သန်းမြင့်သန်း(ကွမ်းခြံကုန်း)
ငါးနှင့်လူသား မခြားပြီ
“ပြောလို့ပြောတာ မဟုတ်ပါဘူး။ ပြောပြန်တော့လဲ ပုံကြီးချဲ့တယ် ဖြစ်အုံးမယ်။ စံကွန့်ဆိုတဲ့လူက ရှာမှရှားဆိုတဲ့လူပါပဲ။ သူ့အကြောင်း ပြောရရင် သူဟာ အတော်မကောင်းတဲ့သူ။ လောဘကလဲ ကြီးလိုက်တာ မပြောပါနဲ့တော့။ အဲ… ကောင်းကွက်ကလေး တစ်ချက်တော့ရှိတယ်။ အဲဒါက သူ့သားသမီးတွေအပေါ်မှာ အလွန်အမင်း စေတနာမေတ္တာကြီးမားတဲ့အချက်ပဲ”
တန်းလှေသမားများ စုဖွဲ့လုပ်ကိုင်ကြရာ တန်းသမားသော်စိန်တို့ လူစုသည် ရွှေဗန်းရိုးချောင်းဝတွင် လှေများ ဆိုက်ကပ်ရပ်နားနေကြချိန် ဖြစ်၏။ ငါးတန်းချသမားအများစုတွင် ငါးတန်တန်း၊ ငါးရောင်တန်းချ ရာ၌ ကျွမ်းကျင်နှံ့စပ်၊ အတွေ့အကြုံ ရင့်ကျက်သည့် တံငါတစ်ယောက်ကို ပြပါဆိုလျှင် ကိုသော်စိန်ကိုသာ လက်ညှိုးညွှန်စရာရှိပေသည်။
တကယ်တမ်းဆိုရပါမူကား စံပြရပ်ကွက်သား ငယ်သူငယ်ချင်း စံကွန့်ကိုလည်း ချန်ရစ်ထား၍ မရပါချေ။
နွေ၊ မိုး၊ ဆောင်း တံငါအလုပ်ပေါင်းစုံကို အခါရာသီမှီ၍ တစ်မျိုးပြီးတစ်မျိုး မရိုးအောင် လုပ်ကိုင်စားသောက်နိုင်စွမ်း ရှိကြသူများလည်း ဖြစ်ပေသည်။
စံပြရပ်ကွက်အဆုံးတွင် ရိုးချောင်းငယ်တစ်ခု ရှိခဲ့သည်မှာ နှစ်ပေါင်းများစွာကပင် ဖြစ်သည်။ ယခင် ကွမ်းခြံကုန်းချောင်း၊ သို့မဟုတ် သုံးခွချောင်း ကောင်းစားခဲ့စဉ်က တံငါသည်များစွာတို့ မြစ်ပြင်သို့ထွက်၍ ငါးရှာစရာ မလိုချေ။ ငါးသားပုစွန် မျိုးစုံကို သည်ချောင်းအတွင်း အချိန်အခါမရွေး လွယ်လင့်တကူ ရှာဖွေစားနိုင်ခဲ့ကြသည်။
ထိုချောင်းကြီး၏ ချောင်းလက်တက်ခွဲတစ်ခုဖြစ်သော ရွှေဗန်းရိုးချောင်းကလေးကလည်း နာမည်ကြီးလှ၏။ ရွှေဗန်းရိုးချောင်းတစ်လျှောက် ငါးကြီးငါးကောင်းများ အလျှံပယ်ရရှိနိုင်သောကြောင့်လည်း ဖြစ်၏။
သည်ရွှေဗန်းရိုးချောင်းကလေးသည် ယခင် သုသာန်သင်္ချိုင်းမြေဟောင်းနေရာမှ ချောင်းဖျားခံပြီး ချောင်းမကြီးထဲသို့ စီးဝင်နေ၏။ ရှည်လျားကွေ့ကောက်သော ချောင်းရိုးငယ်မှာ လှေတစ်ပြန်သာသာမျှ သာ ကျယ်ဝန်း၏။
ရိုးချောင်းဝဲယာ နှစ်ဖက်တွင်လည်း လမုပင်၊ ဓနိပင်၊ ခရာပင်၊ ရေသကျည်းပင်၊ ငါးတန်ပိန်းရိုင်းပင်များ ပြွတ်သိပ်ပေါက်ရောက်နေကြသဖြင့် ချောင်းရိုး ကျဉ်းသယောင်ရှိသည်။
တော်တန်ရုံ တံငါလှေများ ချောင်းရိုးအတွင်း ဝင်ရောက်ခိုနား လုပ်ကိုင်စားသောက်လေ့မရှိ။ ဇွဲကောင်းသည့်တံငါများပင် ချောင်းရိုးဝင်၍ တစ်ယောက်တည်း၊ တစ်လှေတည်း ငါးဖမ်းလာလေ့ မရှိချေ။
ဖြတ်သွားဖြတ်လာ သာမန်လှေများမူကား ချောင်းဝအနားဆီပင် မသီကြချေ။ တစ္ဆေသရဲခြောက်သည်ဟု နာမည်ကြီးလှသောကြောင့် ဖြစ်၏။
