မောင်ခြိမ့်
ဖိုးနီတစ်ယောက် တံငါလုပ်စားလာတာ ကြာခဲ့ပြီ။ ယခုတစ်လောကဲ့သို့ ရှာရဖွေရ အဆင်မပြေတာမျိုး မကြုံဖူးခဲ့ပါ။ တစ်ညလုံးနီးပါး ပိုက်ဆွဲနိုင်ပါမှ ပုစွန်ဆိတ်ကလေး တစ်ပိဿာ နှစ်ပိဿာ အနိုင်နိုင်။ တစ်ပုံသမားအဖြစ်လိုက်သူ လူငှားအား သုံးပုံတစ်ပုံ ခွဲဝေပေးရသေးတော့ မိမိအဖို့ ဘာမျှမကျန်။
စားဝတ်နေရေး အရေးသုံးပါးတွင် ဝတ်ရေး၊ နေရေးကို အသာထားလို့ စားဖို့ပင် မလောက်ငနိုင်ခဲ့။
ပိုက်သူကြီးဖြစ်၍ ရှာလို့ဖွေလို့ ရလာသမျှ၏ သုံးပုံနှစ်ပုံရသည် မှန်သော်ငြား အရင်းအနှီးက ရှိသေး၏။ လူငှားကို ညစာကျွေးရ၏။ ညဘက်ထွန်းရန် မီးအုပ်၊ မီးခွက်၊ ရေနံဆီဖိုးနှင့် ဆေးလိပ်ဖိုးက ကုန်ရသေး ၏။
ထိုအထဲ ဆူးငြိ၊ ငုတ်ငြိနှင့် ပိုက်ပေါက်ပြဲပြန်ပါက ဖာဖို့ ချည်ခင်ဖိုးက ရှိသေး၏။ သို့ဖြစ်၍ ယခုတလော မပြေလည်။ ဖိုးနီ စိတ်ညစ်မိ၏။
သည်သို့ စိတ်ညစ်ရသည့်အထဲ ဈေးရောင်းကအပြန် အမြဲတမ်း မြည်တွန်တောက်တီးတတ်သော မကျင်ငွေ၏ အငြူအစူ၊ အဆောင့်အအောင့်၊ အထေ့အငေါ့ကိုလည်း ခံရသေး၏။
“သူများလှေ၊ သူများပိုက်တွေကျတော့ ရှာလို့ဖွေလို့ ရပါ့တော်။ အချိန် နှစ်ဆယ်၊ သုံးဆယ် နေ့တိုင်းရနေကြတာ။ သူတို့မယားတွေများ ကြော့လို့ ကော့လို့ မျက်စိတောင် မပွင့်တော့ဘူး၊
ကျုပ်တို့မှာတော့ ပိုက်သူကြီးကတော်သာဆိုတယ်၊ သူများလှေက တစ်ပုံသမားလောက် မပြောင်ရောင် ဘူး။ ဒါကြောင့် စောစောသွားပါ၊ ဝီရိယထားပါ၊ သူများတွေ ဘာလုပ်သလဲ ကြည့်၊ ကိုယ်လည်း လိုက်လုပ်ပေါ့။
သည်လိုပုံနဲ့သာဆိုရင် ကျင်ငွေတို့ ငစိန်ဆန်တောင် နပ်မှန်ဖို့ ခပ်ခက်ခက်”
ညက အိပ်ရေးပျက်ခဲ့၍ ထုံးစံအတိုင်း ဆွမ်းခံဝင်ချိန်အထိ အိပ်လေ့ရှိသော ဖိုးနီတစ်ယောက် လန့်၍ နိုးရပြီ။ လန့်နိုးတော့ အိပ်ရေးမဝ၊ အိပ်ရေးမဝတော့ စိတ်က တိုစမြဲ။
သို့သော် ရန်မဖြစ်ချင်၍ ဆက်၍အိပ်ရန် ကြိုးစား၏။
ဝုန်းခနဲ ဂလုံခနဲ ဂလွမ်ခနဲ ချိန်ခွင်နှင့် အလေးထည့်ထားသော ဒန်ဇလုံကြီးအား ကြမ်းပေါ် ပစ်ချလိုက်ချိန်မှာတော့ ဆတ်ခနဲ ထ၍ ထိုင်မိပြီ။ ထောင်းခနဲ ထွက်လာသော ဒေါသကြောင့် တောက်တစ်ချက်ပြင်းပြင်း ခေါက်မိ၏။
