• June 21, 2025
  • admin
  • 0

ပုသိမ်လှမိုး
ငါးရွေး

ကြမ်းပြင်ပေါ် တဒုန်းဒုန်း ပြေးလွှားလာသည့် ခြေသံများကြောင့် ကိုရဲ၏ မှိန်းနေသော မျက်လုံးအစုံမှာ ဖျတ်ခနဲ ပွင့်လာသည်။ ခေါင်းရင်း ထရံပေါက်များမှ တိုးဝှေ့ဝင်ရောက်လာသော နေခြည်တန်းများသည် စစ်သုံးသံလွင်ရောင် ခြင်ထောင်၏ ဇာကွက်များပေါ် စွေစောင်းကျနေသည်ကို ကိုရဲ တွေ့လိုက်ရသည်။

“တိုးတိုးလား”

“ဟုတ်ကဲ့ အဖေကြီး”

ကိုရဲသည် ကိုယ်တစ်ပိုင်း လွှမ်းခြုံထားသည့် ချည်စောင်ကို ခြေတစ်ဘက်ဖြင့် ခြေရင်းဘက် တွန်းကန်လိုက်ရင်း ဝါးခနဲ အသံပြုကာ သမ်းဝေလိုက်သည်။

“အဖေကြီး အိပ်နေတာ သား မေ့ပြီး ပြေးလာမိတာပါ”

“ကိစ္စမရှိပါဘူးကွာ၊ အဖေ နိုးနေတာကြာပါပြီ။ သက်သက် မှိန်းနေတာ”

ကိုရဲ ခြင်ထောင်တွင်းမှ လွန့်လူးကာ ထွက်ခဲ့သည်။တိုးတိုးသည် သူ့အဖေ တွန်းကန်ထားသည့် ချည်စောင်ကို ခေါက်သိမ်းခြင်း၊ ခြင်ထောင်အား သိမ်းတင်ခြင်းအမှုတို့ကို နေ့တဓူဝ တာဝန်တစ်ရပ်အဖြစ် ပြုလုပ်နေသည်။

ကိုရဲက လိမ္မာသော သားတော်မောင် တိုးတိုး၏ ဆံပင်ကောက်ကောက်ကလေးများကို ယုယစွာ ပွတ်သပ်ရင်း-

“သားအမေကြီးကော မမြင်ပါလား”

“ဒါးက ဈေးကို သွားတယ် အဖေကြီး”

ကိုရဲသည် ဘာမျှ ဆက်မမေးတော့ဘဲ မီးဖိုဘက်သို့ ထွက်ခဲ့သည်။ ရေကပြင်တွင် မီးသွေးမှုန့် နှင့် ဆား ရောထားသည့် ကျိန်ချောင်းကျေးရွာဖြစ် သွားတိုက်ဆေးဖြင့် သွားများအား လက်ညှိုးဖြင့် ပယ်ပယ်နယ်နယ် တိုက်ချွတ်လျက် ရှိသည်။

တစ်ချိန်ကဆို နိုင်ငံခြားဖြစ် ကိုးလ်ဂိတ်၊ ပြည်တွင်းဖြစ် ပက်ဆိုဒင့် သွားတိုက်ဆေးများ သုံးစွဲခဲ့ဖူးရာ ယခုမှု အခြေအနေအရ ကျိန်ချောင်းကျေးရွာဖြစ် မိရိုးဖလာ သွားတိုက်ဆေးကိုဘဲ သစ္စာရှိစွာ ခင်တွယ်နေရပြီ။

“အဖေကြီး သည်နေ့ ပင်စင်ထုတ်ဖို ပုသိမ်ကို သွားမယ် မဟုတ်လား”

တိုးတိုးက ကိုရဲအနီး ရောက်လာပြီး မေးလိုက်သည်။

“အင်း”

“သားလည်း လိုက်ချင်တယ် အဖေကြီး”

“သား ကျောင်းတက်ရမယ် မဟုတ်လား”

“စာမေးပွဲ စစ်တော့မှာမို့ ကျောင်းနှစ်ရက် ပိတ်ပေးထားတယ် အဖေကြီး”

“ဒါဆိုလည်း စာကျက်ပေါ့ကွာ။ သည်နှစ် ၄တန်းဖြေရမှာကွ။ အစိုးရစစ်ဆိုတော့ အရေးကြီးတယ် တိုးတိုး။ နောက်လမှ လိုက်ပေါ့ … ဟုတ်လား”

ကိုရဲက ပလုတ်ကျင်းပြီးနောက် မျက်နှာသစ်သည်။ တိုးတိုး သည် သူ့အဖေအနီးတွင် ဆောင့်ကြောင့်လေးထိုင်ရင်း သူ့ဆန္ဒကို ဆက်လက်ထုတ်ဖော်လျက် ရှိနေသည်။

“စာတွေအားလုံး သားရပါတယ် အဖေကြီး။ လပတ် စာမေးပွဲတိုင်း သားအမြဲ ပထမချည်း ရနေတာ။ အဖေကြီး သိသားနှင့်။ သား လိုက်ခဲ့ပါရစေ အဖေကြီးရာ။ ပုသိမ်က အဘိုးနှင့်လည်း မတွေ့ရတာ ကြာလှပြီ။ အဘိုးကို အောက်မေ့လို့ပါ”

ကိုရဲ ဘာမျှ မပြောသာတော့ဘဲ မျက်နှာသစ်ပြီး မတ်တတ်ရပ်လိုက်သည်။

‘‘လိုက်ချင်လျှင်လည်း လိုက်ခဲ့ပေါ့ကွာ။ နေ့ချင်းပြန်ခရီးဘဲ”

