စကြာမင်းနှင့်ဘိုးဘိုးအောင်

ဗဒုံမင်းမှာ ကောင်းမှုကုသိုလ်များစွာပြုလုပ်၍ နန်းသက် သုံးဆယ့်ခုနစ်နှစ်ကြာစိုးစံခဲ့သည်။ ထီးနန်းစိုးစံနေဆဲမှာပင် အိမ်ရှေ့အပ်နှင်းထားသည့် သားတော်ရွှေတောင်မင်းမှာ ကွယ်လွန်သွားသည်။ ထို့ကြောင့် မြေးတော်စစ်ကိုင်းမင်းမှာ အိမ်ရှေ့မင်းဖြစ်လာသည်။ ဘိုးဘိုးအောင်မှာ ထိုကြားထဲတွင်လည်း နန်းတော်အတွင်းသို့လာရောက်ကာ ဗဒုံမင်းနှင့် ဆွေမျိုးတော်များကို သံဝေဂတရားများ ပွားများစေရန်လမ်းညွန်ဟောပြဆိုဆုံးမတတ်သေးသည်။

ဗဒုံမင်းမှာ မြေးတော်ဆင်ဖြူမယ်ခေါ် ပန်းတောင်းမင်းသမီးကို မြေးတော်ဖြစ်သူ စစ်ကိုင်းမင်းသားနှင့် လက်ဆက်ပေးသည်။ ထိုစဉ် စစ်ကိုင်းမင်းသားမှာ အိမ်ရှေ့စံဖြစ်သည်။

တစ်ခုသောညတွင် ဗဒုံမင်းမှာ ထူးဆန်းသည့်အိပ်မက်တစ်ခုကိုမြင်မက်သည်။ ထိုညမှာ လပြည့်ညဖြစ်သည်။ ဗဒုံမင်းမှာ လပြည့်ကြီးကို ငေးမောကြည့်ရှုနေစဉ်မှာပင် ပြည်မင်းသားမှာ နံဘေးသို့ရောက်လာသည်။ လက်ထဲတွင် ဆေးဝိဇ္ဇာရုပ်နှစ်ရုပ်ကို ယူဆောင်လာခဲ့သည်။

“ဟဲ့ ဘာတွေကိုင်လာတာတုန်းကွဲ့”

“မှန်ပါ၊ ဤဆေးဝိဇ္ဇာအရုပ်နှစ်ရုပ်ကို နောင်တော် စစ်ကိုင်းမင်းသားအိမ်တော်သို့ ပေးပို့လိုပါသည်ဘုရား၊ အရှင်ဘုရား ခွင့်ပြုတော်မူပါ”

ဗဒုံမင်းမှာ မည်သည့်အကြောင်းအရင်းမှန်းမသိဘဲ ဝမ်းသာကြည်နူးမိသွားသည်။

“ငါကိုယ်တော်ခွင့်ပြုတယ် မြေးတော်၊ ငါကိုယ်တော်မြတ်ကိုယ်တိုင် လိုက်ပို့ပါ့မယ်”

သို့နှင့် ဗဒုံမင်းကိုယ်တိုင် နန်းတော်မှထွက်ကာ အတီးအမှုတ်အကအခုန် အိုးစည်ဗုံမောင်းများတီးခတ်၍ စစ်ကိုင်းမင်းသား၏ စံအိမ်တော်သို့ရောက်လာခဲ့ကြသည်။ စံအိမ်တော်ရောက်သောအခါ စစ်ကိုင်းမင်းသားမရှိဘဲ မြေးတော် ဆင်ဖြူမယ်သာရှိသည်။ ဆင်ဖြူမယ်မှာ ဆေးရုပ်တစ်ရုပ်ကိုလှမ်းယူလိုက်သည့်အချိန်တွင် ကောင်းကင်တစ်ခွင်တွင် လျှပ်ရောင်လျှပ်သန်းများ တဖြန်းဖြန်းဝင်းလက်သွားပြီး နေမွန်းတည့်သည့်အလား ဝင်းလက်လင်းထိန်သွားတော့သည်။

ထိုလျှပ်ပန်းလျှပ်နွယ်များကြားမှ မိုးကြိုးတစ်စင်းထွက်ပေါ်လာကာ စစ်ကိုင်းမင်းသား၏ စံအိမ်တော်ကိုထိမှန်လေသည်။ မိုးကြိုးထိသည်နှင့် အလွန်ကြီးမားသည့်မီးတောက်ကြီးများမှာ ပြိုးပြိုးပျက်ပျက်တောက်လောင်ကာ စံအိမ်တစ်ခုလုံးကို မီးစွဲလောင်သည်။ ဗဒုံမင်းမှာ ကြောက်ကြောက်လန့်လန့်နှင့် ထွက်ပြေးသည့်အခါ ကျန်ရှိနေသည့် ဆေးဝိဇ္ဇာအရုပ်တစ်ရုပ်မှာ မိုးကောင်းကင်သို့ပျံတက်သွားပြီး လပြည့်ဝန်းအတွင်းသို့ ဝင်ရောက်သွားကာ ဆွတ်ဆွတ်ဖြူနေသည့် မြင်းပျံကြီးတစ်ကောင်အဖြစ်ပြောင်းလဲသွားတော့သည်။

ဗဒုံမင်းမှာ အိပ်မက်မှလန့်နိုးလာသည့်အချိန်တွင် နံနက်မိုးသောက်နေပြီဖြစ်သည်။ မနက်ခင်းညီလာခံတွင် ထိုအိပ်မက်အကြောင်းအရာကို အယူတော်မင်္ဂလာဦးနိုးကိုပြောပြကာ အဓိပ္ပါယ်ကောက်စေသည်။ အယူတော်မင်္ဂလာဦးနိုးမှာ သေချာစွာစဉ်းစားပြီး

“မှန်လှပါဘုရား၊ အိပ်မက်တော်အလိုအရဆိုလျှင် မြေးတော်ဆင်ဖြူမယ်ကလေးထံတွင် ကောင်းမြတ်သောနက္ခတ်နှင့်ယှဉ်၍ မြင့်မြတ်စင်ကြယ်သောပုဂ္ဂိုလ်၏ ပဋိသန္ဓေရနေကြောင်းပါ အရှင်မင်းကြီး”

“တူရိယာဗုံမောင်းများတီးမှုတ်လျှက် ဆေးဝိဇ္ဇာရုပ်များကိုလိုက်ပို့ရသည်ဟုဆိုသဖြင့် ထိုသန္ဓေသားနှင့်အတူ မွေးဖွားလာကြမည့် ဖွားဖက်တော်များပါ ပဋိသန္ဓေယူပြီးဖြစ်ကြောင်းပါ”

“ဒါဖြင့် အဲဒီဆေးဝိဇ္ဇာတွေကရော”

