• July 5, 2025
  • admin
  • 0

ကိုပိုက်
စည်းကျော်သူ

ကျွန်တော်တို့ လျှောက်ခဲ့သောခရီးသည် မနည်းချေပြီ။ သို့ငြား ပစ်ခတ်ရန် သားကောင်မပြောလေနှင့် သားကောင်ခြေရာ လတ်လတ်ဆတ်ဆတ်များပင် မတွေ့။ ဘယ့်တွက်သို့ ဖြစ်ရပါသနည်။

“ကျွန်တော်တို့ အမဲပစ်ထွက်တဲ့ အကြိမ်ပေါင်း မနည်းခဲ့ဘူးဗျာ။ တစ်ကြိမ်တစ်ခါမှ ခုလို သားကောင်ရှားပါးတဲ့တောမျိုး မကြုံဖူးဘူးနော်”

“ဟုတ်တယ် ကိုလင်းရဲ့။ သည်တောက သားကောင်ရှားတာပဲလား… တခြား ဘယ်လိုအကြောင်းကြောင့်များလဲ မသိဘူးနော်… “

အောက်ခြေရှင်းရှင်း အရိပ်ကောင်းကောင်း သစ်ပင်ကြီးတစ်ပင်အောက်တွင် ခြေပစ်လက်ပစ် ထိုင်ချလိုက်ရင်း ကျွန်တော်က လင်းမြင့်လှိုင်ကို ပြောလိုက်၏။

“ဘာလဲ… နားဦးမလို့လား ”

နောက်မှ ကပ်ပါလာသည့် လင်းမြင့်လှိုင်က ရုတ်တရက် ရပ်လိုက်ပြီး ကျွန်တော့်ကို ငဲ့စောင်းကြည့် မေးလာသည်ဖြစ်၍

“အေးဗျာ… ခဏတဖြုတ် နားလိုက်ကြစို့ရဲ့”

“သဘောပဲလေ”

ဆိုကာ လင်းမြင့်လှိုင်သည်လည်း ကျွန်တော့်နံဘေးတွင် ဝင်ထိုင်လိုက်ပြီး သူကပင်

“ကျွန်တော်တို့တော့ အစားငတ် ရေပြတ်တော့မယ် ထင်တယ်”

လင်းမြင့်လှိုင် ပြောသလို ဖြစ်လာနိုင်စရာ အကြောင်းရှိသည်။ တမနက်ခင်းလုံး လျှောက်ခဲ့သည်။ ဤခရီး မထွက်ခွာမီ ရွာသူကြီးအိမ်မှ ကျွေးမွေးလိုက်သည့် ဆတ်သားဖုတ်နှင့် ကောက်ညှင်းပေါင်းမှလွဲ၍ ကျွန်တော်တို့ အစာအိမ်အတွင်း မည်သည့်အစာမျှ မရှိချ။

ဤသို့ အခြေအနေမျိုး ဖြစ်လာလိမ့်မည်ဟု တွက်မထားကြခြင်းကြောင့် မည်သည့် ရိက္ခာခြောက်မျှ ယူဆောင်မလာမိခြင်းအပြင် တနင့်တပိုး စားမလာကြခြင်းကြောင့် ယခု နေမွန်းလွဲလုတိုင် တောက်လျှောက် လာခဲ့ရခြင်း၊ မည်သည့်အစာမျှ ထပ်မံ မဖြည့်တင်းနိုင်ခဲ့ရခြင်းကြောင့် ဆာလောင်ခဲ့ကြချေ ပြီ ဖြစ်သည်ကြောင့် နားလိုက်ရခြင်းဖြစ်၏။

ခါတိုင်းဆိုပါလျှင် ရိက္ခာခြောက်များ ထည့်လာတတ်သည်ဖြစ်သော်ငြား ယခုမူ ကမန်းကတန်း ထွက်လာခဲ့သော ခရီးဖြစ်သည်ကြောင့် မည်သည့် ရိက္ခာခြောက်မျှ ယူမလာနိုင်ခဲ့ခြင်း ဖြစ်၏။

