လွင်ဦး (ကွမ်းခြံကုန်း)
ဂါးကြီး ဂါးလေး

ဂါးကြီးဆိုသည်မှာ နားရွက်ဖားဖား၊ ချိုကားကားနှင့် အလွန်တောင့်တင်းသန်မာသော ဆိုးသွမ်းလှသည့် ကျွဲပေါက်ကြီး ဖြစ်သည်။

ဂါးကြီးသည် စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်၊ ဒေါင်ကြီးကျေးရွာနေ ကိုခိုင်ကြီးပိုင်သော ကျွဲမကြီး စိန်မှုံမှ မွေးသည့် ကျွဲပေါက်တစ်ကောင်ဖြစ်သည်။ စိန်မှုံသည် အလွန်လန့် အလွန်ပျာ၍ လူခတ်တတ်သော ကျွဲမဖြစ်သည်။

မိုးရာသီအလုပ်ပြီးလျှင် အင်တောထဲ၌ ကျွဲများကို အကျောင်းအပ်ကြရသည်။ နွေရာသီ စပါးပေါ်၍ ရိတ်ကြ နယ်ကြသောအချိန်တွင် တောထဲမှ ကျွဲများကို ပြန်ထုတ်ကြသည်။

ထိုအခါ စိန်မှုံသည် ကောင်းကောင်းမွန်မွန် အဖမ်းမခံ။ တောမှထုတ်သည့် ကျွဲဖမ်းသမားများကို လိုက်လံဝှေ့ခတ်ပြီးမှ အဖမ်းခံမြဲ ဖြစ်သည်။

စိန်မှုံမှ ကျသော ဂါးကြီးဖြစ်လာမည့် ကျွဲပေါက်ကလေးသည်လည်း ငယ်စဉ်ကပင် သူ့မိခင်ထံမှ အမွေရထားသော ကျွဲခတ်ပညာနှင့် ဆိုးသွမ်းသည့်အကျင့်များကို ဇာတိပြလာ၏။ သူ့ထက်ကြီးသော ကျွဲပေါက်ကြီးများကို သူ့ချိုကလေးဖြင့် မထိတထိ သွားစတတ်၏။ ကျွဲပေါက်ကြီးများက ချိုမကမ်းသောအခါ ပို၍ မထိခလုတ် လုပ်တတ်ပြန်၏။ ကျွဲပေါက်ကြီးများက စိတ်ဆိုး၍ လိုက်ခတ်သောအခါ ကျင်လည်စွာရှောင်တိမ်း၍ ထွက်ပြေးလေသည်။

ဂါးကြီး ကျွဲပေါက်ကလေးဖြစ်လာသောအခါတွင် သူ့ထက်ကြီးသော ကျွဲပေါက်ကြီး စိန်မျက်ခုံးကို စားကျက်တွင် လွှတ်ထားရာမှ အသေခတ်သတ်ပစ်လိုက်သည်။ ကျွဲပိုင်ရှင် ဦးဖိုးစကို ကိုခိုင်ကြီး တောင်းတောင်းပန်ပန်နှင့် ငွေထုပ်ပိုက်ကာ လျော်ကြေးပေးလိုက်ရလေသည်။

ထိုနောက်ပိုင်း ဂါးကြီးသည် တစ်စတစ်စ နာမည်ကြီးလာ၏။ ဂါးကြီး ချည်ထားသော နေရာအနီးတစ်ဝိုက်တွင် ကျွဲချင်းမဆိုထားနှင့်၊ လူစိမ်း၊ သူစိမ်းများပင် ရုတ်တရက် ဖြတ်သန်းမသွားလာဝံ့။ ဂါးကြီးကလည်း လွှတ်လိုက်သည်နှင့် တွေ့မရှောင် ဗိုလ်မထားဘဲ တွေ့ရာကျွဲပေါက်နှင့် ခတ်လေတော့သည်။ ဂါးကြီးခတ်၍ လက်ကျိုးသောကျွဲ၊ မျက်စိကန်းသောကျွဲ၊ ပေါက်ပြဲဒဏ်ရာရသော ကျွဲတို့ကား အနမတဂ္ဂပင်ဖြစ်သည်။

ကိုခိုင်ကြီးနှင့် သူ့သားစိုးခိုင်တို့သည် ငွေထုပ်ပိုက်ကာ ဂါးကြီးနောက်မှ အမြဲလိုက်၍ လျော်နေရသည်။ ဂါးကြီး၏ လုပ်စာကို မစားရဘဲ အိတ်ထဲမှသာ စိုက်လျော်နေကြရသည်။ ထို့ကြောင့် ဦးခိုင်ကြီးတို့သားအဖသည် ဂါးကြီးကို မျက်နှာသာမပေးဘဲ တွေ့ရာဒေသတွင် တွေ့ရာတုတ်နှင့် ဆုံးမတတ်သည်။

အထူးသဖြင့် လူငယ်ဖြစ်သော စိုးခိုင်သည် ဂါးကြီး ပြစ်ချက်တစ်ခု လုပ်လာတိုင်း ကြိုးတုတ်၍ ရိုက်လေ့ရှိသဖြင့် စိုးခိုင်ဆိုလျှင် အသံကြားသည်နှင့် ဖိန့်ဖိန့်တုန်အောင် ကြောက်သည်။ ဒေါင်ကြီးရွာရှိ ကျန်လူများကိုမူ အရုပ်သဖွယ် သဘောထားလေသည်။

တန့်ဆည်မြို့နယ်တွင် ဘုရားပွဲများကို သူ့လနှင့် သူ တစ်နှစ်လုံးနီးပါး ကျင်းပမြဲဖြစ်သည်။ ဝါခေါင်လတွင် ရွာမကျေးရွာ၌ ရွှေဘုံသာဘုရားပွဲ၊ သီတင်းကျွတ်လတွင် ကံထူးမရွာ၌ ရွှေမြို့တင်ဘုရားပွဲ စသည်ဖြင့် ရွှေကန်တော့ဘုရားပွဲ၊ရွှေသိမ်တော် ဘုရားပွဲ၊ ဆယ်မျက်နှာဘုရားပွဲ၊ ရှစ်မျက်နှာဘုရားပွဲ၊ ရွှေညာဆန်ဘုရားပွဲ၊ ရွှေကြာတန်းဘုရားပွဲ၊ ပေါ်တော်မူဘုရားပွဲ၊ ဒေါင်ကြီးဘုရားပွဲတို့ကို တစ်နှစ်လုံး ကျင်းပကြသည်။ ဒေါင်ကြီးဘုရားပွဲကို တပေါင်းလ၌ ဒေါင်ကြီးကျေးရွာတွင် ကျင်းပသည်။

အညာဘုရားပွဲဆိုသည်မှာ ဘုရားပွဲသက်သက်မဟုတ်။ တစ်ဒေသမှ ကုန်စည်များကို အခြားဒေသမှ ကုန်စည်များနှင့် ဖလှယ်သော ကုန်စည်ဖလှယ်ရေး ပွဲတော်ကြီးလည်း ဖြစ်သည်။ သစ်တောထွက်ပစ္စည်း စားပွဲခုံ၊ ကုလားထိုင်၊ လှည်းအိမ်၊ လှည်းဘီး၊ ဗီရို၊ ကြောင်အိမ်မှစ၍ ပဲ၊ ပြောင်း၊ နှမ်း၊ ဝါ၊ ငရုတ်၊ ဆေး၊ ကြက်သွန်စသော စားကုန်၊ လူသုံးကုန်များကို လိုလေသေးမရှိ ဆိုင်များခင်းကျင်း၍ ခမ်းနားကြီးကျယ်စွာ ရောင်းဝယ်ကြသည်။ ဘုရားပွဲလာသူများကလည်း လှည်းတပ်ကြီးများခင်းကာ ကြိတ်ကြိတ်တိုး စည်ကားလှလေသည်။

ဤတွင် ဂါးကြီးက အစွမ်းပြလေသည်။ ဈေးဆိုင်အတွက် ကုန်ပစ္စည်းများကို သယ်ဆောင်လာစဉ် ပွဲခင်းတစ်နေရာမှ လူငယ်ကာလသားတစ်စု တစ်ယောက်နှင့်တစ်ယောက် နောက်ပြောင်၍ ဆေးလိပ်တိုများနှင့် ပစ်ရာမှ ဆေးလိပ်တစ်တိုသည် ဂါးကြီး ကျောပေါ်သို့ ကျ၍ အပူလောင်သွားလေသည်။

ဂါးကြီးသည် အစာမစားရသေးသဖြင့် စိတ်တိုနေခိုက်ဝယ် ဆေးလိပ်မီးလောင်ခံလိုက်ရသဖြင့် ဂါးကြီး၏ ဒေါသသည် အထွတ်အထိပ်သို့ ရောက်သွားလေသည်။

