*******************************
 
—————————
ပေပင်ကုန်းရွာ အနောက်ဘက်သို့ ထွက်ပြီး လျှိုမြောင်ကလေးတစ်ခုအတွင်းသို့ဆင်းပါက သင်္ချိုင်းဟောင်းတစ်ခုကိုတွေ့မြင်ရမည်ဖြစ်သည်။
သက္ကရာဇ် ၁၂၀၀ခန့်မှစ၍ ၁၂၉၇အထိ ထိုနေရာကိုသာအသုံးပြုလာကြခြင်းကြောင့် အတော်ကလေးပင်ဟောင်းနွမ်းလှ၏။
 
လွန်ခဲ့သော ဆယ်နှစ်ခန့်က ရဲရဲနီအောင်ပွင့်ခဲ့သည့် လက်ပံပင်အိုကြီးသည်လည်း ယခုအခါသင်္ချိုင်းအလယ်၌ မကောင်းဆိုးရွားတစ်ကောင်ထိုင်နေသဖွယ် ငုတ်တိုသာကျန်တော့သည်။ ၎င်းအပင်ကြီး၏ အောက်၌ရှိသော မြေပုံဟောင်းတစ်ခုသည် ထိုအပင်ကြီး၏အရိပ်ကိုမရနိုင်တော့ချေ။
 
ခေါင်းရင်းရှိခပ်စောင်းစောင်း သစ်သားပြားမှတ်တိုင်ပေါ်တွင် “”ဒေါ်ခင်မြိုင်(အသက်၄၄နှစ်)””ဟူသည့်စာလုံးခပ်ရေးရေးကိုမြင်နေရသေး၏။ ထိုမှတ်တိုင်ပေါ်သို့ လူနှစ်ယောက်၏ အရိပ်တို့ ကန့်လန့်ဖြတ်ထိုးကျလာသည်။ မှတ်တိုင်နှင့်နီးသောအရိပ်မှာ တောင့်တင်းသန်မာသော အရွယ်ကောင်းလူငယ်တစ်ဦး၏အရိပ်ဖြစ်ကြောင်းထင်ရှားသည်။
 
ကျန်အရိပ်တစ်ခုမှာ ကိုင်းညွတ်သောကိုယ်ထည်ရှိပြီးတစ်ဖက်တွင်လည်းတောင်ဝှေးကိုထောက်ထားသေး၏။
“ဒီမြေပုံက ငါ့တူကြီးရဲ့အမေ ဦးကြီးနှမ ခင်မြိုင်ရဲ့မြေပုံပါကွယ်”
ထိုအဖိုးကြီး၏ စကားကိုကြားသော်လည်း လူငယ်သည်မည်သို့မျှ မတုံ့ပြန်သေး။ အဖိုးကြီးလည်းဆက်၍ဆိုသည်။
 
“ငါ့တူကြီးက ဒီရွာကထွက်သွားတာ ဆယ်နှစ်ကျော်ပြီဆိုတော့ မြေပုံနေရာကို မှတ်မိလိမ့်မယ်မထင်ဘူး”
“ကျုပ်ကောင်းကောင်းမှတ်မိပါတယ်ဦးကြီး ဒီနေရာအထိခေါ်လာရတာက ဦးကြီးကို နှုတ်ဆက်ဖို့ပါ”
တည်ငြိမ်သော လေသံဖြင့် မျက်လွှာချထားသော ထိုလူငယ်၏ မျက်နှာကို အဖိုးကြီးတစ်ချက်မော့ကြည့်လိုက်သည်။
 
လည်ကုပ်ပေါ်သို့ ပြန့်ကျနေသော ဆံနွယ်ရှည်များနှင့် အနက်ရောင်ခြုံထည်အထက်ရှိ ခိုင်ခန့်သောမေးရိုးများက ဒေါ်ခင်မြိုင်၏သားပီသသည်ဟုတွေးပြီး အဖိုးကြီးလည်းအတန်ကြာငေးကြည့်နေ၏။
 
