* (၁) *
{နွားကျောင်းသား}
*
“ဟဲ့.. ငတွန်၊ အဲဒါ ဘာလုပ်နေတာ”
“ကစားမလို့ အစ်မ”
“နင့်မလည်း တစ်နေ့တစ်နေ့ ဒီဓားပဲ လုပ်နေတယ်။ ဟိုမှာ.. ယာရှင်ကိုမြသောင်က နွားတွေ ကျောင်းရအောင် လွှတ်လိုက်စမ်းတဲ့.. နင့်ကို”
ငတွန်ငယ်က ဝါးခြမ်းပြားကို ဆောင့်အောင့်ပစ်ချလိုက်ကာ..
“ဟိုကောင် ထွန်းဝ ဘယ်ရောက်သွားလို့တဲ့လဲ”
“တောထဲ ထင်းခွေပါသွားလို့တဲ့၊ ကဲ.. စကားရှည်မနေနဲ့။ သွားချေဦး”
ငတွန် ဓားမကို မီးဖိုတဲငယ်အနီးရှိ တုံးပေါ်သို့ သွားထားလိုက်ပြီး ပုဆိုးကို ဖြေကာ ဖုန်ခါ ထွက်သွားသည်။ မိခင်က ငတွန် သပ်နေသော ဝါးခြမ်းပြားများကို ဇိုးဇိုးဇပ်ဇပ် ကောက်ယူ၍ ထင်းများပုံထားရာဘက် လှမ်းပစ်လိုက်၏ ။
ဦးမြသောင်၏ နွားများမှာ ကောင်ရေ ၂၀ ကျော်သည်။ အခြား နွားရှင် နှစ်ဦး သုံးဦးပေါင်းက နွား ၅၀ မှ ၁၀၀ အထိ ကျောင်းကြရရာ နွားကျောင်းသား သူငယ်တို့လည်း နှစ်ဦးမှ သုံးလေးဦးခန့် စုဝေးနေတတ်ကြ၏ ။ ယခုလည်း ငတွန်နှင့် ငရေး၊ ငဖိုးခင် သုံးယောက် အနောက်ယာများဘက် ရောက်လာကြပြီ။
သူတို့က လယ်ကွင်းများကို ပတ်၍ မောင်းသွားကြပြီး ရေအိုင်ကြီးတစ်အိုင်သို့ ရောက်သည်တွင် နွားအုပ်၏ ရှေ့မှ နေရာယူ နားနေလိုက်ကြလေသည်။ နွားတို့သဘာဝမှာ နောက်မှ လူလိုက်နေလျှင် ဆက်သွားနေကြမည်ဖြစ်ပြီး ရှေ့မှ ပိတ်ရပ်နေလိုက်ပါက ရောက်ရာနေရာသည်ပင် စားကျက်ဖြစ်တော့၏ ။
ငတွန်က ငရေးလွယ်အိတ်ထဲ ဖြဲကြည့်ပြီး ဆက်ရက် ၃ ကောင် တွေ့သည်တွင်
“နင် စောစောစီးစီး လက်တွေ့နေတာပေါ့လေ”
ဟု ချီးကျုးလိုက်သည်။ ထိုအခါ ငဖိုးခင်က
“အလကားပါကွာ၊ တစ်ကောင်က ငါပစ်ပေးတာ၊ နောက်တစ်ကောင်ကလည်း ငါခြောက်ပေးလို့ သူ့ဘက်ရောက်သွားတုန်း ဒီကောင် အချောင်ဆီးတွယ်လိုက်တာကွ။ အမှန်တော့ အဲဒါ ငါ့အကောင်”
“တော်စမ်းပါ ငခင်ရာ၊ မင်းလက်မတည့်လို့ ငါဆော်လိုက်ရတာပေါ့။ မင်းအရင်ပစ်ခွင့်ရတာပဲ”
“ဒီတစ်ခါ ငါအရင်ပစ်မယ်ကွ”
ဟု ငတွန် ပြောသော် ငရေးက..