သေနတ်ပါလျှင် စားဖို့ရိက္ခာ မရှားပါးနိုင်ဟူ၍ လွယ်လွယ် တွက်ထားကြသည်ကိုး။

သို့ဖြစ်၍ တစ်လမ်းလုံး ရေချည်းဖိသောက်နေရသဖြင့် နှစ်ယောက်စလုံးရှိ ရေဗူးအတွင်း ရေအနည်းငယ်မျှသာ ကျန်တော့၏။ ထို လက်ကျန်ရေကို လွယ်လင့်တကူ သုံးလိုက်၍ မဖြစ်မှန်း သိလာသဖြင့် အာစွတ်ရုံသာလျှင် ပြုကြရတော့၏။ ရှေ့လျှောက် မည်မျှကြာကြာထိ စားရမဲ့ သောက်ရမဲ့ ဖြစ်ကြရဦးမည် မသိ။

“ဟူး… သည်တစ်ကြိမ် ကြံဖန်ဖြစ်ရတယ်လို့ဗျာ… ”

လင်းမြင့်လှိုင်က ညည်းလေ၏။ ပြီး… သစ်ပင်ကြီး ခြေရင်းတွင် မျက်လုံး အစုံမှိတ် နားနေလိုက်တော့သည်။

ကျွန်တော်သည်လည်း အလားတူပင်။

မည်သို့ပင်ဖြစ်စေ ခေတ္တခဏဆိုသလို အကြောအခြင် လျှော့နားလိုက်ရပါလျှင်လည်း ကုန်ခမ်းစပြုသည့် အားအင်တို့ အနည်းငယ်တော့ဖြင့် ပြန်လည် ပြည့်လာနိုင်မည်ဖြစ်သည်။

ဤသို့ နှစ်ယောက်သား အနားယူ မှိန်းနေဆဲမှာပင်။

“ဝီး … ဝီး … ဝီး”

“ဝီး … ဝီး … ဝီး”

“ဝီး … ဝီး … ဝီး”

နှစ်ယောက်သား မှိန်းနေရာမှ ခေါင်းထောင်လာကြကာ နားစွင့်လိုက်ကြသည်။ လေယာဉ်ပျံသံလိုလို။

ဟုတ်ပြီ … ဘာဆိုတာ နှစ်ယောက်သား သိလိုက်သည်ကြောင့် သေနတ်တို့ကို ကောက်ယူ မောင်းတင်လိုက်ကြပြီး မိုးပေါ်သို့ မော့ကြည့်လိုက်ကြ၏။

“ချောက်”

ထိုအသံသည် လေယာဉ်သံကဲ့သို့ တောင်ပံခတ်သံ ပြင်းလှသော အောင်လောင်ငှက်တို့ ဖြတ်ပျံလာသော အသံဖြစ်သည်။

တကယ်တော့ ကျွန်တော်တို့သည် ဘယ်သောအခါမျှ အောင်လောင်ငှက်ကို ပစ်ခတ်စားသောက်ခြင်း မပြုကြ။ ဘယ့်တွက်မူ အောင်လောင်ငှက်အသားသည် စား၍ မကောင်း … ပွစိစိ။

သို့ငြား ယခုအခြေအနေအရမူ ဆာလောင်နေသော ကျွန်တော်တို့အတွက် အစားတစ်ခုခု လိုအပ်နေပြီ မဟုတ်ပါကလား။

သို့ကြောင့် အောင်လောင်ငှက်တစ်ကောင်တော့ဖြင့် ပစ်ချ စားသောက်ရပေလိမ့်မည်။ အောင်လောင်ငှက် တစ်ကောင်လျှင် အလေးချိန် သုံးလေးပိဿာလောက်တော့ ရှိပေသည်။

“ကိုလင်း… စိတ်ငြိမ်ငြိမ်ထားပြီး မှန်အောင်ပစ်ဗျ … နော်။ နို့မဟုတ် ကျွန်တော်တို့တွေ သည်အခွင့်အရေး လက်လွတ်ဆုံးရှုံးသွားလို့ကတော့ သစ်ခေါက်တွေ ခွာစားရပြီသာ မှတ်ဗျို့… ”

“စိတ်ချပါဗျာ… အရက်လေးသောက်ချင်တာတောင် အမြည်းနှင့် ရေမရှိလို့ ကြိတ်မှိတ်နေရတာဗျ။ ဟဲ… ဟဲ… အမြည်းရလျှင်ဖြင့် တော်ပေသေးရဲ့… “

“ဟော… လာပြီ … လာပြီ… ”

“ဝီး … ဝီး … ဝီး”

“ဝီး … ဝီး … ဝီး”

“ဒိန်း … ဒိန်း”

