ခင်မောင်အေး(မန္တလေး)
ငှက်နှင့် မုဆိုး
ဘဘိုးရတစ်ယောက် ကျွန်တော်နေထိုင်သည့် မန္တလေးမြို့ အရှေ့ပြင် နန်းတွင်းရှိ အရာရှိများအိမ်ရာတိုက်ခန်းသို့ နံနက်စောစောစီးစီး ရောက်ချလာသည်။
ကျွန်တော် ရုံးသွားဖို့ စစ်ဝတ်စုံဝတ်ဆင်ပြီးစပင်
ရှိပါသေး၏။
“ဟော. . . ဘိုးရကြီး စောစော စီးစီးပါလား။ ဘာအကြောင်းများ ထူးပြန်ပြီလဲဗျာ။ ကဲ… ထိုင်ပြီးတော့ နားအုံး။ ရေတစ်ခွက် အရင်သောက်။
သမီးငယ်ရေ . . . သောက်ရေအေးအေးတစ်ခွက် ယူ လာပေးပါကွယ်”
ဘဘိုးရက ဧည့်ခန်းဆက်တီ ကုလားထိုင်တစ်လုံးပေါ်တွင် ဝင်ထိုင်လိုက်၏။ သမီးငယ်က ရေတစ်ဖန်ခွက် ယူလာသည်။ ဘဘိုးရက ရေဖန်ခွက်ကို သမီးငယ်၏ လက်တွင်းမှ လှမ်းယူကာ တဂွပ်ဂွပ် သောက်ချလိုက်သည်။ တော်တော်လည်း မောနေပုံရ၏။ အသက်တွေကလည်း ရကြပြီကိုး။
“ဘိုးရ တော်တော်မောလာပုံရတယ်၊ ခဏနားအုံး။ ကျွန်တော် နာရီဝက်လောက် အချိန်ရတယ်။ လက်ဖက်ရည်နဲ့မုန့် စားသွားအုံး။ ပြီးတော့ ကျွန်တော် ရုံးသွားတဲ့အခါ တစ်ခါတည်း ပြန်လိုက်ခဲ့။ ဘိုးရ ဈေးချို သွားအုံးမှာ မဟုတ်လား”
ကျွန်တော် ဘဘိုးရနှင့် စကားပြောနေ၍မှ မပြီးဆုံးသေးမီ သမီးငယ်က သူ့အမေစီစဉ်ပေးလိုက်သည့် လက်ဖက်ရည်တစ်ခွက်နှင့် နန်းစိန်ကိတ်မုန့်ကို ပန်းကန်ပြားတစ်ချပ်နှင့်ထည့်၍ လင်ပန်းတစ်ခုပေါ်မှာတင်ကာ ယူဆောင်လာလေသည်။
“ဘိုးရ . . . လက်ဖက်ရည် သောက်လိုက်ပါအုံး။ ကိတ်မုန့်လည်းစား။ နေပြည်တော်က ညီမ ပို့ပေးလိုက်လို့ တိုက်တိုက်ဆိုင်ဆိုင် ခင်ဗျား စားရတာ။ အားရပါးရ စားစမ်းပါဗျာ။ ကျွန်တော်က ခုလေးတင် ထမင်းကြော် ပဲပြုတ်နဲ့ စားပြီးသွားပြီ။ စားပြီး ခင်ဗျားလာရင်းကိစ္စ ပြောပေတာ့”
ဘဘိုးရကြီး တော်တော်ဆာလာပုံရ၏။ လက်ဖက်ရည်ကို တစ်ကျိုက်သောက်လိုက်၊ နန်းစိန်ကိတ်ကို တစ်ကိုက်စားလိုက်နှင့် တစ်ခဏတော့ အလုပ်များနေသည်။
အိမ်ရှေ့ ဆင်ဝင်အောက်သို့ ကျွန်တော်၏ ယာဉ်မောင်း တပ်ကြပ်စံကြည် မောင်းလာသည့် စီဂျေ(၅) ဂျစ်ကား ရောက်လာသည်။
ဘဘိုးရသည် အစားအသောက်ကို လက်စသတ်ပြီး နှုတ်ခမ်းကိုလည်းသုတ်လိုက်၏။
“ဒီလိုဗျ . . . မုဆိုးရဲ့၊ ကျုပ်တို့လယ်တွေ ဒီနှစ်တအားဖြစ်ထွန်းတာ။ စပါးနှံတွေ တအားကို ဖြိုးအက်လို့ လယ်သမားတွေဆို ဝမ်းသာနေကြတယ်။ ဇနီးမယား၊ သမီးသားကအစ ပျော်ကြတယ်ခင်ဗျ။ လယ်တစ်ကွင်းလုံး ဝါထိန်နေတယ်။ အဲဒီတုန်းမှာ ဘယ်တုံးကမှ မကြုံစဖူး၊ မကြားဖူးတဲ့ ကြက်တူရွေးအုပ်ကြီးဗျာ၊ ကောင်းကင်တစ်ခွင်လုံး မည်းမှောင် သွားမတတ်ပေါ့။ အုပ်လိုက်သင်းလိုက် စပါးခင်းတွေထဲ ဆင်းလာကြပြီး စပါးနှံတွေကို ကိုက်ဖြတ်စားပစ် လိုက်ကြတာ ဝက်ဝက်ကိုကွဲရော။