“မင်းအရင်ပစ်ရင် ငါတို့ မပစ်ရတော့ဘူးပ”
“အေးလေ၊ မင်းက တို့ထက် လက်တည့်တာပဲ”
“ဒါဖြင့် ဒီလိုလုပ်ကွာ၊ ခုတစ်ခါတော့ ငါအရင်ပစ်မယ်။ နောက်အကောင်တွေကိုကျ အလှည့်ကျ ပစ်တာပ”
“အေး.. ကောင်းတယ်”
ရေအိုင်ကြီးဘေးမှ နွားစားကျက်သည် တရွေ့ရွေ့ ရွေ့ခဲ့ပြီး သစ်ပင်ကြီးအချို့ အတန်းလိုက် ပေါက်နေသည့် ကွင်းများဘက်သို့ ရောက်လာခဲ့သည်။ အပင်တစ်ပင်၏ ထိပ်ဝယ် ချိုးတစ်ကောင် ကူကူး.. ကူကူး ဟု အော်မြည်နေရာ
“ဟိတ်ကောင်တွေ.. ရှူး”
ငတွန် ပြောပြီး ခြေသံလုံလုံဖြင့် ကုန်းကုန်းကွကွ လှမ်းသွားသည်။ သူ့အား မမြင်သာအောင် အကိုင်းများနှင့် ကွယ်၍ ကွေ့ပတ်သွားကာ အောက်နားရောက်လျှင် လောက်လေးကို အားဖြင့် ဆွဲ၍ ခေတ္တ ချိန်နေပြီးနောက် လွှတ်လိုက်လေသည်။
“ဖတ်” …. “ဝှီး” …. “ဒေါက်”
လောက်စာလုံးက ချိုးငှက် နားနေသည့် အကိုင်းကို ထိမှန်ကာ နှစ်ခြမ်းကွဲထွက်သွားသည်။ ချိုးငှက်လည်း လန့်ပျံလေ၍ ငရေးတို့နှစ်ဦးသား လေထဲသို့ လိုက်လံပစ်ခတ်လိုက်ကြသေးသည်။
“ပွဲဦးထွက် မကောင်းပါလား”
ငဖိုးခင် အပြောကို ငတွန် ဂရုမစိုက်။ နွားများဘက်သို့ ပြန်သွားနေသည်။ သစ်ပင်များ၏ တစ်ဘက်တွင် ကောက်ရိုးပုံများ ရှိနေသဖြင့် ထိုဘက်သို့ နွားများ မရောက်အောင် ရှေ့မှ ကြိုရန် ဖြစ်သည်။
ကောက်ရိုးပုံများကြား၌ ကစားနေကြသော ဘုန်းကြီးကျောင်းသားတစ်သိုက်ကို သူတို့မမြင်။ ငတွန်ပစ်လိုက်သော လောက်စာလုံး တစ်ခြမ်းသည် လမ်းကြောင်းပြောင်းကာ ဘုန်းကြီးကျောင်းသား ငမွှေး၏ မျက်နှာရှေ့မှ ဖြတ်လျက် ကောက်ရိုးပုံထဲ ချပ်ခနဲ ဝင်သွားခဲ့သည်။
“ဘယ်ကောင်လဲကွ”
ငဆတ်၏ အသံ။ အသံလာရာသို့ ငတွန်တို့ လှည့်ကြည့်မှ ကောက်ရိုးပုံအနောက်မှ ထွက်လာကြသော ငဆတ်ကလေးတို့ အုပ်စုအား မြင်ကြရသည်။
“ဟာ.. ဟိုကောင်တွေ”
ငဖိုးခင် နောက်ဆုတ်သွား၏ ။ ငရေးက ငတွန်ကို လှမ်းကြည့်သည်။ ငတွန်က ပြန်လှည့်လာပြီး လေသံအေးအေးဖြင့်
“ငဆတ်တို့ပါလား၊ ဘာဖြစ်လို့လဲ”
“မင်းတို့ လောက်လေးနဲ့ ပစ်လိုက်တယ် မဟုတ်လား”
“ငါက ချိုးကို ပစ်တာပါ၊ နင်တို့ ရှိမှန်းတောင် မသိဘူး”
“ဟိတ်.. ငတွန်၊ မင်း လက်ဖြောင့်တယ်ဆိုပြီး တမင် လုပ်တာ မဟုတ်လား။ မလိမ်နဲ့”
ငဆတ်သည် ပြောပြောဆိုဆို တရကြမ်း ပြေးလာသောကြောင့် ကန်သင်းရိုးပေါ် ရပ်နေသည့် ငဖိုးခင် လယ်ကွက်ထဲသို့ ရောက်သွားသည်။ အခြားသူများလည်း ငဆတ်နောက်မှ ပါလာကြသဖြင့် ငရေးမှာ မည်သို့လုပ်ရမည်မသိဘဲ ရပ်ကြည့်နေ၏ ။ ငတွန်တစ်ယောက်သာ ခပ်တည်တည်။
ငဆတ်လည်း အနားသို့ရောက်မှ ရပ်သွားရပြီး နောက်လူများ အားကိုးနှင့် ငတွန်၏ ရင်ကို တွန်းပစ်လိုက်သည်။ ငတွန် ယိုင်သွားပြီး ရုတ်တရက် အားနှင့် ငဆတ်အား ပြန်ဆောင့်တွန်း၏ ။ ထင်မှတ်မထား၍ ငဆတ် အတော်ယိုင်သွားရသည်။ ဒေါသလည်း ထွက်လာကာ..
