——————–

“သြော်…ဘာလိုလိုနဲ့ ကျောင်းကပြန်တက်ရတော့မယ်။ ကျောင်းပိတ်တဲ့ နှစ်လကလည်း ကုန်တာမြန်တာ။ ဒါပေမဲ့နော် ကျောင်းတက်ဖို့ရက်ကသာ နီးနီးလာတာ ဒီသရက်ပင်ကြီးက သရက်သီးသီးဖို့ကျ ကြာလိုက်တာ မမရာ”

“ဟဲ့…အူကြောင်ကြားမရဲ့ နင့်ကြီးတော်သရက်က နွေဦးမှ စဖူးမှာဟ။ နင်စားချင်ရင်ကျောင်းက ပြန်လာမှစားပေါ့။ မသိရင်ကျောင်းလေး လေးလလောက်သွားတက်ရတာကိုများ တစ်သက်လုံးပြန်မလာတော့မှာကျလို့”

“ဟာ…မမကလည်း မပြောကောင်းတာ။ ဘာမှန်းမသိဘူး သူများမှအခုတလော အိပ်မက်တွေ မကောင်းပါဘူးဆိုနေ။ တော်ပြီ မမကို စိတ်ဆိုးတယ်”

မမရှေ့မှာ ကျုပ် တမင်တကာ ခြေဆောင့်ပြီး အိမ်ပေါ်ကို တက်လာလိုက်တယ်။ ပြောလို့ပြောတာမဟုတ်ဘူး။ အခုတလော ကျုပ်ရဲ့စိတ်တွေ သိသိသာသာကို လေးနေတာ။ ဒီကြားထဲ မက်လိုက်တဲ့အိပ်မက်တွေကလည်း အိမ်မှာလူသေတာချည်းပဲ။ အထူးသဖြင့် အဘွားသေတယ်လို့မက်တာ အခါပေါင်းမနည်းဘူး။ အိပ်မက်တွေမကောင်းလွန်းလို့ မကောင်းတဲ့ဘေး မကောင်းတဲ့ရန် ပါစေဟဲ့ဆိုပြီး လျှော်လိုက်ရတဲ့ခေါင်းဆိုတာကလည်း ခေါင်းကဆံပင် အမည်းကနေအဖြူရောင် မပြောင်းရုံတမယ်။ ဟိုတလောကပဲ အဘွား အသည်းအသန်ဖြစ်လို့ ဆေးရုံတင်ထားရတာဆိုတော့ တခြားသူတွေထက် အဘွားကို ပိုပြီးစိတ်ပူမိပါရဲ့။

ခက်တော့လည်းခက်သား အဘွားကလည်း သွေးတိုးနဲ့ ဆီးချို ရှိပါတယ်ဆို ထမင်းစားရင် ငန့်ကနဲသန့်ကနဲလေးပါမှ လျှာရင်းမြက်သတဲ့။ ဘယ့်နှယ်သွေးတိုးသမားမို့သာ သူ့ဖို့သပ်သပ် ငါးရံ့ခြောက်ဖုတ်ကို ဆီစိမ်ပေးထားရတယ်။ မပြောချင်ပါဘူး တစ်နေ့တနေ့ စားတဲ့အစားစာက အငန်နဲ့အချိုက ပိုပိုကဲကဲရယ်။ အဘွားရဲ့ အချိုကြိုက်တဲ့ဗီဇက ကျုပ်ထိကိုပါလာတယ်။ ကြံသကာအချိုလောက်နဲ့ ရင်ကိုမခုန်ဘူး။ ချိုမယ့်ချို ထန်းလျက်လောက်ချိုမှ တော်ကာကျတာမျိုး။ အဲ့ဒါ​ကြောင့်ပဲ မမကကျုပ်ကို

“ညည်းလည်း အဘွားလိုပဲ ကြီးလာရင်ဆီးချိုသွေးချိုဖြစ်မှာ”

ဆိုပြီး ဆူဆူနေတာ။ မမကတော့ အချိုမကြိုက်တဲ့သူဆိုတော့ ဆူအားရှိတာပေါ့။ အဲ…ကျုပ်တို့​မျိုးထဲရိုးထဲမှာလည်း မမတစ်ယောက်ပဲ ထူးထူးကဲကဲ အချိုမကြိုက်တာ။ အမေကတော့ ပြောပါတယ်

