• July 4, 2025
  • admin
  • 0

မောင်ရည်သွေး
ငါမအိုသေး

(၁)

မခန့်ညက တစ်ညလုံး သဲကြီးမဲကြီး ရွာလိုက်တဲ့ မိုးဗျာ။ ဟော… ခုမနက် မိုးလင်းတော့ သူမဟုတ်သလိုဘဲ။ တစ်ပေါက်လောက်မှ မကျတော့ဘူး။

အေးလေ… တစ်ညလုံး မစဲဘဲ ရွာနေခဲ့မှတော့ မိုးပေါ် မှာ မိုးရေတွေ ဘယ်ကျန်ပါတော့မလဲ။

အင်း ညက တစ်ညလုံး ရွာချလိုက်တဲ့ မိုးရေတွေဟာ ‘ပြောင်သွယ်ချောင်းကြီး’ တချောင်းတည်းမှာပဲ စုပြုံပြီး စီးဆင်းနေရာ့သလား မသိ။

ကြည့်လိုက်စမ်း … ချောင်းရေ တွေ ကမ်းလုံးပြည့် … ကမ်းလုံးပြည့်။ လှိုင်းကြီးတွေ ဆိုတာကလည်း ကျုပ်မြင်ဖူးတဲ့ ချောင်းရေလှိုင်းထဲမှာတော့ ဒီချောင်းရေလှိုင်းကြီးတွေက ဘုရင်ပဲ။ အဓိကရ လှိုင်းကြီးတွေ။

ဒီ ဧရာမ လှိုင်းလုံးကြီးတွေဟာ သမာပတ်ဝင်စား နေတဲ့ ရဟန္တာတွေလို မဟုတ်ဘူး။ ကျုပ်ကြားဖူးတဲ့ ဗြဟ္မာကြီးတွေလို ငုတ်တုတ်ကြီးတွေ မဟုတ်ဘူး။

အို… တကယ့်ကို ဒေါနဲ့ မာန်နဲ့။ ကြောက်ခမန်းလိလိ လှိုင်းကြီးတွေ။

ဝုန်းခနဲ… ဝုန်းခနဲ လှိုင်းလုံးကြီးတွေ ရင်ဆိုင်တိုက်ခိုက်သံ၊ လှိုင်းကြီးတွေပေါ်မှာ ဘွားခနဲ… ဘွားခနဲ မျောပါလာတဲ့ သစ်လုံးကြီးတွေ တစ်ခုနဲ့ တစ်ခု တိုက်ခိုက်လို့ ထွက်ပေါ်လာတဲ့ တဒုန်း … ဒုန်း၊ တဒိုင်း … ဒိုင်း အသံတွေ။

ဒီအသံ ဒီမြင်ကွင်းတွေကို ကြားရ မြင်ရတော့ ရွာထဲက ကျုပ်သူငယ်ချင်း ကိုကြီးမြပြောပြဖူးတဲ့ ဗုဒ္ဓဝင် ထဲက နတ်စစ်သည်တွေ ဘွဲ့ဖြူလက်နက်နဲ့ စစ်ခင်းတယ်ဆိုတာ ဒီလိုပဲ ထင်ရဲ့လို့ အောက်မေ့မိတယ်။

ကျုပ်တို့လား။

ကျုပ်တို့ အလကားမနေပါဘူး။ ဆင်တွေနဲ့ အလုပ်ဆင်းဖို့ ပြင်ဆင်နေကြတယ်လေ။ ‘အလုပ်ဟူသမျှ ဂုဏ်ရှိစွ’ တဲ့။ ကျုပ်ဖြင့် ဒီစကားကို တယ်ပြီး စိတ် မတွေ့ချင်ဘူး။ သဘောမကျချင်ဘူး။

အလုပ်တိုင်းတော့ ဂုဏ်ရှိမယ် မထင်ပါဘူးဗျာ။ ဟော… ကျုပ်တို့ ဆင်ဦးစီးအလုပ်ကိုကြည့်။ ဘယ်သူကမှ အထင်မကြီးကြဘူး။ ဂုဏ်ရှိတယ် မထင်ကြဘူး။ ဆင်ဦးစီးမှန်ယင် ဘိန်းစားချည်း ထင်နေကြတာ။ ဒီလိုထင်ယင် မှားတော့မပေါ့ဗျာ။

ကိုင်း… ရှိစေတော့။

(၂)

“မြန်မာနိုင်ငံရဲ့ နိုင်ငံခြားဝင်ငွေ တိုးတက်ရေးမှာ မြန်မာ့ကျွန်းသစ်ရတနာဟာ အဓိက အခန်းကဏ္ဍက ပါဝင်တယ်” လို့ ဟိုတစ်နေ့ အစည်းအဝေးမှာ ကျုပ်တို့ သစ်တောဝန်ထောက်က ပြောသွားတယ်။ ဒါနဲ့ ကျုပ်က မနေနိုင်တာနဲ့ လျှာရှည်လိုက်မိဘယ်။

“ဝန်ထောက်မင်းရယ်… နိုင်ငံ့ခြားဝင်ငွေ တိုး မတိုးတော့ မသိဘူး။ ကျုပ်တို့ ဆင်ဦးစီး မိသားစုတွေမှာတော့ ဆန်ကွဲကို ဆန်ပြုတ်ချည်း ကျိုသောက်နေကြရတယ်”

ကျုပ် ဒီလိုပြောလိုက်တော့ ဝန်ထောက်မင်း ဘာဖြစ် သွားသလဲ မသိဘူး။ သူ့လက်ကြားထဲက ဒူးယားစီးကရက်ကို လက်မနဲ့ နှိမ်ချိုးလိုက်တယ်။ ပြီးတော့ ကျုပ်ကို မျက်ထောင့်နီကြီးနဲ့ကြည့်ပြီး…

“အဘိုးကြီး ပင်စင် မတင်သေးဘူးလား” တဲ့။

ကျုပ်ဖြင့် လန့်ကို သွားတာပါပဲဗျာ။ ကျုပ်နားရွက်ကို ပျတူ(ပျားတူ) တုတ်လိုက်သလိုပဲ။ ကျုပ် ပျာပျာသလဲ ဖြစ်သွားတယ်။ ဒါနဲ့ ကျုပ်က မျက်နှာချိုသွေးပြီး…

