ဖိုးကျော့
မြန်မာနိုင်ငံ၏ အရှေ့မြောက်ဖျားဒေသ။
နေ၏အလုံးအဝန်းကို ပီပီပြင်ပြင် မမြင်ကြရ။ အရိပ်မျှသာ ထင်တတ်သည်။ နီကြန့်ကြန့် ဝါယဲ့ယဲ့။
နေ၏အပူရှိန်သည် အခါခပ်သိမ်းအားလျော့နွမ်းနေလျက် ရှိသည်။ တပေါင်း၊ တန်ခူး၊ ကဆုန် အပူပြင်းပြသော နွေရင့်လ၌ပင် အပူဒီဂရီက ခြောက်ဆယ်မပြည့်တတ်။ နွေပါးသောအရပ်၊ မိုးကာလကား ရှည်လျားလှသည်။ ဆောင်းရက်များကမူ မကုန်ဆုံးနိုင်သော ကပ်ကမ္ဘာပမာ။
နွေမှာလည်း မိုးရွာသည်။ ဆောင်းမှာလည်း မိုးရွာသည်။ မိုးကာလမှာမူ ဆိုဖွယ်ရာမရှိ။ မိုးရေချိန်လက်မ နှစ်ရာနီးပါးခန့် ရှိသည်။ ရက်သတ္တ တစ်ပတ်ခန့် မပြတ်မစဲဘဲ တအီအီရွာတတ်သည်။ မိုးရွာပြီးလျှင် မိုးနှင်းတို့ ကျခဲ့ပြန်သည်။
ထို့ကြောင့် ဤအရပ်တွင် နေကိုမြင်ရဖို့ ခဲယဉ်းလှသည်။ ကမ္ဘာဦးသူများ နေလနှစ်ပါးကို တောင့်တငေးမျှော်ရဘိသို့ ရှိချေသည်။ ကောင်းကင်ပြင်သည် နှင်းမှုန် မိုးရိပ်တို့နှင့်အမြဲ အုံ့မှိုင်းနေတတ်သည်။
ဝေသီမြင့်ခေါင်သော တောင်ထွတ်တောင်ထိပ်တို့သည် မိုးတိမ်နှင်းရိပ်များထဲ အမြဲလိုလို တိုးဝင်နေကြသည်။ ထို့ကြောင့် ယင်းတို့ကို တစ်လကိုးသီတင်း မမြင်ကြရ။ မိုးဖျန်းသော တောင်ကုန်းနှင့် နှင်းဆွတ်သော တောတန်းတို့သည် ထာဝရစိုစွတ်နေတတ်ကြသည်။ သစ်ပင်ကိုင်းခက် ရွက်လက်ရိုးတံများပေါ်တွင် နှင်းရည်မိုးပွင့်တို့ အခါမလပ် ခိုကပ်တွဲဆွဲနေတတ်သည်။
မြေပြင်သည် အမြဲစိုစွတ်နေသည်။ ချောင်းငယ်မြောင်းငယ်ဟူသမျှ ထာဝရ စီးဆင်းနေသည်။ စီးဆင်းလာသမျှသော ချောင်းငယ်မြောင်းငယ်များသည် နှင်းဆွတ်တောင်တန်းများနှင့် ရေခဲတောင်များကို မြစ်ဖျားခံလာသည်။ တောင်ကို ပတ်လာသည်။ ကောကို ဖြတ်လာသည်။ ကျောက်ဆောင်ကမ်းပါးများကို တိုက်စားစီးဆင်းလာသည်။ ထို့ကြောင့် ရေဟူသမျှ အေးလွန်းသည်။ အပူငွေ့ဟူ၍ တစိုးတစိမျှ မရှိ။ ပကတိ ထာဝရ အေးစက်ကျင်ထုံနေတတ်သည်။
ကြည်သန့်သော ရေထဲတွင် ငါးများကို ပီပီပြင်ပြင် မြင်နေရသည်။ ကျောက်ခဲ ကျောက်တုံးများက ပို၍ ထင်ရှားသည်။ လှုပ်ရွယိမ်းကနေသော ရေညှိရေမှော်ပင်များပေါ်တွင် ရေပိုးရေမွှားများ ကပ်ငြိရှင်သန်နေကြသည်။ ကြမ်းခင်းပြင်သလဲသဲပွင့်များ တလက်လက်တောက်စားနေကြသည်။
မြင့်မားဝေသီသော တောင်တန်းတောင်မြင့်ခြေရင်းများကို တိုက်စားဖျက်ဆီးလာသဖြင့် ရေထဲတွင် ရွှေမှုန် ရွှေပွင့်တို့ပါသည်။ ငွေမှုန် ငွေပွင့်တို့ပါသည်။ ဒန်၊ သတ္တု၊ ခဲမဖြူ၊ အဖြိုက်နက်၊ ကြေးနီကြေးဝါ အစုံပါသည်။ ထို့ကြောင့် ထိုအရပ်က ရေသည် တန်ဖိုးရှိသည်။ မြေထဲတွင် ကျောက်စိမ်းများရှိသဖြင့် အဖိုးအနဂ္ဃထိုက်တန်သည်။
တောထဲတွင် ဂမုန်း၊ နွယ်ချို၊ သစ်ခွ၊ သစ်မွှေး၊ ကရဝေး၊ တောင်တန်ကြီး၊ ပျဉ်းတော်သိမ်၊ သစ်ရင်းကြီး၊ ဧကရာဇ်၊ ဆေးဖက်ဝင်သော သစ်ပင်ဟူသမျှ ပေါများလှသည်။
နှင်းဆောင်းသော ရေခဲတောင်တန်းကြီးများပေါ်တွင် အဖိုးတန် ခန်းတောက်မြစ်၊ မချစ်ဥ၊ မရှော့ပင်တို့ ပေါက်ရောက်သည်။ ထို့ပြင် ရှားပါးတိရစ္ဆာန်များဖြစ်ကြသော တောင်ဆိတ်၊ ကြံ့၊ တာကင်ခေါ် သားမင်း၊ ကတိုးကောင်များလည်း ရှိသည်။
ထိုအရပ်သည်ကား မြန်မာနိုင်ငံအရှေ့မြောက်ဖျား အရပ်တည်း။
xxx xxx xxx
“လွယ်လာ” တောင်ထိပ်ပေါ်တွင် ဤနေ့ မြူတို့ပါးလျားနေသည်။ မေးတင်နေသော နေဝန်းကို ခန့်မှန်း၍ ထင်ရသည်။ နေဝန်းသည် ယဲ့ယဲ့မျှသာ လင်းနေသည်။
“ရဘာ” ချောင်းရေသည် တငြိမ့်ငြိမ့်စီးဆင်းနေသည်။ စိမ်းညို့သော တောတန်းပေါ်တွင် ငှက်ကျားတစ်အုပ် ပျံဝဲနေသည်။ ရဘာချောင်းဘေး သောင်ပြင်တွင် ကလေးတစ်အုပ် ကျောက်ကြမ်းပိုး ရှာနေကြသည်။
ဘာယူသည် ကျောက်တုံးတစ်ခုကိုကွယ်ကာ ကိုယ်ဝတ်ကို ချွတ်လိုက်သည်။ ပြီး ချောင်းရေထဲ ဆင်းလိုက်၏။ ရုတ်ခြည်းတစ်ကိုယ်လုံး စိမ့်အေးသွားသည်။ ဘာယူ ရေထဲက တက်လာချိန်မှာ ကလေးများကား ကျောက်ကြမ်းပိုး ရှာကောင်းတုန်းပင် ရှိကြသေး၏။
ကျောက်ကြမ်းပိုး ဆိုသည်မှာ သောင်ပြင် ကျောက်တုံးများအောက်တွင် ခိုအောင်းနေတတ်သော ပိုးကောင်ငယ်တစ်မျိုး ဖြစ်သည်။ အရွယ်မှာ လက်မဝက်ခန့် ရှိ၏။ တောင်ပံနှစ်ဖက် နှစ်ထပ်ပါပြီး ကိုယ်ခန္ဓာပြားသည်။ ရေပိုးနှင့် ဆင်ဆင်တူသည်။
ကျောက်ကြမ်းပိုး၏ အနှံ့မှာ ကြမ်းပိုးနံ့ကဲ့သို့ နံ၍ စူးရှသည်။ ရင်အုပ်တွင် အဆိပ်အိတ်ဥရှိသည်။ ကလေးများသည် တောင်ပံကိုချိုး၍ ကျောက်ကြမ်းပိုး အဆိပ်ဥကို ထုတ်ကာ ကျွတ်ကျွတ်ဝါးစားနေကြသည်။ ပိုလျှံသော ပိုးကောင်များကို အတောင်ချိုးပြီး ညနေလှော်စားရန် သောင်ပြင်ပေါ်တွင် စုထားကြသည်။
ရေထဲက တက်လာသော ဘာယူသည် ကလေးများနည်းတူ သောင်ပြင်က ကျောက်ခဲတွေကို လှန်လှောရှာဖွေကာ ကျောက်ကြမ်းပိုး တစ်ကောင် နှစ်ကောင်ကို ကောက်ဝါးစားသည်။
ဘာယူ သောင်ပြင်ပေါ်က တက်လာသောအခါ နေဝန်း ရိပ်ရိပ်ပျပျကို လွယ်လာတောင်ထိပ်ပေါ်တွင် လုံးဝ မမြင်ရတော့။ နေဝန်းသည် ငုပ်လျှိုးသွားပြီ ဖြစ်သည်။ ကလေးများကား သောင်ပြင်တွင် ကျောက်ကြမ်းပိုးရှာ၍ ကျန်နေခဲ့ကြသေး၏။
ဘာယူ ရွာအဝင်တွင် ဖလီနှင့် ရှေ့ဆိုင်တိုးနေကြသည်။ ဖလီ၏ မျက်ခွံတစ်ချက် ပင့်အကြည့်သည် ဘာယူ၏ရင်ကို ကျဉ်ခနဲ ဖြစ်သွားစေသည်။ ဖလီ၏အပြုံးတစ်ချက်ကို ဘာယူကလည်း အပြုံးနှင့် ပြန်တုံ့လိုက်သည်။
“ရေချိုးလား”
ဘာယူ၏အမေးကို ဖလီက နှုတ်ဖြင့် မဖြေ၊ ခေါင်းညိတ်ပြသွား၏။ ဤမျှနှင့်ပင် ဘာယူ၏ရင်ထဲမှာ ပီတိတွေ ပြည့်လျှံလာခဲ့ရသည်။
xxx xxx xxx
ပတ်ဝန်းကျင်တွင် ခွေးအ,များ အူသံက ညံစီစ ပြုလာသည်။ အမှောင်သည် လောကတစ်ခုလုံးကို တစ်စစ ဝါးမျိုလာသည်။
ခွေးအ,များသည် နေ့တွင် ကျင်းအောင်း၍ ညည ထွက်တတ်သည်။ ရွာထဲရှိ ကြက်များကို တစ်ခါခါ ဝင်ဆွဲတတ်သည်။ ရွာသူရွာသားတွေ စိုက်ပျိုးထားသော သခွား၊ ဖရုံ၊ ဘူး၊ ကြံ၊ အာဒါလွတ်ဥပင်မကျန် ဖော်စားတတ်သည်။
ခွေးအ,များ အူသံကြားသဖြင့် မီးဖိုဘေးတွင် ကွေးကွေးကုပ်ကုပ် အိပ်နေသော ခွေးက ခေါင်းတစ်ချက်ထောင်ကြည့်သည်။ သို့သော် အုပ်နှင့်အုံနှင့်အော်မြည်နေသော ခွေးအ,များကို ဘာယူ၏ခွေးက ထွက်မလိုက်ဝံ့ချေ။ ပြန်၍ ခေါင်းလျှိုကာ အိပ်ယောင်ပြုနေသည်။ ဘာယူသည် သူ့ခွေး“အလာ”ကို တစ်ချက်ကြည့်၍ ပြုံးလိုက်သည်။
အလာသည် ငယ်သေးသည်။ အခါလည်သာသာ ရှိသေးသည်။ တောမကျွမ်းသေး၊ တောသွေး မဝင်သေး၊ သင်မှုပြမှု လိုသေးသည်။ တောလည်အခေါ်အသွား၊ အခေါက်အပြန် နည်းသေးသည်။ ရဲရင့်မှု မရှိသေး၊ အတွေ့အကြုံ ပါးလျားသေး၏။ သူ ကိုယ်တိုင် ကိုက်သတ်၍ရသော အမဲသားကောင်များ၏ ဝမ်းတွင်းသားများကိုပင် နူးနူးနပ်နပ် မစားဖူးသေး။ လူအကူ၊ အရှင်သခင်အကူအညီမဲ့ သားကောင် မလိုက်ဖူးသေး။ အတွေ့အကြုံနည်းသေးသည်။
ဤခွေးကလေးကို အဖေသည် ဟူးကောင်းချိုင့်ဝှမ်းဘက်က ရလာခဲ့သည်။ သစ်မွှေးသွားရောင်း၍ အပြန်တွင် ကချင်ကြီးတစ်ယောက်ဆီက ဆားတစ်ကျည်တောက်နှင့် လဲလာခဲ့သည်။ ဘာယူတို့ဒေသသည် ဆား ရှားသည်။ တစ်နှစ်တလေ ဝါးရွက်ကို ပြာချ၍ ဆားချက်စားရသည်။ ပြည်မနှင့် ဝေးလံသည်၊ ခေါင်သည်။