တပ်ထားသော ထမ်းပိုးကျည်းကို “ဖြောင်း” ခနဲ ချိုးကာ ထိုကာလသားလူငယ်တစ်သိုက်ကို လိုက်၍ ခတ်လေတော့သည်။ လူငယ်များကလည်း ခြေဦးတည့်ရာ ထွက်ပြေးကြရလေသည်။ သို့သော် ကျွဲခတ်ကျင်လည်သော ဂါးကြီးလက်မှ မလွတ်။ ကံဆိုးသော လူငယ်တစ်ယောက်သည် ကျောမှဝင်၍ ရင်ဘတ်မှ ပေါက်ထွက်သော ချိုချက်ကြောင့် နေရာတွင် ပွဲချင်းပြီး သေဆုံးသွားတော့သည်။

သို့သော် ဂါးကြီး ဒေါသကား မပြေသေး။ ပွဲခင်းထဲဝင်၍ မည်းမည်းမြင်ရာ လိုက်ခတ်တော့သည်။

ထိုအခါ ပွဲခင်းတစ်ခုလုံး ရုတ်ရုတ်သဲသဲဖြင့် ပြေးကြ၊ လွှားကြ၊ ပုန်းကြ၊ ရှောင်ကြဖြင့် ကမ္ဘာပျက်သကဲ့သို့ ဖြစ်သွားလေသည်။ အခတ်ခံရသူလည်း မနည်း။ အနင်းအတိုက်ခံရသဖြင့် ပေါက်ပြဲ ကျိုးပဲ့သွားသူများလည်း ပါသည်။ တစ်ယောက်နှင့်တစ်ယောက် ခေါ်ငင်သံ၊ သတိပေးသံ၊ ဘုရားတသူများအသံတို့ဖြင့် ပွဲခင်းတစ်ခုလုံး ဆူညံ၍ သွားလေသည်။

ပွဲခင်းလုံခြုံရေး ရဲသားများကို အကြောင်းကြားသောအခါ ရဲသားများက ရိုင်ဖယ်ကိုယ်စီဖြင့် ချက်ချင်းလိုက်လာကြသည်။ ထိုစဉ် ဂါးကြီးက ပွဲခင်းထဲဝယ် လူများကို လိုက်ခတ်ကောင်းတုန်း ဖြစ်သည်။

ထိုစဉ် လူတစ်ယောက်က ဂါးကြီးရှေ့ ဖြတ်ပြေးသွားရာ ထိုသူကို လိုက်ခတ်သည်။ ထိုသူက လှည်းအောက်ဝယ် ဝင်ပုန်းနေလိုက်ပြီး နောက်တစ်ယောက်က ဂါးကြီးကို ခဲဖြင့် ပစ်ပြေးသည်။ ထိုသူနောက်သို့ ဂါးကြီးက လှည့်၍ လိုက်ပြန်ရာ ထိုသူက သစ်ပင်ပေါ်သို့ တက်ပြေးသည်။ ဤသို့ဖြင့် ဂါးကြီးသည် ဟိုလူမဲ၊ သည်လူလိုက်ဖြင့် ပွဲခင်းထဲမှကျော်ကာ တောစပ်သို့ ရောက်လာသည်။ လုံခြုံရေးရဲသားတို့က သစ်ပင်အောက်တွင် နေရာယူထားကြသည်။

လကလည်း အလွန်သာသည်။ ရဲသားနှစ်ဦး၏ သေနတ်များက ဂါးကြီး၏ လက်ပြင်ကို ချိန်ထားကြသည်။ ထိန်းသိမ်း၍ မရသည့်အဆုံး ဂါးကြီးကို အဆုံးစီရင်ရန် ရဲလက်သို့ ဦးခိုင်ကြီးက အပြီးလွှဲအပ်လိုက်သည်။ ပစ်ရန်ခလုတ်ဖြုတ်မည့်ဆဲဆဲတွင် ဂါးကြီးနှင့် ရဲသားနှစ်ဦးကြားဝယ် လူတစ်ယောက် ရုတ်တရက်ပေါ်လာ၍ လုံခြုံရေးရဲများက သေနတ်ပြောင်းများကို ဘေးသို့ ကပျာကယာ လွှဲချလိုက်ရသည်။

ထိုစဉ် ဂါးကြီးသည် နောက်မှ ‘ဝှီး’ ခနဲ နေအောင် ခတ်လိုက်သည်။ ထိုသူက ဘေးသို့ တစ်ကွက်ရှောင်ပေးကာ ဂါးကြီးဘေးကို “ဖောင်း” ခနဲ ကန်ထည့်လိုက်သည်။ ဂါးကြီးက အရှိန်လွန်၍ ရှေ့သို့ ထွက်သွားသည်။

“ဂါးကြီးကို မသတ်ပါနဲ့။ ရောင်းပါ။ ကြိုက်သလောက် ပေးပါ့မယ်”

ထိုလူသည် ဂါးကြီးပိုင်ရှင် ဦးခိုင်ကြီးရှိရာဘက်သို့ လှည့်၍ အော်ပြောလိုက်သည်။ တစ်ဖက်မှ အကြောင်းပြန်ချိန်မစောင့်။ နောက်သို့ ပြန်လှည့်လိုက်သည်။ အကြောင်းပြန်ချက်ကို စောင့်နေ၍လည်း မဖြစ်ပေ။ ဂါးကြီးက နောက်သို့ ရောက်လာပြီ ဖြစ်သည်။

လုံခြုံရေးရဲသားနှစ်ဦးကလည်း သေနတ်များကိုင်၍ ငိုင်နေကြသည်။ ကျွဲဆိုးကို စိတ်ထင်သလို ပစ်၍ မဖြစ်။ ထူးဆန်းသောလူက ကျွဲနှင့် သူတို့အကြားဝယ် ခံနေသည်။ ရက်စက်လှသော ဂါးကြီး၏ လူသတ်ပွဲကို မကြည့်ချင်ဘဲနှင့် ဆက်ကြည့်နေရသည်။

ဂါးကြီးကား ဗလကောင်းကောင်း၊ ကြွက်သားအမြှောင်းလိုက် ထကာ ချိုတယမ်းယမ်းနှင့် လရောင်အောက်ဝယ် ကြောက်မက်ဖွယ် ကောင်းလှသည်။ ကျွဲဆိုးကိုမှ ထူးထူးဆန်းဆန်းဝယ်ချင်သော လူကမူ ဘာလက်နက်မှမပါ။ လက်ထဲဝယ် ကြိုးတစ်ခွေသာ ပါသည်။ သည်တစ်ခါတော့ ကွင်းပြင်ဝယ် ဂါးကြီးအခတ်ကို ဗလာမခံ။ အင်ပင်ကြီး တစ်ပင်နားသို့ ကပ်သွားသည်။

ဂါးကြီးကလည်း ပထမတစ်ချက်ထက် ပြင်းပြင်း၊ မြန်မြန်ပင့်၍ ခတ်လိုက်သည်။ ထိုသူက သစ်ပင်အကွယ်ဝယ် အသာကလေး ကပ်ရှောင်ကာ လက်တစ်ဖက်က လေထဲဝယ် ဖျတ်ခနဲ လှုပ်ရှားလိုက်သည်။ လက်ထဲမှထွက်သွားသောကြိုးခွေက ဂါးကြီး၏ ချိုကားကားကြီးများပေါ် အခန့်သင့် စွပ်ရင်းပါသွားသည်။ ထိုသူက ကြိုးစကို အင်ပင်ဝယ် ပတ်ကာ အရှိန်သတ်လိုက်သည်။ ဂါးကြီး အရှိန်သေသွားသောအခါ ကြိုးစကို ဆတ်ခနဲ လှုပ်၍ ဆွဲတုပ်လိုက်ရာ ဂါးကြီးနှာခေါင်းဝယ် ကတော့ထိုးပြီးသား ဖြစ်သွားလေသည်။

