”ခွေးချော်လဲအိမ်”
•••••••••••••••••••••
#သုမောင်

ကျွန်တော်သည် ကျွန်တော့် အိမ်ကလေးကို အလွန် မြတ်နိုးပါသည်။ Home Sweet Home ဆိုသည့်
စကား ကိုယ့်အိမ် ကိုယ့်ရာဟာ အချိုမြိန်ဆုံး ဆိုတာ ကမ္ဘာသုံး စကားသုံးမို့ ထပ်ပြောရတာ အားနာပါသည်။

နော့ပေတည့် ယခုပြောမည့် ကျွန်တော် အိမ်အကြောင်းမှာ တစ်မျိုးတစ်မည် ရှုထောင့်မို့ ပြုံးချင့်စဖွယ်
ဖြစ်ကောင်း ဖြစ်ပါလိမ့်မည်။

ကျွန်တော်သည် ကျွန်တော့် အိမ်အကြောင်း အက်ဆေး ၃ ပုဒ်လောက် ရေးဖူးပါသည်။ ပထမ အပုဒ်က ကျွန်တော့် အိမ်သည် စာရေးဆရာ အိမ်စစ်စစ်ဖြစ်ကြောင်း ဖြစ်ပါသည်။

ပြန်၍ နှူးရပါမူ ထိုအိမ်ဆောက်သော ကာလမှာ ၁၉၈၀ ဖြစ်သောကြောင့် ဆိုရှယ်လစ် ခေတ်ဖြစ်သဖြင့် လူသုံးကုန် ပစ္စည်းများ ပြည်သူ့ဆိုင်မှာ ဝယ်ရပါသည်။

အပြင် မှောင်ခိုမှာက ၁၀ဆလောက် ဈေးကြီးသည်။ ကျွန်တော်ကလည်း သမီးဦး ကိုယ်ဝန်ရှိပြီ သိရသည်နှင့် အိမ်ကို အုတ်မြစ် စချသည်။နောင်မှ တဖြည်းဖြည်းချင်း ရောက်ရား ဟု သဘောထားသည်။ တကယ်တော့ ထိုစဉ်က ကျွန်တော့်မှာ စာပေ(လုံး ချင်း)၊ ဂီတ၊ ရုပ်ရှင်တွင် အောင်မြင်ကျော် ကြားနေသူ ဖြစ်သော်လည်း “ကျားကြီး ခြေရာကြီး”ဆိုသလို ဝင်ငွေထွက်ငွေ မျှနေသည်။

စုစု ဆောင်းဆောင်းလည်း ဝါသနာမပါ၊ ပါသော ဝါသနာကလည်း မော်တော်ကား ဖြစ်သဖြင့် ရသမျှ ကားအသစ် ဝယ်စီးပစ်မိသည်။ မချွင်းမချန် အပြစ် ဖို့ရပါမူ အရက်သေစာ အသောက်ကျူးတာလည်းပါသည်။

ဒါလေးများ ဟု မထင်ပါနှင့်။ တလောက ဇနီးသည် အေးဘုံ တွက်ပြမှ သောက်သက်ရှည်ခဲ့သော
ကျွန်တော့် ယမကာဖိုးမှာ ထိုစဉ်က နောက်ဆုံးပေါ် ကား နှစ်စီးစာရှိသည်။

ဆိုကြပါစို့။ နောက် တဖြည်းဖြည်းချင်း ဆောက်ယူမည်။ အိမ် အုတ်မြစ် ချသည်။ ကံကောင်းချင်တော့ ထိုစဉ်က “စာပေ ဟောပြောပွဲ”များက လက်မလည်အောင် ပြောခဲ့ရလေရာ ထုံးစံ အတိုင်း တိုက်ပုံ အကျစ၊ ပုဆိုး၊ စက်ရုံ ထွက်ပစ္စည်း၊ ဒေသထွက် အစား အသောက် စသဖြင့် လက်ဆောင်ရပါ သည်။