တုံးပေကတ်သတ်လူစားများဖြစ်သော သော်စိန်နှင့် စံကွန့်တို့ပင်လျှင် ရိုးအတွင်းအထိ မဝင်ရဲကြချေ။ ရိုးပြင်ရိုးချောင်းဝ၌သာ အခြေချလေ့ ရှိကြသည်။
ထိုစဉ်က သူတို့နှစ်ယောက်မှာ လူပျိုပေါက်အရွယ်များ ဖြစ်ကြသည်။ အသက်နှစ်ဆယ်ကျော် သည်နှင့် နှစ်ယောက်စလုံး အသီးသီး အိမ်ထောင်ကျခဲ့ကြ၏။
တံငါအလုပ်နှင့် အသက်မွေးသူများအနက် စံကွန့်က သူများထက်ပိုသည်။ စံကွန့် တစ်ဦးတည်းကပင် အလုပ် လေးငါးခုကို တစ်ပြိုင်နက်တည်း လုပ်လေ့ရှိတတ်သည်။
ထို့ကြောင့် သူ့လှေပေါ်တွင် ငါးဖမ်းသည့်လက်နက် ကိရိယာအစုံအလင် ပါသည်။ အိမ်ထောင်ပြုပြီးနောက် စီးပွားရေးလောဘရမ္မက်ကလည်း ကြီးမား လာသည်မို့ သူ့အတွက် မယားနှင့် သားသမီးများမှတစ်ပါး အခြားကိစ္စများကို ဘာဆိုဘာမျှ စိတ်မဝင်စားတော့ပါ။
သို့နှင့်ပင် သူငယ်ချင်း သော်စိန်က စံကွန့်ကို လောဘအကြီးသားလူစားဟု ကင်ပွန်းတပ်ချေသည်။
“ကြည့်လေ… ဘယ့်ကလောက်များလဲဆိုတော့ကာ သူ့လှေပေါ်မှာ ပိုက်ဗဝန်းတစ်ဖုံလဲပါရဲ့။ ဒိုင်းဝန်း တစ်လက်လဲ ယူလာရဲ့။ လက်ထွန်ကြိုး လဲရှိတယ်။ တန်းကြိုးနဲ့ ငါးမျှားချိတ်တွေကလဲ မပါမဖြစ်ဗျ။ ငါးဖမ်းပစ္စည်းတွေ အပြည့်အစုံနဲ့ပေါ့ဗျာ”
စံကွန့်လှေထဲတွင် ဘယ်အချိန်ကြည့်ကြည့် ငါးဖမ်းပစ္စည်း အစုံအလင်ပါရှိသည်။
သုံးခွချောင်းကလည်း ဧရာဝတီ၊ ရွှေငွေထွန်း၊ ငွေရတနာမြတို့လို နှစ်ထပ်သင်္ဘောများ နေ့စဉ်ဝင်ထွက် ခုတ်မောင်းသွားလာနိုင်သည့် ရေစူးရေစောက်ကောင်းသော ချောင်းကြီးမျိုးဖြစ်၏။
အစိုးရပိုင် သံခွံနှစ်ထပ်မီးသင်္ဘောကို ဧရာဝတီသင်္ဘောဟု ခေါ်ကြသည်။ အင်္ဂလိပ် အုပ်စိုးစဉ်ကတည်းက ရောက်ရှိလာကြသော ကျောက်မီးသွေး ရေနွေးငွေ့ဘွိုင်လာသုံး ဧရာဝတီဖလုတ်တီလာကုမ္ပဏီ၏ စစ်လက်ကျန်များဖြစ်ပြီး လွတ်လပ်ရေးရပြီးနောက်ပိုင်းမှသာ ဒီဇယ်အင်ဂျင်များဖြင့် အစားထိုးပြောင်းလဲတပ်ဆင် အသုံးပြုခဲ့ကြသည်။
အခြားပုဂ္ဂလိကပိုင် နှစ်ထပ်သင်္ဘောများမှာ အောက်လမ်း၊ အထက်လမ်းဟူ၍ နှစ်မျိုးနှစ်စား ခွဲခြားထားရှိ၏။
အထက်လမ်းကြောင်းမှာ ကွမ်းခြံကုန်းမှ တိုးမြစ်ကြောင်းအတိုင်း ဒေးဒရဲ၊ ကျိုက်ထော်မြို့ ရွာများမှတစ်ဆင့် တွံတေး၊ တာဝ (ကံဘဲ့)၊ တွံတေးတူးမြောင်းအတိုင်း ရန်ကုန်မြို့အထိ ခရီးစဉ်ဖြစ်၏။
အောက်လမ်းမှ ပြည်သူ့မောင်၊ တိုင်းချစ် စသည့် ခါးပြတ် နှစ်ထပ်မော်တော်ကြီးများက တိုးမြစ်အောက်ပိုင်းရှိ သခွတ်မြစ်ခေါ် ဒီဆိုင်မြစ်မှသည် မုတ်ကျွန်းတောင်ခြမ်းရှိ ရွာစဉ်များကို ဖြတ်သန်းပြီး ဝါးပလောက်သောက်၊ ဓနုတ်၊ ကမာကနိ၊ အနိုးချောင်၊ ကိုးတောင်ရွာများကိုကျော်ကာ သခွတ်ပင်ရွာချောင်းမှထွက်၍ ရန်ကုန်မြစ်အတိုင်း ရန်ကုန်မြို့သို့ ခရီး ပေါက်သောကြောင့် အောက်လမ်းဟု ခေါ်ခြင်းဖြစ်သည်။
