ပုသိမ်ရန်နောင်စိုး
ငါးဖယ်တန်း
နေပူရှိန်ပြင်းထန်လာပြီး နွေလည်းရင့်ရော်ကာ သစ်ပင်တို့ ရွက်ဟောင်းရွက်ဝါများကိုပင် စွန့်ခြွေနေလေပြီ။
ဥဩငှက်ငယ်တို့သည်ပင် နွေသရုပ်ကို အလွမ်းတေးနှင့် ဖော်ကျူးကာ ချစ်သူပျောက်ကို ရှာဖွေနေကြပါပြီ။
ထိပ်သီးတို့လို တံငါတွေအဖို့ နွေသည် ချစ်စရာမဟုတ်၊ လွမ်းစရာဟုလည်း မထင်၊ ဥဩငှက်တို့၏ အလွမ်းတေးသံများက တံငါတို့၏ရင်ကို လာပြီး မထိမှန်။
နွေကာလသည် ငါးသလောက် အရနည်းလွန်းသည့် အချိန်ပင် ဖြစ်သည်။ တစ်နေကုန် ပိုက်မျှောလို့မှ တစ်ကောင်ပင် မရ။ သည်တော့ တံငါစစ်စစ်တွေက ငါးမျှားတန်းချ ဘဝင်းချုပ် ကြုံသလို လုပ်ကြရသည်။
လယ်တို့ ကိုင်းတို့ ရှိသူတွေက ပိုက်ထုပ် ပစ်ချပြီး လယ်ထဲ ကိုင်းထဲဆင်း၊ လယ်ကိုင်းမရှိသောသူတွေက အုတ်ကျင်းတို့၊ ပန်းရံတို့၊ လက်သမားတို့ ဝင်လုပ်၊ ငါးသလောက် မရ၍ မစားလောက်တော့ ရရာအလုပ်ကို လုပ်ကြသည်။
သည်တော့ ရာသီအချိန်ကာလများ၏ လွမ်းမောစရာ လေးတွေကို တွေးတောငေးမော၍ မနေနိုင်။
ထိပ်သီးကတော့ မျိုးရိုးကိုက တံငါမျိုးရိုး၊ ငါး ပုစွန်ကို ရအောင် မည်သို့ရှာဖွေရမည်ဆိုသည့် အတတ်ပညာက သူ့မှာ ရှိနေပြီးသား။ သူများတွေလို တံငါရိုးရိုးကြီးမဟုတ်။ စူးစမ်း ဆန်းသစ်သည့် စိတ်ကူးဉာဏ်ရှိသလို ဇွဲနှင့် လုံ့လ ဝီရိယကိုလည်း အားထား၏။
သည်တော့ တံငါတွေထဲမှာ နာမည်နှင့် လိုက်ဖက်အောင်ပင် ထိပ်သီး ဖြစ်ခဲ့သည်။
အဘိုးက တံငါ၊ အဘွားက ငါးစိမ်းသည်၊ အဖေက တံငါ၊ အမေကလည်း ငါးစိမ်းသည်မ၊ အစ်ကိုများဖြစ်ကြသည့် ဒိတ်ကြီးနှင့် ဘိတ်ကြီးတို့မှာလည်း တံငါစစ်စစ်တွေပင် ဖြစ်သည်။
အမေ ကွယ်လွန်သွားပြီဖြစ်သော်လည်း အဖေက နောက်အိမ်ထောင်မပြု။ တစ်ခါတစ်ရံ မြစ်လယ်မှာထွက်ပြီး ဘူးမျှောနေတတ်သဖြင့် မနည်းကြီးကို တောင်းပန်ထားရသည်။ ဝါသနာဆိုသည်မှာ တားဆီးရ အခက်သားလား။
ချွေးမဖြစ်သူ ပိုးဥကလည်း အဖေ့ကို တံငါဘဝကနေ လုံးဝအနားယူရန် တတွတ်တွတ်ပြောနေရသည်။ သားစကားကို အဖေသိပ်ပြီး နားမထောင်။ ချွေးမစကားကိုတော့ နားထောင်သည်။
