• July 5, 2025
  • admin
  • 0

ခင်မောင်အေး(မန္တလေး)
ဂန္ဓမာလူသားစားကျား

ညအမှောင် မစင့်တစင်၊ အလင်းရောင် မမြင့်တမြင် အချိန်ဖြစ်သည်။ ဂန္ဓမာရွာသည် တိတ်ဆိတ်ငြိမ်သက်စွာ အိပ်မောကျဆဲ ရှိ၏။ အရုဏ်၏ ရှေ့ပြေးရောင်ခြည်ကြောင့် ဂန္ဓမာတောင်ကြောအပေါ်သို့ အခက်အခဲမရှိ တက်လာနိုင်ခဲ့ကြရလေသည်။

လေးလံသော ဝန်အပိုများ မပါ။ ရိုင်ဖယ်ကိုယ်စီ၊ ရေဘူးကိုယ်စီနှင့် နံနက်စာအတွက် နှစ်ဦးပေါင်းမှ ဟန်းဂေါ (ဂျပန်ထမင်းချိုင့်) တစ်လုံးသာ ပါရှိသဖြင့် ခရီးတွင်ခဲ့ခြင်း ဖြစ်ပေသည်။

ကျွန်တော့်ပခုံးတွင် လွယ်ထားသော ခုနစ်ပေါင်သာသာ ရှိသည့် ဝင်ချက်စတာ (၃၀.၀၆) ရိုင်ဖယ်ကြောင့် အလေ့အကျင့်ရပြီး စစ်သားတစ်ယောက်အနေဖြင့် ထူးခြားမှု မရှိလှသော်လည်း ဒဟတ်တောရွာသား မုဆိုးအိုကြီး ဦးဘိုးရအတွက်မူ မတ်(က) သရီးအဲန်ဖီးလ် အမျိုးအစား အင်္ဂလိပ်ရိုင်ဖယ်သည် လေးလံလှချေပြီ ဖြစ်သည်။ ကျယ်ဝန်းသော နဖူးပြင်မှ တစ်ပေါက်ချင်း ကျဆင်းနေသော ချွေးသီးချွေးပေါက်များက အဘိုးကြီး၏ အခြေအနေကို ဖော်ပြလျက်ရှိ၏။

သို့သော် တောတွင်းသား ဝါရင့်မုဆိုးကြီး ဖြစ်သည်က တစ်ကြောင်း၊ စိတ်ဇောကဆောင်လျက် ရှိသည်က တစ်ကြောင်း၊ တစ်စက်ကလေးမျှ ညည်းညူခြင်းမရှိဘဲ လိုက်ပါလာသည်။

အလင်းရောင်သည် အမှောင်ကို တစ်စထက်တစ်စ စိုးမိုးလာပြီဖြစ်ရာ ကျွန်တော်တို့ ရောက်ရှိနေသောတောကို မြင်ကွင်းတွင် တဖြည်းဖြည်း ရှင်းလင်းစွာ မြင်လာကြရပေသည်။ စိမ်းစိုညိုမှောင်သော တောင်ကြောတစ်လျှောက်တွင် မိုးဦး၏ တစ်စက်တစ်ပေါက် ပက်ဖျန်း ကျီစယ်ထားချက်ဖြင့် စိမ်း၊ ဝါ၊ နီတျာ ပန်းပွင့် ပန်းချပ်များ ပွင့်လန်းဝေဆာလျက်ရှိသည်။

တောင်ကြောအတိုင်း ကန့်လန့် ဖြတ်၍ ဖြောင့်တန်း ညီညာစွာ အတန်းလိုက် အကန့်လိုက် စိုက်ပျိုးထား
သော နာနတ်ခြံများသည်လည်း လှပသော ရှုခင်းအား သာမောဖွယ် ဖန်တီးလျက်ရှိ၏။

တောင်ခိုးများ ဝေ့ပတ်ရစ်ဆိုင်းလျက် ညို့ညို့မှိုင်းလျက်ရှိသော တောင်ထွတ်တောင်ဆွယ်များ၏ အရိပ်သည် ဂန္ဓမာကြိုးဝိုင်း၏ ထက်အောက်ဝန်းကျင်တွင် ဘုရင်တစ်ဆူသဖွယ် မင်းမူလျက် ရှိလေသည်။

ဟိုးအဝေး အောက်တောင်ခြေတွင်ကား မြီးကောင်ပေါက်မကလေး၏ ခေါင်းမှ ဖဲကြိုးဖြူကလေးသဖွယ် ဝင့်ထည်စွာ စီးဆင်းလျက်ရှိသည့် မအူပင်ချောင်းကလေးသည်ပင် ပသာဒအမြင်တွင် လှပစွာ တန်ဆာဆင်လျက် ရှိပေသည်။ ကျွန်တော်နှင့် အဘိုးရတို့ကမူ သာမောဖွယ်တင့်ဆန်း အံ့မခန်းဖြစ်ဖွယ် ရှုမျှော်ခင်းနယ်ပယ်ကို ရင်သပ်ရှုမော နစ်မျော၍ မနေနိုင်ပါချေ။

ဤလှပသော သာမောဖွယ် ရဂုံအတွင်း ဂန္ဓမာ ရွာသူရွာသားတို့ ရေခပ်၊ မှိုရှာ၊ ဖက်ခူး၊ ထင်းခွေမျှ မထွက်ရဲလောက်အောင် ရက်စက်စွာ သတ်ဖြတ်စားသောက်လျက်ရှိသည့် ဂန္ဓမာလူသားစား ဟင်းမျိုးကျားကြီးအား သုတ်သင်နှိမ်နင်းရမည့် တာဝန်ကိုသာ စိတ်အာရုံဝင်စားလျက် ရှိကြရ၏။