“ဆေးဝိဇ္ဇာတွေဆိုတာ ဝိဇ္ဇာအပေါင်းက ထိုကလေးကိုခြံရံစောင့်ရှောက်ကြမယ်လို့ အဓိပ္ပါယ် ရပါတယ်ဘုရား၊ ဆေးဝိဇ္ဇာတစ်ရုပ်ကို ဆင်ဖြူမယ်ရရှိသည်ဆိုခြင်းကြောင့် ထိုသန္ဓေသားဟာ အလွန်တရာဘုန်းကံကြီးမားမည့်သူဖြစ်ကြောင်းပါဘုရား၊ ကျန်ဆေးဝိဇ္ဇာတစ်ရုပ်ဟာ မြင်းဖြစ်သွားမည်ဆိုခြင်းကြောင့် ထိုကလေးစီးနင်းရန် မြင်းယဉ်စကြာဆိုက်ရောက်ပြီဖြစ်ကြောင်းပါ၊ အိမ်တော်မီးလောင်ပျက်စီးသည်ဆိုခြင်းကြောင့် ထိုကလေးမွေးဖွားပြီးအချိန်တွင် ဆင်ဖြူမယ်မှာ ကွယ်လွန်အနိစ္စရောက်မည်ဟူသည့် အဓိပ္ပါယ်ပါအရှင်ဘုရား”

ဗဒုံမင်းမှာ အားရကျေနပ်စွာဖြင့် အယူတော်မင်္ဂလာဦးနိုးကို ဆုလာဘ်များချီးမြှင့်မြှောက်စားလိုက်တော့သည်။

သက္ကရာဇ် (၁၁၇၄)ခုနှစ်၊ တန်ဆောင်မုန်းလပြည့် အင်္ဂါနေ့၊ နံနက်နေထွက်ချိန်တွင် ဆင်ဖြူမယ်မှာ သားတော်တစ်ပါးဖွားမြင်သည်။ ထိုသားတော်ကလေးကို ခုနစ်ရက်တိုင်တိုင်မွေးဖွားရသည်။ ရွှေထီးလေးလက်ဆောင်း၍ ရွှေလင်ပန်းဖြင့် ကလေးအားခံယူစေသော်လည်း မမွေးဖွားသေးသဖြင့် အယူတော်မင်္ဂလာဦးနိုးကို မေးမြန်းရသည်။ ဦးနိုး၏ လျှောက်တင်ချက်မှာ သားတော်ကလေးသည် မင်းသားဖြစ်သော်လည်း အခြားသူများနှင့်မတူညီသည့်ဘုန်းကံရှိသောကြောင့် ထီးဖြူခုနစ်လက်မိုးကာ နဝရတ်ကိုးပါးနှင့် အလှဆင်ထားသည့် ရွှေလင်ပန်းနှင့်ခံပေးမှ မွေးဖွားမည်ဖြစ်ကြောင်း လျှောက်တင်သည်။ ထိုအတိုင်းပြုလုပ်ပေးလိုက်မှ စကြာမင်းသားကလေးမွေးဖွားလေတော့သည်။

မွေးဖွားသည့်အချိန်တွင် စံအိမ်တော်မမှ သြဘာသံများ အလိုလျောက်ထွက်ပေါ်လာသည်။ ထီးဖြူတော်များမှာ သူ့အလိုလိုအဖွင့်အပိတ်လုပ်ကုန်ကြသည်။ တစ်မြို့လုံး မိုးသည်းထန်စွာရွာသည်။ နန်းတွင်းရှိ ဗဟိုရ်စည်မှာ သူ့အလိုလိုမြည်ပြန်သည်။

ထိုသို့မွေးဖွားချိန်တွင် ဘိုးဘိုးအောင်နှင့် တစ်ထေရာတည်းရုပ်ဆင်တူသည့် လူသူတော်ဆယ့်နှစ်ဦးက အနီးအပါးမှစောင့်ရှောက်ပေးကြပြန်သည်။ မွေးဖွားပြီးသော် မင်းသားကလေးမှာ ကြန်အင်လက္ခဏာနှင့်ပြည့်စုံသည်။ ဘယ်ဘက်လက်ဖဝါးနှင့် ဘယ်ဘက်ပါးတွင် မှဲ့ရှင်တစ်လုံးစီပါရှိ၍ ပါးပေါ်ရှိမှည့်အလယ်တည့်တည့်တွင် တမိုက်ခန့်ရှည်၍ ဖြူဆွတ်သော မွှေးရှင်တစ်ပင်ပါသည်။ ညာလက်ဝါးနှင့် ခြေဖဝါးနှစ်ဖက်တွင် စကြာပုံစံအမှတ်အသားပါရှိသည်။ လက္ခဏာရှိ ထီးရိုးမှာ လက်ဖဝါးအောက်ခြေမှ လက်ညှိုးဖျားအထိ ထင်ရှားစွာပါရှိနေသည်။

မင်းသားကိုမွေးဖွားသည့်အချိန်မှာပင် နန်းတော်မြင်းတင်းကုပ်မှ အာဇာနည်မြင်းမကြီးက မြင်းဖြူတစ်စီးဖွားမြင်သည်။ မောင်မှတ်၊ မောင်မြတ်ရာစသော ဖွားဖက်တော်ခုနစ်ဦးမှာလည်း အသီးသီးဖွားမြင်ကြလေသည်။ စစ်ကိုင်းမင်းထံတွင် ဆင်ဖြူမယ်တစ်ဦးတည်း မိဖုရားရှိသည်မဟုတ်၊ မယ်နုဟုခေါ်သည့် မိဖုရားတစ်ပါးလည်းရှိသည်။ မယ်နုမှာ အကြံကြီးသည်။ ငယ်စဉ်ကတည်းကပင် တောင်နန်းဆောင်မိဖုရားခေါင်ကြီးဖြစ်ချင်သည်။ ထို့ကြောင့် ဆင်ဖြူမယ် မသေလျှင် မိမိ မိဖုရားခေါင်မဖြစ်နိုင်ဟု အကြံရှိကာ မီးဖွားပြီး ခုနစ်ရက်မြောက်သည့်နေ့တွင် ဆင်ဖြူမယ်ကို ပြုစုလုပ်ကျွေးသည့်ပုံစံဖြင့် အတွင်းခန်းဆောင်သို့ဝင်ရောက်လာသည်။

