ခင်ခင်ထူး

[ ၁ ]

ကျွန်မတို့အိမ်မှာ အိမ်မွေးတိရစ္ဆာန်ရယ်လို့ သီးသီးသန့်သန့် မရှိပါ။ဘာသာဘာဝအလျောက် ရောက်လာတတ်ကြသော ငှက်များ၊ ရှဉ့်များနှင့်
သူတစ်ပါး အိမ်ဆီက ကူးလာတတ်သော ကြောင်ကလေးများတော့ မြင်ရတတ်ပါ၏။ ကျွန်မတို့နေရာက သစ်ပင်ကြီးတွေ ပေါသဖြင့် လာရောက်
နားခိုတတ်ကြသော ငှက်တွေကလည်း အမျိုးစုံလှပါသည်။ စာကလေး၊ချိုးငှက်၊ ဆက်ရက် စသည်ဖြင့်။ ချိုးငှက်ဆိုလျှင် ချိုးဖို မ မောင်နှံ
နှစ်စုံပင် ပါလိုက်သေးသည်။ ချိုးလည်ပြောက်ကလေးတွေ မနက်မိုးလင်းသည်နှင့် ကျွန်မတို့ ခြံဝိုင်းထဲမှာ ငှက်မျိုးစုံတို့ ညီလာခံကြပြီ။ ကျွန်မတို့
က ပိတောက်ပင်အောက်က မြေပြောင်ပြောင်မှာ ဆန်စေ့ကလေးတွေ ဖွေးခနဲ ကြဲပက်လိုက်လျှင် ငှက်ကလေးတွေ တဖျောက်ဖျောက်နှင့်
ရောက်လာကြကာ အစာကောက်ကြတာကို ကြည့်ရင်း ကြည်နူးရပါ၏။

ရှဉ့်ကလေးတွေကတော့ သစ်ပင်တစ်ကိုင်းက တစ်ကိုင်း ဘာကျွမ်းလွှဲသလို တလွှားလွှား ခုန်ကူးနေတတ်သည်။ ရှဉ့်ကလေးတွေကို ကျွန်မတို့ ချစ်ပါ၏။ သို့သော်လည်း ခြံထဲမှာ သီးသမျှ အသီးမခံနိုင်။ အုန်းသီး၊မာလကာသီး၊ သရက်သီးကလေးတွေ အလုံးမပီလိုက်ရ။ တဖြုတ်ဖြုတ် ကိုက်ချနေတော့သည်။ ရှဉ့်ကလေးတွေ ဆိုးသော်လည်း ချစ်စရာတော့ကောင်းသည်။

ကျွန်မ ကိုယ်တိုင်က သစ်ပင်ပန်းပင် စိုက်ပျိုးခြင်းကို နှစ်နှစ်ခြိုက်ခြိုက်ကြီး ဝါသနာထုံလှသော်လည်း အိမ်မွေးတိရစ္ဆာန်ကလေးတွေက ယုယုယယ
မွေးမြူဖို့အတွက်တော့ ဝါသနာ မပါလှပါ။ ခွေးကလေး၊ ကြောင်ကလေးတွေကို တပွေ့ပွေ့တပိုက်ပိုက် လုပ်ရမည့်အရွယ်လည်း မဟုတ်သလို
သူတို့ ဆွေးမျိုးတွေကို ကျွန်မ မခံနိုင်တာလည်း ပါပါလိမ့်မည်။

စာအုပ်တွေများသော ကျွန်မတို့အိမ်မှာ ကြွက်တွေ သောင်းကျန်းလွန်းလှသဖြင့် တစ်ခါတော့ ကြောင်ကလေးတစ်ကောင်လောက်မွေးရင် ကောင်းလေမလား စိတ်ကူးကြည့်မိပါ၏။ သို့သော် ကြောင်တစ်ကောင်၏ ဗာဟီရအလုပ်ကို ကျွန်မ မလုပ်ချင်။ ကြောင်ကို အစာကျွေးရတာလောက်က အကြောင်း
မဟုတ်သော်လည်း အိမ်ကလေး ပုတ်လောက် ကျီလောက် သေးသေးထဲ ကြောင်တစ်ကောင်နှင့် အတူနေရမှာကို ကျွန်မ မနှစ်သက်ပါ။ ကြောင်က
ကြွက်ခုတ်သည်ပဲထားဦး။ တစ်စစီ ပြန့်ကြဲနေမည့် သွေးတရဲရဲ ကြွက်သေကို ကျွန်မ ဘယ်လိုလုပ်ရမှန်းမသိ။ သည်တော့ ကြွက်တွေလည်း အိမ်မှာ
ပြေးလိုက်လွှားလိုက်နှင့် ပွားချင်တိုင်း ပွားနေသည့်တိုင် ရှိကြပါစေတော့၊နေကြပါစေတော့လို့သာ သဘောထားလိုက်ရတော့သည်။ ကြောင်ဒုက္ခ
မခံနိုင်တော့လည်း ကြွက်ဒုက္ခ ခံရုံပေါ့။

အိမ်ကလေး ခြံကလေးနှင့် ဖြစ်လာတော့ အိမ်ခြံဝိုင်း လုံခြုံဖို့အတွက် ခွေးကလေး တစ်ကောင်လောက်တော့ ကျွန်မ မွေးချင်နေပါ၏။ ကျွန်မတို့
နေကြသော လမ်းတိုကလေးထဲမှာ မည်သည့်အိမ်မှ ခွေးမရှိပါ။ ကျွန်မတို့ ပြောင်းလာခါစကတော့ လမ်းထဲမှာ ခွေးတွေ တစ်အုပ်တစ်မကြီး မြင်ခဲ့ဖူးသည်။ ဘယ်အိမ် ဘယ်သူကမှ တကန်တက မွေးထားတာမဟုတ်ဘဲ ပိုင်ရှင်မဲ့ ခွေးများအဖြစ် ရှိနေကြခြင်းမျိုးဖြစ်သည်။ ကျွန်မတို့ အိမ်နီးနားချင်းအိမ်က ခြံစည်းရိုး လုံလုံခြုံခြုံ မရှိသည့်အတွက် အရပ်တကာ ခွေးတွေ တိုးလျှိုပေါက် ဝင်နိုင် ထွက်နိုင်သည်မှစ,ကာ များလာခြင်းဖြစ်သည်။လူသူ အမောင်းအမဲ ကင်းကြသဖြင့် ခွေးတွေကလည်း နေသာကြပုံရပါ၏။