သူ့ တောက်ခေါက်သံကို ကြားသော်ငြား မကျင်ငွေ၏ ဆူပူဆောင့်အောင့်သံက မရပ်။
“လူတွေများ မှန်တာပြောရင် မခံချင်တတ်ကြဘူး။ ပိုက်သမားချင်း အတူတူ ရတာချင်း မတူလို့ပြောရတာတော်ရေ။ လုပ်ရည်ကိုင်ရည်၊ ကြံရည်ဖန်ရည် မရှိတဲ့ ယောက်ျားကို ယူထားမိတာက မိကျင်ငွေတို့ အမှား။ မိန်းမ ဖြစ်နေလို့ဟေ့။ ယောက်ျားသာ ဖြစ်ကြည့်၊ သွားပြီး ရှာပြလိုက်ချင်တယ်”
သည်လောက် လွန်ကဲစော်ကားလာတော့ ဖိုးနီ ဒေါသကို မထိန်းနိုင်တော့ပြီ။
“ဟေ့ … မကျင်ငွေ၊ မင်းတော်တော်လွန်လာပြီနော်။ ငါငြိမ်နေတာ အကောင်းမမှတ်နဲ့။ ဘယ်သူတွေက ဘယ်လောက်ရနေလို့ မင်းက ဒီလောက်ဖြစ်နေရတာလဲ။ မင်းတို့မိသားစုကို ငါ တတ်နိုင်သရွေ့ ရိုးရိုးသားသား ရှာဖွေကျွေးမွေးခဲ့တယ်။ ရေထဲကသတ္တဝါ ကိုယ်လိုချင်တိုင်း ရမလားကွ။ နောက်ပီး ငါတစ်ယောက်ထဲ ရှာလို့မရတာ မဟုတ်ဘူး။ စိန်လှတို့ ကျော်ခင်တို့ကိုလည်း မင်း မေးကြည့်။ ငါ့လိုပဲ ဘယ်သူမှ မရဘူး။
“ဟင်း … ဟင်း … ဟင်း … ဟင်း၊ အဲ့လိုသာ ရယ်လိုက်ချင်တယ်တော်။ ကိုလှဆောင်တို့ ကိုရွှေဖောင်တို့ ကိုလှသိန်းတို့ကိုလည်း ရှင် သွားမေးကြည့်လိုက်ပါ။ ဘယ်လောက်ရသလဲဆိုတာ။ ဘေးကြားတွေ၊ ဆတ်ထုတ်တွေ၊ ငါးဖယ်ကြီးတွေ တနင့်တပိုးပါတော်။
တော်တော့ ဘယ်သိမလဲ။ ရှာလို့ရသမျှကလေး ကျုပ်ကို ပုံပေးပြီး စက်တော်ခေါ်နေတာကိုး။ ကြည့်လေ … ကိုယ်ရတာက ပုစွန်ဆိတ်ကလေး၊ ငါးစင်စပ်ကလေး တစ်ပိဿာ နှစ်ပိဿာရယ်။ ဈေးဖိုးမှ အနိုင်နိုင်”
ပြောရင်း ဒေါသထွက်ထွက်နှင့် သောက်လက်စ ဆေးပေါ့လိပ်ကို ဆတ်ခနဲ ဆတ်ခနဲ ထိုး၍ချေသည်။
မကျင်ငွေ၏ စကားအဆုံးတွင် ဖိုးနီ တွေခနဲ ဖြစ်သွားရတော့၏။
ဟုတ်မှ ဟုတ်ရဲ့လားဟူသော အတွေးက ဝင်လာ၏။ ခုတလော သည်ကောင်တွေလှေသုံးစင်း သူများတကာ ပိုက်ဆွဲမသွားခင် သုတ်သုတ် သုတ်သုတ်နှင့် ထွက်သွားတာ သတိထားမိ၏။ ဘယ်နေရာသွား၍ ဘယ်လိုရှာသည် မသိနိုင်။
သို့သော် တံငါတို့၏ ဘာသာဘာဝ သူလည်း သူ့ပိုက်ချက်နှင့်သူ၊ ကိုယ်လည်း ကိုယ့်ကွန်ချက်နှင့်ကိုယ်။
စကားပုံတောင် ရှိသေး မဟုတ်ပါလား။
“ဟင်းစားသာ ပေးချင်ပေး၊ ကွန်ချက်တော့ မပြနဲ့” ဆိုတဲ့စကား ရှေးလူကြီးများ ထားခဲ့ကြသည်ပဲ။