မီးနေခန်းဆောင်အတွင်း လူသူရှင်းနေသည့်အချိန်လည်းဖြစ်သည်။ မွေးဖွားပြီးစ မင်းသားငယ်ကလေးကို နန်းတွင်းသို့ပို့ဆောင်ကာ ဗဒုံမင်းထံဆက်သနေသည့်အချိန်လည်းဖြစ်သည်။ မယ်နုမှာ ခေါင်းအုံးတစ်ခုဖြင့် ဆင်ဖြူမယ်၏မျက်နှာကို မသေမချင်းဖိသတ်ကာ လုပ်ကြံသတ်ဖြတ်လိုက်သည်။ ထို့နောက် ခေါင်းအုံးကိုပြန်ချကာ ဆင်ဖြူမယ်တစ်ယောက် သာမန်သွေးရိုးသားရိုးအတိုင်း သေဆုံးသွားသည့်ပုံစံမျိုး ပြုလုပ်လေသည်။ အယူတော်မင်္ဂလာဟောထားသည့်အတိုင်း ခုနစ်ရက်ပြည့်သည့်နေ့တွင် ဆင်ဖြူမယ်ကံကုန်သွားသည်။ မယ်နုမှာ အိမ်ရှေ့စံ၏ မိဖုရားကြီးဖြစ်လာခဲ့သည်။

ဗဒုံမင်းမှာ မြေးတော်လေးကိုချစ်ခင်လွန်းလှလေရာ သတိုးမင်းလှရွှေတောင်ဘွဲ့ဖြင့် ညောင်ရမ်းမြို့ကိုအပိုင်စားပေးတော်မူသည်။ ထို့ကြောင့် ညောင်ရမ်းမင်းသားဟု လူသိများကြသည်။ ခြေဖဝါး၊ လက်ဖဝါးတို့တွင်ပါရှိသော စကြာပုံကိုအစွဲပြု၍ စကြာမင်းဟုလည်း လူအများကချစ်ခင်ကြသည်။

မယ်နုမှာ စကြာမင်းကိုလည်း ကြည့်မရပေ၊ သို့သော် ဗဒုံမင်းမှာ မြစ်တော်လေးကိုချစ်လှသည့်အတွက် အနီးအပါးတွင်ခေါ်ထား၍ လက်တော်မှမချသဖြင့် မကြံစည်တတ်ဘဲဖြစ်နေရသည်။ ဗဒုံမင်းမှာ တရားသဘင်၊ ညီလာခံအချိန်များတွင်ပင် မင်းသားကလေးကို ရင်ခွင်တွင်ချီပွေ့ထားတတ်သည်။

ထိုအချိန်တွင် နေပြည်တော်တစ်ဝှန်းတွင် တဘောင်သီချင်းများပေါ်ပေါက်လာသည်။ တဘောင်ဆိုသည်မှာ လူအများက မထင်မှတ်ဘဲ အကျိုးအကြောင်းမရှိဘဲ သူ့အလိုလိုရွတ်ဖတ်မိသည့် စကားများပင်ဖြစ်သည်။ မည်သူကအစပြု၍ မည်သူက တီထွင်ကြောင်း သဲလွန်စရှာမရနိုင်ချေ၊ သို့ရာတွင် သူရောငါပါ အဓိပ္ပါယ်မသိဘဲ ဆိုကောင်းသဖြင့် ဆိုကြရာမှ တစ်ရပ်လုံး၊ တစ်ရွာလုံး၊ တစ်နိုင်ငံလုံးအထိ ပြန့်နှံ့သွားတတ်သည်။

ထိုစကားမျိုးသည် တိုင်းပြည်နိုင်ငံတွင် မည်သို့ဖြစ်ပေါ်မည်ဆိုသည့် အကြောင်းအရာကို နိမိတ်ပြ၍ ဖော်ပြခြင်းဖြစ်သဖြင့် ရှင်ဘုရင်နှင့် လွတ်တော်ဝန်ကြီးများမှာ အလေးအနက်ထားကာ တွေးတောဆင်ခြင်တတ်ကြသည်။ ထိုတဘောင်မှာ

“ပင်ကုက္ကို ညောင်တွဲလို့၊ အောင်ပွဲရတို့သခင်၊ ဘုန်းတောက်မည့်အင်၊
မြတ်ရာဝင်၊ အံ့ချီးဖွယ် ကမ္ဘာတွင်လိမ့်၊ စာတင်သော် ဘယ်မညှိုးတယ်၊ ဘိုးတော့်ချစ်သွေး”

“ပင်ကုက္ကို ခွကြားက၊ ငါမင်းသားထိုင်လို့နေ၊ ရွတ်လိုက်တဲ့ဂါထာတွေ၊ သိန်းကုဋေခြောက်သန်း၊ အင်းလမ်းနှင့်စမစုံသည်၊ ဥုံမပါထွက်ရပ်သို့မြန်း”

ဟူ၍ဖြစ်သည်။ ထိုအခါ ဗဒုံမင်းမှာ အတိတ်တဘောင်၏ နိမိတ်သဘောကိုသိလိုသောကြောင့် အယူတော်မင်္ဂလာဦးနိုးကို ခေါ်မေးရပြန်သည်။

“တဘောင်နိမိတ်မှာ ကုက္ကိုဆိုတာ တနင်္လာနံဖြစ်တာကြောင့် အရှင်မင်းကြီးကိုရည်ညွန်းတာဖြစ်ပါတယ်၊ ညောင်ဆိုတာ မြစ်တော်ညောင်ရမ်းမင်းသား အင်္ဂါသားကိုရည်ညွန်းတာပါ၊ ဒါကြောင့် တနင်္လာသားအရှင်မင်းကြီးရဲ့ ရင်ခွင်မှာ မြစ်တော် အင်္ဂါသားညောင်ရမ်းမင်းသားကလေး စံနေတဲ့အတွက် အံ့ချီးမကုန်တဲ့ တန်ခိုးတွေထွက်ပါလိမ့်မယ်လို့ ဆိုချင်တာပါ၊ မင်းသားကလေးဟာ ဘုရားဂါထာတွေကိုရွတ်ဆိုပြီး ထွက်ရပ်လမ်းကိုမြန်းနိုင်မယ်လို့ အဓိပ္ပါယ်ရပါတယ်ဘုရား”

ဗဒုံမင်းမှာ အယူတော်မင်္ဂလာ၏ စကားကို သဘောတွေ့လှသဖြင့် ပြုံးတော်မူသည်။

ညောင်ရမ်းမင်းသားကလေးမှာ ကြီးပြင်းလာသည့်အခါ သဘောကောင်း၍ အေးဆေးတည်ငြိမ်သည်၊ စကားနည်းသည်။ မင်းမှုထမ်းများ တရားတဘောင်များကို စိတ်မဝင်စားဘဲ တစ်ယောက်တည်းအေးအေးနေတတ်သည်။ အချိန်ရှိတိုင်း ပုတီးစိပ်နေလေ့ရှိသည်။ ဘိုးဘိုးအောင်မှာလည်း မင်းသားကလေးကိုချစ်ခင်နှစ်သက်သည့်အတွက် ရံဖန်ရံခါ မင်းသားကလေးထံသို့လာ၍ ကျင့်စဉ်နည်းလမ်းများကို ဟောပြောပြသလမ်းညွန်ပေးတတ်သည်။