အဘိုးရအဖို့မူ ရွာနီးချင်းလည်းဖြစ်၊ ဘဝတူများလည်း ဖြစ်သဖြင့် တစ်လကျော်မျှ အချိန်အတွင်း ဂန္ဓမာရွာသူရွာသား (၄) ယောက်တိတိ သတ်ဖြတ်ဝါးမျိုသွားခဲ့သည့် ဟင်းမျိုးကျားကြီးကို ကျိတ်မနိုင်ခဲမရ ပိုမိုဖြစ်လျက် ရှိချေသည်။

ကျွန်တော်ကမူ ရွာမှမထွက်မီ ညဦးပိုင်းက အရီးငွေမှုံ ပြောလိုက်သည့် အသံကိုသာ ကြားယောင်လျက်ရှိ၏။

“စံရဟာ အမေအိုကြီးရယ်လို့ အရီးမှုံကို လုပ်ကျွေးနေတာပါ သားရယ်။ ကံများ မကောင်းချင်တော့ အမေ့ကို အထည်လေး ဘာလေး ဝယ်ပေးချင်လှချေရဲဆိုပြီး မအူပင်ချောင်းဖျားထက် ဝါးခုတ်တာပါပဲ။ ဝါးကလည်း ချောင်းဖျားကဆို လှည်းတစ်စီး ရှစ်ကျပ်လောက်ရတော့ လောဘထွက်ခဲ့သပေါ့။ ဟော.. ခုတော့ အရီးသားလေး ကျားစာဖြစ်သွားပြီပေါ့ သားရယ်…”

မျက်ရည်တွေတွေစီး ငိုညည်းသံဖြင့် ယူကျုံးမရ ရင်ထုမနာ ဖြစ်မည်ဆိုက ဖြစ်စရာပင်တည်း။

မုဆိုးမ အမေအိုကြီးအား တစ်ဦးတည်းသော သားပီပီ လုပ်ကျွေးသမှု ပြုနေရှာသည့်ကြားက ဟင်းမျိုးကျားကြီး၏အစာ ဖြစ်သွားရသောကြောင့်လည်း ကာယကံရှင် မွေးမိခင်အဖို့ သည်းအူပြတ်မျှ ခံစားရမည်သာ ဖြစ်ပေသည်။

သို့မို့ကြောင့်လည်း ဂန္ဓမာသူကြီး ဦးထွန်းရွှေ၏ မေတ္တာရပ်ခံချက်ကို ချက်ချင်းလက်ခံ၍ တာဝန်ယူပါမည်ဟု ကတိပြုခဲ့ရ၏။ တစ်ရွာလုံးကပင် ကျွန်တော်၏ ကတိပေးစကားကြောင့် မည်မျှ ဝမ်းမြောက်အားတက်ကြသည်ကို ရွာသူရွာသားအားလုံး၏ မျက်နှာများတွင် စိတ်အားတက်ကြွဖွယ် မြင်တွေ့ခဲ့ရပေသည်။

“စိတ်ချပါသူကြီးရာ… ကျွန်တော်စစ်သားပါ။ ပြီးတော့ ကျွန်တော်ဟာ အတွေ့အကြုံတွေ ရှိပြီးသား မုဆိုးတစ်ယောက်ပါ။ ကျွန်တော့် အလေ့အကျင့်နဲ့ အတွေ့အကြုံတွေကို စွမ်းအားရှိသလောက်သုံးပြီး အရီးမှုံသား စံရအတွက် ဒီသတ္တဝါကို လက်စားချေပေးပါ့မယ်လို့ ကတိပြုပါတယ် ခင်ဗျာ”

လင်းရောင်ခြည်ဖြာလျက်ရှိသော နေသည် အရှေ့ဆီမှ ညို့မှိုင်းလျက်ရှိသည့် တောင်ခိုးငွေ့များကို တိုးဝှေ့ ထွက်ပေါ်လာပြီ ဖြစ်၏၊ ကြည်နူးစဖွယ် နံနက်ခင်းသည် သံပြိုင်တွန်ကျူးလျက် ရှိကြသည့် အိပ်တန်း ဆင်း တောကြက်ဖများ၏ တွန်သံဖြင့် နိုးကြားလာလေသည်။

ဂန္ဓမာတောင်ကြောထိပ်ဆီမှ လေအဟုန်တွင် ပျံ့လွင့်လာသည့် ဥဒေါင်းပျိုတို့၏ အိုးဝေသံကိုလည်း သာယာစွာ ကြားရသည်။ တောင်ကြောတစ်လျှောက် တရွေ့ရွေ့ လှမ်းတက်လျက်ရှိသော အဘိုးရနှင့် ကျွန်တော်တို့အား ဗြုန်းခနဲ တွေ့လိုက်ရသည့် အစာရှာ တောကြက်များက တဖြောဖြော တောအကြားသို့ ပြေးဝင်သွားကြ၏။

“ဘယ့်နှယ်လဲ အဘိုးရကျောက်တစ်လုံးနားကော နီးပြီလားဗျ။ ကျွန်တော့်တံကောက်ကြော တင်းတာထားတော့။ ဘိုးရဖြင့် ချွေးပြန်နေပြီးကော . . .”

“အို . . . ဒီခရီးလောက်ဟာများ စကားထည့်ပြောလို့ အသက် ချင့်ကြည့်ဦးလေ။ ငါးဆယ် ဗိုလ်ကြီးရ … ငါးဆယ်။ ဒါပေမဲ့ အသက်ငါးဆယ် မိုင်ငါးဆယ်ပဲဗျို့။ ရှေ့တစ်ကွေ့ဆို ကျောက်တစ်လုံးပဲ။ ကိုင်း သွက်သွက် တက်ကြဦးစို့ . . .”

