မူရင်းရေးသားသူ _ ဆရာတာတေ
ဆရာကြီးဆီမှာ တာတေ သောင်တင်နေတာတော်တော်ကြာပြီဗျ။
ဆရာကြီးဦးမင်းအောင်ဆိုတာ ခင်ဗျားတို့သိတဲ့အတိုင်းပေါ့ဗျာ။
တစ်ခါက ကုလသမဂ္ဂရဲ့ ဆရာဝန်ကြီး
တစ်ယောက်မို့လား။ နိုင်ငံတော်တော်များများမှာ
လှည့်ပြီးဆေးဝါးကုသခဲ့တဲ့ ခေတ်ပညာတတ်ကြီးတစ်ယောက်။
ပြီးတော့ အထက်လမ်းမှော်ပညာကို တဖက်ကမ်းခတ်အောင်
တတ်တဲ့ဆရာကြီးဗျ။
သီလ သမာဓိဆိုတာ အလွန်ပြည့်စုံတဲ့ပုဂ္ဂိုလ်ဗျ။
အိမ်ထောင်ရက်သားလည်း ပြုခဲ့တဲ့လူမဟုတ်ဘူး။
ဥပဓိရုပ်ဆိုတာလည်း “ဘုန်း”ခန့်ညားလိုက်ပါဘိဗျာ။
ဗဟန်းမှာ ခြံကြီးဝင်းကြီးနဲ့ နေနိုင်တဲ့လူ ဥစ္စာဓန
ဆိုတာကလည်းပြည့်စုံပါဘိသနဲ့။
တာတေကတော့ ဆရာကြီးကို လွှတ်ပြီး ကြည်ညိုတာဗျ။
ဆရာကြီးရဲ့တပည့် ကျုပ်ရဲ့ ဆရာနွံဖကလည်း
ဆရာကောင်းတပည့် ပီသပါပေရဲ့။
အင်မတန် သီလ သမာဓိရှိတာကလား။
ဆရာနွံဖကိုလည်း တာတေ လွှတ်ခင်တာဗျ။
ဆရာနှစ်ယောက်ကလည်း တာတေကိုတော်တော်ဂရုစိုက်ကြပါတယ်။
တာတေတောင် ရန်ကုန်မှာ အနေကြာလာလို့လား
မသိဘူးဗျ။အသားတွေ ဘာတွေတောင် လတ်လာတာဗျို့။
ထနောင်းကုန်းက အဘနဲ့ အမေဆီကိုလည်း ကျုပ်
မကြာ မကြာ ပြန်ပါတယ် ။ ကျုပ်မို့လို ရွာရောက်ရင်
ဦးဆုံးသွားတွေ့ရတာက ပုဗ္ဗာရုံဆရာတော်ဗျ။
ကျုပ် ပြန်ပြောပြတဲ့ ကဝေအကြောင်း ။ဆရာကြီးရဲ့
ကဝေလိုက်တဲ့အကြောင်းတွေကို ဆရာတော် ဦးဂုဏက
လွှတ်ကြားချင်တာဗျ။ တာတေ ရွာရောက်ရင်
အဲဒီအကြောင်းတွေ ဆရာတော်ကို သွားပြီး
ပြောပြရတာဗျို့။
တာတေ မှတ်မိသေးတယ်ဗျ။
အဲဒီညက နှင်းတွေ တော်တော်ကျတဲ့ည။
အေးလည်း တော်တော်အေးတယ်။
ဆရာကြီးရဲ့ ခြံဝင်းကို ကိုမောင်အေးက
တံခါးစောစောပိတ်လိုက်သဗျ။ပြီးတော့
အိမ်ကြီးကိုလည်း တံခါးစောစောပိတ်ပြီး
ဆရာတပည့်တွေ ဧည့်ခန်းကြီးထဲမှာ
ရေနွေးကြမ်း သောက် လက်ဖက်စားရင်း
စကားပြောနေကြတာဗျ။
ဒီအချိန်မျိုးဆိုရင် ဆရာကြီး ပြောပြတဲ့ ကဝေတွေ
စုန်းတွေ ဇော်ကနီကောင်ကြီးတွေအကြောင်းဟာ
တော်တော်ကို နားထောင်ကောင်းတာဗျို့။
“ဆရာကြီး ဆရာကြီး”
ခြံဝက အသံဗျ။ ယောင်္ကျားတစ်ယောက်ရဲ့ အသံပဲ။
“ဟင် အချိန်မတော် ဧည့်သည်လာသကွဲ့။
မောင်အေးရေ ခြံတံခါး ဖွင့်ပါဦးကွယ်
နွံဖ လိုက်သွားလိုက်ပါကွာ
အခြေအနေကြည့်နော်”
“ဟုတ်ကဲ့ပါ ဆရာကြီး”
ကိုမောင်အေးနဲ့ ဆရာနွံဖ ခြံထဲကို ဆင်းသွားတယ်။
ဆရာကြီးနဲ့ ကျုပ်ကတော့ အသာနားစွင့်နေရတာပေါ့ဗျာ။
“ဘယ်သူတုံး”
ဆရာနွံဖကမေးတော့ တစ်ဖက်က ပြန်ဖြေတဲ့အသံ
ကြားရတယ် ။
“ယောက မောင်ပုံပါခင်ဗျာ”
“ဟာ ကိုပုံလား ။ မတွေ့တာတောင် ကြာပေါ့”
“ဟင် ဆရာနွံဖလားဗျ”
“ဟုတ်ပဗျာ ဟား ဟား ဟား”
“နို့ ဆရာကြီးရော ရှိရဲ့လားဗျ”
“ရှိပါ ကိုပုံရယ် ရှိပါ့ဗျာ”
“ဟင် ယောက မောင်ပုံပါလား အင်း ကိစ္စတော့ ထူးပြီး
ထင်တယ်ကွဲ့။မောင်တာတေရဲ့”
ဆရာကြီးက ကျုပ်ကိုပြောရင်း ဧည့်ခန်းအဝကို
မျှော်ကြည့်နေတယ်ဗျ။ ကျုပ်လည်း ဧည့်သည်ဆိုတာကို
မြင်ချင်လို့ ကြည့်နေတာပေါ့ဗျာ။
“ဆရာကြီး နေထိုင်ကောင်းပါရဲ့လားဗျ”
ဟော ရောက်လာပြီဗျို့။အသားဖြူဖြူ
ထောင်ထောင်မောင်းမောင်းနဲ့ လူတစ်ယောက်က
ဧည့်ခန်းဝမှာ ရို့ရို့လေး ရပ်ပြီး ဆရာကြီးကို
လက်အုပ်ချီ နှုတ်ဆက်တယ်ဗျ။ မျက်နှာကဝိုင်းဝိုင်း
နှုတ်ခမ်းမွေးကြီးနဲ့ဗျို့။ ဒီလူရုပ်ကလည်း
တော်တော်ကို ခန့်ညားတည်ကြည်တဲ့ပုံပဲဗျ။
“လာဟေ့ မောင်ပုံ ရန်ကုန်ကို ဘယ်တုန်းကရောက်လဲကွဲ့”
“ဒီကနေ့ပါပဲ ဆရာကြီး”
ပြောရင်းနဲ့ ကိုပုံက ဆိုဖာတစ်လုံးမှာ ဝင်ထိုင်တယ်ဗျ။
“မောင်ပုံ ထမင်းတွေ ဘာတွေရော စားပြီးခဲ့ပြီလား”
“ဟုတ်ကဲ့ စားပြီးပါပြီ ဆရာကြီး”
“အေး အေး ဒါဆိုရင် လက်ဖက်စား။
အကြမ်းလေးသောက်ကွ”
“ဟုတ်ကဲ့ပါ ဆရာကြီး”
ဆရာနွံဖကလည်း ကျုပ်ဘေးက ဆိုဖာခုံမှာ
ဝင်ထိုင်တယ်ဗျ။
“မောင်ပုံတစ်ယောက်တည်း လာတာလား။
တခြားဘယ်သူပါသေးတုံး”
“မပါဘူး ဆရာကြီးရဲ့ ။ ကိစ္စက တော်တော်လေး
အရေးကြီးလို့ ။ တစ်ယောက်တည်းပဲ တိုးတိုးတိတ်တိတ်
ထွက်လာခဲ့တာဗျ”
“ဟင် ဟုတ်လားကွဲ့။ ဘယ်လိုများ အရေးကြီးလို့တုံးကွဲ့။
ပြောပါဦး မောင်ပုံရဲ့”
“ဒီလိုပါ ဆရာကြီး ။ ကျနော်တို့နယ်ဘက်မှာ
ဠင်းတတောင် ။ မှန်တောင် ။ မုဆိုးတောင် ။
ဆင်ခေါင်းတောင် ။ ဆေးကြိတ်တောင် ။
သံတောင် ။ သံတောင် ဆိုတာတွေ ရှိတယ်ဗျ။
အဲဒီအထဲက ဆေးကြိတ်တောင်မှာ အခုတလော
တော်တော်ထူးဆန်းတာတွေ ဖြစ်နေတယ် ဆရာကြီးရဲ့”
“ဟေ ဘယ်လိုများတုံးကွဲ့”
“ဆေးကြိတ်တောင်ဘက်မှာက စားကျက်အားကြီးကောင်းတာ
ဆရာကြီးရဲ့။ ကျနော်တို့ ရွာက နွားတွေဆိုရင် အဲဒီစားကျက်ကို
လွတ်တာများတယ်။အခုတလော နွားကျောင်းသားတွေ
ဆေးကြိတ်တောင်ဘက်သွားပြီး နွားကျောင်းရင်
