ဤဇာတ်လမ်းသည် ဖြစ်ရပ်မှန်တစ်ခုအပေါ်အခြေခံ၍ ရေးသားတင်ဆက်ထားပါသည်။

အခန်း(၁)

အချိန်ကား (၁၉၇၅)ခုနှစ်ခန့်ကဖြစ်သည်။ သာယာအေးရွာကလေးမှာ ပဲခူးတိုင်းအနောက်ခြမ်း သာယာဝတီမြို့နယ်အတွင်းတည်ရှိကာ ပဲခူးရိုးမတောင်ခြေရွာကလေးတစ်ရွာဖြစ်သည်။ ထိုရွာတွင်နေထိုင်ကြသူများမှာ လယ်ယာစိုက်ပျိုးသည့်သူများရှိသကဲ့သို့ ပဲခူးရိုးမကြီးကိုအမှီပြု၍ သစ်ခုတ်၊ ဝါးခုတ်၊ တောလိုက်၊ ရွှေကျင် အစရှိသည့်လုပ်ငန်းများကို လုပ်ကိုင်အသက်မွေးကြသူများလည်းရှိပေသည်။

ထိုရွာကလေးတွင် မောင်တင်ဝင်းအမည်ရ လူငယ်တစ်ယောက်ရှိသည်။ မောင်တင်ဝင်းမှာ အသက်နှစ်ဆယ့်ငါးနှစ်ခန့်ဖြစ်သည်။ မောင်တင်ဝင်းမှာ မိဘလက်ငုပ်လက်ရင်း လယ်ယာများကိုလုပ်ကိုင်ကာ ပင်ပင်ပန်းပန်းအသက်မွေးမြူရသည်။ တောင်သူလယ်သမားဖြစ်သည်မို့ စားနိုင်သောက်နိုင်ရုံရှိကာ ချောင်ချောင်လည်လည်မရှိလှပေ။ မောင်တင်ဝင်းမှာ ထိုသို့လယ်စိုက်နေရသည်ကို စိတ်မပျော်ရွှင်ပေ၊ ကြီးပွားမြန်မည့်အလုပ်တစ်ခုကိုရှာဖွေနေစဉ်ဖြစ်သည်။ သို့နှင့်တစ်ရက်တွင် ရွာထိပ်ပိုင်းမှ ဦးကြီးတော်စပ်သူ၏ အိမ်သို့ရောက်လာခဲ့သည်။ ဦးကြီးမှာ တောအတွင်းရွှေသွားကျင်ရှာမှာ ခြောက်လခန့်ကြာသည့်အခါ ပြန်ရောက်လာခြင်းဖြစ်သည်။

ဦးကြီးမှာ ရွှေရောင်းပြီးချမ်းချမ်းသာသာဖြစ်နေသည်။ ဇနီးနှင့်သားသမီးများကိုလည်း ရွှေထည်များဆင်နိုင်ပေသည်။ ထိုအဖြစ်ကိုမြင်သည့်အခါ မောင်တင်ဝင်းမှာ ဦးကြီးကိုကပ်၍မေးတော့သည်။

“ဦးကြီးကိုကြည့်ရတာ အဆင်ပြေနေတဲ့ပုံပဲ၊ ရွှေကျင်တာ တော်တော်မှကိုက်ရဲ့လား”

“ဘာလဲ မောင်တင်ဝင်း၊ မင်းစိတ်ဝင်စားသွားပြီလားကွ”

မောင်တင်ဝင်းမှာ ခေါင်းညိတ်လိုက်မိသည်။

“လုပ်နိုင်ရင်၊ အပင်ပန်းခံနိုင်ရင်တော့ ရွှေကျင်တာက ရတယ်ကွ၊ ကုသိုလ်ကံလည်း လိုသေးတာပေါ့ မောင်တင်ဝင်းရာ”

“မျိုးမျိုးမြတ်မြတ်ရမယ်ဆိုရင် ပင်ပန်းလည်းခံနိုင်ပါတယ်ဦးကြီးရာ၊ အခု လယ်စိုက်ယာစိုက် နွားတွေနဲ့ဖက်ရုန်းနေရတာပဲမဟုတ်လား”

“အေး၊ မင်းလုပ်နိုင်တယ်ဆိုရင် ဒီတစ်ခါငါနဲ့လိုက်ခဲ့စမ်းကွာ၊ တို့တွေ နောက်သုံးလေးရက်ကြာရင် တောင်ပေါ်ပြန်တက်ကြမယ်ဟေ့”

“ဟာ၊ ဦးကြီးက လောလှချည်လားဗျ၊ ရောက်လက်စနဲ့ တစ်ပတ်လောက်တောင်နေတာမဟုတ်ဘူး”

“ငါဆင်းလာခဲ့တာ ရိက္ခာကုန်လို့ကွ မောင်တင်ဝင်းရ၊ ရွှွှေဆိုတာ ရှာတိုင်းရနေတော့ အခုလိုအိမ်မှာ အေးအေးဆေးဆေးနေနေတဲ့ အချိန်တောင်မှ အချိန်ဖြုန်းနေမိတယ် ထင်တာကွ မောင်တင်ဝင်းရ”

“ဦးကြီးပြောတာနဲ့ ကျုပ်တောင်အားတက်သွားပြီဗျာ၊ ဦးကြီးသွားရင် ကျုပ်လည်းလိုက်မယ်”

“ရိက္ခာသာများများယူခဲ့ဟေ့ ရွှေကျင်တယ်ဆိုတာ ပင်ပန်းပေမယ့် ရတာကလည်း လုံးခနဲကွ”

မောင်တင်ဝင်းမှာ ဦးကြီးပြောသည့်စကားများကို ကြားယောင်က အားတက်နေမိသည်ကအမှန်ဖြစ်သည်။ သို့နှင့် မောင်တင်ဝင်းတစ်ယောက် အဝတ်အစားများ ရိက္ခာများကိုပြင်ဆင်ထုတ်ပိုးကာ အသင့်စောင့်နေသည်။ သုံးရက်မြောက်သည့်အခါ ဦးကြီးဖြစ်သူနှင့် ရွှေကျင်ရန်အတွက်လိုက်ပါလာခဲ့သည်။ ရွာမှ အခြားလူလေးငါးယောက်လည်း အတူတကွလိုက်ပါလာကြသည်။ မောင်တင်ဝင်းနှင့် အမျိုးတော်သူ ကိုချက်ကြီး၊ ကိုချက်ဖောင်းတို့ညီအကိုနှစ်ယောက်၊ နှုတ်ခမ်းထော်နေသဖြင့် ထော်ကြီးဟုခေါ်သည့်လူနှင့် မျက်နှာမှာ ကျောက်ပေါက်ရာများဗရပွနှင့် ကိုကျောက်လုံးတို့ဖြစ်သည်။ သူတို့အဖွဲ့ထဲတွင် မောင်တင်ဝင်းမှာ အသက်အငယ်ဆုံးဖြစ်သည်။

ပဲခူးရိုးမကြီးပေါ်သို့လှည်းဖြင့်တက်လာခဲ့ကြသည်။ သစ်ထုတ်သူ၊ ဝါးဆွဲသူများအသုံးပြုသည့် လှည်းလမ်းကြောင်းအတိုင်းတက်လာခဲ့ကြခြင်းဖြစ်သည်။ ထိုလှည်းလမ်းကြောင်းဆုံးသွားသည့်အခါ အလွန်မတ်စောက်သည့် တောင်တန်းတစ်နေရာသို့ရောက်လာခဲ့ကြသည်။ ထိုနေရာတွင်တော့ တောင်ပေါ်ကိုခြေလျင်တက်ကြရသည်။ တောမှာအလွန်နက်၍ ဝေးလံခေါင်သီလှပေသည်။ လူသွားလမ်းကလေးမှာ တစ်ခါတလေမြက်ရိုင်းများအောက်တွင် ဖုံးလွှမ်းပျောက်ကွယ်နေတတ်သည်။ ရိက္ခာထုတ်ကြီးများကို သယ်ပိုးလာရသဖြင့် မောင်တင်ဝင်းတို့မှာ အလွန်ပင်ပန်းကြသည်။