“ဝန်ထောက်မင်းရယ်၊ ပင်စင်တော့ မယူပါရစေနဲ့။ ကျုပ် အသက်ကြီးချင် ကြီးပါစေ။ ကျုပ် လုပ်နိုင် ကိုင်နိုင်ပါသေးတယ်။ တိုင်းပြည် နိုင်ငံခြားဝင်ငွေ တိုးတက်ရေးမှာ ကျုပ်လဲပဲ တတပ်တစ်အားပါ၀င်ပါ ရစေ” လို့ တိုးလျှိုးတောင်းပန်လိုက်တော့ ကျုပ်တို့ ဝန်ထောက်လည်း နောက်ထပ် စီးကရက်အသစ် တစ်လိပ် မီးညှိသောက်ပြီး ပြုံးဖော်ရတော့တယ်။

အာဂ ဝန်ထောက်ပါလား။

ဟုတ်တယ်လေ…။ ဝန်ထောက်ဆိုတာ ကြောက်ရ တယ် မဟုတ်လား။ မတော် ပင်စင်လေးပေးလိုက်မှ ဖြင့်။

ပင်စင်ပေးတယ်ဆိုယင် တော်သေးတာပေါ့။ ဟိုဒင်း ပုဒ်မနဲ့ အလုပ်ကဖြုတ်လိုက်ယင် အခက်။

အဲဒီနေ့ အစည်းအဝေးမှာ ကျုပ် ပြောမှားဆိုမှားဖြစ်မိတော့မှပဲ ဟိုတစ်လောက ရွာက ကျောင်းဆရာ ဦး သန်းမောင် ပြောတာကို ကျုပ် ကောင်းကောင်းသဘောပေါက်တော့တယ်။

ကျုပ် ရွာထဲ အလည်သွားတုန်းက စကားဝိုင်းတစ်ခု မှာ တခြားကိစ္စတစ်ခုနဲ့ ငြင်းကြ ခုန်ကြ ဖြစ်နေခိုက်မှာ ဆရာသန်းမောင်က ဘာဝင်ပြောလိုက် သည်ဆိုတော့…

“ဒီခေတ်ထဲမှာ ‘စာ’ တတ်ဖို့ မလိုဘူး။ ‘အာ’တတ်ဖို့ လိုတယ်တဲ။

ကျုပ်နားထဲ တစ်မျိုးဖြစ်သွားတယ်။ ကျောင်းဆရာလုပ်နေပြီး ဘယ့်နှယ်ပြောလိုက်ပါလိမ့်လို့။ ခုတော့ သူပြောတာ သွေးထွက်အောင်မှန်တယ်။ သူပြောသလိုပါပဲ။ ကျုပ်က ‘စာ’ မတတ်သလို ‘အာ’ လဲ မတတ်ခဲ့ပါဘူး။

ဟော … ခုတော့ ‘အရေးကြုံတော့ သက်လုံကောင်း’ ဆိုတာလို ကျုပ် အလိုလို အာတတ်သွားရပြီ။ ဒါပေမယ့် အာနဲ့တင် မလုံလောက်သေး၊ စိတ်မချနိုင်သေး တာနဲ့ ဝန်ထောက်မင်း မပြန်ခင် ပျားရည်တစ်ပုလင်း လက်ဆောင်သွားပို့ရသေးတယ်။ အဲဒီတော့လည်း ကျုပ်တို့ ဝန်ထောက်က ပြုံးလို့ ချိုလို့ဗျ။ ကျုပ်ပျားရည် အတိုင်းပဲ။

ကျုပ် ပျားရည်သွားပို့တဲ့အချိန်က ညနေခင်းကြီးဗျ။ ဆင်ခေါင်းကြီးတဲမှာ ဝန်ထောက်ရယ်၊ နယ်စီးတောအုပ်ရယ်၊ တောခေါင်း ကိုတုတ်မောင်ကြီးရယ်၊ ဆင် ဆရာဝန်ရယ်၊ ပြီးတော့ ရွာက ကောင်စီဥက္ကဋ္ဌရယ် ချေသားခြောက်နဲ့ အရက်ဝိုင်း ဖြစ်နေတဲ့အချိန်။

ဝန်ထောက်မင်းက ကျုပ်က ပျားရည်တစ်ပုလင်း လက်ဆောင်ပေးတာကို ကျေးဇူးတင်လွန်းလို့ထင် ပါရဲ့။ အာမီရမ် ဆိုလား၊ မန္တလေးရမ် ဆိုလား ကျုပ်ကို တစ်ခွက်ပေးတိုက်တယ်။

အားပါး… ဝန်ထောက်မင်းရဲ့ အရက်က ဝန်ထောက်မင်းလိုပဲ။ ကျုပ်ရင်ထဲကို ပူဆင်းသွားတာပဲ။ အာဂ အရက်ပါလား။

ပြီးတော့ ဝန်ထောက်မင်းက ကျုပ်ကို တာဝန်တစ်ခု ပေးလိုက်တယ်။

“နက်ချရယ် တေဘယ်” ဆိုလား ဘာဆိုလဲ၊ အဲဒါ လုပ်ဖို့ စိန်လှနဲ့ ကောင်လေးတစ်ယောက်ကို အဖြတ် ခိုင်းထားတယ်တဲ့။ အဲဒါပြီးယင် ဒီယူလာဖို့ သွားပြောချည်တဲ့။

ကျုပ်လည်း ဝန်ထောက်မင်း ဘာခိုင်းလိုက်ပါလိမ့်လို့ နဝေတိမ်တောင်ဖြစ်ရင်း စိန်လှတို့ဆီအသွား လမ်း မှာ ကောင်လေးတွေနဲ့ တွေ့တယ်။ သူတို့နှစ်ယောက် ပေါက်နွယ်ကြိုးနဲ့ချည်ပြီး “ဦးပဲ့”ထမ်းလာကြတာ ကြည့်လိုက်တော့ ကျွန်းငုတ်တိုဖြတ်ကြီး။

“ဟေ့ မင်းတို့ကို ဝန်ထောက်က ဘာခိုင်းထားတုံး”

“ဒါကြီး အဖြတ်ခိုင်းထားတာ”

“အေး … အေး သွားပို့လိုက်။ ဘာလုပ်ဖို့တဲ့လဲကွယ့်”

“စားပွဲလုပ်ဖို့တဲ့ အဘရေ”

“ကြံကြံဖန်ဖန်ကွယ်၊ မင်းတို့ ဝန်ထောက်နှယ်”