တစ်နေ့တွင် ဗဒုံမင်း ညီလာခံကျင်းပသည့်အချိန် ညောင်ရမ်းမင်းသားကလေး၏ အိမ်တော်မှ မီးညွန့်မီးလျှံများတောက်ပလျှက် မိုးကောင်ကင်အထက်သို့ဝဲပျံတက်နေသည်ကို တွေ့မြင်ရသည်။ မင်းသားကလေးကို မကျေနပ်၊ မနာလိုသည့် လူများက မင်းသားကလေးမှာ အသက်ငယ်ပင်ငယ်ညားသော်လည်း သူ့ကိုယ်သူဘုန်းကံကြီးကြောင်း ကြံစည်နေလေသည်။ စုန်းထီးကြီးတစ်ဦးသည်လည်း ဝင်ထွက်နေလေ့ရှိသည်။ ထိုစုန်းထီးကြီးတစ်ဦးဆီမှ စုန်းပညာများကိုသင်ယူကာ ထိုပညာအစွမ်းများကို ပြသပြီး နေပြည်တော်ကို အုတ်အော်သောင်းတင်းဖြစ်စေကာ ထီးနန်းကိုလုယူရန်ကြံရွယ်နေပါသည် ဟု လျှောက်တင်ကုန်းချောသည်။ စင်စစ်အားဖြင့် ထိုလူများမှာ မယ်နု၏အပေါင်းအပါလူယုံများဖြစ်သည်။

ဗဒုံမင်းမှာ မင်းချင်းတစ်ယောက်ကိုစေလွှွှတ်ကာ ထိုကိစ္စကိုစုံစမ်းစေသည်။ မင်းချင်းက စုံစမ်းသည့်အခါ စုန်းထီးဆိုသည့်သူမှာ ဘိုးဘိုးအောင်ဖြစ်နေသည်ကိုတွေ့ရသည်။ ထိုအကြောင်းကို ဗဒုံမင်းထံသို့လျှောက်တင်သည့်အခါမှ ဗဒုံမင်းမှာစိတ်ချသွားသည်။

“မောင်အောင်ဆိုရင်ဖြင့် ငါကိုယ်တော်မြတ်စိတ်ချတယ်၊ မောင်အောင်ဟာ ငါ့ကိုမကောင်းကြံမယ့်လူမဟုတ်ဘူး၊ မောင်မင်းတို့ ငါ့ကိုသွေးထိုးတာ တော်သင့်ပြီ”

ဟုဆိုကာ လျှောက်တင်သူများကို ပြစ်ဒဏ်အသီးသီး ချမှတ်လိုက်လေတော့သည်။ ထို့ကြောင့် မယ်နုနှင့်အပေါင်းအပါများမှာ စကြာမင်းသားကလေးကို ရှင်းထုတ်ပစ်ရန် အခွင့်မသာဘဲဖြစ်နေသည်။

ဗဒုံမင်းမှာ သက္ကရာဇ် (၁၁၈၁)ခုနစ် နယုန်လဆန်း (၁၃)ရက်နေ့တွင် နတ်ရွာစံသောအခါ မြေးတော်ဖြစ်သူ စစ်ကိုင်းမင်းသားက နယုန်လဆန်း (၁၅)ရက်တွင် နန်းတက်လေသည်။ စစ်ကိုင်းမြို့ကိုအစားရသည့် မင်းသားဖြစ်ခဲ့သဖြင့် စစ်ကိုင်းမင်းဟုခေါ်တွင်ကြသည်။ နောက်ပိုင်းလူများမှာ ဘကြီးတော်မင်းဟုခေါ်သည်။ ဘကြီးတော်ဟုခေါ်ရခြင်းမှာ ပုဂံမင်း၊ မင်းတုန်းမင်းတို့၏ ဘကြီးတော်စပ်သူဖြစ်နေသောကြောင့် ဖြစ်သည်။ စစ်ကိုင်းမင်းနန်းတက်သည့်အခါ မယ်နုမှာ တောင်နန်းဆောင်မိဖုရားကြီးဖြစ်လာသည်။ နန်းမတော်မယ်နုဟု အမည်တွင်သည်။

နန်းမတော်မယ်နုမှာ စကြာမင်းကလေးကို မလိုမုန်းထားရန်ငြိုးပွားလေသည်။ အကြောင်းမှာ စကြာမင်း၏မယ်တော် ဆင်ဖြူမယ်ကို မိမိကသတ်ဖြတ်ထားသောကြောင့် တစ်ချိန် စကြာမင်းရိပ်စားမိသွားလျှင် မိမိအားလက်တုန့်ပြန်မည်ဟု စိုးရိမ်ရသောကြောင့်ဖြစ်သည်။ စစ်ကိုင်းမင်းကို စေလိုရာစေထိန်းချုပ်နိုင်ရန်အတွက် နန်းမတော်မယ်နုမှာ ရေဦးကတော်အမေပြာဆိုသည့် စုန်းမကြီးတစ်ယောက်ကို လက်သပ်မွေးမြူထားပြီး နန်းတွင်းထဲတွင် ကိုယ့်ခြေကိုယ့်လက်တမျှ လုပ်ကိုင်ကြံစည်နေလေသည်။

မယ်နုမှာ သူ၏အကိုဖြစ်သူ မောင်အိုကိုလည်း စလင်းမြို့ကိုစားစေကာ စလင်းမင်းသားကြီးဆိုသည့် ဘွဲ့ထူးကိုပေးစေ၍ မင်းသားတစ်ပါးကဲ့သို့ကျင့်ကြံံစေသည်။ နန်းတော်လွှတ်တော်ဝန်ကြီးများကိုလည်း မိမိတို့သြဇာအာဏာခံဖြစ်သည့် လူများကိုသာ ရွေးချယ်တင်မြှောက်သည်။ မိမိသဘောနှင့် မတိုက်ဆိုင်သူများကို အမေပြာ၏အကူအညီဖြင့် လုပ်ကြံသတ်ဖြတ်သည်။ စစ်ကိုင်းမင်းကိုလည်း အောက်လမ်းဆေးများနှင့် ဆေးခပ်ထားသဖြင့် စစ်ကိုင်းမင်းမှာ မယ်နုပြောရာအမှန်ဟုယူဆပြီး မယ်နုပြောသည့်အတိုင်းသာ အမိန့်ချမှတ်သည်။