ဘာဖြစ်တယ် မသိဘူးဗျ။ နွားတွေလန့်ပြီး ပြေးတယ်တဲ့။
အခုဆိုရင် ရွာက နွားတွေက အဲဒီဘက်ကို မောင်းလို့ကို
မရတော့ဘူးတဲ့ဗျ။ကြိုးနဲ့ဆွဲခေါ်ရင်တောင် အတင်းရုန်းတာတဲ့”
“အင်း တော်တော်ဆန်းတာပဲကွဲ့”
“အဲဒါ ဟိုတစ်နေ့ကတော့ ငနီဆိုတဲ့ ကောင်လေးက
သူ့နွားတွေ အဲဒီဘက်လွှတ်လို့မရတော့ ဘာဖြစ်တယ်ဆိုတာ
သိချင်လို့ဆိုပြီး ဆေးကြိတ်တောင်ကို တစ်ယောက်တည်း
သွားပြီး ကြည့်တယ်ဆိုပဲ။အဲဒီမှာတင် တွေ့လားတာတဲ့ဗျ”
“ဘာများ တွေ့လိုတုံး ကိုပုံရဲ့”
ဆရာနွံဖကလည်း တော်တော်ကို သိချင်နေပုံပဲဗျ။
“ဠင်းတကြီးတွေ ဆေးကြိတ်တောင်ပေါ်မှာ အများကြီး
ဝဲနေတယ်တဲ့ဗျ။အဲဒါနဲ့ ငနီက သူမှာပါသွားတဲ့ လေးခွနဲ့
ဠင်းတ တစ်ကောင်ကို ပစ်လိုက်ရောတဲ့ဗျို့။
အဲဒီဠင်းတကြီးလည်း လောက်စာလုံး ထိသွားရော
ဠင်းတငါးကောင်လောက် တစ်ခါတည်း
ထိုးဆင်းလာတာတဲ့ဗျို့။ငနီခေါင်းပေါ်မှာ
ဝီ ဝီ ဝီ ဝီနဲ့ ပတ်ပြီး ဝဲနေတာပဲဗျို့။ငနီလည်း
ကြောက်ကြောက်လန့်လန့်နဲ့ ထွက်ပြေးမယ်အလုပ်မှာ
ဠင်းတတွေက မြေပေါ်ကို ဆင်းလာကြတယ်တဲ့။
သူ့ကိုဠင်းတငါးကောင်က ဝိုင်းထားတယ်ဆိုပဲ။
အဲဒီအချိန်မှာ သူ့နောက်က ‘ဟား ဟား ဟား ဟား’
ဆိုတဲ့ ရယ်သံကြီး ထွက်လာလို့ ငနီက
နောက်လှည့်ကြည့်လိုက်တော့ သူရှေ့က
ဠင်းတကြီးတွေလည်း ဆံပင်ဖားလျားနဲ့
မိန်းမတွေ ဖြစ်နေရောတဲ့ဗျာ။ သူ့ကို
မိန်းမငါးယောက်က ဆံပင်ဖားလျားကြီးတွေနဲ့
ဝိုင်းပြီး ရပ်နေတာတဲ့။ဒါပေမဲ့ အဲဒီမိန်းမတွေ
အကုန်လုံး ရုပ်တွေ တော်တော်ချောကြတယ်တဲ့ဗျ”
“ဟင် ကဝေမတွေပါလား”
“ဟုတ်တယ် ဆရာကြီး။အဲဒီကဝေမတွေက
ငနီကို နင့်ကို ဒီတစ်ခါတော့ အသက်ချမ်းသာလိုက်မယ်
နောက်တစ်ခါဆိုရင်တော့ မသာပေါ်ပြီသာ မှတ်ပေတော့။
နင်တို့ရွာသားတွေကိုလည်း ပြောလိုက် ။
ဟောဒီဆေးကြိတ်တောင်ကို လာတဲ့သူ အသေပဲလို့
ကြားလား ကောင်လေး ။ နင် သွားတော့”
လို့ ပြောသတဲ့ဗျ။ ငနီလည်း နောက်လှည့်မကြည့်တော့ဘဲ
တစ်ချိုးတည်းပြေးတာ ရွာရောက်တဲ့အထိဗျာ။
ရွာရောက်တော့ ကောင်လေးခမျာ သတိလစ်သွားလို့
မနည်းကို နှာနပ်ယူရတာ ဆရာကြီး”
ဆရာကြီးက ကိုပုံရဲ့စကားကိုကြားတော့
တစ်ခုခုကို စဉ်းစားနေပုံပဲဗျ။ပြီးမှ
“မောင်ပုံ မင်းပြောတဲ့ ဆေးကြိတ်တောင်မှာ ကဝေတွေ
အရေးကြီးတဲ့ ကိစ္စတစ်ခု လုပ်နေပုံရတယ်ကွ”
“ဗျာ ဘယ်လိုကိစ္စများတုံး ဆရာကြီး။
ကျနော်တို့ရွာတွေမှာ အန္တရာယ်တွေ ဘာတွေများ
ရှိသလား ဆရာကြီး”
“ဟာ ရှိပါပြီလား မောင်ပုံရယ် ။ ကဝေဆိုတာ
လူတွေကို ဒုက္ခပေးဖို့ သက်သက်ပဲကွ။သူတို့ကိစ္စမှာ
အနှောင့်အယှက်ဖြစ်သွားလို့ကတော့ ရွာလုံးကျွတ်
ဒုက္ခပေးကြတာ ။ ကျုပ်ကတော့ တော်တော်များများကို
တွေ့ခဲ့ဖူးပါတယ်”
“ဟင် …ဒါဆိုရင် ဘယ်လိုလုပ်ရမလဲ ဆရာကြီး”
“ကျုပ်လည်း အဲဒါကို တွေးကြည့်နေတာ မောင်ပုံရဲ့
ကျုပ်စိတ်အထင်ပြောရရင်တော့ ဒီကဝေတွေက
အစောင့်အကြပ်အဆင့်ပဲ ရှိတာကွ။သူတို့ထက်
အများကြီး အဆင့်မြင့်တဲ့ ကဝေသခင်ကြီးတို့
ကဝေသခင်မကြီးတို့ ဆိုတာတွေ ရောက်နေပုံပဲကွ”
“ဗျာ ဒါဆိုရင် ကျနော်တို့ရွာသားတွေ ဒုက္ခရောက်ပါပြီဗျာ”
“မစိုးရိမ်ပါနဲ့ မောင်ပုံရယ် ကျုပ် လိုက်ခဲ့ပ့ါမယ်”
“ဟာ ဝမ်းသာလိုက်တာ ဆရာကြီးရယ်”
ကိုမောင်ပုံဆိုတဲ့လူက သူနှုတ်ခမ်းမွေးကြီး ကားသွားအောင်ကို
ပြုံးပြုံးကြီးလုပ်ပြီး ပြောတာဗျို့။တကယ်ကို ဝမ်းသာသွားပုံပဲဗျ။
“နေပါဦး မောင်ပုံရဲ့ ။ အဲဒီဆေးကြိတ်တောင်ကို
မင်းအနေနဲ့ နှံ့နှံ့စပ်စပ် ရှိရဲ့လား”
“ဟာ ရှိပြီကော ဆရာကြီးရယ် ကျနော်ငယ်ငယ်က
နွားသွားကျောင်းနေကြပါ”
“အဲဒါဆိုရင် မင်းကို ကျုပ် တစ်ခုမေးမယ်”
“ဟုတ်ကဲ့ မေးပါ ဆရာကြီး”
“အဲဒီဆေးကြိတ်တောင်မှာ သဘာဝဂူတွေ ဘာတွေ
ရှိသလားကွဲ့”
“သဘာဝဂူ ။ ဟာ ရှိတာပေါ့ ဆရာကြီးရဲ့။
ဆေးကြိတ်တောင်ခါးပန်းမှာ ဂူတစ်လုံး ရှိတယ်ဗျ။
ဂူဝကို တော်ရုံလူ မမြင်ရဘူး သစ်ပင်တွေ
ခြံနွယ်တွေ ပိတ်နေတာ ။ ကျနော်သာ စပ်စုတဲ့ကောင်မို့လို့
တစ်ခါ နှစ်ခါ အထဲဝင်ဖူးတာဗျ”
“အဲဒီဂူက တော်တော်ကျယ်သလားကွဲ့”
“ဟာ ကျယ်တယ် ဆရာကြီးရဲ့ ။ အထဲမှာ
လိုဏ်ခေါင်းတစ်ခုရှိတယ် ။ အဲဒီကသွားရင်
ဘယ်အထိရောက်လဲတော့ မသိဘူးဗျ”
“အင်း မောင်ပုံ မှတ်မိသေးလားကွဲ့။ အဲဒီဂူထဲမှာ
ဘာတွေ ထူးထူးခြားခြား တွေ့ခဲ့တုံးဆိုတာ”
“ကြာတော့ ကြာပြီ ဆရာကြီးရဲ့။အဲ နေဦးဗျ။
ဂူထဲမှာ ရေကန်လိုလို ရေအိုင်လို တစ်ခုရှိတယ်
အဲဒီရေကန်ဘေးမှာ ထင်းချောင်းနဲ့ မီးဖိုထားတာ
တွေ့ဖူးတယ်ဗျ။ ဟိုတုန်းက လူတွေ ခရီးကြုံလို့
ဝင်နားတာ ထင်ပါရဲ့ဗျာ”
“ဟုတ်ပြီ မောင်ပုံ ဟုတ်ပြီ ဆရာကြီး မှန်းမိပြီကွဲ့”