“သမီးငယ်က အမေတို့ဘက်ကိုတူတယ် အချိုကြိုက်တယ်” တဲ့။

အဟိ…ကျုပ်က အမေတူသမီးလေးပေါ့။ အမေ့ကိုတူချက်ကတော့ အမေ့လိုပုပုလုံးလုံးလေးဖြစ်နေတာသာကြည့်တော့။ ကျုပ်တို့ညီအစ်မမှာဆို မမက ချောချောလှလှ ပိန်ပိန်သွယ်သွယ် မော်ဒယ်မလေး။ ကျုပ်ကကျ ပုပုဝဝ ရုပ်ဆိုးမလေးပေါ့။ ဘယ်သူတွေဘာပြောပြော ကျုပ်ကတော့ ပုမှနုတာ ဆိုတဲ့စကားနဲ့ အကုန်လုံးကို ချေချပစ်လိုက်တာပဲ။
……………….

(၂)

“သမီးငယ်ရေ…နင့်အဘွားစားဖို့ ငါးရံ့ခြောက် ကုန်နေလို့ ရွာလယ်က မိသေးတို့စျေးဆိုင်မှာ အမြန်ပြေးဝယ်ချည်စမ်းပါအေ။ တော်ကြာ နင့်အဘွားက သူ့အကြိုက်မပါရင် ထမင်းစားမှာမဟုတ်ဘူး”

“ဟုတ်…အမေ”

“ဟဲ့…ငါးရံ့ခြောက်နော်။ ငါးပုတ်သင်တွေ၊ အားပြဲခြောက်တွေ ဝယ်လာမနေနဲ့အုံး။ တကတည်း စျေးသည်မိသေးက နားကခပ်လေးလေးနဲ့ ညည်းက အူကြောင်ကြားတာနဲ့တော့ ငါဖြင့်စိတ်ကိုမချပါဘူး”

“သြော်…စိတ်ချစမ်းပါအမေရဲ့ အမေ့သမီး ဒီလောက်လည်း မအပါဘူး”

အမေတို့က အဲ့သလိုမျိုး ကျုပ်ဆိုရင်ကျပ်ပြည့်တယ်လို့ကို မထင်ကြဘူး။ အခါတိုင်းလည်း ဝယ်ပေးနေကျဟာကို စိတ်မချဘဲ ထပ်မှာသေးတယ်။ တကတည်း ကျုပ်က အဘွားရဲ့ အသည်းကျော်ပဲလှော် ဆိုတာကို အမေကအစ မေ့နေတယ်ထင်ပါ့။ ကျုပ်တို့မြေးအဘွားက ဟိုး…ကျုပ်ငယ်ငယ်လေးကတည်းက တစ်ခုတင်တည်း အတူအိပ်လာတာ။ အဘွားပြောသမျှ တစ်ထောင့်တစ်ညပုံပြင်တွေလည်း ကျုပ်ကပဲ တဝနားထောင်ခဲ့တာ။ အခုနေ အဘွားကို

“မြေးတွေထဲ ဘယ်မြေးကိုအချစ်ဆုံးလဲ”

လို့ သွားမေးကြည့်ပါလား။

“မြေးတွေထဲက အငယ်ဆုံးမ ပုလုံးလေးကို အချစ်ဆုံး”

လို့ပဲဖြေမှာ။ ပြောလို့ပြောတာမဟုတ်ဘူး။ ကျုပ်ကိုမွေးပြီး ခြောက်လလောက်မှာ မမသွေးလွန်တုပ်ကွေးဖြစ်ပြီး ဆေးရုံတင်ရလို့ အမေက မမကိုပဲ ဂရုစိုက်နေရတာနဲ့ ကျုပ်ကို လှည့်တောင်မကြည့်အားဘူးတဲ့။ အဲ့အချိန် ကျုပ်ကလည်း နို့ဆာလို့ အာပြဲကြီးနဲ့ အိမ်မှာနားညည်းအောင်ငိုတယ်ဆိုပဲ။ မတတ်သာတဲ့အဆုံး ကျုပ်ပါးစပ်ပိတ်ဖို့အရေး အဘွားရဲ့နို့ပိန်ကို တိုက်ကျွေးလိုက်ရသတဲ့။ အဲ့ဒီကိစ္စနဲ့ အဘွားကကျုပ်ကိုခုထိ အနိုင်ပိုင်းတုန်းရယ်။

“အဘွားဆီက လူအိုစော်နံတယ်အဘွားရာ ရေမွှေးလေးဘာလေး ဆွတ်ပါလား”