ထိုတွင် ဌာနဆိုင်ရာ စက်ရုံများက လက်ဆောင် ပေးရာတွင် သရို့စက်ရုံ ထွက်ပစ္စည်းများ အစိုးရ ဈေးဖြင့်
ဝယ်ယူခွင့် ပါမစ်များပါ လက်ဆောင်ပေး တတ်ပါသည်။ တိုက်တိုက် ဆိုင်ဆိုင်ပင် ဘိလပ်မြေစက်ရုံ၊
အိမ်မိုးကျောက်ပြား စက်ရုံ၊ ကော်ဇောစက်ရုံ၊ အုတ်စက်ရုံ၊ ပရိဘောဂ စက်ရုံ စသဖြင့် အိမ်ဆောက်
ပစ္စည်းထုတ်လုပ်သည့်စက်ရုံများမှာဟောပြောခွင့်ရခဲ့ပါသည်။

ထိုအခါ စောစောက ပြောသလို အစိုးရ ဈေးဖြင့် ဝယ်ယူခွင့် ရတော့သည်။ အခြားစာရေး ဆရာများတော့ ထိုပါမစ်များ မည်သို့ အသုံးချသည် မသိ။ ကျွန်တော် အဖို့ရာ ကား အုတ်မြစ် ချရာက တမံ သလင်းခင်း၊ နံဘေးအုတ်စီ၊ ထုတ်ယောက်ဒိုင်း မြားတပ်၊ ကျောက်ပြားမိုး၊ စားပွဲကု လားထိုင်ပြင်ဆင်၊ ကော်ဇောခင်း စသည် ဖြင့် တဖြည်းဖြည်းချင်း အစိုးရဈေးဖြင့် အိမ်တစ်လုံး ဖြစ်သွားပါတော့သည်။ အပြင်ဈေးထက် ၁၀ ဆ သက်သာပါတော့သည်။

အလီလီရသမျှ ပစ္စည်းကို သုံးရသဖြင့် အိမ်ပုံစံတော့ ခေတ်မမီပေ။ သို့သော် အခန်းများကို ရသည့်ပစ္စည်း ပေါ်မီပြီး ဖွဲ့ရပြုရသဖြင့် နေလို့ထိုင် လို့ကောင်းသော အိမ်တစ်လုံးတော့ ဖြစ်သွားပါသည်။

ကျွန်တော့် ဗီဇကလည်း ရိုးရာမပျက် မော်ဒန် ဆန်သဖြင့် ကျွန်တော့်အိမ်မှာ အင်္ဂလိပ်ခေတ် အရာရှိ ဘန်ဂလိုနှင့် အလိုလို တူသွားပါသည်။

ဘာပဲဖြစ်ဖြစ် စာပေ ဟောပြောရာမှ ရသော ပစ္စည်းများဖြင့် ဆောက်သဖြင့် “စာရေး ဆရာအိမ်”ဟု
ကျွန်တော့်ဘာသာခံတွင်းတွေ့ပီတိဝေ့ပါသည်။

စကားမစပ် ကျေးဇူး ဆပ်ရပါမူ ကျွန်တော့် အိမ်အောက်ထပ်မှာ ကာရံထားသော အုတ်များမှာ ထိုစဉ်က သမိုင်း အုတ်စက်ရုံမှာ အမှု ထမ်းနေသော ပိန်ပိန် မည်းမည်း စာသရဲ၊ စက်ရုံစာပေပွဲများ အတွက် ရဲရဲဝံ့ဝံ့ တာဝန်ခံသူ လူငယ် တစ်ယောက်၏ ကျေးဇူးဖြစ်ပါသည်။ သူက ပါမစ်ပေးလို့ ကျွန်တော့်အိမ်
အောက်ထပ် အုတ်ပတ်ကား ဖြစ်ရသည်။ အကောင်းစား စက်အုတ်များမို့ လှပ တင့်တယ်ပါသည်။


