ငါကွ
——-
ပြည့်တန်ဆာအိမ်ကို လူတစ်ယောက်ရောက်လာသည်။
ရိုးရိုးမလာ မျက်နှာကို ပုဆိုးအုပ်လာသည်။ မျက်လုံး နှစ်လုံးဖော် ခေါင်းကို ပုဆိုးစွပ်လာသည်။ ရုပ်ဖျက်လာခြင်းဖြစ်သည်။ သို့သော် လက်ထဲတွင် နှစ်လုံးပြူး သေနတ်တစ်လက် ကိုင်လာသည်။
ဖာခေါင်းကဆီးမေးသည်
“ဘယ်သူလဲ”
“နာတွ”
“ဘယ်သူလဲဆိုတာ မသိစေချင်လို့လား”
“ဝုတ်တယ်”
အသံကိုလည်း ဖျက်ပြောနေပြန်သည်။
“ဘယ်သူနဲ့ ပျော်ပါးချင်သလဲ”
“ပယ်တူနဲ့ဖစ်ဖစ်”
“မဟုတ်ဘူးလေ … ဈေးကအစားစား … အရွယ်ကိုလိုက်ပြီး ကွာတယ် … ဘယ်လောက်တတ်နိုင်သလဲ”
“ဟောတီမှာ”
ပုဆိုးခြုံက ငွေထုပ်ကို ဖာခေါင်းအား ပစ်ပေးလိုက်သည်။ ဖာခေါင်းကို ငွေကိုရေတွက်သည်။
“ဒီလောက်ဆိုရင် ပထမတန်းစားလောက် ရနိုင်ပါတယ်”
ဖာခေါင်းက အခန်းတစ်ခန်းကို ခေါ်သွားသည်။ တံခါးခေါက်သည်။
“နံပါတ် ၂၅ ရေ … ဒီမှာ နင့်အတွက် ဖောက်သည်”
ဖာခန်းတွင် အားလုံးကို နာမည်မခေါ် နံပါတ်သာခေါ်သည်။
“ဟယ် … ဘယ်လိုဟာကြီးလဲတော့”
“ရုပ်ဖျက်လာတာ … လူသိမခံချင်လို့တဲ့”
“အမလေး … အထဲရောက်ရင်တော့ ဘာဖြစ်ဖြစ် ချွတ်ရမယ့်ဟာ”
ဖာခေါင်းက အခန်းထဲကို တွန်းထည့်ပြီး တံခါးပိတ်သွားသည်။
“ကဲ … ချွတ်တော့”
ပုဆိုးခြုံက အားလုံးကိုချွတ်ချလိုက်သော်လည်း ခေါင်းပေါ်ကပုဆိုးကို ချန်ထားသည်။ လက်ထဲက နှစ်လုံးပြူး သေနတ်ကို ကုတင်ဘေးတွင် ထောင်လိုက်သည်။
“ပူပါတယ် … ပုဆိုးကြီး ချွတ်လိုက်ပါ”
“ရတယ်”
ကိစ္စပြီးသော် ပြန်သွားသည်။ ခေါင်းဆောင်းပုဆိုးကို မချွတ်။
နောက်တစ်နေ့ နံနက်စောစော
ပြည့်တန်ဆာအိမ်ရှေ့တွင် ကြော်ငြာဆိုင်းဘုတ် ထောင်ထားသည်။
“ညက ပုဆိုးခြုံထားသောလူတစ်ယောက်
အခန်း နံပါတ် ၂၅ တွင် နှစ်လုံးပြူးသေနတ် မေ့သွားပါသည်
အထောက်အထားသက်သေပြကာ အလုပ်ချိန်အတွင်း လာထုတ်နိုင်သည်” ဟူ၏။
ဤရွာတွင် နှစ်လုံးပြူးသေနတ်ကို ကိုင်နိုင်သူမှာ တစ်ဦးတည်းသာရှိသည်။
သိသိကြီးနှင့် တမင်သက်သက် ကြော်ငြာဘုတ်ထောင်ခြင်းဖြစ်သည်။
ပေယျာလကန်တွင်ဖြစ်သည်။
တင်ညွန့်