ကျုပ်တို့ လယ်သမားတွေ ဘယ်သူမှ ဘာမှကို မလုပ်နိုင်ကြဘူး။ နောက်မှ သတိရပြီး သံပုံးတွေတီး၊ အခင်းအပြင်မှာ သစ်ကိုင်းခြောက်တွေ၊ သစ်ရွက်ခြောက်တွေ မီးရှို့၊ ဒီတော့မှ ငှက်တွေ တဝုန်းဝုန်းထပျံသွားကြ တယ်။
ဒါပေမဲ့လို့ နောက်တစ်ရက်ကျပြန်တော့လည်း ကြက်တူရွေးတွေ ကောင်းကင်ပေါ်မှာ မည်းမှောင်နေ အောင် ပေါ်လာပြန်ပြီး လယ် နောက်တစ်ခင်း ဝင်စားပြန်တယ်ခင်ဗျ။ လယ်သမားတွေ ဉာဏ်မီသမျှ ခလောက်တွေဆွဲ၊ သံပုံးတွေတီး၊ ကွင်းပတ်ဝန်းကျင်မှာမီးတွေရှို့၊ အမျိုးမျိုးအဖုံဖုံ စုံနေအောင်လုပ်ပြီး ခြောက်လှန့်လည်း မထူးဘူးဗျာ။ စပါးတစ်ခင်းကုန်လုမတတ် စားပြီး မှ ထပျံသွားကြတယ်။
ခုဆို နှစ်ရက် ရှိသွားပြီ။ ကျုပ်တို့မှာလည်း အကြံက ကုန်နေပြီ၊ ဘာဆက်လုပ်ရမလဲ မပြောတတ်တော့ဘူးခင်ဗျ။ ဒါကြောင့် မုဆိုးဆီ ပြေးလာခဲ့ရတာ။ ကျုပ်တို့ ဘာဆက်လုပ်ရင်ကောင်းမလဲဆိုတာ အကြံဉာဏ်ပေးပါအုံးဗျ”
ဒဟတ်တောရွာသားကြီး ဘဘိုးရ၏စကားများကို ကျွန်တော် ကြားရသည့်အခါ ဦးနှောက်စားသွားခဲ့ရ၏။ ကျွန်တော်ကြုံဖူး၊ ကြားဖူးခဲ့သည်က ရိတ်သိမ်းလုဆဲဆဲ ဝင်းမှည့်နေပြီဖြစ်သော စပါးခင်းကို အန္တရာယ်ပေးတတ်သည်မှာ တောဝက်လိုသတ္တဝါတွေသာ ဖြစ်ကြသည်က များသည်။ ရံဖန်ရံခါ တောတွင်းသားကောင်များဖြစ်ကြသော ချေ၊ ဒရယ်လို သားကောင်များ ဝင်ရောက်စားတတ်သည်။
ယခုကဲ့သို့ ကြက်တူရွေးများ အုပ်လိုက်သင်းလိုက်ဖွဲ့ကာ စပါးခင်း ပြုတ်လုမတတ် ဝင်စားကြသည်ကိုမူ မကြုံစဖူး၊ မကြားဖူးခဲ့။
ရုတ်တရက်တော့ ဘဘိုးရ၏ အကူအညီတောင်းခံမှုအတွက် မည်သို့မည်ပုံ အကြံဉာဏ်ပေးရမည်ကို စဉ်းစား၍မရသည်က အမှန်ပင်။
တောတွင်းသားကောင်များဆိုပါက စပါးခင်းအတွင်း ညဉ့်နက်သန်းခေါင် စောင့်ဆိုင်းပစ်ခတ်နိုင်သည်။ သားကောင်များကို တုတ်မီးထိုးလျက် အပိုင်ပစ်ခတ်ချေမှုန်းနိုင်သည်။
တောတွင်းသားကောင်ငယ်ကလေးများက ညဉ့်အမှောင်အောက်မှာ မီးအလင်းရောင်ကို မမြင်ဖူးသဖြင့် ငိုင်ငိုင်ကြီး စိုက်ကြည့်နေတတ်သည်။ သည်သို့သည်ပုံဖြင့် ဘဘိုးရတို့ လယ်ကွင်းများအတွင်း တောဝက်တွေတော်တော်များများ ကျွန်တော် ပစ်ခတ်ရရှိခဲ့ဖူးသည်။
ယခုမူ ကျွန်တော် လောလောလတ်လတ် အကြံအိုက်နေရပြီ။ ဘဘိုးရတို့၏ လယ်ကွင်းများအတွင်း နေ့ အလင်းရောင်အောက်မှာ ဝင်ရောက်ဖျက်ဆီးစားသောက်သော ငှက်တွေကို ဘယ်သို့နှိမ်နင်းရမည် မသိတတ်နိုင်။