“ဘာများတုံး ဆရာကြီးရဲ့ “
ကိုပုံက မျက်လုံးပြူးပြီး ဆရာကြီးကို မေးတယ်ဗျ။
“အဆင့်တော်တော်မြင့်တဲ့ ကဝေတစ်ယောက်
ဂူအောင်းပြီး ထုံကူးတာ ဖြစ်လိမ့်မယ်ကွဲ့။
ဒါကြောင့် သူတို့သခင် ကဝေကြီးလား။
ကဝေမကြီးလားတော့ မသိဘူးကွဲ့။
ထုံအောင်ဖို့ ဝိုင်းပြီး စောင့်ကြပ်နေကြပုံရတယ်။
ဒီအချိန်မျိုးဆိုတာ ဆတ်ဆတ်ထိ မခံကြဘူးကွ
မင်းပြောတဲ့ ငနီက လေးခွနဲ့တောင် သွားပစ်လိုက်သေးတာ။
ကံကောင်းလို့ သတ်မပစ်တာဟေ့”
“ဒါထက် မင်းတို့ရွာက ဘာရွာခေါ်တုံး
ပြီးတော့ အဲဒီနားမှာ ရွာတွေ ဘယ်လောက်များတုံးကွဲ့”
“ကျနော်တို့ရွာက ငှက်ကျရွာ ကျနော်တို့ ဟိုဘက်မှာက
ကန်တောင် အလယ်တောင်နဲ့ နဘူးရွာတော့ ရှိတယ်
ဆရာကြီးရဲ့ ကျနော်တို့ရွာက ဆေးကြိတ်တောင်နဲ့
အနီးဆုံးဗ်”
“အင်း ကဝေသခင်ကြီး ထုံမအောင်လို့ကတော့
အဲဒီနားက ရွာတွေကို ဝင်ပြီး
မွှေကြ နောက်ဒုက္ခပေးကြတော့မှ
သေချာတယ်ကွဲ့ “
“ဟင် ဟုတ်လား ဆရာကြီး”
“ဟုတ်ပါပြီလား မောင်ပုံရယ် ဒီအတွက်တော့
မပူပါနဲ့ကွယ် ကျုပ်က လုပ်ပြီဆိုရင် အမှုန့်တောင်
မကျန်အောင် လက်စတုံး ပစ်တဲ့သူပါ”
“ဆရာကြီး ဒီကိစ္စကို ဆရာကြီးရဲ့
ကျနော် နှစ်ယောက်တည်းနဲ့
နိုင်ပါ့မလား ကဝေမတွေ
ငါးယောက်ကလည်း ရှိနေတယ်ဆိုတော့”
“ရပါတယ်ကွဲ့ နွံဖရဲ့ ။ မင်းကို ဆရာကြီး ပေးထားတဲ့
ပညာတွေ နည်းတော့တာမှ မဟုတ်ဘဲ ။ အင်း နွံဖရေ
ဒီတစ်ခါတော့ နာနာရုပ်အတတ်တွေ ။
ရုပ်ပြောင်းရုပ်လွှဲအတတ်တွေ သုံးရတော့မယ်
ထင်တယ်ကွ”
“ဟင် ဟုတ်လား ဆရာကြီး”
“အေး အဲဒီပညာတွေလည်း နှိုးထားဦး နွံဖရေ”
ဆရာကြီးတို့ ပြောတဲ့ နာနာရုပ်တို့ ရုပ်ပြောင်းရုပ်လွဲတို့
ဆိုတာတွေတော့ တာတေ ဘာမှနားမလည်ဘူးဗျ။
XXXXXX
တာတေတို့ ယောကို ရောက်ကြပြီ။
ကိုပုံတို့ရွာ ငှက်ကျကို မရောက်ခင်က နဘူးတို့
အလယ်တောင်တို့ ကန်တောင်တို့ ဆိုတဲ့ ရွာတွေကို
ကျုပ်တို့ ဖြတ်ကြရတယ် ။
ဆရာကြီးက လမ်းတစ်လျှောက်လုံးမှာ ရွာတွေကို
အာရုံခံကြည့်တယ်ဗျ။
“မောင်ပုံရေ ဒီရွာတွေမှတော့ ရွာခံကဝေ မရှိဘူးကွာ။
စုန်းလောက်ပဲ ရှိပါတယ် ။ အင်း စုန်းဆိုတာကတော့
ရွာတွေ တော်တော်များများမှာ ရှိကြတာပါပဲ”
“ဟုတ်ကဲ့ ဆရာကြီး ။ ဒါဆိုရင် ဒီကဝေတွေ ဘယ်လိုဖြစ်လို့
ကျနော်တို့ဘက်ကို ရောက်လာကြတာလဲ မသိဘူးနော်”
“ဒီလို ဖြစ်လိမ့်မယ်ကွ အဲဒီဆေးကြိတ်တောင်က
ဂူကြီးဟာ ဟို အရင်ကတည်းက ကဝေကြီးတွေ။
ပညာအမြင့်ဆုံးကိုတက်တဲ့ နေရာ ဖြစ်လိမ့်မယ်ကွဲ့။
ဒီလို အဆင့်မြင့်ကဝေ ဖြစ်ဖို့က သိပ်မလွယ်လှဘူးလေကွယ်
ဒီတော့ ဒီဘက်ကို သိပ်မရောက်လို့ ဖြစ်မှာပေါ့”
“ဆရာကြီး ဟိုရှေ့တရွာက ကျနော်နေတဲ့
ငှက်ကျရွာပဲဗျ။ ဟိုရှေ့မှာ မြင်ရတဲ့ တောင်ထွတ်ကြီးက
ဆေးကြိတ်တောင်ကြီးလေ ဆရာကြီးရဲ့”
“သြော် ဆေးကြိတ်တောင်ဆိုတာ ဒါကိုး”
ဆရာကြီးက မှိုင်းညို့ညို့တောင်ကြီးကို လှမ်းကြည့်တယ်ဗျ။
ကျုပ်တို့လည်း ကြည့်ကြတာပေါ့ဗျာ။ တောင်က အတော်ကလေး
ကြီးသားဗျ။ မြင့်လည်း မြင့်တယ် ။ တောကလည်း
ထူပါ့ဗျာ။
ဒီလိုနဲ့ ကျုပ်တို့တွေ ကိုပုံတို့အိမ်ကို ရောက်လာတယ်ဗျ။
ကိုပုံက လူပျိုကြီးပဲ ။ အဖေအို အမေအိုတွေကို လုပ်ကိုင်ကျွေးနေတဲ့
သူတဲ့ဗျို့။ သူမှာ ကိုယုံလို့ခေါ်တဲ့ ညီတစ်ယောက်ရှိတယ်
သူနဲ့တော့ ရုပ်ချင်း ခပ်ဆင်ဆင်ပါပဲ။
ကိုပုံတို့အိမ်ကြီးက တော်တော်ကျယ်တာဗျ။
လွတ်လွတ်လပ်လပ် နေလို့ရတာဗျို့။
“မောင်ပုံရေ မင်းပြောတဲ့ နွားကျောင်းသား ငနီကို
သွားခေါ်ချေကွယ် ။ အခြေအနေလေး ခန့်မှန်းလို့
ရတာပေါ့”
လို့ ဆရာကြီးက ပြောလိုက်တော့ ကိုပုံက…
“ဟုတ်ကဲ့ပါ ဆရာကြီး။ ကျနော် ခဏဆိုရင် သွားခေါ်လိုက်ပါမယ်
ဆရာကြီးတို့ အမောပြေအောင် ဆိတ်နို့သောက်ကြပါ
ဒါ ကျနော်တို့ ခြံထွက်ပါ”
လို့ ပြောပြီး ကိုယုံနဲ့ ကိုပုံက ကျုပ်တို့ကို ဆိတ်နို့နဲ့
ဧည့်ခံတယ်ဗျို့။ ပြီးတော့ ကိုပုံက ကိုယုံကို လွှတ်ပြီး
ငနီကို ခေါ်ခိုင်းတယ်ဗျ။
“ကဲ ဆရာကြီး ဟောဒါ ငနီပါပဲ ကဝေမတွေကို
တွေ့ခဲ့တာ သူပါပဲဗျာ”
ကိုယုံ ပြန်လာတော့ အသက်ဆယ့်ငါးနှစ်လောက်ရှိတဲ့
ကောင်လေးတစ်ယောက် ပါလာတယ် ။ ခေါင်းမှာတော့
သျှောင်ထုံးကလေးနဲ့ဗျ။
“ငနီလားကွဲ့”
ငနီက ဆရာကြီးကို ကန်တော့လိုက်တဲ့ အချိန်မှာပဲ
ဆရာကြီးက မေးလိုက်တယ် ။
“ဟုတ်ပါတယ်ဗျ”
“မင်းက ဆေးကြိတ်တောင်ကို သွားတော့ ဘာတွေ
တွေ့ခဲ့တုံးကွဲ့ “
“ဠင်းတကြီး ငါးကောင် ပျံနေတာ တွေ့တယ်ဗျ”
“အေး ဒီတော့ မင်း ဘာလုပ်လိုက်တုံး”
“ကျုပ် လေးခွနဲ့ ဠင်းတတစ်ကောင်ကို ပစ်လိုက်တယ်ဗျ”
“နို့ ထိရော ထိရဲ့လားကွဲ့”
“ထိပါ့ဗျာ ဘုန်းခနဲတောင် မြည်သွားတာ”
“ဟေ ဒီတော့ ဘာဆက်ဖြစ်တုံးကွဲ့”
