•••••••••••
ဦးဖိုးကျား
“ဟေ့ကောင်မ-ညည်းကို ဟိုပိုက်ဆံဝါလားကြီးက ရစ်နေပါလားအေ့ညည်းတော့ ကော်တာပဲ”
“အောင်မယ်-ဒီတဏှာရူး – ယစ်ထုပ်ကြီး – သေခါနီးကြီးကို ငါက ဘာလုပ်ရမှာလဲရုပ်ကြီးကလည်း ဖြစ်နေလိုက်တာ၊ ငှက်ပျောသီး ပျော့ပျော့ကို ခွေးနင်းထားသလိုပဲ။ ငါက ပိုက်ဆံကို ဂရုစိုက်တာ မဟုတ် ဘူးအေ့-သိရဲ့လား”
“ညည်းက မကြွားပါနဲ့၊ ပိုက်ဆံဟာ ပိုက်ဆံအေ့၊ မှတ်ထား၊ ပိုက်ဆံရဲ့အားကို ညည်းတွေ့တော့မှ သိမယ်။ ညည်း ဘယ်နည်းနဲ့မှ ပိုက်ဆံအားကို မခံနိုင်ဘူး။ ကြည့်ပါလား။ ဟိုဈေးနားက မယ်ရှင်ဟာ ဘာဖြစ် သွားသလဲ။ ကလေး ၅ယောက်အဖေ မုဆိုးဖိုရွတ်တွကြီးက ပိုက်ဆံနဲ့ ပေါက်ယူသွားတယ်မဟုတ်လား”
“ညည်းက ငါ့ကိုဒီလောက် အထင်မသေးပါနဲ့အေမယ်ရှင်ဟာ မယ်ရှင်၊ ဒီက မယ်မြစ်က မယ်မြစ်သိရဲ့လားမျက်နှာကို သေသေချာချာ ကြည့်ထား” (မိမိမျက်နှာကို လက်ညှိုးနှင့် ထိုး၍ ခပ်ကြွားကြွားပြောလေ သည်။)
“အေးတော် မျက်စိဒေါက်ထောက်ကြည့်ရသေးတာပေါ့”
အထက်ပါစကားတို့ကား၊ မိန်းမရွယ်ရွယ် ၂ ယောက် ပြောနေကြသော စကားများဖြစ်သည်။ ၎င်းစကားတို့မှာ လင်ရေး သားရေးယောက်ျားမိန်းမ ချစ်ကြိုက်ရေးများ ဖြစ်ပုံရသည်။
သို့ရာတွင် ထိုစကားတို့ကို ကျွန်ုပ်ကြားရသောအခါ သူတို့ လင်ရေး သားရေး၊ ချစ်ကြိုက်ရေးတို့ကို အပထား၍ ကျွန်ုပ်၌ တွေးတောစရာ တစ်ခု ပေါ်လာလေသည်။ ထိုပေါ်လာချက်ကား –
လောက၌ ပိုက်ဆံမျက်နှာ ကြီးသည်ဆိုသည်မှာ အမှန်ပင် ဖြစ် သည်။ မည်သို့ပင် အပေါ်ယံက ဟန်လုပ်၍ ပြောကြသော်လည်း ကြေး ငွေ ပိုက်ဆံကို လူတိုင်းချစ်ခင် ကြည်ညိုလိုချင်ကြသည်သာတည်း။ ကောင်းပြီ၊ အဘယ်ကြောင့် ချစ်ခင် ကြည်ညို လိုချင်ကြသနည်း။
အဖြေထွက်လာပုံကား
ကြေးငွေရခြင်းမှာ ကောင်းသောရခြင်း၊ မကောင်းသော ရခြင်းဟူ၍ အကြမ်းအားဖြင့် နှစ်မျိုး ရှိသည်။ အချို့မှာ မိမိ၏ ကံ-ဉာဏ်-ဝီရိယဖြင့်၊ ကောင်းရာကောင်းကြောင်း ရှာဖွေ၍ ရသည်။ အချို့ကား ခိုး တိုက် လိမ် စသော မကောင်းမှုဖြင့် ရသည်။
အခြားတစ်နည်းလည်း ရှိတန်ရာသေးအချို့မှာ “အချောင်” ရတတ်ကြသည်ဥပမာ ကောက်ရခြင်း၊ ထီပေါက်ခြင်း၊ အမွေရခြင်း စသည်တို့တည်း။ (ဤအချောင်ရသည်ဆိုသည်မှာလည်း ဗုဒ္ဓဘာသာအယူ အရ ရှေးကံဟောင်းနှင့် ဆက်နေသည်၊ ဤတွင် အကျယ်ပြရန် မလို)။
