ရမ္မာမြေ သက်ရွှေ
ငါးခူကျင်းသို့
“ဟေ့ ထွန်းရ… ဆွဲခတ်ကွာ… ဆွဲခတ်။ မြန်မြန်ရောက်ဖို့လိုတယ်။ ဖြား မမီယင် ဒုက္ခပဲ”
ဦးဘကျော်၊ ကိုထွန်းရနှင့် ကိုထွန်းစံတို့ သုံးဦးသည် လေးလံ နှစ်တောင်သာသာရှိသော လှေတစင်းဖြင့် ငါးခူရချောင်းသို့ ငါးခူဖမ်းရန် သွားကြသည့်အခါ ဦးဘကျော်က ကိုထွန်းရသို့ အထက်ပါအတိုင်း ပြောလိုက်လေသည်။
ဆောင်းဦးနံနက်ခင်းသည် နှင်းငွေ့ များဖြင့် လွှမ်းခြုံလျက်ရှိ၏။ ဆောင်း ဆိုသော်လည်း မိုးအကုန် ဆောင်းအကူး နတ်တော်လဆန်းဖြစ်၍ များစွာ မချမ်း အေးသေးပေ။
သို့ရာတွင် ခတ်တက်ကို မိမိ၏ ရင်တွင်းသို့ဆွဲကာ တအားကုန် ခတ်လျက်ရှိရာ ထွန်းရ၏ နဖူးပြင်တွင် ချွေးစို့ကလေးများသီးကာ ပူစပ်စပ် ကလေးပင် ဖြစ်၍လာ၏။
ဦးဘကျော်သည် သူတို့သုံးဦးထဲတွင် ဆရာတဆူဖြစ်၏။ ငါးရှာမည် ဆိုလျှင် သူတို့ထက် ပို၍ ရတတ်၏။ ဇွဲနပဲလည်း ကြီး၏။ မရလျှင် အိမ်မပြန်ဟူသော စိတ်ဓာတ်လည်း ရှိ၏။ သို့ဖြစ်၍လည်း သူ့အိမ်ထောင်စုလေးကို ငါးရှာ၍ လုပ်ကျွေးကာ တဝမ်းတခါးလှစေ၏။
လက်ကွန်းပစ်၊ ကွန်ကျားပစ်၊ ပုစွန်ရှာ၊ ငါးဝမ်းပူပိုက်တန်း၊ ဘုန်းတန်းချ၊ မြားစကြာ၊ လမူးပစ် စသည့် ငါးဖမ်းသည့် လုပ်ငန်းများကို သူ ကျွမ်းကျင်နားလည်၏။ ရှာသမျှလည်း ရ၏။ သို့ဖြစ်၍ သူ့ကို “ငါးမင်းကြီး” ဟု ဟင်္သာချိုင် တရွာလုံးက ခေါ်ကြ၏။
ယခု ငါးမင်းကြီး ဦးဘကျော်နောက်သို့ ကိုထွန်းရနှင့် ဦးထွန်းစံတို့ ငါးရှာရန် အဖော်လိုက်လာကြ၏။ သို့ရာတွင် ဦးဘကျော်တွင် ငါးရှာရန်အတွက် မည်သည့် လက်နက်မျှ မပါသည်မှာ ထူးဆန်း၍နေပေသည်။
ဆရာခိုင်းသမျှ လုပ်ရသော ထွန်းရင်နှင့် ထွန်းစံတို့မှာ ခတ်တက်ကိုသာ တအားဆွဲလျက် ရှိ၏။ လှေကလေးသည် ဆောင်းနံနက် နေရောင်ခြည်အောက် တွင် လူးလိမ့်ပြေးလွှားလျက် ရှိသည်။
“ဦးလေး ဘကျော်… ဦးလေး ဘကျော်… ဦးလေးက ကျွန်တော်တို့ကို ငါးရှာသွားဖို့သာ ခေါ်တယ်။ ဦးလေး မှာ ဘာလက်နက်မှ မပါပါလား ဦးလေးရ”
