• July 6, 2025
  • admin
  • 0

နန္ဒာခင်(သက္ကလ)
ငါးရစ်ငါးသန် ဘေးမဲ့ချန်

တဝေါဝေါဖြင့် ဝါးလုံးထိုး စီးဆင်းနေသည့် ချောင်းရေ နောက်ကျိကျိများကို တာပေါ်က လှမ်းကြည့်ရင်း ကိုညီလှ စိတ်ချမ်းသာနေသည်။ မိုးအရွာကို စောင့်မျှော်နေသော ရွာသားများ ညက မိုးတစ်မနှင့်ပင် ဝမ်းသာနေကြသည်။ စပါးအခြောက်ကြဲသူများ မိုးမရွာပါက ပျိုး “အ” ကုန်မည်မဟုတ်ပါလား။

သူ့ မျိုးစပါးများပင် ရေချရန်သင့်နေ၍ မိုးရိပ်မျှော်နေရသည်။ ယခုတော့ မိုးက တစ်မရွာရုံဖြင့် ချောင်းရေ အတော်တင်လာ၏။ သောက်ရေကန်များလည်း ရေဝင်လာကြသည်။

“ဗျို့ ကိုညီလှ … ဘာတွေကြည့်ပြီး ပြုံးနေတာလဲ”

“ဪ ကိုချစ်တီးတို့ပါလား။ ဘယ်လဲဗျ … အထမ်းအပိုးတွေနဲ့”

ကျွန်တော်က ချောင်းရေတွေကိုကြည့်ပြီး သဘောကျနေတာဗျ။ နောက်ထပ် မိုးတစ်မရွာရင် ချောင်းရေပြည့်ပြီလို့ မှန်းနေတာ”

“ပြည့်မှဖြစ်မှာ ကိုညီလှရေ။ ကျုပ်တို့အတွက် ချောင်းရေမြန်မြန် ပြည့်လျှံမှ အလုပ်ဖြစ်မှာ မဟုတ်လား။ ခုလဲ ငါးရစ်ငါးအဖမ်းထွက်မှာလေဗျာ”

ကိုညီလှတစ်ယောက် သူတို့ကိုကြည့်၍ တစ်စုံတစ်ရာအတွက် စိုးရိမ်စိတ်ဝင်နေမိသည်။ သတင်းစာနှင့် တီဗွီများတွင် နေ့စဉ်ကြေညာနေသော ငါးရစ်ငါး မဖမ်းရန် သတိပေးချက်များကို ပြေး၍ သတိရမိသည်။ လွှတ်ခနဲတားရန် သတိရသဖြင့် –

“ဟို ကိုချစ်တီးတို့ … အဲ… ဘာ … ဘာမှ မဟုတ်ပါဘူး။ ဘယ်အထိ တက်ကြမှာလဲလို့ ”

“ဒါကတော့ ကိုညီလှရယ် ချောင်းဖျားကို ရောက်လေရေတက်ငါးကို ရလေမဟုတ်လား။ ကဲ ဘာငါးစားချင်လဲပြော၊ ညနေ မိဘုတ်ကိုလွှတ်လိုက်။ သွားပြီဟေ့”

ကိုညီလှ ဘာမျှမတုံ့ပြန်မိ။ သမီးမိဘုတ်ကိုလည်း
လွှတ်ရန် ဆန္ဒမရှိ။ ၎င်းတို့ ငါးဖမ်းထွက်သည်ကိုပင် ဖြစ်နိုင်လျှင် လိုက်ပြီး တားချင်နေမိသည်။

ယခုအချိန်သည် ချောင်းဖျားရွာများမှာ ပင်လယ်ရေတက်နှင့် ပါလာမည့် ငါးစင်ရိုင်းအမကြီးများ၊ ငါးပျံ၊ ကပ်ဘီးလူး၊ ငါးပုပ်မွှေး၊ ပုစွန်တုပ် စသည်တို့သည် မိုးရွာထားသဖြင့် ရေရောက်နေသော ချောင်းမြောင်းများသို့ မြူးပျံစွာ တိုးဝင်ကြပေတော့မည်။

ငါးတိုင်း ဥကြီးများနှင့် ဖောင်းကားနေကြသည်။ ဤ ငါးများကို ရေဆန်တက်၍ ပိုက်၊ ကွန်၊ ယင်း၊ ရင်တွန်းများဖြင့် ငါးရှာသမားများ ဖမ်းကြခြင်းပင် ဖြစ်သည်။

ကိုညီလှ ထိုသူများကို တားချင်သည်ကအကြောင်းရှိသည်။ ယခုအချိန် တက်လာသော ငါးများသည် ငါးမျိုးဆက်သစ်ကို ပြန့်ပွားရန် ဥများကို ဆောင်ထား ကြသည် မဟုတ်ပါလား။ ဤငါးများကို မဖမ်းပါက မိုးဖြိုင်ဖြိုင်ရွာ၍ မြစ်ရေချောင်းများလျှံသည့် အချိန်တွင် ငါးသားပေါက်များ အရပ်ရပ် အနယ်နယ်တွင် ပေါက်ဖွားရှင်သန်ကြပေလိမ့်မည်။