မိမိနိုင်ငံ မချမ်းဘော၊ ပူတာအိုမြို့များထက် အိန္ဒိယဘက်က မြို့များကိုသာ အသွားအလာရှိသည်။ နီးသော အရပ်သည် အိန္ဒိယပြည်သာ။ ထို့ကြောင့် မိမိနိုင်ငံက ရသော သစ်မွှေးများကိုပင် ဈေးကောင်းကောင်းရသော တိဗက်ပြည်တွင် သွားရောင်းသည်က များလေသည်။
ဆားရှားသလို ခွေးလည်းရှား၏။ သားရဲတိရစ္ဆာန်ပေါသောအရပ် ဖြစ်သဖြင့် ခွေးမွေးလျှင် သက်ဆိုးမရှည်တတ်။ ဝံကုတ်၍ သေသည်။ မြွေ ညှို့သည်။ ကျားကိုက်သည်။ ဆင်နင်းသည်။ ပြောင်နင်းသည်။ ဆတ်ခတ်သည်။ ဝက်ပက်သည်။ မျောက်အုပ်နှင့်တွေ့လျှင် ခွေးကို ဝိုင်းဆွဲ၍ အရည်ခွံဆုတ်ခွာကြသည်။ သစ်ပင်ပေါ်ဆွဲတင်ပြီး သစ်ပင်ပေါ်က ပစ်ချသတ်တတ်သည်။
ထို့ကြောင့် သားရဲနံ့ရလျှင် ခွေးက အပြင်မထွက်ရဲ။ ဘာယူ၏ ယခင်က မွေးသော ခွေးတစ်ကောင်သည် ဝံကုတ်၍ သေသွားဖူးသည်။ ဤခွေးအလာကိုတော့ သက်ဆိုးရှည်အောင် မွေးမည်ဟု ဘာယူ စိတ်ဖြည့် ထားသည်။ မှန်းထားသည်။
ဤခွေးကလေးကို အဖေလည်း ချစ်သည်။ မုဆိုးတံငါအလုပ်ကိုတော့ အဖေက များစွာ မနှစ်သက်။ ခွေးမွေးခြင်းသည် အမဲလိုက်ရန် မဟုတ်၊ အိမ်၌ ကြက်စောင့်ကျီးနှင်လည်း မဟုတ်၊ အလှမွေးထားခြင်း သဘောသာ။ သူတို့အရပ်၌ ခွေးတစ်ကောင်ရှိလျှင် အလွန်ဂုဏ်ရှိသည်။
အဖေသည် သစ်မွှေးရှာခြင်း၊ ရေခဲတောင်များပေါ် သွားတက်၍ မချစ်ဥ တူးခြင်း၊ မရှော့ပင်နုတ်ခြင်း၊ ခန်းတောက်မြစ်ဖော်ခြင်းလောက် တန်ဖိုးမထား အမဲလိုက်ခြင်းကို ဝါသနာမပါ။ အထူးသဖြင့် ကတိုးလိုက်ခြင်းကို ဘာယူတို့အဖေက ပို၍ မနှစ်သက်။ အိန္ဒိယအရောက်ရောက် တိဗက်အရောက်ရောက် မသေချာ မရေရာသော အလုပ်ဟု ဆိုဖူးသည်။
ကတိုးကောင်များသည် အိန္ဒိယ၊ မြန်မာ၊ တိဗက်ကို လှည့်လည်သွားလာနေတတ်သော တိရစ္ဆာန်ဖြစ်သည်။ အထူးသဖြင့် ဆောင်းမကုန်သော ဆောင်းရက်ရှည်သောအရပ်တွင် ပျော်ပိုက်တတ်သည့် တိရစ္ဆာန် မျိုး၊ ဆောင်းကြိုက်သော ကတိုး။
ဘာယူတို့အမျိုးထဲတွင် အမဲသားကောင်လိုက်ခြင်း၊ စွန့်စားရသော ကတိုးကောင်လိုက်ရှာခြင်း အလုပ်ကို ဘာလူ့အဘိုးလည်း လုပ်ခဲ့သည်။ ဘာယူ့အဘိုးသည် ရေခဲတောင်တက်ရာနှင့် ကတိုးကောင်လိုက်ဖမ်း ရာတွင် နာမည်ကြီးသည်။ ဘာလူ့အဘိုးကို ပြိုင်နိုင်သူသည် ဤဒေသပတ် ဝန်းကျင်၌ မရှိ၊ ပြိုင်စံရှားသူ မုဆိုးကြီးတစ်ယောက် ဖြစ်သည်။
တောတိရစ္ဆာန်တွေ သားရဲတိရစ္ဆာန်တွေနှင့်ပင် စကားပြောတတ်သူဟု နာမည်ကြီးခဲ့သည်။
ဘမျိုးဘိုးတူဟုပင် ဆိုရမည်လား မသိ။ စွန့်စားရသော အလုပ်၊ ရေခဲတောင်တန်းမြင့်ပေါ်တွင် ကတိုးကောင် လိုက်ရှာဖမ်းရသော အလုပ်ကို ယခု ဘာယူက စွဲစွဲမြဲမြဲ ဝါသနာပါနေသည်။ မနှစ်ကနှင့် တမြန်နှစ်က ဘာယူ ကတိုးဖမ်း၊ ကတိုးပစ် အကူလိုက်ဖူးသည်။ နောင်ပွန်ဘက်က မုဆိုးကြီးတစ်ယောက်နှင့်။
ဤနှစ်တော့ မိမိဖာသာ မိမိ သွားလိုက်မည်ဟု စိုင်းပြင်းနေသည်။ မနှစ်က နောင်ပွန်က အဘိုးကြီးမုဆိုးနှင့် ကတိုးလိုက်ကြရာ ကတိုးတစ်ကောင် ရခဲ့သည်။ သုံးကျပ်သားခန့်ရသော ကတိုးဆီကို အဘိုးကြီးက သူ့အား တစ်ကျပ်သားပင် မပေး၊ ငါးမူးသားခန့်သာ ရသည်။
“ပညာရတာပဲ” ဟု ဘာယူက ကျေနပ်ခဲ့သည်။
တမြန်နှစ်ကမူ ကတိုးအမတစ်ကောင်သာ မိသည်။ တိဗက်ကုန်းမြေစပ်အထိ သွားလိုက်ခဲ့ရသော်လည်း အကျိုးထူးမရှိခဲ့။ အပြန်မှာ ရှူးပျံရေနှစ်ချပ်နှင့် ဝံရေတစ်ချပ်ကိုလည်း တရုတ်လော်ပန်တစ်ယောက် လိမ်ယူသွားသေးသည်။
ထို့ကြောင့် ဤနှစ်တော့ ဘာယူက တစ်ယောက်တည်း တစ်ကိုယ်တော် ကတိုးလိုက် စွန့်စားခန်းထွက်မည်ဟု စိတ်ကို တိတိပြတ်ပြတ် ချထားသည်။
ကတိုးတစ်ကောင်ရလျှင် ဖလီကို အသွင်းပေး၍ ဆိုနိုင်ပြီ။ လှံ၊ မောင်း၊ နွားနောက်၊ စောင်၊ ဖန်လက်ကောက်၊ ဆား။ ကတိုးတစ်ကောင်ရလျှင် အရာအားလုံး ပြည့်စုံသွားမည်။ မိန်းမလည်းရမည်။
လော်ပန်တို့မှာ စကားပုံတစ်ခု ရှိသည်။ တစ်ရက်ပျော်ချင်လျှင် အရက်သောက်ပါ။ တစ်နှစ်ပျော်ချင်လျှင် မိန်းမယူပါ။ တစ်သက်ပျော်ချင်လျှင် သစ်ပင်စိုက်ပါတဲ့။ ဘာယူ တစ်နှစ်ပျော်ချင်ပြီ။ (၁ဝ )နှစ် ပျော်ချင်ပြီ။
ဤနှစ် ကတိုးတစ်ကောင်ရရေးသည် ဘာယူအတွက် အင်မတိအင်မတန် အရေးကြီးနေသည်။ ထို့ကြောင့် ကတိုးရဖို့ စွန့်စားရမည်။ ကြိုးစားရမည်။ ကြိုးစားလျှင် ဘာမဆို ရနိုင်သည်။ ဖြစ်နိုင်သည် မဟုတ်ပါလား။
xxx xxx xxx
အပြင်တွင် မည်းမည်းမှောင်နေသည်။ နှင်းပွင့်နှင်းစက်များသည် မိုးပေါက်မိုးစက်များထက် အကျစိပ်လာသည်။ ညအမှောင်ထဲတွင် နှင်းမိုးသည် သဲသဲမဲမဲ ရွာချနေသည်။ အမှောင်ထဲတွင် ပိုးစုန်းကောင်များ ကုဋေကုဋာကို မိုးပေါ်က ကြဲချပေးနေသလို တလက်လက်တောက်စား၍ ပြန့်ကျဲသွန်ကျလာကြသည်။
ညက ကြဲကျလာသော နှင်းပွင့်နှင်းဖတ်များသည် တောင်ထိပ်ဖျား၊ သစ်ပင်ဖျားမှသည် ကျောက်တုံးမြေပြင်ကိုပါ စွဲကပ်စပြုလာကြသည်။ နှင်းဖတ်ကပ်သော သစ်ရွက်များသည် ပင်ယံထက်မှ တဗျစ်ဗျစ်ကြွေကျသည်။ သစ်ရွက်တုံးသွားလျှင် နှင်းဖတ်နှင်းခဲများသည် သစ်ကိုင်းပင်စည်များကို တွယ်ကပ်ဖုံးလွှမ်းကြပြန်သည်။
မည်းမှောင်နေသော အပြင်တွင် ပိုးစုန်းကောင်များ ကြဲချသလို တလက်လက် ကြွေကျလာသော နှင်းပန်းနှင်းပွင့်တွေကို ကြည့်၍ ဘာယူကား ပျော်နေ၏။ တောင်တန်းမြင့်များကို ရေခဲနှင်းခဲတွေ မြန်မြန်ဖုံးအုပ်နိုင်ပါစေဟု ဆုတောင်းနေသည်။
တောင်များကို နှင်းခဲနှင်းဖတ်တွေ ဖုံးအုပ်၍ ရေခဲတောင် ရေခဲတောဖြစ်မှ သူ လိုချင်နေသော ကတိုးကောင်များ ရေခဲတောင်ပေါ်သို့ ရောက်လာကြမည် မဟုတ်ပါလား။ နှင်းဖုံးလွှမ်းထားသော ရေခဲတောင်ပေါ်တွင် ရေခဲမှိုတစ်မျိုး ပွင့်တတ်သည်။ ထိုမှိုကို ကြိုက်သော ကတိုးကောင်များသည် တောတောင်တွင် ရေခဲထုထည် ဖုံးလွှမ်းလာသည်နှင့် အလိုအလျောက် ရောက်လာကြပေလိမ့်မည်။
ဘာယူသည် နေ့ညမပြတ် ဖိုထားသော မီးဖိုဘေးတွင် ထိုင်၍ အပြင်ကို ငေးကြည့်နေသည်။ ဤနှစ် နှင်းဖတ်နှင်းစက်တို့သည် သူထင်ထားသည်ထက်ပင် စော၍ ကျလာကြသည်။ အပွင့်အဖတ်လည်း ကြီးသည်။ ဤအတိုင်းဆိုလျှင် ဤလမကုန်မီမှာပင် တောအလုံး တောင်အလုံးသည် ရေခဲတောင်၊ ရေခဲတော မြန်မြန်ဖြစ်လာကြပေလိမ့်မည်။
ဘာယူသည် မီးဖိုထဲ ထည့်ဖုတ်ထားသော ဖဲထီးသံလုံးကို သံညှပ်ကလေးနှင့်ကော်၍ ပေပေါ်တင်သည်။ တူနှင့် ထုသည်။ ဟိုဘက်သည်ဘက် အပြန်ပြန် အခါခါ လှည့်သည်။ ထပ်ထုသည်။ မီးဖိုထဲထည့်၍ ထပ်ဖုတ်ထားလိုက်ပြန်သည်။
ဘာယူသည် ကတိုးကောင်ပစ်ဖမ်းရန်အတွက် လေးမြားစူး ပြုလုပ်နေသည်။ ထင်းစမှ မီးတဖျစ်ဖျစ်ပေါက်သံနှင့် နှင်းပေါက်တို့ သက်ကယ်ခေါင်းမိုးပေါ် ကျနေသံတို့မှာ ရောထွေးနေသည်။ ခွေးအ,မြည်သံတွေက ခြံစည်းရိုးနှင့် နီးလာသဖြင့် ကြက်ခြံကို မျက်စောင်းတစ်ချက် ထိုးကြည့်လိုက်သည်။ ကြက်ခြံသည် အိမ်အောက်တွင် ဖြစ်သဖြင့် စိုးရိမ်စရာတော့ မရှိပေ။ လူရှိနေလျှင်တော့ ခွေးအ,သည် ဘယ်နည်းနှင့်မှမဝင်ရဲ၊ ခြံကလည်း အခိုင်အခံ့မို့ စိတ်ချရသည်။
မီးထဲ ထည့်ဖုတ်ထားသော ဖဲထီးသံလုံးသည် တွတ်တွတ်ရဲလာသည်။ ညှပ်နှင့် ကော်သည်။ ပေမှာတင်သည်။ အပြန်ပြန်အလှန်လှန် ထုသည်။ အဟက်အထစ် နှစ်ဆင့်ဖော်သည်။ ပြီး မီးဖိုထဲပြန်ထည့်၍ ဖုတ်ထားလိုက်ပြန်၏။
“အဟမျး … အ … အဟမျး”
“အဟွတ် … ဟွတ်ဟွတ်”
အဖေ၏ ချောင်းဆိုးသံကို အိမ်ပေါ်က ကြားရသည်။
“ခန်းတောက်မြစ်ဆေး သောက်လိုက်ပါလား အဖေ”