“ဠင်းတကြီးတွေ ကျုပ်ဆီကို ထိုးဆင်းလာတော့
ကျုပ် ထွက်ပြေးတာဗျ။ ဒါပေမဲ့ မလွတ်ပါဘူးဗျာ။
ကျုပ်ကို သူတို့က ဝိုင်းလိုက်ကြတာ ။ ပြီးတော့
မိန်းမတွေ ဖြစ်သွားရောဗျ။ ဆံပင်ဖားလျားကြီးတွေနဲ့ဗျ”
“ရုပ်ဆိုးဆိုးကြီးတွေလားကွဲ့ ငနီရဲ့”
“ရုပ်ဆိုးဆိုးတွေ မဟုတ်ဘူး ဆရာကြီးရဲ့။
မိန်းမငါးယောက် စလုံး ရုပ်ချောချောတွေချည်းပဲ။
အင်္ကျီ ထဘီကလည်း တောက်တောက်ပြောင်ပြောင်
ဝတ်စားထားတာဗျ”
“အင်း ကျုပ်ထင်တဲ့အတိုင်းပါပဲ နွံဖရာ”
ဆရာနွံဖက ဝင်ပြီး မေးလိုက်တယ်ဗျ။
ဒီတော့ ဆရာကြီးက ခေါင်းကလေးညိတ်ပြီး…
“အဲဒါ ကဝေသခင်ကြီး ဆိုတာပဲကွ။ ပညာအထွတ်အထိပ်ရောက်ဖို့
ဒီမှာလာပြီး ဂူအောင်းတာကွ။ ဂူအောင်းပြီး ထုံကူးတာပေါ့ကွာ။
ဒီကဝေအသက်လည်း သုံးလေးရာတော့ ရှိလိမ့်မယ်
ထင်တယ် ။ ငနီပြောတဲ့ ရုပ်ချောချော ကဝေမတွေက
သူ့မယားတွေပေါ့ကွာ ။ သူထုံကူးတာ အောင်ဖို့
သူ့မယားကဝေမ ငါးယောက်က အသက်ပေးပြီး
ကာကွယ်နေကြတာပေါ့”
“ဟာ ဒီကဝေက မိန်းမငါးယောက်တောင်
ယူထားလား ဆရာကြီး”
လို့ ကျုပ်ကလည်း ဝင်မေးလိုက်မိတယ်ဗျ။
“ဟာ မောင်တာတေရယ် တစ်ချို့ကဝေတွေဆိုရင်
ယူထားတဲ့မိန်းမတွေ ရေတောင်မရေနိုင်ဘူးကွဲ့”
“သြော် ဒီလိုကိုး”
“နွံဖ ကျုပ်ထည့်ခိုင်းတဲ့ သံကဝေရုပ်နဲ့
ကဝေလည်ဖြတ် ဘီလူးရုပ်ရော ပါခဲ့ရဲ့လားကွဲ့”
“ပါပါတယ် ဆရာကြီး ကျနော် သေသေချာချာကို
ထည့်ယူခဲ့ပါတယ် “
“အေး အေး ဟုတ်ပြီ နွံဖ အင်းတော်တွေ ဆေးတော်တွေရော
စုံအောင် ယူခဲ့ရဲ့လားကွဲ့”
“စုံပါတယ် ဆရာကြီး အားလုံးစုံပါတယ်”
“ကောင်းပြီ ကောင်းပြီ ဒီပွဲမှာ လွယ်လွယ်တော့
ရမှာ မဟုတ်ဘူး နွံဖ။ ပြီးတော့ ညှာညှာတာတာ
လုပ်လို့လည်း ရမယ်ပုံ မပေါ်ဘူးကွဲ့။
အစစ အရာရာတော့ သတိထားကွဲ့။
မောင်တာတေကို သံကဝေဆေးတော်ကြီး
နည်းနည်းတိုက်ထားလိုက်စမ်း နွံဖ။
သံကဝေဆေးတော်ကြီး သောက်ထားလိုက်ရင်
မောင်တာတေကို ဘယ်လိုကဝေမျိုးမှ ဒုက္ခပေးလို့
မရတော့ဘူးကွဲ့။ နည်းနည်းမှ မကြောက်နဲ့
မောင်တာတေရေ”
“ဟုတ်ကဲ့ပါ ဆရာကြီး ကျုပ် မကြောက်ပါဘူး”
လို့ ကျုပ်က ပြန်ပြောလိုက်တယ်ဗျ။ဒါပေမဲ့
ကျုပ်စိတ်ထဲသိနေတယ်ဗျ။ ဒီတစ်ခါ ဆရာကြီး
လိုက်မယ့်ကဝေက ပေါ့သေးသေးတော့
မဟုတ်ဘူးဆိုတာပေါ့ဗျာ။
ဆရာကြီးကိုယ်တိုင် တော်တော်ကို စဉ်းစားချင့်ချိ်န်
နေတဲ့ပုံပဲဗျ။
နောက်တစ်နေ့မနက် ကျုပ်တို့ အိပ်ရာက
နိုးရုံပဲ ရှိသေးတာဗျ။ ဆရာကြီးတောင် ဘုရားခန်းက
ထွက်မလာသေးဘူး။
“ကိုပုံ ကိုပုံ ရှိလားဟေ့”
ဆိုတဲ့ အသံကို အိမ်အောက်ကနေ ကြားလိုက်ရတယ်ဗျ။
အိမ်က ခြေတံရှည် အိမ်ကြီးဆိုတော့ ကျုပ်တို့အားလုံးက
အိမ်ပေါ်ထပ်မှာပေါ့ဗျာ။
“ဘယ်သူတုံး ။ စောစောစီးစီးပါလား”
“မောင်ယုံလား ။ ငါပါကွ။ မောင်မိုးပါ ။
မင်းအစ်မကိုကော ရှိလားကွ”
“ရှိပါတယ်ဗျ။ ဧည့်သည်တွေစားဖို့ မနက်အစောကြီးထပြီး
ကောက်ညှင်းပေါင်းတာဗျ။ အိမ်နောက်ဝင်သွားလို့ ရှိမယ်
ကိုမိုးကြီး လာလေဗျာ အပေါ်တက်ခဲ့လေ”
“အေး အေး ဧည့်သည်တွေရှိတာ ကျုပ်က အားနာလို့ပါဗျ”
“ဟာ ရပါတယ်ဗျ။ လာပါ လာပါ”
ကိုမိုးဆိုတဲ့သူ အိမ်ပေါ်ရောက်လာတယ်ဗျ။
အရပ်ပုပြတ်ပြတ် ။ ဆံပင်ဘုတ်သိုက်နဲ့
အသက်လေးဆယ်လောက်
ရှိမယ်ထင်တယ် ။
“ဟော ကိုမိုးပါလား စောစောစီးစီး ဘယ်သွားမလို့တုံး”
နောက်ဖေးချောင်က ထွက်လာတဲ့ ကိုပုံက ကိုမိုးလို့
ဆီးကြိုလိုက်တယ်ဗျ။
“မင်းဆီလာတာ မောင်ပုံရဲ့ ကိစ္စရှိလို့ ငါညီရ”
“ဟင် ဘာကိစ္စများတုံး ကိုမိုးရဲ့။ကိစ္စရှိရင်ပြောပါဗျ”
ကိုမိုးဆိုတဲ့ လူက ကျုပ်နဲ့ ဆရာနွံဖကို
အကဲခတ်ကြည့်လိုက်တယ်ဗျို့။
ပြောသင့် မပြောသင့် စဉ်းစားနေပုံပဲဗျ။
“ကိုမိုး ဒါ ဆရာတွေပါ။ ကျုပ်တို့ ဆေးကြိတ်တောင်ကိစ္စ
အတွက် ကျုပ် သွားပင့်လာတဲ့ ဆရာတွေပါ”
ကိုပုံက ကျုပ်ကိုပါ ဆရာလို့ ထင်တယ်နဲ့
တူပါရဲ့ဗျာ။
“အေး အခုလည်း ဆေးကြိတ်တောင် ကိစ္စပဲကွ”
“ဟင် ဘယ်လိုဗျ ဆေးကြိတ်တောင်ကိစ္စ ဟုတ်လား”
“အေး မင်းက ပြောဆိုမှတော့ ပြောဖို့ဆိုဖို့ပေါ့ကွာ။
ဒီလိုဟေ့ မောင်ပုံရေ ။ ရွာ အနောက်ပိုင်းက ဦးစိန်တို့
ဒေါ်တုတ်တို့ သမီး သိန်းကြည်လေးကို မင်းသိတယ်မို့လား”
“သြော် ကိုမိုးကြီးနှက် တစ်ရွာတည်းနေတဲ့ လူတွေ
မသိရှိပါ့မလားဗျာ။သိန်းကြည် ဆိုတာက ညိုညိုကလေးမလား။
ဖြူဖြူကလေးမလားဗျ။သူတို့မယ် ညီအစ်မနှစ်ယောက်
ရှိတယ်မို့လား”
“အေး ညိုညိုကလေးမက သိန်းရီကွ ။
ဖြူဖြူကလေးမကမှ သိန်းကြည်။ငါ အခုပြောတာ
အဲဒီ ဖြူဖြူကလေးမကွ”
“ဟင် ဒီကလေးမက ရုပ်တော်တော်ချောတာကလား
လုံးကြီးပေါက်လှဗျ။ကိုမိုးကြီးရဲ့။နို့ ဘာဖြစ်လို့တုံး”
“မနေ့က မင်းတို့ ဒီရွာမရောက်ခင် ရွာပေါ်မှာ