ကျုပ် တော်တော်အံ့ဩသွားတယ်။ ပေါက်ပေါက်ရှာရှာ ကျွန်းငုတ်တိုကို စားပွဲဖြစ်အောင် လုပ်တတ်တဲ့ ဝန်ထောက်မင်းကိုလည်း ကျုပ် ကြိတ်ပြီး ချီးကျူး မိတယ်။

ဒါနဲ့ ကျုပ် တဲပြန်လာတော့ လမ်းမှာ ဖိုးထွေးတို့ လူစုနဲ့တွေ့ပြန်တယ်။ အပွင့်ရောင်စုံ ဝေဝေဆာဆာနဲ့ သစ်ခွပန်းတွေကို ထမ်းလို့ ။ လူတွေ့ယင် နှုတ်ဆက် တဲ့အမူအကျင့်ဟာ ကျုပ်တို့ မြန်မာလူမျိုးရဲ့ ယဉ်ကျေးမှုပဲ မဟုတ်လား။

“ဘယ်လဲကွဲ့ ၊ မင်းတို့က”

“ဝန်ထောက်မင်းဆီ သစ်ခွပန်း လက်ဆောင်သွားပို့မလို့ အဘရေ …”

ကျုပ်စိတ်ထဲ နောင်တကြီးစွာ ရမိတယ်။ အစောပိုင်း ထဲက သစ်ခွပန်းတွေ ယူထားရ အကောင်းသားလို့။ဟုတ်တယ်လေ၊ ပျားရည်အပြင် သစ်ခွပန်းလေးပါ လက်ဆောင်ပေးနိုင်ယင် ကျုပ် ပိုပြီး မျက်နှာကောင်း ရတာပေါ့။ ဒါမှ ကျုပ် ပင်စင်မယူဘဲ နေရမှာ။

ဗျာ…။ ဟာ… ဘယ်ကလာ ကျုပ် ပင်စင်ယူလို့ ဖြစ်မလဲ။ ပင်စင်ယူလိုက်ယင် ကျုပ် ဇရာအို တစ်ကောင်ကြွက်အဘိုးကြီး ငတ်ပြီး သေသွားမှာပေါ့။

ပြီးတော့ ကျုပ်သား ရွှေမှိုင်းနဲ့လည်း ခွဲရမယ်။ဒါကြောင့် ပင်စင်ကို ကျုပ်က လူသားစားဖူးတဲ့ ကိုးတောင်ကျားထက်တောင် ကြောက်သေးတယ်။ ကျားမြီးဆွဲပြီး လိုက်ဆို လိုက်ပါ့မယ်။ ပင်စင်တော့ မယူပါရစေနဲ့ဗျာ။

“ရွှေမှိုင်းလား။ ရွှေမှိုင်းဟာ ကျုပ်က မွေးထားတဲ့ ကျုပ်သားအရင်းဘော့ ဘယ်ဟုတ်ပါ့မလဲဗျာ။ ဒါပေမယ့် သားအရင်းလောက်နီးနီး သံယောဇဉ်ကြီးရတဲ့ ကျုပ်စီးတဲ ဆင်ကြီးဗျ။ ရွှေမှိုင်းဆိုဘာ သူ့ကိုပြောတာ။ ငတ်ပြီး အသေမခံနိုင်သလို ဒီကောင်ကြီးနဲ့ခွဲပြီးတော့လည်း ကျုပ် မနေနိုင်ဘူး။

တကယ်ပါ။ ကိုရင်တို့ စဉ်းစားကြည့်လေဗျာ။ စဉ်း စားကြည့်နိုင်အောင်လည်း ကျုပ် ပြောပြပါ့မယ်။

(၃)

ကျုပ် ဆင်ဦးစီးလုပ်လာခဲ့တာ ဆယ့်လေးနှစ်သားကတည်းကဗျ။

ကျုပ်တို့မျိုးရိုးက မညံ့ပါဘူး။ ရာထူးရာခံနဲ့ချည်းပါပဲ။ ကျုပ် အဘိုးဖြစ်သူကလည်း ဆင်ဦးစီး၊ ကျုပ်အဖေကလည်းပဲ ဆင်ဦးစီး၊ ဟော… ကျုပ်လည်း ပဲ ဆင်ဦးစီး။

ဗျာ… ကျုပ် သားလား။ ပြောခဲ့ပါပြီကောလား။ ကျုပ်မှာ ရွှေမှိုင်းကလွဲလို့ သားသမီး မရှိပါဘူးလို့။ ကျုပ်က တစ်ကိုယ်တည်း မုဆိုးဖိုဘဝ။ ကျုပ် အသက် နှစ်ဆယ်၊ ဆင်ဦးစီးလုပ်သက် ခြောက်နှစ်ရတဲ့နှစ်မှာ ကျုပ် အိမ်ထောင်ကျခဲ့တယ်။ ကျုပ်မိန်းမ နာမည်က မစောကြွေတဲ့။ ကျုပ်ထက် နှစ်နှစ်ပဲ ငယ်တယ်။ ကျုပ်လိုပဲ “ကဒူးကဏန်း” လူမျိုးပဲ။ ဒါပေမယ် သူက ကချင်သွေးနည်းနည်းစပ်တယ်။

အောင်မယ် သိပ်ချောတာဗျ။ အများတကာ ပြော ပြောနေကြတဲ့ ဥမ္မာဒန္တီတို့ , ပပဝတီတို့ကို ကျုပ် မမြင်ဖူးပေမယ့် အဲဒီဥမ္မာဒန္တီတို့ , ပပဝတီတို့ဆိုတာ ကျုပ် မစောကြွေလောက်ကော ချောကြ လှကြလားလို့ ကျုပ် ပေးလိုက်စမ်းချင်တယ်။

မစောကြွေကို ကျုပ် ဘယ်လောက်ချစ်သလဲ မမေးနဲ့။ ကျုပ် မဖြေတတ်ဘူး။ ချစ်လွန်းလို့ကို မဖြေတတ်တာ။

ကျုပ်လိုပဲ မစောကြွေကလည်း ကျုပ်အပေါ် တော်တော်ချစ်ရှာ အားကိုးရှာတယ်။ ဒါပေမယ့် ဗျာ…. ကျုပ်ရဲ့ ချစ်ဇနီးအလှ မစောကြွေဟာ လူလောကမှာတော့ အကြွေစောတဲ့ ပန်းတစ်ပွင့်ပါပဲဗျာ။