ထိုလူငယ်သည် လွန်ခဲ့သော ၁၅နှစ်ခန့်က အဖမရှိ အမိမဲ့ လူမမည်ကလေးငယ်တစ်ဦးဖြစ်သည့်
“မြတ်စံထွန်း” ။
“ဦးကြီးအနေနဲ့ မတားချင်ပေမယ့် ငါ့တူကိုဒုက္ခရောက်မှာ မလိုလားဘူးကွယ် သတ္တဝါတစ်ခု ကံတစ်ခု ရှိပါစေတော့လား ”
“ကျုပ်ရဲ့အမေ ဦးကြီးရဲ့နှမကို အသက်ဆုံးရှုံးရတဲ့ ကံတစ်ခုကိုတော့ ဘယ်နည်းနဲ့မှခွင့်မလွတ်နိုင်ဘူး… တွေ့အောင်ရှာမယ် ရအောင်လက်စားချေရမယ်”
ချက်ချင်းပင် မြတ်စံထွန်း၏ မျက်ထောင့်တို့ရဲရဲနီနေ
ပြီး အံ့ကိုကြိပ်လိုက်သောအခါ ကားသောမေးရိုးတို့သည် တင်းမာလာ၏။
 
ဖြောင့်စင်းသောနှာတံနှင့်ယာဖက်မျက်လုံးတို့ကြား၌လည်း မျက်ရည်တစ်ကြောင်းစီးဆင်းသွားသည်။မျက်နှာတစ်ခြမ်းကိုလက်ဖဝါးဖြင့်အုပ်လိုက်သောအခိုက်အတန့် လေးရူးတစ်ချက်တိုက်ခတ်သောကြောင့် ခြုံထည်နှင့်ဆံနွယ်ရှည်တို့မှာ လေတွင်တစ်လွင့်လွင့်နှင့်။ ခေါက်ထားသောအင်္ကျီလက်ကို ဖြန့်ရင်း ရှမ်းဘောင်းဘီအနက်၏ ခါးစည်းကြိုးကိုတင်းလိုက်သည်။
 
ထို့နောက်သင်္ချိုင်း၏ အနောက်ဘက်တည့်တည့်သို့ တရွေ့ရွေ့ထွက်ခွာသွားတော့သည်။မြေပုံဘေးတွင် ကျန်နေခဲ့သော အဖိုးကြီးလည်း မြတ်စံထွန်း၏ ကျောပြင်ကိုငေးရင်း လွန်ခဲ့သော ၁၅နှစ်အလွန်ကာလသို့ တရေးရေးနှင့်ပြန်လည်မြင်ယောင်လာတော့သည်။
 
“နောင်..နောင်”
နှစ်ပေါက်မောင်းငယ်ကလေးကို နှစ်ချက်တီးလိုက်ပြီးစည်းအတွင်းမှ ဒေါ်ခင်မြိုင်ဆိုသည့်အသက်၄၀ ကျော်မိန်းမကြီးမှာ တောကြီးမြွေဟောက်နှစ်ကောင်ကို တစ်ဖက်တစ်ကောင်စီကိုင်ရင်း လည်ပင်းတွင်လည်းမြွေကြီးတစ်ကောင်ကို ပဝါသဖွယ်ပတ်ထားသေးသည်။

“မြွေပွေး မြွေဟောက် လက်ကောက်ဝတ်မယ်တဲ့ဟေ့”
ဒေါ်ခင်မြိုင်ကြီး မြွေဆေးရောင်းလျှင် မကြည့်ချင်ကြသူဟူ၍မရှိ။ ကလေး လူကြီး အရွယ်သုံးပါးမရွေး စည်းဝိုင်းပတ်ပတ်လည်တွင် ငေးမောကြည့်ကြ
မြဲ။ စည်းထိပ်တွင် အမေရေယဉ်ရုပ်ထုရှိပြီး ပွဲတစ်ပွဲထိုးထားသည်။ အမွှေးတိုင် များထိုးစိုက်ထားသောငှက်ပြောဖီး၏အလယ်မှ ကြွက်မြီးရှည်ရှည်နှင့်အုန်းသီးတစ်လုံးရှိ၏။

ထိုအုန်းသီးပေါ်တွင်
“ပါဒိစိသေ” ဟူသော အက္ခရာလေးလုံးကို
မီးသွေးဖြင့်လက်ယာရစ်ချထားသောအင်းတစ်ကွက်ရှိသည်။
ဒေါ်ခင်မြိုင်ရောင်းသောဆေးမှာ မြွေမကိုက်သောဆေးမဟုတ် မြွေကိုက်ခံရပါက အဆိပ်မတက်သောဆေး တစ်နည်းအားဖြင့်မြွေဆိပ်ဖြေဆေးဖြစ်သည်။