သုံးခွချောင်း ရိုးကောင်းသည့်အတွက် တံငါသည်အများစုလည်း ရှာဖွေစားသောက်၍ ကောင်းခဲ့ကြရသည်။ ယုတ်စွအဆုံး ချောင်းကမ်းရှိ လတာပြင်၊ ချောက် လျှို မရွေး စံကွန့် ဒိုင်းဝန်းခတ်ရာ ပုစွန်ငါး တစ်ဟင်းစားတစ်အိုးချက် မခက်။ ကံတက်သည့်အခါ နှုတ်ခမ်းမွေးတကားကားနှင့် ပင်လယ်ငါးခူကြီးများ၊ ဗိုက်ဖောင်းကားနေသည့် ဥအပြည့်နှင့် ငါးပတ်ကြီးများ၊ ဆူးတောင်ကြီးများနှင့် ရေပြည့်ချိန် ကျက်စားလာတတ်သော ကျွဲဟုခေါ် သည့် ငါးစင်ရိုင်းကြီးများကလည်း ပေါလိုက်ပါဘိ။
ငါးရစ်ငါးသန် ငါးပြေမများကလည်း ကုန်းပေါ် အထိ တက်လာတတ်ကြပြီး အလွယ်တကူ ဖမ်းယူလိုက်ရုံသာ။
ဦးစွာပထမ စံကွန့်က မနီးမဝေးရှိ ပေကုန်းရွာသစ်နှင့် မျက်နှာချင်းဆိုင်တစ်ဖက်ကမ်းရှိ သုံးခွရွာဖျား ဓနိတောကမ်းနားတစ်လျှောက် ဒိုင်းဝန်းခတ်နေ၏။ သည် ဒိုင်းဝန်းကလေးက စံကွန့်သွားရာ အမြဲပါသည့် လက်ကသုံးတောင်ဝှေး။
ငယ်စဉ်ကတည်းက ချောင်းရိုးအနှံ့ ဒိုင်းဝန်းခတ်တတ်ခဲ့သည်ကလည်း တံငါသက်ရှည်စေသောအကြောင်း အထောက်အပံ့တစ်ခုပင်။
“တွေ့သမို့လား။ ဆတ်ထုပ်၊ ပဲနပြား၊ ဖော့ချိတ်ပုစွန်တွေ ဒိုင်းဝန်းတစ်ခါ ခတ်ရုံနဲ့ အထွေးလိုက်ပဲ။ငါးဖျင်းသလက်နဲ့ ငါးခုံးမတွေလဲ ပါရဲ့မဟုတ်လား။ အဲဒါတွေက လက်ထွန်ပစ်ဖို့ရာ ငါးစာတွေပဲပေါ့။
မင်း ကတော့ လှေကြီးထိုး ရိုးရိုးပဲဆိုတဲ့ကောင်။ အေးလေ… မင်းမှာက ငါ့လို သားစာ မယားစာရှာဖို့ မလိုတော့ကာ အထိုင်အထ နှေးပေမပေါ့။ ငါကတော့ မင်းလိုနေလို့မရဘူး သော်စိန်ရေ။ အိမ်မှာက ငိုစားရယ်စားတွေ တစ်ပုံတစ်ခေါင်း”
စံကွန့်သည် ဒိုင်းဝန်းခတ်ပြီး ရရှိသည့်ငါးပုစွန်များကို ဗုံလုံထဲသို့ ထည့်ရင်း လှေချင်းပူးကပ်ယှဉ်တွဲ ချည်ထားသည့် သော်စိန်ကို လှမ်းပြောနေခြင်းဖြစ်၏။
“ဗုံလုံ”ဆိုသည်မှာ အရှည် ၃ ပေ၊ လုံးပတ် ၃ ပေ ရှိသော မျှင်ဝါးနှင့် ရက်လုပ်ထားသည့် ငါးပုစွန်အရှင်ထည့်လှောင်ထားရာ ပလုံးတစ်မျိုး ဖြစ်သည်။ လှေရွက်ခုံရှိ ရွက်တိုင်ပေါက်တွင် ကြိုးချည်ထားပြီး ရေထဲတွင် အမြဲရှိနေသော ပစ္စည်းတစ်မျိုး ဖြစ်ပေ၏။
စံကွန့် စကားကို နားထောင်ရင်း သော်စိန်က ကြားဖြတ်ပြောလိုက်၏။
“ဒါကတော့ မင်းအကုသိုလ်နဲ့ မင်းပဲမောင်။ အိမ်ထောင်ကျတာမှ မကြာလှသေးဘူး။ ကလေးက တစ်နှစ်ကျော် တစ်ယောက် ထွန်းကားနေတော့ကာ ဘာအခုမှ ကြောက်ပါပြီလဲ။ ရုန်းလိုက်ပေအုံးတော့ ကိုယ့်လူရေ”
“အဲဒါပြောတာပေါ့ သော်စိန်ရယ်။ ကိုယ့်ဘဝနဲ့ ကိုယ့်အကြောင်းက ဖန်လာတော့လဲ ဘာများတတ်နိုင် မှာလဲလို့။ အဲ… တစ်ခုတော့ပြောချင်တယ်ကွ။ တို့များ သားသမီးတွေ မွေးလိုက်ကြတာတော့ လွယ်သလိုပဲဟေ့။ တကယ်တမ်း ကျွေးမွေးသုတ်သင်ဖို့ကတော့ အခက်သား မဟုတ်လား။