“ဒါနဲ့ နေစမ်းပါအုံး၊ ဘိုးရရဲ့တူ လှဒင်ကော ဘာမှမလုပ်နိုင်ဘူးလား၊ သူက လှံမုဆိုးပဲဟာ”
“လှဒင်က တောဝက်သာ ကောင်းကောင်းထိုးနိုင်တာ။ ငှက်ကိုကျတော့ ဘယ်လိုသတ်ရမယ်ဆိုတာ မသိဘူးတဲ့လေ။ ကြက်တူရွေးတွေကလည်း အကြောက်အလန့် လုံးဝမရှိဘူး မုဆိုးရဲ့။ လယ်ကွင်းထဲ တရမန်းကြမ်း ထိုးဆင်း၊ စပါးနှံတွေ ဇွတ်ဝင်ကိုက်ဖြတ်စား၊ စားလို့ကုန်သလောက်ရှိပြီလည်းဆိုရော ထပျံထွက်သွားကြရောဗျာ။ ကျုပ်တို့ကတော့ လက်မှိုင်ချရတော့မယ်နဲ့တူပါရဲ့”
“အားမလျှော့လိုက်ပါနဲ့ ဘဘိုးရရယ်၊ နံနက်စာစားကြအုံးမယ်။ စားသောက်ပြီးမှ ဆက်စဉ်းစား ကြသေးတာပေါ့။ ကိုင်း … ကိုင်း အမေ ကြီးရေ၊ ဘဘိုးရကို နံနက်စာကျွေးရအောင် ပြင်ပေးပါအုံး”
“နို့ နေပါအုံး၊ မုဆိုး ရုံးသွားရအုံးမယ် မဟုတ်လား”
“ဒီနေ့ ကျွန်တော် ခွင့်တစ်ရက်တင်လိုက်မယ်။ မနက်ဖြန် ဒီပါဝလီနေ့ ရုံးပိတ်ရက်ပဲ။ ကျွန်တော့်အထက်အရာရှိက ကျွန်တော့်အပေါ် နားလည်မှုရှိပါတယ်။ ဘိုးရအပြန် တစ်ပါတည်း ကျွန်တော် လိုက်ခဲ့မယ်”
ဘဘိုးရ၏မျက်နှာ ဝင်းထိန်သွားသည်။ ကျွန်တော် လိုက်လာမည်ဆိုသောကြောင့် သူပျော်သွားသည်။ ကြက်တူရွေးအုပ်ကို နှိမ်နင်းသုတ်သင်နိုင်ခြင်းမရှိသည့်တိုင် တိုင်တိုင်ပင်ပင် လုပ်ဆောင်ပေးနိုင်မည့် ကျွန်တော် ပါလာခဲ့ပြီ မဟုတ်ပါလား။
ကျွန်တော်တို့နှစ်ယောက်သား အိမ်ရှင်မပြင်ပေးသည့် နံနက်စာကို မြိန်ရေရှက်ရေ တဝကြီးစား ပစ်လိုက်ကြ၏။ ဒဟတ်တောသို့ ဘိုးရနှင့် လိုက်ပါသွားရတော့မှာလေ။
ကျွန်တော့်တွင် စိတ်ကူးတစ်ခု ရှိထားသည်။ ယနေ့ ဘဘိုးရနှင့် အတူလိုက်ပါသွားပြီး ကျွန်တော် တွေ့ချင်နေသူတစ်ယောက်အား ရှားပင်ကြီးရွာတွင် ဝင်ရောက်ခေါ် ဆောင်သွားရန် ဖြစ်ပါ၏။ ရှားပင်ကြီးရွာသား ထွန်းနုက စွယ်စုံတတ်ကျွမ်းသော ခွေးမုဆိုးတစ်ဦး ဖြစ်ပါသည်။ ခွေးသုံးကောင်ကို သုံးလသားအရွယ်မှစ၍ မွေးထားပြီး စနစ်တကျ လေ့ကျင့်သင်ကြားပေးထားသဖြင့် ထွန်းနု၏ခွေးတွေက အမဲလိုက်ခွေးကောင်းများ ဖြစ်လာကြ၏။
ခွေးသုံးကောင်နှင့် ထွန်းနု တောလည်ထွက်လျှင် အမဲမပါလာသည့်နေ့ မရှိ။ တောကောင်အငယ်ဆုံး ယုန်တစ်ထုပ် နှစ်ထုပ်၊ ချေတစ်ကောင်၊ ရံဖန်ရံခါ ဒရယ်တစ်ကောင်၊ ကံကောင်းသည့်နေ့ဆိုပါက တောဝက်ပေါက်တစ်ကောင်လောက်တော့ ရလာတတ်သည်။