ဂါးကြီးကလည်း အညံ့မခံ။ ကြိုးများ အထပ်ထပ်ချည်ပြီး စွပ်ပြီးသော်လည်း ထိုသူကို အတင်းလိုက်၍ ခတ်သည်။ ထိုသုက အဝေးသို့မပြေး။ အင်ပင်ကိုသာ လှည့်ပတ်ရှောင်သည်။ ရှောင်ရင်း ပြေးရင်းဖြင့် ဂါးကြီးသည် အင်ပင်ဝယ် ချည်ပြီး တုပ်ပြီး ဖြစ်နေတော့သည်။ ထိုအခါမှ လူထူးဆန်း၏ တပည့်များသည် အင်တောထဲမှ အလျှိုလျှိုပေါ်လာကာ ဂါးကြီးကို ခိုင်ခံ့သော နိုင်လွန်ကြိုးအသစ်ဖြင့် နဖားထိုးလိုက်သည်။ ပိုက်ကြိုးများနှင့် ဘေးကြိုးနှစ်ချောင်း၊ ရှေ့ကြိုးတစ်ချောင်း ချည်သည်။ ဆိုးသွမ်းလှသောဂါးကြီးသည် ကြိုးသုံးချောင်းအလယ်ဝယ် မလှုပ်သာတော့ပေ။

ထိုသူမှာ ရွှေငတန်းရွာမှ ကိုဘဌေး ဖြစ်လေသည်။ ကိုဘဌေးက လယ်ပိုင်ဖြစ်ပြီး ဝါသနာအရ တိုက်ကျွဲမွေးသည်။ သိုင်းပညာကိုလည်း ကျွမ်းကျင်စွာ တတ်မြောက်ထားပြီး စွန့်စားမှုကို ဝါသနာပါသူဖြစ်သည်။ တစ်ခါတစ်ရံ မဘိန်း၊ ရွှေလီဘက်သွား၍ သစ်အလုပ် လုပ်ကိုင်သည်။

ကိုဘဌေးက ဦးခိုင်ကြီးထံတွင် ဆိုသမျှဈေးကို တစ်ပြားမှ မဆစ်ဘဲ ငွေလက်ငင်းပေး၍ ဝယ်သွားလေသည်။ ရဲများကိုပင် လက်ဖက်ရည်ဖိုး ပေးသွားလိုက်သေးသည်။ သူ့ကိုကြည့်ရသည်မှာ ဝမ်းသာနေပုံရသည်။ ဦးခိုင်ကြီးကလည်း ကျွဲဆိုးကြီးကို လက်လွှတ်လိုက်ရ၍ ဝမ်းသာနေသည်။ သူ့အပေါ်ဝယ် တင်နေသောဝဋ်သည် ကိုဘဌေးအပေါ် ရောက်သွားပြီဟု မှတ်ယူလိုက်သည်။

အမှန်တကယ် ရောက်သွားသောဝဋ်က ဂါးကြီးပေါ်တွင်သာ ဖြစ်သည်။ ရွှေငတန်းရွာသို့ ရောက်သည့်နေ့တွင် ဂါးကြီးကို သစ်ကိုင်းဝယ် နှာခေါင်း အပေါ်သို့ မော့ချည်ပြီး သုံးရက်တိတိ အစာငတ် ရေငတ် ပစ်ထားသည်။ ကျွဲနွားများသည် တစ်ရက် ရေမသောက်ရလျှင်ပင် သေမတတ် ခံရရာ သုံးရက် ရေမသောက်ရသော ဂါးကြီးသည် မသေရုံ မြော့မြော့သာ ကျန်သည်။

သုံးရက်ပြည့်သောနေ့မှ ကိုဘဌေးကိုယ်တိုင် ရေတိုက်သည်။ အစာကျွေးသည်။ ဂါးကြီးသည် ကိုဘဌေးကို မလှန်ရဲအောင် ဦးကျိုးသွားလေပြီ။

ကိုဘဌေးကား ငယ်စဉ်ကတည်းက မိခင်ကွယ်လွန်သွားခဲ့ရာ ညီအစ်ကိုနှစ်ယောက် ရှမ်းပြည်ဘက်သို့ တက်ကာ စီးပွားရှာကြသည်။ ပညာရှာကြသည်။ ရှမ်းပြည်ဝယ် သိုင်းဆရာကြီး ဦးကိတ္တိနှင့်တွေ့၍ သိုင်းပညာကို သုံးနှစ်သုံးမိုး တပည့်ခံသင်ကြားခဲ့ရာ ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ခဲ့သည်။ မိုးကုတ်ဝယ် ကျောက်ဝင်တူးရာ လူးကျင်းပေါက်၍ သိန်းကျောက်များ ရခဲ့သည်။

ကိုဘဌေးသည် စွန့်စားမှု ဝါသနာပါသူဖြစ်၍ ရွှေလီဝယ် ဆင်ကျုံးထောင်သော လုပ်ငန်း၌လည်း ဝင်လုပ်ခဲ့သည်။ မုဆိုးများနှင့် ကျားပစ်၊ ကျားသစ်ပစ်လည်း လိုက်ခဲ့ဖူး၍ အတွေ့အကြုံ စုံလှသည်။ ယခုလည်း လယ်နှင့်ယာနှင့် စီးပွားရေး မပူမပင် နေရသော်လည်း တိုက်ကျွဲမွေး၍ ကျွဲတိုက်ပွဲများကို ဖန်တီးနေပြန်သည်။

တိုက်ကျွဲမွေးဖို့က မလွယ်။ ဝါသနာပါရုံဖြင့် မရ။ တိုက်ကျွဲ မွေးသောပညာကို နားလည်ရသည်။

ရှေးဦးစွာ တိုက်ကျွဲဖြစ်ဖို့ အလားအလာရှိသော ကျွဲကို ရှာရသည်။ အလားအလာမကောင်းသော ကျွဲကို မွေးမိပါကလည်း ငွေကုန် အချိန်ကုန်ရုံသာ အဖတ်တင်သည်။ အကျိုးမရှိ။

အလားအလာရှိသော ကျွဲကို တွေ့က တိုက်ကျွဲထားမည့်ရုံကို လေးဖက်ပတ်ချာပိတ် အလုံဆောက်၍ တိုက်ကျွဲကို အမှောင်ချထားရသည်။ လည်ကြီးရန်အတွက် စားခွက်ကို မြေထဲ၌ မြှုပ်၍ ထားရသည်။ သို့မှသာ ငုံ့၍ စားသောအခါ လည်ကြီးလာပေမည်။ ထို့နောက် အားရှိသောအစာများ၊ ဆန်ကွဲ၊ ဖွဲနု၊ ကြက်ဥ စသည်တို့ကို ကျွေးရသည်။ အပြင်ဘက်ထုတ်၍ လှန်လို၊ လွှတ်လိုပါက ညဘက်မှသာ ထုတ်ရသည်။

ဂါးကြီးကား ပင်ကိုဇာတိ ဗလကြီးသည့်အပြင် ကိုဘဌေးကလည်း အကျွေးအမွေး အပြုအစုကောင်းသဖြင့် ချိုတယမ်းယမ်း၊ လည်တခါခါဖြင့် ဧရာမကျွဲပေါက်ကြီး ဖြစ်လာလေသည်။

အထက်အညာဝယ် ကိုဘဌေးကဲ့သို့ တိုက်ကျွဲမွေးသူများရာ ဝါသနာပါသူများက စေ့စပ်၍ ကျွဲတိုက်ပွဲတစ်ခု ဖြစ်ကြသည်။ တစ်ဖက်မှကျွဲသည် ကျွန်းလှမှ ကိုရှောင်ပိုင်သော ဒေါင်းညို ဖြစ်သည်။ ဗမာကျွဲမဟုတ်၊ ဘင်္ဂလားကျွဲဖြစ်သည်။ ဂါးကြီးနှင့် ဗလချင်းမကွာ။

ဤသို့ဖြင့် ကျွဲချင်းတိုက်မည့်နေ့တွင် ကျွန်းလှမှ ပရိသတ်များနှင့် ရွှေငတန်းမှပရိသတ်တို့မှာ မြင်မကောင်းအောင် များပြားလှသည်။ တချို့က ကျွဲရန်ကို ကြောက်၍ သစ်ပင်ပေါ်သို့ တက်ကြည့်ကြရာ သစ်ပင်ပေါ်တွင် လူသီးများ သီးနေသကဲ့သို့ ပြွတ်သိပ်နေတော့သည်။

ဒေါင်းညို၏ ခတ်နည်းခတ်ဟန်က ပရိယာယ်ကြွယ်ဝသည်။ ဦးခွံအလွန်မာသော ကျွဲဖြစ်၍ လွှတ်လျှင်လွှတ်ချင်း ခေါင်းနှင့် ပြေးဆောင့်တတ်သည်။ တအားဆောင့်မိ၍ တစ်ဖက်ကျွဲ ငိုင်နေစဉ် နောက်သို့ပြေး၍ အားယူကာ ထပ်ဆောင့်ပြန်သည်။ နောက်ဆုံး ဆောင့်သည့်ဒဏ် မခံနိုင်ဘဲ တစ်ဖက်ကျွဲ ထွက်ပြေးတတ်သည်။