စည်းဝိုင်း၏အပြင်၌ မြွေထည့်သည့်ပခြုပ်အခွံကလေးများကို သားဖြစ်သူ “မြတ်စံထွန်း”
နှင့် ဦးကြီးတင်မြိုင်တို့ ကပိုက်လျက်ရှိသည်။
ဒေါ်ခင်မြိုင်ကြီးယခုရောက်ရှိနေသော ပေပင်ကုန်းရွာသည် ထိုကဲ့သို့ပွဲမျိုးကိုတစ်ခါမျှ မကြည့်ဖူးသည်ကတစ်ကြောင်း ၊ လယ်တောထဲတွင်ဖြတ်သန်းသွားလာရသည့်တောင်သူလယ်သမားတို့ဘဝ မြွေကိုကြောက်ရ၍ ဆေးစွမ်းကောင်းကိုအလိုရှိသည်ကတစ်ကြောင်း နှင့်ထိုအဆိပ်ပြင်းမြွေကြီးများကိုကိုင်တွယ်၍လက်တွေ့ပြသနေသောဒေါ်ခင်မြိုင်အား ဝိုင်း၍အားပေးကြသည်။

ဒေါ်ခင်မြိုင်၏ ပွဲနှင့်မနီးမဝေးတွင်ရှိသော တောစပ်၌လက်ကိုင်တုတ်တစ်ချောင်းနှင့်လူလတ်ပိုင်းအရွယ်ပုဂ္ဂိုလ်တစ်ဦးက
တစ်စုံတစ်ခုကိုကြံစည်နေသည်။ထိုသူသည် ဤရွာဝန်းကျင်၌ ဒေါ်ခင်မြိုင်ကဲ့သို့ပင် ဆေးကုသည်ဟု ပြောကြ၏။ ၎င်းသည် သူ၏ပိုက်နက်နယ်မြေကိုကျော်၍ဆေးလာရောင်းသော ဒေါ်ခင်မြိုင်ကို အဆုံးစီရင်ရန် ကြံစည်ထား၏။

သို့ရာတွင် ဒေါ်ခင်မြိုင်သည် ရေယဉ်ကတော်ကြီး၏ လက်အောက်ငယ်သားတစ်ဦးဖြစ်သည့် ကဝေမြောက်စုန်းမကြီးတစ်ဦးဖြစ်သည့်အပြင် ပညာစက်မှာမသေးလှသဖြင့် ပရိယာယ်သုံး၍သာအနိုင်ယူရန်ဆုံးဖြတ်ထားသည်။ သူ၏အဆင့်သည် စုန်းထီးအဆင့်သာရှိပြီး ဒေါ်ခင်မြိုင်၏ပညာဗူးကိုရရှိပါက ကဝေအဆင့်သို့တက်ရန်လွယ်ကူမည်ဖြစ်သည်။

ဒေါ်ခင်မြိုင်သည်လည်းဆေးစွမ်းကိုသာမက သူ၏အတတ်ပညာဖြစ်သော မြွေတို့ကိုခေါ်ခြင်းနှင့်
အနီးအပါးမှမြွေတို့ကိုဝေးရာသို့နှင်ခြင်းအတတ်များကိုပါ ပြသလေ့ရှိသည်။
“နောင်…နောင်..”
“ယခုတစ်ခါမှာတော့ ဒီရွာရဲ့အနီးဝန်းကျင်မှာရှိတဲ့ မြွေဆိုးတွေကိုခေါ်ယူမှာဖြစ်တဲ့အတွက် ရွာသားများ တစ်ဦးတစ်ယောက်မှ စည်းထဲကိုဝင်မလာဖို့သတိပေးထားချင်ပါတယ်”
မိန်းမတစ်ဦးဖြစ်သော်လည်း လွှမ်းမိုးနိုင်သောအသံသြဇာနှင့်ထိုသို့ပြောပြီး အမေရေယဉ်ရုပ်ထုကြီးကို ပွဲနှင့်ဆန့်ကျင်ဖက်စည်းအပြင်သို့မျက်နှာလှည့်လိုက်ပြီး
ကောင်းကင်ပေါ်သို့လက်ကိုဆန့်ထုတ်လိုက်သည်။ ပါးစပ်မှလည်း “ဥုံ ပါဒိစိသေ တေနဂ္ဂပါ”ဟူသောဂါထာကို အသက်အောင့်၍ရွတ်ဖတ်လေသည်။

ထိုအခိုက်အတန့်သည် တောစပ်ခြုံအကွယ်မှ ပုန်းကွယ်ရင်းကြည့်နေသော စုန်းထီးကောင်အဖို့အခွင့်ကောင်းဖြစ်သွားလေသည်။ ဝါးကျည်တောက်အတွင်းအသင့်ထည့်လာသော တိုက်မြွေကိုထုတ်၍ ဒေါ်ခင်မြိုင်ဆီသို့ဦးတည်၍ လွှတ်လိုက်သည်။