တောထဲတစ်ထောက်နားသည့်အခါ မောင်တင်ဝင်းတို့မှာ ချက်ပြုတ်ရန်ပြင်ဆင်ကြသည်။ ထိုအခါ ဦးကြီးရွှေမန်းက မောင်တင်ဝင်းတို့ကို ရိက္ခာများချွေတာကြရန်အတွက် မှာကြားသည်။

“မောင်တင်ဝင်းရေ၊ တို့ရောက်နေတာ တောထဲတောင်ထဲကွ၊ ရွာမှာလို တနင့်တပိုးစားလို့မရဘူး၊ တောထဲမှာအရေးကြီးတာက ရိက္ခာပဲကွ၊ ရိက္ခာကုန်ရင် အလုပ်တွင်မှာမဟုတ်ဘူး၊ ချွေချွေတာတာစားစမ်းပါကွ”

တောထဲတွင် တစ်ညအိပ်ပြီး နောက်တစ်နေ့မနက်မှ ချောင်းဖျားကလေးတစ်ခုဆီသို့ရောက်လာခဲ့ကြသည်။ ထိုချောင်းဖျားကလေးရောက်တော့မှ လူသံသူသံများကို မြင်ရကြားရတော့သည်။ ချောင်းဖျားကလေးဘေးနားတွင် ရွက်ဖျင်ထည်ကြီးများကို အုပ်မိုးကာ စခန်းချထားသည်မှာအစီအရီပင်ဖြစ်သည်။ အချို့မှာလည်း တဲကလေးများထိုးကာ တဲအစုလေးများဖြင့်နေထိုင်ကြလေသည်မှာ တောအုပ်အတွင်းရွာငယ်ကလေးတစ်ခုပင်ဖြစ်နေသည်။

တဲအိမ်များရှိသော်လည်း ထိုတဲများနှင့် ခပ်လှမ်းလှမ်းမှ လျှောက်သွားရသည်။ အချို့တဲများ ရွက်ဖျင်များကို ကွေ့ပတ်ရှောင်ရှားသွားကြရသည်။ မောင်တင်ဝင်းမှာ တဲအတွင်းထိုင်နေသူတစ်ဦးကိုမြင်တွေ့လိုက်ရသဖြင့် ပြုံးပြလိုက်မိသည်။ သို့သော် ထိုလူမှာ မောင်တင်ဝင်းအား ရန်စောင်သည့်အကြည့်နှင့်ပြန်ကြည့်ကာ ခါးကြားတွင်ထိုးထားသည့် ဓါးမြှောင်ကိုပုတ်ပြလေသည်။

“ဦးကြီး၊ ဟိုလူက တစ်မျိုးကြီးပါလားဗျာ၊ ကျုပ်နှုတ်ဆက်တာကိုတောင် သူက ဓါးပုတ်ပြသေးတယ်၊ လူဆိုးလူမိုက်တွေများလား မသိပါဘူးဗျာ”

ဦးကြီးရွှေမန်းက တစ်ချက်ပြုံးလျှက်

“ဒီနေရာက ရွှေထွက်တဲ့နေရာကွ၊ ရွာမဟုတ်ဘူး၊ ဟောဒီနေရာမှာ ရန်သူတွေပဲရှိတယ်၊ မိတ်ဆွေတို့ သူငယ်ချင်းတို့ဆိုတာမရှိဘူး”

“ဦးကြီးစကားက ဘယ်လိုကြီးလဲဗျ”

“လူတိုင်းလိုချင်နေတာက ရွှေကွ၊ သူတို့ခေါင်းထဲမှာ ရွှေရဖို့ဆိုတဲ့အရေးပဲရှိတယ်၊ ရွှေကိုဘယ်လိုနည်းနဲ့ရရ ရအောင်ယူမယ့်လူတွေ၊ လူပဲသတ်ရသတ်ရ၊ သူတို့ဝန်မလေးဘူး၊ ဒါကြောင့်တို့က သူတို့တဲတွေအနားကိုမကပ်တာပေါ့ကွာ၊ တဲအနားကိုကပ်လာရင် ရွှေသူခိုးဆိုပြီး ဓါးနဲ့ဝိုင်းခုတ်သတ်ကြမှာကွ”

“ကြောက်စရာကြီးပါလားဗျာ”

“တောထဲတောင်ထဲမှာ တရားဥပဒေဆိုတာမှမရှိတာကွ၊ မင်းလည်း ကြပ်ကြပ်သတိထားနော်၊ ဟောဒီရွှေလုပ်ကွက်ထဲမှာ ဘယ်သူ့ကိုမှမပေါင်းနဲ့၊ ကိုယ့်အနားကိုလည်း အကပ်မခံနဲ့ဟုတ်ပြီလား”

ထိုချောင်းကလေးနံဘေးတွင် ရွှေလုပ်ငန်းများကို လုပ်ကိုင်နေကြသည်။ အချို့မှာ ကိုယ်တစ်ဝက်ခန့်နစ်သည့် ချောင်းရေထဲသို့ဆင်းကာ ရွှေကျင်နေကြသည်ကိုတွေ့ရသည်။ မိန်းမသားများတစ်ယောက်စ နှစ်ယောက်စတွေ့ရသော်လည်း ယောက်ျားသားများချည်းသာဖြစ်သည်။ ချောင်းရိုးကလေးအတိုင်း လမ်းလျှောက်လာကြရင်း မကြာခင်တွင် သစ်ပင်ကြီးတစ်ပင်အောက်သို့ရောက်လာခဲ့သည်။ ထိုသစ်ပင်ကြီးအရှေ့တွင် အုန်းပွဲငှက်ပျောပွဲများတင်ထားသည့် သစ်သားခုံတန်းကြီးရှိသည်။ သစ်သားခုံတန်းကြီးအပေါ်တွင် အုန်းပွဲငှက်ပျောပွဲများမှာ အပြည့်အလျှံနီးပါးရှိနေသည်။

ဦးကြီးရွှေမန်းက ကိုချက်ဖောင်းထမ်းလာသည့် ငှက်ပျောခိုင်ကြီးကိုလှမ်းယူလိုက်သည်။ ကိုချက်ကြီးကမူ ဝါးတစ်လုံးကိုခွဲစိတ်လျှက် တောင်းကလေးတစ်ခုအဖြစ် ခပ်ကြမ်းကြမ်းရက်လုပ်လိုက်သည်။ ထိုတောင်းအတွင်းသို့ ငှက်ပျော်သီးခိုင်နှင့် အုန်းသီးကိုထည့်လိုက်ကာ အမွှေးတိုင်ဖယောင်းတိုင်၊ တောပန်းများထည့်ကာပူဇော်ပသကြလေသည်။

“ဒါဘာလုပ်တာလဲ ဦးကြီး”

“တောပိုင်တောင်ပိုင်တွေကို ရွှေများများရအောင်၊ တို့တွေ အန္တရာယ်ကင်းအောင်လို့ ပူဇော်ပသပါတာပေါ့ကွာ၊ လာကြ မင်းတို့လည်းရှိခိုးကြ၊ တို့ရွှေလုပ်ကွက်နေရာက ဟိုးအထက်ဘက်တက်ရအုံးမှာကွ”