ထိုမည်းမည်း ပိန်ပိန် စာသူငယ်လေးကား ခုနှယ်ခါ အမျိုးသား စာပေဆု သာမက စာပေဆု မျိုးစုံရ ခေတ်ပေါ်ဂန္ထဝင်စာရေးဆရာကြီးနေဝင်းမြင့်ဖြစ်ပါသည်။

ထို့ကြောင့် ကျွန်တော့်မှာ အောက်ထပ်နေတိုင်း သူ့ သတိရ၏။ ဧည့်သည် ဧည့်ခံတိုင်း သူ့ကျေးဇူး
အမှတ်ရ၏။ ကုန်ကုန် ပြောကြကြေး၊ အိမ်သာ တက်လျှင်ပင် သူ့ဆီ လှမ်း မေတ္တာပို့ရပါသည်။ ထို ကျွန်တော့် အိမ်ကလေးသည် ခုနှယ်ခါ ကျွန်တော်နှင့် သဏ္ဌာန် တူနေပေပြီ။ အိမ်ရှင်နှင့်အိမ် လိုက်ဖက်ညီပါ ပေသည်။

ကျွန်တော်က ယခု အချိန်ထိ အိုသော်လည်း ရုပ်ရှင် ရိုက်ရဆဲ၊ သီချင်း ဆိုနိုင်ဆဲ၊ စာရေး ပိုတောင်ကောင်းဆဲ။ ထို့နည်းတူ ကျွန်တော့်အိမ်သည် အိုမင်း လာသော်လည်း ပို၍ တင့်တယ်လာပါ သည်။ ရှေးဟောင်းဘန်ဂလိုပုံစံမို့ ဟောင်းလေကောင်းလေဆိုသလို ဖြစ် နေ၏။

တောဘုန်းကြီး ကျောင်းကဲ့သို့ ကျက်သရေ ရှိပြီး လူနေလို့ ကောင်းသော သဘော ဆောင်နေ၏။
ခေတ်သုံးစကား “အင်းတိတ်”ဟုဆိုရပါမည်။ စက်အုတ်၊ ကျွန်းသစ်များ သုံးထားသောကြောင့်
ကြာလေ အဆီတက်ပြီး တန်ဖိုးတက်လေ ဖြစ်နေပါသည်။ ထို့ကြောင့် ကျွန်တော့်အိမ်လေးကို ကျွန်တော်ချစ်ပါသည်။

သည်ကနေ့ မော်တော် ကားလောကတွင် ဈေးအကြီးမားဆုံးမှာ ဇိမ်ခံကား (မာစီဒီးကဲ့သို့) မဟုတ်တော့ ပါ။ ဘက်စုံသုံးခေါ် ပွဲလည်းတိုး၊ တောခရီး ကြမ်းလည်းနှင်၊ ပါဂျရိုး ကဲ့ သို့ ကားမျိုးဖြစ်နေပါပြီ။

ကျွန်တော့် အိမ်လည်း ဤသို့ သာလျှင်တည်း။ အဖိုး တန်လို့တော့ မဟုတ်။ ရသည့် ပစ္စည်းပေါ် မူတည်ပြီး လိုရမည်ရ စိတ်ကူးတည့် သလို တစ်ဆင့်ချင်း အခန်း ဖွဲ့ရသော ကြောင့် ခုနှယ်ခါတွင် ဘုရားခန်း သီးသန့်၊ ဧည့်ခန်းသီးသန့် အပြင် ယာယီ ဘက်စုံသုံး ဧည့်ခန်းပါထား ရှိနိုင်နေတော့ သည်။