လို့များ စနောက်လိုက်ရင်

“အမယ်လေး ညည်းအခုမှကြီးကျယ်မနေနဲ့။ ညည်းငယ်ငယ်က ကျုပ်ရဲ့ ဂျီးတွေကို နို့ချိုမှတ်ပြီး စို့လာပြီးတော့များ”

ဆိုပြီး ပြန်ပြောပါရောလား။ အဲ့ဒီအခါဆို ကျုပ် ဘာမှပြန်မပြောနိုင်ပဲ တခွီးခွီးရယ်ရတော့တာပဲ။ ကျုပ်တို့မြေးအဘွားကြားမှာ အဲ့သလို မဟာအမှတ်တရကြီးတွေရှိနေတော့ ဟိုသီချင်းထဲကလို

“မင်းအပေါ်သံယောဇဥ် လွန်းတင်တဲ့ကြိုး” တွေ ဖြစ်ကုန်တော့တာပဲ။

……………………

(၃)

“အဘွား…နေရထိုင်ရတာ သက်တောင့်သက်သာရှိရဲ့လား”

“ဟဲ့ ညည်းက ငါ့ကို မတရားတွေ ဖက်ထားမှတော့ သက်သာမလားတော့်”

“အဟိ အဘွားကလည်း မြေးကချစ်လို့ဖက်တာကို”

“ညည်းအကြံ မသိခက်မယ်။ အဘွားသေ မြေးပျော်ဆိုတာ ညည်းလိုအစားမျိုး”

“ဟာ…အဘွားကလည်း မပြောကောင်းတာ”

ပြောပြောဆိုဆို အဘွားရဲ့အေးစက်စက်ခန္ဓာကိုယ်လေးကို ကျစ်နေအောင် ဖက်ထားမိတယ်။ နားထဲမှာလည်း

“လူအိုတော့ ကိုယ်ငွေ့မကောင်းဘူးဟဲ့။ ညည်းတို့သာ လူငယ်မို့အိုက်တာ။ ဒို့က လူကြီးဆိုတော့ ဘယ်လောက်ပူတဲ့ရာသီဥတုနေနေ ညသန်းခေါင်များကျော်လာရင် ချမ်းချင်လာတယ်သိလား”

ဆိုတဲ့စကားသံကို ကြားယောင်လာမိပြန်တယ်။ တကယ်ပါ ကျုပ်လေ အဘွားတစ်ခုခုဖြစ်မှာကို သိပ်စိုးရိမ်တာပဲ။ အထူးသဖြင့် ကျောင်းသွားတက်ရမယ့် လာမယ့်လမှာ အဘွားတစ်ယောက်တည်း အိပ်ရမှာကိုတွေးပြီး စိတ်ကိုမချဘူး။ တစ်ရေးနိုး အဘွားအပေါ့အပါးသွားချင်ရင် ဘယ်သူ့ကိုနှိုးမလဲ။ စောင်လပ်နေရင်ရော ဘယ်သူကလာခြုံပေးမလဲ။ အို… အဲ့လိုတွေ တွေးမိရင် ကျောင်းကိုမသွားချင်ဘူးတကယ်။

“ဟဲ့…ကောင်မလေး ညည်းဖက်တာနဲ့ ဒီကသက်ထွက်တော့မယ်…ဟဲ့ပြောတာကြားလား”

“ဟင်…ဘာလဲအဘွား။ အပေါ့သွားချင်လို့လား။ လာလေ…ကျုပ်လိုက်ပို့ပေးမယ်”

“တယ်…ငါ လုပ်ထည့်လိုက်ရ နာအုံးမယ်။ လူလေးက နှစ်ဆယ်နဲ့တစ်ပိုင်း ရှိသေးတာကို စကားပြောရင် တစ်ကျုပ်ကျုပ်နဲ့ ”

“ဟာ…အဘွားကလည်း ကျုပ်လို့ပြောတာ အသက်ကြီးမှပြောရမှာလား။ ဘာမှန်းမသိဘူး အဘွားကြီးတွေများ တအား ပါးစိပါးစပ်များတာပဲ”

“ဟယ်…ငါ့ကိုများပြန်ပြောရဲတယ်ပေါ့။ နေအုံး နေအုံး …ဗိုက်ကြောပြတ်အောင် လိမ်ဆွဲပစ်လိုက်အုံးမယ်”

“အား…မလုပ်နဲ့နော် အဘွား။ ​မြေးက စတာ”

အဲ့ဒါသာကြည့်တော့ အဘွားက စလို့စမှန်းမသိ သိပ်ကိုစိတ်ဆိုးတတ်တာပါဆို။

……………………..