“အင်း … အင်း … မင်း မအိပ်သေးဘူးလား”
“မြားတံတွေ ထုနေတာ”
ဘာယူက ဒါပဲပြောသည်။ သူ့အဖေကလည်း ဆက်မမေးတော့။
ဘာယူသည် ခန်းတောက်မြစ် ထည့်စိမ်ထားသော မြေအိုးတစ်လုံးကို မီးဖိုပေါ် တင်လိုက်သည်။
ဘာလူ့အဖေ ဦးရော်ယာသည် သစ်မွှေးရှာခြင်း၊ ဝေးလံသော ရေခဲတောင်များပေါ်သွား၍ ခန်းတောက်မြစ်၊ မချစ်ဥ၊ မရှော့ပင်များ ရှာခြင်းအလုပ်ကို ပို၍ ဝါသနာပါသည်။ သို့သော် ဤနှစ်တော့ ဆေးမြစ်ရှာ သွားနိုင်မည်မဟုတ်။ ချောင်းဆိုးသွေးပါသော ရောဂါကို တစ်နှစ်လုံး ဆေးကုနေရသည်။
ဦးရော်ယာ၏ ရောဂါမှာ တောဆေး တောင်ဆေးနှင့် သက်သာနေပြီဖြစ်သော်လည်း အဆစ်အမြစ်ကိုက်သော ရောဂါက ပြန်ပေါ်နေသည်။ ခြေဖမိုး လက်ဖမိုးတွေ ရောင်တတ်သည်။ အအေးပိုင်းဇုံဒေသတွင် ချောင်းဆိုးသွေးပါရောဂါက ပို၍ ဆိုးရွားတတ်လေသည်။ ဤရောဂါကို ဦးရော်ယာ ရလာခဲ့သည်မှာ သုံးနှစ်နီးပါးခန့်ရှိပြီ။ ရောဂါမှာ ပျောက်လိုက် ပေါ်လိုက်နှင့် အမြစ်မပြတ်နိုင်သေး။
မီးဖိုထဲတွင် ရဲရဲနီလာသော ဖဲထီးသံလုံးကို ဘာယူသည် ညှပ်နှင့် ကောက်ယူလိုက်သည်။ ရေထည့်၍ ထောင်ထားသော ဝါးကျည်ထဲ မြားတံသံချောင်းကို ဖြည်းဖြည်းချင်း နှစ်လိုက်သည်။ ရှဲခနဲ မြည်သံနှင့် ရေမှုန်ရေငွေ့တို့ ထွက်လာသည်။ မြားတံထိပ်မှ အဟက်၏ ဆေးသား တက် မတက်၊ သံ မာ, မမာကို မီးဖိုဘေးကပ်၍ ကြည့်သည်။ မကျေနပ်သေး၍ မြားတံထိပ်အဟက်ကို တူနှင့် ဆဆ ရိုက်ကြည့်သည်။ မီးသား မရသေး၊ အဆေးမမာသေး၊ မီးပေးရန် အပူသွင်းရန် လိုသေး၏။ မီးဖိုထဲ ပြန်၍ ထည့်ဖုတ်ရသည်။
ညသည် တစ်စစ နက်ရှိုင်းလာသည်။ နှင်းပွင့်ကြွေသံတို့ ပို၍ သည်းထန်လာသည်။
xxx xxx xxx
ဘာယူ အိပ်ပေါ်သို့ တက်လာသည်။ ဘာယူ့အဖေ ဦးရော်ယာသည် အိမ်ပေါ်က မီးဖိုဘေးတွင် ငုတ်တုတ်ထိုင်နေသည်။ သူ့ကိုယ်ပေါ် တွင် ဘာဘူစောင်စုတ်တစ်ထည်နှင့် ဝံရေတစ်ချပ်ကို လွှမ်းခြုံထားသည်။ ချောင်းတဟွတ်ဟွတ် ဆိုးနေရာက သူ့သားကို လှမ်းကြည့်သည်။
ဘာယူသည် သူ့အဖေ၏ အကြည့်အရှုကို သတိမပြုမိ၊ သူ့မျက်လုံးအစုံသည် သူ့အဖေရှေ့က မီးဖိုပေါ် ရောက်နေသည်။ မီးဖိုပေါ်တွင် ဆွဲချိတ်ထားသော သခွား၊ ဖရုံ၊ ငရုတ်မျိုးစေ့ထုပ်များအပြင် ရှူးပျံရေ၊ ကျားသစ်ရေ၊ ဝံရေ၊ ကတိုးရေ၊ မြွေရေတို့ရှိသည်။
ချေချို၊ နွားနောက်ချို၊ ဆတ်ချို၊ ပြောင်ချို၊ တောင်ဆိတ်ချိ၊ သားမင်းချိုတို့ကို ဆွဲချိတ်ထားသည်။ ဤသားရေချိုအားလုံးမှာ ဘာယူ ပစ်ခတ်ခဲ့သော သားရေချိုများ မဟုတ်။ သူ့အဘိုး မုဆိုးကျော်ကြီး ဖမ်းဆီးပစ်ခတ်ခဲ့သော သားကောင်များမှ ချို၊ သားရေများသာ ဖြစ်သည်။ သားစဉ်မြေးဆက် ထိန်းသိမ်းထားခြင်း ဖြစ်၏။
သူတို့၏ ဒေသဓလေ့မှာ တိရစ္ဆာန်တို့၏ ချိုနှင့်သားရေသည် ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ် အမှတ်အသားဖြစ်သည်။ ဤတိရစ္ဆာန်များကို ပစ်ခတ်ဖမ်းဆီးနိုင်သူသည် မဟာသူရဲကောင်း ဖြစ်သည်။ ဂုဏ်ယူစရာ ဖြစ်သည်။ ထို့ကြောင့်လည်း မိမိကိုယ်တိုင် ပစ်ခတ်ဖမ်းဆီး၍ မရဖူးသော်လည်း အဘ၊ အဘိုးတို့ ပစ်ခတ်ဖမ်းဆီးခဲ့ဖူးသော သားရေချိုများကို သားစဉ်မြေးဆက် ထိန်းသိမ်းထားသည်။ ဂုဏ်ယူလေ့ ရှိကြသည်။
ဘာယူ၏လက်က သားမင်းကောင်၏ ဦးချိုတွင် ဆွဲချိတ်ထားသော မြားဆိပ်ဘူးများဆီသို့ ရောက်သွားသည်။ မြားဆိပ်ဘူးငယ်များမှာ တစ်ဆွေ့ခုန်၊ နှစ်ဆွေ့ခုန်၊ တစ်ကွင်းဖြတ်၊ တစ်တောင်ကျော်၊ တစ်ညအိပ် အစုံရှိသည်။ အားလုံး အဆိပ်ပြင်းများချည်း ဖြစ်သည်။ လေးစူးမြားထိပ် သံချွန်အတက်တွင် စွပ်၍ တိရစ္ဆာန်များကို ပစ်ခတ်ရသည်။
တစ်ဆွေ့ခုန် မြားအဆိပ်နှင့်ပစ်လျှင် သက်ရှိမည်သည့်သတ္တဝါမဆို လေးစူးမှန်သည်နှင့် တစ်ချက်သာ ခုန်နိုင်သည်။ နှစ်ဆွေ့ခုန်နှင့် ပစ်လျှင်လည်း နှစ်ချက်သာ ခုန်နိုင်သည်။ တစ်ကွင်းဖြတ်နှင့်ပစ်လျှင် လည်း တစ်ကွင်းသာဖြတ်နိုင်ပြီး သေရမည်။ တစ်တောင်ကျော် တစ်ညအိပ်တို့မှာလည်း ထိုနည်းလည်းကောင်းပင်။ တစ်တောင်ကျော်လျှင် သေ သည်။ တစ်ညအိပ်လျှင် သေသည်။
ဤမြားဆိပ်အားလုံးသည် သွေးပေါက်သည်နှင့် သွေးဆိပ်သင့်၍ သေစေနိုင်သည်။
ဤအဆိပ်ရည်များကို အဆိပ်ပင်မှ ထုတ်ယူပြီး နေလှန်း၊ မီးသင်းကာ ပေါင်းတင်ထားရသည်။ နှစ်ရှည်လများ နေလှန်း၊ မီးသင်းပြီးမှ အဆိပ်ရည်များ စေးထန်းကာ အဆိပ်တက်လာကြသည်။ ထိုသို့ အဆိပ်တက်လာသော အဆိပ်စေးကို နောက်အဆိပ်စေးမျိုး နှစ်ဆယ်လောက်နှင့် ဖော်စပ်ရသည်။
ထို့ကြောင့်လည်း ဤမြားဆိပ်များသည် သွေးပေါက်သော သက်ရှိသတ္တဝါဟူသမျှကို သေစေနိုင်သည်။
ကတိုးကောင်များကို ပစ်ခတ်ရာတွင် အပြင်းဆုံးမြားဆိပ်နှင့် ပစ်ခတ်ရသည်။ ကတိုးကောင်များ၏ အရေနှင့် အသားကြားတွင် အဆိပ်ရည်တစ်မျိုးရှိသည်။ ထိုအဆိပ်ရည်သည် အပြင် အပမှ ဝင်လာသော အဆိပ်ရည် (မြားစူးထိပ်တွင် ပါလာသောအဆိပ် ရည်) ကို ခြေဖျက်ပစ်တတ်သည်။ ထို့ကြောင့် ကတိုးကောင်များကို ပစ်ခတ်ရာတွင် အပြင်းထန်ဆုံးအဆိပ်၊ တဆွေ့ခုန်၊ နှစ်ဆွေ့ခုန်အဆိပ်များနှင့် ပစ်ခတ်ရသည်။
ကတိုးမဟုတ်ဘဲ အခြားသတ္တဝါဆိုလျှင် တစ်ဆွေ့ခုန်မြားဆိပ်နှင့် အပစ်ခံရလျှင် မြားစူးထိက တစ်ချက်သာ ခုန်နိုင်သည်။ မြေပြင်သို့ ပြန်အကျမှာ ခြေရပ်မရဘဲ ခွေလဲကျကာ သေသွားသည်။ နှစ်ဆွေ့ခုန်ဆို လျှင်လည်း ထိုနည်းလည်းကောင်းပင်။ သို့သော် အသက်ပြင်းသော ကတိုးကောင်ကမူ တစ်ဆွေ့ခုန် နှစ်ဆွေ့ခုန် လေးစူးထိမှန်သော်လည်း တစ်ကွင်းကို ဖြတ်ပြေးသွားသည်။ တစ်တောင်ကို ကျော်လွှားပြေးသည်။
တစ်ညအိပ် နှစ်ညအိပ်မှ သေလျက်သားတွေ့ရတတ်သည်။ ဤသည်မှာ ကတိုးကောင်၏ ထူးခြားချက် ဖြစ်သည်။
ဘာယူသည် အဆိပ်ဘူးများကို တစ်ဘူးပြီးတစ်ဘူး ယူကြည့်သည်။ ဝေသီမြင့်ခေါင်သော ရေခဲတောင်ပေါ်တွင် ကျက်စားတတ်သော ကတိုးကောင်များကို အပြင်းဆုံး မြားဆိပ်နှင့် ခွင်းပစ်ဖမ်းဆီးယူရမည် မဟုတ်ပါလား။ အဆိပ်ရည်ဘူးများသည် စေးထန်းကာ နီညောင်ရောင်လက်နေကြသည်။
မုဆိုးတို့သည် တောတိရစ္ဆာန်များကို ပစ်ခတ်ဖမ်းဆီးရန် အဆိပ်ဘူးများကို သယ်ယူရာ၌ လုံခြုံမှု ရှိဖို့လိုအပ်သည်။ အဆိပ်ရည်တွေမှာ ပြင်းလွန်းသဖြင့် သွေးပေါက်သော၊ သွေးထွက်သော ဒဏ်ရာတွေနှင့်လုံးဝ ထိ၍မရပေ။ ထိမိတွေ့မိလျှင် ချက်ချင်းသွေး အဆိပ်ဖြစ်၍ သေနိုင်သည်။
ထို့ကြောင့် တစ်ခါတစ်ခါ အဆိပ်ကို အထင်မှတ် မထားတတ်သော မုဆိုးတို့သည် မိမိအဆိပ်က မိမိကို ပြန်မှန်ပြန်ထိ၍ သေတတ်ကြသည်။
မုဆိုးဆိုသည်မှာ တောကောင်လိုက်ရာ၌ ချုံကို တိုးရသည်။ ဆူးကို တိုးရသည်။ ခြေချော်လက်ချော် လိမ့်ကျလဲပြိုတတ်သည်။ လဲပြို၍ အဆိပ်ဘူးမှောက်ကာ ကိုယ်ခန္ဓာဆူးခြစ်သဖြင့် သွေးပေါက်လာသော တစ်နေရာရာကို အဆိပ်ရည်ထိက ချက်ချင်းသေသွားနိုင်သည်။ အဆိပ်ရည်မှန်သော ဒဏ်ရာကို ကုရာနတ္ထိ ဆေးမရှိပြီ။
ထို့ကြောင့် မုဆိုးတို့သည် တောလိုက်သွားရာ၌ အဆိပ်ရည်များကို မယူဘဲ အစေး အပျစ် အခဲပြုလုပ်၍ သာ ယူတတ်ကြသည်။
ဘာယူသည် အဆိပ်ရည်ဘူးများကို စောင်းမှောက်ကြည့်သည်။ အဆိပ်ရည်တို့သည် စေးထန်းနေကြလေပြီ။
xxx xxx xxx
သောနတ္ထိုရ်၏ တလုမ္ဘဝင် အိတ်ကြီးမျိုးဟု ဆိုနိုင်သည်။