ကိုထွန်းရသည် လုံချည်စဖြင့် နဖူးမှ ယိုစီးနေသော ချွေးသီးကလေးများ သုတ်ယင်းနှင့်ပင် ဤလို မေးလိုက်ပါသည်။
ဦးဘကျော်သည် ဆေးတံကြီးကို ပါးစောင်ထဲတွင် ကိုက်ထားရာမှ တက်မ,ကို ဘယ်ဘက်လက်ဖြင့် ကိုင်ထားကာ ညာလက်ဖြင့် ဆေးတံကို အသာဖြုတ်ယူလိုက်ပြီး ဆေးတံချေးကို တချီ နှစ်ချီ ခါထုတ်လိုက်ပါသည်။ ပြီးမှ-
“မင်းတို့က ဘာမှ မသိတော့ လက်တွေ့ပြရမှာပေါ့ကွာ။ ဒီတခါတော့ လက်နက်မပါတဲ့ ငါးရှာနည်းနဲ့ ငါးရအောင် ငါက ကြိုးစားရမှာပေါ့”
အဝေးမှ စိုင်ခြုံတွိန်တောင်ကို မှိုင်းမှိုင်းညို့ညို့ မြင်ရ၏။ သည်လှေကို တောင်ခြေရင်းသို့ရောက်အောင် လှော်ခတ်ရပေလိမ့်မည်။
သည်တောင်ခြေရင်းနှင့်မနီးမဝေးတွင် ငါးခူကျင်းရှိ၏။ ဤ ငါးခူကျင်းသို့ နှစ်နာရီကျော်ကျော် လှော်ခတ်ရပေလိမ့်မည်။ ဤခရီးကို ထွန်းရတို့ အပျော့။ငါးခူရဖို့ အရေးက သာ၍အရေးကြီးသည် မဟုတ်လား။ ဦးလေးဘကျော်၏ သတ္တိကိုလည်း ကြည့်ရ မြင်ရပေဦးလိမ့်မည်။
ယနေ့ကား လဆန်းနှစ်ရက်ရှိပြီ ဖြစ်၏။ လဆန်းနှစ်ရက်ဆိုလျှင် ဖြားခန်း၏။ (ဖြားစစ်ခြင်းကို ဆိုလိုသည်)
သည် ဒေသတွင် လဆန်း-လဆုတ် ဒီရေ အတက်အကျကို ကြည့်၍ ငါးရှာထွက်ရ၏။
တံငါလုပ်စားသူတိုင်း ဖြား အကြောင်းကို နားလည်ကြရသည်။ သို့ဖြစ်၍ လ, ထွက်လျှင် ဖြားချောင်းဖျားရောက်သည်ဟုပင် ဆိုစမှတ်ပြုကြသည်။
လဆန်းသုံးရက်ကို ဖြားခေါင် ဟု ခေါ်၍၊ လဆန်းလေးရက်ကို ဖြားဆုတ် တရက်ဟု ခေါ်ကြသည်။လဆုတ်သုံးရက်ကိုလည်း ဖြားခေါင်ဟု ခေါ်၍ လဆုတ် လေးရက်ကို ဖြားဆုတ်တရက်ဟု ခေါ် ကြသည်။
တဖန် လဆန်းလေးရက်မှသည် လဆန်း ၁၂ ရက်ထိကို ဖြားသေ ဖြားရက်များဟု ခေါ်ကြ၍ လဆန်း ၁၃ ရက်မှသည် လဆုတ် ၃ ရက်နေ့ ထိကို ဖြားကြီးဟု ခေါ်ကြသည်။
လဆုတ်လေးရက်မှသည် လဆုတ် ၁၂ ရက်နေ့ထိကို ဖြားသေဟုခေါ်ကြ၍၊ လဆုတ် ၁၃ ရက်မှသည် နောက်လဆန်း ၃ ရက်နေ့ ထိကို ဖြားကြီးရက်များ ဟု ခေါ်ကြသည်။
သို့ဖြစ်၍ ဤဒေသတွင် ငါးရှာထွက်ကြမည်ဆိုပါက၊ ဖြားရက်ကို တွက်၍ ထွက်ရ၏။ ယခု ဦးဘကျော်သည် လဆန်းနှစ်ရက်နေ့ကို ရွေး၍ ထွက်လာ၏။