တိုးတိုးသည် အိမ်တွင်းဘက်သို အပျော်လွန်ပြီး တဒုန်းဒုန်း ပြေးဝင်သွားသည်။ သူပြန်လာသည့်အခါ သူ့အဖေအတွက် စစ်သုံး မျက်နှာသုတ်ပဝါစိမ်းတစ်ထည် ပါလာသည်။ ကိုရဲက မျက်နှာသုတ်နေစဉ် တိုးတိုးသည် စပ်စုတတ်သော ကလေးပီပီ သတင်းထူးတစ်ခုကို ကိုရဲအား ပြောလိုက်သည်။

“မနက်စောစောက ဒါးကမြစ်ထဲမှာ စက်လှေတစ်စင်း နစ်သွားသေးတယ် အဖေကြီးရ”

စက်လှေနစ်သွားတယ် ဟုတ်လား။ ဘယ်မှာလည်း … ဘာတွေ ဖြစ်သွားသေးလည်း”

ကိုရဲမှာ အထိတ်တလန့် ဖြစ်သွားသည်။

“သားတို့အိမ် အရှေ့ဘက် နည်းနည်းဝေးတယ်။ ဟို နားမှာ””

တိုးတိုး ညွှန်ပြရာကို သိနိုင်ရန် ကိုရဲသည် အိမ်ရှေ့ခန်းသို့ ခပ်သုတ်သုတ် ထွက်လာခဲ့သည်။ ကိုရဲတို့အိမ်မှာ ဒါးကမြစ်ကြီးကို မျက်နှာပြု ဆောက်လုပ်ထားသည်။ တိုးတိုး ညွှန်ပြသည့် နေရာမှာ သူတို့ ကျိန်ချောင်းရွာနှင့် ဖျာတန်းကျေးရွာစပ်ကြား မြစ်ကွေ့နေရာဖြစ်နေကြောင်း ကိုရဲ သိလိုက်ရသည်။

ရာသီမှာ ဆောင်းယွန်းလုလု နွေရာသီသို့ ကူးရောက်ချိန်ဖြစ်သည့်အတိုင်း မိုးရာသီတုန်းကလို ရေပြင်မှာ မြင့်မောက် ဖိတ်လျှံခြင်းမရှိတော့ဘဲ ဝပ်စင်းနေလေပြီ။

တဘက်ကမ်း မြစ်ကမ်းနံဘေးတစ်လျှောက် အစီအရီသွယ်တန်း ပေါက်ရောက်နေကြသော မိုးမခပင်များ၏ အရွက်ချွန်ချွန်များ၏ ဗိုက်သားများမှာ လေအလှုပ်တွင် နေရောင်ကြောင့် ငွေရောင်လဲ့လဲ့ တောက်ပနေကြ၏။

ကွန်လှေတစ်အုပ်သည် ကိုးနဝင်း ထုံးစေတီ ဖြူဖြူ လေးအနီး ကျိန်ချောင်းနှင့် ဖျာတန်းကျေးရွာစပ်ကြား မြစ်ထဲတွင် သဲကြီးမဲကြီး ကွန်ပစ်နေကြကြောင်း ကိုရဲ တွေ့ရသည်။

“သားပြောတဲ့နေရာမှာ ကွန်လှေတွေဘဲ တွေ့ရပါကလား”

“ဟုတ်တယ်လေ၊ အခုတော့ စက်လှေက ဘယ်ရှိတော့မှာလည်း အဖေရ။ အဲသည် ကွန်လှေတွေကဘဲ မှောက်သွားတဲ့ စက်လှေကို ဝိုင်းကယ်လိုက်ကြလို့ စက်လှေ မောင်းထွက်သွားတာ ကြာလှပြီသားနှင့်။ အမေတောင် ကိုးနဝင်းစေတီနားက သွားကြည့်ကြသေးတယ်။ အဖေကြီးသာ အအိပ်ပုပ်တာနှင့် မနိုး တာကိုး”

တိုးတိုးက ကလေးပီပီ အအိပ်ကြီးသော သူ့အဖေကို ပွင့်ပွင့်ရဲရဲ ဝေဖန်လိုက်သည့်အခါ ကိုရဲမှာ စိတ်မဆိုးရက်ဘဲ ပြုံးနေမိလိုက်သည်။

တကယ်တော့ စစ်သားဟောင်းတစ်ယောက် ဖြစ်ခဲ့ဖူးသော ကိုရဲမှာ အအိပ်ကြီးသူကား မဟုတ်ပါ။ သို့သော် ယခုတလော ကိုရဲတစ်ယောက် ပါတီကောင်စီ ကိစ္စများ၊ ရပ်ရေးရွာမှုကိစ္စများဖြင့် နေ့ရောညပါ ဆက်တိုက် အလုပ်ရှုပ်နေပါသည်။

မြိုနယ်စီမံချက်အရ တိုက်နယ်ကျေးရွာ အုပ်စုအတွင်း စပါး အပြည့်အဝ ဝယ်ယူရရှိရေး၊ ဆောင်းသီးနှံ၊ မိုးကြိုဂုန်လျှော် အစရှိသည့် စိုက်ပျိုးရေးကိစ္စများတွင် လည်းကောင်း၊ စစ်မှုထမ်းဟောင်းအဖွဲ၏ သီးခြားတာဝန်များအပြင် ကျေးရွာလုံခြုံရေး ကိစ္စအတွက် ညအခါ ပြည်သူ့စစ် တိုက်ကင်း၊ လှည့်ကင်း တာဝန်များဖြင့် ကိုရဲတစ်ယောက် ဂျင်ခြေလည်နေခဲ့သည်။