ဘာယူသည် သူ၏ကြီးမားသော ဝံသားရေလွယ်အိတ်ကြီးကို ဦးဆုံးဖာထေးပြုပြင်သည်။ လွယ်အိတ်ဖာထေးပြီးသောအခါ ရေခဲတောင်ပေါ်သွားရာ၌ မပါမဖြစ်သည့် ကျောက်ခတ်မီးခြစ်ကို ခတ်၍ စမ်းသပ် ကြည့်ရသည်။
နှစ်လက်မသာသာ သံကျင်နှောသော ကျောက်ပြားနှစ်ခုကို ဆ၍ဆ၍ ခတ်ကြည့်သည်။ ဘာယူခတ်တိုင်း မီးပွင့်သည်။ အကြိမ်များစွာ ဖန်ထားသော ဂွမ်းစပေါ် ကျောက်မီးခတ်နှင့် ခတ်ချသည်။ ကျောက်နှစ်ခုခတ်၍ စဉ်ကျလာသော မီးပွင့်မီးပန်းသည် ချက်ချင်းဂွမ်းပေါ်စွဲငြိသည်။
တစ်ချက်နှစ်ချက် ဆ၍ ဆ၍ ခတ်ကြည့်သည်။ မီးစွဲသောအခါ ဘာယူသည် မီးခတ်ကျောက်နှစ်ခုကို ဝံရေဘေးအိတ်ထဲ ထည့်သည်။ ထို့နောက် ဝါးကြောနှစ်ခုကို ပွတ်ပြန်သည်။ ဝါးကြောမီးပွတ်သည် ဘာယူပွတ်တိုင်း မီးပွင့်လာပြန်၏။ အောက်ခံ ဂွမ်းပေါ် မီးစွဲသည်။ စိတ်ချရပြီးဖြစ်သဖြင့် ဝါးကြောမီးပွတ်ကို ဝံရေလွယ်အိတ်ထဲ ထပ်ထည့်ထားလိုက်ပြန်၏။
ကတိုးရှာသွားရမည့်နေရာသည် ရေခဲများဖုံးလွှမ်းထားသော တောင်တွေ တောတွေ ဖြစ်သည်။ မီးခတ် မီးပွတ်က အရေးကြီးသည်။ ရေခဲ တောင်ပေါ်တွင် ယမ်းမီးခြစ်က ခြစ်၍မရ၊ ဓာတ်ဆီမီးခြစ်ကလည်း မီးထွန်း၍ မမတာက်။ ထို့ကြောင့် ဝါဂွမ်းနှင့် ကူးယူရသော မီးခတ်မီးပွတ် မီးခြစ်ကိုသာ အသုံးပြုကြရသည်။ ဘာယူသည် မီးပွတ်မီးခတ်၏ တန်ဆာ ဖြစ်သော ဝါဂွမ်းဖန်များကို ဝါးကျည်တောက်ထဲ ထိုးသိပ်ထည့်သည်။ ဝါးကျည်တောက်ကို ဝံရေလွယ်အိတ်ဘေးတွင် ဆွဲချည်သည်။
မီးအတွက် စိတ်ချရပြီးသောအခါ စားစရာအတွက် ဆားကျည်တောက်ကို ဝံရေလွယ်အိတ်ထဲ ထည့်ရပြန်သည်။ ဆားသည် မုဆိုးတစ်ယောက်အတွက် အရေးကြီးသည်။ သားကောင်လိုက်ရာတွင် ထမင်းချက်စားရန် အချိန်က ရချင်မှ ရမည်။ မီးနှင့် ဆားပါလျှင် အသားကို မီးဖုတ်၍ ဆားနှင့် တို့စားရသည်။ သားစိမ်းငါးစိမ်းကိုလည်း ဆားနှင့် တို့စား၍ ရသည်။
ထို့ကြောင့် တစ်လ နှစ်လ သုံးလ မည်မျှကြာမည် မသိသော်လည်း ဆန်ကိုမူ တစ်ပြည်တစ်ခွက်ပင် မယူ၊ ကောက်ညှင်းဖြင့် ပြုလုပ်ထားသော ခေါပျဉ်များကိုသာ ဝံရေအိတ်ထဲ ထည့်ရသည်။ ခေါပျဉ်မှာ မီးကင်ရုံနှင့် စား၍ရသော ရိုးရာအစားအစာလည်း ဖြစ်သည်။
အမှန်မှာတော့ ခေါပျဉ်လည်း မုဆိုးတစ်ယောက်အတွက် အရေးမကြီးပေ။ ခေါပျဉ်ကို မီးဖုတ်စားသည်ထက် အသားတွေကို ဆားနယ်၍ ဖုတ်ကင်စားသည်က များသည်။ ဖုတ်ကင်စား၍ အီလာလျှင် ဝါးကျည်ထဲထည့်၍ အသားများကို ပြုတ်စားနိုင်သည်။ အသားဟင်းလျာဆိုသည်မှာတော့ တောတောင်ရှိလျှင် အချိန်မရွေးရသည်။ ကတိုးလိုက်သော မုဆိုးတစ်ယောက်အတွက် အသားတစ်နပ်စာမှာ နာရီဝက် တစ်နာရီမကြာခင်ပင် ရနိုင်လေသည်။ မုဆိုးသည် ဆားပါလျှင် ဘယ်လိုစားစား စား၍ရသည်။
မုဆိုးတစ်ယောက်အတွက် အစားအသောက်က တောထဲတောင်ထဲတွင် အရေးမကြီး။ အသားမစားချင်လျှင် သစ်သီး၊ သစ်မြစ်၊ သစ်ဥ၊ သစ်ဖုတို့ကိုလည်း ရှာဖွေစားသောက်နိုင်လေသည်။
ဘာယူသည် သူ၏ ဝံရေအိပ်ထဲသို့ ဘာဘူစောင်တစ်ထည် ခေါက်ထည့်ပြန်သည်။ ထို့နောက် အတွင်းရေ လွှာထားသော ဝံသားရေစပ် စောင်တစ်ထည်၊ ယင်းနောက်မှ ရှူးပျံသားရေကြိုးများ၊ အမွေးပါးသ လောက် ပျော့ပျောင်းအိတွဲသော တောင်ဆိတ်ရေတစ်ပြား၊ ဓား၊ ဆောက်ပုတ်၊ ဆူးချွန်၊ အရိုးမပါသော လှံသွား။ အဝတ်တစ်စုံပါ ထည့်လိုက်သောအခါ သူ၏ဝံသားရေလွယ်အိတ်ကြီးသည် ဖောင်းဖောင်းပွပွ ဖြစ်လာသည်။
ဘာယူသည် အမွေးကြမ်းသော ဝံရေအင်္ကျီရှည်ကို ဝတ်လိုက်သည်။ ကြယ်သီးအဖြစ် ဖောက်ချည်ထားသော ရှူးပျံရေကြယ်သီးကြိုးများကို တင်းတင်းဆွဲချည်သည်။ ယုန်သားရေပြားနှင့် ခြေထောက်တွေကိုပတ်သည်။ အဝတ်ဖိနပ်ကို စီးသည်။
ရေခဲတောင်ပေါ်ရောက်မှ ခြေအိတ်အစား ဖိနပ်ထဲထည့်ရမည့် ယုန်မွေးထုပ်ကို ဘောင်းဘီအိတ်ထဲ ထိုးထည့်ထားသည်။ ကိုင်းလေးကို လွယ်သည်။ မြားကျည်တောက်ကို ဘေးမှာ ချိတ်သည်။ ဝံရေလွယ်အိတ် ကြီးကို တစ်ဖက်က လွယ်သည်။ သူ့အဘကို ဦးညွှတ်၍ အိမ်ပေါ်က ဆင်းလာသည်။
အိမ်ရှေ့တွင် မတ်တတ်ရပ်၍ သွားရမည့် ခရီးတူရူသို့ ဦးခေါင်းကို မော့်လိုက်သည်။
လွယ်လာတောင်ပေါင်းများစွာသည် ရှေ့တွင် ကာဆီးနေသည်။ တောင်အားလုံးတို့သည် နှင်းဦးပေါင်းဆောင်း၍ ဖွေးဖွေးလက်နေကြသည်။ တောင်ခြေရင်းမှ သစ်တောများသည် နံနက်ခင်း၏ နှင်းမိုးထဲ တွင် နစ်မြုပ်နေကြသည်။ နှင်းဦးထုပ်ဆောင်းထားသော တောင်ထိပ် တောင်ထွတ်များသည် မိုးထိဘနန်း မြင့်မားကြသည်။
ဤတောင်အားလုံးသည် ပေပေါင်း (၁၉၂၉၆)ပေ မြင့်သော ခါကာဘိုရာဇီတောင်ကြောနှင့် ဆက်စပ်နေကြသည်။
တောင်အားလုံးတို့ နှင်းဦးပေါင်းဆောင်းထားသည်ကိုမြင်မှ သူ့ခေါင်းတွင် ဦးထုပ်မပါမှန်း ဘာယူ သတိရသည်။ သူ့စိတ်ထဲ ထင့်သွားသည်။ မုဆိုးနှင့်သတိသည် ကင်းကွာ၍ မရ။ “သတိဆို ပိုသည်မရှိ” ဟူသော ရှေးစကားက သူ့ကို လက်တွေ့ပြလေပြီ။ သူသည် သတိလက်လွတ်ဖြစ်၍ ကတိုးဦးရေဦးထုပ်ကို မေ့ကျန်ခဲ့ပြီ။ သူ ဆောင်းသွားရမည့် ကတိုးဦးရေ ဦးထုပ်သည် ကတိုးလိုက်ရာ၌ အရေးအကြီးဆုံး ပစ္စည်းဖြစ်သည်။ ကတိုးဦးရေဦးထုပ်ကို ဆောင်းသွားလျှင် ကတိုးနံ့ရ၍ အခြားတိရစ္ဆာန်များ သူ့ဘေးနားမကပ်ဝံ့ကြ။ လူကိုအန္တရာယ် ပြုတတ်သော သားရဲတိရစ္ဆာန်များရန်မှ ကင်းဝေးသည်။
ကတိုးကောင်များကလည်း ကတိုးနံ့ရ၍ အနီးအပါးအထိ အကပ်ခံမည်။ အမများသည် မျိုးတူအထီးနံ့ရ၍ သူ့အနားကို ချဉ်းကပ်လာနိုင်သည်။
ကတိုးလိုက်သွားသော မုဆိုးက ကတိုးရေဦးထုပ် ဆောင်းသွားခြင်းသည် သားရဲတိရစ္ဆာန်ရန် ကင်းသလို ကတိုးပစ်ရဖို့ကလည်း များသည်။ ဤနေ့ ကတိုးဦးရေဦးထုပ် မေ့ကျန်ခဲ့သည်မှာ အတိတ်မကောင်း၊ နိမိတ် မကောင်း၊ လာဘ်မကောင်း။ ထို့ကြောင့် သူသည် အိမ်ဘက်သို့ ပြန်လှည့်လိုက်သည်။
သူ့မျက်လုံးအစုံသည် မမျှော်လင့်ဘဲ ခါကာဘိုရာဇီတောင်ပေါ်၌ သွားကျသည်။ ခါကာဘိုရာဇီတောင်ထိပ်ကို မမြင်ရ။ မြင့်လွန်း၍ မိုးတိမ်ထဲ ထိုးဝင်နေသည်။ ခါကာဘိုရာဇီတောင်ထိပ်ကို တစ်နှစ်လုံးလုံးတွင် ဆယ်ရက် ဆယ်ငါးရက် မြင်ဖူးသူ ရှားသည်။
မိုးတွင် မိုးတိမ်မိုးသားထဲ ဝင်ပုန်းနေတတ်သည်။ ဆောင်းတွင် နှင်းကမ္ဗလာထဲ အောင်းနေတတ်သည်။
နွေလတွင် မြူတိမ်လွှာပဝါကို လွှမ်းခြုံထားတတ်သည်။ မိုးရွာလျှင် တောင်ကလပ်မှာသာ ရွာသည်။ ခါကာဘိုရာဇီတောင်ထိပ်ပေါ်ကို မိုး မရောက်ပေ။
လူများသည်လည်း ရောက်ခဲလှပေသည်။ အမြင်နီးသော်လည်း ခရီးဝေးသောတောင်ပါတည်း။
xxx xxx xxx
တစ်ဆင့်တက်သော် တစ်တောင်ကျော်
တစ်မှော်ရုံလျှိုး တစ်ချုံတိုး
တစ်မိုးသောက်လျှင် တစ်နေဝင်
တစ်ခွင်မြိုင်ကြီး ဂနိုင်ဆီး။
(ပခန်းမင်းသားကြီး)
အရပ်ရှစ်မျက်နှာတွင် တောကို မြင်ရသည်။ ချောက်ကမ်းပါးယံများကိုလည်း မြင်နေရသည်။ တောင်အားလုံးကို နှင်းဖုံးထားသည်။ တောအားလုံးကို နှင်းရည်ဆွတ်ထားသည်။
မြင်မြင်သမျှအားလုံးသည် ဆွတ်ပျံ့လွမ်းမောဖွယ်ရာချည်းပင်။
ဘာယူသည် တောကို ဖြတ်လာသည်။ တောင်ကို ကျော်လာသည်။ ချောင်းကမ်းပါးများကို ကူးလွှားကျော်လွှားလာခဲ့သည်။ သူ တွေ့လိုမြင်လို ဖမ်းဆီးလိုလှသော ကတိုးကောင်များ၏ အရိပ်အရောင်ကိုကား လုံးဝ မမြင်ရသေး။ အိမ်ကထွက်လာသည်မှာ တစ်ပတ်ခန့်ပင် ရှိလေပြီ။