ဖြားကြီးလျှင် နံနက်စောစော ဖြားစစ်တတ်၏။ ဖြားစစ်မှ ငါးခူဖမ်း၍ ရနိုင်သည်။
ဖြားကြီးတွင် ဖြားစစ်လျှင် ချောင်းရေများအားလုံးလောက် ခန်းပါ၏။ သို့ဖြစ်၍ ငါးကျက်စားသည့် နေရာများကို မှန်းဆ၍ ရတတ်သည်။
ဦးဘကျော်ကား ငါးခူနှိုက်ရာတွင် ဝိဇ္ဇာဟု အမှတ်ပေးခံရတတ်သူ တဦးဖြစ်သည်။
“ဟိုမှာ လှေတင် ကျောက်တာင် ပေါ်နေပြီကွ ထွန်းရ ။ မြန်မြန် လှော်ခတ်ကြစမ်း။ သူများဦးသွားယင် ဒုက္ခ”
သည်သို့ ဦးဘကျော် ပြောလိုက်မှ ကိုထွန်းရတို့နှစ်ဦးသားသည် လှော်တက်ကို ရင်တွင်း ဆွဲသွင်းကာ တအားဆွဲလိုက်ကြရာ လှေကလေးသည် လေးမှလွှတ်လိုက်သော မြားကဲ့သို့ မြစ်ပြင်တွင် တဟုန်တိုးရွေ့လျားသွားလေသည်။
ဆောင်းနံနက်၏ နေရောင်ခြည်ဖျော့ဖျော့အောက်တွင် လှေကလေးတစင်းသည် လူသုံးယောက်ကိုတင်ဆောင်ကာ ငါးခူရချောင်းတွင်းသို့ ဝင်ရောက်လေ ၏။
ဖြားရေစစ်နေ၍ ဦးဘကျော် စိုက်ထူထားသော ငုတ်တိုင်ကလေး သုံးချောင်းမှာ တလှုပ်လှုပ်နှင့် ရေထဲတွင် ပေါ်လျက်ရှိ၏။
လှေကလေးသည် ငါးခူရချောင်းအတိုင်း ကွေ့ဝင်၍ ငါးခူကျင်းအနီးသို့ ချဉ်းကပ်ဝင်ရောက်လေ၏။ ငါးခူကျင်းသည် ချောင်းကမ်းနဖူးအောက် ရေနက်သော အိုင်ထဲတွင် ဖြစ်သည်။ သည်အိုင်ထဲတွင် ငါးခူ အသေးအကြီးမျိုးစုံ ကျက်စား၏။
ငါးခူခေါင်း ရှိ၏။ သည်ငါးခူခေါင်းကို မြင်မြင်သမျှသူ မသိ။ ဦးဘကျော်သည် သိ၏။ နှိုက်ယူဖမ်းစားဖူး၏။ သို့ဖြစ်၍လည်း အမှတ်အသားတိုင်များကို စိုက်ထူထားရခြင်း ဖြစ်၏။
ငါးခူနှိုက်ခြင်းမှာ မိုးအကုန် ဆောင်းအကူးတွင်မှ ဖမ်း၍ နှိုက်၍ ရတတ်၏။ သို့ရာတွင် ငါးခူကို လူမြင်တိုင်း မဖမ်းဝံ့ကြ။ အဘယ်ကြောင့်ဆိုသော် ငါးခူတွင် ဆူးသုံးချောင်းရှိ၍၊ ထိုဆူးသုံးချောင်းဖြင့် စူးလျှင်ကား မသက်သာလှပေ။
အလွန်တရာ နာကျင်ကိုက်ခဲ၍ “တဖြား” နာတတ်သည်ဟု ပြောကြသည်။ တဖြားတွင် ကိုးရက်ရှိ၏။ ထိုကိုးရက်လုံးလုံး မသက်သာလှပေ။ ဆေးဝါးများ ကုသရ၏။ သို့ဖြစ်၍ ငါးခူကို ကြောက်ကြသည်။
