ခြင်းထဲကကြက်
*****************
ကျွန်တော်ငယ်ငယ်က အဖေက အိမ်ခြံဝန်းထဲမှာ
ကြက်တွေမွှေးထားသည်။ကြက်တွေကြီးလာရင်
မြောက်ဘက်ရွာက ကိုဇော်ဝမ်းကြီးကိုခေါ်ပြီး
ရောင်းသည်။

ကိုဇော်ဝမ်းကလည်း အဖေခေါ်ပြီဆို ချိန်ခွင်ရယ်အလေးတွေရယ်ကို ကြက်ခြင်းထဲထည့် ကာ ဝါးလုံး
ဖြင့်ရှေ့တယောက်နောက်ထမ်းပြီး အိမ်ကိုရောက်လာ
သည်။

ကိုဇော်ဝမ်းအိမ်ရောက်ပြီဆို အဖေက ကြက်တွေကို
ဖမ်းသည်။ထို့နောက် ချိန်ခွင်ဖြင့်ချိန်၍ ကြက်ခြင်း
ထဲသို့ထည့်လိုက်သည်။တချို့ကြက်တွေက ဖမ်းရ
ခက်တော့ ဆန်ကွဲလေးတွေပတ်ကြဲကာ အစာဖြင့်
မျှား အုပ်ဆောင်ကိုထောက်တိုင်နဲ့ထောက်ဟထား
ပြီး ထောင်ချောက်ဆင်ထားသည်။ အုပ်ဆောင်းအောက် က ဆန်ကွဲကို ကြက်လာစားသည်နှင့် ထောက်တိုင်ကိုချည်ထားသော ကြိုးကိုဆွဲလိုက်
သည်။ ထောက်တိုင်လဲသွားတော့ ဟနေသည့် အုပ်
ဆောင်းက ပိတ်သွားပြီး ကြက်ကအုပ်ဆောင်ထဲမှာ
မိနေသည်။ထိုအခါကြ အဖေက အုပ်ဆောင်းထဲက
ကြက်ကို ဖမ်းပြီး ကြက်ဝယ်သည့်ကိုဇော်ဝမ်းကိုပေး
ကိုဇော်ဝမ်းက ချိန်ခွင်မှာချိန်ပြီးကြက်ခြင်းထဲ ထည့်
သည်။အားလုံးချိန်တွယ်ပြီးသောအခါ ကြက်ဖိုးငွေ
ရှင်းပေးပြီး ကြက်ခြင်းကို ဝါးလုံးဖြင့်ရှေ့နောက်နှစ်
ယောက်ထမ်းကာပြန်သွားသည်။

အဘိုးကတော့ အဖေကြက်မွေးသည်ကို လုံးဝမကြိုက်။ အဖေကလည်း ဝင်ငွေလေးတိုးအောင်ဆို
မွေးသည်။အဘိုးကတော့ ကိုဇာ်ဝမ်းတို့က ဝယ်
ပြီး ညဦးဆိုသတ်ကာ မနက်စျေးသို့သွားရောင်း
သော ကြက်သားဒိုင်ဖြစ်နေ၍ လုံးလုံးသဘောမကျ
ပေ။ “အဖေ့ကိုလည်း အကုသိုလ်တွေ”ဆိုပြီးဆူ
သည်။

ကိုဇော်ဝမ်း က အနီးအနားရွာတွေသာမက အဝေး
ကရွာတွေမှာလဲ လှည့်လည်ဝယ်သည်။
ဝေးသည့်ရွာများဆိုရင်တော့ ယောကျ်ားစီးစက်ဘီး
နောက်ထိုင်ခုံမှာ ကြက်ခြင်းကိုချည်ပြီး သွားဝယ်
သည်။
******************************************
အခုတော့ တိုးတတ်လာသည်မို့ အရင်လို စက်ဘီး
ဖြင့်မဟုတ် စူပါကပ်ဆိုင်ကယ်နောက်မှာကြက်ခြင်း
တင်ပြီး အတော်ဝေးဝေးရွာတွေပါ သွားဝယ်သည်။
တချို့မွေးမြူရေးခြံတွေကရောင်းဖို့ခေါ်ရင်တော့
ကားငှားသွားပြီး ကားဖြင့်သယ်သည်။ အများအား
ဖြင့်တော့ဆိုင်ကယ်ဖြင့်သာ သွားသည်။
ကိုဇော်ဝမ်းကြက်ဝယ်သွားရင် ဆန်ကွဲရယ်၊ရေဗူးရယ်ယူသွားသည်။