ရှားပင်ကြီးရွာသို့အရောက် ထွန်းနုကို တောသို့ထွက်တော့မည့်ဆဲဆဲ သူ၏အိမ်ပေါက်ဝမှာ အသင့် တွေ့လိုက်ရသည်။ ကျွန်တော်တို့ စီးလာခဲ့သော ရှမ်းစတားဂျစ်ကားကို သူမြင်သွား၍ ရပ်တန့်စောင့်ဆိုင်းနေလေသည်။
“အတော်ပဲ ထွန်းနုရေ၊ မင်း တောမထွက်ခင် အချိန်မီအုပ်မိသွားတယ်။ တို့နဲ့တစ်ပါတည်းသာ လိုက်ခဲ့ ပေတော့။ မင်းဆီမှာ ကောင်းကင်ပိုက်ကြီး ရှိနေသေးတုန်းပဲ မဟုတ်လား”
“ဟုတ်ကဲ့. . . ဗိုလ်ကြီး၊ ရှိနေပါသေးတယ်။ ခွေးတွေနဲ့ပဲ တောလိုက်ထွက်နေတာကြောင့် သိပ်မသုံးဖြစ်ပါဘူးခင်ဗျ။ ကျွန်တော် ဘာလုပ်ပေးရမလဲ ဗိုလ်ကြီး”
ခွေးမုဆိုး ထွန်းနုက အလွန်တော်သော အထာသိသည့် အဖော်ကောင်းတစ်ယောက်မို့ ကျွန်တော် သူ့ကို ရင်းနှီးကျွမ်းဝင် ခင်မင်နေခြင်းပင်။
သူ့ခွေးတွေကလည်း တောလည်ရာတွင် ခွေးဟုသာဆိုရသည်၊ မုဆိုးနောက်လိုက်တစ်ဦးနှယ် အားကိုးရ၏။ သခင်၏ အရိပ်အကဲကိုကြည့်၍ လှုပ်ရှားတတ်သည်။ သခင်က လိုက်တော့ဆိုလျှင် တသွင်သွင်စီးဆင်းနေသော အလွန်ရေစီးသန်လှသည့် ဆတ်သေချောင်းကိုပင် ဖြတ်ကူးလျက် သားကောင်နောက်သို့ လိုက်တတ်သည်။ သည်မျှအားကိုးအားထားပြုရသော ခွေးများဖြစ်ပါသည်။
ဆတ်သေချောင်းဆိုသည်က မည်ကာမတ္တမဟုတ်ပါ။ တောင်ပေါ်မှာ မိုးတွေ ညို့ပြီဆိုလျှင် ချောင်းကိုဖြတ်ကူးရန် မဆိုထားဘိဦး။ ချောင်းစပ်သို့ပင် မဆင်းပါလေနှင့်။ တောင်ကျရေများ ဝါးလုံးထိုး ဒလဟော စီးဆင်းလာပြီး လူ၊ တိရစ္ဆာန်၊ သစ်ပင်နှင့် သစ်ကိုင်းများပါမကျန် တိုက်စားသွားတတ်သည်။ တောတွင်းသားကောင်များထဲတွင် အလွန်အပြေးသန်လှသည့် ဆတ်လိုသတ္တဝါပင် မလွတ်ချေ။ ထို့ကြောင့်လည်း ဆတ်သေချောင်းဟု တွင်နေခြင်းဖြစ်ပါသည်။
ကျွန်တော်တို့ ရှားပင်ကြီးရွာမှ ထွက်ခွာလာချိန်မှာ အချိန်ကောင်းဖြစ်၏။ ဘဘိုးရ၏ အိမ်ဝိုင်းရှေ့သို့ ကျွန်တော်တို့၏ဂျစ်ကား အရောက်တွင် ဘဘိုးရ၏အိမ်သူ အရီးစံမယ်က ထွက်၍ကြိုဆိုနေသည်။ အရီးစံမယ်၏ ပဋိသန္ဓာရနှုတ်ဆက်စကားက ကျွန်တော်တို့အား အမောပြေစေသည်။
“ဟောတော့. . . ကျုပ်တို့မုဆိုးကြီးပါ ပါလာတာပါလား။ အတော်ပဲ အိမ်ကအဘိုးကြီးရေ၊ ညောင်ပင် သာရွာဘက်က ဝက်ပေါက်တစ်ကောင် ကိုင်းထောင်လို့ရလာတာတဲ့။ အဲဒီဝက်ပေါက်က အချိန်လေးဆယ် ထွက်တယ်။ ဘဘိုးရဖို့တဲ့၊ လှဒင်လာ ပို့ထားတယ်။ ကျုပ်တို့မုဆိုးကြီးကို တောဝက်သား ငရုတ်စပ်စပ် တောချက် ချက်ပေးလိုက်အုံးမယ်။ နှစ်ပိဿာကြီးများတောင်လေ”
“ကောင်းတာပေါ့ အမယ်ကြီးရယ်၊ ဒါဖြင့်လည်း နေ့လယ်စာ မြန်မြန်စီစဉ်လိုက်ပေတော့။ စားပြီးရင် လယ်ကွင်းတွေဆီ သွားကြမှာ။ ကိုင်း… မုဆိုးဘယ်လိုစီစဉ်ထားလဲ၊ ပြောပြပါအုံး”
