ခြင်ကျား(မအူပင်)
ငပိနှင့် လောက်
မောင်ခြုံ၏ နောက်ဆုံးအလားဖော်၍ ပြန်လာသော
လှေသည် ကိုင်းတံခါးပန်းဝါးကို ဒုတ်ခနဲမြည်အောင်
ထိုးကပ်လိုက်သည်။
သိမ့်ခနဲ လှုပ်သွားသော တဲ၏ ယိမ်းယိုင်မှုကြောင့် မစိန်မယ်သည် လုပ်လက်စအလုပ်ကိုလက်စသိမ်းလိုက်ပါသည်။
မစိန်မယ်သည် တဲအပေါ်သို့ အလင်းရောင်စဝင်သည်နှင့် ငါးနုပ်ခုတ်ခြင်းကို စတင်လုပ်ရသည်။ ငါးနုပ်ငါးများမှာ ရေဦးငါးများဖြစ်သော ငဖျင်းသလက်၊ ငါးစင်ရိုင်းတို့ ဖြစ်သည်။ တစ်ခါတလေ ပိုက်တိုးငါး များဖြစ်သော ငါးနုသန်း၊ ငါးဖယ်လွှာနှင့် အခြားရေပေါ်ရေလျှံငါးများလည်း ပါလာတတ်ကြသည်။
ငါးရံ့တန်း ငါးရှင်စာဖြစ်သော ငါးဖျင်းသလက်မှာ အများဆုံး ခုတ်ကြရသည်။ ငါးရံ့တန်းအတွက် အသုံးပြုရန် ဗုံလုံနှင့် ရေစိမ်သိုလှောင်ထားရင်း သေသော ငါးဖျင်းသလက်များကို ငါးနုပ်ငါးပိအတွက် အခုတ်ရအများဆုံး ဖြစ်သည်။
“ဟူး. . . ဒီည ငါးမဟပ်ဘူးကွာ”
မောင်ခြုံက ညည်းညူလေးတွဲ့ စွာ တဲအပြင်ဘက်တွင် ခြေပစ်လက်ပစ် ထိုင်ချလိုက်သည်။
ထိုအခါ စိန်မယ်သည် တဲရှေ့ အနားသတ်တစ်လျှောက်မှ ပြန့်ပြောကျယ်ဝန်းသော ကောင်းကင်ကို မော့၍ ကြည့်လိုက်လေသည်။ အပြာရောင် မိုးကောင်းကင်တွင် ညိုညစ်သော တိမ်လိပ်များ ယှက်သိုင်းရစ်ထွေနေသည်ကို တွေ့ရသည်။
ဒီလို တိမ်ထူသောအခါမျိုးတွင် ငါးရံ့များသည် ရေအောက်တွင် အနေများကြသည်။ ရေပြင်ပေါ်တက်၍ အစာရှာခြင်း မပြုကြသဖြင့် ငါးရံ့တန်းသမား (ကိုင်းသမား)များ ငါးအရနည်းလေသည်။
ဤသည်ကို ရေလိမ်သည်ဟု ကွင်းပျော်တို့က ဒေသသုံး ဗန်းစကားဖြင့် အမှတ်သညာ ပြုကြပါသည်။
စိန်မယ်သည် လှေပေါ်ရှိ ငဖျင်းသလက်အသေများကို ပထမဆုံး ငါးခြင်းနှင့် ကောက်ရသည်။ ငါးဖျင်းသလက် အသေများနှင့်အတူ ငါးရံ့သေ ဆယ်ကောင်မျှကိုလည်း တွေ့ရသည်။
“စိန်မယ်ရယ် … ငါးရံ့ကြီးထောင်း ငါးပိသန့်သန့် စုပေးပါအေ။ ငါ ဈေးကောင်းကောင်း ပေးပါ့မယ်”
ကျုံတာရွာထဲမှ ကုန်စုံဆိုင်ပိုင်ရှင် ဒေါ်ငြိမ်း၏ စကားများက သူ့နားထဲ တိုးဝင်လာသည်။ ကိုင်းတန်းမှရသော ငါးရံ့သေများအနက် အသေစောသော မလတ်ဆတ်သည့် ငါးရံ့များကို ဒေါ်ငြိမ်း မှာသည့် ငါးရံ့ကြီးထောင်း ငါးပိလုပ်ရန် သီးသန့်ဆောင်ရွက်ရပါမည်။
အသေနောက်ကျသော ငါးရံ့များကို ငါးခြောက်ခွဲရမည်။ မျောက်မြီးဟု ခေါ်သော အကောင်သေးသည့်ငါးရံ့ကို ကျောခွဲခြောက်၊ လုံးခြောက်လှန်းရမည်။
အကောင်လတ်၊ အကောင်ကြီးများကို ခွဲခြောက်လုပ်ရပေဦးမည်။ အပယ်ဖြစ်သော ငါးခေါင်းများကိုလည်း သုံးဦးစပ်ငါးပိထဲ ထည့်သိပ်ရမည်။