မယ်နုတို့မောင်နှမ၏ အာဏာမှာ တဖြည်းဖြည်းကြီးထွားလာသောအခါ မယ်နုမှာ စကြာမင်းသားကို ရှင်းပစ်ရန်အတွက် လောကီနည်းလမ်းများဖြင့် အကြိမ်ကြိမ်စီရင်လုပ်ကြံလေသည်။ စကြာမင်းသားကလေးမှာ ရွှွှေလမင်းဟုအမည်ရသည့် ဖွားဘက်တော်မြင်းကြီးကိုစီးကာ လပြည့်နေ့တိုင်း စစ်ကိုင်းမင်းကွန်းဘက်သို့ ဘုရားဖူးထွက်လေ့ရှိသည်။ စကြာမင်းသား၏ ဖွားဘက်တော်များဖြစ်ကြသည့် မောင်မြတ်ရာနှင့် မောင်မှတ်တို့မှာ အဖော်အဖြစ်လိုက်ပါကြလေသည်။

စစ်ကိုင်းဘက်ကမ်းသို့ ရွှေဖောင်တော်ကြီးဖြင့် ကူးဖြတ်ရလေသည်။ အမေပြာဆိုသည်မှာလည်း နှယ်နှယ်ရရစုန်းမကြီးတစ်ယောက်မဟုတ်ပေ၊ အမေပြာက ထမီတစ်ထည်ကို မန်းမှုတ်ပြီး ရေထဲသို့ပစ်ချလိုက်သည့်အခါ ထိုထမီမှာ အလွန်ကြီးမားသည့် နဂါးကြီးတစ်ကောင်အဖြစ်ပြောင်းလဲသွားကာ ရေအောက်သို့တိုးဝင်နစ်ငုပ်သွားသည်။

စကြာမင်းသားကလေးတို့ စီးနင်းလာသည့် ရွှေဖောင်တော်ကြီးမှာ စစ်ကိုင်းဘက်သို့ကူးခတ်ခဲ့ရင်း ဧရာဝတီမြစ်လယ်သို့ပင်ရောက်ရှိလာခဲ့သည်။ ထိုအချိန်တွင် အမေပြာလွှတ်ထားသည့် နဂါးကြီးမှာ ရေလယ်အောက်မှ ဘွားခနဲထွက်ပေါ်လာပြီး ဖောင်တော်ကို အမြှီးနှင့်ရိုက်၊ ကိုယ်လုံးနှင့်တိုက်ကာ ဖျက်ဆီးလိုက်လေသည်။ ဖောင်တော်မှာ နှစ်ခြမ်းကွဲထွက်သွားသည်မို့ မင်းချင်းများမှာ ကြောက်လန့်တကြားဖြစ်နေကြသည်။ ထိုအခါ စကြာမင်းသားကလေးမှာ ရွှေလမင်းမြင်းကြီးကိုစီးနှင်ကာ ရေလယ်ခေါင်ဆီသို့ခုန်ချသွားသည်။ ရေအတွင်းသို့ကျရောက်သော်လည်း မြင်းကြီး၏ ခွာမှာ ရေမျက်နှာပြင်ပေါ်တွင် ပေါလောပေါ်နေသည်ကိုတွေ့ရသည်။ မြင်းကြီးမှာ မြစ်ရေပြင်ပေ။ါ်တွင် ကဆုန်စိုင်းကာ ပြေးလွှားရင်း စစ်ကိုင်းဘက်ကမ်းသို့ရောက်ရှိသွားသည်ကိုတွေ့လိုက်ရသည်။ နဂါးကြီးမှာ အခဲမကျေသေးဘဲ မင်းသားလေးအနောက်မှ ပြေးလိုက်လာသည်။ မင်းသားလေးမှာ နဂါးကြီးကိုလက်ညှိုးညွှန်လိုက်သည့်အချိန်မှာပင် လက်ညှိုးထိပ်မှ စကြာများထွက်ပေါ်လာကာ နဂါးကြီးကိုထိမှန်ပြီး နဂါးကြီးမှာ ခုနစ်ပိုင်းပြတ်ထွက်သွားသည်။ ထိုအခါမှ ထဘီတစ်ထည်အဖြစ်ပြောင်းလဲသွားတော့သည်။

မယ်နုတို့မှာ ထိုမျှနှင့်မကျေနပ်သေးဘဲ မင်းသားကလေးကို သတ်ဖြတ်ရန်ကြံရွယ်ပြန်သေးသည်။ ယခုတစ်ခါတွင်တော့ အမေပြာကို အလွန်ပြင်းထန်သည့်အဆိပ်များကိုရှာဖွေစေသည်။ အမေပြာမှာ အဆိပ်ငါးပါးနှင့်ပြုလုပ်ထားသည့် အဆိပ်ဆီကိုဖော်စပ်ချက်လုပ်သည်။ ထိုအဆိပ်ဆီကို တစ်စက်မျှစားမိလျှင် အူအသည်းများ အပိုင်းပိုင်းပြတ်ကာ သေဆုံးနိုင်စေမည်ဖြစ်သည်။ မယ်နုမှာ ထိုအဆိပ်ကို ပွဲတော်အုပ်တစ်ခုတွင် အဆိပ်ခတ်စေသည်။ စကြာမင်းသားကလေးကို နန်းတော်သို့ဖိတ်ကြားပြီး ဘုရင်မင်းမြတ်က ပွဲတော်အုပ်စွန့်သည်ဟုဆိုကာ ထိုအဆိပ်ပွဲတော်ကို စစ်ကိုင်းမင်းရှေ့မှောက်မှာပင် သုံးဆောင်စေသည်။ ဘုရင်မင်းက ပွဲတော်အုပ်စွန့်သည်ဆိုသည်မှာ အလွန်ကြီးမားသည့် ချီးမြှောက်မှုကြီးဖြစ်သည်။ ထိုပွဲတော်အုပ်ကို မသုံးဆောင်ပါက ရှင်ဘုရင်ကို ပုန်ကန်သည်နှင့်ပင်တူညီသည်။ မယ်နုတို့၏ အကြံအစည်မှာ ပိုင်လှသည်။ စကြာမင်းသားကလေး ပွဲတော်အုပ်စားမိသည့်အခါ အဆိပ်မိ၍ သေမည်၊ ပွဲတော်အုပ်ကို မသုံးဆောင်ပါကလည်း ရှင်ဘုရင်ကို ပုန်ကန်သည်ဟု စွပ်စွဲချက်ဖြင့် အရေးယူနိုင်မည်ဖြစ်သည်။