ကျုပ် မိန်းမ မစောကြွေ အကြွေစောရတဲ့အကြောင်းကို ပြောရယင် ကျုပ်ရင်မှာ နာလွန်းလို့ပါဗျာ။ ဒီ အကြောင်းကို တွေးလိုက်ယင် ကျုပ်ဗိုက်နဲ့ မဆံ့တဲ့ကျောက်တုံးကြီးတစ်ခု ကျုပ်ရင်ခေါင်းထဲမှာ တစ်ခံနေသလိုပဲ။ တင်းကျပ်စူးရှပြီး ဆိုနင့်နင့်ကြီး ဖြစ်ဖြစ် လာတယ်။

ကျုပ်မိန်းမ သေဆုံးရပုံကဒီလိုဗျ။

တကယ်ပါဗျား။ ကျုပ်တို့ ဆင်ဦးစီးများဆိုတာဟာ ခင်ဗျားတို့လောက် ဇိမ်မကျပါဘူး။ တောထဲ တောင်ထဲ စိမ့်ထဲ စမ်းထဲကကို မထွက်နိုင်တဲ့ လူတန်းစားတွေပါ။ ခင်ဗျားတို့လို အိုးနဲ့ အိမ်နဲ့ အတည်တကျ ဟန်နဲ့ ပန်နဲ့ နေနိုင်တဲ့လူတွေ မဟုတ်ပါဘူး။ သစ်ကွင်းကျရာ အလုပ်ပေါ်ရာ လှည့်လည်သွားလာလုပ်ကိုင်နေကြရတဲ့ ခြေသလုံးအိမ်တိုင် သမားတွေပါ။

တစ်နှစ်မှာတော့ ကျုပ်တို့ ဆင်ဝိုင်းဟာ ကျွန်းလှမြို့နယ်ထဲမှာရှိတဲ့ ဒီကနေကြည့်ယင် တောင်တန်းတွေ ညို့ညို့ဆိုင်းဆိုင်းနဲ့ မြင်နေရတဲ့ “နောင်ကောက်” ချောင်းဖျားဘက်မှာ တာဝန်ကျဘယ်။ ထုံးစံအတိုင်း ကျုပ်တို့ဆင်စခန်းဟာ တောထဲ တောင်ထဲမှာပေါ့။

အဲဒီနှစ်မှာ ကျုပ်မိန်းမ မစောကြွေမှာလည်း ကိုယ်ဝန် အရင့်အမာကြီးနဲ့ ဖြစ်နေတယ်။ တိုတိုပြောရယင်တော့ တောထဲက ဆစခန်းမှာ ကျုပ်မိန်းမ မွေးတယ်ပေါ့ဗျာ။ ဒီတော့ တောကြိုအုံကြားမှာ ဘယ်မှာလဲ မီးဖွားပေးတဲ့ ဆရာမ၊ ဆေးကုဘို့ ဆရာဝန်။ ဆရာဝန် ဆရာမတွေ ဘေးချိတ်ထားလိုက်ဦး။ ဆေးဝါးဆိုလို့ မိတ်သလင် , နနွင်းတက်နဲ့ ဆားမီးဖုတ်ပဲ ရှိတယ်။

အဲဒီတော့ မတောက်တခေါက်လက်သည်မ အစုတ် ပလုတ်နဲ့ မီးဖွားရတော့ သောက်ကျိုးနည်း၊ ကျုပ်မိန်းမ သေပါရောဗျာ။

ကလေးလေးကတော့ ကျုပ်လက်ထဲ ကျန်ခဲ့ပါတယ်။ မိန်းကလေးဗျ။ ဝဝ တစ်တစ် ဖြူဖြူ ဖွေးဖွေး ချစ်စ ရာကလေး။ တကယ့် သူ့အမေနဲ့ ချွတ်စွပ်။

ကျုပ်ဖြင့်ဗျာ ချစ်လိုက်တာ ငုံထားမတတ်ဘဲ။ ဒါပေ မယ့်ဗျာ … ချစ်ရမယ် မကြံသေးဘူး၊ ကလေးက အပျင်းဖျားပြီး သူ့အမနောက် လိုက်သွားပါရောဗျာ။ ကလေးနဲ့ အမေနဲ့ တစ်ရက်ကလေးတောင် မခြားချင် ဘူး။

ကျုပ်ဖြင့်ဗျာ၊ အဲဒီတုန်းက တကယ့်ကို အရူးလိုပါပဲ။ ခံစားရတာ၊ မောင်ပဋာ မြေလူးဆိုတာ ကျုပ်မှအစစ်။

အဲဒီနောက်တော့ဗျား ကျုပ်ဟာ အိမ်ထောင်ရက်သား ပြုရမှာကို တော်တော့်ကို ကြောက်သွားဘယ်။

ဒါပေမယ့် လူ့စိတ်ဆိုတာ အဆန်းသားလားဗျ။ တစ်ခါ တစ်ခါ ကျတော့လည်း “တစ်ပင်လဲမူ တစ်ပင်ထူ” ဆိုတဲ့ စကားလို အပင်သစ်ထူချင်စိတ်ကလေးက ပေါ်ပေါ်လာတတ်သဗျ။ သို့ပေမယ့် ကြာရှည်မခံပါဘူး။ ခဏပါ။ အဲဒီစိတ်ပေါ်လာယင် မစောကြွေ မျက်ခွက်ကလေးဟာ ကျုပ်မျက်စိထဲ တန်းခနဲ ၀င်လာတာပဲ။ ဒီတော့ အပင်သစ်ထူချင်တဲ့ စိတ်ရိုင်းဟာ ဓားနဲ့ပိုင်းချလိုက်သလို တခါတည်း ပြိုလဲသွားတော့တာပဲ။

ပြီးတော့ ပြောရဦးမယ်။ ဟိုနယ် ဒီနယ်၊ ဟိုရွာ ဒီရွာ၊ ဟိုခန်း ဒီစခန်း ရွှေ့ပြောင်းသွားလာ လုပ်ကိုင်တဲ့အ ခါ ကျုပ်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေက ဟိုရွာ ဒီရွာက မုဆိုးမ၊ တစ်ခုလပ်မတွေနဲ့ အောင်သွယ်ပေးတတ် ကြတယ်။

