• July 1, 2025
  • admin
  • 0

သောင်းမြင့်ဦး (ကွမ်းခြံကုန်း)
ငါးမြူးချိန်

နံနက်ကတည်းက မိုးက တစိမ့်စိမ့်ရွာနေပြီး နေ့လယ် ရောက်လာလေ သည်းလာလေဖြစ်သည်။ သည်လို မိုးရွာပုံမျိုးနှင့်ဆိုလျှင် မြစ်ရေတက်ချိန်တွင် တစ်ကွင်းလုံး ကန်သင်းများ မြုပ်သည်အထိ ရေတက်လိမ့်မည် ထင်သည်။

လဆန်းရက် ရေကလည်း ကွင်းမြုပ်လျှံအောင် မတက်ခဲ့လေတော့ ယခု လဆုပ်ရေတွင် တက်မှာ သေချာလှသည်။

ကိုချမ်းအေး တွက်ချက်ခန့်မှန်းသည့်အတိုင်းပင် နေ့လယ်နှောင်းပိုင်း မြစ်ရေတက်ချိန်တွင် ရေမှာ တစ်ကွင်းလုံး လယ်ကန်သင်းများ မြုပ်သည်အထိ တက်ခဲ့လေသည်။

သည်လို မြစ်ရေလျှံတက်သည်ကို မြစ်ရေလဲသည်ဟု ခေါ်ကြသည်။

ကျုံမှော်၊ ကျောက်စရစ်၊ အခဲ စသည့် ရွာများရှိ ကွင်းအားလုံး ရေဖုံးသွားကြောင်း တွေ့ရသည်။ တစ်နှစ်လျှင်နှစ်ခါ မြစ်ရေလဲလေ့ ရှိသည်။

ညနေ မြစ်ရေပြန်ကျချိန်တွင် မိုးပါတိတ်သွားသဖြင့် ညပိုင်းတွင် ငါးထွက်ခုတ်၍ ရနိုင်မည်ထင်သည်။

သည်လို မိုးဦးအခါ ကန်သင်းများမြုပ်အောင် မြစ်ရေလျှံသည့်အခါတွင် ရေငြိမ်ရာအရပ်၌ ဥချရန် မြစ်ရေနှင့်အတူ ဥငါးများပါလာတတ်ကာ မြစ်ရေ ပြန်ကျချိန်တွင် ရေနှင့်အတူ မြစ်အတွင်းသို့ ပြန်မဆင်းတော့ဘဲ ရေငြိမ်ရာ လယ်ကွက်များအတွင်း ငါးများ ခိုကပ်ကျန်နေရစ်ခဲ့ကြပြီး ဥများ ချလေ့ရှိကြသည်။

သည်လို ဥချရန်အတွက် ငါးများ လယ်ကွက်များအတွင်းသို့ ချောင်းရိုး၊ မြောင်းရိုးမှသော်လည်း ကောင်း၊ မြစ်ရေနှင့် အတူသော်လည်းကောင်း တက်ရောက်လိုက်ပါလာခြင်းကိုလည်း ငါးတက်သည်ဟု ခေါ်ကြပြန်သည်။

ရေမိုးအခြေအနေကို ကြည့်ပြီး ညရောက်လျှင် ငါး ထွက်ခုတ်ရန် ကိုချမ်းအေး ဆုံးဖြတ်လိုက်သည်။ ငါးထွက်ခုတ်ရာတွင် အသုံးပြုရန်အတွက် ခေါင်းစွပ်ဓာတ်မီးခွက်နှင့် ဘက်ထရီအိုးအား ဝါယာကြိုးဖြင့် ချိတ်ဆက် စမ်းသပ်ပြင်ဆင်ထားလိုက်သည်။

ထို့ပြင် ပလိုင်း၊ ငါးခုတ်ရန်ဓားရှည်နှင့် အရိုးအသွား သုံးတောင်ခန့် အရှည်ရှိသော နှစ်ခွမှိန်းတို့ကိုလည်း စုစည်းထားလိုက်သည်။ အခြားသူများ သုံးစွဲဆောင်ထားလေ့ မရှိသော်လည်း ကိုချမ်းအေး ကတော့ သားရှာ၊ ငါးရှာ ထွက်သည့်အခါတိုင်း နှစ်ခွမှိန်းတို့အား သက်စောင့်အဖြစ် ဆောင်ယူကိုင်တွယ်လေ့ရှိသည်။

