တွင်းကြီးဝမ်းမောင်
ငှက်ပစ်သမား
ကဆုန်လကွယ်ညသည် ပိန်းပိတ်ပိတ်မှောင်။
ငတောတို့ ငလုံးတို့ ရွာမှ အချိန်ဆွဲ ထွက်ခဲ့ကြသည်။ မြန်မာ စံတော်ချိန် ရှစ်နာရီရှိပါပြီဟု ဆိုချိန်ရောက်မှ သူတို့အပင်ပန်းဖြေ၊ အားသစ်ဝင်၊ လုပ်ငန်းခွင်သစ်တစ်ခုလုပ်ကိုင်ရန် စတင်လှုပ်ရှားကြသည်။
ငတောတို့ မိသားစု နွေပဲတီ(ပဲဒီ)ကောက်ကို နေကုန်ဆယ်ရက်တိတိ အခစား အငှားအရမ်း လိုက်ခဲ့ကြသည်။
ငတော၊ ငလုံး၊ ငမုံးနှင့် လေးခင်မ သားမိသားဖ လေးယောက်၊ တစ်ယောက်ကို တစ်ရက် ဒေသလုပ်ခနှုန်းထားက ကိုယ့်ထမင်းကိုယ်စား ကျပ်လေးထောင်။ လေးယောက်ဆိုတော့ တစ်နေ့ ကျပ်တစ်သောင်းခြောက်ထောင်။ ဆယ်ရက်ဆိုတော့ ကျပ်တစ်သိန်းခြောက်သောင်းသောလုပ်ခငွေ ဝင်သည်။ ဝင်လာသည်မှ သပိတ်ဝင် အိတ်ဝင်။
နွေပဲတီထုံးစံက တစ်ခါကောက်၊ နောက် အသီးရင့်မှည့်မှ ပြန်ကောက်။ ထိုအချိန်တွင်းမှာ ပဲတီခင်းရှင်က ရေသွင်းတန်သွင်း၊ ဆေးပက်တန်ပက်၊ ထပ်ရင့်မှည့်မှ ငတောတို့ကဲ့သို့သော ငှားလူပြန်ခေါ်၊ တစ်ပြန်ကောက်၊ တစ်ပတ်နှင့် တစ်ပတ်ကြား ဆယ့်လေးငါးရက်မက ကွာခြားတတ်သည်။
ယနေ့ တစ်နေကုန်လုံး ပဲတီကောက်၊ ည၌ ငှက်ပစ်ထွက်ရန် ငတောနှင့် ငလုံးတို့ အနေဖြင့် ယခင်နေ့များကတည်းက လျာထားခဲ့သည်။
ပဲတီကောက် ထုံးစံက ညနေလေးနာရီကျော်က ယာခင်းမှ တက်၊ ငါး နာရီဝန်းကျင် အိမ်ပြန်ရောက်၊ ခေတ္တချွေးသိပ်ရန် အအေးခံ၊ ရေမိုးချိုး ထမင်းစား၊ ခြေဆန့်ကျောဆန့်လုပ် နားနားနေနေ။
မနက်ဖြန် သန်ဘက်ခါမှာ ပဲတီကောက်ငှားသူမရှိ။ နားရက်များ။
ထို့ကြောင့် ယနေ့ည ငှက်ပစ်ထွက်၍ မိုးစင်စင်လင်း နေမင်း ဝင်းဝင်းပပ ဖြစ်ချိန်မှ သူတို့ အိမ်ပြန်ကြရသည့်တိုင် အခစား အငှားအရမ်းလုပ်ငန်းအတွက် နောက်ဆံတင်းစရာမရှိ။
စိတ်ဆောင်သော်လည်း ကိုယ်ခန္ဓာက အနားမယူ မရမချင်း အားကုန်အင်ကုန်။ တစ်နာရီ နှစ်နာရီကျော်ခန့် ရေမိုးချိုး ထမင်းစား ကျောဆန့် ခါးဆန့် ခြေဆန့်နား၊ ကြက်အိပ်ကြက်မှေး တစ်မှေး မှေးလိုက်ရမှ အားသစ်အင်သစ် စီးဝင်လာသည်။
လက်ဖက်ခြောက်ဖန်ဖန် ခပ်ထားသော ရေနွေးကြမ်းတစ်အိုး၊ ထန်းလျက် မြေပဲဆန် ရောကြော်ထားသော ထန်းလျက်ကြော်တစ်ပန်းကန် အရသာခံ၍ သောက်၊ အပင်ပန်းဖြေဖျောက်လိုက်ချိန်တွင် အပင်ပန်းခံနေကျ၊ ထုသားပေသားကျနေကျ ခန္ဓာကိုယ်က လန်းဆန်းဖျတ်လတ်လာသည်။
ဆယ်ရက် နေကုန်လုပ်ခဲ့ရသည့်တိုင် သူတို့မှာ အင်အားကုန်ခန်းမသွားကြောင်း ဖော်ပြလာပါ၏။
ပဲတီအငှားကောက်ခ တစ်နေကုန် လူတစ်ယောက်ကျပ်လေးထောင်။ လေးဦးလိုက်သောအခါ ကျပ် တစ်သောင်းခြောက်ထောင်။ ဆယ်ရက်ရှိသောအခါ ကျပ် တစ်သိန်းခြောက်သောင်း။ လုပ်အားခအနေဖြင့် တွက်ချက်ပါက မသေးငယ်သော ဝင်ငွေ။ သည်ငွေ ဝင်ထားပါလျက်နှင့် တစ်ညမှ မနားဘူး။ တောလိုက် ညထပ်ထွက်တာ လောဘဇောကပ်လို့ များလား။ ငတောတို့ကို မေးစရာ။
ကိုယ့်ဝမ်းနာ ကိုယ်သာသိ။
တောင်ကြီး ဖဝါးအောက်။
လှိုင်းကြီး လှေအောက်။
လုပ်အားခ ဘယ်လောက်ကြီးကြီး၊ ဘယ်လောက်များများ ကုန်ဈေးနှုန်းအောက်ရောက် ပျောက်၊ ကြွေးဆပ်စရာဆပ်။ မရခင်က စားထားသည်များ၊ ရဆဲလုလု စားထားသည်များ၊ နောင်မှ စားရမည့် ဝယ်ခြမ်းလျာထားများ … များ … များ တို့ များလာသောအခါ ဝင်ငွေတော့ ကိန်းဂဏန်းအရ များနေပါ၏။
ရေသာများ၍ ငါးလည်း မတွေ့သည့် မန်ဒါလီပမာ ဖြစ်ရပါ၏။ ရမလောက်၊ မကျပျောက်ဘဲ ကုန်တတ်သည့် ပျံကျလူတန်းစား၏ ထုံးစံအတိုင်း ရတော့ရခဲ့ပါ၏။ မကျန်ရစ်။ ကျန်တော့ ကျန်ခဲ့ပါ၏။ များများ မကျန်။ မှန်တာပြော သစ္စာပါ။ ထိုသို့ပမာ ငတောတို့ ဖြစ်နေရပါဘိတောင်း။
