————————–
သူသည် ကန်ရေပြင်ကိုအကြောင်းမဲ့ ငေးမောကြည့်နေမိသည်။သောက်လက်စ စီးကရက် အတိုက ပြာကျနေလေပြီ။သူ ဆေးလိပ်ဖွာဖို့ကိုပင်မေ့နေသည်။သူ၏ စိတ်အတွေးသည် ပတ်ဝန်းကျင်မှအရာအားလုံးကိုမေ့နေသည်။နေရာက…မုဒုံ…ကန်ကြီး…။သူ၏ အရင်းနှီးဆုံး ကျောင်းနေဖက်သူငယ်ချင်းဖြစ်သူ ဥက္ကာက
ဤနေရာသို့ချိန်းထားသောကြောင့် ရောက်လာခြင်းဖြစ်သည်။ဥက္ကာနှင့် သူကဖားအောက်တောရအနီးရှိ ဂျီတီစီ(GTC)
ယခု ဂျီတီအိုင်(GTI) တွင် ကျောင်းအတူတက်ခဲ့ကြသည်။ဘွဲ့ရပြီးမှ
ဥက္ကာက စင်္ကာပူ တွင် ဘွဲ့လွန်သွားတက်ပြီး
ယခုမှ သူ့ဇာတိမုဒုံသို့ ပြန်ရောက်လာခြင်း
ဖြစ်သည်။သူက မော်လမြိုင်ဇာတိဖြစ်သည်။
ဥက္ကာက ပြန်ရောက်ရောက်ချင်းမှာပင် သူ့အားတွေ့ချင်သည်ဟုဖုန်းဆက်လာသောကြောင့် သူလည်း ယခုဝါဝင်ကာစတွင် အလုပ်ပိတ်ထားသဖြင့် ထွက်လာခဲ့ခြင်းဖြစ်သည်။
“ဂျိမ်း…”
ဆိုသောမိုးခြိမ်းသံနှင့်အတူ ပတ်ဝန်းကျင်တစ်ခုလုံးမှောင်ကျသွားပြီး
မိုးစက်မိုးပေါက်များကျလာသည်။သူလည်း
ကားရပ်ထားရာနေရာသို့ ပြန်လျှောက်လာသည်။ကားထဲမှဝင်ထိုင်နေမှ မိုးရေစိုသက်သာလိမ့်မည်မဟုတ်လား။
သူကားအနီးသို့ရောက်သောအခါ မိုးက သည်းထန်စွာရွာချလိုက်သည်။ကားထဲ အချိန်မီဝင်လိုက်၍သာ သက်သာရာရသွားသည်။ကားမှန်မှတစ်ဆင့်
အပြင်ဘက်သို့ကြည့်ကာ ဥက္ကာအား စောင့်နေမိသည်။သူ့မြင်ကွင်း ရှေ့တည့်တည့်မှ ကန်ရေပြင်အစပ်တွင် ကလေးမလေးတစ်ယောက်…မိုးထဲရေထဲတွင် သူရှိရာဘက်သို့ကျောပေးကာ ဆောင့်ကြောင့်ထိုင်နေသည်။အနီးအနားကို
သူမျက်လုံးဝေ့ကြည့်လိုက်သည်။ကလေးလေး၏ မိဘ ဆွေမျိုးများရှိလိုရှိငြား။သို့သော်
မိုးက သည်းထန်စွာရွာချနေပြီဖြစ်၍ ထိုအနီးအနားတစ်ဝိုက်တွင်လူသူများ ကင်းရှင်းနေသည်။မဖြစ်ပေဘူး…ဒီကလေးမ ကြာရင်အအေးမိပြီး ဒုက္ခများပေတော့မည်။
“မိဘတွေကလည်း
အတော့ပေါ့လျော့ကြတာပဲ…”
သူတွေးရင်း ကားထဲမှ ထီးတစ်လက်ကိုယူပြီး အပြင်ထွက်ကာ
ကလေးမလေးထံလျှောက်သွားလိုက်သည်။
“သမီးလေး…သမီးလေးမိဘတွေရော”
သူက ထီးဖြင့်မိုးပေးထားရင်း မေးလိုက်သည်။ကလေးမက ဘာမှပြန်မပြောပဲ ခေါင်းသာ ခါပြသည်။
“သမီး မိဘတွေနဲ့လမ်းကွဲနေတာလား…လာခဲ့..ဦးလေးကားပေါ်မှာလာထိုင်နေ…ဒီမှာ မိုးကသည်းနေတယ်…သမီးနေမကောင်းဖြစ်လိမ့်မယ်”
ကလေးမလေးက ဘာမှပြန်မပြော…။သူ ကလေးမလေး၏လက်တစ်ဖက်ကို ဆွဲကာ
ကားရှိရာသို့ခေါ်ခဲ့သည်။မိုးမိထား၍လား မပြောတတ်…ကလေးမလေး၏ လက်က
အေးစက်လွန်းနေသည်ဟု သူထင်မိသည်။
“သမီးနာမည်ဘယ်လိုခေါ်လဲ…ဘယ်မှာနေတာလဲ…ဦးပြန်ပို့ပေးမယ်”
ကားဆီလျှောက်လာရင်း သူမေးလိုက်သည်။
ကလေးမလေးက ဘာမှပြန်မဖြေ။သူလည်း
နောက်မှအေးဆေးမေးမြန်းတော့မည်ဟု
စဉ်းစားကာ ကားနောက်ခန်းတံခါးကိုဖွင့်ပြီး အထဲ ဝင်ထိုင်ခိုင်းလိုက်သည်။ထို့နောက်
တံခါးပြန်ပိတ်ကာ အရှေ့ဘက်သို့ပြန်လျှောက်ကာ ကားထဲဝင်မည်အပြု…
“သားကြီး…စောင့်နေတာ ကြာပြီလား…”
ဆိုသော ဥက္ကာ၏ အသံကြောင့် သူလည်း
လက်တစ်ဖက်ကိုထောင်ပြပြီး ဝှေ့ယှမ်း နှုတ်ဆက်လိုက်သည်။ဥက္ကာက အငှါးဆိုင်ကယ်ပေါ်မှ ဆင်းကာ ပိုက်ဆံရှင်းပေးပြီး သူ့ထံသို့လျှောက်လာသည်။
“ကဲ ကဲ…ကားထဲဝင်…တစ်ဆိုင်ဆိုင်သွားပြီး
စကားအေးဆေးပြောကြတာပေါ့ကွာ…အဲ..