တစ်ချိန်က ငါးရံ့ခေါင်းများကို ငါးပိထဲ သိပ်လေ့မရှိ။ ငါးသားပုစွန်ရှားပါးသောအချိန် ရောက်လာသဖြင့် ငါးရံ့ခေါင်းပင်လျှင် ငါးပိထဲ ထည့်သိပ်လေ့ရှိလာပါသည်။
ငါးရံ့ခေါင်းကို သုံးဦးစပ်ငါးပိထဲ ထည့်သိပ်ရုံဖြင့် ငါးပိသည် တန်းမဝင်ဟု ဆိုကြမည်မဟုတ်။
ယခုအချိန်တွင် ငါးဖယ်ရိုးနှင့် အရေခွံငါးပိပင်လျှင် ရောင်းတန်းဝင်နေလေပြီ။ ငါးဖယ်ခြစ်ရာတွင် အသုံးပြုသော အရိုးနှင့်အရေခွံပင်လျှင် ဈေးကောင်းသော ကာလ ဖြစ်နေသည်။
မစိန်မယ်သည် ငါးသေများ ကုန်သောအခါ အသင့်ယူလာသော ငါးခြင်းဖြင့် ငါးရံ့အရှင်များ ဖမ်းထည့်ရန် ပြင်ဆင်ရပါသည်။
ငါးခြင်းသည် ဝါးဖြင့်ရက်လုပ်သော အဝကုတ် ခြင်းကြီးတစ်လုံးဖြစ်သည်။ အဝတွင် ရှုံ့ပိုက်ကြိုးတပ်ထားပြီး လက်တစ်နှိုက်စာအဝ ချန်လှပ်ထားပါသည်။ ငါးရှင်များ အလွယ်တကူ ခုန်မထွက်စေရန် ကာကွယ်ထားခြင်း ဖြစ်သည်။
ငါးရံ့အရှင်များသည် ငါးမြွေထိုးလှေ၏ နင်းကြမ်းအောက်တွင် ရေစပ်စပ်ဖြင့် ထားရသည်။ နင်းကြမ်းကို မလုပ်မီ ပက်ခွက်နှင့် ရေကို ကုန်စင်အောင် ပက်ထုတ်ရပေသည်။ ရေကုန်မှသာ ငါးအရှင်ဖြစ်သော ငါးရံ့များ ဖမ်းဆီးရ လွယ်ကူပေမည်။
ငါးရံ အရှင်ကို သာမန်လူများ မဖမ်းနိုင်ပေ။ မဖမ်းတတ်လျင် သန်၍ ချွဲနေသော ငါးရံ့အရှင်သည် လက်ထဲမှ ခုန်ထွက်ကာ ရေထဲ လွတ်ထွက်ကုန်မည်ဖြစ်သည်။
ငါးရံ့အရှင်ကို ဖမ်းရာတွင် လက်ဝါးဖြင့် အုပ်ဖမ်းခြင်း မပြုရပေ။ လက်ညှိုးနှင့် လက်ခလယ်ကို ကွေးညှပ်ဖမ်းခြင်းဖြင့် ငါးရံ့အရှင် ရုန်းထွက်ခြင်းကို ကာကွယ်နိုင်လေသည်။
“စိန်မယ်ရေ … မြန်မြန်ဟေ့၊ ပြီးတော့ ရွဲငထွန်းဆီမှာ သွားတိုက်လိုက်ပါလားကွာ”
မောင်ခြုံက ငါးရွဲငထွန်းတဲတွင် ငါးရှင်များ သွားချိန်ရန် တိုက်တွန်းလိုက်သည်။
“အိုရှင် . . ရှင်ပဲ သွားလိုက်ပါလား တော်။ ကျုပ်မှာ ငါးသေတွေ ကိုင်ရအုံးမယ့်ဟာ”
စိန်မယ်က ငြင်းသည်။
“မဟုတ်ဘူးကွ၊ ဒီနေ့လည်း ငါးမဟပ်တော့ ရွဲကြွေးမဖြတ်ဖို့ ငထွန်းကို တောင်းပန်ရအုံးမှာ။ ဟဲ … ဟဲ … ငါ မျက်နှာပူလို့ မင်းကလည်း အပူခံပြီး ပြောပါအုံးကွာ”
ဒီရက်ထဲ ရေလိမ်သည်မှာ မကြာခဏ။ မိုးရွာပြန်တော့လည်း သဲသဲမဲမဲ။ မိုးသည်းပြန်တော့လည်း ငါးမဟပ်ပြန်။ ရွဲကြွေးဖြတ်ဖို့ ပြင်နေသော ရွဲသမားနှင့် ကိုင်းသမားမှာ ကြာလာတော့ စကား အချီအချ ပြောလာရတတ်သည်။
ရွဲသမားဘက်က ကြည့်ပြန်တော့လည်း မှန်နေ၏။ တစ်နှစ်ပတ်လုံး ရွဲသမားက ကိုင်းသမားတစ်ယောက် မွေးရသည်မှာ စရိတ်ကြီးပါဘိခြင်း။
xxx xxx xxx
“ကိုထွန်းရေ … ဒီနေ့လည်း ရွဲကြွေး မဖြတ်ပါနဲ့အုံး”