မောင်တင်ဝင်းတို့လည်း ဘုမသိဘမသိနှင့် ကန်တော့လိုက်ကြရသည်။ ထို့နောက် ဦးကြီးရွှေမန်းခေါ်ဆောင်သည့်အနောက် လိုက်ပါလာခဲ့ကြသည်။ ချောင်းရိုးအထက်ပိုင်းရောက်သည့်အခါ တဲကလေးများမှာ တဖြည်းဖြည်းကျဲပါးလာသည်။ တစ်စုနှင့်တစ်စုမှာ ခပ်လှမ်းလှမ်းဖြစ်လာပြန်သည်။ ဦးကြီးရွှေမန်းက အရှေ့မှသွားလာနေရင်း

“ဒီချောင်းကလေးကို တစ်ပေလူးချောင်းလို့ခေါ်တယ်ကွ”

“နာမည်ကလည်း အဆန်းပါလားဗျာ၊ ဘယ်လိုဖြစ်လို့ တစ်ပေလူးချောင်းဖြစ်ရတာလဲ”

“ရှေးလူတွေတော့ ဘယ်လိုခေါ်သလဲမသိဘူးဟေ့၊ ဒီချောင်းကြီး ရေစီးသန်တဲ့အချိန်ဆိုရင် တစ်ပေရှိတဲ့ကျောက်ထုကျောက်တုံးကြီးတွေတောင် လူးလွန့်လိမ့်ဆင်းတတ်လို့ တစ်ပေလူးချောင်းလို့ခေါ်တာကွ”

“ဖြစ်နိုင်တယ်ဗျာ၊ တောင်ကျချောင်းဆိုတော့ ရေစီးကလည်း သိပ်သန်မှာပဲဗျာ”

တစ်နေရာရောက်သည့်အခါ ချောင်းရိုးနံဘေးတစ်ဖက်ကမ်းသို့ ဖက်တက်လာခဲ့ကြသည်။ ဦးကြီးရွှေမန်းက ထိုနေရာတစ်ဝိုက်ကိုလေ့လာကြည့်ရင်း

“တို့တွေ ဒီနေရာမှာ စခန်းချကြမယ်ဟေ့”

“ဘာဖြစ်လို့လဲ ဦးကြီးရွှေမန်းရ”

ဦးကြီးရွှေမန်းမှာ ကျောက်တုံးကြီးတစ်တုံးအောက်တွင် ကပ်နေသည့် ကျောက်ခဲကလေးတစ်ခုကို ကောက်ယူလိုက်လေသည်။ ထိုကျောက်ခဲကလေးကို နေရောင်အောက်တွင် လှုပ်ခတ်ကြည့်သည့်အခါ ရွှေရောင်အမှုန်ကလေးများက ဝင်းလက်နေလေသည်။

“အဲဒါရွှေပေါ့ မောင်တင်ဝင်းရ၊ ဒီနားမှာ ရွှေထွက်လောက်မယ်ထင်တယ်ကွ”

ထိုနေ့တွင်တော့ တောအုပ်အတွင်းမှ ဝါးခုတ်ကာ ချောင်းကမ်းနံဘေးတစ်နေရာတွင် ဝါးကြမ်းခင်း၊ ဝါးကပ်မိုး၊ ဝါးကပ်ကာသည့် တဲကလေးတစ်လုံးကိုတည်ဆောက်လိုက်ကြသည်။ တဲကလေးတွင် တံခါးပေါက်တစ်ခုသာရှိသည်။ ထိုနေ့တွင် မောင်တင်ဝင်းတို့မှာ မောမောပန်းပန်းနှင့်အနားယူလိုက်ကြသည်။

အခန်း(၂)

နောက်တစ်နေ့ရောက်ခဲ့ပေပြီ၊ ဦးကြီးရွှေမန်းလှုံ့ဆော်မှုနှင့် မနက်အစောကြီးထရသည်။ ပါလာသည့် သံချောင်း၊ သံတူရွှင်း လက်နက်ကိရိယာများကို အသင့်ပြင်ဆင်ကာ ဦးကြီးရွှေမန်းအနောက်သို့လိုက်လာခဲ့ကြသည်။ ချောင်းကမ်းပါးတစ်ဖက်တွင် ပုတ်တောင်းကြီးတစ်တောင်းစာခန့် ကြီးမားသည့် ကျောက်တုံးကြီးတစ်တုံးရှိသည်။ ဦးကြီးရွှေမန်းမှာ ထိုကျောက်တုံးကြီးကိုလက်ညှိုးထိုးလိုက်ပြီး

“ကဲ မင်းတို့ ဒီကျောက်တုံးကြီးကိုလှန်ကြဟေ့”

“ဗျာ၊ ဒီလောက်အကြီးကြီးကိုလှန်ရမှာလား”

“ဟုတ်တယ်၊ ဒါကိုလှန်မှ ရွှေတွေ့မှာကွ”

ဦးကြီးရွှေမန်းအပါအဝင် ယောက်ျားသားများအားလုံးမှာ ထိုကျောက်တုံးကြီးကို ကလော်ထုတ်ရန်ကြိုးစားကြသည်။ ကျောက်တုံးကြီး၏ အောက်ခြေကိုတူးဖော်ကာ သစ်လုံးကြီးများနှင့် ကလန့်ထိုး၍ လူအားဖြင့်တွန်းလှဲကြရသည်။ နေ့တစ်ဝက်မကျိုးခင်အချိန်မှာပင် ကျောက်တုံးကြီးမှာ ဝုန်းခနဲအသံကြီးနှင့်အတူ ချောင်းအောက်ဘက်တစ်နေရာသို့ လိမ့်ဆင်းကျသွားတော့သည်။ မောင်တင်ဝင်းတို့မှာလည်း ဖတ်ဖတ်မောနေပြီဖြစ်သည်။ ဦးကြီးရွှေမန်းမှာ ကျောက်တုံးကြီးထွက်ကျသွားသဖြင့် ကျန်ရစ်နေခဲ့သည့် မြေကျင်းကြီးအတွင်းသို့ခုန်ဆင်းလိုက်ကာ ကျောက်တုံးကလေးများကို လိုက်လံကောက်ယူသည်။ အဖြူရောင်ထုံးကျောက်တုံးကလေးများအလယ်တွင် ရွှေတုံးကလေးများမှာ ငါးဥကလေးများကဲ့သို့ ပြွတ်သိတ်ကာတည်ရှိနေလေသည်။

“တွေ့ပြီလားကွ၊ ဟောဒီမှာရွှေကွ”

ဦးကြီးက ရွှေတုံးကိုမြှောက်ပြလိုက်သည့်အခါ မောင်တင်ဝင်းတို့မှာ မောပန်းသမျှအားလုံး ယူပစ်သလိုပျောက်ကင်းသွားကြပြီး စိတ်အားတက်ကြွလာကြတော့သည်။

“ဟောဒီအောက်က မြေကြီးကို ကျင်းတူးပြီး ရွှေဗြုန်းနှိုက်မယ်ကွာ၊ မင်းတို့အလှည့်ကျသာတူးတော့”

မောင်တင်ဝင်းတို့မှာ ပေါက်ချွန်းပေါက်ပြားများနှင့် မြေကြီးများကိုတူးဖော်ကြရသည်။ တူးဖော်နေရင်းတွေ့ရှိရသည့် ရွှေမှုန်များပါဝင်နေသည့် ကျောက်တုံးများကို ဦးကြီးထံံသို့လှမ်းပေးရသည်။ ဦးကြီးမှာ ထိုကျောက်တုံးများကို တူနှင့်ထုကာ အမှုန့်ပြုလျှက် ချောင်းရေထဲတွင် ရွှေပြန်ကျင်ယူရသည်။