ယခုတော့ ဥငါးကြီးများကို တစ်နပ်စားဉာဏ်ဖြင့် ဖမ်းဆီးလိုက်သောအခါ ငါးမျိုးဆက်သစ်များ ပျက်ပြုန်း၍ ပေါက်ဖွားနိုင်တော့မည် မဟုတ်တော့ပေ။ ထိုအခါ မိုးလယ်၌ ငါးရှားပါးလာလိမ့်မည်။

အရပ်တိုင်း ထိုသို့ ဖမ်းယူရောင်းချ စားသုံးလိုက်ပါက မြန့်မာရေပြင်နှင့် ချောင်းမြောင်း မြစ်ပြင်များတွင် ငါးများ တစ်နေ့တခြား ရှားပါးသွားမည့်အရေးကို ကိုညီလှ ရင်လေးလှသည်။

သို့သော် သူတို့ ငါးရှာသမားများသည် နှစ်စဉ် သည်အချိန်ဆိုလျှင် နိုးကြားတက်ကြွစွာ လုပ်ငန်းခွင် ဆင်းနေကြဖြစ်သည်။ တစ်နွေလုံး ဖြစ်သလို ကုတ်ကတ်ရှာဖွေစားသောက်နေကြရသမျှ မိုးကျပြီဆိုလျှင် နိုးထလာကြပါသည်။

ငါးရှာ၊ ဖားရှာဖြင့်သာ အသက်မွေးနေကြသူများပီပီ အခြားအလုပ်ကို စိတ်မဝင်စားနိုင်ကြပေ။ ယခုလိုရေဝင်စအချိန်သည် ဝင်ငွေအကောင်းဆုံးအချိန်ဖြစ်၏။

တစ်နွေလုံး ငါးဖားရှားခဲ့ကြ၍ ငါးရစ်တက်ချိန်တွင် ငါး ပေါပေါများများ ရောင်းချဝယ်ယူ စားသုံးကြရသဖြင့် ရပ်တိုင်းရွာတိုင်း နှုတ်ရွှင်ကြသည်။ ဥငါးကြီးများကို အားရဝမ်းသာ ဝယ်ယူကြသဖြင့် ငါးသည်များ နှုတ်သွက်၊ ခြေသွက်စွာ ရောင်းချကြ၏။

ထိုအဖြစ်ကို နှစ်စဉ်တွေ့မြင်နေရသော ကိုညီလှမှာ ရှေ့ရေးအစဉ်ကို တွေးတောကာ အိပ်မပျော် စားမဝင် ဖြစ်ရပေါင်းများလှပြီ။ သို့သော် ဒါကိုမိမိက တားဆီးချင်၍မရပါ။ မိမိသည် သာမန်အရပ်သား။ သို့သော်သူတို့ထက်တော့ အသိပညာဗဟုသုတ များပါ သည်။

ရွာ၏ လူငယ်ခေါင်းဆောင်ဖြစ်ခဲ့သူပီပီ စာဖတ်၊ သတင်းစာဖတ်၊ တီဗွီသတင်းကြည့်နှင့် အတွေ့အကြုံဗဟုသုတကို ရှာဖွေတတ်သူဖြစ်သဖြင့် ကောင်းဆိုးနှစ်တန်ကို သိတန်သရွေ့ သိနေပါသည်။ သို့ပါသော်လည်း စားဝတ်နေရေး မပြေလည်သော ငါးရှာ သမားများဘဝကိုလည်း မတားဆီးရက်ပေ။ သူတို့မှာလည်း ထိုငါးရှာ၍ ရသောငွေဖြင့် ကလေးများ၏ ပညာရေး၊ မိသားစုစားဝတ်နေရေးများကို ဖြည့်ဆည်းကြရသည်မဟုတ်ပါလား။

“ဟင်း ဒီလိုသာဆို တဖြည်းဖြည်း ငါးမျိုးတွေပြုန်းလိမ့်မယ်”

X X X X

အခန်း (၂)

ကိုညီလှလယ်ထဲမှ အပြန်တွင် ရွာလယ်လမ်းမ၌ မိန်းမတစ်အုပ်ကြီး စုပြုံတိုး၍ ဆူညံဆူညံ ဖြစ်နေကြသည်ကို တွေ့ရ၏။ ဘာဖြစ်တာပါလိမ့်ဟု အနားသွားကြည့်သောအခါ –

“ဟဲ့ . . . ခင်မြရဲ့ ငါ့ဖို့ ငါးဆယ်သား ချန်ထားနော်။ မချန်လို့ မဖြစ်ဘူး၊ အမေကသိပ်ကြိုက်တာ”

“မခင်မြ . . . ဒီမှာ . . . ဒီမှာ ချိန်ဦး … သုံးဆယ်သား”

“ဟဲ့ … အဆစ်လေး ဘာလေး ထည့်ပါဦးအေ့။ တကတဲ ရွှေချိန်တာကျနေတာပဲတော်”

“အို . . . သိပ်အသာကြီး မပေးနိုင်ဘူးအရီးရေ။ ငါးက အခုမှ ရတာနည်းနည်းလေး။ နောက် ငါးပေါမှ သာသာယူ။ ဒီမှာ ဥငါးကြီးက တစ်ကောင်ထည့်ရင် အများကြီးသာသွားမှာ တွေ့လား”