ဤသည်ကလည်း လုပ်ငန်းအခြေအနေက သင်ကြားပေးသော အတွေ့ အကြုံကြောင့် ဖြစ်သည်။

လွန်ခဲ့သော လေးနှစ်ခန့်က ယခုလို မိုးဦးကျ ငါးမြူးချိန်တွင် ကိုချမ်းအေး ငါးခုတ်ထွက်ခဲ့သည်။ တစ်ခုသောလယ်ကွက်အရောက်တွင် ဒူးဆစ်ခန့်နီးနီး နက်သော ရေအောက်မြေပြင်၌ ငါးရှဥ့်လိုလို ငါးလင်ပန်းလိုလို အကောင်ရှည်ရှည်တစ်ကောင် ငြိမ်သက်နေသည်ကို မီးရောင်ခပ်ဝါးဝါးအောက်မှာ တွေ့ရသည်။

ကိုချမ်းအေး ထိုအကောင်၏ နေရာကို မှန်းဆပြီး ဓားဖြင့် ခုတ်ချလိုက်သည်။ ဓားချက်ဒဏ်ရာကြောင့် အရှည်ကောင်မှာ ရေအတွင်း လှုပ်ရှားလူးလွန့်လို့နေသည်။ ကိုချမ်းအေး အကောင် လွတ်ပျောက်မသွားစေရန် လက်ဖြင့် ရေအတွင်း နှိုက်ဖမ်းရန် ပြင်ဆင်လိုက်ပြီးမှ ရုတ်တရက် ခေါင်းနပန်းကြီး၍ ကြက်သီး ဖြန်းဖြန်းထသွားသည်။

အဘယ်ကြောင့်ဆိုသော် ဓားရွက်ပေါ်တွင် ဓားနှောင့်အား ကိုက်ခဲလျက်ပါလာသော အသေကောင်မှာ အဆိပ်ပြင်းသတ္တဝါဖြစ်ကြောင်း ကိုချမ်းအေး တွေ့လိုက်ရသောကြောင့် ဖြစ်လေသည်။ ကိုချမ်းအေး ကြောက်စိတ်ဝင်ပြီး ငါးကိုပင် ဆက်မခုတ်နိုင်တော့။

ထိုဖြစ်ရပ် ကြုံတွေ့ရပြီးနောက်ပိုင်း နှစ်ခွမှိန်းတိုတစ်ခုအား ပြုလုပ်၍ ကိုချမ်းအေး ဆောင်သည်။ သားရှာ ငါးရှာ သွားလေရာတိုင်း နှစ်ခွမှိန်းအား ယူသွားသည်။ အဆိုးအကောင်း ခွဲခြားရန် မသေချာသော အကောင်ရှည်ရှည်သတ္တဝါကို တွေ့လျှင် မှိန်းဖြင့် ဦးစွာထိုးယူ၍ အန္တရာယ်မရှိကြောင်း သိရမှ လက်ဖြင့်ကိုင်တွယ် ဖြုတ်ယူသည်။

အန္တရာယ်ဆိုသည်က သတိထား ရှောင်ရှားနိုင်ပါမှ ကင်းဝေးတတ်သည် မဟုတ်ပါလား။

ကိုချမ်းအေး ယနေ့ညနေတွင် ငါးထွက်ခုတ်မည်ဖြစ် ကြောင်း အသိပေးရန် ယောက်ဖဖြစ်သူ ကြည်လှ၏တဲသို့ ထွက်လာခဲ့သည်။ ကြည်လှတဲသို့ ရောက်တော့ လင်မယားနှစ်ယောက် ထမင်းဝိုင်းဖွဲ့နေသည်ကို တွေ့ရသဖြင့်

“ဟ အစောကြီးရှိသေးတယ်။ ထမင်းစားနေကြပြီလားကွ။ ဘာလဲ ဟင်းကောင်းရှိလို့ စောစော ထမင်းဆာတယ်နဲ့ တူတယ်”

“ဟင်းက မကောင်းလှပါဘူး ကိုကြီးချမ်းရာ။ အုန်းသီးဇွန်းခြစ်သုပ်နဲ့ လမုသီးငါးပိချက်ပဲ ရှိပါတယ်”

ကြည်လှ၏အပြောမှာ ရိုးသော်လည်း ကိုချမ်းအေးအတွက်တော့ ဆန်းသွားသည်။

ကြံကြံဖန်ဖန် အဆန်းထွင်ပြီး အုန်းသီးဇွန်းခြစ်ကို သုပ်စားပါလိမ့်ဟု သိလိုသဖြင့် ထမင်းဝိုင်းအနား သွားကြည့်တော့ သံပန်းကန်ပြားထဲတွင် ဇွန်းခြစ်သာသာ အုန်းသီးဆန်ကို သခွားခြစ်ဖြင့်ခြစ်၍ နှမ်း၊ ကြက်သွန်နီတို့ဖြင့် သုပ်တားသော အုန်းသီးဆန်သုပ်ကို တွေ့ရသည်။