“ပြောပြနေဖို့ အချိန်မရှိတော့ဘူး။ နေ့လယ်စာစားပြီး ဒီကထွက်တာနဲ့ လုပ်ငန်းစရမယ်။ ခင်ဗျား ရွာသားလေးငါးခြောက်ယောက် ခေါ် ထားပေတော့။ ဩော်. . . ဒါထက် ထီးရိုးဝါး ဆယ့်နှစ်လံလောက် နှစ်လုံးလည်း ယူသွားရအောင်”
နေ့လယ်စာကို ကျွန်တော်တို့တစ်တွေ ကမန်းကတန်းဝိုင်းဝန်းစားသောက်လိုက်ကြ၏။ စားပြီးကြသည့်အခါတွင်မူ ကျွန်တော်က ဦးဆောင်ကာ လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်ကို ညှိနှိုင်းတိုင်ပင်သည်။
စွယ်စုံမုဆိုးထွန်းနုက သူ၏ ကောင်းကင်ပိုက်ထောင်ပုံထောင်နည်းကို ရှင်းလင်းပြောပြ၏။
ကောင်းကင်ပိုက်ဆိုသည်က ခက်ခက်ခဲခဲ ပြုလုပ်ရခြင်းမဟုတ်ပါ။ ဘောလုံးကွင်းမှ ဂိုးတိုင်လိုပင် ဖြစ်ပါသည်။ အလျားသုံးလံ အနံငါးလံရှိ နိုင်လွန်ပိုက်ကို ဆယ့်နှစ်လံအရှည် ထီးရိုးဝါးနှစ်ချောင်းအား ငါးတောင်အကွာတွင် တစ်လုံးစီထောင်လျက် ပိုက်ကိုဖြန့်၍ ချည်နှောင်ထားခြင်း ဖြစ်ပါသည်။
ယခု စပါးခင်းအတွင်း ဆင်းလျက် စပါးနှံများကို ဝင်ရောက်စားသောက်နေကြသော ကြက်တူရွေးအုပ်ကို တစ်ဖက်မှ ခြောက်လှန့်မောင်းထုတ်လျက် တစ်ရှိန်ထိုးထအပျံမှာ ကောင်းကင်ပိုက်နှင့် ဝင်တိုးအောင် ထောင်ထားခြင်း ဖြစ်ပါသည်။
ဘိုးရနှင့် ဒဟတ်တောရွာသားများ ယခုမှ နားလည်သဘောပေါက်သွားကြ၏။
နေထန်းတစ်ဖျား လောက်ရောက်သည်တွင် လယ်ကွင်းထဲမှာ ကျွန်တော်တို့ နေရာယူပြီးကြပြီ။ ကောင်းကင်ပိုက်ကိုလည်း ထောင်ထားပြီးကြပြီ။
ကောင်းကင်ပိုက်ကို တစ်ဖက်တွင် ထွန်းနုက ထိန်းကိုင်ကာ တစ်ဖက်ကို လှံသမား လှဒင်က ထိန်းကိုင်သည်။ ကောင်းကင်ပိုက်ကို ငှက်တွေတိုးပါက ကန် သင်ရိုးတွင်ဝပ်လျက် ပုန်းကွယ်စောင့်ဆိုင်းနေကြမည့် ရွာသားနှစ်ဦးက တစ်ဖက်တစ်ချက်မှ ပြေး ထွက်လာကြပြီး ပိုက်ကိုချည်နှောင်ထားသော ထီးရိုးဝါးကို ကနဦးကိုင်ထားကြသည့် ထွန်းနု၊ လှဒင်တို့နှင့် အတူ ဝိုင်းကူထိန်းကိုင်ပေးကြမည် ဖြစ်ပါသည်။
ငှက်များ ကောင်းကင်ပိုက်ကိုတိုးပြီး အန်ကျလာသောငှက်များကို ပုန်းနေသောရွာသားနှစ်ယောက်က ထပ်မံပြေးထွက်လာကာ တုတ်ဖြင့်ရိုက်ကာ လက်စတုံးရန် ဖြစ်ပါသည်။
ယင်းသို့ဖြင့် အစီအစဉ်ကို စနစ်တကျ ပြောကြားပြီး သည့်နောက် ကျွန်တော်တို့ နေရာယူလိုက်ကြ၏။