ယာယီဘက်စုံသုံး ဧည့်ခန်းဆို၍ ထည်ထည်ဝါဝါတော့ မဟုတ်၊ သူငယ်ချင်း အရက်သမားများလာလျှင် အဆင်ပြေရန်၊ မီးဖိုဆောင်နှင့် အိမ်သာ ရေချိုးခန်းကြားမှာ အရတည်ကာရံ ထားခြင်းသာဖြစ်၏။ ဟုတ်ပါ့။ ထိုသို့ ရှိသဖြင့် သောက်စားဖို့ အမြည်းလည်း မီးဖိုခန်းလှမ်းဆွဲ၊ အော့ချင် အန်ချင်သေး ပေါက်ချင်လည်းအိမ်သာထဲပြေးရုံသာ။

ထိုသို့ ဘက်စုံသုံး ကျွန်တော့်အိမ် ကလေးမှာ ခုနှယ်ခါ မော်ဒန်သဘော ဈာန်လျှောခဲ့ ရလေပြီ။

အကြောင်းကား ဖိုးသောကြာ လူလူသူသူ ဖြစ်လာလို့ ငွေယားလေး ပေါ်တော့ သားက အိမ်ပြင် ဆောက်ချင်သတဲ့။ ပထမသူက အိမ် တစ်ခုလုံးဖြိုပြီး ပြန်ဆောက်ချင်တာ ဖြစ်သည်။ ကျွန်တော်က ကိုယ့်အိမ် ရာဇဝင်ကိုယ် သိသောကြောင့် လက်ဖျားနှင့်မျှ အတို့မခံကြောင်း အမိန့်ထုတ် ရသည်။

ထိုအခါ သူက အိမ်ပြင်မည် လုပ်သည်။ အပေါ်ထပ် ပျဉ်ထောင်ကို အုတ်ပတ်ကား တက်ချင်သည်။
ဒါလည်း ကျွန်တော်က လက်မခံပါ။ ကျွန်တော်က ရိုးရာနှင့် မော်ဒန်ကို ပေါင်း စပ်ချင်သည်။
ပျဉ်ထောင်အုတ်ခံပဲ ကြိုက်သည်။

နောက်ဆုံး ဖိုးသောကြာက တစ်အိမ်လုံး ဆေးအသစ် သုတ်မည် ဖြစ်ပါတော့သည်။ ဒါတော့ လက်ခံ နိုင်စရာ ရှိသည်။ နော့ပေတည့် ကျွန်တော့် မူလရွေးချယ်မှု အတိုင်း သုတ်လက်စအရောင်သာထပ်သုတ်ဟုပြောရသည်။

ကျွန်တော်က အရောင်ရွေးသည်။ ဧည့်ခန်းဆို ခပ်မှိုင်းမှိုင်း။ အိပ်ခန်းဆို လင်းလင်းချင်းချင်း၊ အိမ်သာကိုတော့ သန့်သန့်ပြန့်ပြန့်…စသည်။ သားကလည်း အဖေ့ သဘောကျ လုပ်ပေးရှာသည်။

ဆေးအကောင်းစား တွေ သုတ်သည်။ ကျွန်တော်က ကွန်ကရစ် မကြိုက်ပေ။ ထိုကြောင့် အုတ်ကွက်
သာဖော်သည်။ အုတ်ကွက် ဖော်ရာ၌လည်း ညီညီညာညာ မဟုတ်။ ဖြစ်သလို ဖြစ်သည်။ ပြီးမှ ကျွန်တော်က မြန်မာဖြစ် ဘားနစ်တွေ ပြောင်နေအောင်သုတ်ထားသည်။ ဒါလည်း သားက ဘားနစ် အကောင်းစားတွေ ဝယ်ပြီး ထပ်သုတ်သည်။

ပရိဘောဂတွေကလည်း ဟောင်းနေပြီး သူက အသစ်
လဲချင်သော်လည်း သူ့အမေ အေးဘုံနှင့် လက်ထက်ပွားမို့ ကော်ပတ်တိုက်ပြီး အကောင်းစား
ပေါလစ်သာပြန်တင်ခွင့်ပေးသည်။