ဘိုးရ၏ စိတ်အားတက်ကြွစွာ ဖြေလိုက်သည့် စကားကြောင့် ကျွန်တော် ပိုမိုတက်ကြွသွားရပေသည်။

တောင်ခြေရွာအစမှ ပေ (၂၀၀၀) ကျော်ကျော်အမြင့်ရှိသည့် ကျောက်တစ်လုံးစခန်းကား နှယ်နှယ်ရရ စခန်း မဟုတ်ချေ။

တောင်ကြောအနောက်ဘက်ယွန်းယွန်း ဆင်ခြေလျှောအတိုင်း သဘာဝအလျောက် ကြီးမားသော ကျောက်လုံးကြီးတစ်လုံး ထီးတည်းရှိ၏။ ကျောက်လုံးတစ်ဝိုက် ခက်လိမ်ရှုပ်ထွေးစွာ ဒိုးပင် နွယ်ပင်များ ပေါက်ပွားလျက် ရှိပြီး၊ သီးပင်စားပင်များ လူတို့ စိုက်ပျိုးထားသည့်အလား ပေါများလှသည်။

ကနစို၊ သစ်တို၊ ဖန်ခါး၊ သဖန်း၊ ဇီးဖြူ၊ ဇင်ပြွန်းစသည်ဖြင့် အမည်စုံလှသည်ဖြစ်ရာ တောတွင်းသားကောင် အမဲငယ်များအဖို့ အနီးအနားမှ မခွာချင်လောက်အောင် တစ်ဝဲလည်လည် ကျက်စားမြဲ ဖြစ်ကြသည်။

ထူးခြားသော သဘာဝအနေအထားကြောင့် တစ်ကြောင်း၊ ကြီးမားသော ကျောက်လုံးကြီးကြောင့် တစ်ကြောင်း၊ ယင်းနေရာကို နတ်ကြီးသည်ဟု အဆိုရှိပေသည်။

မည်သို့ပင်ရှိစေ ဘိုးရကမူ အမဲသားငယ်များ ကျက်စားသည့် ကျောက်တစ်လုံးစခန်းတစ်ဝိုက် ဂန္ဓမာလူသားစားဟင်းမျိုးကြီး သေချာပေါက် ခိုအောင်းနိုင်သည်ဟု တွက်ဆလျက် ချီတက်ခဲ့ကြခြင်း ဖြစ်တော့သည်။

ဘိုးရအဆို ရှေ့တစ်ကွေ့သို့ နာရီတစ်မတ်မျှ တက်လာကြရပြီး နောက်ကျောက်တစ်လုံးသို့ ရောက်သည်နှင့် ကနစိုပင်စည်ကို ခြေပစ်လက်ပစ် မှီကာ ထိုင်ချလိုတ်ရ၏။ ရွာမှ ထွက်ကတည်းက မရပ်မနား တောက်လျှောက် တက်လာခဲ့ရသဖြင့်လည်း ဟောဟဲလိုက်အောင် မောနေပြီဖြစ်ရာ ရေဘူးမှ ရေကို တစ်ကျိုက် ကျိုက်လျက် ရမ်ဆွတ်ထားသည့် နဂါးစပါယ်ရှယ်တစ်လိပ် ထုတ်ပြီး မီးညှိရှူဖွာ ဇိမ်ယူကာ နေမိလေသည်။

“ကိုင်း . . . ကိုယ့်ဆရာ အဘိုးကြီးချွေးပြန်နေပြီလားဆို၊ ခုလိုပုံဖြင့် ကျုပ်ကတောင် ပြန်လှောင်ရမလိုဖြစ်နေပြီကော ဟဲ … ဟဲ”

ဘိုးရက ကျွန်တော့်အဖြစ်ကိုကြည့်ရင်း ရယ်သွမ်း သွေးလေသည်။ ကျွန်တော်ကမူ ပြန်လှန်မချေပတော့ပဲ ဘိုးရအား မချိပြုံးကလေး ပြုံးပြလိုက်ရ၏။

“သိပ်အနားယူနေလို့ မဖြစ်သေးဘူး၊ အချိန်လင့်သွားရင် ပိုအရှာ ခက်လိမ့်မယ်၊ ကျုပ် အကဲနည်းနည်း ကြည့်လိုက်ပါရစေဦး”

ဘိုးရက ချွေးများကို ပုဆိုးစဖြင့် သုတ်လိုက်ရင်း ရိုင်ဖယ်ကို ညာလက်မှဆွဲလျက် တောအခြေအနေကို စူးစမ်းရန် ထွက်သွား၏။ ကျွန်တော်ကမူ မှီလက်စပင်စည်မှ မခွာချင်သေးသည်နှင့် အသာမှိန်းကျန်ခဲ့ရ၏။

(၅) မိနစ်ခန့် နားပြီးမှ ကျောက်တစ်လုံးစခန်းသဘာဝကို နေရာမှထကာ လေ့လာကြည့်မိသည်။ သူ့ရင်စို့မျှ မြင့်မား၍ ပေအစိတ်ပတ်လည်ခန့် ကုန်းမို့မို့ကလေးတည်ရှိသည့် ကျောက်လုံးကြီးပေါ်သို့တက်ကာ ကျွန်တော်တို့ တက်လာခဲ့သော ဂန္ဓမာတောင်ကြောကို ဆင်ခြေလျှောတစ်လျှောက် ကျွန်တော်တို့ တက်ရောက်လာခဲ့သည့် လမ်းကလေးနှင့်တကွ လှပသော ခြယ်မှုန်းထားသည့် တောကို မြင်ရသည်။

ဖြူနုသောဘော်ငွေရောင်အဆင်းအား ဆေးရောင်စုံ အစိမ်းရောင် အနားသတ်ထားသည့်အလား တောင် ခြေတွင် လှပစွာ စီးဆင်းလျက်ရှိသည်ကား မအူပင်ချောင်း။