ဤသို့ ရနည်းအမျိုးမျိုး ရှိရာတွင် ယခု ကျွန်ုပ်ရေးလိုသော ကိစ္စ ၌ ယေဘုယျအားဖြင့် ရရိုးရစဉ်ဖြစ်သော မိမိတို့ ကံ ဉာဏ် ဝီရိယဖြင့် ရင်း၍ ရခြင်းကို အဓိကထား၍ ရေးလိုသည်။
အတိတ်ကို စွဲ၍ ငွေမျက်နှာကြီးပုံ
ကျွန်ုပ်တို့သည် ကြေးငွေပိုက်ဆံကို အလကားအကြောင်းမဲ့ ရကြသည် မဟုတ်ကုန်။ ဉာဏ်ပညာရှိခြင်း၊ အမြော်အမြင်ရှိခြင်း၊ လုံ့လဝီရိယ ရှိခြင်း၊ တည်ကြည့်မှန်ကန်ခြင်းတို့ဖြင့် ရင်းနှီးပြုလုပ်ပြီးမှ ပိုက်ဆံကြေးငွေကိုရ လေသည်။ အချုပ်ကား ကံ ဉာဏ် ဝီရိယတည်းဟူသော အကြောင်းတို့ ကြောင့် ပိုက်ဆံတည်းဟူသော အကျိုးဖြစ်လာရသည်။
ကံ ဉာဏ် ဝီရိယကို ကျွန်ုပ်တို့ နှစ်လိုကြည်ညိုကြသည်။ သို့ ကြောင့်လည်း ၎င်းတို့၏ အကျိုး ကိုယ်စားဖြစ်သော ပိုက်ဆံကြေးငွေကို ကျွန်ုပ်တို့လိုက်၍ နှစ်လို ကြည်ညိုခြင်း ဖြစ်သည်။
ဥပမာ – ဤမည်သော ကုန်စည်ကို ဤမည်သော ကာလဒေသ ၌ ရောင်းရသော် မြတ်စွန်းရာ၏ဟု ဉာဏ်ဖြင့် စဉ်းစားချင့်ချိန်မြော်ဆ၍ မပျင်းမရိ ကြိုးစားရောင်းဝယ်သို့ရောင်းဝယ်ရာ၌လည်း လိမ်လည် ကောက်ကျစ် မရှိ၊ ရိုးသားဖြောင့် မှန်စွာ ပြုမူ ရောင်းဝယ်၏။ ထိုအခါ အမြတ်ပိုက်ဆံကြေးငွေများစွာ ရရှိလေရာထိုသူ၏ ကံ ဉာဏ် ဝီရိယ ဖြောင့်မှန်ခြင်းတို့ကို ထိုပိုက်ဆံကြေးငွေပေါ်၌ တင်စား၍ ချစ်ခင် ကြည်ညို နှစ်လိုခြင်း ဖြစ်ကြလေသည်။
ထိုမှတစ်ပါးလည်း သူတစ်ပါးတို့ကို နှစ်သက်ရန်၊ အလိုကျရန်အကျိုးရှိရန်၊ ပြုလုပ်ဆောင်ရွက်ပေးသဖြင့်လည်း ပိုက်ဆံကြေးငွေကို ရနိုင် ၏။ ၊ ဥပမာ-ဆာမိသည် ဒေါ်မိုးအား ထင်းခွဲပေးသဖြင့် ဒေါ်မိုးက ပိုက်ဆံ တစ်မတ်ပေးလေသည်။ ဆေးဆရာသည် ရောဂါပျောက်အောင်၊ သဘင်သည်သည် ကြည်ရွှင်ပျော်မြူးအောင်၊ အထည်အဝတ်သည်သည် အထည် အဝတ်ရအောင်၊ သရေစာသည်သည် အဆာပြေအောင်၊ စာအုပ်သည်သည် ဖတ်သူတို့ တစ်နည်းနည်း အကျိုးရှိအောင်၊ အနှိပ်သည်သည် အညောင်း ပြေအောင်၊ ဘိန်းရှင်သည် ဘိန်းစားတို့ အလိုပြည့်အောင် စသည်ဖြင့် ပြုလုပ်ဆောင်ရွက်ပေးကြသောကြောင့် ပိုက်ဆံကြေးငွေရကြကုန်သည်။