အကြီးအသေး အရွယ်စုံ လေးကောင်လောက်ရှိမည်ထင်၏။ ကြီးသည် ငယ်သည် ရွေးမနေတော့။

ပစ်ကွင်းအတွင်း ဝင်လာသည့် အကောင်ကို အသေအချာ ချိန်ပစ်လိုက်သော အကောင်သည် နံဘေးသို့ ယိုင်ထိုး ဆင်းသွားကာ ဟန်မပျက် ဆက်ပျံသန်းသွား၏။ ပစ်မှတ်လွဲသွားသည်ကိုး။

အခြားတစ်ကောင်ကား တစ်ရှိန်ထိုး မြေပြင်ပေါ်သို့ “ဘုတ်” ခနဲ ပြုတ်ကျ လာတော့၏။

လင်းမြင့်လှိုင် ပစ်ချလိုက်သော အကောင်ဖြစ်သည်။

မြေပြင်ပေါ်သို့ ကျလာသည်နှင့် အောင်လောင်ငှက်သည် တဖျတ်ဖျတ်လူးလွန့်တောင်ပံခတ်နေသည်။

လင်းမြင့်လှိုင်က အားရဝမ်းသာ ပြေးကောက်လိုက်သည်။ သူကောက်ယူလာသည့် အခါမတော့ အောင်လောင်ငှက်သည် ငြိမ်သက်သွားချေပြီဖြစ်သည်။ အတော်အသင့်ကြီးသော အကောင်ဖြစ်၏။ သုံးပိဿာကျော်လာက်တော့ဖြင့် ရှိနိုင်ပေသည်။

“ဟူး… တော်ပါသေးရဲ့”

ကျွန်တော်တို့အတွက် စားဖို့တော့ဖြင့် ရချေပြီ။

ဤနားနေရာမှာပင် အမွေးအမျှင်နှုတ်၊ မီးမြှိုက်၍ ကောင်လုံးကင်လိုက်ကြသည်။ အသားက စားမကောင်းသော်ငြား ရနံ့ကဖြင့် မွှေးကြိုင်လှပေ၏။

သို့ဖြင့် ကျွန်တော်နှင့် လင်းမြင့်လှိုင်သည် နေ့လည်စာအလို့ငှာ ငှက်ကင်နှင့် အရက်ကို ရှိသော ရေကလေးဖြင့် ပေါင်းစပ်၍ ဟာနေသောဝမ်းကို ဖြည့်လိုက်ကြသည်။

ဪ… စားမကောင်းအသား ဖြစ်ငြား ဆာလောင်မွတ်သိပ်နေကြသည်ကြောင့် မြိန်ယှက်စွာ စားလိုက်ကြ၏။

စားသောက်ပြီး ခေတ္တခဏမျှ နားနေကြပြီး ထိုနေရာမှ ထွက်ခဲ့ကြပြန်သည်။ ကျန်ငှက်သားကင်တို့ကို လိုရမယ်ရဆိုသလို ဖက်ဖြင့် ထုတ်ယူလာခဲ့ကြ၏။

သို့ လျှောက်ခဲ့ကြရင်း လိပ်လေးတစ်ကောင်ကို တွေ့ခဲ့ကြ၏။ ထိုလိပ်ကို မြင်လိုက်သည်နှင့် ထိပ်ထိပ်ပျာပျာ ဖြစ်သွားရသည်။

လိပ်လေးတစ်ကောင် မြင်သည်နှင့် ထိတ်ထိတ်ပျာပျာ ဖြစ်သွားရသည်ဆိုတော့ စာရှုသူတို့ အံ့ဩကြပေမည်။

လိပ်များ ကြောက်ရတယ်လို့၊ လိပ်ဆိုတာ သူ့အသက် လွတ်မြောက်ရေးအတွက်ပင် မနည်းရုန်းကန်နှေးကွေးစွာ ပြေးရတဲ့ သတ္တဝါငယ်ပေပဲ။ ဘယ့်တွက် ထိတ်လန့်သွားသနည်းဟု မေးလာကြအံ့။

ပြောပါမည်။ တွေ့လိုက်သော လိပ်ကား သာမန် လိပ်ပင်။ သာမန်လိပ်ဖြစ်သော သတ္တဝါငယ်သည် ကျွန်တော်တို့ကို တွေ့၍ ပြေးလွှားသွားခြင်းမဟုတ်။ မျက်လုံးပြူးပြူး လျှာထုတ်ပြနေခြင်းကြောင့်လည်း မဟုတ်။ ပတ်လက်လန်ကာ ယက်ကန်ယက်ကန် ဖြစ်နေသောကြောင့်ပင်။