ဠင်းတသုံးကောင် ဝဲနေတယ်ကွ။ ရွာသားတွေဆိုတာ
ကြောက်လို့ အိမ်ပြင်ကို မထွက်ရဲကြဘူးကွ။
နောက်တော့ အဲဒီကလေးမ သိန်းကြည်ဆိုတာက
ယာထဲကနေ ရွာကို ပြန်အလာမှာ ဠင်းတကြီးတွေက
သူ့ခေါင်းပေါ်မှာ ခပ်နှိမ့်နှိမ့် ဝဲနေတယ်ဆိုပဲ။
ခဏကြာတော့ အဲဒီ ဠင်းတကြီးတွေ ပျံနေတဲ့နောက်ကို
သိန်းကြည်က လိုက်သွားတယ်ဆိုပဲ”
“ဟာ ဟုတ်လား။ ရွာကလူတွေ လိုက်မဆွဲကြဘူးလားဗျ”
“ဟာ မောင်ပုံရာ လူတွေက အိမ်ထဲကတောင် အပြင်ကို
မထွက်ရဲကြပါဘူးဆိုမှကွာ”
“အေး ပြောပါဦး ကိုမိုးရဲ့။ နောက် ဘာဖြစ်တုံး”
“ဟာ အဲဒီကလေးမလေး ဆေးကြိတ်တောင်ဘက်
ရောက်သွားပြီး ပျောက်သွားတယ်လေကွာ ။ညက
စောင့်နေကြတာ တစ်ညလုံး ပြန်မလာဘူးလေ။
ဒါကြောင့် ဒီသတင်း မင်းကို လာပြောတာကွ”
“အို ဘယ်လိုဖြစ်ရတာတုံးဗျာ။ ကျုပ်တို့ရွာသားတွေတော့
ဒုက္ခရောက်ပြီ ထင်ပါရဲ့ဗျာ”
“သိပ်လည်း မစိုးရိမ်ပါနဲ့ မောင်ပုံရာ ။ဒီကိစ္စတွေကို
ကျုပ်နှိမ်နင်းပါ့မယ် ။ မင်းတို့ ပြောနေတာတွေကို
ဘုရားခန်းထဲကနေ ကျုပ် အားလုံးကြားပြီးပါပြီ”
ဘုရားခန်းထဲက ထွက်လာတဲ့ ဆရာကြီးက
ခေါင်းရင်းဘက်မှာ ခင်းထားတဲ့ သင်ဖြူးဖျာကလေးပေါ်မှာ
တင်ပလ္လင်ခွေ ဝင်ထိုင်လိုက်တယ်ဗျ။
မောင်မိုးဆိုတဲ့လူလည်း ဆရာကြီးကို ပျာပျာသလဲ
ရှိခိုးတော့တာပဲဗျာ။ကိုပုံတို့ ကိုယုံတို့ ညီအစ်ကိုတွေကလည်း
ရှိခိုးကြတယ် ။
“အဲဒါ ဂူအောင်းနေတဲ့ ကဝေသခင်ကြီးဆိုတဲ့ အကောင်က
သူ့ရဲ့ပညာအထွတ်အထိပ်ရောက်တဲ့ပွဲမှာ ကြင်ယာအသစ်
တစ်ယောက် တော်ကောက်တော့မယ် သဘောပေါ့ကွာ
အဲ ဒီကလေးမလေးက ရုပ်ချောချောကလေးဆို”
“ဟုတ်ပါတယ် ဆရာကြီး”
“အေး အဲဒါ သူ့အရင် မယား ငါးယောက်က
သူတို့လင်ကဝေအကောင်အတွက် နောက်မယားတစ်ယောက်
ရှာပေးရတာကွဲ့။ ဒါဆိုရင် ဒီကဝေကောင် ဒီနေ့။
မနက်ဖြန် ဂူထွက်တော့မှာကွ။အဲဒီကလေးမလေးကို
ကဝေမတွေက ဆေးတိုက်ကြမှာကွ။
ကလေးမလေးက အဲဒီဆေးသောက်ပြီးရင်
သူ့နောက်ကြောင်းတွေကို ဘာမှ သတိမရတော့ဘဲ
အဲဒီကဝေကောင်ရဲ့ မယားအဖြစ် ရောက်တော့မှာ။
ပြီးရင် ကဝေပညာတွေ သင်ပေးပြီး ကဝေမတစ်ကောင်
ဖြစ်လာမှာပေါ့ကွာ”
“ဟာ …သိန်းကြည်လေးတော့ ဒုက္ခရောက်ပြီပေါ့ကွာ
တောက်”
ကိုမိုးဆိုတဲ့လူက ဝမ်းနည်းပက်လက် ပြောပြီး
တောက် ခေါက်တယ်ဗျ။ ကျုပ်လည်း ကြားရတာ
တော်တော်ကို စိတ်မကောင်းဖြစ်သွားတယ်ဗျာ။
ကဝေတွေကိုလည်း သတ်ချင်စိတ်တွေကို ပေါ်နေတာဗျို့။
“ကဲ ကျုပ်တို့အတွက် အချိန်ကျပြီကွဲ့။
ကဲ နွံဖ ပစ္စည်းတွေ စုံအောင်ယူတော့ ။
မောင်တာတေက မင်းဆရာကို ကူလိုက်ကွဲ့။
ပြီးရင် ကျုပ်တို့ ဆေးကြိတ်တောင်ကို သွားကြမယ်
မောင်ပုံကတော့ ကျုပ်တို့ကို လိုက်ပြီးလမ်းပြပါမှ
ဖြစ်လိမ့်မယ်။ဘယ်လိုလဲ မောင်ပုံလိုက်မယ်မို့လား”
“ဟာ ဆရာကြီးရာ ကျနော်က ဒီပွဲမျိုးကို နွှဲချင်နေတာဗျ”
“ကဲ …ဒါဆိုရင် ခရီးထွက်ဖို့ ပြင်ပေတော့ မောင်ပုံရေ”
XXXXXX
တကယ်တော့ ဆေးကြိတ်တောင်နဲ့ ငှက်ကျရွာနဲ့က
သိပ်ဝေးလှတာ မဟုတ်ဘူးဗျ။အများဆုံးရှိမှ
ခွေးတစ်ဟောင်ပါပဲ။ဆရာကြီးရယ် ဆရာနွံဖရယ်
ကျုပ်ရယ် ကိုပုံရယ် တောင်ခြေရောက်တော့
ကိုပုံက တောထူတဲ့ လမ်းကို ရွေးပြီး တောင်ပေါ်ကို
တက်လာခဲ့ကြတယ်ဗျ။
ကျုပ်တို့ တောင်ခါးပန်းရောက်တော့ တွေ့ပြီဗျို့။
ဠင်းတကြီးတွေ ။အားလုံး ငါးကောင်ဗျ။
တောင်ခါးပန်းမှာ ဝဲနေတာဗျို့။ကျုပ်တို့က
ခြုံပုတ်တွေနောက်မှာ ပုန်းနေကြတာလေ။
“အဲဒီဠင်းတတွေ ဝဲနေတဲ့နေရာမှာ ဂူရှိတယ် ဆရာကြီး”
“အေး သေချာတာပေါ့ကွယ်”
“ကဲ ကျုပ်တို့ ဒီနေရာမှာ ခဏနားကြစို့ဟေ့။
မောင်တာတေက ခြုံထဲကနေ ထောက်လှမ်းနေကွဲ့။
သိပ်လှုပ်လှုပ်ရှားရှားတော့ မလုပ်နဲ့ဟေ့ ။
ကဝေမတွေ ချက်ချင်းရောက်လာလိမ့်မယ်”
“ဟုတ်ကဲ့ပါ ဆရာကြီး”
“ကဲ မောင်ပုံ မင်းယူလာတဲ့ ကောက်ညှင်းပေါင်း
ထုတ်ကွယ်။အဆာပြေ နည်းနည်းစားလိုက်ရအောင်
မွန်းတည့်ချိန်ကျရင် ကျုပ်တို့လုပ်ငန်း စကြတာပေါ့”
ကိုပုံက သူယူလာတဲ့ ငှက်ပျောဖက်ထုပ် ကြိုးဖြည်ပြီး
ကောက်ညှင်းပေါင်းနဲ့ ဆတ်သားခြောက် မီးဖုတ်ကို
ဆရာကြီးတို့ကို ကျွေးတယ်ဗျ။
ကျုပ်ကတော့ ရွာမှာကတည်းက အဝကြိတ်ခဲ့တာဆိုတော့
မဆာဘူးဗျို့။ကျုပ်က ကင်းစောင့်နေတာပေါ့ဗျာ။
ဠင်းတကြီးငါးကောင်ကတော့ သစ်ပင်တွေပေါ်မှာ
ဝဲနေတာပဲဗျို့။ ကျုပ်စိတ်ထဲမှာ သိန်းကြည်ဆိုတဲ့
ကလေးမလေးကို ဘယ်မှာများ ထားတယ်ဆိုတာ
တွေးနေမိတယ်ဗျ။
“ဟော ဆရာကြီး ဠင်းတကြီးတွေတော့ ပျောက်သွားပြီဗျို့”
“ဟင် ဟုတ်လား မောင်တာတေ။ အင်း ဟုတ်သားပဲကွဲ့။
ကဝေမတွေ အနားယူနေတာ ထင်တယ်ကွ။
မွန်းတည့်ချိန်ဆိုရင်ကဝေတွေက အားချိနဲ့တယ်လေကွာ။
အခု မွန်းတည့်ကာနီးလာပြီလေ။