သို့သော် ငါးပုစွန်ရှားချိန်မျိုးမှာ သူတို့ ရလာတာတွေက များတော့ ဆန်းသည် ဆိုချင်မိတော့၏။
သူများတကာတွေ ဟင်းစားသာသာ ရချိန်တွင် သူတို့အုပ်စု ဘယ်ကိုသွား၍ ဘယ်လိုများ ရှာလာကြတာပါလိမ့်။
အိုး… ဒါကလည်း ဖြစ်တတ်တာပါပဲဟု ဖြေသော်လည်း သိချင်စိတ်က ငယ်ထိပ်တက်တော့၏။
ထိုနေ့ ညနေစောင်း ပိုက်ဆွဲရန်အသွား လမ်းခရီးတွင် ဖိုးနီ မနေနိုင်။ လှေပဲ့တွင် ပါလာသော မိမိ၏ တစ်ပုံသမား စိန်ကုလားအား မေးမိသည်။
“ဟေ့ကောင် စိန်ကုလား၊ လှဆောင်တို့အုပ်စု ခုတလော အတော်ရတယ်လို့ ကြားပါလားကွ”
ဟုစကားစမိသည်။
“ဟာ… အစ်ကိုကလည်း။ အခုမှ သိတာလား။ လေးငါးခြောက်ရက် ရှိပြီဗျ။ သူတို့ ပိုက်လှေသုံးစင်း ခုတလော ရလိုက်ကြတာ။ သူများတွေ မရတုန်း သူတို့က ရတော့ ဈေးကောင်းမိတာပေါ့ဗျာ။ ရွှေနဲ့ငွေနဲ့တောင် ဖြစ်နေကြပြီ။
အဲဒါ ကျွန်တော့်မိန်းမကလည်း ကျွန်တော့်ကို ပြောတယ်။ ကျွန်တော်တို့ ရှာတာ မရလို့ပေါ့ဗျာ။
ကျွန်တော်လည်း စိတ်ပေါက်ပေါက်နဲ့ ဒါလောက် ဖြစ်လှတာ နင့်ဟာနင် ပိုက်ဆွဲလိုက်တော့လို့ ပြောတော့ ရန်ဖြစ်ခဲ့ရသေးတယ်”
စိန်ကုလား အပြောကြောင့် ဖိုးနီ ပြုံးမိတော့သည်။
“အေး… ဟုတ်တယ်ကွ။ ငါလည်း မကျင်ငွေပြောမှသိရတာ။ သူတို့ မိန်းမတွေ ကြော့လို့ကော့လို့ ဖြစ်နေတာ။ မကျင်ငွေခမျာ မနာလိုဖြစ်ပြီး ဆတ်ဆတ်ကို ခါနေတာပဲ။
ဒါပေမဲ့ ဘယ်တတ်နိုင်ပါ့မလဲကွာ။ ငါတို့လည်း ကြိုးစားပြီး ရှာတာပဲ။ မရတာတော့ မတတ်နိုင်ဘူးဟေ့”
“အစ်မ မနာလိုဖြစ်တာလည်း အပြစ်မပြောနဲ့ အစ်ကိုရ။ ကျွန်တော့်မိန်းမက ပြောတယ်။ ကိုလှဆောင်ရဲ့မိန်းမက ပြောတယ်ဆိုပဲ။ ငါတို့က ပေါ်ဆန်းမွှေးမှ စားတာ။ ကောက်ကြီးဆန်တောင် ကြမ်းလို့ စားလို့မရဘူးတဲ့။
သူတို့ တစ်ပုံသမားတွေကလည်း ကြွားနေကြတယ်။ငါတို့ ပိုက်သူကြီးက ထမင်းကျွေးရင် ပေါ်ဆန်းနဲ့ ဝက်သားကွဆိုပဲ။ ကျွန်တော့်မိန်းမပြောလို့ သိရတာ”
ထိုအခါ ဖိုးနီသည် မိမိတို့ လှေဝမ်းထဲ၌ ပါလာသော ထမင်းအိုးနှင့် ဟင်းချိုင့်ကို စိတ်မလုံစွာ လှည့်၍ ကြည့်မိ၏။ ဖွင့်မကြည့်ပေမယ့် သိနေပါသည်။ ငစိန်ဆန် ထမင်းမာမာနှင့် ပုစွန်ဆိတ်ကလေး စုတ်ဖွားကြော်သာ ပါပေလိမ့်မည်။