ထိုချောင်းကလေးနှင့် မဝေးလှသော နေရာရှိ မြေပြန့်တွင်မူ ဂန္ဓာမာရွာက ဖုန်တထောင်းထောင်း မီးခိုးတန်း အသွယ်သွယ်တို့ဖြင့် အသက်ဝင် လှုပ်ရှားလျက်ရှိသည်။ ရွာဘေးရှိ ယာကွက်၊ လယ်ကွက်များအား ဟိုတစ်ကွက်၊ သည်တစ်ကွက် မြင်ရ၏။

နံနက်ခင်း နေရောင်အောက်တွင် သတ္တလောကအားလုံး သာယာလျက်ရှိသဖြင့် လှပသော ပတ်ဝန်းကျင်တွင် တဖြည်းဖြည်း နစ်မျောမိသလိုလို ဖြစ်လာသည်။

ရွာနှင့် မလှမ်းမကမ်း တောင်အခြေ တောအစတွင် နွားအုပ်များ လှုပ်လှုပ်ရွရွ သွားလာလျက်ရှိသည်။ တောင်ခြေအစမှ ရွာအစပ်အနားအထိ ကျယ်ဝန်းပြန့်ပြူးသော ကွင်းပြင်ကြီးအား တစ်မျှော်တစ်ခေါ်ကြီး တွေ့ရှိရသည်။

ကျွန်တော်သည် ကွင်းပြင်ကြီးအဆုံး မိုးကုပ်စက်ဝန်းစွန်းမှ တဖြည်းဖြည်းကြည့်လာရာက တောင်ခြေအထိ မျက်လုံးအရောက် ကွေ့ကောက်ကောက်ကလေးရှိသော တောင်ကျောလမ်းကလေး တစ်စုံတစ်ခု ကို လှမ်းမြင်လိုက်ရသည်။

တောင်ခြေအစ လမ်းကြောင်းကလေးမှ နေ၍ ကျောက်တစ်လုံးအထိ ကိုက် (၆ဝဝ) ကျော်ကျော်သာ ဝေးကွာသည်။ ဤမျှ အကွာအဝေးကို အလေ့အကျင့်ရှိပြီး ကျင့်သားရနေသော စစ်သားမျက်လုံးများက ကောင်းစွာ မြင်နိုင်သည်။ စစ်မြေပြင် ကျွမ်းကျင်မှု ဘာသာရပ်အရ မြေပြင်အနေအထားမှန်ပေါ်တွင် သာမန်ထက် မဆိုစလောက်မျှ လှုပ်ရှားမှုသည်ပင် ရန်သူ့ လှုပ်ရှားမှုအဖြစ် စူးစိုက်ခန့်မှန်းရပေသည်။

တောင်ကြော လမ်းကလေးအတိုင်း တအိအိ လှုပ်ရှားလျက် တရွေ့ရွေ့ ရွေ့လျားလာသော တစ်စုံတစ်ခုကို စူးစိုက်ကြည့်နေမိသည်။ လှုပ်ရှားနေသော အရာသည် ဝါတာတာ နီတီတီ အမျိုးအမည် ခန့်မှန်းခွဲခြား၍ ဗြုန်းခနဲ မသိနိုင်လောက်အောင် ရှိရာမှ ရပ်တန့်လျက်ရှိသည်။

မြင်ကွင်းတစ်လျှောက် ရှင်းလင်းစွာ မြင်ရသည် မဟုတ်မူ၍ သစ်ပင် ချုံနွယ်၊ ကိုင်းပင် မြက်ပင်များ ပိတ်ဆို့ ကာဆီးလျက်ရှိသောကြောင့်လည်း ရုတ်တရက် ခန့်မှန်းရန် ခက်ခဲရခြင်းလည်း ဖြစ်၏။

ကျွန်တော်၏ ထူးခြားသော အမူအရာကြောင့် အပါးသို့ တိတ်တဆိတ် ရောက်လာသည့် ဘိုးရက မုဆိုးပီပီ အကင်းပါးစွာ လေသံတိုးတိုးဖြင့် ကျွန်တော့်အား လှမ်းမေးလိုက်သည်ကိုပင် မဖြေနိုင်သေးဘဲ တောင်ခြေလမ်းကြောင်း ကလေးပေါ်မှ သတ္တဝါဆီသို့သာ အာရုံပြုနေမိသည်။

ကျွန်တော်၏ အသိတွင် လှုပ်ရှားလျက်ရှိသောအရာသည် တောသတ္တဝါ အမဲတစ်ကောင်ဖြစ်ကောင်း ဖြစ်မည်ဟု မဆုံးဖြတ်နိုင်မိသေးသည့် အခိုက် အတန့်တွင်ပင် ဖျတ်ကနဲ သတိဝင်လျက် ဝင်လာသော သတိနှင့်အတူ မည်သည့်သတ္တဝါဖြစ်သည်ကို အသိက ဖော်ပြလိုက်၏။

အသိသည် နှုတ်မှ အသံအဖြစ် ထွက်ပေါ်လာ၍ ဘိုးရ၏ ကျွန်တော့်အပါးမှ လေသံဖြင့် မေးလိုက်သော –

“ ဗိုလ်ကြီး . . . ဘာလဲ၊ ဘာကောင်များ တွေ့နေလို့လဲ ”