ကျွဲချင်းပူးမိပါကလည်း ၎င်းချို တိုတိုလုံးလုံးလေးဖြင့် တစ်ဖက်ကျွဲချိုကို လိမ်ကုပ်အမိဖမ်း၍ မျက်လုံးကို ခတ်တတ်သည်။ ဘင်္ဂလားကျွဲသည် ချိုတို၍ သေးသော်လည်း အလွန်စူးသည်။

မြန်မာကျွဲများ၊ ချိုကားသောကျွဲများကမူ ခေါင်းချင်းဆိုင်မှသာ ခတ်တတ်ကြသည်။ ချိုယမ်း၍ တစ်ဖက်ကျွဲ၏ ရှေ့ခြေကို ရိုက်ချိုး တတ်ကြသည်။

ယခုလည်း ဒေါင်းညိုသည် လွှတ်လျှင်လွှတ်ချင်း ခေါင်းချင်း တအားပြေးတိုက်သည်။ ဂါးကြီးက လိမ်မာပါးနပ်စွာ တစ်ဖက်သို့ ငဲ့ပေးလိုက်ပြီး ချိုနှင့် ရင်ဘတ်ကို ပင့်တင်လိုက်သည်။ သို့သော် ဒေါင်းညိုသည် အရှိန်နှင့် ပြေးလာသည်ဖြစ်ရာ မိမိရရ မထိလိုက်ဘဲ ဂါးကြီးချိုသည် ဒေါင်းညိုနံဘေးသားကို ပွတ်ကာသီကာ ခြစ်ရုံသာ ခြစ်မိသွားသည်။

ဒေါင်းညိုသည် လွန်သွားသော အရှိန်ကို သတ်ကာ ဒုတိယအကြိမ် တိုက်ရန် လှည့်လိုက်သည်။ သို့သော် ဂါးကြီးသည် ထိုကျွဲ၏ ဒုတိယအကြိမ် အတိုက်ကို မစောင့်တော့ဘဲ နောက်မှ ထက်ကြပ်မကွာ လိုက်သွား၍ တစ်ပိုင်းလှည့်နေသော ဒေါင်းညို၏ တင်ပါးကို အတင်းဝင်ကျုံးလိုက်သည်။ ဒေါင်းညိုလည်း ခိုင်မာတောင့်တင်းသော သူ့ချိုနှစ်ချောင်းဖြင့် လှည့်ခံလိုက်သည်။

ကျွဲချိုချင်း ရိုက်ခတ်သံသည် တခွမ်းခွမ်းမြည်သွားသည်။ ဂါးကြီးက သူ့ချိုကို ကုပ်၍ အဖမ်းမခံ။ လျင်မြန်ဖျတ်လတ်စွာဖြင့် ဒေါင်းညို၏ ရှေ့ခြေနှစ်ချောင်းကို ဗလာချိုယမ်း၍ ရိုက်ချိုးသည်။ ဒေါင်းညိုက နောက်ဆုတ်၍ ခံသည်။ ဂါးကြီးချိုနှစ်ချောင်းကို သူ့ချိုဖြင့် ကုပ်ဖမ်းရန် ကြိုးစားသည်။

ဂါးကြီးက ခေါင်းချင်းတေ့မခတ်။ ရှောင်ထွက်၍ ဘေးမှ ဝင်ကျုံးသည်။ ဒေါင်းညိုသည် ရှောင်နေသည့်ကြားမှပင် ရှေ့လက်တစ်ဖက် ဂါးကြီးချိုအတွင်း ဝင်သွားသည်။ ဂါးကြီးက အားဖြင့် ပင့်ကော်ကာ ခတ်ချလိုက်ရာ ဒေါင်းညိုသည် လက်တစ်ဖက် မြှောက်ကာ ဘေးသို့ အရှိန်ဖြင့် ပစ်ကျသွားသည်။

ဂါးကြီးက ဒေါင်းညိုပစ်ကျစဉ် မြေပေါ်မရောက်ခင်မှာပင် ဆီးကြို၍ ခတ်လိုက်သည်။ ဒေါင်းညိုသည် ရှေ့လက်တစ်ချောင်းကျိုးကာ အဝေးသို့ ထွက်မပြေးနိုင်တော့ဘဲ တိုက်ကွင်းအတွင်း၌ ဂါးကြီးခတ်ချက်များကြောင့် အသည်းနှလုံးများပေါက်ပြဲကာ အသက်ကို လျော်ကြေးပေးလိုက်ရလေတော့သည်။

ထိုတိုက်ပွဲပြီးနောက် ဂါးကြီးသည် လျှမ်းလျှမ်းတောက် နာမည်ကြီးလာခဲ့သည်။ ကိုဘဌေးသည် အနိုင်ရသောဂါးကြီးကို နောက်ပွဲများ ဆက်မတိုက်တော့ဘဲ ကောင်းကောင်းမွန်မွန် ကျွေးမွေးကာ အနားပေးထားခဲ့သည်။

ကိုဘဌေးတွင် အခြားပွဲများ တိုက်ရန် ခြံပေါက်တိုက်ကျွဲတစ်ကောင် ရှိသေးသည်။ ထိုကျွဲကလည်း ချိုကားကားနှင့်ဖြစ်၍ သူ့ကို ဂါးကြီးဟုပင် ခေါ်သည်။ သို့သော် ဂါးကြီးရောက်လာသဖြင့် အမည်ချင်းကွဲရန် ဂါးလေးဟု ပြင်ခေါ်လိုက်သည်။

ဂါးလေးသည် ကိုယ်လုံးအနည်းငယ်သေးသည်မှအပ ဂါးကြီးကဲ့သို့ပင် ယင်းနယ်တွင် ကျွဲခတ်ကောင်းသော ပြိုင်စံရှား ကျွဲပေါက်တစ်ကောင်ပင်ဖြစ်သည်။

ဂါးကြီးနှင့် ကျွန်းလှမှ ဒေါင်းညိုတို့ ပွဲအပြီးဝယ် ဂါးလေးနှင့် မင်းကင်းမှ ရဲလှအမည်ရှိ ကျွဲပေါက်ကြီးတို့ တိုက်ကြပြန်သည်။ ထိုပွဲဝယ် ဂါးလေးသည် ရဲလှကို ဒဏ်ရာဒဏ်ချက်များစွာဖြင့် တိုက်ကွင်းမှ ထွက်ပြေးသည်အထိ လိုက်လံခတ်ထုတ်ကာ အနိုင်ယူလိုက်ပြန်သည်။

ကိုဘဌေးကား ဂါးကြီး၊ ဂါးလေး ကျွဲနှစ်ကောင်အတွက် နာမည်ကြီး ဂုဏ်တက်လှသည်။ သို့သော် ဤကျွဲနှစ်ကောင်အတွက်ပင် စိတ်မကောင်းဖြစ်ရပြန်သည်။

ကိုဘဌေးသည် ကျွဲပွဲများ ပြီးပြီဖြစ်၍ ယင်းကျွဲနှစ်ကောင်ကို အမှောင်တိုက်သွင်း၍ မမွေးတော့ဘဲ ရိုးရိုးတဲများနှင့်သာ တစ်တဲစီ ထားလေသည်။ တစ်နေ့ဝယ် ကျွဲနှစ်ကောင်ကို စားကျက်ထဲဝယ် ကြိုးရှည်ရှည်ဖြင့် အညောင်းပြေလှန်ထားစဉ် ကျွဲနှစ်ကောင်လုံး ကြိုးများကို ဆောင့်ရုန်းဖြတ်ကာ ခေါင်းချင်းဆိုင် တေ့ခတ်ကြသည်။

ဂါးကြီးသည် နောက်မှရောက်လာသော ဗိုလ်ဖြစ်ပြီး ဂါးလေးသည် နဂိုထဲကရှိသော နယ်ခံဗိုလ်ဖြစ်သည်။ မည်သူ့ကိုမျှ ဗိုလ်မထားချင်သော ကျွဲနှစ်ကောင်သည် အလျှော့မပေးစတမ်း ဗိုလ်လုကြလေသည်။

ကျွဲနှစ်ကောင်ခတ်သည်ကား ချိုသံတခွမ်းခွမ်းဖြင့် ကြောက်မက်ဖွယ်ရာဖြစ်သည်။ ယင်းကျွဲနှစ်ကောင်ကို ဖျန်ဖို့မဆိုနှင့်။ ရှုံးသောကျွဲ ထွက်ပြေးလာလျှင်ပင် မတိုက်မိအောင် သစ်ပင်ပေါ် တက်၍ နေကြရသည်။

ကိုဘဌေးသည် သိုင်းသမားဖြစ်သည်မို့ ထမ်းပိုးကျည်းတစ်ချောင်းကိုယူ၍ ကျွဲနှစ်ကောင်ကြား ဝင်ကာ ကျွဲချိုများကို ရိုက်၍ ဖျန်သည်။