ညတုန်းက သူသည် ပြည်သူ့ရဲတပ်ဖွဲ့ဝင်များနှင့်အတူ သူ၏ပြည်သူ့စစ်အဖွဲ့နှင့် စပါးဒိုင် လုံခြုံရေးတာဝန်ကို နံနက် ၂ –နာရီထိုးသည်အထိ လုံခြုံရေးတာဝန် ယူခဲ့ပြီး အိမ်သို ၄-နာရီ ကျော်ကျော်မှ ပြန်ရောက်သည်။ အိပ်ရေးပျက်ပျက်နှင့် အိပ်နေခဲ့ရာ တိုးတိုးပြောသော စက်လှေမှောက်သည့်ကိစ္စကား သူ လုံးဝ မသိ လိုက်ရခြင်း ဖြစ်သည်။ ကိုရဲတစ်ယောက် ပင်ပန်းနေသည်ကို သိသဖြင့် ကျေးရွာပါတီစိတ်၊ ကောင်စီဝင်များကလည်း လာရောက် မနှိုးကြခြင်းကြောင့်လည်း သူမသိခဲ့ရခြင်း ဖြစ်သည်။

“အသေအပျောက် မရှိဘူး မဟုတ်လား တိုးတိုး”

“မရှိဘူးလို ပြောသံကြားတယ် အဖေကြီးရ၊ ရွာက ပါတီကောင်စီ မီးသတ်တပ်ဖွဲ၊ ကြက်ခြေနီ၊ လမ်းစဉ်လူငယ်တွေလည်း အချိန်မီ ရောက်လာကြတယ်”

ချက်ချက်ချာချာ ပြောပြတတ်သော သားတော်မောင် တိုးတိုးကို ကိုရဲ သဘောကျသွားသည်။ သူတို့ ကျေးလက်ဒေသသည် သူတို့ ငယ်စဉ်တုန်းကလို မဟုတ်တော့ချေ။ ပါတီ၏ အကိုင်းအခက်များအဖြစ် လူထုလူတန်းစား အဖွဲ့အစည်းများဖြင့် ဝေစည်နေလေပြီ။

ကိုရဲသည် အိမ်ရှေ့ဧည့်ခန်း စားပွဲခုံပုကလေးပေါ်တွင် သူ့ဇနီး အသင့်ပြင်ထားခဲ့သည့် ပဲပြုတ်နှင့် ထမင်းကြော်ကို ဇွန်းနှင့် ခပ်စားလိုက်၊ ရေနွေးကြမ်းနှင့် မျှောချလိုက် လုပ်နေစဉ် တိုးတိုးက ဆက်ပြောပြန်သည်။

“စက်လှေက ငါးကြီးတစ်ကောင်ကို ဝင်တိုက်မိပြီး မှောက်သွားမလို ဖြစ်သွားတာလို့ ပြောသံကြားတာဘဲ”

“ဟေ စက်လှေက ငါးကြီးတစ်ကောင်ကို ဝင်တိုက်မိလို့ ဟုတ်လား။ ဘယ်က စက်လှေလည်း၊ ဒါးက ကျေးရွာက ကိုတင်စိန့် စက်လှေများလား”

“ဟုတ်တယ် … ဟုတ်တယ်၊ သားသူငယ်ချင်း မောင်ထွေးရဲ့ အဖေ စက်လှေဘဲ အဖေကြီး”

ဒါးကကျေးရွာမှ ဦးတင်စိန် စက်လှေသည် ခရီးသည် များ တင်ဆောင်၍ ကန်ကြီးထောင့်မြို နေ့စဉ် နံနက် ၆ –နာရီတွင် ထွက်ခွာလေ့ရှိသည်။ ယခု ၈နာရီခွဲနေပြီဖြစ်ရာ ရွာတွင်း၌ သတင်းစကား မေးမြန်းရန် အချိန်မရှိတော့ကြောင်း ကိုရဲ နားလည်လိုက်သည်။ သို့ရာတွင် စက်လှေက ငါးကြီးတစ်ကောင်နှင့် ဝင်တိုက်မိသည် ဆိုသည်ကိုဖြင့် သူ တော်တော် စိတ်ဝင်စား နေမိသည်ကား အမှန်ပါပင်။

“ဧကန္တ ငါ သုံးလေးကြိမ် ဆုံခဲ့ဖူးတဲ့ ဟိုကောင်ကြီးဘဲ ဖြစ်မယ်ထင်တာဘဲ”

“ဘယ်ကောင်ကြီးလည်း အဖေကြီးရ”

ကိုရဲ တစ်ကိုယ်တည်း ရေရွတ်နေသည်ကို တိုးတိုးက လိုက်၍ စပ်စုသည်။ ကိုရဲသည် တိုးတိုး အမေးပုစ္ဆာကို မကြားလိုက်၍ ဘဲလား၊ မဖြေချင်၍ဘဲလား မသိ။ ဒါးက လှလှတင် ဆေးပေါ့လိပ်ကို တထောင်းထောင်းဖွာရင်း စဉ်းစားခန်းဝင်နေမိပါသည်။

X X X

ငါးရွေး။

ကုန်းမှာ မြွေပွေး၊ ရေမှာ ငါးရွေးဟု ဆိုရိုးစကား ရှိပါသည်။ ငါးရွေးသည် သူ့လို ရေပျော်သတ္တဝါများကိုပါမက လူကိုပင် ဒုက္ခပေးသည့် သတ္တဝါဖြစ်သည်။ လူနှင့် ရင်ဆိုင်တိုးမိလျှင် အန္တရာယ်ပေးရုံသာမက ကလေးငယ်များအား အကောင်လိုက် မျိုချစားသောက်တတ်သည်။ ထို့ကြောင့်လည်း ရေလုပ်သားများသည် ရေသတ္တဝါများကို ရှာဖွေစားသောက် နေကြသည့်တိုင် ငါးရွေးကိုတော့ ကြောက်လန့်တတ်ကြသည်။ အထူးသတိထား၍ ဖမ်းဆီးလေ့ ရှိသည်။