မသွားခင်ကလေးမလေးတစ်ယောက်ကို
သူ့အိမ်ပြန်ပို့ရဦးမယ်ကွ”
ပြောပြောဆိုဆိုဖြင့် သူတို့ကားထဲ ဝင်ထိုင်လိုက်ကြပြီး သူက နောက်ဘက်သို့လှည့်ကြည့်လိုက်မိသည်။
“ဟင်…ကလေးမလေးဘယ်ရောက်သွားတာလဲ”
သူ့စကားကြောင့် ဥက္ကာ ကသူ့အား မျက်မှောင်ကျုံ့၍ကြည့်ကာ…
“ဘာကလေးလဲဟ…”
ဟု အူကြောင်ကြောင်ပြန်မေးသည်။
“မင်းမလာခင်လေးကပဲ ကလေးတစ်ယောက်မိုးရေထဲမှာ ထိုင်နေလို့
ငါကားထဲခေါ်ပြီးထိုင်ခိုင်းထားတာကွ…ဟိုနေရာမှာ ရေစိုနေသေးတယ် တွေ့လား”
ဟုတ်ပါသည်…စောစောက ကလေးမလေး
ထိုင်သွားသောနေရာတွင် ရေစိုကွက်ကြီး ရှိနေသည်။
“ကဲပါကွာ…ငါတို့စကားပြောနေတုန်း ပြန်ဆင်းသွားတာနေမှာပေါ့…စိတ်ထဲမထားနဲ့…ငါတို့ဘယ်သွားကြမလဲ…အရင်က ထိုင်နေကျ အေဝမ်း ကိုပဲလစ်ကြမလား”
“အေး ကောင်းသားပဲ…ငါလည်း အေဝမ်း ကိုမရောက်တာကြာပြီကွ”
ပြောပြောဆိုဆိုဖြင့် သူလည်း အေဝမ်း ဘီယာဆိုင်သို့ မောင်းထွက်ခဲ့သည်။စိတ်ထဲမှာတော့ စနိုးစနောင့်ဖြင့် ကလေးမလေးအကြောင်းကိုတွေးနေမိသည်။ဆိုင်သို့ရောက်သောအခါ ငါးနာရီခွဲနေလေပြီ။စည်ဘီယာ တစ်ဂျား…
ဝက်နံရိုးကြော် နှင့် ကြက်ကင်အချို့ကို မှာယူ သောက်စားကြရင်း ရှေးဟောင်းနှောင်းဖြစ်များပြန်ပြောရင်း
ငယ်ဘဝအတိတ်တို့ထံ ခေတ္တပြန်ရောက်သွားကြသည်။စကားကောင်းနေချိန်တွင် စားပွဲထိုးလေးတစ်ယောက်
သူတို့စားပွဲအနီးသို့လာရပ်၍ပြောသည်။
“အကိုတို့…ဟိုမှရပ်ထားတဲ့ကားအနီလေးက
အကိုတို့ကားလားခင်ဗျ”
“ဟုတ်ပါတယ်…ဘာဖြစ်လို့လဲခင်ဗျ”
“ဟုတ်ကဲ့…ကားထဲမှာကလေးတစ်ယောက်
ရေစိုအဝတ်အစားတွေနဲ့ထိုင်နေတာကြာပြီ
ခင်ဗျ…အဲ့ဒါ..အကိုတို့စကားကောင်းနေလို့
ကလေးကို မေ့နေသလားလို့ပါ”
“ဗျာ…”
“ဟင်…”
သူ ကမန်းကတန်းထကာ ကားဆီလျှောက်သွားပြီး အတွင်းသို့ ကြည့်လိုက်သည်။မည်သူ့ကိုမှမတွေ့။သေချာအောင်ကားတံခါးကို ဖွင့်ကြည့်သော်လည်း
မည်သူမှမရှိ။သူနှင့်အတူ လိုက်လာသော
စားပွဲထိုးလေးက ခေါင်းကိုကုတ်ကာ ဝေခွဲမရဖြစ်နေဟန်ရှိသည်။သူလည်း စိတ်ရှုပ်ထွေးစွာဖြင့် သောက်လက်စ ဝိုင်းသို့ပြန်လာကာ ဆက်သောက်နေရင်း
စကားများပြောနေမိသည်။ည ရှစ်နာရီထိုးခါနီးမှ ဥက္ကာကို သူ၏နေအိမ်သို့
ပြန်ပို့ကာ တစ်ယောက်တည်း မော်လမြိုင်သို့
ပြန်ခဲ့သည်။ကားမောင်းနေရင်း သူ၏ နောက်ကျောဘက်မှ တစ်စုံတစ်ယောက် စိုက်ကြည့်နေသလို ခံစားနေရသည်။သူ့တစ်ကိုယ်လုံး အေးစိမ့်ကာ ကြက်သီးများထနေသည်။
နောက်ကြည့်မှန်မှ မသိမသာ အနောက်ဘက်သို့ လှမ်းကြည့်သော်လည်း
ဘာမှမတွေ့ရသဖြင့် စိတ်ထင်လို့ဖြစ်မှာပါ ဟုဖြေတွေးတွေးလိုက်သည်။အိမ်ရှေ့ရောက်တော့ သူကားဟွန်းတီးလိုက်သည်။မိုးက
တိတ်သွားလေပြီ။ဇနီးဖြစ်သူ မေသူ က
ခြံတံခါးကိုလာဖွင့်ပေးသည်။ငါးနှစ်အရွယ်သမီးလေး မေနှင်းဖြူက အိမ်ပေါက်ဝတွင် စောင့်ကြိုနေသည်။အိမ်ရှေ့ဆင်ဝင်အောက်တွင်ကားရပ်လိုက်သောအခါ သမီးလေးက
သူ့ထံပြေးလာသည်။သူက သမီးလေးအား
ပွေ့ချီကာ ပါးပြင်အားနမ်းရှုံ့လိုက်သည်။
“အကို နောက်ကျလှချည်လား”
ဇနီးသည်က လှမ်းပြောသည်။
“အေးကွာ ဥက္ကာနဲ့စကားပြောကောင်းနေလို့.