အရသာကို သိလိုသဖြင့် တစ်ဇွန်းခပ်ယူပြီး မြည်းကြည့်သည့်အခါ မွှေးပျံ့ပျံ့ဆိမ့်ချိုချို အရသာရှိကြောင်း သိရှိခံစားလိုက်ရသည်။

အုန်းသီးမှာ အနု အရင့်ကိုလိုက်၍ ဇွန်းခြစ်၊ ဆောက်ထိုး၊ လက်ပေါ့၊ အရည်ချောင်၊ အခြောက် ဟူ၍ အခေါ်အဝေါ်များ ရှိရာတွင် ယခုလို သုပ်စားရာ၌ ဇွန်းခြစ်သာသာ နုနုအချိန်မှာ စားလို့အကောင်းဆုံးဖြစ်ကြောင်း ကြည်လှ ပြောပြ၍ သိရလေသည်။

ကြည်လှ ထမင်းစားပြီးသည့်အခါ ယနေ့ညတွင် ငါး ထွက်ခုတ်ရန် စီစဉ်ထားပြီးဖြစ်၍ အတူလိုက်ပါ ရှာဖွေလိုပါက ညမမှောင်မီ အိမ်သို့လာခဲ့ရန် ကိုချမ်းအေး ပြောသည်တွင် –

“ဟာ … ဟင်းစားခြောက်နေတာနဲ့ အတော်ပဲ။ လိုက်ရမှာပေါ့ ကိုကြီးချမ်းရယ်။ ကျွန်တော်တို့ မိုးမချုပ်ခင် လာခဲ့မယ်။ ခုတော့ ပြင်ဆင်စရာရှိတာလေးတွေကို ပြင်ဆင်လိုက်ဦးမယ်။ မြစ်ရေလဲထားတာဆိုတော့ ဟင်းစားကောင်းကောင်းရလိမ့်မယ် ထင်တယ်ဗျ”

ကိုချမ်းအေး စိတ်အေးသွားသည်။ ညမှောင်မှောင် ကွင်းပြင်ကျယ် ခေါင်ခေါင်မှာ တစ်ယောက်တည်း သားငါးရှာရခြင်းထက် အဖော်တစ်ယောက်နှင့်အတူ ရှာရခြင်းက ပို၍ ကောင်းမွန်သည်မှာ အမှန်ပင် ဖြစ်လေသည်မဟုတ်ပါလား။

xxx xxx xxx

ညနေ ၅ နာရီလောက်မှာ ကြည်လှတို့ လင်မယား နှစ်ယောက် ငါးခုတ်ထွက်ရာတွင် အသုံးပြုမည့် ပစ္စည်းအစုံအလင်ဖြင့် ရောက်ချလာသည်။ ကြည်လှမှာ သူ၏ ပလိုင်းဘက်ထရီအိုး မီးစလောင်းခွက်နှင့် ဓား တို့ကို တဲကုန်းတစ်နေရာတွင် စုပုံထားလိုက်ပြီး တဲပေါ်သို့ တက်လာသည်။

မိတင်မှာ သူယောက်မ လှမေရှိရာ မီးဖိုဆောင်အတွင်း ဝင်သွားသည်ကို တွေ့ရသည်။

သားနှင့် သမီးမှာ သူတို့၏ လေးကြည်ရှိရာသို့ ရောက်ရှိလာပြီး ကျောကိုကပ်သူကပ်၊ ရင်ခွင်တွင်းဝင်ထိုင်သူထိုင်နှင့် ပြုလုပ်ကြရင်းက နောက်တစ်ခါ ချိုချဉ်ဥကြော်ပြုလုပ်ပေးရန် ပူဆာနေကြသည်။

လုပ်ငန်းခွင်ဝင်ရန်အချိန်မှာ စောလွန်းနေသေးသဖြင့် ကိုချမ်းအေး အဖန်ရည်ကို ကြည်လှနှင့်အတူ သောက်ရင်းက မည်သည့်နေရာကို လုပ်ငန်းခွင်အဖြစ် သတ်မှတ်ရလျှင် ကောင်းမည်နည်းဟု အသေအချာ စဉ်းစားနေမိသည်။ ထိုစဉ် ကြည်လှထံမှ