သည်မှာတင် ပြဿနာ ပေါ်တော့သည်။ ပေါလစ် အကောင်းစား ပြဿနာ ဖြစ်သည်။ သားသည်
ပရိဘောဂများ သာ မက အိမ်ရှိ သစ်သား၊နံရံ၊ ပရိဘောဂ၊ ခွေးခြေက အစ ပေါလစ် တင်တော့သည်။

ထို့ထက်ကား နှစ်ပေါင်း သုံးဆယ်လောက် အသား သေနေပြီဖြစ်သော အပေါ်ထပ် ကြမ်းခင်းကိုပါ ကော်ပတ်စားပေါလစ်အကောင်းစားသုတ်ပါတော့သည်။

အပေါ်ထပ်မှာက အိပ်ချိန်သာ တက်ကြပြုကြတာ ဖြစ်သော်လည်း TV ကြည့်ချိန်တော့ အပေါ်တက်ကြသည်။ စကားမစပ် ပြောရလျှင် ကျွန်တော့်အိမ်မှာ ကြောင်တစ်ကောင်၊ ခွေးတစ်ကောင် ရှိသည်။ ကျွန်တော် ခဏခဏ ရေးဖူးသော လမ်းဘေးက ခွေးကြီး ရန်လုံကား သေလေပြီ။

သူရှိတုန်းကလည်း အိမ်ထဲ ဝင်ခွင့်မရပါ။ သူသည် အိမ်နှင့် ပတ်သက်လို့ ကျွန်တော် စာရေးသော
ဆင်ဝင်အောက် ကုလား ထိုင်နားမှာ ရစ်သီခွင့်၊ အိပ်စက်ခွင့် ရရှာသည်။

တလောကတော့ ၈ လကြာ ဒုလ္လဘ ရဟန်းခံရာမှ လူပြန်အထွက် ဆရာတော် စွန့်လိုက်သော အိမ်တွင်းမွေး မွေးစုတ်ဖွားမလေး တစ်ကောင်ပါလာသည်။
ဘုန်းကြီးလက်ပေါ် ကြီးလာခဲ့ရ တာရော၊ သူ့ဗီဇကိုကလည်း အိမ်တွင်း နေမို့ လူစကားနားလည်သလိုရှိသည်။ လူမိသားစုများကဲ့သို့ အိမ်ထဲ သွားလာ နေထိုင်ခွင့် ရှိသည်။

စောစောကပြော သလို ဘုန်းကြီး၏ ခွေးဖြစ်သောကြောင့် လူတွေနဲ့ နီးစပ်ပြီး ပရောပရီရှိသည်။
ဆိုကြပါစို့။တစ်အိမ်လုံး၏အချစ်တော်ဖြစ်နေသည်။

ခွေးဆိုလျှင် အိမ်စောင့်ဖို့ လောက်သာ တန်ဖိုး ထားတတ်သော အေးဘုံ ပင်လျှင် ခွေးလေး အရောဝင်ရာ ဖင်တက်ခေါင်းတက် ခံရတော့သည်။ ထိုအခါမျိုးမှာလည်း အေးဘုံက စိတ်မဆိုးပေ။ ကျေနပ်၍ပင် နေတော့သည်။ ဟုတ်ပါ့၊ သူဟင်းချက်လျှင် အနားမှာ နေသည်။ သူ စာဖတ်လျှင် အနားမှာထိုင် သည်။ ညအိပ်လျှင် အေးဘုံအောက် တည့်တည့် ခုတင် ခြေရင်းမှာ အိပ်သည်။

အောင်မယ် သူ နေ့လယ်တစ် ရေးတစ်မော အိပ်လျှင်တောင် ခွေးက ခုတင်အောက် ဝင်ပြီး အေးဘုံနှင့်
အပြိုင်အိပ်သည်။