“အေးကွာ၊ လူတွေဟာ သည်လိုပဲကွ။ နည်းနည်းများအဆင်ပြေလာပြီဆိုရင် အောက်ခြေလွတ်တတ်တာသဘာဝပဲကွ။ အရင်တုန်းက စားခဲ့တဲ့ ငစိန်ဆန် မေ့သွားပြီပေါ့ကွာ။
ဒါပေမဲ့ ဆီးသီးသည် မဗျိုင်းလိုတော့ အကျမနာစေချင်ပါဘူး။
ဒါနဲ့ စိန်ကုလားရ၊ သူတို့ ဘယ်ဘက်များ သွားပြီး ပိုက်ဆွဲကြတယ်ဆိုတာ မင်း သတင်းကလေး ဘာလေးမရဘူးလား”
“သေသေချာချာတော့ မသိဘူး အစ်ကိုရ။ သူတို့ တစ်ပုံသမား ရွှေတုတ်တို့ ပြောပုံအရတော့ လေးအိမ်တန်းဘက်လိုလို၊ မကျည်းချောင်းဘက်လိုလို ပြောတာပဲ။ သည်ကောင်တွေက သိပ်လျှိုတယ်ဗျ။ တိတိကျကျကို မပြောဘူး”
“အေးလေ … ဒါကလည်း သဘာဝပါပဲကွာ။ ကိုယ့်စားကျက် သူများ ဘယ်သိခံပါ့မလဲ။ ကဲဟေ့ … စကားကောင်းနေလိုက်တာ။ မြန်မြန်လှော်ဟေ့၊
တို့လည်း စောစောလေး ပိုက်ဆွဲမည့်နေရာရောက်အောင်။ ဟိုကျမှပဲ ထမင်းစားတော့မယ်။ ငစိန်ဆန်မာမာလေးနဲ့ပေါ့ကွာ”
ဖိုးနီက တဟားဟားရယ်ရင်း လှေကို အမြန်လှော်လေတော့၏။
ယနေ့သည်လည်း ထုံးစံအတိုင်းပင် ဖြစ်တော့၏။
ဘယ်လိုပင် ကြိုးစား၍ ပိုက်ဆွဲသော်လည်း ငါးပုစွန်က မပါပေ။ ယခင်က သူတို့ ယခု ပိုက်ဆွဲမည့် တူးမြောင်းကမ်းခြေသည် ငါးပုစွန်တို့ အလွန်ပေါသောနေရာ ဖြစ်ခဲ့သော်လည်း ယခုမူ ငါးဖောင်ရိုးကလေးများ၊ ပုစွန်ဆိတ်ကလေးများသာ အနည်းငယ်ရလေ၏။
မကြာမီ ရေတက်ပေတော့မည်။
ထိုစဉ် –
“အစ်ကို ရှေ့နားမှာ ချုံ နှစ်ချုံ၊ သုံးချုံလောက် ချထားတာ တွေ့တယ်။ ရွာနဲ့လည်း ဝေးတယ်။ အဲသည်ချုံတွေကို ဝိုင်းကြည့်ရအောင်ဗျာ။ ဆတ်ထုတ်ကြီးတွေ၊ ငါးဖယ်ကြီးတွေ ချုံထဲမှာရှိမှာ သေချာတယ်ဗျ”
စိန်ကုလား၏ ပြောသံကြောင့် ဖိုးနီသည် စိန်ကုလားကို ငေး၍ ကြည့်နေမိ၏။
ဟုတ်သည်။ သောင်စပ်တစ်လျှောက် သည်လောက် ငါးပုစွန်တွေ ပျောက်နေမှတော့ ထိုချုံတွေထဲရှိမှာ သေချာပါ၏။ ခိုအောင်းစရာ နေရာကောင်းသည်မို့ချုံကို ချောက်ထုတ်၍ ပိုက်ဖြင့်ဝိုင်းကာ ဖမ်းလျှင် အိမ်အပြန် မျက်နှာပန်းလှပေမည်။
ဖိုးနီ ခေါင်းကို ဖြည်းညင်းစွာ ခါ၏။ စိန်ကုလား ဘယ်လိုဖြစ်ပါလိမ့်။ မိမိနှင့်အတူ ပိုက်ဆွဲလိုက်နေသည်မှာ ကြာပြီ။ သည်လို သူတစ်ပါးပစ္စည်း မတရားယူရန် တစ်ခါမှ မပြောစဖူး။ ယခုတော့ အိမ်အပြန် ဟန်ပုံမပေါက်တော့ ကြံမိကြံရာ ကြံတော့သည်ထင်မိ၏။