ချွေးမအလိမ္မာလေးကို အဖေက သမီးလေးအရင်းလိုပင် ချစ်သည်။ အားကိုးသည်။ ပိုးဥကလည်း အဖေ့ကို ယောက္ခမလို မဆက်ဆံ။ ဖခင်အရင်းလိုသာ သဘောထားသည်။
လင်ရှာဖွေလာသည့် ငါး ပုစွန်များကို အလေအလွင့်မရှိစေဘဲ ငွေဖြစ်အောင် လုပ်သည်။ လက်ထဲရောက်လာသည့် ငွေကိုလည်း အိမ်အတွက်သုံးသင့်တာကိုသုံးပြီး အပိုအလျှံကို ကျစ်ကျစ်ပါအောင် စုသည်။ မီးဖိုချောင်ကို နိုင်နင်းအောင် ထိန်းသိမ်းတတ်ပြီး အိမ်ထောင်ရှင်မကောင်းပီသအောင် နေသည်ဆိုတော့ သမီးမိန်းကလေးမရှိသည့် အဖေ ချွေးမပိုးဥကို သမီးလေးလို ချစ်ခဲ့သည်မှာ အဆန်းတော့ မဟုတ်။
“ဟေ့ . . . ထိပ်သီး၊ ငါးဖယ်တန်းချဖို့ တက်လာပြန်တာလားဟေ့”
ကြည့်လိုက်တော့ ကိုတာတေ ဖြစ်နေသည်။ သူ့အိမ် နောက်ဖေး ချောင်းစပ်စင်ပေါ်မှာ အခန့်သားထိုင်ကာ နှီးထိုးရင်း လှမ်းနှုတ်ဆက်နေသည်ကို တွေ့ရသည်။
“ဟုတ်တယ်ဗျို့”
“ရေနွေးဝင်သောက်ပါဦးကွ၊ ရေတက်ဖို့ လိုပါသေးတယ်”
“မဝင်တော့ဘူးဗျာ . . . နောက်မှ”
ကိုတာတေက မြှုံးသမား။ ဒါပေမယ့် သူ့မြှုံးက သုံးခွေထိုး မဟုတ်၊ နှစ်ခွေထိုး၊။ နှစ်ခွေထိုးဆိုတော့ သူ့မြှုံးက မတောင့်၊ သိပ်မကောင်း။ သူ့ရွာနေ သူ့ဝန်းကျင်မှာတော့ သူက ဆရာကြီး။
မြှုံးလုပ်တတ်သူတွေ မရှိတော့ မြှုံးမလုပ်တတ်သူတွေ သူ့မြှုံးကို မဖြစ်မနေဝယ်ပြီး ထောင်ကြရသည်။ တစ်လကျော်ကျော်လောက်ဆို သူ့မြှုံးက သွားပြီ ပျက်ပြီ။ သူ့မြှုံးထဲ မြွေနဂါးဝင်ပြီး အမွှေမခံ။ သူက မြှုံးလည်း လုပ်ရောင်းသလို တစ်နှစ်ပတ်လုံး ထောင်သည့် မြှုံးသမား။
ရှမ်းကွင်းကို ကျော်လွန်လာတော့ အုန်းတောရွာကို ရောက်လာသည်။ နောက်တွန်းနှင့် ခတ်လာသည်ဆိုတော့ တစ်ဆယ့်နှစ်တောင်လှေလေးက တရိပ်ရိပ်နှင့် ပြေးချင်တိုင်း ပြေးနေသည်။
ထိပ်သီးလှေက နောက်တွန်းဆိုသော်လည်း ရှေ့တွန်းဟု ဆိုရမည်။ ခတ်တက်နှစ်ချောင်းနှင့် ပဲ့ပိုင်းက ခတ်တာကို တံငါလောကမှာ နောက်တွန်းဟု ခေါ်ကြသည်။ ထိပ်သီးလှေက ပဲ့ပိုင်းကနေ ခတ်လို့မဖြစ်၊ ရေပက်ကန့်ကနေ ပဲ့ခုံ ဘဲတောင်အထိ ပေါင်းမိုး မိုးထားသည်။ ပေါင်းမိုးထဲမှာ အိပ်ရာလိပ်နှင့် စားအိုး စားခွက်များ၊ တစ်လုံးမှိန်း၊ ဓား၊ လက်နှိပ်မီး၊ မီးတောင်းနှင့် မီးခွက်၊ ရေပက်ကန့်ပေါ်မှာ ငါးမျှားတန်းကြိုးများ ခွေထည့်ထားသည့် နှီးဗန်း၊ ပေါင်းမိုးပေါ်မှာတော့ ငါးစာအတွက် ပုစွန်ထောင်သည့် ရေကွင်းများ။
