျက်နှာနှင့် မြူးကြွနေသည်။
“နင့် … နင့်သဘောက……”
“စောပါသေးတယ် အေးဆောင်ရယ် …. နော်”
ရာနှုန်းပြည့် သေချာတော့မည်ကို အေးဆောင် နားလည်သည်။ ပေးဆပ်လာသည့် ခွာညို့အသံ၊ ခွာညို့အကြည့်၊ ခွာညို့အပြောတွေက ချစ်တယ်ဟယ်ဟု အဖြေပေးနေသလိုမျိုး။
သူတို့နှစ်ဦး၏ ချစ်ခြင်းအစ တံခါးဝ ရပ်ခဲ့ကြသည်ကို ကံညွန့် မသိခဲ့။
“ဟုတ်တယ် အေးဆောင်။ ငါ ခွာညို့ကို ချစ်နေတယ်ကွ”
တစ်ရက် တောထဲကအပြန် ကံညွန့်က ရင်ဖွင့်ပြလာသည်။ နောက်ရက် ဘေးလူ အောင်သွယ်မှတစ်ဆင့် ပြောခိုင်းသည်ဟု အေးဆောင်သိရသည်။
ခက်တာက မိမိအပေါ်မှာ ပြတ်ပြတ်သားသား အဖြေမပေးသေး။ ဒီကြားထဲ ကံညွန့်က ချစ်ပါသည်ဟု ပြောနေခဲ့ပြီ။
သည်တော့ ခွာညိုရယ်။ ဘယ်ဘက်ကို ယိမ်းနွဲ့မလဲ။ တွေးရင်းနှင့် အေးဆောင် ရင်ပူမိသည်။ အဖြေခက်၊ အနေခက်မည့် ခွာညို့ချစ်စိတ်တွေအတွက် ရင်လေးမိသည်။
ဟော… ယခုအချိန်အထိ ခွာညိုက အဖြေမပေးသေး။ အေးဆောင်ကလည်း ခွာညိုမှ ခွာညို။
ကံညွန့်ကလည်း အေးဆောင် အချစ်ကို သိသည်။ အေးဆောင်ကလည်း ကံညွန့်၏ သံယောဇဉ်ကို နားလည်ခဲ့သည်။
တစ်ယောက်နှင့် တစ်ယောက် မေးထူးခေါ်ပြောသဘောနှင့် နေကြပေမယ့် စိတ်မပေါင်း ကိုယ်မခွာသဘောနှင့် ဆက်ဆံမှုမပျက်ခဲ့။
သို့သော် အကြံတူ ရန်သူသဘောမျိုးမို့ အတွင်းကြေ ကြေခဲ့သည့် ဒဏ်ရာတွေကြောင့် ဟန်ဆောင်ခဲ့သည်က အမှန်ပင်။
“ဟင်း…”
တွေးရင်းနှင့် ဝေဝါးသွားသော ငယ်ကအတိတ်။ ငယ်စိတ်တွေက ရင်မှာ ဆော့ကစားမှုတွေနှင့် ပြက်ရယ်ပြုနေချေပြီ။ နှိပ်စက်လာသော သံယောဇဉ်နှောင်ကြိုးများကို နှစ်သက်စွာ ဖက်တွယ်ထားရင်းနှင့် ဘဝကို ရုန်းကန်လှုပ်ရှားနေသည့် လတ်တလောဆင်းရဲမှုက ခွာညိုအတွက် ငြင်းဆန်စရာ အကြောင်းပြချက်တွေ ဖြစ်နေမလား။
“ခွာညိုရယ် … ငါရော ကံညွန့်ပါ ဆင်းရဲကြပါတယ်။ နင့်အနေနဲ့ ငါတို့နှစ်ယောက်အပေါ် ဘယ်လိုဆုံးဖြတ်မှာလဲဟင်”
xxx xxx xxx
မိုးကျခဲ့ပြီ။
ဝန်းကျင်သည် ပြာမှိုင်းညိုမည်းစွာနှင့် မိုးသရုပ်ကို ဖော်ကျူးနေချေပြီ။ ထက်ကောင်းကင် တိမ်ညိုတို့အကြားမှ မိုးချုန်းသံက ဝုန်းဒိုင်းကြဲရင်း စစ်ခင်းနေချေပြီ။
မြေပြင်တွင် ပျိုးကြဲလယ်တို့သည် အပင်များနှင့် စိုစိမ်းနေဆဲ။ စိမ်းသည့် ပျိုးကြဲလယ်နှင့်အတူ စိုက်ကြမည့် လယ်တွေက ရေအဖွေးသား။ စပါးပင်နှင့် မိုးရေသည် မြေပြင်ကို အလှဆင်ဆဲ။
ရိုးပြတ်ကွင်းသည် မိုးသားတိမ်ညိုညိုအောက်တွင် သက်မဲ့ရုပ်ကောင်အလား ငြိမ်သက်ဆဲ။
ရိုးပြတ်ရွာသည် မိုးစက်မှုန်များအောက် ကြံ့ကြံ့ခံနေသည်။ ရွာဝန်းကျင်ရှိ ရိုးပြတ်ကွင်းက မိုးရေအဖွေးသား။