သည်ကဲ့သို့ ဖြစ်နေသောကြောင့် မကျေမနပ်ဖြစ်ကာ မိုးကို၊ နေကို၊ လေကို၊ မင်းအစိုးရကို၊ မင်းမှုထမ်းကို၊ နတ်ကို၊ ရုက္ခစိုးကို၊ ကိုယ့်ရွာသူရွာသားကို တမာန်မာန် တမဲမဲ တဆဲဆဲ တဆူဆူ တကျိန်ကျိန် တတွယ်တွယ် လုပ်နေ၍ ရမလား။ တစ်ပူက နှစ်ပူ ဖြစ်ချင်ဖြစ်မည်။ ထွက်ပေါက်အမှန်တော့ ဖြစ်အံ့ဟု ငတော မထင်။ ကိုယ့်ဝမ်းစာ ကိုယ်ရှာ၊ ကိုယ့်အားကိုယ်ကိုး၊ တက်ကျိုး လက်ထိုးလှော်၊ လူမသေ ငွေမရှား၊ လုပ်စားဝံ့သည့် သတ္တိထား။
ယနေ့သည် လကွယ်ည။
လကွယ်ညသည် တောကြက် တောငှက်များဆီသို့ လာမည့်လူကို အဝေးမှ ကြိုတင်မြင်ခွင့် မရသောည။
နီးကပ်နေပြီ၊ ပစ်ခွင့်သာပြီ၊ ဖမ်းခွင့်သာပြီ ဟုဆိုလာချိန်မှ သားကောင်နှင့် လူ၊ လူနှင့် သားကောင် သူဦးကိုယ်ဦး ပစ်ကြခတ်ကြ၊ ဖမ်းကြဆီးကြ၊ ရှောင်ကြတိမ်းကြ။
တောကြက်တောငှက်သည် သားကောင်ဖြစ်သော်လည်း သားကောင်မှာလည်း သားကောင်အသိရှိသည်။ သစ်ပင်တစ်ပင်မှာ အိပ်သည့် သစ်ပင်ထက်အိပ် တောကြက် တောငှက်။ သူအိပ်မည့်အပင် တန်းတန်း မတ်မတ် မဝင်။ သူ့မျက်စိတကြည့် မြင်ကွင်းသစ်ပင်ကြီး တစ်ပင်ပေါ်ကို တက်၊ သူအိပ်မည့် သစ်ပင်၌ ဘေးအန္တရာယ် ရှိ မရှိ ကြည့်၊ သေသေချာချာ ထပ်ထပ်ကြည့်၊ သူတို့စိတ်ထဲ သံသယမရှိမှ အိပ်တန်းဝင်အပင် လာအိပ်သည်။
မြေပြင်အိပ်ငှက်လည်း မူလနေရာ ပျံဆင်း၊ အိပ်မည့်နေရာ အကဲခတ်ပြီးမှ နေရာရွေးချယ် အိပ်တတ်သည်။
တောကြက် တောငှက်လည်း လူသားနှင့် တူလှပါ၏။
အိပ်တန်းတန်းဝင်၊ ချက်ချင်းပင်လျှင် တခူးခူး တရှူးရှူး အိပ်တတ်သည်မဟုတ်။ အိပ်တန်းတော့ ဝင်ပါ၏။ အချိန်အတိုင်းအတာ တစ်ခုရှိမှ အိပ်ပျော်လေ့ရှိသည်။
သူအိပ်မပျော်သေးခင် ချဉ်းကပ်မိက မျက်စိရှင်၊ နားပါး၊ သတိကြီးတတ်သည်။
ညငှက်ရိုက်ရာ၌ အချိန်စောစော သူတို့မအိပ်မီ လရောင်ခြည်ကြည်နေချိန် လူ့အရိပ်က သူတို့ဘက် ကျသွား၍ သိသွား၊ မြင်သွားလျှင် အလွန်ကြောက်ကြသကဲ့သို့ ပျံသန်းချိန် ရှိပါက ပျံသန်းပြေးတတ်သည်။ ညမိုက် သူတို့အိပ်ချိန်၌ ချဉ်းကပ်မှသာ လွယ်သည်။
ငတောတို့က ထိုအချက် သိနေသဖြင့် တစ်ချက်ခုတ် နှစ်ချက်ပြတ် လုပ်သည်။ အပင်ပန်းလည်း ပြေရမည်၊ တောလိုက်ရာ၌လည်း အဆင်ပြေရမည်ဟူသောထုံး နှလုံးသွင်း၍ ညရှစ်နာရီမှသာ တောလိုက်ရရုံတင် လှုပ်ရှားသည်။
“ငလုံး”
“ဗျာ … အဖေ”
“ကနေ့ညက ငှက်ပစ်မှာဆိုတော့ လောက်စာလုံး လုံလုံလောက်လောက် ခန့်မှန်းထည့်၊ မင်းဘတ်ခွရော ငါ့ ဘတ်ခွရော သေသေချာချာပြန်စစ်။ အပိုဘတ်ခွ တစ်လက်လည်း ထည့်ခဲ့။ အရန်သုံးခဲထိုးတုတ်မီး (လက်နှိပ်မီး)၊ ဖန်သီးအပို၊ ကွမ်းထုပ်၊ ရေဘူး၊ ဓားရှည်အကုန်စစ်၊ ပြည့်ပြည့်စုံစုံ ထည့်ခဲ့။ ခုချိန်မှ ထွက်တာဆိုတော့ လင်းမှ ပြန်ရမှာ”
“ဟုတ် … ကျုပ် အကုန်စစ်ပြီးပါပြီ”
“ဒါဖြင့် တို့သွားကြရအောင်။ ရေဝအောင်သောက်ခဲ့။ မိဂျမ်း တို့ တောသွားပြီဟေ့”
“ဟုတ် … ဟုတ် ခြေကင်းလက်ကင်းတော့ ဂရုစိုက်ကြတော်”
“အေး … အေး အခြေအနေကြည့်လုပ်ရမှာဟေ့
။ မိုးလင်းချင် လင်းမှာ”
မိဂျမ်းက သူ့လင်သားနှင့် သူ့သား ထွက်သွားသောအခါမှ သက်ပြင်းတစ်ချက်ချ လေပူမှုတ်ထုတ်သည်။
သူတတ်အားသမျှ ခြိုးခြံချွေတာရသမျှ ချွေတာခဲ့ပါ၏။ ချွေတာနေပါ၏။ ချွေတာရပါလိမ့်ဦးမည်။
သို့ရာတွင် သူ့ငွေယူထား၍ မစားရဘဲ မကျေမချင်း အတိုးပေးနေရသော ကြွေးကလည်း မိဂျမ်းကို နှိပ်စက်သည်။ သွေးသားအာဟာရဖြစ်မည့် အာဟာရကို ကပ်ပါးပိုးက ဦးအောင်စား၊ နိုင်ထက်စီးနင်း စားသဖြင့် ခန္ဓာကိုယ်မှာ အဆီစားပါလျက် အသားမဖြစ်သည်မျိုး၊ အသားစားပါလျက် အဆီမဖြစ်သည်မျိုးနှင့်လည်း တူလှပါ၏။ ဝယ်ယူချက်ပြုတ်စားရသမျှဘာမှ ဈေးပေါပေါရပါသည်ဟု မရှိ။