ထိုသို့ သူတစ်ပါး နှစ်လို ကြည်ညို နှစ်သက်အောင် ပြုလုပ်ပေးခဲ့သဖြင့် ထိုသို့ ရခဲ့သော ပိုက်ဆံရှင်ကို လူတို့က နှစ်လိုကြည်ညို နှစ်သက်ကြခြင်းဖြစ်သည်။ ဤကဲ့သို့အားဖြင့် ကံ ဉာဏ် ဝီရိယ ဖြောင့်မှန်ခြင်း၊ သူတစ်ပါး တို့ နှစ်လိုဖွယ် အကျိုးရှိဖွယ်တို့ကို ဆောင်ရွက်ခြင်းတည်း ဟူသော အကောင်းအမွန်တို့၏ ကိုယ်စားဖြစ်သော ပိုက်ဆံကြေးငွေကို ကျွန်ုပ်တို့ ချီးမွမ်း နှစ်သက် ကြည်ညိုလိုချင်ကြခြင်း ဖြစ်သည်။ ဤကား အတိတ်ကို စွဲ၍ ငွေမျက်နှာကြီးပုံတည်း။
အနာဂတ်ကို စွဲ၍ ငွေမျက်နှာကြီးပုံ
ရခဲ့ပုံ အတိတ်ကိုစွဲ၍ မျက်နှာကြီးသည့်ပြင် နောင်လူတို့၏ အကျိုးကို ဆောင်နိုင်သဖြင့် အနာဂတ်ကို စွဲ၍ မျက်နှာကြီးသေးသည်။ ကြေးငွေရှိသူမှာ လိုရာကို ပြီးစေနိုင်သော တန်ခိုးသတ္တိ ရှိနေလေသည်။ ဤအချက်တွင် ကောင်းသောရခြင်း၊ မကောင်းသောရခြင်းတို့ကို မကြည့်တော့ပြီ။ ရှေ့၌ သုံးစွဲနိုင်သော တန်ခိုးသတ္တိကိုသာ ကြည့်တော့ သည်။ ထိုငွေရှင်မှာ မိမိ၏ လိုအင်ဆန္ဒအမျိုးမျိုးကို ဖြည့်နိုင်သည့် အပြင် လူအမျိုးမျိုးတို့၏ ဆန္ဒအမျိုးမျိုးကိုလည်း ဖြည့်နိုင်လေသည်။ ထမင်းငတ် နေသူကို ထမင်းကျွေးနိုင်သည်။ အဝတ်အစားလိုသူကို ပေးနိုင်သည်။ ပွဲကြည့်လိုသူကို ပွဲပြနိုင်သည်။ ကုန်စည်သွယ်လိုသူကို အရင်းပေးနိုင်သည် စသည်ဖြင့် သူတစ်ပါးတို့ နှစ်သက်ဖွယ် အကျိုးရှိဖွယ်တို့ကို ဆောင်နိုင် လေသည်။ ထိုမှတစ်ပါးလည်း သူတစ်ပါးတို့၏ အကျိုးပျက်အောင် ပျက် စီးသေကျေအောင် ပြုနိုင်သဖြင့် သူတစ်ပါးတို့၏ ကြောက်ရွံ့ခြင်း ရိုသေ ခံ့ညားခြင်းကိုလည်း ခံရလေသေးသည်။
အကျဉ်းချုပ်ရသော်
(၁) ကြေးငွေရခြင်းမှာ၊ ကံ ဉာဏ် ဝီရိယ ဖြောင့်မှန်ခြင်း၊ သူတစ်ပါး အကျိုးကို ဆောင်ရွက်ခြင်းတို့ကြောင့် ရသည်။ သို့ကြောင့် အကောင်း အမွန်တို့၏ကိုယ်စားအဖြစ်ဖြင့် ပိုက်ဆံကြေးငွေကို လူတို့ နှစ်သက် ကြည်ညိုလိုချင်ကြကုန်သည်။ ဤကား အတိတ်ကိုစွဲ၍ မျက်နှာကြီးပုံကို ပြသည်။ (မကောင်းမှုဖြင့် ရခြင်းကို လူတို့ ကဲ့ရဲ့ကြကုန်သည်။ “အချောင်” ရသည်ကိုး၊ “ကိုယ်အစွမ်းနဲ့ ရတာ မဟုတ်ပါဘူး”ဟု ခပ်နှိမ်နှိမ် ပြောကြ သူလည်း ရှိသည်။ “ဪ…ဒါတော့ ကံ ကုသိုလ် ကောင်းတာကိုး”ဟု တရားသံဖြင့် ကျေနပ်ချီးမွမ်းကြသူလည်း ရှိသည်။)
(၂) ကြေးငွေအားဖြင့် လူတို့၏ လိုအင်ဆန္ဒတို့ကို ဖြည့်နိုင်သည်။ နှစ်သက်မှု အကျိုးရှိမှုတို့ကို ဆောင်နိုင်သည်။ ဤသို့အားဖြင့် အနာဂတ် ကို စွဲ၍ မျက်နှာကြီးခြင်းဖြစ်သည်။