“ဟဲ့… ငါရွေးထားတဲ့ အကောင်ကြီးတွေ မိစီက လာယူရလားဟဲ့။ ဟိုမှာရွေးပါလား”

“အကောင်သေးတွေ များသွားပြီ အကြီးရဲ့။ အဲ့ဒါတွေက ဥမပါလို့ အကြီးရွေးတဲ့ထဲက တစ်ကောင်လောက်ယူတာပါ။ ရော့ ချိန်ပေး မခင်မြ … ငါးဆယ်သား”

မိန်းမတစ်စု တစ်ယောက်တစ်ပေါက် ငါးဝယ်နေကြတာကိုး။

ကိုချစ်တီးမိန်းမ မခင်မြမှာ လက်မလည်အောင် ရောင်းနေရ၏။ သူ့သမီးလေးက မိခင်ကို ဝိုင်းရောင်းနေ၏။ တောင်းထမ်းနှစ်လုံး ငါးစင်ရိုင်းဥကပ်ကြီးများဖြင့် ပြည့်နေ၏။ ငါးဖိုးငွေ ထိုင်သိမ်းနေသော ကိုချစ်တီးမှာ အင်္ကျီဗလာနှင့် ဆေးပြင်းလိပ်ခဲထားသော မျက်နှာကြီးက ဝင်းထိန်ပြုံးရွှင်နေသည်။

“ဘယ်နှယ့်လဲ ကိုချစ်တီး … တွက်သားကိုက်နေတယ်ပေါ့”

“ဟုတ်တယ် ကိုညီလှရေ။ ရေတက်ငါး အကျများတယ်ဗျ။ သာစိန်တို့လဲ အရများတယ်။ ဟိုဘက်ရွာ သွားရောင်းနေတယ်လေ”

ကိုညီလှ ရင်ထဲ အနည်းငယ်အောင့်သွားသည်။ အင်းရေတက်ငါး အကျများလေ မိမိ၏ စိတ်ပူမှုကို တိုးစေသည်ပင် မဟုတ်ပါလား။

အို . . . ငါတော့ ဒုက္ခပါပဲ။ သူများ လာဘ်လာဘကို ပိတ်ပင်ငြိုငြင်နေမိပါရော့လား။

ခေါင်းငိုက်စိုက်ဖြင့် အတွေးလွန်ကာ ရင်ထဲ မသက်မသာပြန်လာသော ကိုညီလှကို သမီးကြီးဘုတ်ဘုတ်က ပြေးလာကြို၏။

“အဖေ့ အရီးခင်မြတို့ငါးတွေ အများကြီးရလာတယ်။ ဥကြီးတွေနဲ့အဖေရဲ့။ အမေချက်နေပြီ။ သမီးတို့ ဒီနေ့ ဟင်းကောင်းတယ်။ အရီးက သမီးကို ဇလုံကြီးနဲ့တစ်လုံးတောင် ခေါ်ပေးသွားတာ။ သမီးတို့ သိပ်ကြိုက်တာပဲ။ ငါးဥ စားရတော့မယ် ဟီ…ဟိ”

သမီးကြီးဘုတ်ဘုတ်၏ သတင်းပေးမှုကြောင့် ကိုညီလှဗိုက်ထဲ တဂွီဂွီမည်အောင် ဆာလောင်သွားမိသည်။ မနက်က ငါးပိထောင်းနှင့် ထမင်းထည့်သွားသော ဒန်ချိုင့်မည်းညစ်ညစ်ကို ဇနီးသည်ထံ ကမ်းအပေး ဇနီးသည်က –

“ကိုညီလှရေ ရေမြန်မြန်ချိုး၊ ငါးရစ်ငါးကို မန်ကျည်းရွက်နဲ့ စပ်စပ်ချက်ထားတယ်။ ငါးမမြင်ရတာလဲ တစ်နွေလုံးပဲ။ ခုမှ စားရတော့မယ်”

ဇနီးသည်၏လက်ရာ ငါးရစ်ငါးနှင့် မန်ကျည်းရွက်ဟင်းနံ့က နှာခေါင်းဝကို ခြူနေ၏။ ကိုညီလှ ရေတဝသောက်၍ ရေအမြန် ချိုးလိုက်၏။

ထမင်းဝိုင်းတွင် ကလေး ၃ ယောက်နှင့် ကိုညီလှတို့ လင်မယား အားပါးတရ ခေါင်းမဖော်တမ်းစားနေကြ၏။ ကလေးများသည် သူတို့ကြိုက်နှစ်သက်သော ငါးဥကြီးများကို ဖဲ့ကာဖဲ့ကာ စားနေကြပုံမှာ မြိန်စရာကြီးဖြစ်သည်။

“ငါးရစ် ငါးသန် ဘေးမဲ့ချန်၊ ပုံမှန်စားသုံး မျိုးမတုံး”

ကိုညီလှ၏ခေါင်းထဲသို့ စာတန်းတစ်ခုက ဝင်ရောက်လာ၏။ ထို့ကြောင့် စားလက်စ ထမင်းနှင့် ဟင်းလုတ်က ဘုတ်ခနဲ ပြုတ်ကျသွား၏။ လည်ချောင်းဝမှ ဝင်သွားပြီးသော ထမင်းလုတ်က မျိုမကျတော့ဘဲ နင်နေသည်။