အရင်တုန်းက ကျေးလက်တောရွာမှာ သားဈေး ငါးဈေး၊ ဟင်းသီးဟင်းရွက်ဈေး ချိုမှချို၊ ပေါမှပေါ။ ပေါချောင်ကောင်းကို ဗုံးပေါလအော ဖောဖောသီသီ ချက်ချင်သည့်အချိန် ချက်ချင်သလို ချက်။
တစ်အိုးချက် တစ်အိမ်တွက် ဘယ်ထွက်ခူးခူး ဘယ်ထွက်ဝယ်ဝယ် ဝယ်လည်း လွယ်၊ ထွက်ရှာလည်း ရှာ၍လွယ်။
ယခုမူ တောထဲသဘာဝ အသီးအရွက်ကို အသက်မွေးဝမ်းကျောင်းသဖွယ် သဘောထား ခူးဆွတ်ရောင်းသူက များပြားလာရာ တောထွက်ခူးဖို့လည်း တောရွာဖြစ်လျက် သူတို့ဒေသမှာ မလွယ်တော့။
ဝယ်ချက်ပြန်တော့လည်း အရင်က အလွန်ပေါ ဈေးချိုသည့် ချဉ်ပေါင်၊ ဘူး၊ ခရမ်း၊ ခရမ်းချဉ်၊ ခဝဲကကိုပင်လျှင် ခေါင်ခိုက်နေသည်။ သားငါးဆိုလျှင် စဉ်းစားသာ ကြည့်ကြပေရော့။
အလှူပွဲ၊ မင်္ဂလာပွဲ၊ ပုခက်တင်ပွဲ၊ တုံးလုံးပွဲ (အသုဘ ရက်လည် ဆွမ်းတရားနာ)၊ ဘုရားပွဲ၊ ကျောင်းပွဲ၊ သင်္ကန်းကပ်၊ ကထိန် စသည် စသည်တို့က ဖိတ်စာများ၊ အသံချဲ့စက်များ မရှိခဲ့ဖူးသော ဓလေ့ထုံးတမ်း များ။ မျက်စိမှိတ် အံကြိတ် ငွေထည့်ရသော လူမှုရေးများ။
ယခင်က မင်္ဂလာပွဲရှိလျှင် တစ်ဖက်ဖက်က ဖိတ်ဖိတ်၊ နှစ်ဖက် ဖိတ်ဖိတ် တစ်စာရင်းတည်းပြီးသည်။ ယခုတော့ အဆန်းထွင်လာသည်။
သတို့သားမိဘက ဖိတ်လျှင် သတို့သားမိဘ စာရင်းဒိုင်မှာ ကူရသည်။
သတို့သမီးမိဘကပါ ဖိတ်လျှင် သတို့သမီးမိဘ (မိန်းကလေးဘက်) စာရင်းဒိုင်မှာ ဒုတိယအကြိမ် ကူရသည်။
သတို့သား၊ သတို့သမီးမှ တိုက်ရိုက်ထပ်ဖိတ်ပြန်ပါက တတိယအကြိမ်အဖြစ် ထိုစာရင်းဒိုင်မှာ ကူရပြန်သည်။
မင်္ဂလာတစ်ပွဲမှာ တစ်ခါကူ လက်ဖွဲ့မပြီး၊ ဖိတ်လာသမျှ တန်းတူကူရ လက်ဖွဲ့ရတော့ တစ်မင်္ဂလာပွဲတည်းနှင့် သုံးကြိမ် သုံးခါ သုံးနေရာ စာရင်းဒိုင်သုံးခု ခွဲကူရသည်။
သာမန်ပိုက်ဆံ ဘယ်လောက်မလဲ။ ရှေ့မင်္ဂလာက သုံးစာရင်းဖွင့် လက်ဖွဲ့ခံတော့ နောက်မင်္ဂလာကလည်း လိုက်တုပဖိတ်သည်။
ယခင်က ကလေးပုခက်တင် ကင်ပွန်းတပ်မှာ ကောက်ညှင်းသုံးလေးပြည်ချက်၊ လာသမျှကျွေး၊ ကလေးအသုံးအဆောင်လေးနှင့် သွားသူကလည်း ပြီးလွယ်စီးလွယ်။
ယခုတော့ သူက ကြက်ဒံပေါက်ဆိုလျှင် ငါက ဝက်ဒံပေါက်၊ သူက မြန်မာထမင်းဟင်းဆိုလျှင် ငါက တရုတ်ထမင်းဟင်း။ ယခင်လို ကောက်ညှင်းပေါင်း တစ်ပန်းကန် လေးငါးခြောက်ယောက် မျှတနှိုက်၊ တာဝန်ကျေစား ပြန်မရတော့။
ဒံပေါက်နှင့်တန်အောင်၊ ခေါက်ဆွဲကြော်နှင့်တန်အောင်၊ ထမင်းဟင်းနှင့်တန်အောင် မျက်စိမှိတ် ဇွတ်ကူရ၊ လက်ဖွဲ့ရသည်။
ယခင်က လက်ဖက်၊ ထန်းလျက်၊ ပဲကြားလှော်ရှိလျှင်ပြီးသည်။ လက်ဖက်၊ ထန်းလျက်၊ ပဲလှော်နေရာတွင် လက်ဖက်ရည်အချို၊ ကော်ဖီ၊ အီကြာကွေး၊ ပလာတာ၊ စမူဆာ ဝင်လာသည်။
တစ်နှစ်လုံးနေ၍မှ နှစ်စဉ်ပွဲမရှိသော တောရွာများ၌ ဗွီဒီယို၊ ကာရာအိုကေ၊ ဘောလုံးပွဲ၊ ဘီယာ၊ ဝီစကီ၊ ဒံပေါက်၊ ခေါက်ဆွဲကြော်၊ အအေးမျိုးစုံက ဝင်လာသည်။
ဝက်သားချက်၊ အမဲသားချက်၊ ကြက်သားချက်၊ ငါးကြော်ချက်၊ ပဲနှပ်၊ ငါးပိကြော်၊ ချဉ်ပေါင်ရွက်ကြော် နေ့စဉ်ရောင်းလာသည်။ စားကောင်းတော့ နေ့စဉ်ဝယ်စားသူကစား။
သည်အရာများကို မည်သူမျှ အမြဲတမ်းဝယ် မစားဟု ပြောလျှင်လည်း မှန်သည်။ လူတိုင်းတော့ နေ့စဉ် ဝယ်မစား။ ဝယ်စားသူရှိ၍ ကြည့်ရှုသူရှိ၍ ရောင်းကြ ချကြ ပြကြ သကြသည်။
အလွန်ရိုးသားသော သူ့အိမ်သား ငတောပင်လျှင် မန်ယူတွေ အာဆင်နယ်တွေ ဖြစ်တတ်သေးသည်။ ငယ်ရွယ်သူဆိုလျှင် တွက်သာကြည့်ကြပေရော့။
ကွမ်းယာဆိုင်က ကွမ်းထုပ်ဝယ်စားကြသေးသည်။ ရသမျှငွေ မလောက်ကြခြင်းမှာ မကြည့်ဖူးတာ ကြည့်ကြရ၊ မစားဖူးတာ စားကြရ၊ မသောက်ဖူးတာ သောက်ကြရ၊ မဝတ်ဖူးတာ ဝတ်ကြရ၊ မသုံးဖူးတာ သုံးကြရ၍လည်း မှန်ပါ၏။ မရှားပါးဖူးသော ဟင်းသီးဟင်းရွက် သစ်သီးဝလံတို့ ရှားပါးမှုကြောင့်လည်း ဖြစ်ပါ၏။