မိဘဆိုတာမျိုးကလဲ သားသမီးတစ်ကျိပ်ရှိသော်ငြား သူတို့စားဖို့အတွက် ရှာရဖွေရတာကို ပင်ပန်းတယ်၊ မောတယ်လို့ကို မထင်တာ။ သားကျွေးမှု မယားကျွေးမှုကို ကျေနပ်နေတတ်ကြတာ မဟုတ်လား။ မျိုချမိခဲ့တာ ဆေးခါးကြီးမှန်း သိပေမဲ့ ထွေးရအန်ရ ခက်လှတဲ့ ကိစ္စပေကိုးကွ”
“အင်း… မင်းပြောတာတော့ မှန်တယ်။ မိဘဆိုတာ အနှိုင်းမဲ့မေတ္တာရှင်တွေ မဟုတ်လား။ လူဖြစ်လာတဲ့သားသမီးတွေဟာ အမေ့နို့ဖိုးကိုသာ စိတ်မှာ စွဲမှတ်ကြတယ်။ အဖေ့ချွေးဖိုးကိုတော့ ထည့်မတွက်တတ်ကြဘူးကွ။ သိရဲ့လား”
“ဟုတ်ပါဘိတော့ကွာ၊ မွေးတာလွယ်ပေမဲ့ ကျွေးဖို့တာဝန်ကြီးမှန်း သိလျက်နဲ့ ကျေနပ်နေကြရတာပဲ မဟုတ်လား။ သားသမီးစားဖို့၊ ဝတ်ဖို့အရေးများဆိုရင် လှိုင်းမကြောက်၊ လေမကြောက်၊ ကင်းမကြောက်၊ မြွေမကြောက်ကြပေတာကိုး။
သားသမီးဇောနဲ့ အများကြီးမောရပေမဲ့ လောဘက အတောမသတ်နိုင်ဘူးလေ။ ဒီဇော၊ ဒီလောဘကြောင့် နဖူးကချွေး ခြေမပေါ်ကျတာတောင်မှ မောရမှန်း မသိကြဘူး”
ကြုံရာကျပန်း စကားပြောရင်း ရေတက်ချိန်ကို စောင့်ကြရသည်။
တံငါဆိုသည်မှာလည်း ရေအကြောင်း၊ လေအကြောင်း၊ မိုးအကြောင်း ကောင်းစွာ သိရှိထားနိုင်မှသာ တံငါပီသနိုင်ပေလိမ့်မည်။ သို့မဟုတ်ပါက မည်ကာမတ္တတံငါမျှသာ ဖြစ်ပေမည်။
ရေတက်မိုးက မမျှော်လင့်ဘဲ ဝုန်းဒိုင်းကြဲကာ ရွာချ လာ၏။ မိုးနှင့် နွားသိုး အစိုးမရရှိချေသည်။ မထင်မှတ်ဘဲ ဗြုန်းစားကြီး ရွာသွန်းလိုက်သောမိုးကြောင့် တန်းချဖို့အရေး အနှောင့်အသွားမလွတ်ဘဲ ဖင့်နှေးချေ၏။
ပင်လယ်ဒီရေ တက်စပြုသည်နှင့် တရကြမ်းကပ် ပါလာသည့် မိုးကြောင့် ခါးပြတ်မိုးကာဖျင်စကို ကိုယ်တွင်ပတ်ခြုံလိုက်ပြီး ဝါးပိုးဖပ်ခမောက်ကို မေး သိုင်းကြိုးချည်လျက် ခေါင်းဆောင်းထားကြရ၏။
မိုးနောက်မှ လေကလည်း တဟူးဟူး တိုက်ခတ်လာနေသည်။
ငါးမျှားတန်းနေရာချဖို့ ပြင်ဆင်ရ၏။ ရွှေဗန်းရိုးချောင်းဝက ငါးရောင်တန်းချရန် အကောင်းဆုံးနေရာဖြစ်သည်။ တက်ရေအရှိန်နှင့် ရိုးအထက်ပိုင်းအထိ တက်လာတတ်သော ငါးရောင်များကလည်း ပေါများလှ၏။
ငါးစာကို ကြိုတင်ရှာထားပြီးဖြစ်၍ တန်းကြိုးရှိ ငါးမျှားချိတ်အားလုံးတွင် ငါးစာတပ်ထားကြပြီး ဖြစ် နေသည်။ သုံးလွန်းတင် နိုင်လွန်တန်းကြိုး အရှည် ပေ ၁ဝဝ တွင် ငါးမျှားချိတ် နှစ်ဆယ်၊ အစိတ် တပ်ထားကြ၏။
ရေတက်ဦးငါးကို စောင့်ကြိုရန် သော်စိန်နှင့် စံကွန့်တို့နှစ်ယောက် ရွှေဗန်းရိုးအောက်ဘက်နှင့် အထက် ဘက်တွင် နေရာယူလိုက်ကြသည်။ လှေများကို နေရာရွှေ့ထားလိုက်ရသည်။
မိုးက အတောမသတ် ရွာနေဆဲဖြစ်၏။ လေမတိုက်၍သာ တော်တော့သည်။ လေရောမိုးပါဆိုလျှင် ကား ညရေးညတာမှာ တန်းချဖို့ အဆင်မပြေ။
ယခုမူ အစာတပ်ပြီးသား ငါးမျှားကြိုးကို မိုးဖွဲဖွဲကြားမှပင် ကိုယ့်တာကိုယ့်ငန်းတွင် ငါးမျှားတန်း စတင်ပစ်ကြရသည်။