(၄)

“အမေ…သမီးကျောင်းသွားနေတုန်း အဘွားကို သေချာဂရုစိုက်လိုက်အုံးနော်”

“အေးပါအေ ကိုယ့်ဖာသာကိုယ်သာ စာမေးပွဲအောင်အောင်​ဖြေခဲ့ပါ။ အဘွားအတွက်လည်းမပူနဲ့။ အိမ်အတွက်လည်းမပူနဲ့။ ဟိုမှာသူငယ်ချင်းတွေနဲ့ အချိန်မတော် အလည်အပတ်တွေ လျှောက်မသွားနဲ့နော်”

“ဟုတ်ကဲ့ပါ အမေရဲ့”

“ကဲ…သွားသွား ဟိုမှာကားရောက်ပြီ”

ကားရောက်လာလို့သာ တက်လိုက်လာခဲ့ရတာ တကယ်တော့ ကျုပ်ရဲ့စိတ်က ဟိုးအဝေးက ကျုပ်တို့ရွာငယ်လေးဆီမှာ။ တကယ်လို့များ ကျုပ်တို့ရွာလေးမှာ တက္ကသိုလ်သာရှိမယ်ဆိုရင် အဘွားနဲ့ ခုလိုမျိုး ခွဲရမှာ မဟုတ်ဘူးရယ်။ ကဲပါလေ မဖြစ်နိုင်တာတွေ ပြောမနေချင်ပါဘူး။ သွားစရာရှိတာသွား သင်စရာရှိတဲ့စာသင်ကြရုံပေါ့ ဟုတ်ဘူးလား။

…………………………

(၅)

တစ်ရက်ပြီးတစ်ရက် ဗလာစာအုပ်လေးထဲမှာ ရက်တွေ၊ လတွေကို တာလီချိုးလာခဲ့တာ အခုဆို အိမ်နဲ့ခွဲခဲ့တာ ဘာလိုလိုနဲ့ သုံးလတောင်မှပြည့်ပေါ့။ ဒီရက်တွေထဲ အိမ်နဲ့တော့ ဖုန်းအဆက်အသွယ်ရပါရဲ့။ အိမ်ကလူတွေကပဲ စိတ်ချမ်းသာအောင်ပြောကြတာလား တကယ်ပဲလားတော့မသိ။ အဘွားက ကျုပ်အိမ်မှာမရှိမှ ကျန်းမာရေးတွေကောင်းပြီး အသားအရည်တောင် ပိုပြောင်လာသတဲ့လေ။ ဟုတ်ချင်လည်းဟုတ်မှာပေါ့။ ကျုပ်ရှိရင်

“အဘွား ဟိုဟာလေးကချိုတယ် ဆီးချိုတက်မယ် လျှော့စား​နော်၊ ဒီဟာလေးက ငန်တယ် နည်းနည်းပဲစားနော်”

ဆိုပြီး ပိတ်ပင်နေတာကိုး။ ဘာပဲပြောပြော ကျုပ်ကတော့ နောက်ထပ်ကျန်သေးတဲ့ ရက်ပေါင်းသုံးဆယ်ကို ရီမုနဲ့ရစ်ပြီးကျော်လို့ရရင် ကျော်ပစ်ချင်တယ်။ အိမ်ကိုရော အဘွားကိုရော လွမ်းရတာ မောလှပြီတကယ်။

……………………..

(၆)

ဒီနေ့ ကျုပ်တို့စာမေးပွဲနောက်ဆုံးနေ့။ စာတွေပဲ ဖိကျက်နေရတာနဲ့ ဒီကျန်နေတဲ့ ရက်သုံးဆယ်ကို ဘယ်လိုကဘယ်လိုကုန်သွားမှန်းတောင် သတိမထားမိဘူး။ စာတွေကလည်း အစောတုန်းကအပျင်းထူပြီး အနီးကပ်မှ အီးထွက်မတတ် ကျက်မှတ်ရတာဆိုတော့ ဒီရက်ပိုင်းအတွင်းမှာ အရင်တုန်းကလို တာလီပုံမှန်မချိုးဖြစ်ဘူး။ ဘာပဲဖြစ်ဖြစ်ပါလေ မနက်ဖြန်ဆို အိမ်ပြန်ရတော့မှာပဲဟာ ချိုးစရာလည်း မလိုတော့ပါဘူး။ ခက်တာက စာမေးပွဲလည်းပြီး အိမ်ကိုလည်း ပြန်ရတော့မှာမို့ အပြည့်အဝပျော်ရမလားမှတ်တယ် အိမ်ကိုဖုန်းဆက်တာ “လူကြီးမင်း” နဲ့ချည်းပဲတိုးနေတာ ဒီနေ့ရောဆို နှစ်ရက်တောင်မှရှိပါရော။ ဖုန်းကခေါ်လို့မရတော့ အိမ်မှာဘာဖြစ်လို့ဖြစ်မှန်းမသိ။ ကြည့်ခဲ့ဖူးတဲ့ ဇာတ်ကားတွေထဲကလို