မောင်တင်ဝင်းတို့မှာ လောဘဇောနှင့်မြေတူးကြသဖြင့် မြေကျင်းမှာ အတော်နက်လာသည်။ တစ်နေရာအရောက်တွင် မောင်တင်ဝင်းမှာ တူးဖော်နေရင်း လူလက်ကြီးတစ်ဖက်က မြေအောက်မှ ဘွားခနဲထွက်လာသည်။ မောင်တင်ဝင်းမှာ ကြောက်လန့်တကြားနှင့် အော်ဟစ်ရင်း မြေပေါ်သို့ပြေးတက်လာခဲ့သည်။

“မောင်တင်ဝင်း ဘာဖြစ်လို့လဲကွ”

“ဦးကြီး၊ ဟိုအောက်မှာ လူလက်ကြီးတစ်ဖက်ထွက်လာလို့ဗျ”

ဦးကြီးရွှေမန်းနှင့် ကျန်လူများမှာ ဆင်းကြည့်ကြလေသည်။ ဟုတ်ပေသည်။ မြေကြီးအတွင်းမှ အရိုးကျလုနီးကာ ပုပ်ဟောင်နံံစော်နေသည့် လူလက်ပြတ်တစ်ဖက်ထွက်နေသည်ကိုတွေ့ရသည်။ ဦးကြီးရွှေမန်းက ထိုလက်ကြီးအနီးမှ မြေသားများကိုတူးဖောက်လျှက်

“ဘာမှမထူးပါဘူးကွာ၊ ဒီလူက တွင်းပိပြီးသေတာဖြစ်မယ်ကွ”

“ဗျာ၊ တွင်းပိပြီးသေတာတဲ့လား”

“အေးပေါ့ကွာ၊ ကျင်းတူးတဲ့အခါ အတူးမတော်ရင် တစ်ခါတည်းမြေဖို့ပြီးဖြစ်သွားတာပေါ့ကွ၊ တောထဲတောင်ထဲဆိုတော့ ဘယ်သူမှလည်း တကူးတကမြှုပ်မနေကြတော့ပါဘူးကွာ၊ ကဲ အဲဒီလူသေကြီးကို ဖော်ယူလိုက်ကွာ၊ နောက်တော့ ဂုန်နီအိတ်တစ်ခုပေါ်တင်ပြီး သွားပစ်ကြရအောင်”

မကြောက်တတ်သည့် ချက်ကြီးနှင့် ချက်ဖောင်းညီအကိုမှာ ထိုလူသေကောင်ကြီးကို တူးဖော်ထုတ်ရသည်။ တူးဖော်ပြီးသည့်အခါ ဂုန်နီအိတ်တစ်ခုအပေါ်တွင်တင်လိုက်ကြသည်။

“ကဲ မောင်တင်ဝင်းနဲ့ ထော်ကြီးက အဲဒီဂုန်နီအိတ်ကြီးကို တစ်ယောက်တစ်ဖက်သယ်လာခဲ့ဟေ့၊ ကျန်တဲ့လူတွေက ကျင်းကိုသေချာဂရုစိုက်တူး၊ တို့အနားကို လူစိမ်းတွေအကပ်မခံနဲ့ ဟုတ်ပြီလား”

မောင်တင်ဝင်းတို့မှာ လူသေကောင်ထည့်ထားသည့် အိတ်ကြီးကိုဆွဲယူလာခဲ့ကြသည်။ ဦးကြီးရွှေမန်းမှာ အရှေ့မှဦးဆောင်ကာ တစ်နေရာသို့ဦးတည်သွားလေသည်။ သစ်ပင်များအကြားတွင် လျှိုမြောင်ကလေးတစ်ခုသဖွယ် ချိုင့်ကြီးတစ်ခုရှိသည်။ ထိုအနီးသို့ရောက်သည့်အခါ အပုပ်နံ့များမှာ အလွန်နံစော်လျှက် ယင်မဲကောင်ကြီးများပျံသန်းနေသည့် တဝီဝီအသံကိုလည်း အတိုင်းသားကြားနေရသည်။ လျှိုအစပ်သို့ရောက်သည့်အခါမှ လျှိုအတွင်းတွင် လူသေကောင်များပြန့်ကျဲနေသည်ကိုတွေ့ရလေရာ မောင်တင်ဝင်းတို့မှာ အော့နှလုံးနာ၍ အန်ပင်အန်မိသည်။ လူသေကောင်များမှာ ပုပ်ပွ၍နေလေသည်။

“ကဲ မင်းတို့သယ်လာခဲ့တဲ့ ကိုယ်တော်ချောကို ဒီလျှိုကြီးထဲကို ပစ်ချလိုက်ကြ”

“ဦးကြီး၊ ဒီလူသေအလောင်းတွေက ဘာတွေလဲဗျာ”

“ရွှေလုပ်ကွက်ထဲ သေသွားကြတဲ့လူတွေပေါ့ကွာ၊ ကောင်းကောင်းမွန်မွန်မမြှုပ်နိုင်တာနဲ့ ဒီလိုပဲ လျှိုထဲပစ်ချထားကြတာကွ”

“သေတဲ့လူတွေကလည်း များလှချေလားဗျာ”

“တောထဲဆိုတော့ ငှက်ဖျားမိတဲ့လူနဲ့၊ ဝမ်းလျှောတဲ့လူနဲ့၊ သူများသတ်တဲ့လူနဲ့ အစုံပဲပေါ့ကွာ၊ လာလာ တို့တွေအချိန်ကြာနေလို့မဖြစ်ဘူး အချိန်ရှိခိုက် လုံ့လစိုက်ကြရမယ်ကွ၊ တစ်ရက်တစ်ရက်ဆိုတာ လွယ်တာမဟုတ်ဘူးကွ”

ထိုနေ့က မောင်တင်ဝင်းတို့အဖွဲ့ တူးဖော်သည်မှာ ရွှေမှုန်သုံးပဲခန့်ရသည်။ ဦးကြီးရွှေမန်းက ဦးဆောင်သူမို့ ထိုရွှေများကိုသူတစ်ဦးတည်းသိမ်းဆည်းထားသည်။ ရွှေလုပ်ကွက်သိမ်း၍ ပြန်ကြမည့်အချိန်မှ တူးဖော်ရရှိသမျှရွှေများကို ဝေစုခွဲယူကြမည်ဖြစ်သည်။

ညနေထမင်းစားပြီးသည့်အခါ ဦးကြီးရွှေမန်းက ဝါးဆစ်ပိုင်းခွက်ကလေးအတွင်းသို့ ချက်အရက်အနည်းငယ်စီထည့်ကာ တစ်ယောက်တစ်ခွက်ကမ်းပေးသည်။

“သောက်စမ်းပါကွ၊ မင်းတို့က ပင်ပန်းထားကြတာဆိုတော့ ဟောဒီဆေးလေးမမှီဝဲရင် နောက်နေ့ကိုယ်တွေလက်တွေကိုက်ခဲနေမှာကွ၊ ဒါလေးနည်းနည်းလောက်သောက်ထားကြဟေ့”

မောင်တင်ဝင်းမှာ အရက်သောက်တတ်သူမဟုတ်ပေ၊ သို့သော်လည်း ဦးကြီးရွှေမန်း ကမ်းပေးသည့်အရက်ကိုသောက်ချလိုက်ရသည်။ ရွှေကျင်သည့်လုပ်ငန်းမှာ ရေနှင့်အမြဲထိတွေ့နေရသည့် လုပ်ငန်းဖြစ်သဖြင့် တစ်နေကုန်ရေစို၍ အအေးခံရသည့်လုပ်ငန်းဖြစ်ရာ ချက်အရက်ပြင်းပြင်းကိုမော့သောက်လိုက်သည့်အချိန် တစ်ကိုယ်လုံးပူဆင်း၍ နေလို့ထိုင်လို့ကောင်းသွားသည်ကိုခံစားရသည်။