မဝံ့မရဲပြောလိုက်သော စိန်မယ့်အသံကြောင့် ငါးတိုက်နေသော ငထွန်းကိုယ်မှာ ဆတ်ခနဲ တွန့်သွားသည်။ ရာဇူ(သစ်သားဘောင်ချိန်ခွင်) ချိတ်ကို လှမ်းချိတ်ပြီး အလိုမကျသော မျက်နှာဖြင့် စိန်မယ်နှင့် မျက်နှာချင်းဆိုင်လိုက်သည်။
“မရဘူး၊ ဒီနေ့တော့ ဖြတ်ရမှာပဲ။ ကြာရင် ကိုင်းသိမ်းတော့ ရွဲကြွေး တနင့်တပိုး ကျန်နေမှာပေါ့။ မဖြတ်လို့က မရဘူး”
“ဒီလိုလုပ်ပါလား။ ရွဲကြွေးမကျေတော့လည်း ငါးပိပေးနဲ့ ဆပ်မှာပေါ့ ကိုထွန်းရယ်“
စိန်မယ်၏ တိုးလျှိုးတောင်းပန်သံသည် ရွဲငထွန်းသို့ တိုးမဝင်နိုင်။
“ဘာ … ငါးပိပေး လာပြန်ပြီလား။ ခင်ဗျားတို့ ကိုင်းသမားတွေက ငါးပိနဲ့ ထွက်ပေါက်ပြပြီး အချိန်တန်တော့ ဈေးလဲပစ်ပြီး ကုန်တာပဲဟာ။ ဒီမှာ ငထွန်းတို့က လုပ်စားတာ အံခွနေပြီဗျ”
ရွဲငထွန်းက ပါးစပ်ဖြဲ၍ အံသွားကို လက်ညွှန်ကာ သဏ္ဌာန်လုပ်ပြသည်။
ရွဲငထွန်းပြောတာလည်း မလွန်။
ဝါဆိုလပြည့်ကျော်သည်နှင့် ကိုင်းသမားများ အင်းနယ်ကို ခြေချခဲ့သည်။ ကိုင်းထောက်သည်ဟူသည်ကား ငါးရံ့များကို ငါးရှင်စာ (ငါးဖျင်းသလက်)နှင့် ငါးများတန်းချသော လုပ်ငန်းဖြစ်သည်။
အင်းသူကြီးက မိမိအင်းဂရန်အတွင်းရှိ ငါးစားကျက်များကို အပိုင်းပိုင်းခွဲစိတ်၍ ကိုင်းနယ်အဖြစ် ဈေးသတ်မှတ်ရောင်းသည်။ ကိုင်းရောင်းဈေးကို ကိုင်း ကြေးဟု ခေါ်သည်။
ကိုင်းသမားတစ်ယောက်အတွက် ကိုင်းကြေးအပြင် တဲဆောက်စရိတ်၊ ချည်၊ ငါးမျှားနှင့် လှေတက်ကအစ စုဆောင်းရသည်။ ထိုစရိတ်စက အဝဝကို ကိုင်းကြေးထဲပေါင်းထည့်၍ ရွဲသမားထံမှ ကြိုတင်ထုတ်ယူသည်။ ရွဲသမား၏ ကြိုတင်ပေးငွေကို “ရွဲပေး”ဟု ခေါ်ဆိုသတ်မှတ်ကြသည်။
ရွဲပေးငွေကို ငါးချိန်သည့်အခါ ရွဲသမားက ငါးဖိုးချေရာတွင် ဖြတ်တောက်လေ့ရှိသည်။
ရွဲသမားက ရေလိမ်၍ ငါးအရနည်းသောအခါ ရွဲကြွေး ဖြတ်တောက်သည်ကို မလိုလားကြပေ။
ဤသို့ ရွဲပေးကို ကြိုတင်မဖြတ်တောက်ပါက ကိုင်း သိမ်းချိန် သီတင်းကျွတ်လပြည့်ကျော်ကာလတွင် ကိုင်းသမားလက်၌ ရွဲကြွေးများ တနင့်တပိုး ကျန်တတ်ပေသည်။
“အားလုံး မှတ်ထား၊ ဒီနှစ် ရွဲငထွန်းက ကိုင်းသိမ်း ရွဲသိမ်းပဲ။ ဒီနှစ်မှာ ကျုံတာနယ်က ရွဲသမားမှန်သမျှ ကိုင်းကြေး တစ်ဝက်ပဲ ပေးကြတာ ခင်ဗျားတို့အသိပဲ။ ငထွန်းတို့က အပြည့်ပေးထားတာ။ မကျေနပ်ရင်၊ မကြိုက်ရင် ပြန်အမ်းကြ”
ရွဲငထွန်းက မာမည်ဆိုက မာလောက်ပါသည်။ ရွဲသမားများသည် တစ်နှစ်ထက် တစ်နှစ် ကိုင်းကြေးများ တိုးတက်လာသောအခါ ကိုင်းကြေးတစ်ဝက်သာ ပေးသောစနစ်ကို ကျင့်သုံးလာကြသည်။ ထိုရွဲသမားထဲတွင် ရွဲငထွန်းသည် ကိုင်းကြေး အပြည့်ထုတ်ပေးသော ရွဲသမားတစ်ဦး ဖြစ်လေသည်။
“ပြောမနေနဲ့တော့ စိန်မယ်ရေ။ တခြားရွဲထက်စာရင် ငထွန်းက အနူတောက လူချောဟ”