မိဂျမ်း သက်ပြင်းအခါခါချ၊ ခေါင်းကုတ် ခေါင်းရှုပ် ခေါင်းပူနေချိန်တွင် ငတောနှင့် ငလုံးတို့ ရွာပြင်တောဝင်နေပါပြီ။
ငတောနှင့် ငလုံးတို့သည် ယနေ့ည ငှက်ပစ်မည့်သူများ၊ ငှက်ပစ်သမားများ။
ငှက်ပစ်သမားနှင့် ငှက်ဖမ်းငှက်ခတ်သမားမှာ ကွာခြားမှုရှိသည်။
ငှက်ရိုက်ငှက်ခတ်မည့်သူ၏ အဓိကပစ်မှတ်အုပ်မှတ်မှာ မြေပြင်၌ ရှိသည်။ ဝါးမာရှည် အရှည်လေးတောင်ဝန်းကျင် တပ်ထားသည့် ဖမ်းတုတ်ထိပ်မှာ တစ်တောင်ဝန်းကျင်ရှိ ငှက်ဖမ်းအုပ်ပိုက်ပါသည်။
ငါး၊ ပုစွန် ဖမ်းသော ဒိုင်းဝန်းနှင့် ဆင်တူသည်။ ငှက်ဖမ်း ငှက်ခတ်သမားက မီးထိုး၊ မြေပြင်မှာ ငှက်ရှာ၊ တွေ့လာမှ အနီးကပ်သွား၊ လက်လှမ်းတမှီအုပ်ဖမ်းယူသည်။
ငှက်ပစ်သမား အဓိက အားကိုးသည်က ငှက်ရှာပေးသော မီးနှင့် ပစ်ခတ်မည့်သားရေဘတ်ခွ။ မြေပြင်ပေါ် နေချင်နေမည်။ သစ်ပင်ပေါ်၊ ချုံပေါ် ဖြစ်ချင်ဖြစ်မည်။
ကိုယ်ပစ်မည့်ငှက် ဘယ်နေရာမှာနေနေ သေသေချာချာ ချိန်ရွယ်ပစ်ခတ်ရသည်။ မီးထိုးသမား ကျွမ်းကျင်ရသကဲ့သို့ ပစ်ခတ်မည့်သူ သေချာလက်တည့်ဖို့၊ အတွဲညီဖို့၊ အထာသိဖို့လိုသည်။
သားရေဘတ်ခွ လွယ်အိတ်လွယ်၊ ဓားလှံရိုးကို အပေါ်ထောင် ကြိုးချည်လွယ်လာသည့် ငတော။ ဓားရှည်ကြမ်းကို ဓားလွယ်ထဲထည့်လွယ်၊ သားရေဘတ်ခွ လွယ်အိတ်၊ တိုလီမိုလီပစ္စည်းများကို စလွယ်သိုင်းလွယ် လာသော ငလုံး။
ငလုံးက သူ့အဖေ ခိုင်းလျှင်ခိုင်းချင်း တောလိုက်ဘက်ထရီမီးဖွင့်သည်။ ခြောက်ဗို့အားရှိ ဘက်ထရီအိုးငယ်ကို လွယ်ရစေရန် ကြိုးဖြင့် ဆိုင်းပတ်ဆက်၊ ငါးခဲထိုးလက်နှိပ်မီးဖြင့် တပ်ဆင်ထားရာ မီးထိုးလိုက်သည်နှင့် ဝင်းဝင်းထိန်ထိန်။
“ပန်းထိမ်ဖို မန်ကျည်းပင်ကြီးဆီရောက်မှ တောင်စူးစူးလှည့်၊ အဲဒီကမှ အနောက်ဆင်း၊ ဖိုးမှိုကုန်းရွာ၊ ဖိုးမှိုကုန်းရွာ သင်္ချိုင်းကုန်းအထိ သွားမယ်”
“ဟုတ်”
ငတောသည်မျှ ပြောလျှင် ငလုံးသဘောပေါက်ပြီ။
ဖိုးမှိုကုန်းရွာနှင့် သူတို့ရွာ အကွာအဝေးမှာ ခရီး ၂ တိုင် (၄ မိုင်)။ ဖိုမှိုကုန်းရွာက ချင်းတွင်းမြစ်ရေတိုးချိန်ရောက်က ရွာနေရာနှင့် သင်္ချိုင်းကုန်းမှအပ ရေလွှမ်းနေကျနေရာ။ ရွာတည်ဦးကတည်းကပင်လျှင် ရွာနေရာလည်း ကုန်းမှာ၊ သင်္ချိုင်းကုန်းကလည်း ကုန်းမှာ ရွေးချယ်ခဲ့ဟန်ရှိသည်။ ရွာနှင့် သင်္ချိုင်းကုန်းနေရာမှာ လေးငါးဆယ်ခေါ် ဝေးကောင်းဝေးမည်။ ရွာမနီးသည့် ရွာသင်္ချိုင်းကုန်း။
ဖိုမှိုကုန်းသင်္ချိုင်းတောသည် ချုံပုတ် ချုံနွယ် ချုံတန်းစဉ်များ၊ ဖုန်းဆိုးတောများ၊ ထင်းမွေးတောများ၊ သစ်ကြီးဝါးကြီး၊ သစ်အိုဝါးအိုများနှင့် ဆက်စပ်နေသောနေရာ။ ထို့ကြောင့် သာမန် ငှက်ပစ်ငှက်ခတ်သမားတို့က မသွားကြ မလာကြ ရှောင်ရှောင်ရှားရှား။
သည်နေရာအထိ သွားမိက သွားသတိ၊ လာသတိ၊ စားသတိ။
လကလည်း ကဆုန်လ။ အညာဒေသထုံးတမ်းစဉ်လာအရ ထိုအချိန်၌ မည်သည့်သီးနှံမျှ မစိုက်သေး။ ယခင်နှစ်က ရိုးပြတ်ငုတ်ခြောက်များသာ ယာသားပြင်၌ရှိပြီး မြက်တို့ပင်လျှင် အတက်မဝေ အခက်မဝေသေး။
ညှိုးခြောက်ကြွပ်ရွနေရာမှ ပြန်လည်အသက်ဝင်ရန် ပျော့ပြောင်းစ၊ အမြစ်ဟောင်းကို မိုးဦးရေက ချစ်စနိုးကျီစယ်ထား၍ အမြစ်သစ်ပွားရန် လွန့်လူးနိုးထစ၊ ပန်းထိမ်ဖိုမန်းကျည်းပင်၏ တောင်ဘက်လှည့် ယာများ ချုံများကြား ဝင်သောအခါ ဗွေဆော်ဦးတွေ့သည်က မြေဝပ်ငှက်တစ်ကောင်။
“တိုး”
ရှေ့မီးတိုး၍ ထိုးလာသော ငလုံး။ ငတောက ဘတ်ခွဖြင့် သေသေချာချာ ချိန်ရွယ်၍ ပစ်လိုက်ရာ မြေဝပ်ငှက်ခေါင်း မှန်ပြီး ကျွမ်းပြန် လည်ချာလည်ချာ၊ ခေတ္တမျှအကြာတွင် ငြိမ်ငြိမ်သက်သက်။