“သမီးလေး စာမေးပွဲဖြေတဲ့အခါ အနှောင့်အယှက်ဖြစ်မှာစိုးလို့ အမေတို့ကအကြောင်းမကြားဘဲထားတာ”

လို့ ပြောဖို့များ အိမ်ကလူတွေကြံစည်နေကြလေသလား။ အဲ့သလိုသာဆိုလို့ကတော့ ကျေးဇူးမတင်ပေါင်။ ဘယ်လိုပဲဖြစ်ဖြစ် တစ်ခုခုဆိုရင်တော့ လှမ်းပြောမှပေါ့။ အထူးသဖြင့် အဘွားနဲ့ပတ်သက်ရင် သိုဝှက်မထားစေချင်ဘူး။ အဘွားထက် ဘယ်စာမေးပွဲကမှလည်း ပိုအရေးမကြီးဘူး။ ကျောင်းတောင်မှ လာချင်တာမဟုတ်ဘူး။ ဒီအရွယ်ကြီးထိ ကျွေးမွေးပေးထားတဲ့ အမေတို့ကိုသနားလို့သာ လာခဲ့ရတာ။ ပြောရင်ပိုတယ်ရှိအုံးမယ်။ အမေနဲ့အဘွားဆိုရင်တောင် ကျုပ်ရဲ့သံယောဇဥ်က အဘွားဘက်မှာ နှမ်းတစ်စေ့စာတော့ အလေးသာမှာ အမှန်ပဲ။ အဘွားသာ တစ်ခုခုဖြစ်သွားရင်…..အို…ဆက်မတွေးချင်တော့ပါဘူး။ ပန်း၊ ရေချမ်းကပ်ပြီး ရှင်တော်ဘုရားထံမှာ ဆုပန်တာပဲအေးပါတယ်။

“အရှင်ဘုရား…ဘုရားတပည့်တော်မရဲ့ အဘွား ဘာအနာရောဂါမှ မဖြစ်ပါစေနဲ့ ဘုရား”

………………………….

(၇)

တက္ကသိုလ်ရှိရာ မြို့​ပြကနေ ကျုပ်တို့တော မြို့လေးကိုရောက်ဖို့အတွက် ကားစီးလိုက်ရတဲ့ကြာချိန်က နေကုန်တဲ့အထိ။ အဲ့ဒီအပြင် မြို့လေးကနေ ရွာကိုရောက်ဖို့ကလည်း သုံးဘီးကားနဲ့ နောက်ထပ်တစ်နာရီလောက် မောင်းရပြန်သေးတာဆိုတော့ ရွာလမ်းမပေါ် ခြေခြမိတဲ့အချိန် နေတောင်မှဝင်သွားပေါ့။

“ရွာအနောက်ပိုင်းမှာ နာရေးရှိတယ်နော်။ သန်းခေါင်သန်းဖြာအထိ အိမ်လည်ထွက်မနေနဲ့အုံး။ ကြားလား…ငဖြိုး”

ရွာလယ်က ဈေးသည်ဒေါ်မိသေးက သူ့သားကိုပြောလိုက်တဲ့စကားဆိုပေမဲ့ လမ်းသွားရင်း ဖြတ်ကနဲကြားလိုက်ရတဲ့ ကျုပ်မှာ နေမထိထိုင်မသာ။ ဘာလို့ဆို ကျုပ်တို့အိမ်က ရွာအနောက်ပိုင်းမှာလေ။

“ကြီးဒေါ်သေးရေ…ဘယ်သူ့နာရေးတုန်း”

ကျုပ် မေးတာကို ကြီးဒေါ်သေးက ကြားဟန်မတူ။ သူ့ဆိုင်ကပစ္စည်းတွေကိုသာ မဲခဲကာ သိမ်းဆည်းနေတာမို့ ထပ်မမေးတော့ပဲ အိမ်ရှိရာကိုသာ ခပ်သွက်သွက်လေး လျှောက်လာလိုက်တယ်။