ကဲ ဒီအချိန်ဟာ ကျုပ်တို့သွားဖို့ အကောင်းဆုံးပဲဟေ့။
မောင်ပုံရေ ဂူဆီကို အမြန်ရောက်အောင်သာ
သွားတော့ဟေ့”
ကိုပုံက ရှေ့ကလမ်းပြ ကျုပ်တို့က နောက်ကလိုက်
သွက်လိုက်တဲ့ ခြေထောက်တွေဆိုတာ မပြောပါနဲ့တော့ဗျာ။
ကွမ်းတစ်ယာညက်သာသာဆို ဂူနားကို ကျုပ်တို့
ရောက်သွားတာပဲဗျ။ ဂူနားမှာ ကဝေမတွေရဲ့
အရိပ်အယောင်တောင် မတွေ့ရဘူးဗျ။
ကျုပ်တို့ ဆရာတပည့်တွေ ဂူနဲ့ မလှမ်းမကမ်းမှာ
အသာရပ်ပြီး အကဲခတ်နေတုန်း ‘ဝီ ဝီ ဝီ ဝီ ဝီ’ဆိုတဲ့
အသံတွေ ကျုပ်တို့ ခေါင်းပေါ်က ကြားလိုက်ရတယ်ဗျ
“ဟာ ဘာသံကြီးတွေလဲဗျ”
လို့ ကျုပ်ပါးစပ်က လွှတ်ခနဲ ပြောလိုက်တော့
ဆရာကြီးက …
“မောင်ပုံနဲ့ မောင်တာတေ နောက်ကို နည်းနည်းဆုတ်လိုက်။
ကဝေမငါးကောင် ကျုပ်တို့ကို တွေ့သွားပြီကွဲ့။
အဲဒါ သူတို့ရဲ့ စက်တွေ လွှတ်နေတာ နောက်ဆုတ်နေကြ”
ကျုပ်နဲ့ ကိုပုံ နောက်ကို ခြေနှစ်လှမ်းလောက်
ဆုတ်လိုက်ကြတယ်ဗျ။ထိန်ပင်ကြီးတစ်ပင်ဘေးမှာ
အသာကပ်နေလိုက်ကြတယ် ။ ဆရာကြီးရော
ဆရာနွံဖရော လက်ဝါးနှစ်ဖက်ကိုပွတ်ပြီး မန္တန်တွေ
ရွတ်နေကြတယ်ဗျ။
“ဝီ ဝီ ဝီ ဝီ “
ဟာ လာကြပြန်ပြီဗျို့။ဘာမှမမြင်ရပေမဲ့ ကြားရတဲ့
အသံကြီးက ကြောက်စရာကြီးဗျို့။ ဟော လုပ်လိုက်ပြီဗျို့။
ဆရာကြီးတို့ နှစ်ယောက် လက်တွေကို အပေါ်မြှောက်ပြီး
ကြက်ခြေခတ်ပုံစံ လုပ်လိုက်ကြတယ်ဗျ။
ဟာ စောစောက ဘာမှမမြင်ရတဲ့ ကျုပ်တို့ခေါင်းပေါ်မှာ
အရောင်တွေ ဝင်းကနဲ ဝင်းကနဲ ဖြစ်သွားတယ်ဗျို့။
ပြီးတော့ ဝီ ဝီ ဝီ ဝီ ဝီ ဆိုတဲ့ အသံကြီးလည်း
ပျောက်သွားတယ်ဗျ။
“ကဲ ထွက်ခဲ့ကြစမ်း ထွက်ခဲ့ကြစမ်း “
ဆရာကြီးရဲ့ အသံကြီးထွက်လာလို့ ကျုပ်လည်း
ဟိုကြည့် သည်ကြည့် ကြည့်လိုက်တဲ့အခါ ကိုပုံပြောတဲ့
ဂူရှိတယ်ဆိုတဲ့ နေရာကနေ မိန်းမတွေ ထွက်လာကြတယ်ဗျို့။
အားလုံးပေါင်း ငါးယောက်ဗျ။ ငနီပြောတာ ဟုတ်သားဗျ။
မိန်းမငါးယောက်လုံး မိန်းမချောတွေဗျ။
လုံးကြီးပေါက်လှတွေချည်းပဲဗျို့။
ဆရာကြီးကို စူးစူးဝါးဝါး ကြည့်နေကြတယ်ဗျို့။
ကြည့်ရတာကတော့ ဆရာကြီးကို နည်းနည်းမှကို
ဂရုစိုက်တဲ့ ပုံမပေါ်ဘူးဗျို့။ရှေ့ကိုတစ်လှမ်းချင်း
တိုးလာကြတာဗျ။ ဟော ဟော ဆရာကြီးနဲ့
ဝါးတစ်ရိုက်လောက်အကွာကို ရောက်တော့
အားလုံးရပ်သွားပြီး လက်ဝါးတွေ ပွတ်နေကြတယ်ဗျို့။
ပါးစပ်ကလည်း တတွတ်တွတ်နဲ့ ရွတ်နေကြတာဗျို့။
ဟာ ပစ်လိုက်ပြီဗျို့။ ဟာ ပစ်လိုက်ပြီဗျို့။
လက် လက် လက် လက်နဲ့ အလင်းတန်းကလေးတွေဗျ။
ဆရာကြီးက သူရဲ့ ညာဘက်လက်ဝါးကို ဖြန့်ပြီး
ကာလိုက်တယ်ဗျ။ တလက်လက်နဲ့ ပြေးလာတဲ့
အလင်းတန်းကလေးတွေ တုံ့ကနဲ ရပ်ပြီး
‘ဖုန်းကနဲ ‘ကနဲ အသံကြီးမြည်ပြီး အခိုးတွေ
ထွက်လာတယ်ဗျို့။ ကဝေမငါးယောက်က
နောက်ကို ခြေနှစ်လှမ်းလောက် ဆုတ်သွားကြတယ်ဗျို့။
ဆရာကြီးကိုလည်း မီးဝင်းဝင်းတောက်နေတဲ့
မျက်လုံးတွေနဲ့ စိုက်ကြည့်နေကြတယ်ဗျ။
ပြောရဦးမယ်ဗျို့။ ကဝေမ ငါးယောက်စလုံး
အပေါ်အနက် အောက်အနက် ဝတ်ထားတာဗျို့။
အားလုံး အနက်တွေချည်းပဲဗျ။ ဟော တစ်ယောက်က
လက်ဝါးနှစ်ဖက်ကို ဖြန့်ခံပေးလိုက်တယ်ဗျ။
ကျန်တဲ့လေးယောက်က သူတို့လက်ဝါးတွေကို
စောစောကလိုပဲ ပွတ်ပြီး လက်နှစ်ဖက် ဖြန့်ထားတဲ့
ကဝေမရဲ့ လက်ထဲကို ထည့်နေကြတာဗျို့။
ဟော ဟော လက်ဝါးဖြန့်ထားတဲ့ ကဝေမက
အားလုံးကို စုယူလိုက်ပြီး ဆရာကြီးဆီကို
ပစ်ပြီဗျို့။ဟာ ဒီတစ်ခါ တော်တော်ကို
အရောင်တွေ လက်တယ်ဗျို့။
ဆရာကြီးက လက်ထဲမှာ ဆေးတော်လား။
အင်းလားတော့ မသိဘူးဗျ။အသင့်ကိုင်ပြီး
စောင့်နေတာ။ ဟော ဆရာကြီး ပစ်လိုက်ပြီဗျို့။
“ဝုန်း”
ဟာ ကဝေမတွေပစ်တဲ့ ကဝေစက်နဲ့ ဆရာကြီးပစ်တဲ့
ဆေးတော်ကြီးနဲ့ ထိပ်တိုက်တွေ့ပြီး အသံကြီး
မြည်သွားတာဗျို့။ဟာ ကဝေမတွေ ဖင်ထိုင်ရက်ကို
လဲကုန်တာဗျို့။
“နွံဖ သံကဝေ ပေးစမ်းဟေ့”
ဆရာကြီးက လက်ဝါးဖြန့်ပြီး တောင်းတယ်ဗျ။
ဆရာနွံဖကလည်း အဆင်သင့်ပါပဲဗျာ။
ဆေးသားနဲ့ ထုထားတဲ့ သံကဝေရုပ်ကလေးဗျ။
ရွှေချထားတာလေ။ အဲဒီအရုပ်ကလေး
ဆရာကြီးလက်ထဲကို ထည့်ပေးလိုက်တယ်။
‘ဝုန်း’ဆို မြည်သွားတဲ့ အချိန်မှာ ထွက်လာတဲ့
အခိုးတွေက ကဝေမတွေကို ဖုံးသွားတယ်ဗျို့။
ဟာ ကဝေမတွေ ပြေးပြီဗျို့။ ဠင်းတဌက်တွေပုံ
ဖန်ဆင်းပြီး ပျံထွက်သွားကြပြီဗျို့။သူတို့ကိုယ်တွေ
ဘေးမှာလည်း အရောင်တွေ တဝင်းဝင်းနဲ့ဗျ။
ဧကန္တကဝေစက်တွေ ဖြန့်ထားတာ ထင်တယ်။
ဆရာကြီးက သံကဝေရုပ်ကလေးကို
လက်ဝါးပေါ်မှာတင်ပြီး မန္တန်ရွတ်နေတယ်ဗျ။
ဟော သံကဝေရုပ်ကလေးက အရောင်တွေ
တဝင်းဝင်း ထွက်လာပြီဗျို့။ ဒါ သံကဝေစက်ဆိုတာ
ထင်တယ်ဗျ။ဟာ သံကဝေရုပ်ကလေး ပျောက်သွားပြီဗျို့။
ဆရာကြီးက ပျံထွက်သွားတဲ့ ဠင်းတကြီး
ငါးကောင်ဆီကို လက်ညှိုးထိုးထားပြီး…