ထိုအခါ ခွေးတစ်အုပ်သည် လမ်းခွေးများအဖြစ် အမြဲရှိနေတော့သည်။တစ်နှစ် တစ်နှစ် ခွေးသားအုပ်မ သုံး,လေးအုပ်က ပေါက်သော ခွေးကလေး
တွေက တရုန်းရုန်း။ အချိန်တန်တော့ ခွေးကလေးတွေ မရှိကြပြန်တော့။ခွေးကြီးတွေသာ ကျန်ခဲ့ကြမြဲ ဖြစ်၏၊ ထိုအိမ်နီးနားချင်း ပြောင်းသွားသည့်
အခါမှာတော့ ခွေးတွေခမျာ ခိုကိုးရာမဲ့ကြရာက ဘယ်ဆီရောက်ကုန်ကြသည် မသိ။ ကြက်ပျောက် ငှက်ပျောက် ပျောက်ကုန်လေတော့သည်။ထိုအခါမှစ၍ ခွေးတစီစီ လမ်းကလေးသည် ခွေးမဲ့သောလမ်းအဖြစ် ရောက်သွားရပြန်ပါ၏။

ညတိုင်လျှင် ခါတိုင်းကြားနေကျ ခွေးဟောင်သံသော်မှ မကြားရသည်မှစကာ ခွေးတစ်ကောင် မွေးချင်စိတ်ကလေး ဝင်လာရခြင်းဖြစ်ပါသည်။
ခွေးကတော့ ကြောင်လိုမဟုတ်။ အိမ်ထဲသွင်းထားစရာမလိုပဲ ခြံထဲမှာပဲ ထားလို့ရသည်။ အစာရေစာ ကျွေးတော့လည်း စဉ့်အင်တုံကလေးတစ်လုံး
နှင့် သပ်သပ်ခပ်ခပ်ထားလို့ ရနိုင်မည်ထင်၏။ ကျွန်မ အိမ်သားနှင့်တိုင်ပင်တော့ “မင်းသဘော”ဟု ဆိုသည်။

ကျွန်မမှာ ခွေးမွေးခွင့် ပါမစ်ရပြီး ဖြစ်သော်လည်း တော်တော်နှင့် မမွေးဖြစ်ခဲ့ပါ။ ဂေါဝိန်မှာနေသည့် ကျွန်မမောင် အငယ်ဆုံးက သူ့အိမ်မှာ မွေးထားသည့် မွေးစုတ်ဖွား ခွေးကလေးတွေထဲက တစ်ကောင် ယူပါလားလို့ ပေးသော်လည်း အဲသလို
ခွေးမျိုးတော့ ကျွန်မ မလိုချင်ပြန်။ အယ်လ်ဇေးရှင်းလို၊ တယ်ရီယာလို နိုင်ငံခြားခွေးများ၏ ဆိုးမျိုးကို မခံနိုင်။ ခွေးတစ်ကိစ္စ မပိုချင်သလို ခွေးဆေးခန်းသွားရတာတွေ ဘာတွေကလည်း ကရိကထများသား မဟုတ်လား။ရိုးရိုးလမ်းခွေး ကောင်းကောင်း တစ်ကောင်လောက်ပဲ လိုချင်သည်။ဟောင်ဖော်ရလျှင်ပင် ကျေနပ်ပြီ။ ညရေးညတာ ခွေးသံကြားရလျှင်တော်ပြီ။

သို့သော် ကိုယ့်အလုပ်နှင့်ကိုယ်ဆိုတော့ ခွေးစီမံကိန်းသည်လည်း ခေါင်းထဲက ပျောက်သွားရပြန်ပါ၏။ ဒီလိုနှင့် အိမ်ငှားတွေများသော ကျွန်မတို့ လမ်းတိုကလေးထဲမှာ ဘယ်အိမ်ငှားကမှ ခွေးမမွေးကြသကဲ့သို့ ဘာသာဘာဝအလျောက် ရောက်လာသည့် ခွေးရယ်လို့လည်း မရှိခဲ့တာကြာပြီ။

[ ၂ ]

တစ်မနက်…။
ကျွန်မ ခြံတံခါးကို ဖွင့်လိုက်စဉ်မှာ ခွေးတစ်အုပ်တစ်ပြုံကြီး အိမ်ရှေ့ရောက်နေတာ တွေ့လိုက်ရပါ၏။ အိမ်ရှေ့က အလှစိုက် ညောင်ဝါပင်အခြေက ကျင်းချိုင့်ထဲမှာ ကျကျနနကြီး နေရာယူထားကြပြီး ခွေး
ညိုညိုကလေးတွေကို နို့တိုက်နေသော မိခင်ခွေးဖြူမက ကျွန်မ တခါးရွက်အဖွင့်မှာ ဆတ်ခနဲ ခေါင်းထောင်ကြည့်သည်။ ရန်များမူနေမှာလား၊
စာနာဖေးမမည့်သူလား ဝေခွဲနေသည့် အကြည့်မှန်း ကျွန်မ သိလိုက်ပါ၏။ခွေးလက်စ ဆုံးနေခဲ့သော ကျွန်မတို့ လမ်းတိုကလေးထဲကို ခွေးသားအမိ
တစ်တွေ ရောက်လာကြပြီကော။ မျက်စိလည် လမ်းမှားပြီး ရောက်လာကြတာကိုပဲ အံ့သြနေမိပါသည်။ ဝမ်းလည်း သာမိသည်။ လမ်းထဲမြဲအောင်
အစာရေစာ ကျွေးရမည်။

“ခွေးကလေးတွေတော် ချစ်စရာကလေးတွေ”