“ကိုကြီးချမ်းရေ ကျွန်တော်တို့ ထန်းပင်လယ်ကွက်ဘက်မှာ သွားရှာရရင် အဆင်ပြေမယ် ထင်တယ်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီလယ်ကွက်တွေက ကွင်းမီးရှို့ထားတာဆိုတော့ ရိုးပြတ်ငုတ်တွေ မရှိတော့ဘဲ အောက်ခြေရှင်းတယ်ဗျ”

ကြည်လှက သူ့ထင်မြင်ချက်ကို ပြောသည်။ ကိုယ်လုပ်မည့် လုပ်ငန်းအပေါ် အခြေအနေကို သေသေချာချာ မစဉ်းစားဘဲ အပေါ်ယံအလွယ်ကလေး ပေါ့ပေါ့သေးသေး တွေးသည်ကို ကိုချမ်းအေး မကြိုက်။ ထို့ကြောင့် –

“ကြည်လှရာ … မင်းဟာလေ အလုပ်နဲ့ပတ်သက်လာရင် တော်တော် အလွယ်တွေးတဲ့ကောင်ပဲကွ။ ဒီလို ပေါ့ပျက်ပျက် မတွေးစမ်းပါနဲ့။ အခြေအနေကို လေ့လာပြီး သေသေချာချာ စဉ်းစားစမ်းပါကွ”

“အခု ကျွန်တော်တွေးတာ မှားနေလို့လား ကိုကြီးချမ်းရ”

“မှားတယ် မမှားဘူး ငါမပြောလိုတော့ပါဘူး။ ဒါပေမဲ့ တို့ အခုလုပ်မယ့် အလုပ်က ငါးခုတ်တဲ့အလုပ်နော်။ ငါးဆိုတာက မျိုးဥချဖို့အတွက် လျှံတက်လာတဲ့ မြစ်ရေနဲ့အတူ လိုက်လာပြီး ရေငြိမ်ရာမှာ ခိုကပ်နေတတ်တဲ့ငါးကွ။ ဒီတော့ သူတို့ ခိုကပ်စရာ ဘာတစ်ပင်မှမရှိတဲ့ လယ်ကွက်ထဲမှာ သူတို့ နေခဲ့ပါ့မလား။

အဲ ကန်သင်းကိုကပ်ပြီး ခိုနေမယ်ဆိုရင်တောင် တစ်ကောင်တလေလောက်ပဲ ရှိနိုင်မယ်ထင်တယ်။ အဲ သူတို့ ခိုကပ်စရာ ရိုးပြတ်ငုတ်၊ မြက်ပင် မထူမကြဲရှိတဲ့ လယ်ကွက်တွေမှာသာ ခိုကပ်နေတတ်တဲ့ ငါးမျိုးကွ။ ဒီတော့ မင်း စိတ်ကူးမှန်သလား မှားသလားဆိုတာ မင်းဘာသာမင်း စဉ်းစားကြည့်ပေါ့ … ဟုတ်လား”

ကြည်လှမှာ ဘာမှပြန်မပြောဘဲ စဉ်းစားဟန်ဖြင့် အဖန်ရည်အား ငုံ့သောက်နေသည်။ ခေတ္တမျှ ငြိမ်သက်တိတ်ဆိတ်သွားပြီးမှ

“ဒါဆို ကိုကြီးချမ်းက ဘယ်မှာသွားခုတ်မယ်လို့ စဉ်းစားထားသလဲဟင်”

ဟု မေးမြန်းလာသည့်အတွက်

“ငါတော့ တို့အနောက်ရိုးဖျားက ကွင်းဝိုင်းကြီးမှာ သွားရှာမယ်လို့ စဉ်းစားထားတယ်ကွ။ ဘာဖြစ်လို့လည်းဆိုတော့ ကွင်းဝိုင်းလယ်က ချောင်းစပ်ရိုးဖျားမှာလည်း ရှိတယ်၊ ရိုးပြတ်ငုတ်ကလည်း တိုတိုပါးပါးရယ်ဆိုတော့ ငါးခိုလို့ ကပ်လို့လည်း အဆင်ပြေနိုင်တယ်။

နောက်ပြီး မြစ်ရေနဲ့ လိုက်လာတဲ့ ငါးအပြင် ချောင်းရိုးကနေ တက်လာတဲ့ငါးလည်း အလွယ်တကူ ရောက်လာနိုင်တဲ့ အနေအထားဆိုတော့ ငါးရှိမှာတော့ သေချာတယ်။ အဲ ရေများလို့ ရှာရ မရသာ အတတ်မပြောနိုင်တာကွ”