“အသင် သံကဝေ လူတွေကို ဒုက္ခအမျိုးမျိုး
ပေးနေတဲ့ ကဝေသခင်ရဲ့ မယားငါးယောက်ကို
သင်ကိုယ်တိုင် နှိမ်နင်းလိုက်ပေတော့”
ဆရာကြီးရဲ့ အမိန့်ပြန်စကား ဆုံးတာနဲ့
ဠင်းတကြီးငါးကောင်ဟာ ကောင်းကင်ကနေ
ဇောက်ထိုးကြီးတွေ ထိုးကျသွားတယ်ဗျို့။
ဟာ လေထဲမှာတင် မီးတွေတောက်သွားပါရောလား။
ဠင်းတငါးကောင်လုံး မီးတွေ ဟုန်းဟုန်းတောက်ပြီး
ပြုတ်ကျသွားပြီးဗျို့။
ဆရာကြီးက သူ့လက်ကို ရှေ့ထုတ်ပြီး
လက်ဝါးဖြန့်ထားတယ်ဗျ။
ဟော လာပြီ လာပြီ အရောင်တွေ တဝင်းဝင်းနဲ့
သံကဝေရုပ်ကလေး ပြန်လာပြီဗျို့။ဆရာကြီးရဲ့
လက်ဝါးထဲကို ဘုတ်ကနဲ ကျလာတာဗျို့။
ဟော စောစောကလိုပဲ သာမန်အရုပ်ကလေး
တစ်ရုပ်အတိုင်းပဲဗျ။ဘာမှမထူးခြားသလိုပါပဲဗျာ။
ဆရာကြီးက ရွှေချထားတဲ့ သံကဝေရုပ်ကလေးကို
ဆရာနွံဖကို လှမ်းပေးလိုက်တယ်။
ဆရာနွံဖက ရိုရိုသေသေနဲ့ လှမ်းယူပြီး
လွတ်အိတ်ထဲကို ထည့်လိုက်တယ်။
“ကဲ နွံဖ ။ ဂူထဲဝင်ပြီး ဂူအောင်းနေတဲ့
ကဝေသခင်ကြီးဆိုတဲ့ ငရဲကောင်ကို
ဒီအပြင်ရောက်အောင် ခေါ်ခဲ့ပေတော့”
“ဟုတ်ကဲ့ ဆရာကြီး “
“မောင်တာတေက ဆရာနွံဖဆီက
နတ်ကြီးရေစင်ပုလင်းကိုယူပြီး
ဂူဘေးမှာကပ်ပြီး ပုန်းနေကွဲ့။ မောင်ပုံက
မောင်တာတေနဲ့ လိုက်သွား။ကဝေကောင်ကို
နွံဖက အပြင်ရောက်အောင် ခေါ်ထုတ်လာတဲ့အခါ
မောင်တာတေက ဂူထဲကိုဝင်ပြီး ဟိုကလေးမကို
ရှာကွဲ့။တွေ့လိမ့်မယ်။
သူ့မျက်နှာကို နတ်ကြီးရေစင်နဲ့ဖျန်း
ပြီးတော့ အထက်ဆရာကြီးအမိန့် မူလအတိုင်း
ပြန်ရောက်စေလို့ အမိန့်ပေးလိုက်။
ကလေးမ သတိရလာလိမ့်မယ်။
ကလေးမလေး ဘာမှမဖြစ်သေးဘူးကွဲ့။
ချက်ချင်းဂူထဲက ခေါ်ထုတ်ခဲ့။
ပြီးရင် မောင်ပုံကို အပ်လိုက်။
မောင်ပုံက ကလေးမလေးကိုခေါ်ပြီး
ရွာအရောက် ပြန်ပေတော့။ ကျုပ်တို့က
ကိစ္စအားလုံးပြီးမှ လာခဲ့မယ် ကြားလား”
“ဟုတ်ကဲ့ပါ ဆရာကြီး”
ကျုပ်ရော ကိုပုံပါ ပြိုင်တူပြောလိုက်တယ်ဗျ။
ပြီးတော့ ဆရာနွံဖပေးတဲ့ နတ်ကြီးရေစင်ပုလင်းကိုယူပြီး
ကိုပုံနဲ့ ကျုပ်နဲ့က ဂူဘေးမှာ ကပ်နေကြတယ်။
ဆရာနွံဖကတော့ ရဲရဲဝံ့ဝံ့ ဂူထဲကို ဝင်သွားတယ်ဗျို့။
“ဝေါင်း ဝေါင်း”
အမယ်လေး ဂူထဲက ကျားဟိန်းသံဗျ။
ဟာ ဂူထဲမှာ ကျားကြီးနှစ်ကောင်ထင်တယ်ဗျာ။
“ဝေါင်း ဝေါင်း”
ဟာဗျာ နည်းတဲ့ အသံကြီးတွေ မဟုတ်ဘူးဗျို့။
ကျုပ်ဆိုတာ ကျောထဲမှာကို စိမ့်ကနဲ စိမ့်ကနဲ
ဖြစ်သွားတာဗျို့။ကိုပုံကိုကြည့်တော့လည်း
မျက်နှာသေးသေးလေး ရှိတော့တာဗျို့။
“ဝုန်း ဝုန်း ဝုန်း”
ဟာ ဂူထဲမှာ ကျားကြီးနှစ်ကောင် ကိုက်နေကြပြီဗျို့
ဟာ ပြေးပြီဗျို့။ ပြေးပြီ ။ ဟာ လိုက်တယ်ဗျို့။
ရှေ့က ကျားကြီးတစ်ကောင်ကပြေးပြီး နောက်က
တစ်ကောင်က လိုက်တယ်ဗျို့။အောင်မယ်လေး
ကြောက်စရာကောင်းလိုက်တာဗျာ။
ဟာ ရှေ့ကကျားက ဆရာကြီးဘက်ကို ပြေးတာဗျို့။
နောက်က ကျားကလည်း ထပ်ချပ်မကွာကို
လိုက်တာဗျာ။ဟာ ကျုပ်သိပြီဗျို့။
လက်စသတ်တော့ ရှေ့ကကျားက
ဆရာနွံဖပဲကိုး ။ နောက်ကျားက
ကဝေကောင်ကြီးပဲ။ဆရာကြီးပြောတဲ့
ရုပ်ပြောင်းရုပ်လွှဲဆိုတာ ဒါပဲကိုးလို့
ကျုပ်တွေးမိတယ်ဗျ။ ဒါပေမဲ့ ကျုပ်တာဝန်ကို
လုပ်ရဦးမှာဆိုတော့ ဖြစ်ချင်ရာဖြစ်ကွာလို့တွေးပြီး
ကျုပ် ဂူထဲကို ပြေးဝင်လိုက်တယ်။
ဟာ ဂူကြီးက အထဲမှာ တော်တော်ကို ကျယ်တာဗျာ။
ခပ်လှမ်းလှမ်းမှာ ရေကန်ကလေးဗျ။
ဟာ ရေကန်ဘေးမှာ ကလေးမတစ်ယောက်
ထိုင်နေတယ်ဗျို့။ သိန်းကြည်ဆိုတာ သူပဲထင်ရဲ့။
ကျုပ်လည်း ဘာမှ တွေးမနေဘဲ လက်ထဲက
နတ်ကြီးရေစင်ပုလင်းကို အဖုံးဖွင့်လိုက်တယ်။
သိန်းကြည်ကလေးက ဘာကိုမှ ကြားပုံ သိပုံ
မြင်ပုံ မပေါ်ဘူးဗျ။ ငိုင်ငိုင်ကလေး ထိုင်နေရှာတယ်။
ကျုပ်လည်း သူ့မျက်နှာကို ရေစင်နဲ့ ပက်လိုက်ပြီး
‘အထက်ဆရာကြီးအမိန့် မူလအတိုင်း ပြန်ဖြစ်စေ’
လို့ အမိန့်ပေးလိုက်တော့ ဟာ ကလေးမလေးက
အခုမှ အရုပ်တစ်ရုပ် အသက်ဝင်လာသလိုပဲဗျို့။
ကျုပ်ကို အလန့်တကြား ကြည့်နေတယ်။
“ဟဲ့ နင် သိန်းကြည်လား”
လို့ ကျုပ်ကမေးတော့မှ ခေါင်းညိတ်ပြတယ်
“ဒါဆိုရင် အခုထ ။ ငါနောက်လိုက်ခဲ့။ အပြင်မှာ
နင်တို့ ရွာသား ကိုပုံ စောင့်နေတယ် ။ လာ
ခပ်မြန်မြန်”
လို့ပြောပြီး ကျုပ်က ရှေ့က ပြေးထွက်။
သူကလည်း နောက်က ပြေးလိုက်လာတယ်ဗျ။
ဂူပြင်ရောက်တော့ အသင့်စောင့်နေတဲ့ ကိုပုံလက်ထဲကို
သိန်းကြည်ကို အပ်ပေးလိုက်ရတယ်။
“ကဲ ကိုပုံ ဆရာကြီး ပြောတဲ့အတိုင်း
ကလေးမကလေး ခေါ်ပြီး ခင်ဗျား ပြန်ပေတော့”
ကိုပုံလည်း သိန်းကြည်မလက်ထဲကိုဆွဲပြီး
တစ်ချိုးတည်း ပြေးတော့တာပဲဗျို့။
ကျုပ်ကတော့ ဆရာကြီးဆီကို
သုတ်ခြေတင်ရတာပေါ့ဗျာ။
ကျုပ်ရောက်တော့ ဆရာကြီးရှေ့ ဝါးတစ်ရိုက်လောက်မှာ