“ကြက်တူရွေးတွေ ဒီနေ့ လယ်ကွက်ထဲမှာ ထွန်းနုတို့တစ်တွေ ကောင်းကင်ပိုက်ထောင်ဖို့ အလုပ်ရှုပ်နေကြတာ မြင်နေပုံပဲ။ ဒါကြောင့် နံနက်ခင်းက ဆင်းမလာကြဘူး။ ညနေစောင်းရင် အသေအချာကို လာကြမှာ။ ကျွန်တော်တို့ သေနတ်သမားက လယ်ကွင်းအနောက်ဘက်မှာ ကျွန်တော်ရှိမယ်၊ မြောက်ဘက်က ဘဘိုးရ စောင့်လိမ့်မယ်၊ တောင်ဘက်ကတော့ ဘဘိုးရသားကြီး မောင်လှိုင်က ဗြောက်အိုးတွဲတွေနဲ့ ရှိနေမယ်။
ကြက်တူရွေးအုပ် လယ်ကွင်းထဲဆင်းလာပြီး စပါးနှံတွေ စားပြီဆိုတာနဲ့ ကျွန်တော်ကစပြီး နှစ်လုံးပြူးနဲ့ပစ်မယ်။ ကျွန်တော် စပစ်ပြီဆိုရင် ဘဘိုးရကလည်း တစ်လုံးထိုးသေနတ်နဲ့ ပစ်ပေတော့။ မောင်လှိုင်ကလည်း သေနတ်သံတွေ ကြားကြားချင်း ဗြောက်အိုးတွဲကို မီးရှို့ပေတော့။
ကြက်တူရွေးတွေက သေနတ်သံတွေ၊ ဗြောက်အိုးဖောက်သံတွေကြားရင် လန့်ပျံကြမှာ မလွဲဘူး။ သင်းတို့ပျံထွက်ကြမှာကလည်း အရှေ့ဘက်တစ်နေရာပဲ ကျန်တာဆိုတော့ ကောင်းကင်ပိုက်ထဲ ထွေးခနဲပဲ။
ကိုင်း. . . ကျွန်တော်ပြောတာ နားလည်ကြပြီဆိုရင် လှုပ်ရှားကြပေတော့”
ကျွန်တော်တို့အဖွဲ့သားအားလုံး မုဆိုးတွေချည်းဖြစ်ရကား ချက်ဆို နားခွက်က မီးတောက်အောင်ပင် အထာကို သိရှိနားလည်ကြသည့်အတွက် ချက်ချင်းဆိုသလို မိမိတို့ တာဝန်ကျရာ နေရာအသီးသီးသို့ သွားရောက်နေရာယူကြသည်။ မွန်းတိမ်းလုနီးပြီဖြစ်၍ ကောင်းကင်ထက်သို့လည်း တမော့မော့ ကြည့်နေမိကြပြီ။
မကြာမတင်သောအချိန်အတွင်း ကြက်တူရွေးအုပ်က သေချာပေါက်ဆင်းလာတော့မည် ဖြစ်၏။
ဘဘိုးရနှင့် ကျွန်တော်တို့ စိတ်ရှည်လက်ရှည် စောင့်ရကျိုးနပ်ပါ၏။ မြောက်ဘက်ကောင်းကင်ပြာပြာထက်မှ ကြက်တူရွေးအုပ်က မည်းမည်းလှုပ်လှုပ် ပျံသန်းဆင်းသက်လာလေသည်။ ဝန်းကျင်တစ်ခွင်လုံးလည်း ကြက်တူရွေးအော်သံများ ညံနေသည်။
စပါးနှံများကို အလုအယက် တစ်ကောင့်တစ်ကောင် ကျော်နင်းတိုက်ခိုက် ကိုက်ဖြတ်စားနေကြသည်။ ကြက်တူရွေးများ အစာကို အငမ်းမရ ကိုက်ဖြတ်စား နေကြသဖြင့် ဝန်းကျင်ကို ဂရုမစိုက်နိုင်တော့။
ကျွန်တော်က လယ်ကွက်အတွင်းမှ ကြက်တူရွေးအုပ်ကို စရိတ်ကျည်နှစ်တောင့်ထည့်ထားသော နှစ်လုံးပြူးသေနတ်ဖြင့် ချိန်ရွယ်ပစ်ခတ်လိုက်၏။
တစ်ချက်၊ ပြီးတော့ နောက်တစ်ချက်။
“ဒိန်း”
“ဒိန်း”
သေနတ်သံက ကျယ်လောင်ပြင်းထန်စွာ ပေါက်ကွဲမြည်ဟိန်းသွားပြီး ပဲ့တင်သံ အဆက်မပြတ် ပြန်လာလေသည်။
ကျွန်တော်ပစ်လိုက်သော သေနတ်သံမစဲသေးမီ ဘဘိုးရကလည်း တစ်လုံးထိုး သေနတ်ဖြင့် နှစ်ချက်ဆက်တိုက် ပစ်ခတ်လိုက်သည်ဖြစ်ရာ ကျည်ပေါက်ကွဲသံများ ဟိန်းဟိန်းညံသွား၏။
မောင်လှိုင်ကလည်း မဆိုင်းမတွပင် ဗြောက်အိုးတွဲကို မီးရှို့လိုက်သည့်အတွက် . . .