ဟူသော အမေးကို အဖြေအဖြစ် ထုတ်ဖော်လိုက်မိ၏။

“ဟာ ကျားဗျို့၊ ကျား … ကျား ဂန္ဓမာကျားပဲ “

“ ဟာ . . . ဒါဖြင့် ဟုတ်ပြီ၊ ကျုပ် ကြောအတိုင်း အောက်ဆင်းသွားတဲ့ ခြေရာတွေ တွေ့ခဲ့တယ် ဗိုလ်ကြီးရ၊ ကိုင်း. . . ဒါဖြင့် လာလာ၊ သူ အထက်လျှိုကြား ပြန်လာတာပဲ၊ လာဗျို့ မြန်မြန် ”

ဟု ဘိုးရသည် ပြောပြောဆိုဆို ကျွန်တော့် လက်မောင်းအားဆွဲရင်း ကျောက်လုံးကြီးပေါ်မှ ဆင်းလျက် တောင်ကြော အတက်လမ်းကလေးမှ ဖဲဆင်းကာ ဆွဲခေါ်သွားသည်။

ကျောက်လုံးကြီးမှ ကိုက်ငါးဆယ်အကွာတွင် ဆင်ခြေလျှောသည် စောက်နက်လျက် မြေပြတ် အမြင့်အနိမ့်ထူထပ်ကာ လျှိုသဖွယ် တည်ရှိနေသည်။

အောက်ခြေရှင်းသော တောဖြစ်သဖြင့်လည်း ညီညွတ်ပြန့်ပြူးသော မြေပြင်တွင် ရော်ရွက်များ ကျဲပြန့်လျက် ရှိသည်။ ပုအိုက်အိုက် သစ်ပင်အုပ်ကလေးများအပြင် အခက်အကိုင်းချင်း ဆက်စပ်မတတ် ရှုပ်ထွေးလျက် ရှိသဖြင့် ဆူးရစ်ချုံကြီးသဖွယ် ဖြစ်လျက်ရှိသည်။

ဘိုးရသည် လိမ်ခက် ရှုပ်ထွေးနေသော ဒိုးပင်နွယ်များကို ဖြတ်သန်းကျော်လွှားလျက် အခက် အကိုင်း ထူထပ်အုပ်ဆိုင်းနေသော မြရာပင်တစ်ပင်ကို ကျွန်တော့်အား ညွှန်ပြ၍.

“ကိုင်း ဒီအပင်ပေါ် တက်စမ်း၊ အပေါ်ရောက်ပြီးရင် သတိအနေအထားအသင့်၊ အဲဒီဟင်းမျိုးကြီး ဒီကို ကျိန်းသေလာလိမ့်မယ်၊ ကျုပ် လျှိုအဆုံးက စောင့်မယ်. . .”

လေသံတိုးတိုးဖြင့် ပြော၏။

ကျွန်တော်သည် ဘိုးရအား ပြန်လှန် မေးမြန်းမနေတော့ဘဲ ဘိုးရပြသည့် မြရာပင် ပုအိုင့်အိုင့်ကလေးပေါ်သို့ တွယ်တက်လိုက်မိ၏။

ဒိုးနွယ်ပင်များ ယှက်သန်းရစ်လိမ်လျက် ရှိခြင်း ကြောင့် ခက်ခဲမှုမရှိဘဲ ခွဆုံတစ်ခုပေါ်တွင် တည်ငြိမ်စွာ ထိုင်ခဲ့နိုင်လေသည်။ အခက်အလက်အရွက်များ ထူထပ်ခြင်းကြောင့် မျက်ကွယ် အနေအထား တွင် တည်ရှိရာ နေရာတကျထိုင်မိရင်းက ဝဲယာအောက်ခြေကို လေ့လာမိတော့သည်။

မြေပြင်မှ ပေ (၂၀) ခန့်အမြင့်တွင် ရှိသည်ဖြစ် သော်လည်း ဝဲနှင့်ယာ လျှိုအတွင်း မြေပြန့်တစ်ခွင်ကို ရှင်းလင်းစွာ မြင်နိုင်ခဲ့သည်။ သို့သော် ပင်စည်နှင့် ဒိုးပင်၏ အရွက်အခက် အသီးများ ရစ်တွယ်ပူးကပ်လျက် ရှိသဖြင့် တစ်ကြောင်း၊ ကျွန်တော်ရောက်ရှိနေသော ခက်မ၏ အောက်ကိုင်းများမှ အခက်အရွက်များကြောင့်တစ်ကြောင်း အောက်ခြေကိုမူ ကွဲပြားစွာ မတွေ့ ရပါချေ။

သေနတ်မောင်းထိုးလျက် သော့ပိတ်ရင်းက ဘိုးရအား လျှိုအဆုံးဘက်သို့ ခပ်သုတ်သုတ်သွားနေသည်ကို ကျွန်တော် တွေ့လိုက်ရ၏။

မကြာမီပင် ဘိုးရသည် လျှိုအကွေ့တွင် မြင်ကွင်းမှ ပျောက်ကွယ်သွားလေ၏။

ကျွန်တော်နေရာယူထားသော မြရာပင်၏ လက်ဝဲဘက်လျှိုတစ်လျှောက် ကိုက်ငါးဆယ်ခန့်အထိ ရှင်းလင်းစွာ မြင်နိုင်ပေရာ တောင်ခြေလမ်းကလေးမှ တရွေ့ရွေ့ တက်ရောက်လျက် ရောက်ရှိကောင်း ရောက်ရှိလာမည့် ဂန္ဓမာလူသားစား ဟင်းမျိုးကျားကြီးအား မမှိတ်မသုန် စောင့်လင့် ငုံ့မျှော်လျက်ရှိ၏။

ပင်စည်မှ တစ်ကိုင်းတည်း ဖြာထွက်သွားသည့် အကိုင်းခွဆုံကို ခွလျက် ထိုင်ထားရသဖြင့် နေရာပြင်ဆင် ရွေ့လျားရန် မဖြစ်နိုင်ချေ။ ခွဆုံကိုခွလျက် ပင်စည်ကို ကျောမှီလျက်သာ စောင့်စားနေရပေသည်။