မနီးမဝေးမှာထိုင်ရင်း ကျွန်မ ရေကြည့်လိုက်တော့ ခွေးကလေးတွေ ခုနှစ်ကောင်တောင်မှ။ အသွေးအရောင်ကလည်း တစ်ဆင်တည်း။ အညို
များများ အဖြူကျားကလေးတွေချည်း။ ခွေးကလေးတွေက မျက်စိပွင့်ခါစ နို့စို့အရွယ် ခွေးပေါက်ကလေးတွေ။ ထမင်းတောင် နှုတ်သီးထိုး စားတတ်ကြသေးပုံမပေါ်။ သမီးက ဘီစကစ်တွေ ချကျွေးတော့လည်း စားရကောင်းမှန်းမသိ။ နမ်းကြည့်ရုံကြည့်၍ မစားကြ။ ခွေးမကြီးခမျာတော့ ပိန်လွန်းလှသည့်အထဲ သားသမီး ခုနှစ်ကောင်ကို နို့တိုက်ရရှာလို့ အရိုးပေါ်အရေတင်လျက်ရှိ၏။

“ခွေးမကြီးနှယ်ဟယ်… ပိန်လိုက်တာ”

သားသမီးခုနစ်ကောင် မွေးဖွားထားရရှာသော ခွေးမကြီးခမျာ အားအင်လည်း ချိနဲ့နေပုံ ရပါ၏။ ခွေးကလေးတွေကတော့ တစ်ကောင့်
တစ်ကောင် တိုးကာဝှေ့ကာ မိခင်နို့ပိန်ကို လုကာယက်ကာ စို့နေကြသည်။မြင်ကွင်းကိုကြည့်ရင်း ကျွန်မ ရင်ထဲ မကောင်းလှပါ။ နို့မှထွက်ရဲ့လား။
ဝကော ဝလင်ကြရဲ့လား။ ခွေးမကြီးခမျာကော အစာရေစာ အဆင်ပြေရဲ့လား။ကျွန်မက အိမ်ထဲပြန်ဝင်ပြီး ထမင်းနှင့် ဟင်းကိုနယ်ကာ လူးကာခွေးမကြီးကို ချတော့ ခွေးကလေးတွေကို နို့လွှတ်ပြီး ထ,စားလိုက်တာ။

ထို့နေ့ကစပြီး ခွေးသားအုပ်မ တစ်ပြုံကြီးက ကျွန်မတို့အိမ်ရှေ့မှာ စတည်းချကြလေပြီ။ ကျွန်မကလည်း မနက်တစ်ခါ၊ ညတစ်ခါဆိုသလို ထမင်းကျန် ဟင်းကျန်တွေစုပြီး ကျွေးရပါ၏။ တစ်ခါတစ်ရံ ခွေးမကြီး မရှိတတ်သော်လည်း ခွေးကလေးတွေကတော့ အိမ်ရှေ့မှာ တရွရွ ရှိနေတတ်ကြသည်။

ခွေးကလေးတွေ အစာစားတတ်လာတော့ ဈေးကိုပြေးပြီး စဉ့်အင်တုံကလေးသုံးလုံး ဝယ်ရပြန်ပါသည်။ အင်တုံသုံးလုံးမှာ ထမင်းတွေ
ခွဲဝေကျွေးရသည်။ အချင်းချင်း လုကြ၊ ကိုက်ကြ၊ မာန်ဖီကြတာကိုကြည့်ရင်း ကျွန်မမှာ သင်ရ ဖျင်ရတာတွေ လုပ်ရပါ၏။ မွေးညိုကလေးတစ်
ကောင်ဆိုလျှင် စဉ့်အင်တုံ သုံးလုံးစလုံး မလွတ်အောင်ကူးကာ ရန်လုပ်နေတတ်ပါသည်။ မှုန်ကုတ်ကုတ် ခွေးကလေးတစ်ကောင်ကတော့ အမြဲ
တမ်း နောက်ဆုတ်ပေးနေရသည် ခပ်အူအူ အကောင်ကလည်း ဟိုပြေးလိုက်၊ ဒီပြေးလိုက်နှင့် ဗျာများနေသော်လည်း ဘာတစ်ခုမှ စားပိုးစားနင့်
စားလိုက်ရသည် မရှိ။

“ဟဲ… ခွေးညို လာလေ ဒီဘက်ကို ကြည့်စမ်း ဒီကောင်က ဗိုလ်ကျလိုက်တာတော်၊ တကတည်း မောင်နှမချင်းဟာကို… ဟိတ် ငါ့မတိုးနဲ့”

ခွေးကလေးတွေကို အစာကျွေးတိုင်း ကျွန်မ အော်ဟစ်နေတာကို ခင်ပွန်းသည်ကတော့ ခပ်ဝေးဝေးက ပြုံးလေသည်။ ခွေးကလေးတွေက
တစ်ဆင်တည်း တစ်သွေးတည်းဆိုတော့ အညိုကဲသည့် ခွေးသုံးကောင်က ခွေးညို ဖြစ်ရကာ အဖြူကျားသည့် ခွေးကလေးတွေကိုတော့ ဖြူကျား
လို့ပဲ လွယ်လွယ်ခေါ်လိုက်ပါ၏။ ခွေးကလေးတွေအတွက် ထန်းလျက်တစ်ပိဿာ ဈေးကို လူကြုံမှာပြီး စိတ်ရတိုင်း ကျွေးသည်။ ထန်းလျက်က
ခွေးဆေးလို့ ဆိုကြတာ မဟုတ်လား။ ထမင်းကို ဆန်တစ်ဘူး ပိုချက်ပြီး မနက်ပြန် ညပြန် ကျွေးသည်။ နှစ်ပတ်လောက်ရှိလာတော့ ခွေးကလေးတွေ ဝဖီးလာလိုက်ကြတာ လုံးလို့။

“မင်း ခွေးတွေကို ထမင်းချည်းကျွေးလို့ ဘယ်ရပါ့မလဲ၊ ဆန်ကို သားရိုးငါးရိုးနဲ့ ရောကျိုပြီး ကျွေးပါလား၊ ပေါပေါသီသီ စားရတာပေါ့”

ခင်ပွန်းသည်က အကြံပေးတော့ ကျွန်မမှာ ဈေးက ငါးရိုးတွေ၊ဆိတ်ရိုးတွေဝယ်ကာ ဆန်တစ်ဘူးနှင့် ကျိုကျွေးကြည့်သည်။ သို့သော် ဒီကောင်တွေက ထမင်းစားရတာလောက် ခံတွင်းတွေ့ကြပုံမပေါ်။ မစားချင်သလိုလို စားချင်သလိုလို။

“အံမယ်… ထမင်းကျိုကျွေးတော့ မစားချင်ကြဘူး ဟုတ်လား၊ထမင်းနဲ့ ဟင်းကျတော့ အလုအယက်… အတော်လည်တဲ့ အကောင်တွေ”