ငါးများသည် ရေသတ္တဝါများ ဖြစ်ကြ၏။ သည်ငါးများတွင် ရန်သူကို ကာကွယ်ရန် ဆူးတောင်များ ပါတတ်သည်။ သည်ဆူးများ စူးလျှင်ကား အနည်းနှင့် အများ နာကျင်ရတတ်သည်။
တချို့ငါးတွင် ဆူးတောင်မပါပဲ ရန်သူကို ကာ ကွယ်တတ်ကြ၏။ ငါးရေကြက်တွင် ဆူးတောင်မပါ၊ရန်သူကိုကာကွယ်ရန် မဲအိုး ပါ၏။ ရန်သူနောက်သို့လိုက်လာလျှင် မဲအိုးဖွင့်၍ ပစ်တတ်၏။ မြစ်ရေထဲတွင် မဲအိုးပွင့်သွားလျှင်ကား မှိုင်းများဖြင့် မည်းနက်၍ သွားတတ်သည်။
သည်အခါ မှိုင်းရေထဲတွင် ရန်သူငါး ရှာ၍ မတွေ့တော့ပေ။
ဤကဲ့သို့ သဘာဝက ဖန်တီးထားသော ကာကွယ်မှုမျိုးလည်း ရှိတတ်သည်။ သို့ဖြစ်၍ သတ္တဝါတခုတွင် ရန်သူကို ကာကွယ်ရန် လက်နက်တခုစီ ပါစမြဲပေ။
အဆိပ်ရှိ၍ အများအားဖြင့် နာကျင်ခံခက်လှသော ငါးများမှာ ငါးခူ၊ ငါးလိပ်ကျောက်၊ ငါးစင်ရိုင်း၊ ငါးကျည်းတို့ ဖြစ်ကြသည်။ ၎င်းတို့အထဲတွင် ငါးခူသည် အဆိပ်အပြင်းဆုံး ဖြစ်၏။
ငါးလိပ်ကျောက်လည်း အဆိပ်ပါ၏။ ဆူးတောင်ဖျားတွင် အဆိပ်ရည်အိတ် ရှိသည်။ ထိုငါးများစူး၍ လူ၏ သွေးကြောထဲသို့ အဆိပ်ရည်များ ဝင် သွားပါက အလွန်တရာ နာကျင်လှသော ဝေဒနာကို ခံစားတတ်ကြပေသည်။
အဆိပ်ရှိသော ငါးများတွင် အကြေးခွံ မပါပေ။
ငါးခူသည် လုံး၍ ချောမွှတ်နေ၏။ ရေထဲတွင် အဖမ်းရခက်ခဲလှပေသည်။ ဆူးတောင်သုံးချောင်း ရှိ၏။နံဘေး တဘက်တချက်စီတွင် တချောင်းနှင့် ကုန်းရိုးတွင် တချောင်းရှိသည်။ ရန်သူနှင့် တွေ့ပါက ကိုယ်ခန္ဓာကို လှုပ်ခါယမ်း၍ ပစ်တတ်သည်။
သူ၏ ဆူးတောင်များသည် ချွန်မြ၍ အပ်ဖျားမျှ ဖြစ်ပေသည်။ စူးလျှင်ကား မသက်သာလှပေ။ ဤကဲ့သို့ အဆူးရှိသော ငါးခူများကို ဖမ်းဆီးနိူင်သူများ ကား အာဂလူပေ။
ဦးဘကျော်သည် လှေကို ငါးခူကျင်းအနီးတွင် သုံးလေးပတ်မျှ လှည့်ပတ်၍ ကြည့်၏။ အမှတ်အသား လုပ်ထားသော ဝါးတိုင်များဖြင့် ချိန်ရွယ်၍ ကြည့် ၏။ ပုဆိုးကို မြောင်ပါအောင် ခါးတောင်းကျိုက်ပြီး လှေပေါ်မှနေ၍ ရေထဲသို့ ခုန်ဆင်းလိုက်လေသည်။