အစကပြခဲ့သော မယ်မြစ်ခမျာမှာ ထိုမျှတန်ခိုးအင်အားကြီးသော ပိုက်ဆံ ရှင် ဟိုလူကြီးလက်က လွတ်မှလွတ်နိုင်ပါ့မလားဟု တွေး၍ ပူမိသည်။
စုံစမ်းကြည့်၍ သိရသည်ကား မယ်မြစ်မှာ ဆေးလိပ်ဆိုင်ငယ် တည်ခင်း ရောင်းရသူဖြစ်သည်။ မိဘများလည်း ဆင်းရဲရှာ၏။
မကြာမီပင် ထိုရပ်ကွက်က ကာလသားခေါင်း ဆိုးပေမှာ ခေါင်းပေါင်းစ တထောင်ထောင်နှင့် သောက်စားမူးယစ် တက္ကစီ မော်တော်ကား နှင့် တဝှီဝှီနေလေသည်။
မယ်မြစ်နှင့် စကားပြောဖော် သူငယ်ချင်း မိန်းမပျိုမှာလည်း ပိုးတွန့်လုံချည်အလဲလဲနှင့် ဆွဲကြိုးစ လက်ကောက်စ ဆင်မြန်းနေသည်ကို တွေ့ရသည်။
မယ်မြစ်၏ မိဘများမှာလည်း မိမိတို့ငှားနေသော တစ်ထပ်အိမ် ကလေးကို အပိုင်ဝယ်ယူလိုက်သည်ဟု ကြားရသည်။
ဘုရား ဘုရား၊ မယ်မြစ်ကလေး ပါရချေတော့မယ် ထင်ပါရဲ့။ ဟယ်…ပါသွားပြီတဲ့။
မယ်မြစ်၏ သူငယ်ချင်း မိန်းမပျိုနှင့်တွေ့၍ စကားစပ်ပြောကြ ရာ…
“ဒီလို ဦးရဲ့၊ ကျွန်မက အကျိုးဆောင်ပေးလိုက်တာပါ။ အဘိုးကြီးက ပိုက်ဆံသိပ်ချမ်းသာတာ၊ ပြီးတော့လေ ဒီမှာ အဘိုးကြီး နောက်နေရရင် အလွန်ဆုံး ၃ နှစ်ပဲ။ သူသေရင် မယ်မြစ်ဖို့ချည်းပေါ့ရှင်။ ကျွန်မသူငယ်ချင်း ကောင်းစားအောင် လုပ်ပေးလိုက်တာပေါ့ဦးရဲ့ ”ဟု မြေစိုက်ဘုရားတစ်ဆူ တည်ရသလောက် ကုသိုလ်ရသည့်ပုံဖြင့် စိတ်အားထက်သန်စွာ ပြောလေ သည်။
ကျွန်ုပ်ကလည်း အင်း- သူ့ဟာ ဟုတ်တုတ်တုတ်ပဲ။ အဘိုးကြီး မြန်မြန်သေရင် ကောင်းမှာပဲဟု တွေးမိသည်။ ဟော- ကျွန်ုပ်ငရဲကြီးချေ ပြီ။ သို့သော် နေဦး၊ သည်တွင် ရပ်မထားပါနှင့်။ သေတော့ ဘာဖြစ်သလဲကောင်မကလေး ချမ်းသာရော မဟုတ်လား။ မုဆိုးမဖြစ်တာ ဘာအရေး လဲ။ မုဆိုးဖို အသက်ကြီး ရွတ်တွ ယစ်ထုပ်ကြီး အရုပ်ဆိုးကြီးတောင် ပိုက်ဆံတန်ခိုးနဲ့ သမီးလောက် မြေးလောက် ရုပ်ချောကို ရသေးတာအရွယ်ကောင်း ရုပ်ကောင်း ပိုက်ဆံရှိ မုဆိုးမကလေးမယ်မြစ်ဟာ ကြိုက် တာကို ခေါင်းခေါက်ယူနိုင်တယ်၊ ဘာဖြစ်သလဲ၊ မယ်မြစ်အကျိုးတွေပဲ ဟု ဝမ်းမြောက်မိသည်။
ဟော-မုဒိတာ ကုသိုလ်တွေ ကျွန်ုပ်တွင် ဖြစ်ပြန် ချေပြီ။ သို့ရာတွင် ပထမငရဲကို ယခုမုဒိတာကုသိုလ်က ချေမှချေနိုင်ပါ့ မလားဟု ကျွန်ုပ်တွေးမိသည်။ ကျွန်ုပ်မဆုံးဖြတ်နိုင်သင်္ဂြိုဟ်ဆရာများ က ကျေးဇူးပြု၍ ဆုံးဖြတ်ပေးတော်မူကြပါဟု တောင်းပန်လိုက်ရသည် ဟူလို။
ဦးဖိုးကျား