ကိုင်းသမားတစ်ဦးဖြစ်သော ဘကြီးသာဒွန်းက စိန်မယ်နားကပ်၍ တီးတိုးနှစ်သိမ့်လိုက်သည်။
ဒီတော့လည်း စိန်မယ် ငြိမ်ကုပ်နေရုံသာ။
xxx xxx xxx
အပြန်လမ်းတွင် လှေချင်းယှဉ်၍ လှော်ခတ်လာသော ဘကြီးသာဒွန်းက စကားစသည်။
“ဒီနှစ်လို ရေလိမ်တဲ့နှစ်က ရှားပါတယ်ကွာ။ ငါးကလည်းမဟပ်၊ ဟပ်ရင်လည်း မျောက်မြီးတွေပဲဟပ်တော့ ငထွန်း ဘယ်လောက်ပဲဖြတ်ဖြတ် ရာသီကုန်ရင် ရွဲကြွေးကျန်အုံးမှာပဲ”
ရွဲသမားက ငါးတိုက်ချိန်တွင် ရွဲကြွေးကို ဖဲ့၍ ဖြတ်ကြသော်လည်း ကိုင်းသမား စားဝတ်နေရေးကို တွက်ဆရသည်။ ရွဲသမားက ထင်တိုင်းကြဲ၍ ကိုင်းသမား စားစရိတ်မကျန်အောင် ဖြတ်တောက်နေလျှင် ပြဿနာဖြစ်ပွားတတ်သည်။ ကိုင်းသမားက သစ္စာဖောက်၍ အခြားရွဲကို တိုက်တတ်ကြလေသည်။
“ကျွန်မကတော့ ငထွန်းရွဲကြွေး ကျန်ရင် ငါးပိပေးပြီး အပြတ်ဆပ်ဖြစ်မလားလို့ ကြံထားတယ်။ ဒီနှစ် ရေခြောက်၊ ကုန်းခြောက်တဲ့အခါ အင်းကလေး တစ်ပိုင်တစ်နိုင် လုပ်မလားလို့ တွေးထားတာ”
ရွဲသမားများသည် ရွဲကြွေးကျေသော၊ ရွဲကြွေးအနည်းအကျဉ်းကျန်သော ကိုင်းသမားများကို နွေပက် အင်းစရိတ် ထုတ်ပေးကြသည်။ ကြွေးမကျေ ငွေကျန်များသော ကိုင်းသမားဆိုလျှင် ရွဲသမားတိုင်းက လက်တွန့်ကြသည် မဟုတ်ပါကလား။
‘မောင်တစ်ထမ်း မယ်တစ်ရွက်’ ဟူသော စကားရပ်သည် လင်နှင့်မယား မခွဲခြားဘဲ မိသားစုတာဝန်ကို ဦးပဲ့ထမ်းခြင်းဖြစ်သည်။
စိန်မယ်တို့က မောင်တစ်ထမ်းပိုးလျှင် မယ်ကလည်း တစ်ထမ်းစာရွက်သည်မျိုး။ ဆေးလိပ်သောက် အပျင်းထူသူများ မဟုတ်။ ကိုင်းသမားမယားပီသသူဖြစ်၏။
အရှေ့အရပ်မှ အရုဏ်ပျိုးသည်နှင့် အလုပ်နှင့်လက် ဇယ်စက်သလို ဆောင်ရွက်တတ်၏။
ယခုလည်း မိုးမလင်းတလင်းတွင် တဲရှေ့ကမူပေါ်၌ သပွတ်ထိုးနေလေသည်။ သပွတ်ထိုးခြင်းသည် လက်လုပ်ငါးပိလုပ်ငန်းမှ နည်းတစ်နည်းဖြစ်၏။
ညကခုတ်ပြီးသော ငါးများကို အစိတ်ဝင်အိုးတွင် ရေစပ်စပ်နှင့် စိမ်ကြရ၏။ ဤသို့ ငါးပုပ်စိမ်ပြီးသော ငါးများကို သပွတ်တံဖြင့် အိုးဝတွင် မတ်မတ်ရပ်၍ ကြိမ်ဖန်များစွာ ဆောင့်၍ထိုးခြင်းကို သပွတ်ထိုးသည်ဟု ခေါ်သည်။ သပွတ်တံမှာ လက်ဖြစ်၊ အရင်းကြီး၍ အဖျားရှူးသော ညံသားတုတ် လေးငါးချောင်းကို စုစည်းချည်နှောင်ထားသော တုတ်ချောင်းငယ်ဖြစ်သည်။
သပွတ်တံကို အရင်းပိုင်းက ဇောက်ထိုးထား၍ ရေစပ်စပ်တွင်ရှိသော ငါးပုပ်များကို ဆောင့်ကာဆောင့်ကာ ထိုးခြင်းကို သပွတ်ထိုးခြင်းဟု ခေါ်တွင် သည်။
ဤသို့ဆောင်ရွက်သောအခါ ငါး၏ အပေါ်ယံရှိ အရေခွံပေါ်မှ အရောင်အဆင်းများ ပြယ်သွားသည်။ သပွတ်ထိုးနာသော ငါးပိသည် ဖြူဖွေး၍ ငါးချဉ်ကဲ့သို့ အရောင်လှပပေသည်။