ထမင်းစားပြီးကြပြီလား”
“မစားရသေးဘူး…အကို့ကို စောင့်နေတာ…”
“ဒါဆိုလည်း ခဏစောင့် ရေချိုးပြီးတာနဲ့ ထမင်းအတူစားကြတာပေါ့”
သမီးလေးကို အောက်ပြန်ချလိုက်ပြီး သူလည်း အိမ်ထဲသို့ဝင်သွားသည်။မေသူ လည်း ထမင်းပွဲပြင်ရန် အိမ်ထဲသို့ဝင်သွားသည်။မေနှင်းဖြူသည်
တစ်ယောက်တည်းကျန်သောအချိန်မှ
ကားထဲသို့ စူးစိုက်ကြည့်နေသည်။
“အိမ်ထဲဝင်မလို့လား”
သူမ တစ်ယောက်တည်းပြောလိုက်ပြီး လက်တစ်ဖက် ကို တစ်စုံတစ်ယောက်ထံ
ကမ်းပေးလိုက်သည်။ကားတံခါးက ဖြေးညှင်းစွာပွင့်လာသည်။ထို့နောက် ပြန်ပိတ်သွားချိန်တွင် မေနှင်းဖြူ အိမ်ထဲသို့
လှမ်းဝင်သွားသည်။သူမတစ်ယောက်တည်း
ဝင်သွားခြင်းဖြစ်သည်။သို့သော်…သူမ ဘေးတွင် ရေစိုနေသော ခြေရာသေးသေးလေး တစ်စုံက သူမနှင့်အတူ လိုက်ပါသွားသည်ကိုမူ ကျန်လူများ သတိမထားမိလိုက်ကြပေ။
သူတို့မွေးထားသော ခွေးကလေး စုတ်ဖွား ကမူ ထိုအချင်းအရာကိုကြည့်ကာ တအီအီဖြင့် ချောင်တစ်ခုသို့သွားကာ ငြိမ်သက်နေတော့သည်။
* * *
ထမင်းစားရန်ပြင်ဆင်ပြီး စားပွဲတွင် အသီးသီးနေရာယူပြီးမှ သမီးလေးမေနှင်းဖြူ မရောက်လာသေးသဖြင့် မေသူ သမီးလေး၏အိပ်ခန်းရှိရာသို့ လျှောက်သွားလိုက်သည်။သူမ အခန်းဝ သို့
ရောက်သောအခါ သမီးလေး၏ အသံကို ကြားလိုက်ရသည်။
“နေလို့ရပါတယ်…မီးမီးအခန်းမှာနေပေါ့…
မေမေတို့ကိုလည်းပြောပေးမယ်လေ…”
“ဒါနဲ့ မမ ပုံဆွဲတတ်လား… မီးမီးဆွဲပြမယ်…
ဒီမှာကြည့်”
မေသူ အခန်းထဲမဝင်ဖြစ်သေးပဲ အသာနားထောင်နေမိသည်။သမီးလေး အခန်းမှာ ဘယ်သူရောက်နေပါလိမ့်။သူမ
တံခါးကိုအသာအယာ တွန်းဖွင့်ကာ ကြည့်လိုက်သည်။မေနှင်းဖြူက ကုတင်ပေါ်တွင် ပုံဆွဲစာအုပ်တစ်အုပ်တွင်
ခဲတံဖြင့်ရေးခြစ်နေသည်။သူမအနားတွင်
မည်သူမှမရှိ။မေသူ ကြက်သီးများထသွားမိပြီး သမီးဖြစ်သူထံ
လျှောက်သွားလိုက်သည်။
“သမီး…ထမင်းစားမယ်လေ…ဘာလုပ်နေတာလဲ”
မေနှင်းဖြူက သူမအား တစ်ချက်မျှမော့ကြည့်ပြီး ပြန်ငုံ့ကာ ဆွဲလက်စ လူသဏ္ဍာန်ကာတွန်းပုံလေးကို
ပြန်ဆွဲရင် ပြောသည်။
“ဒီမှာလေ…မမကိုပုံဆွဲပြနေတာ”
သူမ အံ့အားသင့်သွားပြီး….