“နွားကျောင်းသားက ငါ့ကို ထိဝံ့သလား၊ ဟေ့ကောင်တွေ…”
နောက်တော်ပါး ပွဲကျောင်းသားများ ငတွန်ကို ဝိုင်းရံလိုက်ကြလေသည်။
“ငါ တမင်ပစ်တာ မဟုတ်ဘူးလို့ ပြောထားတယ်နော်။ အေး.. မင်းတို့ ဝိုင်းချရင်တော့ မခံဘူး ပြန်ချရမှာပဲ၊ ငရေးတို့..”
“ငါမပါဘူး”
ဟု ငဖိုးခင် အော်လိုက်သည်။ ငရေးကတော့ ရပ်ကြည့်နေဆဲ။ သူလည်း ပါဝံ့မည်မထင်။
“အေး.. နွားတွေ ကြည့်လိုက်”
ငတွန် ပြန်အော်ဆဲတွင် ကျောင်းသားနှစ်ယောက်က သူ့လက်များကို ဖမ်းချုပ်လိုက်ကြ၏ ။ သန်မာသော ငတွန်က ချက်ချင်းရုန်းထွက်လျက် လျင်လျင်မြန်မြန်ပင် ဘေးမှ တစ်ယောက်၏ ဦးခေါင်းကို ထုချလိုက်သည်။
“နင်တို့ ရန်ရှာတာနော်”
“မိုက်ရိုင်းနေတဲ့ နွားကျောင်းသားလေးကို ပညာပေးလိုက်ကြစို့ဟေ့”
ငဆတ်တို့က တက်ညီလက်ညီ ဝင်လာပြီး ဝိုင်းတွယ်ကြကုန်သည်။ ငတွန်မှာ ကျောင်းသား ၆ ဦးခန့်ကြားတွင် လက်မလည်နိုင်။ ငဖိုးခင်ကား ဝေးဝေးရောက်နေလေပြီ။ ငရေးပင် နောက်ဆုတ်သွားလေ၏ ။ ထုထောင်းနေကြသည်ကို ခံ၍ ငတွန်က ငဆတ်၏ သျှောင်ပေစူးကို ဆွဲသည်။
“ကဲဟာ.. ကဲဟာ”
တအားဆောင့်ဆွဲလိုက်သဖြင့် ငိုက်ပါလာသော ငဆတ်၏ နဖူးကို ဒူးနှင့် ဆင့်တိုက်ပစ်ရာ ငဆတ် လေးဘက်ထောက်သွားရသည်။ သို့ရာတွင် ကုန်းရုန်း ပြန်ထပြီး ငတွန်အား ခြေဖြင့် ကန်ကျောက်၏ ။ ငတွန် လဲပြိုသွားစဥ် ဝိုင်းဖိ ထိုးနှက်ကြလေတော့သည်။
အတန်ကြာ ခိုက်ရန်ပွားပြီးနောက် အားရ၍ လူချင်း ကွဲသွားကြသော အခါတွင် ငတွန်မှာ ပုဆိုးပြဲ၍ ဒဏ်ရာများနှင့် ဖူးရောင်ပေါက်ပြဲနေလေပြီ။ မျက်လုံးတစ်ဖက်သည်လည်း ပိတ်လုလု၊ နောက်သို့ ယိမ်းယိမ်းယိုင်ယိုင် ဆုတ်သွားရသည်ကို ဘုန်းကြီးကျောင်းသားတစ်သိုက် ရပ်ကြည့်နေခဲ့ကြသည်။
“ငတွန်.. ငတွန်..၊ ငါတို့ကို မခံ့ရင် နောက် ဒီ့ထက်နာမယ်.. မှတ်ထား”
နဖူး၌ အညိုအမည်း စွဲနေသော ငဆတ်က ကြိမ်းဝါးသွားသည်။ ငတွန်ကား ပြုံးမဲ့မဲ့။ အဝေးမှ ရပ်ကြည့်နေသည့် ငဖိုးခင်တို့လည်း ဘုန်းကြီးကျောင်းသားများ ထွက်သွားမှ အနီးသို့ ပြန်ရောက်လာကြကာ..