ရိုးပြတ်ချောင်းသည် သက်ဝင်လှုပ်ရှားနေချေပြီ။ မိုးရေတို့ကြောင့် စီးဆင်းနေချေပြီ။
တကယ်တော့ ရိုးပြတ်ရွာသည် ရိုးပြတ်ချောင်းကို အမီပြုခဲ့ရသလို ရိုးပြတ်ချောင်းကြောင့် ရိုးပြတ်ရွာသည် လှပခဲ့၏။
ချောင်းသည် ရွာ၏တောင်ဘက် တစ်မိုင်ကျော်ကျော်ခန့်တွင် အရှေ့နှင့်အနောက် သွယ်တန်းထားပြီး အနောက်မှ အရှေ့ကို စီးသည်။
ချောင်းက သိပ်မကျယ်။
သို့သော် တကယ်ရေကြီးလျှင် ရေပြင်က ကျယ်သည်။ ရေစီးက သန်သည်။ ချောင်းဖျားအစပြုရာသည် ရိုးပြတ်ရွာ၏ အနောက်ဘက် လေးမိုင်ခန့်ဝေးသော ကျောက်စရစ်တောင်ကုန်းကို အခြေပြုခဲ့သည်။ မိုးရွာပြီဆိုပါက ကျောက်စရစ်တောင်ကုန်းပေါ်မှ ရေသည် ရိုးပြတ်ချောင်းထဲ ဒေါသနှင့် နင်းခြေဝင်ရောက်လာသည်ချည်း။
တောင်ကုန်းပေါ်မှ ရေသာမဟုတ်၊ ရွာထဲကရေ၊ အခြားကွင်းမှ ရေများကြောင့်လည်း ရိုးပြတ်ချောင်းသည် ဒေါသကြီးခဲ့သည်ကိုး။
ဟော… ယခု မိုးရွာခဲ့ပြီ။
ပထမရက်က ရွာသောမိုးသည် ရိုးပြတ်ချောင်းကို သိပ်ပြီး ဒေါသရိပ် မသန်းခဲ့။
နှစ်ရက်ဆက်ရွာအပြီး သုံးရက်အရတွင်တော့ ရိုးပြတ်ချောင်းရေသည် ကြည်လင်ရာမှ မည်းညစ်လာသည်။ ညင်သာရာမှ အသံပြုလာသည်။
မြူခိုးရစ်သီတတ်သော တောင်ကုန်းထက်တွင်တော့ တိမ်မည်းတို့ကြောင့် တောင်ရိပ်ကို သိပ်မမြင်ရ။ သည်တောင်က သိပ်ပြီးမမြင့်ပေမယ့် ကျယ်သည်။ ပြန့်သည်။ တောင်ကုန်းက ရေဆင်းရာသည် ရိုးပြတ်ချောင်းရေပေါက်တစ်ခုသာရှိ၍ ပိုပြီး ရေစီး သန်စေပြီကော။
မိုးရွာပြီဆိုတော့ လယ်စိုက်ဖို့ လယ်ထဲ ရေလှောင်သူကလှောင်၊ ရေများသည့် လယ်ကွင်းရှင်အချို့ ရေထုတ်သူထုတ်နှင့် လယ်သမားတွေ အလုပ်ရှုပ်နေကြချေပြီ။ စိုက်ရေ ရတော့မည်။ ရခဲ့ပြီမို့ ပျော်မဆုံးကြ။
လယ်စိုက်ဖို့ အားအင်မွေးကြသလို အေးဆောင်တို့လို ဆင်းရဲသားတွေအတွက်ကတော့ ဖားကောက်ဖို့။
“အင်း… ဒီနှစ် ဖားကျမယ်။ မိုးကလည်းကောင်း … ဥတုကလည်းအေး…”
အဖေကပြောရင်း ပလိုင်းကိုဖာနေသည်။ အ
မေက ဆေးလိပ်လိပ်ရင်း ရှိသည်။ ညီမလေးနှစ်ယောက်က မိုးရေခံရင်း အိမ်ရှေ့မှာ အလုပ်ရှုပ်နေသည်။
အေးဆောင် က အဖေ့အနီး ဝင်ထိုင်သည်။
“ဒီနှစ် ဖားကျရင် ဟိုဘက်ရွာတွေမှာ ကျုပ် လိုက်ရောင်းမယ်အဖေ … နော်”
“အင်း… အင်း”
“ဟိုဘက်ရွာက လူတွေက မှာထားတယ်။ ဒီရွာက ဖားဆိုရင် သိပ်ကြိုက်ကြတာ။ ပါသလောက် ကုန်တာပဲ”
အေးဆောင်က အားရဝမ်းသာ ပြောသည်။