အရှေ့မှ နေရောင်ကြောင့် ရေခဲတောင်များအားလုံးသည် လက်လက်တောက်လာကြသည်။ စိန်သားစိန်နှစ်လို အရောင်အလျှံတွေ ထွက်လာကြသည်။ တောင်ခြေရင်း တောင်ကလပ်မှ သစ်ပင်များသည် ရေခဲထဲ နစ်ဝင်နေကြသည်။ မြင့်မားသော သစ်ပင်ကြီးတို့သည် ခါးလယ်ထိ ရေခဲထဲနစ်မြုပ်နေကြသည်။ နိမ့်သော ပုပျပ်သောသစ်ပင်တို့သည် အဖျား အညွှန့်သာ ပေါ်နိုင်တော့သည်။
တောစပ်တောင်ခြေနှင့် တောင်ကလပ်ကြားတွင် မြင့်မားသော ကျောက်တုံးကျောက်ချွန်များကိုလည်း တွေ့နေရသည်။ ကျောက်တုံး ကျောက်ဆောင်များပေါ်တွင် နှင်းခဲတို့ ဖွဲ့စည်းကပ်ခဲနေကြသည်။
တောင်က မြင့်လွန်းသဖြင့် လေက အဆမတန် တိုက်ခတ်သည်။ လေထဲတွင် နှင်းသီး နှင်းပွင့် နှင်းလုံးတို့ လွင့်ပါလာကြသည်။ လေနှင့်လွင့် ပါလာသော နှင်းသီးနှင်းပွင့်တို့သည် ရေခဲပြင်ပေါ်ကျ၍ ခဏချင်းရေခဲ ဖြစ်သွားကြသည်။
ဘာယူသည် ရေခဲဖုံးထားသော တောင်တစ်လုံးပေါ်က အောက်ဘက် သစ်တောအစသို့ လှမ်းကြည့်နေသည်။
ပင်စည်ခြေရင်းများအားလုံးကို ရေခဲတွေ ဖုံးထား၏။ အကိုင်းအခက်တို့တွင် ရေခဲဖတ်တွေ ကပ်နေကြသည်။ နှင်းကြောင့် အရွက်တို့ မြေသက်သွားကြပြီ။
များသောအားဖြင့် ကတိုးကောင်များသည် ရေခဲတောင်နှင့်ရေခဲလွှမ်းသော သစ်တောအစတွင် ကျက်စားလေ့ရှိကြသည်။ ရေခဲပြင်ပေါ် တွင် ပေါက်သော မှိုတစ်မျိုးကို ကတိုးကောင်များ အလွန်ကြိုက်လေသည်။ ထို့ကြောင့် ဘာယူသည် ရေခဲမှိုများ ပေါက်တတ်သည့် ကျောက်ဆောင်ခြေရင်းတခုထက် တရွေ့ရွေ့ လှမ်းလာသည်။
ရေခဲပြင်ပေါ်တွင် ခြေလှမ်းရခြင်းမှာ မလွယ်ကူလှပေ။ ရှေ့က ရေခဲပြင်မာမာကို တုတ်နှင့်စမ်းထောက်ကြည့်ရသည်။ မတော်တဆ ရေခဲပုံးထဲ တက်နင်းမိ၍ ကျွံကျမိလျှင် ရေခဲအောက် ရောက်သွားနိုင်သည်။ ယခုလို လေပြင်းထန်ချိန်၊ ရေခဲတို့ ကျောက်သားပမာ မမာကျောသေးချိန် အနည်မထိုင်သေးချိန်တွင် အထူးဂရုစိုက်ရသည်။ ရေခဲပုံးကျွံလျှင် လေနှင့်ပါလာသော နှင်းဆီနှင်းခဲတွေက နာရီပိုင်းအတွင်း လူကို ဖုံးအုပ်သွားနိုင်သည်။
ဘာယူသည် သတိကြီးစွာနှင့် ရှေ့သို့ တရွေ့ရွေ့လှမ်းလာသည်။
နှင်းသီးနှင်းခဲတွေ ဝဲပျံနေသော ရေခဲတောင်ကြောတစ်ခုတွင် လှုပ်လှုပ်ရွရွ အရာဝတ္ထုတစ်ခုကို လှမ်းမြင်လိုက်ရသည်။ ဘာယူ၏ရင်ထဲ ရုတ်ခြည်း တဒိတ်ဒိတ် ခုန်လာ၏။ ကတိုးကောင်လား၊ သားမင်းလား၊ တောင်ဆိတ်လား။
ဘာယူသည် လေးကို ပခုံးမှ ချက်ချင်းဖြုတ်၍ မြားဆိပ်သွင်းလိုက်သည်။ သူ၏မျက်လုံးအစုံသည် ရှေ့တူရူသို့ ကျွတ်ထွက်မတတ် စိုက်ကြည့်နေသည်။ နှင်းမိုးရွာသွန်းနေသော ရေခဲတောင်စောင်းအတိုင်း အရာဝတ္ထုတစ်ခုသည် တရွေ့ရွေ့တက်လာသည်။ မကြာခင် နောက်အရာဝတ္ထု တစ်ခု၊ ပေါင်းသုံးခု။
ဘာယူသည် ရှေ့တူရူမှ အရာဝတ္ထုသုံးခုကို ကြည့်ပြီး သက်မတစ်ချက် ချလိုက်သည်။ လက်ထဲမှ ကိုင်းလေးကိုလည်း ပခုံးပေါ်ပြန်လွယ်ထားလိုက်၏။ ခန်းတောက်မြစ်နှင့် မချစ်ဥ ရှာသူတွေ။ သူတို့သည် တောင်မြင့်ပေါ် တွားတက်လာကြသည်။ အမှတ်တမဲ့ ကြည့်လျှင် ခြေလေးချောင်းသတ္တဝါများဟုပင် ထင်နိုင်သည်။
သူတို့သည် ရေခဲချိန်၌ ရေခဲတောင်ပေါ်က ခန်းတောက်မြစ်တွေကို တူးဖော်၍ ဆေးအဖြစ် ရောင်းကြသည်။ ဘာယူ့အဖေလည်း ထို ခန်းတောက်မြစ်ရှာသောအလုပ်ကို လုပ်ဖူးသည်။ ခန်းတောက်မြစ် တစ်ပိဿာလျှင် ကျပ်နှစ်ထောင် သုံးထောင်ရသည်။ ထို့ကြောင့်လည်း ရေခဲတောင်များပေါ် သက်စွန့်ဆံဖျားတက်၍ ခန်းတောက်မြစ် ရှာကြခြင်းဖြစ်သည်။
ဘာယူကမူ သည့်ထက် တန်ဖိုးရှိသော ကတိုးကောင်ကို ရှာသူဖြစ်သည်။ ကတိုးတစ်ကောင်မိလျှင် ငွေတစ်သောင်းကျော်အထိ ရနိုင်သည်။ ကတိုးဆီ တစ်ကျပ်သားလျှင် သုံးထောင်နီးပါး ဈေးရှိသည်။ ကတိုးတစ်ကောင်လျှင် အကြီးအသေးလိုက်၍ တစ်မတ် ငါးမူးသားမှသည် ရှစ်ကျပ် ကိုးကျပ်သားအထိ ရှိတတ်သည်။ ကတိုးဆီသည် တရုတ်၊ တိဗက်၊ အိန္ဒိယတို့တွင် ပို၍ ဈေးကောင်းသည်။
တရုတ်လော်ပန်နှင့် တိဗက်ကုလားများသည် ကတိုးမွှေးဆီကို ဆေးအဖြစ် သုံးကြသည်။ ကတိုးအမှုန့်ကို အဝတ်ဖြင့် သေးသေးထုပ်၍ ကလေးများ၏လည်ပင်းတွင် ဆွဲပေးထားတတ်ကြသည်။ ထိုသို့ဆွဲပေးထားပါက အန္တရာယ်ကင်းသည်ဟု ယုံကြည်ကြသည်။ ကတိုးမှုန့်ကို ဆောင်ထားပါက ချစ်ခင်သူပေါများသည်ဟု အဆောင်အဖြစ် အသုံးပြုကြသည်။
နားကိုက်လျှင် ကတိုးဆီကို ရေအေးနှင့်ဖျော်၍ နားထဲသို့ထည့်လျှင် ပျောက်ကင်းနိုင်၏။ ထို့အပြင် ကိုယ်တစ်ခြမ်းသေခြင်း၊ ငန်းတက်ခြင်း၊ သူငယ်နာဆေးအဖြစ်လည်း အသုံးပြုကြသည်။ အထူးသဖြင့် တရုတ်တို့၏ အားဆေးတွင် ပို၍ အသုံးများသည်။
ကတိုးရေ၊ ကတိုးအမွေး၊ အရိုး၊ ခွာ၊ လျှာ၊ အမြီး၊ ကတိုးကောင် အစိတ်အပိုင်းသည် ဘာမဆို သူ့နေရာနှင့်သူ အလွန်ဆေးဖက်ဝင်သည်။
“ဟေး. . . ရှေ့က မိတ်ဆွေကြီး၊ စိန်တောင်လား, ငွေတောင်လား
ခန်းတောက်မြစ်ရှာသူများသည် ရေခဲတောင်ပေါ်တွင် မတ်တတ်ရပ်နေသော ဘာယူကို လှမ်းမြင်နေရသဖြင့် အော်၍ နှုတ်ဆက်ကြခြင်း ဖြစ်သည်။
“ကျုပ်က ငွေတောင်ပါဗျို့”
ဘာယူက လှမ်းအော်ပြောလိုက်သည်။
ဤသည်မှာ သူတို့နားလည်သော ဒေသစကားဖြစ်သည်။
ငွေတောင်ဟု ပြောလျှင် ကတိုးရှာသော မုဆိုး၊ စိန်တောင်ဟုပြောလျှင် ခန်းတောက်မြစ်၊ မချစ်ဥ ရှာသူများ။ ခန်းတောက်မြစ်မှာ ရေခဲတောင်တန်းမြင့်ကြီးပေါ် ပေါက်၍ ကတိုးက ရေခဲတောင်အနိမ့်ပိုင်း သစ်တောစပ်တွင် ကျက်စားတတ်သည်။
ထို့ကြောင့် ရေခဲတောင်မြင့်ကို စိန်တောင်ဟုခေါ်၍ အနိမ့်ပိုင်းကို ငွေတောင်ဟု ခေါ်သည်။ သူတို့ဒေသ စကားနှင့် “ငွေတောင်က သားကောင်၊ စိန်တောင်က ဆေးမြစ်”
ဤဒေသတွင်နေလျှင် တစ်ခုခု ကျွမ်းကျင်ရမည်ဟု ဆိုသည်။
ဆေးမြစ်ရှာသူ သုံးယောက်သည် လမ်းမတူသဖြင့် ဘာယူကို ဖယ်ကြဉ်သွားကြသည်။ အကယ်၍ ဘာယူက ဆေးမြစ်ရှာသူဖြစ်လျှင် ပေါင်းလိုက်ကြမည်။ အတူတကွ ဆေးမြစ်ရှာကြမည်။ သူတို့သုံးယောက်မှာလည်း ဤသို့ဤနှယ် ပေါင်းလာကြပုံရသည်။
ဘာယူသည် ရေခဲတောင်နှင့် သစ်တောအစဘက် ရေခဲပြင်ပေါ်သို့ ဆင်းလာသည်။ ညနေအိပ်စက်ရန်နှင့် ခေါပျဉ်ဖုတ်စားရန် လေကွယ်သော ကျောက်ခေါင်း ကျောက်ချိုင့်တစ်ခုကိုလည်း ရှာထားချင်သည်။ နေရောင်ခြည်ကို စူးစူးရှရှ မမြင်ရသော်လည်း အလင်းသည် တဖြည်းဖြည်း အင်အားကြီးမားလာသည်။ နှင်းသီးနှင်းပေါက်တို့လည်း အကျစဲလာသည်။
ရေခဲပြင်နှင့် တောင်ကြောအစပ်သို့ ဘာယူ ရောက်လာသည်။ ရေခဲငှက်တစ်အုပ်သည် အတောင်ပံဖြန့်၍ နေရောင်ခြည်အလာကို စောင့်မျှော်နေကြသည်။ ချမ်းလွန်းသဖြင့် အနွေးဓာတ်ရလိုရငြား တောင့်တနေကြသည်။
ဘာယူက အဆိပ်မဲ့မြားတစ်စင်းကို လေးညှို့တွင် တင်လိုက်သည်။ အကြီးဆုံး ရေခဲငှက်တစ်ကောင်ကို ချိန်ရွယ်သည်။ ညနေစာ မနက်စာအတွက် တစ်ကောင်တည်းနှင့် ဖူလုံနိုင်သည်။
လေးညှို့မှ ပစ်လွှတ်လိုက်သော မြားတံသည် နှင်းသီးနှင်းပွင့်တို့ကို ဖြတ်ပြေးသွားသည်။
xxx xxx xxx
ညက လေငြိမ်နေသည်။ ဘာယူသည် ထင်းရှူးသားအစိမ်းကို မီးရှို့၍ ရေခဲပြင်ပေါ်က ပစ်ခတ်လာသော ရေခဲဘဲတစ်ခြမ်းကို ကင်နေ သည်။ တစ်ခြမ်းကိုမူ မနက်က အစိမ်းစားပစ်ခဲ့ပြီ။ ထင်းရှူးကိုင်းအစိမ်းမှာ အဆီများ၍ မီးတဝေါဝေါ တောက်နေသည်။