သည်တော့ ပေါင်းမိုးတပ်ထားသည့် တစ်ဆယ့်နှစ်တောင် လှေလေးကို နောက်ကနေတွန်း၍ မဖြစ်။ ရှေ့ပိုင်းကသာ ခတ်တိုင်စိုက်ပြီး ခတ်ရသောကြောင့် ရှေ့တွန်းဖြစ်နေသည်။
“ဝေး … ထိပ်သီး ငါးဖယ်တန်းချဖို့လားဝေ့”
အုန်းတောရွာအထွက် ကမ်းနဖူးကနေ မတ်တတ်ရပ်ရင်း စောသာခွေးက လှမ်းပြီး နှုတ်ဆက်နေပြန်သည်။
“အေး . . . ဟုတ်တယ်ကောင်ရေ့”
“မင်းကတော့ တယ်ဟုတ်သကိုကွ။ တန်းချတိုင်း ရတာဘဲဝေ့။ မင်း ဘယ်လို ငါးဖယ်တန်းချတာလဲ ပြောပြပါဦးကွာ”
“ငါက မင်းတို့လို ရေထဲ ငါးဖယ်တန်းချတာ မဟုတ်ဘူးကွ”
“ရေထဲမချလို့ ဘယ်သွားချလဲ”
“ကုန်းပေါ်မှာဘဲ ချတာကွ”
“မင်းနှမကလွှားတဲ့ … ပေါက်တတ်ကရတော့ ပြောရော့မယ်”
စောသာခွေး ရယ်မောရင်း ကျန်ရစ်ခဲ့သည်။
ထိပ်သီးက သူ့လှေကို အားစိုက်ရင်း မြန်မြန်ပင် ခတ်လာခဲ့သည်။
စောသာခွေးလည်း တံငါပင် ဖြစ်သည်။ သူ့မှာ လယ်ရှိသည်။ ဥယျာဉ်ရှိသည်။ ဝါသနာအလျှောက် တံငါအလုပ်ကိုလည်း လုပ်နေသူ ဖြစ်သည်။
အထူးသဖြင့် ရှောပြာချောင်းအတွင်း အုန်းတောရွာ လောက်ကနေ ဝါးတိုးအထိ ငါး ပုစွန်တွေ ပေါသည်။ ငါး ပုစွန် မည်သို့ပင်ပေါပေါ၊ ရအောင် ရှာတတ် ဖွေတတ်ဖို့တော့ လိုသည်။
မည်သို့သောငါး မည်သည့်ပုစွန် မည်သည့်နေရာမှာ နေတတ်သည်။ မည်သည့်အချိန်မှာ အစာထွက်စားတတ်ပြီး မည်သည့်အစာကို ကြိုက်သည် စသည်ဖြင့် သိထားဖို့လည်း အရေးကြီးသည်။
ရေရှိ ငါးရှိတာပဲ၊ ငါးမျှားမှာ အစာတပ်ချ၊ ငါးရမှာပဲ ဆိုသည့်အထင်နှင့် ငါးမျှားတန်းချသူတွေ ရှိသည်။ သေချင်သည့်ငါးကသာ သူတို့ငါးမျှားတန်းက အစာကို လာပြီး ဟပ်တတ်သည်။ သို့ကြောင့် တံငါလုပ်နေသော်လည်း ထမင်း မဝကြ။
သည်အရပ် သည်ဒေသ နေကြသူတို့မှာ ချောင်းဘေး အိုင်ဘေး နေကြသော်လည်း ငါး ပုစွန် ရှာဖွေဖို့ သူတို့ သိပ်မစဉ်းစား။ တောင်ရိုးတက်ပြီး ထင်းခုတ်၊ မီးသွေးဖုတ်၊ ဝါးခုတ်တာလောက် တခြား ဘာကိုမှ စိတ်မဝင်စား။