သပွတ်ထိုးနာသော ငါးပိကောင်များကို တစ်နိုင်တစ်ပိုင်ကိုင်းသမားများသာလျှင် လုပ်ဆောင်နိုင်ကြသည်။ များများစားစား ငါးပိလုပ်ကြသည့် လက်ကြီး သမားများ မဆောင်ရွက်နိုင်ကြပေ။
ဥပမာ အင်းများမှလုပ်သော ငါးပိများသည် ကိုင်းသမားငါးပိလောက် စနစ်တကျ မပြုနိုင်ကြချေ။ လက်ကြီးသမားဖြစ်သဖြင့် အင်းချိန်တွင် ပုံအောကျ လာသော ငါးများကြောင့် မနိုင်မနင်း ဆောင်ရွက်ကြရပေသည်။
ထို့ပြင် ပက်အင်းရာသီတွင် ဆောင်ရွက်သော ငါးပိသည်လည်း ထို့နည်းတူစွာပင်။
သို့ကြောင့် ကိုင်းသမားများထံမှ ရရှိသောငါးပိသည် ငါးပိကောင်းငါးပိသန့်အဖြစ် တန်းဝင်ပေသည်။
ဤသို့ ငါး၏ အပေါ်ယံအရေခွံ ဖြူဖွေးလာသောအခါမှ ဆယ်တင်၍ ရေနှင့် အကြိမ်ကြိမ်ဆေးကြောရသည်။ ဆန်ခါနှင့်ဆယ်၍ အရည် အစစ်ခံရပြန်သည်။ အရည်စစ်သော ငါးပိများကို နေ တစ်နေ့ ပြရပြန်သည်။ နေပြပြီးသော ငါးပိကို သစ်သားငရုတ်ဆုံတွင် ဆားဖြူး၍ ထောင်းရသည်။ ဤသို့ နေပြ ဆားဖြူး ထောင်းခြင်း သုံးကြိမ်ပြုလုပ်ပြီးသောအခါမှ အိုးတွင် လေဟာခြင်းမရှိအောင် ထောင်းသိပ်ရလေ သည်။
“စိန်မယ့်လက်ထွက် ငါးပိမှ လူကြိုက်များတာအေ။ စိန်မယ်တို့က ငါးပိကိုင် အရမ်းသန့်တာ”
ကျုံတာကိုင်းသမားလောကတွင် စိန်မယ့်ငါးပိဆိုလျှင် သူတကာထက် လိုချင်ကြသည်။ ဤနယ်တစ်ဝိုက်တွင် ပျံ့မွှေးလျက်ရှိပါသည်။
xxx xxx xxx
ဒီနေ့လည်း ပိုက်တိုးငါးများ လှေကန်တွင်သိပ်၍ မောင်ခြုံလှေက တဲကို လာဆိုက်လေပြီ။
“တော်သေးတာပေါ့ကွာ။ ချောင်းဖျားက ငါ့ပိုက်တွေ အကုန်လုံး အင်းသားတွေ မျက်စိမှောက်သွားလို့ပေါ့ကွာ“
ပြောပြောဆိုဆို တဲပေါ်လှမ်းတက်လာသော မောင်ခြုံကား ပေါ့ပါးသွက်လက်နေသည်။
ကိုင်းသမားများသည် ငါးရံ့တန်းချရင်း အင်းသူကြီးများအလစ်တွင် ပိုက်ခိုးချလေ့ရှိသည်။ အင်းသူကြီးများကလည်း ခိုးပိုက်များကို ဖမ်းမိနိုင်ရန် အချိန်မလပ် ရှာဖွေကြသည်။
ခိုးပိုက်မှ ပိုက်များမိပါက အပိုင်သိမ်းကြသည်။ ခိုးပိုက်ဖော်နေစဉ် မိပါက လူရော ပိုက်ပါ ဖမ်း၍ တည်ဆဲအင်းအိုင်ဥပဒေအရ အရေးယူတတ်ကြသည်။ တစ်ဝမ်းတစ်ခါးအတွက် လောဘ၊ မောဟတိုက်ပွဲများကြောင့် ဤစားကျက်ကွင်းရှိ အဖြူရောင်နှလုံးသားများသည် ညစ်ထေးမည်းနက်သွားတတ် သည်လည်း ရှိတတ်ပေသည်။
“ကိုင်းကြွေးကျန်လို့ကတော့ ပက်အင်း မပူဆာနဲ့နော်။ လုံးဝပဲ”
ရွဲငထွန်း၏ အသံသည် မောင်ခြုံ၏ နားထဲတွင် ပဲ့တင်ထပ်နေ၏။
သို့သော် ကိုင်းကြွေးကတော့ ကျေနိုင်မည်မဟုတ်။
ဒီတစ်နှစ်လုံးရေလိမ်သည်က များသည်။ မိုးကများသည်နှင့် ရေလျှံကာ ငါးများ အင်းနယ်တင်မက အခြားနေရာများကိုပါ ပျံ့နှံ့ကုန်သည်။