တကယ်လည်း တွက်ကြည့်ရင် ဖားကျပြီဆိုလျှင် အေးဆောင်တို့မိသားစုအတွက် ရွှေမိုး ငွေမိုးရွာသလိုမျိုး။ ဖားတွေကောက်၊ ရွာစဉ်လိုက်ပြီးရောင်း၊ ရောင်းရသည့်ငွေနှင့် ဆီ၊ ဆန်၊ ဆား ဝယ်ထား။ သိပ်ကို ဟန်ကျသည်။
သည်နှစ်လည်း အိမ်စားဖို့သာ ကောက်ကြသည်။ ရောင်းဖို့ကောက်တာ နှစ်ဦး သုံးဦးသာ ရှိသည်။
ပြောရလျှင် အေးဆောင်တို့နှင့် ကံညွန့်တို့သာ ရှိခဲ့၏။
“အဖေ”
“ဟေ… ပြောလေကွာ။ ဘာလဲ”
“ဟိုကောင် ကံညွန့်လေ”
“အင်း… ပြော”
အဖေက ပလိုင်းကိုဘေးမှာချ။ ပါးစပ်ထဲမှ ဆေးခါးရွက်များကို ဝါးရင်း ရှိသည်။
“ကံညွန့် ဆိုတဲ့ကောင်ပေါ့ဗျာ။ အရင် မိုးရွာတဲ့ရက်က ငါးဖမ်းပိုက်ငှားလာတာ တွေ့ရတယ်။ အဲဒါ ကျုပ်ကမေးတော့ သိပ်ပြီး ဖြေချင်ပုံမရဘူး။ ကျုပ်အထင် တော့ ဒီနှစ် ရိုးပြတ်ချောင်းမှာ ဖားကျရင် ပိုက်နဲ့ခံအုံးမယ်နဲ့ တူတယ်”
အေးဆောင် စကားကြောင့် မျက်လုံးပြူးသွားသည်က အဖေ။ အဖေသည် နှုတ်ခမ်းကို တင်းတင်းစေ့ထားရင်း အေးဆောင်ကို စူးစိုက်စွာကြည့်ဆဲ။
“ဒီကောင် လုပ်ငန်းအပေါ် သစ္စာဖောက်တော့မယ်နဲ့ တူတယ်။ အင်း… လောဘ… လောဘ… သိပ်ကြောက်စရာကောင်းတဲ့ လောဘ။ လောဘကြောင့် တပ်မက်မှုတွေဖြစ်။ အဲဒီတပ်မက်မှုကြောင့် လိုချင်ဆန္ဒတွေပြင်းပြ။ လိုချင်ဆန္ဒတွေကြောင့် မရ ရအောင်ယူ၊ ယူပြန်တော့လည်း လိုအပ်တာထက် မတရားပိုခဲ့ကြတယ်။ ဒီတော့ ဒုက္ခဖြစ်ရော။ ဘေးတွေ့ရောပေါ့ကွာ”
အဖေက တွေးရင်းနှင့် လေးလံစွာပြောလာသည်။
“ကျုပ်က မလုပ်ဖို့ တားသေးတယ်။ ဒီကောင်က လက်ခံမယ့်ပုံမရဘူး အဖေရ”
“အင်းလေ … ကိုယ့်လောဘက ကိုယ့်သမိုင်းကို ရေးပြကြမှာပေါ့လေ”
အဖေက ပြုပြင်ပြီး ပလိုင်းနှစ်လုံးကို အိမ်ထဲယူသွားသည်။ သည်တော့ အပြင်မှာ အေးဆောင် တစ်ဦးတည်း။ ကံညွန့်ကိုမြင်လိုက်၊ ကံညွန့်အဖေကို မြင်လိုက်။ တောင်စောင်းထက်က မိုးရေအချို့နှင့်အတူ အလုံးလိုက်အခဲလိုက် ကျလာသည့် ဖားတွေကို မြင်မိလိုက်။ ပြီးတော့ ခိုင်မာသော နိုင်လွန်ကြိုးပိုက်ကို မြင်လိုက်။
သက်ပြင်းချရင်းနှင့် တွေးမိသည်က ကံညွန့်အဖေ ကိုအောင်ဒင် အကြောင်း။
မှတ်မိသေးသည်။ ထိုစဉ်က ကံညွန့်တို့ အေးဆောင်တို့က ကလေးဘဝ။ သိတတ်ပြီဖြစ်သော ဆယ်နှစ်သားအရွယ်။ အမှားအမှန် သိပ်ပြီးမဆုံးဖြတ်တတ်သေးသည့်အချိန်။
ကိုအောင်ဒင် တစ်ယောက် အဖေ့ဆီရောက်လာသည်။ ထိုရက်က လယ်စိုက်မိုး ရွာနေသည့်အချိန်။ ပျိုးကြဲလယ်တွေ စိုက်ရွယ်ရောက်နေပြီဖြစ်၍ ပျိုးနုတ်၊ လယ်စိုက်လုပ်ငန်းတွေ လုပ်ရတော့မည့်အချိန်။