“ဘယ်ကမမလဲ…ကဲကဲ…လာတော့…နောက်မှ ဆွဲတော့…ထမင်းအရင်သွားစားကြမယ်…
ဖေဖေကထမင်းစားဖို့စောင့်နေပြီ”
မေနှင်းဖြူ ကခဲတံကို စာအုပ်ပေါ်တင်ကာ
သူမ ခေါ်ဆောင်ရာသို့ လိုက်ခဲ့ရင်း အခန်းဝအရောက်တွင် နောက်သို့လှည့်ကြည့်ကာ လက်ကာပြသွားသည်။မေသူလည်း အခန်းအပြင်ရောက်သောအခါ အခန်းတံခါးကို ပိတ်လိုက်သည်။အခန်းထဲတွင်တော့…
သူမတို့အား စူးစိုက်ကြည့်ကာ ကျန်ခဲ့သော…ရေစိုနေသော ကလေးမလေးတစ်ယောက်…။
ကျောင်းပေါက်ဝနားမှ စောင့်နေကျ အပင်ကြီးအောက်တွင်ဆိုင်ကယ်ကို ရပ်လိုက်ပြီး ကျောင်းထဲမှ ထွက်လာမည့်
သမီးဖြစ်သူ မေနှင်းဖြူအား မေသူစောင့်နေလိုက်သည်။မကြာမီ ကျောင်းဆင်းခေါင်းလောင်းထိုးပြီဖြစ်၍
နိုင်ငံတော်သီချင်းဆိုသံကိုကြားနေရသည်။
ထို့နောက်ကျောင်းသား
ကျောင်းသူကလေးများအယုအယက်
ကျောင်းဝင်းအပြင်သို့ပြေးထွက်လာကြသည်။သူမ ထိုမြင်ကွင်းကိုကြည့်ကာ ငယ်စဉ်က ကလေးဘဝကို ပြန်သတိရသလိုရှိကာ ပြုံးမိသေးသည်။
ကျောင်းသား ကျောင်းသူများ ကုန်သလောက်ရှိနေပြီ။မေနှင်းဖြူကို မတွေ့ရသေး။သို့သော် သူမ စိတ်မပူပါ…
ဤနေရာတွင် သူမနေ့တိုင်းလာစောင့်နေကျဖြစ်ပြီး မေနှင်းဖြူ ကလည်း သိနေပြီပဲမဟုတ်လား။
အတန်ကြာသည်အထိ မေနှင်းဖြူကို မတွေ့ရသေး။ထိုအချိန်တွင်…
“ဟဲ့ဟဲ့…ဘယ်က ကလေးလဲ…ဆွဲကြဦးဟ..
လမ်းကို မကြည့်ပဲဖြတ်ကူးနေပြီ…
ကလေးအဖေ အမေတွေဘယ်မှာလဲ”
ဆိုသော ဆူဆူညံညံ အသံများကြောင့် သူမ
ထိုနေရာသို့လှမ်းကြည့်လိုက်သည်။ကလေးတစ်ယောက်…ဘေးဘီဝဲယာသို့ မကြည့်ပဲ
ရှေ့တည့်တည့်ကိုသာကြည့်ပြီး ကားလမ်း
တစ်ဖက်သို့ လျှောက်သွားနေသည်။
“မေနှင်းဖြူ”
သူမ ပါးစပ်မှ အာမေဠိတ်သံထွက်သွားပြီး
ချက်ချင်း ထိုနေရာသို့ပြေးသွားသည်။
မေနှင်းဖြူက ကားလမ်းအလယ်သို့ပင် ရောက်နေပြီ။ထိုစဉ်…ကားလမ်းတစ်ဖက်မှ
အရှိဖြင့်ကွေ့ဝင်လာသော လော်ရီကားကြီးတစ်စင်းက ကလေးမလေးထံတည့်တည့်ဝင်လာသည်။
မေသူမျက်လုံးများပြာဝေသွားပြီး မူးမိုက်ကျသွားသည်။သူမနားထဲတွင် ကားဘရိတ်အုပ်သံများ…ကတ္တရာလမ်းနှင့်
ကားဘီးတာယာပွတ်သောကြောင့် ထွက်လာသောအသံများကိုကြားနေရသည်။
ထို့နောက်…မှောင်အတိကျသွားတော့သည်။
သူမ သတိပြန်ရလာတော့ အိပ်ယာထဲပြန်ရောက်နေပြီ။သတိရရချင်း
ဘေးဘီသို့ လိုက်ကြည့်လိုက်ရာ ခင်ပွန်းဖြစ်သူ ထွန်းလင်း နှင့် သမီးလေး
မြနှင်းဖြူ အပါအဝင် သတင်းလာမေးသော
ဆွေမျိုးအချို့နှင့်အိမ်နီးနားချင်းများကို
တွေ့လိုက်ရသည်။သမီးလေးအား သူမ ပွေ့ဖက်လိုက်ရင်း မျက်ရည်များ စီးကျလာသည်။ထွန်းလင်း ကသူမအား
ရေအေးအေးတစ်ခွက်ကမ်းပေးသဖြင့်
သူမမော့သောက်လိုက်သည်။
“သတိရလာပြီလား မေသူ”
သူမ ခေါင်းသာညိတ်ပြလိုက်သည်။သူမအား
ဆေးလာထိုးပေးသော ဆရာဝန်က နှုတ်ဆက်ကာပြန်သွားသည်။ကျန်လူများလည်း အသီးသီးပြန်သွားသောအခါမှ သမီးဖြစ်သူအား သူမမေးလိုက်သည်။
“သမီးလေးရယ်…မေမေ့ဆီမလာပဲနဲ့ ဘာဖြစ်လို့ လမ်းကိုဖြတ်ကူးသွားရတာလဲ…