မိုးများလျှင် ငါးရှင်စာ ရှား၏။ မိုးစင်သောနေ့များလျင် ငါးရှင်စာ အရများသည်။ ငါးရံ့တန်းရာတွင် ငါးရှင်စာသည် အဓိက ဖြစ်သည်။
ငါးရှင်စာဖြစ်သော ငဖျင်းသလက်များကို ပုံးနှင့် ထောင်ရသည်။ ငါးဖျင်းသလက်ထောင်သော ပုံးများကို အသင့် ဝယ်ယူရရှိနိုင်သည်။
မောင်ခြုံတို့က မိမိလက်ဖြစ်ပုံးကိုသာ နှစ်ခြိုက်သည်။ ဝယ်သော ပုံးကို သုံးလေ့သုံးထမရှိ။ ကိုင်းချိန်မတိုင်မီကပင် ခယင်ဝါးတစ်ကတ်ဝယ်၍ ကြိုတင်ရက်လုပ်ခဲ့သည်။
ပုံးဟူသည်မှာ အရှည်နှစ်တောင့်ထွာခန့်ရှိသော ရှည်ရှည်မျောမျော ခြင်းရှည်တစ်လုံးဖြစ်သည်။ အရင်းကြီး၍ အဖျားသွယ်သောကြောင့် ပုလင်းခေါင်းရှည်သဏ္ဌာန်တူသည်။ သွယ်သောထိပ်တွင် အဝလုပ်ထားရသည်။ အရင်းကြီးသောနေရာတွင် ငါးဝင်သော အပေါက်ငယ်တစ်ခု ရှိသည်။
ငါးဖျင်းသလက်များသည် ရေမြုပ်၍ ထောင်ထားသော ပုံးအတွင်း အောက်ခြေပေါက်မှ ဝင်ရောက် လေ့ရှိကြသည်။ အဝကျဉ်းသောကြောင့် ပုံးတွင်းမိကြရခြင်းဖြစ်သည်။
ကိုင်းသမားတစ်ဦးလျှင် ငါးရှင်စာထောင်သော ပုံး ခုနစ်ပုံးမှ ဆယ်ပုံးထိ ရှိကြသည်။ ကိုင်းနယ်ကျယ်လျှင် ကျယ်သလို အရေအတွက် ပိုမိုထားရှိရပေ သည်။
“တို့က ငါးမျှားသုံးရာကိုင်တော့ ငါးရှင်စာဝယ်ရအုံးတော့ တော်သေးတာပေါ့။ မင်းလို ကိုင်းနယ်ကြီးကိုင်တဲ့သူက ငါးရှင်စာဝယ်ရရင် မနိပ်ဘူးကွ”
ရှဉ့်မတက်ကွင်းသည် ကိုင်းနယ်ကြီး၏။ သို့သော် နယ်သေးကိုင်သော ကိုသန်းမောင်လိုလူ လေးဦးမျှ၍ လုပ်ကိုင်ကြသည်။ ရှဉ့်မတက်ကွင်းလို ကိုင်းနယ် အသေးကိုင်သည့် ကိုသန်းမောင်လိုလူကပင်လျှင် ငါးစာကိစ္စ ညည်းညူလာသည်။
“မတတ်သာဘူး ကိုသန်းမောင်ရေ။ ငါးရှင်မရလို့ ငုတ်တုတ်ထိုင်နေလို့ရတာမှ မဟုတ်တာ။ ဝမ်းရေးပူတာထက် ရွဲသမားပူတာက အနေရခက်တာဗျ”
“ဒီလိုဆိုရင် ချောင်းဖျားက ရွှေဝဆီ ငါးရှင်စာ သွားဝယ်ပါလားကွ။ ရွှေဝတစ်ယောက် ငါးရှင်စာထိတယ်တဲ့ဟ”
ချောင်းဖျား အင်းနယ်မြေမှ ကိုရွှေဝတစ်ယောက် ငါးရှင်စာထိမှန်းတော့ မောင်ခြုံသိသည်။
ရွှေဝက ကိုင်းသမားစစ်စစ်မဟုတ်။ ကုန်းရွာမှ လယ်သမားတစ်ဦးဖြစ်ပြီး ကိုင်းသမားတစ်ပိုင်း၊ လယ်သမားတစ်ပိုင်း ဖြစ်သည်။ ကိုင်းသမားများကဲ့သို့ အပူအပင်မရှိ။ ငါးမရ ရေချိုးပြန်မည့် လူစားမျိုး။
“ကိုရွှေဝကတော့ ဘဲချည်ကြိုး တန်ဖိုးကြီးပဲဆိုပြီး ဈေးကိုင်တတ်တယ်ဗျ”
ကိုသန်းမောင်က ကိုင်းသမားများ ကြုံဖူးသော ကိုရွှေဝအကြောင်း သတိပေးလာသည်။
“ငါးရှင်စာ ဝယ်ရရင်တော့ ကျုံဝါးကြီးကွင်းဘက် သွားမလားလို့ စိတ်ကူးထားတယ်”
မောင်ခြုံနှင့် ကိုသန်းမောင်တို့နှစ်ဦး အချီအချပြောနေတုန်း ပျင်းတွဲတွဲ တက်သံနှင့် လှေလမ်းအတိုင်း ဝင်လာသော လှေတစ်စင်းကြောင့် စကားစပြတ် သွားသည်။