သားကောင်အား ငြိမ်သက်တိတ်ဆိတ်စွာ သစ်ပင်ထက်မှ စောင့်စားနေရသည့်အလုပ်ကား သိပ်မဟန်လှပါချေ။

လှုပ်ရှားမှု လုံးဝ မပြု၊ အသက်ရှူအသံ လုံးဝ မထွက်စေရဘဲ မည်သည့်အချိန်တွင် ရောက်ရှိလာမည်ကို မသိရှိနိုင်သည့် သားကောင်အား စောင့်စားနေရခြင်း ဖြစ်သဖြင့် စိတ်များစွာ တည်ငြိမ်ရန် လိုသည်။

လေသည် လျှိုအဆုံးဘက်သို့ တမျှင်းမျှင်း တိုက်ခတ်လျက် ရှိလေသည်။ နံနက်ခင်းသည် တဖြည်းဖြည်း မြင့်တက်လာသော နေအရောင်တွင် အပူရှိန် တစ်စထက် တစ်စ တိုးလာသည်။ ချွေးစေးများသည် ဝတ်ထားသော စစ်အင်္ကျီအစိမ်းအား ရွှဲရွှဲစိုစေသည်။ နဖူးပြင်ထက်မှ ယိုစီးလာသော ချွေးများကို လက်ကိုင်ပဝါဖြင့် အသာအယာသုတ်ရင်း လက်မှနာရီကို ကြည့်လိုက်သည့်အခါတွင်မူ နံနက်(၉)နာရီထိုးပြီ ဖြစ်၏။

လက်ကိုင်ပဝါအား အင်္ကျီအိတ်အတွင်းသို့ ထည့်လျက် လျှိုအစဆီသို့ အမှတ်မထင် လှမ်းကြည့်လိုက်မိသည်တွင်မူ ဂန္ဓမာလူသားစားကျားကြီးကို ဘွားခနဲ တွေ့လိုက်ရ၏။ လျှိုအတိုင်း တလှုပ်လှုပ် လှမ်း၍ အေးဆေးစွာ လှမ်းလျှောက်လာသည့် ကျားကြီးအား နေရောင်တွင် ထင်ရှားစွာ တွေ့မြင်ရသည်။

လှပသော အဝါရောင် ကိုယ်ထည်တွင် နက်ပြောင်သော အနက်စင်းကြီးများ ခြယ်လျက်ရှိသည်။ ရှေ့တည့်တည့်မှ မြင်ရသဖြင့် ဝိုင်းဝန်းသော ခေါင်းကြီးသည် ကြီးမား၍ ကြောက်ရွံ့ဖွယ် တွေ့မြင်ရ၏။ နားရွက်တိုကလေးတစ်စုံက ထိုခေါင်းကြီးပေါ်တွင် ထောင်လျက် ရှိသည်။

တစ်ချက်တစ်ချက် လာလမ်းကို ပြန်လည် ငဲ့စောင်း၍ ကြည့်လိုက်သည့်အခါ လုံးပတ်ကြီးမား၍ သန်မာသော လည်တိုင်၊ ထွားကျိုင်း၍ ခွန်အား ပြည့်စုံသည့် ရှေ့လက်ပြင်ကို ရှုမြင်ရသည်။

ကျားသည် ကျွန်တော် တက်ရောက်စောင့်စားနေသော မြရာပင်ဆီသို့ ဦးတည်ကာ ဣန္ဒြေရရ လျှောက်လာလျက်ရှိသဖြင့် ဝင်ချက်စတာ စပရင်းဖီးလ် (၃၀. ဝ၆) ရိုင်ဖယ်၏ သော့ကို လက်မဖြင့် အသာတွန်းထားလိုက်မိလေသည်။

လှုပ်ရှားလျက်ရှိသော ပစ်မှတ်ကို ပစ်သည်ထက် တည်ငြိမ်သောပစ်မှတ်ကို ပစ်သည်က ပိုမို၍ တိကျသေချာမည်ကို နားလည်ထားသော ကျွန်တော်သည် ကျားကြီး နီးသည်ထက် နီးအလာနှင့် ရပ်တန့်မှုကို စောင့်စားလျက် ရှိ၏။

ကျားသည် ကျွန်တော် ခွထိုင်ထားသော ခွဆုံရှိရာ မြရာပင်၏ ဘယ်ဘက်မှ တက်လာခြင်း ဖြစ်သဖြင့် အကယ်၍ လှုပ်ရှားနေသည့် ကျားအား ပစ်မည်ဆိုသည့်တိုင် အနေအထား မှန်ကန်စွာ ရှိမည်မဟုတ်ပေ။
ကိုယ်ကို ဘယ်ဘက်သို့ လှည့်၍ သေနတ်ကို ချိန်သားကိုက်စေမှသာ ဖြစ်ပေမည်။

ကျားသည် တဖြည်းဖြည်း နီးသည်ထက် နီးလာပြီး ကျွန်တော့်အား လုံး၀ ဂရုပြု သတိမူခြင်းမရှိဘဲ သစ်ပင်အောက်တည့်တည့်သို့ ရောက်ရှိလာ၏။

ထို့နောက် ကျွန်တော်၏ အောက်တည့်တည့်ရှိ သစ်ရွက်ခြောက်များပေါ်သို့ ဝန်လေးတစ်ခု ဖိချလိုက်သည့် အသံကို ကြားလိုက်ရခြင်းကြောင့် ကျားသည် လှဲ၍ အိပ်ချလိုက်ပြီဖြစ်ကြောင်း ခန့်မှန်းမိ၏။