ခွေးကလေးတွေ ထမင်းကျွေးဖို့ ကျွန်မ ထွက်လာပြီဆိုသည်နှင့် တအီအီ အော်ကြတာ ပွက်လို့။ ကျွန်မမှာ အော်ဟစ်ရတာလည်းအမော။ နေ့လယ်နေ့ခင်း အဝတ်ကလေး ထွက်လှမ်းတာကအစ ကျွန်မ
အသံကြားလျှင်ပင် ခြံတံခါးအပြင်က တအီအီနှင့် အော်ကြကာ အစာတောင်းကြလေတော့သည်။ ခြံတံခါးကို မဖွင့်လိုက်နှင့်။ ဖွင့်လိုက်မိလို့ကတော့ ကျွန်မ ခြေထောက်နှစ်ဖက်ကြား တိုးကြ ဝှေ့ကြ တွယ်တက် ကြတာများ အူယားစရာကောင်းလှသည်။ ခြေလှမ်းပင် လှမ်းလို့မရအောင်
ဘက်ပေါင်းစုံက တွယ်တက်ကြသည်။ အသံမျိုးစုံအောင် အော်ကြသည်။

“ဟဲ့… ဖယ်ကြစမ်း၊ ဪ… တက်နင်းမိတော့မှာပဲ၊ ဟာ… လမ်းတောင်သွားလို့မဖြစ်တော့ဘူး၊ ဟဲ့… ဖယ်ကြစမ်း၊ ဟဲ့.. ဟဲ့”

[ ၃ ]

ခွေးတစ်မြုံကြီး ကျွန်မတို့အိမ်ရှေ့ ရောက်လာစကတော့ ဘယ်ကဘယ်လို ရောက်လာမှန်း မသိခဲ့သော်လည်း နောက်ပိုင်းမှာတော့ သတင်းအစအန ရလာခဲ့ပါ၏။ ကျွန်မတို့အိမ်မှာ မနက်ပိုင်း လာကူတတ်သောမဖြူက သတင်းသယ်လာခြင် ဖြစ်သည်။

“ဟိုဘက်(ဆ)ရပ်ကွက်က လာပစ်သွားတာလေ၊ ဟိုဘက်လမ်းထဲမှာ ခွေးမနှစ်မက ပေါက်တာ ဆရာမ၊ ပေါက်တာမှ ခုနှစ်ကောင်စီ၊ ကျွေးရတာမနိုင်တော့ ခွဲကြတာပေါ့ တစ်မက ဒီဘက် လာပစ်သွားတာ၊ တစ်မြုံက ဈေးထိပ်မှာ ပစ်ထားခဲ့ကြသတဲ့”

“ဪ… ဒါကြောင့်ကိုး”

ခွေးကလေး ခုနှစ်ကောင် ကျွန်မတို့အိမ်ရှေ့ ရောက်လာစက မအေခွေးဖြူမကြီး တစ်ကောင်တည်းဖြစ်၏။ သို့သော် ခွေးဖြူမကြီး မရှိသည့်
အခါ ခွေးညိုမတစ်ကောင် ရောက်လာပြီး နို့တိုက်နေတတ်သည်။ ခွေးကလေးတွေကလည်း စို့ကြသည်။ တစ်ခါတစ်ရံ ပေါ်လာတတ်သော ခွေးညိုမကလည်း မိခင်နှင့်မခြား နို့စို့ခံရှာသည်။ ငြိမ်ပြီးရပ်ပေးနေရှာသည်။ခွေးကလေးတွေကို လျှာဖြင့် လျက်ပေးနေတတ်သည်။ ခွေးညိုမနှင့် ခွေးဖြူမ ဘယ်အကောင်က မိခင်အရင်းလည်း ကျွန်မ မဝေခွဲတတ်တော့
ပါ။ နှစ်‌ကောင်စလုံးက မိခင်ရင်းလို နို့စို့ခံနေကြတာထား။ ခွေးကလေးတွေကလည်း အနားရောက်လာသည့် ခွေးမကို မအေတွယ် တွယ်ကြမြဲ။
ဒီတော့ မဖြူကိုပဲ မေးရပါ၏။ မဖြူပြောမှ ရှင်းတော့သည်။

“ခွေးမကြီးနှစ်ကောင်က တစ်မအေတည်းမွေးတဲ့ ညီအစ်မ ဆရာမရဲ့ အစ်မ သားသမီးတွေ အဒေါ်က နို့လာကူတိုက်တာ၊ ခွေးကလေးတွေကတော့ မအေရယ် အဒေါ်ရယ် မသိကြဘူးလေး ရှိတဲ့နို့ တွယ်ကြတာ”

တစ်ကောင်က ခွေးညိုမ၊ တစ်ကောင်က ခွေးဖြူမ။ ခွေးတွေမှာတောင် ညီအစ်မ သံယောဇဉ်၊ တူသားနောင်မယ် သံယောဇဉ်တွေ ရှိကြပါလားလို့သာ အောက်မေ့ရပါသည်။ ကျွန်မတို့အိမ်ရှေ့ ရောက်လာသော ခွေးဖြူမကလည်း တစ်ခါတစ်ခါ ပျောက်ပျောက်သွားတာ သူ့ညီမ ခွေးညိုမဆီ သွားတာနေမှာပေါ့။ ခွေးညိုမရဲ့ သားသမီးခုနှစ်ကောင်ကို အပြန်အလှန် နို့ပြေးတိုက်တာ နေမှာပေါ့။ ကျွန်မသိရသလောက် ပြောပြတော့ ခင်ပွန်းသည်ကလည်း စိတ်ဝင်စားပုံရပါသည်။

“ထူးတော့ ထူးဆန်းသားပဲ၊ ဗီဇအရ ရှိနေတဲ့ သံယောဇဉ်ပေါ့လေ”