ကိုထွန်းရသည်ပဲ လှော်တက်ကို ကိုင်ထား၏။ ကိုထွန်းစံကမူ ထိုးဝါးတလုံးကို ကိုင်ကာ လှေဦးမှ နေ၍ ထိုးဝါး စိုက်ထူလိုက်၏။
လှေကြိုးကို ချည်တိုင်ထိုးဝါးတွင် ခိုင်ခိုင်ကြီး ချည်ထား လိုက်လေသည်။
ချောင်းရေသည် ဖြားစစ်နေ၍ ငြိမ်ဆိမ်လှ၏။ အတက်အကျ ဟူ၍မရှိ၊ ဖြားတိုင်နေပြီ။(ဖြားတိုင်-ဆိုသည်မှာ ဖြားကျပြီး ဖြားပြန်တက်ရန်အချိန် ကြားကာလကို ခေါ်ပါသည်။)
ပကတိ သာယာနေ၏။ ဆောင်းနေဖြစ်၍ ပူလည်း မပူလွန်းလှပေ။ နေသည် ထန်းတဖျားလောက် မြင့် နေပြီ။
ဦးဘကျော် ရေထဲသို့ ခုန်ဆင်းသွားသည်မှာ ဆယ်မိနစ်မျှပင် ကြာသွားလေပြီ။ ပေါ်၍ကား မလာသေး။ လှေထဲမှ လူက သူ့ကို အာရုံစိုက်နေကြသည်။ မည်သို့ အခြေအနေ ပေါ်လာမည်နည်း။
ရေထဲမှ ပလုံစီများ တက်လာကြသည်။ လှိုင်းကြက်ခွပ်ကလေးများ တွန့်သွားကြသည်။ ဦးဘကျော် ရှိလောက်သည့်နေရာကို မှန်းဆ၍ ကြည့်ကြ၏။ လူနှစ်ဦးက ရင်တမမ။
အချိန် အတန်ငယ်ကြာမှ ဦးဘကျော်သည် ရေထဲမှ ဘွားကနဲ ပေါ်လာ၏။ လှေဆီသို့ ကူးလာခဲ့သည်။ မျက်နှာတခုလုံးကား နီမြန်းနေသည်။
လက်တဘက်ဖြင့် မျက်နှာသစ်ပစ်၏။ အသက်ကို မှန်မှန် ရှူနေသည်။ ရေထဲတွင် အသက်ကို အောင့်ထားရသဖြင့် ပင်ပန်းနေပုံရသည်။ ရေငုပ်ရသော အလုပ်သည် အသက်နှင့် ရင်းရသော အလုပ်ဖြစ်သည်။
“မတွေ့ဘူးကွ… မတွေ့ဘူး။ တို့ ချထားတဲ့နေရာ ရွေ့နေတယ်။ ကျောက်ဆူးနဲ့ ထိုးဝါးကို ပြန်နုတ်ပါ။ ဟို စိုင်ခြုံတွိန်တောင်က ညို့ဆိုင်းနေတဲ့ အပင်ဟာ ချိန်မှတ်ပဲ။ ဒီအပင်နဲ့ တည့်တည့်က ထိုးဝါးကို စိုက်ပါ…. “
ကိုထွန်းရနှင့်ကိုထွန်းစံတို့နှစ်ဦး အလုပ်ရှုပ်သွားကြသည်။ လှေကို ဝါးတပြန်ခန့် တနေရာသို့ ရွှေ့လိုက်ကြသည်။ ဦးဘကျော်သည် စကားလည်း ပြောသည်၊ မောလည်း မောနေသည်။
“ရေတွေတော့ နောက်နေတယ်ကွ။ ရေနောက်ယင် ငါးရှိတတ်တယ်။ ငါးတို့ သဘာဝအတိုင်း ရေနောက်ထဲမှာ ကစားကြတယ်။ ရေနောက်ယင် ငါးရှိမှာ အမှန်ပဲ”