“အစ် …”

“ဟင် … ရှင် ထမင်း နင်လို့လား။ ရော့ … ရော့ ရေနွေးအေးနေပြီ။ သောက်လိုက်”

ဇနီးသည်ပေးသော ရေနွေးခွက်ကို သောက်လိုက်ကာ ဟင်းပန်းကန်ထဲမှ ဥလုံးကြီးများနှင့် ငါးဟင်းကို စူးစိုက်ကြည့်ရင်း ငါးပေါင်းထောင်သောင်းကို မျိုးဆက်ဖြတ်လိုက်သလိုမျိုး ဖြစ်နေပြီကို တွေးမိ၍ ကိုညီလှ စိတ်လက်မချမ်းသာနိုင်တော့ပေ။

နှစ်စဉ် ထိုသို့ ဖမ်းဆီးသူများ ပိုမိုများပြားလာပါက ကြာလျှင် ငါးမျိုးပေါင်းများစွာ ရှားပါးပျက်စီးသွားနိုင်ပါသည်။

“မဖြစ်ဘူး . . . မဖြစ်ဘူး။ ငါ ကိုချစ်တီးတို့ကို ဆွေးနွေးအုံးမှဘဲ”

အတွေးက ယောက်ယက်ခတ်သွား၏။

“အဖေ့ နားဥ ပေးအုံး . . . နားဥ”

အငယ်ကောင်၏ မပီကလာပီကလာ စကားကြောင့် ကိုညီလှသည် သူ့ထမင်းပန်းကန်ထဲမှ ငါးဥများကို လှမ်းထည့်ပေးလိုက်ပြီး ထမင်းဝိုင်းမှ အပြီးသတ်ထလိုက်ပါသည်။

“ဟင် တော်ပြီလား ရှင် … စားမကောင်းဘူးလား”

“အင်း လေခံသွားလို့ပါကွာ”

X X X X

အခန်း (၃)

လဆန်းရက်မို့ လရောင်က အိမ်ရှေ့မြေကွက်လပ်ပေါ်တွင် ကြည်လင်စွာကျရောက်နေ၏။ မြေမာသော ကိုညီလှတို့ခြံသည် ကလေးများအတွက် ကစားကွင်းပမာ အဆင်ပြေလှ၏။ လရောင်အောက်တွင် ကလေးများ ပြေးလွှားဆော့ကစားနေသလို၊ ကိုညီလှ၏ အိမ်ပေါ်တွင်လည်း ရွာထဲမှ လူကြီးလေးငါးယောက်တို့ ထိုင်ကာ ရေနွေးကြမ်းသောက်ရင်း စကားပြောနေကြသည်။

ထိုအထဲတွင် ကိုချစ်တီး၊ ကိုသာစိန်နှင့် ဦးလေးကံတို့ ပါရှိနေကြပါသည်။ မိုးသုံးလေးရက် ရပ်သွားသဖြင့် ငါးဖမ်းမထွက်ကြသေးဘဲ၊ မိုးအရွာ ရေအတက်ကိုစောင့်နေကြခြင်း ဖြစ်၏။

ဤအချိန်သည် ကိုညီလှ၏ အကွက်ပင်တည်း။ သူပြောချင်နေသည့် နိုင်ငံတော် ငါးလုပ်ငန်းဦးစီးဌာန၏ ကြေညာချက်များကို ပြောပြရန် သူ စုဆောင်းထားသည့် မေလအတွင်းက သတင်းစာများကို ကိုချစ်တီးထံတိုးပေး၍ ဖယောင်းတိုင်မီးဖြင့် ပြလိုက်၏။

“ဒီမှာကြည့်ပါအုံး ကိုချစ်တီးရဲ့၊ ငါးလုပ်ငန်းဦးစီးဌာနက ကြေညာထားတာဗျ။ သတင်းစာတွေထဲမှာ နေ့စဉ်ပါနေတာဗျာ။ ကျုပ် ဒီသတင်းစာတွေကို ရွာကျောင်း ဆရာလေးဆီက ငှားဖတ်တာ။ အခုလို မိုးကျစမှာ ဥကပ်နေတဲ့ငါးတွေ မဖမ်းရဘူးတဲ့။ အမိန့်နဲ့တားသတဲ့။ တကယ်လို့ အခုလို သတင်းစာတွေ၊ တီဗွီတွေ၊ ရေဒီယိုတွေကနေ တားမြစ်သတိပေးပါလျက်နဲ့ ဖမ်းဆီးစားသုံးပစ်ရင် ဥပဒေအရ အရေးယူမယ်တဲ့ဗျ”

“ဟာ ဟုတ်လား … ငါတို့ ဘာမှ မသိပါဘူးကွာ”

“ဟ တို့များ ငယ်ငယ်ထဲက မိုးကျစဆို ချောင်းမြောင်းတွေထဲ ရေဝင်တာနဲ့ တက်ရေနဲ့ပါလာတဲ့ ငါးရစ်ငါးမတွေကို ထောင်ဖမ်းပြီး ဒီလိုပဲ စားသုံးရောင်းချခဲ့တာပဲဟာ။ ဒါ ငါတို့ရဲ့အသက်မွေးဝမ်းကျောင်းပဲဟ။ ဘာအခုမှ အထူးအဆန်းလုပ်နေတာလဲ . . . ဟင်”