မာန်ဖီနေတဲ့ ကျားကြီးဗျာ။
အတောင်ဆယ့်နှစ်တောင်လောက်
ရှိမှာဗျ။ စောစောက ကျားအသွင် ပြောင်းထားတဲ့
ဆရာနွံဖကတော့ ဆရာကြီးနောက်မှာကပ်ပြီး
ရပ်နေတယ်ဗျို့။ ခါတိုင်းလိုပဲ လွယ်အိတ်ကြီး
လွယ်လို့ဗျ။
” ဟီး ဟီး ဟီး “
ကျားကြီးက တဟီးဟီးနဲ့ အော်ပြီး ဆရာကြီးကို
စိုက်ကြည့်နေတယ်ဗျို့။ ဟာ ကျားပါးစပ်ထဲက
အရောင်တွေ တလက်လက် ထွက်လာပြီဗျို့။
ဟာ နည်းတဲ့အရောင်တွေ မဟုတ်ဘူးဗျို့။
ကဝေစက်တွေ ထွက်လာပြီဗျို့။
“ဟီး ဟီး ဟီး”
ကျားကြီးက တဟီးဟီးနဲ့ အော်ပြီး ဆရာကြီးကို
စိုက်ကြည့်နေတယ်ဗျို့။ ဟာ ကျားပါးစပ်ထဲက
အရောင်တွေ တလက်လက် ထွက်လာပြီဗျို့။
ဟာ နည်းတဲ့ အရောင်တွေ မဟုတ်ဘူးဗျို့။
ကဝေစက်တွေ ထွက်လာပြီဗျို့။
“ဝေါင်း”
ဟာ ကျားကြီးက ပါးစပ်ကြီးဖြဲပြီး ဟိန်းလိုက်တာဗျို့။
ကဝေစက်တွေ ဝင်းဝင်း ဝင်းဝင်းနဲ့ ဆရာကြီးဆီကို
ပြေးဝင်လာပြီဗျို့။
ဆရာကြီးကလည်း အဲဒီအချိန်ကို အသင့်စောင့်နေတာဗျာ။
လက်ထဲမှာ အသင့်ကိုင်ထားတဲ့ အင်းတစ်ချပ်
ကျားခေါင်းတည့်တည့်ကို ပစ်ထည့်လိုက်တာဗျ။
“အဲဒါ ကဝေစက်ဖြတ် မှော်အင်းကြီးတဲ့ဟေ့။
မြည်းကြည့်လိုက်ပေတော့”
“ဝုန်း”
ဟာ မိုးကြိုးပစ်လိုက်သလားလို့တောင် ထင်ရတယ်ဗျာ။
အခိုးတွေထွက်ပြီး ဘာမှကို မမြင်ရတော့ဘူးဗျို့။
ဟာ ကဝေကြီး လဲနေပြီဗျို့။ ကျားအသွင်ကနေ
လူအသွင်ပြောင်းနေပါပေါ့လား။ဟော ဟော
လှုပ်လာပြီဗျို့။ ဟာ ပြန်ထလာပြီဗျ။
ဒယီးဒယိုင်နဲ့ ထလာတာဗျ။
ဟာ မီးတန်းကြီးဗျ။ကြည့်စမ်း။အမှတ်မထင်ကို
လုပ်လိုက်တာဗျို့။ဆရာကြီးကို အငိုက်မှာ
ပစ်ထုတ်လိုက်တာဗျာ။ဆရာကြီးသာ
သတိမရှိရင်တော့ ပွဲခြင်းကိုပြီးသွားမှာ
သေချာတယ်ဗျို့။
ဟင် ဘယ်လိုဖြစ်တာလဲဗျ။ကဝေကောင်ကြီးက
သျှောင်ထုံးကြီးနဲ့ဗျ။ပုဆိုးကွက်ထုံးကြီးဝတ်လို့ဗျို့။
နှုတ်ခမ်းမွေးကားကားကြီးနဲ့ ရှေးဗမာကြီးတစ်ယောက်ရဲ့
ရုပ်ပဲဗျ။ ဆရာကြီးကို စားတော့ဝါးတော့မလိုကို
ကြည့်နေတာဗျို့။ သူပစ်လိုက်တဲ့ မီးတန်းကြီးက
အရှိန်နဲ့ ပြေးထွက်လာပေမယ့် ဆရာကြီးနဲ့
သူနဲ့ကြား လမ်းတစ်ဝက်လောက်မှာပဲ
ရပ်သွားတယ်ဗျို့။
“ကဝေသခင်ဆိုတဲ့ အကောင် နင့်စက်တွေကို
စောစောက ကဝေဖြတ်မှော်အင်းကြီးက
အားလုံးဖျက်လိုက်ပြီ။နင် ဘာတတ်နိုင်သေးလို့တုံး။
နင့်မယားကဝေမတွေလည်း အားလုံးသေကုန်ပြီ။
နင့်ပညာကို အကုန်စွန့်မလား။ အသေခံမလား
ဒါပဲပြော”
“ဟဲ့ မလောက်လေး မလောက်စား ကောင်လေး
ငါက အသက်သုံးရာကျော်ပြီ။ နင့်ပညာလောက်ကို
ငါမမှုဘူး။ နင်က လက်ဦးသွားလို့ ငါခံလိုက်ရတာ။
နင့်ရှေ့မှာ ဒူးထောက်ပြီး ငါ့ပညာတွေ စွန့်မယ့်အစား
အသေခံမယ်ဟေ့”
အရပ်ကတော့ တော်တော်ရှည်တာဗျို့။
ကျုပ်စ်ိတ်အထင် ခုနှစ်ပေလောက်ကို
ရှိမယ်ထင်တယ်ဗျ။
ပါးစပ်က သွေးတွေတောင် စီးကျလာတယ်ဗျို့။
“နွံဖ ကဝေလည်ဖြတ်ဆေးတော်ရုပ် ပေးစမ်းဟေ့”
ဆရာနွံဖက ဆေးတော်ရုပ်ကို ရိုရိုသေသေ ပေးတယ်ဗျ။
ဆရာကြီးက လက်ဝါးကြီးဖြန့်ပြီး ကဝေလည်ဖြတ်ရုပ်ကို
ယူလိုက်တယ်။ ပြီးတော့ ပါးစပ်က မန္တန်ရွတ်နေတယ်ဗျို့။
ဟာ ကဝေကြီးကလည်း မန္တန်ရွတ်နေပြီဗျို့။
ဟာ သူ့ကိုယ်ကနေ အရောင်တွေ လက်ပြီးလာနေပြီဗျ။
ဟာ ပျောက်သွားပြီဗျို့။အလင်းလုံးကြီး တစ်လုံး
တက်သွားတာဗျ။ ဆရာကြီးလက်ဝါးထဲက
ကဝေလည်ဖြတ်ရုပ်ကလေးကလည်း
အရောင်တွေ ထွက်လာပြီဗျို့။ ဟာ အရုပ်ကလေး
ပျောက်သွားပြီဗျ။
“မင်း ပြေးလို့လွတ်မယ်ထင်ရင် ပြေးကြည့်လေကွာ
အဲဒါကဝေလည်ဖြတ်ရုပ်ကွ”
“အုန်း”
ဟာ ကောင်းကင်မှာ မြည်သွားတာဗျို့။
နေရောင်အောက်မှာကို တလင်းလင်းနဲ့ အရောင်တွေ
လက်သွားတာဗျို့။ ဘာတွေ ဖြစ်နေတယ်ဆိုတာ
ကျုပ်တော့ တွေးတောင် မတွေးတတ်တော့ပါဘူးဗျာ။
ဟာ ကျုပ်တို့ရှေ့ဝါးနှစ်ပြန်လောက်မှာ
ဘုန်းကနဲ ကျသွားတာဗျို့။
“အင်း သွားပြီပေါ့ကွာ”
ဆရာကြီးက ပြောပြီး လက်ဝါးကို ဖြန့်ထားတယ်ဗျ။
ဟော ကဝေလည်ဖြတ်ရုပ်ကလေး ဆရာကြီးလက်ထဲကို
ပြန်ရောက်နေပြီဗျို့။ဆရာကြီးက ဆေးတော်ရုပ်ကလေးကို
ဆရာနွံဖဆီ ပြန်ပေးလိုက်တယ်ဗျ။
ကျုပ်လည်း စောစောက ပြုတ်ကျတဲ့ဟာကြီးကို
ပြေးပြီး ကြည့်လိုက်တယ်ဗျာ။ ဟာ စောစောက
ကဝေကောင်ကြီးပဲဗျ။
အလို ခေါင်းမပါတော့ဘူးဗျို့။ လည်ပင်းကနေ
ငုံးတိကြီး ပြတ်နေတာဗျ။
“အုန်း”
ဟာ မီးတွေထတောက်ပြီဗျို့။
ဒါတော့ ကျုပ် သိပြီးသားဗျာ။
ဒါ ငရဲမီးတောက်ပဲ။ကဝေကြီးတွေသေရင်
ထတောက်နေကြလေဗျာ။
ဂူအောင်းတဲ့ ကဝေကြီးတော့ငရဲမီးတောက်အောက်မှာ
တဖြည်းဖြည်း ပျောက်သွားလေရဲ့။
ပြီးပါပြီခဗျာ
ဤဝတ္တုလေးအား ကြိုက်နှစ်သက်တယ်ဆိုရင် like and share လေးနဲ့ အားပေးသွားပါအုံးဗျာ။
စာဖတ်ပရိတ်သတ်များ အားလုံးပဲ စိတ်ရွှင်လန်းပါစေခဗျာ