ပါးစပ်မှ ဝါးနေသော ကွမ်းဖတ်ကို ရေထဲသို့ ထွေးချပစ်သည်။ ပလတ်စတစ်ဖြင့် ထုပ်ယူလာသော ဆေးကို ပါးစောင်ထဲသို့သွင်းကာ တငုံ ငုံထားလိုက်သည်။ သည်သို့ ဆေးရွက်ကြီး တငုံ ငုံလိုက်ရပါက အအေးဓာတ်က သက်သာသွားမည် မဟုတ်ပါလား။
ငါးခူနှိုက်ရာတွင် အတွေ့အကြုံရင့်သန်၍ နောကြေနေသော ဦးဘကျော်တို့လို လူမျိုးသည် ချောင်းရေ- မြစ်ရေ ပင်လယ်ရေထဲတွင် ကျင်လည်နေပြီ ဖြစ်သည်။
ဦးဘကျော်သည် ငါးခူကျင်းကို မှန်းဆ၍ ရေထဲသို့ နောက်ထပ်တဖန် ငုပ်သွားပြန်၏။ ကိုထွန်းရနှင့် ကိုထွန်းစံတို့သည် ဦးဘကျော် ရေထဲသို့ ငုပ်သွား သည်ကို လှေပေါ်မှနေ၍ စူးစိုက်ကြည့်နေကြ၏။
ရေများ ဂယက်ရိုက်ကာ အဝိုင်းအဝန်းကြီး ပေါ်သွား၏။ ပလုံစီများ တက်လာ၏။ သည်တချီ ငုပ်သွားသည်မှာ မိနစ်နှစ်ဆယ်မျှ ကြာသည်ဟု ထင်ရသည်။ မိနစ်နှစ်ဆယ်မျှလောက် အသက်မရှူပဲ ရေထဲ၌ ငုပ်နေသည်မှာ အာဂအကျင့် မဟုတ်ပေ။ သာမန်လူတဦး အသက်မရှူရှိုက်ပဲ တမိနစ်မျှ မနေနိုင်ပေ။
ဦးဘကျော် ရေထဲမှ ပေါ်လာ၏။ ဘာတခုမျှ ပါမလာ။ အချည်းနှီးသာပင်။ မျက်နှာကို လက်တဘက်ဖြင့် သစ်ပစ်၏။ မျက်နှာကား မကောင်းလှပေ။ လှေအနီးသို့ ကူးလာ၏။ လှေနံကို လက်နှစ်ဘက်ဖြင့်ကိုင်ကာ လှေပေါ်သို့ ခုန်တက်လိုက်သည်။ တော်တော် ပင်ပန်းနေပုံရ၏။ မောဟစ်နေသည်။
“ဒီတချီတော့ နောက်ဆုံးပဲကွာ။ ငါ့တသက်တာမှာ ဒီတခါလောက် ခက်ခဲတာ မတွေ့ဖူးဘူးကွာ။ အယင် လာတိုင်းဆိုယင် တခါငုပ်လိုက်တာနဲ့ တွေ့တာပဲ”
သူ့စိတ်ကို အားမလို အားမရ ပြောချလိုက်သည်။ ကိုထွန်းရနှင့် ကိုထွန်းစံတို့ကမူ
“ဟုတ်ပါမည်လား”
ဟူသော အတွေးမျိုးဖြင့် တွေးကာ ဦးဘကျော်၏ မျက်နှာကို ပြိုင်တူကြည့်လိုက်ကြ၏။
ဦး ဘကျော်က မကျေနပ် … တကယ်မကျေနပ်။ သူတို့ကို မိမိ၏ အစွမ်းကို ပြချင်သည်။
တော်တော် အမောပြေသွားပြီ။ ကွမ်းယာ တယာကို ဆေးနိုင်နိုင်ထည့်၍ ဝါးလိုက်သည်။ ထူပူသွား၏။ မျက်နှာတခုလုံး နီရဲသွားသည်။
လှေပေါ်မှနေ၍ မိမိစိတ်ကူးထဲမှ မှန်းဆထားသော နေရာသို့ ငုပ်လျှိုးသွားပြန်လေသည်။
လှေထဲမှ လူနှစ်ဦးကား ရင်တမမနှင့်ပင် စောင့်မျှော်၍ နေကြ၏။