“ဒါကတော့ ဟိုတုန်းကနဲ့ အခုခေတ်အခြေအနေက တူမှ မတူတာပဲ ဦးလေးကံရယ်။ အခုခေတ်က လူဦးရေတွေများလာတာနဲ့အမျှ အစားအစာတွေ ရှားပါးလာပြီလေ။ ဒီအထဲ အခုလို မိုးကျစမှာ ငါးရစ်တွေက ရေစီးနဲ့အတူ လိုက်ပါလာပြီး ဥချဖို့နေရာ ရှာဖွေကြတာဗျ။ ငါးထီးကြီးတွေဆိုလည်း မျိုးရည်ပြည့်ဝတဲ့ငါးကြီးတွေလေ။ ငါးမကြီးတွေက ဥတွေနဲ့အပြည့်ပဲဗျ။

ဒါတွေကို ငါးရှာသမားတွေက ဆီးဖမ်းပစ်လိုက်ရင် ဒီငါးမျိုးတွေ ဘယ်မျိုးပွားတော့မလဲ ဦးလေးရဲ့။ နောင်ဆို လူဦးရေတွေကများ ငါးဖားတွေကရှားလာ၊ တဖြည်းဖြည်းနဲ့ အငတ်ဘေးဆိုက်လာမှာ။ ဒါကြောင့် ငါးဖမ်းတဲ့သူတွေ များလာလေ ငါးရှားပါးလာလေပဲပေါ့။ ဒီလိုအချိန်မှာ သိပ်မဖမ်းကြသေးရင် မိုးအခါမှာ ငါး၊ ဖား၊ ပုစွန်တွေ သည့်ထက်ပေါများလာမှာပေါ့”

“အို … ငါတို့မဖမ်းလည်း သူများတွေက ဖမ်းပစ်မှာပဲ။ ဒီတော့ ကိုယ့်ဝမ်းဝအောင် ကိုယ်ရှာရမှာပဲဟေ့”

“ဪ … ဦးလေးကံရယ်၊ တစ်ယောက်ကအစ တစ်ရာ ဒီလိုအသိကလေးတွေ ရှိနေအောင် နိုင်ငံတော်ငါးလုပ်ငန်းဦးစီးဌာနက အခုလို သတိပေးနေတာပေါ့။ တစ်ယောက် သဘောပေါက်နားလည်ရင်၊ ငါးတစ်ကောင်သက်သာခွင့် ရတယ်ပဲထား။ ငါးပေါင်း တစ်သောင်းလောက် မျိုးဆက်ရလာမှာပဲပေါ့”

“မင်းဟာလေ ရွာကျောင်းကဆရာလေးနဲ့ပေါင်းပြီး စကားတွေကို အတော်တတ်နေတာ ခွီးတဲ့မှပဲ”

“ဟား . . . ဟား . . . ဟား . . . စကားအပိုတွေ လျှောက်ပြောတတ်နေတာ မဟုတ်ပါဘူး ဦးလေးရယ်။ နိုင်ငံတော်အတွက် တကယ့်ကို အရေးကြီးလို့ ပြောပြရတာပါ”

“ဟုတ်တယ် ဦးလေးကံ ဒီမှာကြည့်ပါအုံး။ ငါးရစ်ငါးကို ပွားစေလို ဖမ်းကိုမဖမ်းနဲ့တဲ့ဗျ။ အဲ ဒီသတင်းစာမှာက ငါးရစ် ငါးသန် ဘေးမဲ့ချန် ပုံမှန်စားသုံးမျိုးမတုံးတဲ့။

ကိုညီလှ ပြောတာ ဟုတ်တော့ ဟုတ်တယ်။ ဒီသတင်းမှာလဲ ရှင်းပြထားတယ်။ တန်ခူး၊ ကဆုန်၊ နယုန်လ ငါးရစ်၊ ငါးသန် ရာသီချိန်တွင် ငါးမဖမ်းရန် ပညာပေးနှိုးဆော်ချက်တဲ့။ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ပါက ရေချိုငါးလုပ်ငန်း ဥပဒေပုဒ်မ ၄၂/ ၄၄/ (၄၅) အရ ဖမ်းဆီးတရားစွဲ အပြစ်ပေးနိုင်ရန် ပြဋ္ဌာန်းထားပါသည်တဲ့”

ကိုသံခဲ ဖတ်ပြသောသတင်းစာများကို လူကြီးများအသံတိတ်စွာ နားထောင်နေကြသည်။ ကိုချစ်တီးမှာ ဖမ်းဆီးမည်ဆိုသောအခါ အထိတ်တလန့်ဖြင့်-

“ဒုက္ခပါပဲကွာ။ လုပ်စားရတာ တစ်နှစ်နဲ့ တစ်နှစ် ပိုမို ကျဉ်းကျပ်လာတယ်။ မရှိလို့ ငါးရှာစားတာတောင် အဖမ်းခံရဦးမယ် ဆိုတော့ . . .”