ရွာနေကျ တော်သလင်း၊ သီတင်းကျွတ်မိုး ရွာခဲ့ပြန်ပြီ။ ပထမဆုံး မိုးရွာပြီဆိုတော့ တောင်ကုန်းပေါ်က ဖားတွေ မိတ်လိုက်ကြ၊ ဥကြနှင့် ရှိပြီး ဒုတိယအကြိမ် ရွာသောအခါ ထိုဖားများသည် တောင်ကုန်းမှတစ်ဆင့် ရိုးပြတ်ချောင်းဆီ အလုံးလိုက် အခဲလိုက် အထွေးထွေးနှင့် လိမ့်ရင်းဆင်းသည်။
သည်နှစ် ဆင်းမည်ကို ကံညွန့် အဖေဖြစ်သူ ကိုအောင်ဒင်သိသည်။
“ကျုပ်တော့ ဒီနှစ် ပိုက်နဲ့ခံထားပြီး ဖားတွေကို ဖမ်းမယ်ဗျာ”
ကိုအောင်ဒင်စကားကြောင့် အေးဆောင်အဖေ ကိုမြမောင် မျက်လုံးပြူးသွားသည်။
“ဒီမယ် ကိုအောင်ဒင်၊ ဖားကျတယ်ဆိုတာ သဘာဝကပေးအပ်လာတဲ့ လူသားတွေအတွက် မျှတတဲ့ ဝမ်းစာပါကွာ။ မင်းက မတော်လောဘနဲ့ လုပ်မယ်ဆိုရင် မင်း ဘာဖြစ်သွားမလဲ။ ဟိုလွန်ခဲ့တဲ့ အဖြစ်ကိုကြည့်။
ငါတို့ရွာမှာ ကိုဖိုးမောင်းဆိုတာ ရှိတယ်။ ထွေးမောင်တို့၊ နက်ချိတ်တို့ အဘိုးပေါ့။ ထားပါတော့ကွာ … ကိုဖိုးမောင်း ဟာ အဲဒီနှစ်မှာ ဖားတွေ မတရားကျတော့ ပိုက်နဲ့ခံခဲ့တယ်။
စာတတ်ပေတတ် ဗဟုသုတကြွယ်ဝတဲ့ ဦးကြီးဖိုးဉာဏ်က ကိုဖိုးမောင်းကို တားခဲ့တယ်။ ပိုက်နဲ့ မခံပါနဲ့၊ ခံရင် အဲဒီ ပိုက်ခံသူ မသေမချင်း ဖားကျမပေးဘူးလို့ တားတာကို ကိုဖိုးမောင်းက မယုံဘူးလေ။
ဒါနဲ့ ဖားတွေကျတော့ ပိုက်နဲ့ခံတယ်။ အဲဒီနှစ်မှာပဲ ဖားကျတာ ရပ်သွားခဲ့တယ်။ ကိုဖိုးမောင်း မသေမချင်း ဖားကျမပေးတော့ဘူးတဲ့လေ။
ငါးနှစ်ကြာမှ ကိုဖိုးမောင်း ဝမ်းရောဂါနဲ့ သေပြီးတဲ့နောက်မှ ဖားကျပေးခဲ့တယ်လေကွာ။ မင်းလဲ အသိပါ”
ကိုမြမောင်က ပြောရင်းနှင့် ကိုအောင်ဒင်ကို သွေးတိုးစမ်းသည့်အကြည့်များဖြင့် ကြည့်ဆဲ။ ကိုအောင်ဒင်က မပြုံးချင်ဘဲ ပြုံးဆဲ။
“ဒါတွေ ဟိုတုန်းကအဖြစ်တွေပါ မြမောင်ရာ။ ငါတော့ လုံးဝမယုံဘူး”
“ရှေးထုံးလည်း မပယ်နဲ့တဲ့။ မင်းယုံတာ မယုံတာ အပထား။ ဖားကျရက်ကို စောင့်နေသူတွေ ဒုက္ခရောက်အောင် မလုပ်ပါနဲ့ကွာ”
ကိုအောင်ဒင် ပြောမရခဲ့။
ဒုတိယအကြိမ် မိုးရွာတော့ မနှစ်ကထက် ဖားပို ကျသည်။ ကိုအောင်ဒင်က ပိုက်နှင့်ခံသည်။ ပိုက်နှင့်ခံရင်းရှိစဉ်၌ပင် ဖားအကျ ရပ်သွားခဲ့၏။
အဲ… နောက်တစ်နှစ်အကြာအထိ ဖားကျမပေးခဲ့။ ကျဆင်းပြန်တော့လည်း သိပ်မများ။ ဖားကျချိန် စောင့်သူတို့ ရင်မောရပြီ။
နောက်နှစ်တွင် ကိုအောင်ဒင် တစ်ယောက် ပိုးထိသေခဲ့၏။ ကိုအောင်ဒင်သေပြီးမှ တောင်ကုန်းပေါ်မှ ဖားများ ရိုးပြတ်ချောင်းကို ဆင်းကြသည်ကို ရွာလုံးမျှ လူတိုင်းမျှ သိကြသည်။
ဟော… ယခုတော့ ဖခင်၏ အဖြစ်အပျက်ကို သိပါလျက်နှင့် ကံညွန့်က ဖားကျရက်ကို ပိုက်နှင့်ခံတော့မည်တဲ့လား။
အေးဆောင် တွေးရင်း ငေးဆဲ။ ဖားကျရက်ကို မျှော်ဆဲ။