“ဒီကောင်တွေ သက်သက် အနိုင်လိုက်ကျင့်နေတာ”
“အလကားပါကွာ၊ ငတွန့်ကို တစ်ယောက်ချင်း မချရဲပါဘူး”
“အေးလေ.. အပြင်မှာတွေ့ရင် ဒီကောင့်ကို ပြန်ဆော်ရမယ်”
“မဟုတ်ဘူး၊ ဆွမ်းခံနေတုန်း လောက်လေးနဲ့ ချောင်းထုမှ..”
ငတွန်ကတော့ ဘာမှ မပြော၊ အံကြိတ်ကာ စဥ်းစားနေသည်။
ထိုနေ့ညနေ နွားသွင်းပြီးချိန် အိမ်ပြန်လာသော ငတွန်က မိခင်ဖြစ်သူအား
“အစ်မ.. ကျုပ် ကျောင်းနေချင်တယ်”
ဟု ပူဆာလေတော့သည်။
“နင်က ကျောင်းနေမယ်.. ဟုတ်စ။ ဘာလုပ်ဖို့ ကျောင်းနေမှာလဲ။ ဘာစိတ်ကူး ပေါက်လာပြန်ပလဲ၊ ကြည့်စမ်း တစ်ကိုယ်လုံးလည်း ရောင်ကိုင်းလို့ပါလား။ ဘာလဲ.. ခံလာရလို့ ရန်ဖြစ်ရတာ ကြောက်သွားပြီး သာသနာ့ဘောင် ဝင်ချင်တာလား”
“မဟုတ်ဘူး၊ ကျုပ် အရှေ့ကျောင်း သွားနေမှာ”
“သြော.. နင်က ပြန်လုပ်ချင်လို့ပေါ့လေ”
“မဟုတ်ပါဘူး အစ်မ၊ ကျုပ် ပွဲကျောင်းပညာတွေ သေချာသင်ယူချင်လို့ပါ”
“ဟဲ့.. ခုလည်း တောင်ကြောက ကိုရင်စံမတူ နင်တို့ကို သင်ပေးနေတာပ”
“အရှေ့ကျောင်းခင်ကြီးဆီမှာ ကျောင်းအိပ်ကျောင်းစား နေပြီး ကောင်းကောင်းသင်ချင်တာ အစ်မရဲ့”
“နင့်အဖ ပြန်လာတော့ ပြောပေါ့။ နင်မရှိတော့လည်း ငါတို့ ကသီမှာပဲ။ ဒါပေမယ့် နင်က သင်ချင်သပ ဆို ငါတို့လည်း တားမရပါဘူး။ သင်ရင်သင်.. ပြဿနာတော့ မရှာလာနဲ့ ငတွန်”
မိခင်ထံမှ ခွင့်ပြုချက်ကို အလွယ်တကူ ရရှိခဲ့လေပြီ။ အကယ်၍ ခွင့်မပြုလျှင်လည်း မရ ရအောင် တိုက်ပွဲဝင် ဆန္ဒပြ တောင်းဆို ဇွတ်လုပ်မည့်သူသာ ဖြစ်သည်။ လူဆိုးကလေး မဟုတ်သော်ငြား ခပ်ဆိုးဆိုးစရိုက်ရှိသူဟု လက်ခံထားကြရသည့် ငတွန်။ ပေတေတေ ကပ်တပ်တပ်နှင့် ဆိုဆုံးမရ ခက်သည့် ငတွန်။
ထို ငတွန်က ကျောင်းနေချင်သည်၊ ပညာသင်ချင်သည် ဆိုလာပါရော။ သူသင်ယူချင်သည်ကလည်း အတိုက်အခိုက် ပညာ၊ သိုင်းပညာ၊ အင်းအိုင်ခလှဲ့ ပွဲကျောင်းပညာရပ်များ။
အစ်ကိုနှင့် ဖခင် တောမှ ပြန်ရောက်ကြသောအခါတွင်လည်း အထူးတလည် အရေးမဆိုလိုက်ရဘဲ အနည်းငယ်သာ မေးမြန်းကာ သွားချင်သွားပေါ့ ဟု ဆိုကြသည်။
ရက်သတ္တ တစ်ပတ်ခန့်အကြာ…
ပုဆိုးကြမ်းနှင့် ထုပ်ထားသည့် ဆန်ကြမ်းတစ်စလယ်ခန့်ကို ခေါင်းပေါ်ရွက်လျက်၊ လက်မှ ကွမ်းအစ်ပိုက်လျက် တက်လာသော မိန်းမကြီးနှင့်အတူ ဆံရစ်ဝိုင်းသူငယ်တစ်ဦး သစ်သားကျောင်းကြီးအဝ၌ ပေါ်လာသည်။