“ဒိန်း. . . ဒိုင်း. . . ဖောင်း. . . ဘောင်း”
ပေါက်ကွဲသံတွေ ဆူညံပွက်လော ရိုက်သွား၏။ ကြက်တူရွေးအုပ်သည် မထင်မှတ်သော ပေါက်ကွဲသံများကို ရုတ်တရက် ကြားလိုက်ရသည်ဖြစ်၍ ထိတ်လန့်ချောက်ချားစွာ ကျွန်တော်ထင်မှတ်ထားသည့်အတိုင်း လယ်ကွက်အရှေ့ဘက်သို့ တစ်အုပ်လုံး တစ်ရှိန်ထိုး ထပျံကုန်ကြလေသည်။
ကျေးငှက်တို့၏ တောင်ပံခတ်သံများ ဖြိုးဖြိုးဖြုန်း ဖြုန်း အုန်းအုန်းကျွက်ကျွက် ဖြစ်သွားသည်။
ကြက်တူရွေးအုပ်သည် တစ်ရှိန်ထိုးထပျံသွားပြီး ထွန်းနုနှင့် လှဒင်တို့၏ ကောင်းကင်ပိုက်ကို တည့်တည့်ကြီး ဝင်တိုးလေသည်။ ကြက်တူရွေးကောင်ရေ များပြားလွန်းသဖြင့် ပိုက်အတွင်း ကျေးငှက်တွေ တစ်ထွေးကြီးရောက်ရှိသွားသည်ဖြစ်ရာ ရွာသားနှစ်ယောက်ပါ ပုန်းကွယ်နေရာက ပြေးထွက်လာခဲ့ပြီး ဝါးလုံးကို ဝင်ရောက်ထိန်းကိုင်သည့်တိုင် မနိုင်မနင်းဖြစ်လျက် နောက်ပြန်လဲကျလုမတတ် ဖြစ်ကုန် သည်။
“နောက်ပြန်လဲမသွားစေနဲ့။ ဝါးလုံးမလဲအောင် ထိန်းထား။ လဲသွားရင် ကြက်တူရွေးတွေ လွတ်ကုန်လိမ့်မယ်၊ အားထည့်ပြီး ထိန်းထား”
ကျွန်တော်တို့ ကြိုတင်ညှိနှိုင်းထားကြသည့်အတိုင်း ကောင်းကင်ပိုက်ကို ဝင်တိုးရင်း အန်ထွက်ကျလာခဲ့သည့် ငှက်များအား ကန်သင်းပေါင်ကိုကွယ်လျက် ဝပ်နေကြရာမှ ထလာကြသော ရွာသားနှစ်ယောက် က တုတ်ကိုယ်စီဖြင့် အတင်းဝင်ရောက် ရိုက်နှက်ကြ၏။
ကြက်တူရွေးများကလည်း အသက်ဘေးမို့ လွတ် ရာလွတ်ကြောင်း အုပ်စုတွင်းမှ အတိုးတိုးအဝှေ့ဝှေ့ ပျံသန်းထွက်ခွာရင်း ရန်သူလူသားများကို မည်း မည်းမြင်ရာ နှုတ်သီးနှင့်ထိုးဆိတ်၊ ခြေထောက်နှင့်ကုတ်လျက် ကိုယ်လွတ်ရုန်း ပြေးကြ၏။
ရွာသား နှစ်ယောက်ခမျာ မျက်စိအစုံကို ငှက်တွေထိုးဆိတ်ခြင်းမခံရလေအောင် အသည်းအသန်ကာကွယ်လျက် ထွက်ပြေးသွားကြလေသည်။
သို့စဉ်တိုင် သွေးရဲရဲသံရဲရဲနှင့် ကျန်ခဲ့ကြ၏။
ထွန်းနုနှင့် လှဒင်တို့သည်လည်း သက်သောင့်သက်သာ မရှိကြ။ ကောင်းကင်ပိုက်ကို ကြက်တူရွေးငှက်များ တစ်အုပ်တစ်မကြီး လုံးထွေးတိုးဝှေ့ဝင်ရောက်နေသည်ဖြစ်၍ မနိုင်မနင်း ခြေကိုကန်ကာ ထိန်းကိုင်နေသည့်ကြားမှ ကြက်တူရွေးများ ပိုက်အတွင်း အလုံးအရင်းဖြင့် ရောက်ရှိနေခြင်းကြောင့် လေး ယောက်အားနှင့်ပင် မထိန်းနိုင်တော့ဘဲ ကောင်းကင်ပိုက်ကြီးမှာ ငှက်တွေ တစ်ထွေးကြီးဖြင့် မြေပြင်သို့လဲကျသွားတော့၏။