တစ်ခါ တစ်ခါ ရုပ်ရည်သနားကမားကလေးတွေဆိုယင် ကျုပ်စိတ်က ကစားမိပြန်တယ်။ စိတ်ကူး ယဉ်ကြည့်မိတယ်။ ဒါပေမယ့် မရဘူးဗျ။ ကျုပ် မျက်စိထဲ မစောကြွေ ရောက်လာတော့တာပါပဲ။ ပြီးတော့ ကျုပ် တွေးမိတယ်။

“ငါယူလိုက်တဲ့ မိန်းမဟာ မစောကြွေလို အကြွေစောသွားယင် ဆိုတဲ့ အတွေး။ အစွဲ။ ဒီအစွဲကို ကျုပ် ဖျောက်ဖျက်ပစ်လို့ မရဘူးဗျာ။

အဲဒီလိုနဲ့ ကျုပ်တစ်ကိုယ်တည်း မုဆိုးဖိုဘဝနဲ့ “ဖိုးကြံ့ခိုင်” လုပ်ပြီး နေလာလိုက်တာ ဟော… အခု အသက် ခြောက်ဆယ်ကျော်နေပြီ။ ဒါတောင် ဆင်ဝိုင်းက ကောင်လေးတွေက…

“အဘ အပျိုလှည့် လိုက်ဦးမလား။ မနေ့ညက ဒေါ်ဝှာဒင်း က အဘကိုတောင် မေးနေသေးတယ်။ ကိုကြီးဒွန်းကော မပါလာဘူးလားတဲ့”

တောက်ဘီး တောက်တဲ့ ကောင်လေးတွေ။ သူတို့ ရွာထဲ အပျိုလှည့်သွားယင် ကျုပ်ကို ခေါ်ကြသေးသဗျ၊ သေနာကောင်လေးတွေ။ လူကြီးကို နောက်စရာမှတ်လို့။

“အဲ… ကျုပ်ပြောချင်တဲ့ အကြောင်း ဘယ်ရောက်သွားပါလိမ့်။ ဪ… ကျုပ်သား ရွှေမှိုင်းနဲ့ ကျုပ်ဘဝအကြောင်း”

ဟုတ်ဘယ်။ မစောကြွေမရှိတော့တဲ့နောက်မှာ ကျုပ်ဘဝ အဖော်မွန်ဟာ “ရွှေမှိုင်း” ပဲ။ ရွှေမှိုင်းဟာ ကျုပ်ဘဝရဲ့ တစ်ခုတည်းသော အဖော်မွန်။ ကျုပ် မယားဆိုလဲဟုတ်၊ ကျုပ်သား ဆိုလဲဟုတ်၊ ကျုပ် မြေးဆိုတဲ့ ဟုတ်။

လူ့ဘဝမှာ တွယ်တာစရာ တစ်ခုခုတော့ ရှိမှ ဖြစ်မှာ ပေါ့ဗျာ။ ပြီးတော့ ဒီကောင်ကြီးကို ကျုပ်စီးလာခဲ့တာအနှစ် နှစ်ဆယ်ကျော်ပြီဗျ။ ဒီတော့ဗျာ… ကျုပ်နဲ့ ရွှေမှိုင်း သံယောဇဉ်ဟာ ဘယ်လောက်ကြီးမားနက်နဲတယ်ဆိုတာ စဉ်းစားသာ ကြည့်ကြပါတော့။ ရွှေမှိုင်းဟာ ကျုပ်ဝိညာဉ် ကျုပ်အသက်ပဲ။

ဒါကြောင့် ဒီလောကမှာ ကျုပ် အမုန်းတီးဆုံးဟာ “ပင်စင်”ပဲ။ ပင်စင်ဆိုတာ ကျုပ်နဲ့ ကျုပ်သားကြားမှာ ရှိနေတဲ့ သံယောဇဉ် အနှောင်အဖွဲ့တွေကို ဖြတ်တောက်ပစ်မယ့် မာရ်နတ်ပဲ။ ဒါတင်မသေးဘူး။ ကျုပ်ကို အငတ်ဘေးနဲ့ မြန်မြန်သေတွင်းပို့မယ့် မ ကောင်းဆိုးဝါးပဲ။

စဉ်းစားကြည့်လေး … ကျုပ် လခ တစ်ရာကျော်ရတယ်ထား။ ကျုပ် ကြားဖူးတာက ပင်စင်ယူလိုက်ယင် တစ်လ တစ်ရာကျော် မရဘော့ဘူးတဲ့။ သုံးပုံ တစ်ပုံဆိုလား၊ ဘယ်လောက် ဆိုလဲ။ ကျုပ် သေချာမသိပါ ဘူး။

အဲဒီလောက် ပင်စင်လစာလေးနဲ့ ဘာမလုပ်တတ် မကိုင်တက် ကျုပ် ခြောက်ဆယ်ကျော် တစ်ကောင်ကြွက် အဘိုးကြီး ဘယ်လိုလုပ်စားမှာတုံး။ ပင် စင်ယူ၊ အနားယူလိုက်ယင် ကျုပ် သည့်ထက် ဆင်းရဲသွားမယ်။ ဒုက္ခတွေ ပိုများလာမယ်။

ပြီးတော့ ကျုပ်သား ရွှေမှိုင်းနဲ့လဲ ဝေးရရော။ အိုဗျာ ပင်စင်ယူအကြောင်း၊ အနားယူဖို့အကြောင်း ကျုပ်ကို လာမပြောကြနဲ့ဗျာ။ ကျုပ် မကြားချင်ဘူး။ ပင်စင်အကြောင်း လာပြောတဲ့သူဟာ စင်စစ် ကျုပ်ရန်သူပဲ။ ကျုပ်တွယ်ပစ်လိုက်မယ်”

(၄)

ကျုပ်ဟာ ကျုပ်ဘဝအကြောင်းတွေကို ရင်တုန်ပန်း တုန်နဲ့ စဉ်းစားရင်း ချောင်းရေပြင်ကြီးကို ငေးကြည့် နေမိတယ်။ “ဘန့်ပွေးဖက်” ဆေးလိပ်ကြီးကိုခဲပြီး ရွှေမှိုင်းရဲ့ ဦးကင်းပေါ်မှာ ထိုင်လို့ပေါ့။

ခု… ကျုပ်တို့ လုပ်နေတဲ့ အလုပ်က “ရေလိုက်”။

ကျုပ်တို့ သစ်ဆွဲဆင်ဝိုင်းတွေမှာ ဒီလိုအလုပ်တွေ ရှိတယ်။ ‘တောထုတ်’ တဲ့၊ ‘ရေချ’ တဲ့။ ‘ရေလိုက်’ တဲ့၊ စသည်ဖြင့်ပေါ့ဗျာ။