“ဟာ … ဦးကျော်မြ“
ကိုသန်းမောင်က လောကွတ်လုပ်လိုက်မှ မောင်ခြုံက ယောက္ခမ ဦးကျော်မြကို တဲပေါ်မှ ငုံ့ကြည့်လိုက် သည်။
“ဘယ့်နှယ် မောင်ခြုံတို့၊ ကိုသန်းမောင်တို့ … ငါးဟပ်ကြရဲ့လား”
ဘိုးကျော်မြက ကိုင်းသမားအချင်းချင်း တွေ့လျှင် ပြောနေကျ အာလာပ သလ္လာပ စကားကို ဆိုလိုက်သည်
“ငါးတော့ဟပ်ချင်သား အဖေရဲ့။ ခက်တာက ငါးရှင်အထိနည်းနေတော့ အတော်ဆိုးတာပဲ”
“မြောက်ခြမ်းကဟပ်ရင် ဒေ့ကြီးတွေမှ ဟပ်တာနော်”
မောင်ခြုံ၏ တုံ့ပြန်မှုကို ဘိုးကျော်မြက အားဆေးထည့်ပေးလိုက်သည်။
“အရင်လိုမဟုတ်ပါဘူး အဖေရာ။ ဒီနှစ် မိုးဦးနောက်ကျလို့ ထင်ပါရဲ့ဗျာ။ မြောက်ခြမ်းလို နာမည်ရှိတဲ့နေရာမှာတောင် ငါးရံ့မျောက်မြီးတွေ အဟပ်များ နေတယ်”
မှန်ပေသည်။ ယခင်နှစ်များတုန်းက မြောက်ခြမ်းမှာ ငါးရံ့အကောင်ကြီးဟပ်သည်ဟု နာမည်ကြီးခဲ့သည်။ ကိုင်းနယ်မြေမှာ ရေနက်၍ ချုံနွယ်များပေါ၏။
ရေဦး၌ ကိုးနံပါတ်ငါးမျှား သုံးကြရ၏။ နည်းမျိုးစုံ၊ ပိုက်မျိုးစုံသုံး၍ပေလော၊ ရာသီဥတု မမှန်ကန်ခြင်းပေလော မသိ။ ငါးသားပုစွန်ကား ကြာလေရှားပါးလေ ဖြစ်နေပေပြီ။
xxx xxx xxx
“ရွဲသမားကလည်း နေ့တိုင်းလို ရွဲကြွေးဖြတ်၊ စားစရိတ်တောင် မနည်း လုပ်နေရတယ်ကွာ။ ဒီပုံနဲ့ ရွဲကြွေးမကျေဖြစ်ပြီး ပက်အင်းရာသီရောက်ရင် ပက်အင်းလေးတစ်ကွက်တစ်ပိုင်းတောင် ရမှာမဟုတ်ပါဘူး စိန်မယ်ရာ”
ကြားနေကျစကား၊ ရိုးနေကျ အညည်းအညူတွေကြောင့် မစိန်မယ်က ပစ္စည်းကို မရောင်းချင်ရောင်းချင်နှင့် ရောင်းလိုက်ရပါသည်။
မရောင်းမီ မောင်ခြုံကို တိုင်ပင်လျှင် ဖျက်ချင်ဖျက်ပေလိမ့်မည်။ ရောင်းပြီးမှ ရှင်းပြလျှင်တော့ မောင်ခြုံ ကန့်ကွက်တော့မည် မဟုတ်ပေ။
ဤ အတွေးဖြင့် မစိန်မယ် ရောင်းချဖြစ်ခဲ့ပါသည်။
“အားပါး … ညည်းငါးပိတူးတဲ့အနံ့ ရတာနဲ့ ထမင်းတောင် ဆာလာပြီအေ”
ဒေါ်ငြိမ်းက အစိတ်ဝင်အိုးနှုတ်ခမ်းတွင်ရပ်၍ ငါးပိတူးနေသော စိန်မယ်ကို လှမ်းပြောလိုက်သည်။
စိန်မယ်သည် သူမ တယုတယထားခဲ့သော ဖြူဖွေးဖွေး ငါးပိများကို နှမြောစွာ လေးတွဲ့တွဲ့ တူးဆွနေ သည်။ တူးဆွထုတ်ယူပြီးသော ငါးပိအထွေးများကို ဓာတ်မြေဩဇာအိတ်တွင် ထည့်လိုက်သည်။
“ကျုပ်က ဒီငါးပိတွေကို ကုန်းမှာ မိုးဦးလောက်မှ ဆန်နဲ့တက်လဲမလို့ စိတ်ကူးထားတာတော့“
မစိန်မယ်က သူမကိုယ်တိုင် တစ်မိုးတွင်းလုံး စုဆောင်းထားသော ငါးပိကို မိမိသားတစ်ဦး မိခင်နှင့်ခွဲသွား သောအခါ ခံစားရသည့် ခံစားမှုမျိုး ရင်မှာတသနေသည်။
“ပက်အင်းချိန်ကျတော့လည်း ညည်းတို့တစ်တွေ ငါးပိထပ်ရမှာပဲပေါ့အေ”