သူတို့ ဝါသနာက ကုန်သည်လာပါက စရန်ငွေတောင်းမည်။ ကုန်သည် ဘယ်နှစ်ဦးလာလာ၊ တစ်ရာပဲလာလာ မလွတ်တမ်း စရန်ငွေတောင်းမည်။ ပေးရမည့် ထင်းတို့၊ မီးသွေးတို့၊ ဝါးတို့ကျတော့ ဘယ်သော အခါမှ ရက်ချိန်မမှန်။ ဟိုနေ့ သည်နေ့ မလိမ့်တပတ်လုပ်ပြီး စကားများ ရန်ဖြစ်၊ နောက်ဆုံး လူကြီးအိမ်ရောက်ကြရသည်။
သည်အရပ်သို့ ရောက်လာသည့် ကုန်သည်မှန်သမျှ စရန်ငွေ မဆုံးဖူးသူ တစ်ယောက်မှ မရှိ။
သည်ချောင်းထဲသို့ မကြာခဏ ရောက်တတ်သော်လည်း အသိတွေရှိသော်လည်း မည်သူ့ကိုမှ ရင်းရင်းနှီးနှီး မပေါင်း။ ရင်းနှီးသွားပြီဆိုလျှင်တော့ သူတို့အိမ်ဆိပ် လှေဆိုက်တာနှင့် လက်ဖက်ခြောက်ကို ဦးစွာချေးမည်။ ပြီးတော့ ငရုတ်သီးချေးမည်။ ငပိချေးမည်။ နောက်ဆုံးမှာ ဆန်ချေးမည်။ ချေးငှားပြီးပါက သာဓုခေါ်လိုက်ပါ။ ကုသိုလ်ရနိုင်သည်။ ကိုယ်ချေးငှားလိုက်သည့်ပစ္စည်း ဘယ်သောအခါမှ ပြန်ခြင်းမခတ်။ ဆုံးပြီသာ မှတ်လိုက်။
ကိုယ့်အလုပ်ကိုသာ ဂရုတစိုက်လုပ်သည်။ ငါး ပုစွန် ရလည်း သည်ရွာတွေမှာ မရောင်း။ ရှောပြာသို့သာ သွားရောင်းသည်။ ရှောပြာမှာ သစ်ထုတ်လုပ်ရေးစခန်းကြီး ရှိနေသောကြောင့် ငါး ပုစွန်ဈေးက မြို့ဈေးထက်ကောင်းသည်။
ထိပ်သီးလို ငါးဖယ်အကောင်ကြီးတွေ ရလို့ကတော့ ရှောပြာသာ သွားရောင်း။ ပြိုက်ခနဲဆို ကုန်သည်။ ပိုက်ဆံပေးကာ ဝယ်ကြသည်ဟု ဆိုသော်လည်း နိဗ္ဗာန်ဈေး ဖွင့်သည့်နှယ် အလုအယက်။
X X X X X X X X X
ငါးဖယ်ရတတ်သည့် နေရာတချို့မှာ တန်းသမား တစ်ဦးစ နှစ်ဦးစကို တွေ့ရသောကြောင့် အထက်သို့ ထိပ်သီး ဆန်တက်လာခဲ့သည်။ လိပ်သရဲကွေ့မှာ ငါးဖယ်တန်းချမည်ဟု ဆုံးဖြတ်ထားသည်။
ငါးမျှားတန်းချသည်မှာ အမျိုးမျိုးရှိသည်။
ငါးကြီးတန်း၊ ငါးမွေးနီတန်း၊ ငါးပုဏ္ဏားတန်း၊ ငါးသန်ချိတ်တန်း၊ ငါးဖယ်တန်း၊ ပုစွန်တန်း၊ ငါးစုံတန်း စသည်ဖြင့် ရှိကြရာမှာ ဘယ်ငါး ဘယ်ရာသီ ဘယ်အချိန် ဘယ်နေရာမှာ ဟပ်သည်။ ဘယ်ငါး ဘယ် ရာသီမှာ ဘယ်အစာကို ကြိုက်တတ်သည်ဆိုတာကိုလည်း နားလည် သိထားရမည်။
ဘာတစ်ခုမှ မသိဘဲ သူများလုပ်တိုင်း ရမ်းသန်းလုပ်လို့ကတော့ ခေါင်းနှင့်ကျော နေပူပြီး ခါးကိုက် ဒူးကိုက်တာသာ အဖတ်တင်မည်။ ငါးကတော့ ရမည် မဟုတ်။