မေမေနေ့တိုင်းအဲ့နေရာမှာစောင့်နေတာ သမီးသိသိကြီးနဲ့”
မေနှင်းဖြူက အပြစ်ကင်းစင်သော မျက်လုံးဝိုင်းကလေးများနှင့်သူမအား ပြန်ကြည့်ကာ ပြောလာသည်။
“သမီး မေမေ့ကို ဟိုဘက်လမ်းမှာတွေ့တယ်…မေမေက သမီးကို လက်ယပ်ပြီးခေါ်နေလို့ သမီးသွားတာလေ”
“ဟင်…ဘယ်လို”
သမီးစကားကြောင့် သူမ အံ့အားသင့်သွားမိသည်။
“ကဲ…နောက်ဆို သမီးလေးကို သေချာစောင့်ကြည့်…ခုတောင် ကံကောင်းလို့…ကားသမားက ဘရိတ်နင်းပြီး ဘေးကိုဆွဲချလိုက်တာမြန်လို့…ခဏနေဦး…
ဆန်ပြုက်သွားယူပေးမယ်”
ထွန်းလင်းက ပြောပြောဆိုဆိုဖြင့် မီးဖိုခန်းဘက် ထွက်သွားမှ သမီးအား
သူမထပ်မေးလိုက်သည်။
“သမီးစောစောကပြောတာဘာလဲ…မေမေက သမီးကို ဟိုဘက်လမ်းကလှမ်းခေါ်တယ်
ဟုတ်လား”
သမီးက ခေါင်းညိတ်ပြီးပြန်ပြောသည်။
“ဟုတ်တယ်…ဒါပေမယ့် သမီးလမ်းလယ်ရောက်မှ မေမေမဟုတ်တော့ပဲနဲ့…”
“ဟင်…ဘာ…ဘယ်လို”
“ဟုတ်တယ်…မေမေ မဟုတ်တော့ပဲနဲ့…မမ
ဖြစ်နေတယ်”
“ဟင်”
ထိုစဉ် ထွန်းလင်းက ဆန်ပြုက်ပန်းကန်ကို
ကိုင်ကာ ဝင်လာသဖြင့် စကားစ ပြတ်သွားကြသည်။
ည သည် တိတ်ဆိတ်နေသည်။ဆေးအရှိန်ကြောင့် ညနေကတည်းက အိပ်ပျော်နေသော မေသူ
တရေးနိုးလာသည်။နာရီကိုကြည့်လိုက်သော
အခါ ည ဆယ့်တစ်နာရီခွဲ…။အခန်းအပြင်ဘက်မှ ခြေသံ တရှပ်ရှပ်ကိုကြားနေသကဲ့သို့ သူမစိတ်ထဲထင်မိသဖြင့် အသာ နားစိုက်ထောင်လိုက်သည်။
“ရှပ်…ရှပ်…ရှပ်”
သေချာသည်…တစ်စုံတစ်ယောက်၏ခြေသံ။ဘေးတွင် ခင်ပွန်းဖြစ်သူထွန်းလင်းက အိပ်ပျော်နေသည်။သူမစိတ်ထဲ သမီးလေးအား စိုးရိမ်သွားမိသည်။ယခုတလော သမီးလေး
ပြောသောစကားများထူးဆန်းနေသည်မဟုတ်လား။သူမ တိတ်တဆိတ် ကုတင်ပေါ်မှ
ဆင်းကာ အခန်းတံခါးကို အသာအယာဟကာ အပြင်သို့ ခြေသံလုံလုံ နင်းကာ ထွက်ခဲ့သည်။လရောင်အချို့က မှန်ပြတင်းပေါက်မှတစ်ဆင့် အိမ်ထဲသို့ ဖြာကျနေသဖြင့် မြင်ကွင်းက မကြည်လင်
လှသော်လည်း အမှောင်ထဲတွင် မျက်လုံးများ အသားကျသွားသောအခါ
အနည်းငယ် ရှင်းလင်းလာသည်။
“ဟင်…သမီးလေး…ဘယ်သွားတာပါလိမ့်”
ုမြနှင်းဖြူသည် သူမတို့အခန်းရှေ့မှ ခြေလှမ်းမှန်မှန်ဖြင့်လျှောက်သွားနေသည်။
သမီးလေးဘာလုပ်မည်ကိုသိလို၍ မေသူ
တိတ်တဆိတ်နောက်မှ လိုက်ချောင်းနေမိသည်။မေနှင်းဖြူသည်
အိမ်ဧည့်ခန်းဆီသို့ အသက်မဲ့နေသော ခြေလှမ်းများဖြင့် မှန်မှန်လှမ်းသွားနေသည်။
ဧည့်ခန်းထောင့်တစ်နေရာအရောက်တွင်
ဒူးထောက်ထိုင်ချလိုက်ပြီး သူမ၏ လက်နှစ်ဖက်က လျှင်မြန်စွာဖြင့် တစ်စုံတစ်ရာကိုလှမ်းကိုင်လိုက်သည်။
“အီ….အီ”
ခွေးကလေးစုတ်ဖွားသည် လည်ပင်းကို
အညှစ်ခံထားရသဖြင့် အသံတိုးတိုးသာ
ထွက်နိုင်ရှာသည်။မေနှင်းဖြူသည် ခွေးလေး
စုတ်ဖွား၏ လည်ပင်းကိုအတန်ကြာ ညှစ်ထားသည်။စုတ်ဖွားမှာ အကြောတို့ ဆန့်ကာ တစ်ခဏမျှ လှုပ်ရှားရုန်းကန်နေပြီးနောက်ငြိမ်ကျသွားသည်။မေနှင်းဖြူက သေသွားသော စုတ်ဖွား၏