သို့သော် ကျွဲနှစ်ကောင်ကား သူရိုက်နေသည်ကို ဂရုမစိုက်။ တစ်ကောင်နှင့်တစ်ကောင် ဒေါသကြီးစွာ ခတ်နေကြဆဲဖြစ်သည်။ ထို့ကြောင့် တပည့်များကို အော်ဟစ်ကာ အကူအညီတောင်းရတော့သည်။

ကိုဘဌေးတပည့်နှစ်ဦးက ပန်းခူးရာတွင် သုံးသော သံချိတ်ရှည်များဖြင့် နဖားကြိုးကို ဆွဲချိတ်၍ ဆွဲခွာတော့မှသာ ကျွဲနှစ်ကောင် ကွာတော့သည်။ ကျွဲနှစ်ကောင်ကို တစ်တဲစီခွဲ၍ ကြိုးတိုတိုဖြင့်သာ ခိုင်ခိုင် ချည်ထားလိုက်ကြတော့သည်။

ကိုဘဌေး၏ ဂါးကြီး ဂါးလေး တိုက်ကျွဲနှစ်ကောင်သည် ကျွဲခတ်ကောင်းသော ပထမတန်းစား အဖိုးတန်ကျွဲများဖြစ်သည်။ သူတို့ချင်းခတ်၍ ကျိုးသွား၊ ကန်းသွား၊ သေသွားလျှင်…

ကိုဘဌေး ဆက်မတွေးရဲတော့ပေ။

ကျွဲနှစ်ကောင်အကြောင်းတွေး၍ ကိုဘဌေး အိပ်မပျော်သည့် ညများ ရှိလာခဲ့သည်။

ဤသို့ဖြင့် မိုးဦးကျခဲ့လေပြီ။

မိုးမိတ် သစ်ထုတ်လုပ်ရေးမှ ကိုညွန့် ရောက်လာပြီး သစ်ထုတ်လုပ်ရေးတွင် ကျွဲအင်အားလို၍ ကိုဘဌေး ကျွဲပေါက်သုံးရှဉ်းနှင့် သစ်ဆွဲရန် လာခေါ်လေသည်။ ကိုညွန့်သည် တောအုပ်ဖြစ်ပြီး အစိုးရမှ ထုတ်ပေးထားသော သေနတ်ရှိသည်။ ကိုဘဌေးနှင့် အမဲလိုက်နေကျဖြစ်၍ လာခေါ်ခြင်းဖြစ်သည်။

ကိုဘဌေးကလည်း တောထဲတောင်ထဲတွင် စွန့်စွန့်စားစား လှုပ်ရှားသွားလာချင်သူဖြစ်၍ နှစ်စဉ်အမဲလိုက်ဖြစ်သည်။ သို့သော် ယခုနှစ်တွင် ထိုကျွဲနှစ်ကောင်ကြောင့် အခက်တွေ့နေသည်။ ထားခဲ့ရမည်ကိုလည်း စိတ်မချ။ တောထဲခေါ်သွား၍ အလုပ် အတူခိုင်းလျှင်လည်း တည့်မည်မဟုတ်ပေ။

သို့သော် ရွှေငတန်းတွင် ထားခဲ့ရမည်ထက် မိမိမျက်စိအောက်တွင် ထားရသည်က တော်ဦးမည်ဟု စိတ်ကူးကာ ဂါးကြီး၊ ဂါးလေးအပါအဝင် ကျွဲပေါက်ခြောက်ကောင်၊ တပည့်သုံးဦးနှင့်အတူ မိုးမိတ်သစ်ထုတ်လုပ်ရေးသို့ လိုက်ခဲ့သည်။

မိုးမိတ်သစ်ထုတ်လုပ်ရေးတွင် ကိုဘဌေး၏ တပည့်သုံးယောက်က ကျွဲပေါက်သုံးရှဉ်းဖြင့် သစ်ဆွဲကြသည်။ ကိုဘဌေးက တောအုပ် ကိုညွန့်နှင့် သစ်လုပ်ငန်းများကို လိုက်ကြည့်ရင်း တောလည် အမဲလိုက်ရင်း အချိန်ကုန်လွန်လာခဲ့သည်။

ကျွဲတစ်ရှဉ်းလျှင် သစ်တန်ဝက်မှသည် တစ်တန်နီးပါး နိုင်လေသည်။ မြေပြန့်လွင်ပြင်ဝယ် ကျွဲတစ်ရှဉ်းနှင့် ဆင်တစ်ကောင်၏ လုပ်အားသည် ညီမျှလေသည်။ သို့သော် တောင်စောင်းများ၊ တောင်ခါးပန်းများရှိ သစ်များကို ဆွဲရာတွင်မူ ဆင်သည် ကျွဲထက် ပို၍ အသုံးဝင်လေသည်။

မိုးမိတ်သစ်ထုတ်လုပ်ရေးတွင် ကိုဘဌေး၏ ကျွဲပေါက်များကဲ့သို့ အခြားသစ်ဆွဲ ကျွဲပေါက်များလည်း ရှိသည်။ ဂါးကြီးနှင့် ဂါးလေးသည် ရောက်လျှင်ရောက်ချင်း စခန်းမှ ကျွဲပေါက်များနှင့် ဗိုလ်လုကြ လေသည်။ ဂါးကြီးနှင့် ဂါးလေးသာလျှင် အုပ်စုဗိုလ်များအဖြစ် ကျန်ရစ်ခဲ့ကြလေသည်။

အုပ်စုဗိုလ်နှစ်ကောင်သည် အချင်းချင်း ဗိုလ်ပြန်လုကြပြန်လေသည်။ ကိုဘဌေးသည် ကျွဲနှစ်ကောင်၏ ရန်ပွဲကို ဖျန်ရလွန်း၍ ဤတစ်ခါတွင်မူ မဖျန်ချင်တော့ပေ။ ကျိုးချင်ကျိုး၊ ကန်းချင်ကန်း၊ သေချင်သေဟု သဘောပိုက်ကာ သစ်ထုတ်လုပ်ရေးမှ လုပ်သားများနှင့်အတူ ဝိုင်း၍ ကြည့်နေလိုက်တော့သည်။

ကျွဲနှစ်ကောင်စလုံး ကျွဲခတ်ကောင်းသော ကျွဲပါးများ ဖြစ်သည်။ ခွန်အားချင်းကလည်း တူနေကြသဖြင့် နှစ်ကောင်စလုံး ရှေ့မတိုးသာ၊ နောက်မဆုတ်သာဘဲ တစ်နံနက်ခင်းလုံး ခတ်နေကြသည်။ နောက်ဆုံး အရှုံးအနိုင်မပေါ်ဘဲ ‘ယင်း’ ၍ ထွက်သွားကြလေသည်။

နောက်ပိုင်း ခေါင်းချင်း မဆိုင်ကြတော့ပေ။ တစ်ကောင်က သစ်လုပ်ငန်း၏ အရှေ့ဘက်မှာနေလျှင် တစ်ကောင်က အနောက်ဘက်မှာနေသည်။ တစ်ကောင်က တောင်ကုန်းပေါ်မှာနေလျှင် တစ်ကောင်က လျှိုထဲမှာနေသည်။

ကျွဲနှစ်ကောင်စလုံးသည် ကိုင်းရွက်နုကလေးများ စားလိုက်၊ ဖောင်းတောမှ သစ်ရွက်နုကလေးများစားလိုက်၊ ရေစိမ်လိုက်ဖြင့် အားမွေးနေကြသည်။

သစ်ဆွဲလုပ်ငန်းမှာ အလုပ်ပင်ပန်းသော်လည်း ဗလကောင်းသော ကျွဲကြီးများဖြစ်၍ ပင်ပန်းသည်ဟုမထင်၊ ချိုတခါခါ ခေါင်းတယမ်းယမ်းဖြင့် တစ်ကောင်နှင့်တစ်ကောင် အနိုင်ရရေးသာ အားမွေးနေကြလေသည်။

ယခုရက်ပိုင်းတွင် ဟင်းမျိုးကြီး၏သတင်းက အတော်လေး မွှေးလာသည်။ မိုးမိတ်သစ်ထုတ်လုပ်ရေး လုပ်ငန်းနားတွင် ခြေရာများကို မကြာခဏ တွေ့လာရသည်။ အနီးအနားရှိ ကျေးရွာများတွင်လည်း ကျွဲပျောက်၊ နွားပျောက်များ ထူပြောလာသည်။