ငါးရွေးတွင် လူကဲ့သို သွားတန်းများရှိပြီး ချွန်ထက်နေသည်။ မျက်လုံးမှာ ပန်းနုရောင်ဖျော့ဖျော့နှင့် ကိုယ်ထည်အရောင်မှာ ဖြူဖျော့ဖျော့ ဝါဖန့်ဖန့်အဆင်း ရှိသည်။ အကြေးခွံများ မရှိဘဲ ငါးပတ်ကဲ့သို့ ပြောင်ချော ငါးမျိုးဖြစ်သည်။ ဘေးတစ်ဘက်တစ် ချက်စီတွင် ဆူးတောင်များ ရှိသကဲ့သို့ ကျောပေါ် တွင်လည်း ဆူးတောင်တစ်ခု ရှိသည်။

ငါးရွေးသည် ရေနက်ပိုင်း၌ ကျက်စားလေ့ ရှိပြီး၊ တစ်မိုးတွင်းလုံး သူ၏ ဇာတ်တူသား ငါး၊ ပုစွန် များကို ရှာဖွေစားသောက်နေလေ့ရှိသည်။ ပြာသို၊ တပို့တွဲလများတွင် မိတ်လိုက်ပြီး နယုန်လ လောက်တွင် သားပေါက်သည်။ ငါးရွေးဥများမှာ ၂ – ပိဿာခန့် အလေးချိန် စီးတတ်ပြီး အမတစ်ကောင်လျှင် နှစ်ဥ၊ သုံးဥ ဥလေ့ရှိသည်။ ငါးရွေး အကောင်ကြီးတစ်ကောင်၏ အလေးချိန်မှာ ပိဿာချိန် ၁၀၀-ဝန်းကျင်တွင် ရှိသည်။

ငါးရွေးတို့သည် အထီးနှင့်အမ စုံတွဲနေလေ့ရှိသည်။အထီးမှာ နှာရောင်ချွန်းပြီး အမများမှာ နှာရောင်ပုသည်။ အမများ သားပေါက်ရာသီမျိုး၌ ငါးရွေး အထီးတို့သည် ဘေးဘီ ဝန်းကျင်တစ်ဝိုက်၌ စောင့်ရှောက် နေတတ်ပြီး ထိုအချိန်မျိုး၌ ရေပြင်အတွင်း တွေ့သမျှ သတ္တဝါများကို ပြင်းထန်စွာ တိုက်ခိုက်တတ်လေသည်။

သူတို့သည် မိုးနှင့် ဆောင်းရာသီ အချိန်ကာလအတွင်း ရေနက်ပိုင်း၌ မြူးထူးပျော်ပါးကြသလောက် နွေရာသီသို့ ရောက်ပြီဆိုလျှင် ဘယ်မှ မထွက်ကြတော့ဘဲ ချောက်များ၊ ကမ်းပါးစောင်းများ၊ ချိုင့်များအတွင်း ကျင်းခတ်၍ အနားယူပါတော့သည်။ ထိုအချိန်၌ သူတို့၏ ရိက္ခာမှာ မြေဆီလွှာပင် ဖြစ်သည်။

ငါးရွေး ကျင်းခတ်နေသည့် ချိုင့်များအတွင်း ဝါးလုံး ရှည်ရှည်ဖြင့် ထိုးကြည့်ပါက ဝါးများ ကြေကွဲသွားသည်အထိ ကိုက်ဖြတ်ခြင်းကို တွေ့ရပေလိမ့်မည်။

“အဖေကြီး ရေချိုးတော့လေ… ၉ နာရီရထားနဲ့ ပုသိမ်ကို သွားမယ်မဟုတ်လား”

ငါးရွေး အကြောင်း အာရုံစူးနစ်နေသော ကိုရဲသည် တိုးတိုး အသံကြောင့် သတိပြန်ဝင်လာသည်။

“သား ပုသိမ် လိုက်တာတော့ ဟုတ်ပါပြီ။ မေမေမှ ဈေးက ပြန်မလာသေးတာ။ အိမ်မှာ ဘယ်သူကျန်ခဲ့မှာလည်းကွ”

“အမေ ရွာထိပ်က ဒေါ်ထွေးစိန် ကုန်စုံဆိုင်မှာ ရောက်နေပါပြီ အဖေရာ။ ခုန ဖြတ်သွားတဲ့ ဦးကုလားကို မေးကြည့်လိုက်လို့ သား သိလိုက်ပါပြီ”

“အေး … ဒါဆိုလည်း ပြီးရောပေါ့ကွာ”

ကိုရဲသည် ရေဆိပ်ဝါးတံတားသို့ ဆင်းခဲ့သည်။ရေချိုးဆိပ်သို့ ဆင်းသည့်အခါတိုင်း သူ အမြဲ ဆောင်လေ့ရှိသည့် စစ်သုံးကာဘိုင် ဘဲနက် (ဓားမြှောင်)ကိုမူ ဘယ်တော့မျှ မမေ့ပါ။ ဘဲနက်ကို ခါးကြားထိုးရင်းကိုရဲ ရေချိုးဆိပ်သို့ ဆင်းလာခဲ့သည်။

အဝေးတွင် ကွန်လှေအုပ်သည် သဲကြီး မဲကြီး ပစ်နေကြတုန်းပင် ရှိသေးသည်။

X X X

မိုးရာသီဆိုလျှင် ဒါးကမြစ်ပြင်ကျယ်ကြီးအတွင်း ဗေဒါဖောင်တို့ဖြင့် ပြည့်ကျပ်နေလေ့ရှိသည်။ အဝေးကကြည့်လျှင် ရွေ့လျားနေသော မြက်ခင်းစိမ်းကြီးဟု ထင်မှတ်စရာ ရှိပါ၏။ ယခုလို နွေဦးရာသီမျိုး တွင်ကား ဗေဒါများ ကင်းစင်လျက် ကြည်လင်သော ရေပြင်သည် စိမ်းဖန့်ဖန့်အရောင်ဖြင့် နေခြည်နွေးနွေးအောက်ဝယ် ငြိမ့်ငြိမ့်လေး စီးဆင်းနေသည်။