ဒေါ်ငြိမ်းက စိန်မယ်ကို ဖျောင်းဖျစကား ဆိုလိုက်သည်။
“ဒေါ်ငြိမ်းသိသားပဲဟာ။ ပက်အင်းရာသီရတဲ့ ငါးပိက ဒီငါးပိလို မဟုတ်ဘူးတော့ဘူး။ ရေရှားမိုးရှားကာလဆိုတော့ ဒီလောက် မသန့်ဘူး”
“ဒါတော့ ဟုတ်တာပါပဲ။ ဒါပေမဲ့ စိန်မယ့်လက်ထွက် ငါးပိကိုတော့ ဘယ်သူကမီအောင် လုပ်နိုင်မလဲအေ”
ဒေါ်ငြိမ်းက စိန်မယ့်လက်ထွက် ငါးပိကို မက်မက်မောမော ချီးမွမ်းလိုက်သည်။
ချီးကျူးလည်း ချီးကျူးထိုက်ပေသည်။
ဖြူဖွေးထွေးအိနေသော စိန်မယ်၏ ငါးပိဖြူဖြူတို့က ငါးပိကြိုက်သူတို့အား မြူဆွယ်နေသယောင်။
မစိန်မယ်ခမျာလည်း သူမ၏ ကိုင်းထွက်ငါးပိများကို လက်လွှတ်ရမည်ကို ကြေကွဲဝမ်းနည်းနေသည်။
ဒီငါးပိများက အချိန်ကျလျှင် ကြိုက်ဈေးခေါ် ရောင်းနိုင်သည်မျိုး။ နွေမပေါက်မီ ရောင်းတော့ ဈေးမကောင်း။
သို့သော်. . . ။
‘ငါးပိနှင့်လောက် ရွှေနှင့်ကျောက်’ ဟူသော မြန်မာစကားပုံရှိလေ၏။ ငါးပိနှင့် လောက်သည် ယှဉ်တွဲရှိတတ်၏။ ရွှေနှင့် ကျောက် တွဲဖက်လျှင် လိုက်ဖက်၏။
ငါးပိနှင့်လောက် တွဲမှုမှာ ကြာရှည်မတည်။ လူတို့သည် ငါးပိပေါ်မှ လောက်များ ကင်းစင်စေရန် နည်းအဖုံဖုံနှင့် ဆောင်ရွက်ကြသည်။
ငါးပိကို ယင်မနားနိုင်စေရန် ဖုံးအုပ်ထားရမည်။ ငါးပိတွင်ရှိသော လောက်များ သေကျေစေရန် လောက်သေရွက်များ ထည့်ပေးရသည်။ လောက်တဖွားဖွားနှင့် ရှိနေသောငါးပိကို မည်သည့်စားသုံးသူ ကမှ မနှစ်ခြိုက်ကြ။
ရွှေနှင့်ကျောက် တွဲဖက်ရှိနေခြင်းကို လူတိုင်းက လိုလားနှစ်ခြိုက်ကြ၏။
ငါးပိနှင့်လောက်မှာ လောက်သည် ငါးပိနား ရေရှည်တည်တံ့မနေပေ။
သည်သို့ပင် ဉာဏ်မတူ ဖြူဖြူဖွေးသော ကိုင်းငါးပိသည် သခင်ရင်းဖြစ်သော ကိုင်းသမားထံမှ အချိန်မတန်လည်းခွဲ၊ အချိန်တန်လည်းခွဲရမည်မှာ ဓမ္မတာပါပေ။
ကိုင်းသမားများမှာ မြို့အရပ်မှ ငါးဖယ်ရိုးငါးပိကိုသာ မတန်ရေ တန်ရေ ဝယ်စားရလေသည်။
“ညည်းငါးပိကို ငါ အကုန်မရောင်းပါဘူးအေ။ အိမ်ပိုင်ထားရအုံးမယ်။ အခု ငါးဖယ်ရိုးငါးပိတွေကို မြန်မြန်နပ်အောင် ငါးပိကို ဓာတ်ဆားသိပ်ကြတယ်တဲ့အေရယ်”
ဒေါ်ငြိမ်းစကားများကို စိန်မယ် မကြားနိုင်တော့ပါ။
မောင်ခြုံပြန်လာလျင် ရွဲကြွေးမကျေလည်း ပူစရာမလိုတော့ကြောင်း၊ မိမိ တပင်တပန်း စနစ်တကျ သိပ်ထားသော ကိုင်းငါးပိရောင်းရငွေဖြင့် အင်းတစ်ပိုင်တော့ ဝယ်နိုင်ကြောင်းပြောပြရန် စကားလုံး များကို သီကုံးနေပါတော့သည်။
(ငွေတာရီ မဂ္ဂဇင်း/အောက်တိုဘာလ/၂၀၀၆)
(နောက်ပိုင်း Facebook က စာတင်လို့မရတော့လျှင် စာဆက်ဖတ်နိုင်ဖို့အတွက် အောက်က Telegram ကို Joint ထားကြပါဗျ)
Uncategorized