ကျွန်မ တစ်ခု သတိထားမိသည်မှာ အဝေးတစ်နေရာက ခွေးညိုမရောက်လာလျှင် ခွေးဖြူက ခပ်ဝေးဝေးကို ထွက်သွားတတ်သည်။ နှစ်ကောင်အတူ နို့တိုက်တာမျိုးတော့ မရှိခြင်းပင်။ ခွေးကလေးတွေကလည်း ကြုံသလို စို့ကြရှာပါ၏။ ကျွန်မကတော့ ဘယ်ခွေးရယ်မဟုတ်ဘဲ စဉ့်အင်တုံ သုံးလုံးထဲကို နေ့စဉ် ခွေးစာကျိုထည့်မြဲ၊ ထမင်းကြမ်း ကျန်တော့လည်း ထမင်းနှင့်ဟင်း နယ်ဖတ်ကျွေးမြဲ။ ခွေးဖြူမရော ခွေးညိုမပါ ထမင်းကို လုမစားရှာကြပါ။ ခွေးကလေးတွေစားလို့ ပိုမှ စားကြသည်။

ခွေးကလေး ခုနစ်ကောင်ကိုတော့ ကျွန်မ ဂရုတစိုက် ကျွေးမွေးစောင့်ရှောက်မိပါ၏။တိရစ္ဆာန်ဆိုပေသိ ခွေးကလေးတွေကလည်း ထမင်းရှင်ရယ်လို့ သိ
တတ်ကြပါသည်။ မနက်မှ မလင်းသေး၊ အိမ်ရှေ့ ခြံတံခါးကို ကုတ်ကာခြစ်ကာ အသံစာစာပေးကာဖြင့် ကျွန်မတို့ကို တအီအီ နှိုးနေကျ။ သူတို့
ဗိုက်ဆာကြပြီ။ ကျွေးပါတော့ပေါ့ ။ မိုးလင်းပြီ ထကြပါတော့ပေါ့ ။

“အပြင်က မင်းဘော်ဒါတွေ အော်ကုန်ကြပြီ၊ ထတော့ဟေ့”

ပုံမှန်အားဖြင့် စာရေးညဉ့်နက်သော ကျွန်မအဖို့ မနက်လင်း အိပ်ရာထ နောက်ကျတတ်ပါ၏။ အိပ်ရေးမဝဘဲ အိပ်ရာက မထချင်။ တစ်ရေးသန်သန်ဝဝကြီး အိပ်လိုက်ရမှ တစ်နေ့လုံး လန်းဆန်းတတ်သော ကျွန်မမှာ အိမ်ရှေ့က ခွေးအီသံကလေးများကြောင့် အိပ်ရာထဲနေလို့ မရနိုင်တော့။
မျက်နှာ ထသစ်ရတော့သည်။ မျက်နှာသစ်ပြီး အိမ်တံခါးနှစ်ချပ် ဖွင့်လိုက်လို့ ကျွန်မကို ဖျတ်ခနဲ မြင်လိုက်ကြပြီဆိုသည်နှင့် အော်သံတွေ အသံမြှင့်ကြကာ ဆီးကြိုနေကြလေပြီ။

“ဟေ့ကောင်တွေ၊ လူတောင် ကော်ဖီတစ်ခွက် မသောက်ရသေးဘူး၊ မင်းတို့က ဆာနေကြပြီပေါ့လေ၊ ဘာလဲ မင်းတို့…”

ကျွန်မက အသံပေးလိုက်လျှင် တံခါးကြီးကိုပဲ ကျော်တက်ကြတော့မလိုလို၊ တံခါးအောက်က လျှိုဝင်ကြတော့မလိုလို။ ပိုပြီးလှုပ်ရွကုန်ကြတော့သည်။ ကျွန်မမှာ မျက်နှာပင် မသုတ်အားသေးဘဲ ထမင်းကြမ်းခဲကို ညက ဟင်းကျန်ဖြင့်လူးကာ ခြံတံခါးသော့ကိုဖွင့်ပြီး စဉ့်အင်တုံကလေးတွေထဲ ထမင်းထည့်ကျွေးရတော့သည်။

“ဟဲ့… ဖယ်ကြဦး၊ အို ကြည့်စမ်း၊ ဇွတ်တိုးဝင်တာ တံခါးကြားညပ်နေပြီ၊ ဆရာနေရေ လာဦး၊ ခွေးကလေး တံခါးကြား ညပ်နေလို့”

“ကွိန်… ကွိန်… ကွိန် … ကွိန်”

ကျွန်မက တံခါးအဖွင့် ခွေးတွေက တံခါးအောက်က နှုတ်သီးလျှံအတိုး၊ ခွေးကလေး၏ခေါင်းက မြေကြီးနှင့် သစ်သားဘောင်တန်းကြားညပ်ကာ တကွိန်ကွိန် အော်ခြင်းဖြစ်၏။ အိပ်ရာထဲမှာ နှပ်ရင်း ရေဒီယို
တစ်လုံးဖြင့် ဇိမ်ခံနေသော ခင်ပွန်းသည်လည်း မနေရ။ အိပ်ရာထ,ကာ ကျွန်မနှင့် ခွေးကလေးတွေဆီ ပြေးလာရတော့သည်။ တစ်ယောက်က တံခါးကြီးကိုမ တစ်ယောက်က ခွေးကလေးတွေကိုအသာအသာဆွဲထုတ်။မသေကောင်း မပျောက်ကောင်း။ အော်လိုက်တာများ ငယ်သံပါလို့
ကျွန်မမှာ ရယ်လည်း ရယ်ရ၊ သနားလည်း သနားရ။

“ဒေါ်ထူးထူး ခွေးတွေက လူတောင် ကောင်းကောင်းမနေရတော့ပါလား”

“ကျုပ်လည်း အိပ်ရေးဝ၀ မအိပ်ရပေါင်တော်၊ မထမချင်း အော်နေကြတာ မကြားဘူးလား”

ဒီလိုကိစ္စကလည်း တစ်နေ့အမှုမဟုတ်။ ခွေးကလေးတွေ အော်တိုင်းထွက်ကြည့်ရတာမျိုး၊ ထမင်းဆာလို့ ခြံတံခါးဝ လာကုတ်တိုင်း ထွက်ကျွေးရတာမျိုး၊ ညတိုင်လျှင် ခွေးကလေးတွေ အေးမှာစိုးသဖြင့် သစ်ပင်အောက် အဝတ်ထူထူ သွားခင်းပေးရတာမျိုး၊ မနက်တိုင်လျှင် အိပ်ရေးမဝတဝ ထမင်းထကျွေးရတာမျိုး စသည်ဖြင့် ကရိကထများသော်လည်း ခွေးကလေးတွေကို ကျွန်မ သံယောဇဉ်တွယ်နေမိခဲ့ပြီ။