ငလုံးက ကောက်ယူပြီး ငှက်ထည့်အိတ်၌ ထည့်သည်။ ငတောက ချုံတန်းချုံနွယ်များဘေး၌ ပေါက်နေသော တမာပင်ခပ်လတ်လတ်ဆီ သွားခိုင်းပြီး တမာပင်ကို မီးထိုးပြခိုင်းသည်။
တမာသီးမှည့်ကြွေများက တမာပင်အောက်မှာ အများအပြားဖြစ်သောကြောင့် နင်းမိချိန်၌ တဖျောက်ဖျောက်။
ငလုံးမီးရောင်အောက်၌ တွေ့လာသည်က ပြွတ်သုံးကောင်အုပ်။ ငတောက ပစ်ရမည့်အကောင် ရွေးချယ်ပစ်ခတ်၊ ဝှီးဖျန်းဖောင်းခနဲ မြည်သံပေးကာ ပြွတ်တစ်ကောင် အောက်ကျလာသည်။ ငတော ပစ်ပြီးပြီးချင်း ငလုံးက မီးကို ဖျတ်ခနဲ မှိတ်လိုက်သည်။
ကျန်နှစ်ကောင်က လန့်၍ အထက်ပျံသည်။ မီးရောင်ပျောက်မှ မူလနေရာ ပြန်နားသည်။
ငလုံးမီးက ဖျတ်ခနဲ ပြန်ပေါ်လာ၊ တစ်ကောင်ကို ငတောက ရွေးပစ်ပြန်ရာ ပြွတ်တစ်ကောင် အောက်ကျလာပြန်သည်။
ငလုံးက မီးမှိတ်၊ ကျန်ပြွတ်တစ်ကောင် ပြန်နားမှ ငတောက ထပ်ပစ်သည်။ ပြွတ်သုံးကောင်လုံး အောက်ပစ်ချပြီးမှ မီးထိုးသမား ငလုံးက ပြွတ်များကို ရှာကောက်သည်။
လမ်း၌တွေ့သော သစ်ပင်များထဲမှ ဘတ်ခွတစ်ကမ်းစာအိပ်သော ချိုးလည်ပြောက်ငှက်ခါးနှင့် လင်းမြီးဆွဲတို့ကိုလည်း ပစ်ခတ်ရရှိခဲ့သည်။
ဖိုမှိုကုန်းရွာဥပစာ၌ပါသော ရေကန်ရေဝင်ကြောင်း၌ ယုန်တစ်ကောင်က အစာရှာနေသည်။ မီးရောင်သူ့ကိုယ်ပေါ်သို့ ကျရောက်သောအခါ ပထမ ထိတ်လန့်ဟန်၊ ထို့နောက် စူးစမ်းဟန်၊ ထို့နောက် နှုတ်ခမ်းမွေးထောင်၊ နားရွက်ထောင်၊ ခေါင်းထောင် ပျော်မြူးဟန်။
“ပစ်ကွင်း မကောင်သေးဘူး၊ ရှေ့တိုး .. တိုးရသမျှ တိုး၊ မီးထိုး”
ငတော လေသံက မပွင့်တပွင့်။
ငလုံး နားလည်သည်။ ရှေ့မီးစိုက် ထိုး၊ ယုန်နှင့် ပစ်ကွင်းအမီထိ မီးရောင်အပြတ်မခံ။ ယုန် ခွပစ်တကမ်းအမီ ရောက်လာသည်။
ယုန်က နှုတ်ခမ်းမွေး လက်နှင့်သပ်၊ ရှေ့လက်နှစ် ဖက်အပေါ် ခေါင်းအချ၌ ယုန်ဦးခေါင်းထိပ်တည့်တည့် ချိန်ရွယ်ပြီး ငတောက သားရေဘတ်ခွကို အားကုန်ဆွဲ ပစ်ခတ်လိုက်သည်။
ဝှီး ဖျန်း ဖြောင်းခနဲ မြည်သံ၊ ခေါင်းတည့်တည့် ထိမှန်၍ ယုန် နောက်တွန့်သွားဟန် မြင်မှ ငတောတို့ အပြေးသွားကြ၏။ တစ်ချက်မှန်ရုံမျှဖြင့် ယုန် အသက်မရှိတော့။
ယုန်သေကို ငလုံးက ကောက်ထည့်၊ ရှေ့ခရီးဆက်ခဲ့ရာ ကြယ်ရောင်မှုန်ပျပျအောက်မှာ မှိုင်းမှုံ့ညို့ဆိုင်း တောထနေသော သင်္ချိုင်းတောကို ငတောတို့မြင်ရ၏။
“ငလုံး”
“ဗျာ အဖေ”
“သင်္ချိုင်းကုန်းထဲမှာ ဘာပဲ ကြောက်စရာ လန့်စရာတွေ့တွေ့ လန့်မပြေးနဲ့။ ငါနဲ့အတူ အဖေလည်းရှိပါလားလို့ အားတင်းထားနော်”
“ဟုတ်ကဲ့ပါ အဖေရာ၊ ညငှက်ပစ်ကို သင်္ချိုင်းကုန်းအများအပြား ရောက်ခဲ့ပစ်ခဲ့ဖူးတဲ့ ကျုပ်ပါဗျ။ အဖေပါမှတော့ ဘာမှ မကြောက်ပါဘူး”
“ဒါဖြင့် သင်္ချိုင်းတောထဲဝင်မယ်။ အဖေပြတဲ့ အပင်ကစ မီးထိုး”
လူသေဟောင်းအနံ့၊ လူသေအသစ်မှ ပုပ်ပွရိဆွေး မြေထဲစိမ့်ဝင်အနံ့၊ အရိုးဟောင်း ဦးခေါင်းခွံဟောင်းအနံ့တို့က ဝင်လာသူ ငတောနှင့် ငလုံးတို့ကို သင်္ချိုင်းကုန်းအနံ့ ပေးလာသည်။ ငတောတို့၏ ကျောဘက်က တမာပင်မှာ ခြေသုံးလေးလှမ်းစာအဝေး အနီးကပ်မျက်နှာမူရာအရပ်ရှိ ဒဟတ်ပင်ပေါ်ကို မီးထိုးခိုင်းလာ၍ ငလုံးက သူ့အဖေကို မီးထိုးပြသည်။ မြင်းဝံငှက်ကြီးတစ်ကောင်။
လူ့ခြေသံ၊ မီးရောင်ကြောင့် သတိဝင်၊ မယုံသင်္ကာဟန်ပြလာသော မြင်းဝံငှက်ကြီး။ ထိုငှက်ကြီး၏ခေါင်းကို ပစ်ခတ်ရန် ချိန်ဆနေသော ငတော။
ငှက်ကြီးက ပျံရန် အားယူ၊ အတောင်ကို ကြွလိုက်ရာ ခေါင်းကို ငတော ပစ်ခွင့်မရနိုင်တော့။ မြင်းဝံငှက်ကြီး၏ ကြွထလာသော အတောင်ရင်းကို လျှပ်တစ်ပြက် ချိန်ရွယ်ကာ ငတော အလျင်အမြန်ပစ်ရသည်။