မကြာခင် တောင်ကုန်းမှတစ်ဆင့် ရိုးပြတ်ချောင်းဆီ ဖားကျတော့မည်လေ။
xxx xxx xxx
မိုးရွာခဲ့ပြီ။
အညာမြေမိုးက ရွာမယ့်ရွာတော့လည်း ဝုန်းဝုန်းကြဲကြဲ။ ဒေါသက ကြီးပါဘိတော့။ ဝန်းကျင်တစ်ခိုလုံး ပြာလွင်မည်းမှောင်နေသည်။ ထို့ထက် တောင်ကုန်းထက်ဆီမှာ မိုးပိုရွာခဲ့ချေပြီ။
ရွာနှင့် တောင်ကုန်းက လေးမိုင်ခန့်သာ ဝေးပေမယ့် မိုးရိပ်ဆင်နေသည့် အခြေအနေကို မြင်နေရသည်။
မကြာပါ။
တောင်ကုန်းပေါ် ကျဆင်းလာခဲ့သမျှ မိုးရေသည် ရိုးပြတ်ချောင်းဆီ ဒေါသနှင့် စီးဆင်းလာခဲ့ချေပြီ။ ထိုအခါ တစ်အိုးချက်၊ တစ်နပ်ချက်ရရန် ဖားကောက်ဖို့ ပြင်ဆင်ကြပြီ။
ဖားကောက်ရမည်။ ဖားသားစားရတော့မည်ဆိုတော့ ဝမ်းသာနေကြသည်။ ထိုအထဲမှာ ကံညွန့်အပါအဝင်။
ကံညွန့်က အိမ်ထဲထိုင်ရင်း ငါးဖမ်းပိုက်ကို စစ်ဆေးနေသည်။ ဖာထေးထားသော ငါးဖမ်းပိုက် ဘေးကြိုးများကို စိတ်ကြိုက် တပ်ဆင်ဆဲ။
အမေက ကြည့်ရင်း ပြောလာသည်။
“ဟဲ့… သား။ နင် ဒီပိုက်နဲ့ ဘာလုပ်မယ်ဆိုတာ အမေသိတယ်။ နင်စဉ်းစား …”
“ဘာလဲ အမေ။ ကိုယ့်စီးပွားရေး ကိုယ့်ဝမ်းစာရေးအတွက် လုပ်တာပဲ”
မထီဟန်နှင့်ပြောရင်း အမေ့ထံ အကြည့်စူးစူးတစ်ချက် ပစ်လွှတ်လိုက်သည်။ အမေက ခေါင်းယမ်းရင်း
“ကိုယ့်ဝမ်းရေးတော့ ကိုယ့်ဝမ်းရေးပေါ့။ ဒါပေမယ့် သဘာဝအတိုင်း ပေးဆပ်လာတဲ့ လူစားမယ့်ဖားကို လောဘဇောတိုက်ပြီး စည်းမကျော်သင့်ဘူး”
“ဒါတွေ ကျုပ်မယုံဘူး အမေရာ”
ခါးသီးစွာ ငြင်းဆိုလာသော ကံညွန့်စကားတွေက မာဆတ်ဆတ်။
“နင် ယုံတာ မယုံတာ အပထား။ ရှေးလက်ထက်ကတည်းက အချို့သေပွဲဝင်ခဲ့ကြရပြီ။ ဒီအထဲ လူလေးအဖေ အပါအဝင်လေ။ လူလေး သိရက်သားနဲ့ကွယ်”
“ဒါ တိုက်ဆိုင်မှုပါ အမေရဲ့။ မပူပါနဲ့။ ခုဟာက သူများဥစ္စာ ခိုးတာမဟုတ်ဘူး။ လုတာ၊ တိုက်တာ မဟုတ်ပါဘူး အမေရာ။ လိပ်ပြာသန့်စမ်းပါ။
“လူလေးပြောတာ အမေလက်ခံပါတယ်။ ဒါပေမယ့် လောကမှာ မမြင်ရတဲ့ အတားအဆီးဆိုတာတွေ ရှိတယ်လေသားရဲ့”
ကံညွန့် ဘာမျှမပြော။ မိုးရွာထဲထွက်ပြီး ဖားအကူကောက်ထွက်မည့် သောင်းစိန်တို့အိမ်ဘက် ထွက်သွားသည်။ သို့ဖြင့် မိုးက သုံးရက်ဆက်တိုက်ရွာအပြီး နားသွားပြီ။ ထက်ကောင်းကင်မှာတော့ မိုးသားဆင်ဆဲ။
အဲ… ဖားကျပြီ။
ညပိုင်းမှာ တစ်ရွာလုံး ရိုးပြတ်ချောင်းဆီမှ ဖားသံကို နားစွင့်နေကြသည်။ တအုံအုံ တအင်အင်နှင့် ဖားအော်သံတွေက အပြိုင်။ ဆူညံစွာ ကြားနေရဆဲ။
နောက်မနက် ဖားကောက်ထွက်ကြချေပြီ။ ရွာနှင့် ရိုးပြတ်ချောင်းမှာ လူမပြတ်တော့။
အချို့က တောင်း၊ အချို့က အိတ်နှင့်။