“တောထုတ်” ဆိုတာက တောကြိုတောင်ကြားမှာ သစ်ခုတ်သမားတွေ ခုတ်လှဲဖြတ်တောက်ထားတဲ့ သစ်တွေကို လမ်းပန်းဆက်သွယ်ရေး ကောင်းတဲ့နေရာ၊ မြစ်ချောင်းတွေနဲ့ နီးတဲ့ နေရာတွေကို တောထဲကနေ ဆင်တွေနဲ့ ဆွဲထုတ်ရတဲ့ အလုပ်။

“ရေချ” ဆိုတာကတော့ တောထုတ်ပြီးသား သစ်တွေကို ချောင်းတွေ၊ မြစ်တွေထဲ ဆွဲချရတဲ့အလုပ်။

“ရေလိုက်” ဆိုတာကတော့ အထူးသဖြင့် မိုးရာသီမှာ ချောင်းတွေမှာသာ လုပ်ရတဲ အလုပ်။ ချောင်းကမ်းဘေးဝဲယာတစ်လျှောက်မှာ ဆိုက်ကပ်သောင်တင်နေတဲ့ သစ်တွေကို ရေစီးကြောင်းထဲရောက်အောင် ဆင်တွေနဲ့ ဆွဲချကြရတယ်။

တစ်ခါ ချောင်းရေကျလာတဲ့အချိန်မှာ သောင်စပ်ကို လာလာပြီး တင်တဲ့ ကပ်တဲ့ သစ်တွေကို ဆင်တွေနဲ့ ချောင်းရေစီးထဲ မျှောချကြရတယ်။ အဲဒါ “ရေလိုက်” ပဲ။ ရေထဲလိုက်ရလို့ “ရေလိုက်” ခေါ်တယ် ထင်ပါရဲ့။

ဒီနှစ် ရေလိုက်လုပ်ငန်းကို ကျုပ်တို့ဆင်ဝိုင်းက ကျွန်းလှမြို့နယ် ကုန်းစည်းရွာ ဆိုတဲ့ ရွာကလေးမှာ တာဝန်ကျတယ်။ ကျုပ်တို့စခန်းက ရွာတောင်ဘက် ချောင်းကမ်းဘေးမှာ ရှိပြီး “မအာန” စခန်းလို့ ခေါ် တယ်။ဒီလို စခန်းတွေ ပြောင်သွယ်ချောင်းရိုးတစ်လျှောက် မှာ အများကြီးပဲ။

မနေ့က ကျုပ်တို့လုပ်လိုက်တဲ့ လုပ်ငန်းဟာ အတော် ကို အဆင်ပြေသွားတယ်။ မနေ့က တစ်နေကုန် ချောင်း ဝဲ ယာ တစ်လျှောက် သောင်ပြင်ပေါ်မှာ တင်နေတဲ့ သစ်တွေကို ကျုပ်တို့ ချောင်းထဲ ဆွဲချကြတယ်။

ဟော… ခုတော့ အဆင်ကို ချောလို့။ မနေ့ညက မိုးရွာ၊ ချောင်းရေတွေလာ၊ ဒီတော့ ကျုပ်တို့ ဆွဲချထားတဲ့ သစ်တွေ မရှိတော့ဘူး။ ရေစီးထဲ မျောပါသွားကြပြီ။

ဒါပေမယ့် ကျုပ်တို့ အလုပ်ကတော့ ရှိနေသေးတာပဲ။ ကျုပ်တို့အလုပ်က အထက်က မျောပါလာတဲ့ နှစ်တွေအနက် သောင်စပ်လာကပ်တဲ့ သစ်တွေကို ရေစီးကြောင်းထဲရောက်အောင် ဆင်တွေနဲ့ လိုက်လိုက်ပြီး တွန်းပို့မျှောချပေးဖို့ အလုပ်ပဲ။ သို့ပေမယ့် ရေက ကမ်းလုံးပြည့်နေတော့ ကျုပ်တို့ကဏ္ဍ မရောက်သေးဘူး။ သစ်တွေက ရေလျော့ပြီဆိုမှ သောင် စပ် လာကပ်ကြတယ်လေ။ ဒါကြောင့် ရေအကျ ရေအလျော့ကို စောင့်နေကြရတာပေါ့။

(၅)

စိတ်တစ်ခု ရုပ်ကိုးဆယ်တဲ့။ အကျယ်က ဘယ် လောက်ဆိုလဲ၊ ကျုပ်မမှတ်မိဘူး။ ရွာထဲက ကျုပ်နဲ့ခင်တဲ့ ကျုပ်အသိ သင်္ဂြိုဟ်ဆရာကြီး ကိုကြီးမြက ပြောဖူးတယ်။ စိတ်ဟာ ထွေပြားတတ်တဲ့အကြောင်း ဆိုပါတော့။ ဒါ… ဟုတ်လိမ့်မယ်ထင်တယ်။

ပြီးတော့ သူပြောတာ ရှိသေးတယ်၊ မျက်စိတမှိတ်၊ လျှပ်တစ်ပြက်အတွင်းမှာ အရာ အသိန်း အသန်းမက ထွေပြားပျံ့နှံ့တတ်တဲ့ သဘာရှိသတဲ့။

ဒါလည်း ဟုတ်နိုင်တာပဲ။

တခြားမကြည့်နဲ့၊ ကျုပ်ကိုကြည့်။ ခဏကလေး အားလိုက်တာနဲ့ ကျပ်စိတ်က တောင်တွေး မြောက်တွေး လျှောက်တွေးတော့တာပဲ။ ကျုပ်က သင်္ဂြိုဟ်နားလည်ပြီးတော့ တွေးတာမဟုတ်ပါဘူး။ တွေးချင်လို့ တွေးနေတာ။ စဉ်းစားနေတာ။

ဘာတွေစဉ်းစားနေ၊ တွေးနေသလဲဆိုတော့… စုံလို့ပဲ။

ဟို… အထက်ချောင်းဖျားဘက် နောင်ကောက် တောင်တန်းကြီးကို ကြည့်ပြီး ဟိုး… လွန်ခဲ့တဲ့ အနှစ်လေး ဆယ်လောက်က အဲဒီတောင်ခြေမှာ ဘဝကို မရှုမလှ ဇာတ်သိမ်းသွားတဲ့ ကျုပ်မိန်းမ မစောကြွေနဲ့ ကျုပ်သမီးလေးအကြောင်း တွေးပြီး သူတို့ကို ရင်နင့်အောင် ဆွေးတာ၊ သတိရတာတွေလည်း ပါတယ်။