ခွေးကလေးတွေဘက်ကလည်း ရက်သားရလာတာနှင့်အမျှ ကျွန်မတို့မိသားစုကို ပိုပြီးခင်တွယ်လာပုံရပါ၏။ သမီးကလေးသည်ပင် ပျင်းလျှင်
ခွေးကလေးတွေကို သွားစ,တတ်သည်။အထူးသဖြင့် သူတို့ကို အစာကျွေးသော ကျွန်မကိုတော့ ပိုပြီးခင်တွယ်ကြရှာသည်။ အိမ်ထဲဆီက ကျွန်မအသံ
ကြားလျှင်ပင် ခြံတံခါးဆီ ပြေးကပ်လာကြပြီး တအိအိနှင့် အော်နေတတ်ကြသည်။ ကျွန်မကများ လှမ်းအသံပြုလိုက်လျှင် တံခါးအောက် အတင်း
ခေါင်းထိုးသွင်းကြတော့သည်။ ဒီတော့လည်း ထန်းလျက်ခဲ တစ်ဆုပ်ယူ ခြံတံခါးကို ဖွင့်ရမြဲပါ။ ယူနိုင်သည့် ကုသိုလ်ကလေး ယူရခြင်းပင်။

[ ၄ ]

“မေမေ… ဖုန်းလာနေတယ်”

အိမ်နောက်ဖေးမှာ ချက်ပြုတ်နေသော ကျွန်မကို သမီးက လှမ်းခေါ်ခြင်းဖြစ်ပါ၏။ သူ့ အဖေ မြို့ထဲသွားသဖြင့် ကျွန်မပဲ ဖုန်းကိုင်ရမှာဆိုတော့ ဟင်းအိုးကို မီးဖိုပေါ်မှချကာ ကိုင်ရသည်။ တစ်ခုရှိသည်မှာ
ကျွန်မတို့အိမ်ထဲက ဖုန်းပြောလို့ သိပ်မကောင်းပါ။ ဒီတော့ ဖုန်းလာလျှင် ခြံထဲသွားပြောရသည်။

“ဟုတ်ကဲ့ပါရှင်”

“မထူးလား ဦးဇင်းပါ”

စလင်းမြို့မှ ကျွန်မတို့ လေးစားကြည်ညိုရသော ဆရာတော်ဦးစန္ဒိမ။ “ဦးဇင်းက ကိုလမင်း (စလင်း)၊ တင့်လွင်ကျော်ဖြိုးစသည့် ကလောင်များဖြင့် ဝတ္ထု၊ ဆောင်းပါး၊ ကဗျာ၊ အက်ဆေးများရေးနေသော
စာရေးဆရာ ဦးပဉ္စင်းလည်း ဖြစ်ပါသည်။ ကျွန်မတို့ ဇနီးမောင်နှံထံ မကြာခဏ ဖုန်းဆက်ပြီး စာအကြောင်း ပေအကြောင်း မိန့်လေ့ရှိသူလည်း
ဖြစ်ပါ၏။

“ဦးဇင်း သိပ်မကြားရဘူး မထူး”

ဦးဇင်းက စလင်းမြို့မှ ဖုန်းဆက်တော်မူခြင်းဖြစ်သည်။ နေရာရွှေ့ရွှေ့ ပြောလာလိုက်တာ ခြံတံခါးနားရောက်မှ အသံကောင်းကောင်း
ကြားရတော့သည်။ ကျွန်မလည်း ခြံဝရောက်ရော ခွေးကလေး ခုနှစ်ကောင်က ပြေးလာကာ တစ်ခဲနက်အော်ရင်း ဝိုင်းကြလေ၏။

“ဦးဇင်း ဒီလ မအိမ်ကံ ဖတ်ပြီးပြီ။ အဲဒီထဲက မုန့်လေပွေ ဆင်နင်းသလိုဆိုတဲ့စကား သဘောကျလို့ မထူးရဲ့၊ ဦးဇင်းတို့ငယ်ငယ်က အမေတို့
ပုံခိုင်းတာ ကြားဖူးပေမယ့် ဒီစကားက ပျောက်နေတာလေ”

“တင်ဘုရား”

“မထူး အနားမှာ ခွေးတွေရှိလို့လား၊ ခွေးအော်သံတွေ ကြားနေရပါရော”

ဦးဇင်းမိန့်တော့ ကျွန်မမှာ ရယ်လည်းရယ်ချင်၊ နေရာကလည်း ရွှေ့မဖြစ်တော့ ဒီအတိုင်းသာ ဆက်ပြောနေရသည်။ ဒါကလည်း ကျွန်မဖုန်းပြောတိုင်း၊ ကျွန်မအသံ ကြားလေတိုင်း ခွေးမောင်နှမ ခုနှစ်ကောင်တို့၏ နှုတ်ဆက်သံတွေ ဖြစ်ပါသည်။ ဦးဇင်းနှင့် ဖုန်းပြောပြီးတော့ ထွက်ငေါက်ရပါ၏။

“လာခဲ့ကြစမ်း၊ ဖုန်းကောင်းကောင်း မပြောရဘူး၊ တကတဲတော်”

နောက်တော့ ကျွန်မထံ ဖုန်းလာတိုင်း နောက်ဖေးတံခါးကိုဖွင့်ကာ ခြံစည်းရိုးနား ကပ်ပြောရတော့သည်။ ညနေတိုင်း အိမ်ရှေ့မှာ နာရီဝက်
လောက် ကျွန်မ လမ်းလျှောက်နေကျလည်း ဘယ်လိုမှကို လျှောက်မဖြစ်တော့ ခြေထောက်ကြားထဲ တိုးဝင်ကြကာ ခြေလှမ်းများပင် လှမ်းမဖြစ်။
ကျွန်မ ခင်ပွန်းကပင် ကျွန်မကို “ခွေးတို့အမေ’ဟု စ,တတ်ပါ၏။