ဟင်းမျိုး၊ ငပျောက်၊ ခြေတို၊ နှုတ်ခမ်းမွှေး၊ တောကျော်ကြီး၊ တောကောင်ကြီး စသည်ဖြင့် အမည်အမျိုးမျိုးရသူကား ကျားသတ္တဝါပင် ဖြစ်သည်။ မော်လမြိုင်ဘက်တွင် ခေါင်းကြီးဟု ခေါ်ကြပြန်သည်။ အမည်နာမ မည်သို့ပင် ခေါ်ကြစေကာမူ ကျားသည် တောထဲဝယ် တုနှိုင်းယှဉ်ဖက်၍ မရသော တောဘုရင်သာ ဖြစ်သည်။

ကျားသည် နားပါးကာ မျက်စိလျင်၏။ အနံ့ခံကောင်း၏။ အပုန်းအကွယ် လျင်မြန်ပိရိ၏။ ကျားပေါသည်၊ ကျားရှိသည်ဟု နာမည်ကြီးသော တောကို (၁ဝ) ခေါက်သွားသော်လည်း တစ်ခေါက်ပင်လျှင် ကျားကို မြင်ရန် ခဲယဉ်းလှသည်။ ကျားသည် ဤမျှပင် အပုန်းအကွယ်တော်သည်။

ရိုးမကျားကြီးများသည် တစ်ကောင်လျှင် ပေါင် (၄ဝဝ) မှ ပေါင် (၅၀၀) အထိ အလေးချိန်စီးသော်လည်း ခန္ဓာကိုယ်နှင့် မမျှအောင် ပေါ့ပါးလျင်မြန်လှသည်။ တောထဲဝယ် လူနှစ်ယောက် အလုပ်လုပ်နေကြလျှင် နောက်လူကို ရှေ့လူမသိအောင် ဆွဲသွားနိုင်သောကြောင့် ကျား၏ တိုက်ခိုက်မှုသည် ပိရိညင်သာလှသည်။

ဤမျှ စွမ်းရည်သတ္တိများနှင့် ပြည့်စုံသော ကျားသည် မိုးမိတ်သစ်ထုတ်လုပ်ငန်း ပတ်ဝန်းကျင်ဝယ် လှုပ်ရှားသောင်းကျန်းစ ပြုလာသည်။ အများက မဲကြီးဟုခေါ်သော ရိုးမကျားကြီးသည် ဆူးရစ်ကုန်းမှ နွားသိုးတစ်ကောင်ကို ဆွဲကာ တောတွင်း တစ်နေရာတွင် ပွဲတော်တည်ခဲ့သည်။ ထိုကျားကြီးသည် အခြား ကျားများကဲ့သို့ အဝါတွင် အနက်စင်းကြီးများနှင့် မဟုတ်ဘဲ ဝါညစ်ညစ်အောက်ခံဝယ် အနက်စင်းကြီးများ ကျားထားသဖြင့် ခပ်လှမ်းလှမ်းမှကြည့်လျှင် အမည်းရောင်က ပိုများနေသည်။ ထို့ကြောင့် သူ့ကို ငမဲကြီးဟု လူအများက ကင်ပွန်းတပ်၍ ခေါ်ကြသည်။

ထို့ကြောင့် ကိုဘဌေးနှင့် ကိုညွန့်တို့သည် ငမဲကြီး နွားဆွဲသွားသော စွတ်ကြောင်းမှ ခြေရာခံကာ နွားသေကောင်အနီးဝယ် လင့်စင်တစ်ခုဆောက်ပြီး လင့်စောင့်ခဲ့ကြသည်။ သို့သော် ထိုညက ငမဲကြီး ပြန်မလာခဲ့။ ထိုညတွင်သာမက နောက်ညများတွင်လည်း ပြန်မလာခဲ့ပါ။ ငမဲကြီးသည် အလွန်ပါးနပ်သော ကျားရဲကြီး ဖြစ်သည်။

မိုးမိတ်သစ်စခန်းနှင့် ခပ်လှမ်းလှမ်းရှိ သစ်လုပ်ငန်းမှ ခိုင်းကျွဲတစ်ကောင် ကျားဆွဲခံရပြန်သည်။ နောက်နှစ်ရက်ခန့်အကြာဝယ် မိုးမိတ်သစ်ထုတ်လုပ်ရေးစခန်းမှ ကျွဲသမား ကိုလှထွန်းတစ်ယောက် ဟင်းရွက်ခူးသွားစဉ် သူ့နောက်မှ အမြီးသံကြား၍ ကပျာကယာ ပြန်လှည့်ပြေးခဲ့ရသည်။ ငမဲကြီးလက်မှ ကံကောင်း၍သာ လွတ်လာခဲ့သည်။

မိုးမိတ်သစ်လုပ်ငန်းမှ ဆင်သမား၊ ကျွဲသမားများသည် ငမဲကြီးရှိမည့်တောကို တောခြောက်ကာ ပစ်ခတ်သော်လည်း ငမဲကြီးသည် လူသံကြားကတည်းက တောပြောင်းကာ လစ်ပြေးခဲ့သည်။ တောခြောက်သောအခါ ငမဲကြီး မရှိတော့ချေ။

မဘိန်းသစ်ထုတ်လုပ်ရေးစခန်းဘက်တွင် သစ်ဆွဲကျွဲများ ကျားဆွဲခံရသည်ဟု သတင်းထွက်လာခဲ့သည်။ မိုးမိတ်သစ်ထုတ်လုပ်ရေးမှ ဆင်သမား၊ ကျွဲသမားများသည် စုဝေးကာ ငမဲကြီးရန်မှ ကာကွယ်ရန် တိုင်ပင်ဆွေးနွေးကြရသည်။ ကျားသည် ကျွဲများသာမက ဆင်များကိုပါ လစ်လျှင် လစ်သလို ကိုက်ချီစားသောက်လေ့ရှိသည်။

ဆင်သည် အကောင်ကြီးသော်လည်း ကျားသည် ချုံကြိုချုံကြားမှ ချောင်းမြောင်းပြီး ကိုက်ဖြတ်တတ်သည်။ တံကောက်ကြောပြတ်၍ ဆင်ဖင်ထိုင်ကျသောအခါမှ ခေါင်းပေါ်သို့ ခုန်တက်ကာ အသေကိုက်သတ်သည်။

ကျွဲများကိုလည်း ထိုနည်းတူ အနိုင်ယူတတ်သည်။ ကျွဲအုပ်ကို ရုတ်တရက် ဝင်မဆွဲရဲဘဲ ကျွဲတစ်ကောင်ချင်းဆိုပါမူ ကျားစာ ဖြစ်သည်က များသည်။

ထို့ကြောင့် ကို ဘဌေးတို့သည် ငမဲကြီး တစ်ပတ်လှည့်လာလျှင် ကျင်းကျထောင်ချောက်များ ထောင်ရန်၊ သံညှပ်ထောင်ချောက်များ ထောင်ရန်၊ တောခြောက်၍ ပစ်ရန်၊ ခြေရာခံ၍ ပစ်ရန်တို့ကို စည်းလားရိုက်၍ အသေးစိတ် တိုင်ပင်ထားကြရသည်။

အလုပ်နားသည့် တစ်ခုသောနေ့ခင်းကာလဝယ် နေပူပြင်းသဖြင့် ကိုဘဌေးသည် စမ်းချောင်းသို့ ရေချိုးထွက်ခဲ့ရာ ရေသောက်ဆင်းသွားသော ဂါးလေးခြေရာများကို တွေ့ရသည်။ လမ်းတစ်ဝက်လောက် ရောက်သည့်အခါတွင် တောတွင်း တစ်နေရာမှ ထွက်လာသော ကျားကြီးခြေရာများသည် ဂါးလေး ခြေရာပေါ် နင်းကာ စမ်းချောင်းဘက်သို့ ဆင်းသွားသည်ကို တွေ့လိုက်ရတော့သည်။

ကိုဘဌေးသည် လက်နက်မဲ့ ထွက်လာခဲ့မိသည့်တွက် သူ့ကိုယ်သူ စိတ်ပူမိသကဲ့သို့ ဂါးလေးအတွက်လည်း စိတ်ပူမိပြန်သည်။ ထို့ကြောင့် စမ်းချောင်းနှင့် မနီးမဝေးတွင်ရှိသော မြင်ကွင်းကောင်းသည့် ကျွန်းပင်ကြီးပေါ်သို့ တက်ကာ အခြေအနေကို လေ့လာသုံးသပ်လိုက်သည်။