ကျောက်လိုဏ်ခေါင်း၏ အပြင်ဘက်တွင် ရေခဲပြင်ကြီးသည် ည၌ပင် အရောင်တလက်လက် တောက်နေသည်။ နှင်းမိုးက တဖွဲ့ဖွဲကျလာ၏။ နှင်းမိုးနှင်းသီးများကို မထိုးဖောက်နိုင်သော လရောင်သည် အလင်းရှိရုံမျှ ထင်ရသည်။ အပြင်ထွက်ကြည့်သော်လည်း လဝန်းဆိုသည်ကိုတော့ လုံးဝ မြင်ရမည် မဟုတ်။ လဝန်းကို မဆိုထားနှင့် ဤအရပ်တွင် ဤလိုရာသီ၌ နေဝန်းကိုပင် အလုံးလား အပြားလား ခွဲခြားမြင်ရဖို့ ခဲယဉ်းသည်။
လဆန်းရက်၊ လပြည့်ရက်များတွင် ကတိုးကောင်များ မိတ်လိုက်တတ်သည်ကို ဘာယူ တွေးနေသည်။ ယခုလို လဆန်းရက်တွင် ကတိုးကောင်များကို ဤရေခဲတောင်များအစပ်တွင် မုချတွေ့ရမည်ဟုလည်း သူက ယုံကြည်သည်။
နှင်းသီးနှင်းခဲတို့ အကျလွန်၍ ရေခဲမှိုတို့လည်း ပွင့်ကုန်ကြပြီ။ နေ့ခင်းက တွေ့ခဲ့သော မှိုမွေးကျင်းကိုတော့ ကတိုးကောင်များ ရောက်သွားပုံမရသေး။ မှိုပွင့် မှိုငုံများ အပဲ့အကျိုးကို မတွေ့ခဲ့ရ။ မနက်ဖြန် ထိုမှိုကျင်းအနားတစ်ဝိုက်ကို သွားစောင့်ရ ကောင်းလေမလား။
အမွှေးကြိုက်သော ကတိုးကောင်များသည် ဤနှစ် မြန်မာနိုင်ငံဘက်သို့ မလှည့်ဘဲ စန္ဒာကူးပန်းပွင့်တို့ ပေါသော တိဗက်နှင့် အိန္ဒိယ နယ်မြေများကိုများ ရောက်နေကြလေရော့သလား။ ကတိုးကောင်များ သည် ရေခဲမှိုကို ကြိုက်သလို ပန်းကိုလည်း ကြိုက်သည်။ မွှေးသောပန်းကို ပိုကြိုက်၏။ ရေခဲမှိုနှင့် အမွှေးပန်းကို ကြိုက်သလို၊ ဆောင်းကိုလည်း ကြိုက်သော တိရစ္ဆာန်ပင်။ ဆောင်းရှိသောအရပ်၊ ဆောင်းရက်ရှည်သော အရပ်တို့၌ အနေများတတ်သည်။ အအေးကောင်၊ အမွှေးကောင် ကတိုး။
ကတိုးကောင်များ၏ အကြောင်းကို တွေးရင်း ဘာယူအိပ်ပျော်သွားသည်။ အိပ်မက်ထဲတွင်လည်း ဘာယူသည် ကတိုးကောင်များကို လိုက်လံ ပစ်ခတ်နေလေသည်။
xxx xxx xxx
သည်နေ့ နံနက်ထသည် ပို၍ အလင်းရောင်ရသည်။ ရေခဲတောင်တန်းများသည် စိန်ရောင်မှန်ရောင် လက်နေကြသည်။
ဘာယူ စခန်းက ထွက်လာသည်။ မြင်နိုင်သမျှ မျက်စိတစ်ဆုံးကို ကြည့်သည်။ အရှေ့, အနောက်, တောင်, မြောက်။ ကတိုးကောင်၏ အရိပ်အယောင်ကိုမျှ မမြင်ရ၊ အနံ့အသက်ကိုလည်း မရှူမရှိုက်ရ။
သူသည် ငွေရောင်လက်နေသော ရေခဲတောင်ကြောမှ၊ ငွေသင်ဖြူးခင်းထားသော ခင်တန်းဘက် လျှောက်လာသည်။ နားမျက်စိကို ဖွင့်ထားသည်။ ကတိုး၏ မွှေးပျံ့သော အနံ့အသက်ကိုလည်း လေထဲတွင် ဖမ်း၍ ရှူရှိုက်ကြည့်သည်။
အကယ်၍ ကတိုးကောင်များသာ ဖြတ်သွားပါက မွှေးသောအနံ့ကို ရှူရှိုက်ရမည်။ ကတိုးကောင်များ ဖြတ်သွားလျှင် အနံ့ရသည်။ ကတိုးကောင်များ သေးပန်းထားခဲ့လျှင် ပို၍ပင် အမွှေးနံ့က စူးရှိနေတတ်သည်။
ရေခဲကြက်တစ်ကောင်ကို သူသည် နံနက်ထမှာ ပစ်၍ ရသည်။ ရေခဲပြင်ပေါ်က ကြက်များသည် အတောင်ရှိသော်လည်း အမြင့်အဝေးကို မပျံနိုင်ကြ။ ပြေးလျှင် ရေခဲပြင်ပေါ်တွင် ခုန်ဆွခုန်ဆွသာ ပြေးတတ်သည်။ ထို့ကြောင့် လေးနှင့်ပစ်ဖမ်းရာတွင် လွယ်ကူသည်။
ရေခဲပြင်ပေါ် ထိုးထွက်နေသော ထင်းရှူးတစ်ပင်၏ အကိုင်းကို ဖြတ်သည်။ နှစ်ခြမ်းခွဲကာ ရေခဲပြင်ပေါ် ပြန်စိုက်သည်။ မီးခတ်နှင့် မီးခတ်သည်။ ဝါဂွမ်းကို မီးရှို့သည်။ ထင်းရှူးကိုင်းကို မီးတိုက်သည်။ အဆီများသော ထင်းရှူးသည် ချက်ချင်းမီးတောက်လာသည်။ ထင်းရှူးမီးတောက်ပေါ်တွင် ရေခဲကြက်ကို အမွေးမနုတ်ဘဲ ဖုတ်ကင်လိုက်သည်။ လေငြိမ်နေသဖြင့် ခဏချင်း ကျက်သည်။
ရေခဲကြက်ကင်ကို လက်တစ်ဖက်က ကိုင်စားရင်း ဘာယူသည် တောင်ကြောတစ်ခုပြီး တစ်ခု ကျော်လာသည်။ ပတ်ဝန်းကျင် ဘယ်ညာကိုလည်း မျက်စိ၊ နား၊ နှာခေါင်းတို့ဖြင့် အကဲခတ်လာသည်။
နေ့လယ်လောက်တွင် တောင်ချိုင့်တစ်ခုသို့ ရောက်လာသည်။ မမျှော်လင့်ဘဲ လေပြင်းလာသည်။ နှင်းခဲ နှင်းသီးတို့ တဝီဝီအော်မြည်၍ လေထဲပါလာကြသည်။ ရုတ်ခြည်းပင် နှင်းမှောင်ကြီးကျသွားသည်။
နှင်းမုန်တိုင်း ကျလေပြီ။
ဘာယူသည် စခန်းရှိရာသို့ အလျင်အမြန် ပြန်ရန် ခြေဦးလှည့်လိုက်သည်။ မတ်တတ်ရပ်၍ပင် မရ၊ လေက ပြင်းလာသည်။ မတ်တတ်ရပ်တိုင်း ပြန်လဲကျသွားသည်။ အဝေးမြင်ကွင်းဆို၍လည်း ရှေ့ပေအစိတ် ခန့်ကိုပင် ပီပီပြင်ပြင် မမြင်ရတော့။ မိနစ်ပိုင်းအတွင်း အမှောင်ထဲနစ်နေသည်။ မတ်တတ်ထရပ်တိုင်း အကြိမ်များစွာ လဲကျသည်။ လုံးဝ မတ်တတ်ပင် မရပ်ရဲတော့။ ရေခဲပြင်ပေါ်က တိရစ္ဆာန်တစ်ကောင်လို လေးဖက်ကုန်းတွားသွားနေသည်။ စခန်းရှိရာဘက်သို့ လေးဖက်ကုန်း၍ မှန်းလျှောက်လာသည်။
ရုတ်တရက် နောက်က ခြေသံများ ကြားလိုက်ရသဖြင့် လှည့်ကြည့်လိုက်သည်။ ဆယ်ခုထက်မနည်းသော တောတိရစ္ဆာန်တစ်အုပ်သည် လေကွယ်ရာတောင်ချိုင့်ဘက်သို့ အဆောတလျင် ပြေးလွှားနေကြသည်။
သူ့ကို ဝံအုပ်က တိုးတိုက်သွားကြသည်။ နှင်းမုန်တိုင်းကျ၍ ဝိုးဝိုးဝါးဝါး ဖြစ်နေသော်လည်း ဘာယူသည် အတွေ့အကြုံအရ ချက်ချင်းသိလိုက်သည်။ ရေခဲတောင်နှင့် သစ်တောစပ်တွင် ကျက်စားတတ်သော ဝံများ၊ နှင်းမုန်တိုင်းကျ၍ လေကွယ်ရာသို့ ပြေးကြသည်။
သူလည်း လေကွယ်ရာသို့ တွားပြေးနေသည်။ ဝံသားရေထူကြီးကို ဝတ်ထားသောသူ့အား ဝံအုပ်က မျိုးတူသတ္တဝါဟု ထင်သွားကြပုံရသည်။ သူကလည်း ဝံများကဲ့သို့ လေးဖက်ထောက် တွားသွားနေရသည် မဟုတ်ပါလား။
နှင်းမုန်တိုင်းသည် ပို၍ ပြင်းထန်လာသည်။ လွယ်ထားသော လွယ်အိတ်ကြီးနှင့် ကိုင်းလေး၊ မြားကျည်တောက်တို့ကို ပြုတ်မကျအောင် မနည်းကြိုးစားထိန်းထားရသည်။ အမှောင်သည် ပို၍ သိပ်သည်းလာသည်။ အချိန်မှာ နေစောင်းစအချိန်ဖြစ်သည်။
သူ့နောက်က ပြင်းထန်သော ခြေသံတစ်ခုကို ရုတ်ခြည်းကြားလိုက်ရပြန်သည်။ နှင်းမှောင်ထဲတွင် ဘယ်လိုမှ ရှောင်လွှဲရန် အချိန်မရလိုက်။ ခြေသံပြင်းသလောက် လျင်မြန်လွန်းလှသည်။ အသံကြားသည်၏ စက္ကန့် ပိုင်းအတွင်း ခြေသံရှင်က သူ့ကို အရှိန်ပြင်းပြင်းနှင့် တိုက်ပြေးသွားသည်။
ဘာယူသည် ရေခဲတောင်ပေါ် တလိမ့်ခေါက်ကွေး ကျသွားသည်။ တောင်ဆိတ်လား၊ သားမင်းလား၊ ဘာကောင် ဝင်တိုးသွားမှန်းပင်သတိ၊ မထားလိုက်နိုင်။ နှင်းမုန်တိုင်းကြောင့် အထိတ်တလန့်ပြေးလာသော တိရစ္ဆာန်သည် လူကိုပင် ကြောက်ရွံ့ရမှန်း မသိဘဲ ဝင်တိုက်သွား၏။
ဘာယူသည် တလိမ့်ခေါက်ကွေး လိမ့်ဆင်းနေရာမှ သတိကို အတတ်နိုင်ဆုံး ဆယ်ထား၍ ကိုယ်ကို ထိန်းရန် ကြိုးစားသည်။ သို့သော် လိမ့်ဆင်းလာသော အရှိန်က ပြင်းထန်သဖြင့် ရုတ်တရက် ထိန်းမရ ဆယ် မရ ဆောက်တည်ရာ မရလောက်အောင် လိမ့်ကျနေရာမှ ဝမ်းလျား မှောက်ချလိုက်သည်။ ခြေလက်တို့ကို ဆန့်တန်းလိုက်သည်။
ဝံသားရေ လွယ်အိတ်ကြီးနှင့် ကိုင်းလေး၊ မြားကျည်တောက်တို့ ခုခံနေသဖြင့် ဝမ်းလျားမှောက်၍ တော်တော်နှင့်မရ၊ လိမ့်မြဲလိမ့်ကျလာသည်။ ရင်ထဲမှာ တဒိတ်ဒိတ် အခုန်မြန်ကာ အေးခနဲ ဟာခနဲ ဖြစ်လာသည်။ ခေါင်းထဲလည်း မူးနောက်နောက် ဖြစ်လာသည်။
ဒိန်းခနဲ တစ်စုံတစ်ခုနှင့် ဝင်တိုက်မိပြီဟုတော့ သိလိုက်သည်။ ကျောက်ဆောင်လား၊ သစ်ပင်လား၊ သက်ရှိသတ္တဝါတစ်ကောင်လား၊ ခွဲခြား၍ စိတ်အသိက မဆုံးဖြတ်နိုင်မီ ဘာယူ သတိလက်လွတ်ဖြစ်သွား လေသည်။
နှင်းအမှောင်သည် ပို၍ နက်ရှိုင်းသွားသည်။
xxx xxx xxx
ဓူဝံမပေါ်၊ မမျှော်ပါရ
နေကို တ,လည်း၊ ဘယ်က ရှေ့နောက်
ဘယ်တောင်မြောက်ဟု၊ တွေးထောက်မမှန်
ဖြစ်ရဟန်ကို၊ ဖန်ဖန်အံ့ဩ
ကြံတိုင်းမောစွ . . .