ကိုရဲသည် ရေထဲ မဆင်းမီ ဝါးတံတားပေါ် ထိုင်လိုက်ပြီး ကွန်လှေအုပ်ဆီ တစ်ချက် လှမ်းကြည့်လိုက်သည်။ ရွာလယ်ပိုင်းမှ သန်းအောင်နှင့် အောင်မြိုင်တို့နှစ်ယောက်အား လှေတစ်စင်းပေါ်တွင် တွေ့လိုက်ရသည်။ ဤလူများကိုမူ ကောင်းစွာ မသိချေ။

ကိုရဲ၏ မျက်လုံးအစုံသည် ကွန်လှေအုပ်မှ လွှဲဖယ်လိုက်ပြီး သူထိုင်နေသည့် ဝါးတံတားလေး၏ အနောက်ဘက် ကမ်းစပ် တွင် မြှောင်၍ပေါက်နေသော ကန်စွန်းချုံများဆီ အာရုံစူးရောက်သွားပြန်သည်။

ဤနေရာသည် အရိပ်ရနေသဖြင့် ငါးခို၊ ငါးကပ်ကောင်းသည့် နေရာတစ်ခု ဖြစ်သည်။ ရေနက်ပိုင်း ဝါး တစ်ရိုက် မရှိတတ် ရှိတတ်နေရာ၊ ကမ်းပါးစောင်းနှင့် ကလိုင်တစ်ခု ရှိနေသည်။

သူရေချိုးချိန် မြစ်ထဲသို့ ဆင်းသည့်အခါတိုင်း ယင်း ကမ်းပါးစောင်း ကလိုင်အတွင်း လက်ဖြင့် လိုက်စမ်းရာ တချို့နေရာများတွင် အချိန် ငါးဆယ်သားကျော်ကျော် တစ်ပိဿာခန့်ရှိသည့် ငါးကျောက်ဖားများ ရတတ်၏။ အချို့ရက်များတွင် ငါးရံ့ ၊ ငါးပတ် စသည်များ ရသည်။ ကံကောင်းသည့် နေ့များတွင်မူ ပုစွန်တုပ် (ဂါးထုပ်) ကြီးများ ရတတ်ပါသည်။

သည်လို ငါးဖမ်းကိရိယာမပါ၊ လူလုံးချည်းသက်သက်ဖြင့် ငါးဖမ်းတတ်သည့် အတတ်ပညာကြောင့်လည်း ကိုရဲတို့မိသားစု သုံးယောက်အဖို့ ဟင်းစားမပြတ် စားနေရသည်။ ပုစွန်တုပ်မှာ ဈေးကောင်းရသဖြင့် ရံဖန်ရံခါလောက်သာ ကြော်စားတတ်ပြီး များသောအားဖြင့် မသင်းကြည်လက် ဝကွက်အပ်လိုက်သည်။

မသင်းကြည်သည် စစ်သားမယား ဖြစ်ခဲ့သော်လည်း ကြုံရာကို ရောင်းတတ် ဝယ်တတ်သူဖြစ်၍ ဇနီးဖြစ်သူအပေါ် ကိုရဲကအား ကိုးနေရသည်။ သူ့ခြံထွက် အသီးအနှံများကို မသင်းကြည်က ခူးဆွတ်စည်းနှောင်ပြီး နေ့တိုင်း ဒါးကဈေးသို့ သွားရောင်းသည်။ ဤသို့ဖြင့်လည်း ကိုရဲသည် သူ၏ တပ်ကြပ်ကြီး အငြိမ်းစားလစာ တစ်ခုတည်းအပေါ် မိသားစုသုံးယောက်စလုံး မှီခိုစားသောက်နေရသည့် အခြေအနေမျိုးတွင် မရှိတော့ပေ။

အငြိမ်းစား လစာမှာ စုငွေလေးသဖွယ် ရှိနေပြီး သုံးလေးလတစ်ကြိမ် ပေါင်းထုတ်ပြီး အိမ်တွင် လိုအပ်ချက်များ ဝယ်ယူစုဆောင်း ဖြည့်ဆည်းခြင်းဖြင့် မိသားစုသုံးယောက်ဘဝမှာ ငြိမ်းအေးလျက် ရှိသည်။

ဤလက်နက်မဲ့ ငါးဖမ်းပညာမှာ သူ တပ်မတော်ထဲ မဝင်ခင် ဤရွာ၌ အရပ်သားဘဝကပင် တတ်မြောက်ထားခဲ့ပြီး မသင်းကြည်မှာလည်း ကိုရဲနှင့် အကြောင်းမပါခင် ဤ ရွာ၌ အရပ်သူဘဝဖြင့် ရှိစဉ်ကပင် အရောင်းအဝယ်တတ်သူ ဖြစ်ပါသည်။

သူတို့သည် နှစ်ပေါင်း ၂၀-ကျော် ကျိန်ချောင်းကျေးရွာမှ ကင်းကွာခဲ့ပြီးနောက် ကိုရဲ အငြိမ်းစားယူသည့်အခါ မိခင်ကျေးရွာ၌ပင် ပြန်လည်နေထိုင်ကာ ယခင်လုပ်ခဲ့သော အလုပ်များကိုပင် ပြန်လည်လုပ်ကိုင်နေကြခြင်း ဖြစ်ပါ၏။

ကိုရဲသည် ပုဆိုးကို ချွတ်လိုက်သည်။ အတွင်းခံဘောင်းဘီတိုအကြား ကာဘိုင်ဘဲနက်ကို ထိုးသွင်းလိုက်ပြီး ရေထဲသို့ ထိုးဆင်းလိုက်၏။