ငါးဖယ်ဆိုသည့် ငါးကို မစားသူ မရှိ။ လူတိုင်းလည်း ကြိုက်ကြသည်။ သူ့အသားက တခြားငါးတွေနှင့်မတူ တစ်မူထူးခြားကာ မာပြီး အရသာရှိသည်။ ငါးဖယ်ခြစ်မှာ ထိပ်တန်းဈေးမှာ ရှိနေပြီး ငါးဖယ်ငါးဆုပ်မှာ အကောင်းဆုံး ငါးဆုပ်ဖြစ်သည်။
ငါးဖယ် ဥပမာကိုသာကြည့်။ မကြာခဏ အရိုက်အနှက် အထုအထောင်းခံရသည့်ကလေးကို ငါးဖယ်ဟုခေါ်ကြသည်။ ငါးဖယ်ဆိုသည့် ငါးကလည်း ထုလေမာလေ စားကောင်းလေပင် မဟုတ်ပါလား။
မြစ်ချောင်း အင်းအိုင်မှန်သမျှ ငါးဖယ်တွေ ရှိနေကြ သော်လည်း မျှားတိုင်း တန်းချတိုင်း မရနိုင်။ တန်ဆောင်မုန်းလကနေ တစ်နွေလုံး ငါးဖယ်တန်းချလို့ရသည်ဟု ဆိုပေမယ့် ရေရှိတိုင်း မရ။ ချုံများ၊ သစ်ကျများ၊ ကျောက်ကလိုင်များ ပေါများရှုပ်ထွေးသည့် နေရာတွေမှာသာ ငါးဖယ်တွေ အများဆုံး ခိုနေတတ်သည်။
ငါးဖယ်ပေါသည့် ချောင်းမြောင်းများ၌ ရေပြည့်ချိန်နှင့် ရေစစ်ချိန်တို့မှာ ငါးဖယ်အုပ် ထပွက်နေသည်မှာ ထမင်းအိုးဆူသလို ဟိုကပွက် သည်ကပွက်နှင့် ရေတစ်ပြင်လုံး ပွက်လုံးချင်း ရိုက်နေတတ်သည်။ ထိုသို့ ပွက်နေသည့်အချိန်မှာ ငါးဖယ်ရမည်အထင်နှင့် သွားပြီး ငါးမျှားတန်းမချနှင့်။ လက်ညောင်း ခါးနာ ဒူးကိုက်တာသာ အဖတ်တင်မည်။ ငါးဖယ်ကတော့ ဟပ်မည်မဟုတ်။
လိပ်သရဲကွေ့သို့ ထိပ်သီး ရောက်လာတော့ ညနေ သုံးနာရီကျော်ပြီ။ တောင်ရိုးချောင်းဖျားဆိုတော့ ကမ်းပါးစောက်ကြီးတွေက မြင့်သည်။ သစ်ပင်တွေ ဝါးပင်တွေ ကြားထဲမှာ နေလုံးကြီး ပျောက်ကွယ်နေပြီဖြစ်သောကြောင့် ချမ်းစိမ့်စိမ့်ပင် ဖြစ်နေသည်။
သည်ကြားထဲ ရူးနှမ်းနှမ်းလေက ချောင်းရိုးထဲမှာ တဟူးဟူးနှင့် တိုက်ခတ်နေလိုက်သေးသည်။
ရေ မစစ်သေး။ မိုးချုပ်ခါနီးလောက်မှာမှ ရေတိုးမည်။ သို့ကြောင့် ငါးမျှားတန်းချမည့် နေရာကောင်းကို ရွေးချယ်သတ်မှတ်ပြီး ချောက်ကမ်းပါးဘေးသို့ ကိုင်းကျနေသည့် ပျဉ်းမကိုင်းမှာ လှေကြိုးချည်လိုက်သည်။
လေးနာရီကျော်ကျော် မနားမနေ လှော်ခတ်ခဲ့ရသဖြင့် ပင်ပန်းနွမ်းနယ်နေသော်လည်း အေးအေးဆေးဆေး နားမနေနိုင်သေး။ အိမ်က ပါလာသည့် ပုစွန်စာနှင့် တန်းကြိုးငါးမျှားတွေကို အစာတပ်ရသေးသည်။