“ဒါက အခုအချိန်မှာပြောတာပါ။ နောင်ရေများလာတဲ့အချိန်တော့ ရှာကြပေါ့ဗျာ။ အဲဒီအချိန်မှာ ဘာမှ အရေးမယူပါဘူး။ အခုအချိန်လေးမှာသာ ပြောတာ”

“အေး ငါးကလည်း အခုချိန်လေးပဲ ဈေးကောင်းရပြီး ရောင်းကောင်းတာ။ တစ်နွေလုံး ရေမရှိလို့ ငတ်နေကြတာ။ ငါးရစ်ချိန်မှာ ရိုက်စား ကောက်ထည့် လုပ်ရတာဟ”

“အေးလေ မဖြစ်မနေ ရှာရရင်တောင် ဥငါးမကြီးတွေဖမ်းတဲ့ထဲ ပါလာရင် ပြန်လွှတ်သင့်ရင် လွှတ်ပေးလိုက်ပေါ့ဗျာ။ ဆယ်ကောင် နှစ်ကောင်လောက်တော့ ပြန်လွှတ်ခဲ့ကြပါဗျာနော်”

“ ဟင်း မင်းကလည်း ရှေ့နေလိုက်ရတာမောသား။ ဘာတွေများ ရထားလည်း မသိဘူး”

“ဪ ရတာပေါ့ဗျာ။ အခုလို သိသင့်တာတွေသိအောင် ဆွေးနွေးသတိပေးထားတော့ နိုင်ငံမှာ စားသုံးမှုတွေ တိုးပွားလာတဲ့ ရလဒ်တွေ ရလာတာပေါ့”

တကယ်တော့ ကိုချစ်တီးတို့ ဦးလေးကံတို့သည် စာပေမတတ်ခြင်း၊ စာမဖတ်ခြင်း၊ ရေဒီယိုသတင်းနားမထောင်ခြင်း၊ တီဗွီမကြည့်နိုင်ခြင်း စသော မျက်စိ နား ပွင့်မည့်အလုပ်ဟူသမျှ ဘာမျှ မလုပ်နိုင်ကြသောကြောင့် ပညာ ဗဟုသုတ နည်းပါးနေကြသူများ ဖြစ်သည်။

သိသူက၊ မသိသူကို ပညာပေးရမည် မဟုတ်ပါလား . . .

“ကိုင်း ကြုံတုန်း တီဗွီသတင်းလေး ကြည့်သွားကြပါဦး၊ ဒီနေ့ ဘက်ထရီအိုး အားဖြည့်ထားတယ်…”

ကိုညီလှက အဖြူအမည်း (၁၈ လက်မ) တီဗွီကလေးကို ဖွင့်ပြလိုက်စဉ် မြန်မာ့အသံမှ ငါးရစ်ငါးသန်များမဖမ်းဆီးရန် သတိပေးနေသည့် စာတန်းများ လာနေသဖြင့် ကိုညီလှ ပိုမိုသဘောကျသွားကာ တီဗွီအသံကို မြှင့်လိုက်၏။

X X X X

နယုန်လပြည့်ကျော်လာသည်နှင့်အမျှ အနောက်တောင်မုတ်သုံလေများ တိုက်ခတ်ကာ မိုးနှင့်လေတို့ သည်းသည်းမည်းမည်း ရွာလာကြ၏။ မိုး အဆက်မပြတ် ရွာလျှင် ရေများ ဖြုန်းခနဲ ပြည့်လျှံ လာတက်၏။ ထိုအခါ ငါးရစ်ငါးများ ခိုကပ်ရန် နေရာသစ်များ၌ ပျံ့နှံ့ကုန်သည်။ ငါးရစ်များ ဖမ်းရန် မလွယ်ကူတော့ချေ။

ရေလမ်းကြောင်းကျဉ်းချိန် ကဆုန်လဆန်းပိုင်းတုန်းကဆိုလျှင် ငါးရစ်များ အစုလိုက်အပြုံလိုက် ပါလာတတ်ပါသည်။ ပိုက်တားရုံဖြင့် တောင်းအပြည့် ရနိုင်သည်။ ယခု ရေကြောင်းကျယ်လာသဖြင့် ကမ်းစပ်မြက်ချုံနားတွင် ကွန်ချက်ဖြင့်သာ ရှာရသည်။ (သို့မဟုတ်) ပင်လယ်ကမ်းနားနီးသော မြစ်ချောင်းများသို့ ဆန်တက်၍ ပိုက်ဆွဲကြရပါသည်။

ငါးရှာထွက်ခဲ့ရသော်လည်း ကိုချစ်တီးစိတ်ထဲတွင် ယခင်ကကဲ့သို့ လွတ်လပ်မှု မရှိတော့ချေ။ ကိုညီလှ ပြောထားသော စကားများ၊ ဖတ်ပြသော သတင်းစာမှ ကြေညာချက်များကိုသာ ကြားယောင်နေမိ၏။

ကွမ်းတမြုံ့မြုံ့ဝါး၍ ရှေ့မှသွားသော အဘကံသည် ချောင်းလယ် ငါးအခြေအနေကိုလည်း အကဲခတ်လာ၏။ ကိုချစ်တီးမှာတော့ ငါးအခြေအနေကိုလည်းမကြည့်၊ ရေအခြေအနေကိုလည်း မစူးစမ်းဘဲ စိတ်က တထင့်ထင့်ဖြင့် ယောက်ယက်ခတ်နေ၏။

“ဟေ့ကောင် . . . ချစ်တီး၊ ဒီချောင်းမှာတောင် ရေဝင်များနေပြီကွ။ ငါးတက်တာ မတွေ့ရတော့ဘူး။ ငါးတွေ ကမ်းခိုပြီနဲ့တူရဲ့။ တို့ ကမ်းကတိုက်ဆွဲမယ် . . .”