စိမ့်အေးသော ရေပြင်၌ ဆီးကြိုပွေ့ဖက်ခြင်းကို ခံလိုက်ရသည်။ သူသည် ရေထဲတွင် ခြေညောင်း လက်သာ အနည်းငယ် ကူးခတ်လိုက်ပြီးနောက် ကန်စွန်းများရှိရာ ကမ်းပါးစောင်း ကလိုင်ရှိရာသို့ မှန်းပြီး ငုပ်ချလိုက်လေသည်။

စိမ်းဖန့်ဖန့် ရေပြင်ပေါ် နေခြည်က ထိုးဖောက်လျက် ရှိသော်လည်း ဝါးတစ်ရိုက်ခန့် အနက်လောက်တွင်မူ အလင်းရောင်မှာ ဝိုးတဝါးဖြစ်လာသည်။ ကမ်းပါးယံကို လက်ဖြင့် ကိုင်စမ်းမိသည့်အခါ ကိုယ်ဖော့ထားရသဖြင့် ညောင်းညာလာသော ခြေထောက်နှစ်ချောင်းကို အနည်းငယ် အနားပေးလိုက်သည်။

သူသည် သူ၏ကြီးမားသော လက်ဖဝါးတစ်စုံဖြင့် ကလိုင်အတွင်း လျှောက်စမ်းနေသည်။ လက်တစ်ဘက်မှာ ကာဘိုင်ဘဲနက်နှင့် ကမ်းပါးယံကို ညှပ်ကိုင်ထားသည်။

ကမ်းပါးယံတစ်နေရာတွင် မည်းမည်းသဏ္ဌာန်တစ်ခု တွယ်ကပ်နေသည်ကို မြင်ရ၏။ လျင်မြန်သော သူ့လက်က ယင်း မည်းမည်းသဏ္ဌာန်ကို ဆတ်ခနဲ ဖိချလိုက်သည်။ ရေထု၏ သိပ်သည်းမှုကြောင့် လက်ဝါးသည် မည်းမည်းသဏ္ဌာန်ဆီသို့ ရုတ်ခြည်း မရောက်နိုင်ခဲ့ချေ။

ထိုအချိန်တွင် ခြေသလုံးလောက်နီးပါး ငါးရံ့ကြီးတစ်ကောင်သည် သူ့လက်ဝါးအောက်မှ ဝုန်းခနဲ တိုးထွက်ကာ ကိုရဲ၏ နံကြားကို တိုက်ပြီး လွတ်ထွက်သွားတော့သည်။ ကိုရဲမှာ မချင့်မရဲ ခံစားလိုက်ရသလို အိပ်ရေးမဝ ဖြစ်နေသဖြင့် ယခင်နေ့ကလို မဟုတ်တော့ဘဲ အသက်ရှူချင်နေသည်။

သို့ရာတွင် အသက်ကို ကြိုးစားပြီး အောင့်ထားလိုက်သည်။

သူသည် ရေတွင် တွေ့နေရသော ကလိုင်ထဲသို့ အလျားလိုက် တိုးဝင်လိုက်သည်။ ကလိုင်မှာ ဆယ်တောင်ပတ်လည်ခန့် ကျယ်ဝန်းမည်ဟု ခန့်မန်းရသည်။

အတွင်းသို ရောက်သောအခါ အလင်းရောင်မှာ သိသိသာသာကြီး လျော့နည်းသွားသည်။ သို့ရာတွင် ကျင့်သားရနေသော သူ့မျက်လုံးအစုံမှာ သူနှင့် ငါးတောင်ခန့်အကွာလောက်တွင် အလျားလိုက် ရပ်တည်နေသော ဖြူဖြူသဏ္ဌာန်တစ်ခုကို ဝိုးတဝါး မြင်တွေ့လိုက်ရသည်။

ငါးချောင်းလား၊ ငါးပတ်လား၊ ငါးရွေးလား၊ ငါး သတ္တဝါတစ်ကောင် ဖြစ်သည်မှာ သေချာနေပြီ။

ကိုရဲသည် ဘယ်လက်မှ ကာဘိုင်ဘဲနက်ကို ညာလက်သို့ ပြောင်းကိုင်လိုက်သည်။ ဖြူဖြူသဏ္ဌာန်သည် ကိရဲ စတွေ့တွေ့ချင်းကလို ငြိမ်သက်မနေတော့ဘဲ ကိုရဲရှိရာသို့ ခေါင်းလှည့်လိုက်သည်။ ကိုရဲကလည်း အနေအထားကို ဘေးတိုက်သဏ္ဌာန် ပြောင်းလဲလိုက်ပြီး ကလိုင်အဝဘက်သို မသိမသာ ဆုတ်လာခဲ့သည်။

အကယ်၍ ငါးရွေးနှင် ပက်ပင်းတိုးမိနေပါက ကျဉ်း ကျပ်သော ကလိုင်အတွင်း တိုက်ရခိုက်ရမည့် အနေအထားမှာ သူ့အတွက် မကောင်းလှပေ။

ဖြူဖြူသတ္တဝါသည် ကိုရဲဘက်သို့ မျက်နှာမှုနေရာမှ အတွင်းပိုင်းဘက်သို့ ရွှေ့လျားသွားသည်။ ကိုရဲသည် ဘာဆက်လုပ်ရမှန်း မသိဘဲ ထွေပြားနေ၏။

အောင့်ထားရသည့် လေကို တ၀ကြီးရှူချင်နေပြီ။ နှလုံးခုန်သံမှာ သိသိသာသာကြီး ကျဆင်းနေသည်နှင့်အမျှ မောပန်းမှုကို ခံစားနေရ၏။

ကိုရဲသည် ကလိုင်ဝ ရွံ့နံရံ တစ်ဘက်အား ကိုင်ထားရင်း သူ့အား ကျောပေးပျောက်ကွယ်သားသည့် ဖြူဖြူသဏ္ဌာန်နောက် လိုက်ရနိုး ၊ အဝတွင် သည်အတိုင်းပိက်ပြီး စောင့်ရနိုးနှင့် အပြင်းအထန် ချိန်ဆနေစဉ်မှာပင် အခြေအနေမှာ မမျှော်လင့်ဘဲ ရုတ်ခြည်း ပြောင်းလဲသွားသည်။