“ဟောဒီအရက်က ဒီတော၊ ဒီတောင်ထဲမှာ ရွှေထက်ရှားတယ်ကွ၊ အရက်သောက်ချင် ရွှေတုံးပေးပြီးလဲသောက်ရတာ၊ တို့တွေ ချွေတာသောက်ကြမယ်ဟေ့”

ညအိပ်ရာဝင်ခဲ့ကြပြီဖြစ်သည်။ လူတစ်ကိုယ်လုံးကိုင်ရိုက်ထားသည့်အလားပင်ပန်းနေသည်။ ထိုစဉ် ကျားဟိန်းသံကြီးကို ကျယ်လောင်စွာကြားလိုက်ရသဖြင့် တဲပေါ်မှလူများလှုပ်လှုပ်ရွရွဖြစ်သွားသည်၊ ဦးကြီးရွှေမန်းကတော့ ပုံစံပင်မပျက်ပေ။

“ကြောက်မနေစမ်းပါနဲ့ကွာ၊ အဲဒါ ကျားက လူသားလာစားတာကွ”

“ဗျာ၊ ကျားလည်းရှိတယ်တဲ့လား”

“ရှိသပေါ့ကွာ၊ ကျားဆိုတာ အပုပ်အစပ်ကြိုက်တတ်တဲ့အမျိုးကွ၊ ခုနက လျှိုကြီးထဲမှာပုပ်ပွနေတဲ့အလောင်းတွေကို ညကျရင် ကျားတွေလာပြီး ပွဲတော်တည်ကြတယ်ပေါ့ကွာ အဟက် ဟက်”

ဦးကြီးရွှေမန်းမှာ ရယ်ကျဲကျဲနှင့်ပြောနေသော်လည်း မောင်တင်ဝင်းတို့လူတစ်စုမှာ ဒူးတုန်အောင်ကြောက်ရွံ့နေမိပြီဖြစ်သည်။

နောက်ရက်များတွင် ထိုနည်းအတိုင်းပင် ရွှေဆက်ရှာကြသည်။ ရွှေမှာတစ်ရက်တစ်ရက် တစ်ပဲရသည်လည်းရှိသည်။ အနည်းဆုံးမရသည့်နေ့ပင် ရွေးကြီးတစ်ရွေးခန့်ရသည်။ ထိုစဉ်က ရွှေတစ်ကျပ်သားမှာ ထောင့်ငါးရာခန့်သာဈေးရသည်။ ရွှေကောင်းလွန်းမှ သုံးထောင်နီးပါးရတတ်သည်။ လုပ်ကွက်ထဲတွင် ရွှေဈေးနိမ့်ပါးကာ စားသောက်ကုန်၊ ဆေးဝါးများမှာ ဈေးကြီးသည်။ အရာရာကို ငွေနှင့်မသုံးဘဲ ရွှေနှင့်သာ လဲလှယ်အသုံးပြုတတ်ကြသည့်အတွက် ဦးကြီးရွှေမန်းပြောသည့်အတိုင်း ချွေချွေတာတာနေမှသာ တော်ကာကျသည်။

တစ်လခန့်အကြာတွင် ထော်ကြီးငှက်ဖျားမိလေတော့သည်။ ဦးကြီးရွှေမန်းမှာ သူဆောင်ယူလာသည့် ငန်းဆေးတိုက်ကာ ထော်ကြီးကိုအနားယူစေသည်။ ထော်ကြီးမှာ တဲထောင့်တွင်ငုတ်တုတ်ထိုင်ကာ တစ်ကိုယ်လုံးနတ်ပူးသလို တုန်ခါနေသည်။ ကျန်လူများမှာလည်း အလုပ်ဇောကြောင့် ထော်ကြီးအားသေသေချာချာမပြုစုနိုင်ပေ၊ တစ်ပတ်ကြာသည့်အခါ ထော်ကြီးတစ်ယောက် ငှက်ဖျားရောဂါဖြင့် သေလေတော့သည်။ ရိုးမငှက်မှာ နာမည်ဂုဏ်သတင်းကြီးမားပေစွ၊ မောင်တင်ဝင်းတို့မှာ ထော်ကြီးကို လျှိုကြီးထဲတွင်ပင် ပစ်ချကာထားခဲ့ရသည်။ ထော်ကြီးမှာ ရိုးမတောင်ကြီးပေါ်တွင် လူမသိသူမသိ သေသွားပြီဖြစ်သည်။ ရွာမှာသေဆုံးပါက ဆွေမျိုးသားချင်းအပေါင်းအသင်းများသည်ကြောင့် နာရေးမှာလူစည်နိုင်သော်လည်း ယခုတော့ အခေါင်းပင်မပါ၊ ဖျာပင်မလိပ်၊ သရဏဂုံပင် မတင်ရဘဲ ရိုးမတောကြီးထဲတွင် ကျားစာဖြစ်သွားခဲ့ရသည်။ ဦးကြီးရွှေမန်းမှာတော့ ရရှိလာသည့်ရွေများအနက်မှ ထော်ကြီးရရန်ရှိသည့် ဝေစုကို ထော်ကြီး၏ မိသားစုအား ခွဲဝေပေးမည်ဟု ပြောသည်။

အခန်း(၃)

နေ့စဉ်နေ့တိုင်း ရွှေလုပ်ကွက်အတွင်း မကောင်းသတင်းများကိုကြားရသည်။ လများစွာကုန်ဆုံးလာသည့်အခါ ရွှေပိဿာနှင့်ချီ၍ စုဆောင်းလာမိသော်လည်း ရွှေရှာသည့် မောင်တင်ဝင်းတို့လူတစ်စုမှ လူရုပ်ပင်မပေါက်တော့ပေ၊ ရိက္ခာမှာလည်း ရှားပါးလာပြီဖြစ်ရာ တောလည်ရင်း ပိန္နဲသီးရသည့်အခါ ပိန္နဲသီးကို အတုံးကလေးများအဖြစ်တုံးစိတ်ပြီး ထမင်းနှင့်ရောချက်စားရသည်။ ပိန်းဥပြုတ်စားရသည်ကလည်းများသည်။

ချက်ကြီးနှင့်ချက်ဖောင်းမှာ အရက်သမား ဇိုးသမားကြီးများဖြစ်ကုန်ကြသည်။ အရက်သောက်ချင်သည့်အတွက် ဦးကြီးရွှေမန်းဆီမှ ဝေစုခွဲ၍ တောင်းသည်။ အရက်ကိုရွှေနှင့်လဲကာ သောက်သည်။ အချိန်ကြာလာသည့်အခါ ဝေစုလည်းကုန်ပြီဖြစ်သည်။ ထိုအခါ ဦးကြီးရွှေမန်းနှင့် ကတောက်ကဆဖြစ်တော့သည်။

ကိုကျောက်လုံးမှာ တစ်ရက်တွင် ဝေစုအနည်းငယ်ယူကာ တောကောင်သားစားချင်သဖြင့် မုဆိုးတစ်ဦးထံတွင် တောကောင်သားဝယ်ယူရန်ထွက်လာခဲ့သည်။ လက်ထဲဘိုင်ပြတ်နေပြီဖြစ်သည့် ချက်ကြီးနှင့်ချက်ဖောင်းမှာ ကိုကျောက်လုံးဆီမှ ရွှေစများကိုတောင်းယူလေသည်။ ကိုကျောက်လုံးက မပေးသဖြင့် ချက်ကြီးတို့နှစ်ဦးမှာ ကိုကျောက်လုံးကို ရိုက်နှက်ရာမှ လက်လွန်ကာ ကိုကျောက်လုံးသေဆုံးသွားသည်။