“ဪ . . . အင်း လုပ်လေ”

“ဟာ . . . ဒီကောင် ဘာဖြစ်နေတာလဲ။ အလုပ်ကို စိတ်မပါဘူး။ တယ်လေ … ငါပြောရ မကောင်းဘူး”

“အင်းပါ အဘရဲ့ … လုပ်ပါ့မယ်”

သို့သော် တစ်မနက်လုံး ကိုချစ်တီးတို့ဆွဲသော ပိုက်တွင် ငါးမရချေ။ ထို့ကြောင့် အဘကံ စိတ်အလိုမကျ ပိုဖြစ်နေ၏။

ထူးဆန်းသည်က ဒီနေ့ ကိုချစ်တီးတစ်ယောက် ငါးမရသည်ကို ခါတိုင်းလို စိတ်မပျက်ဘဲ အနည်းငယ်ပင် ကျေနပ်နေသလိုလိုမျိုး ခံစားနေရပါသည်။ ကိုညီလှ ဖတ်ပြသော ဆောင်ပုဒ်အချို့ နားထဲတွင် မကြာခဏပြန်ပြန်ကြားနေရ၍ စိတ်ထင့်နေခြင်းမျိုး ဖြစ်နိုင်ပါသည်။

အမှန်မှာ မိုးဖြိုင်ဖြိုင် ရွာနေပြီဖြစ်သောကြောင့်လည်း ငါးတက်ကျဲသွားခြင်း ဖြစ်မည်။ ငါးမကြီးမှာ ဥ – ဥချရန် အောင်းနေကြပြီတည်း။

“ချစ်တီးရေ . . . ရွက်ကော်ချောင်းဘက် ဆန်တက်ကြရအောင် ဟေ့။ အဲဒီမှာ ရေဝင်လမ်း ကျဉ်းသေးတယ်”

“ကောင်းတယ်အဘကံ ။ ဒီတစ်ချက် ပစ်လိုက်ဦးမယ်”

တစ်နေ့လုံး အလုပ်မဖြစ်သေး၍ နေရာပြောင်းကြရန် စီစဉ်ကြသည်။ ထို့ကြောင့် ပစ်ထားသောကွန်ကို အရုပ်တွင် ဥငါးကြီး အကောင်ရေ တစ်ရာမျှ ပါလာ၏။

ချောင်းစောင်းတွင် ငါးများကို ဖြုတ်ယူရင်း ကိုချစ်တီး တစ်စုံတစ်ခုကို သတိရလိုက်သည်။ ယခင်က ကဲ့သို့ ဥပါလာသောငါးများကို အားရဝမ်းသာဖြုတ်ယူပြီး တောင်းထဲသို့ အလျင်အမြန်မထည့်မိ။

ထို့ကြောင့် အဘကံထံ လှမ်းကြည့်လိုက်သောအခါ အဘကံလည်း ဥငါးများအား ဖြုတ်ယူပြီးတောင်းထဲ မထည့်ဘဲ ရေထဲပြန်လွှတ်လိုက်သည်ကို တွေ့လိုက်ရသဖြင့် မိမိလက်ထဲမှ ဥငါးမကြီးကို ရေထဲသို့ မြန်မြန်ပြန်ချလိုက်၏။

မြူးထူးစွာ ယက်ကန် ယက်ကန်ဖြင့် ကူးခပ်သွားသော ငါးမကြီးကို ကြည့်၍ ကိုချစ်တီးရင်ထဲ လှိုက်ခနဲ ဝမ်းသာသွား၏။ အိမ်အပြန်လမ်းတွင်မူ ငါးဥများသိပ်မပါသော်လည်း တာဝန်တစ်ခုကို ကျေပွန်စွာထမ်းဆောင်လိုက်ရသည့်နှယ် ရင်ထဲ ကျေနပ်မိကြသည်။

“ဗျို့ . . . အဘကံ ဥငါးကြီးတွေပါရင် ကျုပ်တို့လဲရောင်းခဲ့ဦးဗျာ”

“ဥငါး သိပ်မပါဘူးဟေ့ … ရေတက်များနေပြီကွ။ ဥငါးက စားရတာ ပေါ့ပျက်ပျက်နဲ့ သိပ်အရသာမရှိပါဘူးကွာ။ ဥမပါတာကမှ စားလို့ကောင်းသေး …”

“ဒါဆိုလည်း တောင်းချပါဦး … ဝယ်ချင်လို့”

ဥငါးများကိုပြန်လွှတ်နိုင်သမျှ လွှတ်ပေးခဲ့သော်လည်း ဟန်ကိုယ်ဖို့ အနေအထားနှင့်ပင် အဆင်ပြေအောင် ဖြေရသည်။