ထိုတိုက်မြွေသည် ဒေါ်ခင်မြိုင်ရှိရာ သို့တွန့်လိမ်လိမ်
ဖြင့်သွား၏ ။သို့သော် အုန်းပွဲပေါ်မှအင်းအစွမ်း
ကြောင့်တိုက်မြွေသည်စည်းထဲသို့မဝင်နိုင်။စည်းအပြင် ဝါးတစ်ရိုက်အကွာမှနေ၍ ပါးပြင်းကိုထောင်၏။ တဖူးဖူးမှုတ်၏။အစွယ်ကိုလည်းထုတ်ထား၏။ ဒေါ်ခင်မြိုင်လည်း စည်းထဲသို့ခေါ်မရသောအခါ ထိုမြွေဆိုးကိုဖမ်းရန်စည်းအပြင်သို့ထွက်သည်။

ရွာသူရွာသားများနှင့် ဦးတင်မြိုင်တို့မှာ ဒေါ်ခင်မြိုင်နှင့်မြွေအပေါ်အာရုံရောက်နေချိန် တောစပ်မှမထင်မရှားထွက်လာသော စုန်းထီးသည် စည်းအပြင်မှနေ၍ ပွဲအုန်းသီးပေါ်တွင်လက်ယာရစ်ချထားသော
“ပါဒိစိသေ”ဟူသောအင်းဆံများကို လက်ဝဲရစ်ပြောင်းပြန်ချထားလိုက်၏။ထိုလုပ်ရပ်ကို
“မြတ်စံထွန်း”တစ်ဦးသာသတိထားမိသော်လည်း အရွယ်အားဖြင့်ငယ်လွန်းသဖြင့် ဂရုမပြုမိပေ။

ဒေါ်ခင်မြိုင်သည် ထိုမြွေကြီးအားရဲရဲတင်းတင်းပင်ကောက်ကိုင်လိုက်သည်။ တိုက်မြွေသည်ဒေါ်ခင်မြိုင်၏လက်ထဲတွင် ကြိုးတစ်ချောင်းသဖွယ်ငြိမ်၍လိုက်လာသည်။စည်းအပြင်၌ ငြိမ်၍လိုက်လာသောတိုက်မြွေသည် ဒေါ်ခင်မြိုင်စည်းထဲရောက်လေမှ ဒေါသတစ်ကြီးနှင့် လက်ခုံကိုကိုက်ပေါက်လိုက်တော့သည်။ အရုပ်ကြိုးပြတ်လဲကျသွားသောဒေါ်ခင်မြိုင်ကိုရွာသားများဝိုင်းထူကြသည်။ ဦးတင်မြိုင်လည်းမျက်စိမျက်နှာမကောင်း။ သို့သော်မြတ်စံထွန်းသည် မိခင်ဖြစ်သူကိုကိုက်သောမြွေနောက်သို့ပြေးလိုက်၏။တောစပ်တစ်နေရာ၌ ထိုမြွေကိုကောက်ယူလိုက်သောသူအား သူသေချာမှတ်မိလိုက်၏။ ဒေါ်ခင်မြိုင်ကြီးသည်ကား ဤတွင်ဘဝဆုံးရ ရှာလေပြီ။

ရှေးသူဟောင်းတို့ဓလေ့ အရပ်တွင်ဆုံးသောဧည့်သည်ကို အရပ်၌သာသင်္ဂြိုလ်ခြင်းပြုကြ၏။ ဒေါ်ခင်မြိုင်ကြီးမြေချမည့်နေ့၌ ယော နယ်မှဒေါ်ခင်မြိုင်၏ မိတ်ဆွေကြီးဖြစ်သည့် ဆရာခိုင် ဆိုသူရောက်ရှိလာ၏။ရက်လည်သည်အထိကူညီပေးခဲ့ပြီးနောက်ဆရာခိုင်ပြန်မည့်နေ့၌ ဦးတင်မြိုင်နှင့် နှုတ်ဆက်စကားပြောကြရင်း ကလေးအတွက်စိတ်မကောင်းကြောင်းကို ဆရာခိုင်ကစကားဆို၏။ဆရာခိုင်လည်းမြတ်စံထွန်းကိုချစ်၏။ မြတ်စံထွန်းကိုခေါ်ပြီး နှုတ်ဆက်စကားပြောသောအခါ ဒေါ်ခင်မြိုင်အကြောင်းကိုပြောမိကြပြန်သည်။ မြတ်စံထွန်းသည် ဆရာခိုင်အား သူ့မိခင်သေဆုံးရပုံကိုပြောသောအခါမှ ကိုက်သွားသောမြွေကို အခြားသူတစ်ဦးကောက်ယူသွားသည်ဟုကြားသောကြောင့် ဆရာခိုင် မျက်နှာပျက်သွား၏။