စကြာမင်းသားကလေးမှာ ပွဲတော်အုပ်ကိုစားသုံးရန် လက်နှိုက်လိုက်သည့်အချိန်တွင် ပွဲတော်အုပ်အတွင်း အဆိပ်များခတ်ထားသည်ကိုရိပ်စားမိသည်။ မင်းသားကလေးက ဘိုးဘိုးအောင်သင်ကြားပေးခဲ့သည့် ဝစကြာဂါထာကိုရွတ်ဖတ်ကာ ပွဲတော်အုပ်ကို မြိန်ရေရှက်ရည်သုံးဆောင်တော့သည်။ အမေပြာနှင့် မယ်နုတို့မှာ မင်းသားကလေး အဆိပ်မိပြီဟုတွေးမိကာ ကြိတ်ပျော်နေကြသည်။ သို့သော် ပွဲတော်အုပ်တစ်ခုလုံးစားပြီးသောက်ပြီးသည်အထိ အဆိပ်အစွမ်းမပြသဖြင့် ထူးဆန်းအံ့သြနေကြသည်။ မင်းသားလေးမှာ ပွဲတော်အုပ်ကိုသုံးဆောင်ပြီးသည့်အခါ ခပ်အေးအေးပင်ပြန်သွားလေသည်။

နန်းတွင်းအမှုထမ်းများမှာ ပွဲတော်အုပ်ကိုသိမ်းဆည်းပြီးသည့်အခါ ကျန်ရှိနေသည့်ပွဲတော်စာများကို ကျီးစာငှက်စာတင်ကျွေးထားလိုက်သည်။ ပွဲတော်အုပ်မှ ကျန်ရှိနေသည့် အရိုးအရင်းများ၊ စားကြွင်းစားကျန်များကို စားသောက်မိသည့် ကျီးကန်းများမှာ လေပေါ်ပျံဝဲနေစဉ်မှာပင် အဆိပ်မိကာ သေဆုံးပြုတ်ကျကုန်သည်။ ထိုကျီးများ ပြုတ်ကျ၍သေဆုံးသည့် မြစ်လက်တက်တစ်ခုမှာ အဆိပ်သင့်သွားပြီး မြစ်အတွင်းမှ ငါးများအားလုံး သေဆုံးကာ ရေပေါ်ပေါလောပေါ်ကုန်ကြသည်။

ဘိုးဘိုးအောင်မှာ စကြာမင်းသားကလေးကို မကြာခဏလာရောက်တွေ့ဆုံသည်။

“မင်းကလေးရယ်၊ ဘိုးဘိုးနဲ့လိုက်ခဲ့စမ်းပါကွဲ့၊ နန်းတော်ကြီးဆိုတာ သူယုတ်မာတွေနဲ့ ပြည့်နှက်နေတဲ့အရပ်တစ်ခုဖြစ်တယ်၊ သူတော်ကောင်းဆိုတာ သူယုတ်မာတွေနေတဲ့အရပ်မှာ မနေအပ်ပါဘူး မင်းကလေးရယ်၊ ဘိုးဘိုးနဲ့လိုက်ခဲ့စမ်းပါ”

သို့သော် စကြာမင်းသားကလေးမှာ နန်းမြေကိုမစွန့်နိုင်ဘဲ ငြင်းချည်းသာနေတော့သည်။

“လောလောဆယ်တော့ ဟောဒီနန်းမြေကို မစွန့်နိုင်သေးဘူးဘိုးဘိုး၊ မြေးတော်တို့တိုင်းပြည်ဟာ မင်းကောင်းလက်ထက်မှာ တိုင်းပြည်သာယာဝပြောပြီးတော့ မင်းဆိုးလက်ထက်မှာတော့ တိုင်းပြည်ဟာ ချွတ်ခြုံကျသွားတတ်ပါတယ်၊ သာသနာတစ်ဝက် မင်းကောင်းတစ်ဆက်ဆိုတဲ့ဆိုရိုးလည်းရှိတာကြောင့်မို့ မြေးတော်ဟာ မင်းကောင်းမင်းမြတ်ဖြစ်ချင်ပါသေးတယ်”

“မင်းကလေးရဲ့ ဇာတာက မင်းဖြစ်ရမယ့်ဇာတာမဟုတ်ဘူးကွဲ့၊ မင်းကလေးဟာ ဝိဇ္ဇာဖြစ်ရမယ့်သူပဲ”

“မြေးတော်ကတော့ မင်းအဖြစ်ရပြီးတော့ သာသနာပြုမယ်၊ တိုင်းသူပြည်သားတွေကို ကယ်တင်မယ်၊ အဲဒါပြီးမှ ဝိဇ္ဇာဖြစ်မယ်လို့ ဆုံးဖြတ်ထားပါတယ်”

ဘိုးဘိုးအောင်မှာ စကြာမင်းသားကို နားချမရသဖြင့် သက်ပြင်းအကြိမ်ကြိမ်ချကာ

“ဒါဖြင့် မင်းကလေးကို စစ်သည်ရဲမက်တွေပုံအပ်ပြီး အခုပဲ နန်းသိမ်းလိုက်စေမယ်ဆိုရင်ရော”

“ဒီလိုတော့ မဖြစ်ပါဘူး ဘိုးဘိုးရယ်၊ ခမည်းတော်ကိုရန်ပြုပြီး နန်းသိမ်းသလိုဖြစ်နေပါ့မယ်၊ ခမည်းတော်ကို နန်းစည်းစိမ် ကြာကြာခံစားပါစေတော့၊ ခမည်းတော် ကံကုန်မှသာ ဘိုးဘိုးစီစဉ်ချင်သလို စီစဉ်ပါ”

“အေးကွယ်၊ ဘာပဲဖြစ်ဖြစ် တစ်ခုခုအကြောင်းရှိရင် ဘိုးဘိုးကိုသာ တမ်းတလိုက်ပါ၊ ဘိုးဘိုး မင်းကလေးအနားမှာရှိနေပါတယ်ကွဲ့”

ဘိုးဘိုးအောင်မှာ ပြောဆိုလျှက်ပျောက်ကွယ်သွားတော့သည်။

နန်းမတော်မယ်နှမှာ အစကနဦးအချိန်က မိမိ၏ရင်သွေးကို နန်းမွေပေးရန်စီစဉ်ပြီးဖြစ်သည်။ သို့သော် ရင်သွေးနှစ်ဦးစလုံးမှာ အသက်မရှည်ရှာပေ၊ ထို့ကြောင့် ထီးနန်းစည်းစိမ်မှာ သာယာဝတီမင်းနှင့် စကြာမင်းကလေးသာ ရရှိရန်အရေးသာနေပေသည်။ ထိုစဉ် မယ်နု၏အကို စလင်းမင်းသားမောင်အိုမှာ မင်းသားအဖြစ်နှင့် မရောင့်ရဲတော့ဘဲ ရှင်ဘုရင်ဖြစ်ချင်လာသည်။ မောင်အို၏ အကြံအစည်အတိုင်း စစ်ကိုင်းမင်းကိုဆေးခပ်ကာ ကျန်းမာရေးချို့တဲ့စေရန်ပြုလုပ်လိုက်သည်။ ထိုအခါ အချုပ်အချာအာဏာမှာ မယ်နုတို့မောင်နှမနှစ်ယောက်လက်ထဲသို့ရောက်လာသည်။ နန်းတွင်းတွင် မင်းညီမင်းသားများလည်းအများအပြားရှိနေကြသည်မို့ ထိုမင်းညီမင်းသားများကို နည်းအမျိုးမျိုးနှင့်စီရင်သတ်ဖြတ်ပြန်သည်။