ငါးမျှားတွေအားလုံး အစာတပ်ပြီးသွားတော့ ထမင်း စားသည်။ ကုန်းလိုက် ကွလိုက်နှင့် လှေခတ်လာခဲ့ရသောကြောင့် ဗိုက်ကလည်း ချောင်၊ ထမင်းလည်း ဆာဆိုတော့ ပိုးဥထည့် ပေးလိုက်သည့် ကြက်သားဟင်းနှင့် ထမင်းကို တဝတပြဲစားပြီး လှေဦးပိုင်းမှာ ပက်လက်လှန်ကာ ဆေးလိပ်တစ်တိုနှင့် ထမင်းလုံး စီနေသည်။
တံငါတို့၏ဘဝ ကုန်းပေါ်မှာထက် ရေထဲက လှေပေါ် မှာပင် အနေများကြသည်။ တောင်ရိုးသားတွေက တောင်ရိုးကြီးနှင့် ဓားမတိုတစ်ချောင်းရှိနေသရွေ့ ဘယ်တော့မှ ထမင်းမငတ်ဟု ဆိုခဲ့ကြသလို တံငါတွေကလည်း ရေနှင့် လှေ ရှိနေသမျှ ဘယ်သောအခါမှ ထမင်းအိုးမပျောက်ဟု ဆိုကြသည်။
ဒါပေမယ့် တံငါဆိုသည်မှာ လှေဦးစိုစိုတုန်းလေးသာ။ လှေဦးခြောက်နေပြန်တော့ ထမင်းအိုးပျောက်သည်ဆိုသော စကားကို ထိပ်သီး လက်မခံ။ တံငါဘဝကို အပြီးအပိုင်ခံယူထားပါက တံငါပီသအောင် ငါး ပုစွန် ရှာဖွေတတ်ရမည်။ ရာသီမရွေး နေရာ ဒေသမရွေး ငါး ပုစွန် ရအောင် ရှာဖွေတတ်ရမည်။ တံငါတို့၏ အတတ်ပညာကို ကျွမ်းကျင်စွာ တတ်မြောက်ထားရမည်။ ဒါမှ တံငါပီသမည် မဟုတ်ပါလား။
“ဟေ့ . . . မင်း ဒီမှာ ငါးဖယ်တန်း ချမလို့လား”
ခေါင်းကို စောင်းငဲ့ကြည့်လိုက်ရာ သူ့လိုပင် တန်းသမားနှစ်ဦးကို တွေ့ရသည်။
“ဪ . . . ဟုတ်ပါတယ်”
“ဒီနေရာမှာ မနေ့က တို့ ချပြီးသားကွ။ နေရာရွှေ့ပါလား။ တို့ ဝါးတိုးဘက် တက်မလို့ … လိုက်ခဲ့ပါလားကွ”
“မလိုက်တော့ပါဘူးဗျာ။ မနေ့က ဒီမှာ တန်းချတာ တော်တော်ရသလား”
“အလကား ကချလာပါဘဲကွာ”
“ခင်ဗျားဟို့ ချန်ထားခဲ့တဲ့ ငါးလက်ကျန်လေးပဲ တန်းချယူပါ့မယ်”
ထိပ်သီး အပြောကို သဘောကျရယ်မောပြီး တန်းသမားနှစ်ယောက် ချောင်းအထက်ဘက်သို့ လှေကို လှော်ပြီး ဆန်တက်သွားသည်။
မှောင်ရီ သမ်းလာပြီ။ ရေလည်း စစ်တော့မည်။ တန်းချဖို့ တန်းကြိုးကို ပြင်ဆင်ထားဦးမှ။
X X X X X X X X X
ညသည် မှောင်မည်းမနေ။ လဆန်း ၁၁ ရက်မို့ တန်ခူး လ၏ လမင်းကြီးမှာ ကြည်လင်အေးမြပြီး ထိန်ထိန်လင်းနေပါသည်။