ဘယ်တောဘယ်မြိုင်၊ မသိနိုင်ခဲ့။
(လက်ဝဲသုန္ဓရ)
ပြန်၍ သတိရလာသည်။ ဘယ်နေရာ ရောက်နေမှန်း မသိ၊ ဘယ်တောမှန်း မသိ၊ ဘယ်တောင်မှန်း မသိ၊ ဘာမှမသိ ဖြစ်နေမိသည်။
နှင်းမုန်တိုင်းသည် ငြိမ်ကျသွားပြီဖြစ်သည်။ ရုတ်တရက် နာရီပိုင်းအတွင်း တိုက်ခတ်သွားသော နှင်းမုန်တိုင်းသည် နှင်းထုရေခဲပြင် တစ်ပေ တစ်မိုက်ကို ပုံထားခဲ့လေသည်။ နှင်းပွင့် ရေခဲမွမွထဲ နစ်မြုပ်နေသော သူ့ခြေထောက်နှစ်ချောင်းကို မနည်းအားယူ၍ လှုပ်နုတ်ရသည်။
သစ်ပင်ပေါ် ကန့်လန့်ဖြတ်တင်နေ၍သာ တော်သေး၏။ ချောက်ထဲသာ ကျသွားပါက ရေခဲထဲ ရောက်သွားနိုင်သည်။ နှင်းပွင့်တို့ ဖုံးလွှမ်းသွားနိုင်သည်။
ခြေကျွံနေသည်ကို လှုပ်နုတ်ပြီးသောအခါ မိမိကိုယ်ကို ပြန်၍စစ်ဆေးကြည့်မိသည်။ ခါးနည်းနည်း နာကျင်နေသည်ကလွဲပြီး ပွန်းပဲ့ရှရာ ခြစ်ရာ မရှိ။ ကိုယ်နှင့်မကွာ ပူးချည်ထားသော ဝံသားရေလွယ်အိတ်ကြီးနှင့် မြားကျည်တောက်ကလည်း ကိုယ်နှင့်မကွာ ရှိသေး၏။
ကိုင်းလေးလက်နက်။ အရေးအကြီးဆုံးပစ္စည်း။
ဘာယူ ရင်ထဲမှာ ထိတ်ခနဲ ဖြစ်သွားသည်။ တိရစ္ဆာန်တစ်ကောင်ကောင် တိုက်ပြေးသွား၍ ရေခဲတောင်ပေါ်က လိမ့်ကျလာရာတွင် ဤမျှ မထိတ်လန့်မိ။ ရေခဲတောင်ပေါ်က အကြိမ်များစွာ လျှောဆင်းဖူး၊ လိမ့်ကျထားဖူးသဖြင့် စိုးရိမ်ပူပင်ခြင်းများစွာ မဖြစ်မိ၊ တုန်လှုပ်ချောက်ချားခြင်းလည်း မဖြစ်မိ။
နောက်ဆုံးအမှောင်ထဲတွင် တစ်စုံတစ်ခုနှင့် ဝင်တိုက်မိ၍ သတိမေ့မြောသွားသည်အထိ ဤမျှ မပူပန်မိ။ ယခုတော့ သူ၏အဓိက လက်နက်၊ အသက်သွေးကြောပမာ အရေးကြီးသော ကိုင်းလေး ရေခဲတောင်ပေါ်က လိမ့်ကျရာတွင် ဘယ်နေရာ ပြုတ်စဉ်ကျသွားသည် မသိတော့။ တစ်ကိုယ်လုံး ထုံကျဉ်ကိုက်ခဲလောက်အောင် အေးစက်နေသော ရေခဲတောင်ပေါ်တွင် ဘာယူ ရင်ထဲက အပူငွေ့တွေပျံနေသည်။ အသက်ရှူလိုက်တိုင်း ပါးစပ်နှင့် နှာခေါင်းမှ အပူငွေ့များ သွန်ထွက်လာသည်။ ရင်ထဲက စိုးရိမ်သောက အပူသည် တစ်ကိုယ်လုံးကို အခိုးအငွေ့ပြန်ကာ ဇောချွေးတို့ စေးစေးထန်းထန်း ထွက်လာသည်။
ရင်ကို လက်တစ်ဖက်နှင့်ဖိ၍ ပတ်ဝန်းကျင် ဘယ်ညာကို ကြည့်၏သူ လိမ့်ဆင်းလာသော ရေခဲတောင် စီးကြောင်းစွတ်ကြောင်းကို ဝမ်းနည်း ကြေကွဲစွာ မော်ကြည့်သည်။ နှင်းဖုံးသွားသဖြင့် စွတ်ကြောင်းလည်းမထင်၊ စီးကြောင်းလည်း မမြင်ရရပြီ။
အားငယ်စိတ်သည် ချက်ချင်း ငယ်ထိပ်တက်သွားသည်။ ဘယ်နေရာ ကြည့်ကြည့် ရေခဲတောင်၊ ရေခဲပြင်။
ရေခဲတောထဲတွင် လူသတ္တဝါဆို၍ သူ တစ်ယောက်တည်း။ ကိုင်းလေးလက်နက်မဲ့သွားသော မုဆိုး တစ်ယောက်သည် အသက်သေခြင်းနှင့် အတူတူပင်။ ရီဝေနွမ်းလျသော မျက်လုံးအစုံဖြင့် ဟိုဟိုသည်သည် လှမ်းကြည့်နေသည်။ ရုတ်တရက် ဝမ်းသာလုံးဆို့သွား၏။ “ဖွဟဲ့. . . ဟုတ်ပါစေ၊ မှန်ပါစေ” ဟု စိတ်ထဲက ရေရွတ်၍ သစ်ပင်နားခုန်ချလိုက်သည်။
ကိုင်းလေးသည် သူ ကန့်လန့် ဖြတ်တိုက်မိသော ထင်းရှူးပင်၏အနားတွင် လွင့်စဉ်ကျနေသည်။ နှင်းသီး နှင်းပွင့်တွေ ဖုံးလွှမ်းသွားသဖြင့် အစတစ်ဖက်သာ တစ်ထွာလောက် ရေခဲပြင်ပေါ် ထိုးထွက်နေသည်။ အမှတ်တမဲ့ကြည့်လျှင် သစ်ကိုင်းသစ် ငုတ်တိုလိုပင် ဖြစ်နေသည်။
အမှန်က ကိုင်းလေးကို ဆုံးရှုံးရပြီဟူသော စိုးရွံ့စိတ်နှင့် ဇောလျှမ်းကာ အနီးအောက်ခြေကို သေသေချာချာ မကြည့်ဘဲ သူ လိမ့်ကျလာသော စွတ်ကြောင်း စီးကြောင်း ရေခဲတောင်ပေါ်ကိုသာ ဦးဆုံးလှမ်းကြည့်ခြင်းမှာ သူ့အမှားပင်။
ဘာယူသည် ဝမ်းသာအားရနှင့် သူ့ကိုင်းလေးကို ရေခဲပြင်က ဆွဲနုတ်ယူသည်။ နှစ်ရှည်လများ ပျောက်ဆုံးသွားခဲ့သော ရတနာတစ်ခု ဆုံးပြီဟု အဆုံးချထားသော အဖိုးတန်ပစ္စည်းတစ်ခုကို မမျှော်လင့်ဘဲ ပြန်ရသူတစ်ယောက်လို ဘာယူသည် သူ့ကိုင်းလေးကို အကြာကြီး စိုက်ကြည့်နေသည်။
သူ့လက်ထဲတွင် ဤကိုင်းလေး ရှိနေလျှင် ဘယ်နေရာ ရောက်နေ ရောက်နေ မပူပန်တော့၊ မစိုးရိမ်တော့။ မည်သည့်သတ္တဝါ၊ မည်သည့် တိရစ္ဆာန်နှင့် ရင်ဆိုင်တွေ့တွေ့ မကြောက်မရွံ့တော့။ မတုန်မလှုပ်တော့၊ ဘာယူသည် ဘာမဆို ရင်ဆိုင်ရဲပေပြီ။
ဘာယူသည် နှစ်နှစ်ခြိုက်ခြိုက် ပြုံးလိုက်သည်။ ဤဒေသတစ်ဝိုက်တွင် ဘယ်နေရာက ကြည့်ကြည့် ထာဝရ မြင်နိုင်တွေ့နိုင်သော ခါကာဘိုရာဇီတောင်ကြီးသည် သူ့ကို လမ်းပြနေပေလိမ့်မည်။
xxx xxx xxx
ရေခဲတောင်ပေါ်တွင် အသာယာဆုံးရာသီသို့ ရောက်လာသည်။ ရေခဲပြင်ပေါ်တွင် အမြစ်တွယ်၍ ရေခဲမှိုတို့လည်း လှိုင်လှိုင်ပွင့်လာကြပြီ။ ပန်းသစ်ပင်တို့လည်း အပွင့်အဖူးတွေ ဝေလာကြပြီ။ ရေခဲတို့လည်း ပျော်စပြုပြီ။ နွေရက်လည်း ရင့်လာပြီ။ နေရောင်ခြည်လည်း ရဲရဲတောက်တောက် ပက်ဖျန်းလာပြီ။ အလွန်သာတောင့်သာယာရှိလှသော ရေခဲတောင်ကြောနှင့် ပန်းတို့ဖူးပွင့်နေကြသော ရေခဲဖုံးသစ်တောကို ငေးကြည့်ကာ ဘာယူမှာ ရင်ပူတုန်း။
ရွာက အိမ်က ထွက်လာသည်မှာ တစ်လကျော်ပြီဖြစ်သော်လည်း ကတိုးကောင်ဆိုသည်မှာ မြင်ပင် မမြင်ဖူးသေး။ ကံကောင်း၍ ရေခဲတောင် ပေါ်ကလိမ့်ကျ၍ မသေ၊ နှင်းမုန်တိုင်းထဲ မြုပ်၍ မသေ။ ဝံကိုက်၊ ဆိတ်ခတ်၊ သားမင်းခတ်၍ မသေသေး။
ဤသည်ကိုပင် ကံကောင်းသည်ဟု ဆိုလေမည်လား။ ခန်းတောက်မြစ်၊ မချစ်ဥ ရှာတာကမှ ကောင်းလေမည်လား။ ခုလောက်ရက်နှင့်စာလျှင် ခန်းတောက်မြစ်၊ မချစ်ဥသာ ရှာပါက တစ်ပိဿာလောက်တော့ အနည်းဆုံးရရော့မည်။ ထို့ကြောင့်လည်း သူ့အဖေ ဦးရော်ယာက မသေချာ မရေရာတဲ့ ကတိုးရှာအလုပ် ငါမလုပ်၊ သေချာတဲ့ ခန်းတောက်မြစ်၊ မချစ်ဥပဲ ရှာမယ်ဟု တစ်သက်လုံး ခန်းတောက်မြစ်၊ မချစ်ဥ ရှာလာသည်။
ငါ ကတိုးရှာ ကတိုးဖမ်း ထွက်လာတာ မှားများ မှားလေပလား၊ စိတ်ဓာတ်ကျချင်လာသည်။ သို့သော် တစ်တောဝင် တစ်တောင်တက်၊ ကတိုးကောင်များကိုတော့ ရှာဖွေဆဲ၊ မစွန့်လွှတ်ရဲသေး။ ကျားမြီးကို အဆွဲမှားသူလို မဖြုတ်ရဲတော့။
ရေခဲတို့ ဖုံးလွှမ်း၍ ခါးတစ်ပိုင်းနစ်မြုပ်နေသော ပန်းသစ်တောတစ်ခုသို့ ရောက်လာသည်။ သစ်ပင်ငယ်များမှာ လက်ညှိုးလက်မသာ ရှိသည်။ အပင်တိုင်းလိုလို ပန်းတို့ ပွင့်နေကြသည်။ ပင်စည်များကို ရေခဲဖုံးထားသဖြင့် ပန်းပွင့်များသည် ရေခဲပြင်နှင့် ထိလုဘနန်း တွဲဆွဲနေကြသည်။
ထူးဆန်းသော အမွှေးနံ့တစ်မျိုးသည် ပန်းနံ့နှင့်ရောနေသည်။
နားထဲတွင် ထူးခြားသောအသံတစ်ခုကိုလည်း ညင်းညင်းညံ့ညံ့ ကြားလိုက်မိသည်။ ဘာယူ၏ခြေလှမ်းသည် ရုတ်ခြည်းရပ်တန့်သွားသည်။ စက္ခု၊ သောတ၊ ဃာနဇီဝကာယ၊ မန စသည့် အာရုံအားလုံးကို စွင့်ထားလိုက်သည်။
ကခ မျက်စိမှာ မြင်ရသည်။ နားမှာ ကြားရသည်။ နှာခေါင်းမှာ အနံ့ ရသည်။ ပါးစပ်ကို စေ့ထားသည်။ ကိုယ်ကို မတ်ထားသည်။ စိတ်ကို အတည်ငြိမ်ဆုံး ဆယ်ထားသည်။ အပ်ကျသည်ကိုပင်မြင်ရကြားရအောင် ငြိမ်ထားသည်။
အမွှေးအကြိုင်ကြိုက်သော၊ ပန်းကြိုက်သော ကတိုးကောင် တစ်ကောင်သည် ပန်းတောထဲ ရောက်နေလေပြီ။
ကတိုးကောင်၏ခန္ဓာကိုယ်နှင့် ချက်အထက်ရှိ ကတိုးအိတ်မှ မွှေးပျံ့ခြင်းသည် ပန်းပွင့်တွေကို စားသဖြင့် ဖြစ်သည်။ ကတိုးကောင်တွင် ချက်အထက်၌ အမွှေးအိတ်ရှိသည်။ ထို့ကြောင့်လည်း တောမုဆိုးကျား သတ္တဝါတို့သည် ကတိုးကောင်ကို ဖမ်းစားရာ၌ ချက်အထက်ကို မစားဘဲ ချန်ထားတတ်သည်။ လူအတွက် ကတိုးအိတ်က မွှေးသော်လည်း တိရစ္ဆာန်များသည် မွှေးလွန်းသော ကတိုးနံ့ကို မခံနိုင်ကြ။
ထို့ကြောင့်လည်း တခြားတိရစ္ဆာန်များသည် ကတိုးကောင်နား မကပ်ကြ။ သားစားကြူးသော တောမုဆိုး ကျားငစဉ်းလဲပင် အခြားတိရစ္ဆာန်များကို ဘယ်လိုမှ ဖမ်းဆီး၍ မရသည့်အခါ ငတ်ကြီးသံဘက် ကျသည့်အခါများ၌သာ ကတိုးကောင်ကို ကိုက်သတ်စားတတ်သည်။