တနေ့ သရက်ပင်ကြီးအောက်မှာကျွန်တော်ကစား
နေစဥ် ကိုဇော်ဝမ်းကြက်ဝယ်ရာမှပြန်လာပြီး ကျွန်
တော်ကစားနေသည့်သရက်ပင်အောက်သို့ ဆိုင်ကယ်
ထိုးရပ်ပြီးခဏနားသည်။

ထို့သို့နားနေစဥ်တွင် ကိုဇော်ဝမ်းက ကြက်ခြင်းထဲသို့
ဆန်ကွဲလေးတွေ ချပေးသည်။ခွက်လေတခုနဲ့ရေလည်ထည့်ပေးသည်။

ခြင်းထဲကကြက်တွေကတော့ တကောင်နဲ့တကောင်
အလုအယက်၊တကောင်ကိုတကောင်ကျော်ခွ၊ကြီးတဲ့ကောင်က ငယ်တဲ့ကောင်ကိုဆိတ်၊အရွယ်တူတွေကခွပ် နဲ့ ခြင်းထဲဗြောင်းဆန်နေသည်။

ကျွန်တော်ကမနေနိူင်ပဲ”ကိုဇော်ဝမ်းရယ် ကျွေးချင်ရင်လည်း အိမ်ရောက်မှ ကျယ်ကျယ်လွင့်လွင့်မှာချကျွေး
ပေါ့…အခုတော့ ကျဥ်းကျဥ်းကျုတ်ကျုတ်ထဲ ကြက်
တွေ လုစားနေကြတာ အဆင်မပြေပါဘူးဗျာ”လို့
ပြောလိုက်မိသည်။
ကိုဇော်ဝမ်းကတော့ ကျွန်တော်ကိုကြည့်ပြီး”ညီလေးရ
ဒီကောင်တွေကို ညကျရင်သတ်ပစ်မှာကွ”လို့ဖြေသည်။

“ဒါဆိုလည်း မထူးသေမယ့်အတူကျွေးမနေပါနဲ့လား”
လို့ပြန်ပြောမိတော့

“ဒီကောင်တွေက သူတို့သေမှာ ဘယ်သိမလဲကွ…
အခုစာရမယ့်အစာကိုပဲ အလုအယက်နဲ့စာကြ
တော့ ငါ့အတွက်အလေးချိန်တိုးတာပေါ့ကွ”ပြော
ပြီးဆိုင်ကယ်မောင်းထွက်သွားသည်။
********************************************
ပြန်တွေးကြည့်တော့ ဟုတ်ပါသည် ကျွန်
တော်တို့လည်း ခြင်းထဲက ကြက်တွေနဲ့ဘာမှမထူး
အို၊နာ၊သေ ဘေးတရွေ့ရွေ့သွားနေတာတောင်
ကာမဂုဏ်စည်းစိမ် ၊ရသတဏှာ တွေကို အလုအယက် နဲ့ ခံစားနိူင်ဖို့သာ လုံးလပြုနေကြ
သည်။ တနေကုန်သွားတိုင်း အကုသိုလ်အလေးချိန်
တခါတိုးသွားသည်။

အားလုံးခြင်းထဲကကြက်တွေလို အသေမခံကြပဲ
သံသရာက လွတ်မြောက်ဖို့ သစ္စာတရားလေးပါးကို
ကျင့်ကြံအားထုတ်ပြီး ကုသိုလ်အလေးချိန်တွေတိုး
အောင်လုပ်ကြဖို့လိုသည်။ စက္ကန့်၊မိနစ်၊နာရီ၊ရက်၊လ၊
နှစ်တွေက ရပ်လို့မရ တရွေ့ရွေ့နဲ့သေရွာကိုဆွဲခေါ်နေ
ပြီမဟုတ်ပါလား……….အချိန်ရှိသရွေ့ ခြင်းထဲကကြက်တွေလို မနေပဲ ကုသိုလ်အတောင်ဖြန့်လို့
အရှိန်အဟုန်းကောင်းကောင်းနဲ့ သံသရာကနေဖောက်ထွက်ပြီးလွတ်မြောက်ရာကိုပျံတတ်နိူင်ကြပါစေ…..။

လွမ်းဝေအောင်(အမရ)