“ငါးရှိရင် ရှာလို့တွေ့ရမှာပေါ့ ကိုကြီးချမ်းရယ်။ ဒီငါးတွေက ကန်သင်းလေးဘက်ဝိုင်းထားတဲ့ လယ်ကွက်ထဲကနေ ဘယ်မှ ထွက်မပြေးနိုင်ပါဘူး။ ကျွန်တော်တို့က နှစ်ယောက်ပဲဟာ၊ ဝိုင်းပတ်ပြီး ရှာလိုက်ရုံပဲပေါ့”

“မထင်နဲ့ မောင်ရေ၊ သူက သူ့ဘဝတစ်လျှောက်လုံး ရေထဲမှာ နေခဲ့ရတာဆိုတော့ ရေအကြောင်းကို ကောင်းကောင်းကျွမ်းနေပြီ။ ရေလှုပ်ခတ်မှုကို အာရုံခံပြီး အန္တရာယ်လား သဘာဝလား ဆိုတာကိုလည်း ခွဲခြားတတ်ပုံရတယ်။ ပြီးတော့ အရှောင်အတိမ်း ကောင်းသလို အကူးအခတ်ကလည်း မြန်မှမြန်ဆိုတော့ ရှာတိုင်း ရဖို့ဆိုတာက မသေချာတဲ့ ကိစ္စကွ”

ကြည်လှမှာ သူပြောတိုင်း အဆင်မပြေ၍လားတော့မသိ။ ဘာစကားမှ ဆက်မပြောတော့ဘဲ သားနှင့်သမီးဘက်လှည့်ကာ ခေါင်းတို့တမ်း ကစားနေလေတော့သည်။

အချိန်မှာ တစ်စထက်တစ်စ အလင်းစပျောက်၍ အမှောင်ဘက်သို့ ရောက်လာသည်။ ကိုချမ်းအေး ငါးခုတ်မည့် ကွင်းဝိုင်းကြီးလယ်သို့ သွားကြရန် ကြည်လှအား ပြောလိုက်ပြီး ဘက်ထရီအိုးနှင့် မီးခွက်၊ စလောင်း၊ ငါးခုတ်ဓား၊ ပလိုင်းနှင့် နှစ်ခွမှိန်းခက်ရင်းတို့အား ပခုံးတွင် ချိတ်လွယ်လိုက်သည်။

ကြည်လှ မှာလည်း ပလိုင်းနှင့် ဓား၊ ဘက်ထရီအိုးနှင့် မီးစလောင်းခွက်တို့အား တပ်ဆင်လွယ်ပိုးရင်းက ကိုချမ်းအေးအား တစ်ချက် ဝေ့ကြည့်လိုက်ပြီး –

“ကိုကြီးချမ်းကလည်းဗျာ၊ ငါးသွားခုတ်မှာပဲဟာ … မှိန်းခက်ရင်းခွက ဘာလုပ်ဖို့ ယူမှာလဲဗျာ”

“ရော် … ခက်ပါ့ ကြည်လှရယ်။ ငါပြောရင်လည်း ဆရာကြီးလုပ်တယ်လို့ မင်းထင်ဦးမယ်။ ဒါပေမဲ့ ပြောတော့ ပြောပြရမှာပဲ။ သွားမှာက သူများအသက်ကို ရှာကြံပြီး သတ်တဲ့အလုပ်လေ။ ဒီတော့ ကိုယ့်အသက်လည်း တစ်ဝက်ရင်းထားရတာဆိုတော့ သတိ ဝီရိယရှိဖို့နဲ့ အကာအကွယ်ပစ္စည်းရှိဖို့ လိုတာပေါ့။ မင်းလို ငါလိုလူအတွက်ကတော့ ဒီနှစ်ခွမှိန်းခက်ရင်းခွဟာ သက်စောင့်ဆောင် ထားသင့်တဲ့ပစ္စည်းကွ … သက်စောင့်ပစ္စည်း။ ကဲ မင်းပြင်ဆင်ပြီးရင်လည်း သွားကြမယ်ဟေ့”

xxx xxx xxx

ကိုချမ်းအေးတို့နှစ်ယောက် အနောက်ရိုးဖျားက လယ်ဝိုင်းကြီးထဲရောက်တော့ လယ်ကွင်းတစ်ခုလုံး အမှောင်ထုအောက်မှာ နစ်မြုပ်နေပြီ ဖြစ်သည်။

မြစ်ရေပြန်ကျသွားသည်မှာ ကြာပြီဖြစ်၍ လယ်ကန်သင်းများအားလုံး ထက်ဝက်ခန့်ပင် ပေါ်နေပြီဖြစ်သည်။ ရေက ဒူးဆစ် မရှိတရှိခန့်သာ နက်တော့သည့်အတွက် ဘက်ထရီမီးခွက်အလင်းရောင်တန်းက မြေပြင်ကိုရောက်အောင် ကောင်းကောင်းထွင်းဖောက်မြင်ရသည်။