ပါလာသည့် တောင်းပြည့်ရင် ပြန်။ အိတ်ပြည့်ရင် ပြန်။ ဒါ ထုံးစံ။
ကံညွန့်က ပိုက်ကိုထမ်း၊ အိတ်ဖြူသုံးလေးလုံး ထမ်းပြီး ယူလာသည်။
“ဟဲ့ … ကံညွန့်ရဲ့ လောဘကြီးလှချေလား”
“ဟုတ်ပါ့ကွာ။ မသိရင် ဖားကို နိုင်ငံခြားပို့မယ့်ပစ္စည်းကျနေတာပဲ”
“တစ်အိုးချက် တစ်ရက်ချက်ဆို တော်သေး။ ခုတော့”
“ပြောမနေပါနဲ့ကွာ။ သူ့ထိုက်နဲ့ သူ့ကံပဲ”
“အေး… သူ့ကံက အရေးမကြီးဘူး။ ဖားကျတာ ပိုက်ခံထားရင် နောက်နှစ် ဖားမကျဘဲနေမှာ စိုးရိမ်မိတာကွ”
ကံညွန့်ကိုကြည့်ရင်း ရွာထဲကလူတွေ၏စကားက ရိုးပြတ်ချောင်းဘေးမှာ ဆူညံနေသယောင်။ ကံညွန့်ကတော့ ပိုက်ကိုထမ်းရင်း ချောင်းဘေးစပ်မှာ ပြင်ဆင် နေပြီ။
မကြာပါ။ ရွာက လူတွေသည် တောင်စောင်းပေါ်က ကျနေသော ဖားများကို ကောက်သည်။ လူသံ၊ ရယ်သံနှင့် ဖားမြည်သံတွေက အပြိုင်သား။
အတော်အတန်အသင့် ရကြတော့ ပြန်သွားကြသည်။
သည်နှစ် ဖားကျကောင်းသည်။ တစ်ကောင်ချင်းကျသည့် အကောင်များကိုသာ ခွဲပြီးကောက်ကြသည်။ တစ်နေရာ တောင်ကုန်းစောင်းမှာတော့ ဖားတွေက အတုံးလိုက်အခဲလိုက်။ တင်းတောင်းကြီးခန့်ရှိ အလုံးမျိုးတွေ။
ဖားများက တစ်ကောင်နှင့်တစ်ကောင် ဖက်တွယ်ထား၍ အလုံးကြီး ဖြစ်နေခြင်းပင်။ ဒါကို ဖားလုံးကျသည်ဟု ခေါ်သည်။
ယခုလို ဖားလုံးကျသည့်နှစ် ဆိုရင် ထူးခြားမှုရှိတတ်သည်။ မိုးလေဝသ ကောင်းသည်။ ဆန်ရေစပါး ပေါသည်။ အလှူအတန်းများသည်။ ဒါ လုံးဝ သဘောလက်ခံထားခဲ့၏။
ကံညွန့်က အလုံးလိုက် အခဲလိုက်ကျနေသော ဖားများကို ပိုက်နှင့်ခံရင်း ရှိသည်။ ပိုက်ထဲမိလာသော ဖားများကို အိတ်တွေထဲ သဲ့ပြီး ထည့်နေသည်။
ကံညွန့်နှင့် မလှမ်းမကမ်းရှိ ရွာသားများက ကံညွန့်လုပ်ပုံကို ခေါင်းခါ စိတ်ပျက်စွာကြည့်ရင်း နှာခေါင်းရှုံ့ကြ၊ အပြစ်ပြောကြနှင့်။
“ကံညွန့်က ပြောမရ၊ ဆိုမရ၊ တားမရနဲ့ ။ ကြည့်စမ်း … လောဘကြီးလိုက်တာ လွန်ရော”
“မလုပ်သင့်တာလုပ်၊ ထုံးတမ်းကိုဖျက်ရင်တော့ အသက်ထွက်မှာ ကျိန်းသေပဲ”
“ဒီကောင် အသက်ထွက်မှာထက် လာမယ့်နှစ်မှာ ဖားမကျမှာပဲ စိုးရိမ်တာ”
အသံများကို ကံညွန့် ကြားသည်။ ထို့အတူ အေးဆောင်လည်း ကြားပါ၏။
ကံညွန့် မရောက်ခင်ကတည်းက အေးဆောင် ရောက်နှင့်ပြီး ဖားကောက်နေခဲ့သည်ကိုး။
“အေးဆောင် … မင်းလူကို သွားပြောချေအုံးကွ”
အနီးရှိ ကိုသာအေးက ဖားကောက်ရင်း တိုက်တွန်း လာချေပြီ။
“ကျုပ် အရင် ပိုက်ငှားလာတယ် ကြားကတည်းက တားတာ။ လက်မခံဘူးလေ။ ခု ပြောကြည့်ရအုံးမှာပေါ့”