ဖျန်း ဝှီး ဖောင်း ရွီးခနဲ အော်ကတည်းက ပစ်ချက်မှန်ပြီဟု ငတောတို့ သိလိုက်ကြသည်။ အတောင်ရင်းတစ်ဖက်ကျိုးသွားသောအခါ ပျံသန်းမရတော့။ ခေါင်းတည့်တည့် မှန်သကဲ့သို့လည်း ငြိမ်သက်မသွား။ အတောင်ကျိုးကြီးဖြင့် ပျံသန်းသောအခါ ပုံမှန်မပျံသန်းနိုင်တော့။ အောက်စောင်းကာ ယိုင်ကာ ရွဲ့ကာ ငတောတို့မျက်စိရှေ့မှာပင်လျှင် မြင်းဝံငှက်ကြီး ကျလာ၏။
ကျလာသည်က ငတောတို့ရှေ့ မျက်နှာတည့်တည့်။
“ဝုန်း … ဘုန်း … ဗျောင်း … ဝေါ … ဝေါ …. ဖျောင်း … ဖျောင်း”
မျက်စိရှေ့က မြင်းဝံငှက်ကြီးကို ကြည့်နေသော ငတောနှင့် ငလုံးတို့နောက်ကျောဘက်ဆီမှ ပေါ်လာသောအသံ။
မြင်းဝံကြီး ဝေ့ဝဲအကျနှင့် တစ်ပြိုင်တည်းဟုလည်း ပြောလျှင်ရ၏။ စက္ကန့်မျှခြား ရှေ့နောက်ဟုလည်း ပြော၍ရသည်။
ငတောရော ငလုံးပါ “ဝုန်း… ဘုန်း… ဗျောင်း… ဝေါ… ဝေါ… ဖျောင်း” ဟူသောအသံ သူတို့ကျောဘက် လေလာဟပ်ခမန်းနီးနီး ကြားရသောအခါ သတိထားနေပါလျက်နှင့် ဆံပင်များ ထောင်သွားသလိုလို၊ သွေးဆောင့်တိုးသလိုလို ကြက်သီးတဖျန်းဖျန်းထ၊ လူတစ်ကိုယ်လုံး သွေးလေချောက်ချားကာ မှင်တက်မိ ကြောင်တောင်တောင်။
“ကျောဘက်လှည့် မီးထိုး ငလုံး၊ လှုပ်တဲ့နေရာ မီးထိုး”
စတင်သတိဝင်လာသော ငတောက ခိုင်းသည်။ အဖေ့အသံက ပုံမှန်သတိပေးလိုက်သကဲ့သို့ အသိဝင်သွားသော ငလုံးက မီးကို သူတို့ ကျောဘက်လှည့်ထိုးသည်။ ဘာကောင် ညာကောင်မှတော့ မမြင်ရ။ သို့ရာတွင် ချုံပုတ်ချုံနွယ်များ အခက်အရွက်အလက်ချင်း ရိုက်ခတ်၍ လေထဲ လှုပ်လှုပ်ရှားရှား။
“ငလုံး အဖေ့ကို အပိုယူလာတဲ့ သုံးခဲထိုး တုတ်မီး (လက်နှိပ်မီး) ပေး။ ကျန်တာတွေ ခဏဘေးချ။ တမာပင်ဆီ ဝင်ရအောင်။ ဆူးခက်ချုံနွယ် ရှင်းစမ်း”
ကြက်သီးတဖျန်းဖျန်းထ၊ ခေတ္တ သွေးလေချောက်ချားသွားခဲ့ရသော်လည်း တောလိုက်သမား ရွာမုဆိုးများဖြစ်ရာ ချက်ချင်း သတိပြန်သွင်း၊ ရွာမုဆိုး သွေးပွက်ပွက်ဆူဆူလာသည်။
သင်္ချိုင်းက သင်္ချိုင်း၊ ရွာမုဆိုးက ရွာမုဆိုး။ ကိုယ့်အလုပ် ကိုယ်လုပ်ရမည်။
“အဖေ တမာပင်ပေါ်တက်မယ်။ မင်းက အောက်ကနေ မီးထိုးပြ။ အဖေ့မျက်နှာတည့်တည့် မထိုးနဲ့။ ကြိုရှေ့ထိုးပြ”
“ဘာလုပ်ရမှာလဲ အဖေ၊ ကျုပ်တက်လိုက်ပါ့မယ်။ အဖေ အောက်ကသာ နေပါ”
“ဒါက ငါမှ ဖြစ်မှာမို့ပါကွာ”
ငတောက သားဖြစ်သူကို အတက်မခံ။ ကုတ်တွယ်ကပ်တက်၊ သူ့ခါးကြားထိုးလာသော လက်နှိပ်ဓာတ်မီးဖြင့် ပတ်ပတ်ထိုးကြည့်သည်။ စေ့စေ့စပ်စပ် အပြန်ပြန် အလှန်လှန် ကြည့်သည်။ သူ ဘာဆက်လုပ်သင့်သည်ကို သူ့ရွာမုဆိုးပညာ ဝါသမ္ဘာက စကားပြောသည်။
အောက်ပြန်ဆင်း၊ ခေတ္တအမောဖြေပြီးမှ ငတောက ရှေ့ဆက် ငှက်ပစ်မည့်ခရီးစဉ်ကို ပြောသည်။
“တို့ သင်္ချိုင်းကုန်းမြောက်၊ မြောက်တည့်တည့်သွားမယ်။ ဟောဟို အုပ်အုပ်ပျပျ ကြယ်ရောင်အောက်မှာ ခပ်ရေးရေးမြင်ရတဲ့ တောအုပ်ရောက်၊ အဲဒီကမှ အရှေ့လှည့်၊ ငှက်ပစ်ရင်း ရွာပြန်မယ်”
ထိုနေ့ညက မူလခန့်မှန်းသကဲ့သို့ မနက်မိုးလင်းအထိမရောက်။ ကြက်ဦးတွန် ရွာရောက်ပြန်ခဲ့သည်။ နောက်နေ့၌ ယခင်နေ့ညကကဲ့သို့ ညရှစ်နာရီအိမ်မှထွက် မလုပ်။ ညနေသုံးနာရီ ထိုးပြီးကတည်းက ငလုံးကိုသာမက သားငယ် ငမုံးကိုပါ ခေါ်ယူပြီး လက်နက်ကိရိယာ ပစ္စည်းအစုံအလင် ထမ်းပိုး၍ ဖိုးမှိုကုန်း သုသာန်တောဆီ ဖြတ်လမ်းမှ လာခဲ့ကြသည်။
ငတောက သင်္ချိုင်းကုန်းထဲဝင်၊ မနေ့က အတောင်ကျိုးမြင်းဝံကြီးကို ထပ်မံပစ်ခတ်ယူခဲ့ရသည့်နေရာ၌ သူစိုက်ထားခဲ့သော နဘူးကိုင်းယူ၊ ထိုနဘူးချုံအနွယ်အတန်း လိုက်ပတ်ကြည့်သည်။
မြောက်ဘက်ရှိ ထင်းမွေးတောများ၊ ဖုန်းဆိုးကုန်းများ၊ သစ်ကြီး ဝါးအိုများဆီမှလာသော မိုးရေ၊ တိုးရေသည် သင်္ချိုင်းကုန်းမြောက်ဘေး ဝေ့ဝိုက်စီး၊ ပြီးမှ အရှေ့ထွက်၊ အရှေ့မှလာသော ရေကြောင်းနှင့်ပေါင်းဆုံ၊ တောင်ဆက်စီးသည်။