သော်စိန်က ရိုးအထက်ဘက်မှ စံပြဘက်ဆီသို့ တန်းချသွားသည်။ လမုသား ငုတ်တိုင်ကို ခိုင်ခိုင်စိုက်ပြီး တန်းကြိုးအစပိုင်းကို ချည်ထားလိုက်၏။
စံကွန့်ကလည်း အလားတူပင် ရိုးအောက်နှုတ်ခမ်းဝမှစ၍ သုံးခွရွာဖျားပိုင်းဆီသို့ ဦးတည်ကာ တန်းကြိုးပစ် ထားလိုက်၏။ ချောင်းမကြီးကမ်းစပ်တစ်လျှောက် အထက်အောက်မြှောင်လျက် တန်းကြိုးပစ်ချထားကြရာ လာလာသမျှငါးတို့နှင့် ရိုးဝအဝင်လမ်းတွင် တန်းတိုးကြမည်ဖြစ်သည်။
“ကဲ… သော်စိန်ရေ၊ တန်းကြိုးတော့ ပစ်ပြီးသွားပြီ။ ငါတော့ ထုံးစံအတိုင်း ဟောဒီလက်ထွန်ကြိုးလေးနဲ့ ချောင်းမကြီးဘက် တစ်ချက်လောက် စမ်းကြည့်လိုက်အုံးမယ်”
“ကိုလောဘကြီးရယ်… နင့် သဘောအတိုင်းပါပဲ။ တန်းပစ်လို့ မောရတဲ့အထဲ ခဏတစ်ဖြုတ်တောင်မှ နားမနေချင်တော့လဲ လုပ်ပေါ့”
လှေနှစ်စင်း ထိုးဝါးတစ်တိုင်တည်းတွင် လှေချင်းပူးကပ်လျက် ကြိုးချည်ထားလိုက်ကြသည်။
သော် စိန်က ဆေးပေါ့လိပ်တဖွာဖွာနှင့် အနားယူနေသည်။
စံကွန့်ကတော့ လက်ထွန်ကြိုးတဆဆနှင့် လှုပ်လှုပ်ရွရွ။
xxx xxx xxx
နေဝင်ရီတရောအချိန်တွင် မိုးမှောင်ကျလာ၏။ နေမင်းအလင်းရောင်ကား မိုးသားတိမ်တိုက်ကြားတွင် ပျောက်ကွယ်သွား၏။
နွားရိုင်းသွင်းချိန်၌ပင် အနောက်ဘက် မိုးကောင်းကင်အထက်၌ အမှောင်အား ကြီးစိုးနေ၏။
ရေပြည့်တန်းသို့ ရောက်ရှိလာ၏။ ရေပြင်ထက်တွင် ရေးရေးထင်ထင်မြင်နေရသော ရေမျောဒိုက်သရောများကို တန်းကြိုးနှင့် မငြိစေဖို့ လှော်တက်နှင့်ထိုးကာ ဖယ်ရှားနေရသည်ကလည်း အလုပ်တစ်ခု။ သည်သို့မလုပ်ပေးလျှင် တန်းကြိုးများ ကစဉ့်ကလျားနှင့် ရှုပ်ထွေးသွားတတ်ပေသည်။
“တန်းကြိုးဖော်ကြစို့ စံကွန့်ရေ”
သော်စိန်က လှမ်းပြောလိုက်၏။
တန်းကြိုးကိစ္စတွင် သော်စိန်က ကျွမ်းကျင်သူ။
“အေး… ရေအီတုန်းအခိုက် လိုက်ကြတာပေါ့”
လှေကြိုး ကိုယ်စီဖြုတ်၍ ကိုယ့်တန်းကို ကိုယ်ဖော်ကြပြီ။
စံကွန့်သည် လက်ထွန်ကြိုးပစ်လက်စကို ရပ်ကာ ထိုးဝါးတိုင်တွင် ပြောင်းရွှေ့ချည်ထားခဲ့၏။ တန်းကြိုး ငါးမျှားချိတ်များတွင် ငါးကိုက်သည်များကို လိုက်လံဖြုတ်ယူခြင်းကို တန်းလိုက်သည်ဟုဆို၏။
ကံထူးချင်၍လား မသိ။ စံကွန့်၏ ငါးမျှားချိတ်တွေမှာ ငါးရောင်ငါးများ တစ်ကောင်ပြီးတစ်ကောင် ဟပ်နေကြသည်။
အမှောင်ထဲမှာပင် ငါးများကို ငါးမျှားချိတ်မှ ဖြုတ်ယူပြီး လှေကပ်အတွင်းသို့ ပစ်သွင်းထည့်၏။ တချို့
ငါးရောင်များမှာ လှေကပ်ပေါ်တွင် တင်နေ၏။ ဘာကြောင့်မှန်းတော့ မသိ၊ ကြက်သီးမွေးညင်းကလည်း တဖြန်းဖြန်းထလို့နေ၏။
တစ်ယောက်နှင့်တစ်ယောက် ဆန့်ကျင်ဘက်တူရူဆီသို့ တန်းကြိုးလိုက်ကြရသဖြင့် ဝေး၍ဝေး၍ သွား၏။ စံကွန့်က တစ္ဆေသရဲကို မမြင်ဖူးပေမဲ့ အလွန်ကြောက်တတ်၏။