မျက်စိနှစ်ဘက်စလုံး မမြင်ဘဲ ဆေးရိုးခုတ်ရောင်းစားတဲ့ ရွာထဲက ဒေါ်ရွှေအိအကြောင်းလည်း ပါတယ်။ အဲသလိုပဲ ငယ်ကတည်းက ကိုယ်အောက်ပိုင်းသေလို့ ဖင်ရွှေ့ပြီး သွားလာရပေမယ့် အိမ်ထောင်ပရိဘောဂအမျိုးမျိုးလုပ်ရောင်း၊ တစ်ရက်ကို ဖျာနှစ်ချပ် သုံးချပ်ရအောင် ရက်ရောင်းတဲ့ ဝင်ငွေကောင်းလှတဲ့ မောင်ပေါက်စ အကြောင်းလည်း ပါတယ်။

သူတို့ အကြောင်းတွေ စဉ်းစားမိရင်းက “လူမစွမ်းနတ်မ” ဆိုတာ တကယ်ပဲလား။ ဘယ်နတ်တွေက မတာတဲ့လဲ။

ဒီလူတွေကို ကြည့်လိုက်စမ်း။ မစွမ်းမသန် ဒုက္ခိတပေမယ့် သူတို့ဘဝကို သူတို့ ထိန်းကျောင်းနိုင်ပြီး ဘဝကိုဝသာယ အောင် တည်ဆောက်နိုင်ကြတယ်။ ဒါကို နတ်မတယ်ခေါ်သလား။

နတ်မတယ်ဆိုယင် သူတို့လို လူဒုက္ခိတ မဖြစ်ပေမယ့် ဘဝဒုက္ခိတ ဖြစ်နေတဲ့ ကျုပ်လို ခြောက်ဆယ်ကျော် တစ်ကောင်ကြွက် အဘိုးကြီးကို နတ်တွေက ဘာဖြစ်လို့ မ, မကြသတဲ့လဲ။

တကယ်ဆို နတ်တွေက ကျုပ်ကိုပိုပြီး မဖို့ကောင်းတာပေါ့။ သူတို့… သူတို့တွေမှာ ဒုက္ခိတပေမယ့် မိဘ မောင်ဖွား ဆွေမျိုးသားချင်းတွေနဲ့အတူ အိုးနဲ့ အိမ်နဲ့ ဟန်ကျပန်ကျ နေနိုင်ကြတဲ့သူတွေ။ ကျုပ်မှာသာ ကျုပ်သား ရွှေမှိုင်းနဲ့ ဆင်ဦးစီးအလုပ်ကလို့လို တခြားမှီတွယ်စရာ ဘာတစ်ခုမှ….

“အဘရေ ရေကျပြီဗျို့။ အလုပ်စကြရအောင်”

ခွေးမသား စံဖဲ။ ခုနှစ်သံချီပြီး အသံပြဲကြီးနဲ့ အော်လိုက်တော့ အတွေးတွေ ပျက်သွားတာပေါ့။

ဟုတ်တယ်။ ရေလျော့သွားပြီ။ အလုပ်စလိုရပြီ။

“ကဲ… ငမှိုင်းရေ၊ အဖိုးစားနားမထားဘဲ ကြိုးစားလိုက်ပါဦးကွာ”

သောင်စပ်လာကပ်တဲ့ သစ်တွေကို ရွှေမှိုင်းက နှာမောင်းကြီးနဲ့ ရေစီးကြောင်းထဲ တွန်းတွန်းပို့တယ်။ ချောင်းခွင်တစ်ခုလုံးလည်း ဆင် အော်သံ၊ လူ ငေါက်သံ၊ ချွန်းခေါက်သံတွေနဲ့ ညံသွားတော့တာပဲ။ ပျော်တော့ ပျော်စရာကြီးဗျ။

ဒါပေမယ့် ကျုပ်တစ်ခု စဉ်းစားမိပြန်တယ်။ ကျုပ်စဉ်းစားမိတာက ဒီသစ်တွေ တကယ်ပဲ တိုင်းပြည်အတွက် အကျိုးရှိသလား၊ တိုင်းပြည်ဝင်ငွေကို ဘယ်လောက်ထိ တိုးပွားစေသလဲ။

ဒီသစ်တွေဟာ ချောင်း ကနေ မြစ်၊ မြစ်တနေ ဟို… ရန်ကုန်ဆိပ်ကမ်း အကုန်လုံး ရောက်သွားကြသလား။ လမ်းမှာ ဘယ်ကောင်တွေက ဘယ် လောက်ထိ ဖြတ်ထုတ်ကြတုံး။ အို… ဒါ ငါ့အလုပ် မဟုတ်ပါဘူးလေ။ ငါ့အလုပ် ငါလုပ်တာပဲ ကောင်းပါတယ်”

ကျုပ် သစ်လုံးတစ်လုံးကို ဆင်နဲ့ ရေစီးကြောင်းထဲ တွန်းပို့လိုက်တယ်။ ဟော… နောက်ထပ်သစ်လုံး တစ်လုံး ရောက်လာပြန်ပြီ။

“ရော… မက်… အောင်း … အောင်းပေးကွ ငမှိုင်းရ”

“ဒေါက်”

“ဝှစ်… ဝူး၊ ဝှစ်… ဝူး”

“အမလေး၊ သေပါပြီဗျ”

“ဝုန်း”

ကျုပ် သိတော့ သိလိုက်တယ်။ ဒါပေမယ့် ကျုပ် နောက် ကျသွားပြီ။ ကျုပ်အသိ နောက်ကျသွားသလို ကျုပ်လည်းပဲ အောက်ကို ဘယ်လိုလိမ့်ကျသွားမှန်းမသိဘူး။

ကမြင်းမသား ကြွက်စုတ်။ သစ်လုံးဖက်ပြီး လိုက်လာရတယ်လို့။ ငမှိုင်းက သစ်လုံးကို နှာမောင်းနဲ့ တွန်းပို့မယ်အလုပ်၊ သစ်လုံးပေါ်က “ကြွက်ကတိုး” လည်း မြင်ရော ကြောက်လန့်အော်ပြီး နှာမောင်း အပေါ် ထောင်ရင်း နောက်လှည့်ခုန်လိုက်တော့။