မျက်လုံးအစုံကို လက်ချောင်းဖြင့် ထိုးကော်
ထုတ်လိုက်ပြီး ပါးစပ်ထဲထည့်ကာ ဝါးစားနေသည်ကို မေသူတွေ့နေရသဖြင့်
တစ်ကိုယ်လုံးတုန်ယင်လာသည်အထိ
ကြောက်ရွံ့နေမိသည်။ထို့နောက် စုတ်ဖွား၏
လည်ပင်းအား ကိုက်ဖြတ်လိုက်ပြီး စီးကျလာသော သွေးများကို ပါးစပ်ဖြင့်ခံကာ သောက်နေသည်။
“အေ့”
မေသူ ရွံရှာလွန်းသဖြင့် ပျို့တက်သွားမိသည်။သူမထံမှ အသံကြောင့် မေနှင်းဖြူ ငြိမ်သက်သွားပြီး
သူမရှိရာဘက်သို့ ခေါင်းလှည့်လာသည်။
သူမအသက်ပင်မရှူရဲပဲ နံရံကိုကျောကပ်ကာ ငြိမ်သက်နေမိသည်။
မေနှင်းဖြူက စုတ်ဖွားကို ကြမ်းပြင်ပေါ်ပြန်လွှတ်ချလိုက်သည်။
ထို့နောက် ခြေလှမ်းမှန်မှန်ဖြင့် လာလမ်းအတိုင်းပြန်လျှောက်လာရာ…
မေသူလည်း ခြေဖွဖွနင်းကာ အခန်းထဲသို့
ပြန်ဝင်ပြီး တံခါးကိုအသာအယာပြန်ပိတ်
ကာကုတင်ပေါ်ပြန်တက်လိုက်သည်။သူမ
နှလုံးခုန်သံကိုသူမပြန်ကြားနေရသည်။
သူမ ဘေးတွင်အိပ်ပျော်နေသော
ထွန်းလင်းအား လှုပ်နှိုးလိုက်သည်။ထွန်းလင်းကနိုးသွားပြီး
မျက်လုံးများကို ပွတ်သပ်ကာကြောင်စီစီဖြစ်နေသည်။သူမက
အသံမထွက်စေရန် လက်ညှိုးကို နှုတ်ခမ်းရှေ့တွင် ထောင်ပြလိုက်ရင်း တုန်ယင်နေသောအသံဖြင့်…
“အကို…သမီးလေးတစ်ခုခုဖြစ်နေပြီ…မေသူ
သတိထားမိတာကြာပြီ…ခုလည်းစုတ်ဖွားကို
သတ်လိုက်ပြီ”
ဟုပြောလိုက်သည်။
“ဟင်…ဟုတ်လား…ဘယ်မှာ”
သူ၏စကားမဆုံးခင်မှာပင် အခန်းရှေ့မှ
ခြေသံတစ်ရှပ်ရှပ်ကိုကြားလိုက်ရသဖြင့်
သူတို့ နှစ်ဦးသား တိတ်ဆိတ်သွားကြသည်။
ခြေသံက သူတို့အခန်းရှေ့တွင် ရပ်တန့်သွားသည်။ခေတ္တမျှထပ်၍နားစွင့်နေစဉ် ခြေသံက ဆက်လျှောက်သွားသည်။
မေသူမှာကြောက်လွန်း၍တစ်ကိုယ်လုံးတုန်ယင်နေရှာသည်။မေနှင်းဖြူ၏ အခန်းတံခါး
ပိတ်သံကြားလိုက်ရပြီးနောက် သူတို့နှစ်ဦး
ခြေကိုဖွဖွနင်းကာ ထိုအခန်းဘက်သို့ လျှောက်လာကြသည်။အခန်းဝသို့အရောက်တွင် ကလေးတစ်ယောက်သီချင်းဆိုနေသော
အသံလေးတွဲတွဲကိုကြားလိုက်ကြရသည်။
“မိတ္ထီလာကန်မယ်…ဖားကောက်ခဲ့ပါ့ကွယ်…
ဗျိုင်းရှေ့ကပျံကာပျံကာရယ်…”
အသံက ကလေးအသံဆိုသော်လည်း
သမီးလေးမေနှင်းဖြူ၏ အသံမဟုတ်။
သူတို့ တစ်ယောက်မျက်နှာတစ်ယောက်
ကြည့်လိုက်ကြသည်။
* * *
“အထဲမှာရှိနေတာဘယ်သူလဲ…ဘာလို့ ဒီမိသားစုကို နှောင့်ယှက်နေရတာလဲ”
ဆရာကြီးဦးယောန ကမေးလိုက်သော်လည်း
ုမေနှင်းဖြူ ဘာမှမတုန့်ပြန်။ဆရာကြီးက ရေမန်းဖြင့် ပက်ရင်း မေးလိုက်ပြန်သည်။
“အာခံမနေနဲ့တော့…မေးတာမြန်မြန်ဖြေ…
လိမ်ဖို့တော့မစဉ်းစားနဲ့နော်”
“အား…မေမေရေ ကယ်ပါဦး…ပူလိုက်တာ”
မေနှင်းဖြူကအော်ဟစ်နေသည်။
“ကဲ မေးတာမြန်မြန်ဖြေ…ဒီလူနာရဲ့ကိုယ်ထဲမှာ
ရှိနေတာ ဘယ်သူလဲ”
“သမီးပါ…ဖေဖေ မေမေတို့ရဲ့သမီး…မေနှင်းသူပါ…”
“ဟင်…”
“ဟင်…သ…သမီးလေး…မေနှင်းသူလား”
မေသူနှင့်ထွန်းလင်းထံမှ အာမေဠိတ်သံများ
ကိုယ်စီထွက်ပေါ်လာသဖြင့် ဆရာကြီးက
သူတို့အားငဲ့စောင်းကြည့်လာသည်။မေသူ က မေနှင်းဖြူ တဖြစ်လည်း မေနှင်းသူ ထံ