ပြောရင်းနှင့် ကံညွန့်ဆီ လာခဲ့သည်။ ဝန်းကျင်က ပြာမှိုင်းနေ၏။ မိုးက ခပ်ဖွဲဖွဲကျနေပြီ။ တောင်လေအေးက အားအင်ချည့်နဲ့စွာနှင့် တိုက်ခတ်ဆဲ။ လေကအေး၊ မိုးကအေး၊ ဖားက ကျ။
“ကံညွန့်”
ခေါ်သံကြောင့် ကံညွန့်က အလုံးလိုက်ကျနေသော ဖားများကို အိတ်ထဲထည့်ရင်း လှည့်ကြည့်သည်။
“ဘာလဲ အေးဆောင်၊ ဘာလဲကွာ။ ဒီမှာ အလုပ်ရှုပ်ရတဲ့အထဲ”
“မင်း သိတတ်မယ်၊ နားလည်တတ်မယ်၊ လက်ခံမယ်ထင်လို့ ငါ လာပြောတာပဲ။ ရွာထဲက လူတွေကလည်း တားဖို့ပြောနေကြပြီ ကံညွန့်”
“နေပါအုံး။ ဒီချောင်းရယ်၊ ဒီတောင်ကုန်းရယ်၊ ဒီဖားတွေရယ်က ဘယ်သူပိုင်တာလဲ”
“အေး … အများပိုင်၊ အများဆိုင်မို့ အများဆန္ဒကို လိုက်လျောရမယ်လေကွာ”
“ဟ … ဘာဆိုင်လဲကွ။ အများဆိုင်မို့ ငါထင်ရာလုပ်တာပေါ့”
မီးဝင်းဝင်းတောက် မျက်လုံးများနှင့် ကြည့်ရင်းပြောလာသည့် ကံညွန့် အသံက မာကျောလွန်းချေပြီ”
“အင်းလေ … မင်းက ခေါင်းမာတဲ့ကောင်၊ လောဘကြီးတဲ့ကောင်ကိုး”
“ဘာကွ”
ပြောရင်းနှင့် ကံညွန့်က အေးဆောင်အနီးရပ်ရင်း ခါးထောက်ထားသည်။
“ဒီမယ် အေးဆောင်၊ ခွာညိုနဲ့တုန်းက ငါသိရက်နဲ့ ချစ်ရေးဆိုခဲ့တယ်။ သိတယ်ဆိုတာ မင်းနဲ့ ခွာညို ငြိနေတာကို သိတာ။ ခွာညိုက မင်းအပေါ် အလေးသာ တယ်။ ငါ့အပေါ် အလေးမသာခဲ့ဘူး။ ဒီကတည်းက မင်းကို မကျေနပ်တာ သိလား။ သွားကွာ… သွား”
“ပုဂ္ဂလိကအရေးနဲ့ အများအရေး၊ မဆိုင်ပါဘူးကွာ”
“ဟာ … ဒီကောင်၊ ကဲကွာ”
“ခွပ်”
“အား”
ကံညွန့်က ပြောရင်းနှင့် အနီးရှိတုတ်နှင့် အေးဆောင်ခေါင်းကို ရိုက်ချလိုက်၏။ နာကျင်မှုနှင့်အတူ အေးဆောင် ခေါင်းကွဲသွားချေပြီ။ သွေးစအချို့ စီးကျလာသည်။
“ဟာ ကံညွန့်နဲ့ အေးဆောင်”
“တုတ်နဲ့ ချနေပြီဟေ့။ လာကြ”
ရွာသားတွေ ပြေးလာကြသည်။ အေးဆောင်မှာ ခေါင်းကိုဖိလိုက်၊ လက်က သွေးများကို ကြည့်လိုက်နှင့်။ ပြီး ကံညွန့်ကို စူးစိုက်ကြည့်နေမိသည်။
“အေးဆောင် … အေးဆောင်၊ ဟာ သွေးတွေအများကြီးပဲ”
“မင်းကွာ… ကိုယ့်ရပ်ရွာသားကို လုပ်ရက်တယ်”
ရွာထဲက လူတွေက ကံညွန့်ကိုအပြစ်တင်ရင်း အေးဆောင်ကို ဝိုင်းပြီး ပြုစုနေသည်။ ထိုအချိန် …
“အေးဆောင် … အေးဆောင်”
ခေါ်သံကြောင့် အေးဆောင် ကြည့်မိတော့ ခွာညို။
xxx xxx xxx
“ဒီမယ် ကံညွန့် … ရပ်ရွာလူတွေရဲ့စိတ်က ဖားလုံးကျရင် ပိုက်နဲ့မခံကြပါနဲ့လို့ ပြောတာ။ ပိုက်နဲ့ခံတဲ့လှု သေတတ်လို့။ ဖြစ်တတ်လို့ မသေအောင်၊ မဖြစ်အောင် ပြောတာ။ ရပ်ရွာလည်း မနာအောင်လို့ တားတာ။ ခုတော့ စေတနာနဲ့ ပြောတဲ့လူကို ရက်စက်ရဲတယ်။ ဟင်… နင်ကလေ”