သို့ဆိုလျှင်ဖြင့် ခင်ဗျားတို့အတွက် ပွချေပြီပေါ့။ လိုက်ဖမ်းစရာပင်မလို၊ အိပ်ထဲ ကောက်ထည့်သွားရုံပေါ့လို့ တွက်ဆိုကြပေလိမ့်မည်။

ထိုလိပ်သည် သာမန် တောတောင်ထဲက သတ္တဝါလိပ်ဖြစ်ငြား ပိုင်ရှင်ရှိနေသောကြောင့်ဖြစ်၏။ ထိုလိပ်ပိုင်ရှင်ကား ကျားဖြစ်နေသောကြောင့်ပင်။

ရှင်းပါအံ့။

ကျားသတ္တဝါသည် ရံခါဆိုသလို လိပ်ကိုတွေ့လျှင် မစားသောက်မီ ဆော့ကစားတတ်ကြ၏။ ကြောင်က ကြွက်ကို မစားမီ ဆော့ကစားသလိုမျိုး ဖြစ်သည်။ ယခု အနှီကျားသည် လိပ်အား ဆော့ကစားနေခြင်းဖြစ်၏။

ကျွန်တော်တို့၏ ဆူညံစွာ လျှောက်ခဲ့သော အသံကြောင့် ထိုလိပ် အနီးတစ်ဝိုက် ပုန်းခိုနေခြင်းဖြစ်သည်။

သို့ဖြစ်၍ ကျွန်တော်တို့သည် ထိုလိပ်ကို တွေ့လိုက်ရာတွင် ထိတ်လန့်သွားရခြင်း ဖြစ်တော့၏။

သို့ကြောင့် …

“ကိုလင်း… ဟင်းကောင်တော့ သည်နားတစ်ဝိုက်မှာ ရှိနေမှာပဲ။ လာဗျာ… လက်ရှောင်ကြတာပေါ့”

ဆိုကာ နှစ်ယောက်သား ရှေ့ဆက်မသွားလေတော့ပဲ လာလမ်းအတိုင်း နောက်ပြန်လှည့်၍ ခပ်သုတ်သုတ် ထွက်ခဲ့ကြတော့၏။ ထိုနေရာနှင့် အတန်ငယ်ဝေးသော နေရာရောက်လေမှ လျှောက်လှမ်းနှုန်းကို လျှော့လိုက်ပြီး ပုံမှန်လျှောက်ခဲ့ကြပြန်သည်။

“ဒိန်း”

“ဟာ… ဘယ်လိုဖြစ်တာပါလိမ့်”

လိပ်ကလေးရှိသည့် နေရာလောက်မှ ထွက်ပေါ်လာသော သေနတ်သံဖြစ်၏။ ဤသို့ဆိုလျှင်ဖြင့် ဤတောတောင်အတွင်း ကျွန်တော်တို့ နှစ်ယောက်အပြင် အခြားတောမုဆိုး ရှိချေဦးတော့မည် မလွဲဖြစ်၏။

သို့ တွက်လိုက်မိသည်နှင့် ထိုမုဆိုးအတွက် စိုးရိမ်စိတ်များ ပေါ်လာရပြန်သည်။

မိုက်လိုက်သည့်မုဆိုး ဖြစ်ကောင်းဖြစ်ပေမည်။ ထိုနေရာတစ်ဝိုက်တွင် ကျားရှိမှန်း မသိလို့ပဲလား။ သိသိကြီးနှင့် အရဲစွန့်လေခြင်းပေလား ဆိုသည်ကို ထိုသူသာလျှင် သိပေမည်။

ကျွန်တော်တို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် စူးစမ်းကြည့်လိုက်သည်။ ပြီးနောက် နှစ်ယောက်သား ခေါင်းခါလိုက်ကြ၏။

“ကဲ… ခရီးဆက်ကြဦးစို့ရဲ့”

ဆိုကာ ရှေ့သို့ ဆက်လျှောက်ရန် ကြံလိုက်စဉ်မှာပင်

“ဒိန်း”

“ဝေါင်း… ဝရောင်း… ဝေါင်း… “

ကြားလိုက်ရပြန်၏။

သေနတ်သံတစ်ချက်နှင့်အတူ ကျား၏ ကြောက် လန့်ဖွယ် ဒေါသတကြီး မာန်ဖီသံကြောင့်

“ကိုလင်း… ဟိုလူတော့ ကျားဆွဲခံရပြီထင်တယ်”