သော်စိန်ကိုမူ လူလုံးရော လှေလုံးပါ အမှောင်တွင် မမြင်ရတော့ချေ။
“သော်စိန်ရေ… ဟေ့ သော်စိန်”
အသားကုန် ဟစ်ခေါ်နေ၏။
“ဝူး”
အသံသဲ့သဲ့နှင့်သာ ပြန်ထူးသံကို ကြားရ၏။
သော်စိန်က စံကွန့်ကို လှေနံနှစ်ဖက်နင်းသူဟု သမုတ်၏။ ထိုသို့ ထင်ကြေးပေးခံရသူမို့ သိပ်ပြီး ဂရု မစိုက်၊ အလေးမထားချင်ပေ။ လှေနံနှစ်ဖက်နင်းခြင်းမှာ လှေနံနှစ်ဖက်ပေါ်တွင် ခြေတစ်ဖက်စီ ခွနင်းခြင်းဖြစ်၍ အမှန်တကယ် အန္တရာယ်မရှိချေ။ လှေနံတစ်ဖက်ပေါ်တွင်သာ ခြေထောက်နှစ်ချောင်းကို စုံနင်း လျှင်သော်ကား လှေစောင်း၍ မှောက်သွားတတ်ပေသည်။
မည်သို့ပင်ဖြစ်စေ စံကွန့်အဖို့ရာ လှေနံကို ခြေကန်ကာ နှစ်ဖက်ခွနင်းခြင်းဖြင့် သားသမီးများ စားဝတ်နေရေးအတွက် အပတ်တကုတ် အားထုတ်နေရခြင်းဖြစ်သည်ဟုသာ သဘောထားကြီးစွာဖြင့် အပြစ်ဆိုဖွယ်ရာ မရှိဟု သော်စိန် မှတ်ယူထားလိုက်၏။
သော်စိန်က စံကွန့်ကို တန်းချသည့်အလုပ်အပြင် တခြားအလုပ်ကိုပါ တစ်ပြိုင်နက်တည်းလုပ်သည့်
အတွက် စောင်းချိတ်ပြောသည့် သဘောသာဖြစ်၏။ သူလုပ်နိုင်သလောက် လုပ်ကိုင်စားသောက်သည်ကိုမူကား တားဆီးပိတ်ပင်မှုတော့ မည်သည့်အခါမျှ မပြုခဲ့ပါ။ သူ့ဘဝကို နားလည်ပေးခဲ့သည်သာ များ ချေပြီ။
လောဘသက္ကာယကြီးမားသူဟု ပြောရဆိုရမှာလည်း အခက်။ တစ်ခါတစ်ရံတော့လည်း ပြင်းပြင်းထန်ထန် ဝေဖန်တာမျိုးလည်း ရှိသည်။
“မင်းဟာက ပင်လယ်ထဲ ဝေလငါးဖမ်းရင်း ငါးနုပ်ငါးဖွဲ မျှားချင်တဲ့သူ ဖြစ်နေပြီ။ အကြီးကြီးလဲ လိုချင်၊ အသေးအမွှားကိုလဲ လက်မလွှတ်ချင်တဲ့ကောင်ပဲ။ ကြည့်လုပ်ပေါ့ကွာ၊ လူကြားမကောင်း ဖြစ်နေအုံးမယ်”
သော်စိန် ပြောသည့်စကား မှန်သော်ငြားလည်း စံကွန့် နားမဝင်။
ရေမတက်ခင် ရေစစ်သည်နှင့် အသင့်ယူလာခဲ့သော ပိုက်ဗဝန်း လက်လံ ၂ဝ ကို ရွှေဗန်းရိုးတစ်ဖက်ကမ်းရှိ ချောင်းမကြီး ဓနိတောနှင့် သမန်းချုံ လတာ၌ ပိတ်ထားခဲ့ပြီးပြီ။
ဒိုင်းဝန်းခတ်၍ ရသမျှ ပုစွန်များကို ဗုံလုံထဲ ထည့်ခဲ့ပြီးပြီ။ လက်ထွန်ကိုလည်း ချောင်းမကြီး ရေစီးထဲ ပစ်ခဲ့ပြီးပြီ။ သော်စိန် ဝေဖန်နေသော်လည်း သည်အလုပ်များကို အစောကတည်းကပင် ပြီးစီးနေခဲ့ပြီဖြစ် သည်။
စံကွန့်သည် လှေနံနှစ်ဖက်နင်းသည်မဟုတ်ဘဲ လှေနံလေးဖက် နင်းခဲ့သည် မဟုတ်ပါလား။
“သော်စိန်ရေ… ဟေ့… သော်စိန်၊ ငါခေါ်နေတာ ကြားရဲ့လား”
နောက်ထပ်တစ်ကြိမ် အော်ခေါ်ပြန်၏။ ပြန်ထူးသံကား မကြား။ သူ့အလုပ်နှင့်သူ မအားဘဲ ငါးဖြုတ် နေရသည်မို့ ဖြစ်မည်။
စံကွန့်သည် သူ့ငါးမျှားတန်းမှ ငါးများကို အလျင် စလို ဖြုတ်ယူပြီး အကျေနပ်ကြီး ကျေနပ်နေ၏။ ငါးအကောင်နှစ်ဆယ်ခန့်ကလည်း လှေကပ်ပေါ်တွင် အစီအရီ။ စံကွန့်အဖို့ ပီတိတွေ တစ်လှေကြီးနှင့် ဖြစ်နေ၏။