ကိုချမ်းအေး ရေပြင်အခြေအနေကိုကြည့်ပြီး ရိုးဖျားထက်မှနေ၍ ကုန်းပိုင်းသို့ တက်သွားသော ကန်သင်းတစ်ချောင်းအား ရွေးချယ်ပြီး သမီးယောက်ဖနှစ်ယောက် ကန်သင်းတစ်ဖက်စီမှနေ၍ ရေအတွင်းလျှောက်ရင်း ငါးရှာခြင်းလုပ်ငန်းကို စလိုက်သည်။

ကိုချမ်းအေး ကန်သင်းနှင့် တစ်လံခန့်ခွါ၍ ရေအတွင်း ဖြည်းဖြည်းလျှောက်ရင်း မီးရောင်တန်း ထိုးဖောက်ဝင်သွားသည့် လယ်ကြမ်းပြင်အား အသေအချာ သတိထားကြည့်ကာ ငါးကို ရှာဖွေလာခဲ့သည်။

မကြာမီ ရိုးပြတ်ငုတ်တစ်ခုဘေးတွင် ငြိမ်သက် ခိုကပ်နေသော ငါးရံ့တစ်ကောင်အား တွေ့ရသည့်အတွက် ရေလှိုင်းများ သိပ်လှုပ်ရှားမသွားစေရန် ချိန်ဆ၍ ဓားဖြင့်အသာခုတ်ပြီး ပလိုင်းအတွင်း ကောက်ထည့်လိုက်သည်။

ကြည်လှ၏ အခြေအနေကိုလည်း လှမ်း၍ကြည့်လိုက်မိသည်။ ကြည်လှမှာ ဒူးဆစ်ခန့်ရှိသော ရေအတွင်းဝယ် ခပ်သွက်သွက်လျှောက်ရင်းက မကြာမကြာ ရေအတွင်းသို့ ဓားဖြင့်ခုတ်ချနေသည်ကို တွေ့ရသည်။

ငါးကို ထိ မထိနှင့် ရ မရတော့ မသိချေ။ ကိုချမ်းအေး ကန်သင်းတစ်ချောင်းဆုံး၍ နောက်လယ် ကွက်သို့ ကူးလိုက်ချိန်တွင် လှည်းလမ်း ကတွတ်ပေါက် ရေစီးကြောင်း၌ ရိပ်ခနဲ လှုပ်ရှားမှုကို တွေ့လိုက်ရသည့်အတွက် ကိုချမ်းအေး လှုပ်ရှားမှုကိုရပ်ကာ ကန်သင်း ကတွတ်ပေါက်သို့ မီးရောင်တန်းအား ထိုးထားပြီး အသာငြိမ်နေလိုက်သည်။

ခဏအကြာတွင် ကတွတ်ပေါက် ရေစီးကြောင်းအား ဖြည်းလေးစွာ ဆန်၍ကူးခတ်တက်လာသော ငါးအား တွေ့ရသည်။

ကိုချမ်းအေး ငါးအား မျက်ခြည်မပြတ် စောင့်ကြည့်၍ လက်လှမ်းတစ်မီနေရာသို့ ရောက်ရှိလာသည့်အခါတွင် ငါး၏ ဦးခေါင်းပိုင်းနေရာအား မှန်းဆ၍ လက်တွင်းရှိဓားဖြင့် ခုတ်ပိုင်းချလိုက်သည်။

ငါးမှာ ဓားချက်ကြောင့် ရေအတွင်း လှုပ်ရှားကူးခတ် ရန် ကြိုးစားသော်လည်း မအောင်မြင်တော့။ မူလနေရာ၌ပင် ဝဲလည်၍နေလေသည်။

ကိုချမ်းအေး ရေအတွင်းမှ ငါးအား နှိုက်ဆယ်ဖမ်းယူပြီး ကြည့်လိုက်ရာ တစ်ပိဿာကျော်ကျော်ခန့်ရှိမည့် ငါးပတ်တစ်ကောင် ဖြစ်နေကြောင်းတွေ့ရသည်။

ကိုချမ်းအေး ဖြည်းဖြည်းချင်း ဆက်လက်ရှာဖွေရာ ငါးခူတစ်ကောင်၊ ငါးစင်ရိုင်း ကျွဲသိုးခေါ် ငါးစင်ရိုင်း အကြီးအသေး ငါးကောင် ရရှိခဲ့ပြီးဖြစ်သည်။