“ကဲပါဗျာ… ဘယ်လိုဖြစ်ဖြစ် တောမုဆိုးချင်း ယိုင်းပင်းကူညီရသပေါ့ဗျာ။ ကဲ… အဲဒီ သွားကြည့်ကြစို့ရဲ့။ ဘာတွေများ ဖြစ်နေသလဲလို့”

“သတိဝိရိယနှင့် သွားမှ ဖြစ်မယ်ဗျ”

“သိပါတယ်ဗျာ။ ကဲ… လာ”

ကျွန်တော်တို့နှစ်ယောက် နောက်ကြောင်းပြန်လှည့်ခဲ့ကြပြန်သည်။ သတိကြီးစွာ ထားရသည်။ ထိုသူနှင့် ကျား ရင်ဆိုင်တွေ့နေပြီ ဆိုသည်ကိုတော့ အတပ်ပြောနိုင်ပြီ။ ဘယ်သူသာသည်ကိုတော့ဖြင့် ထိုနေရာရောက်မှ သိနိုင်မည်ဖြစ်သည်။

“ဝေါင်း… ဝေါင်း… “

သေနတ်သံတော့ မကြားရတော့။ ဒေါမာန်တကြီး အော်ဟစ်နေသည့် ကျားသံကတော့ တစ်တောလုံး ဆူညံသွားတော့၏။ သို့ဆိုလျှင် ထိုလူသား ဒုက္ခရောက်နေပြီလားမသိ။

“ကိုလင်း… ခပ်သွက်သွက်ဗျာ။ အသံဗလံ ကြည့်ရတာတော့ဖြင့် ဒုက္ခကြီးနှင့် ကြုံနေပြီထင်တယ်”

“ဟုတ်မယ်ဗျ။ သေနတ်သံတော့ မကြားရတော့ဘူး။ ဒေါသထွက်နေတဲ့ ကျားသံပဲ ကြားရတယ်ဆိုတော့ သူ့အတွက် အခြေအနေမကောင်းဘူး ထင်တယ်ဗျို့”

ခပ်သုတ်သုတ် လျှောက်ခဲ့ကြသည်။

ကြားရသော အသံဗလံများ ကျယ်လောင်လာခြင်းကြောင့် လူသားနှင့် ကျားတိုက်ပွဲကွက်သို့ နီးလာသည့် သဘောဖြစ်သည်။

သို့ဖြင့် ကျွန်တော်တို့ လိပ်တွေ့ခဲ့သော နေရာရောက်လာကြသည်။ ထိုနေရာတွင်တော့ မည့်သို့မျှ ထူးခြားလက္ခဏာ မတွေ့ရချေ။ အသံတို့ တိတ်ဆိတ်သွားသည်ဖြစ်၍ နားစွင့်နေလိုက်သည်။

တစ်ဖက် ကြိမ်ချုံပင်တောနောက်ကွယ်မှ လှုပ်ခပ်ယိမ်းခါနေသံသဲ့သဲ့ကို ကြားလိုက်ရသဖြင့်

“ကိုလင်း… အသာနေ…. ”

ဆိုကာ ကျွန်တော်သည် သေနတ်ကို မိုးပေါ် ထောင်၍ တစ်ချက် ပစ်လိုက်သည်။

“ဒိန်း”

ထိုသေနတ်သံကြောင့် တောကောင်တစ်ကောင် ပြေးထွက်သွားသံ ကြားလိုက်ရသည်မှလွဲ၍ အခြား မည်သည့်အသံမျှ မကြားရတော့သဖြင့်

“သည်ကောင်ကြီး ပြေးသွားပြီဗျ။ ကဲ လာ… အဲဒီ ကြိမ်တောနောက် သွားကြည့်ကြစို့… ”

ပြောပြောဆိုဆို သေနတ်ပြောင်းကို ကြိမ်တောဘက် ထိုးချိန်ရင်း တိုးကပ်သွားကြ၏။

“ဒိန်း”

လိုရမယ်ရဆိုသလို လင်းမြင့်လှိုင်က သေနတ်တစ်ချက် ပစ်လိုက်ပြန်သည်။ မည်သည့် ထူးခြားအသံမျှ မကြားရလေတော့သဖြင့် အနည်းငယ် စိုးရိမ်ထိတ်လန့်မှု ပြယ်ခဲ့ကြသည်။