တစ်နှစ်ထက်တစ်နှစ် ငါးဖားရှားပါးလာမှုကို ကိုညီလှ ပြောသလို ဂရုမစိုက်၍ မဖြစ်တော့ပေ။ ဝါဆို၊ ဝါခေါင် ရေဖောင်ဖောင်တွင် ငါးများပေါများ၍ ရေရှိတိုင်း ငါးရှိနိုင်အောင် ဆုတောင်းမိသည်။

ယခု နှစ်နှစ် , သုံးနှစ်ပိုင်းမှာ ရေရှိလျက်နှင့် ငါးရှားပါးနေပုံမှာ သိသာလွန်း၏။ ငါးရှာသမားများ တစ်သက်လုံး ဖမ်းခဲ့သမျှ တဖြည်းဖြည်း ငါးရှားပါးလာမှုမှာ သိသာလာပြီထင့်။

ငါးရှားပါးလာလျှင် စားသုံးသူတို့ထက် ဒုက္ခတွေ့မည်မှာ ‘ငါးရှာ’ သူတို့ပင် ဖြစ်၏။

ထို့ကြောင့် ကိုချစ်တီး ဥငါးများကို မသိမသာ ပြန်လွှတ်ပေးခဲ့မိခြင်း ဖြစ်ပါသည်။ အဘကံ စိတ်ထဲတွင်လည်း လူကြီးတစ်ယောက်၏ မာန်ဖြင့် လူငယ်များကြား ဝန်ခံခေါင်းညိတ် မပြောလိုသော်လည်း မိမိတို့ တစ်သက်လုံး နှစ်စဉ် ဒီလိုအချိန်တိုင်း ဒီလိုအလုပ်တွေ မဆင်မခြင် လုပ်ခဲ့သည်မှာ အသက်တမျှပင်။

ဒါကြောင့်များ တစ်နှစ်ထက် တစ်နှစ် ငါးဖား ရှားပါးလာခြင်းပေလားဟု အတွေးရောက်နေမိသည်။

သို့သော်လည်း နိုင်ငံ့အရေးထက် ဝမ်းရေးက ခက်သည်မဟုတ်ပါလား…။

X X X X

“အဖေ အဘချစ်တီးတို့ ငါးတွေ သိပ်မရလာဘူးတဲ့။ ဥငါးကြီးတွေဆို မပါလာသလောက်ဘဲ။ သမီးတို့က ဥနဲ့ငါးကြီးတွေမှ ကြိုက်တာ”

“ဪ . . . သမီးရယ် ဥပါတဲ့ငါးက စားလို့ အရသာမရှိဘူး။ အသားက ပေါ့ပျက်ပျက်ကြီး။ ဒီလို ဥမရှိတဲ့ငါးကမှ စားလို့ကောင်းတာ။ ဥနဲ့ ငါးတွေကို ခုချိန်မှာ ဖမ်းပြီး စားလိုက်ရင် ငါးဥတွေက ငါးသားလေးတွေ ဘယ်ပေါက်ဖွားတော့မှာလည်း သမီးရယ်။

ငါးတစ်ကောင်ဆို ဥတွေ ထောင်သောင်းရှိတယ်။ ဥငါးတစ်ကောင် ဖမ်းစားလိုက်တာနဲ့ ငါးအရေအတွက်တွေ အများကြီး ပျက်စီးဆုံးရှုံးသွားရော။ အဲဒါ ငါးရှားလာရခြင်းရဲ့ အကြောင်းအရင်းပေါ့ သမီးရဲ့။ အဲဒီလိုဖမ်းတာ နှစ်ပေါင်းကြာလာတော့ တို့နိုင်ငံမှာ ငါးတွေရှားပါးသွားမှာပေါ့ . . .”

“ဒါဆို ငါးပေါက်ကလေးတွေ မဖြစ်တော့လို့ နောက်ထပ်ငါးတွေ မရှိတော့တာပေါ့နော် အဖေ။ အင်း . . . သမီးသိပြီ၊ ဟို သတင်းစာထဲက “ငါးရစ်ငါးသန် ဘေးမဲ့ချန်ဆိုတာ” ဒါကိုး။ ဥနဲ့ ငါးတွေနဲ့ ငါးပေါက်ကလေးတွေကို မဖမ်းဖို့ ပြောတာပေါ့နော်”

“ဒါပေါ့ သမီးရဲ့၊ ဥငါးကြီးတွေက စားလို့ကောင်းပေမယ့် နောင်ငါးတွေ ပေါများချင်ရင် ဥနဲ့ငါးကို မဖမ်းသင့်ဘူး၊ မစားသင့်ဘူးလေ”

“နောင်ကို ဘဘချစ်တီးတို့ ငါးဥကြီးတွေ များများရလာပါစေလို့ ဆုမတောင်းတော့ပါဘူးလေ”

“ငါ့သမီးက သိပ်သိတတ်တာပဲ။ ဘာမဆို သဘောပေါက်လွယ်တယ်။ နိုင်ငံသမီးကောင်းလေး ဖြစ်ပါစေကွယ်”

– ပြီး –

စာရေးသူ – နန္ဒာခင်(သက္ကလ)

Leave a Reply

Your email address will not be published. Required fields are marked *