ထိုအခါ သာယာဝတီမင်းနှင့် စကြာမင်းသားကျန်ရှိတော့သည်။ သာယာဝတီမင်းမှာ မင်းသားကြီးဖြစ်သဖြင့် သူ့ကိုအရင်ရှင်းမည်ဟုဆိုကာ ပုန်ကန်ရန်ကြံရွယ်ကြောင်း အကွက်ချ၍ဖမ်းဆီးသည်။ သာယာဝတီမင်းမှာ မယ်နုတို့လက်မှ လက်မတင်ကလေးလွတ်မြောက်သွားသည်။ သာယာဝတီမင်းသားမှာ မယ်နုတို့မောင်နှမ တိုင်းပြည်အရေးချုပ်ကိုင်နေသည်ကို မနှစ်မြို့သည်မို့ ရွှေဘိုသို့ထွက်ကာ လူသူအင်အားစုဆောင်း၍ ပုန်ကန်တော့သည်။ မယ်နုတို့ကလည်း ပုန်ကန်မှုကို တပ်များစေလွတ်ကာ နှိမ်နင်းစေသော်လည်း မယ်နုတို့သြဇာသက်ရောက်နေသည်ကို မနှစ်မြို့သည့်လူများနေသည်မို့ တပ်များအကြိမ်ကြိမ်ပျက်ကာ သာယာဝတီမင်း၏ တပ်ကသာ အနိုင်ရသည်။

သာယာဝတီမင်းသား၏ သူပုန်တပ်မှာ အင်းဝမြို့ကိုဝန်းရံမိသောအခါ စစ်ကိုင်းမင်းမှာ ထီးနန်းစည်းစိမ်းကို သာယာဝတီမင်းသားလက်သို့အပ်လိုက်ရသည်။ သာယာဝတီမင်းသား ရှင်ဘုရင်ဖြစ်သောအခါ အများပြည်သူက မကြည်ညိုကြဘဲ စကြာမင်းသားကလေးသာ မင်းဖြစ်သင့်သည်ဟု ပြောဆိုကြလေသည်။ သာယာဝတီမင်းမှာ သံသယကြီးသည်၊ မိမိမှာ ရှင်ဘုရင်ကို ပုန်ကန်၍ ထီးနန်းရခဲ့သည်မို့ စကြာမင်းကလေးမှာ မိမိကို ပြန်လည်ပုန်ကန်နိုင်သည်ဟု တွေးမိသည်။ ထိုမျှသာမကသေး ဘိုးတော်ဘုရားရှိစဉ်ကတည်းက စကြာမင်းကလေးမှာ ပြည်သူအပေါင်း၏ ချစ်ခင်မှုကိုရရှိခဲ့ပြီးဖြစ်သည်။ စကြာမင်းသာ ပုန်ကန်လျှင် မိမိမှာမလွယ်ကူသည်မို့ စကြာမင်းကိုပုန်ကန်သည်ဟု အပြစ်စွဲတပ်ကာ ရေချစီရင်ရတော့သည်။

မင်းဆီမင်းသွေးများကို သွေးမြေကျအောင်သတ်ဖြတ်လျှက် ထိုမင်းဆက်မှာ ကျိန်စာသင့်သည် ဟူသောစကားအရ မင်းဆွေမင်းမျိုးများကို သတ်ဖြတ်သည့်အခါ သွေးမထွက်စေသော ရေချသည့်နည်းလမ်းဖြင့် သတ်ဖြတ်ကြသည်။ သာယာဝတီမင်းမှာ စကြာမင်းနှင့် တူဝရီးတော်စပ်သောကြောင့်လည်းဖြစ်သည်။ စကြာမင်းသားကို မင်းချင်းများက ရွှေကြိုးဖြင့် (၂၅)ပတ် ချည်နှောင်ပြီး ဧရာဝတီမြစ်ကမ်းဆိပ်သို့ ခေါ်ဆောင်လာခဲ့ကြသည်။ မြို့သူမြို့သားများမှာ စကြာမင်းသားကလေး ရေချစီရင်ခံရတော့မည်ဖြစ်သဖြင့် ရင်ထုမနာငိုကျွေးကြသည်။

စကြာမင်းသားကလေးမှာ မတုန်မလှုပ်သောမျက်နှာထားဖြင့် ခပ်အေးအေးပင်လိုက်ပါလာခဲ့သည်။ လှေဆိပ်ရောက်သည့်အခါ မင်းသားကလေးကို ကတ္တီပါအိတ်ဖြင့် ထုပ်ပိုးချည်နှောင်လိုက်သည်။ ရဲလှေကြီးနှစ်စီးကို ဘေးချင်းယှဉ်ထားပြီး အလယ်တွင် ငွေပြားကွပ်ထားသည့် ကုန်းဘောင်ပြားတစ်ခုကို ထိုးတင်ထားသည်။ ထိုကုန်းဘောင်ပြားပေါ်တွင် မင်းသားလေးကိုတင်ကာ ဆရာတော်များက နောက်ဆုံးအကြိမ် သရဏဂုံတင်ပေးကြသည်။ ပြီးစီးသွားသည့်အခါ လှေနှစ်စင်းကို မြစ်လယ်သို့လှော်ခတ်လာခဲ့ကြပြီး လှေနှစ်စင်းကိုတစ်ဖက်စီခွာလိုက်သည့်အခါ အလယ်ကုန်းဘောင်ကြီးနှင့် ကတ္တီပါအိတ်ဖြင့်ထုပ်ထားသည့် မင်းသားကလေးမှာ ရေထဲသို့နစ်မြုပ်ကျဆင်းသွားလေသည်။

ကမ်းလုံးညွတ်မျှ ကြည့်ရှုနေကြသည့် လူပရိသတ်အပေါင်းမှာ အော်ဟစ်ငိုကြွေးကြကုန်သည်။ ထိုစဉ် ကောင်းကင်ကြီးတစ်ခုလုံး တိမ်ညိုတိမ်မည်းများက အုပ်ဆိုင်းလာခဲ့ကာ မိုးကြိုးထစ်ချုန်းလျှက် မိုးမှောင်ကျရောက်လာခဲ့သည်။ မြေငလျင်ကြီးလည်းတုန်လှုပ်ကာ ကြည့်ရှုနေသူအပေါင်းမှာ မြေပြင်ပေါ်သို့ချော်လဲကျကုန်သည်။