ထိုနေ့ညတွင် ချက်ကြီးနှင့်ချက်ဖောင်းမှာ တဲသို့ပြန်မလာခဲ့ပေ၊ ဦးကြီးရွှေမန်းက မောင်တင်ဝင်းနှင့်တိုင်ပင်သည်။

“ချက်ကြီးနဲ့ချက်ဖောင်းက သူများတွင်းမှာ အရက်သောက်ကျွန်ခံတွင်းစားအဖြစ် လုပ်နေပြီတဲ့ကွ၊ အဲဒါ ငါတို့အတွက် အန္တရာယ်ရှိနိုင်တယ် မောင်တင်ဝင်း၊ တို့လုပ်ငန်းတွေ ပစ်ထားခဲ့ပြီး ရွာပြန်မှဖြစ်မယ်”

မောင်တင်ဝင်းမှာ အထုပ်အပိုးများသိမ်းဆည်းရန်ပြင်ဆင်နေသဖြင့်

“ဘာမှမသယ်နဲ့တော့ မောင်တင်ဝင်း၊ တို့အထုပ်အပိုးတွေနဲ့ထွက်သွားရင် လူတွေသိကုန်လိမ့်မယ်၊ ဒီအတိုင်းသွားကြမယ်၊ မြန်လေကောင်းလေပဲဟေ့”

ဦးကြီးရွှေမန်းနှင့် မောင်တင်ဝင်းမှာ မည်သည့်ပစ္စည်းမှ မယူတော့ဘဲ ရွှေများကိုယူဆောင်ကာ တဲကလေးဆီမှထွက်ခွာလာခဲ့ကြသည်။ တဲကလေးနှင့် ခပ်လှမ်းလှမ်းရောက်သည့်အခါ လူတစ်စုက တဲကလေးဆီသို့လျှောက်လာခဲ့ကြသည်။ ထိုလူစုအား ဦးဆောင်သူမှာ ချက်ကြီးတို့ဖြစ်နေသည်။ ချက်ကြီးတို့မှာ လူမတွေ့သဖြင့် တဲကလေးကိုပိုက်စိပ်တိုက်ရှာဖွေသည်။ ထို့နောက် အော်ဟစ်ဆဲဆိုကာ တဲကလေးကိုမီးတိုက်လိုက်ကြသည်။ မောင်တင်ဝင်းတို့မှာ ခြေတစ်လှမ်းစောသွားသဖြင့်သာ တော်သေးသည်။ ထိုလူများမှာ ရွှေရရှိရန်အတွက် လူသတ်ရန်ဝန်လေးနေမည့်သူများမဟုတ်ကြပေ။

“တို့တွေလူခွဲသွားမှဖြစ်မယ် မောင်တင်ဝင်းရေ၊ ချက်ကြီးနဲ့ချက်ဖောင်းက တို့ပြန်သွားပြီဆိုတာသိရင် အလွတ်ပေးမှာမဟုတ်ဘူးကွ၊ ဟောဒီမှာ မင်းဝေစုနှစ်ဆယ်သား၊ မင်းရွာကို ရောက်အောင်သာပြန်ပေတော့ ဘယ်သူ့ကိုမှ မယုံနဲ့ဟုတ်ပြီလား”

မောင်တင်ဝင်းမှာ ဝေစုကိုယူကာ တောအုပ်အတွင်းသို့ပြေးထွက်လာခဲ့သည်။ နက်နဲသည့်တောနက်ကြီးများကို ဖြတ်သန်းပြေးလွှားလာခဲ့ပြီး နောက်ဆုံးတွင် သစ်ဆွဲသည့်စခန်းရောက်မှသာ စိတ်ချနိုင်သည်။ စခန်းအနီးတွင် စမ်းချောင်းကလေးတစ်ခုရှိသည်။ တစ်ကိုယ်လုံးပေကျံလာသည်မို့ စမ်းချောင်းထဲတွင် ရေဆင်းချိုးရသည်။ စမ်းချောင်းမှပြန်အတက်တွင် ကျောက်တုံးကလေးတစ်ခုကိုခြေထောက်နှင့်နင်းမိကာ နာကျင်သွားရသည်။ ထိုကျောက်တုံးကို လှည့်ကြည့်သည့်အခါ နဂါးတစ်ကောင်နှင့်တူညီသည့် ကျောက်တုံးကလေးဖြစ်နေလေသည်။

ကျောက်တုံးမှာ နဂါးတစ်ကောင်၏ ဦးခေါင်းကဲ့သို့ အမောက်များအထပ်ထပ်နှင့်ဖြစ်သည်။ ထို့နောက် နဂါးတစ်ကောင်ရစ်ပတ်ခွေနေသည့်ဟန် အခွေအခွေများဖြစ်ကာ အမြှီးကလေးပင် ပါသေးသည်။ ငွေမှုန်ကလေးများက ဝင်းလက်နေသည်မို့ နဂါးတစ်ကောင်နှင့်အလွန်ဆင်တူသည်။

“နဂါးလေးနဲ့ တော်တော်ဆင်တူပါလား၊ ကျောက်ဖားတို့၊ ကျောက်လက်ဝါး၊ ကျောက်ဆင်တို့တော့ကြားဖူးတယ်၊ ကျောက်နဂါးကို အခုမှမြင်ဖူးတာပါလား၊ ဒီဟာလေးမှာ အစွမ်းသိဒ္ဓိတွေရှိနေပုံရတယ်၊ ငါတော့ပွပြီ၊ ဒါလေးကိုယူသွားမှဖြစ်မယ်”

မောင်တင်ဝင်းမှာ ကျောက်နဂါးကလေးကို ခါးပုံစထဲထည့်ကာ ယူဆောင်လာလေသည်။ သို့နှင့် မောင်တင်ဝင်းတစ်ယောက် ရွာသို့အန္တရာယ်ကင်းကင်းနှင့်ပြန်ရောက်သွားသည်။ ထိုအထိတိုင် ဦးကြီးရွှေမန်းမှာ ပြန်မရောက်သေးပေ၊ ရွှေများကိုထုခွဲရောင်းချပြီး မောင်တင်ဝင်းမှာ နွားတစ်ရှဉ်းဝယ်လိုက်သည်။ ပင်ပန်းသော်လည်း မိရိုးဖလာ လယ်သာစိုက်စားတော့မည်၊ ရွှေကျင်သည့်ဘက်သို့ ခြေဦးပင်မလှည့်တော့ဟုဆုံးဖြတ်လိုက်သည်။