“ဟာ…လူတွေအများကြီးပါလား”

ခြံဝိုင်းထဲမှာ လူတွေစုရုံးနေရုံမက ခုတင်ပေါ်မှာ လူတစ်ယောက်လှဲအိပ်နေတဲ့ မမြင်ချင်ဆုံးမြင်ကွင်းကြီးက ကျုပ်ကိုခရီးဦးကြိုပြုနေတာမို့ ပူပင်စိတ်နဲ့ လှဲအိပ်နေတဲ့ လူရဲ့မျက်နှာကို အပြေး​သွားကြည့်လိုက်တဲ့အခါ

“ဟင်”

မြင်လိုက်ရတဲ့ ဖြူလွှလွှမျက်နှာကြောင့် ခေတ္တမျှ မင်သက်သွားမိတယ်။

“သြော်…အမှည့်တဝင်းဝင်း အကင်းတဖြိုက်ဖြိုက်ဆိုတာ ဒါမျိုးနဲ့တူပါရဲ့”

“ဟုတ်ပါ့ဟယ်…ငယ်ငယ်လေးရှိသေးတယ်နော်”

“အင်းပါဆို သေခြင်းတရားကလည်း သံဝေဂရစရာ ကောင်းလိုက်တာ”

“​အေးဟယ် ဒါနဲ့…ဘာရောဂါဖြစ်လို့ သေတာတဲ့တုန်း”

“ရောဂါမဟုတ်ဘူး။ ဆိုင်ကယ်အက်ဆီးဒင့်ဖြစ်တာတဲ့။ ကောင်မလေးက မြို့ပေါ်ကို ဆိုင်ကယ်နဲ့ စျေးသွားဝယ်တာ နောက်ကပါလာတဲ့ကားက ဘရိတ်ပေါက်ပြီး ဝင်တိုက်လိုက်တာဆိုပဲ”

တစ်ယောက်တစ်ပေါက် ပြောနေကြတဲ့မိန်းမများစွာရဲ့ စကားသံတွေက ကျုပ်ရဲ့နားထဲမှာ တိုးတစ်ခါ ကျယ်တစ်လှည့်။ အမြင်အာရုံထဲမှာတော့ မမရဲ့ပုံရိပ်တွေသာ နေရာယူလို့ထားလေတယ်။

“အမလေး သမီးကြီးရယ်…ညီမလေးကိုလွမ်းလှပြီဆို။ ဟိုမှာလေ သမီးရဲ့ညီမလေးပြန်လာပြီလေ။ ထကြည့်ပါအုံး သမီးရယ်…ထကြည့်လှည့်ပါအုံး”

အမေကပြောပြောဆို ပုခုံးပေါ်တင်ထားတဲ့ တဘက်နဲ့ မျက်ရည်တွေကိုသုတ်တယ်။ အဘွားကလည်း နံအခက်အခက်နဲ့ သူ့ရင်ဘတ်ကို သူပြန်ဖိရင်း

“မြေးရယ်…အဖြစ်ဆိုးလှချည်လားကွယ်”

ဆိုပြီး ငိုတယ်။ အဖေကလည်း တအိအိနဲ့ငိုနေ​လေရဲ့။ ကျုပ်ကတော့ ကျောက်ရုပ်ကြီးလို ရပ်နေမိတယ်။ တစ်နေ့တနေ့ အဘွားနေကောင်း၊ မကောင်းကိုပဲတွေး၊ အဘွားကိုပဲ မေတ္တာတွေတဝကြီးပေးနေမိတာ။ ဖုန်းဆက်ရင်တောင်မှ

“မမရော နေကောင်းရဲ့လား”

လို့ တစ်ခွန်းလေးတောင် ကျုပ်ယောင်ပြီးမဟခဲ့မိဘူး။ ညီအစ်မတစ်တွေ အကြာကြီးနေကြရအုံးမယ်ဆိုတဲ့အတွေးနဲ့ ဘာကိုမှပြင်ဆင်မထားမိဘူး။ တွေးမိတိုင်း တနုံ့နုံ့နဲ့ ရင်ထဲမချိလွန်းလှတာမို့ အေးစက်နေတဲ့မမရဲ့ ခန္ဓာလေးကို ထွေးဖက်ရင်း အားပါးတရ ငိုချလိုက်မိတော့တယ်။

“အကြွေစောလိုက်တာ မမရယ်…”

……………

#ညိုလေးနွယ်

# (၈-၃-၂၀၂၄) ရတနာပုံနေ့စဥ်သတင်းစာ