တောင်ရိုးချောင်းဖျားဆိုတော့ အိမ်ခြေက ကျဲသည်။ လူသံ သူသံပင် မကြားရ။ ဇီးကွက်အော်သံတွေကသာ တောင်ရိုးချောင်း၏ ညအလှကို ဖော်ကျူးနေပါသည်။
ချောင်းရိုးထဲသို့ ဟိုမှ သည်မှ တိုက်ခတ်လာသည့် ရူးစပ်စပ်လေကြောင့် ဆွယ်တာအစုတ်ကြီးကို ထပ်ပြီး ဝတ်ထားရသည်။
ရေပြည့်တော့မည်။ ငါးမျှားတန်းလိုက်ချိန်လည်း ရောက်ပြီ။
သစ်ကိုင်းမှာ ချည်ထားသည့် လှေကြိုးကို ဖြုတ်ပြီး တန်းလက်နားကြိုးကို သာသာလေး မ,ကြည့်သည်။ လက်ထဲမှာ တနုံ့နုံ့နှင့် အရသာတစ်မျိုးကို ခံစားနေရသည်။
ကျိန်းသေပြီ။ ငါးဖယ်တွေ ငါးမျှားတန်းမှာ မိနေပြီ။
လက်နားကစပြီး တန်းကြိုးကို ဖြည်းဖြည်းချင်း ဆွဲဖော်ပြီး တန်းကြိုးများကို နှီးဗန်းထဲသို့ စနစ်တကျ ခွေပြီး ထည့်သည်။
“ဟော . . . လာပြီကွ ငါးဖယ်ကြီးတစ်ကောင်”
အသံကား မထွက်။ ရင်ထဲမှာသာ ပီတိလှိုင်းတွေက ဘောင်ဘင်ခတ်နေသည်။ လန်းလန်း လန်းလန်းနှင့် ငါးမျှားမှာ တန်းလန်းပါလာသည့် ငါးဖယ်ကြီးက တစ်တောင်လောက် ရှိသည်။ လရောင်အောက်မှာ ငွေရောင်လက်လက် တောက်နေသည်။
ငါးမျှားတန်းမှာ ငါးဖယ်တွေ ဆက်ကယ် ဆက်ကယ် ပါလာနေသည်။ လွတ်နေသည့် ငါးမျှားကတော့ တစ်ခွင်စ နှစ်ခွင်စလောက်သာ။ အလွန်ဆုံးခြားလှ ငါးမျှားသုံးခွင်ထက် မကျော်။ ငါးမျှားခွင်စိ ဟပ်နေသည်က များသည်။
ငါးမျှားမှာ တန်းလန်းပါလာသမျှ ငါးဖယ်တွေကို ကျင်လည်စွာ ဖြုတ်ပြီး ကတ်ခုပေါက်ကနေ လှေဝမ်းထဲသို့ ထိုးထိုးထည့်ရသည်မှာ လက်ထဲမှာ အရသာတွေ့လိုက်သည့် ဖြစ်ခြင်း။ ပြော၍ပင် မပြတတ်။
သည်လိုနေရာမျိုးမှာ ငါးဖယ်အုပ် ခိုပြီး ပျော်မြူးတတ်ကြောင်းကို ငွေပေးပြီး ဗေဒင်မေးနေစရာ မလို။ ထိပ်သီးကတော့ အပ်ချ မတ်ချ အတတ်သိပြီးသား။
ငါးဖယ်ဆိုသည့် အကောင်မျိုးတွေကလည်း ရေထဲမှာ မြုပ်နေသည့် ချုံကောင်းကောင်း၊ သစ်ကျများ၊ ကျောက်ကလိုင်ခေါင်းများထဲမှာသာ အုပ်စုဖွဲ့ကာ ခိုအောင်းနေတတ်ကြသည်။ ရေပြည့်ချိန်မှာ ထမင်းအိုးဆူသလို အုပ်စုလိုက် ဂယက်ထအောင် မနား မနေ ထပွက်နေတတ်သည်။
ငါးပွက်ရာ ငါးစာချဆိုသလို သူတို့ ထပွက်သည့်နေရာ ငါးမျှားတန်းချလည်း ရမည်မဟုတ်။ ပျော်မြူးနေကြသောကြောင့် ငါးမျှားကြိုးနှင့် ငါးစာကို တိုးဖယ်ပြီး အစာကို မစား။ အစာကို မဟပ် ။ ပျော်မြူးပြီး ပွက်လို့ အားရတော့မှ သူတို့ခိုဝင်နေကျ သစ်ကျချုံ၊ ကျောက်ကလိုင်၊ ကျောက်ခေါင်းထဲမှာ ပြန်ပြီး ခိုနေတတ်ကြသည်။