ကျွန်မမှာ အိမ်မှုကိစ္စ ဗာဟီရနှင့် သမီး ကျောင်းပို့ ကျောင်းကြို မအားလပ်သည့်ကြားက ခွေးကလေး ခုနှစ်ကောင်ကို ကျွေးမွေးစောင့်ရှောက်ရသည့် တာဝန် ပိုလာခဲ့သော်လည်း မညည်းညူမိပါ။ ကျွန်မ၏ မီးဖိုချောင်ကိစ္စထဲမှာ ခွေးစာတစ်အိုးကျိုရသည့် အလုပ်တစ်လုပ် ပိုလာတာကိုပင် စိတ်လိုလက်ရ ရှိနေခဲ့ပါပြီ။

[ ၅ ]

ခွေးကလေးတွေ နည်းနည်း လ,သားရလာတော့ မိခင်ခွေးဖြူမကြီးက အိမ်ရှေ့မှာ သိပ်မနေတော့ပါ။ တစ်ခါတစ်ရံ နေကုန်ပျောက်နေတတ်သလို
ညဘက်တွင်လည်း ပြန်လာချင်မှလာသည်။ ခွေးကလေးတွေခမျာ နို့ မစို့ရမှန်း သိပြန်တော့ ကျွန်မမှာ ထန်းလျက်ကလေး ကျွေးလိုက်၊
ထမင်းကလေး လူးကာကျံကာ ကျွေးလိုက်နှင့် ရှိရပါ၏။ တစ်ခါတစ်ရံ မိခင်ခွေးဖြူမကြီး ရောက်လာသည့်အခါ ခွေးကလေးတွေက မိခင်နို့
လုစို့ကြသော်လည်း ခွေးမကြီးက တိုက်ချင်ပုံမရ။ နို့မတိုက်သည့်အပြင် သားရင်း သမီးရင်း ခွေးကလေးတွေကိုပင် ရန်မူစိတ် ဝင်လာချင်ချင်၊တစ်ခါများ ခပ်ကဲကဲ ခွေးညိုကလေးကို ခွစီးပြီး ကုပ်ကိုခဲကာ ရက်ရက်စက်စက် ယမ်းခါနေသဖြင့် ခွေးညိုကလေးခမျာ မျော့လို့။ အော်လိုက်တာလည်း ရင်ကွဲလုမတတ်ပင်။ ကျွန်မလည်း ပြေးထွက်ရတော့သည်။

“ဟဲ့ခွေး… ဟိုခွေး… ဘယ့်နှယ် ကိုယ့်ကလေးတွေကိုယ် ပြန်ကိုက်နေရတယ်လို့”

ကျွန်မက ဝါးခြမ်းပြားနှင့် လိုက်တော့မှ ခွေးကလေးကုပ်ကို လွှတ်ချကာ ပြေးလေ၏။

“ခွေးမကြီးက နို့တွယ်မခံချင်တော့လို့ နေမှာကွ”

ကျွန်မလည်း ဒီလိုပဲ တွေးလိုက်မိပါ၏။ နောက်တော့ ကျွန်မတို့ ထင်သလို မဟုတ်ပါ။ ခွေးဖြူမက အလစ်ရောက်ရောက်လာကာ ခွေးကလေးတွေကို တစ်ကောင်ချင်း လိုက်ကိုက်သည်။ ဆွဲဆွဲခါသည်။ ထိပ်ပေါက် သွေးစို့ ဖြစ်လာရသည်အထိ ရန်မူလာခဲ့သည်။ ခွေးကလေးတွေခမျာ မိခင် ခွေးမကြီး ရောက်လာမှာကိုပင် ကြောက်လွန်းသဖြင့် ကျွန်မတို့ခြံထဲ ဇွတ်တိုးဝင်ကြ၊ လွတ်ရာလွတ်ကြောင်း ပုန်းကြ ရှောင်ကြသည်အထိ ဖြစ်လာတော့ ကျွန်မမှာ သံသယစိတ်ကလေး ဝင်လာမိခဲ့သည်။ ဘာများ
ဖြစ်လို့ပါလိမ့်။ ရူးသွားတာများလား။

“ခွေးမကြီးက ရိုးရိုးမှ ဟုတ်ရဲ့လား မသိဘူးနော်၊ ရူးများနေသလားတော်”

တစ်ရက် ကျွန်မ အိမ်ထဲ အလုပ်များနေခိုက် ခွေးကလေး အော်သံကြားသဖြင့် ထွက်ကြည့်တော့ ခွေးမကြီးက လှိမ့်ကိုက်သဖြင့် ခွေးကလေး
တစ်ကောင် အိမ်ရှေ့ရေမြောင်းထဲကျနေတာ တွေ့ရပါသည်။ မြောင်းထဲကျနေသော ခွေးကလေးကို ခွေးမကြီးက အပေါ်စီးက လှမ်းကိုက်နေတာ
တွေ့ရတော့ ကျွန်မ စိတ်မထိန်းနိုင်တော့။ အနီးမှာရှိသည့် အုတ်ခဲကျိုးဖြင့် ထိမိထိရာ လှမ်းထုလိုက်သည်။ ခွေးဖြူမကြီးက ကျွန်မကိုပင် မာန်ဖီနေလေ
ပြီ။

ခွေးကလေးတွေ အော်သံကြားလို့ ထွက်ကြည့်တိုင်း မိခင်ခွေးမကြီးက အလစ်မှာ လာလာကိုက်နေသည်ချည်း။ ကျွန်မလည်း အသံကြားတိုင်း မနေရ။ အသံကြားရာ အိမ်နီးနားချင်းတွေလည်း မနေရ။ ကြာတော့ ကျွန်မမှာ နေ့ရောညပါ ခွေးစောင့်ရတာနှင့် အလုပ်ဖြောင့်ဖြောင့် မလုပ်နိုင်။စာဖြောင့်ဖြောင့် မရေးနိုင်။ ထမင်းဖြောင့်ဖြောင့် မစားနိုင်။

“မင်းကို မပြောရက်လို့၊ ခွေးကလေးတွေကို ဒီအတိုင်း ပစ်ထားရင် ဒုက္ခရောက်နိုင်တယ်ကွ၊ တို့ကလည်း အပြင်ထွက်တာတွေ ဘာတွေရှိမှာလေ၊ ခွေးမကြီးက ရူးနေတာဆိုရင် လမ်းထဲက လူတွေအတွက်လည်း အန္တ ရာယ်ရှိတယ် ၊မင်း မွေးချင်ရင် ခွေးပေါက်ကလေး တစ်ကောင်လောက်
ယူထားလိုက်၊ ကျန်တာ ဘုန်းကြီးကျောင်း သွားပို့လိုက်ချင်တယ်”