ထိုစဉ်တွင် မိုးသက်လေက တဖြူးဖြူး တိုက်ခတ်လာသည်။ မိုးရွာလာလျှင် ငါးခုတ်၍ မရနိုင်တော့။ မိုးရေပေါက်များကြောင့် ရေမျက်နှာပြင် လှုပ်ခါမှုဖြစ်ပေါ်ပြီး ရေပြင်ကို မီးရောင်မထိုးဖောက်နိုင်တော့သလို အနည်မှုန်တို့ထပြီး ရေမှာ နောက်သွားတတ်သောကြောင့် ဖြစ်လေသည်။

မိုးမရွာမီ အိမ်ပြန်ရန်အတွက် လယ်တစ်ကွက်ကျော်သို့ ရောက်နေသော ကြည်လှကို လှမ်းခေါ်လိုက်သည်။

ကြည်လှ အလာကို ကန်သင်းပေါ်မှ ရပ်စောင့်ရင်းက ဘာရယ်မဟုတ် ကန်သင်းဘေးသို့ ကိုချမ်းအေး မီးဖြင့် ထိုးကြည့်လိုက်သည်။ ကန်သင်းနှင့် တစ်တောင်သာသာ အကွာလောက်တွင် ဘာရယ်လို့ အသေအချာ ခွဲခြားမရနိုင်သေးသော နှစ်တောင်ခန့်ရှည့်သည့် အကောင်ရှည်ရှည်တစ်ကောင် ဖြည်းလေးစွာ လှုပ်ရှားနေသည်ကို တွေ့ရသည်။

သို့အတွက် ကိုချမ်းအေး ပခုံးတွင် အရန်သင့် လွယ် ထားသော နှစ်ခွမှိန်းခက်ရင်းအား ဖြုတ်ယူပြီး အကောင်ရှည်၏ လည်ကုတ်နေရာသို့မှန်းဆ၍ ထိုးစိုက်ချလိုက်သည်။

နှစ်ခွမှိန်းခက်ရင်းမှာ မှန်းဆရာနေရာ၌ ထိထိမိမိ စိုက်ဝင်သွားသည်။ ကိုချမ်းအေး မှိန်းခက်ရင်းခွတွင် မိနေသည့်အကောင်ရှည်၏ ဦးခေါင်းအား ဓားနှောင့်ဖြင့် နှစ်ချက်သုံးချက် ဆက်ကာဆက်ကာ ထုပြီး ခက်ရင်းမှိန်းခွကို ဆွဲဖော်ကြည့်လိုက်သည်။

နှစ်ခွမှိန်းခက်ရင်းတွင် ဝမ်းဗိုက်သားများ ဝါဝင်းနေသော ငါးလင်ပန်းတစ်ကောင် လူးလွန့်ပါလာသည်ကို တွေ့ရသည်။

ကိုချမ်းအေး ငါးလင်ပန်းအား ပလိုင်းအတွင်းထည့်ရန် ပြုလုပ်နေစဉ် ကြည်လှ ရောက်ရှိလာပြီး –

“ကိုကြီးချမ်း ဘာကောင်လဲဗျ”

ကိုချမ်းအေး ပြန်မဖြေဘဲ နှစ်ခွမှိန်းခက်ရင်းတွင် ရှိနေသည့် အကောင်အား ကြည်လှ မြင်သာအောင် မ၍ ပြလိုက်သည်။ ထိုအခါ –

“ဟား ငါးလင်ပန်းက ဗိုက်သားကို ဝါနေတာပဲ။ အတော်ဆူမယ် ထင်တယ်။ နောက်ပြီး ကိုကြီးချမ်း နှစ်ခွမှိန်းကို အလေးထားတာလည်း ဘက်စုံအသုံးဝင်လို့ကိုးဗျ။ ဟုတ်တယ် မဟုတ်လား”

ကြည်လှမှာ ပြောပြောဆိုဆို ကန်သင်းပေါ်သို့လှမ်းတက် လာပြီး အိမ်သို့ပြန်ကြရန် ခြေလှမ်းစလိုက်သည်ကို တွေ့ရသဖြင့်

“ဟေ့ကောင် ကြည်လှ … ကန်သင်းပေါ်ကနေ မလျှောက်ကွ။ တစ်ကျွန်းလုံးရေလျှံထားပြီး ကန်သင်းတွေ ပြန်ပေါ်နေသေးတာဆိုတော့ ခြေကင်း လက်ကင်း အန္တရာယ်ကများတယ်။