မြတ်စံထွန်းကို သွားရောက်ဆော့ကစားစေပြီးမှ..
“မြွေကိုတစ်ယောက်ယောက်ကောက်သွားတယ်ဆိုတာ
ခင်များမမြင်ဘူးလား မောင်တင်မြိုင်”
“ကျုပ်ဖြင့် ခင်မြိုင့်ကိုပြေးထူလားပွေ့လားနဲ့မို့ မမြင်မိပါဘူးဗျာ ဘာကြောင့်များလဲဆရာကြီး”
“မင်းနှမ အသတ်ခံရတာကွ…ကိုက်သွားတဲ့မြွေကတိုက်မြွေ သတ်တဲ့သူကလည်းပညာသည်ပဲ မင်းနှမစုန်းတတ်တာမင်းလည်းအသိလေ ပညာစက်ကိုနှုတ်ယူချင်လို့လုပ်တာကွ အခုဆို ခင်မြိုင့်ပညာစက်တွေကိုမြွေစွယ်ကနေတစ်ဆင့် သူရပြီး ကဝေဖြစ်အောင်ကျင့်ကြံနေလောက်ပြီ”
“ဒီပညာရပ်တွေနဲ့မနေဖို့ ကျုပ်အတန်တန်တားပါတယ်ဆရာကြီးရယ် မျိုးရိုးစဉ်ဆက် ပညာဗူးက သူကျမှပါသတဲ့လေ အခု ဆိုရင် မြတ်စံထွန်းကိုတောင်အရွယ်ရောက်လာရင်စိုးရိမ်ရတယ် သူ့မှာလည်း ပညာစက်တွေရှိနေမှာဗျ”
“ဘကြီးခိုင်….ကျုပ်ဘကြီးနဲ့ ယောကိုလိုက်မယ်…ကျုပ်အမေကိုသတ်တဲ့ပညာသည်ဆိုတဲ့ကောင်ကို ကျုပ်လက်စားချေချင်တယ်…ဘကြီးခိုင်ကျုပ်ကိုဒီပညာတွေသင်ပေးပါ..”
မြတ်စံထွန်းသည်ဆော့ကစားနေခြင်းမဟုတ်ဘဲ မီးဖိုခန်းထဲမှနားထောင်နေခြင်းဖြစ်သည်။ အကြောင်းစုံကိုလည်းကြားသိသွားသဖြင့် ဆရာခိုင်နှင့် ဦးတင်မြိုင် အခက်တွေ့လေပြီ။
အတန်ကြာအောင်စဉ်းစားကြပြီးနောက်ဆရာခိုင်က
“ဒီတစ်နည်းပဲရှိတယ် တင်မြိုင်…မင်းစိတ်ချပါ
ငါစောင့်ရှောက်နိုင်တယ်”
မြတ်စံထွန်းကို ထိုလောကီအတတ်ပညာများနှင့်အဝေးဆုံးတွင်ထားချင်သော်လည်း အရွယ်ရောက်လျှင်သူ့မိခင်ခဲ့သို့ပညာထုတ်ယူခံရမည်စိုးသော
ကြောင့် ဆရာခိုင်၏ မှော်ပညာဖြင့် ဝမ်းတွင်းစက်များကိုဖျက်ရန် ယော သို့ထည့်ပေးလိုက်ရသည်။
ရွာပြင်တစ်နေရာ၌….
“မြတ်စံထွန်း”
“ဗျာ… ဘကြီးခိုင်”
“မင်းဦးကြီး…တင်မြိုင်မသိစေနဲ့ …မင်းကို အရွယ်ရောက်တဲ့အခါ လောကီပညာ မှော်ပညာတွေတစ်ဖက်ကမ်းခတ်တတ်မြောက်စေရမယ်လို့ ငါကတိပေးတယ် မင်းအမေကိုသတ်တဲ့သူကိုပါ လက်စားချေရမယ်ကွ”
“ဟုတ်ကဲ့ပါ ဘကြီးခိုင်”
ဆက်ရန်။
ဝိဇ္ဇာရှစ်သောင်းဆရာပေါင်းတို့အား
ဦးထိပ်ထား၍
မင်းဟိန်းခန့်(ဥဿာဒီပ)