ခင်ပွန်းသည်ကပြောတော့ ကျွန်မ စဉ်းစားရပါပြီ။ တကယ်တမ်း ခွေးကလေးတွေကို ကျွန်မ ရေရှည်မထိန်းသိမ်းနိုင်တာ မှန်ပါသည်။ကျွေးမွေးရတာ အကြောင်းမဟုတ်သော်လည်း သူတို့ကလေးတွေကို
ထာ၀ရ အန္တရာယ် မကျရောက်အောင်တော့ ကျွန်မ မစောင့်ရှောက်နိုင်။မိခင်ရင်း ခွေးဖြူမကပင် နေ့ညမရွေး လာလာကိုက်နေတော့ ကျွန်မတို့လည်း ကောင်းကောင်းမနေရ။ နောက်ဆုံးတော့ ခွေးကလေးတွေကို ခပ်ဝေးဝေးက ဘုန်းကြီးကျောင်းသွားပို့ဖို့ ကျွန်မကိုယ်တိုင်က သဘောတူလိုက်ရပါသည်။ ထိုဘုန်းကြီးကျောင်းမှာ ကျောင်းကို လာပို့သမျှ ခွေးတွေကိုလက်ခံပြီး ဆွမ်းကြွင်း ဆွမ်းကျန်များ စွန့်ကြဲကျွေးမွေး စောင့်ရှောက်တော်မှုနေသောကျောင်း ဖြစ်ပါ၏။

ခွေးကလေး ခုနစ်ကောင်ကို သွားမပို့ခင် ကျွန်မကိုယ်တိုင် ထမင်းတွေ ဝလင်အောင် ကျွေးသည်။ ထန်းလျက်ခဲတွေ ကျွေးသည်။ ရေတိုက်သည်။
ကျွန်မ မှာထားသဖြင့် ခွေးလာယူသည့် အမှိုက်တွန်းလှည်း ရောက်လာသည်။ ကျွန်မ ခင်ပွန်းကတော့ ကျွန်မ၏ ခံစားမှုကို သိပုံရသဖြင့် ပြော
ပါသေးသည်။

“မင်း တစ်ကောင် ယူထားလိုက်လေ”

ကျွန်မ ခေါင်းကိုသာ ယမ်းမိတော့သည်။ ခေါင်းယမ်းခြင်းသည် ငြင်းပယ်ခြင်းဆိုလျှင် သည်ခေါင်းယမ်းမှုကတော့ ငြင်းပယ်ခြင်း မဟုတ်ရပါ။
လက်ခံချင်လှစွာ ခေါင်းယမ်းမိခြင်းသာ ဖြစ်ပါသည်။ ခွေးကလေးတစ်ကောင်တည်းကို ယူထားလိုက်သည်ဆိုပါစို့။ ကျန်သော ခွေးကလေး ခြောက်
ကောင်အပေါ် မေတ္တာမဲ့ရာကျရော့မည်။

ကျွန်မက ခွေးပစ်ခ ကျပ်နှစ်ထောင်ပေးထားသဖြင့် အမှိုက်တွန်းလှည်းဆရာက ခွေးကလေးတွေကို ဘုန်းကြီးကျောင်းရောက်အောင် ပို့ပေးမှာဖြစ်ကြောင်း၊ သူ့မှာ ခုတစ်လော ခွေးကလေးတွေ ဘုန်းကြီးကျောင်းချည်း ပို့ပေးနေရကြောင်း၊ ဘုန်းကြီးကလည်း ပို့သမျှလက်ခံကာ ကျွေး
မွေးတော်မူကြောင်း မနေ့တစ်နေ့ကပင် ခွေးကလေး ခုနှစ်ကောင်ကို ပို့ပေးခဲ့ရကြောင်းတွေ ပြောပြနေပါသည်။ ကျွန်မကတော့ သူ့လှည်းအိမ်ထဲကို ခွေးကလေးတစ်ကောင် ကောက်ထည့်လိုက်တိုင်း မျက်ရည်တွေ ကျနေရပါ၏။ လှည်းသံဆန်ခါကြားက တအီအီ အော်ကြရင်း ကျွန်မကို နှုတ်ဆက်နေကြတာလား၊ အသနားခံနေကြတာလား မသိရသော အသံတစ်မျိုးကို ပြုနေကြရှာသည်။ သံဆန်ခါကို တိုးနေကြသည်။

“ဘုန်းကြီးကျောင်းမှာ အေးချမ်းပါတယ်ကွယ်၊ ဘေးလည်း ကင်းပါတယ်။ မင်းတို့ ကြီးလို့ လမ်းမှတ်မိတော့လည်း လာကြပေါ့၊ သွားကြတော့
နော်”

ကျွန်မ စိတ်ထဲက ပြောနေခြင်း ဖြစ်ပါသည်။ တွန်းလှည်းဆရာက တွန်းသွားပြီး လမ်းကွေ့ကို ချိုးလိုက်သော်လည်း သူတို့ အသံကလေးတွေ
တအိုင်အိုင် ကြားနေရဆဲ။ ကျွန်မမှာတော့ တောင့်တောင့်ကြီး ရပ်နေမိပါ၏။ရပ်ရင်းက တစ်စုံတစ်ရာကို ကျွန်မ စိတ်ရောက်သွားခဲ့သည်။ မနေ့ကပဲ
ခွေးကလေးခုနစ်ကောင် ပို့လိုက်ရသည်ဆိုသော တွန်းလှည်းဆရာ၏ စကားကိုဖြစ်သည်။ ဈေးထောင့်မှာ ပစ်ထားခဲ့သော ခွေးညိုမ၏ သားသမီး
ခုနှစ်ကောင်များပေလား။ ဒါဆိုလျှင်တော့ မအေညီအစ်မမွေး ညီအစ်ကို မောင်နှမတစ်တွေ ဘေးကင်းရာမှာ ဆုံကြကောင်းပါရဲ့။ထိုညက ခွေးကလေးတွေရဲ့ အသံ မကြားရတော့ပါ။ တိတ်ဆိတ်လျက်။

—————

ခင်ခင်ထူး

ချယ်ရီမဂ္ဂဇင်း၊
(၂၀၀၉) ခုနှစ်၊ ဖေဖော်ဝါရီလ