ရေကြောင်းတစ်လျှောက်လုံး မိုးနှံချုံ၊ ချင်းယားချုံ၊ နဘူးချုံ၊ နရွဲချုံ၊ ခံချုံ၊ ဆီးခလောက်ချုံနှင့် အနွယ်အမျိုးပေါင်းများစွာက ရေကြောင်းကို ခင်တန်းရိုးကဇာသဖွယ် ဖြစ်စေပါ၏။
လူမတိုး၊ နွားဝင်မရသည်အထိ လူထူထပ်ထပ် သိပ်သိပ်သည်းသည်း။ လူမတိုး၊ နွားမဝင်နိုင်သော်လည်း ရေကြောင်းအရင်းနေရာမှ လာခဲ့လျှင် ဝဲယာချုံများက မျက်ကွယ်ဖြစ်စေသကဲ့သို့ ရေကြောင်းက တစ်နှစ်ထက် တစ်နှစ် ချောက်(ဂျောက်)ကျကျလာရာ သားကောင်ကြီးကြီးမားမား၊ ခန္ဓာကိုယ်ကြီးကြီးမားမား မဟုတ်ခဲ့ပါက ရေကြောင်းအရင်းမှ သင်္ချိုင်းကုန်းတောသို့ သွားလာဝင်ထွက်ရသည်။
နှစ်အသက်ကြာ သစ်ကြီးဝါးကြီးများ၊ ရေကြောင်းသွားလမ်းများက ငတောကို အဖြေပေးနေသည်။
သားနှစ်ယောက်ကိုခေါ် ၊ သူအကြိုက်ဆုံးနေရာရွေး၊ စတင်ထောင်ကွင်းရှင်းသည်။ ရေကြောင်းက မြောက်မှ တောင် စီးသောရေ၊ သားကောင်အနေအထားကမြောက်မှ တောင်၊ တောင်မှ မြောက် ကူးမည့်အနေအထား။
ငတောက ရေကြောင်း ကဇာခင်ရိုးကို အကျယ်လေးငါးတောင်ကျော် အရှေ့ဘက်၊ အနောက်ဘက် ခုတ်ထွင်ရှင်းလင်း၊ ပိုက်ထောင်ရန် ပြင်ဆင်သည်။သားကောင်လာနိုင်သည်က ခန့်မှန်း တောင် မြောက်၊ မြောက် တောင်၊ သည်လာလမ်းကို ငတောက အရှေ့အနောက် ကန့်လန့်ဖြတ် ပိုက်ထောင်မည်။
ငတောထောင်သည့် ပိုက်ကလည်း ပိုက်ခေါ် တန်းပိုက်။ အလျား နှစ်ဆယ့်တစ်တောင်၊ အမြင့်သုံးတောင်ရှိသော သုံးသစ်ကွင်းထိုးထားသော ပိုက်။ ကြက်ခြေခတ်ပုံစံ လုပ်ထားသော အပေါ်ကျဉ်း၊ အောက်ကား ဝါးဒေါက်ခွနှစ်ခု၌ ထန်းပိုက်ကို ချိတ်ဝါးဒေါက်ခွနှစ်ခု အထက်ထစ်(ဒစ်)၌ အပေါ်ပိုကြိုး၊ အောက်ထစ်(ဒစ်)၌ အောက်ပိုကြိုးတင်၊ မြောက်ဘက် မျက်နှာလှည့်ထား၊ သားကောင်တိုး၍မိလျှင် ပိုကြိုးနှစ်ခုပါ ချူနှစ်လုံးက အသံပေးမြည်မည်။
တန်းပိုက်ရှေ့ တစ်လံခန့်အကွာ၌ ဝါးငုတ်တစ်ထွာကျော်ကျော်ခန့် ငုတ်နှစ်ငုတ် ဝဲယာရိုက်၊ ငုတ်တစ်မိုက်အမြင့်ခန့်၌ ချည်ကြိုးလေးတစ်ချောင်းကို ဝဲယာငုတ်နှင့် ဆက်ချည်၊ ထိုတိုက်ကြိုးနှင့် ခပ်စောင်းစောင်း၌ ခလောက်တိုင် တစ်တိုင်စိုက်၊ ခလောက်တစ်လုံးဆွဲ၊ သစ်သားခလောက်ကို ငုတ်ချည်ထားသော ကြိုးချည်လေးနှင့် ဆက်ပေးထားသည်။
သားကောင်က တိုက်ကြိုးတိုက်၊ ဆက်ထားသောတိုက်ကြိုးက ခလောက်ကို လှမ်းလှုပ်၊ ခလောက်က သစ်သားခလောက်ဖြစ်၍ ဂလောက် ဂလောက်နှင့် မြည်၊ တိုက်ကြိုးတိုက်မိ၍ လန့်သွားသော သားကောင် ခလောက်က တဂလောက်လောက်ဖြင့် ထပ်လှန့်၍ အလန့်ကြီးလန့်၊ ရှေ့စွတ်တိုးရာ ပိုက်ထဲတိုးမိ၊ ကြက်ခြေခတ် ခွထောက်ကလဲကျ၊ ပိုက်ထဲလုံးထွေးမိ၊ ချူကမြည်သံပေး၊ သားကောင်ကစွတ်စွတ်တိုး၊ ပိုက်က ပိုပိုလုံးထွေးမိ ဖြစ်မည်။
ငတောတို့ နေမဝင်မီ ပိုက်ထောင်ပြီး ပိုက်နှင့်မနီးမဝေး ခလောက်သံကြားနိုင်ရာ၊ ချူသံကြားနိုင်ရာ နဘူးချုံကွယ်မှ ပုန်းလျှိုးကွယ်လျှိုးစောင့်၏။
ညရှစ်နာရီကျော်ကျော်ခန့်တွင် တိုက်ကြိုးမှ ခလောက်လှမ်းလှုပ်သံ တဂလောက်လောက်ကြားရ၏။ ထို့နောက် ကြက်ခြေခတ် ခွထောက် လဲပြိုသံ၊ ခြူသံတို့ကို ကြားရ၏။ ငတောတို့သုံးယောက် သွားသောအခါတွင် ငတော ခန့်မှန်းသည့်အတိုင်း သင်းခွေချပ်ကြီးကြီးတစ်ကောင်၊ ခန့်မှန်း နှစ်ပိဿာတော့ကျော်မည်။
ငတောက တမာပင်တက်ကြည့်၊ တမာအခေါင်းအဆွေးအပေါက်မှ ပိုးကောင်မွှားကောင်များကို လောလောဆယ် ကုတ်ခြစ်စားထားကတည်းက သင်းခွေချပ်ဟု မှန်းဆ၍လည်း ရသည်။
သူငယ်ငယ် ကိုရင်လူထွက်ဘဝက မန္တလေးတိုင်း မတ္တရာမြို့နယ် ဘိုကုန်းကျောက်ဆည်ရွာအနီး ရှစ်အိမ်တန်းတဲစုနေရာသို့ နေ့စား အငှားအရမ်း သွားလုပ်စဉ်က သူ့ မုဆိုးပညာဆရာ ကိုပေသီးနှင့်အတူ ည တောဝက်ထောင်စောင့်စဉ် သစ်ပင်ပေါ်မှ ခုန်ချခြောက်လှန့်သော သင်းခွေချပ် အတွေ့အကြုံလည်းရှိရာ ဝုန်း ဘုန်း ဗြုန်းအသံ၊ ချုံများတိုး ဗျောင်းဗျောင်း ဗျင်းဗျင်း အသံသည် သင်းခွေချပ်ဟု ယူဆကာ ထောင်ခဲ့သည်။