နာရီတစ်မတ်မျှ မည်သည့်အသံမျှ မကြားရဘဲ ကျွန်တော်သည် ငြိမ်သက်စွာ စောင့်စားလျက် နေမိသည်။ ကျားသည် ကျွန်တော်ရှိရာ မြရာပင် အောက်တည့်တည့်တွင် လဲလျောင်း အိပ်စက်နေပြီ ဖြစ်၏။

ကျွန်တော်၏ နှလုံးခုန်သံကိုပင် ကျယ်လွန်းလှသည်ဟု ထင်မိသော ကျွန်တော်သည် ကိုယ်ကို ဘယ်ဘက်သို့ ဖြည်းဖြည်းချင်း စောင်း၍ အောက်တည့်တည့်ရှိ ကျားအား လှမ်းကြည့်လိုက်သည့်အခါတွင် ရှည်လျားလှပသည့် အဝါတစ်ကန့် အနက်တစ်ကန့် အမြီးကြီးကို စတင်မြင်တွေ့ရပြီး လေးဆယ့်ငါးဒီဂရီမျှ ကိုယ်ခန္ဓာကို စောင်း၍ ရသည့်အခါတွင်မူ ကျားကြီး၏ နောက်ပိုင်းတစ်ဝက်ကို သေချာစွာ မြင်တွေ့ ရလျက် ရှိချေပြီ။

ကျားသည် အပူအပင်ကင်းမဲ့စွာ အိပ်စက်လျက် ရှိသဖြင့် ကျွန်တော့်အား သတိမပြုမိကြောင်း သေချာသည်။ သို့သော် အိပ်စက်လျက်ရှိသော ကျားအား ရှုပ်ထွေးလျက်ရှိသည့် ဒိုးနွယ် ဒိုးခက်များ ခံလျက်ရှိသည့် ကိုယ်အထက်ပိုင်းကို မတွေ့ရှိရဘဲ ပစ်ခတ်ရန် ခက်ခဲလှသည်။

မည်သို့ပင်ရှိစေ ကျွန်တော် သုတ်သင်ရန် ရည်မှန်း ဆုံးဖြတ်ထား ရှိပြီးဖြစ်သည့် ရန်သူသည် အောက်တည့်တည့်သို့ ရောက်ရှိနေပြီ ဖြစ်လေသည်။ လက်ထဲမှသေနတ်ကို ဖြည်းညင်းစွာ မ,လျက် ကိုယ်ကိုလည်း ချိန်သားမှန်စွာ ထိန်းရင်း ကျွန်တော်သည် အကောင်းဆုံး အနေအထား ရရှိအောင် စောင်းလိုက်သည်။

သေနတ်ကို ချိန်လျက် ပင်လုံးကိုတစ်ဖက် တစ်ချက်ခွကာ ကိုယ်ကို စောင်းရခြင်းမှာ သာမန်အားဖြင့် ကြည့်မည်ဆိုက ခက်ခဲလှမည် မဟုတ်သော်လည်း ပေ (၂၀)အမြင့်တွင်ရှိ ကျွန်တော့်အား စက္ကန့်မဆိုင်း အန္တရာယ်ပေးစွမ်းနိုင်မည့် ကျားအား ချိန်သား မှန်ကန် တိကျစွာ ပစ်ခတ်ရန်မှာမူ အလွန့်အလွန် ခက်ခဲလှသည်။

သို့သော် တိုးမြှင့်ပစ်ခတ်မှု ဘာသာရပ်တွင် အကျုံးဝင်သည့် သစ်ပင်ပေါ် မှ ပစ်ခတ်ခြင်းကို ကျွမ်းကျင်စွာ
လေ့ကျင့်ခဲ့ရသည့် လေ့ကျင့်မှုဖြင့် ကျား၏ ကျောကုန်းရိုးတည့်တည့်အား သစ်ပင်ခွဆုံပေါ်မှ ရိုင်ဖယ်ကို ပိုင်နိုင်စွာကိုင်လျက် ချိန်သား မှန်ကန်တိကျစွာ ချိန်ထားနိုင်ပြီ ဖြစ်လေသည်။

ရည်မှန်းသည့် ပစ်ကွင်းနေရာသို့ စိတ်အာရုံကို စူးစိုက် ထိန်းသိမ်းလျက် (၃၀. ဝ၆)ရိုင်ဖယ်၏ မောင်းကို ဖြည်းဖြည်းချင်း ဆွဲချလိုက်လေသည်။

ယမ်းအား ဂရိမ် (၂၂၀)အားဖြင့် တွန်းကန်ထုတ်လိုက်သော ငွေပြားတပ် ကျည်ထိပ်ဖူးသည် ကျား၏ ကျောရိုးတည့်တည့်သို့ ပြင်းထန်သောအရှိန်ဖြင့် ဖောက်ထွင်းဖြတ်သန်းသွားခြင်းကြောင့် ငြိမ်သက်စွာ လဲလျောင်းအိပ်စက်နေသော ကျားသည် အမြီးမှ ကိုင်ဆွဲယမ်းလိုက်သည့်အလား ဝုန်းခနဲ လိမ့်ထွက်သွားလေသည်။

ဝမ်းခေါင်းတွင်းမှ ခြစ်၍ ထွက်လာဟန်တူသော မာန်သွင်း၍ ဟိန်းလိုက်သံကြီးသည် လျှိုအတွင်း ပဲ့တင်ထပ်လျက် ပြန်လာလေသည်။ ကြောက်စဖွယ် နက်ကျယ်သော ဟိန်းသံ ကြီးကြောင့် ကျွန်တော်သည် ခွဆုံပေါ်မှ ကျသွားမတတ် တုန်လှုပ်သွားရ၏။