ရရှိထားသော ငါးရောင်များကလည်း သုံးမျိုးသုံးစား ရှိနေသည်။ အကောင်ကြီးမျိုးဖြစ်သည့် စိန်ငါးရောင်က အကောင်းစား။ ညှီစော်အလွန်နံသည့် ဆီငါးရောင်မျိုးနှင့် အကောင်သေးသော ရိုးရိုးငါးရောင်ဟူ၍ ရှိသည်။ ဘာငါးရောင်ပဲ ဖြစ်ဖြစ် အခြောက်ခွဲလှန်းပြီး ငါးရောင်ခြောက်အဖြစ် ဈေးကောင်းရနိုင်ပေသည်။
“မရှောင်နိုင်ကြလို့ အမှောင်ထဲမှာတောင် လုပ်ကိုင်နေရတာ။ ပိန်းပိတ်လို့ မှောင်နေလဲ လုပ်နေရတာပဲ။ ငါ့သားသမီးတွေ စားဖို့သောက်ဖို့ဆိုရင် အသက်ကိုတောင် မငဲ့ကွက်နိုင်ပေဘူးပေါ့။ ဒါ ငါ့ဘဝ ပြဋ္ဌာန်းချက်ပဲဟေ့”
စံကွန့် အော်ကြီးဟစ်ကျယ် ဟစ်ကြွေးနေ၏။ လာလာချေသေးရဲ့။ ကိုယ့်ကိစ္စနှင့်ကိုယ်သာပေပေါ့။ ဖေးဖေးမမဟူ၍ လက်တွေ့ဘဝနယ်ပယ်တွင်မူ ဘယ်သူဘယ်ဝါမှ ကူဖော်လောင်ဖက်မရှိ။ ကိုယ့်အားကိုယ်ကိုးရုံသာ ရှိ၏။
အချိန်အတန်ကြာခါမှ သော်စိန် ရောက်လာသည်။
“တကတဲကွာ ခေါ်လိုက်ရတာ အာခေါင်ကွဲမတတ်ဘဲ။ ငါ့မှာ ဒီငါးတွေနဲ့ မနိုင်မနင်းမို့ မင်းကို လှမ်းခေါ်ရတာ။ နေလဲနေနိုင်လွန်းတယ်”
နှစ်ယောက်သား ထိုးဝါးတိုင်အနီးသို့ ရောက်လျှင်ရောက်ချင်း ရေထဲမှ ဝုန်းခနဲ အသံတစ်ခု ထွက်ပေါ် လာပြီး အမှောင်ထဲတွင် ဖွေးခနဲ မြင်လိုက်ရ၏။
ငါးပိဿာခန့်ရှိ ငါးတန်ကြီးတစ်ကောင်က လက်ထွန်ငါးမျှားချိတ်တန်းလန်းနှင့် စံကွန့်လှေဝမ်းအတွင်းသို့ ခုန်ဝင်လာ၏။
“ဗုဒ္ဓေါ…. ဘုရားကယ်တော်မူပါ”
မှောင်နှင့်မည်းမည်းတွင် သရဲထင်ပြီး လန့်အော်သူက စံကွန့်။ အသေအချာကြည့်ကာမှ လက်ထွန်ပစ်ထားသော ငါးမျှားချိတ်တွင် မိနေသည့်ငါးကြီးကို တွေ့လိုက်ကြရ၏။
စံကွန့်သည် ငါးမျှားကြိုးကို အတင်းဆွဲကာ လှေထဲမှ ရေထဲသို့ ပြန်ခုန်မထွက်သွားစေရန် ငါးကြီးကို လှော်တက်နှင့် ဖိထားလိုက်၏။ ငါးတန်ကြီးမှာ ဖိနှိပ်ထားသည့်ကြားမှ ဆူးတောင်ကြီးများကားလျက် လှေကပ်ပေါ်တွင် တဖျပ်ဖျပ်လှုပ်ခတ်နေဆဲဖြစ်၏။
လှေပေါ်တွင် ရှိနှင့်ပြီးသော ငါးရောင်များကလည်း သေသည့်ငါးက သေပြီး ရှင်သည့်ငါးက ရှင်နေသေး၏။
ငါးတန်ကြီး၏ ပါးဟက်တွင် တွယ်ငြိနေသော ငါးမျှားချိတ်ကို မဖြုတ်ရသေးချေ။
စံကွန့်သည် ငါးမျှားချိတ်ဖြုတ်ရန် တန်းကြိုးကို ကိုင်လျက် ငါးကြီးအနီးသို့ ကပ်သွား၏။ တစ်ဖန် ငါးတန်ကြီးက လူကိုလန့်ပြီး ခုန်လိုက်ရာ ရေထဲသို့ ကျသွားပြန်၏။
စံကွန့်လည်း ရုန်းကန်နေသော ငါးကြီးကို ဆောင့်ဆွဲယူပြန်၏။ လှေနံကို ခြေကန်ပြီး အားကုန်ဆွဲယူလိုက်ရာ မြောက်ခနဲ ပါလာပြီး လှေကပ်ပေါ် သို့ ကျလာပြန်သည်။
“ဒီလောက်ဖြစ်တဲ့ငါး၊ ကဲဟာ … ကဲဟာ”
ဒေါပွကာ လှော်တက်နှင့် ခပ်ပြင်းပြင်းရိုက်လိုက်၏။ ငါးကြီးက နာကျင်သဖြင့် ထပ်မံခုန်လိုက်ရာ စံကွန့်မျက်နှာဆီသို့ တန်းတန်းမတ်မတ် တိုးဝင်လာ၏။ စံကွန့်လည်း ရုတ်ခြည်းပင် နောက်ဆုတ်လိုက်ရာ ငါးတန်ကြီးပေါ်သို့ ဖင်ထိုင်လျက်သား လဲကျသွား၏။