ပြေးသွားပြီး ဖက်ငိုနေသည်။
“သမီးလေးရယ်…ခုထိရှိနေတုန်းလားကွယ်”
သူတို့ လွန်ခဲ့သော နှစ်အချို့ထံပြန်ရောက်သွားသည်။ညားကာစ ဇနီးမောင်နှံ ထွန်းလင်းနှင့် မေသူ တို့ထံသို့
အိမ်ထောင်သက် တစ်နှစ်ခွဲခန့်တွင် မေနှင်းသူ
ဆိုသော သမီးလေးတစ်ဦး ဝင်ရောက်လာခဲ့သည်။ထိုစဉ်က မေသူမှာ
စက်ရုံတစ်ရုံတွင် မန်နေဂျာအဖြစ်လုပ်ကိုင်
နေချိန်။ထွန်းလင်းကတော့ သံလွင်တံတား
တည်ဆောက်ချိန်ဖြစ်၍ ထိုတံတားတွင်
အင်ဂျင်နီယာငယ်လေးအဖြစ်လုပ်ကိုင်နေသည်။ဝါဝင်စကာလ…တစ်ခုသော အလုပ်ရက်ရှည်ပိတ်ရက်တွင် မေသူ ဦးဆောင်ကာ စက်ရုံမှ
အလုပ်သမားများအား အလည်အပတ်အဖြစ် ကားစင်းလုံးငှါးကာ
မော်လမြိုင်အနီးအနားမှ စက်စဲ ကျိုက္ခမီ
ဗျိုင်းနှစ်ကောင် နှင့် မုဒုံ ကန်ကြီးတို့ကို
လိုက်လံပို့ဆောင်ပေးခဲ့သည်။ထိုစဉ်က
ငါးနှစ်အရွယ်သမီးလေး မေနှင်းသူ နှင့်
ထွန်းလင်းလည်းပါသည်။ညနေစောင်းလောက်တွင် မုဒုံကန်ကြီးသို့ရောက်သည်။
ထမင်းဟင်းများနှင့် အကြော်စုံများကိုပါ
ရောင်းချသော ဆိုင်အတွင်း၌ အလုပ်သမားများ စားသောက်ရေးကိစ္စအတွက် ဦးဆောင်ခေါ်လာသော မေသူနှင့် ထွန်းလင်းတို့ အလုပ်ရှုပ်နေသောအချိန်။မေနှင်းသူလေးမှာ
အတူပါလာသော ကလေးများနှင့် ကန်ဘောင်နံဘေးတွင် ပြေးလွှားကစားနေခဲ့သည်။မကြာမီ…ကလေးအချို့ပြေးလာပြီး…
“ရေထဲကို ကျသွားပြီ…ကလေးတစ်ယောက်
ရေထဲကျသွားပြီ”
ဟု လာရောက်အော်ဟစ်ပြောဆိုမှ သူမတို့အားလုံးဆိုင်အပြင်သို့ကိုယ်စီ ထွက်ကာ သူ့သားသမီး ငါ့သားသမီး လိုက်အော်ခေါ်ကြသည်။မေနှင်းသူ အား
သူတို့လိုက်ရှာရာ မတွေ့။မကြာမီမှာပင်
နယ်ခံအချို့က ကလေးကျသွားသည်ဆိုသော နေရာကို
ငုပ်၍ရှာကြသည်။ဆယ့်ငါးမိနစ်ခန့်ကြာမှ…
ရေအောက်မှ ငုပ်တစ်ခုကို မြဲမြံစွာ ဆုပ်ကိုင်
ထားသော မေနှင်းသူ၏ ရုပ်အလောင်းကို
ဆယ်တင်နိုင်ခဲ့ကြသည်။ထွန်းလင်း နှင့်
မေသူမှာ အရူးမီးဝိုင်းခံစားခဲ့ရသည်။
“သမီးလေးရယ်…”
မေသူ ရှိုက်ကြီးတငင်ငိုရင်း သမီးလေး၏
ပါးပြင်အား နမ်းရှိုက်လိုက်မိသည်။
“သမီးလေးခုထိရှိနေတုန်းလားဟင်…မေမေတို့ ကုသိုလ်ကောင်းမှုလုပ်ပေးတာ သမီးမရဘူးလားဟင်”
“သမီးမသိဘူးမေမေ…အဲ့ဒီကန်ဘောင်မှာပဲ
သမီးနေနေရတယ်…ဘယ်မှလည်းမသွားတတ်ဘူး…မိုးတွေရွာရင်အရမ်းအေးတာပဲ
မေမေရယ်…သမီးက မေမေတို့ဘယ်တော့
လာပြန်ခေါ်မလဲလို့စောင့်နေတာ…ဟိုတစ်နေ့က ဖေဖေကခေါ်လို့သမီးလိုက်လာတာ…
ဒီကိုရောက်တော့ ညီမလေးနဲ့တွေ့တာ…
ဖေဖေနဲ့ မေမေက သူ့ကိုသိပ်ချစ်တာတွေ့တော့ သမီးမကျေနပ်ဘူးမေမေ…ဒါကြောင့် သူလည်းသေပြီး သမီးနဲ့အတူတူ နေရအောင်
သမီးဒီလိုတွေလုပ်နေတာပဲ”
မေနှင်းသူ ကပြန်ပြောသည်။
“မလုပ်ပါနဲ့သမီးရယ်…သမီးကိုလည်း မေမေတို့က ချစ်တာပဲကွယ်…ဒါပေမယ့် ကံတရားက သမီးကို မေမေတို့နဲ့အကြာကြီး
နေခွင့်မပေးခဲ့လို့ ခုလိုဖြစ်သွားရတာပါကွယ်”
“သမီးလည်း သိပါပြီမေမေရယ်…ပြီးတော့..