ဂါးလေးက စမ်းချောင်းအစပ်ဝယ် စိတ်ချလက်ချ ရေသောက်နေသည်။ ဂါးလေးနောက် မလှမ်းမကမ်းရှိ ချုံကွယ်တွင်ကား တောတွင်းသားကျားရဲကြီးသည် ရှေ့လက်နှစ်ဖက်ပေါ်တွင် ခေါင်းတင်၍ ဝပ်ချကာ ဂါးလေးကို ချောင်းနေသည်။ ဂါးလေးဘက်မှ လေတိုက်နေ၍ ကျားကြီး၏အနံ့ကို ဂါးလေးမရရှာ၊ ကျားကြီး ရှိမှန်းကို စိုးစဉ်းမျှမသိ။

ကျားကြီး၏ နှာရောင်ရင်းမှ အမွှေးများသည် တဖြည်းဖြည်း တွန့်လာကာ ကျောအလယ်သို့ ရောက်လာသည်။ အမွှေးတွန့်များသည် အမြီးဖျားသို့ ရောက်သည်နှင့် တစ်ပြိုင်နက် ခုန်အုပ်တော့မည်။

ကိုဘဌေးသည် ဂါးလေးကို အော်ဟစ်သတိပေးရန်ပြင်စဉ် ဘယ်ကဘယ်လို ရောက်လာသည်မသိသော ဂါးကြီးသည် ခွာသံတဖြောင်းဖြောင်းနှင့် ပြေးလာကာ ငမဲကြီးကို ဝင်ခတ်လိုက်တော့သည်။ ဤစမ်းချောင်းတစ်ဝိုက်သည် ဂါးကြီးကျက်စားသော နေရာမဟုတ်ပေ။ ဂါးလေး၏ ကျက်စားရာ၊ အားမွေးရာဒေသဖြစ်သည်။ သို့သော် အန္တရာယ်ကောင်၏ အနံ့ကိုခံကာ ဂါးကြီး အချိန်မီ ရောက်လာခြင်းဖြစ်မည်။

ငမဲကြီးသည် ဂါးကြီး၏ ချိုချက်ကို ပက်လက်လန်ကာ တစ်ဖက်သို့ လှိမ့်၍ ရှောင်လိုက်သည်။ ဂါးကြီး၏ချိုချက်သည် ငမဲကြီးကို မခတ်မိဘဲ ချုံပုတ်ကိုသာ ခတ်မိပြီး ချုံပင်နွယ်ပင်များ ပြတ်ထွက်သွားလေသည်။

ငမဲကြီးက ခံစစ်အဖြစ် လှိမ့်၍ ရှောင်ရာမှ ဂါးကြီး၏ ချိုချက်မှ လွတ်သွားသောအခါ တိုက်စစ်ဆင်ရန် ဘယ်လက်ဖြင့် လှမ်း၍ ကုတ်လိုက်သည်။ ဂါးကြီး၏ လည်ကုပ်ဝယ် သွေးများ ရဲခနဲ ဖြစ်သွားသည်။ သို့သော် ဂါးကြီးက ဂရုမစိုက်၊ ကျားကြီးကို အနားမပေး၊ အလွတ်မပေးဘဲ ဘယ်ပြန် ညာပြန် သိမ်းကျုံး ခတ်လိုက်သည်။

ကျားကြီးကလည်း အခြေအနေမလှမှန်း သိသည်နှင့် နောက်ကျွမ်းပစ်၍ ခုန်ထွက်လိုက်သည်။ ကျားကြီးခုန်အထွက်တွင် ဂါးကြီးပင့်အခတ်နှင့် တင်ပါးဝယ် ကျွဲချိုရာတစ်ချက် မိသွားသည်။

ဂါးလေးသည် ရေသောက်နေရာမှ ဆူဆူညံညံအသံများကြား၍ လှည့်ကြည့်လိုက်သောအခါ ဂါးကြီးနှင့် ငမဲကြီးတို့ အကြိတ်အနယ် ခတ်နေသည်ကို တွေ့လေရာ ဂါးကြီးကို ကူရန် ပြေး၍လာခဲ့သည်။

ထိုစဉ် နောက်ကျွမ်းပစ်လိုက်သော ငမဲကြီးသည် ဂါးလေးရှေ့သို့ ကားခနဲ ကျရောက်လာရာ အရှိန်ဖြင့် ပြေးခတ်လိုက်သည်။

ဂါးလေးက လောကြီးနေ၍ ငမဲကြီးကို မခတ်မိဘဲ ငမဲကြီး ကျောအောက်မှ ချော်ထွက်သွားသည်။ ဂါးလေးဦးကင်းဖြင့် ငမဲကြီးတစ်ကိုယ်လုံးကို ဖိသိပ်သကဲ့သို့ ဖြစ်နေသည်။

ငမဲကြီးက ကြောက်မက်ဖွယ် လက်သည်းရှည်ကြီးများဖြင့် ဂါးလေးမျက်စိကို ကုတ်ဖဲ့ရင်း လွတ်လမ်းရှာနေသည်။ ဖိရင်း၊ ခတ်ရင်း၊ ကုတ်ရင်းဖြင့် ငမဲကြီးသည် ဂါးလေးဦးခေါင်းအောက်မှ ရုန်းထွက်ကာ တစ်ဖက်သို့ ခုန်ထွက်လိုက်သည်။ ကျားကြီး ခုန်ထွက်လိုက်သည့်ဘက်တွင် ဂါးကြီးသည် လေးဖက်တင်းတင်းရပ်ကာ ကျားကြီး၏ ဆုတ်လမ်း၊ ပြေးလမ်းကို ပိတ်ထားလေသည်။

ငမဲကြီးသည် ကျွဲနှစ်ကောင်ကြားတွင် ဝပ်၍ ကျွဲနှစ်ကောင်ကို စိမ်းစိမ်းကြည့်ရင်း အကြံထုတ်နေသည်။ ဂါးကြီးလည်ပင်းမှ ကျားလက်သည်း ဒဏ်ရာကြီးများသည် သွေးတစ်စက်စက်ဖြင့် မြင်မကောင်းသလို ဂါးလေးမျက်ခုံးတစ်ဝိုက်တွင်လည်း သွေးများ ရဲနေသည်။

သို့သော် ကျွဲနှစ်ကောင်သည် ဘာဒဏ်ရာမှ မရသကဲ့သို့ ခပ်တင်းတင်းရပ်ကာ ကျားကြီး၏ ပျော့ကွက်၊ ဟာကွက်ကို စောင့်ကြည့်နေကြသည်။ ငမဲကြီးသည် ကျွဲပေါက်များ၊ နွားသိုးများကို တော်တော်များများ ရင်ဆိုင်သတ်ပုတ်ခဲ့ဖူးသည်။ ယခုကဲ့သို့ ခုခံကာကွယ်၍ ပြန်လှန်ခတ်ထုတ်ခြင်းများကိုလည်း ခံခဲ့ရဖူးသည်။ တစ်ကောင်ချင်းဆိုလျှင် သစ်ပင်ကြီးကြီးကို ဖင်ပေး၍ ခုခံကာကွယ်ကြသည်။ နှစ်ကောင်၊ သုံးကောင်ဆိုလျှင် ဖင်ချင်းပူးကာ အရပ်လေးမျက်နှာမှ လာသော အန္တရာယ်ကို ကာကွယ်လေ့ရှိကြသည်။

ယခုမူ ဤကျွဲနှစ်ကောင်သည် ထိုသို့မဟုတ်။ တစ်ကောင်စီ ခွဲကာ သူ့ဆုတ်လမ်း၊ ပြေးလမ်းကို ပိတ်ထားကြသည်။ ခံစစ်မဟုတ်၊ တိုက်စစ်အတွက် နေရာယူထားကြသည်။ ကျားကြီးတွေ့ဖူးသော ကျွဲများဝယ် တစ်မျိုးထူးခြားနေမှန်း သတိထားမိသည်။ သို့သော် တောတွင်းဘုရင်ဖြစ်သော ကျားကြီးသည် အလျှော့မပေး၊ ထွက်ပြေးလောက်အောင် ကြောက်စိတ်မရှိ။ ကျွဲနှစ်ကောင်ထံမှ တောဘုရင်ဟူသောဘွဲ့ထူးကို အသက်ပေးကာကွယ်ရန် ဆုံးဖြတ်ထားသည်။

ကိုဘဌေးက သစ်ပင်ပေါ်မှ လျှောဆင်းလိုက်သည်။ ခါးကြားတွင်ပါသော ဓားမြှောင်ကို ညာဘက်လက်ဖြင့် တင်းတင်းဆုပ်ကိုင်လိုက်သည်။ ဓားရှည်၊ လှံရှည်စသော လက်နက်ကြီးများ မပါသော်လည်း ကျွဲနှစ်ကောင်ကို သူ၏လက်နက်ကြီးများအဖြစ် ယူဆကာ တိုက်ကွင်းအနီးသို့ ချဉ်းကပ်၍ အနီးကပ်ကြည့်ရှု အားပေးလိုက်သည်။