“အား … ကျွတ် … ကျွတ်၊ နာလိုက်တာ … သောက်ကျိုးနည်း။ ကျုပ်လက် ဘယ့်နှယ်ဖြစ်သွားပါလိမ့်”

ကျုပ်လူတွေ ရောက်လာကြတယ်။ ကျုပ်ကို ရေထဲကန ကျုပ်ချိုင်းကို ကိုင်ပြီး တွဲထူကြတယ်။

“အဘက ခြေကားယား လက်ကားယားနဲ့ လိမ့်ကျတော့ လက်နဲ့ သစ်တုံးနဲ့ ခိုက်မိတာပေါ့ အဘရာ။ ဖြစ်မှ ဖြစ်ရလေ”

ဖိုးထွေးက ပြောလည်းပြော လက်ကိုလည်း မကိုင်လိုက်တော့ …

“အား … အမလေး၊ နာတယ်ဟ ခွေးမသားရ၊ ကျိုးများသွားပလား မသိပါဘူးကွာ”

“ကျိုးတော့ မကျိုးပါဘူး အဘရ၊ တံတောင်ဆစ်လွဲသွားတာပါ။ ချက်ချင်းပြန်တည့်မှ ဖြစ်မယ်အဘရေ။ သွေးပူနေတုန်းတဲ့မှ။ အဘ ငြိမ်ငြိမ်နေ။ စိန်လှနဲ့ စံဖဲ အဘကို ထိန်းပေးကြကွာ။ အေး… ဟုတ်ပြီ”

“အမလေး၊ သေပါပြီဗျ”

“ဒုတ်”

ခွေးမသားတွေ၊ လက်မောင်းကိုင်ပြီး ဝိုင်းဆွဲတေ့ပစ် လိုက်တော့ ဒုတ်ခနဲမြည်ပြီး လက်ခွက်တည့်သွား ပေမယ့် သေရမလောက် နာလှပါကလား။

“အား … ကျွတ် … ကျွတ် … ကျွတ်”

“ကိုင်း… အဘ အသက်အရွယ်နဲ့ ဒီအလုပ်နဲ့လည်း မဖြစ်တော့ပါဘူး အဘရာ။ အဘ ပင်စင်ယူပြီး အလုပ်က အနားယူပါတော့”

“ဘာကွ”

ကျုပ်အသံ တော်တော်ကျယ်သွားတယ်။ ဆင်ခေါင်းအောင်သိုက်ရဲ့ မျက်ခွက်ကို ကျုပ်မျက်လုံးတွေက စားတော့ဝါးတော့မလို စိုက်ကြည့်လို့။ လူတွေအားလုံးက ကျုပ်ကို အထူးအဆန်းလို ဝိုင်းကြည့်နေကြလေရဲ့။

အောင်သိုက်က လေသံပျော့ပျော့နဲ့ ဆက်ပြောပြန် တယ်။

“ကျုပ်က စေတနာနဲ့ ပြောတာပါအဘရယ်။ အဘအသက်လည်းကြီးပါပြီ။ အနားယူသင့်ပါပြီ”

“တော်ကွာ… မင်းစေတနာ။ လခွီးတဲ့မှပဲ။ ငဒွန်းတဲ့ကွ … တစ်ဒွန်းတည်းရှိတယ်။ လူကို ဘာမှတ်လို့တုံး။

ဟောဒီ ညာဘက်လက် ကျိုးသွားပေ့စေဦး။ ဘယ်လက်နဲ့ ချွန်းကိုင်လို့ ရသေးတယ်ကွ။ မှတ်ထား … ငါဘယ်တော့မှ အနားမယူဘူး။

ဟေ့ ဒီမှာ ငါမအိုသေးဘူးကွ။ ငါ အိုတဲ့နေ့ဟာ ငါသေတဲ့နေ့ပဲ။ အဲဒီတော့မှ မင်းတို့ပြောတဲ့ ပင်စင်ကို ယူမယ် … ဒါပဲ။ ငါ့ကို ဘာမှ ဆက်မပြောကြနဲ့။ ပေးစမ်း စံဖဲ … ငါ့ချွန်း”

ကျုပ်က စံဖဲ လက်ထဲက ကျုပ်ချွန်းကို ဘယ်လက်နဲ့ ဆွဲယူလိုက်တယ်။ ရွှေမှိုင်းရဲ့ နားရွက်တစ်ဘက်ကို ချွန်းနဲ့ချိတ်ဆွဲပြီး ရွှေမှိုင်းကို သောင်ပြင်ပေါ် ဆွဲခေါ်ခဲ့တယ်။

သောင်ပြင်ပေါ်ရောက်တော့ ကျုပ် ခြေပစ်လက်ပစ် ထိုင်ချလိုက်တယ်။ နာကျင်ကိုက်ခဲနေတဲ့ ညာဘက် လက် တံတောင်ဆစ်ကို ဘယ်လက်နဲ့ ဆုပ်ကိုင်ထား ရင်း ကျုပ် အံကြိတ်ပြီး ငိုင်နေမိတယ်။

ရွှေမှိုင်းဟာ မျက်ရည်လည်ရွှဲနဲ့ ကျုပ်ကို စိတ်မကောင်းခြင်းကြီးစွာနဲ့ ကြည့်နေတယ်။ ကျုပ် မျက်လုံးအိမ်မှာလည်း မျက်ရည်တွေနဲ့။ ကျုပ် အံကို တင်းတင်း ကြိတ်လိုက်မိတယ်။

အဲဒီနောက်တော့ နာတာတွေ ကျင်တာတွေကို အတွေးတစ်ခုက မောင်းထုတ်ပစ်လိုက်တယ်။

“အင်း … ဒီတစ်ခါ ဝန်ထောက်မင်းလာယင် လက် ဆောင်ပေးဖို့ ပျားရည်အပြင် သစ်ခွပန်းရောင်စုံလှလှလေးတွေလဲ ရှာဖွေပြီး စုထားဦးမှပဲ။ ။

(သာရ မဂ္ဂဇင်း)

– ပြီး –

စာရေးသူ – မောင်ရည်သွေး
စာစီစာရိုက် – မုဆိုး တံငါ စာပေများ

Leave a Reply

Your email address will not be published. Required fields are marked *