ကြက်တူရွေးတွေကလည်း ကောင်းကင်ပိုက်အောက် တွင် ပိတ်မိနေကာ လွတ်မြောက်အောင် မပျံနိုင်ကြတော့ဘဲ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး လုံးထွေးသေဆုံး ကုန်ကြလေသည်။
ငှက်တွေကြားထဲ ရောက်ရှိသွားသည့် ရွာသားနှစ် ယောက်လည်း ငှက်အုပ်က နှုတ်သီးနှင့် ထိုးဆိတ်ခြင်း၊ ခြေသည်းဖြင့် ကုတ်ခြစ်ခြင်းခံကြရ၍ သွေးသံရဲရဲ ဖြစ်ကုန်ကြရ၏။
ကောင်းကင်ပိုက်နှင့် အုပ်မိပြီး ကြက်တူရွေးများ ရာနှင့်ချီ၍ ရသည်။ ရွာသားနှစ်ယောက်၏ တုတ် နှင့်ရိုက်ခြင်းခံရသဖြင့် တော်တော်များများ သေကြပြန်သေးသည်။
စာရင်းချုပ်လိုက်သောအခါ၌မူ ကြက်တူရွေးတွေ ထောင်ဂဏန်းနီးနီး သေဆုံးကုန်လေသည်။
ကျေးငှက်သုတ်သင်ရေးစီမံကိန်းအနေနှင့် အတော်အတန်အောင်မြင်သည်ဟု ပြောလို့ရပါသည်။ ဒဟတ်တောရွာ ဘဘိုးရ၏အိမ်ဝိုင်းအတွင်းမှာ ညှီနံ့တထောင်းထောင်း ထသွားရသည်။ ကြက်တူရွေးအမွေးတွေကလည်း တောင်နှယ်ပုံလေသည်။
“အမယ်လေးတော်၊ ကျုပ်အိမ်ဝိုင်းထဲမှာတော့ ညှီနံ့တွေနဲ့ဖုံးနေပါပြီတော်။ အိမ်ကမုဆိုးကြီးရေ၊ တစ်လက်စတည်း တစ်ခါတည်းရှင်း ခိုင်းပေးပါအုံး။ ကျုပ် ညစာကောင်းကောင်း ချက်ထားပါတယ်ရှင်။ ရှင်း လင်းပြီးရင် ညစာလာစားကြပါ၊ ဟုတ်ပြီလား”
ယင်းနေ့က အရီးစံမယ်ချက်ထားပေးသော တောဝက်သားငရုတ်သီးစပ်စပ်၊ ဆတ်သားခြောက်ထောင်းကြော်၊ ချောင်းငါးကလေးကင်လျက် ခတ်ထားသော သုံးဦးစပ်ငါးပိရည်ဖျော်တို့ဖြင့် ခေါင်းမဖော်နိုင်အောင် စား၍မြိန်လှပါ၏။
နောက်တစ်နေ့မှာ မန္တလေးသို့ ကျွန်တော်ပြန်လာခဲ့ပါသည်။ အလုပ်တာဝန်များဖြင့် မအားမလပ်ဖြစ်နေ၍ ဘဘိုးရတို့ ဒဟတ်တောရွာမှ လူများနှင့် မဆုံဖြစ်ခဲ့ပါ။
ရက်သတ္တနှစ်ပတ်လောက်အကြာ တစ်နေ့တွင် မောင်လှိုင် မန္တလေးသို့ ဈေးဝယ်တက်လာရင်း ကျွန်တော့်အိမ်သို့ ရောက်လာသည်။
“အဖေက အဘမုဆိုးအတွက် ဆတ်သားခြောက်နှစ်ပိဿာ ပို့ခိုင်းလိုက်ပါတယ်။ အဘမုဆိုးကိုလည်း အရမ်းကျေးဇူးတင်နေပါတယ်လို့လည်း အသေအချာ မှာလိုက်တယ်ခင်ဗျ။
ရွာကလယ်တွေလည်း ရိတ်ပြီးကုန်ကြပါပြီ။ ဒီနှစ် လယ်သမားတွေ စပါးအထွက်များလို့ ပျော်နေကြပါ တယ်။ အမေက အဘကို တောဝက်သား ကောင်းကောင်းချက်ကျွေးချင်လို့ ရွာကိုတစ်ခေါက်လာပြီး တောလည်ပါအုံးလို့လည်း မှာလိုက်ပါသေးတယ်။ ဆက်ဆက်လာခဲ့ပါနော် အဘ။
ဪ. . . ဒါထက် အဘရေ၊ ကြက်တူရွေးတွေလည်း ဒဟတ်တောဝန်းကျင်မှာ တစ်ကောင်တစ်မြီးမှကို မတွေ့ကြရတော့ဘူး ခင်ဗျ။ မျိုးတုံးသွားပြီလားလို့တောင် အောက်မေ့ရတယ် အဘရယ်”
ငွေတာရီမဂ္ဂဇင်း
– ပြီး –
စာရေးသူ – ခင်မောင်အေး(မန္တလေး)