လက်တစ်ဖက်မှ ရိုင်ဖယ်ကို တစ်ဖက်နှင့်ထိန်းရင်း ခွဆုံကို မြဲမြံစွာ ပေါင်နှင့် ညှပ်ထားလိုက်ရပေသည်။ ကျင့်သားရလျက်ရှိနေသည့် လက်များက အလိုအလျောက် မောင်းကိုဆွဲထုတ်၍ ယမ်းကပ်တွင်းမှ ကျည်အသစ်တစ်တောင့်ကို ထိုးသွင်းပြီးသားဖြစ်နေ၏။

လူးလွန့်လှုပ်ရှားနေသော ကျားကြီးအား သည်တစ်ကြိမ်တွင်မူ တစ်ကောင်လုံး မြင်တွေ့ရပြီ ဖြစ်သော ကြောင့် အသင့်ချိန်ရွယ်ထားရင်းကပင် သေနတ်မောင်းထိုးသံကြောင့် ကျွန်တော့်အား လှမ်းမော့ကြည့်ကာ လွှားခနဲတက်လာသော ကျားမျက်နှာကြီးဆီသို့ ပြောင်းထိုး ပစ်ချလိုက်ရလေသည်။

ငွေပြားတပ် ကျည်ထိပ်ဖူးသည် သည်တစ်ချက်တွင်မူ ကျား၏နှာရောင်ကိုဖြတ်၍ အာခေါင်တွင်းသို့ တည့်မတ်စွာ ဝင်သွားခြင်း ဖြစ်သဖြင့် ဗုန်းခနဲ သူ့အရှိန်နှင့်သူ ပစ်ကျသွားပြီးနောက် ဂန္ဓမာလူသားစားဟင်းမျိုးကြီးသည် ပြန်လည် လူးလွန့်လှုပ်ရှားမှုကိုသော်မျှ မပြုနိုင်တော့ဘဲ ငြိမ်ကျသွားရပေသည်။

အတော်ကြာကြာကြီး စောင့်ကြည့်နေသည့်တိုင် လှုပ်ရှားခြင်းမရှိတော့သော်လည်း သေချာသည်ထက် သေချာစေရန် အိတ်တွင်းမှ ဇစ်ပို မီးခြစ်ကလေးကို
ထုတ်ကာ ကျားကိုယ်ပေါ်သို့ ဖုတ်ခနဲ ပစ်ပေါက်ကြည့်လိုက်ရ၏။

သို့တိုင် ကျားသည် လုံးဝမလှုပ်ရှားတော့။ (၃၀. ဝ၆)စပရင်းဖီးလ်ရိုင်ဖယ်သည် သူ့တာဝန်ကို ကျေကျေပွန်ပွန် ဆောင်ရွက်ခဲ့ပြီ ဖြစ်၏။

သေနတ်ကို မောင်းထိုး၍ ညာလက်ဖြင့် ကိုင်လျက် မြရာပင်ခွဆုံမှ ကျားကြီးအား ဂရုတစိုက်ကြည့်ပြီး ဖြည်းဖြည်းချင်း ဆင်းခဲ့သည်။ မြေပြင်ပေါ် ခြေချမိ၍ တရွေ့ရွေ့ အနားသို့ တိုးကပ်သွားရ၏။

သတိဆိုသည်မှာ ပိုသည် မရှိပေ။

ဂန္ဓမာရွာသားအားလုံးက ကြောက်ရွံ့မုန်းတီးလျက်ရှိသည့် လူသားစား ဟင်းမျိုးကြီးကား ကျွန်တော်၏ လက်ချက်ဖြင့် ဇီဝိန်ချုပ်သွားရပေပြီ။ လူသားစားကျားပီပီ ဝါကျင့်ကျင့် အစွယ်ကြီးများဖြင့် ၎င်း၏လျှာကို ပြန်ကိုက်ကာ ဘဝပြောင်းသွားပြီ ဖြစ်၏။

ဘိုးရကြီး ကမန်းကတန်း ရောက်ရှိလာပြီး ကျွန်တော့်အား အားရပါးရ ပခုံးကိုပုတ်ကာ ဟင်းမျိုးကြီးအား အမြီးဖျားမှသည် ခေါင်းသို့တိုင် တိုင်းထွာကြည့်လိုက်သည်။ ကိုးတောင်နှင့် လက်လေးသစ်တိတိ ရှိပေသည်။

“အစစ်ပေါ့ဗျာ၊ မအေပေး ဟင်းမျိုးကြီးမှ ရေကိုမရောဘူး၊ သူနှိပ်စက်ထားတာ ဂန္ဓမာ တစ်ရွာလုံး နာလန်ကိုမထူဘူးဗျို့။ အင်း ဂန္ဓမာရွာသားတွေတော့ ငါ့ရဲဘော်ကြီးကို ဘယ်လောက်များ ဝိုင်းကြည်ညိုလိုက်ကြမလဲဘဲ”

ဘိုးရ၏ အားပါးတရ ချီးကျူးသံကို ကျွန်တော်က အသာပြုံး၍ နားထောင်ရင်းက ပြန်ပြောလိုက်ရ၏။

“ဒါလည်း တာဝန်တစ်ရပ်ပေါ့ဗျာ၊ ပြည်သူရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်မယ်လို့ အဓိဋ္ဌာန်ပြုထားကြတဲ့ ကျွန်တော်တို့ တပ်မတော်သားတွေအဖို့ သာမည အသေးအဖွဲ ကိစ္စလေးတွေကအစ တိုင်းပြည်ကို ကာကွယ်တဲ့ ကြီးမားလှတဲ့ ဝတ္တရားအထိ ရည်ရွယ်ချက်ချင်းကတော့ အတူတူပါပဲ ဘိုးရရာ…”

– ပြီး –

စာရေးသူ – ခင်မောင်အေး(မန္တလေး)

Leave a Reply

Your email address will not be published. Required fields are marked *