သည်တချီမှာ နာရီဝက်ကျော်ကျော် ကြာ၏။ သတ္တိခဲ ယောက်ျားပေ။ ရေငုပ်အလွန်တော်၏။ ရေထဲတွင် ကျင့်သားရနေပြီ။ အကျင့်ဆိုသည်မှာ အမှန်ပင် ဖြစ်၏။ သည်အကျင့်မျိုးကို ဦးဘကျော်ကား အနှစ် သုံးဆယ်ကျော်ကျော် ကျင့်ထားပြီး ဖြစ်လေပြီ။
ရင်တမမနှင့် စောင့်မျှော်၍ ကြည့်နေကြ၏။ အထူးသဖြင့် သူ့ကို စိုးရိမ်ကြသည်။ ရေထဲတွင် မတော်တဆ တခုခု ဖြစ်သွားမည်လား ဟူသော အတွေးမျိုး။
မြစ်ပြင်တနေရာမှ ဘွားကနဲ ပေါ် လာသည်။ လက်ထဲမှာလည်း ငါးတကောင် ပါလာသည်။ အချိန် တပိသာနီးနီး စီးမည်ထင်ရသည်။ ဦးဘကျော်မျက်နှာကား ခုမှ ပြုံးနိုင်သည်။ မျက်နှာတပြုံးပြုံးနှင့် ကိုထွန်းရတို့ နှစ်ဦးသို့ ငါးကို မြောက်ပြသည်။
လှေကို ဦးဘကျော် အနီးသို့ လှော်ခတ်သွားကြ၏။ ငါးခူကို လှေဝမ်းထဲသို့ ပစ်ထည့်လိုက်သည်။ ငါးခူသည် လှေထဲတွင် တဖျပ်ဖျပ် လူးနေသည်။ လှေထဲ ၌ ရေအနည်းငယ်သာ ရှိ၏။
သုံးဦးစလုံး တပြုံးပြုံး ပြုံးနိုင်ကြ၏။ ဦးဘကျော်ကား နောက်ရှိပါသေးသည် ဟူသော အမူအရာကိုပြကာ ရေထဲသို့ ထပ်၍တဖန် ငုပ်သွားပြန်၏။ ယခု တချီ ငုပ်သွားသည်မှာ ယခင်လောက် မကြာ။ ခဏချင်းဖြင့်ပင် ငါးတကောင် ရလာပြန်၏။
တော်တော် ဟုတ်သည့် အဘိုးကြီးဟု ကိုထွန်းရ မှတ်ချက်ချ၏။ ယခင်အချီများက အဘိုးကြီးကို အထင်အမြင် သေးခဲ့သည်။ ယခုမူ အဘိုးကြီးက လက်တွေ့ပြလေပြီ။
ဤကဲ့သို့ ငါးခူ တကောင်ပြီး တကောင် အကြီးအသေးများကို ရေထဲမှ တင်ယူလာသည်မှာ ဆယ်ကောင်မျှ ရှိသွားလေပြီ။ မည်သည့်လက်နက် ပစ္စည်းမျှ မပါပဲ ငါးခူဆယ်ကောင်မျှကို ရေထဲမှ ဖမ်းယူရတတ်သော ဦးဘကျော်ကို ကိုထွန်းရနှင့် ကိုထွန်းစံတို့ အံ့သြ၍မဆုံး ရှိကြ၏။
ဒီရေကား တက်လာပြီး အိမ်ပြန်ရန် ပြင်ဆင်ကြသည်။ ထိုးဝါးကို နှုတ်၍ ကျောက်ဆူးကို တင်ကြသည်။ လှေဦးကို ငါးခူရချောင်းဝသို့ ဦးတည်လိုက် ကြ၏။
“အံ့သြသွားတာပဲ ဦးလေးရ… ဒီလောက်ကြောက်စရာကောင်းတဲ့ ငါးခူအုပ်ကြီးတွေကို ရေထဲက နှိုက်ယူရတယ်ဆိုတာ မျက်မြင်မို့ ယုံပါတယ် ဦးလေး ရာ… ဒီငါးတွေကို ဘယ်လိုလုပ်ဖမ်းတာလဲ ဦးလေး…”