ရေစစ်ပြီး ရေပြန်တိုးတော့မှ သူတို့ ပုန်းခိုနေသည့် နေရာမှ ထွက်လာကြပြီး အစာကို ရှာဖွေစားသောက်ကြခြင်း ဖြစ်သည်။
ပုစွန်စာတတ်ထားသည့် ငါးမျှားတန်းကို ရေစစ်ချိန်မှာ သောင်ပြင်ပေါ်၊ ချုံပေါ်၊ ကျောက်ကလိုင်တွင်း နှုတ်ခမ်းပေါ်သို့ ကြိုတင်ချထားပါက ငါးမျှားတန်းကို ရေတက်မြုပ်သည်နှင့် ခိုအောင်းနေရာမှ ငါးဖယ်တွေ ထွက်လာကြပြီး ငါးမျှားက အစာကို အငမ်းမရ လုယက်စားကြလေတော့သည်။
လိပ်သရဲကွေ့သို့ အလာမှာ စောသာခွေးကို ထိပ်သီး ပြောခဲ့သည် မဟုတ်လား။
“ငါက မင်းတို့လို ရေထဲတန်းချတာ မဟုတ်ဘူးကွ။ ကုန်းပေါ်မှာပဲ ချတာ” ဆိုသည့်စကား။
ဟုတ်သည်လေ…။
တက်ရေ မရောက်သေးခင် သောင်ပေါ်၊ ချုံပေါ်၊ ကျောက်ကလိုင်တွင်းပေါ်သို့ ငါးမျှားတန်းချထား သည်မှာ အမှန်။ နောက်မှ ရေတက်လာပြီး တန်းကြိုးကို ရေမြုပ်သွားခြင်း ဖြစ်သည်။ ငါးဖယ်အဟပ်များသည့် အချိန်ကလည်း ခုလို ညဦးပိုင်းတွေမှာသာ အဟပ်များသည်။
ဟင်းစားသာပေးမည်၊ တံငါကို ကွန်ချက်မပြနှင့် ဆိုသည့် ရှေးတံငါအိုကြီးများ၏ အဆိုအမိန့်စကား ထိပ်သီး နှလုံးသားမှာ သံမှိုစွဲသလို စွဲနေခဲ့သည်။ သို့ကြောင့် ငါးဖယ်တန်း၏ သဘော သဘာဝကို မည်သည့်တံငါကိုမှ သူ မပြောပြခဲ့သေး။
သည်တစ်လားထဲနှင့်ပင် ခြောက်ပိဿာကျော်လိမ့်မည်။ တစ်နေရာကို တစ်လားသာ တန်းချမည်။ မရတစ်မော် ရတစ်မော်နှင့် ခေါင်းပူ ကျောပူခံပြီး နေ့လယ်မှာ ဘယ်သောအခါမှ ငါးဖယ်တန်း မချ။
ရှောပြာချောင်းအတွင်းမှာ စိတ်ကြိုက်နေရာတွေ နှံ့သွားပါက မောင်ဘိဝချောင်းသို့ သွားမည်။ ပြီးတော့ ငွေထုပ်ပိုက်ပြီး အိမ်သို့ ပြန်မည်။
လှေဆိပ်ကနေ အော်ပြီး ခေါ်လိုက်လျှင် တံတားထိပ်သို့ ပိုးဥ အပြေးလေး ဆင်းလာလိမ့်မည်။
ပိုးဥ မျက်နှာလေးက လပြည့်ည လမင်းကြီးကို ဝန်းစက် ဝင်းထိန်ပြီး အပြုံးပန်းလှလှလေးတွေ ဝေဝေဆာဆာ ပွင့်လန်းနေပါလိမ့်မည်။
– ပြီး –
စာရေးသူ – ပုသိမ်ရန်နောင်စိုး