ကျောက်နဂါးကလေးကိုလည်း မောင်တင်ဝင်းက တတ်သိသူနှင့်မေးစမ်းကြည့်မည်ဟုတွေးကာ ဘုရားကျောင်းဆောင်ပေါ်တင်ထားလိုက်သည်။ ကျောက်နဂါးကလေးရောက်လာသည့်နေ့မှစတင်၍ ရွာထဲတွင် ထူးထူးဆန်းဆန်းများဖြစ်ပေါ်နေသည်။ ညသန်းခေါင် တစ်ချက်တီးအချိန်ရောက်သည်နှင့် ရွာအတွင်းမှခွေးများမှာ ရွာကိုပတ်ကာ အူကြဟောင်ကြသည်။ အချိန်မတော် အချိန်တော်မှ ပြန်လာကြသည့် ကာလသားများမှာလည်း နဂါးကြီးတစ်ကောင်ကို ရွာထိပ်တွင်တွေ့သဖြင့် လန့်ဖျားဖျားကုန်ကြသည်။ မောင်တင်ဝင်းတို့အိမ်ရှိ ကလေးများမှာလည်း ညည့်နက်သန်းခေါင်တွင် လန့်နိုးကာ အော်ဟစ်ငိုယိုကြသည်မှာ သုံးရက်တိုင်တိုင်ဖြစ်သည်။ သုံးရက်ပြည့်သည့်နေ့တွင် မောင်တင်ဝင်းတို့ခြေရင်းအိမ်တွင် နေထိုင်သည့် အဘွားကြီးတစ်ဦးမှာ တပိုတပါးထသွားသည့်အခါ နဂါးကြီးတစ်ကောင်မှာ မောင်တင်ဝင်းတို့အိမ်ခြံအတွင်းသို့ လျှောတိုက်ဝင်ရောက်သွားသည်ကိုမြင်တွေ့လိုက်ရသဖြင့် အလွန်တုန်လှုပ်ခြောက်ချားနေလေသည်။

ထိုအကြောင်းများကို မောင်တင်ဝင်းကြားသိသောအခါ မိမိကောက်ယူလာခဲ့သည့် ကျောက်နဂါးနှင့် တစ်မျိုးတစ်ဖုံဆက်စပ်နေမည်ဟု တွေးလိုက်မိသည်။ မကြာခင် မကောင်းသည့်ကိစ္စရပ်များ ဖြစ်ပေါ်လာမည်ကိုစိုးရိမ်သဖြင့် မောင်တင်ဝင်းမှာ ထိုကျောက်နဂါးကလေးကို တစ်ဖက်ရွာရှိ အထက်လမ်းဆရာကြီး၏ အိမ်သို့ယူဆောင်လာခဲ့သည်။

အခန်း(၄)

အထက်လမ်းဆရာကြီးနာမည်မှာ ဆရာဦးသန်းပုဖြစ်သည်။ ထိုအနီးတစ်ဝိုက်တွင် စုန်းတိုက်၊ ပယောဂတိုက်၊ မြေကိုင်စသည်တို့ကို ကုသပေးနေသည့် ဆရာကြီးဖြစ်သည်။ ဆရာကြီးမှာ မောင်တင်ဝင်းထံမှ ကျောက်နဂါးကိုရသည့်အခါ အသေအချာကိုင်တွယ်ကြည့်ရှုသည်။ ကျောက်နဂါးရုပ်ကလေးမှာ နဂါးတစ်ကောင်၏ ပုံသဏ္ဍာန်နှင့်အလွန်ဆင်တူလှသည်။

“ဒီကျောက်တုံးကလေးက နဂါးပုံစံနဲ့ အတော်ကလေးဆင်တူတာပဲ မောင်တင်ဝင်းရဲ့”

“ကျောက်နဂါးရဲ့ အကျိုးအပြစ် အသုံးပြုပုံလေးသိချင်ပါတယ်ဆရာကြီး”

“ကျောက်လက်ဝါး၊ ဘာညာသာကြားဖူးတယ် ကျောက်နဂါးဆိုတာတော့ ငါနဲ့အလှမ်းဝေးတယ် မောင်တင်ဝင်းရဲ့၊ ငါလည်း သေသေချာချာတော့မသိဘူး”

ဦးသန်းပုမှာ ကျောက်နဂါးရုပ်အားလက်ဖြင့်ကိုင်တွယ်ကြည့်လိုက်စဉ်မှာပင် တစ်ကိုယ်လုံးကြက်သီးများထကာ နွေခေါင်ခေါင်ကြီးစိမ့်ခနဲအေးစက်သွားလေသည်။ ဦးသန်းပုမှာ ထိုအရာကို ထောက်ရှုကြည့်လိုက်ရုံဖြင့်ပင် ကျောက်နဂါးထံတွင် တစ်ခုခုထူးဆန်းသည့် စွမ်းအင်များရှိနေသည်ကိုခံစားလိုက်ရသည်။

“ငါတော့ ဘာစွမ်းသလဲဆိုတာ စုံစမ်းရအုံးမယ် မောင်တင်ဝင်းရဲ့၊ ဒါနဲ့ မင်းပဲပြန်ယူသွားလိုက်ပါ”

မောင်တင်ဝင်းမှာ လက်ကာကာခြေကာကာနှင့်

“နေပါစေဆရာကြီးရယ်၊ ကျွန်တော်နဲ့ ဒီ ဂမ္ဘီရပစ္စည်းတွေနဲ့ဆိုတာ အလှမ်းဝေးလွန်းလှပါတယ်၊ ဒါကြောင့် ဒီပစ္စည်းကလေးကို ဆရာကြီးပဲယူထားပြီးတော့ သင့်သလိုသာစီရင်ပါဆရာကြီး”

“ပြန်ယူသွားစမ်းပါ မောင်တင်ဝင်းရာ မင်းဆီက အချောင်မလိုချင်ပါဘူးကွ”

“ဟိုလေဆရာကြီး၊ ဒီအခြေအနေရောက်မှတော့ ဆရာကြီးကို သိုဝှက်မထားတော့ပါဘူးဗျာ၊ ဒါလေးအိမ်မှာရှိနေတုန်းက အိမ်ကလူတွေက နဂါးကြီးမြင်တယ်ဆိုပြီး ကြောက်လန့်နေကြတယ်၊ ကလေးတွေဆိုရင်လည်း ငိုယိုလန့်ဖြန့်နေလိုက်တာ ပြောမနေပါနဲ့ဗျာ၊ ဒါကြောင့် ဒီကျောက်နဂါးလေးကို ကျွန်တော့်အိမ်မှာ မထားဝံ့တော့ပါဘူး၊ ဆရာကြီးသာ ယူထားပြီး ကောင်းသလိုသာလုပ်ပါဗျာ”

မောင်တင်ဝင်းမှာ အကြောက်အကန်ငြင်းဆန်နေသဖြင့် ဦးသန်းပုမှာ ကျောက်နဂါးကလေးကိုယူထားရလေသည်။ ဦးသန်းပုမှာ ညနေရောက်သည့်အခါ ပုတီးစိပ်လေ့ရှိသည်။ ထိုသို့ပုတီးစိပ်နေသည့်အချိန် အာရုံထဲတွင် အလွန်ကြီးမားသည့် နဂါးကြီးတစ်ကောင်က ဦးသန်းပုကိုရစ်ခွေလိုက်သည့်နှယ် ခံစားလိုက်မိသည်။ နဂါးကြီးမှာ မျက်လုံးဝါဝါကြီးနှစ်လုံးဖြင့် ဦးသန်းပုကိုစိုက်ကြည့်နေလေရာ ဦးသန်းပုမှာ ကြက်သီးများတဖြန်းဖြန်းထလာလေသည်။ နဂါးကြီးကလည်း ဦးသန်းပုကို တရှူးရှူးတရှဲရှဲနှင့်စကားများပြောဆိုနေပြန်သည်။ ဦးသန်းပုအား ရန်စောင်သည့်ပုံစံပြုမူနေသဖြင့် ဦးသန်းပုမှာ ပုတီးစိပ်နေရင်း စိတ်ကိုတင်းထားရသည်။

ထိုစဉ် ဦးသန်းပု၏ ညီမဖြစ်သူမှာ အိမ်နောက်ဖေးမှ အလန့်တကြားအော်ဟစ်သံကိုကြားလိုက်ရသည်။ ဦးသန်းပုလည်း ပုတီးစိပ်ဖြုတ်လိုက်ပြီး ပြေးကြည့်သည့်အခါ ညီမဖြစ်သူမှာ အလွန်ကြောက်လန့်ကာတုန်လှုပ်နေသည်။