“မလုပ်ပါနဲ့ စိန်ကုလားရယ်။ သူတို့လည်း သူတို့တစ်ဝမ်းတစ်ခါးအတွက် ချုံချထားရတာ။ တံငါအချင်းချင်း စည်းမဖောက်ချင်ပါနဲ့ကွာ။ သူများပါးစပ်ထဲက ထမင်းလုတ်ကို လုမစားကောင်းဘူးကွ။
တို့တစ်တွေဟာ ဘဝအကျိုးပေး မကောင်းခဲ့လို့ ဆင်းရဲတဲ့ဘဝကို ရောက်ခဲ့ရတယ်။ နေ့စဉ်နေ့တိုင်းလည်း အသက်တွေ သတ်ပြီး ဝမ်းစာရှာရတယ်။ အကုသိုလ် များပြီးသားကွ။ အဲသည်အထဲ ထပ်ပြီး သူတစ်ပါး ပစ္စည်းခိုးရ ဝှက်ရဦးမယ်ဆိုရင် ဘယ်ဖြစ်တော့မှာလဲကွာ”
စိန်ကုလား ဘာမှ ပြန်မပြော။ ခေါင်းကိုငုံ့ကာ ငြိမ်၍ နေ၏။
“လူဆင်းရဲချင် ဆင်းရဲပါစေ၊ အကျင့်စာရိတ္တတော့ အပျက်မခံနိုင်ဘူးကွာ။ တို့မှာ ရှိတာက အဲသည် ရိုးသားမှုကလေးပဲကွ။ အဲသည် ရိုးသားမှုကလေးမှ မရှိတော့ရင် လူဖြစ်ကျိုး ဘယ်မှာလာနပ်တော့မှာလဲ။ ပြီးတော့ မင်းအဖေ ဘကြီးသာကျော်က ငါ့ကို စိတ်ချလို့ မင်းကို ငါ့ဆီမှာ အလုပ်လုပ်ခိုင်းတာ။ တစ်ခုခုဖြစ်ရင် လူကြီးဖြစ်တဲ့ ငါလည်း မကောင်းဘူး၊ မင်းလည်း ရွာထဲမှာ ဘယ်လိုမျက်နှာပြမလဲ
ကဲ ကဲ… ရေတောင် အတော်တက်လာပြီ၊ ပိုက်သိမ်းမယ်ဟေ့။ ရသမျှကလေး မနက်ဈေးအမီ ပို့ရအောင် ပြန်မယ်ဟေ့”
xxx xxx xxx
ညက အိမ်အပြန် နောက်ကျခဲ့၏။ သို့ဖြစ်၍ အိပ်ရာဝင် နောက်ကျခဲ့သော ဖိုးနီသည် မည်မျှကြာကြာ အိပ်ပျော်ခဲ့သည် မသိ။
တဒုန်းဒုန်းနှင့် မီးဖိုချောင်ထဲမှ ငရုတ်သီးထောင်းသံများကြောင့် နိုးလာခဲ့သည်။ တစ်ဆက်တည်းမှာပင် အိုးခွက်ပန်းကန်များ ဆေးကြောနေသံများ ကြားရသဖြင့် မကျင်ငွေပင် ဈေးကပြန်ရောက်နေပြီး နံနက်စာအတွက် ချက်ပြုတ်ပြင်ဆင်နေပြီဟု သိလိုက်ရ၏။
ထိုအခိုက် အိမ်ပေါ်သို့ တက်လာသော ခြေသံနှင့်အတူ
“အစ်မ … အစ်မ ၊ အစ်ကို မနိုးသေးဘူးလား”
စိန်ကုလား၏ အလောတကြီး မေးသံကို ကြားလိုက်ရ၍ ဘာကိစ္စများပါလိမ့်ဟု အသာ နားကိုစွင့်မိ၏။
“အေး…မနိုးသေးဘူး၊ စက်တော်ခေါ်နေတုန်းပဲ။ ညက နင်တို့ရှာလာတာတွေက များတော့ ပင်ပန်းနေမှာပေါ့”
မကျင်ငွေက အရွဲ့တိုက်၍ ပြော၏။