ငမဲကြီးသည် ဝပ်နေရာမှ ထလိုက်သည်။ တင်ပါးဝယ် ဂါးကြီးခတ်ထားသော ချိုချက်ကြောင့် မျက်တက်တက် ဖြစ်နေသည်။ ငမဲကြီးသည် ဂါးကြီးဦးခေါင်းပိုင်းဆီသို့ ပြေးသွားရာမှ ရုတ်တရက် ညာဘက်ဘေးသို့ ပန်းတက်သွားပြီး ကျောပေါ်သို့ ခုန်တက် လိုက်သည်။ ဤတိုက်ကွက်ဖြင့် ကျွဲအတော်များများကို တိုက်ခိုက်အနိုင်ယူပြီးဖြစ်သည်။

ဂါးကြီးသည် လေအဟုန်ကဲ့သို့ လျင်မြန်စွာ ကိုယ်ကိုလှည့်ပြီး ငမဲကြီးကို ခတ်ချလိုက်သည်။ ငမဲကြီးသည် ဂါးကြီးကို မအုပ်မိဘဲ ချိုလုံးဖြင့် ရိုက်ချခံလိုက်ရသည်။ ဂါးကြီးက ငမဲကြီး မြေပြင်ပေါ်သို့ ပစ်အကျတွင် အလွတ်မပေးဘဲ ဖိခတ်လိုက်သည်။ ဤသို့ ဖြစ်လာမည်ကို သိသောငမဲကြီးက မြေပြင်ပေါ်ကျလျှင် ကျချင်း နောက်ကျွမ်းပစ်၍ ထွက်နိုင်သဖြင့်သာ သက်သာသွားလေသည်။

ငမဲကြီးသည် ဂါးကြီးကို တိုက်ခိုက်၍ မရမှန်းသိသောအခါ ဂါးလေးရှိရာဘက်သို့ လှည့်ချောင်းသည်။ ဂါးလေးကလည်း ကျားရှိရာဘက်သို့ လှည့်ကာ အလစ်မပေး၊ နှာခေါင်းမှ တရှူးရှူး ဖြစ်နေသည်။

ယခုအခါ ငမဲကြီး ချောင်းရသည်မှာ အခြားကျွဲများ ချောင်းရသကဲ့သို့ မဟုတ်၊ နောက်ကျော မလုံ၊ ဂါးကြီးက အချိန်မရွေး ဝင်ခတ်နိုင်သည်။ ထို့ကြောင့် ဂါးကြီးဘက်သို့ မျက်လုံးတစ်ဖက်ကို စွေစောင်း၍ ကြည့်နေရ၍ တိုက်ပွဲအရှိန်က နှောင့်နှေးနေသည်။

ငမဲကြီးသည် ဂါးလေးကို တစ်ပတ်ပတ်အပြီးဝယ် ရုတ်တရက် နောက်ဘက်သို့ပြေးသွားကာ တံကောက်ကွေးကို ပြေးခဲလိုက်သည်။ ဂါးလေးကလည်း ကိုယ်ကို တစ်ပတ်လှည့်၍ ခတ်လိုက်သည်။ ထိုစဉ် ငမဲကြီးက ဂါးလေး၏နှာနုကို ဦးအောင် လှမ်းပုတ်လိုက်သည်။ ဂါးလေးသည် အမှတ်မထင် အပုတ်ခံလိုက်ရ၍ လည်ထွက်သွားသည်။ ထိုစဉ် ဂါးကြီးသည် လေ၏အလျင်ပမာ ပြေး၍ ခတ်လိုက်သော ချိုဖျားတစ်ဖက်သည် ငမဲကြီးရင်ဘတ်ဝယ် စူးဝင်သွားကာ လွင့်စဉ်သွားတော့သည်။ ဂါးကြီးက ငမဲကြီးကို ဖိခတ်လေတော့သည်။

ငမဲကြီးသည် သေလောက်သော ဒဏ်ရာရနေသော်လည်း ကျားတို့၏ ဗီဇသတ္တိအတိုင်း ထွက်ပြေးရန် မကြိုးစားဘဲ ဂါးကြီးမျက်လုံးနှင့် ကုပ်ပိုးတစ်ဝိုက်သို့ သဲကြီးမဲကြီး လှမ်းကုတ်လျက် ရှိသည်။

ငမဲကြီးကိုယ်လုံးတွင် ကျွဲချိုရာများ စူးဝင်နေပြီး ဂါးကြီး လည်ကုပ်တစ်ဝိုက်တွင်လည်း ကျားလက်သည်းရာများက မြင်မကောင်းအောင် ပေါက်ပြဲ၍ သွေးအလူးလူး ဖြစ်နေသည်။

ထိုအချိန်တွင် ကျားပုတ်ခံရ၍ မွှန်ထူနေသော ဂါးလေးသည် မိမိကိုယ်မိမိ ပြန်ထိန်းလိုက်ကာ ကျားကြီးကို လိုက်ရှာလိုက်သည်။ ဂါးကြီးနှင့် သူတစ်ပြန်၊ ကိုယ်တစ်ပြန် ကိုက်ခဲ ကုတ်ဖဲ့လျက်ရှိသည်ကို တွေ့ရသောအခါ အချိန်မဆိုင်းတော့ဘဲ ချိုကားကြီးနှစ်ဖက်ဖြင့် ပြေး၍ ခတ်ချလိုက်သည်။

ဂါးလေး၏ ခတ်ချက်သည် ငမဲကြီး၏ ဗိုက်ကို ထုတ်ချင်းခပ်သွား၍ အူများ ပွင့်ထွက်သွားသည်။ ငမဲကြီးသည် စောစောက ဂါးကြီးတစ်ကောင်တည်းကို သဲကြီးမဲကြီးကုတ်ရာမှ ယခု နှစ်ကောင် ဖြစ်လာသောအခါ မည်သူ့ကို ကုတ်ရမှန်းမသိဘဲ တိုက်စစ်အားများ လျော့ပါးလာသည်။ ကျွဲနှစ်ကောင်ကလည်း မလျှော့စတမ်း အတင်းဖိ၍ ခတ်နေကြရာ ကျားကြီးသည် ဒဏ်ရာဒဏ်ချက်ပေါင်းများစွာဖြင့် မရှုမလှ သေပွဲဝင်သွားရလေသည်။

ကျွဲနှစ်ကောင်သည် ငမဲကြီး သေဆုံးသွားသောအခါ တစ်ကောင်၏နှာခေါင်းကို တစ်ကောင်နမ်းကာ အောင်ပွဲ အထိမ်းအမှတ်အဖြစ် ဝမ်းသာလှိုက်လှဲစွာ အော်မြည်လိုက်ကြသည်။ တစ်ကောင်ကို တစ်ကောင် အသက်ပေး၍ တိုက်ခိုက်ခဲ့ကြသော ကျွဲနှစ်ကောင်သည် နောင်တစ်သက်တာ ရန်မဖြစ်တော့မည်မှာ သေချာပေသည်။

ကိုဘဌေးသည် ကျွဲနှစ်ကောင်၏ ဒဏ်ရာများကို ကိုင်တွယ်ပွတ်သပ်ကြည့်၏။ ကျွဲကြီးများကား ဘာမှမဖြစ်သကဲ့သို့ အရေးပင် မလုပ်ချေ။ အာဂကျွဲများပင် ဖြစ်သည်။

ကိုဘဌေးသည် ဂါးကြီးပေါ်ဝယ် စီးနင်း၍ ဝမ်းသာပျော်ရွှင်စွာ စခန်းသို့ ပြန်ခဲ့ရာ ဂါးလေးကလည်း နောက်မှ တကောက်ကောက် လိုက်ပါလာခဲ့သည်။

ဂါးကြီးနှင့် ဂါးလေးသည် ကျွဲချင်းခတ်၍ ဗိုလ်လုခဲ့ကြသော်လည်း ရန်သူဖြစ်သော ကျားကြီးကို တွေ့သောအခါ အာဃာတတရားများ ဘေးချိတ်၍ သွေးစည်းညီညွတ်စွာ စုပေါင်းတိုက်ခိုက် အောင်ပွဲဆင်ခဲ့ကြသည်။

ဤသည်မှာ လောကလူသားတို့ကို ကျွဲနှစ်ကောင်က ပြသလိုက်သည့် စည်းလုံးညီညွတ်ခြင်းဖြင့် အောင်ပွဲခံခဲ့သော လောက၏ နိမိတ်ပုံတစ်ခုသာလျှင် ဖြစ်ပေတော့သည်။