“ဟဲ့ အငယ်မ၊ ဘာဖြစ်လို့လဲ”

“နဂါးကြီး . . .နဂါးကြီး အကိုကြီးရဲ့”

“ဟုတ်ပါ့မလားဟာ၊ ဒီခေတ်မှာ ဘယ်ကနဂါးရှိမလဲဟ”

“ညီမ ရေခပ်ပြီးပြန်အလာ ခြံနောက်ရောက်တော့ မီးဖိုချောင်ထဲကနေ နဂါးကြီးတစ်ကောင်ဆင်းပြီး အိမ်အောက်ဝင်သွားတာတွေ့လိုက်ရတယ်၊ မြန်လိုက်တာမှ လျှောခနဲပဲအကိုကြီးရယ်”

“နင်အမြင်မှားတာနေမှာပါဟာ”

ဦးသန်းပုမှာ ညီမဖြစ်သူကိုရေမန်းများနှင့် မန်းမှုတ်တိုက်ကျွေးလိုက်ရသည်။ ထိုအဖြစ်အပျက်ဖြစ်ပြီး တစ်နာရီခန့်အကြာ ညခုနစ်နာရီခန့်တွင်တော့ ခြံပတ်ပတ်လည်တွင် မြွေတွန်သံများကိုကြားရပြန်သည်။ မြွေတွန်သံမှာ တစ်ကောင်တည်းတွန်ခြင်းမဟုတ်ဘဲ အကောင်အများအပြားက အိမ်ခြံပတ်ပတ်လည်တွင် အော်ဟစ်တွန်ကြူးနေကြခြင်းဖြစ်သည့်အတွက် ဦးသန်းပုမှာ အလွန်ထိတ်လန့်သွားမိသည်။

“ဒီလိုပစ္စည်းတွေမှာ ထူးဆန်းတဲ့အစွမ်းတွေရှိနေတာတော့ဟုတ်တယ်၊ ဒါပေမယ့် ကောင်းတဲ့အစွမ်းရှိသလို မကောင်းတဲ့အစွမ်းလည်းရှိတယ်၊ ကျောက်လက်ဝါးတောင်မှ အနီရောင်ဟာ မကောင်းတဲ့ကျောက်လက်ဝါးပဲ၊ ဒီကျောက်နဂါးကလေးမှာလည်း ထူးဆန်းတဲ့အစွမ်းတစ်ခုခုရှိပုံရတယ်၊ မဟုတ်မှလွဲရော ခုနက နဂါးကြီးကိုမြင်လိုက်တာ၊ မြွေတွေတွန်တာဟာ ဒီကျောက်နဂါးကလေးနဲ့များ ဆက်စပ်နေမလားမသိဘူး”

ဦးသန်းပုမှာ ချက်ချင်းပင် ကျောက်နဂါးကလေးကိုယူဆောင်ကာ အိမ်နောက်ဘေးသို့ထွက်လာခဲ့သည်။ ဦးသန်းပုတို့ နေထိုင်သည့် အိမ်ခြံအနောက်တွင် ကုန်းကလေးတစ်ခုရှိသည်။ ထိုကုန်းပေါ်တွင် သစ်ငုတ်တိုအဆွေးကြီးတစ်ခုရှိပြန်သည်။ ဦးသန်းပုမှာ ထိုကုန်းကလေးပေါ်သို့တက်လိုက်ကာ ကျောက်နဂါးရုပ်ကလေးကို သစ်ငုတ်တိုကြီးပေါ်တွင် တင်ထားမည်ဟုကြံရွယ်လိုက်မိသည်။ သို့သော် လက်ဆော့သည့်သူများက ယူဆောင်သွားမည်ကိုစိုးရိမ်သဖြင့် သစ်ငုတ်ကြီးအောက်ခြေတွင် မြေကျင်းကလေးတူးကာ မြှုပ်နှံထားလိုက်သည်။ ထို့နောက် ဦးသန်းပုမှာ အိပ်ရာဝင်ခဲ့သည်။

ဦးသန်းပုတစ်ယောက် အိပ်နေရင်း မျက်ခွံသို့အလင်းများကျဆင်းလာသဖြင့် နံနက်မိုးသောက်ပြီဟုထင်မှတ်ကာ မျက်စိဖွင့်ကြည့်လိုက်မိသည်။ သို့သော် နံနက်မိုးသောက်နေခြင်းမဟုတ်ဘဲ အိမ်နောက်ဘက်မှ အလင်းရောင်တစ်ခုက ထိန်လင်းတောက်ပေနေခြင်းဖြစ်သည်ကိုသိလိုက်ရသည်။ ထိုအလင်းရောင်မှာ နေ့အလင်းရောင်အလား အလွန်ထိန်လင်းလျှက်ရှိကာ ထရံကြားအပေါက်ကလေးများမှ ကျဆင်းလာသည့်အလင်းရောင်ပင် အိပ်ခန်းအတွင်းထိန်ထိန်လင်းလျှက်ရှိသည်။

ဦးသန်းပုမှာ အိမ်နောက်ဖေးသို့ပြေးဆင်းလာခဲ့သည်။ ထိုအခါ သစ်ငုတ်ကြီးအောက်ခြေမှ အလင်းရောင်များထွက်ပေါ်နေခြင်းဖြစ်သည်။ ထိုအဖြစ်ကို ဦးသန်းပု၏ ညီမနှင့် အိမ်သားများမှာ မြင်တွေ့လိုက်ကြရသည်။ အလင်းတန်းကြီးမှာ တဖြည်းဖြည်းနှင့်ပိုမိုတောက်ပလာကာ မိုးပေါ်သို့ရွှီးခနဲ ပျံသန်းတက်သွားသည်။ ကောင်းကင်ယံသို့ရောက်သည့်အခါ နဂါးကြီးတစ်ကောင်နှယ် တွန့်လိမ် တွန့်လိမ်ဖြင့်ပျံသန်းကာ ရိုးမတောင်ကြီးဆီသို့ ဦးတည်ပျံသန်းသွားသည်ကိုတွေ့လိုက်ရသည်။ ဦးသန်းပုမှာ ကျောက်နဂါးရုပ်ကလေးကိုမြှုပ်နှံခဲ့သည့်နေရာသို့ ပြေးကြည့်လိုက်သည့်အခါ မြေသားမှာ မြှုပ်နှံစဉ်ကအတိုင်း ပကတိရှိနေလေသည်။ ဦးသန်းပုက မြေသားများကိုလက်နှင့်ယပ်ကြည့်လိုက်သည့်အခါ ကျောက်နဂါးရုပ်ကလေးမှာ ထိုနေရာတွင်မရှိတော့ပေ။

ထိုမျှ ထူးခြားဆန်းကြယ်သည့် ကျောက်နဂါးရုပ်ကလေးမှာ ရိုးမတောင်တစ်နေရာရှိ နဂါးသိုက်အတွင်းမှ ထွက်လာသည့်ကျောက်နဂါးကလေးဖြစ်မည်ဟု အများကထင်ကြေးပေးကြသည်။ မည်သို့ပင်ဆိုစေကာမူ ထိုကျောက်နဂါးရုပ်ကလေး၏ ထူးခြားဆန်းကြယ်သည့်အကြောင်းအရင်းများကို မည်သူမှ ရေရေရာရာမသိရိုးအမှန်ပင် ဖြစ်လေတော့သတည်း။

ပြီးပါပြီ။