များသောအားဖြင့်တော့ ကတိုးကောင်များ အနေများသော ရေခဲတောင်ပေါ်တွင် အေးလွန်း၍ ကျားကလည်း အနေနည်းသည်။ တောလွန်၍ တစ်ရံတစ်ခါ ရောက်လာတတ်ခြင်းသာ။
ပန်းတောရေခဲပြင်ပေါ်တွင် ရွေ့လျားလာနေသော ကတိုးကောင်ကို လှမ်းမြင်ရသည်။ ဘာယူရင်ထဲမှာ ရုတ်ခြည်း ပီတိတွေ ပြည့်လျှမ်းသွား၏။ ကိုင်းလေးကို ချက်ချင်းဖြုတ်သည်။ အပြင်းဆုံး တစ်ဆွေ့ခုန်မြားဆိပ်ကို တင်လိုက်သည်။
မြားတံသွားရမည့်လေကြောကို သတိပြုသည်။ လေဆန် ဖြစ်နေလျှင် မြားစူးသံဟက်ထိပ်၌ သုတ်လိမ်းထားသောအဆိပ်သည် လမ်းခုလတ်၌ လေတိုက်၍ ပါးလျားကာ နိသင်လျော့သွားနိုင်သည်။
အဆိပ်မြားကိုင်သူ မုဆိုးသည် လေကြောကို နားလည်ရမည်။
အမွှေးအကြိုင်ကြိုက်သော ကတိုးကောင်သည် ပန်းပွင့်တွေကို ခူးစားနေသည်။ ကတိုးကောင်များ၏ ကိုယ်နှင့် အဆီအိတ်က မွှေးခြင်းမှာ မွှေးသောပန်းများကို စားသောကြောင့်ဖြစ်နိုင်သည်။ ပန်းပွင့်စားနေသော ကတိုးကောင်မှာ နှစ်ပေကျော်ခန့် မြင့်သည်။ အရှည်မှာ သုံးပေကျော်မည်။ ကျောကုန်းတွင် မီးခိုးရောင်အမွေးနှင့် ရင်ဘတ်တွင် အဖြူကွက်များ ရှိသည်။ မေးရိုးအောက်သို့ ထိုးထွက်နေသည့် အစွယ်နှစ်ချောင်းကို မြင်ရသောအားဖြင့် ကတိုးကောင်မှာ အထီးဖြစ်ကြောင်း သေချာသည်။ ကတိုးကောင်တွင် ဦးချို မရှိပေ။
ဘာယူသည် ကိုင်းလေးကို မောင်းတင်ကာ မြားတံကို ချိန်ရွယ်နေသည်။ တစ်လကိုးသီတင်းမျှ အပင်ပန်းခံထားပြီးမှ တွေ့ရသော ကတိုးကောင်ကို လက်လွတ်မခံနိုင်ပေ။ ထို့ကြောင့် ပစ်မှတ်ကို သစ်ပင်ကျောက် ဆောင်တို့ လွတ်ကင်းအောင် တိတိကျကျ ချိန်ရွယ်ရသည်။
ဒရယ်တစ်ကောင်၏ အော်ညည်းသံနှင့်တူသော အသံတစ်ခုကို ရုတ်ခြည်းကြားလိုက်ရသည်။ ပန်းစားနေသော ကတိုးကောင်သည် ချက်ချင်းခေါင်းထောင်လာသည်။ နားကို ထောင်၍ အထိတ်တလန့်ဟန်ပြင်သည်။ ခြေထောက်မလှမ်းမီပင် သူ့ထက်ကြီးသော ကတိုးကောင်တစ်ကောင်သည် သူ့နောက်သို့ ရောက်လာသည်။ ကတိုးအထီးကောင်သည် ချက်ချင်းထွက်ပြေးသည်။ အမသည် ညင်းညင်းညံ့ညံ့ အသံပြု၍ နောက်က လိုက်၏။
ကတိုးကောင်များသည် မိတ်လိုက်ရာ၌ အခြားတောနေသတ္တဝါများနှင့် မတူဘဲ ထူးခြားသည်။ အခြားတိရစ္ဆာန်များမှာ အထီးကသာ အမကို အတင်းလိုက်တတ်သော်လည်း ကတိုးမှာမူ ပြောင်းပြန်ဖြစ်သည်။ အမကသာ အထီးကို အတင်း မရအရ လိုက်တတ်သည်။
ကတိုးအထီး၏ အမြီးဖျားသည် နို့သီးခေါင်းကဲ့သို့ နူးညံ့၍ အပေါက်ကလေးများ ပါသည်။ ထိုအပေါက်မှ သုက်ရည်ထွက်သည်။ ထို့ကြောင့်လည်း မိတ်ရာသီတွင် ကတိုးအမသည် ကတိုးအထီး၏ အမြီးကို အတင်းလိုက်စုပ်၍ သန္ဓေယူတတ်သည်။
လဆန်းနှင့် လပြည့်ရက်တို့တွင် မိတ်လိုက်တတ်သည်။ တစ်နှစ်လျှင် နှစ်ကြိမ်သားပေါက်သည်။ တစ်ခါပေါက်လျှင် တစ်ကောင်သာ ပေါက်သည်။ နို့တိုက်သတ္တဝါ ဖြစ်၏
ကတိုးမလိုက်၍ အတင်းထွက်ပြေးသော ကတိုးထီးနောက်ကို ဘာယူကလည်း အပြင်းလိုက်သည်။ မိတ်စိတ်နှင့် ရာဂမှော်ဝင်လာသော ကတိုးမသည် ကတိုးထီးကိုမီရန် အားသွန်၍ ပြေးလိုက်သည်။ ကတိုးထီးကို ပစ်ဖမ်းလိုသော ဘာယူကလည်း ကတိုးမ,နည်းတူ ကတိုးထီးနောက်သို့ ပြေးလိုက်သည်။
ရာဂစိတ်မွှန်နေသော တိရစ္ဆာန်မသည် နောက်ကလူ လိုက်လာသည်ကိုပင် သတိမထားတော့။
ကတိုးမသည် ကတိုးထီး၏ အမြီးဖျားကို ဖမ်းဆုပ်မိသွားသည်။ အရှိန်အဟုန်နှင့်ပြေးနေသော အထီးအမနှစ်ကောင်စလုံး၏ ခြေအစုံက ချက်ချင်းရပ်သွားသည်။
ဘာယူ၏ရင်ထဲမှာ တလှပ်လှပ်ခုန်နေသည်။ သူသည် ဤအခွင့်အရေးကို လက်လွတ်ခံ၍မဖြစ်။ စက္ကန့်ပိုင်းမျှ မလှုပ်မယှက်ဘဲ ငြိမ်နေခြင်းသည် ဘာယူအတွက် မကြုံဖူးသော အခွင့်အရေး။
အပြင်းဆုံး တစ်ဆွေ့ခုန်မြားဆိပ်နှင့် ကတိုးထီး၏ သေလောက်သော နေရာကို ပစ်ထည့်လိုက်သည်။ ကျယ်ကျယ်လောင်လောင် အော်မြည်၍ ကတိုးထီး ဦးတည်ရာမဲ့ထွက်ပြေးသည်။ ကတိုးမသည်လည်း လန့်ဖျပ်၍ တူရူသို့ ထွက်ပြေးသွားသည်။
ကတိုးကောင်သည် ရေခဲတောင်နိမ့်လျှောအတိုင်း အောက်ဘက်သို့ တစ်ဟုန်ထိုးဆင်းပြေးသွားသည်။ တစ်ခွင်တစ်ပြင်လုံးမှာ ရေခဲဖုံး၊ ရေခဲပြင် ဖြစ်နေသဖြင့် ကတိုးကောင်ပြေးနေသည်ကို မျက်စိတစ်ဆုံး မြင်နေရသည်။
ဘာယူသည် တင်ပါးတွင် သားရေပြားနှစ်ချပ်ကို ခိုင်ခိုင်ပတ်ကာ ရေခဲတောင်စောင်းအတိုင်း ဖင်ထိုင်လျက် လျှောချလိုက်သည်။ နားကို လေက တဝီဝီတိုက်ခတ်နေသည်။ ရေခဲတောင် ကမူကမ်းပါးများမှ ရှောခနဲ ရှောခနဲ လျှောဆင်းသွားရသည်မှာ ရင်ထဲအသည်းထဲ အေးခနဲ ဟာခနဲ ဖြစ်ရသည်။
သို့သော် ယခင်နှင်းမုန်တိုင်းကျ၍ တိရစ္ဆာန်တစ်ကောင်က အမှောင်ချောက်ထဲတွန်းချပစ်သလို သတိတော့ လုံးဝမမေ့ပေ။ ကိုင်းလေးနှင့် မြားစူးကိုပင် အမြဲဆုပ်ကိုင်လျက်။ ကတိုးကောင်၏ အင်အားသည် ကြီးမားလှသည်။ လျင်မြန်သော နှုန်းထားမှာလည်း လူတို့၏ပြေးနှုန်းထက် သာနေသည်။
တခြားတိရစ္ဆာန်များသာဆိုလျှင် မည်သည့်နည်းနှင့်မျှ ဤသို့ ခရီးရှည်လျားစွာ ပြေးသွားနိုင်မည် မဟုတ်။ တစ်ဆွေ့ခုန် မြားဆိပ်မှန်သည်နှင့် တစ်ချက်သာ ခုန်ပေါက်အော်မြည်ပြီး သေနိုင်၏။
ယခု ကတိုးကောင်ကမူ အသားနှင့် အရေပြားကြားတွင် အဆိပ်ကို ထိန်းနိုင်သော အဆီရှိသဖြင့် သွေးဆိပ်မသင့်ဘဲ ကြာကြာပြေးသွားနေ၏။
ဘာယူသည် ရေခဲပြင်ဆုံးသည်နှင့် ဖင်ထိုင်လျှောချလာရာမှ မတ်တတ်ထရပ်လိုက်သည်။ သစ်တောအစတွင် ရေခဲတို့ ပျော်စပြုနေပြီ။ သစ်ပင်ကြီးအချို့၏ ပင်ခြေရင်းမှ ဖျဉ်းစောင်းကြီးများပင် ရေခဲပျော်၍ ငေါထွက်နေကြပြီ။
အဆိပ်ပြင်းသော မြားချက်ကြောင့် ကတိုးကောင်သည် သေးရည် တစက်စက်ကို သူ၏ပြေးလမ်းတစ်လျှောက်တွင် ချထားခဲ့သည်။ ကတိုးကောင်၏ မွှေးပျံ့သော သေးနံ့ကို ခံ၍ ဘာယူ ဆက်လိုက်လာသည်။
တောထဲမှ ခွေးအ,တစ်အုပ်၏ အထိတ်တလန့် အော်သံကို ကြားလိုက်ရသည်။ ခွေးအ,များ အော်သံကြားရာသို့ ဘာယူပြေးလိုက်လာသည်။ ခွေးအ,သုံးလေးကောင်သည် ရေခဲပြင်ပေါ်တွင် ညည်းညည်းညူညူနှင့် တုံးလုံးပက်လက် လဲနေကြသည်။ တချို့ အကောင်ငယ်များသည် မူးမေ့၍ ညည်းသံပင် မမြည်နိုင်ဘဲ သတိမေ့နေကြသည်။
ဤခွေးအ,အုပ်နားမှ ကတိုးတစ်ကောင် ဖြတ်ပြေးသွားသည်မှာ သေချာပြီ။ ကတိုးကောင်၏ မွှေးလွန်းသော သေးနံ့ကြောင့် ခွေးအ,များ သည် အဆိပ်သင့်ကာ လဲကျန်ခဲ့ကြသည်။ ကတိုးကောင်၏ အမွှေးနံ့ကို မခံနိုင်သော်လည်း သွေးရူးသွေးတန်းပြေးလာသော ကတိုးကောင်ကို ရှောင်တိမ်းရန် အချိန်မရလိုက်သော ခွေးအ,များသည် နာရီအတော်ကြာမှ သတိပြန်လည်လာကြပေလိမ့်မည်။
ဘာယူသည် ခွေးအ,များကို ဂရုမပြုအားဘဲ သွေးစက်ကျရာအတိုင်း ပြေးလိုက်လာသည်။ ကတိုးကောင်သည် မောဟိုက်နွမ်းလျ၍ သစ်ပင်တစ်ပင်ကို မှီကာ ယိမ်းထိုးနေသည်။ ဆက်၍ မပြေးနိုင်တော့။ အလွန်ပြင်းသော မြားဆိပ်သည် သူ၏တစ်ကိုယ်လုံးကို ပျံ့သွားလေပြီ။
ဘာယူကလည်း ကတိုးကောင်နည်းတူ မောဟိုက်နေလေပြီ။ လူရိပ်လူခြည် မြင်လျှင် သွေးရူးသွေးတန်းနှင့် ကတိုးကောင် ဆက်ပြေးသွားမည်စိုး၍ ဘာယူသည် မတ်တတ်ရပ်ကာ ကတိုးကောင်ကိုသာ မျက်တောင်မခတ် စိုက်ကြည့်နေသည်။
သွေးဆိပ်ပျံ့၍ မောဟိုက်ယိမ်းထိုးနေသော ကတိုးကောင်သည် ဘာယူ၏ မျက်စိရှေ့၌ပင် ခွေလဲကျသွားလေသည်။
ဘာယူ၏ ခြေအစုံသည် ကတိုးကောင်ရှိရာသို့ အမြန်ဆုံး လှမ်းသွားလိုက်လေသည်။
– ပြီး –
စာရေးသူ – ဖိုးကျော့
စာစီစာရိုက် – မုဆိုး တံငါ စာပေများ