ဖြူဖြူသဏ္ဌာန်သည် မြားတစ်စင်းလို သူ့ထံ ရိပ်ခနဲ ရောက်လာသည်။

“ဟာ”

ကိုရဲ ဘာမှ စဉ်းစားနေချိန် မရတော့ချေ။ သို့သော် သူ၏ ကြောက်လန့်တကြား လှုပ်ရှားမှု ပြုလိုက်သည်ကား သူ့ထံ တိုးဝင်လာသည် ဖြူဖြူသဏ္ဌာန်၏ ဦးခေါင်းတစ်နေရာကို ကာဘိုင်ဘဲနက်ဖြင့် လက်နှစ်ဘက် စုံကိုင် ထိုးစိုက်ခဲ့မိသည်နှင့် တစ်ပြိုင်နက်

“ဖြန်း … ဖြန်း … ဖြန်း”

“အမယ်လေး….”

“ဝုန်း”

ဖြူဖြူသဏ္ဌာန်ကြီး၏ အမြီးနှင် ရိုက်ခတ်သံ၊ ရေယက်သံ၊ လက်မောင်းတစ်ဘက်ဆီမှ ဆစ်ခနဲ နာကျင်မှုတို့နှင့်အတူ ကိုရဲသည် ချောက်အိပ်မက်တစ်ခု မြင်မက်လိုက်ရသလို ရေပေါ်သို့ ကျွမ်းထိုးမှောက်ခုံ အနေအထားဖြင့် မြောက်တက်သွားပါတော့သည်။

လေထဲမှ ရေပြင်ပေါ်သို့ ဖင်ထိုင်အနေအထားဖြင့် ပြန်ကျသွားပြန်သောအခါ ရေထဲသို့ နစ်ဝင်သွားပြန် ပါ၏။ သို့ရာတွင် သတိတရားသည် သူနှင့် မကင်းမကွာ ရှိနေသေးသည့်အလျောက် ရေပြင်ပေါ် အလုအယက် တိုးထွက်ခဲ့ပြီး ဝါးတံတားရှိရာသို့ အသက်လု ကူးခတ်လာနေသည့် ကိုရဲ၏ တဒင်္ဂ ဖြစ်ရပ်ကို ဘယ်သူမျှ မသိနိုင်ချေ။

“မနက်က စက်လှေကို အမြီးနဲ့ ခတ်ပြီး တွန်းလှဲခဲ့ တာ သည်ငါးရွေးများ ဖြစ်နေမလားဘဲ”

ကိုရဲက စဉ်းစားရင်း အိမ်ပေါ်သို့ သုတ်သုတ် တက်လာခဲ့သည်။

X X X

ပုသိမ်မြို့ ပြည့်သူ့ဘဏ်တွင် ကိုရဲသည် အငြိမ်းစားလစာထုတ်ရန် သူ့အလှည့် မရောက်သေး၍ ခုံတန်းလျားတွင် သားတော်မောင် တိုးတိုးနှင့်အတူ ထိုင်စောင့်နေသည်။ သူ့လို ဘဝတူ အငြိမ်းစား စစ်သည်ဟောင်းများလည်း ဘဏ်အတွင်းသို့ တဖွဲဖွဲ ရောက်လာကြသည်။ တပ်ထဲတုန်းကလို တစ်သွေးတည်း တစ်ရောင်တည်း မဟုတ်ကြတော့ချေ။

တချို့မှာ ချိုင်းထောက်နှင့်။ တချို့မှာ နွမ်းနွမ်းပါးပါး။ တချို့မှာ တောက်တောက်ပြောင်ပြောင်။ ဘယ်လိုပင် အရပ်သားဘဝ၌ အသွင်သဏ္ဌာန်ရှိစေ သူတို့အချင်းချင်း အငြိမ်းစားလစာ ထုတ်ရက်၌ ဆုံတွေ့ကြသည် အခါတိုင်း တပ်ထဲတုန်းက ဘဝဟောင်းအကြောင်း ပြန်ပြောင်းပြောဖြစ်ကြသည်။ တဟားဟား တဝါးဝါး ရယ်ဖြစ်ကြသည်။

ငယ်မူ ငယ်သွေးတွေပြန်ကာ နုပျိုလာကြသည်။ လက်ရှိပစ္စက္ခ ဘဝအခြေအနေများကို လုံးဝ မေ့သွားကြသည်။

ထိုအချိန်။ ကျိန်ချောင်းကျေးရွာတစ်ဘက်ကမ်း မိုးမခပင်များ ကွက်တိကွက်ကြားပေါက်နေသည့် သောင်ခုံပေါ်တွင် ရေတစ်ပိုင်းကုန်း တစ်ပိုင်းပေါ်နေသည့် ငါးကြီးတစ်ကောင်အား ကွန်လှေအုပ်မှ ကွန်သမားတစ်စုက တအံတသြငုံ့ ကြည့်နေကြသည်။ ငါးကြီးမှာ အသက်မကုန်တတ်သေးဘဲ ငွေ့ငွေ့လေး အသက်ရှူနေသည်။ တဆတ်ဆတ်တုန်နေပြီး အစဉ် မှိတ်မရသော မျက်လုံးအစုံမှာ ပို၍ ပြူးကျယ်လာသယောင်ထင်ရသည်။

“ဟာ ငါးရွေးကြီးကွ … ငါးရွေးကြီး”

ကွန်သမားတစ်ယောက်က အော်ဟစ်ပြောက်သည်။ငါးရွေးဆိုသော အသံကြောင့် တစ်ယောက်စ နှစ်ယောက်စမှာ နောက်သို့ အနည်းငယ်ရို့သွားသည်။