မင်းသားကလေးအား ရေချခဲ့သည့်နေရာတည့်တည့်သို့ မိုးကောင်းကင်ပေါ်မှ ရွှေဝါရောင်အလင်းတန်းတစ်ခုကျရောက်လာကာ မီးမောင်းထိုးထားသည့်နှယ် ဖြစ်ပေါ်သွားသည်။ ထိုအလင်းရောင်၏ ထိပ်ဘက်ပိုင်းတွင် ဝတ်ဖြူစင်ကြယ်ဝတ်ဆင်ထားသည့် ပုဂ္ဂိုလ်ကြီးတစ်ယောက်ပေါ်ပေါက်လာခဲ့သည်။ ပုဂ္ဂိုလ်ကြီးမှာ ဦးခေါင်းတွင်အဖြူရောင်အုပ်ပေါင်းတစ်ခုကိုဝတ်ဆင်ထားပြီး လည်ပင်းတွင် မည်းနက်နေသည့် ပုတီးတစ်ကုံးကိုဆွဲထားသေးသည်။ လက်တစ်ဖက်တွင် တောင်ဝှေးတစ်ချောင်းကိုင်ထားကာ လက်တစ်ဖက်တွင်တော့ ဓါတ်လုံးတစ်လုံးကို ကိုင်တွယ်ထားသည်။ ထိုဓါတ်လုံးမှလည်းကောင်း၊ ပုတီးမှလည်းကောင်း၊ ဆေးတောင်ဝှေးမှလည်းကောင်း ဝင်းလက်တောက်ပသည့်အလင်းရောင်များမှာ အစဉ်မပြတ်ထွက်ပေါ်နေပြန်သည်။ ပြည်သူအများမှာ ထိုပုဂ္ဂိုလ်ကြီးကိုငေးကြည့်ကြရင်း

“ဟာ အဲဒါ ဘိုးဘိုးအောင်ကြီးပဲဟေ့”

“ဘိုးဘိုးအောင်လာပြီကွ”

ကြည့်ရှုနေသည့်လူပရိသတ်မှာ အသံကုန်ဟစ်ကာ အော်လိုက်ကြသည်။ ထိုစဉ် ရေအောက်အတွင်းမှ မြင်းဖြူကြီးစီးထားသည့် စကြာမင်းသားကလေးမှာ တဖြည်းဖြည်းပေါ်ထွက်လာလေသည်။ မြင်းဖြူကြီးမှာ ခွာကိုဝင့်လိုက်သည့်အခါ မိုးပေါ်သို့ပျံတက်သွားလေသည်။ ဘိုးဘိုးအောင်က မင်းသားကလေးကိုကြည့်ကာ

“မင်းကလေး၊ ဘိုးဘိုးမပြောခဲ့ဘူးလားကွဲ့၊ သူတော်ကောင်းဆိုတာ သူယုတ်မာတွေများတဲ့အရပ်မှာ မနေသင့်ဘဲ စွန့်ခွာရမယ်ဆိုတာလေ”

“မြေးတော် အခုနားလည်သွားပါပြီ ဘိုးဘိုး”

“ထီးနန်းစည်းစိမ်ဆိုတာ သဲချပ်ကို အပေါ်က သကာရည်ဆမ်းထားတာနဲ့တူညီပါတယ် မင်းကလေး၊ သူတော်ကောင်းနဲ့ ထီးနန်းစည်းစိမ်နဲ့ဆိုတာ လားလားမှ မအပ်စပ်တာကြောင့် မင်းကလေးအခုပဲ ဘိုးဘိုးနဲ့လိုက်ခဲ့ပါတော့၊ ဟောဒီလောကကြီးဟာလေ ကုသိုလ်၊ အကုသိုလ်ဆိုတဲ့ ကံစီမံရာအတိုင်းဖြစ်ပေါ်နေတဲ့လောကကြီးတစ်ခုပါပဲ၊ ဘိုးဘိုးတို့က လူတိုင်းကိုကယ်တင်နေမှဖြင့် ကုသိုလ်၊ အကုသိုလ်ဆိုတဲ့ ကံကြမ္မာကို လျစ်လျူရှုရာ ကျမနေပေဘူးလား”

ဘိုးဘိုးအောင်မှာ မင်းသားကလေးကို အမှာစကားပြောဆိုပြီးသည့်နောက် မိုးကောင်းကင်အပေါ်သို့ ပျံတက်သွားကြလေသည်။ ထိုနေ့မှစ၍ ဘိုးဘိုးအောင်ကိုရော၊ စကြာမင်းသားကလေးကိုရော အင်းဝနေပြည်တော်တွင် မတွေ့ရှိရတော့ပေ။

သာယာဝတီမင်းလက်ထက်တွင် ငလျင်ကြီးစွာလှုပ်ခတ်၍ အင်းဝမြို့မှာ ရစရာမရှိအောင်ပျက်စီးသွားသည်။ ထို့ကြောင့် မြို့တော်ကို အမရပူရသို့ ပြန်လည်ပြောင်းရွှေ့ပြန်သည်။ သာယာဝတီမင်းမှာ သံသယကြီးသူဖြစ်သဖြင့် နန်းတွင်းရေးများ မငြိမ်မသက်ဖြစ်ရသည်။ သားတော်ဖြစ်သည့် ပြည်မင်းသားကိုလည်း ပုန်ကန်သည်ဟုဆိုကာ ကွပ်မျက်ပြန်သည်။ အနောက်နန်းမိဖုရားမမြလေးနှင့် ဆွေတော်မျိုးတော်များကိုလည်း ပုန်ကန်သည်ဟုဆိုကာ ကွပ်မျက်သတ်ဖြတ်ပြန်သည်။ ယောအတွင်းဝန် ဦးဖိုးလှိုင်၏အဖေ ယင်းတောဝန်ကြီးကိုလည်း ကိုယ်တော်တိုင်လှံဖြင့်ထိုးကာ အဆုံးစီရင်ခဲ့သည်။ သာယာဝတီမင်းမှာ လက်သုံးတော်လှံကို အနားတွင်ထားလျှက် စိတ်မထင်လျှင်မထင်သလို လူများသတ်ဖြတ်လေ့ရှိသည်။ နောက်ပိုင်းတွင် ဝိဇ္ဇာများက သာယာဝတီမင်းအား ဒဏ်ခတ်လိုက်သည့်အတွက် သာယာဝတီမင်းမှာ သွက်သွက်ခါအောင်ရူးသွားတော့သည်။ နန်းတက်ပြီး ကိုးနှစ်ကြာသည့်အခါတွင် ကျပင်းမိဖုရားခေါင်ကြီးနှင့် သားတော်ပုဂံမင်းသားတို့ လုပ်ကြံသတ်ဖြတ်၍ နတ်ရွာစံရရှာသည်။