မကျင်ငွေသည် ယခုတလော ဖိုးနီကိုသာမက တစ်ပုံသမား စိန်ကုလားကိုပင် သိပ်ပြီး ကြည့်မရ။ ငါးမရဘူး မဟုတ်ပါလား။
“ရွာလူကြီးအိမ်မှာ မန်ကျည်းချောင်းက အင်းသူကြီးနဲ့ လူတော်တော်များများ ရောက်နေတယ်ဗျ”
“အဲဒါဘာဖြစ်သလဲ၊ ငါတို့နဲ့ ဘာဆိုင်သလဲဟဲ့”
မကျင်ငွေက ဘုဆတ်ဆတ် ပြောလေ၏။ အိပ်ခန်းထဲမှ ဖိုးနီ မနေသာတော့။ အိမ်ရှေ့ဘက်သို့ ထွက်လာရင်း –
“စိန်ကုလား ဘာတွေဖြစ်တာလဲကွ၊ ပြောစမ်းပါဦး”
ဟု မျက်နှာမသစ်နိုင်သေးဘဲ စိန်ကုလား အနားဝင်၍ ထိုင်ကာ မေး၏။
“ကိုလှဆောင်တို့ ပိုက်လှေသုံးစင်းပေါ့ အစ်ကိုရာ။ မန်ကျည်းချောင်းဘက်က လေလံဆွဲထားတဲ့ အင်းချောင်းထဲဝင်ပြီး ပိုက်ခိုးဆွဲတာရယ်၊ သူများတကာ ချထားတဲ့ ချုံတွေ ဝိုင်းပြီး ငါးဖမ်းတာရယ် မိလာလို့ ရွာသားတွေ ဖမ်းလာပြီး အပ်တာဗျ။ ကျေနပ်အောင် လျော်ကြေးမပေးရင် အမှုဖွင့်မယ်လို့ ပြောသံကြားရတယ်ဗျ။ အဲဒါ ဝိုင်းပြီး တောင်းပန်နေကြလေရဲ့”
စိန်ကုလား၏ စကားဆုံးလျှင် ဖိုးနီ အလွန်အံ့အားသင့်မိတော့၏။
သည်ပုံဆိုလျှင် ရှင်းဖို့မလွယ်။
“မင်းဟာကျိန်းသေရဲ့လား စိန်ကုလားရယ်”
ဟု လေးလေးပင်ပင် မေးမိတော့သည်။
“သေချာတာပေါ့ အစ်ကိုရာ။ ကိုလှဆောင်တို့၊ ကိုရွှေဖောင်တို့ မိန်းမတွေတောင် ရှက်လွန်းလို့ဆိုပြီး လူးလှိမ့်ငိုလိုက်၊ ရင်ဘတ်ကို ထုထုပြီး ငိုလိုက်နဲ့ စားထားတဲ့ နံနက်စာထမင်းတောင် အတောင့်လိုက် အန်ပါရော လား။ တတ်လည်းတတ်နိုင်တဲ့ မိန်းမတွေ။ သူတို့လင်တွေကို မြှောက်တုံးက မြှောက်ပေးပြီး အခုမှ…”
ဟု မကျေနပ်သံဖြင့် ပြော၏။
“ကဲ… အဲဒါပဲ စိန်ကုလားရဲ့။ မိမိလုပ်တဲ့ ကောင်းမှု မကောင်းမှုက မိမိကို ပြန်ပြီး အကျိုးပေးတာပဲကွ။ ဒါကြောင့် မတရားရှာလို့ ရလာတဲ့ငွေနဲ့ ဝယ်စားရတဲ့ ပေါ်ဆန်းမွှေးထမင်းထက် ရိုးရိုးသားသားရှာဖွေပြီး စားရတဲ့ ငစိန်ဆန်က ပိုပြီး အစာကြေပါတယ်ကွာ။ ဘယ်တော့မှ ပြန်မအန်ဘူးကွ”
ဖိုးနီက မကျင်ငွေ၏ မျက်နှာကို စေ့စေ့ကြည့်၏။
မကျင်ငွေ ပြိုင်၍ မကြည့်ရဲ။ မျက်လွှာချကာ ခေါင်းငုံ့လျက်။
သူ မှားခဲ့ပြီ မဟုတ်လား။
– ပြီး –
စာရေးသူ – မောင်ခြိမ့်
စာစီစာရိုက် – မုဆိုး တံငါ စာပေများ 2.0