ငလုံးနှင့် ငမုံးက သင်းခွေချပ်ကို သေသေချာချာကြည့်ပြီးမှ ငတောကို ပြောသည်။
“တောကောင်တွေဝယ်တဲ့ ကိုဟုတ်စိန်က ကျွန်တော်တို့ မြွေနဲ့ လိပ် သွားသွင်းတုန်းက မှာလိုက်တယ်။ သင်းခွေချပ် အရှင်လည်း ဖြစ်မယ်၊ တစ်ပိဿာလည်း ကျော်မယ်ဆိုရင် တစ်ကောင်ကို ငွေဆယ်သိန်းပေးမယ်တဲ့ဗျ အဖေရ။ ခုအကောင်က ဘယ်လောက်သားလောက်ရှိမလဲ”
“နှစ်ပိဿာတော့ ကျော်မှာပဲ။ ဘယ်လောက်ကျော်မယ်တော့ မသိဘူး”
“ဟာ ပွတာပဲ … အဟီး၊ အဖေ ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက် မနက်ဖြန်မှာ ကိုဟုတ်စိန်ဆီ သွားရောင်းမယ်။ သူပြောတဲ့စံချိန်မီရင် ဆယ့်နှစ်သိန်း ပေးမယ်လို့လည်း စွပ်ပရားကလည်း မှာတာဗျ။ ကျွန်တော်တို့ သွားရောင်းမယ်နော် အဖေ”
“သွားလေကွာ၊ အခုတော့ သင်းခွေချပ်ဖမ်း၊ ရွာသယ်ဖို့ အိတ်ထဲထည့်အောင် လုပ်ကြဦးစို့။ မနက်မင်းတို့သွားတော့လည်း သူ့အခြေအနေ ကြည့်၊ အိတ်ပြောင်းတန် ပြောင်းတာပေါ့။ မင်းတို့ပြောတဲ့ဈေး ရပါစေလို့ ဆုတောင်းရမှာပဲ။
သူ့ဖမ်းထည့်ပြီးရင် အိမ်တန်းပြန်မယ်။ နေ့လယ် နှစ်ချက်ခွဲ သုံးနာရီလောက်ကတည်းက ပူပူလောင်လောင် စပ်တတ်တတ်စားခဲ့ရတဲ့ ထမင်းက ဝမ်းဟာလာပြီ။ အိမ်ကျမှ ထမင်းကျန်ဟင်းကျန် ထပ်တွယ်တာပေါ့”
“သူတို့နှစ်ဦးနဲ့ မတည့်လည်း ဝယ်လက်ရှာပေးမယ်လို့ အဲဒီတောကောင်မျိုးစုံဝယ်တဲ့ ဒိုင်မှာနေတဲ့ ကျွန်တော့်သူငယ်ချင်းက ပြောတယ်။ ဈေးမရမှာတော့ မပူပါနဲ့”
သင်းခွေချပ် ဝိုင်းဝန်းဖမ်းဆီး၊ အိတ်ထဲထည့်၊ ပိုက်ရုပ် ပိုက်ခေါက် ဝေမျှထမ်းကာ ရွာဆီပြန်ခဲ့ကြသည်။
ငမုံးက ဟီးခနဲ တစ်ချက်ရယ်ပြီး သွားရင်းလာရင်း သူ့အဖေကိုမေး၏။
“အဖေ”
“ဟေ”
“အဖေ အဲဒီငွေဆယ်သိန်းလောက်ရရင် ဘာများ လုပ်မလဲဗျ”
“ဟာ ရေနွေးကြမ်းကို လက်ဖက်ခြောက်ကောင်းကောင်းဝယ်၊ ဖန်ဆိမ့်နေအောင် ခပ်မယ်။ ကွမ်းဝါးတဲ့ ဗမာဆေးရွက်ကြီးများများနဲ့ ကွမ်းသီးစိပ်များများ ဝယ်မယ်။ ကွမ်းယာကို ကွမ်းသီးပေါပေါ၊ ဆေး ရွက်ကြီးလေးလေးထည့်၊ တစ်ယာပြီးတစ်ယာဝါး၊ တဖွီးရွီးထွေးထုတ်၊ ရေနွေးကြမ်းဖန်ဆိမ့်ကျ လက်ဖက်ခြောက် များများခပ်၊ တစ်ခွက်ပြီး တစ်ခွက် သောက်မယ်။ ဘယ် ဒီလိုသောက်ရ ဝါးရရင် ဘယ် ဆယ်အိမ်မင်း ရာအိမ်မင်း စည်းစိမ်နဲ့ လဲမလဲ”
ငလုံးရော ငလုံးပါစကား မဆက်တော့။
အားလုံးနှုတ် ငြိမ်ငြိမ်… ငြိမ်… ငြိမ်။
နေ့ညမနား အလုပ်မရွေး လုပ်ခဲ့ရပါသော သူတို့အဖေ။
ရေနွေးကြမ်း လက်ဖက်ခြောက်ဖန်ဖန့်ဖြင့် မသောက်ခဲ့ရရှာသော ရက်များ ဘယ်လောက်ရှိခဲ့မလဲ။
ကွမ်းဝါးချင်ပါလျက်နှင့် မဝါးခဲ့ရသောရက် ဘယ်နှရက်များ ရှိခဲ့ရှာမလဲ။
ငလုံးနှင့် ငမုံး တွေးမိ၍ စိတ်မကောင်း။
ငတောက နှုတ်ငြိမ်သွားသော သူ့သားနှစ်ယောက် ခံစားချက်ကို ရိပ်မိများသွားလေရော့သလား မသိ။ စကားထပ်ဖြည့်သည်။
“အဲဒီလို ရေနွေးကြမ်းသောက်၊ ကွမ်းဝါးပြီး ပိုတဲ့ငွေကို မင်းတို့အမေ ရွှေသွားလေး၊ ငွေသွားလေး စိုက်ပေးရဦးမယ်။ မင်းတို့အမေက နဂိုကမှ ခပ်ချောချော၊ ရွှေသွားနဲ့ဆို ပိုပို ပိုပိုချောမှာ ဟဲ… ဟဲ… ဟဲ”
ငလုံးနှင့် ငမုံး မျက်စိထဲ၌ သူတို့အမေ၏ ကျိုးနေသော သွားနှစ်ချောင်း မြင်ယောင်မိ၏။ ဆယ်သိန်းရမည့် ငွေထဲမှ အဖေ လက်ဖက်ခြောက်များများဝယ်၊ ကွမ်းသီးဆေးရွက် ဝယ်နိုင်ပါစေ၊ အမေ သွားစိုက်နိုင်ပါစေ ဆုတောင်းမိ၏။
– ပြီး –
စာရေးသူ – တွင်းကြီးဝမ်းမောင်
စာစီစာရိုက် – မုဆိုး တံငါ စာပေများ