သူ့ကိုယ်သူ ငစက် ဖြစ်သည်ဟု အမည်ပေးထားသော ငဆတ်ကလေးနှင့် ကျောင်းသားတစ်စုက အော်ဟစ်စာအံနေကြရာမှ လှည့်ကြည့်လိုက်ကြရာ ဝင်ပေါက်၌ မားမားရပ်နေသော နွားကျောင်းသားသူငယ်ကို မြင်ကြရ၏ ။
‘ဒီကောင် ဘာလာလုပ်တာလဲ’ ဟူသော အကြည့်များဖြင့် ဝပ်တွားနေကြသူအချင်းချင်း အသံတိတ် ကြည့်လိုက်ကြသည်။ မေးငေါ့လိုက်ကြသည်။ အံ့သြကာ ပြုံးလိုက်ကြသည်။ ငဆတ်ကမူ မဲ့ပြလေ၏ ။
ငတွန်ကို ကျောင်းအပ်ပြီး၍ ဆရာတော် ဦးဣဒ္ဓိက နေရာချပေးသောအခါ ငတွန်သည် ဝဲဘက်စွန်းစွန်းတွင် သင်ပုန်းတစ်ချပ်နှင့် မှောက်နေ၏ ။ ဦးပဥ္ဇင်း ခင်ကြီးမှုန်၏ ခြေတော်ရင်း၌ ဖြစ်သည်။ ခင်ကြီးမှုန်က စာအရေးအဖတ်ကို စတင်သင်ကြားပေးသည်။
မကြာမီ အခြားကျောင်းသားများ ကျောင်းအောက်ဆင်းသွားကြသော အခါတွင်လည်း ငတွန်တစ်ယောက်သာ ကျောင်းပေါ် ကျန်ခဲ့သည်။ ကျောင်းသားသစ်မို့ စာချပေးနေဆဲ။ အောက်မှ ကိုရင်များ၊ ကျောင်းသားကြီးများ၏ အသံတို့နှင့်အတူ ဆရာတော်၏ သင်ကြားပို့ချနေသံတို့ကို သူကြားသော်လည်း စာကိုသာ အာရုံစိုက်နေသည်။
ခင်ကြီးမှုန် သင်္ကန်းရုံရန် ကျက်သရေဆောင်ခန်းအတွင်း ဝင်သွားချိန်ဝယ် ချောင်းနေသော ငဆတ် တက်လာပြီး ရေလာသောက်သလိုလိုနှင့် ငတွန်၏ ခြေကို ကန်ကာ
“ဟိတ်ကောင်.. ငတွန်၊ နွားကျောင်းသားက နွားမကျောင်းဘဲ ဘာလာလုပ်တာလဲ။ ငါတို့ကို ကြောက်လို့ တပည့်ခံချင်လို့လား”
ငတွန် စာဆက်ရေးနေပြီးမှ ကညစ်ကို ချလျက်..
“မင်းက ဒီမှာ ဗိုလ်လား”
“ဟုတ်တယ်၊ ကျောင်းသားဗိုလ် ငစက်ဆိုတာ..”
“အဲသည်ငဆတ်ကို ဆုံးမပြီး ဗိုလ်လုပ်မလို့ လာတာ”
ဟု ပြောကာ စာဆက်ရေးနေလေသည်။ ငဆတ်မှာ မျက်လုံးကြီး ပြူးလျက် ဒေါသထွက်လာသော်လည်း ခင်ကြီးမှုန်ကို မြင်သောကြောင့် ပြန်ဆင်းပြေးသွားရလေသည်။
“ဘာတဲ့.. ငတွန်ငယ်၊ သည်ကျောင်းမှာ ဗိုလ်လုပ်အောင် လာတယ်.. ဟုတ်စ”
ဟု ခင်ကြီးမှုန်က ပြုံး၍ မေးရာ
“တင်ပါ့ဘုရား၊ ဆိုးသွမ်းဖို့ လာတာတော့ မဟုတ်ပါဘူး။ မတန်တဲ့သူတွေ ဗိုလ်ပြုမနေရအောင် တပည့်တော်က ဗိုလ်ဝင်ခံမလို့ပါ”
ဟု ရဲရဲဝံ့ဝံ့ လျှောက်တင်လေသောကြောင့် ဦးဇင်းခင်ကြီးမှုန် ခေါင်းတညိတ်ညိတ်။
* ငတွန် ဝတ္ထုရှည် ကို Tik tok မှာလည်းတင်ဆက်ပေးမှာဖြစ်လို့ MBS Tik tok acc ကို Follow ထားကြဖို့မေတ္တာရပ်ခံအပ်ပါတယ်။