“မနက်က ကိုတင်စိန်ရဲ့ စက်လှေကို တွန်းလှဲတာ သည်ကောင်ကြီးဘဲဖြစ်မလား။ နည်းတဲ့ကောင်ကြီး မဟုတ်ဘူးကွ”

“အချိန် ငါးဆယ်လောက် ရှိမယ်ထင်တယ်”

“တစ်ရာလောက် ရှိမယ်ထင်တယ်”

“ပွတာဘဲဟေ့ ၊ ဒါကြီးရောင်းပြီး အရက်အဝသောက်ရဦးမယ်။ တို့ တမနက်လုံး ကွန်ကျဲနဲ့အုပ်၊ မှိန်းနဲ့ထိုးတာ မမိဘဲ အခု ဘယ်လိုဖြစ်ပြီး သောင်ပေါ်ထိုးတက်လာပါလိမ့်”

တစ်ယောက် တစ်ပေါက် ပြောဆိုနေကြစဉ် ကွန်သမား သန်းအောင်က ငါးရွေးကြီး၏ ပသိအကြား လက်ညှိုးဖြင့် ထိုးပြရင်း

“ပသိကြားထဲမှာ ဓားတစ်ချောင်း စူးဝင်နေပါလားကွ။ ဘယ်သူထိုးလိုက်တာပါလိမ့် … ကြည့်ကြစမ်း”

သူတို့ အထဲတွင် ကွန်သမားများ မရဲတရဲ တိုးကပ်သွားသည်။ သူတို့အထဲတွင် လက်ရဲဇက်ရဲရှိသောအောင်မြိုင်က ဆတ်ခနဲ ဓားကို ဆွဲနုတ်လိုက်သည်။

“ဟာ … စစ်သုံးဓားပါလားကွ”

“သည်ဓားမျိုးကိုင်တာ တိုရွာမှာ ဘယ်သူရှိသလည်းကွ”

အောင်မြိုင်က သွေးချင်းချင်း ရဲနေသော ဓားကို လှည့်ပတ်ကြည့်ရှုလိုက်ရင်း သူ့အဖော်များအား မေးလိုက်သည်။

“တခြားရွာကတော့ မသိဘူး။ တိုရွာက ဆိုလျှင် ကိုရဲတစ်ယောက် ကိုင်တာ တွေ့ဖူးတယ်”

သန်းအောင်က ပြောလိုက်သည်။

“ဘယ် ကိုရဲလည်း”

ချစ်ညွန့်က မေးသည်။ သူတိုရွာတွင် ကိုရဲနှစ်ယောက် ရှိသည်။ ဗန်းကြီးကိုရဲနှင့် စစ်ပြန်ကိုရဲ။

“ဟို စစ်သား လူထွက် စစ်ပြန်ကိုရဲရဲ့ ဓား ဖြစ်မယ်ထင်တယ်”

“အို ဘယ်သူ့ဟာဖြစ်ဖြစ် တို့ထိုက်နဲ့ တို့ကံ စားရကံကြုံလို့ မုတ်ဆိတ် ပျားလာစွဲတာဘဲကွာ။ ကဲ အပေါင်းအသင်းတို့ လှေပေါ်ဆွဲတင်ကြရအောင်။ ညဈေးအမီ ပုသိမ်တင်ဖို့နဲ့ အရက် တဝသောက်ဖို့ အရေးကြီးတယ်ဟေ့”

ကွန်အုပ်ထဲမှတစ်ယောက်က လောဆော်လိုက်သဖြင့် သူတို့အားလုံး အလုပ်ရှုပ်သွားကြတော့သည်။

X X X

ကိုရဲသည် အငြိမ်းစားလစာထုတ်ပြီးနောက် တရုတ်ကျောင်းလမ်းဘက်သို့ ထွက်လာခဲ့သည်။ ကောင်းလီတရုတ်ဆိုင်မှ ခေါက်ဆွဲကြော်တစ်ထုပ်ဝယ်ပြီး သူ့ဖခင်နေထိုင်ရာ ရာမညရပ်ကွက်သို့ သားတော်မောင် တိုးတိုးကို လက်ဆွဲလျက် တရွေ့ရွေ့ လျှောက်လာခဲ့သည်။

မနက်တုန်းက ငါးရွေးကြီး၏ အမြီးနှင့် အရိုက်ခံရသောခါးမှာ ယခုမှပင် မျက်ခနဲ မျက်ခနဲ ခံစားလာရသည်။ ထို့ပြင် ငါးရွေးပါးစပ်ဖြင့် ဟပ်မိသည့် ဘယ်ဘက်လက်မောင်းက ဒဏ်ရာကလည်း တစစ်စစ် ကိုက်လာသလို ခံစားနေရသည်။

အနည်းငယ်ရှပ်ပြီး ဟပ်မိ၍ တော်တော့သည်။ တိတိပပ အကိုက်ခံရလျှင်တော့ ကိုရဲတစ်ယောက် မစဉ်းစားရဲတော့ချေ။

သူ့လက်ချက်ဖြင့် ငါးရွေးကြီး ဘာဖြစ်သွားသည်ကိုလည်း ကိုရဲ မသိနိုင်ချေ။ သို့ရာတွင် သူ့လက်သုံးတော် စစ်သုံးကာဘိုင် ဘဲနက်ကလေး ဆုံးရှုံးသွားသည်ကိုတော့ ကိုရဲ အမှန်ပင် နှမြောနေမိပါသည်။

မြဝတီမဂ္ဂဇင်း၊ ဒီဇင်ဘာလ၊ ၁၉၈၆

– ပြီး –

စာရေးသူ – ပုသိမ်လှမိုး
စာစီစာရိုက် – မုဆိုး တံငါ စာပေများ

Leave a Reply

Your email address will not be published. Required fields are marked *