ဒီတော့ တို့ လယ်ကွက်ထဲကနေပဲ လျှောက်ပြီး ပြန်ကြတာပေါ့။ ကံကောင်းလို့ ငါးလေး ဘာလေး ထပ်တွေ့ရင်လည်း ခုတ်ရတာပေါ့ကွာ”

အပြန်လမ်းတစ်လျှောက်တွင် ကြည်လှ၏တဗွမ်းဗွမ်း ခြေသံနှင့် ရေလှိုင်းကြောင့် မည်သည့်ငါးမျှ မတွေ့ရ၊ မခုတ်ရချေ၊

ကျုံမှော်၊ အခဲ၊ ကျောက်စရစ်ရွာရှိ ကွင်းများဆီသို့ လှမ်းမျှော်ကြည့်လိုက်သည့်အခါ မီးရောင်လက်လက်များ ကွင်းအတွင်း ပြန့်ကြဲနေကြောင်း တွေ့ရသည်။ ဩော် သူတို့တစ်တွေလည်း ငါးခုတ် ထွက်ကြသည်ထင့်။

ဇနီးဖြစ်သူ လှမေ ချပေးလာသော ဇလုံအတွင်းသို့ ကိုချမ်းအေး ပလိုင်းကိုမှောက်ပြီး သွန်ချလိုက်ရာ ငါးပတ်တစ်ကောင်၊ ငါးလင်ပန်းတစ်ကောင်၊ ငါးရံ့နှင့် ငါးခူနှစ်ကောင် အပြင် ငါးစင်ရိုင်းကြီးငါးကောင် ထွက်ကျလာသည်။

ကြည်လှမှာ သူ့ပလိုင်းအားလှုပ်၍ ဇလုံအတွင်းသွန်ချပြန်ရာ ငါးခူနှစ်ကောင်၊ ငါးရှဥ့်တစ်ကောင်၊ ဂဏန်းတစ်လုံးနှင့် ငါးစင်ရိုင်းလေးကောင် ထွက်ကျလာသည်ကို တွေ့ရသည်။

ကြည်လှမှာ သူ ငါးအရနည်းနေသည့်အပေါ် မကျေမနပ်လေသံဖြင့် –

“ကျွန်တော်လည်း ငါးပတ်တစ်ကောင် တွေ့လို့ လိုက်ခုတ်ပေမယ့် မမီလိုက်ဘူး၊ လွတ်သွားတယ်။ လိုက်ရှာတော့လည်း ရေက နောက်သွားတော့ ဘယ်လိုမှ ရှာလို့မတွေ့တော့ဘူး ကိုကြီးချမ်းရ”

“အေး ငါ မင်းကို ပြောသားပဲ။ ရေထဲကငါးကို မိဖို့ဆိုတာက လွယ်တဲ့ကိစ္စမှမဟုတ်ဘဲ။ ပြီးတော့ မင်းက ရေထဲမှာ လမ်းလျှောက်တာ ကြမ်းလွန်း၊ အသံမြည်လွန်းတယ်ကွ။ ဒီတော့ ငါးက လန့်ပြေးတတ်တာပေါ့။ နောက်ဆို သတိထားပေါ့ကွာ။ ကဲပါ ဟင်းစားအတွက် ငါးပတ်ဖြစ်ဖြစ်၊ ငါးလင်ပန်းဖြစ်ဖြစ် တစ်ကောင်ယူသွား။ မင်း ရထားတဲ့ ငါးစင်ရိုင်း ငါ့ပေးခဲ့။ ငါ မနက်ကျ မန်ကျည်းရွက်နဲ့ ချက်စားချင်လို့ကွ … ဟုတ်လား”

“ဟုတ်ကဲ့ ကိုကြီးချမ်း၊ ဒါဆိုလည်း ကျွန်တော် ငါးပတ်ပုတ် မွှေစားချင်နေတာမို့ ငါးပတ်ပဲ ယူသွားတော့မယ်နော်”

“အေးအေး … မင်းတို့ပြန်ရင်လည်း ကုန်းက မပြန်နဲ့တော့။ လှေကိုယူသွား။ မနက်ဖြန်မှ ပြန်ပို့ပေါ့ ဟုတ်လား”

ကြည်လှတို့ လင်မယား ပြန်သွားချိန်မှာ ည ၁၂ နာရီပင် နီးနေချေပြီ။

သားနှင့်သမီးကား အိမ်အလယ်တိုင်အနီးရှိ ဖျာပေါ်တွင် တရှူးရှူးနှင့် အိပ်မောကျလျှက်. . . ။

– ပြီး –

စာရေးသူ – သောင်းမြင့်ဦး(ကွမ်းခြံကုန်း)

Leave a Reply

Your email address will not be published. Required fields are marked *