ဤကဲ့သို့ ကိုထွန်းရ မေးလိုက်သောအခါ ဦးဘကျော်သည် ပြုံးပြုံးလုပ်ကာ –
“ဒီလိုကွ မောင်ထွန်းရဲ့။ မသိသူ ကျော်သွား သိသူကဖော်စားဆိုတာလို ငါးခူဟာ ကြောက်စရာ ကောင်းပါ တယ်။ ဒီဆူးတွေက စူးယင် တဖြားလောက် နာကျင် တတ်တယ်။
ဒီ့ပြင် အလွတ်နေရာတွေမှာ ဒီကောင်တွေကို မဖမ်းနိုင်ဘူး။ ဖမ်းလိုလဲ မမိဘူး။ ချောတယ် မွှတ်တယ်၊ ကိုင်လို မရဘူး၊ ရုန်းထွက်သွားကြတယ်။ ဒါပေမယ့် သူ့ကို နိုင်ချက်ရှိပါတယ်။
ဒီငါးတွေဟာ ရေထဲမှာ အခေါင်းအုံပြီး နေတတ်ကြ တယ်….။ ဒီအခေါင်းထဲမှာ ဝပ်နေတတ်ကြတယ်။ ဒီလို ဝပ်နေတဲ့ အခါမှာ လက်ကို အသာလျှိုပြီး အပေါ်က စမ်းကြည့်ရတယ်။ စမ်းကြည့်လို့ ငါးကိုလဲ တွေ့ ရော….”
ဦးဘကျော်သည် စကားကိုဖြတ်ယင်း ကွမ်းရေကို ဝါးကနဲ ထွေးပစ်လိုက်သည်။ ကိုထွန်းရနှင့် ကိုထွန်းစံတို့ကား သိလိုဇောဖြင့် အားမလို အားမရ ဖြစ်နေ ကြ၏။
“မြန်မြန် ပြောပြစမ်းပါ ဦးလေးရာ၊ နားထောင်ချင်တဲ့ လူက နားထောင်ချင်လှပြီ”
“လက်ညှိုးနဲ့ လက်မကို ဆူးတောင် တဘက်တချောင်းစီရဲ့ နောက်နားက မိမိရရ ဖမ်းဆုပ်ကိုင်ပြီး ရေပေါ်ကို ဆွဲတင်ယူရတယ်။ ရေထဲမှာတော့ သိပ်မ ရုန်းသေးဘူး၊ မျောလို့ ပါလာတယ်။
ရေထဲက အပေါ်ကိုမြှောက်တင်တဲ့အခါ ငါးဟာ ရေနဲ့ဝေးပြီး တအားကုန် ရုန်းတော့တာပါပဲ။ ဒီလိုရုန်းတဲ့အခါသာ တအားကုန် ဖျစ်ညှစ်ဆုပ်ကိုင်ထားရတယ်။ လွှတ်ပစ်ယင် မိမိလက်ကို ဆူးစူးမှာပဲ။ ဒီနည်းအတိုင်း ဖမ်းယူရတယ်ကွဲ့ မောင်ထွန်းရရဲ့…”
ဦးဘကျော်သည် ရှည်ရှည်ဝေးဝေး ငါးဖမ်းပုံ ဖမ်းနည်းကို ပြောပြလိုက်မှ ဦးဘကျော်၏ ပညာသားပါလှသော လက်နက်မပါပဲ ငါးဖမ်းနည်းကို သိရ၍ အား ရကျေနပ် နှစ်သက်မိကြလေ၏။
သူတို့၏ လေးလံ နှစ်တောင်မျှသော လှေကလေးသည်ကား ငါးခူရချောင်းနှင့်လည်းကောင်း၊ ငါးခူကျင်းနှင့်လည်းကောင်း ဝေး၍ ဝေး၍ သွားလေတော့၏။
– ပြီး –
စာရေးသူ – ရမ္မာမြေ သက်ရွှေ