“အား.. သေပါပြီဗျ၊ လုပ်ကြပါအုံး”
အသားကုန် ဟစ်အော်ရင်း တဟင်းဟင်းနှင့် ညည်းညူသံ ထွက်လာ၏။ လှေချင်းကပ်လျက် တန်းကြိုးများသိမ်းနေသော သော်စိန်လည်း စံကွန့်လှေပေါ်သို့အမြန်တက်ပြီး လက်နှစ်ဖက်နှင့် ချိုင်းကြားမှ မကာ ဆွဲထူပေးလိုက်ရာ စံကွန့် တင်ပါးအောက်မှ ငါးကြီးကပ်ပါလာ၏။
ငါးတန်ကြီး၏ ကျောဆူးတောင်တစ်ချောင်းက စံကွန့်တင်ပါး၌ စိုက်ဝင်စူးနစ်နေချေ၏။
စံကွန့်လည်း အားကိုးတကြီးနှင့် သော်စိန့်ကို မျက်လုံးပြူးကာ ကြည့်နေရှာ၏။
သော်စိန်သည် အခြေအနေကို သိပြီဖြစ်၍ ငါးကြီးကျောကုန်းကို ခြေဖြင့်ဖိနင်းကာ စံကွန့်ကို ဆွဲထူလိုက် သည်။ စံကွန့်တစ်ကိုယ်လုံးမှာ သော်စိန့်လက်သို့ စွေ့ခနဲပါလာပြီး စံကွန့် တင်ပါးတစ်ခုလုံး သွေးခြင်းခြင်းနီလျက် ရှိသည်ကိုသာ တွေ့လိုက်ရတော့သည်။
“အမယ်လေး … နာလှချေရဲ့ သူငယ်ချင်းရယ်”
သည်တွင်မှ သော်စိန်က-
“နည်းနည်းတော့ အောင့်ခံပေါ့ကွာ။ ငါးတန်ကျောဆူးတောင်မို့ တော်သေးတာပေါ့။ ဘေးဆူးတောင်ဆိုရင် နုတ်လို့တောင် ရမှာမဟုတ်ဘူး။ ကျောဆူးတောင်က ဖြောင့်စင်းချော၊ ဘေးဆူးတောင်က ခွေးသွားစိတ်ဆူး မဟုတ်လား။ ငါးတန်ဆူးစူးတာ အခံရခက်တော့ သက်သက်သာသာတော့ ဘယ်မှာရှိပါ့မလဲကွာ”
သော်စိန်က အားပေးစကား ပြောကြားနေလင့်ကစား စံကွန့်က ကောက်ကာငင်ကာ ပြောလိုက်သည့်စကားကြောင့် အံ့သြမဆုံး ဖြစ်သွားရချေ၏။
ငါးတန်ဆူးစူးချက်ကြောင့် စံကွန့်နဖူးပြင်ထက်၌ ဇောချွေးစက်များ စို့ထွက်နေကာ ချွေးစေးများပြန် လျက်ရှိ၏။ စံကွန့်တင်ပါးရှိ ငါးဆူးဒဏ်ရာက သေရာပါ ဒဏ်ရာဖြစ်တော့မည်။
“ငါ့သားသမီးတွေကို ဝဝလင်လင် ကျွေးနိုင်ပြီကွ၊ အမယ်လေးဗျ … နာလိုက်တာနော်”
သည်အဖြစ်သနစ်အတွက် သော်စိန်၏ မှတ်ချက်က မှတ်သားလောက်ပါသည်။
“စံကွန့်အဖြစ်က ရေကြောင့် နွံဖြစ်ရသလို၊ နွံကြောင့်လဲ ရေနောက်ရသလိုမျိုးပါပဲ။ ဒီကောင့်ဘဝက ငါးရောင်ငါးနဲ့ ဘာမှမခြားဘူး။ စံကွန့်ဟာ သူ့သားသမီးတွေအပေါ် မှာ အတော်မေတ္တာကြီးတာအမှန်ပဲ။
ဒီလိုပဲ ငါးရောင်ဆိုတဲ့ ငါးတွေဟာလဲ ငါးမက ဥရင့်တဲ့အခါ ရေထဲမှာ ဥချလိုက်တယ်။ ငါးဥတွေကို ငါးထီးက လိုက်ဟပ်ပြီး ပါးစပ်ထဲမှာ အကုန်ငုံထားလေ့ရှိတယ်။ ဥက အကောင်မပေါက်မချင်း ငါးထီးဟာ အစာမစား၊ ရေမသောက်ရဘဲ နေတယ်။ သားပေါက်ကလေးတွေ ဖြစ်လာတော့မှ ခံတွင်းဖွင့်ပေးတတ်တယ်။ အဲဒီအခါမှာ ငါးထီးဟာ အရိုးခေါက်ခက်ပဲ ကျန်တော့တယ်။
စံကွန့်လဲ ဒီ ငါးထီးလိုပဲ။ ဒါကြောင့် အမေ့နို့ဖိုးဆပ်ဖို့ အရေးကြီးသလို အဖေ့ချွေးဖိုးဆပ်ဖို့လဲလိုအပ်တယ်။ စံကွန့်လိုလူစားမျိုးနဲ့ ငါးရောင်ငါးထီးကတော့ ဘာမှမခြားနားလေဘူး”
ငွေတာရီမဂ္ဂဇင်း