ဆိုလိုတာက အေးဘုံ အချစ်တော် ဖြစ်နေပေပြီ။ လူ့သဘာဝကား လစ်လျှင် လစ်သလို ပြတတ်ပါသည်။ ကျွန်တော့် စာတွေ အဖတ်များသော ပရိသတ်သည် အေးဘုံကို သိနေရုံမက သူ့စရိုက် သဘာဝကိုပင် သဘောပေါက် နေလောက်ပါပြီ။ ဆိုကြပါစို့။ ဣနြေ္ဒကြီးသည်၊ စိတ်ဓာတ် မာကျောသည်၊ စကား ပြောပြတ်သည် စသဖြင့် လူရိုသေ ရှင်ရို သေဟု မတန်မရာ ဝိသေသ ပြုရပါလိမ့်မည်။

သို့သော် တစ်နေ့တွင် အဘွားကြီးသည် လူအလစ် အပေါ်ထပ်မှာ ထိုခွေးနှင့် ဆော့ကစားတော့သည်။
လိုက်တမ်း ပြေးတမ်းလို ကစားတာဖြစ်သည်။ ထိုအခါ သူ့သားတော်မောင်၏ လောကွတ် ချော်မှုက သူ့ရောခွေးပါ ချော်တော ငေါ့စေတော့သည်။ ဝုန်းဒိုင်း အသံကြားလို့ သမီးကြီးက ပြေးတက်ကြည့်တော့ ဣနြေ္ဒရှင် ဒေါ်အေးဘုံကြီး ကြမ်းပြင် ပေါ်မှ ပိုးလိုးပက်လက်။

ခွေးကတော့ ချော်လဲသော်လည်း ပြန်ထ ပြေးနေပြီ။ အေးဘုံက ရုတ်တရက် မထနိုင်တော့ပေ။ သမီးက
တွဲထူရတော့သည်။ ထိုအချိန်က ကျွန်တော် အိမ်မှာ မရှိပေ။ ညနေ ထမင်းစားဖို့ အေးဘုံကို စားပွဲ ပြင်ခိုင်းတော့ ထော့နဲ့ထော့နဲ့ ဖြစ်နေသည်။ မေးတော့လည်း ယောင်ဝါးဝါး ဖြေပေမယ့် မျက်နှာက မချိုမချဉ် စပ်ဖြီး ဖြီးရယ်။ အသက်ကြီးမှ ကလေးကလား ဖြစ်ရတာ ရှက်နေပုံရသည်။

သမီးရည်းစားဘဝကပင်ရှက်ဟန်မပြ၊ ရိုးအအသည်မိန်းမ၊ခုမှ။

ဒီမှာတင် ကျွန်တော်သည် ဖိုးသောကြာ ပြုသမျှ နုခဲ့ရသော ကျွန်တော့် အိမ်သစ်လွင် သွားရခြင်းကို
တုံ့ပြန်ဖို့ အပြစ်ဖွဲ့ရတော့သည်။ ကျွန်တော်သည် ဆိုင်သည် မဆိုင် သည်အပထားလို့ စာရေးဆရာစကား ပြောတော့မည်။ ဒဿန ပါအောင်လည်း ရှာကြံ လေးနက်ကြရသည်။

“ဟေ့ ဖိုးသောကြာ
မှတ်ထားကွ။ ပြောင်စေချင်လို့ ပေါလစ်တင်တိုင်း မကောင်းဘူး။”

“ပြင်လွန်းရင် ဖင်ချွန်း” တဲ့။
သက်ကြီးစကား ရှိတယ်။
ခုဟာက မင့်အမေ ဖင်ပွန်းရပြီး အဲ မလိုအပ်ဘဲ ပေါလစ် အတင်လွန်သွားတော့ ခွေး တောင် ချော်လဲတယ်မှတ်”

သုမောင်
(အမှတ်၂၅၀၊စက်တင်ဘာ၂၀၁၀၊ရွေအမြူတေရုပ်စုံမဂ္ဂဇင်း)