“ဟာ…”

ကြိမ်တောနောက် ရောက်လာကြသည်နှင့် သွေးပျက်ဖွယ် မြင်ကွင်းတစ်ခုကို တွေ့လိုက်ကြ၏။

“သွားပြီ… ”

မြင်ရသော မြင်ကွင်းသည် အော့နှလုံးနာဖွယ်၊ ထိတ်လန့် ကြောက်မက်ဖွယ် ဖြစ်တော့၏။

လူတစ်ယောက် မျက်နှာရုပ်ဖမ်း၍ မရလောက်အောင်ပင် အသားစတို့ ဖွာလန်ကြဲနေ၏။ လက်တစ်ဖက်ကား မရှိလေတော့။ ကျောပြင်တစ်ဝိုက် အသားဖတ်တို့ ပြတ်ထွက်နေ၏။ သွေးတို့သည် ရွှဲရွှဲစို အိုင်ထွန်းနေတော့၏။

ထိုခန္ဓာကိုယ်ကြီးနှင့် မနီးမဝေးတွင်မတော့ ရိုင်ဖယ်သေနဟ်အိုတစ်လက် ပိုင်ရှင်မဲ့ ဖြစ်နေတော့သည်။

“ဘယ်လိုဖြစ်တာပါလိမ့်ဗျာ… ”

လင်းမြင့်လှိုင်က ညည်းပြော ပြော၏။

ကျားနှင့် ထိပ်တိုက်ရင်ဆိုင်တွေ့လို့ လွတ်လမ်းရှာ ပစ်ခတ်ရင်း ဖြစ်ရတာများလေလားရယ်… စဉ်းစားမိလိုက်ချိန်မှာပင် ထိုသူ၏ နံဘေးတွင် ပုံလျက်သား ရှိနေသော လွယ်အိတ်ကြီးအတွင်းမှ လှုပ်လှုပ်ရွရွ ဖြစ်နေသည်ကြောင့် နှစ်ယောက်သား စူးစိုက်ကြည့်လိုက်ကြ၏။

ဘာပါလိမ့်။

သို့ကြည့်နေဆဲမှာပင် လွယ်အိတ်ကြီးတွင်းမှ သတ္တဝါတစ်ကောင်သည် ဦးစွာ ခေါင်းပြူထွက်လာ၍ ပတ်ဝန်းကျင်တစ်ဝိုက် လှည့်ပတ်ကြည့်လိုက်ပြီး သူ့တွက် အန္တရာယ်မရှိနိုင်ဟု တွက်ဆလိုက်ဟန်ဖြင့် ထိုလွယ်အိတ်ကြီးတွင်းမှ တစ်ကိုယ်လုံးထွက်လာကာ ကြိမ်တောအတွင်း ဖြေးလေးစွာဖြင့် လျှောက်လှမ်းဝင်သွားလေတော့၏။

ထိုသတ္တဝါကောင်ကား ကျွန်တော်တို့နှင့် ဆုံခဲ့ဖူးသည်။ ယက်ကန်ယက်ကန် ပက်လက်လန်ခဲ့ရသော လိပ်ကလေးပင် ဖြစ်ချေတော့သည်။

သို့ တွေ့လိုက်ရခြင်းကြောင့် ပြဿနာ အရင်းစစ် အရင်းမှန်ကို တွက်ဆလိုက်နိုင်တော့၏။

မိုက်လိုက်သော မုဆိုး။ တောဓလေ့၊ တောစရိုက်ကို မသိလို့ဘဲလား၊ သိလျှက်နှင့် လုပ်လိုက်ခြင်းကြောင့်ပေလားမသိ။

နောက်ဆုံးမတော့ သူ၏ စည်းမစောင့်မှုက သူ့အသက်ပင် ပေးဆပ်လိုက်ရသည့် ကြီးမြင့်သော လျော်ကြေးပေးလိုက်ရခြင်း ဖြစ်တော့သည်။

သူသည် ဘာမဟုတ်သည့် ကျားအစာကို သွားလုခဲ့သည်ကိုး… ။

သူ့ကံကြမ္မာ သူဖန်တီးခဲ့လေတာပါကလား… ။

(ဇန်နဝါရီလ၊ ၂ဝဝဝ ပြည့်နှစ်၊ ပြည်သာယာမဂ္ဂဇင်း)

– ပြီး –

စာရေးသူ – ကိုပိုက်

Leave a Reply

Your email address will not be published. Required fields are marked *