ခွာညိုက ပြောရင်း ကံညွန့်ကို မျက်စောင်းထိုးကြည့်သည်။ ပြီး အေးဆောင်ကို ပြုစုဆဲ။ ခေါင်းထက် ပေါင်းထားသော တဘက်နှင့် စည်းပေးလိုက်၏။
“အေးဆောင် နာလားဟင်။ ဟင်း… ကံညွန့်ရယ်၊ နင့်အဖေသေခဲ့ရတာ နင်တို့ ငါတို့ ငယ်ငယ်က တွေ့ဖူးတယ်။ ဖားလုံးကျတာကို ပိုက်နဲ့ခံ၊ မကြာပါဘူး သေပွဲဝင်ခဲ့ရတယ်။ နင့်အဖေ မသေခင်နှစ်တွေက ဖားကျပေးသလား၊ မပေးခဲ့ဘူးလား။ ဟော နင့်အဖေသေတော့ ဖားကျပေးခဲ့တာလေ။ ဒါ နင်မြင်ချင်သေးလား”
ကံညွန့် ဘာမျှ မပြောတော့။ ခွာညိုက စကားဆက်သည်။
“ဖားကျရာက ခွာညို ရောက်လာတာက နင်ပိုက်နဲ့ခံနေတာသိလို့ လာပြောရင်း ထွက်လာတာ။ ခုတော့ နင်က…”
အေးဆောင်မှာ သွေးလွှမ်းနေသော မျက်နှာပြင်ထက်မှ မျက်ဝန်းများဖြင့် ကံညွန့်ကို ခွင့်လွှတ်အကြည့်တွေနှင့် ကြည့်ဆဲ။
“ခွာညိုပြောသလို မင်း ဒုက္ခတွေ့မှာစိုးလို့၊ နားထောင်မယ်ထင်လို့၊ အား …. ကျွတ် …ကျွတ်”
“ကဲ … ပြောမနေနဲ့။ နားမထောင်ရင်နေ။ ရွာပြန်မယ်။ ဆေးခန်းပြရမယ်။ တော်ကြာ သွေးလွန်ပြီး ဒုက္ခတွေ့နေမှ။
ဒီမယ် ကံညွန့် … နင် ငါ့အချစ်ကို ဘယ်တော့မှ မမျှော်လင့်နဲ့။ ငါ… ငါချစ်တာ အေးဆောင်။ လောဘမကြီးတဲ့ အေးဆောင်ပဲ … သိလား”
အေးဆောင်၊ ခွာညိုနှင့် ရွာသားအချို့ ရွာဆီပြန်ခဲ့ကြချေပြီ။
ထိုအချိန် ကံညွန့် မှာ ဖားအိတ်တွေအနား ရပ်ရင်းရှိသည်။ ခံထားသော ပိုက်ထဲမှာ ဖားတွေက အပြည့်။
လှမ်းပြီးကြည့်လိုက်တော့ အေးဆောင်ကို ခွာညိုကတွဲပြီး ရွာဆီသွားနေချေပြီ။ ရင်ထဲမှာ လစ်ဟာမှုတွေနှင့် ဆုံးရှုံးမှုတွေ အများအပြားလောင်ကျွမ်း လက်ခံလိုက်ရပြီဆိုတာ သိလိုက်ပြီ။
ကံညွန့်ငေးရင်း ရပ်နေဆဲ။
ထိုအချိန် အေးဆောင်ကို ခွာညိုက ထိန်းရင်း စကားတွေပြောကာ သွားနေကြပြီ။
အေးဆောင်၏ မိဘများကို မြင်ရသည်။ ကံညွန့် မိခင်ကြီး အပြေးလာသည်ကို တွေ့ရသည်။
လောဘတရားသည် လောဘသား လူ အပေါ် သက်ရောက်မှုအားပြင်းစွာ တိုက်ခိုက်တတ်ကြောင်း ကံညွန့်သိပေမယ့် နောက် ကျခဲ့ပြီ။
ထိုအချိန် လက်ချင်းတွဲ အကြည့်ချင်းစကားပြောလာသည့် အေးဆောင်နှင့် ခွာညိုတို့၏ ချစ်သက်သေစကားများကို ရွာသားတွေ နားလည်ကြမည်ထင်သည်။ ခွာညို၏ အချစ်ကို လေးစားစွာကြည့်ရင်း ပြုံးသူက အေးဆောင်။
ချောင်းရေက ဖွေးနေပြီ။ မိုးကအေးနေပြီ။
သူတို့ရင်ထဲမှာလည်း နွေးမည် အေးမည်က အမှန်။
ကံညွန့်မှာတော့… ။
(ဆရာ တွင်းကြီးသားတင်ဝင်းဦး၏ ရိုးပြတ်တောမှာ ဖိုတေနေသည်နှင့် အခြားဝတ္ထုတိုများစာအုပ်မှ ကူးယူဖော်ပြပါသည်)
– ပြီး –
စာရေးသူ – တွင်းကြီးသားတင်ဝင်းဦး
စာစီစာရိုက် – မုဆိုး တံငါ စာပေများ