ညီမလေးကိုလည်းအရမ်းသနားတယ်…
ချစ်လည်းချစ်တယ်…ဒီအချိန် သမီးအသက်ရှင်နေသေးရင် ညီမလေးနဲ့
အတူတူကစားရင်း ပျော်နေရမှာပဲနော်…
ညီမလေးကိုလည်းအလိုလိုက်ပေးချင်တယ်…စာလည်းသင်ပေးချင်တယ်”
“သမီးလေးရယ်…”
ကြားရသူအပေါင်းတို့မှာ မေနှင်းသူ ၏စကားကြောင့် ရင်ထဲစို့နင့်သွားကြသည်။
ထွန်းလင်းက မြင်ကွင်းကို မကြည့်လိုတော့
သဖြင့် အကြည့်လွှဲထားသည်။သူ၏ပါးပြင်ပေါ်သို့
မျက်ရည်တို့စီးကျနေသည်။အတန်ကြာမှ…
မေနှင်းဖြူ ထံမှ အသံထွက်လာသည်…။
“သမီးသွားတော့မယ်ဖေဖေနဲ့မေမေ…ညီမလေးကိုလည်း သမီးအရမ်းချစ်တဲ့အကြောင်း
ပြောပေးပါနော်”
“ကောင်းပါပြီကွယ်…မေမေတို့ သမီးလေးအတွက် ကုသိုလ်ကောင်းမှု လုပ်ပေးပြီး အမျှဝေပေးပါ့မယ်…သမီးလေး
သာဓုခေါ်နော်…ပြီးတော့ သမီးဘာမှာချင်သေးလဲဟင်…”
“ဟုတ်ကဲ့… နောက်ဆုံးအနေနဲ့…သမီးငယ်ငယ်က ချော့သိပ်နေကျ သီချင်းလေးကို တစ်ခါလောက်ပြန်ဆိုပြီးချော့သိပ်ပေးပါလားမေမေ”
မေသူက သမီးလေးအားတင်းကြပ်စွာဖက်ထားရာမှ
သမီးလေး၏ ဦးခေါင်းကို ပေါင်ပေါ်တင်ကာ
ကျောကို ပွတ်သပ်ပေးရင်း ငိုသံပါကြီးဖြင့်
သားချော့တေးတစ်ပုဒ်ကိုဆိုလိုက်သည်။
“မိတ္ထီလာကန်မယ်…ဖားကောက်ခဲ့ပါ့ကွယ်..
ဗျိုင်းရှေ့ကပျံကာပျံကာရယ်…”
သီချင်းသံက ကြားရသူတို့အားရင်ဆို့စေသည်။သီချင်းဆုံးသွားသောအခါ မှိတ်ထားသော သမီးလေး၏ မျက်လုံးအစုံက ပြန်ပွင့်လာသည်။မေနှင်းဖြူ သည် အဖြစ်အပျက်များကို ဘာမှမသိသလိုဖြင့်
ပြူးကြောင်ကြောင်ဖြစ်နေသည်။
ထိုအဖြစ်အပျက်များဖြစ်ပွားပြီး…နှစ်လခန့်အကြာ…။မေသူသည် ရေဆာသဖြင့် တရေးနိုးလာသည်။ရေခဲသေတ္တာရှိရာသို့
ထွက်လာရင်း သူမနားထဲ အသံတိုးတိုးလေးတစ်သံကို ကြားလိုက်ရသလိုရှိသဖြင့် နားစိုက်ထောင်လိုက်သည်။အသံက မေနှင်းဖြူ ၏ အခန်းဆီမှဖြစ်သည်။သူမလည်း ခြေဖွဖွနင်းကာ သမီးဖြစ်သူ၏ အခန်းရှိရာဘက်သို့ထွက်ခဲ့သည်။စေ့ထားသောအခန်းတံခါးကိုအသာအယာ တွန်းဖွင့်ကာ အခန်းထဲချောင်းကြည့်လိုက်သည်။လရောင်သည် အခန်းပြတင်းပေါက်မှတစ်ဆင့် အခန်းထဲ ဖြာကျနေသည်။ကုတင်ပေါ်တွင်တော့…
မေနှင်းဖြူ သည်နှစ်ခြိုက်စွာ အိပ်မောကျနေသည်။သူမဘေးတွင်တော့…
သူမနှင့်ရွယ်တူခန့်ရှိမည့်ကလေးတစ်ယောက်က မေနှင်းဖြူ၏ ဦးခေါင်းကို ပွတ်သပ်ကာ သားချော့တေးတစ်ပုဒ်ကို
တီးတိုးညည်းဆိုနေသည်။
“မိတ္ထီလာကန်မယ်…ဖားကောက်ခဲ့ပါ့ကွယ်…”
ပြီးပါပြီ….
စာဖတ်သူများအား အစဉ်လေးစားလျက်…
စာရေးသူ….#ငဓူဝံ (Thar Thar)